← Chapters

အခန်း (၅၉၅)

Vol. 40 Ch. 595

အခန်း (၅၉၅)

Vol. 40 Ch. 595

သူဌေးက ဒီငါးကိုသုံးပြီး ဒီထက်ပိုအရသာရှိတဲ့ဆေးဖက်ဝင်ငါးဖြစ်အောင်လုပ်နိုင်မယ်လို့ ဘယ်ထင်မလဲ?

ဒီလိုအရသာရှိတဲ့ဆေးဖက်ဝင်ငါးဖြစ်အောင် လုပ်နိုင်တဲ့စားဖိုမှူးက သူဌေးအပြင်မရှိလောက်ဘူးမလား?

အိုးထဲကငါးကိုကြည့်ရင်း သူကတံတွေးမြိုချလိုက်ပြန်သည်။ ထပ်စားချင်သေးသော်လည်း တူကိုပြန်ချထားလိုက်၏။ ဘာပဲဖြစ်ဖြစ် သူဌေးချက်ရင် လူတွေကိုကောင်းကောင်းဧည့်ခံရမည်ဖြစ်သောကြောင့် သူမဆင်မခြင်မလုပ်ရဲ။

သူ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပြီး ဒီလိုအရသာရှိတဲ့ဆေးဖက်ဝင်ငါးမျိုးမချက်နိုင်တာ နှမြောစရာ။ မဟုတ်ရင် ဧည့်ခံဖို့သူဝင်လုပ်နိုင်သည်။

"ဒီဆေးဖက်ဝင်ငါးကိုကူသယ်ပေးပါဦး... နောက်ထပ် ငါးရယ် ဘဲဥနဲ့ထမင်းလုပ်လိုက်ဦးမယ်''

ချင်လင်ကအိုးထဲမှငါးကိုခပ်ပြီး ဟင်းပွဲချပေးရန်စောင့်နေသော အလုပ်သင်စားဖိုမှူးကိုမှာလိုက်သည်။ ထို့နောက် ရေခဲသေတ္တာဆီသွား၍ အရည်အသွေး ၂ ငါးရှဉ့်များထုတ်လိုက်သည်။

စီမံရေးစားသောက်ခန်းထဲ၌_

ချန်ရှန်းဖေနှင့်လီခိုင်က စားပွဲတွင်ဖင်တကြွကြွဖြစ်နေသည်။ ချင်လင်ချက်တိုင်း အငမ်းမရဖြစ်နေမြဲပင်။

ဒီလိုစားကောင်းသောက်ဖွယ်မျိုးကို တခြားဘယ်မှာမှမတွေ့နိုင်။

နောက်ပြီး ချင်လင်ရဲ့ဆေးဖက်ဝင်ငါးကို လုံးဝမစားဖူးပေ။

ကျောက်မိုချင်းနှင့်လင်းဖန်လည်းရောက်နေသည်။ ချင်လင်ဆေးဖက်ဝင်ငါးချက်မည်ဟုကြားသောကြောင့် သူတို့ကတမျှော်မျှော်ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ချင်လင်ဆေးဖက်ဝင်ငါးချက်တာ အရင်ကမတွေ့ဖူး။

ဒီလူက အချိန်နှင့်အမျှ အမြဲအံ့ဩအောင်လုပ်နေသည်။

အလုပ်သင်က ငါးကိုအမြန်မပြီး စားပွဲပေါ်တရိုတသေသွားတင်လိုက်သည်။

လောလောလတ်လတ်ချက်ထားသောဆေးပြုတ်ရည်ဖြစ်၍ ဆေးနံ့ကချက်ချင်းရသည်။

ချန်ရှန်းဖေက နည်းနည်းအံ့ဩသွားပြီး_

"ပြင်းလိုက်တဲ့ဆေးနံ့... ပြီးတော့ အနံ့ကအရမ်းကောင်းတယ်''

တစ်ခါက တရုတ်တိုင်းရင်းဆေးမိသားစုချက်သော ဆေးဖက်ဝင်ငါးဟင်းကို သူစားဖူးသည်။ တစ်နပ်စာကို အနည်းဆုံး ယွမ် ၁၀၀၀၀၀ ပေးရသည်။ သူတို့လုပ်သောဆေးဖက်ဝင်ငါးဟင်းအနံ့က အရမ်းကောင်းသည်။

