ကျောက်ကျန်ရှင်းကို မကောင်းကြံခြင်း
Vol. 4 Ch. 45
ယွမ်ရှောင်သည် အခန်းတံခါးကို ဆောင့်ပိတ်၍ ရဲကျိရန်ကို ကြမ်းပြင်တွင် ပစ်ချထားလိုက်၏။ သူမက သွေးအလူးလူး ဖြစ်နေသော်လည်း တင်းကြပ်သော ခရမ်းရောင်ချပ်ဝတ်ကြောင့် ကောက်ကြောင်းများ လှပစွာ ထွက်ပေါ်နေသည်။ သူက ကောင်းကင်သင်္ချိုင်းကို ဓားရှည်အသွင်ပြောင်း၍ ဆုပ်ကိုင်ထားစဥ် သူမသည် ချပ်ဝတ်ကို အသာဟ၍ ဆွဲဆောင်လိုက်သည်။
"နင်က ရုပ်မဆိုးပေမယ့် ငါ့လိုယောက်ျားတစ်ယောက်အတွက် စိတ်ဝင်စားစရာ မကောင်းဘူး။ ငါက နင့်ကို အခွင့်ကောင်းယူမယ်လို့ ထင်နေတာလား"
ယွမ်ရှောင်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
"နင်"
သူမက ဒေါသထွက်နေသော်လည်း တစ်ဖက်လူသည် နှစ်တစ်ထောင် နတ်ဆိုးခေါင်းခွံအတွက် လက်စားချေလျှင် ဆိုသော အတွေးက နှိပ်စက်နေသည်။
"နင်က ငါ့ကို သေတာထက်ဆိုးအောင် လုပ်မယ်လို့ ပြောခဲ့တယ်မလား"
"ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ငါ နင့်ကို ကျွန်တစ်ယောက်အဖြစ် ခစားပါမယ်"
ရဲကျိရန်က အဝတ်အစားများကို ချွတ်ချလိုက်ပြီး ဆွဲဆောင်ရန် ကြိုးစားလိုက်သော်လည်း ယွမ်ရှောင်သည် ခံစားချက်မဲ့စွာ အကြောများကို ပိုင်းဖြတ်လိုက်သောကြောင့် တစ်ကိုယ်လုံး အကြောဆွဲနေသည်။ သူမ၏အော်သံကြီးက ဓားတိမ်လမ်းတွင် ပဲ့တင်ထပ်သွားစဥ် ဓားဖျားက ကျောရိုးမကြီးထံ ထိုးစိုက်လာ၏။ သူမက နာကျင်လွန်းသဖြင့် တရစပ်အော်ဟစ်နေကာ သူငယ်အိမ်များပင် အက်ကြောင်းထင်လာသော်လည်း ဓားဝိညာဥ်ကို အတင်းအကြပ် ဆွဲထုတ်ခံနေရသည်။ အပြင်ဘက်ရှိ ကျင့်ကြံသူများသည် ကြားနေရသော အော်သံများကြောင့် မည်မျှနှိပ်စက်ခံနေရကြောင်း တွေးပင် မတွေးရဲပေ။
"နင်က ငါ့နတ်ဆိုးအရိုးကို ဝါးမျိုပြီး ငါ့ကို အရှက်ခွဲခဲ့တယ်"
ကြယ်ပြာပြောခဲ့သကဲ့သို့ ယွမ်ရှောင်သည် လူသားဆန်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ခံစားချက်ကင်းမဲ့သော ဖန်ဆင်းရှင် အင်မော်တယ်နှင့် ကွဲပြားပေသည်။
"နင့်ရဲ့ဓားဝိညာဥ်က ဓားဝိညာဥ်တွေကို ဝါးမျိုနိုင်တယ်ပေါ့"
ကြောက်မက်ဖွယ် လျှိို့ဝှက်ချက်တစ်ခုကို သိလိုက်ရသောအခါ သေဘေးမှလွတ်မြောက်ရန် မဖြစ်နိုင်သောကြောင့် သူမက စိတ်ဓာတ်ကျသွားခဲ့သည်။
"ဒါပေါ့။ ငါ ဝါးမျိုလာတာ ဓားဝိညာဥ်၁၅ခုလောက်ရှိနေပြီး ဝူမျိုးနွယ်တစ်ခုလုံး ပါတယ်လေ"
