ရဲမျိုးနွယ်၏ ကောင်းမွန်သော အနာဂတ်
Vol. 4 Ch. 46
"ရှန်ကွမ်းယု ကျောက်ကျန်ရှင်းက ဒီလိုကာကွယ်ခဲ့တယ်ဆိုပေမယ့် သူလည်း အမှားလုပ်နိုင်တယ်။ အခု သူ့တပည့်တွေကို မသွန်သင်နိုင်မှတော့ သေတာတောင် ပိုကောင်းသေးတယ်"
လျူရှန်က နှာခေါင်းရှုံ့လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း ခွေးကောင်"
ရှန်ကွမ်းယုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"အသူရာဓားဂိုဏ်းရဲ့ စည်းကမ်းချက် နံပတ်တစ်က ဂိုဏ်းချုပ်ဟာ ဓားအိမ်တော်သခင် ဖြစ်ရမယ်"
တိတ်ဆိတ်နေသော ချန်တုန်က ရုတ်တရက် ဝင်ပြောလိုက်ပြီး အတိတ်တွင် တောင်ရှစ်လုံး၌ ဓားအိမ်တော်က အသန်မာဆုံးဖြစ်သောကြောင့် ဂိုဏ်းတည်ထောင်ရာတွင် အဓိကကျခဲ့သည်။
"ဓားအိမ်တော်ကို ဂိုဏ်းချုပ်နေရာ ပေးလိုက်ရင် ငါတို့ဂိုဏ်းက ဘာသိက္ခာ ကျန်ဦးမှာလဲ"
"ဓားအိမ်တော်က ပျက်စီးနေပြီ။ ဂိုဏ်းရဲ့ စည်းကမ်းတွေက နှစ်ပေါင်းရာချီနေပြီဆိုတော့ အပြောင်းအလဲ လုပ်ရမယ်"
"ဓားသခင်ကျန်း ပြောတာ မှန်တယ်။ ခေတ်တိုင်းမှာ စည်းကမ်းချက်အသစ် ရှိသင့်တယ်။ ဒီနေ့မှာ ဂိုဏ်းရဲ့ကောင်းကျိုးအတွက် စည်းကမ်းချက်တွေကို ပြင်ဆင်မယ်။ ဂိုဏ်းချုပ်နေရာကို ရဲကုရင်ကို ပေးလိုက်သင့်တယ်"
ရဲတန်းစီက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်ပြီး မူလတွင် ဂိုဏ်းချုပ်နေရာကို စိတ်ကူးထားသော်လည်း ဓားပင်လယ်တွင် အစွမ်းပြခဲ့သည့် ရဲကုရင်အား လွှဲပေးရန် ကြံစည်ထားသည်။ အသူရာဓားဂိုဏ်း၏ စည်းကမ်းချက်အရ ဂိုဏ်းချုပ်သည် ဓားအိမ်တော်သခင်ဖြစ်ရန် လိုအပ်သော်လည်း ကျောက်ကျန်ရှင်း၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးကာ အခွင့်ကောင်းယူလိုခြင်း ဖြစ်သည်။ ဓားအိမ်တော်သခင်များတွင် ရှေးဟောင်းမျှော်စင်သို့ ဝင်ခွင့်ရသူ မရှိခဲ့သောကြောင့် စည်းကမ်းချက်ကို ပြောင်းလဲရန် ဤလူစုက ကြံစည်နေကြ၏။ ခန်းမအပြင်ဘက်တွင် ဤစကားသံများကို ကြားလိုက်ရသောအခါ ကျင့်ကြံသူများသည် မင်သက်သွားသော်လည်း ရဲကုရင်၏ အစွမ်းကြောင့် မေးခွန်းမထုတ်ရဲကြပေ။
ရဲတန်းစီသည် တံခါးပိတ်ရန် အမိန့်ပေးလိုက်ပြီး ရောင်မန်ရှယ်က လူအုပ်ကြီးကို မောင်းထုတ်၍ ရှန်ကွမ်းယု၊ ချန်တုန်နှင့် လီချန်လုံကို ခြိမ်းခြောက်လိုက်ကြသည်။
"နားထောင်စမ်း။ ငါက မင်းတို့ခွင့်ပြုချက်ကို တောင်းနေတာ မဟုတ်ဘူး။ နောက်ဆုံး သတိပေးလိုက်မယ်။ ငါတို့နဲ့မပူးပေါင်းရင် ရဲကုရင်ပြန်ရောက်လာတာနဲ့ အရင်ဆုံး အသတ်ခံရမယ်။ အနာဂတ်မှာ ဓားအိမ်တော်နဲ့ဓားတောင်တွေ မရှိစေရဘူး။ ဂိုဏ်းအတွက် ရဲကုရင်ရဲ့ စကားတိုင်းက အမိန့်ဖြစ်ရမယ်။ ငါတို့ကို တားဆီးရင် သတ်ပစ်မယ်"
"ဟား ဟား"
"နင်က ဘာရယ်တာလဲ"
"နင်တို့က ကျောက်ကျန်ရှင်းရဲ့ နာမည်ကို ဖျက်ပြီး ဂိုဏ်းကို အပိုင်စီးကြတော့မယ်ပေါ့"
ရှန်ကွမ်းယုက ခါးသက်သက် ရယ်မောလိုက်ပြီး စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"နင့်ကို ဆယ်ရက်နေရင် သတ်ပစ်မယ်"
ရဲတန်းစီက ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။
"အမှိုက်ကောင်တွေ နင်တို့နဲ့ ရှိနေရတာ ငါ့ဓားကို အရှက်ရစေတယ်"
သူမက ပြောပြောဆိုဆိုနှင့် ဓားပျံကို စီးနင်းကာ ချက်ချင်းထွက်ခွာသွားသောကြောင့် ရဲတန်းစီ၏အကြည့်သည် ကျန်ဓားသခင်နှစ်ယောက်ထံ ကျရောက်လာသည်။ သူတို့က ထွက်သွားချင်သော်လည်း အကြီးအကဲများသည် ရဲတန်းစီကို မဆန့်ကျင်ရန် တောင်းပန်နေကြသည်။
"တွေ့လား။ မင်းတို့နောက်လိုက်တွေက ဘာကိုလိုချင်တာလဲ သိပြီလား။ မင်းတို့ပူးပေါင်းမယ်ဆိုရင် အသူရာဓားဂိုဏ်းကို အသစ်တည်ဆောက်ပြီးရင် အကျိုးမယုတ်စေရဘူး"
ဤသို့ဖြင့် ဓားသခင်နှစ်ယောက်သည် ငယ်သားများ၏ မျက်နှာကြောင့် သက်ပြင်းကိုယ်စီချလိုက်ပြီး ဓားတောင်တစ်ခုလုံးအား အသတ်မခံရစေလိုပေ။ ထို့နောက် ရောင်မန်ရှယ်က အစီအစဥ်များ မေးလိုက်သောအခါ ရဲတန်းစီသည် ဓားအိမ်တော်၏ မဟာခန်းမကို ဖျက်ဆီးရန်၊ အိုးပေါင်းတစ်ရာအတွင်း နတ်ဆိုးအညစ်အကြေးများ ထည့်သွင်း၍ ဓားအိမ်တော်၏ တောင်တစ်ခုလုံးကို ညစ်ညမ်းသွားစေရန်နှင့် သခင်လေးခုနစ်ယောက်၏ အုတ်ဂူများကို တူးထုတ်ရန် ညွှန်ကြားလိုက်သည်။ ဤစကားများကြောင့် ဓားသခင်နှစ်ယောက်က ဒေါသထွက်သွားသော်လည်း သူရဲဘောကြောင်သည့် အကြီးအကဲများက မဆန့်ကျင်ရန် ဆွဲထားကြသည်။
"ကျောက်ကျန်ရှင်း သတိရှိနေသေးရင် ဒေါသထွက်လွန်းလို့ သေသွားလောက်တယ်"
ကျန်းကျန့်က လှောင်ရယ်လိုက်သည်။
"ဓားဝိညာဥ် ပျက်စီးသွားတဲ့အတွက် ဒီကောင်သေဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်"
ရဲတန်းစီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု တည်ရှိနေသည်။
"သေပြီးတာတောင် ဟာသ လုပ်ခံနေရတယ်။ နှစ်ပေါင်းများစွာ အရှက်ရနေတော့မှာပဲ"
ရောင်မန်ရှယ်က ဟားတိုက်ရယ်မောလိုက်သည်။ လျူရှန်သည် ယွမ်ရှောင်ကို စီရင်ချင်သော်လည်း ပုန်းအောင်းနေရန် သေချာသဖြင့် အချိန်မဖြုန်းရန် ရဲတန်းစီက တားမြစ်လိုက်၏။ ထို့အပြင် ကျောက်ကျန်ရှင်းက သေကာနီးဖြစ်နေသော်လည်း တိုက်ခိုက်လာနိုင်သောကြောင့် သူတို့က ကြောက်လန့်နေပြီး နောက်ကွယ်မှသာ ကြိုးကိုင်ရန် ကြံစည်ထားကြသည်။
"ဂိုဏ်းရဲ့ အကြီးအကဲအားလုံးကို ဆင့်ခေါ်လိုက်စမ်း။ မလာတဲ့သူရှိရင် အနာဂတ်မှာ ဂိုဏ်းက ထုတ်ပစ်မယ်"
"မစိုးရိမ်ပါနဲ့ အမှတ်လေးနဲ့ အမှတ်ငါး ဓားတောင်က သေချာပေါက် ပူးပေါင်းပါမယ်"
ရဲတန်းစီက လီချန်လုံနှင့် ချန်တုန်ကို စိုက်ကြည့်လာသောအခါ အကြီးအကဲများသည် ကိုယ်စားဝင်ဖြေလိုက်ကြ၏။ သူက အညစ်အကြေးအိုးများ စီစဥ်ရန်အတွက် ကျန်းကျန့်ကို အမိန့်ပေးလိုက်ပြီး တပည့်များကို ကောင်းကင်၌ ရဲကုရင်ဆိုသော အမည်ကို ဓားပျံအလင်းဖြင့် ဖန်တီးရန် ညွှန်ကြားလိုက်ပြန်သည်။ သို့သော် အခန်း၏ထုတ်တန်းပေါ်တွင် ကြက်ကင်တစ်ကောင်ကို ဝါးစားနေသော သားရဲလေးတစ်ကောင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မည်သူမှ သတိမထားမိလိုက်ကြချေ။
အမှတ်တစ်ဓားတောင်ထိပ်ရှိ ရဲမျိုးနွယ်ဘိုးဘေးခန်းမသို့ တပည့်အားလုံး ဆင့်ခေါ်ခံလိုက်ရသည်။ ၎င်းသည် ခမ်းနားသော ရွှေရောင်ခန်းမတစ်ခုဖြစ်ပြီး စိတ်ကျောက်တုံးများဖြင့် ထွင်းထုထားသည့် ကမ္ဗည်းတိုင်ကျောက်ပြားများ ရှိနေသည်။ အမှတ်တစ်ဓားတောင်၏ သမိုင်းက ရှည်လျားပြီး ဤကျောက်ပြားများသည် ဘိုးဘေးများကို ပူဇော်ထားခြင်း ဖြစ်၏။ ၎င်းရှေ့တွင် ဆင့်ခေါ်ခံထားရသော တပည့်ပေါင်း တစ်ထောင်ကျော်ရှိနေပြီး ရဲမျိုးနွယ်ဝင်များမှာ စိတ်လှုပ်ရှားနေကြသည်။ သူတို့က များစွာဆုံးရှုံးခဲ့ရသော်လည်း ရဲတန်းစီ၏အကြံကြောင့် လက်စားချေရန် မစောင့်နိုင်ကြတော့ချေ။ လူအုပ်ကြီး၏ရှေ့ဆုံးတွင် ရဲတန်းစီ၏အဖေ၊ ရဲရှန်းရင်က ဦးဆောင်၍ ဘိုးဘေးများကို ဒူးထောက် အရိုအသေပေးလိုက်၏။
သူက အမှတ်တစ်ဓားသခင်ဟောင်း ဖြစ်ကာ လက်ရှိတွင် အနားယူသွားပြီး အနားတွင် ရဲတန်းစီ၏မိန်းမ ဖန်းမျိုးနွယ်ဝင်လည်း ရှိနေသည်။ ရဲကုရင်က ရဲမျိုးနွယ်ဝင် မဟုတ်သော်လည်း ရဲရှန်းရင်က ခေါ်ဆောင်လာခြင်းဖြစ်ကာ မွေးစားခဲ့၏။ ရဲတန်းစီကိုရော ရဲကုရင်ကိုပါ သူက သင်ကြားပေးခဲ့ပြီး လက်ရှိတွင် အပျော်လုံးဆို့နေသောကြောင့် မျက်လုံးများ တောက်ပနေ၏။
"တန်းစီ ကုရင် မင်းတို့က ရဲမျိုးနွယ်ရဲ့ နောင်တရစရာတွေကို ဖယ်ရှားပြီး ငါ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ"
တစ်ဘဝလျှင် တစ်ခါသာ ရနိုင်သော အခွင့်အရေးကြောင့် မြေးများ သေဆုံးသွားသော်လည်း သူက ဝမ်းနည်းမနေခဲ့ပေ။ ရဲမျိုးနွယ်က ကြီးမားသောကြောင့် မျိုးဆက်သစ်များ ထပ်မံမွေးဖွားလာနိုင်သည်။ သူသည် ဘိုးဘေးကျောက်ပြားများကို စိုက်ကြည့်ရင်း တစ်ခုချင်းစီက တောက်ပလင်းလက်နေသယောင် ထင်မှတ်နေ၏။ ရဲကုရင်က မွေးစားသားဖြစ်သော်လည်း အသူရာဓားဂိုဏ်းက သူ့ကြောင့် ရဲမျိုးနွယ်အပိုင် ဖြစ်လာခဲ့သည်။
"ကုရင်ပြန်ရောက်လာရင် ဘိုးဘေးကျောက်ပြားတွေကို သူရဲကောင်းခန်းမမှာ ထားပေးပါမယ်။ သူရဲကောင်းခန်းမက ဓားအိမ်တော်ဘိုးဘေးတွေကို ဖျက်ဆီးပစ်မယ်။ ငါတို့ရဲမျိုးနွယ်ကသာ ဂိုဏ်းကို အုပ်စိုးရမယ်"
ရဲရှန်းရင်နှင့်အတူ ရဲမျိုးနွယ်ဝင်များစွာက အော်ဟစ်ရယ်မောလိုက်ကြသည်။ လက်ရှိတွင် နတ်ပင်လယ်အဆင့်နှင့်အထက် ကျင့်ကြံသူများကို ဓားတိမ်လမ်းသို့ ရဲတန်းစီက ဆင့်ခေါ်ထားသဖြင့် နဂါးနွေဦးအဆင့်များသာ ကျန်ရစ်သည်။ ညကောင်းကင်ယံတွင် ရဲဆိုသော စာလုံးကို ပုံဖော်ရန် အမှတ်တစ်ဓားတောင်၊ ကုဆိုသော စာလုံးအတွက် အမှတ်ခြောက်ဓားတောင်နှင့် ရင်ဆိုသော စာလုံးအတွက် အမှတ်သုံးနှင့်ခုနစ် ဓားတောင်များက အသီးသီး တာဝန်ယူထားကြသည်။ ဤစာလုံးများကို သေမျိုးတိုင်းပြည်အားလုံး မြင်နိုင်ပြီး ရာစုနှစ်ပေါင်းများစွာ ကျော်ကြားနိုင်သောကြောင့် ကျင့်ကြံသူတစ်ယောက်အတွက် ဂုဏ်ယူစရာပင် ဖြစ်၏။
"ဘယ်သူလဲကွ။ ဘိုးဘေးတွေကို မရိုမသေလုပ်နေတာ"
ထောင်ချီသော ကျင့်ကြံသူများက ရဲဘိုးဘေးများကို ဦးညွှတ်နေစဥ် အော်သံတစ်ခုကြောင့် မော့ကြည့်လိုက်သောအခါ အဖြူရောင် ပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။
"ယွမ်ရှောင်"
ရန်သူများ၏ ရှေ့မှောက်တွင် ယွမ်ရှောင်သည် ရဲဘိုးဘေးခန်းမ၏ စင်မြင့်အထက်တွင် အေးစက်စက် ရပ်နေခဲ့သည်။ တိမ်တိုင်းပြည်တွင် ရဲကုရင်က နတ်ဆိုးများနှင့်ပူးပေါင်းပြီး သူ့ကို နာမည်ဖျက်ခဲ့သကဲ့သို့ ရဲတန်းစီသည်လည်း ဓားအိမ်တော်ကို အကောက်ကြံနေသည်။ သူက သတ်ဖြတ်လိုစိတ်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး အတိတ်တွင် ကျန်းမျိုးနွယ်ကို မျိုးဖြုတ်ခဲ့သကဲ့သို့ ရဲမျိုးနွယ်အားလည်း ရှင်းပစ်ရန် ဆုံးဖြတ်လိုက်လေသည်။