← Chapters

ရဲကုရင်၏သတင်း ၂

Vol. 4 Ch. 41

ရဲကုရင်၏သတင်း ၂

Vol. 4 Ch. 41

"ဓားပင်လယ်က သတင်း"

ဤစကားသံက ယွမ်ရှောင်၏ အရှိန်အဟုန်ကို ဖျက်ဆီးလိုက်ပြီး ပုံရိပ်လေးခုက လူအုပ်အတွင်း ထီမထင်ဟန်ဖြင့် ဆင်းသက်လာကြသောကြောင့် ကွက်လပ်တစ်ခု ဖြစ်ပေါ်လာသည်။ ခေါင်းဆောင်လာသူမှာ ဆံပင်ကို စည်းထားသော မိန်းမတစ်ယောက်ဖြစ်ကာ ခရမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်အရွယ်ခန့် ဖြစ်သည်။

"ကျိရန်"

"အဖေ ဘာတွေဖြစ်နေတာလဲ"

သူမက ရဲတန်းစီ၏ အကြီးဆုံးသမီးနှင့် ပထမတပည့် ရဲကျိရန်ဖြစ်ကာ ဂိုဏ်းအတွင်း၌ ရဲကုရင်နှင့် ကျောက်ရန်ရန်ပြီးလျှင် လွှမ်းမိုးနိုင်သူတစ်ယောက် ဖြစ်သည်။

"မင်းတို့အားလုံး ဘေးဖယ်ပေးကြစမ်း"

ဖန်ကျင်းက စိတ်ပျက်သော အမူအရာဖြင့် မောင်းထုတ်လိုက်သည်။

"အကြီးအကဲဖန် ရဲကုရင်က ဓားပင်လယ်ကို ဗြောင်းဆန်အောင် လုပ်နိုင်ခဲ့တယ်"

"ဟာသပဲ။ ဘာကိစ္စဖြစ်ဖြစ် ကြယ်တာရာအဆင့် ဓားဝိညာဥ်တစ်ခု ထွက်ပေါ်လာတာလောက် အရေးကြီးလို့လား"

"အကြီးအကဲဖန် ကျေးဇူးပြုပြီး ကျိရန်ကို ပြောခွင့်ပေးလိုက်ပါ"

ရဲတန်းစီက ဝင်ရောက်တောင်းဆိုပေးလိုက်ပြီး ရဲကျိယွမ်သည်လည်း သတင်းသုံးခု အကြောင်းကြားလျှင် ဖန်ကျင်းအနေဖြင့် ရဲကုရင်ကို အရိုအသေပေးမိပေလိမ့်မည်ဟု ပြောဆိုနေသည်။ သူမ၏ ယုံကြည်မှုရှိလွန်းသော ပုံစံကြောင့် ဖန်ကျင်းက ခွင့်ပြုပေးလိုက်သောအခါ ပထမဆုံးသတင်းအနေဖြင့် ရဲကုရင်သည် အဆင့်တစ်ဆယ် အသူရာဝိညာဥ်ကို ပိုင်ဆိုင်၍ ဓားဝိညာဥ်က ကြယ်တာရာအလယ်အဆင့်သို့ ပြောင်းလဲသွားကြောင်း ဖြစ်သည်။

"သူက ဓားဝိညာဥ်အဆင့် ပြောင်းလဲသွားတာလား"

"ကြယ်တာရာ အလယ်အဆင့်က ဓားပင်လယ်မှာတောင် အထင်ကြီးစရာပဲ"

ပရိသတ်များမှာ အံ့သြတကြီးဖြင့် ရဲကျိရန် ဆက်ပြောလာမည့် သတင်းများကို စောင့်ကြိုနေကြသည်။

"ကုရင်က ငါတို့ထင်ထားတာထက် ပိုပြီးထူးချွန်တာပဲ"

အမြဲတမ်း စိတ်မပျက်စေခဲ့သော တပည့်ဖြစ်သူကြောင့် ရဲတန်းစီသည် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေသည်။ ဖန်ကျင်းသည်လည်း ယွမ်ရှောင်ကို ကျောပေး၍ ဆက်ပြောရန် အမိန့်ပေးလိုက်သောအခါ ရဲကုရင်၏ဒန်တန်သည် သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီး အမွှာဒန်တန်အဖြစ်မှ နဂါးကိုးကောင်ဒန်တန် တာအိုမျိုးစေ့အဖြစ် တိုးတက်သွားကြောင်း သိလိုက်ရ၏။

"တာအိုမျိုးစေ့နဲ့ နဂါးကိုးကောင် ဒန်တန် ကုရင်ရဲ့ဒန်တန်က ကျင့်ကြံခြင်းလောကမှာ ကြောက်စရာအကောင်းဆုံး ပါရမီ ဖြစ်တယ်"

ဤအဆင့်က ပရိသတ်များကို အုတ်အော်သောင်းတင်းဖြစ်သွားစေကာ ရဲတန်းစီသည် ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များ ထွက်ကျအောင် ရယ်မောနေခဲ့သည်။

"ဒါပေါ့။ ရဲကုရင်က အစွမ်းထက်လို့ ငါက ဓားပင်လယ်နဲ့ မိတ်ဆက်ပေးလိုက်တာပဲ။ သူက ကြိုးစားလွန်းလို့ မျိုးဆက်သွေး နိုးထလာတာ ဖြစ်မယ်"

ဖန်ကျင်းကလည်း အနားသို့ ချဥ်းကပ်လာကာ ဖားယားလိုက်သည်။

"ကြယ်ပြာ ဘာတွေဖြစ်ကုန်တာလဲ"

"မင်းတော့ ရွှေတုံးပိုက်မိပြီ"

"ဘာကို ပြောချင်တာလဲ"

"ဒီကောင်က အင်မော်တယ်မိုးကနေ ငါတို့ထင်ထားတာထက် ပိုရခဲ့လိမ့်မယ်။ သူက အကန့်အသတ်ရောက်အောင် ကြိုးစားလိုက်တော့ အလားအလာထိပ်ဆုံးကို ရောက်သွားတယ်"

ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲများကြောင့် ယွမ်ရှောင်သည် သားရဲလေးနှင့် ဆက်သွယ်ကာ အကြောင်းအရင်းကို မေးမြန်းလိုက်၏။ မူလတွင် ရဲကုရင်သည် ကြယ်အဆင့် ဓားဝိညာဥ်ကိုသာ ပိုင်ဆိုင်ထားသော်လည်း သွေးမျိုးဆက် နိုးထလာသောအခါ လအဆင့်ကို ကျော်ဖြတ်၍ ကြယ်တာရာအဆင့်အထိ ရောက်သွားရသည့် အကြောင်းအရင်းမှာ အင်မော်တယ်မျိုးစေ့ကို စုပ်ယူမိသောကြောင့် ဖြစ်သည်။

"နဂါးကိုးကောင်ဒန်တန်က ဒီလောက်အစွမ်းထက်သလား"

"မင်းက ဒီကောင်ရဲ့ဒန်တန်ကို ဝါးမျိုလိုက်ရင် ရှေးဟောင်းဟင်းလင်းပြင်ကိုးခုအထိ ပိုင်ဆိုင်နိုင်လိမ့်မယ်"

"ဒါပေမယ့် ဒီကောင် ပိုအစွမ်းထက်လာရင် လုပ်ရကိုင်ရခက်ခဲတော့မှာပဲ"

ယွမ်ရှောင်က အတွေးနက်နေစဥ် အမှတ်တစ်ဓားတောင်၏ တပည့်များက အောင်ပွဲခံလိုက်ကြသည်။

"ကျိရန် တတိယမြောက်သတင်းက ဘာလဲ"

ဖန်ကျင်း၏လေသံက အလွန်တရာ ချိုသာနေသည်။ သတင်းနှစ်ခုကပင် တုန်လှုပ်စရာ ကောင်းလွန်းနေသောကြောင့် နောက်ဆုံးသတင်းမှာ ပို၍ကြောက်စရာကောင်းပေလိမ့်မည်။

"ရှေးဟောင်းမျှော်စင်က ရဲကုရင်အတွက် ကောင်းကင်ဂိတ်ကို ဖွင့်ပေးခဲ့ပြီး ဂိုဏ်းဝင်တစ်ယောက်အဖြစ် လက်ခံပေးခဲ့တယ်"

ရဲကျိရန်က ဤသို့ကြေညာလိုက်သောအခါ အံ့သြလွန်းသဖြင့် ပရိသတ်များ အသက်ရှူရပင် ခက်ခဲကုန်သည်။ ရှေးဟောင်းမျှော်စင်ဆိုသော အရာက ဓားအိမ်တော်၏ ကျင့်ကြံသူများကို သွေးဆုတ်သွားစေကာ ရဲတန်းစီနှင့် ရောင်မန်ရှယ်က အပျော်လုံးဆို့နေကြ၏။

"ကျိရန် ရှေးဟောင်းမျှော်စင်လို့ ပြောလိုက်တာလား"

"ဟုတ်ပါတယ်"

"ဒီနေရာမှာ ဆယ်ရက်လောက် ကျင့်ကြံလိုက်ရင်တောင် ကျောက်ကျန်ရှင်းထက် သာလွန်သွားလိမ့်မယ်"

ရဲတန်းစီက မယုံနိုင်ဟန်ဖြင့် မေးလိုက်ပြီး အတည်ပြုချက်ရသောအခါ တဟားဟား ရယ်မောလိုက်ပြန်ပြီး အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များ၏ ကျင့်ကြံသူများလည်း ရယ်မောလာကြသည်။

"လုပ်တာကောင်းတယ်။ ဓားပင်လယ်ကို ငါမိတ်ဆက်ပေးခဲ့တာ မမှားဘူး။ အသူရာဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ရဲကုရင်ကြောင့် မြင့်တက်လာခဲ့ပြီ"

ဖန်ကျင်းက သူ၏ချီးကျူးစကားကို လူတိုင်း ကြားနိုင်စေရန် အသံကို မြှင့်လိုက်သည်။

"ဓားဘုရင်ရဲက လူတွေကြားမှာ နဂါးတစ်ကောင်ပဲ"

အပြောင်းအလဲမြန်လွန်းသော ယုရှန်ကျောက်သည် ယွမ်ရှောင်အနားမှ ချက်ချင်းထွက်ခွာ၍ အော်ဟစ်ချီးကျူးနေသကဲ့သို့ ကျန်းကျန့်ကလည်း ဝင်ပြောလိုက်သည်။

"ဓားပင်လယ်ကနေ ရှေးဟောင်းမျှော်စင်ကို ဝင်နိုင်တဲ့ လူက ဘယ်လိုလုပ် သာမန်ဖြစ်ရမှာလဲ"

ယွမ်ရှောင်သည် ဤဖြစ်ရပ်ကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး ရဲကုရင်၏သတင်းစကားကြောင့် ပရိသတ်များ၏ရင်ထဲတွင် ပုံရိပ်တစ်ခုကို မြင်ယောင်နေကြသည်။

"ဓားဘုရင်ရဲကို ဂိုဏ်းချုပ်အဖြစ် တင်မြှောက်လိုက်ရင် ရှေးဟောင်းမျှော်စင်က ငါတို့ကို မျက်နှာသာပေးလိမ့်မယ်"

ကျောက်ကျန်ရှင်း အသက်ရှင်လျက် ရှိနေသေးသော်လည်း မည်သူမှ ယုရှန်ကျောက်၏ ရဲတင်းလွန်းသော စကားကို မကန့်ကွက်ခဲ့ကြပေ။

"အကြီးအကဲဖန် ဓားအိမ်တော်ရဲ့ ပါရမီရှင်ကို ဓားဝိညာဥ် စမ်းသပ်ပေးလိုက်ပါဦး။ ဒီကောင်လေးသာ ဒေါသထွက်လာရင် ကျုပ်ကိုသတ်ပစ်မှာ စိုးရိမ်ရတယ်။ သူက အဆင့်လေး ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်လောက်တယ်။ တကယ်လို့ ဓားဝိညာဥ်အဆင့်က ကြယ်တာရာအဆင့်ထက် ကျော်လွန်နေရင် ရဲကုရင်ထက်တောင် ပိုပြီးမြင့်မားလာနိုင်တယ်"

ရဲတန်းစီက လှောင်ပြုံးတစ်ချက်နှင့် တိုက်တွန်းလိုက်ပြီး လူအများကလည်း လှောင်ရယ်နေကြသည်။

"ယွမ်ရှောင် သူတို့ကို ပြလိုက်စမ်းပါ"

ကျင့်ကြံရေးလမ်းကြောင်းတွင် ဖြတ်လမ်းတစ်ခုကို ရှာတွေ့ထားသည့် ယွမ်ရှောင်က အစိုးရိမ်ကင်းနေသော်လည်း အဘိုးချင်က သည်းမခံနိုင်ဟန်ဖြင့် တိုက်တွန်းလိုက်သည်။

"ရဲကုရင်နဲ့ ပြိုင်လိုက်စမ်း"

"ဒီကောင်ကများ သူ့ကိုယ်သူ အစ်ကိုရဲနဲ့ ယှဥ်နိုင်မယ် ထင်နေတာလား"

ချိုက်မြောင်၏ အားပေးစကားကို မျက်လုံးကန်းနေသော်လည်း ရဲကုရင်ကြောင့် ပြန်လည်မောက်မာလာသော ကျန်းရယ်က နှာခေါင်းရှုံ့လိုက်သည်။ အကြည့်ပေါင်းများစွာသည် ယွမ်ရှောင်ထံ ကျရောက်လာပြီး သူက ကောင်းကင်သင်္ချိုင်းကို ဆင့်ခေါ်လိုက်စဥ် ဖန်ကျင်းက ရုတ်တရက် လှုပ်ရှားလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူက အဆင့်လေး ဓားအမွေခံကျောက်ကို သိုလှောင်အိတ်အတွင်း လျင်မြန်စွာ သိမ်းယူလိုက်ပြီး ယွမ်ရှောင်၏မျက်နှာကို မင်သက်သွားစေသည်။

"လူတိုင်း ဒီရတနာကို ငါက ငှားရမ်းလာတာ ဖြစ်တယ်။ ကံဆိုးစွာနဲ့ အချိန်ပြည့်သွားပြီဆိုတော့ အသုံးပြုဖို့ မသင့်တော်ဘူး။ ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်ကြောင့် အဆင့်နှစ် ဓားအမွေခံကျောက် ပျက်စီးသွားတာ မဖြစ်နိုင်ပါဘူး။ သူ့ဘာသာ အမှားလုပ်မိတာနေမယ်"

ဖန်ကျင်းသည် အရှက်မဲ့စွာဖြင့် ပြောဆိုလိုက်သော်လည်း မည်သူမှ အသံတစ်ချက် ထွက်မလာခဲ့ပေ။

"ဒါပေါ့။ အသူရာဓားဂိုဏ်းရဲ့ ဓားအမွေခံကျောက်က နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ ပျက်စီးနေတာပဲ"

ရဲတန်းစီက ဝင်ရောက်ထောက်ခံလိုက်ပြီး ဖန်ကျင်းနှင့်အတူ တဟားဟား ရယ်မောပျော်ရွှင်နေသည်။

"ငါ့ဓားဝိညာဥ်ကို နောက်တစ်ကြိမ် စမ်းသပ်ခိုင်းရင် လည်ချောင်းထဲကို ထိုးထည့်ပေးလိုက်မယ်"

ယွမ်ရှောင်သည် ဆွံ့အနေသော်လည်း ဒေါသစိတ်အစား လက်စားချေလိုစိတ်သာ ဖြစ်ပေါ်နေသည်။ ဖန်ကျင်းက သူ့ကို အရူးတစ်ယောက်ပမာ ဆက်ဆံခဲ့သောကြောင့် အံကြိတ်လိုက်ပြီး ဓားတစ်လက်ပမာ အကြည့်များ ထက်ရှနေ၏။ ဓားရှစ်လက်ပွဲတော် ပြီးဆုံးသွားပြီး ဓားအိမ်တော်နှင့် ယွမ်ရှောင်က လိုအပ်သော ရလဒ်ကို အရယူနိုင်ခဲ့သော်လည်း ရဲကုရင်သာ ပြန်ရောက်လာလျှင် အခြေအနေ ဆိုးသွားနိုင်ပေသည်။ ဓားအိမ်တော်က ယနေ့တွင် အနိုင်ရခဲ့သော်လည်း အသူရာဆေးအိုးကို ရက်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်မည်မဟုတ်ဟု အများက ထင်မြင်နေကြသည်။ ယွမ်ရှောင်က အချိန်မှား၍ ထွက်ပေါ်လာသည်ဟု လူတိုင်းက မှတ်ချက်ပေးနေစဥ် အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာ၏။

"နင်က ယွမ်ရှောင်လား"

ပြောလိုက်သူမှာ ရဲကျိရန်ဖြစ်ပြီး ယွမ်ရှောင်ကို မျက်နှာချင်းဆိုင်ရပ်လိုက်၏။

"ရဲကုရင်က နင့်ကို တိမ်တိုင်းပြည်ဆိုတဲ့ စကားတစ်ခွန်း ပြောလိုက်တယ်"

ဤသတင်းစကားက သေးငယ်သော်လည်း ယွမ်ရှောင်၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး တစ်ဖက်လူ၏အကင်းပါးမှုကို လျှော့တွက်ခဲ့မိကြောင်း နားလည်လိုက်သည်။ ဆိုလိုရင်းမှာ သူက အသူရာဓားဂိုဏ်းမှ ထွက်ခွာသွားလျှင် တိမ်တိုင်းပြည်တစ်ခုလုံးနှင့် ပြည်သူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ရဲကုရင် မသိသည်မှာ သူက ထွက်ပြေးရမည့်အစား ဓားသွေး၍ ဒန်တန်ကိုဝါးမျိုရန် အသင့်စောင့်နေခြင်း ဖြစ်၏။

"ကျောက်ရန်ရန် နင့်အတွက်လည်း သတင်းပါလာတယ်။ မင်းတို့ရဲ့လက်ထပ်ပွဲကတိက ကံဆိုးမှုတစ်ခုကြောင့် ပျက်စီးသွားပေမယ့် ရဲကုရင်က မမေ့သေးဘူး။ သူက ဆယ်ရက်အတွင်း ပြန်လာပြီး ပန်းပင်ကြီးအောက်မှာ သတို့သမီးသေရည်ကို နင်နဲ့အတူ သောက်ချင်တယ်လို့ ပြောခိုင်းလိုက်တယ်"

လက်ထပ်ကတိစကားဟူသော အချက်ကြောင့် ယွမ်ရှောင်သည် ကျောက်ရန်ရန်ထံ ကြည့်လိုက်မိပြီး သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိလိုက်သည်။

"ရဲကုရင် အစ်မကျောက်ရဲ့ သေရည်က မင်းအတွက်လို့ ထင်နေတာလား"

သူက စိတ်ထဲတွင် ဟားတိုက်ရယ်မောလိုက်ပြီး ရဲကုရင်သာ အဖြစ်မှန်ကို သိသွားလျှင် ဓားရှစ်လက်ပွဲတော်၌ ကျန်းရယ်အရှက်ကွဲသည်ထက် များစွာ အခြေအနေ ဆိုးသွားပေလိမ့်မည်။

All Chapters