← Chapters

ဒေါသ

Vol. 4 Ch. 42

ဒေါသ

Vol. 4 Ch. 42

"အဖေ ဓားအိမ်တော်ကို လောလောဆယ် လွှတ်ပေးထားဖို့ ရဲကုရင်က မှာလိုက်တယ်"

"သူတို့က ငါ့တပည့်တွေ အများကြီးကို သတ်ခဲ့တယ်လေ။ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

"ကျောက်ရန်ရန်က ထွက်ပြေးမယ်လို့ ထင်လား"

"မထင်ဘူး။ သူတို့က ဓားအိမ်တော်နဲ့ သေတဲ့အထိ ဖက်တွယ်နေလိမ့်မယ်။ ဒါပေမယ့် ယွမ်ရှောင်ကရော"

"ရဲကုရင် ပြောလိုက်တဲ့ပုံအရ သူလည်း ထွက်ပြေးမှာ မဟုတ်ဘူး"

"နားလည်ပြီ"

ရဲကျိရန်နှင့် ရဲတန်းစီက တီးတိုးတိုင်ပင်နေခြင်းဖြစ်ကာ ဆယ်ရက် အချိန်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ကျောက်ကျန်ရှင်းနှင့် ဓားနှလုံးသား ရှိနေသောကြောင့် တိုက်ခိုက်လျှင် ဆုံးရှုံးမှုများရှိမည်ကို ကြောက်လန့်နေခြင်းလည်း ဖြစ်သည်။

"ရဲကုရင်က ကျောက်ရန်ရန်ကို တကယ်စိတ်ဝင်စားနေတာလား။ သူ ကျင့်ကြံဆင့်မြင့်လာရင် နောက်ထပ်မိန်းမတွေ အများကြီး တွေ့လာမှာပဲ"

"ယောကျ်ားတွေက သူတို့ လေးစားဖူးတဲ့ မိန်းမကို တစ်ခါလောက်တော့ ကစားချင်တာပါပဲ"

"ဒီအမှိုက်ကောင်တွေကို ခဏတော့ အသက်ရှင်ခွင့်ပေးလိုက်တာပေါ့"

ရဲတန်းစီက အကြံတစ်ခု စဥ်းစားမိသောကြောင့် ရောင်မန်ရှယ်နှင့် ရဲကျိရန်ကို ပြောပြလိုက်သောအခါ သဘောတူလိုက်ကြပြီး ကျန်းကျန့်၊ ယုရှန်ကျောက်နှင့် အမှတ်သုံးဓားသခင်အသစ် ဝူရီကို ဆင့်ခေါ်လိုက်သည်။

"ကျန်းကျန့် မင်းတို့က ဓားဘုရင်အတွက် တာဝန်ထမ်းဆောင်ပေးချင်တယ်မလား။ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်"

"စိတ်ချပါ"

သူတို့က ရဲတန်းစီ၏အမိန့်ကို ချွင်းချက်မရှိ နာခံလိုက်ကြ၏။

"မင်းက ယွမ်ရှောင်အတွက် စကားဝင်ပြောပေးခဲ့တယ်မလား။ အခုတစ်ခေါက် ကောင်းကောင်းလုပ်စမ်း"

ရဲတန်းစီက ငေါက်ငမ်းလိုက်သောကြောင့် ယုရှန်ကျောက်၏နဖူးတွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာ၏။ လက်ရှိတွင် အသူရာဆေးအိုးကို ဓားအိမ်တော်က ပိုင်ဆိုင်သွားသော်လည်း ဆယ်ရက်ကြာလျှင် သွေးနှင့် ဖြည့်ပစ်မည်ဟု ရဲတန်းစီက ကြုံးဝါးလိုက်သည်။

"ဓားရှစ်လက်ပွဲတော် ပြီးပြီ။ ဆုပေးရမယ့် အချိန်ပဲ"

ဓားအိမ်တော်ကို ထောက်ခံပေးရန် ရွေးချယ်ထားသော ရှန်းကွမ်းယုသည် ရဲကုရင်၏သတင်းကို ကြားသော်လည်း နောက်တွန့်မသွားပေ။

"ကောင်းပြီ။ ဓားရှစ်လက်ပွဲတော် အောင်မြင်စွာ ပြီးဆုံးပြီဆိုတော့ အသူရာဆေးအိုးကို ထိန်းသိမ်းခွင့်ရတဲ့အတွက် ဓားအိမ်တော်ကို ဂုဏ်ပြုပါတယ်"

ဤစကားကြောင့် လူတိုင်းက သက်ပြင်းချလိုက်ပြီး ရဲတန်းစီ ကလိမ်ကကျစ်လုပ်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ သူက မဟာတိုက်ပွဲ၏ဆုလာဘ်များကို ခွဲဝေပေးပြီးနောက် ဓားဆွေးနွေးပွဲ၏ ဆုပေးရန် အချိန် ကျရောက်လာသည်။ သို့ရာတွင် သူက သိုလှောင်အိတ်တစ်လုံးကို မြှောက်ပြ၍ ပရိသတ်များဘက်လှည့်ကာ မေးခွန်းထုတ်လိုက်၏။

"ဓားဆွေးနွေးပွဲရဲ့ ပထမနေရာက ဘယ်သူဖြစ်သင့်သလဲ။ ကန့်ကွက်စရာ ရှိလား"

"ကျုပ်မှာ ပြောစရာတစ်ခု ရှိတယ်"

လူအုပ်ကြီးက အသံထွက်လာရာသို့ ကြည့်လိုက်သောအခါ ယုရှန်ကျောက်ကို မြင်လိုက်ရသည်။

"အကြီးအကဲယုပါလား ပြောပါ"

"ကျုပ် တစ်ခု ပြောထားမယ်။ ယွမ်ရှောင်ရဲ့ပါရမီကို ကျုပ်က လေးစားပေမယ့် တရားမျှတမှုကို လိုချင်တယ်။ ကျုပ်အမြင်ကို ထုတ်ပြောရမှာဖြစ်လို့ မရိုမသေဖြစ်သွားရင် ခွင့်လွှတ်ပါ"

"ဆက်ပြောပါ"

"ဒါဆိုရင် ကျုပ်ပြောချင်တာက ယွမ်ရှောင်ဟာ ဓားဆွေးနွေးပွဲမှာ စည်းကမ်းဖောက်ခဲ့တယ်"

"ဘယ်လိုမျိုးလဲ"

"သူက ဝူကျန်းရန်နဲ့ ကျန်းရယ်ကို စည်းကမ်းထဲကနေ အနိုင်ယူခဲ့ပေမယ့် လူအုပ်ထဲက စကားပြောလိုက်တဲ့သူကို ချက်ချင်းသတ်ပစ်ခဲ့တယ်။ ဒါက ချောင်းမြောင်းတိုက်ခိုက်တာဖြစ်လို့ ဓားဆွေးနွေးပွဲရဲ့ သဘောတရားနဲ့ မကိုက်ညီဘူး။ ဒါကြောင့် သူ့ကို ဓားရှစ်လက်ပွဲတော်ကနေ ထုတ်ပယ်ပေးပါ"

ယုရှန်ကျောက်၏ အရှက်မဲ့ပုံကြောင့် လူအုပ်ကြီးထံမှ တီးတိုးစကားများ ထွက်ပေါ်လာသည်။

"ငါက အမှန်တရားကို ပြောပြတာပါ။ တစ်ယောက်ယောက်ကို စော်ကားမိရင် တောင်းပန်ပါတယ်"

ငကြောက်တစ်ယောက် ဖြစ်သောကြောင့် သူက ကိုယ့်ဘက်ကိုယ်ယက်၍ ကာပြောလိုက်သည်။

"ဒီလိုလား။ ဒါဆိုရင်တော့ ယွမ်ရှောင်က ဓားဆွေးနွေးပွဲရဲ့ ပထမနေရာနဲ့ ထိုက်တန်တယ်လို့ ထင်တဲ့သူ ရှိပါသလား။ မကြောက်ကြပါနဲ့၊ အသူရာဓားဂိုဏ်းက အမှန်တရားကို ချစ်မြတ်နိုးတယ်။ ကျုပ်တို့ကို ဆန့်ကျင်ရင်လည်း ဘာပြဿနာမှမရှာပါဘူး"

ရဲတန်းစီက ပရိသတ်များကို စိန်ခေါ်သော အကြည့်ဖြင့် ခြိမ်းခြောက်ရင်း မေးခွန်းထုတ်လိုက်သည်။

"ဒီလိုဆိုရင် ဓားဆွေးနွေးပွဲရဲ့ ပထမနေရာက ထိုက်တန်မှုမရှိလို့ ဆုတွေကို ဂိုဏ်းက ပြန်သိမ်းမယ်"

သူ၏ သတ်ဖြတ်လိုစိတ်ကြောင့် မည်သူမှ အသံမထွက်ရဲသောအခါ အကြံအစည် အထမြောက်သွားခဲ့သည်။ ယွမ်ရှောင်သည် ရဲကုရင်ကို ဝါးမျိုရန်အတွက် နှစ်တစ်ထောင်နတ်ဆိုးအရိုးကို အသုံးပြုကာ ကျင့်ကြံချင်သော်လည်း လက်လွှတ်ပေးလိုက်ရသည်။ ထို့အပြင် ဓားဝိညာဥ်အဆင့်ကိုလည်း စမ်းသပ်ခွင့်မရလိုက်သောကြောင့် ထိန်းမရအောင် ဒေါသထွက်နေ၏။ သူက ယုရှန်ကျောက်နှင့် ရဲတန်းစီကို စူးစူးဝါးဝါး စိုက်ကြည့်နေကာ တစ်ဖက်လူများ ဤမျှအရှက်မဲ့လိမ့်မည်ဟု ထင်မထားပေ။

"အမှတ်တစ်ဓားသခင် ကျုပ်တစ်ခုလောက် ပြောချင်ပါတယ်။ ခင်ဗျားတပည့်တွေက မြောက်ပိုင်းဖုန်းဆိုးမြေမှာ နတ်ဆိုးတွေကို သတ်ခဲ့တယ်လို့ ကြားတယ်။ အသူရာဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေ အားကျစေဖို့အတွက် ဆုချရင် မကောင်းဘူးလား"

"ဘယ်လို ဆုချရမှာလဲ"

"ဓားဆွေးနွေးပွဲရဲ့ ဆုတွေကို ပေးလိုက်သင့်ပါတယ်"

"ကောင်းပြီ။ အကြီးအကဲယုနဲ့ ဓားသခင်ကျန်းက ဒီလောက်တိုက်တွန်းနေမှတော့ ကျုပ်က စိတ်ပျက်စေလို့ မဖြစ်ဘူး"

လူယုတ်မာများက အတိုင်အဖောက်ညီညီဖြင့် နှစ်တစ်ထောင်နတ်ဆိုးခေါင်းခွံကို ရဲကျိရန်အား ပေးလိုက်ပြီး ကျန်တပည့်သုံးယောက်ကို နဂါးနွေဦးဆေးလုံးများ ချီးမြှင့်လိုက်ကြသည်။

"အမှတ်တစ်ဓားသခင်က တော်တော်တရားမျှတတာပဲ။ မင်းရဲ့သမီးက ယုန်တစ်ကောင်ကို သတ်လိုက်ရင်တောင် ဂိုဏ်းရဲ့ပိုင်ဆိုင်မှုထဲက ဆုပေးမယ် ထင်တယ်"

ချိုက်မြောင်က မကျေနပ်သောကြောင့် အော်ဟစ်လိုက်သောအခါ ရန်သူများက တပြိုင်နက် လှုပ်ရှားလိုက်ကြပြီး ဓားအိမ်တော်ကို ဝိုင်းရံထားကာ သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်သည်။

"နင်က ယွမ်ရှောင်လား"

ထိုအချိန်၌ ရဲကျိရန်သည် သိုလှောင်အိတ်အတွင်းမှ နတ်ဆိုးခေါင်းခွံကို ထုတ်ယူ၍ ယွမ်ရှောင်ရှေ့သို့ ရောက်လာခဲ့သည်။ ထို့နောက် သူမက လှောင်ပြုံးပြုံး၍ ဓားဝိညာဥ်ဖြင့် ၎င်းကို ထိုးစိုက်ကာ ဝါးမျိုပြလိုက်သောကြောင့် ရန်စနေကြောင်း သိသာ၏။

"ဒီနတ်ဆိုးအရိုးက ဝါးမျိုရတာ ကောင်းသလား"

"ဒါပေါ့"

"ကျုပ်က နောင်တစ်ချိန်မှာ ပြန်ယူမယ်"

"နောင်တစ်ချိန် ဟုတ်လား။ နတ်ဆိုးအရိုးက စွမ်းအင်ကုန်သွားပြီ။ နင်က ဘာတွေ စိတ်ကူးယဥ်နေတာလဲ"

သူမ၏ဝါးမျိုမှုကြောင့် နတ်ဆိုးအရိုးမှာ ကြေကွဲသွားပြီး စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရသည်။ ထို့နောက် သူမက တခစ်ခစ်ရယ်မော၍ ထွက်ခွာသွားသကဲ့သို့ ကျောက်ရန်ရန် ဦးဆောင်သော ဓားအိမ်တော်၏ကျင့်ကြံသူများက အံကြိတ်၍ အိမ်ပြန်လာခဲ့ရသည်။ ဓားအိမ်တော်၏ မဟာခန်းမရှေ့မှောက်တွင် အသူရာဆေးအိုးကို နေရာချထားလိုက်သောအခါ ခန်းမအတွင်းရှိ ပုံရိပ်၏မျက်လုံးမှ မျက်ရည်တစ်စက် ကျဆင်းလာခဲ့သည်။

"ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျောက်ရန်ရန်သည် ရတနာစံအိမ်မှ ချန်ခွန်း၊ အမှတ်နှစ်ဓားသခင် ရှန်ကွမ်းယု၊ အမှတ်လေးဓားသခင် ချန်တုန်နှင့် အမှတ်ငါးဓားသခင် လီချန်လုံတို့ကို အရိုအသေပေးလိုက်သည်။

"မလိုအပ်ဘူး။ မင်းတို့တွေ ထွက်သွားသင့်ပြီ"

ရှန်ကွမ်းယုက သက်ပြင်းတစ်ချက်ချ၍ သတိပေးလိုက်၏။

"ဓားအိမ်တော်က ကျဆင်းနေပေမယ့် ငကြောက်တွေလို ထွက်မပြေးဘူး"

ကျောက်ရန်ရန်က ရဲတင်းစွာ ပြောလိုက်သော်လည်း ဓားသခင်သုံးယောက်သည် လက်အောက်ငယ်သားများကို ငဲ့ကွက်ရသောကြောင့် အားနာစကားဆို၍ ထွက်ခွာသွားကြ၏။

"ဂရုစိုက်ပါကွယ်"

"နှုတ်ဆက်ပါတယ်"

"လျော်ကြေးပေး"

ထို့နောက် ချန်ခွန်းက လှည့်ထွက်သွားလိုက်သော်လည်း အင်္ကျီကို ကျောက်ရန်ရန်က ဆွဲထားလိုက်ပြီး လက်ဝါးဖြန့်ပြလိုက်၏။

"မင်း ဘာတွေပြောနေတာလဲ"

"လောင်းကြေးအနိုင် စိတ်ကျောက်တုံး ၃၂၈၆၁၂တုံးမပေးရင် ဓားအိမ်တော်က ထွက်သွားဖို့ မစဥ်းစားနဲ့"

"မင်းက အသေးစိတ်အထိ တွက်ချက်ထားတာလားဟ၊ ကောင်းပြီ ကောင်းပြီ"

ချန်ခွန်းသည် စိတ်ကျောက်တုံးများကို မျက်နှာမသာမယာဖြင့် ရေတွက်ရင်း သိုလှောင်အိတ်များအတွင်း ထည့်သွင်းကာ ကမ်းပေးလိုက်၏။ နောက်ဆုံးတွင် ကျောက်ရန်ရန်နှင့် ယွမ်ရှောင်နှစ်ယောက်တည်းသာ ကျန်ရစ်ပြီး သူမက သိုလှောင်အိတ်တစ်လုံးမှအပ အားလုံးကို ကမ်းပေးလာခဲ့သည်။

"ဒါက ငါ့ပိုင်ဆိုင်မှုပဲ။ ကျန်တာက နင့်အမြတ်"

"ကျေးဇူးတင်ပါတယ် အစ်မကျောက်"

စိတ်ကျောက်တုံးသုံးသိန်းကျော် ပိုင်ဆိုင်လိုက်ရသောကြောင့် ယွမ်ရှောင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

"ဟေ့ စကားနဲ့ ကျေးဇူးတင်တာက မလုံလောက်ဘူး"

"ဟုတ်သားပဲ။ ကျုပ်တောင်းပန်ပါတယ် ရော့"

ယွမ်ရှောင်က သိုလှောင်အိတ်တစ်လုံးကိုဖွင့်၍ စိတ်ကျောက်တုံးငါးတုံးကို ထုတ်ပေးလိုက်ကာ အတိုးနှုန်းများ တွက်ချက်ပြလိုက်သောကြောင့် ကျောက်ရန်ရန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။

"နင်က တကယ့်ငရှုပ်လေးပဲ။ ထွက်သွားစမ်း"

"ဟုတ်ကဲ့ပါဗျ"

သူမက မောင်းထုတ်လိုက်သောအခါ ယွမ်ရှောင်က ခေါင်းညိတ်၍ ခပ်တည်တည် လှည့်ထွက်လာခဲ့သည်။

"ဓားအိမ်တော်အပြင်ကို မထွက်နဲ့။ အန္တရာယ်များတယ်။ ပြီးရင် အခြားမိန်းကလေးတွေနဲ့ မရှုပ်နဲ့၊ မဟုတ်တာတွေကြားရင် နာမယ်မှတ်"

"နားလည်ပါပြီ"

"အစ်မကျောက် ယွမ်ရှောင်က မိန်းကလေးတွေနဲ့ရှုပ်ရင် ဘာဖြစ်လို့လဲ"

ကျောက်ရန်ရန်၏ စကားအဆုံးတွင် အနားမှ ချင်တုန်၏အသံ ထွက်ပေါ်လာသောကြောင့် သူမကို အရှက်သည်းသွားစေခဲ့၏။

သစ်တောအတွင်း ရောက်သောအခါ ယွမ်ရှောင်သည် သိုလှောင်အိတ်များကို သွန်ချ၍ စိတ်ကျောက်တုံးပုံပေါ်သို့ သားရဲလေးကို တင်ထားလိုက်၏။

"စားကွာ။ မင်းစားပြီးရင် ငါလက်စားချေဖို့ ကူညီပေး"

ယွမ်ရှောင်သည် တစ်ရက်တည်း ကြုံခဲ့ရသော အဖြစ်များကြောင့် လုပ်ကြံခံရသည်ထက် ပို၍ဒေါသထွက်နေခဲ့လေသည်။

All Chapters