နောက်ဆက်တွဲကိစ္စ ရှင်းလင်းခြင်း
Vol. 8 Ch. 76
“ဒိုင်း...”
ငွေကျည်ဆံဟာ သုံးလေးမီတာကို လျှပ်တစ်ပြက် ခရီးနှင်ပြီး ဝတ်စုံနဲ့လူပြက်ရဲ့ လည်ပင်းကို တိတိကျကျ ထိမှန်သွားပါတယ်။ သေနတ်ဒဏ်ရာကြောင့် သွေးတွေ ပန်းထွက်လာပြီး ဝတ်စုံနဲ့လူပြက်ရဲ့ အရေပြားနဲ့ နက်ကတိုင်ဟာ နီရဲသွားပါတယ်။
ဝတ်စုံနဲ့လူပြက်ဟာ အသံတစ်ချက်တောင် မထွက်နိုင်ပါဘူး။ သူဟာ လက်မြှောက်ပြီး ဒဏ်ရာကို နေရာပြောင်းချင်ပေမဲ့ သူ့လက်ဆစ်က ကျွဲကော်နဲ့ ကပ်ထားသလို နှေးကွေးလှပါတယ်။
“ဒိုင်း...”
တွေးခေါ်မှု အခြေအနေထဲ တစ်ဝက်ဝင်ထားတဲ့ ကလိုင်းဟာ သွေးသံရဲရဲကြောင့် တုန်ယင်သွားခြင်း မရှိဘဲ ပုံမှန် လေ့ကျင့်ထားတဲ့အတိုင်း သေနတ်မောင်းကို ထပ်ဆွဲပါတယ်။
ဒီတစ်ခါတော့ ဝတ်စုံနဲ့လူပြက်ရဲ့ နဖူးကို ထိမှန်သွားပြီး ကြက်သွေးလို နီရဲတဲ့သွေးတွေ ဖြာထွက်လာပါတယ်။ သူ့မျက်လုံးထဲက အလင်းရောင်ဟာ မှေးမှိန်သွားပြီး ကြိုးစားလှုပ်ရှားနေတဲ့ သူ့လက်မောင်းဟာလည်း ပြုတ်ကျသွားပါတယ်။ သူ့မျက်လုံးတွေဟာ ခဲပြီး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
သူ့ခန္ဓာကိုယ်ဟာ လေးငါးကြိမ် ဆတ်ခနဲ ဆတ်ခနဲ အကြောဆွဲပြီးမှ ငြိမ်ကျသွားပါတယ်။
ခေါင်းကို ထိအောင် ပစ်ပြီးနောက် ကလိုင်းဟာ တစ်ဖက်လှည့်လိုက်ပါတယ်။ သူဟာ ကျည်အိမ်ကို ဖွင့်ပြီး ကျည်ခွံတွေကို သွန်ချပါတယ်။
အဲဒီနောက် အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပြီး အားရို့ဟာဆင်ဆီ လျှောက်သွားပါတယ်။ တစ်ချိန်တည်းမှာ သူဟာ နောက်ဆုံးကျန်တဲ့ နတ်ဆိုးပစ်ကျည်ဆံကို အိတ်ကပ်ထဲကနေ ထုတ်ပြီး ကျည်အိမ်ထဲ ထည့်လိုက်ပါတယ်။
သူ ဝတ်စုံနဲ့လူပြက် သေတာကို လှည့်မကြည့်တာက ပထဆုံးအကြိမ် လူသတ်တာ ဖြစ်တဲ့အတွက် မသက်မသာ ခံစားနေရလို့ပါ။ ဒါပေမဲ့ ဒီလိုသတ်လိုက်ရတာကို သူ နောင်တ မရပါဘူး။ ဝတ်စုံနဲ့လူပြက် မသေရင် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက်မှာ ဘာဆက်ဖြစ်လာမလဲ ဆိုတာ သူ မသိပါဘူး။
အဲဒါ့အပြင် သူဟာ ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ နယ်နိမိတ်ထဲကို စွန့်စားပြီး မဝင်ရဲပါဘူး။ သူ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်က အမြဲတမ်း အလုပ်ဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ အာမ မခံထားဘူး မဟုတ်ပါလား။
ဝတ်စုံနဲ့လူပြက်ရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ ကလိုင်း ဂရုစိုက်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါက လူရွှင်လို့ခေါ်တဲ့ ဆေးရည်ဖော်မြူလာ အဲဒါမှ မဟုတ်ရင်လည်း အဲဒါကို လမ်းညွှန်နိုင်တဲ့ သဲလွန်စပါ။ ဒါပေမဲ့ သူဟာ အလျင်မလိုပါဘူး။ နောက်ကျမှ ဒန်းစမစ်တို့နဲ့အတူ ရှာလည်း ရပါတယ်။
ညသိမ်းငှက်အဖွဲ့ရရင် သူလည်း ရမှာပါ။ ညသိမ်းငှက်အဖွဲ့က ဒီဆေးရည်ဖော်မြူလာကို ထိန်ချန်ထားမှာ မဟုတ်ပါဘူး။ အများဆုံး အကျိုဆောင်မှုနဲ့ လဲလှယ်ရုံပေါ့။ သူက မကြာသေးခင်ကမှ အမြင်ဆရာ ဖြစ်ထားတာဆိုတော့ အမြင်ဆရာဆေးရည်ကို ကုန်စင်အောင် ချေဖျက်ဖို့က အချိန်ယူရဦးမှာပါ။
အတွေးများရင်းနဲ့ သူဟာ အားရို့ဟာဆင်နား ရောက်သွားပါတယ်။ မီးခိုးရောင် လေကာအင်္ကျီနဲ့ အားရို့ဟာဆင်ဟာ ထထိုင်ဖို့ ကြိုးစားပေမဲ့ ကြိုးစားတိုင်း မအောင်မြင်ပါဘူး။ ပြန်ပြန်လဲကျလို့ တစ်ကိုယ်လုံး သဲတွေ ရွှံ့တွေချည်းပါပဲ။
“မစ္စတာဟာဆင်... ဘာကူညီပေးရမလဲ” ကလိုင်းဟာ ဆောင့်ကြောင့်ထိုင်ပြီး မေးပါတယ်။ သူဟာ လက်ထဲက ခြောက်လုံးပြူးကိုလည်း မတော်တဆ ပစ်မိမှာစိုးတဲ့အတွက် မြေကြီးဆီ ရွယ်ထားပါတယ်။
အားရို့ဟာဆင်ဟာ အသက်တစ်ချက် ရှူသွင်းပြီး သက်ပြင်းချပါတယ်။
“ဒီမွန်းစတားက တော်တော် အားကြီးတယ်... သူ့အားနည်းချက်ကြောင့်သာ မဟုတ်ရင်...”
အဲဒီနောက် သူဟာ ဘေးနားက ကောင်းကင်ပြာသတ္တုပုလင်းကို ပြပြီး ကိုယ့်ကိုယ်ကိုယ် သရော်သံနဲ့ ဆိုပါတယ် “ငါက ဆေးသောက်ဖို့ ကြိုးစားတာ... ဒါပေမဲ့ လက်တုန်ပြီး...”
ဒီကောင်းကင်ပြာပုလင်းက ကလိုင်းရဲ့ လက်ညှိုးလောက်ပဲ ရှိပါတယ်။ အရှည်ကလည်း ငါးစင်တာမီထက် မပိုပါဘူး။ ပုလင်းအဖုံးက ဘေးကျပြီး ဆေးရည်တွေ ဖိတ်နေပါတယ်။
ကလိုင်းဟာ ပုလင်းကို ကောက်ကြည့်ကာ မတတ်နိုင်တဲ့လေသံနဲ့ ပြန်ပြောပါတယ် “မစ္စတာဟာဆင်... ဆေးက တစ်စက်နှစ်စက်ပဲ ကျန်တော့တယ်”
“ဘောရှားဆီသွားပြီး ရှာကြည့်... သူ့အတွင်းအိတ်ကပ်ထဲမှာ ရှိတယ်” အားရို့ဟာဆင်ဟာ အသက်ဝအောင် ရှူရင်း ပြောပါတယ်။
“အင်း...” ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဒီအတိုင်း မေးလိုက်ပါတယ် “ဒါနဲ့ ဒါက နာလန်ပြန်ထစေတဲ့ ဆေးလား”
‘ဒါက ဂမ္ဘီရနယ်ပယ်မှာသုံးတဲ့ ဆေးထင်တယ်’
“မဟုတ်ဘူး... ဒီဆေးက နာလန်ပြန်ထစေတဲ့ အကျိုးနည်းနည်းပဲ ရှိတယ်... သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ငါတို့ရဲ့ စိတ်ကို လှုံ့ဆော်ပေးပြီး ငါတို့ ခန္ဓာကိုယ်ရဲ့ အစွမ်းအစကို ညှစ်ထုတ်ပေးတာ... ငါတို့တွေ အဖွဲရုံးကို ပြန်မသွားခင် အခြေအနေကောင်းအောင် ထိန်းထားပေးရုံပဲ... ”
အားရို့ဟာဆင်ဟာ ထထိုင်ဖို့ ကျဆုံးပေမဲ့ မအောင်မြင်ပြန်ပါဘူး “ဒီဆေးနာမည်က နတ်ဘုရားမရဲ့ အကြည့်တော်... ဘောရှားကိုလည်း တစ်ဝက်တိုက်လိုက်ဦး”
ကလိုင်းဟာ အချိန်မဆိုင်းဘဲ ညည်းတွားနေတဲ့ ဘောရှားဆီ ခပ်မြန်မြန် လျှောက်သွားပြီး အိတ်ကပ်ထဲ ရှာကြည့်လိုက်တဲ့အခါ ကောင်းကင်ပြာသတ္တုပုလင်းကို တွေ့လိုက်ရပါတယ်။ သူဟာ ပုလင်းအဖုံးကို ဖွင့်ပြီးနောက် ဘောရှားရဲ့ ပါးစပ်နား တေ့ပေးလိုက်ပါတယ်။
ဆေးနံ့ကြောင့် ဘောရှားဟာ နှုတ်ခမ်းကို ကြိုးစားဖွင့်ပါတယ်။
ကလိုင်းက အလိုက်သင့် မော့ပေးလိုက်တဲ့အခါ နီမှောင်ရောင် ဆေးရည်တွေက ဘောရှားရဲ့ ပါးစပ်ထဲကို စီးဝင်သွားပါတယ်။ တစ်ဝက်လောက်ပဲ ကျန်တော့တယ်လို့ ခံစားရတဲ့အခါ ကလိုင်းဟာ ဆေးတိုက်တာ ရပ်ပြီး ပုလင်းအဖုံးကို ပြန်ပိတ်လိုက်ပါတယ်။
ဆေးအစွမ်းက တကယ်ကို ထူးခြားပါတယ်။ ဆေးသောက်ပြီးလို့ သုံးလေးစက္ကန့်လောက် ကြာတယ်ဆိုရင်ပဲ ဘောရှားရဲ့ မျက်လုံးထဲမှာ အားအင်ပြည့်ဖြိုးတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
“ကျေးဇူးပဲ” ဘောရှားက တိုးတိုးလေး ပြောပါတယ်။
အဲဒီနောက် ဘောရှားဟာ မြေကြီးကို အားပြုပြီး ဖြည်းဖြည်းချင်း ထထိုင်ပါတယ်။ သူဟာ သူ့ဒဏ်ရာကို ပထမဆုံး စည်းပြီး သတိမေ့နေတဲ့ လိုရိုတာနဲ့ ဒန်းစမစ်ဆီ လျှောက်သွားပါတယ်။ အဲဒီနောက် သူဟာ ဒန်းစမစ်ရဲ့ အတွင်းအိတ်ကပ်ထဲကနေ နတ်ဘုရားမရဲ့ အကြည့်တော်ကို ထုတ်လိုက်ပါတယ်။
ကလိုင်းဟာ အားရို့ဟာဆင်ဘေးကို ပြန်လျှောက်သွားပြီး ကျန်တဲ့ ဆေးရည်တစ်ဝက်ကို တိုက်ပါတယ်။
အားရို့ဟာဆင် အသက်လေးငါးကြိမ် ရှူပြီးနောက် လှုပ်ရှားမှုတွေ သွက်လက်လာပါတယ်။ အဲဒီနောက် သူဟာ ဘယ်တုန်းကမှ ဒဏ်ရာမရခဲ့သလိုမျိုး မတ်တတ် ကောက်ရပ်ပါတယ်။
