#လုချန်ရှန်းအလွန်စိတ်ဆိုးခြင်း#
Vol. 31 Ch. 437
တခြားတဘက်တွင် လုချန်ရှန်းက နယ်နိမိတ်မဲ့မင်းဆက်၏နန်းတော်သို့ ရောက်လာသည်။
သူက ထီးနန်းပလ္လင်ပေါ်တွင် တခဏမျှထိုင်ကာ ဘေးဘီဝဲယာကြည့်နေသည်။
နယ်နိမိတ်မဲ့နယ်မြေဧကရာဇ်မုကျန်းထင်ကလည်း လုချန်ရှန်းအား စူးစမ်းလိုသည့်အသွင် ကြည့်နေလေသည်။
မုဖူရှန်းရဲ့ဆရာ!
သူကဘယ်လိုလူမျိုးလဲ!
အေးစက်တဲ့အပြုံးမျက်နှာနဲ့ရက်စက်တဲ့လူသတ်သမားလား!
အပြင်ပန်းလူတစ်ယောက်ပုံပေါက်နေတဲ့ အဖိုးအိုတစ်ယောက်လား!
ဒါတွေကမမှန်ပေ။
နန်းတော်ကို လှည့်ပတ်ကြည့်ပြီးနောက် လုချန်ရှန်းတွေးတောနေမိသည်။
အင်း၊ စံအိမ်တော်က ပိုပြီး သက်တောင့်သက်သာရှိတယ်!
မုကျန်းထင်က ထိုအချိန်မှာပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"စီနီယာဒီကိုဘာကြောင့်လာရသလဲဆိုတာ ကျွန်တော်မသိလို့"
မုကျန်းထင်က လုချန်ရှန်းသူ့နေရာတွင် ထိုင်နေသည့်အပေါ်ဒေါသမထွက်မနေပါ။
တကယ်တော့ ထီးနန်းပလ္လင်ဟူသည် အတော်လေးထိခိုက်လွယ်သည့်နေရာပင်။
လုချန်ရှန်း၏ခွန်အားအရဆိုပါက သူဒေါသထွက်လျှင်ပင် ဘာအရေးနည်း။
သူ့ရှေ့ကလူ၏ခွန်အားက သူ့ကို အလွယ်တကူသတ်ပစ်နိုင်သည်။
လုချန်ရှန်း မုကျန်းထင်ပြောတာကို ကြားလိုက်ရသည်။
"မင်းဘာလို့ငါ့ကို လျှို့ဝှက်ကြံစည်ရတာလဲ"
မုကျန်းထင်အနည်းငယ်ထိတ်လန့်သွား၏။
ချက်ချင်းဆိုသလို အရင်ကဖြစ်ပျက်ခဲ့တာကိုသူတွေးမိသွားပြီးနောက် နားလည်သွားရသည်။
သူ့အမူအရာကပြောင်းလဲခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ယခုလိုခွန်အားမျိုးပိုင်ဆိုင်သည့်ထိပ်တန်းစွမ်းအားရှင်များက အတော်လေးဉာဏ်ထက်ကြလေရာ မုကျန်းထင်ဂရုတစိုက်စဉ်းစားပုံကို မှန်းဆရန် လွယ်ကူသည်။
"စီနီယာကိုတွက်ချက်ရတာက နောက်ဆုံးဖြစ်နေလို့ပါ"
"ဘာပဲဆိုဆို ရန်သူရဲ့ခွန်အားက ကျွန်တော်တို့နယ်နိမိတ်မဲ့နယ်မြေ ဒါမှမဟုတ် အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးထက် အရမ်းသာလွန်နေတယ်"
"ဒီတော့ ကျွန်တော်က စီနီယာလှုပ်ရှားလာမလားဆိုတာ လောင်းကြေးထပ်ရတာပေါ့၊ ဒါကလည်း ကိုင်တွယ်ဖို့အကောင်းဆုံးနည်းလမ်းပဲလေ"
"ဒါကြောင့်မို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
သို့စေကာမူ လုချန်ရှန်းဒီနေရာသို့ ရောက်လာကတည်းက သူကူညီပေးပြီးပြီဖြစ်ကာ ပြဿာနာကို ဖြေရှင်းနိုင်တော့မည်ဟု ဆိုလိုနေခြင်းပင်။
လုချန်ရှန်းအသာအယာခေါင်းညိတ်သည်။
"မင်းရဲ့လက်ရှိအခြေအနေရပ်ကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီနည်းလမ်းက ဘေးအကင်းဆုံးနည်းလမ်းတခုပါပဲ"
မုကျန်းထင်၏မျက်နှာကတောက်ပသွား၏။
"ခွင့်လွှတ်ပေးတဲ့အတွက်ကျေးဇူးပါ၊ စီနီယာ"
"ခွင့်လွှတ်ပေးတာ"
လုချန်ရှန်း မုကျန်းထင်ကို အေးစက်စွာကြည့်လိုက်သည်။
တခဏအကြာတွင် မုကျင်းထင်တကိုယ်လုံးက မမြင်နိုင်သည့်ဖိအားအမျှင်စများဖြင့် ဖိနှိပ်ခံလိုက်ရသည်။
သူ့အတွင်းအင်္ဂါများပင် ဖျစ်ညှစ်ခံထားရသည့်အလား သူ့ကိုယ်ခန္ဓာကိုပင် မလှုပ်ရှားနိုင်တော့။
အကြည့်တချက်က ငါ့ကိုအရှက်ရစေတဲ့အထိ လုပ်နိုင်စွမ်းရှိတာလား!
ဒါ့အပြင် လုချန်ရှန်းထုတ်လွှတ်သည့်အော်ရာက အလုံးစုံမဟုတ်ဘဲ သူ့ကိုယ်ခန္ဓာကိုသာဖိနှိပ်ထားခြင်းသာ။
အနီးအနားက ကြမ်းပြင်နှင့်တိုင်များပင်လျှင် အနည်းငယ်မျှ သက်ရောက်မှုပင်မရှိချေ။
ယခုလိုအော်ရာအပေါ်ထိန်းချုပ်နိုင်စွမ်းက အရမ်းရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင် ခွန်အားအရာကပို၍အားကောင်းလေလေ ထိုသို့လုပ်ရန်ပို၍ခက်ခဲလေလေပင်။
မုကျန်းထင်ထိတ်လန့်သွားသည်။
ကြည့်ရသည်မှာ ဒီစီနီယာ၏ခွန်အားကို သူလျှော့တွက်မိပုံပင်။
လုချန်ရှန်းခြေနှစ်ဖက်ကိုပူးကာ တံတောင်ဆစ်ကိုဒူးပေါ်တင်ပြီး မေ့စေ့ကို ထောက်ရင်း မုကျန်းထင်အား အပြုံးတ၀က်ဖြင့်ကြည့်နေသည်။
"ငါမင်းကို ခွင့်လွှတ်ပေးမယ်လို့ မပြောခဲ့ပါဘူး၊ ပြောခဲ့လို့လား"
မုကျန်းထင် ခပ်ရှက်ရှက်ပြုံးကာ ထိုဖိနှိပ်ခြင်းခံစားချက်ကို ခွန်အားအပြည့်ဖြင့် ခုခံနေရင်း တုံ့ဆိုင်းစွာပြောသည်။
"စီနီယာဘာလိုချင်တာများလဲ"
"ငါဘာမှမလိုချင်ဘူး"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"ငါလိုချင်တာကို မင်းမပေးနိုင်ပါဘူး"
မှန်ပေသည်။
လုချန်ရှန်း၏ခွန်အားနှင့်ဆိုပါက နယ်နိမိတ်မဲ့မင်းဆက်၏နောက်ခံက ဘယ်လိုလုပ် အမြင်တွင်ရှိမည်နည်း။
အကယ်၍မင်းဆက်တခုလုံးကိုပေးအပ်လျှင်ပင် သူ့ကိုလုံး၀ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
ဤစာသားကတကယ်တော့မှန်ပေသည်။
အကယ်၍သူကပေးမည်ဆိုလျှင်ပင် လုချန်ရှန်းက ဒါကိုကိုင်တွယ်လိုမည်မဟုတ်။
ထို့အပြင် ကြီးမြတ်သည့်မင်းဆက်တခုကို စီမံကိုင်တွယ်ရာ၌ ကံတရားက မည်မျှထိ သက်ဆိုင်သနည်း။
"မင်းသိလား၊ ငါမင်းကိုနားလည်နိုင်ပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ အမှားအယွင်းအနည်းအကျဉ်းလေးတောင်မရှိသင့်ဘူး"
"ဒါပေမယ့် ကုဒ်တခုက တခြားကုဒ်တခုအတွက်အရေးပါတယ်၊ ဘာလို့ကျင့်ကြံသူတွေက တာအိုကိုလေ့ကျင့်ရတာလဲ"
မုကျန်းထင်အနည်းငယ်လန့်သွားသည်။
ဘာလို့ငါ့ကိုဒါတွေမေးနေရတာလဲ!
