ရဲကုရင်၏သတင်း
Vol. 4 Ch. 40
ကျန်းရယ်သည် အကြီးအကဲဖန်၏ လုပ်ရပ်ကြောင့် သွေးများ အန်ထွက်လာကာ ယွမ်ရှောင်၏ဓားဝိညာဥ် မည်သည့်အဆင့်ဖြစ်ကြောင်း လူတိုင်း သိချင်စိတ် ဖြစ်ပေါ်လာကြ၏။ ယွမ်ရှောင်၏ သွေးစွန်းနေသော ဝတ်ရုံက တောက်ပနေပြီး အကြီးအကဲဖန်က ထပ်မံမေးမြန်းလိုက်သော်လည်း ယွမ်ရှောင်က ခေါင်းယမ်းပြလိုက်သည်။
"ဘယ်လိုသဘောရလဲ မိတ်ဆွေလေး"
"အကြီးအကဲဖန် မဟာတိုက်ပွဲ မပြီးသေးဘူးဆိုတော့ ကျုပ်က နောက်ဆုံးအဆင့်အထိ တိုက်ခိုက်ချင်တယ်။ ဒီကိစ္စကို နောက်မှ စမ်းသပ်ရအောင်"
"ဟုတ်သားပဲ။ ကျုပ်က မင်းရဲ့ပါရမီကြောင့် အသိစိတ်လွတ်သွားတယ်။ ရှက်စရာပါပဲ။ ဒါဆိုရင် မဟာတိုက်ပွဲကို ဆက်ကျင်းပကြရအောင်"
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်သည် အသန်မာဆုံးသော အမှတ်တစ်ဓားတောင်ကို တစ်ကိုယ်တော် အနိုင်ယူခဲ့သောကြောင့် အသူရာဆေးအိုးကို ဓားအိမ်တော်မှ ရယူသွားနိုင်မည့် အချက်က သံသယဝင်စရာမရှိချေ။ ကျန်းရယ်က စိတ်ရောလူပါ ဖျက်ဆီးခံလိုက်ရပြီး ရဲတန်းစီက အရှက်ရသွားသောကြောင့် မျက်နှာထားစရာ မရှိတော့ပေ။
"မဟာတိုက်ပွဲ ဆက်ကျင်းပမယ်"
မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသော ရောင်မန်ရှယ်က ငြင်းဆန်နိုင်စွမ်း မရှိသောကြောင့် ကြေညာလိုက်ရသည်။
"အကြီးအကဲဖန် ရဲကုရင်က..."
ပွဲကြည့်စင်သို့ ပြန်ရောက်လာသော အကြီးအကဲဖန်အနားသို့ ရဲတန်းစီက ချဥ်းကပ်ရန် ကြိုးစားလိုက်သည်။
"ယွမ်ရှောင်ရဲ့ ဓားဝိညာဥ် စမ်းသပ်ပြီးမှ စကားဆက်ပြောမယ်"
"ဟုတ်ကဲ့"
သို့သော် တုံ့ပြန်လာသည်မှာ အေးစက်စက် စကားတစ်ခွန်းသာ ဖြစ်သောကြောင့် သူက ခေါင်းငုံ့နေခဲ့ရသည်။ မဟာတိုက်ပွဲ ဆက်လက်ကျင်းပ၍ တောင်ရှစ်လုံးက သက်ဆိုင်ရာအဆင့်တိုင်းအတွက် တိုက်ခိုက်နေကြသော်လည်း ယွမ်ရှောင်၏အစွမ်းပြမှုကို မကျော်လွန်နိုင်ခဲ့ပေ။ နောက်တစ်ဆင့်တွင် ဓားအိမ်တော်နှင့် အမှတ်ခြောက် ဓားတောင်တို့ ရင်ဆိုင်ရသော်လည်း သူတို့က အရှုံးပေးလိုက်ကြသဖြင့် ဂိုဏ်းသမိုင်းတွင် မကြုံစဖူး အဖြစ်တစ်ခုပင်။ အော်ဟစ်အားပေးသံများက ယွမ်ရှောင်အတွက် ကျယ်လောင်စွာ ထွက်ပေါ်နေစဥ် ထောင့်တစ်နေရာတွင် မျက်လုံးကန်းနေသည့် ကျန်းရယ်မှာ စွန့်ပစ်ခံထားရသည်။ ဤအသံများက သူမ၏နှလုံးသားကို ဓားဖြင့် ထိုးစိုက်နေသယောင် နာကျင်စေပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပင် ဖြစ်ပေါ်လာသည်။ သို့သော် သူမက ရေခဲလဓားဝိညာဥ်ကို လည်ပင်းထက်တွင် ထားလိုက်သော်လည်း အမှန်တကယ် သေရဲသော သတ္တိ မရှိပေ။ ထိုအချိန်၌ လရောင်ကဲ့သို့ သိမ်မွေ့သော အရှိန်အဝါတစ်ခုနှင့် မွှေးပျံ့သော ရနံ့က သူမထံ ရောက်ရှိလာသောကြောင့် သူမက မေးခွန်းထုတ်လိုက်မိသည်။
"ဘယ်သူလဲ"
"ကျန်းရယ် ငါက လနတ်သမီးပါ။ ငါတို့က လမ်းကြောင်းချင်း တူညီတယ်"
နူးညံ့သော လက်တစ်ဖက်က သူမ၏မျက်နှာကို ပွတ်သပ်ထိတွေ့လာပြီး ကြည်လင်ချိုသာသော စကားသံတစ်ခုက နွေဦးစမ်းရေစီးသံအလား ထွက်ပေါ်လာ၏။ သူမက ရဲတန်းစီ ဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက်ဖြစ်ကာ သရုပ်မှန်ကို မသိရသော ဆန်းကျယ်သူတစ်ယောက် ဖြစ်၏။
"မင်းရဲ့ နာကျည်းစိတ်ကို ငါ ခံစားမိတယ်။ ဒါက သေကာနီး ပန်းတစ်ပွင့်လိုမျိုး လှပတယ်။ ဒီနေ့ည ငါ့ကို မြူခိုးတောင်ကြားမှာ လာတွေ့ပါ။ မင်းရဲ့ မျက်လုံးတွေကို ကုသပေးမယ်"
လနတ်သမီးက တီးတိုးပြောလိုက်ပြီး ကျန်းရယ်မှာ မျောလွင့်နေသယောင် ခံစားလိုက်ရ၍ ထူးဆန်းသော လွှမ်းမိုးမှုအောက်တွင် ဒေါသစိတ်တစ်ခု ပေါက်ဖွားလာသည်။
"ဟင့်အင်။ ငါ နင့်ကို မသိဘူး။ ဆရာက ငါ့ကို ကုသပေးလိမ့်မယ်"
"မင်းရဲ့ဆရာအတွက် မင်းက အရှက်ရစရာပဲ။ မင်းကို စွန့်ပစ်လိုက်ပြီဆိုတာ သဘောမပေါက်သေးဘူးလား"
လနတ်သမီး၏ရယ်သံက သူမကို အမှန်တရားအား သိရှိသွားစေကာ စိတ်အတွင်း၌ နောင်တနှင့် အရှက်ရမှုများ ဖြစ်ပေါ်လာ၏။ ရက်စက်သော အဖြစ်က သူမကို ချောက်နက်ကြီးအတွင်း ကျဆင်းသွားစေကာ ယွမ်ရှောင်ကို အနိုင်ယူလိုသော လက်စားချေချင်စိတ်ကြောင့် မြင်ကွင်းတစ်ခုကို မြင်ယောင်နေသည်။ သူမ၏အမြင်အာရုံက မည်းမှောင်နေသော်လည်း ဤအဖြစ်ဆိုးမှ ရုန်းထွက်လိုသော စိတ်က မီးတောက်တစ်ခုပမာ တောက်လောင်လာခဲ့၏။
"ယောကျ်ားတွေအားလုံး ငါ့ရှေ့မှာ ဒူးထောက်တာကို လိုချင်တယ်"
သူမ၏မျက်နှာက ဒေါသကြောင့် အလွန်အရုပ်ဆိုးနေပြီး ကြမ်းကြုတ်စွာ ရေရွတ်လိုက်သည်။
"ဒါဆိုရင် ငါ့ကို လာရှာသင့်တယ်"
လနတ်သမီးက နောက်ဆုံးစကား ချန်ရစ်ပြီး ထွက်ခွာသွားသောအခါ ကျန်းရယ်အနားတွင် ကိုယ်သင်းနံ့တစ်ခုသာ ကျန်ရစ်ခဲ့၏။ သူမက မည်မျှကြိုးစားပါစေ၊ အရာရာကို မေ့လျော့သွားပြီး မြူခိုးတောင်ကြားဟူသော နေရာတစ်ခုအကြောင်းသာ မှတ်မိပေသည်။
"သုံးနှစ်အကြာမှာ ဓားအိမ်တော်က မဟာတိုက်ပွဲကို အနိုင်ရခဲ့ပြီ"
"ယွမ်ရှောင်တစ်ယောက်တည်းကို ဓားတောင်ခုနစ်ခုလုံး လက်နက်ချခဲ့ရတယ်ဆိုတော့ အသူရာဂိုဏ်းရဲ့ သမိုင်းအသစ် ဖြစ်လာတယ်"
ဆွေးနွေးပွဲတောင်ထိပ်တွင် အားပေးသံများ ထွက်ပေါ်နေကာ ဓားအိမ်တော်သည် အခြားဓားတောင်များကို အနိုင်ယူ၍ အဆင့်တစ်နေရာယူခဲ့ပြီး အမှတ်နှစ်ဓားတောင်က အဆင့်နှစ်နှင့် အမှတ်ငါး ဓားတောင်က အဆင့်သုံး အသီးသီး ရယူနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဂိုဏ်း၏အရင်းအမြစ်များ ဖြစ်ကြသော စိတ်ကျောက်တုံးမိုင်းများ၊ ဆေးပင်များ၊ နတ်ဆိုးအရိုးများနှင့် အသူရာဆေးအိုးကို ဓားအိမ်တော်က ရယူနိုင်ခဲ့၏။
"ဘိုးဘေးတို့ ယွမ်ရှောင်က ဓားအိမ်တော်ရဲ့ အရှက်ရမှုတွေအတွက် လက်စားချေပြီး အသူရာဆေးအိုးကို ပြန်ယူပေးနိုင်ခဲ့ပါပြီ"
အဘိုးချင်က ဓားအိမ်တော်ဘက်လှည့်ကာ ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွေတ်နေသည်။ ကျောက်ရန်ရန်က လူအုပ်အတွင်း တည်ငြိမ်စွာ ရှိနေသော်လည်း မျက်ဝန်းလေးများ တောက်ပနေသောကြောင့် ပျော်ရွှင်နေကြောင်း သိသာ၏။
"အစ်မကျောက် သေရည်ရှိသေးလား"
"ဒီနေ့ည လာခဲ့"
"အစ်မကျောက်တော့ ချမ်းသာပြီ။ ဟိုဖက်တီးတော့ အများကြီး လျော်ရတော့မယ်"
ယွမ်ရှောင်၏အမေးကို သူမက အပြုံးလေးနှင့် တုံ့ပြန်လိုက်ပြီး ရတနာစံအိမ်မှ လောင်းကြေးများစွာ အနိုင်ရပေလိမ့်မည်။ မဟာတိုက်ပွဲ ပြီးဆုံးသွားသောအခါ ယွမ်ရှောင်၏ခွန်အားသည် မြင်ရသူတိုင်းကို အံ့သြစေခဲ့ပြီး ထူးခြားမှုကို မျက်မြင်တွေ့လိုနေကြသည်။
"ယွမ်ရှောင် ဓားဝိညာဥ်ကို စမ်းသပ်ပေးပါ"
ထောင်ချီသော ဓားသမားများက ရုတ်တရက် တောင်းဆိုလိုက်ကြပြီး ဤအဖြစ်မျိုး သမိုင်းတွင် မရှိခဲ့ဖူးပေ။
"ယွမ်ရှောင် ပါရမီရှင်လေး ငါတို့ကို အမြင်ကျယ်အောင် လုပ်ပေးပါ"
ယွမ်ရှောင်သည် အဆင့်လေး ဓားအမွေခံကျောက်ထံ အကြည့်ရောက်သွားသောအခါ အကြီးအကဲဖန်က စမ်းသပ်ပေးရန် နေရာယူထားပြီးဖြစ်သည်။ ဓားသမားများစွာက ပြိုင်တူရွေ့လျားကာ သူ့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်သည်။ သူက ပါရမီရှင်အစစ်အမှန် ဖြစ်သောကြောင့် ဓားဝိညာဥ်ကို စမ်းသပ်ရန် ကြောက်လန့်နေစရာ မလိုချေ။ သူက မျက်လုံးပေါင်းများစွာ ရှေ့မှောက်တွင် ရှေ့တက်လိုက်ပြီး အကြီးအကဲဖန်က ကြိုဆိုရင်း မိတ်ဆက်လိုက်သည်။
"လူငယ်တွေထဲကနေ သူရဲကောင်းတွေ အမှန်တကယ် ပေါက်ဖွားလာတယ်။ ကျင့်ကြံရေးလောကမှာ နဂါးတစ်ကောင် ဖြစ်လာမယ့် မင်းအတွက် ငါ ဖန်ကျင်းက လမ်းပြအဖြစ် ဆောင်ရွက်ပေးပါရစေ"
"ဓားဝိညာဥ်ကို စမ်းသပ်ပြီး အဆင့်မြင့်နေရင် ငါက ဒီကောင်တွေကို ဖိနှိပ်ဖို့ အာဏာရလာလိမ့်မယ်"
ယွမ်ရှောင်က ဓားအမွေခံကျောက်ရှေ့တွင် တည်ငြိမ်စွာ ရပ်လိုက်ပြီး သူ၏အစွမ်းကို ထုတ်ဖော်ပြသ၍ ရန်သူများအား ဒူးထောက်ခိုင်းရပေလိမ့်မည်။ သူက ဓားဝိညာဥ်ကို ဆင့်ခေါ်ကာနီးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ဖန်ကျင်းသည် ကျယ်လောင်စွာ ကြေညာလိုက်သည်။
"လောကကြီးကို ကိုင်လှုပ်မယ့် ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းကို ပြသပေးပါ"
သူ၏အသံက တောင်ထိပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသော်လည်း အလင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်း၍ ရောက်ရှိလာပြီး ဘုန်းခနဲမြည်သံမှာ တိတ်ဆိတ်မှုအား ဖြိုခွင်းသွားလေသည်။