“ငါ ဘောရှားကို ကူလိုက်မယ်... မင်းက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ကူ...” အားရို့ဟာဆင်ဟာ လန်နာ့မစ်ချယ်ကို ညွှန်ပြပြီး ပြောပါတယ်။
ကလိုင်းဟာ ဘာကန့်ကွက်မှုမှ မရှိပါဘူး။ သူဟာ ကဗျာဆရာ လန်နာ့ဒ်ဆီ မပြေးရုံတမယ် လျှောက်သွားပါတယ်။
“ရတယ်... ငါ့ဘာသာငါ သောက်နိုင်တယ်” ဆံပင်တွေ ရှုပ်ပွနေတဲ့ လန်နာ့ဒ်ဟာ ကောင်းကင်ပြာပုလင်းကို မြှောက်ပြပြီး အပြုံးနဲ့ ပြောပါတယ်။
လန်နာ့ဒ်က လျင်လျင်မြန်မြန် ထလာတာကို ကြည့်ပြီး လှောင်ဖို့ကြံနေတဲ့ ကလိုင်းဟာ မှင်တက်သွားပါတယ်။
‘သူ့ဒဏ်ရာတွေက ငါ ထင်ထားတာလောက် မပြင်းဘူးပဲ... အစောကြီးကတည်းက သူ့ဘာသာ ဆေးသောက်နိုင်စွမ်း ရှိတယ်... အဲဒီတော့ ငါ နာရီလက်တံပြောင်းပြန်အတိုင်း လမ်းလျှောက်ပြီး ကံကောင်းစေတဲ့ အစီအရင်လုပ်တာကို မြင်လိုက်မှာပဲ...’
‘ဘာမှမဖြစ်ဘူး... ငါက မန္တန်ကို စိတ်ထဲမှာ ရွတ်လိုက်တာ... ကံကောင်းစေတဲ့ အစီအရင်ကလည်း အပြင်ပန်းမှာ ဘာမှ ထူးခြားတာ မဟုတ်ဘူး... မဟုတ်ရင် ဝတ်စုံနဲ့လူပြက်က ငါ့ထောင်ချောက်ထဲကို ကျမှာ မဟုတ်ဘူး...’
‘အဲဒီလိုဆိုရင်တောင် ဒီကောင် တော်တော်များများ မြင်လိုက်မှာပဲ... ငါ ၂-၀၄၉ ရဲ့ ထိန်းချုပ်တာ မခံရတာ... ဝတ်စုံနဲ့လူပြက်ကို အလစ်တိုက်တာတွေ မြင်လိုက်မှာပဲ...’
ကလိုင်း မျက်လုံး မသိမသာ ကျဉ်းသွားစဉ်မှာပဲ သူ့ဆီ လျှောက်လာတဲ့ လန်နာ့ဒ်က သူ့ဘေးမှာရပ်ပြီး အသာရယ်ပါတယ်။
“တကယ်တော့ ငါ မင်းကို ကယ်မလို့ပါ... ဒါပေမဲ့ နောက်တော့ ကယ်ဖို့မလိုဘူးဆိုတာ တွေ့လိုက်ရတယ်”
“စိတ်မရှိပါနဲ့ကွာ... ဒီလောကမှာ တခြားလူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ စပါယ်ရှယ်လူတွေ ရှိတယ်... ဥပမာ မင်းလိုမျိုးပေါ့...”
“... ပြီးတော့ ငါရောပဲ” လန်နာ့ဒ်ဟာ ပြုံးပြီး ကလိုင်းကို ကျော်ကာ နိုးလာတဲ့ ဒန်းစမစ်နဲ့ လိုရိုတာဆီ လျှောက်သွားပါတယ်။
‘ကိုယ့်ကိုယ်ကိုယ် တော်တော် အထင်ကြီးတာပဲ’ ကလိုင်းဟာ ပိုပြီးတော့ စိတ်သက်သာရာ ရသွားပါတယ် ‘ကြည့်ရတာ သူ့ဆီမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေပုံပဲ...’
