ရေးဘီဘာ
Vol. 8 Ch. 74
“ဟော... ဟော... ဟောဟဲ...”
“ဒုတ်... ဒုတ်... ဒုတ်...”
ကျယ်လောင်တဲ့ အသက်ရှူသံနဲ့ ပြင်းထန်တဲ့ ထုရိုက်သံဟာ တစ်လှည့်စီ ထွက်ပေါ်ပြီးနောက် တစ်သံနဲ့ တစ်သံ ပဲ့တင်ထပ်သွားပါတယ်။ ဒါက ကလိုင်းတို့ကို မကောင်းဆိုးဝါး ရေရွတ်သံ နားထောင်နေရသလိုမျိုး ရင်ထိတ်သွားစေပါတယ်။
အားရို့ဟာဆင်၊ ဒန်းစမစ်နဲ့ လိုရိုတာတို့ တဒင်္ဂ အာရုံပြောင်းသွားတာကို အခွင့်ကောင်းယူပြီး ဝတ်စုံနဲ့လူပြက်ဟာ အိတ်ကပ်ထဲကနေ စက္ကူရှည်စ တစ်စကို ရုတ်တရက် ဆွဲထုတ်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ အနက်ရောင် မီးကြာပွတ်အဖြစ် ပြောင်းလဲသွားပါတယ်။
သူဟာ အဲဒီမီးကြာပွတ်နဲ့ သူ့ခြေကျင်းဝတ်ကို ရိုက်ချလိုက်ပါတယ်။
စူးရှနာကျင်တဲ့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ဝတ်စုံနဲ့လူပြက်ဟာ မမြင်နိုင်တဲ့ အချုပ်အနှောင်က လွတ်မြောက်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူဟာ နောက်ပြန်ခုန်လိုက်ပါတယ်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ဒန်းစမစ်၊ အားရို့ဟာဆင်နဲ့ လိုရိုတာတို့ဟာ သေနတ်ကိုယ်စီ ပစ်လိုက်ပေမဲ့ ဝတ်စုံနဲ့လူပြက်ကို မထိဘဲ သစ်သား ကုန်သေတ္တာတွေကိုသာ ထိပါတယ်။
ဝတ်စုံနဲ့လူပြက်ဟာ အဲဒီနေရာမှာ ကြာကြာမနေဘဲ ဒဏ်ရာကို ညာလက်နဲ့အုပ်ပြီး ကုန်လှောင်ရုံနဲ့ ဆန့်ကျင်ဘက်ကို ထွက်ပြေးပါတယ်။ သူပြေးတာက မြန်ဆန်လွန်းတဲ့အတွက် မျက်စိတစ်မှိတ်အတွင်း သူ့ကျောပြင် အရိပ်အယောင်ကိုသာ တွေ့ရပါတယ်။
သူ မပျောက်ကွယ်ခင်မှာ သူ့ဗိုက်ကို ဖိထားတဲ့ ညာလက်ကို ဘယ်ဘက်လက်မောင်းဆီ ရွှေ့လိုက်ပါတယ်။ သူ့ဗိုက်က ဒဏ်ရာဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး လုံးဝ ပျောက်ကွယ်သွားပါတယ်။
သူ့ညာလက်နဲ့ ထိလိုက်တဲ့ ဘယ်ဘက်လက်မောင်းမှာတော့ ရုတ်တရက်ဆိုသလို အသွေးအသားတွေ စုတ်ပြဲသွားပြီး စုတ်ပြဲသွားတဲ့ အသားထဲမှာ ငွေကျည်ဆံတစ်တောင့် ပေါ်လာပါတယ်။
ဒန်းစမစ်တို့ သုံးယောက်ဟာ သူ့နောက်ကို ဆက်မလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းအကျဆုံး ကုန်လှောင်ရုံထဲက အသက်ရှူသံဟာ ပိုကျယ်လောင်လာပြီး သူတို့ကို ရင်တုန်ပန်းတုန် ဖြစ်စေလို့ပါပဲ။
“ဒုန်း...”