မုကျန်းထင်မဖြေသေးခင်မှာပင် လုချန်ရှန်းကဦးဆောက်မှုရယူကာဖြေသည်။
"ချန်ရှန်းဆိုတာ ရှုထောင့်တခုပဲ"
"ဘယ်လိုအကြောင်းရင်းမျိုးကမှ မသက်ရောက်သလို ဘယ်သူမှ မလွှမ်းမိုးနိုင်ဘူး"
"ကိုယ်လိုချင်တာကို လွတ်လပ်စွာ လုပ်နိုင်တာကလည်း ရှုထောင့်တခုပဲ"
မုကျန်းထင်နားလည်သွားသည်။
သူအလွန်၀မ်းနည်းနေမိသည်။
ဒီစီနီယာကို တိတ်တဆိတ်လျှို့၀ှက်ကြံစည်မိသည့်အပေါ် သူ၀မ်းနည်းသွားရသည်။
မုကျန်းထင်မေးလိုက်၏။
"စီနီယာက ဒီအဆင့်ကိုရောက်နေပြီလား"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"သေချာပေါက်မရောက်သေးဘူးပေါ့၊ ဒါကြောင့် ငါကြိုးစားနေတုန်းပဲ"
"ဒါပေမယ့် ဒီအတွက်ကြောင့် ငါအရမ်းစိတ်ဆိုးနေတယ်၊ မင်းနားလည်လား"
မည်သို့ပင်ဆိုစေကာမူ နယ်နိမိတ်မဲ့မင်းဆက်ကဒါကိုကိုင်တွယ်နိုင်သည်။
သူ့ထက်များစွာအားနည်းသည့် လူတစ်ယောက်၏တွက်ချက်ခြင်းကို ခံရသည့်အပေါ် လုချန်ရှန်းမည်သို့ စိတ်မဆိုးဘဲနေမည်နည်း။
မုကျန်းထင်ခါးသီးစွာပြုံးလိုက်သည်။
"တကယ်လို့သတ်ချင်ဖြတ်ချင်တယ်ဆိုရင်လည်း စီနီယာကြိုက်သလိုလုပ်လို့ရပါတယ်"
လုချန်ရှန်းမျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်မိသည်။
"မင်းသေချင်လို့လား"
"သေချာပေါက်မသေချင်ဘူးပေါ့"
လုချန်ရှန်းအဖြေမပေးဘဲ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ထိုစဉ် မုကျန်းထင်၏မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွား၏။
အဝါရောင်၀တ်ရုံက တိုက်ရိုက်ပင် ကြေမွပျက်စီးကာ သူ့တကိုယ်လုံး၌ အပြာရောင်သွေးကြောများထွက်လာသည်။
လည်ပင်းကလည်း အလွန်အကျွံအားထုတ်ရသည့်အပေါ် အဖုထနေသည်။
ထိုအခိုက်အတန့်၌ မုကျန်းထင်အလွန်အမင်းနာကျင်ခံစားနေရသည်။
လုချန်ရှန်းလက်ချောင်းကိုဆန့်ထုတ်ရင်း အားနည်းသည့်ဓားဆန္ဒတခုကို ထုတ်လွှတ်သည်။
မုကျန်းထင်တွင် ခုခံရန်အတွက် အခွင့်အရေးအနည်းငယ်မျှပင် မရှိလေရာ သူ့နှလုံးသားထဲတွင်ပင် စိတ်ပျက်အားငယ်နေမိသည်။
ယခုလိုအားကောင်းသည့်လူရှေ့တွင် ကမ္ဘာထဲက အရာအားလုံးက ပုရွက်ဆိတ်များသဖွယ်။
ဒီလူက လက်တချက်ညှစ်ရုံမျှဖြင့် သေခြင်းတရားကိုပင် ချေမွပစ်နိုင်သည်။
ဒီကပ်ဘေးကနေ လွတ်မြောက်ရန်အတွက် နည်းလမ်းမရှိတော့သည့်ပုံပင်။
သို့သော် မုကျန်းထင်နောင်တမရဘဲ ဒီရွေးချယ်မှုကိုထပ်လုပ်မည်သာ။
အသက်ရှူကြိမ်ဆယ်ကြိမ်မျှကြာပြီးနောက် မုကျန်းထင်မြေပေါ်လဲကျသွား၏။
.....
မုကျန်းထင်နိုးလာသောအခါ ဒုတိယနေ့ရောက်နေပြီဖြစ်ပြီး သူ့လက်အစုံကို မိန်းမောတွေဝေစွာကြည့်နေမိသည်။
ဟမ်!
