← Chapters

တရုတ်ပိုင်ပေဂျာ (၂)

Vol. 33 Ch. 483

တရုတ်ပိုင်ပေဂျာ (၂)

Vol. 33 Ch. 483

ဖြန့်ဖြူးသူများအားလုံး နာခံစွာဖြင့်ပင် စာချုပ်များ လက်မှတ် ရေးထိုးခဲ့ကြသည်။ သို့ရာတွင် စွန်းလီကျဲ စာချုပ်တွင် လက်မှတ် မရေးထိုးကြောင်း သိလိုက်ရသည်။

“အဘိုးကြီးစွန်း.. မင်းစာချုပ်က ပြီးသွားပြီလား..”

စွန်းလီကျဲ၏ စာချုပ်သည် သူတို့စာချုပ်နှင့် ကွဲလွဲလိမ့်မည်ဟု ယူဆထားကြသည်။ စွန်လီကျဲက..

“တိုင်ဟွာနဲ့ စာချုပ်ချုပ်ဖို့ မလိုဘူး။ ဒီကိစ္စ အိုက်ဝါ လျှပ်စစ်ပစ္စည်း ကုမ္ပဏီနဲ့ တိုက်ရိုက် စာချုပ်ချုပ်ရမှာ..”

စွန်းလီကျဲ အလွန် စိတ်လှုပ်ရှားနေမိသည်။ သူသည် ယွမ်(၁၀၀၀၀၀)သာ ရင်းနှီးမြုပ်နှံထားခဲ့သည်။ ထိုလူများသည် ပေဂျာနည်းပညာ အမှန်တကယ် တီထွင်ခဲ့ကြသည်။ စမ်းသပ်မှုများ ပြုလုပ်ပြီးသည့်အချိန်တွင် ပေဂျာ၏ အရည်အသွေး၊ အချက်ပြစနစ်၊ ကွန်ယက်၏ နောက်ဆုံးပေါ် ပေဂျာမော်ဒယ်များနှင့် တန်းတူဖြစ်နေသည်။

ဆိုလိုသည်မှာ အမြတ်အစွန်း ကြီးကြီးမားမား ရရှိလာပေလိမ့်မည်။ စက်ရုံ တည်ဆောက်ရန် ဘဏ်ချေးငွေယူခဲ့ သော်လည်း များပြားလှသော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက အရေးမပါတော့ချေ။

ကနဦးရင်းနှီး မြုပ်နှံမှုက သူ့ကို ရှယ်ယာ (၁၀)ရာခိုင်နှုန်း ပေးထားပေ၏။ ဤ(၁၀)ရာခိုင်နှုန်းသော ရှယ်ယာများက သူ့ကို ယခုနှစ်အတွက် ယွမ်(၁၀)သန့်ခန့် ပြန်ပေးလိမ့်မည်။ ပေဂျာ ထုတ်လုပ်သည့် ခန့်မှန်းအရေအတွက်မှာ (၃)သိန်းခန့်ဖြစ်သည်။ ဤသည်မှာလည်း စက်ရုံ၏ ထုတ်လုပ်မှု လိုင်းများတွင် ပြဿနာ အနည်းငယ် ရှိနေခြင်းကြောင့်ပင်။ သို့မဟုတ်ပါက ယခုနှစ်အတွင်း ပေဂျာ (၁)သန်းခန့် ထုတ်လုပ်နိုင်ပေလိမ့်မည်။

ယမန်နှစ်က Motorola ကုမ္ပဏီ၏ အလုံးရေ(၁)သန်း ရောင်းချနိုင်မှုနှင့် နှိုင်းယှဉ်ပါက ကွာမှု ရှိနေဆဲ ဖြစ်သော်လည်း စွန်းလီကျဲသည် အိုက်ဝါ ပေဂျာများ လာမည့်နှစ်အတွင်း ဈေးကွက်ကို ဦးဆောင်လာနိုင်မည်ဖြစ်ကြောင်း ယုံကြည်ထားသည်။

