ကျန်ရစ်တဲ့ ပစ္စည်းများ
Vol. 8 Ch. 77
“ဟုတ်ကဲ့” လန်နာ့ဒ်ဟာ ဒန်းစမစ်ရဲ့ စကားကို ကြားရတဲ့အခါ ပေါ့ပေါ့ပါးပါး ပြန်ဖြေပါတယ်။
အဲဒီနောက် သူတို့တွေဟာ ကုန်လှောင်ရုံထဲက ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တဲ့ မွန်းစတားဘီဘာနား တိုးသွားကြပါတယ်။ သူတို့တွေဟာ မွန်းစတားဘီဘာကို ဗဟိုထားပြီး အနားတစ်ဝိုက် စရှာပါတယ်။
“ကပ္ပတိန်... ကျွန်တော်တို့တွေ ဘာရှာနေတာလဲ” ကလိုင်းဟာ နေရာတကာ ပြန့်ကျဲနေတဲ့ ပုပ်သိုးနေတဲ့ အသွေးအသားတွေကို ကြည့်ပြီး ပျို့တက်လာတာပါတယ်။ သူဟာ အန်ချင်စိတ်ကို မနည်းထိန်းပြီး ဘေးနားက ဒန်းစမစ်ကို ကြည့်လိုက်ပါတယ်။
ဒန်းစမစ်ဟာ မော့မကြည့်ဘဲ မြေကြီးကိုသာ မီးခိုးရောင်မျက်လုံးတွေနဲ့ စေ့စေ့စပ်စပ် ကြည့်ရှုပါတယ်။
“ရေးဘီဘာက အချိန်မတိုင်ခင် နိုးသွားလို့ စိတ်လွတ်ပြီး မွန်းစတား ဖြစ်သွားတယ်... အဲဒီတော့ မှတ်စုစာအုပ်က ထောက်ပံ့တဲ့ သာလွန်သူစွမ်းအားကို သူ အကုန်အစင် မစုပ်ယူရသေးဘူးလို့ ဆိုလိုတယ်... ရှင်းအောင်ပြောရရင်ကွာ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုက ဆုံမှတ်ဆေးရည် ဖော်စပ်တဲ့နေရာမှာ အဓိက သာလွန်ပစ္စည်းအဖြစ် သုံးလို့ရတယ်”
“မင်း ဒီလိုမျိုး အလားတူ ကြုံတွေ့ရရင် အဲဒီလိုပစ္စည်းမျိုးကို တွေ့အောင်ရှာ... ဒီလိုပစ္စည်းမျိုးက အရေးကြီးတဲ့ပစ္စည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”
‘အဲဒီလိုလား...’ ကလိုင်းဟာ သဘောပေါက်သွားပြီး မသိမသာ ခေါင်းညိတ်လိုက်ပါတယ်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ သူဟာ နောက်ထပ် ကိစ္စတစ်ခုကို တွေးမိလိုက်ပါတယ်။
‘မွန်းစတားဘီဘာရဲ့ သာလွန်သူစွမ်းအား စုစည်းနေတဲ့ နေရာက ဟိုနေရာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... အဲဒါနဲ့သာ ဆေးရည်ဖော်စပ်ရရင် တော်တော် ရွံဖို့ကောင်းမှာပဲ... အဲဒီဆေးရည်ကို သောက်တဲ့လူကတော့...’
ကလိုင်း ရောက်တက်ရာရာ တွေးနေတုန်းမှာပဲ သိမ်းငှက်မျက်လုံးနဲ့ ဘောရှားက ရုတ်တရက် အော်လိုက်ပါတယ်။
“တွေ့ပြီ... အဟမ်း...”
ဒန်းစမစ်တို့အဖွဲ့ဟာ ချက်ချင်း လှမ်းကြည့်ပြီး အနားကပ်သွားကြပါတယ်။ ကလိုင်းလည်း သိချင်စိတ်ကို မထိန်းနိုင်တာကြောင့် ဘောရှားရှိရာကို ခပ်သွက်သွက် လျှောက်သွားပါတယ်။
မကြာခင်မှာပဲ သူဟာ ဘောရှားရှေ့က ပစ္စည်းကို မြင်လိုက်ရပါတယ်။ အဲဒီပစ္စည်းက ဖြူမှိုင်းမှိုင်း အရောင်ရှိပြီး လက်သီးဆုပ် အရွယ်အစားလောက် ရှိပါတယ်။ သူ့မျက်နှာပြင်က မြောင်းသေးသေးလေးတွေနဲ့ ပြည့်နေပြီး နူးညံပုံပေါ်က ခိုင်မာမှုမလျော့ဘဲ လိုသလို ပုံသွင်းလို့ရပါတယ်။ သက်ရှိတစ်ယောက်ရဲ့ ဦးနှောက်ကို ထုတ်ထားသလိုပါပဲ။
ကလိုင်းဟာ ဦးနှောက်လိုပုံစံရှိတဲ့ ဒီဖြူမှိုင်းမှိုင်း အရာဝတ္ထုရဲ့ ထူးခြားမှုတွေကို မပြောနိုင်ပေမဲ့ ဘောရှား မမှားဘူးဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြားထဲမှာ ဒီဟာက အကောင်းပကတိ ကျန်နေခဲ့တယ် မဟုတ်ပါလား။
ဒန်းစမစ်ဟာ ဒီအရာဝတ္ထုကို သေချာကြည့်ပြီး ဆောင့်ကြောင့်ထိုင်ကာ လက်အိတ်နက် စွပ်ထားတဲ့ ဘယ်လက်နဲ့ ဂရုတစိုက် ကောက်ယူပါတယ်။ သူ့လက်နဲ့ ထိမိတယ်ဆိုရင်ပဲ ဒီဖြူမှိုင်းမှိုင်း အရာဝတ္ထုက ချက်ချင်း အလွန်တရာ စေးကပ်တဲ့ အရည်အဖြစ် ပြောင်းသွားပါတယ်။
အဲဒီအချိန်မှာ အားရို့ဟာဆင်ဟာ လေးထောင့် သံဘူးလေး တစ်ဘူး ထုတ်ပြီး အထဲက စီးကရက်တွေကို အိတ်ကပ်ထဲ ထည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ သံဘူးလေးကို ဒန်းစမစ်ဆီ ကမ်းပေးပြီး...
“မင်း ဆေးတံပဲ ကြိုက်တယ်ဆိုတာ ငါ သိတယ်”
ဒန်းစမစ်ဟာ အသာရယ်ပြီး လေးထောင့်သံဘူးကို ယူပါတယ်။ ပြီးတဲ့အခါမှာတော့ စေးကပ်တဲ့ ဖြူမှိုင်းမှိုင်းအရည်တွေကို သံဘူးထဲ လောင်းထည့်ပြီး ခဏသိမ်းလိုက်ပါတယ်။
အဲဒီနောက် သူတို့တွေဟာ ပတ်ဝန်းကျင်ကို အပေါ်ယံပဲ ရှာဖွေပါတော့တယ်။
ဘာမှမကျန်ဘူးဆိုတာ အတည်ပြုပြီးတဲ့အခါမှာတော့ ဒန်းစမစ်တို့အဖွဲ့ဟာ အဲဒီနေရာကနေ ထွက်ခွာပါတယ်။ သူတို့တွေ အပြင်ရောက်တော့ မြင်းတွေက ခွာတွေနဲ့ မြေကြီးကို တူးထားပြီး ဇက်ကြိုးကနေ လွတ်လုနီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မြင်းတွေ လန့်သွားတယ်ဆိုတာ အသိသာကြီးပါ။
“ငါ မောင်းမယ်” ဘောရှားဟာ ပါးစပ်ကို လက်သီးနဲ့ကာပြီး ချောင်းတစ်ချက် ဟန့်ပါတယ်။
“မင်း တိရစ္ဆာန်တွေကို ယဉ်အောင်လုပ်တဲ့နေရာမှာ တော်တယ်ဆိုတာ ငါ သိတယ်” အားရို့ဟာဆင်က ခေါင်းညိတ်ပြီး အပြုံးနဲ့ ပြောပါတယ်။
မြင်းလှည်းပေါ် တက်ပြီးနောက် ဒန်းစမစ်၊ လိုရိုတာ၊ အားရို့ဟာဆင်နဲ့ ကလိုင်းတို့ဟာ သူတို့ရဲ့ လက်မောင်း လေ့ကျင့်ခန်းကို ဆက်ပြီး လုပ်ကြပါတယ်။ သူတို့တွေဟာ ဘာမှ ပြောစရာမရှိသလိုမျိုး ခေတ္တ တိတ်ဆိတ်သွားကြပါတယ်။
မြင်းခွာသံ ထွက်ပေါ်လာပြီး မြင်းလှည်းဘီး စရွေ့တဲ့အခါမှာတော့ ဒန်းစမစ်ဟာ ကလိုင်းကို ကြည့်ပြီး စဉ်းစဉ်းစားစားနဲ့ ပြောပါတယ်။
“မင်း အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကို စိတ်ဝင်စားတယ်ဆိုတာ ငါ သိတယ်... ဘာဖြစ်ခဲ့တာလဲ ဆိုတာကို နားလည်ချင်နေတယ်မလား”
‘စိတ်မဝင်စားပါဘူး... နားမလည်ချင်ပါဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ အလိုလို ငြင်းဆန်မိပါတယ် ‘ဒီဟာက ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ပြည့်နေတဲ့ ရှေးဟောင်းပစ္စည်းပဲ’
ကလိုင်းဆီက အဖြေကို မစောင့်ဘဲ ဒန်းစမစ်က ဆက်ပြောပါတယ် “ဒါပေမဲ့ ငါ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ကို အရင်ဆုံး တင်ပြဖို့လိုတယ်... သူတို့တွေ ဒီစာအုပ်ရဲ့ လုံခြုံရေးအဆင့်ကို ဆုံးဖြတ်ပြီးမှပဲ ငါတို့တွေ မင်းကို ဒီစာအုပ်ပြဖို့ စဉ်းစားပေးလို့ရမှာ...”
“ရပါတယ်” ကလိုင်းဟာ တိုတိုတုတ်တုတ် အဖြေပြန်ပေးလိုက်ပါတယ်။
ဒန်းစမစ်ဟာ လက်မောင်းလေ့ကျင့်ခန်းကို ဆက်လုပ်ရင်း တစ်ခဏတွေးပြီး ပြောပါတယ် “ရေးဘီဘာက အန်တီဂိုနပ် မျိုးဆက်ဆိုတာ အတည်ပြုပြီးရင် ငါ မင်းကို ပုံမှန်အဖွဲ့ဝင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်... အခု ရေးဘီဘာက ဘယ်သူဘယ်ဝါ ဆိုတာကို အတည်ပြုနိုင်ရုံတင် မကဘူး... မွန်းစတားကို ရှင်းပစ်ပြီး လျှို့ဝှက်ဂိုဏ်းရဲ့ အကြံအစည်ကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်”
“ဒီအဖြစ်အပျက် တစ်ခုလုံးမှာ မင်းလုပ်တာ ကောင်းတယ်... မိစ္ဆာအဖွဲ့ဝင် တစ်ယောက်ကို မင်းကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်... အဲဒီတော့ ငါ ကတိပေးထားတဲ့အတိုင်း သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ကို အစီအရင်ခံစာ ချက်ချင်း တင်ပေးမယ်... ငါတို့တွေ သူတို့ဆီက အတည်ပြုချက် ပြန်လာတာကို စောင့်ကြတာပေါ့”
“ဟုတ်သားပဲ... ငါ အရေးကြီးတာ တစ်ခု မေ့သွားတယ်... မင်း သဘောတူရဲ့လား မေးဖို့ လိုသေးတယ်”
“မစ္စတာ ကလိုင်းမိုရက်တီ... ထင်းဂန်မြို့ ညသိမ်းငှက်အဖွဲ့ထဲကို ပုံမှန်အဖွဲ့ဝင်အဖြစ် တရားဝင် ဝင်ရောက်လိုပါသလား... လစာက အများကြီး တိုးသွားလိမ့်မယ်... တစ်ပတ်ကို ခြောက်ပေါင်... နောက်ပြီး နှစ်တိုင်း လစာတိုးလိမ့်မယ်”
“မင်းရဲ့ လစာကို ဘုရားကျောင်းနဲ့ အာဝါခရိုင် ရဲဌာနက တစ်ဝက်စီ တာဝန်ယူလိမ့်မယ်... ယာယီရဲအုပ် ရာထူးလည်း ရလိမ့်မယ်... ဒီရာထူးက အချိန်ကျရင် တော်တော် အသုံးဝင်တယ်”
“အကူ သာလွန်သူအနေနဲ့ မင်း ရန်သူတွေကို အမြဲတမ်း ရင်ဆိုင်စရာ မလိုဘူး... ဒါပေမဲ့ ချန်စီဂိတ်ကိုတော့ တစ်ပတ်တစ်ခါ စောင့်ကြပ်ရလိမ့်မယ်...”
“အဖွဲ့ရဲ့ ခွင့်ပြုချက် မရှိဘဲ ထင်းဂန်မြို့ကနေ ထွက်မသွားရဘူး... နောက်ပြီး ဒီကိစ္စကို မင်းမိသားစု မသိအောင် လျှို့ဝှက်ထားဖို့ လိုတယ်”
...
အကျိုးကျေးဇူးနဲ့ ကန့်သတ်ချက်တွေကို ဒန်းစမစ် ပြောလို့ ပြီးတဲ့အခါမှာတော့ ကလိုင်းက ဆယ်စက္ကန့်ကျော်အောင် သေသေချာချာ စဉ်းစားပြီးနေပါပြီ။
“ကျွန်တော် ညသိမ်းငှက်ရဲ့ ပုံမှန်အဖွဲ့ဝင် ဖြစ်ချင်ပါတယ်”
ဒီလိုလုပ်မှပဲ သူ ဂမ္ဘီရနယ်ပယ်ကို ပိုလေ့လာနိုင်ပြီး လျှို့ဝှက်ဂိုဏ်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပိုသိနိုင်မှာပါ။
လက်ထဲ ရောက်လာတဲ့ ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီတွေကို ဖတ်ပြီးနောက် ကလိုင်းဟာ အတွေးတချို့ ပြောင်းသွားပါတယ်။
ဂမ္ဘီရအသိပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး အိမ်ပြန်သွားဖို့က သူရဲ့ မပြောင်းလဲတဲ့ ဆန္ဒပါ။ ပိုဘေးကင်းဖို့ စွမ်းအား ပိုကြီးလာအောင် ကြိုးစားပြီး လျှို့ဝှက်ဆန်းကြယ် မီးခိုးရောင် မြူခိုးကမ္ဘာကို သူ့ရည်ရွယ်ချက်တွေ ပြည့်ဝအောင် အသုံးချရပါမယ်။
ဧကရာဇ်ရစ်ဆဲ ပြောသလိုပါပဲ။ ပြင်ပစွမ်းအားကို မှီခိုတာက အန္တရာယ်များလွန်းပါတယ်။
အဲဒါအပြင် အမြင်ဆရာ ဖြစ်လာပြီး သာလွန်သူ စွမ်းအား ရလာတဲ့ ကလိုင်းဟာ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာကို ပိုပြီးတော့ ဆုပ်ကိုင်လာနိုင်တယ် ဆိုတာ သတိထားမိလာပါတယ်။ ဥပမာအားဖြင့် သူ နောက်ထပ် လူတစ်ယောက်ကို တွေ့ဆုံပွဲထဲ ဆွဲသွင်းနိုင်လာတာပါ။
အဲဒါကြောင့် သူ ဆုံမှတ် ၈ ဆုံမှတ် ၇ ဒီထက်ပိုမြင့်တဲ့ ဆုံမှတ်တွေကို ရောက်ရင် မီးခိုးရောင် မြူခိုးထက်မှာရှိတဲ့ လျှို့ဝှက်ကမ္ဘာက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ သူ စဉ်းစားဖိုလိုပါတယ်။
ဒါပေမဲ့ ဒါတွေ အကုန်လုံးက သူ အမြင်ဆရာ ဆေးရည်ကို ချေဖျက်ပြီးမှ ဆက်လုပ်လို့ ရမယ်ဆိုတာကို ကလိုင်း ကောင်းကောင်းကြီး သိပါတယ်။ အလျင်စလို အရမ်းတကော လုပ်ဖို့ မလိုပါဘူး။
“ကောင်းပြီ... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က အတည်ပြုတာနဲ့ မင်း ငါတို့ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်” ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာ ပျော်ရွှင်မှု အရိပ်အယောင် ယှက်သမ်းသွားပါတယ်။
အဲဒီအချိန်မှာပဲ ဘေးကနေ နားထောင်နေတဲ့ အားရို့ဟာဆင်က ဝင်ပြောပါတယ်။
“ကလိုင်း... ကလိုင်းလို့ခေါ်လို့ စိတ်မရှိနဲ့နော်... မင်းရဲ့ ဒီနေ့ စွမ်းဆောင်ရည်က တော်တော် ကောင်းတယ်... လျှို့ဝှက်ဂိုဏ်းက သာလွန်သူကို သတ်နိုင်ခဲ့တယ်... ဒီကောင်က ဆုံမှတ် ၇ ကို ရောက်နေပြီလို့တောင် ငါ သံသယဝင်မိတယ်... မင်း ဘယ်လိုများ လုပ်ခဲ့တာလဲ... ငါ လုံးဝကို မယုံနိုင်သေးဘူး”
နောက်ဆုံးတော့ ဒီမေးခွန်း ထွက်ပေါ်လာခဲ့ပါပြီ။ အသင့်ပြင်ထားပြီး ဖြစ်တဲ့ ကလိုင်းဟာ စီစဉ်ထားတဲ့အတိုင်း သရုပ်ဆောင်ပြီး ပြောရမဲ့စာလုံးတွေ စီလိုက်ပါတယ်။
ဒန်းစမစ်၊ အားရို့ဟာဆင်နဲ့ လိုရိုတာတို့ကို ပတ်ပြေးနိုင်ခဲ့တဲ့ ဝတ်စုံနဲ့လူပြက်ကို သူ သတ်လိုက်တာက တကယ်ကို ယုံနိုင်ဖွယ်မရှိ နားလည်ဖို့ ခက်ခဲတယ်ဆိုတာ သူ သိပါတယ်။ ဒန်းစမစ်တို့က ကြောင်တောင်ကန်းတွေ မဟုတ်ပါဘူး။ အဲဒီတော့ သူတို့တွေ ဒီကိစ္စကို စုံစမ်းတာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီအချိန်အထိ စောင့်လိမ့်မယ်လို့ ကလိုင်း ထင်မထားခဲ့ပါဘူး။
ဟုတ်ပါတယ်။ အဲဒီတုန်းက ဒန်းစမစ်နဲ့ အားရို့ဟာဆင်က ဒဏ်ရာရထားတော့ သူတို့ရဲ့ အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ အရှုပ်အထွေးဖြစ်နိုင်တဲ့ ကိစ္စမှန်သမျှ ဘေးဖယ်ထားတာက အကောင်းဆုံးပါ။ လျှို့ဝှက်ချက် ပေါ်သွားပြီး ကလိုင်း ထင်ရာစိုင်းမှာကို ကာကွယ်ချင်တာလည်း ပါချင်ပါမှာပါ။
အဲဒါကြောင့် ကလိုင်းက ညသိမ်းငှက် ဖြစ်ချင်တယ်ဆိုမှ ကလိုင်းရဲ့ သဘောထားကို သိရတဲ့ အချိန်ကျမှ သူတို့တွေဟာ ဒီမေးခွန်းကို မေးပါတယ်။ တကယ်ကို ဉာဏ်များတဲ့လူတွေပါ။ အချင်းချင်း ကြိုမစီစဉ်ထားတာတောင် ဆုံးဖြတ်ချက် အတူတူ ချနိုင်ကြပါတယ်။
ကလိုင်းဟာ တွေးရင်း ဖြေလိုက်ပါတယ် “ဒီကိစ္စက ကံကောင်းသွားတာ... ထက်စီဒိုဝတ်စုံနဲ့ လူပြက်က အမှားကြီးမှားသွားလို့ ကျွန်တော် သူ့ကို သတ်နိုင်လိုက်တာ”
“အဲဒီတုန်းက ပေါက်ကွဲမှုကြောင့် ချိပ်ပိတ်လက်နက် ၂-၀၄၉ က ကျွန်တော်နားကို ရောက်လာတယ်... ငါးမီတာ ခြောက်မီတာပဲ ဝေးတယ်... ဒါပေမဲ့ ဘေးကနေကြည့်ရင် ကျွန်တော်က ချိပ်ပိတ်လက်နက်ရဲ့ လွှမ်းမိုးမှု နယ်မြေထဲမှာလို့ ကောက်ချက်ချဖို့ လွယ်တယ်”
“အဲဒီတုန်းက ပေါက်ကွဲမှုအရှိန်ကြောင့် ကျွန်တော် သတိလစ်လုနီး ဖြစ်သွားတယ်... အဲဒီမှာ ကျွန်တော်ရဲ့ လှုပ်ရှားမှုတွေက နှေးကွေးပြီး ထိန်းချုပ်ခံရတဲ့ပုံစံ ပေါ်သွားတယ်”
“အဲဒီကိုယ်ပျောက်နေတဲ့ ဝတ်စုံနဲ့လူပြက်က ကျွန်တော်နားကို ဘယ်လို ရောက်လာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး... သူက ကျွန်တော်ကို ကယ်ပေးမယ်... အမြင်ဆရာဆေးရည်ရဲ့ ဆုံမှတ် ၈ ဆေးရည် လူရွှင်လည်း ပေးမယ်... သူ့ကို အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရအောင် ကူညီပေးလို့ ကမ်းလှမ်းတယ်... ဟုတ်တယ်... သူပြောတာတော့ လျှို့ဝှက်ဂိုဏ်းက အမြင်ဆရာဆေးရည်ရှိတဲ့ ဆုံမှတ်လမ်းကြောင်းကို ထိန်းချုပ်ထားတယ်တဲ့... သူလည်း အရင်က အမြင်ဆရာလို့ ပြောတယ်”
...
ကလိုင်းဟာ အဲဒီတုန်းက အခြေအနေကို အသေးစိတ် ပြန်ပြောင်း ပြောပြပါတယ်။ အဲဒီတုန်းက သူတွေးခဲ့တဲ့ အတွေးတွေကိုလည်း ပြောပြပါတယ်။ တကယ်တော့ သူ ဒီအမှန်တရား အကုန်လုံးကို ပြောပြတာက သူ ချိပ်ပိတ်လက်နက် ၂-၀၄၉ ထိန်းချုပ်တာ ခံရပေမဲ့ သူ့ဘာသာ လွတ်မြောက်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ပါ။
“သူက မှတ်စုစာအုပ်ကို ယူရင် အရမ်းအန္တရာယ်များတယ်လို့ တွက်မိတယ်... ဟုတ်တယ်... အန္တရာယ်များတယ်... ဒါပေမဲ့ အဲဒီအန္တရာယ်က နင်ကြောင့်လေ...ခစ်ခစ်...” လိုရိုတာဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်ပါတယ် “သူ တွက်တာ မှန်တယ်... တကယ်ကို ဒုက္ခရောက်သွားတာ... ဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတယ်”
ကလိုင်းဟာ အံ့ဩသွားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။
“ဟုတ်တယ်... တွက်ချက်တာက ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မရှိဘူး... အဲဒီတော့ အဲဒီဝေဝါးမှုက အဓိပ္ပာယ်ကောက်တာ လွဲနိုင်တယ်လို့ ဆိုလိုတာပဲ”
‘ဟုတ်တယ်... ငါ ဒါကို မှတ်ထားရမယ်’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
“အဲဒါပြီးတော့ မင်း သူ့ကို ဘယ်လို ရှင်းလိုက်လဲ” လက်လေ့ကျင့်ခန်း လုပ်ရင်း နောက်မှီထိုင်နေတဲ့ ဒန်းစမစ်က မေးပါတယ်။
ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
“ကျွန်တော် သူ့ကမ်းလှမ်းချက်ကို သဘောတူချင်ယောင် ဆောင်ပြီး ကျွန်တော်ကို လာနှိုးခိုင်းလိုက်တယ်... ဒါပေမဲ့ သူက ချိပ်ပိတ်လက်နက်နားကို မကပ်ရဲတော့ ကျွန်တော်နဲ့ နှစ်မီတာ သုံးမီတာ အကွာမှာရပ်ပြီး ထူးဆန်းတဲ့ စက္ကူတုတ်နဲ့ ကျွန်တော်ကို တွန်းဖို့ ကြိုးစားတယ်”
“အဲဒီမှာ ကျွန်တော်က အခွင့်အရေးကို လက်လွှတ်မခံဘဲ စက္ကူတုတ်ကို ကောက်ဆွဲလိုက်တာ သူ ၂-၀၄၉ ရဲ့ လွှမ်းမိုးမှု ဧရိယာထဲ ရောက်သွားတယ်... အဲဒါပြီးတော့ သေနတ်နှစ်ချက်ပစ်ပြီး ရှင်းလိုက်တာပဲ... ဟီးဟီး... ဒီကိစ္စက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်... သူ ကျွန်တော်နဲ့ နှစ်မီတာ သုံးမီတာပဲ ဝေးတာတောင် ကျွန်တော် သူ့ကို ထိအောင် ပစ်ဖို့ ယုံကြည်ချက် မရှိဘူး”
အားရို့ဟာဆင်ဟာ ခေါင်းအသာ ညိတ်ပါတယ်။
“ဒီကောင်ရဲ့ အရှောင်အတိမ်းနဲ့ဆိုရင် နှစ်မီတာ သုံးမီတာက စိတ်မချရဘူး... အဲဒီအချိန်မှာ မင်း သူ့ကို ပစ်ရင် မှန်တော့ မှန်နိုင်တယ်... ဒါပေမဲ့ သေမင်းသေကွက်တွေကိုတော့ ထိအောင် ပစ်နိုင်မှာ မဟုတ်ဘူး... အဲဒီလိုဆို ကိစ္စတွေက ပိုဆိုးကုန်မှာ... မင်း ရွေးချယ်တာ မှန်တယ်... တော်တယ်လို့တောင် ပြောရမယ်.... မင်းနေရာမှာ ငါသာဆိုရင်လည်း ဒီထက် ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
အားရို့ဟာဆင်ဟာ ဆက်မမေးတော့ပါဘူး။ ဝတ်စုံနဲ့လူပြက် ချိပ်ပိတ်လက် ၂-၀၄၉ ရဲ့ လွှမ်းမိုးမှု ဧရိယာထဲ ရောက်သွားကတည်းက ကိစ္စပြတ်သွားပါပြီ။
“အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည်က လူရွှင်... ဘယ်လိုကြီးလဲ...” ဒန်းစမစ်ဟာ သက်ပြင်းချပြီး ရုတ်တရက် ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။