ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရခြင်း
Vol. 8 Ch. 75
‘အို မကောင်းတော့ဘူး... အရုပ်က ငါ့ကို ထိန်းချုပ်လာပြီ... ကပ္ပတိန်တို့ကလည်း သတိမေ့တဲ့လူမေ့ ဒဏ်ရာရတဲ့လူရနဲ့... သူတို့တွေ ထတောင် ထနိုင်တာ မဟုတ်ဘူး... ငါ့ကို အချိန်မီ လာနှိုးနိုင်မှာ မဟုတ်ဘူး...’
‘မဖြစ်ဘူး... ငါ့ကိုယ်ငါ... ကယ်ရမယ်...’
ကလိုင်း မျက်စိရှေ့က အရာအားလုံးဟာ နှေးကွေးသွားပါတယ်။ သူ့ဦးနှောက်နဲ့ ခြေဆစ်လက်ဆစ် တွေကလည်း ကျွဲကော်နဲ့ ကပ်ထားသလိုပါပဲ။
သူဟာ လူသားဗားရှင်း အရုပ် မဖြစ်ချင်ပါဘူး။ အဲဒါကြောင့် လုံးဝ ထိန်းချုပ်မခံရသေးတာကို အခွင့်ကောင်းယူပြီး သူ့ကိုယ်သူ ကယ်တင်ဖို့ နည်းလမ်းရှာပါတယ်။
‘ငါကိုယ့်ငါတော့... ပြန်နှိုးလို့... မရဘူး... ပြင်ပအားနဲ့မှ... နှိုးလို့ရမှာ...’
‘ပြင်ပအား... ဟုတ်ပြီ... စမ်းကြည့်ရမယ်... ချီတုံချတုံ ဖြစ်နေဖို့ အချိန်မရှိဘူး... တွေးတောနေဖို့ အချိန်မရှိတာကြောင့် ကလိုင်းဟာ သုံးစက္ကန့်မပြည့်ခင်မှာပဲ အကြံတစ်ခု ရသွားပါတယ်။ သူဟာ သံချေးတက်နေတဲ့ ဒူးဆစ်ကို ရွှေ့ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာ ကြိုးချည်ထားသလိုမျိုး တင်းကျပ်နေတဲ့ လည်ပင်းကနေ အသံထွက်ဖို့ မကြိုးစားဘဲ စိတ်ထဲကနေပဲ ရွတ်ဆိုလိုက်ပါတယ်။
‘မိုးမြေ... အင်မော်တယ်... အရှင်မှ... ကောင်းချီးပေးတော်မူပါ...’
သူဟာ ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်ကမ္ဘာကို အသုံးချချင်တာပါ။
“ကျွီ... ကျွီ... ကျွီ...”
ကလိုင်းရဲ့ ဒူးဆစ်နဲ့ ခြေဆစ်ကနေ စူးရှတဲ့အသံတွေ ထွက်ပေါ်လာပါတယ်။ နှေးကွေးတွန့်လိမ်တဲ့ ခြေလှမ်းကို လှမ်းပြီးနောက် သူဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းပါတယ်။
“မိုးမြေ... ကောင်းကင်အရှင်မှ... ကောင်းချီပေးတော်မူပါ”
ကလိုင်းရဲ့ အတွေးတွေဟာ ပိုပြီးတော့ နှေးကွေးလာပါတယ်။ ဗိုင်းရပ်ဝင်နေတဲ့ ဖုန်းကို ဂိမ်းတွေ ဆော့ဖ်ဝဲလ်တွေ အကုန်ဖွင့်ထားသလိုပါပဲ။ သူဟာ ဘယ်ခြေထောက်ကို ထစ်ထစ်ငေါ့ငေါ့နဲ့ မပြီး နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းပါတယ်။
“မိုးမြေ... နတ်တို့အရှင်သခင်မှ... ကောင်းချီး... ပေးတော်မူပါ”
ကလိုင်းရဲ့ အတွေးတွေဟာ ပိုပြီးတော့ မာကျောကာ နှေးကွေးလာပါတယ်။ နောက်ဆုံးခြေလှမ်းကိုတော့ သူဟာ အလိုလိုသိစိတ်နဲ့ လှမ်းမိလိုက်ပါတယ်။
ဒီအချိန်မှာ သူဟာ အရုပ်ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝ ရောက်သွားပါပြီ။ အားရို့ဟာဆင် သူ့ကို လာနှိုးရင်တောင် သူ နိုးနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အသက်ရှင်ချင်စိတ်ကြောင့် သူဟာ နောက်ဆုံး စာကြောင်းကို မရမက ရွတ်ဆိုလိုက်ပါတယ်။
“မိုးမြေ... တို့နှင့်... ညီမျှသော.... နတ်ဒေဝတာမှ... ကောင်းချီး... ပေးတော်မူပါ”
သူ မန္တန်ရွတ်လို့ ဆုံးတယ်ဆိုရင်ပဲ အလွန်တရာ ရှုပ်ထွေးပြီး စိတ်ကယောင်ချောက်ချား ဖြစ်စရာကောင်းတဲ့ အော်သံတွေနဲ့ ညည်းတွား ရေရွတ်သံတွေ ပေါ်လာပါတယ်။ ဒီအသံတွေဟာ ကလိုင်းရဲ့ နှေးကွေးနေတဲ့ အတွေးတိုင်းကို နေရာဝင်ယူပြီး အဲဒီလို နေရာဝင်ယူတုန်းမှာ အဲဒီနှေးကွေးနေတဲ့ အတွေးတွေကို ကွဲကြေသွားစေပါတယ်။
ကလိုင်းရဲ့ ဦးနှောက်ဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်အိုးလို ဖြစ်သွားပြီး သူ့ရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ဟာ ပေါ့ပါးသွားပါတယ်။ သူ့စိတ်ဝိညာဉ်ကလည်း အရုပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပါတယ်။
အဆုံးမရှိတဲ့ ဖြူမှိုင်းမှိုင်း မြူခိုးတွေနဲ့ အရွယ်အစားမျိုးစုံရှိတဲ့ နီမှောင်ရောင်ကြယ်တွေက ကလိုင်းရဲ့ မြင်ကွင်းထဲမှာ ထပ်ပြီးတော့ ပေါ်လာပါတယ်။ ဒီနေရာက ကျယ်ပြော ဆန်းကြယ်ပြီး ဝိုးတိုးဝါးတားနဲ့ သဲသဲကွဲကွဲ မရှိပါဘူး။
ရှုပ်ထွေးနေတဲ့ သူ့ရဲ့စိတ်ဟာ ခပ်မြန်မြန်ပဲ ငြိမ်သက်သွားတဲ့အတွက် နောက်ဆုံးမှာ ကလိုင်းဟာ ပုံမှန်အတိုင်း ပြန်တွေးနိုင်သွားပါတယ်။
“ဟူး... တော်သေးတယ်... အလုပ်ဖြစ်လို့...” ကလိုင်းဟာ အကြောက်ပြေ ရေရွတ်လိုက်ပါတယ်။
သူ လေ့လာ အကဲခတ်မိသလောက် ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားရင် သေတာနဲ့ အတူတူပါပဲ။ သာမန်အားဖြင့် ဘယ်ဆေးမှ သူ့ကို ကယ်နိုင်မှာ မဟုတ်ပါဘူး။
ကံကောင်းချင်တော့ သူ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်နဲ့ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်ကမ္ဘာဟာ လုံးဝ သာမန် မဟုတ်ပါဘူး။
သုံးလေးခါ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးနောက် ကလိုင်းဟာ သူ ရောက်နေတဲ့ အခြေအနေကို စပြီးတော့ စဉ်းစားပါတယ်။
‘ငါ ဒီနေရာမှာပဲ တစ်ချိန်လုံး နေနေလို့မရဘူး.. ကပ္ပတိန်တို့တွေ နိုးလာရင် ငါ ရှင်းပြနိုင်မှာ မဟုတ်ဘူး...’
‘အခုအချိန်မှာ ငါ့ခန္ဓာကိုယ်က ဇွမ်ဘီနဲ့ ဘာမှ မခြားနားဘူး... ငါ စွန့်စားပြီး ပြန်သွားရင်တောင် ငါ့လုံခြုံရေးအတွက် အာမခံချက် မရှိဘူး... ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်သွားရင် ပွဲသိမ်းပြီ’
.....
ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို သူ့နဖူးသူ ပြန်ရိုက်ပြီး အသာ ရယ်မိလိုက်ပါတယ် “ငါက ငါ့ကိုယ်ငါ အမြင်ဆရာဆိုတာ မေ့နေတာပဲ”
စကားမဆုံးခင်မှာပဲ ကလိုင်းဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံပေါ် ရောက်သွားပါတယ်။ သူ လက်ဆန့်လိုက်တဲ့အခါ ဖော့ပင်တစ်ချောင်း လက်ထဲ ရောက်လာပါတယ်။ အဲဒီနောက် သူဟာ ပုံရိပ်ယောင် စက္ကူစာရွက်ပေါ်မှာ စာတစ်ကြောင်း ချရေးပါတယ်။
“လက်တွေ့လောကကို ပြန်သွားတာက လုံခြုံတယ်”
အဲဒီနောက် ချက်ချင်းဆိုသလို ကလိုင်းဟာ အိတ်ကပ်ထဲကနေ စိတ်ဝိညာဉ် ချိန်သီးကို ဆွဲထုတ်လိုက်ပါတယ်။ ဒါက ရောင်ပြန်ဟပ်တဲ့ ပုံရိပ်ပါ။ တွေ့ဆုံပွဲ သုံးလေးခါ လုပ်ပြီးနောက် သူ့ကိုယ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေကို မီးခိုးရောင် မြူခိုးထက်မှာ ရောင်ပြန်ဟပ်လို့ရတယ်ဆိုတာ ကလိုင်း ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ရောင်ပြန်ဟပ်တာက နည်းနည်းတော့ ဝိုးတိုးဝါးတား နိုင်ပါတယ်။
ကလိုင်းဟာ ငွေချိန်းကြိုးကို ဘယ်လက်မှာကိုင်ပြီး ဥဿဖရားကို စက္ကူစနဲ့ ထိလုနီး ချလိုက်ပါတယ်။ အဲဒီနောက် အသက်မှန်အောင် ရှူပြီး မျက်စိတစ်ဝက် ပိတ်လိုပါတယ်။ ပြီးတဲ့အခါမှာတော့ စက္ကူစပေါ်က စာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ်။
“လက်တွေ့လောကကို ပြန်သွားတာက လုံခြုံတယ်”
...
“လက်တွေ့လောကကို ပြန်သွားတာက လုံခြုံတယ်”
...
ခုနစ်ခေါက် ရွတ်ဆိုပြီးလို့ ကလိုင်း မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ ဥဿဖရားက ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး နာရီလက်တံအတိုင်း လည်တာကို တွေ့လိုက်ရပါတယ်။
နာရီလက်တံအတိုင်း လည်တာက စက္ကူစပေါ်က စာကြောင်း မှန်တာဖြစ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း လည်တာက မှားတာပါ။ အဲဒါကြောင့် လက်တွေ့လောကကို ပြန်တာက လုံခြုံတယ်လို့ အဖြေထွက်ပါတယ်။
ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ့အကျင့်အတိုင်း ငွေချိန်းကြိုးကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး အောက်ထိုးကျသွားတယ်လို့ ခံစားလိုက်ပါတယ်။
ဝေဝါးတဲ့ မြူခိုးနဲ့ နီမှောင်ရောင်ကြယ်တွေဟာ နူးညံသိမ်မွေ့ပြီး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပါတယ်။ ကလိုင်းဟာ မကြာခင်မှာပဲ နဂိုနေရာမှာ ငေးကြောင်ကြောင်ဖြစ်နေတဲ့ သူ့ရုပ်ခန္ဓာကို တွေ့လိုက်ရပါတယ်။ သေတ္တာထဲက တစ်ဝက်ထွက်နေတဲ့ အညိုရောင် အရုပ်ကိုလည်း တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာ ချိပ်ပိတ်လက်နက်က လှုပ်ရှားမှုမရှိဘဲ ရပ်နေတာကိုလည်း သတိထားမိလိုက်ပါတယ်။
သူ့အာရုံ ဦးနှောက်ဆီ ရောက်သွားတဲ့အခါ ကလိုင်းဟာ သူ့ခန္ဓာကိုယ် အခြေအနေကို သိချင်တဲ့အတွက် လက်မောင်းကို လှုပ်ကြည့်ဖို့ ပြင်ပါတယ်။ အဲဒီအချိန်မှာပဲ လေထဲကပါလာတဲ့ အသံတစ်သံကို သူ ရုတ်တရက် ကြားလိုက်ရပါတယ်။
“မင်း နိုးချင်လား... မင်း ငါ့ကို ကတိတစ်ခုပေးတာနဲ့ ငါ မင်းကို ကယ်ပေးမယ်”
“ငါ့ကို အန်တီဂိုနပ်မိသားစုရဲ့ မှတ်စာအုပ်ရအောင် ကူညီပေး”
“မင်း သဘောတူရင် ခေါင်းညိတ်... မင်း ခေါင်းညိတ်နိုင်သေးတယ်ဆိုတာ ငါ သိတယ်”
‘ဘယ်သူလဲ... ၂-၀၄၉ က ငါ့ကို ထိန်းချုပ်ဖို့ မကြိုးစားပုံပဲ... ဟုတ်တယ်... ၂-၀၄၉ က လူတစ်ယောက်တည်းကို ထပ်ခါထပ်ခါ မလွှမ်းမိုးဘူး... ကြားထဲမှာ နားချိန် ရှိတယ်...’ ကလိုင်းဟာ လန့်သွားပေမဲ့ မျက်နှာမှာ ဘာမှမပြပါဘူး။
အဲဒီအချိန်မှာပဲ အဲဒီအသံက ခပ်မြန်မြန် ထပ်ပြောပါတယ် “ဒီကိစ္စပြီးရင် မင်းကို အပိုဆု ထပ်ပေးမယ်... မင်းက အမြင်ဆရာဆိုတာ ငါ သိတယ်... ထာဝရည နတ်ဘုရားမ ဘုရားကျောင်းမှာ အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည် ဆုံမှတ် ၈ မရှိဘူး ဆိုတာကိုလည်း ငါ သိတယ်... ဒါပေမဲ့ ငါတို့ လျှို့ဝှက်ဂိုဏ်းမှာရှိတယ်”
“ဟီဟီး... အမှန်အတိုင်း ပြောရရင် ငါလည်း အရင်က အမြင်ဆရာပဲ... မဟုတ်ရင် ငါ ပြန်လာရဲမှာ မဟုတ်ဘူး... ငါ့ရဲ့ စိတ်ရင်းကို ပြဖို့ ဆုံမှတ် ၈ ဆေးရည် နာမည်ကို ပြောပြပေးမယ်... အမြင်ဆရာရဲ့ ဆုံမှတ် ၈ က လူရွှင်ပဲ”
‘လူရွှင်... လျှို့ဝှက်ဂိုဏ်း...’ ကလိုင်းဟာ အရုပ် အခြေအနေကို မထိန်းနိုင်လုနီး ဖြစ်သွားပါတယ်။ သူဟာ အမြင်ဆရာနဲ့ လူရွှင်ကို တစ်ခါမှ ဆက်စပ်ပြီး မစဉ်းစားဖူးပါဘူး။
“အင်း... ဆုံးဖြတ်ချက် ချတော့... ငါ ပြောတာကို ယုံ... မင်းမှာ အချိန် သိပ်မကျန်တော့ဘူး” အဲဒီအသံဟာ လေနဲ့အတူ ထပ်မံ ထွက်ပေါ်လာပါတယ်။
အဝေးက ဒန်းစမစ်နဲ့ လိုရိုတာဟာ သတိလစ်နေတုန်းပါ။ ဘောရှားကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့အတွက် မလှုပ်မယှက်နဲ့ ညည်းတွားနေပါတယ်။ အားရို့ဟာဆင်နဲ့ လန့်နာမစ်ချယ်ကတော့ ဒဏ်ရာ သိပ်မပြင်းတဲ့အတွက် မတ်တတ်ရပ်ဖို့ ကြိုးစားနေပါတယ်။
‘ဘာဖြစ်လို့ ငါ ဖြစ်ရတာလဲ... လျှို့ဝှက်ဂိုဏ်း... ဒီအသံပိုင်ရှင်က ခုနက ဝတ်စုံနဲ့လူပြက်လား... သူက ထွက်ပြေးပြီး ရေနောက်မှာ ငါဖမ်းချင်လို့ တိတ်တိတ်လေး ပြန်လာတာပဲ...’
ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးမျိုးစုံ သံသယမျိုးစုံ ရုတ်ခြည်း ယှက်သမ်းသွားပါတယ်။ အသံပိုင်ရှင်က အမြင်ဆရာလို့ ပြောတဲ့အတွက် ကလိုင်းဟာ အမြင်ဆရာရဲ့ ရှုထောင့်ကနေ အခြေအနေကို သုံးသပ်ပါတယ်။
‘သူ ပြန်လာရဲတယ် ဆိုကတည်းက သူ့တွက်ချက်မှုရဲ့ အဖြေက မျှော်လင့်ချက် ရှိလို့ဆိုတာ သေချာတယ်... ရေးဘီဘာ ဖျက်ဆီးခံရပြီး ငါတို့တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရမယ် ဆိုတာလည်း သိနေလောက်တယ်...’
‘ဒီတော့ မှတ်စုစာအုပ်ကို သူ့ဘာသာ မယူတာ... ငါတို့ကို မတိုက်ခိုက်တာက... အဲဒီလုပ်ရင် အန္တရာယ်ရှိတယ်လို့ တွက်ထားမိလို့ပဲ... အဲဒီတော့ ကပ္ပတိန်နဲ့ မဒမ်လိုရိုတာက သတိမေ့ချင်ယောင် ဆောင်နေတာ ဒါမှမဟုတ် သူ့ကို ထောင်ချောက် ဆင်ထားတာလို့ သံသယဝင်နေတယ်...’
‘သူက ငါ့ရဲ့ လက်ရှိအခြေအနေကို ဆက်ပြီး မတွက်ချက်တာက ပထမဆုံး သူ့မှာ အချိန်မရှိလို့ပဲ... သူ ဆက်စောင့်ရင် မစ္စတာအားရို့ဟာဆင်တို့က နည်းနည်းပါးပါး ပြန်တိုက်ခိုက်နိုင်လာမှာ... နောက်ပြီး သူ ငါ့ကို အထင်သေးတာလည်း ပါလိမ့်မယ်’
‘သူက အမြင်ဆရာ တစ်ယောက်ကို ကောင်းကောင်း နားလည်လို့ ငါ အရုပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်နိုင်ဘူးလို့ ကျိန်းသေတွက်ထားပုံပဲ... ဒီတော့ သူက ငါ့ကို နယ်ရုပ်လုပ်ခိုင်းပြီး ထောင်ချောက်ရှိမရှိ စမ်းသပ်တာပဲ’
‘ဒီတော့ တခြား ရှုထောင့်ကနေ ကြည့်ရင် ငါ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်က ဘာမှထူးခြားတာ မဖြစ်စေဘူးပဲ’
ဦးနှောက်က မနှေးကွေးတော့တဲ့အတွက် ကလိုင်းရဲ့ အတွေးတွေဟာ ကြည်လင် ပြတ်သားလာပါတယ်။ အဲဒါကြောင့် ဝတ်စုံနဲ့လူပြက်ရဲ့ အတွေးတွေ ရည်ရွယ်ချက်ကို အလွယ်တကူပဲ ခန့်မှန်းလိုက်ပါတယ်။
ဝတ်စုံနဲ့လူပြက်ရဲ့ ကတိကိုတော့ သူဟာ တစ်စက်ကလေးတောင် မယုံကြည်ပါဘူး။ နယ်ရုပ်မှာ လူ့အခွင့်အရေး မရှိပါဘူး။ သူ့တည်ရှိမှုရဲ့ ရည်ရွယ်ချက်ကိုက စတေးခံရဖို့ မဟုတ်ပါလား။
ကလိုင်းဟာ ဆုံးဖြတ်ပြီးတာနဲ့ လည်ပင်းကို ထိန်းချုပ်ကာ ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီဆိုတာကို အတည်ပြုလိုက်ပါတယ်။
သူ ခေါင်းညိတ်လိုက်တယ်ဆိုရင်ပဲ သူ့နံပါးက နှစ်မီတာ သုံးမီတာ အကွာမှာ ဂယက်ထသွားပြီး မျက်နှာမှာ ဆေးခြယ်ထားတဲ့ ဝတ်စုံနဲ့ လူပြက် ပေါ်လာပါတယ်။ ကလိုင်း ထင်ထားတဲ့အတိုင်း စောစောက ထွက်ပြေးသွားတဲ့ ဝတ်စုံနဲ့ လူပြက်ပါ။
အဲဒီအချိန်မှာ ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက်ကနေ ခုန်ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကလိုင်းဟာ သေတ္တာနဲ့ အရုပ်ကို ကျောပေးထားပါတယ်။ ဝတ်စုံနဲ့ လူပြက်ဟာ သူ့ရှေ့က နံပါးမှာပါ။
သူ့ရဲ့ ပထမ ရည်ရွယ်ချက်က ချိပ်ပိတ်လက်နက်နဲ့ ဝေးဝေးနေချင်တာပါ။ ဒုတိယ ရည်ရွယ်ချက်ကတော့ ကလိုင်းရဲ့ ခြောက်လုံးပြူးရန်ကနေ ရှောင်ရှားချင်တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီဝတ်စုံနဲ့လူပြက်က တော်တော်လေး ဂရုစိုက်တယ်ဆိုတာ သိသာပါတယ်။
ဝတ်စုံနဲ့လူပြက်ဟာ အိတ်ကပ်ထဲကနေ စက္ကရှည်စ တစ်စကို ဆွဲထုတ်ပြီး အားပါပါ လှုပ်လိုက်တဲ့အခါ ဖြောင့်တန်းတဲ့ သစ်သားတိုင် တစ်တိုင် ဖြစ်သွားပါတယ်။ သူဟာ အဲဒီသစ်သားတိုင်ကို ကိုင်ပြီး ကလိုင်းရဲ့ ပုခုံးကို လှမ်းထိုးပါတယ်။
‘ဒီကောင်က ၂-၀၄၉ အကြောင်းကို ကောင်းကောင်း သိတာပဲ... အန်တီဂိုနပ်မိသားစု မျိုးဆက်ရဲ့ အနံ့အသက်ကို ရရင် အရုပ်က မထိန်းနိုင်မသိမ်းနိုင် ဖြစ်ပြီး တစ်ကြိမ်မှာ လူနှစ်ယောက် ထိန်းချုပ်လို့ ရတယ်ဆိုတာ သူ သိတယ်...’
‘သူက ကျောက်တုံး လှမ်းပစ်လည်း အသုံးမဝင်ဘူးဆိုတာကို သိတယ်... အနည်းဆုံး ကပ္ပတိန်တို့တွေ ဒီလိုမျိုး ကြိုးစားတာ ငါ တွေ့ဖူးတယ်...’
ကလိုင်းဟာ ၂-၀၄၉ က ဘာဖြစ်လို့ သူ့ကို ဆက်မထိန်းချုပ်တော့လဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ သူဟာ ၂-၀၄၉ ရဲ့ ငါးမီတာ ပတ်လည်မှာ မနေရဲပါဘူး။ အဲဒါကြောင့် သူဟာ စိတ်အေးအေးထားပြီး စောင့်ဆိုင်းပါတယ်။
သစ်သားတိုင်က သူ့ပုခုံးကို ထိခါနီးတဲ့အခါ ကလိုင်းဟာ ရုတ်တရက် ဘယ်လက်မြှောက်ပြီး သစ်သားတိုင်ကို ဖမ်းဆုပ်ကာ အားပါးပါ ဆွဲလိုက်ပါတယ်။
ရုတ်တရက်မလို့ ဝတ်စုံနဲ့ လူပြက်ဟာ အငိုက်မိပြီး ရှေ့ပါသွားပါတယ်။ အဲဒါကြောင့် သူနဲ့ ကလိုင်းဟာ နှစ်မီတာတောင် မဝေးတော့ပါဘူး။
တစ်ချိန်တည်းမှာပဲ အသင့်ပြင်ထားတဲ့ ကလိုင်းဟာ သေနတ်မောင်းကို ဆွဲလိုက်ပါတယ်။
“ဒိုင်း... ဒိုင်း...”
သေနတ် နှစ်ချက် ပစ်လိုက်ပေမဲ့ သူဟာ ဝတ်စုံနဲ့ လူပြက်ကို ချိန်မပစ်ပါဘူး။ သူ ချိန်တာက ချိပ်ပိတ်လက်နက် ၂-၀၄၉ ကိုပါ။
သေနတ်သံ မထွက်ပေါ်ခင်မှာပဲ ဝတ်စုံနဲ့လူပြက်ဟာ ခန္ဓာကိုယ်ကို လှိမ့်ပြီး ရှောင်ပါတယ်။
ကလိုင်းဟာ သစ်သားတိုင်ကို လွှတ်ပြီး ခြေလေးငါးဆယ်လှမ်း ခပ်သွက်သွက်လှမ်းကာ အန္တရာယ်ဇုန်ထဲကနေ ထွက်ပါတယ်။
ဝတ်စုံနဲ့လူပြက်ဟာ နှစ်ခါလှိမ့်ပြီး နောက်ခုန်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ခေါင်းထဲမှာ တဝီဝီမြည်ပြီး သူ့အတွေးတွေ နှေးကွေးသွားပါတယ်။
‘မကောင်းတော့ဘူး... သူ ငါ့ကို... အန်တီဂိုနပ် အရုပ်ဘက်ဆီ ရောက်အောင် လုပ်လိုက်တာပဲ’
‘ငါ ငါးမီတာ... အတွင်းကို ရောက်နေပြီ’
‘သူက... ဘယ်လိုလုပ်ပြီး... အန်တီဂိုနပ်... အရုပ်ရဲ့... ထိန်းချုပ်တာကို... မခံရတာလဲ...’
...
ဝတ်စုံနဲ့လူပြက်ဟာ ကိုယ်ကို လှိမ့်နေတာ ရပ်ပြီး သံချေးတက်နေတဲ့ အဆစ်တွေနဲ့ တွားသွားဖို့ ကြိုးစားပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ နောက်လှည့်လာပြီး ခြောက်လုံးပြူးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ဖြည်းဖြည်းချင်း လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ချိန်လိုက်ပါတယ်။
သူ့အတွက်တော့ ဒါက အသေပစ်မှတ်ကို ပစ်ရသလိုပါပဲ။
ဒန်းစမစ်၊ အားရို့ဟာဆင်၊ လိုရိုတာတို့နဲ့ တိုက်ခိုက်တာကို ကြည့်ပြီး ဝတ်စုံနဲ့လူပြက်က ဖျတ်ဖျတ်လတ်လတ်နဲ့ ခန္ဓာကိုယ်လှိမ့်တဲ့နေရာမှာ ကျွမ်းကျွမ်ကျင်ကျင် ရှိတယ်ဆိုတာကို ကလိုင်း သိပါတယ်။
အဲဒါကြောင့် တစ်မီနှစ်မီတာပဲ ဝေးရင်တောင် သေနတ်နဲ့ ပစ်ဖို့ကို လက်လျှော့လိုက်ပါတယ်။ အဲဒီအစား ဝတ်စုံနဲလူပြက်ကို သူ စီစဉ်ထားတဲ့ သတ်ကွင်းထဲရောက်အောင် တွန်းပို့လိုက်ပါတယ်။ အဲဒီသတ်ကွင်းကတော့ ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ငါးမီတာ ပတ်လည်ပါ။
ဝတ်စုံနဲ့လူပြက်ဟာ အရုပ်က ကလိုင်းအပေါ် သက်ရောက်မှု မရှိဘူးဆိုတာ သိလိုက်ရတဲ့အခါ သူ ထောင်ချောက်ထဲ ကျသွားပြီဆိုတာ သိလိုက်ပါတယ်။ အဲဒါကြောင့် သူဟာ အရုပ်ရှိတဲ့ဘက် ခုန်ပြီး ထွက်ပြေးတာပါ။ အရုပ်က အန္တရာယ် မပေးနိုင်တော့ဘူးလို့ သူ တွက်လိုက်တာပါ။
“ဒိုင်း...”
မယုံနိုင်အောင် ဖြစ်သွားတဲ့ ဝတ်စုံနဲ့လူပြက်ရဲ့ မျက်လုံးထဲမှာ ဝတ်စုံနက်နဲ့ ကလိုင်းက သေနတ်မောင်းကို အသာအယာပဲ ကောက်ဆွဲလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။