အတွင်းအကျဆုံး ကုန်လှောင်ရုံရဲ့ တံခါးဟာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး အစအနတွေ ဘက်ပေါင်းစုံကို လွှင့်စဉ် ထွက်ကုန်ပါတယ်။
အဝတ်စုတ်တွေနဲ့ ပတ်ထားတဲ့ အရာတစ်ခု ကလိုင်းနဲ့ မလှမ်းမကမ်းကို လာကျပါတယ်။
ကလိုင်း လှမ်းကြည့်လိုက်တဲ့အခါ လက်မောင်းတစ်ဖက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သွေးသံရဲရဲ လက်ပြတ်ဟာ ဝါးစားခံထားရပြီး အရိုးကလည်း ငေါထွက်သလိုမျိုး အက်ကွဲနေပါတယ်။
“ဝှစ်... ဝှစ်... ဝှစ်...”
ပစ္စည်းတွေ တစ်ခုပြီးတစ်ခု လွင့်ပျံလာပါတယ်။ ပထမ သွေးတွေ အဲဒီနောက် ကြမ်းကြမ်းရမ်းရမ်း ဆွဲဖြဲခံထားရတဲ့ မျက်လုံးနဲ့ နား ပျံထွက်လာပါတယ်။ နောက်ဆုံး တစ်ဝက်ခုန်နေသေးတဲ့ နှလုံးနဲ့ ညိုဝါရောင် အရာတွေ ပြည့်နေတဲ့ အူတွေပါ လွင့်ပျံလာပါတယ်။
ကလိုင်းသာ ရေးဘီဘာအိမ်မှာ ပုပ်သိုးနေတဲ့ အလောင်းကို မြင်မထားခဲ့ဖူးဆိုရင် သေချာပေါက် အန်နေလောက်ပါပြီ။ ဒါတွေကို ကြည့်ပြီး သူဟာ ရူးမတက် ဖြစ်သွားပါတယ်။ သူဟာ မှောင်မိုက်နေတဲ့ ကုန်လှောင်ရုံတံခါးထဲ ပစ်ခတ်ချင်စိတ်ကို ထိန်းပြီး ကျည်ခွံတွေကို ကျည်အိမ်ထဲကနေ ထုတ်ကာ နတ်ဆိုးပစ်ကျည်ဆံ ထည့်ပါတယ်။
“ဒိုင်း...”
ဒန်းစမစ်ဟာ ကုန်လှောင်ရုံထဲကို သေနတ်တစ်ချက် ပစ်သွင်းလိုက်ပါတယ်။ သို့ပေမဲ့ သူ့ကျည်ဆံဟာ ပင်လယ်ထဲ ပစ်လိုက်သလိုမျိုး ဘာထိမှန်သံမှ ပြန်မထွက်လာပါဘူး။
“ဟောဟဲ... ဟောဟဲ... ဟောဟဲ...”
ကျယ်လောင်တဲ့ အသက်ရှူသံဟာ မြန်ဆန်လာပြီး တံခါးဝမှာ ဖြူမှိုင်းမှိုင်းအရောင်တွေနဲ့ ပြည့်သွားပါတယ်။
နောက်ထပ် သေနတ်သံနှစ်ချက် ထွက်ပေါ်လာပြီး အားရို့ဟာဆင်နဲ့ ဘောရှားရဲ့ ကျည်ဆံတွေက အဖြူရောင်ကို ဖောက်ထွက်သွားပေမဲ့ ဒီအရောင်တွေ အပြင်ဘက် မပျံ့အောင် မတားဆီးနိုင်ပါဘူး။ ဘာဒဏ်ရာမှာ ကျန်မနေခဲ့သလို ကျည်ဆံဖောက်သွားတဲ့ဒဏ်ကြောင့် အရည်တွေလည်း ထွက်မလာပါဘူး။
ကလိုင်းဟာ မဲမဲမြင်ရာ မပစ်အောင် ထိန်းရင်း ရင်တုန်တုန်နဲ့ စောင့်ဆိုင်းတဲ့အခါ အဖြူရောင်တွေက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတယ်။
အဲဒါကတော့ နှစ်မီတာကျော်မြင့်တဲ့ လူပုံစံသတ္တဝါပါ။ သူ့အဆစ်တွေ အကုန်လုံးက သိသိသာသာကို တွန့်လိမ်နေပါတယ်။ တစ်ယောက်ယောက် အတင်း ဆွဲလိမ်ထားတဲ့ အတိုင်းပါပဲ။
အရိုးဖြူတွေက အရေပြားထဲကနေ ထိုးထွက်နေပြီး သူ့ရဲ့ ဖြူမှိုင်းမှိုင်း အရေပြားဟာ မြောင်းသေးသေးလေးတွေနဲ့ ပြည့်နေပါတယ်။ ဦးခေါင်းထဲကနေ ဆွဲထုတ်ထားတဲ့ လူသားဦးနှောက်လိုပါပဲ။
ဒီမွန်စတားဟာ ဖြူမှိုင်းမှိုင်း အရောင်ရှိပြီး သူ့တစ်ကိုယ်လုံးမှာ နံစော်ပျစ်ချွဲတဲ့ အရည်တွေချည်းပါပဲ။ သူ့ခေါင်းကတော့ အရေပြားတွေ တွန့်ပြီး ဖြူဖတ်ဖြူရော်ပဲ ဖြစ်တာမလို့ တခြားအစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ရင် သာမန်ပဲလို့ ပြောလို့ရပါတယ်။
အဲဒီမွန်းစတား ပါးစပ်ဟပြီး ပြန်ပိတ်လိုက်တဲ့ အချိန်လေးအတွင်းမှာ ကလိုင်းဟာ ကျွတ်ကျလုနီး ဖြစ်နေတဲ့ ကြွေသွားတစ်ချောင်း၊ သွေးရောင် တံတွေးနဲ့ နုတ်နုတ်စဉ်းပြီးသား ဖြစ်နေတဲ့ အရိုးအသားတွေကို မြင်လိုက်ရပါတယ်။
‘ဒီ... ရေးဘီဘာက လူသားရော ဟုတ်သေးရဲ့လား...’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးရင်း သူ့နှလုံးက တထိတ်ထိတ် ခုန်လာတာကို ခံစားမိလိုက်ပါတယ်။
“ဒိုင်း...”
လန်နာ့ဒ်ရဲ့ နတ်ဆိုးပစ်ကျည်ဆံက ရေးဘီဘာရဲ့ နဖူးကို ဖောက်ထွက်ပြီး အပေါက် ဖြစ်သွားစေပါတယ်။ အဲဒီအပေါက်ကနေ ဖြူမှိုင်းမှိုင်း အရည်တွေ ထွက်လာပြီး မြေကြီးပေါ် စီးကျပါတယ်။ ဒီအရည်တွေဟာ ဆတ်ခနဲ ဆတ်ခနဲ လူးလွန့်ပြီး မလိုင်ရောင် လောက်ကောင်တွေအဖြစ် ပြောင်းသွားပါတယ်။
ဒါပေမဲ့ မွန်းစတားက ဘာမှ မဖြစ်တဲ့အတိုင်းပါပဲ။ သူနဲ့ အနီးဆုံးမှာရှိတဲ့ ဘောရှားကို မမြန်လွန်း မနှေးလွန်းတဲ့ အလျင်နဲ့ ဝင်တိုက်ပါတယ်။ သူ့ရဲ့ တကယ့်ပစ်မှတ်က ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို သိမ်းထားတဲ့ အနက်ရောင်သေတ္တာပါ။
“သာလွန်သူစွမ်းအား အထိန်းအချုပ်မဲ့သွားတာ...” ဒန်းစမစ်က အော်ပြောပါတယ် “လိုရိုတာ... ဒီမွန်းစတားက ဝိညာဉ်သေနဲ့တူတယ်... အားနည်းချက်ကို မြန်မြန်ရှာ”
“အင်း...” လိုရိုတာဟာ စကားအပိုမပြောဘဲ လက်မြှောက်ပြီး သူမမျက်လုံးကို အုပ်လိုက်ပါတယ်။
သူမရဲ့ မျက်ဆံတွေဟာ မီးခိုးရောင် ပြောင်းသွားပြီး အဲဒီကနေ အရောင်မဲ့သွားပါတယ်။ သူမက စိတ်ဝိညာဉ်လောကနဲ့ ဝိညာဉ်သေနိုင်ငံတော်ကို ဝင်သွားသလိုပါပဲ။ သူမဟာ ရန်သူကို အပေါ်ကနေကြည့်ပြီး ဆုံမှတ် ရှာပါတယ်။
ကလိုင်းဟာ သေနတ်နဲ့ပစ်တာက ဘာသက်ရောက်မှုမှ မရှိတဲ့အတွက် ကျည်ဆံကို အလကား မဖြုန်းတော့ပါဘူး။ သူဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံဖွင့်ကာ လိုရိုတာကို ကူညီဖို့ စီစဉ်ပါတယ်။
သူ့မြင်ကွင်းထဲမှာ မွန်းစတာဘီဘာက စိတ်ဝိညာဉ် အရောင်တောက်ပမှု တစ်ခုတည်း ရှိပါတယ်။ အဲဒါက ရူးသွပ်မှုနဲ့ ပြည့်နေတဲ့ ဖြူမှိုင်းမှိုင်း အရောင်ပါ။
အဲဒါကလွဲရင် ကျန်တာဘာမှ မမြင်ရပါဘူး။
အဲဒီအချိန်မှာပဲ အားရို့ဟာဆင်နဲ့ လန်နာ့ဒ်မစ်ချယ်က သံပြိုင်သီဆိုပါတယ်။
“အို... ကြောက်ရွံ့မှုရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကြက်သွေးရောင် မျှော်လင့်ချက်တို့ အော်မြည်နေ...”
“အနည်းဆုံး... သေချာတာ တစ်ခုတော့ ရှိတယ်... ဘဝဆိုတာ ကုန်ဆုံးသွားမှာပဲ”
“တစ်ခုတော့ သေချာပေမဲ့ ကျန်တာက အလိမ်အညာတွေပဲ”
“တစ်ခါက ဝေဝေဆာဆာ ပွင့်လန်းခဲ့တဲ့ ပန်းပင်လေး အခုတော့ ထာဝရ အိပ်စက်သွားပြီ”
.....
လူတစ်ယောက်ကို အိပ်မောကျစေတဲ့ စွမ်းအား ထွက်ပေါ်လာပါတယ်။ တွန့်လိမ်နေတဲ့ ဖြူမှိုင်းမှိုင်း မွန်းစတားဟာ ကဗျာရဲ့ ဆွဲဆောင်မှုအောက်မှာ တဖြည်းဖြည်း နှေးသွားပါတယ်။
အဲဒီနောက် အဲဒီမွန်းစတားဟာ ပါးစပ်ဟပြီး ထအော်ပါတယ်။ သူ့အသံက သာမန်လူတွေကြားရင် နားကွဲသွားနိုင်ပါတယ်။
“အား...”
.....
“ဒုန်း...” ကလိုင်းဟာ ခေါင်းထဲမှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရပြီး စိတ်ဝိညာဉ်အာရုံ အလိုလို ပိတ်သွားပါတယ်။ သူ့နှာခေါင်းကနေ ပူနွေးနွေး အရည်တွေ စီးကျလာတဲ့အတွက် လက်နဲ့သုတ်ပြီး ကြည့်လိုက်တဲ့အခါ သွေးတွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
အားရို့ဟာဆင်နဲ့ လန်နာ့ဒ်ဟာ မြေကြီးပေါ်ကို တစ်ချိန်တည်း လဲကျသွားပါတယ်။ သူတို့ ပါးစပ်ထောင့် နှာခေါင်းနဲ့ မျက်စိတွေမှာလည်း သွေးတွေစီးကျလာပါတယ်။
ဘောရှား ဒန်းစမစ်နဲ့ လိုရိုတာတို့ကတော့ နောက်ကို ခြေတစ်လှမ်း နှစ်လှမ်း ဆုတ်သွားကြပြီး မျက်နှာမှာ သွေးဆုတ်သွားပါတယ်။
မွန်းစတားက တစ်ခါပဲ ငယ်သံပါအောင် အော်လိုက်တာပါ။ ဒါပေမဲ့ သာလွန်သူခြောက်ယောက်ဟာ အဲဒီတစ်ခါလေးတောင် တောင့်မခံနိုင်ပါဘူး။ ချက်ချင်းကို အားနည်းသွားကြပါတယ်။
“ဝှစ်...”
မွန်းစတားဘီဘာဟာ ဘောရှားနား ရောက်လာပြီး တွန့်လိမ်နေတဲ့ အဆစ်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပါတယ်။
“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”
ဘောရှားနဲ့ ဒန်းစမစ်ဟာ သေနတ် နှစ်ချက်စီ ပစ်လိုက်ပေမဲ့ မွန်းစတားဘီဘာကို ဘာမှ မထိခိုက်စေပါဘူး။
“ဝုန်း...”
မွန်းစတားဘီဘာရဲ့ တိုက်ခိုက်မှုကြောင့် ဘောရှားဟာ လွှင့်စဉ်ထွက်သွားပြီး သူ့သေနတ်လည်း မြေကြီးပေါ် ကျသွားပါတယ်။ သူဟာ မတ်တတ်ပြန်ရပ်ဖို့ သုံးလေးကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
ပါးစပ်ကနေ အရည်တွေ တစိမ့်စိမ် ကျနေတဲ့ မွန်းစတားဘီဘာဟာ အနက်ရောင် သေတ္တာကို ခုန်အုပ်ပါတယ်။
“ဒိုင်း...”
အဲဒီအချိန်မှာ အားရို့ဟာဆင်က အနက်ရောင် သေတ္တာကို သေနတ်နဲ့ လှမ်းပစ်ပြီး ခပ်လှမ်းလှမ်း ရောက်သွားစေပါတယ်။ အဲဒါကြောင့် မွန်းစတားဘီဘာဟာ အနက်ရောင် သေတ္တာကို မရလိုက်ဘဲ အရှိန်နဲ့ ရှေ့ကို ဆယ်မီတာကျော် ရောက်သွားပါတယ်။
အနက်ရောင် သေတ္တာဟာ အက်သွားပြီး အထဲက ထုရိုက်သံဟာ ပိုပြင်းထန်လာပါတယ်။
“တွေ့ပြီ” နောက်ဆုံးတော့ လိုရိုတာဆီက စကားသံ ထွက်ပေါ်လာပါတယ် “အနည်းဆုံး သုံးစက္ကန့်လောက် ထိန်းထားပေး”
“အင်း ရတယ်” ဒန်းစမစ်ဟာ အချိန်မဆွဲဘဲ နဖူးလယ်ကို လက်နဲ့တောက်ပြီး မျက်လုံးမှိတ်လိုက်ပါတယ်။ သူ့ပုံစံက အိပ်မောကျသွားသလိုပါပဲ။ အဲဒီနောက် သူ့ဆီကနေ အရိပ်မဲ့လှိုင်းတွေ တစ်လှိုင်းပြီး တစ်လှိုင်း ထွက်ပေါ်လာပါတယ်။
ချက်ချင်းဆိုသလို မွန်းစတားဘီဘာဟာ ရပ်သွားပြီး သူ့မျက်လုံးထဲက ရူးသွပ်မှုတွေဟာ ခပ်မြန်မြန်ပဲ လျော့ကျသွားပါတယ်။ သူ့ရဲ့ ပါးလွှာတဲ့ မျက်ခွံဟာလည်း အထိန်းအချုပ်မဲ့ ပိတ်သွားပါတယ်။
ဒန်းစမစ်ရဲ့ ခန္ဓာကိုယ်ဟာ တဆတ်ဆတ် စတုန်လာပါတယ်။ အဲဒီနောက် သူ့အဝတ်အစားအောက်မှာ တစ်စုံတစ်ခု ပေါ်လာပြီး နေရာမှာတင် လူးလွန့်လှုပ်ရှားပါတယ်။ သူက ကြေးခွံမဲ့ မြွေတွေကို အဝတ်အစားအောက်မှာ ဖွက်ထားသလိုပါပဲ။
လိုရိုတာဟာ အမြန်ပြေးလာပြီး ကိုယ်ကိုလှိမ့်လိုက်တဲ့အခါ မွန်းစတားဘီဘာရဲ့အောက် ရောက်သွားပါတယ်။ သူမဟာ လက်တစ်ဖက်နဲ့ ခန္ဓာကိုယ်ကိုထိန်းပြီး တခြားလက်တစ်ဖက်ကို တင်းကျပ်အောင် ဆုပ်ကာ မွန်းစတာဘီဘာရဲ့ ခွကြားကို အသားကုန် ထိုးလိုက်ပါတယ်။
“ဗွက်...”
သူမဟာ တိုက်စားမှုဒဏ်ကို ဂရုမစိုက်ဘဲ မြေကြီးကို အားပြုပြီး အားထည့်ကာ ထပ်ထိုးပါတယ်။ ဒီတစ်ခါမှာတော့ သူမရဲ့ လက်သီးက ပထမလက်သီးထက် နက်နက်ရှိုင်းရှိုင်းကို ဝင်သွားပါတယ်။
“ဗြိ...”
လိုရိုတာ လက်ကိုဆွဲထုတ်လိုက်တဲ့အခါ သူမရဲ့ လက်ထဲမှာ ဝါညိုရောင်သွေးတွေနဲ့ ပြည့်နေတဲ့ အူတစ်စ ပါလာပါတယ်။ ဒီအူထဲမှာ ရှေးဟောင်း စာအုပ်တစ်အုပ် ရှိနေပါတယ်။
“အား...”
မွန်းစတားဘီဘာဟာ စူးစူးရှရှ အော်ဟစ်လိုက်ပြီး ရုတ်တရက်သလို သူ့ခန္ဓာကိုယ်ဟာ အရောင်တောက်လာပါတယ်။
“အောက်ငုံ့ကြ...”
အားရို့ဟာဆင်ရဲ့ စကားသံဆုံးတယ်ဆိုရင်ပဲ မွန်းစတားဘီဘာက ရုတ်တရက် ဖောင်းကာသွားတာကို ကလိုင်း တွေ့လိုက်ရပါတယ်။ အဲဒီနောက်...။
“ဝုန်း...”
ဒီပေါက်ကွဲမှု အရှိန်ကြောင့် အဝေးမှာရှိနေတဲ့ ကလိုင်းဟာ လေထဲမြှောက်သွားပြီး မြေကြီးပေါ်ကို အရှိန်နဲ့ ပြုတ်ကျသွားပါတယ်။
သူဟာ ခေါင်းကိုက်တာကို သည်းခံပြီး မတ်တတ် ကြိုးစားရပ်ပါတယ်။ အဲဒီနောက် သူဟာ မွန်းစတားဘီဘာက ရွံစရာကောင်းတဲ့ ပုပ်သိုးနေတဲ့ အသားစတွေ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ဆယ်မီတာကျော်ပဲ ဝေးတဲ့ ဒန်းစမစ်နဲ့ လိုရိုတာကတော့ တစ်ခါတည်း သတိလစ်သွားပါတယ်။
အားရို့ဟာဆင်၊ ဘေရှားနဲ့ လန်နာ့ဒ်မစ်ချယ်တို့လည်း မြေကြီးပေါ်မှာ လဲနေပါတယ်။ တချို့က ညည်းတွားနေပြီး တချို့က မတ်တတ်ရပ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
ခြေပစ်လက်ပစ် ထိုင်တော့မဲ့ ကလိုင်းဟာ သူနဲ့ နှစ်မီသုံးမီတာ အကွာမှာ တရင်းတနှီးရှိတဲ့ အရာဝတ္ထုတစ်ခုကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
အနက်ရောင်သေတ္တာဟာ လှိမ့်နေတာ ရပ်သွားပြီး အက်သွားတဲ့ မျက်နှာပြင်ဟာ ကောင်းကင်ပြင်ကို မျက်နှာမူနေပါတယ်။
ဒီထဲကနေ အညိုရောင် လက်ကလေးတစ်လက် ထွက်လာပါတယ်။
‘ချိပ်ပိတ်လက်နက် ၂-၀၄၉... သေစမ်း...’ ကလိုင်းဟာ ရင်ထိတ်သွားပြီး ချက်ချင်း ဆန့်ကျင်ဘက်အရပ်ကို ခုန်ထွက်ပါတယ်။
ခုနက ပေါက်ကွဲမှုက အနက်ရောင် သေတ္တာကို သူ့နား ပို့လိုက်တာပါ။
အဲဒီအချိန်မှာပဲ ကလိုင်းရဲ့ ခေါင်းထဲမှာ ရုတ်တရက်ဆိုသလို တဝီဝီ မြည်သွားပြီး သူ့အတွေးတွေ နှေးကွေးသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။