အကြောက်အလန့်ကင်းမဲ့သူ
Vol. 4 Ch. 50
ယွမ်ရှောင်သည် ဓားသခင်မျိုးနွယ်သုံးခု၏ ဘိုးဘေးခန်းမများကို လုယက်လာပုံရသောကြောင့် လူတိုင်း မျက်လုံးပြူးနေကြသည်။ ရဲကျိရန်ကို သတ်ဖြတ်လိုက်သည့်အပြင် ရဲတန်းစီနှင့် နောက်လိုက်တစ်ထောင်ရှေ့တွင် ဘိုးဘေးကျောက်ပြားများကို မီးရှို့ပြနေသည့် သတ္တိက ပြိုင်ဘက်ကင်းလှ၏။ သူတို့က ဓားအိမ်တော်၏ သူရဲကောင်းခန်းမကို ဖျက်ဆီးချင်ခဲ့သော်လည်း ဘိုးဘေးခန်းမများသာ ဖျက်ဆီးခံလိုက်ရသည်။
"မောင်လေးယွမ်"
ကျောက်ရန်ရန်သည် အသူရာဆေးအိုး၏ အနောက်မှ ယွမ်ရှောင်ကို ငေးမောနေမိပြီး ဓားအိမ်တော်အတွက် သူရဲကောင်းတစ်ယောက်ပမာ ခံစားနေရသည်။ ထို့နောက် ကျောက်ရန်ရန်နှင့် အကြီးအကဲလေးယောက်အပြင် ဓားသခင်သုံးယောက်က အကြည့်ချင်းဖလှယ်၍ ယွမ်ရှောင်အနားသို့ ရောက်လာကြသည်။
"ယွမ်ရှောင် ခွေးကောင်"
ရဲတန်းစီက ဒေါသတကြီး အော်ဟစ်နေသော်လည်း တစ်ဖက်လူက အိတ်ကို ဖွင့်ပြလိုက်သောအခါ ကမ္ဗည်းကျောက်ပြားများ အပြည့် ဖြစ်နေသောကြောင့် ပါးစပ်ပိတ်သွားခဲ့သည်။ ဘိုးဘေးများက သူတို့ကို ကျိန်ဆဲနေသကဲ့သို့ ထင်မှတ်ရသောကြောင့် ရောင်မန်ရှယ်နှင့် ကျန်းကျန့်ပင် အံကြိတ်ထားကြ၏။
"မင်း ဘာလိုချင်တာလဲ"
"ရှင်းပါတယ်။ မဟာခန်းမနဲ့ သူရဲကောင်းခန်းမကို ဒီအတိုင်းထားပြီး လာလမ်းအတိုင်း ပြန်ကြ"
"ဒါဆိုရင် ကျောက်ပြားတွေကို ပြန်ပေးမှာလား"
"ပေးမယ်"
ရဲတန်းစီက ကတိတည်မည့် လူတစ်ယောက် မဟုတ်သောကြောင့် အဘိုးချင်က ချက်ချင်းသတိပေးလိုက်သော်လည်း ကျောက်ရန်ရန်သည် ယွမ်ရှောင်၏အကြံကို ဝေဝေဝါးဝါး ရိပ်မိရုံအပြင် မစဥ်းစားတတ်သဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။
"ကောင်းပြီ၊ ငါ ကတိပေးတယ်။ ဘိုးဘေးကျောက်ပြားတွေကို ပြန်ပေးရင် မင်းပြောသလို လုပ်ပေးမယ်"
သို့ရာတွင် ရဲတန်းစီ၏စကားအတွင်း ဓားအိမ်တော်၏ အုတ်ဂူများကို တူးဖော်မည်ဟူသော အချက် မပါဝင်ချေ။
"မောင်လေးယွမ် မလုပ်နဲ့"
ကျောက်ရန်ရန်က ဤအချက်ကို သတိထားမိသဖြင့် သတိပေးလိုက်သော်လည်း ယွမ်ရှောင်က သဘောတူလိုက်၏။
"လာယူ"
ထိုအချိန်တွင် ယွမ်ရှောင်၏လက်အတွင်းမှ အိတ်ကြီးသည် လျှောကျသွားကာ အသူရာဆေးအိုးအတွင်း ပြုတ်ကျသွားခဲ့သည်။ မီးတောက်များက မျိုးနွယ်သုံးခု၏ ဘိုးဘေးကျောက်ပြားများကို ဝါးမျိုသွားကာ အချိန်တိုအတွင်း အကြွင်းအကျန်ဝိညာဥ်များ ပြာကျကုန်သည်။
"ဒီညမှာ ငါက ခွေးတွေသတ်ခဲ့ရတာ အတော်များတယ်ဆိုတော့ လက်ညောင်းနေပြီ။ စိတ်မရှိပါနဲ့။ စကားမစပ် မဟာခန်းမနဲ့ သူရဲကောင်းခန်းမကို ဖျက်ဆီးချင်သေးလား"
ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်နှင့် ပြောလိုက်သောအခါ လူတိုင်း မင်သက်သွားကြ၏။
"မဟုတ်ဘူး"
ယွမ်ရှောင်ကို အရူးလုပ်နိုင်မည်ဟု အထင်မှားနေခဲ့သော ဓားသခင်သုံးယောက်မှာ တစ်ဖက်လူက သူတို့ကို တမင်ကစားနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူတို့၏မျက်နှာက သွေးဆုတ်ဖြူရော်သွားကာ ဘိုးဘေးကျောက်ပြားများ လောင်ကျွမ်းသွားသည်ကို ကြောက်လန့်တကြား ကြည့်နေမိ သည်။ ယွမ်ရှောင်က လူဆိုးမဖြစ်လိုသော်လည်း လုပ်ရမည်ဆိုလျှင် လူတိုင်းထက် ကြမ်းတမ်းပေလိမ့်မည်။
"ငါ့ဘိုးဘေးတွေကို စော်ကားတဲ့အတွက် မင်း သေရမယ်"
ရဲတန်းစီသည် သူ၏ဘိုးဘေးများကို သူရဲကောင်းခန်းမအတွင်း ထားရန် စိတ်ကူးယဥ်ခဲ့သော်လည်း လက်ရှိတွင် လူရယ်စရာ ဖြစ်သွားခဲ့သည်။
"လျူရှန် ဓားအိမ်တော်ရဲ့ အုတ်ဂူတွေကို သွားတူးစမ်း။ ဒီကောင်က ငါတို့ဘိုးဘေးတွေကို ဖျက်ဆီးခဲ့သလို သူတို့ကို ဖျက်ဆီးပစ်စမ်း"
သူက ဒေါသတကြီး အမိန့်ပေးလိုက်သကဲ့သို့ ရောင်မန်ရှယ်သည်လည်း လူသတ်ရန်အတွက် ရောင်မျိုးနွယ်ဝင်များကို ညွှန်ကြားလိုက်၏။
"ခဏစောင့်ပါဦး။ ဒီတစ်ယောက်က ဘယ်သူများလဲ"
ယွမ်ရှောင်၏လက်ထဲတွင် သံကြိုးတစ်ချောင်း ပေါ်လာပြီး ဆောင့်ဆွဲလိုက်သောအခါ သစ်တောအတွင်းမှ လူတစ်ယောက် လွင့်ထွက်လာခဲ့သည်။ ထိုလူက ရောင်မျိုးနွယ် ဘိုးဘေးခန်းမတွင် ရောင်မန်ရှယ် အစောင့်ချထားသူ လျူချန် ဖြစ်နေခဲ့သည်။ သူမက တားမြစ်ရန် ကြိုးစားလိုက်သော်လည်း ထိုလူမှာ အသူရာဆေးအိုး၏ မီးတောက်များအတွင်း မပြန်လမ်း ရောက်သွားခဲ့သည်။
"ငါ့ဆရာတူမောင်နှမတွေကို နှောင့်ယှက်ရဲရင် မင်းတို့လူတွေကို အလောင်းမကျန်အောင် ပြာချပစ်မယ်"
ယွမ်ရှောင်၏စကားကြောင့် သူမက အလန့်တကြား နောက်ဆုတ်သွားကာ အုတ်ဂူတူးရန် ထွက်သွားသော လျူရှန်မှာလည်း ရပ်တန့်သွားခဲ့သည်။ တစ်ဖက်လူက သူ၏မိန်းမကို ထုတ်ယူလာ၍ မီးရှို့ပစ်နိုင်ချေ ရှိနေသည် မဟုတ်ပါလော။
"ဒီကောင့်ကို သတ်စမ်း"
"ရဲတန်းစီ မင်းအတွက်လည်း လက်ဆောင်ပါတယ်"
ရဲတန်းစီက အော်ဟစ်နေသော်လည်း ယွမ်ရှောင်၏လက်အတွင်း သစ်တောထဲမှ အလောင်းတစ်ခု ရောက်လာပြန်သည်။
"ဒါက မင်းရဲ့မိန်းမ မဟုတ်လား။ ခေါင်းမပါတာကတော့ ဆိုးတယ်ကွာ။ ခန္ဓာကိုယ်ကတော့ မဆိုးပါဘူး"
သူက ဖန်ရှီ၏ ခေါင်းပြတ်အလောင်းကို လေထဲတွင် မြှောက်၍ ဆော့ကစားနေသည်။ သားနှင့်သမီး အသတ်ခံလိုက်ရသောကြောင့် နောက်ထပ်ရင်သွေးများ မွေးဖွားလိုသော ရဲတန်းစီ၏ စိတ်ကူးအိပ်မက်မှာ နင်းချေခံလိုက်ရပြန်သည်။
"သြော် ငါ မေ့တော့မလို့။ ငါ့ကိုလုပ်ကြံဖို့ ကြိုးစားတဲ့ ရောင်ချင်းချန်ရော ဝူမျိုးနွယ်တစ်ခုလုံးကိုပါ ငါ သတ်ခဲ့တာပဲ"
ရောင်ချင်းချန်က ရဲတန်းစီ၏ ကိုယ်လုပ်တော်ဖြစ်သောကြောင့် မိန်းမနှစ်ယောက်လုံး ယွမ်ရှောင်၏ လက်ထဲတွင် အသက်ပျောက်ခဲ့ရသည်။ ရဲတန်းစီမှာ ယူကြုံးမရဖြစ်နေစဥ် ဖန်းရှီ၏အလောင်းက အသူရာဆေးအိုးအတွင်း ကျဆင်းသွားကာ ဝိညာဥ်ပင် မကျန်ရစ်ချေ။ အမှန်တရားကြောင့် အသူရာဓားဂိုဏ်း၏ ကျင့်ကြံသူများသည် မိုးကြိုးနှင့် ပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး အကြီးအကဲဖန်ကိုယ်တိုင် စစ်ဆေးခဲ့သော်လည်း တရားခံအစစ်အမှန်ကို ရှာမတွေ့ခဲ့ပေ။ ယွမ်ရှောင်၏ ဓားဝိညာဥ်က ရဲကုရင်၏ ကြယ်တာရာအဆင့် ဓားဝိညာဥ်နှင့် ယှဥ်နိုင်ချေ ရှိလာသည့်အပြင် ဓားသိုင်းပညာ၌ သူမတူအောင် ထူးချွန်ပြီး ရက်စက်ပြတ်သားသော စရိုက်ကြောင့် အားလုံး တုန်လှုပ်နေကြ၏။ တစ်ဖက်လူက ချောမော၍ ငယ်ရွယ်သော်လည်း ခြေထောက်အောက်တွင် အလောင်းများစွာကို တက်နင်းလာခဲ့ပြီး ကျောက်ကျန်ရှင်းကို ရဲတန်းစီမရှင်းနိုင်ခင် အမှတ်တစ်ဓားတောင်က အရင်ဆုံး ကိစ္စပြတ်သွားပေလိမ့်မည်။
ယွမ်ရှောင်၏ ဝှက်ဖဲအားလုံး ကုန်သွားပုံပေါ်သောကြောင့် တစ်ဖက်လူများ အလွန်ဒေါသထွက်နေပြီဖြစ်ရာ ရှန်းကွမ်းယုက စိုးရိမ်နေသည်။
"မင်းတို့က ဘာစောင့်နေကြတာလဲ။ ဓားအိမ်တော်ကို ဖျက်ဆီးကြစမ်း။ ဒီကောင်က ဓားသခင်တစ်ယောက်နဲ့ မိသားစုကို သတ်ခဲ့တယ်ဆိုတော့ အမှန်တရားအတွက် သတ်ပစ်ကြစမ်း"
ရဲတန်းစီက ဂိုဏ်း၏ကျင့်ကြံသူများကို အော်ဟစ်အမိန့်ပေးလိုက်ပြီး အညစ်အကြေးအိုးများအား သယ်ဆောင်သွားစေရန် ညွှန်ကြားခဲ့သည်။
"ဟုတ်ကဲ့"
ဓားသခင်သုံးယောက်၏ လက်အောက်ငယ်သားများက ချက်ချင်းလှုပ်ရှားလိုက်ကြသဖြင့် ဓားအိမ်တော်၏ ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြသည်။
"မောင်လေးယွမ် ငါတို့ ဘာဆက်လုပ်ကြမလဲ"
ကျောက်ရန်ရန်သည် ဓားအိမ်တော်၏ လက်ရှိခေါင်းဆောင်ဖြစ်သော်လည်း ယွမ်ရှောင်အပေါ် ယုံကြည်အားကိုးနေသည်။
"မစိုးရိမ်ပါနဲ့ အစ်မကျောက်။ ကျုပ်မှာ အစီအစဥ်ရှိတယ်"
ယွမ်ရှောင်က အကြည့်ချင်းဆုံ၍ နှစ်သိမ့်ပေးလိုက်သဖြင့် တည်ငြိမ်သွားစေသည်။ ထို့နောက် သူက သစ်တောအတွင်း ဝင်ရောက်သွားသောအခါ ရဲတန်းစီမှာ နောက်လိုက်များကို အလန့်တကြား တားမြစ်လိုက်ရသည်။
"ရပ်ကြစမ်း"
ထိုအချိန်၌ ရောင်မျိုးနွယ်ဝင်များက တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီး မဟာခန်းမ၏ ကောင်းကင်ယံတွင် အညစ်အကြေးအိုးကိုယ်စီဖြင့် ကျန်းကျန့်၏ နောက်လိုက်များ ရောက်နေကြပြီ ဖြစ်၏။
"အားလုံး အဆုံးသတ်တော့မယ်။ ညီလေးယွမ်မှာ ဘာအကြံအစည်တွေ ရှိသေးလဲ"
ချိုက်မြောင်က အားကိုးတကြီး ရေရွတ်နေစဥ် ကောင်းကင်ထက်ရှိ ကျန်းကျန့်၏ငယ်သားများ ရှေ့မှောက်တွင် ဓားပျံတစ်ချောင်းနှင့် ယွမ်ရှောင် ပျံတက်လာသည်။ ကျန်းကျန့်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဥ် ဓားပျံတွင် ချိတ်ဆွဲထားသော သံကြိုးကြီးတစ်ချောင်းကို သတိထားမိလိုက်သည်။
"အဖေ"
သူက သေချာစိုက်ကြည့်လိုက်သောအခါ သံကြိုး၏ထိပ်ဆုံးတွင် ကျင့်ကြံဆင့်ဖျက်ဆီးခံရ၍ လျှာဖြတ်ခံထားရသည့် အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူက ကျန်းကျန့်၏ဖခင်၊ အမှတ်ခုနစ်ဓားသခင်ဟောင်း ဖြစ်နေသဖြင့် သူက အလန့်တကြားဖြစ်သွားကာ သစ်ပင်တစ်ပင်နှင့် ဝင်တိုက်မိသွားသည်။
"ဘုန်း"
ရောင်မန်ရှယ်၏ မိဘနှစ်ယောက်လည်း သံကြိုးတွင် တွဲချည်ခံထားရသောကြောင့် သူမက သွေးများ အန်ထွက်လာ၍ မြေပြင်သို့ လဲပြိုကျသွားသည်။ သူမ၏မိဘများသည်လည်း ကျန်းအဘိုးကြီးကဲ့သို့ လျှာဖြတ်ခံထားရပြီး ဒန်တန်များ ပျက်စီးနေကာ သေလုမျောပါးဖြစ်နေကြ၏။ နောက်ဆုံးတွင် ရဲမျိုးနွယ်ဝင်တစ်ရာကျော်ကို ချိတ်ဆွဲထားသောကြောင့် ရဲတန်းစီ၏ မျက်လုံးများ အဆမတန် ပြူးကျယ်လာပြီး အားလုံး ကျင့်ကြံမှု ဖျက်ဆီးခံထားရကြောင်း သိသွားလေသည်။