စွန်းလီကျဲသည် သူ၏ ရင်းနှီးမြုပ်နှံမှုကို (၆)လအတွင်း တိုးမြှင့်နိုင်ပေလိမ့်မည်။ ထိုလူများအား သူ့မွေးရပ်မြေ နင်ပိုမှ ဖြစ်သည့်အတွက် အလွန်ကျေးဇူးတင်နေမိသည်။ ဖုန်းယွီကို တော်တော်များများ ကူညီပေးခဲ့ပြီး ဤအခွင့်အရေး ရခဲ့သဖြင့် ကံကောင်းခဲ့ပေသည်။

နောင်အနာဂတ်၌ သူ့ကုမ္ပဏီ ပိတ်လိုက်လျှင်ပင် ဤအစုရှယ်ယာများနှင့် သန်းကြွယ်သူဌေးများ သို့တည်းမဟုတ် ဘီလီယံနာများပင် ဖြစ်လာနိုင်သေးသည်။ ရင်းနှီးမြုပ်နှံရင် သူဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်ခဲ့ပေသည်။

နောက်နောင်တွင် စွန်းလီကျဲအနေဖြင့် မန်နေဂျာဖုန်းမှ သူ့ကိုပေးအပ်လာမည့် အလုပ်မှန်သမျှ အခြားအလုပ်များထက် ဦးစားပေးမည်ဟု ကျိမ်ဆိုထားမိတော့သည်။ သူ့မိဘများ သူနှင့် အတူနေလိုသည့် ဆန္ဒမှာ ယခုနှစ် ဖြည့်ဆည်းပေးနိုင်ပေတော့မည်။

ဖြန့်ဖြူးသူများအားလုံး အဘိုးကြီးစွန်းသည် အလွန်ကံကောင်းသည်ဟု ယူဆနေကြသည်။ သူသည် ပေဂျာစက်ရုံနှင့် အနီးစပ်ဆုံး ဖြစ်၍ စာချုပ်ကို ဦးစွာလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့ရာတွင် စွန်းလီကျဲသည် ဤပေဂျာကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း အားလုံး မသိခဲ့ကြချေ။

ယခင်က ထိုင်ဟွာ ကုန်သွယ်ရေးသည် အရောင်းမြှင့်တင်ခြင်း သတ်မှတ်ချက်ရောက်အောင် သူတို့အားလုံးအား တွန်းအားပေးနေသည်ဟု ခံစားနေခဲ့ကြရသည်။ သို့ရာတွင် ဤတစ်ကြိမ်၌မူ မတူတော့ချေ။ ဖြန့်ဖြူးသူများအားလုံး ထောက်ပံ့မှု နည်းလွန်းသည်ဟု ခံစားနေမိတော့သည်။

ယခု ဖြန့်ဖြူးသူ တစ်ဦးစီသည် လစဉ် ပေဂျာ(၁၀၀၀)သာ ရရှိနိုင်သည်။ ဖုန်းယွီက တရုတ်နိုင်ငံတွင် ပေဂျာသုံးသူ အရေအတွက် (၂)သန်း ကျော်ရှိလာမည်ဖြစ်ကြောင်း ၎င်းတို့ကို ပြောထားသည်။ သို့ရာတွင် ထိုဝယ်လိုအား ပြည့်မှီရန် ထောက်ပံ့မှု နည်းလွန်းနေသည်။

ဖုန်းယွီတွင်လည်း ရွေးစရာမရှိချေ။ စက်ရုံကို ပြီးခဲ့သော နှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း အတွေ့အကြုံရှိ အလုပ်သမားများ ရှာဖွေရန် ခက်ခဲခဲ့သည်။ ထို့အပြင် ထုတ်လုပ်ရေး လိုင်းများသည် အငယ်စား အလိုအလျှောက်စနစ် ဖြစ်နေသည်။ အနာဂတ်ကလောက် တိုးတက်မှု မရှိသေးချေ။ ထုတ်လုပ်ရေး လိုင်းများ တပ်ဆင်ရန် ခက်ခဲခဲ့ရသည်။ သို့ရာတွင် အိုက်ဝါ လျှပ်စစ်ပစ္စည်း က ဒုတိယ စက်ရုံ တည်ဆောက်ရန် ဘဏ်ချေးငွေ ရယူခဲ့သည်။ တည်နေရာမှာ နင်ပိုမြို့တွင် ဖြစ်၍ ဖုန်းဟွာခရိုင်အတွင်း မရှိပေ။

ဖုန်းဟွာခရိုင်မှာ ခေါင်းဆောင်သည် ဤအစီအစဉ်အား မကျေနပ်သော်လည်း အထက်အရာရှိများက ဒုတိယ စက်ရုံကို အခြားခရိုင်တွင် ထားရှိစေလိုကြသည်။

နင်ပို အစိုးရ မူဝါဒများသည် အလွန်ဆွဲဆောင်မှုရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးကောင်းသည့်အပြင် အခွန်သက်သာပေ၏။ ဖုန်းယွီသည် အခြားပြည်နယ်များတွင် စက်ရုံတည်ဆောက်ရန် အကြောင်းမရှိချေ။ သို့ရာတွင် နောက်နောင် မူဝါဒ အပြောင်းအလဲရှိပါက ဖုန်းယွီသည် အခြားနေရာများတွင် သူ၏ စက်ရုံအသစ်များ တည်ထောင်ပေလိမ့်မည်။

ဖုန်းဟွာ ခရိုင်ခေါင်းဆောင်များသည် ၎င်းတို့ရောင်းချခဲ့သည့် ဤကုမ္ပဏီ၏ ရှယ်ယာများသည် ပေဂျာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည့်အတွက် မရွှင်ပြကြတော့ချေ။ ပေဂျာအား မြန်ဆန်စွာ တီထွင်နိုင်မည်ဟု သိရှိထားပါက ရှယ်ယာများ ရောင်ချရန် မည့်သည်အခါတွင်မှ သဘောတူလိမ့်မည် မဟုတ်ချေ။

ရှယ်ယာများကို ယွမ်(၅)သိန်းဖြင့် ရောင်းချခဲ့ပြီး ၎င်းတို့၏ ယွမ်(၁)သိန်း ရင်းနှီးမြုပ်နှံမှုနှင့် နှိုင်းယှဉ်ပါက (၄)ဆ ပိုများနေသည်။ သို့တိုင်အောင် ပေဂျာများ ထုတ်လုပ်၍ ဈေးကွက်တွင် ရောင်းချပါက အမြတ်ငွေ အနည်းဆုံး သန်းဆယ်ချီ ရရှိပေလိမ့်မည်။

တချောင် ကျေးရွာ ခေါင်းဆောင်ကို ဆူပူကြိမ်းမောင်း နေတော့သည်။ ယခင်က ချီးကျူးခဲ့ဖူးသည့် ခေါင်းဆောင်က ယခုတော့ အပြစ်တင်နေချေသည်။ သူသည် တချောင် ကျေးရွာခေါင်းဆောင်ကို လည်ပင်းထညှစ်မိလုမတတ်ပင်။ ‘မင်းတို့အားလုံး အမှိုက်တွေ၊ အလာအလာရှိတဲ့ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတွေကို ယွမ်(၅)သိန်းနဲ့ ရောင်းခဲ့ကြတယ်ပေါ့လေ’။

သို့တိုင်အောင် ၎င်းတို့အားလုံး ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့နိုင်ကြတော့သည်။ အနည်းဆုံးတော့ ဤကုမ္ပဏီမှ ခရိုင်ကို အခွန်ပေးဆောင် နေသေး၏။ ဖုန်းဟွာခရိုင်တွင်လည်း စက်ရုံရှိနေသည်။ ဤကုမ္ပဏီပိုင်ရှင် စိတ်ဆိုးပါက စက်ရုံပြောင်း၍ အလုပ်သမားများအားလုံး ထွက်သွားနိုင်သေးသည်။ ထိုသို့ဆိုလျှင် ဆုံးရှုံးမှုများ အလွန်ကြီးမား ပေတော့မည်။

ရှလီဟွား နှင့် ကျန်သူများသည် ဖုန်းယွီကို မေးကြတော့သည်။ မည်သည့်အတွက် ပိုမိုကြီးမားသည့် စက်ရုံ မတည်ဆောက်ရသနည်း။ ပေဂျာများသည် ကမ္ဘာပေါ်တွင် အဓိက ဆက်သွယ်ရေး ပစ္စည်းပုံစံဖြစ်၍ အမြတ်စွန်း များသည်ဟု ယူဆခဲ့ကြသည်။ လုပ်သားစရိတ်အနည်းငယ်ဖြင့် ၎င်းတို့၏ ပေဂျာသည် အခြားအမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်နိုင်လေသည်။ ဒေသတွင်း ဘာသာစကားဖြင့် ထုတ်လုပ်သည့် ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခြားနိုင်ငံများနှင့်လည်း လုပ်ဆောင်နိုင်သေးသည်။ ယခုအချိန်တွင် သူတို့သည် ပေဂျာများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်သည်။

သို့ရာတွင် ဖုန်းယွီ သူတို့ကို အမှန်အတိုင်းသာ ဖွင့်ပြောပြခဲ့သည်။ တရုတ်မှ လွဲ၍ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင် သူတို့၏ မူပိုင်ခွင့်များကို အသိအမှတ်မပြုကြချေ။ သူတို့ နည်းပညာမှာ အခြားကုမ္ပဏီများနှင့် အလွန်တူနေသည်။ တရုတ်နိုင်ငံတွင် အဆိုပါ ပေဂျာကုမ္ပဏီများ၏ လိုင်စင်ကိုလည်း လက်မခံချေ။ အကယ်၍ သူတို့၏ ပေဂျာများ တင်ပို့မည်ဆိုပါက ဤနည်းပညာ အသုံးပြုရန်အတွက် Motorola ကို ပေးဆောင်ရမည်ဖြစ်သဖြင့် အမြတ် ကျန်တော့မည် မဟုတ်တော့ချေ။

ဤပေဂျာ အပြင်ပိုင်း ပုံစံ၊ ပစ္စည်း အစိတ်အပိုင်းများ၊ အတွင်းပိုင်း တည်ဆောက်ပုံများ၊ စသည်ဖြင့် အသေးစိတ် မူပိုင်ခွင့်များ ရှိနေသည်။ အကယ်၍ မူပိုင်ခွင့်အနည်းငယ်သည် ကာလကျော်လွန်သွားလျှင်ပင် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားဆဲဖြစ်ပေသည်။ ၎င်းမူပိုင်ခွင့်များထဲမှ တစ်ခုအသုံးပြုနိုင်ရန် လျှောက်ထားမှု လွဲချော်ပါက တရားစွဲခံရမည်ဖြစ်ပြီး အိုက်ဝါ၏ ဂုဏ်သိက္ခာ ထိခိုက်ပေလိမ့်မည်။

ဖုန်းယွီသည် AIWA ကုမ္ပဏီအမည်ကို Aiwa ကုမ္ပဏီသို့ ပြောင်းရန်ဆုံးဖြတ်ထားသည်။ (အိုက်ဝါ ကို တရုတ်ဘာသာဖြင့် ရေးသားရာတွင် တရုတ်နိုင်ငံချစ်ခြင်း နှင့် အသံထွက် တူ၏) ဖုန်းယွီသည် AIWA နှင့် Aiwa တို့ကို ထိန်းသိမ်းထားမည်ဖြစ်သည်။ အမှတ်တံဆိပ်အနေဖြင့်မူ Aiwa အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် မည်သည့်အရာကိုမှ အဖြစ်ခံမည် မဟုတ်ချေ။

ထို့ကြောင့် အိုက်ဝါပေဂျာကို တရုတ်နိုင်ငံတွင်သာ ရောင်းချနိုင်သည်။ ၎င်းတို့သည် ဆင့်ကဲကြီးထွားမှုသာ ဖြစ်သင့်ပြီး အလျှင်စလို မပြုလုပ်သင့်ပေ။

ဖုန်းယွီကလည်း ရှလီဟွားနှင့် ကျန်လူများအား မိုင်ဘိုင်းဖုန်း နည်းပညာများကို လေ့လာရန် ပြောခဲ့သည်။ သို့မှသာ အနာဂတ်တွင် မိုဘိုင်းဖုန်းဈေးကွက်သို့ ဝင်ရောက်ရန် ပြင်ဆင်ထားပြီး ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် နည်းပညာ အသစ်များ တီထွင်လိုက်သောအခါ တိုးတက်မှု အနည်းငယ်ဖြင့်ပင် မူပိုင်ခွင့်များကို ချက်ချင်း လျှောက်ထား ရပေလိမ့်မည်။

အားလုံး အသင့်ဖြစ်ပြီး ဖုန်းယွီသည် အထူးပန်ကာ ကြော်ငြာနှစ်ခုနေရာတွင် အိုက်ဝါပေဂျာ ကြော်ငြာကို အစားထိုးနိုင်ရန် CCTV သို့ ပြောဆိုလိက်သည်။ ကြော်ငြာ အစီအစဉ်ကို CCTV တွင် စတင်ပေတော့မည်။

ပေဂျာမှ (၂)ကြိမ်အသံထွက်ပြီးနောက် လူတစ်ယောက်သည် ပေဂျာပေါ်ရှိ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။ LCDမျက်နှာပြင်တွင် အကြောင်းကြားစာ တစ်ခု ပေါ်လာသည်။ ‘မန်နေဂျာလီ.. ကျေးဇူးပြု၍ ချက်ချင်းပြန်ခေါ်ပါ.. နံပတ် - 345678’။

ထို့နောက် အိုက်ဝါ အမှတ်တံဆိပ်ကို အနီးကပ် မြင်လိုက်ရပြီး တစ်ချိန်တည်းတွင် ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်ကား ရိုးရှင်းသည့် ဆောင်ပုဒ်တစ်ခုသာ-

“အိုက်ဝါပေဂျာ.. တရုတ်နိုင်ငံပိုင် ပေဂျာ.. ”

နာမည်ကျော်များ၏ ထောက်ခံချက်များ မပါသလို၊ သရုပ်ဆောင်များ၏ မျက်နှာလည်း မဖော်ပြခဲ့ချေ။ ကြော်ငြာ တစ်ခုလုံးသည် ပေဂျာနှင့် လူတစ်ယောက်၏ လက်သာ ပြသထားသည်။ သို့တိုင်အောင် ဤကြော်ငြာ အလွန်နာမည် ကြီးသွားတော့သည်။ ဖုန်းယွီက ကျောက်ကျုံးရှန့်ကို အသံသွင်းရန် ဖိတ်ကြားခဲ့သည်။ သူ့အသံအား တရုတ်နိုင်ငံတွင် အလွယ်တကူ မှတ်မိနေပေသည်။

ဖုန်းယွီသည် ကျောက်ကျုံးရှန့်ကို (၅)နှစ်စာချုပ်အတွက် ယွမ်(၁)သိန်းသာ ပေးချေခဲ့ပြီး ဤဆောင်ပုဒ် အတိုလေးကို ဖတ်ပြယုံသာပင်။ ကျောက်ကျုံးရှန့်ကလည်း ဤစာချုပ်ကို အလွန်သဘောကျသည်။ သူက ယွမ်(၅)သောင်းသာ တောင်းဆိုခဲ့သော်လည်း ဖုန်းယွီက ယွမ်(၁)သိန်းသို့ တိုးခဲ့သည်။ ဖုန်းယွီဝမ်းသာသွားသည်။ အလွန် ဈေးပေါလွန်းနေသည်။ အနည်းဆုံး ယွမ်(၃)သိန်းခန့် သုံးရမည်ဟု ထင်ထားခဲ့ခြင်းပင်။

ဖုန်းယွီသည် စီးပွားဖြစ် ဖြန့်ဖြူးရောင်းချသူများ၏ အရောင်းကွန်ယက်အတွင်း ၎င်း၏ ပေဂျာ ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံ၌ ပေဂျာများ ဝယ်လိုအား များလွန်း၍ ရောင်းလိုအား အလွန်နည်းနေပေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters