ယုရှန်ကျောက်၏နိဂုံး
Vol. 4 Ch. 44
"ယွမ်ရှောင် ရဲကျိရန်ကို လွှတ်လိုက်စမ်း။ သူမကို ထိရဲရင် သေတာထက်ဆိုးတဲ့ ဘဝမျိုးရောက်အောင် လုပ်ပြမယ်"
နတ်ပင်လယ်ပြည့်စုံခြင်းအဆင့် ရောက်နေသော စည်းကမ်းထိန်းနှစ်ယောက်သည် အရှိန်အဝါကိုယ်စီ ထုတ်ဖော်လိုက်ကြပြီး ကျန်အကြီးအကဲများမှာလည်း နတ်ပင်လယ်နောက်ပိုင်းအဆင့်ဖြစ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ကြောက်ရွံ့တုန်လှုပ်နေသူ တစ်ယောက်လည်း ရှိနေပြီး သူတို့၏နောက်တွင် ပုန်းအောင်းနေသော ယုရှန်ကျောက် ဖြစ်သည်။ ဝူရီနှင့် ရောင်လီက ရှေ့တက်လာကြပြီး အကြီးအကဲရှစ်ယောက်က ဓားမြှောင်ကိုယ်စီဖြင့် ဝန်းရံထားကြ၏။
"သူ ထွက်ပြေးသင့်တယ်"
အပြင်ဘက်ရှိ ဓားသမားများက ယွမ်ရှောင်အတွက် စိုးရိမ်နေကြသည်။
"သေတာထက်ဆိုးမယ် ဟုတ်လား"
ရဲတန်းစီ၏ရှေ့မှောက်တွင် အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်ကို မျက်တောင်မခတ်ဘဲ သတ်ပစ်ခဲ့သော ယွမ်ရှောင်အတွက် ဤခြိမ်းခြောက်မှုလောက်ကို ကြောက်လန့်မနေခဲ့ပေ။ သူက ရဲကျိရန်၏ကိုယ်တွင်းမှ ဓားကို ဆွဲထုတ်ကာ ခြေထောက်နှစ်ဖက်ကို ခုတ်ဖြတ်ပစ်လိုက်သည်။
"အား ဝု ဝု အူး"
သူမက ဖြူရော်သွားကာ နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ဓားဖျားက မေးအောက်မှ ဝင်ရောက်လာပြီး လျှာကို ထိုးစိုက်သွားသဖြင့် အသံပြတ်တောက်သွားရသည်။ အကြီးအကဲများက အံကြိတ်၍ ထပ်မံခြိမ်းခြောက်နေစဥ် သူက ရဲကျိရန်ကို အံ့သြစရာကောင်းစွာ လွှတ်ပေးလိုက်သည်။ ရောင်လီနှင့် ဝူရီက ဘေးနှစ်ဖက်မှ တိုက်ခိုက်လာပြီး အကြီးအကဲများက ဓားမြှောင်များဖြင့် ပစ်ခတ်လိုက်သောကြောင့် နေရာတိုင်း အန္တရာယ်ရှိနေသည်။ သို့သော် သူက ရွှင်ပျော်ပျော်ခရီးသည်သိုင်းဖြင့် ဓားပျံကိုစီးနင်းကာ အခန်းမျက်နှာကျက်မှ ဖောက်ထွက်၍ ရှောင်တိမ်းနိုင်ခဲ့သည်။
"ထွက်ပြေးနိုင်မယ် ထင်နေတာလား"
စည်းကမ်းထိန်းနှစ်ယောက်က ဓားပျံကိုယ်စီ ထုတ်ဖော်၍ လိုက်ပါသွားသော်လည်း အေးစက်စက် စကားသံတစ်ခုက စောင့်ကြိုနေခဲ့သည်။
"ငါ ထွက်ပြေးတယ်လို့ ဘယ်သူပြောလဲ"
သူတို့က မျက်လုံးများပြူးကျယ်နေစဥ် ကောင်းကင်ထက်မှ အပြာရောင် အလင်းတစ်ချက် ကျဆင်းလာသည်။ ယွမ်ရှောင်၌ ထွက်ပြေးရန်အတွေး လုံးဝမရှိဘဲ ကြိုးကြာမိုးကြိုးဓားသိုင်း၏ တတိယအကွက်ကို ထုတ်ဖောက်လိုက်သောအခါ မိုးကြိုးများ ငှက်တစ်ကောင် သဏ္ဍာန်ဖြင့် ကျဆင်းလာကာ ရန်သူများ၏ဦးခေါင်းသို့ ဦးတည်နေသည်။
"သတိထား"
သူတို့က အလွန်တုန်လှုပ်သွားကြပြီး ဓားပျံကို ဓားရှည်အသွင်ပြောင်းလိုက်သော်လည်း နောက်ကျသွားခဲ့သည်။ ဓားဝိညာဥ်အသွင်ပြောင်းရာတွင် ကျွမ်းကျင်ဓားသမားတစ်ယောက်ပမာ ထူးချွန်လွန်းသော ယွမ်ရှောင်အား ယှဥ်နိုင်သူ ဂိုဏ်းအတွင်း ရှိပုံမရပေ။ အကြီးအကဲများက သူ့ကို အထင်သေးထားပြီး ထွက်ပြေးမည်ဟု ထင်ထားသော်လည်း တန်ပြန်တိုက်ခိုက်ရန် ကြံစည်ထားခြင်း ဖြစ်၏။ ဓားချက်က ရောင်လီနှင့် ဝူရီကို အလျားလိုက်ပိုင်းဖြတ်သွားကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ မြေပြင်ပေါ်သို့ ကျဆင်းလာသဖြင့် သွေးချင်းချင်းနီကုန်သည်။
"စည်းကမ်းထိန်းတွေက ဒီလောက်အားနည်းရသလား"
ယွမ်ရှောင်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပြီး သူ၏အစွမ်းကြောင့် ကျင့်ကြံသူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူတို့က အဖြူရောင် သေမင်းကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေစဥ် အကြီးအကဲများက ဒူးထောက်တောင်းပန်လာကြ၏။
"သခင်လေးယွမ် ကျုပ်တို့ကို ချမ်းသာပေးပါ"
"ငါတို့က မင်းနဲ့ ရန်ငြှိုးမရှိပါဘူး"
အချို့က ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း တစ်ယောက်မှ အသက်ရှင်ခွင့်မရှိသောကြောင့် ဓားမြှောင်တစ်လက်က နဖူးများကို အစီအရီ ထိုးဖောက်သွားခဲ့သည်။ ကောင်းကင်သင်္ချိုင်းသည် သွေးများကို စုပ်ယူနိုင်သောကြောင့် ပြာလဲ့လဲ့ဓားသွားထက်တွင် သွေးတစ်စက်ပင် စွန်းထင်းမနေခဲ့ပေ။
"အသူရာဓားဂိုဏ်းမှာ အောင်ပွဲခံဖို့ သေရည်သောက်ချင်ရင် ငါ့ကို ဖိတ်ရမယ်"
ယွမ်ရှောင်သည် အလောင်းများကို တက်နင်းလာရင်း အေးစက်စက်ပြောလိုက်သော်လည်း အကုန်သေသွားသဖြင့် တိတ်ဆိတ်နေသည်။ သူက ရဲတန်းစီ၏တပည့်များအပြင် အကြီးအကဲများကိုပါ သတ်ပစ်ခဲ့သောကြောင့် ရာချီသော လူအုပ်ကြီးမှာ ရင်တထိန်းထိန်း ခုန်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှ ဂိုဏ်းသို့ ရောက်လာခဲ့သော်လည်း စည်းကမ်းထိန်းများကိုပင် သတ်နိုင်စွမ်းရှိနေသော ယွမ်ရှောင်၏ အရည်အချင်းက ကြောက်စရာပင်။
"ရဲကျိရန်နဲ့ အကြီးအကဲတစ်ယောက် မသေသေးဘူး"
"အကြီးအကဲယု"
ထွက်ပြေးရန် ကြံစည်နေသော ယုရှန်ကျောက်သည် ယွမ်ရှောင်၏ခေါ်သံကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားကာ ဒူးထောက်ချလိုက်၏။
"ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ။ မင်းအတွက် ကောင်းကင်လမ်းကြောင်းမှာ ငါ ပြောပေးခဲ့တယ်လေ"
တစ်ဖက်လူက တိတ်ဆိတ်စွာ စိုက်ကြည့်နေသောကြောင့် ယုရှန်ကျောက်သည် ပို၍ကြောက်လန့်လာကာ ကြမ်းပြင်နှင့် ဦးခေါင်း တဒုန်းဒုန်း မြည်သည်အထိ ရှိခိုးတောင်းပန်လိုက်၏။
"ငါက ဝက်တစ်ကောင်ပါ။ မင်းရဲ့ကြီးကျယ်မှုကို မမြင်နိုင်တဲ့အထိ ကန်းခဲ့ပါတယ်။ မင်းနဲ့ ယှဥ်လိုက်ရင် ရဲကုရင်က အမှိုက်ပါပဲ။ ဒီနေ့ ငါ့ကို ချမ်းသာပေးရင် တစ်သက်လုံး သစ္စာရှိပါမယ်"
"ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ"
ယွမ်ရှောင်က သူ့ထံ လျှောက်လာရင်း ချိုသာစွာ ပြောလိုက်သည်။ သေဘေးမှ လွတ်မြောက်ပြီဟူသော အသိကြောင့် ယုရှန်ကျောက်က ပြုံးရယ်နေသော်လည်း မျက်တောင်တစ်ခတ်အတွင်း ခန္ဓာကိုယ်သည် ဒေါင်လိုက် နှစ်ပိုင်း ဖြတ်ခံလိုက်ရသည်။
"မင်းက ဟိုခုန်ဒီခုန်လုပ်ရတာ ကြိုက်တယ်ဆိုတော့ ငါ ကူညီပေးလိုက်ပါမယ်။ နှစ်ပိုင်းပြတ်သွားပြီဆိုတော့ တစ်ဖက်စီနေလိုက်ရင် မပင်ပန်းတော့ဘူးလေ"
ယုရှန်ကျောက်၏ ခန္ဓာကိုယ်နှစ်ပိုင်းမှာ ဘေးဘယ်ညာသို့ လဲကျသွားပြီး ယွမ်ရှောင်၏စကားကို ကြားနိုင်သေးလျှင် ဝိညာဥ်ပင် ငြိမ်းချမ်းနိုင်မည် မဟုတ်ချေ။ ထို့နောက် သူ၏ခြေလှမ်းက ရဲကျိရန်ထံ ဦးတည်လိုက်သောအခါ မြေပြင်တွင် တွားသွားကာ ထွက်ပြေးရန် ကြိုးစားနေသည့် သူမက ခြိမ်းခြောက်လိုက်၏။
"ယွမ်ရှောင် ဒါက တိုက်ခိုက်ရေးစင်မြင့် မဟုတ်ဘူး။ လူကြားထဲမှာ လူတွေအများကြီးသတ်ရင် ဂိုဏ်းတစ်ခုလုံးက နင့်ကို အပြစ်ပေးလိမ့်မယ်။ ကျောက်ကျန်ရှင်းတောင် ကယ်တင်နိုင်မှာ မဟုတ်ဘူး"
"ဂိုဏ်းတူအစ်မရဲ ကျုပ်ရဲ့ နတ်ဆိုးအရိုးကို ဝါးမျိုရတာ ခံစားချက်ကောင်းတယ်မလား"
ယွမ်ရှောင်က သူမကို အပေါ်မှ မိုးကြည့်၍ တစ်ချက်ပြုံးကာ မေးခွန်းထုတ်လိုက်၏။
"မကောင်း...မကောင်းပါဘူး"
ခြေထောက်ပြတ်နေသဖြင့် ထွက်မပြေးနိုင်သော ရဲကျိရန်၏ မျက်လုံးများမှ ကြောက်စိတ်ကြောင့် ပြူးထွက်နေသည်။
"နှစ်တစ်ထောင် နတ်ဆိုးခေါင်းခွံရဲ့ အရသာကို မင်းခံစားပြီးပြီဆိုတော့ ငါ့အလှည့် ရောက်ပြီ"
ယွမ်ရှောင်က သူမကို ဆံပင်မှဆုပ်ကိုင်ကာ ကြမ်းပြင်တွင် ဒရွတ်တိုက် သီးသန့်ခန်းအတွင်း ဆွဲခေါ်သွားသည်။
"သူက ဘာလုပ်မလို့ ကြံစည်နေတာလဲ"
ဓားတိမ်လမ်း၌ ရှိရှိသမျှသော ကျင့်ကြံသူတိုင်းသည် ယွမ်ရှောင်၏လက်အတွင်း ယက်ကန်ယက်ကန်နှင့် ပါသွားသော ရဲကျိရန်၏ အော်သံနက်ကြီးများကို ကြည်လင်စွာ ကြားနေရလေသည်။