ခါးသီးလှသော အမှန်တရား
Vol. 4 Ch. 39
ဓားဝိညာဥ်စမ်းသပ်ခြင်းကြောင့် ကျန်းရယ်က လူအများ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့ပြီး ရဲတန်းစီ၏ ဖေးမမှုဖြင့် အဆင့်လေး ဓားအမွေခံကျောက်ထံ ရောက်ရှိလာသည်။ ၎င်းကို လောကကြီး၏ ချီလေးမျိုးနှင့် ဖန်တီးထားသောကြောင့် အဆင့်နှစ်ကဲ့သို့ စမ်းသပ်ရန် လူနှစ်ယောက် မလိုအပ်ပေ။ ကျန်းကျန့်သည် ယုရှန်ကျောက်ထံမှ ဓားအမွေခံကျောက်ကို ကွဲကြေခဲ့စေသူမှာ ကျန်းရယ်ဖြစ်သည်ဟု အတည်ပြုချက်ရယူလိုက်သည်။ သူတို့၏အမြင်တွင် သူမက တစ်နေ့တွင် သေချာပေါက် အောင်မြင်လာမည် ဖြစ်သော်လည်း ယွမ်ရှောင်က ဓားသိုင်းမည်မျှကျွမ်းကျင်ပါစေ နောက်ကျန်ရစ်နေခဲ့ပေလိမ့်မည်။ ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်ခဲ့သော ဓားဝိညာဥ်ပိုင်ရှင်နှင့်ယှဥ်လျှင် သာမန်လူတစ်ယောက်ဟု ရူးမိုက်စွာ အထင်သေးနေကြသည်။
ကျန်းရယ်သည် ဓားအမွေခံကျောက်ထံ ရောက်သောအခါ ရေခဲလဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်သဖြင့် ပတ်ဝန်းကျင်အပူချိန် ကျဆင်း၍ နှင်းများ ကျလာခဲ့သည်။
"ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို အထင်မသေးသင့်ဘူး။ ဘယ်လောက်ရှုံးနိမ့်ပါစေ အထက်ကို တက်နိုင်သေးတာပဲ"
ဤမြင်ကွင်းက ပရိသတ်များကို အံ့သြမင်သက်သွားစေကာ သူမသည် တိမ်တိုင်းပြည်မှ အင်မော်တယ်လောကအထိ ရောက်လာနိုင်သောကြောင့် စိတ်လှုပ်ရှားနေသည်။ သုံးကြိမ် အရှက်ကွဲခဲ့သော်လည်း ဤတစ်ခေါက်တွင် ကောင်းကင်သို့ တက်နိုင်မည်ဟု ထင်နေခဲ့သည်။
"ရယ်အာ မင်းရဲ့ ဓားဝိညာဥ်ကို စမ်းသပ်ပြီး အသူရာဓားဂိုဏ်းရဲ့ သမိုင်းမှာ မှတ်တမ်းရေးလိုက်စမ်း"
ရဲတန်းစီက အားပေးလိုက်သောအခါ သူမသည် ကိုယ့်ကိုကိုယ် သက်သေပြရန် မစောင့်နိုင်တော့ပေ။ အတိတ်မှ ယွမ်ရှောင်ကို ရဲကုရင်က ဓားတစ်ချက်တည်းဖြင့် သတ်ခဲ့သကဲ့သို့ အစွမ်းမျိုး ရယူနိုင်ပေလိမ့်မည်။ သူမက ကန်းနေသော်လည်း ဓားအမွေခံကျောက်ကို လက်ဖြင့်စမ်းသပ်၍ ဓားဝိညာဥ်အား နေရာလွတ်ထံ မျှော်လင့်တကြီး ထိုးစိုက်လိုက်သည်။ မိုးပြာနဂါး၊ လိပ်နက်၊ ကျားဖြူနှင့် မီးငှက်တို့၏ အရှိန်အဝါက ၎င်းအနားတွင် ရစ်ပတ်လာသည်ကို ခံစားလိုက်ရသောကြောင့် သူမက ပြုံးနေပြီး အားပေးသံများကို မျှော်လင့်နေမိသည်။ သူမက ကောင်းကင်သို့ မော့ကြည့်နေသော်လည်း အမှန်တရားက ခါးသီးလှပြီး တိတ်ဆိတ်နေသောကြောင့် စမ်းသပ်ရန် အချိန်ကြာမြင့်နေခြင်းဟု တွေးမိလိုက်သည်။
"ဆရာ ရလဒ်က ထွက်မလာသေးဘူးလား"
သူမက မမြင်နိုင်သောကြောင့် အခြေအနေအမှန်ကို ရဲတန်းစီထံ မေးလိုက်၏။
"နောက်တစ်ခါ လုပ်စမ်း"
"ငါက နေရာမှားထည့်လိုက်မိတာ ထင်တယ် ဟီး ဟီး"
သူမက ဟန်ဆောင် ရယ်မောလိုက်ပြီး ဓားဝိညာဥ်ကို စမ်းသပ်လိုသော်လည်း အတွေးတစ်ခုကြောင့် လက်များ တုန်ရီနေသည်။ ရဲတန်းစီက သူမ၏ဓားဝိညာဥ်ကို လုယူ၍ နေရာတကျထားလိုက်သော အချိန်တွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"ဆရာ ဒါက လအဆင့်နိမ့်လားဟင်။ ဒီအဆင့်လောက်တော့ မဖြစ်နိုင်ပါဘူး"
သူမက အားတင်း၍ မေးလိုက်သော်လည်း ရဲတန်းစီက အေးစက်စွာ အမိန့်ပေး၍ နောက်တစ်ကြိမ် စမ်းသပ်စေကာ ဒေါသစိတ်များ ရောယှက်နေ၏။ ရဲတန်းယွမ် အသတ်ခံရချိန်တွင်ပင် အေးစက်နေခဲ့သော သူက အမူအရာပျက်ယွင်းနေသဖြင့် သူမက နောက်တစ်ကြိမ် စမ်းသပ်လိုက်သည်။
"ဆရာ ဓားဝိညာဥ်အဆင့်က ဘယ်လောက်လဲ"
သူမ၏လည်ချောင်းအတွင်းမှ စကားလုံးအချို့ ခက်ခဲစွာ ထွက်ကျလာပြီး အဆုံးမဲ့ချောက်နက်ကြီးတစ်ခုအတွင်း ရောက်သွားသည့်ပမာ အသက်ရှူကျပ်နေသည်။ သူမက အမှန်တရားကို မြင်ချင်သော်လည်း စိုးရိမ်စိတ်ကြီးမားနေစဥ် ရုတ်တရက် လွင့်ထွက်သွားကာ အေးစက်စက် မြေပြင်နှင့် မိတ်ဆက်သွားခဲ့၏။ သူမကို ရိုက်ထုတ်လိုက်သူမှာ ရဲတန်းစီ ဖြစ်နေသောကြောင့် အံ့သြနေဆဲတွင် လူအုပ်ကြီးထံမှ အားပေးသံအစား လှောင်ရယ်သံများ အုံးအုံးကျွတ်ကျွတ် ထွက်ပေါ်လာသည်။
"ကြယ်အဆင့်နိမ့် ငါ့လခွမ်း ဟား ဟား"
ဤရယ်သံများက ကျန်းရယ်၏တစ်ကိုယ်လုံးကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ တုန်ရီသွားစေပြီး နားကြားမှားသည်ဟု မှတ်ယူကာ မြေပြင်မှ ကုန်းရုန်းထလိုက်သည်။ ကြယ်အဆင့်နိမ့် ဓားဝိညာဥ်က ပုံမှန်အခြေအနေများတွင် ပါရမီရှင်ဟု မှတ်ယူနိုင်သော်လည်း နတ်ပင်လယ်ဆေးလုံးနှင့် တပည့်တစ်ရာကျော် စတေးခံ၍ ကာကွယ်ပေးခဲ့သည့် အချက်အတွက် မလုံလောက်ပေ။ ထို့အပြင် အကြီးအကဲဖန်သည်လည်း အဆင့်လေး ဓားအမွေခံကျောက်ကို သယ်ဆောင်၍ ဓားပင်လယ်မှ လာရောက်ပေးခဲ့သည် မဟုတ်ပါလော။
"မဖြစ်နိုင်ဘူး။ ငါက ဓားအမွေခံကျောက်ကို ဖျက်ဆီးခဲ့တယ်လေ။ ဘယ်လိုလုပ် ကြယ်အဆင့်နိမ့် ဖြစ်နိုင်မှာလဲ။ ငါက ပြိုင်ဘက်ကင်းပါရမီရှင်ပဲ"
သူမက အရူးတစ်ယောက်ပမာ အသံကုန်အော်ဟစ်နေသော်လည်း ပရိသတ်များမှာ စိတ်ပျက်စွာ စိုက်ကြည့်နေကြသည်။ သူမက အဆင့်အတန်း မြင့်မားချင်ယောင်ဆောင်ခဲ့သော်လည်း ဂိုဏ်း၏သမိုင်းတွင် အရယ်ရဆုံးသော ပြက်လုံးတစ်ခု ဖြစ်လာ၏။
"ဆရာ"
ကျန်းရယ်က ရဲတန်းစီ၏အရှိန်အဝါကို ခံစားမိသောကြောင့် ချဥ်းကပ်သွားကာ ဝတ်ရုံကို အားကိုးတကြီး ဆုပ်ကိုင်လိုက်သည်။
"ထွက်သွားစမ်း"
ရဲတန်းစီကမူ သူမကို အညှာအတာမဲ့စွာ ရိုက်ထုတ်လိုက်သောကြောင့် မြေပြင်နှင့် နောက်တစ်ကြိမ် ထိမှန်သွားပြန်၏။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော်လည်း လှောင်ရယ်သံများက တရစပ်ထွက်ပေါ်လာနေပြီး ရဲတန်းစီ၏ရိုက်ချက်သည် ဒန်တန်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေသောကြောင့် အလွန်နာကျင်နေသည်။ သူမ၏မြင်ကွင်းက မည်းမှောင်နေပြီး မြေပြင်၌ ခွေခွေလေးလဲကျနေကာ ကြယ်အဆင့်တွင် အနိမ့်ဆုံးဓားဝိညာဥ်ဟူသော အမှန်တရားသည် စိတ်ဓာတ်အလွန်ကျသွားစေ၏။ သူမက ကောင်းကင်တွင် ပျံသန်းနေရာမှ မြေပြင်သို့ ရုတ်တရက် ပြုတ်ကျလာပြီး ရဲတန်းစီမှာလည်း လူမြင်ကွင်း၌ အရှက်ကွဲသွားသောကြောင့် ဒေါသတကြီး ဖြစ်နေခဲ့သည်။
"အစ်ကိုရဲ ငါ့ကို ကယ်ပါဦး"
ကျန်းရယ်က နောက်ဆုံးသော အားကိုးရာအဖြစ် ရဲကုရင်ကို တမ်းတလိုက်သော်လည်း ကံဆိုးစွာဖြင့် ဂိုဏ်းအတွင်း ရှိမနေခဲ့သည့်အပြင် တစ်ဖက်လူထင်ထားသကဲ့သို့ ကြယ်အဆင့်မြင့် ဓားဝိညာဥ်ပင် မရှိခဲ့ချေ။ ထိုအချိန်၌ သူမနှင့်အတူ စမ်းသပ်ခဲ့သော ယွမ်ရှောင်အကြောင်း စဥ်းစားလိုက်မိသဖြင့် သွေးများ အန်ထွက်လာခဲ့သည်။ အမှတ်တစ်ဓားတောင် ကျင့်ကြံသူများမှာ မျက်နှာအကြီးအကျယ် ပျက်နေကြပြီး ရုတ်တရက်ဆန်လှသော အပြောင်းအလဲကြောင့် အထိနာနေကြသည်။
"အကျနာတယ်မလား"
ဓားအိမ်တော်၏ ကျင့်ကြံသူများအကြား ရောက်ရှိနေသော ယွမ်ရှောင်၏စကားသံ ထွက်ပေါ်လာသည်။ အမြင့်ရောက်လေလေ အကျနာလေလေဖြစ်ပြီး သူမ၏ဖြစ်ရပ်မှာ သူခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေသည်။
"ဒီလောက်လေးနဲ့ မသေသွားနဲ့ဦး။ မင်းနဲ့ ရဲကုရင်က တိမ်တိုင်းပြည်ရဲ့လူတွေ သေခဲ့ရတဲ့အတွက် ပြန်ပေးဆပ်ရဦးမယ်"
သူက စိတ်ထဲမှ အေးစက်စက် ကြုံးဝါးလိုက်ပြီး မြွေနတ်ဆိုးများကြောင့် သေဆုံးသွားရသူများ၏ မျက်နှာကို မြင်ယောင်နေသည်။
"ငါသိပြီ။ ယွမ်ရှောင် မင်း ငါ့ကို မှတ်မိတယ်မလား။ ကောင်းကင်လမ်းစမ်းသပ်ချက်မှာ မင်းကို ကာကွယ်ပေးခဲ့တယ်နော်"
"မှတ်မိပါတယ်"
အပြောင်းအလဲမြန်လွန်းသော ယုရှန်ကျောက်က ရှေ့တက်လာသော်လည်း ယွမ်ရှောင်သည် တစ်ဖက်လူမှာ ဓားချိတ်ပိတ်အစီအရင်အတွက် ရဲတန်းစီဘက်မှ ထောက်ခံခဲ့ကြောင်း မမေ့ပေ။
"ကျန်းရယ်က ကြယ်အဆင့်နိမ့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ သူနဲ့အတူ စမ်းသပ်ခဲ့တဲ့သူကြောင့် ဓားအမွေခံကျောက် ပျက်စီးသွားတာ ဖြစ်ရမယ်။ မင်းတို့အားလုံးကို အမှန်တရားတစ်ခု ပြောပြမယ်။ အဲ့ဒီစမ်းသပ်သူဟာ ယွမ်ရှောင်ပဲ"
"ဘာ"
ယုရှန်ကျောက်၏ စကားကြောင့် လူတိုင်းမင်သက်သွားကာ ဓားရှစ်လက်ပွဲတော်၌ အစွမ်းပြခဲ့သော ယွမ်ရှောင်မှာ ဓားပညာထူးချွန်သော်လည်း ဓားဝိညာဥ်အားနည်းသည်ဟု အထင်မှားနေကြောင်း နားလည်သွားကြ၏။
"မင်းတို့အားလုံး သံသယဝင်နေကြတယ်လား။ သူက ဓားပညာအစွမ်းထက်ပြီး ဓားအော်ရာ ဒီလောက်ပိုင်ဆိုင်နေရင်တောင် အယောက်တစ်ရာကျော်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ပါ့မလား။ တကယ့် အစစ်အမှန်ပါရမီရှင်က သူပဲ။ ဒါကြောင့် အမှန်တရားကို သိရဖို့အတွက် ယွမ်ရှောင်ရဲ့ဓားဝိညာဥ်ကို စမ်းသပ်ခိုင်းလိုက်ပါ"
ယုရှန်ကျောက်၏အသံ ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ လူတိုင်း အတွေးနက်သွားကြပြီး သွေးများစွန်းထင်းနေသော လူငယ်လေးထံ အကြည့်ရောက်ကုန်သည်။
"ငါ မှားခဲ့တာအတွက် တောင်းပန်ပါတယ်။ မင်းရဲ့ဓားဝိညာဥ် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မမြင်နိုင်ခဲ့ဘူး"
ယုရှန်ကျောက်က အရှက်ပြေရယ်မော၍ တောင်းပန်လိုက်သော်လည်း ယွမ်ရှောင်က အေးစက်စက်ပြုံးနေပြီး လေယူရာယိမ်းတတ်သော သဘာဝကို တွေးနေမိသည်။
"တိတ်စမ်း။ ဒီဓားအမွေခံကျောက်ကို အကြီးအကဲဖန် ယူလာတာပဲ။ ဒါကြောင့် စိတ်ထင်တိုင်း စမ်းသပ်ခွင့် မရှိဘူး"
ရဲတန်းစီက ဒေါကြီးမာန်ကြီးဖြင့် ခြိမ်းခြောက်လိုက်သော်လည်း ယုရှန်ကျောက်က ကြောက်လန့်မနေခဲ့ပေ။
"ဘာလဲ ယွမ်ရှောင်ကို ဓားပင်လယ်က မျက်စိကျသွားမှာ စိုးရိမ်နေတာမလား"
အမှတ်တစ်ဓားတောင်၏ ကျင့်ကြံသူများက အဆင့်လေး ဓားအမွေခံကျောက်ကို စောင့်ကြပ်နေကြပြီး ယွမ်ရှောင်အား စမ်းသပ်ခွင့်မပေးလိုကြပေ။ ထိုအချိန်၌ အကြီးအကဲဖန်က ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသောကြောင့် မည်သို့ကြံစည်နေကြောင်း တွေးမရပေ။
"သူက ရဲတန်းစီကို ကူညီပြီး ယွမ်ရှောင်ကို သတ်တော့မှာလား"
ပရိသတ်များ၏စိတ်များ တင်းကြပ်သွားကာ တစ်ဖက်လူသည် ကျန်းရယ်ကို ကယ်တင်ရန်အတွက် ဓားချိတ်ပိတ်အစီအရင်ကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလော။
"အကြီးအကဲဖန်"
ရဲတန်းစီက အားကိုးတကြီး ခေါ်လိုက်သော်လည်း သူက လက်ကာပြလိုက်ပြီး ယွမ်ရှောင်ကိုသာ အာရုံစိုက်နေခဲ့၏။
"မိတ်ဆွေလေး မင်းရဲ့ ဓားဝိညာဥ်ကို ဒီအဘိုးကြီး ကူညီပြီး စမ်းသပ်ပေးရမလား"
ဤစကားသံကြောင့် ရဲတန်းစီနှင့် ရောင်မန်ရှယ်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ရီသွားကာ စိတ်ထဲတွင် တုန်လှုပ်သွားကြလေသည်။