သွေးစွန်းနေသောဝတ်ရုံဖြူ ၂
Vol. 4 Ch. 37
ယွမ်ရှောင်သည် ဓားပျံကို အမှားအယွင်းတစ်စက်မှ မရှိအောင် ပျံသန်းပြနေသောကြောင့် ထိတ်လန့်မှုများမှ အံ့သြမှုအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သူက ဓားမြှောင်ရာချီကို ရှောင်တိမ်းပြီး ရဲတန်းစီ၏ ဆယ်ယောက်မြောက်တပည့် ချီရှုရန်ရှေ့မှောက်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူမက နတ်ပင်လယ် အစောပိုင်းအဆင့်ဖြစ်ကာ ဓားဝိညာဥ်ကို ကြောက်လန့်တကြား ဆင့်ခေါ်လိုက်သော်လည်း သူက ပို၍လျင်မြန်နေပြီး ခြေထောက်အောက်၌ စီးနင်းထားသည့် ဓားပျံကို ဓားရှည်အဖြစ် ပြောင်းလဲကာ လေထဲ၌ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် အပြာရောင် ဓားအလင်းအောက်တွင် သူမက သေမင်းနှင့်မိတ်ဆက်သွားပြီး အမှတ်တစ်ဓားတောင်၏ တပည့်များကို မျက်လုံး ကျွတ်ကျလုမတတ် ပြူးကျယ်လာစေသည်။
သူတို့က ဒေါသတကြီးဖြင့် ဓားမြှောင်များ ထပ်မံပစ်ခတ်လိုက်သကဲ့သို့ အချို့ကလည်း ဓားရှည်ကိုယ်စီဖြင့် ပြေးတက်လာကြသည်။ ထိုလူများမှာ ပျံလွှားလျှပ်စီးသိုင်း လက်ချက်မိသွားပြီး ရွှင်ပျော်ပျော်ခရီးသည်သိုင်းမှာလည်း အိပ်မက်ဆိုး ဖြစ်နေခဲ့၏။ ထိုအချိန်၌ ယွမ်ရှောင်သည် သိုင်းပညာအရာ၌ လွန်ခဲ့သော နှစ်က ကျောက်ရန်ရန်ထက် ပို၍သန်မာနေသည်။ သူက ရက်စက်စွာ ဆုံးဖြတ်ထားပြီး ရန်သူများထံ နောက်မဆုတ်တမ်း ချီတက်လိုက်သည်။ ဤသို့ဖြင့် ရဲတန်းစီ၏ ခြောက်ယောက်မြောက်တပည့်ဖြစ်သော တောက်လန်သည် နဖူးတွင် အပေါက်တစ်ခုနှင့် အသက်ပျောက်သွားပြန်သည်။
"သူက ဓားအသွင်သုံးမျိုးကို ပြည့်စုံအောင် ပြောင်းလဲနိုင်တယ်"
"ဓားသခင်တွေတောင် ဒီလောက် မကျွမ်းကျင်ဘူး"
"ဘယ်လိုပါရမီရှင်မျိုးလဲ"
ဓားဝိညာဥ် အသွင်သုံးမျိုးပြောင်းခြင်းကို ၁၆နှစ်အရွယ် ယွမ်ရှောင်က ပြည့်စုံအောင် အသုံးပြုနေသောကြောင့် ပရိတ်သတ်များကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။ အပြာရောင်အလင်းက ရန်သူများအကြား လှည့်ပတ်သွားလာနေကာ အသက်တစ်သက်ကို ဓားတစ်ချက်နှင့် ချွေယူနေသော်လည်း သူ၏ဆံပင်မွေးတစ်ပင်ကိုပင် ထိခိုက်အောင် ရန်သူများ မလုပ်နိုင်ခဲ့ပေ။ နတ်ပင်လယ်အလယ်အဆင့်ဖြစ်သော ရဲတန်းယွမ်က တားမြစ်ချင်သော်လည်း သူ၏လျင်မြန်မှုကြောင့် နောက်လိုက်များ အသတ်ခံနေရသည်ကို လက်မှိုင်ချနေရုံသာ တတ်နိုင်၏။
ယွမ်ရှောင်၏ လက်ချက်ဖြင့် ရဲတန်းစီ၏တပည့်များ ဆက်တိုက်သေဆုံးနေကာ ရဲတန်းယွမ်၊ ရှဟိုင်နှင့် ကျန်းရယ်တို့သာ ကျန်ရစ်ခဲ့ပြီး ရှဟိုင်မှာ နတ်ပင်လယ် အစောပိုင်းအဆင့် ဖြစ်သည်။
"ပူးပေါင်းကြမယ်"
"ဟုတ်ကဲ့"
ရဲတန်းယွမ်၏ စကားကြောင့် ရှဟိုင်သည် အစွမ်းကုန်ပြေးလာသော်လည်း ခြေလှမ်းအနည်းငယ်မှာပင် ခေါင်းပြတ်သွားကာ မြေပြင်သို့ လဲကျသွား၏။
"ဆရာတူညီလေး"
"ဆရာတူအစ်ကို"
ရဲတန်းယွမ်က ဒေါသထွက်နေပြီး ကျန်းရယ်မှာ မယုံနိုင်ဖြစ်နေကာ သူမ၏ဆရာတူ အစ်ကိုအစ်မများသည် တစ်ဖက်လူ၏လက်ထဲတွင် သိုးများပမာ အသတ်ခံနေရ၏။ ဤသို့ဖြင့် ရဲတန်းစီ၏ တပည့်များကြားတွင် နှစ်ယောက်တည်းသာ ကျန်ရစ်ပြီး ဝမ်ဖုန်း၊ ယွမ်တန်းရီ၊ လန်ရှောင်းတို့နောက်သို့ လေးယောက် ထပ်မံလိုက်ပါသွားခဲ့သည်။ ကြယ်အဆင့်ဓားဝိညာဥ်ကိုယ်စီ ပိုင်ဆိုင်ပြီး အသူရာဓားဂိုဏ်းတွင် ပါရမီရှင်များဖြစ်ကြကာ အခြားတောင်ထိပ်များ၌ ရှားပါးသော်လည်း ရဲတန်းစီက ၁၃ယောက်အထိ စုဆောင်းထားနိုင်ခဲ့သည်။
"ယွမ်ရှောင်က ဘယ်လိုလုပ် ဒီလောက်သန်မာလာတာလဲ"
"ရဲတန်းစီကတော့ သူ့ကိုယ်သူ ဓားနဲ့ ထိုးလိုက်မိပြီ"
ရှန်ကွမ်းယုနှင့် ချန်ခွန်းက အံ့သြစွာ ဆွေးနွေးနေခြင်းဖြစ်သည်။ ဓားအိမ်တော်၏တပည့်များက အော်ဟစ်အားပေးနေကြပြီး အကြီးအကဲများမှာ ဝမ်းသာမျက်ရည်များ စီးကျနေကာ ကျောက်ရန်ရန်ပင် မတည်ငြိမ်နိုင်တော့ပေ။
"ယွမ်ရှောင်ကတော့ သွားပြီ"
ကျန်းကျန့်၏မျက်နှာက သွေးဆုတ်နေသည်။
"ဒီကောင်က ဓားသခင်ရဲ့ တပည့်ခြောက်ယောက်ကို တစ်ယောက်တည်း သတ်ခဲ့တယ်။ အစီအရင်ပြီးသွားရင် အမှတ်တစ်ဓားတောင်က သေချာပေါက် လိုက်သတ်လိမ့်မယ်"
ယုရှန်ကျောက်က ထောက်ခံလိုက်သည်။
"သူက အစီအရင်ပိတ်တဲ့အထိ စောင့်နိုင်မှာ မဟုတ်ဘူး။ ဓားပျံစီးတာက ချီကို အများကြီး ကုန်ခမ်းစေတယ်။ သိပ်မကြာခင် ဓားမြှောင်တွေလက်ချက်နဲ့ သေလိမ့်မယ်"
ကျန်းကျန့်သည် ရဲတန်းစီအပေါ် သစ္စာခံလိုနေသောကြောင့် လှောင်ရယ်လိုက်သည်။ အမှတ်တစ်ဓားတောင်ဘက်တွင် တပည့်ကိုးဆယ်ကျော် ကျန်ရစ်ပြီး ဓားအိမ်တော်က လက်ရှိတွင် ပျော်ရွှင်နေကြသော်လည်း ယွမ်ရှောင်ရှုံးနိမ့်သွားလျှင် ထိခိုက်ရပေလိမ့်မည်။ သို့သော် ယွမ်ရှောင်က စကားသံများကို လုံးဝလျစ်လျူရှုထားပြီး သတ်ဖြတ်ခြင်းကိုသာ အာရုံစိုက်ထားကာ ကျန်ရစ်နေသူများတွင် ရဲတန်းယွမ်နှင့် ကျန်းရယ်နှစ်ယောက်သာ နတ်ပင်လယ်အဆင့်ဖြစ်၍ ကျန်သူများမှာ နဂါးနွေဦးအဆင့်ဖြစ်သောကြောင့် တုန်လှုပ်နေကြသည်။
"လူတစ်ယောက်ရဲ့အင်အားက အကန့်အသတ် ရှိတယ်။ ဒီကောင်က ဓားပျံကို ကြာကြာစီးနိုင်မှာ မဟုတ်တော့ဘူး။ ဒီကောင်ဟန်ပြနေတာကို မကြောက်ကြနဲ့"
ရဲတန်းယွမ်၏စကားကြောင့် အမှတ်တစ်ဓားတောင်၏ တပည့်များမှာ ယုံကြည်ချက် ပြန်လည်မြင့်တက်လာသည်။ ယွမ်ရှောင်၏ ဓားဝိညာဥ် အရောင်ဖျော့လာသောကြောင့် သူတို့၏သတ်ဖြတ်လိုစိတ်ကို မြင့်တက်စေကာ ဓားဝိညာဥ်များ တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တစ်လှမ်းချင်း ချီတက်လာနေကြသည်။ ပရိသတ်များက စိတ်လှုပ်ရှားနေကြပြီး ချီစွမ်းအင်ကုန်သွားလျှင် မည်သို့ဖြစ်ပျက်မည်ကို စောင့်ကြည့်နေကြ၏။ ယွမ်ရှောင်က မြေပြင်သို့ လှပစွာ ဆင်းသက်လိုက်ကြပြီး ဓားပျံမှ ဓားရှည်အဖြစ် ပြောင်းလဲသွားကာ ရန်သူများထံ ချိန်ရွယ်ထားလိုက်သည်။
"ငါ့မှာ စကားတစ်ခွန်းပဲ ပြောစရာရှိတယ်။ ငါ့ကိုသတ်ချင်တဲ့ ဘယ်သူမဆို ကောင်းကောင်းဆိုးဆိုး ငါ အရင်သတ်မယ်။ နောက်ထပ်ခြေတစ်လှမ်းတိုးရင် မင်းတို့တွေ ငရဲရောက်စေရမယ်"
သူ၏စကားသံက အစီအရင်အတွင်း ပဲ့တင်ထပ်သွား၍ အမှတ်တစ်ဓားတောင်၏ တပည့်များထံ သတ်ဖြတ်လိုစိတ်တစ်ခု ခြုံလွှမ်းသွားကာ ဝတ်ရုံဖြူက တဖြတ်ဖြတ်လွင့်နေပြီး နတ်ဆိုးပမာ ဓားသွားထက်တွင် သွေးများစွန်းထင်းနေသည်။
"ဒီကောင်က ဟန်ပြလုပ်နေတာ။ ချီစွမ်းအင် ကုန်နေလောက်ပြီ"
ကျန်းရယ်၏ မက်လုံးကြောင့် လောဘတက်နေသူများက ဂရုမစိုက်ဘဲ ခြေတစ်လှမ်းချင်း ရှေ့တက်လာကြသည်။
"ယွမ်ရှောင် မင်းကများ ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ ငါတို့က သတိပေးရမှာ မဟုတ်ဘူးလား"
"ကောင်းပြီ။ ငါ လေကုန်မခံတော့ဘူး"
ယွမ်ရှောင်က အနက်ရောင်ဆေးငါးလုံးကို ထုတ်ယူလိုက်ပြီး အယောက်တစ်ရာကျော်နှင့် တစ်ယောက် တိုက်ခိုက်ရန်အတွက် ကြိုတင်စီစဥ်ထားခြင်း ဖြစ်သည်။ သူက ကောင်းကင်တာအိုဆေးလုံးများကို သောက်လိုက်ပြီး ဒန်တန်အတွင်း ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ဓားဝိညာဥ်သည်လည်း အလွန်တောက်ပလာခဲ့သည်။
"သေစမ်း"
ရဲတန်းယွမ်က ခဏတာ မင်သက်သွားစဥ် အဆင်အခြင်မဲ့သော လူငယ်များက ဓားကိုယ်စီနှင့် ပြေးဝင်လိုက်ကြသည်။
"သေမျိုးလောကရဲ့ ခရီးသည်
သေရည်တစ်ခွက်နဲ့ ဓားတစ်လက်ရှိရင်
ငါ့လမ်းကြောင်းမှာ ဘယ်သူရှိရှိ သတ်ပစ်ရဲတယ်"
ကဗျာတစ်ပုဒ်ပျံ့လွင့်လာပြီး အညှာအတာမဲ့သော ဓားချက်များအောက်တွင် သွေးများ စွန်းထင်းသွားသောကြောင့် လူသတ်ပွဲကြီးတစ်ခု ဖြစ်တည်လာသည်။ အလောင်းများက မြေပြင်ပေါ်သို့ တဘုန်းဘုန်းလဲကျနေပြီး ချီစွမ်းအင်ပြတ်လပ်သော လက္ခဏာမျိုးမရှိဘဲ အင်မော်တယ်တစ်ယောက်အစား သားသတ်သမားတစ်ယောက်နှင့် ဆင်တူနေ၏။ လွန်ခဲ့သောနှစ်တွင် ကျောက်ရန်ရန်ကို အရှက်ခွဲခဲ့သူများ၏ သွေးများက သူ၏ဝတ်ရုံဖြူတွင် စွန်းထင်းနေကာ နာကျင်စွာအော်သံများကြောင့် ပရိသတ်များသည်ကိုယ်တိုင် နာကျင်နေသယောင် ခံစားလိုက်မိသည်။
အကြီးအကဲများသည်ပင် ကြောက်စိတ်ကြောင့် ဦးရေပြားများ ကျိန်းစပ်နေကာ ဓားအိမ်တော်ဘက်တွင် အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်ကို ယှဥ်နိုင်သော လူငယ်ဓားသမားတစ်ယောက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ သူ၏အစွမ်းက ပရိသတ်များကို မင်သက်သွားစေကာ ကျန်းကျန့်နှင့် ယုရှန်ကျောက်ဆိုလျှင် ကြက်ဥတစ်လုံး ပစ်ထည့်ရလောက်သည်အထိ ပါးစပ်များဟနေကြသည်။
ယွမ်ရှောင်သည် ပြိုင်ဘက်ကင်းလောက်သော ဓားသိုင်းကို ထုတ်ဖော်ကာ များပြားလှသော အလောင်းများအား ကြမ်းကြုတ်စွာ ဖြစ်ပေါ်လာစေသည်။
"ရပ်...ရပ်လိုက်ပါတော့"
နောက်ဆုံးတွင် ကြောက်လန့်လာကြသော အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များ၏ အကြီးအကဲများကို ရဲတန်းစီနှင့် ရောင်မန်ရှယ်က ဦးဆောင်ကာ ဓားချိတ်ပိတ်အစီအရင်ထံ ချီတက်လာကြသည်။ ရာချီသော သိုင်းကွက်များဖြင့် တဘုန်းဘုန်း တိုက်ခိုက်လိုက်သော်လည်း အစီအရင်က ပျက်စီးမသွားပေ။ ရဲတန်းစီသည် သူ၏ဓားဝိညာဥ်ဖြင့် ပြေးခုတ်လိုက်သော်လည်း တန်ပြန်အားကြောင့် လွင့်ထွက်သွားခဲ့သည်။ သတ်ဖြတ်ခံနေရသူများမှာ အမှတ်တစ်ဓားတောင်၏ အထူးချွန်ဆုံး တပည့်များဖြစ်သောကြောင့် အကုန်သေသွားလျှင် အကျိုးဆက်က မသေးပေ။
"လွန်ခဲ့တဲ့နှစ်က ဒီနေရာမှာ ငါ ဖြစ်ခဲ့ပေမယ့် ဝဋ်ကတော့ မနေပါလား ဟား ဟား"
"ရယ်စရာအကောင်းဆုံးက ဓားချိတ်ပိတ်အစီအရင်ကို အသက်သွင်းလိုက်တာက အမှတ်တစ်ဓားသခင် ဖြစ်နေတာပဲ"
အဘိုးချင်က လှောင်ပြောင်ရယ်မောလိုက်ပြီး ကျောက်ရန်ရန်ကလည်း အေးစက်စက် ရေရွတ်လိုက်သည်။
"ဓားသခင်ရဲကတော့ ကိုယ့်ကိုကိုယ် ဓားနဲ့ထိုးမိပြီ"
"ဒီတစ်ကြိမ်တော့ တော်တော်အရှက်ရသွားမှာပဲ"
ပတ်ဝန်းကျင်မှ ကဲ့ရဲ့သံများက ရဲတန်းစီ၏နားအတွင်း ထက်ရှစွာ ဝင်ရောက်လာပြီး ဓားချိတ်ပိတ်အစီအရင်ကို အသက်သွင်းလိုက်သော လုပ်ရပ်မှာ ဟာသတစ်ပုဒ် ဖြစ်နေသည်။
"ဓားသခင်ရဲ မဟာတိုက်ပွဲရလဒ်က ရတနာစံအိမ်အတွက် အရေးကြီးတယ်။ တရားမျှတရမယ်ဆိုတဲ့ ဂုဏ်သတင်းက ရတနာစံအိမ် တည်ထောင်ချိန်တည်းက ရှိခဲ့တာဖြစ်ပြီး အသူရာဓားဂိုဏ်းရဲ့ သိက္ခာလည်း ဖြစ်တယ်။ ဓားရှစ်လက်ပွဲတော်ကို အရေးကြီးဧည့်သည်တွေ အရှေ့မှာ အရှက်ရစရာဖြစ်အောင် မလုပ်ပါနဲ့"
ရတနာစံအိမ်၏ ချန်ခွန်းက လေးနက်သော မျက်နှာထားဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သောအခါ လူ အများ ထောက်ခံနေကြသည်။
"မစိုးရိမ်ကြပါနဲ့။ ရတနာစံအိမ်ရဲ့ ခေါင်းဆောင်က တရားမျှတမှုကို ရှာဖွေပေးမှာပါ။ တကယ်လို့ အသူရာဓားဂိုဏ်းက ညစ်ပတ်ချင်တယ်ဆိုရင် ဘယ်သူက မိတ်ဆွေ ဖြစ်ချင်တော့မှာလဲ"
ဤစကားများက ရဲတန်းစီ၏စိတ်အတွင်း ဓားသွားပမာ ဝင်ရောက်သွားပြီး ဓားချိတ်ပိတ်အစီအရင်ကို ဖျက်ဆီးနိုင်လျှင်ပင် ရတနာစံအိမ်၏ လွှမ်းမိုးမှုကြောင့် လက်ညှိုးများစွာနှင့် အထိုးခံရပေလိမ့်မည်။
"အကြီးအကဲဖန်ကို အကူအညီသွားတောင်း"
သူက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ရောင်မန်ရှယ်ကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"နားလည်ပြီ"
ထိုအချိန်တွင် ဓားချိတ်ပိတ်အစီအရင်အတွင်း၌ အလောင်းများ တောင်လိုပုံနေပြီဖြစ်သည်။
"ယွမ်ရှောင် အခုရပ်လိုက်စမ်း။ မဟုတ်ရင် ဓားအိမ်တော်တစ်ခုလုံး အသက်ရှင်ဖို့ မစဥ်းစားနဲ့"
ရဲတန်းစီ၏ အော်သံက ကျယ်လောင်လွန်းသောကြောင့် အစီအရင်အတွင်းမှပင် ကြားနိုင်ခဲ့သည်။
"ဟား ဟား ဟား"
"အဖေ"
ထိုအချိန်၌ အစီအရင်၏အခြားဘက်တွင် ယွမ်ရှောင်၏လက်အတွင်း ရှိနေသော ရဲတန်းယွမ်ကို မြင်လိုက်ရသောအခါ ကြောက်စိတ်ကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။ ထို့နောက် ယွမ်ရှောင်သည် ရဲတန်းယွမ်၏ နောက်ဆုံးထွက်သက်ကို နိဂုံးချုပ်ပေးလိုက်ပြီး ကြောက်လန့်တုန်လှုပ်နေသော ကျန်းရယ်ကို ဆွဲမလိုက်ပြန်၏။
"ဓားသခင်ရဲ မင်းရဲ့ အမှတ်တစ်ဓားတောင်က ညံ့လှချည်လား။ နောက်ထပ်တစ်ရာလောက် ထပ်လွှတ်လိုက်စမ်းပါ"
ယွမ်ရှောင်၏တည်ငြိမ်မှုက ပရိသတ်များကို ကျောစိမ့်သွားစေပြီး သူက ကျန်းရယ်ကို အနီးကပ် စိုက်ကြည့်လိုက်လေသည်။