← Chapters

သတင်းထူး

Vol. 33 Ch. 492

သတင်းထူး

Vol. 33 Ch. 492

“ပါမောက္ခစွန်း.. ဒါက သတင်းထောက်၊ ဒါရိုက်တာ၊ အစီအစဉ်မှူး စွေ့ကျင့်ရီပါ.. သတင်းထောက် စွေ့.. ဒါ ပေကျင်း တက္ကသိုလ် ပါမောက္ခစွန်းပါ.. ဇီဝဓါတုဗေဒပညာရှင်ပေါ့..”

“အာ.. ပညာရှင်လို့ မခေါ်ထိုက်ပါဘူးလေ.. တခြားသူတွေထက် သုတေသန ပိုလုပ်ခဲ့ယုံပါပဲ..”

ပါမောက္ခစွန်း ရယ်ရယ်မောမောဖြင့် လက်ခါရင်းပြောလာသည်။

ဤပါမောက္ခသည် ငွေကြေး မနှစ်သက်ချေ။ ကျော်ကြားမှုနောက် လိုက်နေခြင်းပင်။ ဖုန်းယွီ သူ့ကို နယ်ပယ်တစ်ခု၏ ကျွမ်းကျင်သူ၏ သမုဒ်လိုက်သဖြင့် အရမ်းပျော်သွားမိသည်။

“မင်္ဂလာပါ.. ပါမောက္ခစွန်း.. ခင်ဗျား တရုတ်လိပ်ဆီ ကို စမ်းသပ်တဲ့သူလား.. ရလဒ်တွေ ထွက်လာပြီလား မသိဘူး..”

“ရလဒ်ထွက်လာပါပြီ.. ဘာလိပ်ဆီလဲ.. ထုတ်ကုန်ထဲမှာ လိပ်နဲ့ သက်ဆိုင်တာ အမှုန်အမွှားပါရင်တောင် ငါ့နာမည်ကို ပြောင်းပြန် ပြန်ရေးပြစ်အုံးမယ်.. ဒါက အချိုဓာတ်ပါတဲ့ ရေပဲလေ.. အဲ့ စီးပွားရေးသမားဆိုးတွေကွာ.. ဒါ ဓါတ်ခွဲ စစ်ဆေးချက် အစီရင်ခံစာ.. အဲ့မှာ ငါ့လက်ထောက်တွေနဲ့ ငါ လက်မှတ်ထိုးထားတယ်..”

ပါမောက္ခစွန်း ဒေါသထွက်နေချေသည်။ ဤထုတ်ကုန် တစ်ဗူးလျှင် ယွမ်(၁၀၀)ကျော်နှင့် ရောင်းချနေသလော။ (၁)ယွမ်ပင် မတန်ချေ။ ရိုးရိုးရေ သောက်လျှင်ပင် ဤဆေးထက် ပို၍ ကျန်းမာရေးနှင့် ညီညွတ်ပေလိမ့်မည်။

စွေ့ကျင့်ရီ မျက်မှောင်ကြုတ်မိတော့သည်။ ဤ တရုတ်လိပ်ဆီသည် ဖုန်းယွီပြောထားသည့်အတိုင်း မချိုဓာတ်ပါဝင်သည် ရေသာဖြစ်သည်။

“ဘဝစွမ်းအင် အတွက် စမ်းသပ်မှုကရော..”

ပါမောက္ခစွန်းက ဒေါသတကြီးဖြင့်..

“အဲ့ထုတ်ကုန်က ကျန်းမာရေး အကျိုးကျေးဇူး ရှိပါတယ်.. ဒါပေမယ့် တက်ကြွတာတွေ၊ တခြားအကျိုးကျေးဇူးတွေ တိုးမြှင့်စေတယ်လို့ အခိုင်အမာပြောနေကြတာက အလိမ်အညာတွေကြီးပဲ.. အကြီးစား ထုတ်လုပ်မှုကိုတော့ ပြောမနေတော့ဘူး.. ကျုပ် ဓါတ်ခွဲခန်းမှာ ထုတ်မယ်ဆိုရင်တောင် ကုန်ကျစရိတ် ယွမ်(၂၀)တောင် မကုန်ဘူး.. အဲ့ ပစ္စည်းကို ဒီလောက် ဈေးကြီးကြီးနဲ့ ဘယ်လိုများ ရောင်းနေကြပါလိမ့်.. ပြီးတော့ အဲ့ကျန်းမာရေး ဖြည့်စွက်စာ အမှတ်တံဆိပ်၊ ပြီးတော့ XX အဆီအနှစ် ဆိုတာတွေက သူတို့ ကြေညာထားသလောက် အကျိုးမရှိပါဘူး..”

