← Chapters

ဖုန်းဟွာ VCD (၂)

Vol. 32 Ch. 480

ဖုန်းဟွာ VCD (၂)

Vol. 32 Ch. 480

“ဒါ မင်းစက်ရုံလား..”

ဖုန်းယွီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤသည်မှာ အမှိုက်ကျင်းကြီး တစ်ခုသာဖြစ်ပေသည်။ အမှိုက်များ ပြည့်နှက်နေသည့် ဝင်းကြီးနဲ့ ပြိုကျပျက်စီးနေသော အဆောက်အဦးတစ်ခု။ ဆူညံနေသည့် ဤနေရာမျိုးသည် မည်သို့ အလုပ်ရုံ ခေါ်မည်နည်း။

ဤသည်သာ ဖုန်းယွီ၏ ယခင်ဘဝ ဖြစ်ခဲ့ပါက အမှိုက်ကန်သည်ပင် ဤနေရာထက် ပိုမိုကောင်းမွန် နေပေလိမ့်မည်။ ယခုနေရာသည် အချိန်မရွေး ပြိုကျလုနီးပါးပင်။ ဤအဆောက်အဦး သူတို့ဦးခေါင်းများပေါ် ကျမည်ကို ထိုလူများ မစိုးရိမ်ခဲ့ကြသလော။

“အလုပ်ရုံငှားဖို့ ငါတို့မှာ ပိုက်ဆံမရှိဘူးလေ.. ဒီနေရာက စက်ရုံတစ်ခုရဲ့ စွန့်ပစ် ဂိုဒေါင်ပဲ.. ဒီနေရာကို ခနသုံးနေတာ..”

ဖုန်းယွီ စိတ်ဝင်စားလာမိတော့သည်။ ဤလူများတွင် အနည်းဆုံး အလုပ်ရုံတစ်ခု ရှိလိမ့်မည်ဟု ထင်ထားသောကြောင့်ပင်။ သို့ရာတွင် ထိုသူများ အလွန်ဆင်းရဲနေကြောင်း ထင်ရှားလွန်းလှ၏။

“မင်းတို့တွေ အရင်က ဘာအလုပ် လုပ်ကြလဲ..”

“ဗွီဒီယို၊ ကက်ဆက် တွေ..”

ဗွီဒီယို၊ ကက်ဆက်များ၏ ရောင်းအား ကျဆင်းနေသော်လည်း ဤမျှလောက် မပြင်းထန်သင့်ချေ။ ဗွီဒီယို ကက်ဆက်များသည် ပြီးခဲ့သည့် နှစ်ပိုင်းအထိ အမြန်အစွန်း ရရှိနေဆဲဖြစ်သည်။ ရုပ်မြင်သံကြား ထက်ပင် အမြတ်အစွန်း ပိုများခဲ့သေးသည်။ ရောင်းအား မများဟု ဆိုလျှင်ပင် ဤလူများသည် ယခုအနေအထားအထိ မဆင်းရဲသင့်ပေ။

“မင်းတို့ ဗွီဒီယို ကက်ဆက်တွေ ဘာအမှတ်တံဆိပ်လဲ..”

“ဆောင်ရှန်း..”

ဤသူများသည် ဟိုယခင်ကတည်းက အတုများသာ လုပ်နေကြပေသည်။ ဆောင်ရှန်းသည် ဈေူးကွက်အတွင်း၌ ထိပ်တန်း ဗွီဒီယို ကက်ဆက် အမှတ်တံဆိပ် တစ်ခုဖြစ်ပေသည်။ ဖုန်းယွီ စိတ်ဝင်စားသွားသဖြင့်..

“ဘာလို့ ရပ်လိုက်ရတာလဲ..”

“ကျုပ်တို့ စက်ရုံကို အာဏာပိုင်တွေက ပိတ်ပစ်လိုက်လို့..”

ဗုဒ္ဓေါ။ ထိုသူများ လုပ်ဇာတ်ခင်းနေကြပြန်သည်။ ၎င်းတို့၏ စက်ရုံပိတ်ခဲ့ခြင်းသည် တရားမဝင်ထုတ်လုပ်ခြင်းကြောင့် ဖြစ်ကြောင်း သိထားသင့်ပေသည်။ မကြာမှီကပင် အဘယ့်ကြောင့် ကျူးလွန်ကြောင်း မေးခဲ့မိသေး၏။ မည်မျှပင် ရိုးသားပြနေသော်လည်း ၎င်းနှင့်ပတ်သက်သည့် အရာအားလုံး အတုများသာ ဖြစ်ပေတော့သည်။

ယခု ဖုန်းယွီအနေဖြင့် ဤလူများကို ခေါ်ယူမည့် ကိစ္စနှင့်ပတ်သက်၍ သံသယများ ရှိလာခဲ့သည်။ ၎င်းတို့သည် အရည်အချင်း ရှိနိုင်ကြသော်လည်း စည်းကမ်းမဲ့လွန်းကြသည်။ ကျန်းဝမ်မုန် နှင့် ကျန်သူများ ဤလူများကဲ့သို့ လမ်းလွဲသွားပါက မည်သို့ ဖြစ်ကုန်မည်နည်း။

ဖုန်းယွီ အိုသဲပေါင်ကို လှောင်ပြောင်၍..

“တခြားလူတွေရဲ့ အမှတ်တံဆိပ်နဲ့ နည်းပညာတွေသုံးတယ်.. ငါတို့နည်းပညာတွေ ယူသုံးနေတာနဲ့ မင်းတို့ကို ဘယ်သူမှ ဘာမှ မလုပ်တော့ဘူး ထင်နေလား..”

အိုသဲပေါင် ပျက်စီးသွားသည့် စက်ရုံကို လက်ညှိုးထိုးပြရင်း..

“ငါတို့မှာလဲ ရွေးစရာမှ မရှိတာ.. ငါတို့မှာ ပိုက်ဆံမရှိဘူးလေ.. ငါတို့ မိသားစုဝင်တွေအတွက် ဆေးဖိုးတောင် မပေးနိုင်ဘူး.. ငါတို့မှာသာ ပိုက်ဆံရှိရင် ဒီလိုနေရာမှာ ဆက်နေအုံးမှာတဲ့လား..”

“ကောင်းပြီလေ.. ကျန်တဲ့သူတွေကို ထွက်လာခဲ့ခိုင်းလိုက်.. ကားထဲမှာ ငါသေချာပြောပြီးသားပဲ.. မင်းတို့တွေ ငါ့စာမေးပွဲအောင်ရင် အားလုံးကို အလုပ်ပေးမယ်.. လစာလဲ (၂၀၀)ထက် နည်းမှာမဟုတ်ဘူး.. လွန်မှတော့ မင်းဘာမှ ပြောခွင့်မရှိတော့ဘူး..”

ဘေကျင်းတွင် တစ်နှစ်ပျမ်းမျှလစာသည် ယမ် (၂၀၀၀)အောက်သာရှိသည်။ ဖုန်းယွီ လမ်းလှမ်းသည့် လစာ(၂၀၀)ဆိုသည်မှာ မြင့်မားသည်ဟု ယူဆ၍ ရပေသည်။ ဤလူများသည် အဆင့်(၇)၊ အဆင့်(၈) လုပ်သားများ ဖြစ်လာပါက လစာ ပိုတိုးလာမည်သာပင်။

သို့ရာတွင် လက်ရှိမြင်ရသလောက် ယခင်ကတည်းက အဆင့်မြင့် လုပ်သားများ ဖြစ်ဟန်မရှိချေ။

“အဘိုးကြီးယောင်.. အားလုံးကို ခနရပ်ခိုင်းလိုက်အုံး.. သူဌေး လာလည်တယ်ဟေ့..”

ဆူညံ့သံများ ရပ်သွားချိန်တွင် အဆောက်အဦးအတွင်းမှ လူ(၆)ယောက် ထွက်လာ၏။ ၎င်းတို့အားလုံး ညစ်ပတ် ပိန်လှီနေကြသည်။ အဟာရ ချို့တဲ့နေကြသည့် ပုံပင်။

“အဘိုးကြီးအို.. မင်း ဘယ်သူဌေးကိုများ ပြောလိုက်တာလဲ.. လေနဲ့မိုး ရဲ့ သူဌေးလား.. ဒါမှမဟုတ် အိုက်ဝါ ရဲ့ သူဌေးလား”

ဖုန်းယွီသည် အိုက်ဝါ သို့မဟုတ် လေနှင့်မိုး မှ လာရောက်သည့် သူဌေးဖြစ်ကြောင်း မည်သည့်အတွက် သိနေသနည်း။

“ငါ သူဌေးကြီးပဲ.. ငါ့ကုမ္ပဏီက VCDစက် တွေထုတ်တာ မင်းဘယ်လိုလုပ် သိလဲ..”