တရုတ်တိုင်းရင်းဆေးမိသားစုမှမဟုတ်ဘဲ အပြင်မှာ တရုတ်တိုင်းရင်းဆေးပြုတ်ရည်သောက်ဖူးသည်။ သို့သော် ဒီလိုဆေးနံ့မျိုးလုံးဝမရ။ တချို့ဟင်းပွဲများက စပ်တောင်စပ်သည်။

အာနိသင်မပြောနှင့်။ အရသာသက်သက်တောင် မိုင်ပေါင်းကုဋေကွာသည်။

အခု ချင်လင်ရဲ့ဆေးဖက်ဝင်ငါးကလည်း ဒီလိုဆေးနံ့မျိုးရသည်။ အံ့ဩစရာကောင်းသည်။

"လူကြီးမင်းချန် ပါမောက္ခလီ... ဒီငါးအရင်မြည်းကြည့်ပါ''

ကျောက်မိုချင်းလည်း အိမ်ရှင်အမျိုးသမီးအနေနှင့် သူတို့နှစ်ယောက်ကိုဧည့်ခံလိုက်သည်။

ချန်ရှန်းဖေနှင့်လီခိုင်က အစားအသောက်နှင့်ပတ်သက်လျှင် အားမနာတတ်။ သူတို့ကချက်ချင်း ငါးပန်းကန်ကိုင်ပြီး စတွယ်တော့သည်။

ပါးစပ်ထဲရောက်ရောက်ချင်း သူတို့မျက်လုံးများအရောင်တောက်သွား၏။

အရင်က ချင်လင်၏ငါးစားသောက်ပွဲကို သူတို့နှစ်ယောက်လုံးစားဖူး၍ ဘယ်လောက်အရသာရှိမှန်း သူတို့သိသည်။

အခု ဒီငါးကို ဆေးဖက်ဝင်ငါးအဖြစ်ချက်ထားတာ ငါးစားသောက်ပွဲထက်တောင်ပိုကောင်းနေသည်။

လက်ဖျားခါလောက်စရာ။

ဒီလိုအရသာရှိတဲ့အစားအသောက်မျိုးကို ကမ္ဘာပေါ်မှာ ချင်လင်အပြင် ဘယ်စားဖိုမှူးမှမချက်နိုင်ဟုခံစားလိုက်ရသည်။

"ညီလေးချင်ရဲ့လက်ရာကို ထပ်သဘောပေါက်သွားပြန်ပြီ''

လီခိုင်က သက်ပြင်းချပြီးပြောသည်။

ချန်ရှန်းဖေက ခေါင်းညိမ့်ထောက်ခံလိုက်သည်။

သူတို့နှစ်ဦးက ချင်လင်ကိုချီးကျူးနေသောကြောင့် ကျောက်မိုချင်းနှင့်လင်းဖန်မှာ အလွန်ဝမ်းသာနေသည်။ ချင်လင်ရဲ့ဆေးဖက်ဝင်ငါးက တကယ်အရသာရှိမှန်း သူတို့လည်းသိလိုက်ရသည်။

မြန်မြန်စားရင် လျှာကိုက်မိမှာသေချာသည်။

ချင်လင်က ဆေးဖက်ဝင်ငါးနှင့်ဘဲဥထမင်းကြော်ချက်ပြီး စားဖိုဆောင်မှထွက်လာသောအခါ ပြောင်လုနီးနီးဖြစ်နေသောဆေးဖက်ဝင်ငါးအိုးကိုကြည့်ပြီး လန့်သွားသည်။

ချန်ရှန်းဖေနှင့်လီခိုင်မှာ ဗိုက်ပွတ်ပြီး ကြို့ထိုးနေကြသည်။ မတတ်နိုင်။ အစားတလိုင်းများဖြစ်၍ ဆေးဖက်ဝင်ငါးကို လုံးဝဟန်မ​ဆောင်နိုင်။

ချင်လင်က ဘဲဥထမင်းကြော်၊ ဆေးဖက်ဝင်ငါး၊ ငါးရှဉ့်နှင့်ထွက်လာသောအခါ သူတို့နှစ်ယောက်ရင်ခံသွားသည်။

အစားလွန်သွားရင်ရော?