ပါမောက္ခစွန်းသည် ဇင့်သကြား၊ ကယ်လ်ဆီယံသကြား တို့ကို သုတေသန ပြုလုပ်ခဲ့ပြီး ဗူးငယ်တစ်ဗူးစာလျှင် ယွမ်နည်းနည်း ဖြင့် ရောင်းချခဲ့သည်။ ဤသည်မှာ အသက်စွမ်းအင် နှင့်တူညီသည့် ထုပ်ပိုးမှုပြုပါက လက်ရှိ အရောင်းဆိုင်များတွင် ယွမ်(၂၀)ခန့်သာ ကုန်ကျပေလိမ့်မည်။ ထိုသို့သော အသက်စွမ်းအင်ကို အဘယ့်ကြောင့် ဈေးကြီးကြီးနှင့် အဘယ့်ကြောင့် ရောင်းချနေကြသနည်း။ ဤသည်က လိမ်ညာမှုပင်။ ထို့အပြင် ဈေးကွက်အတွင်း၌ ဤအရေ နည်းနည်းကို အလွန်ချဲ့ကား ပြောဆိုထားကြသည်။ အားလုံးမှာ စားသုံးသူများအား လှည့်စားနေကြခြင်းပင်။

“မန်နေဂျာဖုန်း.. ဒီထုတ်ကုန်တွေ စမ်းသပ်တာ ပါမောက္ခစွန်း တစ်ယောက်ထဲလား..”

“ဘာပြောတာလဲ.. ငါ့ လက်ထောက်တွေလဲ ပါတယ်လေ.. သူတို့ လက်မှတ်တွေ အစီရင်ခံစာထဲမှာ မတွေ့ဘူးလား.. မင်းက ငါ့ကို လုပ်ကြံတယ်များ ထင်နေလား”

ပါမောက္ခစွန်း ဒေါသတကြီး အော်တော့သည်။ ဤအစီရင်ခံစာနှင့်ပတ်သက်၍ သတင်းထောက် စွေ့က သူ့ကျွမ်းကျင်မှုအား သံသယ ဖြစ်နေသလော။

“ပါမောက္ခစွန်း စိတ်အေးအေးထားပါ.. သတင်ထောက်စွေ့ က အဲ့သဘော ပြောတာ မဟုတ်ဘူး.. ဓါတ်ခွဲ စမ်းသပ်ချက်ကို အဖွဲ့အစည်း တစ်ခုတည်းက လုပ်ဖို့ အသင့်ဘူးလေ.. သတင်းထောက် စွေ့ .. ကျုပ် ပေကျင်း ဆေးတက္ကသိုလ်၊ အမှတ်(၄)အထွေထွေဆေးရုံ၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဆေးရုံ၊ တပ်မတော် ဆေးရုံနဲ့ တခြား အဖွဲ့အစည်းတွေမှာလဲ စစ်ဆေးထားတယ်။ အမှီအခိုကင်းတဲ့ အဖွဲ့အစည်း အားလုံးပေါင်း (၁၄)ခုဗျ.. အားလုံးက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေ ကြီးပဲ.. ကျုပ် ခင်ဗျားကို တစ်ယောက်ချင်း တွေ့ဖို့ ခေါ်သွားပေးမယ်လေ..”

ဖုန်းယွီအနေဖြင့် ဤပစ္စည်း စမ်းသပ်မှု ပြုလုပ်ရန် လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုတည်း ငှားရမ်းပါက မိုက်မဲရာ ကျပေလိမ့်မည်။ ဤထုတ်ကုန်များ၏ နောက်ကွယ်ရှိ လုပ်ငန်းရှင်များ ပြေးမလွှတ်သည်အထိ ခိုမာသော အထောက်အထားများ လိုအပ်ပေသည်။

သတင်းထောက်စွေ့ မှာ (၃)ရက်အတွင်း ကျွမ်းကျင်သူများ၊ ပါမောက္ခများ (၁၀)ယောက်ကျော်နှင့် တွေ့စုံမေးမြန်း ခဲ့ပေသည်။ သူ့တွင် ဓါတ်ခွဲစစ်ဆေးချက် အဖြေများစွား ရှိလာသည်။ ဤသည်တို့မှာ ဈေးကွက်ရှိ ကျန်းမာရေး ကုန်ပစ္စည်း (၁၂)မျိုး၏ ရလဒ်များ ဖြစ်တော့သည်။ ထုတ်ကုန် တစ်ခုစီအား လွတ်လပ်သော အဖွဲ့အစည်း (၃)ခုမှ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်း (၄)မျိုးကို CCTV တွင် ကြော်ငြာထားသည်။ ကျန်ပစ္စည်းများမှာမူ ပြည်တွင်း ရုပ်မြင်သံကြားဌာနများ၊ သတင်းစာများ၊ ရေဒီယိုများတွင် ကြော်ငြာထားမှုများ ရှိပေသည်။ ကြော်ငြာများတွင် အကျိုးကျေးဇူးများကို ချဲ့ကား ထားကြပေသည်။

ကျန်းမာရေး ထုတ်ကုန်(၁၂)ခုအနက် (၅)ခုသည် လူတစ်ဦး၏ ကျန်းမာရေးအတွက် အကျိုးမရှိသော ထုတ်ကုန်အတု ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ကျန်ထုတ်ကုန်များသည် ထုတ်ကုန်အတုဟု မယူဆသော်လည်း ပါဝင်ပစ္စည်းများသည် ဖော်ပြထားသော အကျိုးကျေးဇူးများနှင့် မကိုက်ညီချေ။ ဤသည်မှာ စည်းမျဉ်း၊ စည်းကမ်းများ ကို ဆန့်ကျင်ခြင်းပင်။

စွေ့ကျင့်ရီ အစီရင်ခံစာများ မြင်တွေ့ရသည့်အပြင် ပညာရှင်များ၏ စကားများကြားလိုက်ရသည့်အတွက် တုန်လှုပ် သွားတော့သည်။ ထုတ်ကုန်များအားလုံး ပြဿနာရှိနေခဲ့သည်။ တစ်ခုမှ ကျန်းမာရေးနှင့် မညီညွတ်ကြချေ။

စွေ့ကျင့်ရီ သည် တွေ့စုံမေးမြန်း ဗွီဒီယို တည်ဖြတ်ရန် အချိန်(၁)ရက်သာ ကြာလိုက်သည်။ သို့ရာတွင် အချိန် အကန့်အသတ် ကျော်လွန်နေကြောင်း တွေ့လိုက်ရသည်။ အပိုင်းတစ်ခုလျှင် (၁၈)မိနစ် ရှိရမည် ဖြစ်သည်။ သူတည်းဖြတ်သည့် ဗွီဒီယိုဖိုင်မှာ မိနစ်(၃၀)နီးပါး ရှည်နေလေသည်။

စွေ့ကျင့်ရီ အနေဖြင့် သူရိုက်ကူးထားသည့် ဗွီဒီယိုများ အားလုံးသည် မပါမဖြစ် လိုအပ်နေသဖြင့် ချန်ထားရန် မသင့်ဟု ခံစားနေရသည်။ သူ့အနေဖြင့် လူများစွာကို လျှို့ဝှက်စွာ တွေ့ဆုံမေးမြန်းရန် သက်ဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ရသေးသည်။ ဤအပိုင်းဆိုလျှင် အချိန် (၁)နာရီကျော် ကြာနိုင်လေသည်။

မည်သို့ပင်ဖြစ်စေ ယခုအပိုင်း ပြီးအောင်လုပ်။ နောက်မှ နောက်ယောက်ယားပင်။

စွေ့ကျင့်ရီသည် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရန် လုပ်ဖော်ကိုင်ဖက် တစ်ဦးအား တရုတ်လိပ်ဆီ စက်ရုံသို့ ခေါ်လာခဲ့သေးသည်။ သူ့အနေဖြင့် တခြားစက်ရုံများသို့ သွားရောက်ရန် အချိန်မရှိချေ။ ထိုထုတ်ကုန်များမှာ တရုတ် လိပ်ဆီလောက် နာမည်ကြီးများ မဟုတ်သောကြောင့်ပင်။

……

“အင်း .. တီဗွီ ဖွင့်ကွာ.. ဒီနေ့ အထူး သတင်းရှိတယ်..”

လူတစ်ယောက်သည် ဖုန်းချပြီးနောက် ပြောလိုက်သည်။ ကောင်းကောင်းပင် မကြည့်ဖြစ်ချေ။

“ဘာ သတင်းထူးလဲ.. အဲ့ အစီအစဉ်က ဘာကောင်းလို့လဲ.. မင်း ကျားချ အလှည့်လေ.. စွန်းဝမ် မင်းဘာလုပ်မလဲ..”

ဘေးမှ တစ်ယောက် အသံထွက်လာသည်။ ၎င်းတို့သည် မာကျောက် စော့နေကြခြင်းပင်။

“အာ.. အာ. အာ.. အဘိုးကြီးဝူ.. ဘာလုပ်နေတာလဲ.. တကယ်ကြီး တီဗွီ ကြည့်မလို့လား.. ငါတို့ ကစားနေတာလေ..”

နောက်ထပ် မာကျောက်ကစားသူ တစ်ယောက်ကလည်း မေးလာပြန်သည်။

“ငါ မကစားတော့ဘူး.. တီဗွီ ကြည့်ချင်နေတယ်..”

အဘိုးကြီး ဝူ ချက်ချင်းပင် တီဗွီဖွင့်ကာ CCTV လိုင်းသို့ ရွှေ့လိုက်သည်။

ကျန်ကစားဖော်များသည် အဘိုးကြီးဝူ၏ ပုံစံကို မြင်သည့်အခါ ကြောက်စရာ တစ်ခုခု ဖြစ်သွားကြောင်း အတတ်သိလိုက်တော့သည်။ တီဗွီအစီအစဉ် ကြည့်လိုက်သည့်အချိန်တွင် အားလုံး အံ့ဩသွားကြတော့သည်။ ကျန်းမာရေး ထုတ်ကုန်များအကြောင်း ဘာကြောင့် အစီရင်ခံရသနည်း။ သူတို့အားလုံးမှာ ကျန်းမာရေး ထုတ်ကုန် တစ်မျိုးဖြစ်သည့် ဟာကြူလီဝိုင်၏ ရှယ်ယာရှင်များ ဖြစ်ကြပေသည်။

သတင်းကြေငြာသူ ပုယန်စုန့် ၏ အသံထွက်လာသည်…

“…… ကျွန်ုပ်တို့၏ ဈေးကွက် သုတေသနကို အခြေခံပြီး ဈေးကွက်မှာ တွေ့ရလေ့ရှိတဲ့ ကျန်းမာရေး ထုတ်ကုန် (၃၀)ကျော် ရှိပါတယ်.. ဤထုတ်ကုန်များသည် သွေးလည်ပတ်မှု၊ တက်ကြွမှု၊ မှတ်ဉာဏ်၊ သက်တမ်းတိုးစေခြင်း စသည်ဖြင့် ကြေညာ ထားကြပါတယ်.. သို့ရာတွင် ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ရလဒ်များကြောင့် အလွန်အံ့အား သင့်ရပါတယ်.. ဈေးကွက်ထဲမှာ ဒီ ကျန်းမာရေး ထုတ်ကုန် (၁၂)ခုကို ကျပန်း ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်…..”

အဘိုးကြီး ဝူနှင့် ကျန်သူများသည် ၎င်းတို့ နှလုံးသားများ ကျေမွနစ်မြုပ်သွားသကဲ့သို့ ခံစားခဲ့ရတော့သည်။

၎င်းတို့၏ ဟာကြူလီဝိုင်သည် ကာမအကျိုး တိုးမြင့်စေသည်ဟု ကြော်ငြာထားသည့် ကျန်းမာရေး ထုတ်ကုန် တစ်ခု ဖြစ်ပေသည်။

ချက်ချင်းပင် ဓါတ်ခွဲစမ်းသပ်မှု အစီရင်ခံစာများ တွေ့လိုက်ရသည်။ ၎င်းတို့၏ ဟာကြူလီ ဝိုင် သည် စမ်းသပ်ခံထားရသည့် ထုတ်ကုန် တစ်ခုအဖြစ် ပါဝင်နေသည်။

အဘိုးကြီး ဝူနှင့် ကျန်သူများ ဤလုပ်ငန်း စတင်ခဲ့စဉ်က အခြားထုတ်ကုန်များနှင့် အမှီလိုက်နိုင်စေရန် အရောင်းမြှင့်တင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြရသည်။ ယခုမူကား နောင်တ ရနေကြပေပြီ။ ၎င်းတို့ ရောင်းအား မည်သည့်အတွက် ယခုလောက်ထိ မြင့်လာရသနည်း။ အကယ်၍ ၎င်းတို့၏ ထုတ်ကုန်သည် ကောင်းမွန်စွာ ထုပ်ပိုးပြင်ဆင် မထားပါက စမ်းသပ်ရန် ရွေးချယ်ခံရမည် မဟုတ်ချေ။

“…… ရလဒ်တွေကတော့ မယုံနိုင်စရာပါပဲ.. ဈေးကွက်မှာ ထုတ်ကုန် (၁၂)ခုကို ကျပန်းစမ်းသပ်ပြီးတဲ့အခါ တစ်ခုမှ ဓါတ်ခွဲစမ်းသပ်မှုမှာ မအောင်မြင်ခဲ့ပါဘူး.. ထုတ်ကုန်တစ်ခုမှ စံချိန် မမှီပါဘူး.. ဒီထုတ်ကုန်တွေမှာ ပါဝင်ပစ္စည်းတွေရဲ့ အချိုးအစား ပြဿနာရှိတဲ့အပြင် တစ်ချို့ ထုတ်ကုန်တွေမှာဆိုရင် ပါဝင်ပစ္စည်းတွေတောင် မပြည့်စုံတာ တွေ့ရပါတယ်.. အဲ့လို ထုတ်ကုန်တွေမှာဆိုရင် သူတို့ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေ လုံးဝ ထည့်သွင်း ထားခြင်း မရှိခဲ့ပါဘူး.. အဲ့ဒီ ထုတ်ကုန်(၁၂)ခုဟာဆိုရင် မတူညီတဲ့ ကုမ္ပဏီ(၁၂)ခုနဲ့ သက်ဆိုင်နေတာပါ.. အဲ့ဒီထဲကမှ ကုမ္ပဏီ (၈)ခုပဲ ကျန်းမာရေး ထုတ်ကုန် ရောင်းချခွင့်နဲ့ ထုတ်လုပ်ခွင့် ပါမစ် ရှိပါတယ်.. ကျန် ကုမ္ပဏီ (၄)ခုမှာဆို ကျန်းမာရေး ထုတ်ကုန်များ ထုတ်လုပ်တဲ့ အတွေ့အကြုံတောင် မရှိသေးပါဘူး..”

“အဲ့ ကုမ္ပဏီ (၈)ခုထဲက ထုတ်ကုန် (၂)ခုမှာဆို ထုတ်ကုန် အမှတ်စဉ်တောင် မရှိပါဘူး.. ကုမ္ပဏီ တစ်ခုဆိုရင် တခြား ထုတ်ကုန်ရဲ့ ထုတ်ကုန်အမှတ်စဉ်ကို ရိုက်နှိပ်ထားတာ တွေ့ရပါသေးတယ်.. ပါမစ်နဲ့ ခွင့်ပြုချက်ပါတဲ့ ကုမ္ပဏီ (၅)ခုရဲ့ ထုတ်ကုန်တွေဟာ ဆိုရင်လဲ အရေအသွေးပိုင်းဆိုင်ရာမှာ ဆိုးရွားလွန်းတဲ့ ပြဿနာရှိနေပါတယ်.. ဥပမာ အနေနဲ့.. နာမည် တစ်ချို့ ပြောပြပေးနိုင်ပါတယ်..”

အဘိုးကြီး ဝူနှင့် ကျန်လူများ ထိုင်ခုံပေါ် ပြန်ပြုတ်ကျသွားတော့သည်။ နိဂုံးချုပ်သွားပြီ ဖြစ်ကြောင်း သိနေကြသည်။ ဤသည်ကို CCTV တွင် ထုတ်လွှင့်ပြီးသွားပေပြီ။ လွတ်မြောက်ရန် လမ်းမရှိတော့ချေ။ တစ်ချိန်တည်မှာပင် ကျန်းမာရေး ထုတ်ကုန်အားလုံးနီးပါး၏ ပိုင်ရှင်များ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ သူတို့အားလုံး ပြစ်ဒဏ်များ ရှောင်လွှဲမည့် နည်းလမ်းများ တွေးနေကြတော့သည်။

……

“ဘန်း…”

တရုတ် လိပ်ဆီ ပိုင်ရှင်ဖြစ်သူ လီကျားယွီ၏ ရုံးခန်းတံခါး ပွင့်သွားသည်။ သော့ပင် ပျက်စီးသွားခြင်း ဖြစ်သည်။ သူချက်ချင်း ထရပ်၍ သူ့အတွင်းရေးမှူး အမျိုးသမီးမှာမူ အဝတ်အစားများ သပ်ယပ်အောင် ပြင်ဆင်နေပေသည်။

“ဘာပြဿနာရှိလို့လဲ.. ငါ့အမိန့်မရဘဲ ငါ့အခန်းထဲ ဘယ်သူမှ ဝင်မလာဖို့ ပြောထားတယ်လေ.. မင်းကို အလုပ်ထုတ်လိုက်ပြီ..”

လီကျားယွီ စွတ်ဟောက်တော့သည်။

ရုံးခန်းအတွင်း ဝင်လာသူမှ အလျင်စလိုဖြင့် ..

“ဒါရိုက်တာလီ တော်တော် ဆိုးသွားပြီ…”

(မှတ်ချက်။ ပုယန်စုန့် ဆိုသည်မှာ CCTV သတင်းဌာန၏ နာမည်ကျော် သတင်းကြေငြာသူ ဖြစ်သည်။)

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters