← Chapters

ဘိုးဘေးကျောက်ပြားများကို ဖျက်ဆီးခြင်း

Vol. 4 Ch. 49

ဘိုးဘေးကျောက်ပြားများကို ဖျက်ဆီးခြင်း

Vol. 4 Ch. 49

"သူတို့ ရောက်လာကြပြီ ရန်အာ။ သူတို့ကို မဟာခန်းမဆီ အရောက်ခံလို့ မဖြစ်ဘူး"

မဟာခန်းမ၏ အနောက်ဘက်တွင် သူရဲကောင်းခန်းမ ကပ်လျက်တည်ရှိသောကြောင့် အဘိုးချင်က အလောတကြီး ပြောလိုက်၏။

"ဒေါ်လေးယု ဓားအိမ်တော်ရဲ့ တပည့်တွေကို ကာကွယ်ပေးပါ။ နင်လည်း လိုက်သွား"

ကျောက်ရန်ရန်သည် ယွမ်ရှောင်နှင့် အခြားတပည့်များကို တစ်ချက်စိုက်ကြည့်၍ အမိန့်ပေးလိုက်သောအခါ ခေါင်းညိတ်ပြကြသဖြင့် စိတ်အေးသွားခဲ့သည်။ သူမက စိုးရိမ်စရာမရှိသောကြောင့် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ဓားအိမ်တော်ကို အသက်ပေးကာကွယ်ရန် အသင့်ဖြစ်နေ၏။ သူမနှင့် အကြီးအကဲလေးယောက်လုံး လိုက်ပါသွားသောကြောင့် ဓားအိမ်တော်၏တပည့်များမှာ မျက်ရည်များ ကျဆင်းလာခဲ့သည်။ ဤဖြစ်ရပ်က တိမ်တိုင်းပြည်တွင် ယွမ်ရှောင်ကြုံခဲ့ရသည်နှင့် တူညီပြီး ရဲကုရင်ကြောင့် မဟုတ်သော်လည်း သွယ်ဝှိုက်၍ ဆက်နွယ်နေသည်။ ထိုအချိန်၌ ယွမ်ရှောင် ပျောက်ကွယ်သွားသောကြောင့် လိုက်ပါသွားခြင်းဖြစ်၍ ဓားအိမ်တော်၏ နောက်ဆုံးမျှော်လင့်ချက် မရှိတော့ပေ။ အကယ်၍ သူသာ အသတ်ခံရလိုက်လျှင် ကျောက်ရန်ရန်တို့၏ စတေးမှုက အလဟဿ ဖြစ်သွားပေလိမ့်မည်။

"ကျောက်ကျန်ရှင်း နင် သူတို့ကို ကာကွယ်ပေးရမယ်"

ရှန်ကွမ်းယုသည် မျက်ရည်များ တသွင်သွင်စီးကျနေရင်း မဟာခန်းမအတွင်း ဦးတည်၍ အော်ဟစ်နေခဲ့သည်။ ဓားအိမ်တော်၏ တောင်ခြေတွင် လူငါးယောက်သည် ကျင့်ကြံသူတစ်ထောင်ကျော်ကို တားမြစ်ရန် မားမားမတ်မတ် ရပ်နေကြသည်။

"ဓားသခင်တွေက စည်းကမ်းအတိုင်း ဆောင်ရွက်မယ်။ မဆိုင်ရင် ဘေးဖယ်ကြ"

ကျန်းကျန့်က အေးစက်စက် အော်ဟစ်လိုက်သော်လည်း ရဲတန်းစီ၊ ရောင်မန်ရှယ်တို့နည်းတူ လူအုပ်အတွင်း ပုန်းအောင်းနေခဲ့၏။ သူတို့က ကျောက်ကျန်ရှင်း ရုတ်တရက် တိုက်ခိုက်လာလျှင် သေရမည်ကို ကြောက်လန့်နေခြင်းဖြစ်ရာ နောက်ကွယ်မှသာ ကြိုးကိုင်နေကြ၏။ သို့သော် တောင်ခြေတွင် ကျောက်ရန်ရန်က သူတို့ကို တားမြစ်လာမည်ဟု မျှော်လင့်မထားကြပေ။

"အရူးတွေ ရဲကုရင်က သူမကို လိုချင်နေတာနဲ့ ငါတို့က မသတ်ရဲဘူးလို့ ထင်နေတာများလား"

ရောင်မန်ရှယ်က နှာခေါင်းရှုံ့လိုက်ပြီး မည်သို့စီမံရမည်ကို ရဲတန်းစီထံ အကြံတောင်းခံလိုက်၏။ သူက အချက်ပြလိုက်သောအခါ ကျင့်ကြံသူများစွာ၏ အသံက ညကောင်းကင်တွင် တပြိုင်နက် ထွက်ပေါ်လာခဲ့သည်။

"အသူရာဓားဂိုဏ်းရဲ့ ကျောက်ကျန်ရှင်းက တပည့်တွေကို သွန်သင်ဖို့ ကွက်ပျက်ခဲ့လို့ လူကြားထဲမှာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်။ ဂိုဏ်းစည်းကမ်းချက်တွေအရ ငါတို့က သူ့ကို ဂိုဏ်းချုပ်ရာထူးကဖယ်ရှားပြီး ဓားဘုရင် ရဲကုရင်ကို ဂိုဏ်းချုပ်အဖြစ် တင်မြှောက်မယ်"

ဤအသံက တောင်တန်းများအထက်တွင် ပဲ့တင်ထပ်သွားကာ ဂိုဏ်း၏အတွင်းရေးများကို အနည်းငယ်သာ သိထားသော သာမန်တပည့်များနှင့် သေမျိုးများက အထင်လွဲသွားကြပေလိမ့်မည်။ ကျောက်ရန်ရန်သည် ဤအချက်ကြောင့် ဒေါသထွက်နေပြီး တိမ်တိုင်းပြည်၌ ယွမ်ရှောင် ခံစားခဲ့ရသကဲ့သို့ တုံ့ပြန်နိုင်စွမ်းကင်းမဲ့နေသည်။ သူမက ဓားအော်ရာနှစ်ဆယ်ရှိသော အနက်ရောင် ဓားဝိညာဥ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး နတ်ပင်လယ် အခြေတည်အဆင့် ခွန်အားကို ထုတ်ဖော်ထား၏။ သူမက ကျောက်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ရောင်မန်ရှယ်ကဲ့သို့ ဓားသခင်များအောက် အားမနည်းချေ။

ကျောက်ရန်ရန်သည် ဓားတစ်လက်တည်းဖြင့် ကျင့်ကြံသူတစ်ထောင်ရှေ့တွင် မားမားမတ်မတ် ရပ်နေပြီး တိတ်ဆိတ်နေသော်လည်း အေးစက်စက် ဓားသွားက ရှေ့တက်လာလျှင် သတ်ပစ်မည်ဟူ၍ ခြိမ်းခြောက်နေခဲ့သည်။ သို့သော် ရဲတန်းစီနှင့် ဓားသခင်များက လှောင်ရယ်လိုက်ကြပြီး ဓားအိမ်တော်၏ မဟာခန်းမနှင့် သူရဲကောင်းခန်းမကို ဖျက်ဆီးရန် အမိန့်ပေးလိုက်သောအခါ ကျန်းကျန့်က ဖားယား၍ အမိန့်နာခံလိုက်၏။

"အမှတ်တစ်ဓားတောင်ရဲ့ ဘိုးဘေးခန်းမကို သူရဲကောင်းခန်းမအသစ်အဖြစ် တည်ဆောက်မယ်။ ဘိုးဘေးကျောက်ပြားတွေက ဂိုဏ်းရဲ့ အမှတ်အသားအဖြစ် ထာဝရ တည်ရှိစေရမယ်"

ရောင်မန်ရှယ်က ဤသို့ပြောလိုက်သောအခါ နောက်လိုက်များမှာ ချက်ချင်းခေါင်းညိတ်၍ ထောက်ခံနေကြသည်။ ချန်တုန်နှင့် လီချန်လုံသည် ဘေးထွက်ရပ်နေကြပြီး ကူကယ်ရာမဲ့နေသောကြောင့် ဒေါသထွက်နေသော်လည်း မကန့်ကွက်ရဲကြပေ။

