တရုတ်တိုင်းရင်းဆေးနည်း? ဒေါက်တာ Dott ၏ BUG? ၂
Vol. 40 Ch. 597
ဝန်ကြီးလုက ခေါင်းညိမ့်လိုက်ပြီး_
"ဝန်ကြီးကျောက်ပြောတဲ့အတိုင်းပဲ... အဲဒါသာအမှန်ဆိုရင် ဆေးရည်က နိုင်ငံ့အသင်းအားကစားသမားတွေ အကျိုးရှိရုံတင်မကဘူး... စစ်တပ်ရော အထူးသဖြင့် ထိပ်တန်းအထူးတပ်ဖွဲ့အတွက်အကျိုးရှိလိမ့်မယ်!''
သူပြောတဲ့အဓိပ္ပါယ်ကို ပါမောက္ခရန်ကချက်ချင်းသဘောပေါက်ပြီး မျက်နှာထားတည်သွားသည်။
အတိုင်းအတာတစ်ခုအထိ ခေတ်ရှေ့ပြေးသွားပြီ။
မကြာမီ ဒါရိုက်တာရန်က အလောတကြီးရောက်လာသည်။
ဝန်ကြီးလုကိုမြင်လျှင် ချက်ချင်းသူ့လက်ထဲမှစာဖိုင်နှင့်ဆေးရည်ကိုပေးပြီး_
"ဝန်ကြီးလု... ဒီဟာပဲ''
ဝန်ကြီးလုက ဆေးရည်နှင့်အချက်အလက်ကိုယူပြီး ပါမောက္ခလီခိုင်၏စမ်းသပ်ချက်ကို ပါမောက္ခရန်ဆီပေးကာ_
"တစ်ချက်ကြည့်လိုက်ပါဦး''
ပါမောက္ခရန်က စာဖိုင်ယူကြည့်ပြီး မျက်လုံးများအရောင်တောက်သွားကာ_
"အချက်အလက်ကြည့်ရုံနဲ့တင် ပါမောက္ခလီခိုင်က သူ့ကိုယ်ပိုင်ဆဲလ်နဲ့ အပြင်းအထန်လေ့ကျင့်ခန်း ၅ နာရီဖန်တီးပြီး ဆေးရည်ထဲကပစ္စည်းတွေကိုစမ်းသပ်ထားတာ... သူ့တွက်ဆချက်မှန်ရင် ဒီအထူးပစ္စည်းရဲ့အာနိသင်ကအမှန်ဖြစ်လိမ့်မယ်''
"သွားစို့... အခုချက်ချင်း ထပ်စစ်ဆေးကြည့်မယ်''
ဝန်ကြီးလုက တန်းပြောလိုက်သည်။
ပါမောက္ခလီခိုင်ကိုမယုံသောကြောင့်မဟုတ်သော်လည်း တင်းကြပ်သောသိပ္ပံနည်းကျချဉ်းကပ်မှုကြောင့် မည်သူအစီရင်ခံသည်ဖြစ်စေ၊ သူတို့ကပြန်စစ်ရသည်။
ပါမောက္ခရန်ကခေါင်းညိမ့်ပြီး ဆေးရည်စမ်းသပ်ရန် ဓာတ်ခွဲခန်းထဲအဖွဲ့ဝင်နှစ်ယောက်ခေါ်သွားလိုက်သည်။
၅ နာရီလေ့ကျင့်ရေးသတ်မှတ်ထားသော သုတေသနစမ်းသပ်မှုအတွက် ပါမောက္ခရန်လည်း သူကိုယ်တိုင်နှင့်အဖွဲ့ဝင်နှစ်ယောက်၏ဆဲလ်ထုတ်ပြီးစမ်းသပ်သည်။
ပါမောက္ခရန်တို့က အားဖြည့်ဆေးရည်ကို အမြန်ဆုံးသောအရှိန်နှင့်စမ်းသပ်ပြီးစီးသွားသည်။
သူတို့ကိုယ်တိုင်ကောက်ချက်ဆွဲချိန်တွင် သူတို့မျက်နှာပေါ်မှအပျော်ကိုမဖုံးဖိနိုင်တော့။
ပါမောက္ခရန်က ဝန်ကြီးလုအား စိတ်လှုပ်ရှားသံနှင့်_
"ပါမောက္ခလီခိုင်ရဲ့စမ်းသပ်ချက်ထဲကပစ္စည်းနှစ်မျိုးကို ဒီလိုအာနိသင်ရှိကြောင်းအတည်ပြုထားတယ်''
"ဒါပေမဲ့ ကျုပ်တို့က ဒီလိုအခြေအနေမျိုးဖန်တီးဖို့ ဆဲလ်ထုတ်ရုံသက်သက်ပဲ... ဒါကိုအတည်ပြုဖို့ လူလိုတယ်... ကျုပ်တို့ချင်းလင်ဓာတ်ခွဲခန်းကို အားကစားသမားသုံးလေးယောက်ခေါ်သွားရမယ်''
"ဒီအထူးပစ္စည်းက အာနိသင်ရှိတယ်!''