ကလိုင်း အတွေးများနေတုန်းမှာပဲ ဒန်းစမစ်ဟာ အဝတ်စတစ်စသုံးပြီး ညိုဝါရောင်သွေးတွေ စွန်းထင်းနေတဲ့ အန်တီဂိုနပ်မိသားစု မှတ်စာအုပ်ကို ကောက်ယူလိုက်ပါတယ်။
မှတ်စုစာအုပ်ရဲ့ အဖုံးက အနက်ရောင် စက္ကူအထူသားနဲ့ လုပ်ထားပြီး ရှေးကျတဲ့ အငွေ့အသက် ရှိနေပေမဲ့ အချိန်ရဲ့ တိုက်စားခြင်းကို မခံရသလို ပျော့ပျောင်းခြင်းလည်း မရှိ ဆွေးမြေ့ခြင်းလည်း မရှိပါဘူး။ ကလိုင်း အိပ်မက်ထဲမှာ မြင်ခဲ့တာနဲ့ တစ်ပုံစံတည်းလိုပါပဲ။ ဒီစာအုပ်ကို ဖွင့်ကြည့်ရင် အရူးကို မြင်ရလိမ့်မယ်လို့တောင် သံသယဝင်မိလိုက်ပါတယ်။
သို့ပေမဲ့ သူ အတွေးလွန်နေတယ်ဆိုတာ မကြာခင်မှာပဲ သဘောပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒန်းစမစ်က အတည်ပြုတဲ့အနေနဲ့ မှတ်စုစာအုပ်ကို လှန်လှောကြည့်လို့ပါ။
မြင်ထောင့် သိပ်မကောင်းတဲ့အတွက် ကလိုင်းဟာ ဘာစာလုံးတွေ ရေးထားတယ်ဆိုတာ ကောင်းကောင်း မတွေ့ရပါဘူး။ ဒါပေမဲ့ တောက်တောက်ပြောင်ပြောင် အဝတ်အစားနဲ့ အရူးပုံ မပါတာကတော့ သေချာပါတယ်။
“အဟမ်း...” ဒန်းစမစ်ဟာ မှတ်စုစာအုပ်ကို ပိတ်ပြီး သေချာကိုင်ကာ အားရို့ဟာဆင်တို့ကို ကြည့်ပါတယ် “ဒီမှတ်စုစာအုပ်နဲ့ ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို ချန်စီဂိတ်မှာ သိမ်းထားမယ်... ငါတို့တွေ အကုန်လုံး အကောင်းပကတိ ပြန်ဖြစ်လာမှ ဒါမှမဟုတ် ဘက်ကလင်က တစ်ယောက်ယောက် ရောက်လာမှ ကျန်တာကို ဆက်လုပ်ကြမယ်”
ဒီစကား ကြားလိုက်ရတဲ့ ကလိုင်းဟာ နည်းနည်း စိတ်ပျက်သွားပေမဲ့ ပျော်သွားပါတယ်။ သူဟာ အရင်ကလိုင်း၊ ဝဲလ်နဲ့ နာယာတို့ရဲ့ သေဆုံးခြင်း အကြောင်းတရားကို သိချင်တဲ့အတွက် အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကို ထပ်ကြည့်ချင်ပါတယ်။
သို့ပေမဲ့ ဒီရှေးဟောင်းပစ္စည်းက ကံဆိုးမိုးမှောင်ကျမှုနဲ့ ပြည့်နေတယ်ဆိုတာကိုလည်း ခံစားမိပါတယ်။ မကြာခဏ ကပ်ဘေးတွေ ဆောင်ယူလာတဲ့အတွက် သူဟာ ဒီစာအုပ်ကို အလွယ်တကူ မထိရဲပါဘူး။ ဘုရားကျောင်း ဌာနချုပ်မှာ ချိပ်ပိတ်ထားတာက အကောင်းဆုံး ရွေးချယ်မှုပါ။
ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“အင်း...” အားရို့ဟာဆင်၊ ဘောရှားနဲ့ လိုရိုတာတို့က တညီတညာတည်း ခေါင်းညိတ်ကြပါတယ်။ အဲဒီနောက် သူတို့တွေဟာ ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို လျှောက်သွားပါတယ်။
သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက်နိုးပြီး အရုပ်ကို သေတ္တာနက်ထဲ ပြန်ထည့်ကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ပါတယ်။
“အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ” အားရို့ဟာဆင်ရဲ့ လေသံဟာ ပြေလျော့သွားပါတယ်။
အနက်ရောင် သေတ္တာထဲက ဆီစိမ်အဝတ်နဲ့ ပတ်ထားတဲ့ အရုပ်ဟာ လှန်သွားပြီ လူပြက်လိုမျိုး ဆေးခြယ်ထားတဲ့ မျက်နှာမှာ သေသေချာချာ စေ့စေ့စပ်စပ်ကြည့်မှ သတိထားမိနိုင်တဲ့ ကြက်သွေးရောင် အက်ကြောင်းနှစ်ခု ပေါ်လာပါတယ်။
အဲဒီအချိန်မှာ ဒန်းစမစ် လန်နာ့ဒ်နဲ့ သတ္တိမွေးထားတဲ့ ကလိုင်းဟာ ဝတ်စုံနဲ့လူပြက်ရဲ့ အလောင်းကို စပြီးတော့ ရှာဖွေပါတယ်။ သူတို့တွေဟာ စက္ကူပန်း၊ လက်ကိုင်ပဝါ၊ ဖဲချပ်၊ ဖန်စတွေနဲ့ ထူးဆန်းတဲ့ ပစ္စည်းမျိုးစုံကို ရှာတွေ့ပါတယ်။
သို့ပေမဲ့ ဝတ်စုံနဲ့လူပြက်က အဲဒါတွေကလွဲရင် သဲလွန်စ ရနိုင်စရာ ဘာပစ္စည်းမှ ဆောင်ထားပုံ မပေါ်ပါဘူး။
‘ဒီပေါင် ၇၀ ၈၀ လောက် ရှိတဲ့ ပိုက်ဆံအိတ်ကလွဲရင် ကျန်တာ ဘာမှ သုံးစားမရဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
ပိုက်ဆံရတော့မှာကို တွေးမိတဲ့ ကလိုင်းဟာ သူ့ကိုယ်သူ ပြန်ကြည့်မိတဲ့အခါ အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပါတယ်။
သူ ဈေးကြီးပေးဝယ်ထားတဲ့ ရုံးတက်ဝတ်စုံက မြေကြီးမှာ လှိမ့်လိုက်လို့ လေးငါးခြောက်နေရာ ပြဲသွားပါတယ်။ အဲဒါအပြင် ဖုန်တွေပေပြီး ရွှံ့တွေ စွန်းထင်းကုန်ပါတယ်။
ဒန်းစမစ်ဟာ သူ့ကို လှမ်းကြည့်ပြီး နှုတ်ခမ်းက အပါ်ကို တွန့်တက်သွားပါတယ်။
“တာဝန်ချိန်မှာ ပျက်စီးဆုံးရှုံးတာကို ပြန်လျော်ပေးတယ်”
‘အလျော်ပေးတယ်...’ ဧကရာဇ်ရစ်ဆဲလ် တီထွင်ခဲ့တဲ့ စကားလုံးကို ကြားလိုက်ရတဲ့ ကလိုင်းဟာ ရုတ်ခြည်း ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။
‘ဟုတ်တယ်... ဒီဝတ်စုံက သေချာလေး သန့်ရှင်းပြီး ပြဲနေတာတွေကို ချုပ်လိုက်ရင် ထပ်ဝတ်လို့ရသေးတယ်... လျော်ကြေးငွေရရင် ငါ နောက်တစ်စုံဝယ်ပြီး တစ်ထည်စီ အလှည့်ကျ အဝတ်လို့ရတယ်’
‘ဟမ်... ငါက လျော်ကြေးငွေကို တခြားနေရာမှာ သုံးတတ်တဲ့ လူစားမျိုး မဟုတ်ဘူး... ဒါပေမဲ့ ငါ ကပ္ပတိန်လိုမျိုး အနက်ရောင် လေကာအင်္ကျီ ဝတ်စုံကို စဉ်းစားသင့်တယ်... ဒါမှ တိုက်ခိုက်ရင် အဆင်ပြေမှာ... နည်းနည်း အရည်အသွေး မကောင်းတဲ့ အဝတ်အစားက ထက်စီဒိုထက် ဈေးပိုချိုတယ်...’
‘ကျွတ်... ကျွတ်... ဟိုကောင်စုတ် လန်နာ့ဒ် ပုံမှန်ဝတ်စုံ မဝတ်တာ ဒီလို အကြောင်းတွေကြောင့် ဖြစ်ရမယ်...’
“ဖရိုင်းကို အလောင်းစစ်ခိုင်းလိုက်မယ်... ဒီလူက အရင်ပုံ ဘယ်လိုရှိလဲ တခြား သဲလွန်စတွေများ ရနိုင်လားဆိုတာ ကြည့်ကြတာပေါ့” ဒန်းစမစ်က ဝတ်စုံနဲ့လူပြက်ရဲ့ ဆေးခြယ်ထားတဲ့ မျက်နှာကို လက်အိတ်စွပ်ထားတဲ့ လက်နဲ့ တို့ပြီး ပြောပါတယ်။
အဲဒီနောက် သူတို့တွေဟာ အတွင်းအကျဆုံး ကုန်လှောင်ရုံကို ရှာဖွေတဲ့အခါ ကျောက်တုံးနဲ့ ထုထောင်းသလိုမျိုး တစစီဖြစ်နေတဲ့ အသွေးအသားတွေ နေရာတိုင်းလိုလိုမှာ ပြန့်ကျဲနေတဲ့ အရိုးဖြူတွေကို တွေ့လိုက်ရပါတယ်။
“ရေးဘီဘာက မှတ်စုစာအုပ်ရဲ့ စွမ်းအားကို ငါတို့တွေ အဆင့်မြင့် ဆုံမှတ်ဆေးရည် သောက်သလိုမျိုး ရှေးဟောင်း အစီအရင်နဲ့ စုပ်ယူနေတာ ဖြစ်ရမယ်... ဒီလိုအစီအရင်မျိုးက အန္တရာယ်များတယ်... လုံးဝ နှောင့်ယှက်မှုမရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ လုပ်ရတာ... နောက်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နက်နက်နဲနဲ အိပ်စက်ဖို့လိုတယ်... အဲဒါကြောင့် သူ ထင်းဂန်မြို့ကနေ မခွာသေးတာပဲ” ဒန်းစမစ်ဟာ ကုန်လှောင်ရုံကို စစ်ဆေးကြည့်ပြီး ဖြစ်နိုင်ခြေကို ခန့်မှန်းပါတယ်။
သူ့စကားကို ကြားပြီး လိုရိုတာဟာ ရယ်ပါတယ်။ သူမရဲ့ အနက်ရောင် ဆံပင်တွေဟာ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ သူမရဲ့ မျက်နှာနဲ့ တော်တော်ကို မလိုက်ပါဘူး။
“ကံမကောင်းချင်တော့ ငါတို့ကြောင့် သူ အစောကြီး နိုးသွားတယ်... အဲဒီမှာ သူ့ဒေါသ အထွတ်အထိပ်ရောက်ပြီး ငါတို့ကို အရူးအမူး ပစ်မှတ်ထားတာပဲ”
“ဒါက စိတ်လွတ်သွားတဲ့ ပုံစံတစ်မျိုးပဲ” ဒန်းစမစ်ဟာ ကလိုင်းကို ကြည့်ပြီး ရှင်းပြတစ်ဝက် ဆုံးမတစ်ဝက် ပြောပါတယ်။
“သူက ထင်းဂန်မြို့ကနေ ထွက်ပြီး တခြားနေရာမှာ စုပ်ယူဖို့ ဘာလို့ မကြိုးစားရတာလဲ” ကလိုင်းက ဇဝေဇဝါနဲ့ မေးပါတယ်။
အားရို့ဟာဆင်ဟာ ရယ်ပြီး သူ့ခေါင်းကို ထိုးပြပါတယ်။
“ရှေးဟောင်း စွမ်းအား ဒါမှမဟုတ် မကောင်းဆိုးဝါး စွမ်းအား လွှမ်းမိုးခံရတဲ့လူတွေက ဒီလိုနေရာမျိုးမှာ လိုအပ်ချက်ရှိတယ်”
အဲဒီအချိန်မှာ ဒန်းစမစ်ဟာ နာကျင်မှုကို သည်းခံရင်း အသက်ရှူထုတ်လိုက်ပါတယ် “လန်နာ့ဒ်... မင်းက တိုက်နိုင်ခိုက်နိုင်သေးတယ်... ဒီမှာဆက်နေပြီး သာမန်လူတွေ အနားမကပ်နိုင်အောင် ကြည့်ထား... ကျန်တဲ့ငါတို့တွေက ရေးဘီဘာရဲ့ အကြွင်းအကျန်တွေထဲမှာ ဘာပစ္စည်းတွေ ရှိလဲဆိုတာ ရှာကြမယ်... ပြီးရင် ငါတို့ အဲဒီပစ္စည်းတွေ ချိပ်ပိတ်လက်နက်နဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ယူပြီး ပြန်ကြမယ်... ရုံးပြန်ရောက်ရင် ဖရိုင်း၊ ရိုင်ရွယ်နဲ့ ရဲတွေ လွှတ်လိုက်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။