ငါးရှဉ့်ကို စားချင်သေးတယ်။

ထို့ကြောင့် လေချဉ်တက်ပြီးရင် ဆက်စားဖို့ အားမွေးလိုက်ကြသည်။

ချင်လင်က သူတို့နှစ်ယောက်ကိုကြည့်ရင်း ရယ်လိုက်သည်။

ဆေးပြုတ်ရည်ကဘယ်လောက်ဆွဲဆောင်မှုရှိလဲ သက်သေပြနေခြင်းပင်။

…

နောက်တစ်နေ့_

ချင်လင်က ဆေးဖက်ဝင်စွပ်ပြုတ်ထပ်လုပ်သည်။ ဒီတစ်ကြိမ်တွင် အရည်အသွေး ၂ အလှအပဘဲသားနှင့်ချက်သည်။

သူသတ်တဲ့ဘဲက စံအိမ်ရဲ့တပိုင်၊ အာ့ပိုင်၊ စန်းပိုင်တို့တော့ ဘယ်ဟုတ်မလဲ။

ဂိမ်းထဲမှ အရည်အသွေး ၂ အလှအပဘဲတစ်ကောင်ထုတ်ပြီး သားသတ်သမားကိုသတ်ခိုင်းသည်။ သတ်ပြီးနောက် သူဘဲစကိုင်သည်။

ချက်စားသောဘဲက အရည်အသွေး ၃ ဘဲလို အသားနှင့်အရသာမျိုးမရှိသော်လည်း အထူးစားကောင်းခြင်း +၁၊ အထူးအသား +၁၊ အထူးဆေးနံ့ +၁ ရှိသည်။

ဒီဆေးဖက်ဝင်ဘဲကလည်း ထိပ်တန်းဟင်းပွဲပင်။

ချန်ရှန်းဖေနှင့်လီခိုင်မှာ ဒီဆေးဖက်ဝင်ဘဲစားပြီး မရပ်နိုင်တော့။

ချင်လင်လည်း အများကြီးစားပစ်သည်။

အပန်းဖြေစံအိမ်အသင့်ဖြစ်ရင် ဒီလျှို့ဝှက်ဆေးနည်းက ထိပ်တန်းဆိုင်းဘုတ်ဖြစ်လိမ့်မည်။

သို့ရာတွင် စားပြီးနောက် စံအိမ်ကိုအထူးဧည့်သည်ရောက်လာသည်။ ဒါရိုက်တာရန်ပင်။

ချင်လင်၏ရုံးခန်းထဲ၌_

ဒါရိုက်တာရန်က ချက်ချင်းစာဖိုင်ကမ်းပေးပြီး_

"သူဌေးချင်... ခင်ဗျားကို အထူးအော်ဒါလာပို့ပေးတာ''

ချင်လင်က စာဖိုင်ယူပြီးကြည့်လိုက်ရာ အံ့ဩသွားသည်_

"နိုင်ငံ့အသင်းနေ့စဉ်ဖျော်ရည်အော်ဒါ? ကျွန်တော်တို့ချင်းလင်အားဖြည့်လက်ဖက်ရည်က အဖွဲ့အစည်းကော်မတီဒဏ်ခတ်လို့ ပြိုင်ပွဲထဲမသွင်းရဘူးမလား?''

ဒါရိုက်တာရန်ကပြုံးလိုက်ပြီး_

"သူဌေးချင်... ကွင်းထဲမှာသူတို့စကားကအတည်... ဒါပေမဲ့ ကွင်းပြင်မှာ ကျုပ်တို့စကားကအတည်... ဒီချင်းလင်အားဖြည့်လက်ဖက်ရည်က နေ့စဉ်လေ့ကျင့်ရေးမှာ ကြီးကြီးမားမားအထောက်အကူဖြစ်နိုင်တယ်လေ''

ဒါရိုက်တာရန်ပြောတဲ့သဘောကိုနားလည်သဖြင့် ချင်လင်ကထောက်ခံလိုက်သည်။

ထို့နောက် သူတစ်ခုတွေးမိသွားသည်။

အားဖြည့်ဆေးရည်ပင်။

ဒီဆေးရည်က တစ်နေ့ ၅ နာရီကျော် အပြင်းအထန်လေ့ကျင့်ခန်းလုပ်သော နိုင်ငံ့အားကစားသမား၊စစ်သားများအတွက်သာ အာနိသင်ရှိသည်။ အခုဒါရိုက်တာရန်ရောက်လာပြီဆိုတော့ သူအကြံတစ်ခုရလာသည်။



All Chapters