ဝန်ကြီးလုက မေးလိုက်သည်_
"ဆေးမှာ ဘေးထွက်ဆိုးကျိုးရောရှိလား?''
"လူ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတော့ မတွေ့ပါဘူး''
ပါမောက္ခရန်ကရှင်းပြသည်_
"ဒါပေမဲ့ အားကစားသမားတွေကိုမပေးခင် ချင်းလင်ဓာတ်ခွဲခန်းမှာ ပါမောက္ခလီခိုင်နဲ့ သုံးလေးကြိမ်ပြန်စစ်ကြည့်မှာပါ... စိတ်ချရပြီဆိုမှ စမ်းသပ်မှုလုပ်မယ်''
"အင်း!''
ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။ အခုဒီပစ္စည်းနှစ်ခုကအသုံးဝင်မှန်းသိပြီ။ အလွန်အရေးပါသောကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဆေးကိုစမ်းသပ်ရမည်။
…
နောက်တစ်နေ့_
ချင်းလင်စံအိမ်_
ရုံးခန်းအလွတ်တစ်ခုထဲတွင် ချင်လင်ရုတ်တရက်ပေါ်လာသည်။
အခုပဲဂိမ်းထဲဝင်ခဲ့ပြီး ပစ္စည်းတချို့ကိုချလိုက်သည်။
သူကချက်ချင်း သူ့ရုံးခန်းစားပွဲတွင်ထိုင်၍ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုအာရုံစိုက်ထားလိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံမှထွက်ခိုင်းမည်အပြုတွင် သူ့အစ်ကိုလီခိုင်ဖုန်းဝင်လာသည်။
သူကဖုန်းကိုင်မည်ကိုနှိပ်လိုက်ရာ အစ်ကိုလီ၏အသံကိုကြားရသည်_
"ညီလေးချင်... ချင်းလင်ဓာတ်ခွဲခန်းကို ဝန်ကြီးလုနဲ့ပါမောက္ခရန်တို့လာမယ်တဲ့... မကြာခင် ရောက်လိမ့်မယ်... ဆေးရည်ကိစ္စပဲ''
ဒါရိုက်တာရန် အားဖြည့်ဆေးရည်နှင့်အချက်အလက်ယူသွားကတည်းက အထက်ကလူလွှတ်လိမ့်မည်ဟု ချင်လင်ခန့်မှန်းမိသည်။ သူထင်ထားတာထက်မြန်ပြီး ဝန်ကြီးလုဖြစ်နေမည်ဟုမထင်မိပေ။
ချင်လင်လည်း ဂိမ်းထဲမှခဏအာရုံပြန်ရုတ်ပြီး ရုံးခန်းအပြင်ထွက်လာသည်။
ကားပါကင်ရောက်သောအခါ အစ်ကိုလီအသင့်စောင့်နေသည်ကိုတွေ့ရသည်။
"ညီလေးချင်... ကြည့်ရတာ အထက်ကလူတွေက ဒီဆေးရည်ကို အရမ်းတန်ဖိုးထားတဲ့ပုံပဲ''
ချင်လင်ကိုမြင်လျှင် လီခိုင်ကပြောသည်။
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ။
မကြာမီ ကားနှစ်စီးရောက်လာသည်။ ဝန်ကြီးလုနှင့်ပါမောက္ခရန်က ကားတစ်စီးပေါ်မှဆင်းလာသည်။
ဒီတစ်ကြိမ်တွင် ရုံချန်းကိုတောင်အကြောင်းမကြားနိုင်ဘဲ အလောတကြီးထွက်လာကြ၏။