မသေသေးဘူးလား!
သို့သော် သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းက ဓားနှင့်ထိုးခံနေရသည့်နှယ် နာကျင်မှုကို ခံစားနေရပြီး ထဖို့ရုန်းကန်ရင်း ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။
လုချန်ရှန်းပျောက်ကွယ်သွားခဲ့လေပြီ။
ဒါကိုတွေးမိသောအခါ မုကျန်းထင်ပြုံးလိုက်မိသည်။
"ကြည့်ရတာ ဖူရှန်းကဆရာကောင်းတယောက်တွေ့သွားခဲ့ပုံပဲ၊ ငါစိတ်သက်သာရာရပါပြီ....."
.....
စံအိမ်တော်သို့ပြန်လာပြီဖြစ်သည့် လုချန်ရှန်းမှာ လျိုကျိယုကို စိတ်တိုကာ ထပ်မံရိုက်နှက်လေတောပသည်။
လျိုကျိယုခမျာ သူ့ကံကြမ္မာကို လက်ခံထားပုံရပြီး လဲလျောင်းကာ အပြာရောင်ကောင်းကင်ကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
အာ၊ ကောင်းကင်ကြီးကအရမ်းပြာတာပဲ!
ဒီလောက်လှတယ်လို့တခါမှမခံစားရဖူးဘူး!
သူထပ်ပြီးလေ့ကျင့်ခံရတာကမူ လုချန်ရှန်းအနည်းငယ် ဒေါသထွက်နေသောကြောင့်ပင်။
တကယ်လို့ မုကျန်းထင်ကသာ အဲကောင်စုတ်လေးမုဖူရှန်းရဲ့ အဖေမဟုတ်ဘူးဆိုရင် ငါအရင်ကတည်းကသတ်ပစ်ပြီး အလောင်းကို ဖျက်ဆီးပြီး ခြေရာတွေကိုတောင် ရှင်းပစ်ပြီးပြီ!
ဒါပေမယ့် ငါ့တပည့်ရဲ့ကံကြမ္မာကြောင့် မုကျန်းထင်ကို အသက်ရှင်သန်ခွင့် ပေးလိုက်ပါမယ်လေ!
ဒါကိုပိုတွေးမိရင် ငါပိုပြီး စိတ်မပျော်ဖြစ်လာတယ်!
ထို့ကြောင့်သူကပြောသည်။
"လျိုကျိယု၊ ထလိုက်စမ်း၊ ဒီကိစ္စမှာ မင်းခွန်အားကို အများဆုံးဖြစ်လာအောင် မြန်မြန်ဆန်ဆန်ထပ်လုပ်ဖို့လိုတယ်"
ထိုစကားကိုကြားသောအခါ လျိုကျိယု မျက်ရည်ပေါက်ပေါက်ကျမိတော့သည်။
သူရုတ်တရက် အမှောင်နယ်မြေသို့ ပြန်သွားချင်စိတ်ပင် ပေါက်သွားသည်။
ဒီလိုအနိုင်ကျင့်တဲ့လူလည်းရှိသေးတာလား!
ဘေးက မိုးမခပင်က ငှက်ကလေး၏ မျက်လုံးအစုံကို မိုးမခမကိုင်းများဖြင့် ထပ်မံဖုံးထားလိုက်ပြန်သည်။
.....
တခြားတဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မင်းသားလင်းလုံကို နန်းတော်ဆီသို့ ပြန်ခေါ်လာခဲ့သည်။
ဒါကိုလျိုကျိယုကလုပ်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် မင်းသားလင်းလုံကို အကျဉ်းထောင်ထဲပစ်ထည့်ပြီးနောက် ၀န်ခံချက်ကိုရရန်အတွက် နှိပ်စက်ခဲ့သည်။
ပုံမှန်အတိုင်းပင် သူ့ကိုအလွယ်တကူသေခွင့်ပေးမည်မဟုတ်ပေ။
မုဖူရှန်း မုကျန်းထင်အား ချိပ်စည်းနှင့် မိစ္ဆာမျိုးနွယ်၏ ပါရမီရှင်အကြောင်းကို အသိးပေးသည်။
ထိုသတင်းကိုကြားပြီးနောက် မုကျန်းထင်၏အမူအရာက လေးနက်သွား၏။
သွေးပြောင်းလဲခြင်းနယ်ပယ်လား!
နယ်နိမိတ်မဲ့မင်းဆက်တခုလုံးတွင်ပင် သွေးပြောင်းလဲခြင်းနယ်ပယ်က စွမ်းအားရှင်မရှိချေ။
အပိုင်း(438) coming။