“မင်္ဂလာပါ.. ငါ ယောင်ကျင်းပို ပါ.. ငါတို့တွေ ဒီ VCDစက်တွေ လုပ်နေတာကိုက မင်းနဲ့ တွေ့ဖို့ပဲလေ.. မင်းက လေနဲ့မိုးရဲ့ ခေါင်းဆောင်လား၊ အိုက်ဝါရဲ့ ခေါင်းဆောင်လား.. မင်း သူဌေးကို ခေါ်လိုက်တာ ပိုကောင်းလိမ့်မယ်.. ငါတို့က သူဌေးနဲ့ပဲ စကားပြောချင်တယ်..”

‘သေရော.. ကျုပ်ကိုများ ကုမ္ပဏီက တောက်တိုမယ်ရလို့ ထင်နေလား မသိဘူး.. ဒါပေမယ့် ဒီ ယောင်ကျင်းပို စိတ်ဝင်စားဖို့တော့ ကောင်းသား.. သူဌေးနဲ့ပဲ စကားပြောချင်တယ် တဲ့လား.. သူဘာလိုချင်နေတာပါလိမ့်..’

“သူဌေးက ငါ့အဖေပဲ.. ငါ သူ့ကိုယ်စား ကုမ္ပဏီကို လည်ပတ်နေတာ.. မင်း ငါနဲ့ စကားပြောလို့ရတယ်..”

ဖုန်းယွီ သူ့အဖေကို ဒိုင်းတစ်ခုအဖြစ် သုံးလိုက်သည်။

“VCDစက် ပုံရိပ် ချုံ့ဖို့အတွက် နည်းလမ်း ငါတို့ ရှာတွေ့ထားတယ်။ တကယ်လို့ ငါတို့တွေ အောင်မြင်ရင် ပုံတွေ ပိုပြီး ကြည်လင်ပြတ်သားမယ့်အပြင် လေဆာအချပ်တွေထက်တောင် ပိုကောင်းလိမ့်အုံးမယ်.. ဒါဆို မင်းကုမ္ပဏီက ထုတ်ကုန်တွေ ပြိုင်ဘက်ကုမ္ပဏီတွေထက် သာသွားလိမ့်မယ်..”

ယောင်ကျင်းပို ခေတ္တစကားရပ်ထားလိုက်သည်။ ဖုန်းယွီ မေးခွန်းအား စောင့်နေသည့်ပုံပင်။ ဖုန်းယွီ အပြုံးတစ်ပွင့်သာ တုန့်ပြန်လိုက်သည်။ ‘ငါ ဘာလို့ ပြန်ဖြေရမှာလဲ.. မင်းဘယ်လို ဆက်စခန်းသွားမလဲ ကြည့်ရသေးတာပေါ့’။

“အို့..”

ယောင်ကျင်းပို အံ့ဩသွားသည်။ ‘အို့’ ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ သူဌေး တစ်ယောက်အနေဖြင့် ၎င်း၏ စကားကြားလျှင် စိတ်လှုပ်ရှားသွားမည်ဟု ထင်ထားခဲ့သည်။ အဘယ့်ကြောင့်နည်း ဟူမူ သူတို့ တီထွင်ထားသည့် နည်းပညာသည် ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များအနေဖြင့် ပြိုင်ဘက်များအား အနိုင်ယူ၍ ဈေးကွက် လက်ဝါးကြီး အုပ်ထားနိုင်ခြင်းကြောင့်ပင်။ အရေးကြီးသည့် နည်းပညာ တစ်ခု မဟုတ်ပေလော။ တစ်ဖက်က စိတ်ဝင်စားမှု ရှိကို ရှိရပေလိမ့်မည်။

ထိုထူ တုန့်ပြန်လိုက်သည့် ‘အို့’ ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ ယောင်ကျင်းပို သူတွေးထားသည့် အတိုင်း ဖြစ်မလာကြောင်း သိလိုက်ရသည်။ မည်သို့ စကားဝိုင်း ပြန်ဆက်ရပါမည်နည်း။

“အစ်ကို ဟွမ်၊ အစ်ကိုစု ဒီကောင်တွေ ပစ္စည်းအတု လုပ်နေကြတဲ့သူတွေပဲ.. ထပ်တလဲလဲ ကျူးလွန်ထားကြသူတွေ.. သူတို့ကို ဖမ်းလိုက်တော့.”

ယောင်ကျင်းပိုနှင့် ကျန်လူများ အံ့ဩသွားကြသည်။ ကျန်လူများအားလုံး ယောင်ကျင်းပိုကို ကြည့်နေကြသည်။ ဤ VCDစက်များ ထုတ်လုပ်၍ ဖုန်းဟွာ အမှတ်တံဆိပ်ဖြင့် ရောင်းချပါက လေနှင့်မိုး သို့မဟုတ် အိုက်ဝါ သူဌေးကို ဆွဲဆောင် နိုင်လိမ့်မည်ဟု ပြောထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ရောက်သည့်အခါ နည်းပညာကို ရောင်းချနိုင်သလို အလုပ်ပင် ဝင်ရောက်လုပ်နိုင်ပေလိမ့်မည်။

ယခု၌မူကား လအတော်အတန်ကြာ ကြိုးစားခဲ့ရပြီး တစ်ပြားတစ်ချပ်မှ မရရှိခဲ့ချေ။ အဖမ်းပင် ခံရပေတော့မည်။ ယောင်ကျင်းပို စိုးရိမ်တကြီးဖြင့်..

“ရဲသားကြီးတို့ ခနလေး.. ခနလေး.. ဆရာ.. ကျုပ်စောစောက ပြောလိုက်တာ သေချာ မကြားလိုက်ဘူး ထင်တယ်.. ရုပ်ထွက် ပိုရှင်းအောင် လုပ်နိုင်တဲ့ နည်းပညာရှိတယ်လို့ ပြောလိုက်တာပါ.. အဲ့နည်းပညာက မင်းကုမ္ပဏီအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိလောက်ပါတယ်..”

“ငါတို့က VCDစက် တီထွင်ခဲ့တဲ့သူပါ.. ရုပ်ထွက်အရည်အသွေး ဘယ်လိုမြှင့်တင်ရမလဲဆိုတာ မသိဘူးလို့ မင်းထင်နေလား.. မင်းပြောသလို လိုက်လုပ်ရအောင် ငါ့မှာရှိတာက မင်းထက်တောင် နည်းပညာ ပိုကောင်းလိမ့်အုံးမယ်.. မင်းပြောတာ ငါစိတ်မဝင်စားဘူး..”

“အာ…”

ယောင်ကျင်းပို မှင်တက်သွားတော့သည်။ သူသည် ယခု အစီအစဉ်ကို စိတ်ကူးရပြီး အထက်ပိုင်းမှ ခေါင်းဆောင် တစ်ယောက်ယောက်ကို ဆွဲတောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။ သို့ရာတွင် နိဂုံးတွင်ကား သူတို့ နည်းပညာကို စိတ်ဝင်စားမှု မရခဲ့ချေ။

“အဘိုးကြီး ယောင်.. ငါတို့ ဘာလုပ်သင့်လဲ.. ဒီအကြံအစည်ကို စခဲ့တာ မင်းပဲလေ.. တစ်ခုခုတော့ ပြောအုံးဟ”

“ဟုတ်တယ်.. အဘိုးကြီးယောင်.. ငါတို့တွေ မလုပ်ချင်ဘူး ပြောသားပဲ.. ဒါပေမယ့် မင်းပဲ စွတ်လုပ်ခိုင်းခဲ့တာ.. မကြာခင်လေးကမှ လွတ်လာတာကို အခုတော့ ထောင်ထဲ ပြန်သွားရတော့မယ်..”

ထိုသူများသည် ဆောင်ရှန်း ဗွီဒီယို ကက်ဆက် အတုလုပ်သည့်အတွက် မနှစ်က အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ ထောင်နန်းစံပြီးနောက် ယခုနှစ် အစောပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။ ၎င်းတို့သည် ယခင်က ပေကျင်း ရုပ်မြင်သံကြား စက်ရုံမှ အလုပ်သမားများ ဖြစ်ကြသည်။ ဝင်ငွေ အနည်းငယ်ရရန်အတွက် ကိုယ်ပိုင် လုပ်ငန်း စတင်ချင်နေကြသည်။ မအောင်မြင်ပါက စက်ရုံတွင် ပြန်လည် အလုပ်လုပ်နိုင်ကြသေးသည်။

သို့ရာတွင် အဖမ်းခံရပြီးနောက် စက်ရုံမှ အလုပ်ထုတ်ခံလိုက်ရတော့သည်။ ၎င်းတို့အားလုံး ရုပ်မြင်သံကြား ပြုပြင်ဆိုင် ဖွင့်လှစ်ထားသော်လည်း မည်သူမှ လာရောက် မပြုပြင်ရဲကြချေ။ ဖောက်သည်များက မူရင်း အစက်ပစ္စည်း အစိတ်အပိုင်းများကို အစားထိုးလိမ့်မည်ဟုသာ ပြောဆိုနေကြသည်။

ထိုလူများတွင် ဉာဏ် အကောင်းဆုံး အစီအစဉ်တစ်ခု တွေးမိကြသည်။ ကျန်သူများကို VCDစက် နည်းပညာ သုတေသန လုပ်ရန် ဦးဆောင်ခဲ့ပြီး ၎င်းတို့ အကျိုးအမြတ်ရရန် သို့တည်းမဟုတ် VCDစက်ရုံများတွင် အလုပ်လုပ်ရန် ဖိတ်ခေါ်ခံရမည်ဟု တွေးထင် ထားကြသည်။ ယခုတော့ ထိုအခွင့်အရေး မရှိတော့သည့်အပြင် နောက်တစ်ခါ ထောင်နန်းစံဖို့ ဖြစ်လာပြန်သည်။

တရားရုံးမှာ ထပ်မံ၍ စွဲချက်တင်ပါက လုံးဝနိဂုံးချုပ်သွား ပေလိမ့်မည်။

“ဆရာ.. ဒီလို ကြမ်းတမ်းလွန်းတဲ့ အခြေအနေအောက်မှာ ဒီနည်းပညာကို တီထွင်နိုင်ခဲ့တာပါ.. ဒါကိုက ကျုပ်တို့ ကျွမ်းကျင်ကြောင်း သက်သေပြပြီးသားပါ.. ငါတို့တွေ မင်းအတွက် တစ်လကို ယွမ်(၁၅၀)နဲ့ အလုပ် လုပ်ပေးလို့ရမလား..”

အိုသဲပေါင် သည် မျက်နှာရိပ် မျက်နှာကဲဖြင့် အချက်ပြမှုသာ ကြိုးစားနေသည်။ မည်သည့် စကားမှ မပြောဝံ့တော့ပေ။ သူဌေးက စာမေးပွဲအောင်ရင် တစ်လ ယွမ်(၂၀၀)ဖြင့် အလုပ်ပေးမည်ဖြစ်ကြောင်း ပြောထားပေ၏။ ယခု အချိန် သူဌေးသာ သဘောတူပါက သူတို့အားလုံး ယွမ်(၅၀) ဆုံးရှုံးသွားပေလိမ့်မည်။

“မင်းတို့အားလုံး တခြားပြည်နယ်မှာ အလုပ်လုပ်ချင်ကြလား..”

ဖုန်းယွီ ရုတ်တရက်မေးလိုက်သည်။

ဤလူများ အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းပေ၏။ အမှန်တကယ်ကို ဖုန်းယွီ သူတို့နှင့် တွေ့ရရန် ကြံစည်မှု တစ်ခုသာဖြစ်သည်။ ဖုန်းယွီသည်လည်း ဤလူများကို အခွင့်အရေး တစ်ခုပေးချင်နေခဲ့သည်။

“ပြဿနာမရှိဘူး.. ငါတို့ မိသားစု စားဝတ်နေရေး လုံလောက်တယ်ဆို ငါတို့ လုပ်မယ်..”

ယောင်ကျင်းပို ဘာမှ မပြောခင် ကျန်သူများ ဝိုင်းပြောခြင်း ဖြစ်ပေသည်။

“ကောင်းပြီလေ.. နောက်(၃)ရက်ဆို မင်းတို့ကို လူတွေ့စစ်ဆေးဖို့ တစ်ယောက်လာလိမ့်မယ်။ မင်းတို့တွေအားလုံး သူ့စစ်ဆေးမှု အောင်ရင် ငါအလုပ်ပေးမယ်.. လစာ ယွမ်(၂၀၀) ထက်မနည်းစေရဘူး.. ငါ့ အင်ဂျင်နီယာတွေရဲ့ လစာက တစ်လကို အနည်းဆုံး ယွမ်(၉၈၀)ရကြတယ်.. မင်းတို့တွေ ကောင်းကောင်း ကြိုးစားသလောက် ရမှာပဲ.. ပြောရရင် မင်းတို့တွေ အရည်အချင်း သိပ်မကွာပါဘူး..”

ဖုန်းယွီ လှည့်ထွက်တော့မည့် အချိန်တွင် ယောင်ကျင်းပိုက..

“ဆရာ.. ငါတို့တွေ စာမေးပွဲ ကျိန်းသေပေါက် အောင်ရမယ်..”

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters