← Chapters

စိတ်ဒဏ်ရာ

Vol. 8 Ch. 78

စိတ်ဒဏ်ရာ

Vol. 8 Ch. 78

အားရို့ဟာဆင်က ထပ်ပေါင်း ပြောပါတယ် “ဟုတ်တယ်... အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည်က လူရွှင်လို့ စိတ်တောင် မကူးဖူးဘူး... ယုတ္တိကျကျ တွေးကြည့်ရင် ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဘာအဆက်အစပ်မှ မရှိဘူး”

“အဲဒါ ထူးဆန်းလို့လား... ကျွန်မ မှတ်မိသလောက်တော့ ဆုံမှတ်ဆေးရည် တချို့လည်း အဲဒီလို တစ်ဆင့်နဲ့ တစ်ဆင့် အဆက်အသွယ် မရှိပါဘူး...” လိုရိုတာဟာ ပါးစပ်ကို ကာပြီး သမ်းဝေလိုက်ပါတယ်။ သူမရဲ့ ဒဏ်ရာတွေက ပိုပြင်းထန်တယ်ဆိုတာ သိသာပါတယ်။ နတ်ဘုရားမရဲ့ အကြည့်တော်တောင် သူမကို လန်းဆန်းအောင် မလုပ်ပေးနိုင်ပါဘူး။

“မဟုတ်ဘူး လိုရိုတာ... ဒါက လုံးဝ မတူဘူး... တခြား ဆုံမှတ်ဆေးရည်တွေက တစ်ခုနဲ့တစ်ခု အဆက်အသွယ် မရှိရင်တောင် ငါတို့တွေ တခြားရှုထောင့်ကနေ ကြည့်ရင် တူညီတာကို ရှာတွေ့နိုင်တယ်... ဒါပေမဲ့ အမြင်ဆရာနဲ့ လူရွှင်က ဘာသွားတူလဲဆိုတာ ငါ စဉ်းစားလို့ကို မရဘူး” အားရို့ဟာဆင်ဟာ ခေါင်းခါပြီး သက်ပြင်းချလိုက်ပါတယ်။

ကလိုင်းဟာ သူတို့ရဲ့ စကားဝိုင်းကို နားထောင်ပြီး ရယ်လိုက်ပါတယ်။

“မဟုတ်ဘူး... သူတို့တွေမှာ တူတာရှိတယ်”

“ဘယ်ဟာလဲ...” အားရို့ဟာဆင်က စိတ်ဝင်တစား မေးပါတယ်။ ဒန်းစမစ်ရဲ့ လက်မောင်းလေ့ကျင့်ခန်းတောင် သိသိသာသာ နှေးသွားပါတယ်။

ကလိုင်းဟာ တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်ပါတယ် “အမြင်ဆရာပဲ ဖြစ်ဖြစ် လူရွှင်ပဲဖြစ်ဖြစ် ဆပ်ကပ်ထဲမှာ ပါတယ်လေ”

“...” အားရို့ဟာဆင်၊ ဒန်းစမစ်နဲ့ လိုရိုတာဟာ မှင်တက်သွားပါတယ်။

“ခစ်ခစ်... အဖြေကောင်းပဲ... နင့်လိုလူငယ်မျိုးက ချစ်စရာကောင်းတယ်” လိုရိုတာဟာ ပထမဆုံး သတိပြန်ဝင်လာပြီး အားပါတရ ရယ်မောလိုက်ပါတယ်။

အားရို့ဟာဆင်လည်း ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။

“ဒီခေတ်မှာ ကိုယ့်ကိုယ်ကိုယ် သ‌ရော်လိုစိတ်ရှိတဲ့ အမျိုးကောင်းသားတွေက လက်ချိုးရေလို့ရတယ်... ကံကောင်းချင်တော့ ငါတို့တွေ ဒီနေ့ တစ်ယောက် တွေ့ရတယ်”

‘ငါက ငါ့ကိုယ်ငါ သရော်ချင်တယ်လို့ ထင်နေတာာလား... အမြင်ဆရာနဲ့ လူရွှင်မှာ တူတာဆိုလို့ ဒီအချက်ကလွဲပြီး ကျန်တာကို ငါလည်း စဉ်းစားလို့ မရဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပေမဲ့ အပြင်မှာတော့ ကသိကအောက် ပြုံးလိုက်ပါတယ်။

“ဒီဆုံမှတ်လမ်းကြောင်းရဲ့ ဆေးရည် နာမည်တွေက တိရစ္ဆာန်ထိန်း၊ ကျွမ်းဘားမောင်နဲ့ မှော်ဆရာတွေ မဖြစ်ဖို့ မျှော်လင့်ရတာပဲ... မဟုတ်ရင် တကယ်ကို ဆပ်ကပ် ထောင်လို့ရမှာ...”

‘နောက်ပြီး ဒါက တစ်ကိုယ်တော် ဆပ်ကပ်...’

“ဟားဟား...” ဒန်းစမစ်တို့အဖွဲ့ဟာ ဟားတိုက် ရယ်မောလိုက်ကြပါတယ်။ အဲဒါကြောင့်ပဲ မြင်းလှည်းအတွင်းမှာ ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်သွားပါတယ်။

မြင်းလှည်းဟာ ဇိုးတလန်လမ်းကို တန်းမောင်းပါတယ်။ ဒဏ်ရာ မရထားတဲ့ ကလိုင်းဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီထဲ ပထမဆုံး ဝင်ပါတယ်။

“အို အရှင်မ... ရှင် ဘာဖြစ်လာတာလဲ... ဘာလို့ ဒီလိုဖြစ်နေရတာလဲ...” ရိုဇန်းဟာ ကလိုင်းကို တွေ့တာနဲ့ အံ့ဩတကြီး မေးပါတယ်။

ကလိုင်းဟာ သူ့ရဲ့ ညစ်ပေ စုတ်ပြဲနေတဲ့ ဝတ်စုံကို ငုံ့ကြည့်ပြီး နှမြေတသနဲ့ ဖြေပါတယ် “မစ်ရှင်တွေက အမြဲတမ်း မတော်တဆမှုတွေနဲ့ ပြည့်နေတာ... အရှင်မရဲ့ ကောင်းချီးပေးမှုကို ကျေးဇူးတင်ရမယ်... ဒီတစ်ခါမစ်ရှင်က လုံးဝ အောင်မြင်တယ်”

“အရှင်မအား ချီးကျူးကြလော့” ရိုဇန်းဟာ သူမရဲ့ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့လိုက်ပါတယ်။

ကလိုင်းဆီက စကားကို မစောင့်ဘဲ သူမဟာ ထပ်မေးပါတယ် “ကျွန်မတို့တွေ တတိယထပ်မှာ ပုန်းဖို့ လိုသေးလား... ချိပ်ပိတ်လက်နက်က တကယ်ကြီး အဲဒီလောက်တောင် အန္တရာယ်များတာလား”

“ငါပြောတာကို ယုံ... မင်း စိတ်ကူးနိုင်တာထက် ပိုပြီးတော့ အန္တရာယ်များတယ်...” ကလိုင်းဟာ ကြောက်စိတ် မပြေသေးတဲ့ လေသံနဲ့ ဖြေပါတယ်။

သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ကံကောင်းစေတဲ့ အစီအရင်ကြောင့်သာ မဟုတ်ရင် ၂-၀၄၉ ရဲ့ လွှမ်းမိုးမှုအောက်မှာ သူ အသက် ပျောက်သွားလောက်ပါပြီ။

“အို အရှင်မ...” ရိုဇန်းရဲ့ နှုတ်ခမ်းတွေဟာ ကိစ္စပေါင်း ‌ထောင်သောင်းချီ ပြောချင်သလိုမျိုး မေးခွန်းတွေ အများကြီး မေးချင်သလိုမျိုး တဆတ်ဆတ် တုန်ယင်သွားပါတယ်။ ဒါပေမဲ့ ကပ္ပတိန်တို့ အောက်မှာ စောင့်နေတာကို ထည့်စဉ်းစားပြီး သူမရဲ့ စပ်စုချင်စိတ်ကို မျိုသိပ်လိုက်ပါတယ်။

သူမဟာ မစ္စအော်ရီယာနာတို့ကို တတိယထပ် တက်ရှောင်ဖို့ သတင်းပေးပါတယ်။ ဆူးနက် လုံခြုံရေးကုမ္ပဏီရဲ့ အိမ်နီးနားချင်းတွေက ဘုရားကျောင်းပိုင်မြေ မဟုတ်ရင် ဒီလို အခြေအနေတွေကို ဝိုးတိုးဝါးတားသိတဲ့ ဘုန်းတော်ကြီးတွေပါ။

အရပ်ဘက်ဝန်ထမ်းတွေ အကုန်လုံး တတိယထပ် တက်သွားတဲ့အခါ ကလိုင်းဟာ အပန်းဖြေခန်းထဲက တခြား ညသိမ်းငှက်တွေကို အလျင်စလို သတင်းမပေးဘဲ မြင်းလှည်းဆီ ချက်ချင်းပြန်ကာ တခြားလူတွေနဲ့အတူ ချိပ်ပိတ်လက်နက် ၂-၀၄၉၊ မွန်းစတားဘီဘာရဲ့ အကြွင်းအကျန်တွေနဲ့ အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ကို ဒုတိယထပ်ဆီ ပို့ဆောင်ပါတယ်။

အခန်းခွဲထားတဲ့အပိုင်းကို ဖြတ်တဲ့အခါ ဒန်းစမစ်က အပန်းဖြေခန်း တံခါးကို တွန်းဖွင့်ပြီး ဖဲကစားနေတဲ့ ညသိမ်းငှက်နှစ်ယောက်ကို ပြောပါတယ် “ဖရိုင်း... ရိုင်ရွယ်... မင်းတို့နှစ်ယောက် ဆိပ်ကမ်းက ထိုင်ရွယ်(လ်) ကုန်လှောင်ရုံဆီသွားပြီး လန်နာ့ဒ်နဲ့ ကျန်တဲ့ကိစ္စကို ဆက်ရှင်းကြ...”

“ဟုတ်ကဲ့ပါ” ပထမဆုံး ကျီးကန်းလို မည်းနက်တဲ့ ဆံပင်နဲ့ အေးစက်တဲ့ မျက်နှာထားရှိတဲ့ ရိုင်ရွယ်၊ အဲဒီနောက် အနက်ရောင်ဆံပင် ဖြူဖတ်ဖြူရော် မျက်နှာနဲ့ မျက်လုံးပြာရှိတဲ့ အလောင်း‌ကောက်သမား ဖရိုင်းက မတ်တတ်ရပ်ပါတယ်။

သူတို့တွေဟာ ကဒ်တွေကို ချပြီး အပန်းဖြေခန်းထဲက ထွက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အခန်းခွဲထားတဲ့အပိုင်းကို ကျော်သွားတဲ့အခါ ခဏရပ်လိုက်ပါတယ်။

“နေဦး...” ဒန်းစမစ်က သူတို့နှစ်ယောက်ကို စိတ်မပျက်စေပါဘူး။

“ဘာကိစ္စရှိလို့လဲ” အအိပ်မဲ့ ရိုင်ရွယ်က နောက်လှည့်ကြည့်ပြီး မေးပါတယ်။

“ရဲစခန်းကို သတင်းပေးလိုက်ဦး... သူတို့ကို လမ်းပိတ်ခိုင်းလိုက်... မင်းတို့တွေ အခင်းဖြစ်တဲ့နေရာကို ရှင်းလင်းပြီးလို့ အလောင်းကို ရွှေ့လို့ မပြီးမချင်း တစ်ယောက်မှ အနားမကပ်စေနဲ့” ဒန်းစမစ်ဟာ သူ့နဖူးသူ ရိုက်ပြီး ပြောပါတယ်။

“အင်း...” ရိုင်ရွယ်ဟာ တစ်ဖက်ပြန်လှည့်ပြီး ခြေလှမ်းနှစ်လှမ်း လှမ်းကာ ထပ်ရပ်ပါတယ်။ သူမဟာ နောက်ပြန်လှည့်ပြီး မျက်တောင်တစ်ချက်ခတ်ကာ သေချာအောင် ထပ်မေးပါတယ် “ကပ္ပတိန်... တခြားရှိသေးလား”

“မရှိတော့ဘူး” ဒန်းစမစ်က အပြတ်ဖြေပါတယ်။

ရိုင်ရွယ်ဟာ မသိမသာ ခေါင်းညိတ်ပြီး တံခါးမကြီးဆီ လျှောက်သွားပါတယ်။

အေးစက်မှုနဲ့ အမိုက်မှောင်ကို ထုတ်လွှတ်နေတဲ့ အလောင်းကောက်သမား ဖရိုင်းကတော့ ပုံမှန်ခြေလှမ်းတွေနဲ့ လျှောက်နေပါတယ်။

အဲဒီအချိန်မှာ ဒန်းစမစ်က ထပ်ပြောပါတယ် “ရိုဇန်းနဲ့ မစ္စအော်ရီယာနာတို့ အဖွဲ့ကို ပြန်ဆင်းလာလို့ ရပြီလို့ ပြောလိုက်...”

“ဟုတ်ကဲ့...” ဖရိုင်းက ခံစားချက် ကင်းမဲ့တဲ့ လေသံနဲ့ ဖြေပါတယ်။

ကလိုင်းဟာ ညသိမ်းငှက်နှစ်ယောက် တံခါးမကြီးကနေ ထွက်ပြီး အပေါ်ထပ် တက်တာ မြင်လိုက်ရတဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အဲဒီနောက် သူဟာ ကျန်တဲ့လူတွေနဲ့အတူ မြေအောက်ထပ် ဆင်းပြီး ချန်စီဂိတ်ဆီ တန်းတန်းမတ်မတ် သွားပါတယ်။

ဒန်းစမစ်ဟာ အအိပ်မဲ့ ကင်လီကို ချန်စီဂိတ်ဖွင့်ဖို့ အချက်ပြပြီး ကလိုင်းကို အခုလို ညွှန်ကြားပါတယ် “လက်နက်တိုက်ဆီသွားပြီး လူအိုကြီးနီးလ်ကို သွားခေါ်ချည်... ငါတို့ကိုယ်ငါတို့ ကုသဖို့ သူ့ရဲ့ အစီအရင်ကို လိုတယ်”

ဆေးအစွမ်းက ပြယ်လာပြီမလို့ သူ့စိတ်အခြေအနေဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပါတယ်။

“ဟုတ်ကဲ့”

ကလိုင်းဟာ ကပ္ပတိန်ဆီက စကားကို မစောင့်ဘဲ ထပ်ပြောပါတယ် “ကျွန်တော် လက်နက်တိုက်ထဲမှာ လူအိုကြီးနီးလ်ကိုယ်စား စောင့်လိုက်မယ်... ကျွန်တော် နတ်ဆိုးပစ်ကျည်ဆံ အနည်းဆုံး အတောင့်နှစ်ဆယ်လောက် တောင်းခံချင်တယ်... အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို စပ်စုချင်တဲ့ ကျွန်တော်ရဲ့ စိတ်ကိုလည်း ထိန်းပြီး သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ဆီက အတည်ပြုတာကို စောင့်ပါ့မယ်”

“...” ဒန်းစမစ်ဟာ ချက်ချင်းကို ဘာပြောရမှန်း မသိ ဖြစ်သွားပါတယ်။

“ကပ္ပတိန်... တခြားကိစ္စ ရှိသေးလား” ကလိုင်းက အပြုံးနဲ့ မေးပါတယ်။

ဒန်းစမစ်ဟာ ခေါင်းခါပြီး ဆွံ့အ ကျန်နေခဲ့ပါတယ်။

ကလိုင်းဟာ သူ့လက်ကိုင်တုတ်ကိုယူပြီး အစောင့်ခန်းထဲက ထွက်ပါတယ်။ အဲဒီနောက် လမ်းဆုံကို ရောက်တဲ့အခါ လက်နက်တိုက်ဘက် ကွေ့လိုက်ပါတယ်။ လက်နက်တိုက်ကို ရောက်တဲ့အခါ ရေသောက်နေတဲ့ လူအိုကြီးနီးလ်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူဟာ လူအိုကြီးနီးလ်ကို ဖြစ်ကြောင်းကုန်စင် ပြန်ပြောင်း ပြောပြပါတယ်။

“အဲဒီကောင်က စိတ်လွတ်ပြီး မွန်းစတား ဖြစ်သွားတယ်... မင်းက သာလွန်သူကိုတောင် သတ်လိုက်တယ်...” လူအိုကြီးနီးလ်ဟာ သူ့စားပွဲကို ခပ်မြန်မြန် ရှင်းပြီး...။

“မင်းပြောတာ နားထောင်ရတာ ပြဇာတ် နားထောင်နေရသလိုပဲ”

လူအိုကြီးနီးလ်ဟာ စားပွဲကို စက်ဝိုင်းပုံ ပတ်ရင်း ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဆီက အဖြေကို မစောင့်ဘဲ စင်္ကြံလမ်းဆီ လျှောက်သွားပါတယ်။

ကလိုင်းဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မစ္စတာနီးလ်... ဘုရားကျောင်းမှာ အားဆေး မရှိဘူးလား... ဘာဖြစ်လို့ အစီအရင် လိုရတာလဲ”

“သာမန်ပစ္စည်းနဲ့ လုပ်ထားတဲ့ ဘယ်‌ဆေးမှ အစီအရင်တစ်ခုလို အမြဲတမ်း အားမဖြစ်စေနိုင်ဘူး... ထူးခြားပစ္စည်းတွေက ရှားတယ်... အများစုက အားဆေးစပ်ဖို့ မသင့်တော်ဘူး...”

လူအိုကြီးနီးလ်က သာမန်ကာလျှံကာ ရှင်းပြပါတယ် “နတ်ဘုရားမရဲ့ အကြည့်တော်ကို သိတယ်မလား... အဲဒီဆေးကို စီရင်ပြီး ချက်ချင်းသုံးရင် တကယ်ကောင်းတဲ့ အားဆေးဖြစ်တယ်... ဒါပေမဲ့ စီရင်ပြီးမသုံးဘဲ ဒီအတိုင်းထားရင် မိနစ်တိုင်းမှာ ဆေးစွမ်းက အငွေ့ပျံ့ပြီး နောက်ဆုံး နည်းနည်းပဲ ကျန်တော့တယ်”

“အဲဒီလိုလား...” ကလိုင်းဟာ စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်ပါတယ်။

ကီးဘုတ်သမားရော ဂိမ်းသမားရော ဖြစ်ခဲ့ဖူးတဲ့ ကလိုင်းဟာ ဒီလိုမျိုး မှော်ဆန်ဆန် ကုသနိုင်တဲ့ ဆေးကို တကယ်ပဲ မျှော်လင့်မိပါတယ်။

သူဟာ လူအိုကြီးနီးလ် ထွက်သွားတာကို ကြည့်ပြီး ထိုင်ခုံမှာ ထိုင်ကာ မခံစားရတာ ကြာပြီဖြစ်တဲ့ တိတ်ဆိတ် အေးချမ်းမှုကို ခံစားပါတယ်။

ဒီငြိမ်းချမ်းမှုအတွင်းမှာ သူဟာ ဝတ်စုံနဲ့လူပြက်ရဲ့ အဖြစ်ဆိုးကို ပြန်တွေးမိလိုက်ပါတယ်။ သူ ဝတ်စုံနဲ့လူပြက်ကို ခံစားချက်ကင်းမဲ့စွာ ပစ်လိုက်တာ သွေးတွေ ပန်းထွက်လာတဲ့ မြင်ကွင်းတွေက သူ့မျက်စိထဲကို ပြန်ဝင်လာပါတယ်။

ဒီအခါမှာ သူ့ခန္ဓာကိုယ်ဟာ တုန်ယင်သွားပြီး မသက်မသာ ဖြစ်သွားပါတယ်။ ကလိုင်းဟာ ပထမဆုံး မတ်တတ်ရပ်ပြီး အဲဒီနောက် ပြန်ထိုင်ပါတယ်။ အဲဒီလိုမျိုး ဖြည်းဖြည်းချင်း ထပ်ခါထပ်ခါ လုပ်ပါတယ်။ ကြားထဲမှာလည်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါသေးတယ်။

“ဟူး...”

သူဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဒီမကောင်းတဲ့ ပုံရိပ်တွေ မတွေးမိအောင် တခြားတစ်ခုခုကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါကြောင့် ဦးထုပ်နဲ့ ဝတ်စုံကို ချွတ်လိုက်ပြီး လက်သုတ်ပဝါနဲ့ ဘရွတ်ထုတ်ကာ ဦးထုပ်နဲ့ ဝတ်စုံမှာ ပေနေတဲ့ ဖုန်တွေ ရွံ့တွေကို သန့်ရှင်းရေး စလုပ်ပါတယ်။

အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ သူဟာ တရင်းတနှီးရှိလှတဲ့ လူအိုကြီးနီးလ်ရဲ့ ခြေသံတွေကို ကြားလိုက်ရပါတယ်။ လူအိုကြီးနီးလ်ရဲ့ ခြေသံက နည်းနည်း ပြင်းတဲ့အတွက် အ‌ဝေးကနေတောင် ကြားနိုင်ပါတယ်။

“ပင်ပန်းလိုက်တာ...” လူအိုကြီးနီးလ်ဟာ အခန်းထဲ ဝင်လာရင်း စောဒက တက်ပါတယ်။

“နောက်တစ်နာရီအတွင်း ဘယ်သူမှ ငါ့ဆီ မလာဖို့ ပြောလိုက်... ငါ အနားယူဖို့ လိုတယ်” လူအိုကြီးနီးလ်ဟာ ကလိုင်းကို လှမ်းကြည့်ပြီး ညွှန်ကြားပါတယ်။

“ဘာဖြစ်လို့ အပေါ်မှာ နားမနေတာလဲ... ကျွန်တော် ဒီမှာ ကြည့်ပေးလို့ ရပါတယ်” ကလိုင်းဟာ စာနာမှုနဲ့ အကြံပေးပါတယ်။

လူအိုကြီးနီးလ်ဟာ ခေါင်းခါပါတယ်။

“အပေါ်မှာက ဆူညံလွန်းတယ်... ရိုဇန်းက စကား မပြောရရင် မနေနိုင်တဲ့ မိန်းကလေးပဲ”

“အဲဒါတော့ ဟုတ်တယ်...” ကလိုင်းဟာ အတင်း မတိုက်တွန်းပါဘူး။ သူဟာ ကုတ်အင်္ကျီကို ပြန်ဝတ်ပြီး ဦးထုပ် ပြန်ဆောင်းပါတယ်။ အဲဒီနောက် လက်ကိုင်တုတ်ကို ကောက်ယူပြီး စင်္ကြံလမ်းဆီ ပြန်ကာ လက်နက်တိုက် တံခါးကို ဆွဲဖွင့်ပါတယ်။

“ရှပ်... ရှပ်... ရှပ်...”

သူဟာ ဘယ်သူမှမရှိတဲ့ လမ်းကြောင်းမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း အရင်တုန်းက တစ်ခါမှ မမြင်ဖူးတဲ့ အခန်းတစ်ခန်းကို ရုတ်တရက် တွေ့လိုက်ရပါတယ်။

‘ဒီနေရာမှာ လျှို့ဝှက်တံခါး ရှိနေတာပဲ...’ ကလိုင်းဟာ နေရာတစ်ခုမှာရပ်ပြီး အခန်းထဲ ကြည့်လိုက်တဲ့အခါ အလောင်းကောက်သမား ဖရိုင်းကို တွေ့လိုက်ရပါတယ်။ ဖရိုင်းက လုံးဝ ခွဲစိတ်ထားတဲ့ အလာင်းတစ်လောင်းကို သေချာဂရုတစိုက် စစ်ဆေးနေပါတယ်။

‘အလောင်း...’ ကလိုင်းဟာ ရင်တုန်သွားပြီး မရှိမဲ့ရှိမဲ့ သတ္တိလေး စုစည်းကာ အခန်းနား ကပ်သွားပါတယ်။ အဲဒီနောက် ပွင့်နေတဲ့ တံခါးကို အသာခေါက်လိုက်ပါတယ်။

“ဒေါက်... ဒေါက်... ဒေါက်...”

ဖရိုင်းဟာ အလုပ်လုပ်နေတာ ရပ်ပြီး ရေခဲလို အေးစက်တဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်ပါတယ်။

“အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်... ဒီအလောင်းက သာလွန်သူ အလောင်းလားဆိုတာ သိချင်လို့ပါ” ကလိုင်းဟာ လေသံကို ထိန်းပြီး မေးလိုက်ပါတယ်။

“ဟုတ်တယ်” ဖရိုင်းဟာ တိုတိုတုတ်တုတ် အဖြေပေးပါတယ်။

ကလိုင်းရဲ့ အကြည့်ဟာ ဖရိုင်းကိုကျော်ပြီး အလောင်းဆီ ရောက်သွားပါတယ်။ ဟုတ်ပါတယ်။ သူဟာ အလောင်းရဲ့ နဖူးပေါ်က ဒဏ်ရာကို တရင်းတနှီး ရှိပါတယ်။

‘ငါ သတ်ခဲ့တဲ့ ဝတ်စုံနဲ့လူပြက်ပဲ...’ ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူထုတ်လိုက်ပါတယ် “ဘာရှာတွေ့သေးလဲ”

“မတွေ့ဘူး” ဖရိုင်းက တုံးတုံးတိတိ ပြန်ဖြေပါတယ်။

အခြေအနေက သိပ်မကောင်းတဲ့အတွက် ကလိုင်းဟာ နှုတ်ဆက်ပြီး ထွက်သွားဖို့ ပြင်ပါတယ်။ အဲဒီအချိန်မှာပဲ ဖရိုင်းက စကား စပြောပါတယ် “မင်း မသက်မသာ ဖြစ်နေရင် ဝင်ကြည့်လို့ရတယ်... ဒါက အလောင်းတစ်လောင်း သက်သက်ပဲ”

‘ငါ စိတ်ဒဏ်ရာရမှာ စိုးလို့လား...’ ကလိုင်းဟာ တွေးရင်း ခေါင်းညိတ်လိုက်ပါတယ်။

“ကောင်းပြီလေ”

သူဟာ အခန်းထဲဝင်ပြီး စားပွဲရှည်ရှေ့သွားကာ အလောင်းကို ကြည့်ပါတယ်။

ဝတ်စုံနဲ့လူပြက်ရဲ့ မျက်နှာပေါ်က ဖြူနီဝါဆေးတွေကို သန့်ရှင်းထားတော့ ကလိုင်းဟာ သူနဲ့ မရင်းနှီးတဲ့ ဘာထူးခြားမှုမှ မရှိတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။ ဝတ်စုံနဲ့လူပြက်ဟာ အသက် ၃၀ အရွယ် ရှိပြီး နှာတံရှည်ကာ အနက်ရောင်ဆံပင် ရှိပါတယ်။

အဲဒီအချိန်မှာ ဖရိုင်းဟာ အခန်းထောင့်ကာ စတုရန်းပုံ စားပွဲဆီသွားပြီး ခဲတံတစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကို ကောက်ယူလိုက်ပါတယ်။ အဲဒီနောက် သူဟာ အလောင်းဆီ ပြန်လာပြီး စာရွက်ကို အောက်ချကာ ခဲတံနဲ့ ပုံဆွဲပါတယ်။

ကလိုင်းဟာ သိချင်စိတ်ကြောင့် လှမ်းကြည့်လိုက်တဲ့အခါ ဖရိုင်းက ဝတ်စုံနဲ့လူပြက်ရဲ့ ခေါင်းကို ပုံကြမ်းဆွဲနေတာ တွေ့လိုက်ရပါတယ်။

မကြာခင်မှာပဲ ဖရိုင်းဟာ ခဲတံကို ရပ်လိုက်ပါတယ်။ စာရွက်ပေါ်မှာ အသက်ဝင်နေတဲ့ ပုံတူတစ်ခု ပေါ်လာပါတယ်။ အလောင်းနဲ့ယှဉ်ကြည့်ရင် ဒီပုံတူဟာ ဒဏ်ရာမရှိဘဲ အပြာရောင် မျက်လုံးတွေ ပါပါတယ်။

‘ပါရမီရှင်ပါလား..’ ကလိုင်းဟာ တအံ့တဩ ချီးကျူးလိုက်ပါတယ်။

“ခင်ဗျား ပုံကြမ်းဆွဲတာ ဒီလောက် တော်လိမ့်မယ်လို့ ထင်မထားမိဘူး”

“ညသိမ်းငှက် မဖြစ်ခင်မှာ ငါရဲ့ အိပ်မက်က ပန်းချီဆရာ ဖြစ်လာဖို့ပဲ” ဖရိုင်းရဲ့ လေသံဟာ လုံးဝကို အေးဆေး တည်ငြိမ်နေပါတယ်။

“အဲဒါဆို ဘာဖြစ်လို့ မလုပ်တာလဲ” ကလိုင်းက စပ်စုပါတယ်။

ဖရိုင်းဟာ ခဲတံကိုချပြီး ဝတ်စုံနဲ့လူပြက်ရဲ့ ပုံတူပန်းချီကို လက်ထဲမှာ ကိုင်ရင်း ပြန်ဖြေပါတယ် “ငါ့အဖေက နတ်ဘုရားမရဲ့ ဘုန်းတော်ကြီးလေ... သူက ငါ့ကိုလည်း ဘုန်းတော်ကြီး ဖြစ်စေချင်တယ်... အဲဒါက ဂုဏ်ရှိတဲ့ အလုပ်လေ”

“အဲဒါဆို ခင်ဗျား ဘုန်းတော်ကြီး ဖြစ်လာတယ်ပေါ့” ကလိုင်းက တအံ့တဩ မေးပါတယ်။

ကလိုင်းဟာ ဖရိုင်းရဲ့ စရိုက် နေထိုင် တုံ့ပြန်ပုံနဲ့ ဘုန်းတော်ကြီး ဖြစ်လာတာကို ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။

“အင်း... အဆင်ပြေတယ်လို့တော့ ပြောလို့ရတယ်” ဖရိုင်းရဲ့ မျက်နှာဟာ အေးစက်နေတုန်းဆိုပေမဲ့ သူ့နှုတ်ခမ်းထောင့်က နည်းနည်း တွန့်တက်သွားပါတယ်။

“နောက်တော့ ငါ သာမန်မဟုတ်တဲ့ ကိစ္စတချို့နဲ့ ကြုံတွေ့မိပြီး ညသိမ်းငှက်ထဲ ရောက်လာတာပဲ”

ကလိုင်းဟာ ဖရိုင်းရဲ့ ကိုယ်ရေးကိုယ်တာကို ဆက်ပြီးတော့ မစပ်စုချင်ပါဘူး။ အဲဒါကြောင့် တခြားဟာ မေးပါတယ်။

“ခင်ဗျားက နတ်ဘုရားမရဲ့ ဘုန်းတော်ကြီး လုပ်ခဲ့ဖူးတာ... ဘာဖြစ်လို့ အအိပ်မဲ့ကို မရွေးတာလဲ”

“ကိုယ်ရေးကိုယ်တာ တစ်ခုကြောင့်ပါ” ဖရိုင်းက ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။

ကလိုင်းဟာ ခေါင်းညိတ်ပြီး စကားလမ်းကြောင်း ပြောင်းမလို့ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ ဖရိုင်းပြောတာကို ကြားလိုက်ရပါတယ်။

“ငါ့ကို ဒီအခန်း ခဏ ကြည့်ထားပေး... ငါ ကပ္ပတိန်ကို ဒီပုံကြမ်း သွားပေးလိုက်ဦးမယ်... လျှို့ဝှက်တံခါး ပိတ်တာက တော်တော် ကရိကထများတယ်”

“ရတယ်” ကလိုင်းဟာ အလောင်းတစ်လောင်းနဲ့ တစ်ယောက်တည်း နေရမှာ ကြောက်ပေမဲ့ သတ္တိမွေးပြီး သဘောတူလိုက်ပါတယ်။

ဖရိုင်း ထွက်သွားတဲ့အခါ အခန်းက တိတ်ဆိတ်သွားပါတယ်။ အလောင်းက သူ့ဘာသာ လဲလျောင်းနေပေမဲ့ ကလိုင်းရဲ့ ရင်ထဲမှာ လေးလံလာပါတယ်။

သူဟာ ကြောက်ရွံ့မှုကို အနိုင်ယူဖို့အတွက် အသက်ရှူ လေ့ကျင့်ခန်း လေးငါးခါလုပ်ပြီး စားပွဲရှည်နားကို ချဉ်းကပ်သွားပါတယ်။

ဝတ်စုံနဲ့လူပြက်ဟာ စားပွဲရှည်ပေါ်မှာ ဖျော့တော့တဲ့ မျက်နှာနဲ့ လဲလျောင်းနေပါတယ်။ သူ့မျက်လုံးတွေက တင်းတင်းကျပ်ကျပ် ပိတ်နေပြီး အသက်ရှူတဲ့ လက္ခဏာ လုံးဝ မရှိပါဘူး။ မြင်စရာမကောင်းတဲ့ ဒဏ်ရာကလွဲရင် လူသေတစ်ယောက်ရဲ့ အေးစက်မှုကို ထုတ်လွှတ်နေပါတယ်။

တစ်ခဏ ကြည့်ပြီးနောက် ကလိုင်းရဲ့ ခံစားချက်တွေဟာ တဖြည်းဖြည်း အနည်းထိုင်ပြီး ငြိမ်သွားပါတယ်။

ကလိုင်းဟာ တစ်ချက် ဝေ့ကြည့်လိုက်တဲ့အခါ ဝတ်စုံနဲ့လူပြက်ရဲ့ လက်ကောက်ဝတ်မှာ ထူးဆန်းတဲ့ အမှတ်အသားတစ်ခု ရှိနေတာကို သတိထားမိသွားပါတယ်။ သူဟာ အဲဒီ အမှတ်အသားကို သေချာ ကြည့်ချင်တဲ့အတွက် မရှိမဲ့ရှိမဲ့ သတ္တိလေးကို စုစည်းပြီး ထိကြည့်လိုက်ပါတယ်။

ရေခဲလို အေးစက်တဲ့ ထိတွေ့မှုက လက်ချောင်းထိပ်ကနေ သူ့ရဲ့ ဦးနှောက်ဆီ ရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ လှုပ်ရှားမှု လုံးဝမရှိတဲ့ ဖျော့တော့တဲ့လက်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ကောက်ဖမ်းဆုပ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters