ဝန်ကြီးဌာနများနှင့် ကော်မရှင်တို့၏ အကြံပြုချက်များ (၁)
Vol. 33 Ch. 485
ကုန်ပစ္စည်းများ သေချာသိနားလည်နိုင်သည် ကြော်ငြာများပါရှိသည့်တိုင် ကုန်ပစ္စည်းများ ရောင်းမကောင်း သေးကြောင်း ဖြန့်ဖြူးသူများ တွေ့ရှိခဲ့ကြသည်။ ဤသည်ကိုပင် ၎င်းတို့ စိုးရိမ်မိကြခြင်းဖြစ်သည်။ ပေဂျာများသည် သီးသန့်ထုတ်ကုန် တစ်ခု မဟုတ်ချေ။ သူတို့သည် လုပ်ငန်း နောက်ကျသူများ ဖြစ်သည်။
အစပိုင်းတွင် ဖြန့်ဖူးသူများက ၎င်းတို့၏ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ကုန်ပစ္စည်းအလုံအလောက် မရမှာ စိုးရိမ်ခဲ့ကြသည်။ ထိုင်ဟွာ ကုန်သွယ်ရေးသည် ၎င်းတို့ကို ပစ္စည်းအနည်းငယ်သာ ထောက်ပံ့ထားသည် မဟုတ်ပေလော။ ယခုမူ အရောင်းပြခန်းများအား မည်သို့စကားပြောသည် ဖြစ်စေ Motorola ကို မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် Panasonic နှင့် NEC ကိုသာ ယှဉ်ပြိုင်နိုင်ခဲ့သည်။
အကယ်၍ ရောင်းအား ဤကဲ့သို့ ဖြစ်နေပြီး နောက်လများတွင် ပေဂျာ အထောက်အပံ့ တိုးလာပါက ရောင်းကျန် ပေဂျာများသည် ဂိုဒေါင်တွင် စုပုံနေပေတော့မည်။ ဖြန့်ဖြူးသူများအနေဖြင့် ၎င်းတို့ငွေကြေးများကို ဤပေဂျာတွင် နှစ်ထားရတော့မည်ဖြစ်ပြီး ငွေကြေးစီးဆင်းမှု ပြဿနာ ဖြစ်ပေတော့မည်။
မော်တော်ယာဉ် ရောင်းချရေးအတွက် ဖြန့်ဖြူးသူများ အားလုံးနီးပါးသည် ဘဏ်ချေးငွေရယူခြင်း သို့တည်းမဟုတ် အခြား သူဌေးများထံ အကြွေးတင်ခဲ့ကြသည်။ အကယ်၍ ဤပေဂျာများမှ အမြတ်အစွန်း မရရှိပါက လက်လီရောင်းချသူများသည် ဆက်သွယ်တော့မည် မဟုတ်တော့ချေ။ ထိုင်ဟွာ ကုန်သွယ်ရေးတွင်လည်း လစဉ် ယွမ်(၂)သန်းကျော် အပ်နှံထားရပေအုံးမည်။ သူတို့အတွက် အန္တရာယ် ရှိပေတော့မည်။
ဖုန်းယွီသည် ယခု အရောင်းလမ်းကြောင်းအတွက် များစွာ ကြိုးပမ်းအားထုတ်ခဲ့ပေသည်။ ယခု ရောင်းချရေး လမ်းကြောင်း မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ထားပါမည်လော။ ဖုန်းယွီမှာမူ ဝှက်ဖဲများ ကျန်နေသေးသည်။ ထိုဝှက်ဖဲ သုံးလိုက်ပါက ရောင်းအား ချက်ချင်း တက်လာမည်ဟု ယုံကြည်ခဲ့ပေသည်။
ဖုန်းယွီသည် လကုန်တွင် ရောင်းအားမတက်ပါက အနိမ့်ဆုံး ရောင်းချရမည့် အရေအတွက် လျော့ချပေးမည်ဟု ဖြန့်ဖြူးသူများအား အာမခံထားသည်။
ဖြန့်ဖြူးသည်များ ဖုန်းယွီအပေါ် ယုံကြည်မှု ပြန်ရလာခဲ့ပြန်သည်။ ဖုန်းယွီသည် ရောင်းအားကောင်းကြောင်း သူတို့အားလုံး သိထားပေသည်။ ယခု အနေအထားမှာ ယာယီသာဖြစ်ပြီး (၁)နှစ်ကျော်ပါက Panasonic နှင့် NEC ကို အနိုင်ယူနိုင်မည်ဟု အားလုံး သိထားကြသည်။
တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ တစ်နှစ်ပြည့်အောင် ရပ်တည်နိုင်ခြင်း ရှိမရှိပင်။ တစ်လလျှင် ယွမ် (၅)သိန်းဖိုးအထိ မရောင်းရသေးသော ကုန်ပစ္စည်းလက်ကျန်များ ရှိသည့်အတွက် (၄)လအတွင်း ယွမ်(၂)သန်း ရှိလာပေလိမ့်မည်။ အရန်ငွေကြေးများ သုံးဆွဲသွားမည်ဖြစ်သော်လည်း ၎င်းတို့ ကုမ္ပဏီသည် ငွေကြေးဖိအား များအောက် ရှိနေပေလိမ့်မည်။
“ဆရာလူ ဒီကိစ္စ လုပ်ပေးလို့ရမလား..”
“ဒါ လူတစ်ယောက်ကို ညစာကျွေးယုံပဲလေ.. ဘာများခက်နေလို့လဲ… စိတ်ပူမနေနဲ့ ငါဖုန်းခေါ်တာ စောင့်နေလိုက်.. ဒီည မဟုတ်တောင် မနက်ဖြန်ပဲ..”
ဆရာလူ ယုံကြည်မှုအပြည့် ဖြေကြားနေသည်။
ဖုန်းယွီသည် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကို ဖိတ်ကြားရန် ဆရာလူကို အကူအညီတောင်းခဲ့သည်။ ဤညွှန်ကြားရေးမှူးသည် ကြေးနန်းဝန်ကြီးဌာနတွင် ဘဏ္ဍာရေး တာဝန်ခံဖြစ်သည်။ ဖုန်းယွီသည် အိုက်ဝါပေဂျာ၏ အရောင်းပြဿနာများအကြောင်း ပြောပြလိုခြင်းဖြစ်သည်။
ဆရာလူ အလွန်ထိရောက်ပေ၏။ သူ့မိသားစု နောက်ခံကြောင့် ဒါရိုက်တာက ညစာဖိတ်ကြားမှု လက်ခံလိုက်ခြင်း ဖြစ်နိုင်ပေသည်။
“ဒါရိုက်တာဖန်.. ဒါက အိုက်ဝါ လျှပ်စစ်ပစ္စည်းရဲ့ ပိုင်ရှင် ဖုန်းယွီ ပါ.. မန်နေဂျာဖုန်း.. ဒါရိုက်တာ ဖန်ကလဲ မင်းနဲ့ တွေ့ချင်နေတာ.. သူ့ကို ဒီနေ့ ညစာကျွေးလိုက်ပေတော့..”
ဆရာလူ နှစ်ဖက်စလုံးအား မိတ်ဆက်ပေးလိုက်သည်။
“ဒါရိုက်တာဖန်.. မင်းနဲ့ ညစာစားရတာ ဂုဏ်ယူပါတယ်..”
ဒါရိုက်တာဖန အပြုံးဖြင့်ပင်..
“မင်းက အိုက်ဝါ လျှပ်စစ်ပစ္စည်းရဲ့ ပိုင်ရှင်လား.. တော်တော် ငယ်ပြီး အရည်အချင်း ရှိတာပဲ.. အိုက်ဝါ လျှပ်စစ်ပစ္စည်း ကနေ ပေဂျာနည်းပညာကို ကောင်းကောင်း ထွင်နိုင်ခဲ့တာပဲ.. ဝန်ကြီးကတောင် မင်းကို ချီးကျူးနေကြတာ”
ဒါရိုက်တာ ဖန်သည် ဖုန်းယွီက သူ့ကို မည်သည့်အတွက် တွေ့ချင်ရသနည်း။ သူသည် ဘဏ္ဍာရေး တာဝန်ခံဖြစ်ပြီး ဖုန်းယွီသည် အစိုးရ မူဝါဒအချို့အတွက် ဆိုပါက စီမံကိန်း ဒါရိုက်တာ သို့တည်းမဟုတ် ဥပဒေ ဒါရိုက်တာကို ရှာသင့်ပေသည်။ ဖုန်းယွီကမူ သူ့အား အဘယ့်ကြောင့် တွေ့ချင်ရသနည်း။
“ဒါရိုက်တာဖန်.. ကျုပ် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဝင်ငွေ အရင်းအမြစ်ကို မေးလို့ရမလား.. ခင်ဗျားရဲ့ လုပ်ငန်းခွဲတွေရော ဘယ့်နှယ့်လဲဗျ.. သုတေသနတွေရန် ရန်ပုံငွေ လုံလောက်လားမသိဘူး..”
ဖုန်းယွီ စကားစလိုက်တော့သည်။
ဒါရိုက်တာဖန် ဖုန်းယွီကို အထူးအဆန်းသဖွယ် ကြည့်လိုက်ပြီးနောက် ဆရာလူဘက် လှည့်ကြည့်လိုက်ပြန်သည်။ ဤ မန်နေဂျာဖုန်း တစ်ခုခု မှားယွင်းနေသလော။ သူ၏ ဘဏ္ဍာရေး ဝန်ကြီးဌာန ကိစ္စ မည့်သည့်အတွက် မေးသနည်း။
ဆရာလူလည်း ဖုန်းယွီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ဖုန်းယွီ မည်သည်ကို တွေးနေကြောင်း သူလည်း မသိတော့ချေ။ ဖုန်းယွီသည် ဒါရိုက်တာ ဖန်ကို လူကိုယ်တိုင် သိလိုခြင်း သို့တည်းမဟုတ် ဒါရိုက်တာ ဖန်၏ အဆက်အသွယ်များကို အသုံးချလို၍လောဟု ထင်မြင်ထားခြင်း ဖြစ်သည်။ ဖုန်းယွီ၏ မေးခွန်းသည်က ထူးဆန်းလွန်းလှချေ၏။
“ဘာကြောင့်များ ပေးတာလဲမသိဘူး..”
“ဒါရိုက်တာ ဖန်.. ခင်ဗျား ဝန်ကြီးဌာနကို ဝင်ငွေတိုးအောင် ကူညီပေးချင်လား..”
ဖုန်းယွီကမူ အပြုံးဖြင့် ထပ်မေးပြန်သည်။ မည်သည့်ခေတ်တွင် မဆို အစိုးရ သုံးစွဲရန် ဘဏ္ဍာငွေ ပြတ်လပ်မှုများ ရှိနေခဲ့သည်။ ဖုန်းယွီသည် ဒါရိုက်တာ ဖန် စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ပြီး ၎င်းတို့ဌာန ရန်ပုံငွေများ တိုးလာစေရန် ဖြေရှင်းပေးနိုင်ပေသည်။
“ဝင်ငွေ တိုးဖို့လား… ဘယ်လို ဝင်ငွေ တိုးမှာလဲ..”
ဒါရိုက်တာဖန် စပ်စုကြည့်လိုက်သည်။ သူသည် ဘဏ္ဍာရေး ဝန်ကြီးဌာနကို တာဝန်ယူထားပြီး ကောင်းမွန်သည့် အနေအထား ဖြစ်သော်လည် လုပ်ငန်းတာဝန်မှာမူ ရိုးရှင်းမှု မရှိချေ။ ဌာန အားလုံး ရန်ပုံငွေ လိုအပ်သော်လည်း ဝန်ကြီးဌာနအနေဖြင့် ဌာနအားလုံးအတွက် မလောက်ငှ နိုင်ချေ။ သူက မည်သူ ရန်ပုံငွေ မည်မျှ ထုတ်ရမည်ကို ရွေးချယ်ရမည်ဖြစ်ပြီး အခြားသူများကို ဖိနှိပ်ရန် လွယ်ကူပေသည်။ သို့အတွက်လည်း ဤရာထူးတိုး ရန် ခက်ခဲရခြင်းပင်။ ဒါရိုက်တာ ဖန်သည် ထို့အတွက် ရာထူး မတိုးနိုင်ခဲ့ပေ။
“ကျုပ်တို့ အိုက်ဝါလျှပ်စစ်က ပေဂျာတွေ ရောင်းနေတယ်ဆိုတာ ဒါရိုက်တာဖန် သိလောက်မှာပါ.. ကျုပ်တို့က တရုတ်နိုင်ငံထဲမှာ ပေဂျာထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော ကုမ္ပဏီပါ.. ပြီးတော့ ဒီကုမ္ပဏီရဲ့ အစုရှယ်ယာ အားလုံးကလဲ တရုတ်လူမျိုးတွေပါပဲ.. ကျုပ်တို့ အောင်မြင်မှုက တရုတ်နိုင်ငံ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်မှုကို ကိုယ်စားပြုပြီး နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေရဲ့ အမြတ်အစွန်းအားလုံး လက်ဝါးကြီးအုပ်နေတာကို ဟန့်တားနိုင်မှာပါ..”
ဒါရိုက်တာဖန် မျက်မှောင်ကြုတ်လိုက်သည်။ မန်နေဂျာဖုန်ူးက မည်သည့်အတွက် သူ့ကိုယ်သူ ချီးပွမ်းခန်း ဖွင့်နေရသနည်း။ သူပြောသမျှ သိနေသည်။ ဝန်ကြီးဌာန၏ ဝင်ငွေတိုးရန် ဘာဆက်လုပ်ရမည်ကို သိနေ၏။
“ဒါ့ကြောင့် .. ‘ဆက်သွယ်ရေး ဝန်ကြီးဌာနက အကြံပြုထားသော ကုန်ပစ္စည်း’ ဆိုတာ ကျုပ်တို့ ကြော်ငြာမှာ စာကြောင်း တစ်ကြောင်းထည့်ပြီး ပူးပေါင်း နိုင်မယ်လို့ မျှော်လင့်ပါတယ်.. အဲ့ဒီအတွက်လဲ ကျုပ်တို့ ခင်ဗျားကို ကျသင့်တန်ဘိုး ပေးနိုင်ပါတယ်.. အဲ့လို လုပ်လို့ ရနိုင်မလား..”
ဟမ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အကြံပြုထားသော ကုန်ပစ္စည်း လော။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤမန်နေဂျာ ဖုန်း မည်သည်များ တွေးနေသနည်း။ မည်မျှ ပေးဆပ်သည် ဖြစ်စေ ဤသည်ကို ခွင့်မပြုနိုင်ချေ။ ဆရာလူ ကြောင့်သာ မဟုတ်ပါက ဒါရိုက်တာဖန်သည် ဖုန်းယွီကို ဆူပူ ကြိမ်းမောင်းမိပေလိမ့်မည်။
“မန်နေဂျာဖုန်း.. ဝန်ကြီးဌာနကတော့ မင်းကြော်ငြာမှာ ဒီစာကြောင်း ထည့်ခွင့် မပေးနိုင်ဘူး.. ငါတင်မဟုတ်ဘူး ဝန်ကြီးတောင် မင်းတောင်းဆိုတာ သဘောတူမှာမဟုတ်ဘူး.. မင်းငွေ ငါတို့ မရနိုင်တော့ဘူး.. ဆရာလု တခြားကိစ္စမရှိရင် ငါသွားတော့မယ်.. နောက်တစ်ကြိမ်မှ သောက်ကြတာပေါ့..”
ဒါရိုက်တာဖန် မတ်တပ်ရပ်၍ ထွက်သွားရန် ပြင်လိုက်သည်။
“ဒါရိုက်တာဖန် ခနနေပါအုံး.. ကျုပ် ပြောစရာရှိသေးလို့ပါ.. စကားဆုံးတဲ့အချိန် ထွက်သွားချင်သေးတယ်ဆို မတားတော့ပါဘူး..”
ဖုန်းယွီ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“နောက်ထပ် ဘာပြောချင်သေးတာလဲ..”
ဒါရိုက်တာဖန် မျက်မှောင်ကြုတ်လိုက်တော့သည်။ ယခုအချိန်တွင် ဆရာလူကိုတောင် ဂရုမစိုက်တော့ချေ။ သင် မည်သူ့အား ပြောနေသနည်း။
“ကျုပ်တို့ ဆက်သွယ်ရေးဝန်ကြီးဌာန စာပို့ဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်မို့လား.. ပြီးတော့ သူတို့ရဲ့ အရောင်းကောင်တာမှာ အိုက်ဝါပေဂျာတွေ အရောင်းမြှင့်တင်နိုင်အောင် စာတိုက်ရုံး အားလုံးကို တောင်းဆိုဖို့ မှတ်ချက် အတိုလေး တစ်စောင် ထုတ်ပေးနိုင်မလားမသိဘူး.. စာတိုက်တွေမှာ ရောင်းရတဲ့ ပေဂျာတိုင်း အတွက် ဝန်ကြီးဌာနကို (၁၀)ယွမ် ပေးသွင်းပါမယ်..”
ပေဂျာအတွက် (၁၀)ယွမ်လေးဖြင့် ဤမန်နေဂျာဖုန်း သူ၏ အကူအညီ လိုချင်နေသလော။ သို့ရာတွင် ဤသည်မှာ ဝင်ငွေ အရင်းအမြစ် တစ်ခု ဖြစ်နေပေသည်။ ဒါရိုက်တာဖန်သည် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဘဏ္ဍာရေး တာဝန်ခံဖြစ်သော်လည်း ပေဂျာလုပ်ငန်းအကြောင်း ကောင်းကောင်း နားလည်နေသည်။
“မင်းစက်ရုံက တစ်နှစ်ကို ပေဂျာ ဘယ်လောက် ထုတ်နိုင်လို့လဲ…”
ဒါရိုက်တာဖန်၏ နှုတ်မှ ဤမေးခွန်းထွက်လာသည့်အခါ ကောင်းကောင်း စိတ်ဝင်စားသွားပြီဖြစ်ကြောင်း သိလိုက်ရပေပြီ။
“ကျုပ်တို့ ထုတ်လုပ်မှုက အခုနှစ်မှာ ပေဂျာ (၃)သိန်းလောက်ထိ ရောက်မှာပါ.. လာမယ့် နှစ်ထဲမှာတော့ (၃)သန်းကျော်လိမ့်မယ်.. ဒီပေဂျာတွေရဲ့ ထက်ဝက်ပဲ စာတိုက်တွေမှာ ရောင်းမယ်ဆိုရင်တောင် ဒီနှစ် ဝန်ကြီးဌာနက ယွမ်(၁.၅)သန်း လောက် ရနိုင်တဲ့အပြင်၊ နောက်နှစ်တွေ ဆို(၁၅)သန်းကျော် ရနိုင်မှာပါ”
ဖုန်းယွီက (၁၅)သန်း ဆိုသည်ကို အလေးပေး ပြောလိုက်ခြင်းပင်။
ဒါရိုက်တာ ဖန် မျက်လုံးပြူးသွားတော့သည်။ ဤ အိုက်ဝါ လျှပ်စစ်ပစ္စည်းစက်ရုံ၏ ထုတ်လုပ်မှုသည် ဤမျှ မြင့်မားနေသလော။ အကယ်၍ သူသည် ဝန်ကြီးဌာန၏ ဝင်ငွေ (၁၅)သန်း တိုးနိုင်လျှင် ဒုဝန်ကြီး အဆင့်ဖြင့် အငြိမ်းစား ယူပါက နာမည်ကောင်း ကျန်ရှိနေပေတော့မည် ဖြစ်သည်။
-------*****--------
ဘာသာပြန်သူ . (NTP)