နောက်ထပ် ရေရွတ်သံ
Vol. 8 Ch. 79
သူ့လက်ကောက်ဝတ်ကို ရေခဲလို အေးစက်တဲ့ လက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကေကြာင့် ကလိုင်းဟာ ရုတ်ခြည်း ကြက်သီးမွေးညင်း ထသွားပါတယ်။ သူဟာ လက်ကောက်ဝတ်ကို အတင်းဆွဲပြီး လွတ်မြောက်ဖို့ ကြိုးစားပါတယ်။
ရင်ထဲက လေးလံမှုဟာ လှိုက်တက်လာတာကြောင့် ကလိုင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အင်အားကိုသုံးပြီး ဆတ်ခနဲ ဆွဲထုတ်လိုက်ပါတယ်။
“ဝုန်း...”
ဘေးကို အတင်းဆွဲခံရတာကြောင့် ဖျော့တော့ပြီး ဗလာကျင်းနေတဲ့ အလောင်းဟာ စားပွဲရှည်ပေါ်ကနေ အောက်ပြုတ်ကျသွားပါတယ်။
သို့ပေမဲ့ ရေခဲလို အေးစက်ပြီး ဖျော့တော့တဲ့ လက်ချောင်းတွေဟာ ကလိုင်းရဲ့ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပါတယ်။
ကလိုင်းဟာ တဒင်္ဂအတွင်း တွေးတောနိုင်စွမ်း ပျောက်ဆုံးသွားပြီး သူ့စိတ်ထဲမှာ ခြောက်လုံးပြူး ဆွဲထုတ်ကာ အလောင်းကို ဆန်ကာပေါက်ဖြစ်အောင် ပစ်ချင်စိတ်ပဲ ရှိပါတော့တယ်။
ဒါပေမဲ့ သူ့ညာလက်ကို ဆွဲနှုတ်လို့မရတာကြောင့် ကလိုင်းဟာ လက်ကိုင်တုတ်ကို လွှင့်ပစ်ပြီး ချိုင်ကြားထဲက သေနတ်ကို အသည်းအသန် ဆွဲထုတ်ပေမဲ့ ထုတ်နေကျ မဟုတ်တော့ ထုတ်မရပါဘူး။
အဲဒီအချိန်မှာ အလောင်းရဲ့ မျက်လုံးဟာ ရုတ်တရက် ပွင့်သွားပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ မျက်လုံးပြာတွေ ပေါ်လာပါတယ်။ အလောင်းရဲ့ ပါးစပ်ဟာလည်း လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ထပ်ခါထပ်ခါ ရေရွတ်လာပါတယ်။
“ဟွန်းနာဆစ်... ဟွန်းနာဆစ်... ဟွန်းနာဆစ်...”
ဒီစကားလုံး သုံးလုံးကို ကြားလိုက်ရတဲ့အခါ ကလိုင်းဟာ လုံးဝကို ဂယောင်ချောက်ချား ဖြစ်သွားပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေ အားလျော့သွားတာကို သတိထားမိလိုက်ပါတယ်။ အဲဒီနောက် အလောင်းရဲ့ လက်ချောင်းတွေဟာ အရုပ်ကြိုးပြုတ် အောက်ပြုတ်ကျသွားပါတယ်။
အလောင်းရဲ့ မျက်လုံးတွေဟာလည်း ဘာမှ မဖြစ်ခဲ့သလိုမျိုး ပြန်မှိတ်သွားပါတယ်။
ဖျော့တော့တဲ့ အလောင်းက ကျောက်သားကြမ်းပြင်ပေါ်မှာသာ လဲလျောင်းမနေရင် ကလိုင်းဟာ စိတ်ချောက်ချားစေတဲ့ မန္တန်နဲ့ တိုက်ခိုက်ခံရတယ်လို့ ထင်မိမှာပါ။
သူဟာ ဒယီးဒယိုင်နဲ့ နောက်ကို ခြေသုံးလေးလှမ်း ဆုတ်လိုက်ပြီး ကြောက်ရွံ့ တုန်လှုပ်မှုကြောင့် သူ့ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေတာကို ခံစားမိလိုက်ပါတယ်။
“ဟူး... ဟူး...”
ကလိုင်းဟာ လေပူတွေ မှုတ်ထုတ်ပြီး သူ့စိတ်ကို ဖြည်းဖြည်းချင်း ပြန်ထိန်းနိုင်သွားပါတယ်။
သူဟာ ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး အခန်းထဲကနေ တစ်လှမ်းချင်း နောက်ဆုတ် ထွက်ခွာပါတယ်။ အလောင်းက လုံးဝ မလှုပ်ရှားတာကို အတည်ပြုပြီးနောက် သေနတ်ကိုင်ထားတဲ့ လက်ရဲ့ လက်ကောက်ဝတ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
အဲဒီမှာ အနီရောင် လက်ငါးချောင်းရာက သိသိသာသာ ပေါ်နေပါတယ်။ ဒီလက်ချောင်းရာတွေဟာ ကလိုင်း ကြုံတွေ့ခဲ့တာတွေက စိတ်ချောက်ချားမှု မဟုတ်ဘဲ အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုတာကို သက်သေခံနေပါတယ်။
ပြန်တည်ငြိမ်သွားတဲ့ ကလိုင်းဟာ ဒေါသထွက်သွားပါတယ်။
‘ခွီးတဲ့မှပဲ... ငါ လန့်ပြီး သေတော့မလို့...’
ဆယ်စက္ကန့်လောက် အသက်ဝအောင်ရှုပြီးနောက် ကလိုင်းဟာ ဖြစ်ပျက်ခဲ့သမျှ အကုန်လုံး ပြန်တွေးပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်ကြည့်ပါတယ်။
ဝတ်စုံနဲ့လူပြက်က ရုတ်တရက်ကြီး ဘာဖြစ်လို့ ထလှုပ်ရှားလဲဆိုတာ သူ နားမလည်ပေမဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ သူ သတိထားမိလိုက်ပါတယ်။ အလောင်းဟာ “ဟွန်းနာဆစ်” ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။
‘လာပြန်ပြီ... ဒီဟွန်းနာဆစ်ပဲ...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ထဲမှာလည်း ဟွန်းနာဆစ် တောင်တန်းပေါ်က ထာဝရညနိုင်ငံတော်အကြောင်း မှတ်တမ်း တင်ထားတယ်... ငါ တွေးခေါ်မှုထဲ ဝင်ရင်ပဲဖြစ်ဖြစ် စိတ်ဝိညာဉ်အာရုံ ဖွင့်ရင်ပဲဖြစ်ဖြစ် မကြားသင့်တဲ့ အသံတွေကို ကြားရတယ်... အဲဒီထဲမှာ ဟွန်းနာဆစ် ဆိုတဲ့ စကားလုံး ပါတယ်... ဒီမေးခွန်း အကုန်လုံးရဲ့ အဖြေက ဟွန်းနာဆစ် တောင်တန်းပေါ်မှာ ရှိနေတာလား... အဲဒီမှာ အန္တရာယ် ကြီးကြီးမားမား ရှိရမယ်... ချိပ်ပိတ်ခံထားရတဲ့ မိစ္ဆာနတ်ဘုရားက ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ အသွင်အမျိုးမျိုး ပုံစံအမျိုးမျိုး သုံးပြီး ဖြားယောင်းနေတာလည်း ဖြစ်နိုင်တယ်’
ဒါကို တွေးမိတဲ့ ကလိုင်းဟာ အခန်းထဲ ဂရုတစိုက် ပြန်ဝင်ပြီး အလောင်းကို လေးငါးကြိမ် ထိကြည့်ကာ လုံးဝ သေသွားပြီဆိုတာ အတည်ပြုပါတယ်။
ကလိုင်းဟာ အလောင်းစုသမား ဖရိုင်းကို ဒီလိုအခြေအနေနဲ့ မျက်နှာချင်း မဆိုင်ချင်ပါဘူး။ အဲဒါကြောင့် သတ္တိမွေးပြီး အလောင်းကို ခွဲစိတ်စားပွဲရှည်ပေါ် ပြန်တင်ပါတယ်။ သူဟာ ဒီလိုတင်နေတဲ့ တစ်ချိန်လုံးမှာ သူ့နှလုံးက ပါးစပ်ထဲ ရောက်နေသလို ခံစားရပါတယ်။ သူ့ရဲ့ အကြောအချဉ်တွေဟာ တစ်ချက်လောက် တောက်လိုက်ရင်တောင် ကျိုးသွားနိုင်တဲ့အထိ တောင့်တင်းကုန်ပါတယ်။ နောက်ပြီး အလောင်းရဲ့ အေးစက်တဲ့ ခံစားချက်က သူ့ကို တော်တော်လေး စက်ဆုပ် ရွံရှာစေပါတယ်။
အလောင်းကို ခက်ခက်ခဲခဲ ပြန်တင်ပြီးတဲ့အခါ ကလိုင်းဟာ သူ ဘာလို့ အလောင်းနား ကပ်လဲဆိုတာ တွေးမိလိုက်ပါတယ်။ အဲဒါကြောင့် ဝတ်စုံနဲ့လူပြက်ရဲ့ လက်ကောက်ဝတ်ပေါ်က ထူးဆန်းတဲ့ အမှတ်သားကို စိုက်ကြည့်လိုက်ပါတယ်။
အဲဒီအမှတ်အသားက ဘယ်တုန်းက ကွာကျပြီး ပြာတာတာ သွေးလုံးတစ်လုံး ဖြစ်သွားလဲဆိုတာ သူ မသိလိုက်ပါဘူး။ ဒီပြာတာတာ သွေးလုံးဟာ လက်မအရွယ်အစားလောက် ရှိပြီး ရူပဗေဒနိယာမကို ဆန့်ကျင်ကာ လေထဲမှာ တိတ်တဆိတ် ပေါလောမျောနေပါတယ်။
“ဒါက ဘာလဲ” ကလိုင်းဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ဒီသွေးလုံးကို အလျင်စလို မထိရဲပါဘူး။
သူဟာ ဒီသွေးစက်လုံးကို ဝှက်ထားဖို့ အကြံမရှိပါဘူး။ ပထမဆုံး သူဟာ ဒီသွေးစက်လုံးက ကောင်းလား ဆိုးလားဆိုတာ မသိပါဘူး။ ဒုတိယအနေနဲ့ ဒီအလောင်းကို စစ်ဆေးထားတဲ့ ဖရိုင်းက သေချာပေါက် လက်ကောက်ဝတ်ပေါ်မှာရှိတဲ့ အမှတ်အသားကို ရှာတွေ့ထားမှာပါ။ သူဟာ ဒီထူးဆန်းတဲ့ သွေးစက်လုံးက ဘာလဲဆိုတာ သိကောင်း သိနေနိုင်ပါတယ်။
ဖရိုင်း မသိဘူးဆိုရင်တောင် ကပ္ပတိန်ဆီ သတင်းပို့ပြီး ညသိမ်းငှက်တွေကို သုတေသန လုပ်ခိုင်းတာက သူ့ဘာသာ ကြိုးစားတာထက် သေချာပေါက် အများကြီး ပိုကောင်းမှာပါ။
အဖွဲ့အစည်းတစ်ခုထဲ ရောက်ရင် အဲဒီအဖွဲ့အစည်းရဲ့ စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချတတ်ရပါမယ်။ အဲဒါမှ အဲဒီအဖွဲ့ထဲဝင်ရတာ တန်မှာပါ။
ရင်ထိတ်ထိတ်နဲ့ လေးငါးဆယ်မိနစ်လောက် စောင့်ပြီးနောက် ကလိုင်းဟာ အနက်ရောင်နဲ့ မျက်လုံးပြာရှိတဲ့ ဖရိုင်း ပြန်လာတာ တွေ့လိုက်ရပါတယ်။
ဖရိုင်းဟာ ထူးဆန်းတဲ့ သွေးစက်လုံးကို ချက်ချင်း သတိထားမိသွားပြီး ကလိုင်းကို မေးခွန်းထုတ်ပါတယ်။
“အဲဒါက ဘာလဲ”
“မသိဘူးလေ...” ကလိုင်းဟာ ရိုးရိုးသားသား ခေါင်းခါပါတယ်။ အဲဒီနောက် ဖြစ်ပျက်ခဲ့တာတွေကို ဘာတစ်ခုမှ မဖုံးကွယ်ဘဲ တစ်ခုမကျန် ပြန်ပြောပြပါတယ်။
“အမှတ်အသားက ကွာကျပြီး သွေးစက်လုံးဖြစ်သွားတယ်...”ဖရိုင်းဟာ ခေါင်းညိတ်ပြီး စဉ်းစားခန်း ဝင်သွားပါတယ် “သာလွန်သူ အလောင်းက အမြဲတမ်း ထူးထူးဆန်းဆန်း ပြောင်းလဲတတ်တယ်”
အဲဒီနောက် ဖရိုင်းဟာ ကလိုင်းကို မော့ကြည့်ပြီး...။
“ကပ္ပတိန်ကို သွားခေါ်လာခဲ့... အလောင်း ရေရွတ်တာတွေကိုလည်း သူ့ကို ပြောပြလိုက်”
“အင်း...” ကလိုင်းဟာ အခန်းထဲက ထွက်သွားချင်နေတာ ခြေထောက်ကို ယားနေပါပြီ။
“မင်း ကပ္ပတိန်နဲ့ ပြန်လာဖို့ မလိုဘူး” ဖရိုင်းက ထပ်ပေါင်းပြောပါတယ် “နောက်ထပ် ဆက်လုပ်မှာကို မင်း မမြင်ချင်လောက်ဘူး”
ပြောပြောဆိုဆို သူဟာ ငွေရောင် ခွဲစိတ်ဓားကို ကောက်ယူလိုက်ပါတယ်။
ကလိုင်းဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်ပါတယ်။
“ကျွန်တော်လည်း ခင်ဗျား အဲဒီလိုပြောမှာကို စောင့်နေတာ”
သူဟာ လက်ကိုင်တုတ်ကို ကောက်ယူပြီး ဦးထုပ်ဆောင်းကာ ချန်စီဂိတ်ဆီ မပြေးရုံတမယ် လျှောက်သွားပါတယ်။ အစောင့်ခန်းကို ရောက်တဲ့အခါ အားမနည်းတော့တဲ့ ကပ္ပတိန် ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။
ဒန်းစမစ်ဟာ ကလိုင်း ပြောပြတာကို နားထောင်ပြီးနောက် ခေါင်းညိတ်ပါတယ်။
“ငါ ဒီကိစ္စကို အထက် တင်ပြပြီး သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော် လက်ထဲ အပ်လိုက်မယ်... သူတို့တွေ ဟွန်းနာဆစ် တောင်တန်းဆီ လူလွှတ်ချင် လွှတ်လောက်တယ်”
အစောင့်ခန်းထဲမှာ အအိပ်မဲ့ကင်လီနဲ့ ကပ္ပတိန်ကိုပဲ တွေ့ရတဲ့အတွက် ကလိုင်းဟာ ဒီအတိုင်း မေးလိုက်ပါတယ် “မစ္စတာအားရို့ဟာဆင်နဲ့ ကျန်တဲ့လူတွေရော...”
“အားရို့ဟာဆင်နဲ့ ဘောရှားက သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းမှာ... လိုရိုတာက ကော်ဖီဆိုင် ရှာနေလောက်ပြီ”
“ကော်ဖီဆိုင်... မဒမ် လိုရိုတာက အကောင်းပကတိ ပြန်မဖြစ်သေးဘူးမလား” ကလိုင်းက တအံ့တဩ မေးပါတယ်။
ဒန်းစမစ်ဟာ နှာခေါင်းကို လက်ညှိုးနဲ့သပ်ပြီး ရယ်ရယ်မောမော ဖြေပါတယ် “လိုရိုတာမှာ ဝါသနာသုံးခု ရှိတယ်... ကော်ဖီ၊ အချိုပွဲနဲ့ အစေခံမိန်းကလေး... သူပြောတာတော့ မြန်မြန် ပြန်ကောင်းလာဖို့အတွက် အဲဒီသုံးခု လိုတယ်တဲ့”
“အစေခံမိန်းကလေး...” ကလိုင်းဟာ ဇဝေဇဝါ ဖြစ်သွားပါတယ်။
‘မဒမ်လိုရိုတာက တစ်ခုခုကို ကာမစွဲရှိတာလား...’
ဒန်းစမစ်ဟာ ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး...။
“သူက အစေခံမိန်းကလေးတွေကို ကြိုက်တယ်... အင်း... ဟုတ်တယ်... ရင်သားကြီးတာဆို ပိုကြိုက်တယ်”
“ထူးတော့ ထူးဆန်းတယ်နော်...” ကလိုင်း ဘယ်လိုမျက်နှာမျိုးနဲ့ တုံ့ပြန်ရမလဲဆိုတာ မသိတော့ပါဘူး။
ဒန်းစမစ်ဟာ အချိန်ဆွဲမနေတော့ဘဲ အစောင့်ခန်းထဲက အပြင်ထွက်သွားပါတယ်။ ကလိုင်းဟာ ဒန်းစမစ်ရဲ့ ကျောပြင်ကို ကြည့်ရင်း သူ ပြန်လှည့်လာမှာကို တိတ်တဆိတ် စောင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာ အအိပ်မဲ့ကင်လီက အိတ်ဆောင်နာရီ ထုတ်ပြီး ဖွင့်ကြည့်တာကိုလည်း မျက်လုံးထောင့်ကနေ သတိထားမိလိုက်ပါတယ်။
‘သုံး နှစ် တစ်...’ ကလိုင်း စိတ်ထဲမှာ ရေတွက်လို့ ပြီးတယ်ဆိုရင်ပဲ ဒန်းစမစ်ဟာ ခြေလှမ်းရပ်ပြီး နောက်ပြန်လှည့်လာပါတယ်။
“ငါ မေ့သွားတယ်... ကလိုင်း... မင်း ဒီနေ့ တော်တော်လေး ကြုံတွေ့ခဲ့ရတယ်... အဲဒီတော့ မင်း အနားယူတာနဲ့ မလှုပ်ချင်အောင် ဖြစ်သွားလိမ့်မယ်... မင်းကိုလည်း ဒီနေ့လည်ခင်း မလိုတော့ဘူးဆိုတော့ ပြန်နားတော့... မနက်ဖြန်ကြရင် ငါ ဆုံးရှုံးသွားတာတွေကို အသေးစိတ် စာရင်းပြုစုပြီး အစီရင်ခံစာ တင်လိုက်မယ်”
“မင်း ဒီနေ့ လူသတ်လိုက်တာကို စိတ်ထဲမထားနဲ့... မင်းလုပ်တာ မှန်တယ်... သူ့ကို သတ်လိုက်တာက လူအများကြီးကို ကယ်တင်လိုက်တာနဲ့ အတူတူပဲ”
“အမှန်အတိုင်း ပြောရရင် ကျွန်တော် ပိုပြီးတော့ နေလို့ကောင်းလာပါပြီ” ကလိုင်းဟာ ညင်ညင်သာသာ အသက်ရှူထုတ်လိုက်ပါတယ်။
ဒန်းစမစ်ဟာ မသိသာ ခေါင်းညိတ်ပြီး တစ်ဖက်ပြန်လှည့်ခါနီးမှာ သူ့နဖူးသူ ရိုက်လိုက်ပါတယ်။
“ငါ သာလွန်သူ ပုံကြမ်းကို လန်နာ့ဆီ ပေးလိုက်ပြီ... သူနဲ့ ရဲဌာနက ဒီကိစ္စကို ဆက်ပြီး စုံစမ်းလိမ့်မယ်... အဲဒီသာလွန်သူက မြင်းလှည်းစီးပြီး ထမင်းတော့ စားခဲ့မှာပဲ... တစ်နေရာရာမှာလည်း တည်းခဲ့လိမ့်မယ်”
“သူ ဘယ်သွားသွား၊ သူ ဘာပဲထိထိ၊ သူ ဘာပဲချန်ထားချန်ထား အဲဒါတွေအကုန်လုံးက သူ့ကို ရင်ဆိုင်ဖို့ မသိမသာ သက်သေ ဖြစ်ပေးလိမ့်မယ်... ဧကရာဇ်ရစ်ဆဲလ်ရဲ့ စကားက တကယ်ကို ပညာသားပါတယ်”
“ဟုတ်တယ်...” ကလိုင်းဟာ ကြောင်အမ်းအမ်းနဲ့ ပြန်ဖြေပါတယ်။
ကပ္ပတိန် အဝေးကို ရောက်သွားတဲ့အခါ သူလည်း အစောင့်ခန်းထဲက ထွက်ပြီး ဒုတိယထပ်ဆီ တက်ပါတယ်။
လမ်းတစ်လျှောက်မှာ သူဟာ ဒီနေကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစားပါတယ်။
‘လျှို့ဝှက်ဂိုဏ်းက အမြင်ဆရာ ဆုံမှတ်လမ်းကြောင်းကို ထိန်းချုပ်ထားတယ်လို့ အဲဒီဝတ်စုံနဲ့လူပြက်က ပြောတယ်... သူ ကြွားပြောတယ်ဆိုရင်တောင် သူတို့ဆီမှာ အဆင့်မြင့် ဆုံမှတ် ဆေးရည် ဖော်မြူလာတွေ မရှိဘူးဆိုရင်တောင် အဆင့်နိမ့် ဆုံမှတ် ဆေးရည် ဖော်မြူလာတွေတော့ သေချာပေါက် ရှိမှာပဲ’
‘သူတို့ဆီမှာ အမြင်ဆရာတွေက အရေအတွက်တစ်ခုထိ ရှိနေတယ်လို့လည်း ယူဆလို့ရတယ်’
‘အဲဒါဆို ငါ ဝတ်စုံနဲ့လူပြက်ကို သတ်လိုက်တာ သူတို့ တွက်ချက်မိပြီး ငါ့ကို ချောင်းမြောင်း မလုပ်ကြံနိုင်ဘူးလား...’
‘သူတို့တွေ ညသိမ်းငှက်ကို မရင်ဆိုင်နိုင်ရင်တောင် ငါ့လို ဘာတိုက်ရည်ခိုက်ရည်မှ မရှိတဲ့ အမြင်ဆရာ တစ်ယောက်ကို ဘာလို့ မရင်ဆိုင်နိုင်ရမှာလဲ’
ကလိုင်းဟာ လှေကားထစ်မှာရပ်ပြီး ဒီပြဿနာကို လေးလေးနက်နက် စဉ်းစားပါတယ်။ မကြာခင်မှာပဲ သူဟာ အစိုးရိမ် လွန်နေတယ်ဆိုတာကို သဘောပေါက်လိုက်ပါတယ်။
ပထမဆုံး လျှို့ဝှက်ဂိုဏ်းက ညသိမ်းငှက်အဖွဲ့ဝင်တွေကို မသိပါဘူး။
ဒုတိယအနေနဲ့ သူတို့တွေ တစ်ယောက် နှစ်ယောက် သိရင်တောင် သူ့လိုမျိုး အရပ်ဘက်ဝန်ထမ်း ပါမှာ မဟုတ်ပါဘူး။
တတိယချက်အနေနဲ့ လက်ရှိ အခြေအနေအရ ပုရောဟိတ် မဟုတ်ရင် သတ်ဖြတ်သူကို တွက်ချက်မိဖို့က မဖြစ်နိုင်ပါဘူး။
ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီက ထွက်ကာ အများသုံးမြင်းလှည်းနဲ့ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ နေ့လည်စာ မစားရသေးပေမဲ့ သူဟာ အစာစားချင်စိတ် မရှိပါဘူး။
အိပ်ခန်းထဲ ရောက်တဲ့အခါ ကလိုင်းဟာ ပထမဆုံး သူ့ရဲ့ စုတ်ပြဲနေတဲ့ ဝတ်စုံကို ချွတ်ပါတယ်။ အဲဒီနောက် ဦးထုပ်ကို ချွတ်ပြီး အိပ်ရာထက် လဲလျောင်းကာ အိပ်ပျော်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ သူ့စိတ်က အငြိမ်မနေတဲ့အတွက် ခန္ဓာကိုယ်ကလည်း ဖြေလျှော့လို့ မရပါဘူး။ သူ့စိတ်က ဝတ်စုံနဲ့လူပြက်ကို သေအောင်ပစ်လိုက်တဲ့ မြင်ကွင်းကို ပြန်တွေးနေတာ မဟုတ်ပါဘူး။ သူ အလောင်းကို ရွှေ့တဲ့ ကြက်သီးမွေးညင်း ထစရာကောင်းတဲ့ အတွေ့အကြုံကို ပြန်တွေးနေတာပါ။
သူဟာ ပထမဆုံးအကြိမ် လူသတ်ရတာကို မသက်မသာ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ စက်ဆုပ်ရွံရှာတဲ့ ခံစားချက်ကို သူ့စိတ်တစ်ခုလုံးကို နေရာယူထားပါတယ်။
‘ဒါက ဖရိုင်းရဲ့ ရည်ရွယ်ချက် ဖြစ်မယ်... သူက ငါ စိတ်ဒဏ်ရာမရအောင် အလောင်းနားကပ်ပြီး တိုက်ရိုက် ရင်ဆိုင်ခိုင်းတာပဲ... ဒါပေမဲ့ တစ်ခုမပျောက်ခင် နောက်တစ်ခု ပေါ်လာတယ်...’ ကလိုင်းဟာ သူ့ကိုယ်သူ လှောင်ပြောင်မိလိုက်ပါတယ်။ အဲဒီနောက် သူရဲ့ အကြောအချဉ်တွေက ဖြည်းဖြည်းချင်း ပြေလျော့လာတာကို သူ ခံစားမိလိုက်ပါတယ်။
သူ ဘယ်အချိန်က အိပ်ပျော်သွားလဲ မသိလိုက်ပါဘူး။ သူ ပြန်နိုးလာတော့ သူ့ဗိုက်က တဂွီဂွီနဲ့ ဆန္ဒပြနေပါပြီ။
“ငါ့ဗိုက်က အခုချိန် မြင်းတစ်ကောင်လုံး စားရင် ဝင်လောက်တယ်...” ကလိုင်းဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း အနောက်အရပ်မှာ မေးတင်နေတဲ့ နေမင်းကို ကြည့်လိုက်ပါတယ်။
အဲဒီနောက် သူဟာ အိမ်နေရင်း သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ လဲဝတ်ပြီး ပထမထပ်ဆီ ခပ်သွက်သွက် လျှောက်သွားပါတယ်။ ညစာအတွက် ဘာလုပ်ရရင် ကောင်းမလဲ သူ မစဉ်းစားခင်မှာပဲ တံခါးဖွင့်သံကို သူ ကြားလိုက်ရပါတယ်။
‘မလီဆာဖြစ်မယ်...’ ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ်။
အများဆုံး မြင်းလှည်း စစီးကတည်းက မလီဆာဟာ အိမ်ပြန် နောက်မကျတော့ပါဘူး။ သော့လည်ပြီး အိမ်တံခါး ပွင့်သွားတဲ့အခါမှာတော့ မလီဆာတစ်ယောက် ပေါ်လာပါတယ်။
သူမဟာ မီးဖိုချောင်ထဲ ကြည့်ပြီး..။
“ကလိုင်း... အစ်ကိုအတွက် စာပါတယ်... အစ်ကိုရဲ့ ဆရာဆီက...”
‘ငါ့ဆရာဆီက စာ... ဟုတ်သားပဲ... ငါ ဆရာဆီကို ဟွန်းနာဆစ် တောင်တန်းနဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ စာရေးမေးခဲ့တာပဲ...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။