ရဲတန်းစီသည် ကျောက်ရန်ရန်ကို ဖိနှိပ်ထားရန် ရောင်မန်ရှယ်ကို အမိန့်ပေးလိုက်သောအခါ အမှတ်ခြောက်ဓားတောင်မှ ဓားသမားသုံးဆယ်ကျော်နှင့်အတူ ချီတက်သွားကြ၏။ သူတို့က ကျောက်ရန်ရန်တို့ကို တားမြစ်ထားလျှင် ကျန်းကျန့်နှင့်အဖွဲ့က မဟာခန်းမကို ဖျက်​ဆီးရန် သွားနိုင်ကြပေလိမ့်မည်။

"ဘာဖြစ်တာလဲ"

ထိုအချိန်၌ အရာတစ်ခုက ကောင်းကင်မှ ဘုန်းခနဲ ကျလာသောကြောင့် လူတိုင်း မင်သက်သွားကာ ကြည့်လိုက်သောအခါ အသူရာဆေးအိုးကို မြင်လိုက်ရသည်။ ၎င်းအတွင်း၌ အပြာရောင်မီးတောက်များ လောင်ကျွမ်းနေပြီး ဒဏ္ဍာရီများအရ ၎င်းသည် သံမဏိကိုပင် ပြာဖြစ်အောင် မီးရှို့ပစ်နိုင်သည်။ သူတို့၏မြင်ကွင်းအတွင်း ဆေးအိုးနံဘေးတွင် ရပ်နေသော ယွမ်ရှောင်ကို မြင်လိုက်ရသဖြင့် အမှတ်ခြောက်နှင့်ခုနစ် ဓားတောင်၏ကျင့်ကြံသူများ တန့်ကုန်၏။ ယွမ်ရှောင်က အုပ်စုနှစ်ခုအကြားတွင် ထွက်ပေါ်လာပြီး သတ်ဖြတ်ခံထားရသော သားသမီးများအတွက် လက်စားချေချင်နေသည့် ရဲတန်းစီက ထိန်းမရအောင် ဒေါသထွက်နေခဲ့သည်။

"ဒီအရူးကောင်က အရှက်တောင် မခွဲရသေးဘူး။ တကယ်ထွက်လာတာပဲ"

ရောင်မန်ရှယ်က လှောင်ရယ်လိုက်ပြီး ကျန်းကျန့်မှာ ရဲတန်းစီကို မျက်နှာလုပ်ရန်အတွက် ယွမ်ရှောင်အား ဖမ်းဆီးပေးချင်နေသည်။ ရဲတန်းစီကမူ မဟာခန်းမအတွင်း ရှိနေသော ကျောက်ကျန်ရှင်းကို တဘဝလုံး ငယ်ကြောက် ဖြစ်လာသောကြောင့် လုံခြုံသည့် အဝေးမှသာ အမိန့်ပေးနေသည်။

ကျောက်ရန်ရန်သည် ရုတ်တရက် ထွက်ပေါ်လာသော ယွမ်ရှောင်ကြောင့် တစ်ဖက်လူ၏နှလုံးသားကို နားလည်သွားကာ ကပ်ဘေးအတွင်း သူမကို စွန့်ခွာမသွားသဖြင့် ခံစားချက်များ နွေးထွေးနေသည်။ သို့သော် သူမကို ရောင်မန်ရှယ်နှင့် နောက်လိုက်များက ဝိုင်းဝန်းတိုက်ခိုက်နေသောကြောင့် သွားရောက်ကယ်တင်ရန် မဖြစ်နိုင်ချေ။

"ယွမ်ရှောင် မင်းကို ငါလို ဓားသခင်တစ်ယောက်က သတ်ပစ်မှာဖြစ်တဲ့အတွက် ဂုဏ်ယူနေသင့်တယ်"

ကျန်းကျန့်က အထက်စီးမှ ခြိမ်းခြောက်ရင်း ရှေ့တက်လာသည်။

"ကိုးဆက်မြောက်ဘိုးဘေး ကျန်းဟီက မင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ"

ယွမ်ရှောင်သည် အဖြူရောင်အိတ်တစ်လုံးကို သယ်ဆောင်ထားပြီး အတွင်းသို့ လက်နှိုက်၍ ကမ္ဗည်းကျောက်ပြားတစ်ခုအား ထုတ်ယူလိုက်သည်။ သူက အမှတ်တစ်ဓားတောင်မှ အပြန်လမ်းတွင် အမှတ်ခြောက်နှင့်ခုနစ် ဓားတောင်များ၏ ဘိုးဘေးခန်းမများသို့ ကျူးကျော်လာခြင်း ဖြစ်သည်။

"အဘိုး"

ကျန်းကျန့်က မျက်နှာပျက်သွားပြီး ရပ်တန့်သွားကာ ကျန်းဟီ၏ကျောက်ပြားမှာ တစ်ဖက်လူထံ မည်သို့ရောက်နေကြောင်း စဥ်းစားမရခဲ့ပေ။

"ဒီအဘိုးကြီးက မင်းလို မျိုးဆက်သစ်တစ်ယောက်ကို မွေးဖွားခဲ့အတွက် တမလွန်မှာ အရှက်ကွဲနေလောက်ပြီ"

"ငါ့ကို အဲ့ဒီကျောက်ပြား ပေးစမ်း"

"ရော့ ရော့။ ငါ့လက်ချော်သွားပြီ။ စိတ်မကောင်းလိုက်တာ"

သို့သော် ယွမ်ရှောင်က ၎င်းကို အသူရာဆေးအိုးအတွင်း ပစ်ချလိုက်သောကြောင့် ကျန်းကျန့်နှင့် အမှတ်ခုနစ်ဓားတောင်၏ ကျင့်ကြံသူများကို ဆွေ့ဆွေ့ခုန်သွားစေသည်။

"မင်းတို့က ဓားအိမ်တော်ရဲ့ ဘိုးဘေးတွေကို စော်ကားချင်ရင် အကျိုးဆက်ကို စဥ်းစားထားသင့်တယ်"

ယွမ်ရှောင်က အေးစက်စက်ပြုံး၍ ကျောက်ပြားရှစ်ခုကို တရစပ်ထုတ်ယူကာ ကျန်းဘိုးဘေးများဖြစ်နေသောကြောင့် မဟာခန်းမထံ ပျံသန်းနေသူများမှာ နောက်ပြန်လှည့်လာပြီး ဝိုင်းဝန်းနေခဲ့ကြသည်။

"လူများတာနဲ့ ငါက ကြောက်မယ် ထင်နေတာလား"

ဘိုးဘေးများ ကွယ်လွန်ပြီးနောက် အကြွင်းအကျန်ဝိညာဥ်ကို ကျောက်ပြားများနှင့် ဆက်နွယ်ထားပြီး မျိုးဆက်သစ်များ၏ အရိုအသေပေးခြင်းကို လက်ခံနိုင်သည်။ အရက်စက်ဆုံးအချက်မှာ အသူရာဆေးအိုး၏ မီးတောက်သည် နတ်ဆိုးဝိညာဥ်များကို သန့်စင်ရန်အတွက် ပြုလုပ်ထားသောကြောင့် ကျန်းဘိုးဘေးများ၏ ဝိညာဥ် များထံမှ ငိုသံများ ထွက်ပေါ်လာ၏။ ကျန်းကျန့်သည် သူ၏ဘိုးဘေးများကို သူရဲကောင်းခန်းမအသစ်တွင် ထားချင်ခဲ့သော်လည်း လက်ရှိတွင် တစ်ခုပြီးတစ်ခု မီးရှို့ခံနေရသည်။

"ယွမ်ရှောင် နင်ကများ ဘိုးဘေးတွေကို စော်ကားရဲတယ်"

"အဲ့ဒီအိတ်ကို ပေးစမ်း"

"မလောကြပါနဲ့။ ရဲမျိုးနွယ်နဲ့ ရောင်မျိုးနွယ်က ကျောက်ပြားတွေလည်း ရှိပါတယ်"

ရောင်မန်ရှယ်နှင့် ရဲတန်းစီက ခြောက်လှန့်လိုက်သော်လည်း ယွမ်ရှောင်သည် ကျောက်ပြားများ ထပ်မံထုတ်ယူကာ မီးတောက်အတွင်း ပစ်ချလိုက်သည်။

"မျိုးမစစ်ကောင်"

ဘိုးဘေးကျောက်ပြားများထံမှ အော်သံများ တရစပ် ထွက်ပေါ်လာသောအခါ သူတို့၏ဒေါသက ငယ်ထိပ်အထိ ရောက်သွားခဲ့လေသည်။

All Chapters