ပါမောက္ခရန်က သူနှင့်အတူ လက်ထောက်တချို့ပါခေါ်လာသည်။ ချင်းလင်ဓာတ်ခွဲခန်းကို သူအတတ်နိုင်ဆုံးကူညီစမ်းသပ်ပေးချင်သည်။
ဒါရိုက်တာရန်လည်း ရောက်လာသည်။
သူက သန်သန်မာမာလူငယ်တချို့ခေါ်ပြီး ဝန်ကြီးလုနောက်လိုက်လာသည်။ နိုင်ငံ့ကစားသမားတက်သစ်စကြယ်ပွင့်များကို သီးသန့်ရွေးခေါ်လာခြင်းဖြစ်သည်။ အလားအလာကောင်းသောလူငယ်များလည်းဖြစ်သည်။
ပုံမှန်လေ့ကျင့်ရေးဆင်းပြီးလျှင် နိုင်ငံတကာပွဲတွင် ဆုတံဆိပ်ရနိုင်ချေရှိသူများပင်။
ပါမောက္ခရန်ပြောပုံအရ အတိမ်းအစောင်းမရှိလျှင် ဒီထွက်လာမည့်အရည်အချင်းက ပွဲအသီးသီးတွင် ရွှေတံဆိပ်ဆုရဖို့အလားအလာအရှိဆုံးယှဉ်ပြိုင်သူများဖြစ်လာလိမ့်မည်။
"ဝန်ကြီးလု.. ပါမောက္ခရန်.. ဒါရိုက်တာရန်''
ချင်လင်နှင့်လီခိုင်က သူတို့သုံးယောက်ကိုနှုတ်ဆက်လိုက်သည်။
"သူဌေးချင်... ပြန်ဆုံပြီနော်''
ဝန်ကြီးလုနှင့်ပါမောက္ခရန်ကလည်း ချင်လင်ကိုနှုက်ဆက်သည်။
ဝန်ကြီးလုက လီခိုင်ကိုကြည့်ပြီး သက်ပြင်းချကာ_
"ပါမောက္ခလီခိုင်... ခင်ဗျားတကယ်အံ့ဩဖို့ကောင်းတယ်... ဒီလောက်အချိန်တိုအတွင်းမှာ ဒီဆေးရည်ကိုလုပ်လိုက်ပြန်ပြီ... ဒီစမ်းသပ်မှုသာအောင်မြင်ရင် ကြီးကြီးမားမားမှတ်ကျောက်တစ်ခုဖြစ်လိမ့်မယ်''
လီခိုင်မှာ ဒီအတွက်နာမည်မခံရဲသဖြင့် ချက်ချင်းရှင်းပြလိုက်သည်_
"ဒီဆေးရည်က ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး... တရုတ်တိုင်းရင်းဆေးနည်းပါ... ကျွန်တော်က တရုတ်တိုင်းရင်းဆေးမိသားစုက အချောင်ရတာ''
"ဆေးပညာမဆက်ခံဘဲ မိသားစုကျဆင်းလာလို့ဖြစ်မယ်... ဟိုလူက မိသားစုဆေးနည်းကို ညီလေးချင်ဆီမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းနဲ့လာလဲတာ... ညီလေးချင်က ဆေးနည်းအတိုင်းဖော်ထားတာ''
"အစက ဒီဆေးမှာဘာအာနိသင်မှမရှိဘူးလို့ ညီလေးချင်ကထင်နေတာ... စမ်းသပ်ပြီးတော့မှ အထူးပစ္စည်းနှစ်ခုကိုတွေ့တာ''
"ဟူး!" ဝန်ကြီးလု!
"အိုး'' ပါမောက္ခရန်။
"ကျွတ်.. ကျွတ်" ဒါရိုက်တာရန်။
"ဟူး.. ဟူး" သုတေသနသမားများ။
လီခိုင်စကားနားထောင်ရင်း ဝန်ကြီးလုတို့အံ့ဩကုန်သည်။ သူတို့က ဆေးရည်ကို ပါမောက္ခလီခိုင်ဖန်တီးသည်ဟုထင်ပြီး တစ်လမ်းလုံးသူ့ကိုချီးကျူးလာခဲ့ကြသည်။