"ဓားဘုရင်ပြန်ရောက်လာရင် နင့်ကို ပြန်လည်ဝင်စားခွင့်တောင် ပေးမှာ မဟုတ်ဘူး"
"နောက်ဆယ်ရက်နေလို့ ဒီကောင်ပြန်ရောက်လာရင် အမှတ်တစ်ဓားတောင်မှာ အုတ်ဂူတွေ ပြည့်နေလောက်ပြီ။ နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး အပြစ်မရှိတဲ့ လူတွေကို သတ်ခဲ့ကြတယ်။ ရဲကုရင်ပြန်ရောက်လာရင် အလောင်းပုံတစ်ခုနဲ့ ကြိုဆိုပေးလိုက်မယ်"
ယွမ်ရှောင်သည် စကားအဆုံးတွင် နတ်ဆိုးခေါင်းခွံကို ဝါးမျိုထားသော ရဲကျိရန်၏ဓားဝိညာဥ်ကို ဝါးမျိုပြီးသည့် ကောင်းကင်သင်္ချိုင်းကို ဆွဲထုတ်လိုက်၏။ သူမက မျက်လုံးအပြူးသားနှင့် အသက်ပျောက်သွားကာ ကြမ်းပြင်၌ လဲကျသွား၏။ သူက ကြမ်းကြုတ်ပြတ်သားသော မျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်ပြီး တံခါးအပြင်သို့ ထွက်လာသောအခါ စောင့်ကြည့်နေသူများ အလန့်တကြား နောက်ဆုတ်သွားကြ၏။
"ခင်ဗျားတို့ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ကျုပ် သွားပြီ"
ယွမ်ရှောင်သည် လူအုပ်ကို တစ်ချက်ပြုံးပြ၍ ဓားပျံကို စီးနင်းကာ ကောင်းကင်သို့ တက်ရောက်သွားခဲ့သည်။
"ဒီကောင်က တကယ် လက်စားချေချင်နေတာပဲ"
သူ ထွက်ခွာသွားသောအခါ လူအုပ်ကြီးသည် အခန်းအတွင်းသို့ ချောင်းကြည့်လိုက်ပြီး ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော ရဲကျိရန်၏အလောင်းကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ဓားတိမ်လမ်း၏သတင်းက ဂိုဏ်းအတွင်း ပျံ့နှံ့သွားရန် အချိန်များစွာ မလိုအပ်ပေ။ ယွမ်ရှောင်သည် တပည့်များကို သတ်ခဲ့ရုံတင်မဟုတ်ဘဲ တောင်သုံးလုံး၏ အကြီးအကဲများကိုပင် သတ်ပစ်ခဲ့သည်။ ဂိုဏ်းအတွင်း၌ အစည်ကားဆုံးနေရာ၌ ယွမ်ရှောင်သည် ရဲကျိရန်ကိုမသတ်ခင် အခန်းအတွင်းသို့ ဆွဲခေါ်သွားသောကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ရဲတန်းစီ၊ ရောင်မန်ရှယ်နှင့် ကျန်းကျန့်က ခဏအတွင်း အပြေးအလွှားရောက်လာကြပြီး အကြီးအကဲများက ကြိုဆိုလိုက်သော်လည်း ဘေးသို့ တွန်းဖယ်ခံလိုက်ရ၏။ ရဲတန်းစီသည် အခန်းအတွင်းသို့ ဝင်ရောက်လိုက်ပြီး ပိတ်ဖြူဖြင့် အုပ်ထားသော အလောင်းကို တုန်ရီသောလက်အစုံဖြင့် လှပ်ကြည့်လိုက်မိသည်။ ရဲကျိရန်၏ အသေဆိုးကြောင့် သူက တုန်ရီသွားကာ လဲကျလုမတတ် ဖြစ်သွားခဲ့သည်။
"ရက်စက်လိုက်တာ"
ရဲတန်းစီ၏တပည့်အားလုံး အသတ်ခံလိုက်ရပြီး တရားခံက တစ်ယောက်တည်း ဖြစ်သောကြောင့် ရောင်မန်ရှယ်မှာ သက်ပြင်းချလိုက်မိသည်။ အဆိုးရွားဆုံးအချက်မှာ သူ ကာကွယ်ပေးရန် ကြိုးစားခဲ့သော ကျန်းရယ်သည် သာမန်ကျင့်ကြံသူတစ်ယောက်ဖြစ်နေကာ ရဲတန်းစီ၏အမွေကို ဆက်ခံရန် တပည့် မကျန်ရစ်တော့ပေ။ ကျန်းကျန့်သည်လည်း နှစ်ခြမ်းကွဲထွက်၍ သေဆုံးနေသော ယုရှန်ကျောက်၏ အလောင်းကို မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး အေးစိမ့်သွားသည်။
"ဓားသခင်အစည်းအဝေး ခေါ်မယ်။ ရှန်ကွမ်းယု၊ လီချန်လုံနဲ့ ချန်တုန်ကို ခေါ်လိုက်စမ်း"
ရဲတန်းစီ၏ကြုံးဝါးသံက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားကာ အမှတ်တစ်ဓားတောင်နှင့် ဓားအိမ်တော်သည် ရဲကုရင် ပြန်ရောက်မလာခင် စာရင်းရှင်းကြတော့မည်ဖြစ်ကြောင်း အခြားသူများ ရိပ်မိလိုက်သည်။ ဂိုဏ်းချုပ်က သတိလစ်နေသောအခါ ဂိုဏ်းအတွင်း ကိစ္စများဆုံးဖြတ်ရာ၌ ဓားသခင်အစည်းအဝေးက အဓိကဖြစ်သည်။ အမှတ်သုံးဓားတောင်၏ ဓားသခင်အသစ်လည်း သေဆုံးသွားသောကြောင့် နောက်ထပ်အကြီးအကဲတစ်ယောက်ဖြစ်သည့် လျူရှန်က ကိုယ်စားပြုခဲ့ရသည်။
ဓားတိမ်လမ်း၏ ခန်းမတစ်ခုအတွင်း ဓားတောင်ခုနစ်လုံး၏ ကိုယ်စားပြုအုပ်ချုပ်သူများ စုဝေးနေကာ စားပွဲထိပ်ပိုင်း၌ ရဲတန်းစီက နေရာယူထား၏။
"အသူရာဓားဂိုဏ်း စတင်ဖြစ်ပေါ်လာချိန်ကစလို့ ဒီလိုအဖြစ်ဆိုး မရှိခဲ့ဖူးဘူး"
ရဲတန်းစီက သတ်ဖြတ်လိုစိတ်ဖြင့် စားပွဲကိုရိုက်ချ၍ မျက်မှောင်ကြုတ်လိုက်သည်။ ရောင်မန်ရှယ်သည် ရောင်လီ အသတ်ခံလိုက်ရသောကြောင့် သတ်ဖြတ်လိုစိတ်များ မျက်လုံးအတွင်း တဖြတ်ဖြတ် လက်နေသည်။ ကျန်းကျန့်နှင့် လျူရှန်က အံကြိတ်ထား၍ ချန်တုံ၊ လီချန်လုံနှင့် ရှန်ကွမ်းယုတို့သည် ခံစားချက်မဲ့စွာ ထိုင်နေကြ၏။
"ကျောက်ရန်ရန်က အမှတ်တစ်ဓားတောင်ရဲ့ စည်းကမ်းထိန်းကို မနေ့က သတ်ပစ်ခဲ့တယ်။ ဒီနေ့မှာ ယွမ်ရှောင်က အကြီးအကဲတွေကို လူမြင်ကွင်းမှာ ထပ်သတ်ခဲ့တယ်။ ဂိုဏ်းချုပ်ရဲ့ တပည့်နှစ်ယောက်က အထိန်းအကွပ်လွတ်နေပြီး ဂိုဏ်းအာဏာကို စိန်ခေါ်နေတယ်"
ရဲတန်းစီက မုန်းတီးစွာ ပြောလိုက်ပြီး မူလတွင် လုံခြုံရေးကြောင့် ဓားအိမ်တော်ကို ရှင်းပစ်ရန်အတွက် ရဲကုရင်အား စောင့်ချင်ခဲ့သည်။ သို့သော် ယွမ်ရှောင်က အချိန်မဆိုင်းဘဲ လက်စားချေခဲ့ပြီး သူသာ မလှုပ်ရှားလျှင် ဂိုဏ်းအတွင်း မျက်နှာပျက်ရပေလိမ့်မည်။
"ဂိုဏ်းချုပ်ရဲ့ တပည့်နှစ်ယောက်က အဆင့်အတန်းကို အားကိုးပြီး လူမြင်ကွင်းမှာ သတ်ချင်တိုင်းသတ်နေကြတယ်။ ပြင်းပြင်းထန်ထန် အပြစ်မပေးရင် အခြားသူတွေက ဂိုဏ်းကို အထင်သေးကြလိမ့်မယ်"
"အသူရာဓားဂိုဏ်းအတွက် ဒီနှစ်ယောက်ကို မသတ်ဘူးဆိုရင် ကျန်တဲ့ကျင့်ကြံသူတွေက မေးခွန်းထုတ်လာကြလိမ့်မယ်"
"သူတို့ကို တရားမျှတမှုအတွက် သတ်ပစ်ရမယ်"
ရောင်မန်ရှယ်၊ ကျန်းကျန့်နှင့် လျူရှန်က ပြိုင်တူထောက်ခံလိုက်သောလည်း ဤစကားများကို ကြားနေရသည့် အပြင်မှကျင့်ကြံသူများမှာ ရေရွတ်လိုက်ကြသည်။
"ဒါက မင်းတို့ဘာသာ ယွမ်ရှောင်ကို အရှက်ခွဲလို့ ဖြစ်တာလေ။ ငါတို့က ဘာကိစ္စ မေးခွန်းထုတ်ရမှာလဲ"
ရဲတန်းစီသည် ရှန်ကွမ်းယုကို ပစ်မှတ်ထား၍ မေးခွန်းထုတ်လိုက်သော်လည်း သူမက တိတ်ဆိတ်နေသည်။ ဓားအိမ်တော်၏ သခင်လေးခုနစ်ယောက်နှင့် ဂိုဏ်းချုပ်ကို မကောင်းကြံခဲ့သော ရဲတန်းစီက လက်ရှိတွင် နစ်နာသူပမာ ဟန်ဆောင်နေသည်။ သို့သော် သက်သေမရှိသောကြောင့် ထုတ်ပြောလိုက်လျှင် သူမက အရင်ဆုံး အသတ်ခံရပေလိမ့်မည်။
"ချန်တုံ လီချန်လုံ မင်းတို့ရော ဘယ်လိုထင်လဲ။ မင်းတို့က ကျောက်ကျန်ရှင်းရဲ့ ဆရာတူညီတွေဖြစ်ရင်တောင် မင်းတို့နောက်က တပည့်တွေအကြောင်း မမေ့နဲ့နော်။ မင်းတို့က ရာဇဝတ်သားတွေကို ကာကွယ်ပေးမယ်ဆိုရင် သူတို့က ဘယ်လိုထင်ကြမလဲ"
ရဲတန်းစီက ပစ်မှတ်ပြောင်းလဲ၍ ခြိမ်းခြောက်လိုက်ပြန်၏။
"ရဲတန်းစီ နင် ဘာလုပ်ချင်နေတာလဲ၊ ပြောစမ်း"
ရှန်ကွမ်းယုက စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်သည်။
"ယွမ်ရှောင်နဲ့ ကျောက်ရန်ရန်ကို သတ်ပစ်ရမယ်"
"ရဲကုရင်က သူကိုယ်တိုင် ကိုင်တွယ်မယ်လို့ ပြောထားတယ်မလား။ ကျောက်ရန်ရန်ကိုလည်း သူက လက်ထပ်မယ်ဆို"
"ဒါဆိုရင် ယွမ်ရှောင်ရဲ့ ခြေလက်တွေကိုဖြတ်ပစ်ပြီး ထောင်ထဲ ထည့်ထားရမယ်။ ကျောက်ရန်ရန်ကိုတော့ အကျယ်ချုပ်ဖမ်းထားပြီး ထွက်မပြေးစေနဲ့"
"ဒါဆိုရင် ဘာကိစ္စ ဓားသခင်အစည်းအဝေး ခေါ်နေသေးတာလဲ"
ရှန်ကွမ်းယု၏ မေးခွန်းကြောင့် ရဲတန်းစီ၏မျက်နှာက တင်းမာသွားကာ ဓားတိမ်လမ်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ခြောက်ယောက်လုံး စောင့်ကြည့်နေကြသည်။
"ကျောက်ကျန်ရှင်းက အသူရာဓားဂိုဏ်းရဲ့ သမိုင်းကြောင်းမှာ ကိုယ်ကျင့်တရားကြောင့် ကျော်ကြားခဲ့တယ်မလား။ ဒါပေမယ့် သူ ပျိုးထောင်ထားတဲ့ သမီးနဲ့တပည့်က အကြောင်းအရင်းမရှိ လူသတ်နေကြတယ်။ တပည့်မကောင်း ဆရာ့ခေါင်းဆိုတဲ့ စကားလည်း ရှိတယ်"
ရဲတန်းစီ၏စကားအရ သူက ဤအခြေအနေကြောင့် ကျောက်ကျန်ရှင်းကို နာမည်ဖျက်ရန် ကြိုးစားနေကြောင်း ရှန်ကွမ်းယုက နားလည်လိုက်သည်။ ကျောက်ကျန်ရှင်းက သုံးနှစ်တိုင်တိုင် ပျောက်ကွယ်နေသည့်တိုင်အောင် ဂုဏ်သတင်း ကျော်ကြားနေသည် မဟုတ်ပါလော။
"လူတိုင်း ကျောက်ကျန်ရှင်းရဲ့ တပည့်တွေက အခုလိုဆိုးသွမ်းနေတော့ ဂိုဏ်းရဲ့သိက္ခာ ကျစေတယ်။ ဒါကြောင့် သူက ဂိုဏ်းချုပ်နေရာနဲ့ မသင့်တော်ဘူး။ အခုအချိန်ကစလို့ ဂိုဏ်းချုပ်နေရာက နေဖယ်ရှားပေးဖို့ ငါ တောင်းဆိုချင်တယ်"
ကျန်းကျန့်က မျက်နှာလိုမျက်နှာရဖြင့် အော်ဟစ်လိုက်သည်။ အခြားနေရာများတွင် ဤသို့ပြောဆိုလျှင် ဟာသဖြစ်သွားနိုင်သော်လည်း ဓားသခင်အစည်းအဝေး၌ အလွန်လေးနက်သော ကိစ္စဖြစ်၏။ ဂိုဏ်း၏သမိုင်းကြောင်းတွင် ဂိုဏ်းချုပ်တစ်ယောက်ကို ရာထူးမှထုတ်ပယ်သော ကိစ္စမျိုး မရှိခဲ့ဖူးပေ။ မျိုးဆက်တိုင်းတွင် ဂိုဏ်းချုပ်များသည် ဂုဏ်သိက္ခာကြီးမားသူများဖြစ်၍ ကျောက်ကျန်ရှင်းလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
"ကျောက်ကျန်ရှင်း ဂိုဏ်းချုပ်ဖြစ်လာပြီးနောက်မှာ မြောက်ပိုင်းဖုန်းဆိုးမြေက နတ်ဆိုးတွေကို ခုနစ်ကြိမ်တိုင်တိုင် တွန်းလှန်ခဲ့ပြီး သေမျိုးတိုင်းပြည်တစ်ထောင်ကျော်ကို ကာကွယ်ပေးခဲ့တယ်။ ဒါကိုတောင် မင်းတို့က သူ့ကို ရာထူးချချင်နေတာလား"
ရှန်ကွမ်းယုက ဒေါသတကြီး ထရပ်လိုက်ပြီး သွေးကြောများပင် ဖောင်းကားနေ၏။ ဤခုနစ်ကြိမ်တွင် တိုက်ပွဲတိုင်းသည် အလွန်ပြင်းထန်ခဲ့ပြီး သူမသည် ကျောက်ကျန်ရှင်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် ကျောက်ကျန်ရှင်း၏ သွေးစက်တိုင်းကို အမှတ်ရခဲ့ပြီး သတိလစ်နေသည့်တိုင်အောင် ဂိုဏ်းချုပ်အဖြစ် လေးစားဆဲပင်ဖြစ်သည်။ ဤလူယုတ်မာများက သူ၏နာမည်ကိုဖျက်ရန် ကြိုးစားနေပြီး ဂိုဏ်းချုပ်ရာထူးမှ ထုတ်ပယ်လိုက်လျှင် ရိုးသားသည့် ဓားသမားတစ်ယောက်အတွက် အကြီးမားဆုံးသော စော်ကားမှု ဖြစ်ပေလိမ့်မည်။