ခေါင်းဆောင်၏ သဘောထား
Vol. 33 Ch. 494
“အဘိုးကြီးကျား.. မင်းဒီ အထူးအစီအစဉ်ကို သုံးသပ်သူလား..”
ဌာနမှူးသည် ဒုဌာနမှူး ကျဲ အား အလေးအနက် ကြည့်နေတော့သည်။
“ဟုတ်တယ်.. ငါ ခွင့်ပြုချက်ပေးလိုက်တာ.. ပြဿနာ ရှိလို့လား..”
“အဘိုးကြီး ကျဲ.. မင်းက အကြီးတန်းအရာရှိ တစ်ယောက်လေ.. ဒီလို သတင်းထုတ်တာရဲ့ သက်ရောက်မှုတွေ မင်းမသိဘူးလား..”
ဌာနမှူး စားပွဲခုံခေါက်ရင်း မေးလိုက်သည်။
“သိတယ်.. ဘာဖြစ်မယ်ဆိုတာ ငါသိတယ်.. ဒါပေမယ့် လူတွေကို လှည့်စားခွင့် မပေးနိုင်ဘူး..”
“ဒါတွေ ပြောဖို့ မလိုပါဘူး.. ဒါပေမယ့် ဒီအစီအစဉ် မရိုက်ခင် ငါ့ကို အသိပေးသင့်လား.. အဲ့လို ဖောက်ဖျက်ဖို့ လိုလို့လား.. အခုဆို ဒီကိစ္စ တစ်နိုင်ငံလုံးက မျက်လုံး ဒေါက်ထောက်ကြည့်နေပြီ.. ဌာန ဖုန်းလိုင်းတွေ အားလုံး ဆက်တိုက် အသံထွက်နေပြီ..”
“ဘာလို့လဲ.. ဒါ ကျုပ်တို့ ဒီအစီအစဉ်အတွက် လိုအပ်တဲ့ ရလဒ်လေ.. အထက်အကြီးအကဲတွေ လျစ်လျူရှုထားတဲ့ ကိစ္စကို ပြည်သူတွေ ဖော်ထုတ်ရမယ်.. အဲဒါ ဒီအစီအစဉ် နှစ်ခုရဲ့ အဓိက မဟုတ်ဘူးလား..”
ဒုဌာနမှူးကျဲ သူ့လုပ်ရပ် မမှားခဲ့သဖြင့် အကြောက်တရား လုံးဝမရှိချေ။
“အဘိုးကြီးကျဲ.. ငါမင်းကို ပြောနေတာ နားမလည်တာလား.. ဒီသတင်းကို ပြည်ပ သတင်းဌာနတွေက အာရုံစိုက်သွားတာရော သိရဲ့လား..”
“အနည်းဆုံးတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းဌာနတွေက အရင်ဖော်တာထက် ပိုကောင်းတယ်လေ”
ဒုဌာနမှူးကျဲမှာလည်း ဤသတင်းသည် ဤမျှလောက် ထိတ်လန့်ဖွယ် ဖြစ်သွားမည်ဟု မမျှော်လင့်ထားချေ။ CCTV မှ ထုတ်လုပ်သူများကို ခေါ်ယူ၍ ဆူပူကြိမ်းမောင်းမှုများပင် ရှိခဲ့သည်။ အကယ်၍ CCTV မှ ဤထုတ်ကုန်များကို မကြော်ငြာပါက ထိုထုတ်ကုန်အတုများကို ဝယ်ယူမည် မဟုတ်ချေ။ သို့ရာတွင် ရုံးသို့ ဖုန်းခေါ်ဆိုမှု အများစုမှာ အဆိုပါ မရိုးသားသော ကုမ္ပဏီကို ထုတ်ဖော်ခြင်းအတွက် ၎င်းတို့ အစီအစဉ်ကို ချီးကျူးခဲ့ကြသည်။ ဤအစီအစဉ်သည် ကြည့်ရှုသူများအကြားတွင် စွဲစွဲထင်ထင် ဖြစ်သွားခဲ့တော့သည်။
“အဘိုးကြီး ကျဲ.. ငါ့ကို ပြောစမ်း.. ဒီသတင်း မင်းကိုဘယ်သူပေးတာလဲ..
“စုန့်ကျန်းမော်တော်ကားက မန်နေဂျာ ဖုန်း..”
“စုန့်ကျန်း မော်တော်ကားက မန်နေဂျာဖုန်းလား.. ခေါင်းဆောင်ကြီးတောင် ချီးကျူးခံရတဲ့ မန်နေဂျာဖုန်းလား..”
ဌာနမှူး ဒုဌာနမှူးကျဲ ခေါင်းညိတ်သည်ကို မြင်သည့်အခါ တုန်လှုပ်သွားတော့သည်။ ဤဖုန်းယွီသည် ခေါင်းဆောင်ကြီး ၏ ချီးကျူးခြင်းခံရသူ ဖြစ်သည်။ သူ့ကို မည်သို့ အပြစ်ဖို့၍ ရမည်နည်း။
သူသည် CCTV ဌာနမှူးဖြစ်ခဲ့သော်လည်း ရာထူးမှာမူ လက်ထောက်ညွှန်ကြားရေးမှူး သာဖြစ်သည်။ ရန်ပုံငွေ အခြေအနေအရ နောက်ထပ် အထူး အစီအစဉ်ရိုက်ကူးနိုင်ရန် CCTV ထံတောင်းဆိုရန်အတွက် ဖုန်းခေါ်ဆိုမှု များစွာ လက်ခံရရှိထားသည်။ ထိုလုပ်ငန်းများအားလုံးကို သတ်သလို မဖြစ်သင့်ပေ။ နိုင်ငံတော်ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။
ဌာနမှူးဟု ခေါ်ဆိုသူများနှင့် ဆက်ဆံရေး ကောင်းများရှိခဲ့သည်။ တစ်ချို့မှာ အတန်းဖော်ဟောင်းများ ဖြစ်ပြီး၊ အချို့မှာ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ လက်ထောက် အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။ သူတို့ အားလုံးသည် ဌာနမှူးထက် ရာထူးပိုမြင့်ကြသည်။ ဗဟိုကော်မတီမှ ထိပ်တန်း အရာရှိတစ်ဦး၏ အတွင်းရေးမှူးသည် ပြည်နယ်တစ်ခုအတွက် ပြဿနာ ဖန်တီးခဲ့ခြင်းအတွက် သူ့ကို ပြစ်တင်ရှုတ်ချရန်အထိ တောင်းဆိုထားပေသည်။ ထိုပြည်နယ်မှာ သူရာထူးမတိုးခင် တာဝန်ယူခဲ့ရသော ပြည်နယ် ဖြစ်သည်။ တရုတ်လိပ်ဆီ ကုမ္ပဏီ အခြေစိုက်သည့် ပြည်နယ်လည်း ဖြစ်ပေသည်။
ဖုန်းခေါ်ဆိုမှု (၁)ကြိမ်၊ (၂)ကြိမ် ဆိုပါက ဌာနမှူးလုပ်ပိုင်ခွင့်အောက်မှ ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။ သို့ရာတွင် ဌာနမှူးပေါင်းများစွာ ဖုန်းခေါ်ဆိုလာသည့်အချိန် ရူချင်စိတ်ပေါက်သွားတော့သည်။
“ပြောပါအုံး ငါတို့ အခု ဘာလုပ်သင့်လဲ..”
ဌာနမှူးက ဒုဌာနမှူးကျဲကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ အထက်အရာရှိများမှ လက်သည် တရားခံရှာလျှင် မင်းလဲ ဒုက္ခရောက်ရ ပေလိမ့်မည်။
“ငါ့ အထင်တော့…”
ဒုဌာနမှူးကျဲ စကားပြောတော့မည့် အချိန်တွင် ဌာနမှူး၏ အတွင်းရေးမှူး အခန်းတွင်းသို့ ပြေးဝင်လာပြီး..
“ဌာနမှူး… ဒုဝန်ကြီးချုပ်ကျူး လိုင်းပေါ်မှာ စောင့်နေတယ်..”
ဒုဝန်ကြီးချုပ် ကျူး။ သူလိုလူသည်ပင် ခေါ်ဆိုသည်လော။ ဤပုဂ္ဂိုလ်သည် နိုင်ငံတော် ကောင်စီ ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဝန်ကြီးချုပ် ကျန်းမာရေးပြဿနာကြောင့် ဒုဝန်ကြီးချုပ်ကျူး သည် နိုင်ငံတော် ကောင်စီကို ဦးဆောင်ခဲ့သည်။ ယခု သူခေါ်ဆိုနေပေပြီ။ ဌာနမှူးမှာ လက်ရှိရာထူးဖြင့် အငြိမ်းစား ယူခွင့် မရှိတော့ဟု ထင်မြင်နေမိတော့သည်။
“ကျွန်တော် CCTV ရဲ့ ရှောင်ဟဲ ပါ.. ဘာများ ညွှန်ကြားချင်လို့လဲမသိဘူး. အဲ့သတင်းထောက်နဲ့ အစီအစဉ် တာဝန်ခံကို ရုံးခန်း ခေါ်ခဲ့ရမှာလား… ဟုတ်ကဲ့.. ချက်ချင်း ခေါ်ခဲ့ပါ့မယ်..”
ဌာနမှူးသည် သူ့လက်ပတ်နာရီကို ကြည့်လိုက်မိသည်။ ည(၉)နာရီ ထိုးတော့ပေမည်။ ဤအဖြစ်အပျက်ကို ဒုဝန်ကြီးချုပ်ကျူး သိရှိသွားသည့်ပုံပင်။
“အဘိုးကြီးကျဲ.. ရှောင်စွေ့ကို ခေါ်လိုက်… ဒုဝန်ကြီးချုပ်ကျူး ငါတို့ကို တွေ့ချင်တယ်တဲ့.. အဘိုးကြီးကျဲ.. ငါတို့နှစ်ယောက်စလုံး အသက်လဲ ကြီးနေပြီ.. အတူလက်တွဲလာတာလဲ နှစ်ပေါင်း မနည်းတော့ဘူး.. ပြစ်ဒဏ် ဘာညာ ဆိုရင် ငါတို့နှစ်ယောက်ပဲ ခေါင်းခံမှဖြစ်မယ်.. ရှောင်စွေ့နဲ့ ကျန်တဲ့ ထုတ်လုပ်ရေးအဖွဲ့ကို အပြစ်ပေးတာမျိုး မဖြစ်သင့်ဘူး..”
ဌာနမှူး အလွန်စိတ်ပျက်နေပေသည်။
“ဌာနမှူး.. အားလုံး ငါ့အပြစ်တွေပါကွာ.. မင်းလဲ ပင်စင်သွားဖို့ နီးနေပြီပဲ.. အပြစ်ပေး မခံသင့်တော့ဘူး…”
ဒုဌာနမှူးကျဲ နောင်တ အရိပ်အငွေ့များ ပေါ်နေပေသည်။ ဤအပိုင်း မထုတ်လွှင့်မှီ ဒေသဆိုင်ရာ အာဏာပိုင်များထံ စုံစမ်းစစ်ဆေးရန် အကြောင်းကြားသင့်ပေသည်။
----****----
“ရှောင်စွေ့.. ဒီသတင်းရဲ့ အစိတ်အပိုင်း တစ်ခုခုကို လုပ်ကြံဖန်တီးထားတာမျိုး ရှိသေးလား..”
သံလက်သီး(ဒုဝန်ကြီးချုပ်၏ အမည်ပြောင်)ကျူး မေးလာလေပြီ။
“မရှိပါဘူး.. ကျွန်တော်ကိုယ်တိုင် လူတွေ့မေးမြန်မှုတွေ လုပ်ထားတာပါ.. ဒီသတင်းမှာ အလွဲအမှားရှိရင် ကျွန်တော် တာဝန်ယူပါ့မယ်..”
စွေ့ကျင့်ရီ ပြန်လည်ဖြေကြားလိုက်သည်။
“ငါ မင်းကို အပြစ်မတင်ပါဘူး.. မင်းက သတင်းထောက် တစ်ယောက်အနေနဲ့ အမှန်တရားကို သတင်းလွှင့်သင့်တယ်လေ.. မှန်ရင် မှန်တယ်.. မှားရင် မှားတယ်ပေါ့.. မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး.. ထုတ်လုပ်ရေး အဖွဲ့နဲ့ CCTV က ဘာအမှားမှ လုပ်မထားပါဘူး..”
ဌာနမှူး ခေါင်းငုံ့၍…
“ဆရာ.. ကျုပ်တို့ မှားသွားပါတယ်.. ဒီအစီအစဉ် မထုတ်လွှင့်ခင် ဒီအဖြစ်အပျက်တွေ ကိုင်တွယ်ဖြေရှင်းဖို့ အထက် အကြီးအကဲတွေကို အကြောင်းကြားပြီး သက်ဆိုင်ရာ ပြည်နယ်တွေကို အကြောင်းကြားသင့်ပါတယ်..”
“မဟုတ်ဘူး.. ဒါ သူတို့ကို ဖော်ထုတ်ဖို့ နည်းလမ်း အမှန်ပဲ.. သူတို့ကို ကြိုပြောထားရင် ဖုံးကွယ်ဖို့ နည်းလမ်း ရှာသွားမှာပေါ့.. ဒါအစီအစဉ်ကောင်း တစ်ခုပဲ.. မနက်ဖြန် ထုတ်လုပ်ရေးအဖွဲ့နဲ့ တွေ့ရအောင် CCTV ကို သွားမယ်.. ပြည်နယ် လွှတ်တော်အနေနဲ့ မနက်ဖြန်မှာ ကြေညာချက် ထုတ်မယ်.. ငါ့အတွက် ညနေခင်း သတင်း(၅)မိနစ်စာ ပြင်ပေးထားလိုက်..”
---***---
နောက်တစ်နေ့ နံနက်ပိုင်းတွင် ဌာနမှူးနှင့် ကျန်ဌာနမှူးများ ဖုန်ခေါ်ဆိုမှု များစွာ လက်ခံခဲ့ကြရသည်။ လူအားလုံး သူတို့၏ CCTV အထူးအစီအစဉ် ရိုက်ကူးရေးတွင် ချိတ်ဆက်ပါဝင်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။ သူတို့၏ ပုံရိပ်များ ပြောင်းလဲပြစ်ချင်ကြခြင်းပင်။ တရုတ်အမျိုးသား အားကစားကော်မတီ ဌာနမှူးမှလည်း ဤဖြစ်ရပ်တွင် နည်းပြမာ၏ ပါဝင်ပတ်သက်မှု ဖယ်ရှားပေးရန် တောင်းဆိုလာသည်။ နည်းပြမာသည်လည်း ဤဖြစ်ရပ်တွင် သားကောင် ဖြစ်ခဲ့သည်ဟု ပြောဆိုနေပေသည်။
ညနေပိုင်းတွင် အလုပ်သမားများအားလုံး သတင်းပို့ခါနီးတွင် ဌာနမှူးနှင့် CCTV ၏ အခြားဌာနမှူးများ အပေါက်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် အလုပ်သမားများသည် သံလက်သီးကျူး ဝင်လာသည်ကို တွေ့လိုက်ရတော့သည်။
သံလက်သီးကျူး သည် CCTV ပတ်ပတ်လည်ကို ခေတ္တကြည့်ရှုပြီးနောက် ရုံးခန်းဆီ တည့်တည့် လျှောက်သွားလိုက်သည်။
သံလက်သီးကျူး သည် မေးခွန်းအနည်းငယ် မေးမြန်းပြီး ထုတ်လုပ်ရေး အဖွဲ့ဝင် အချို့၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။ ဌာနမှူးက အဖွဲ့အား အားပေးစကားနှင့် ကျေးဇူးတင်စကား အနည်းငယ် ရေးခိုင်းရန် စီစဉ်ထား သော်လည်း ငြင်းဆိုခဲ့သည်။ ဤသို့ ပြုလုပ်ခြင်းကို မကြိုက်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော့ အလေ့အထတစ်ခု မဟုတ်ဟု ခံစားနေမိသည်။ သို့ရာတွင် အဖွဲ့အား မှတ်ချက် ပေးခဲ့ပေသည်။ ‘လူထု၏ ထင်မြင်ယူဆချက် များကို စောင့်ကြည့်ခြင်း၊ ပြည်သူများ၏ အသံ၊ အစိုးရအတွက် မှန်တစ်ချပ်၊ ပြုပြင် ပြောင်းလဲရေး၏ ရှေ့တန်း စစ်သည်များ ဖြစ်သည်’ ဟုဖြစ်တော့သည်။
ဤ စကားလုံးများသည်ပင် ထုတ်လုပ်ရေးအဖွဲ့အား ၎င်း၏ ကတိသစ္စာနှင့် ထောက်ခံမှုပင် ဖြစ်တော့သည်။ ဤစကားလုံးများ ပြောသည့်အခါ သတင်းထောက်များမှ မှတ်တမ်းတင်ထားခဲ့သည်။ ယင်းကို ညနေခင်း သတင်းတွင် တည်းဖြတ်ထုတ်လွှင့်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သံလက်သီးကျူးသည် ဤဖြစ်ရပ်အပေါ် နိုင်ငံ၏ တုန့်ပြန်မှုကို ထုတ်ဖော်ပြသလိုက်သည်။ အဆိုပါ ကျန်းမာရေး ထုတ်ကုန်အတုများ ထုတ်လုပ်သည့် စက်ရုံများအားလုံး ပိတ်သိမ်းရမည်ဖြစ်ပြီး စားသုံးသူများထံ ပြန်အမ်းပေးမည်ဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များတွင် ပါဝင်ပစ္စည်း လစ်ဟာသော ကုမ္ပဏီများ အပေါ် ဒဏ်ငွေ ကြီးကြီးမားမား ချမှတ်မည် ဖြစ်သည်။ အတုအယောင်များအားလုံးကို ရပ်တန့်ပစ်ရမည်ဖြစ်ပြီး ကုမ္ပဏီများကို တာဝန်ခံစေမည် ဖြစ်သည်။
သံလက်သီးကျူး သည် ကုန်ပစ္စည်းများကို ကြော်ငြာသည့်အခါ စစ်ဆေးခြင်းမပြုသည့်အတွက် CCTV ကို ပြစ်တင် ရှုတ်ချခဲ့သည်။ ကြော်ငြာဝင်ငွေသည် CCTV အတွက် မရှိမဖြစ် လိုအပ်သော်လည်း ၎င်းတို့အနေဖြင့် သတိထားသင့်ပြီး နောက်နောင်တွင် ထပ်မံ မဖြစ်ပွားစေရေး ကာကွယ်ရမည် ဖြစ်သည်။
ညနေပိုင်း သတင်း၌ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်က ကျန်းမာရေး ထုတ်ကုန် လုပ်ငန်းနှင့် ပတ်သက်သည့် ကြေညာချက် ထုတ်ပြန်သည်ကို ပရိသတ်များ မြင်တွေ့လိုက်ရသည်။ အဖြစ်အပျက်များကြောင့် သူစိတ်မကောင်း ဖြစ်နေမိသည်။ ထုတ်ကုန်များကို စစ်ဆေးရမည့် ဌာနများကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။ သက်ဆိုင်ရာ ဌာနများကလည်း ၎င်းတို့၏ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ပြစ်ဒဏ်ချမှတ်ပေမည်။ တစ်ချိန်တည်းတွင် အခြား ပြည်နယ်အစိုးရအားလုံးသည် ၎င်းတို့း၏ ပြည်နယ်များတွင် စစ်ဆေးမှုနှင့် စုံစမ်းမှုများ လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဈေးကွက်တွင် ကျန်းမာရေး ထုတ်ကုန်နှင့် ဆေးဝါးအတု လုံးဝမရှိစေရပေ။ ကျန်းမာရေး ထုတ်ကုန် သို့တည်းမဟုတ် ဆေးဝါးအတုများ တွေ့ရှိပါက ထိုနေရာ၏ ဒေသန္တရ အစိုးရအား အရေးယူခြင်း ခံရမည်ဖြစ်သည်။
သံလက်သီးကျူး ထိုသို့ပြောလိုက်သည့်အခါ သူသည် ဤအဖြစ်အပျက်ကို အဆုံးသတ်ရန် အခိုင်အမာ သန္နိဋ္ဌာန်ချ ထားကြောင်း ဖော်ပြခဲ့သည်။ သူ၏ စကားလုံးများသည် ထိုကဲ့သို့သော အဖြစ်အပျက်များကို ဖုံးကွယ်ရန် ကြိုးစားမည့် ဒေသန္တရ အစိုးရများကို နှစ်ကြိမ်ပြန်စဉ်းစား စေပေလိမ့်မည်။
နောက်ဆုံးတွင် ဗဟိုအစိုးရ၏ တုန့်ပြန်မှု ပေါ်ထွက်လာခဲ့တော့သည်။ ခရိုင်နှင့် မြို့နယ် အစိုးရ အရာရှိများ အားလုံး ဤဖြစ်ရပ်၏ နောက်ဆက်တွဲများအား ရှင်းလင်းရန် အလုပ်များနေချိန်တွင် ဖုန်းယွီမှာ လေချွန်၍ CCTV သို့ ကားမောင်းလာနေပေသည်။ ဌာနမှူးကျဲ ဖုန်းယွီကို ဆက်သွယ်၍ ကြော်ငြာ အကွက်များအတွက် ပြန်ပေးခဲ့သည် မဟုတ်ပါလော။
-------*****--------
ဘာသာပြန်သူ . (NTP)