ဒီအကြောင်းကို မင်းသိသွားတဲ့အခါ သိချင်တော့မှာ မဟုတ်ဘူး။
Vol. 165 Ch. 2297
“ စီနီယာ နောက်နေတာလား။ ”
အချိန်အတော်ကြာပြီးနောက် ပိုင်လိရွှမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ ကောင်မလေး ... မင်းသမီးလေးက ဘာပြောတာလဲ ... မင်းပြောတဲ့ စကားအတွက် မင်းတာဝန်ယူရမယ် ဆိုတာသိလား။ ”
လွင့်မျောနေသော ရေခွက်က အော်ငေါက် လိုက်သည်။ နဝမမြောက် သမီတော်မှ ပြန်လိုက် မလာနိုင်သော် မည်သည့်အရာများ ဖြစ်မည်ကို မသိနိုင်တော့ချေ။
“ ဟေး ... မင်းရဲ့လေသံကို သတိထားပါ။ ”
လင်းယွန်က သတိဝင်ပေး၏။ သို့မှသာ လွင့်မျောနေသော ရေခွက်ခမျာ အနည်းငယ် ငေးမောလျက် တိတ်ဆိတ်သွားပြီး၊
“ တောင်းပန်ပါတယ်၊ ဒါပေမယ့် ယုံရခက်နေတယ်။ ”
-ဟု ဖြေရှင်းချက် ပေးလာသည်။
လင်းယွန်က ကာကွယ်ပေးနေသည်ကို မြင်ချိန်၌ ခရမ်းငယ် တစ်ယောက် ပျော်ရွှင်သွား လေသည်။
“ ငါ ကလေးမလေး မဟုတ်တော့ဘူး၊ ယောက်ျားတွေ ငါ့စကားကြောင့် စိတ်လှုပ်ရှား ကြတာ သဘာဝကျပါတယ်။ ”
ဂုဏ်ယူဝင့်ကြွားနေသော ခရမ်းငယ် အသွင်ကြောင့် လင်းယွန်ခမျာ နှုတ်ခမ်းစွန်း တွန့်ခေါက် သွားလေသည်။
“ မင်းက ... လွင့်မျောနေသော ရေခွက် မဟုတ်လား။ ”
“ ဟုတ်ပါတယ်။ ”
“ ဒီမှာ ... နဝမမြောက် မင်းသမီးရဲ့ သင်္ကေတပဲ ... ဒါကိုမြင်ရတာ သူ့ကိုမြင်တာနဲ့ အတူတူပဲလို့ ပြောပါတယ် ... ကောင်းပြီ မင်းက သွေးတပ်ရင်းကို ဦးဆောင်ပြီး ... အဖြူနဲ့ အတူတူ အလုပ်လုပ်ပါ။ ”
ခရမ်းငယ်က တံဆိပ် တစ်ခု ပစ်ပေး လိုက်သည်။ လွင့်မျောနေသော ရေခွက်က ဖမ်းကာ မျက်နှာ ပြောင်းသွား၏။
“ ဒါ ... သွေးတံဆိပ်ပဲ။ ”
ပိုင်လိရွှမ်က ရှုပ်ထွေးသော အကြည့်ဖြင့် လင်းယွန်ထံ လှည့်ကြည့်ပြီး ‘သူ့ကြောင့်လား’ -ဟု မေးလိုက်မိသည်။
“ နင် ... ဘယ်လိုထင်လို့လဲ။ ”
ခရမ်းငယ်က မေး၏။
“ ဒါက အံ့သြစရာပဲ… ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ အံ့သြစရာတွေ မရှိတော့ပါဘူး။ ”
လွင့်မျောနေသော ရေခွက်က သက်ပြင်းချလျက် ရှုပ်ထွေးသော ဝါကျကို ရေရွတ်ကာ ခေါင်းညိမ့်လိုက်သည်။
“ စကား ပြောရအောင်။”
လင်းယွန်က လွင့်မျောနေသော ရေခွက်နှင့်အတူ လမ်းလျှောက်လာ ခဲ့တော့၏။ နှစ်ယောက်သား ခပ်လှမ်းလှမ်း ရောက်ချိန်၌ လွင့်မျောနေသော ရေခွက်က အံကြိတ်ပြီး၊
“ ပြောပါ ... မဟာချင် အင်ပါယာမှာလိုပဲ ... ငါလက်ခံနိုင်ပါတယ်။ ”
-ဟု စကားစလိုက်သည်။
သို့သော် လင်းယွန်ထံမှ စကားများ ထွက်မလာခင် ခံစားချက်များ တည်ငြိမ်စေရန် ဝိုင်ပုလင်းကို ထုတ်ယူသောက် ချလိုက်၏။
“ ကောင်းပြီ ... ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းအောက်က နတ်ပိုးစာပင်ရှေ့မှာ ငါတို့ လက်ထပ်လိုက်ပြီ။ ”
“ ဖွီး ... ။ ”
လွင့်မျောနေသော ရေခွက်က ဝိုင်များ ထွေးထုတ် လိုက်မိသည်။ ပြုံးပြချင် သော်လည်း မပြုံးနိုင်တော့ချေ။ နောက်ဆုံးတွင် ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ၊
“ လူယုတ်မာ ... မင်း ဘယ်နှစ်ခါရှိပြီလဲ ... မင်းအမြဲတမ်း ငါ့ကို ... ဒီလိုအကြောင်းတွေပဲ ပြောပြစရာ ရှိတာလား။ ”
-ဟု ကျိန်ဆဲတော့၏။ ပြင်ဆင်ထားသော်မှ သူ နာကျင်ရသေးသည်။
လင်းယွန်က ပြန်မဖြေသေးဘဲ လွင့်မျောနေသော ရေခွက်၏ ခံစားချက်များ ငြိမ်သက်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။
လွင့်မျောနေသော ရေခွက်သည် ဆုစီယာ အပေါ် ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်ချေ၏။ ဆုစီယာကို သူ့ထက်ပင် စောတွေ့ခဲ့သည်။
သို့သော် လွင့်မျောနေသော ရေခွက်သည် သူမနှင့် မဖြစ်နိုင်သဖြင့် ဆုစီယာက အိမ်မက် မပေးချေ။
လွင့်မျောနေသော ရေခွက်သည်လည်း ထိုအရာကို သိသည်။ အနား၌နေပြီး သူမအပေါ် ကာကွယ်နိုင်သော် လုံလောက်ပြီဟု ယူဆခဲ့၏။
“ ငါ မင်းကို ... ဝိုင်တစ်ပုလင်း ပေးပါ့မယ် ... အကြွေးမှတ်ထား ... ။ ”
လင်းယွန်က ပြောသည် ။
“ အိပ်မက် ... မက်မနေနဲ့။ ”
လွင့်မျောနေသော ရေခွက်က လင်းယွန်ထံ ဒေါသတကြီး စိုက်ကြည့်ကာ၊
“ ပုလင်းတစ်လုံးနဲ့ လုံလောက်မယ် ထင်နေတာလား မရဘူး အနည်းဆုံး (၁၀)လုံး၊ အလုံးတိုင်း ထောင်စုနှစ် မီးလျှံနဲ့ တူညီတဲ့ အဆင့်မှာ ရှိနေရမယ်၊ မဟုတ်ရင် ငါဒါကို အသိအမှတ် မပြုနိုင်ဘူး။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က ပြုံးကာ ကတိ ပေးလိုက်၏။ သူတို့ကြား၌ မည်သည့် ရန်ငြိုးမှ မရှိတော့ချေ။ လွင့်မျောနေသော ရေခွက်သည် ဤနေ့အပေါ် ပြင်ဆင်ထားပုံရသည်။
ထို့နောက် လွင်မျောနေသော ရေခွက်က ဤနှစ်များအတွင်း သွေးတပ်ရင်း၌ တွေ့ကြုံခဲ့ရ သည့် အရာများကို ပြန်လည် မျှဝေလာ၏။
သွေးတပ်ရင်း တစ်ခုလုံးသည် ဆုစီယာကို အပေါ် သစ္စာရှိသည်။ သူမ၏ မူဝါဒသည် တစ်စုံ တစ်ယောက်ကို မကြည့်ဘဲ အရည်အချင်းပေါ် မူတည်ကာ ပံ့ပိုးမှုများ ပေးခဲ့သည်။
ထို့ကြောင့် အင်ပါယာတွင် သွေးတပ်ရင်း ဟူသည် ဆူးပင် ဖြစ်လာ၏။ အင်ပါယာ၌ သူမ အပြင် အခြားသော ကျွမ်းကျင်သူများ ရှိသည်။
သူမသည်သာ ပြန်လိုက် မလာသော် ထိုလူများ လှုပ်ရှားလာကြမည်မှာ သေချာသည်။ ဤသည်မှာ သူတို့အတွက် အခွင့်အရေးပေပင်။
အမိန့်ကို ရှောင်လွှဲခြင်းသည် သူတို့ကို အကျိုးရှိပေမည်။ နောက်ဆုံးတွင် သွေးတပ်ရင်း ဟူသည် မြင့်မြတ်မြေများကိုပင် တိုက်ထုတ် နိုင်သော အင်အားစု ဖြစ်၏။
“ဆုစီယာက သွေးတပ်ရင်းကို တန်ဖိုးထားတယ် ... ဂရုစိုက်ပေးပါ။ ”
“ နဝမမြောက် သမီးတော်က ငါ့ကို ယုံကြည်နေမှတော့ စိတ်မပူနဲ့ စောင့်ရှောက် ထားပေးမယ် ... ဘယ်သူမှ မထိစေရဘူးလို့ ငါ အာမခံတယ်။ ”
လွင့်မျောနေသော ရေခွက်က အာမခံချက် ပေးလာသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် နှုတ်ဆက် လမ်းခွဲလိုက်ကြ၏။
ပိုင်လိရွှမ်က ခံစားချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လင်းယွန် နောက်ကျောထံ ငေးကြည့်နေမိသည်။
( လင်းယွန် ... မင်းကို ငါမီအောင်လိုက်မယ်။ )
( မင်းငါ့ကို လိုက်လို့ မမီပါဘူး။ )
ပယင်းနယ်မြေတွင် လင်းယွန်နှင့် သူပြောခဲ့သည့် စကားများဖြစ်၏။ ဤနှစ်များ တစ်လျှောက် အသက်နှင့် သေခြင်းကို အကြိမ်ကြိမ် ဖြစ်ကျော်ခဲ့သည်။
သို့သော် သူနှင့် လင်းယွန်ကြား အကွာအဝေးသည် ပို၍ တိုးလာနေလိမ့်မည်ဟု မမျှော်လင့် ထားမိချေ။
“ လွင့်မျောနေသော ရေခွက် ... သူက ဓားသူတော်စင် တစ်ပါး ဖြစ်နေပြီ ... မင်းဒါကို တွေးကြည့်ဖူးလား။ ”
ပိုင်လိရွှမ်က သည်းမခံနိုင်တော့ဘဲ လွင့်မျောနေသော ရေခွက်ထံ မေးလိုက်သည်။
“ ကျား-နဂါး လက်သီးကို ... ငါ သင်ပေးခဲ့ဖူးတဲ့ ... ကောင်းကင် ဓားနန်းတော်ရဲ့ တပည့်တစ်ယောက်က ဒီလောက်အထိ ရောက်လာလိမ့်မယ်လို့ ... ငါလည်း မမျှော်လင့်ထားမိဘူး ...
... သူ့ကို နတ်နဂါး အင်ပါယာက ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်ရင် ... ဒုတိယအဆင့် အဖြစ်ပဲ သတ်မှတ်ထားတာ၊ ...
... အခုတော့ ... သူတော်စင် သခင် ဖြစ်လာပြီး နတ်အလင်းဓားနဲ့ အုပ်စိုးရှင် နက္ခတ် ပိုင်ဆိုင်ခဲ့တယ်၊ မယုံနိုင်စရာ ပါပဲ။ ”
လွင့်မျောနေသော ရေခွက်က သက်ပြင်းချကာ ပြန်ဖြေသည်။ ပိုင်လိရွှမ်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး၊
“ ဓားဧကရာဇ် မျိုးရိုးက ... သူ့အကြောင်း သိသွားတဲ့အခါ ဘယ်လိုဖြစ်သွားမယ် ထင်လဲ။ ”
-ဟု မေးလိုက်သည်။
“ စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ် ... သူတို့တွေက ဓားနဲ့ပတ်သတ်ရင် ပြိုင်ဘက်ကင်း အဖြစ် ဂုဏ်ယူချင်ကြတယ်။ ”
“ ဒါနဲ့ ... မင်းတို့ ဘာအကြောင်းတွေ ပြောခဲ့ကြတာလဲ။ ”
ထိုမေးခွန်းကြောင့် လွင့်မေျာနေသော ရေခွက်က မျက်နှာပြောင်းသွားပြီး ပိုင်လိရွှမ် ပခုံးကို ပုတ်လျက်၊
“ ငါပြောတာရုံပါ ... ဒီအကြောင်းကို မင်းသိတဲ့အခါ သိချင်တော့မှာ မဟုတ်ဘူး။ ”
-ဟု ငြင်းဆန် လိုက်လေသည်။
“ ကျင့်ကြံမှုအပေါ်ပဲ အာရုံစိုက် ... မင်းရဲ့ အကျိုးဆောင်မှုကြောင့် သွေးသန့်စင်ခြင်းခန်းမ ထဲမှာ အချိန်အကြာကြီး နေခွင့်ရမယ်။ ”
ထိုအရပ်သည် အချိန်-အာကာသ ရတနာ တစ်ခု ဖြစ်သည်။ တစ်နှစ်သည် ပြင်ပ ကမ္ဘာ၏ တစ်လနှင့် ညီမျှ၏။
လင်းယွန်က ဓားသေတ္တာကို ထမ်းပိုးလျက် လမ်းတွင် ယဲ့ကူဟန်နှင့် ဆုံသည်။ သူက၊
“ အစ်ကိုကြီး ... မင်း နောက်ဆုံးတော့ မိုးကောင်းကင် မဟာ သူတော်စင်နဲ့ ... စကား ပြောပြီးပြီလား။ ”
-ဟု မေးလိုက်မိသည်။
“ ငါတို့ကြားမှာ ... ဘာများ ပြောစရာ ရှိနေလို့လဲ၊ သူက ငါ့ကို ပြောပြဖို့ ဆန္ဒ မရှိဘူး၊ ကောင်းကင် (၃၆)လွှာနဲ့ ...
... မြေကမ္ဘာ (၇၂)လုံးရဲ့ ဇာစ်မြစ်ကို ငါမသိဘူး ထင်ပြီး၊ ဧကရာဇ် မျိုးနွယ်စု ရှစ်ခုက ထိန်းချုပ်ထားတယ်လို့ ပြောခဲ့တယ်။ ”
ယဲ့ကူဟန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီး၊
“ အဲဒီစီနီယာ ဘယ်မှာလဲ ... ။ ”
-ဟု မြန်မေးလာသည်။
“ သူက စီနီယာ မဟုတ်ဘူး၊ ... သူ့ကို ကောင်းကင် တာအိုဂိုဏ်းမှာ ... အစ်ကိုကြီး ဆုံဖူးပါတယ်။ ”
“ အိုး ... နေဦး ငါသိပြီ ... ။ ”
“ ဟုတ်တယ် သူပဲ၊ ဒါနဲ့ အစ်ကိုကြီး ကောင်းကင်ဘုံ (၃၆)လွှာနဲ့ ကမ္ဘာမြေ (၇၂)လုံး ဆိုတာက ဘာလဲ၊ ဒီအကြောင်း မိုးကောင်းကင် မဟာသူတော်စင် ဘာပြောလဲ။ ”
လင်းယွန်က စိတ်ဝင်စား သွားသည်။
“ နတ်ဖီးနစ်တောင်က သူတော်စင် ဘုရင်နှစ်ပါးက ဒီအကြောင်း တစ်ခုခု သိနေပုံ ရတယ်၊ ဒါပေမယ့် မိုးကောင်းကင် မဟာ သူတော်စင်က မျှဝေဖို့ ဆန္ဒမရှိခဲ့ဘူး။ ”
“ ဒါဆို ကောင်းကင်ဘုံ (၃၆)လွှာနဲ့ ကမ္ဘာမြေ(၇၂)ခုက ထူးခြားတယ်လို့ ဆိုလိုချင် တာလား။ ”
“ ဒါတော့ သေချာတယ် ... ငါတို့ဆရာက ကျန့်မျိုးနွယ်စုကဆိုတာ မမေ့နဲ့ ... ဆိုလိုတာက ကမ္ဘာမြေ(၇၂)လုံး ဆိုတာ ...
.... ဧကရာဇ်မျိုးနွယ်စု ရှစ်ပါးလက်မှာ မရှိပါဘူး ... ရှိနေရင် ဆရာက ငါ့ကို ပြောပြခဲ့မှာ သေချာတယ်။ ”
ယဲ့ကူဟန်က ယုံကြည်မှုအပြည့်ဖြင့် ပြောကြားလာသည်။ သူကပင် ဆက်လက်ပြီး၊
“ အဲဒီ ကောင်မလေးနဲ့ တွေ့ရင် မေးကြည့်ရအောင် ... ဒီလိုဘွဲ့မျိုး ဘယ်သူမှ ပေါ့ပေါ့တန်တန် မပေးဝံ့ဘူး ... သူမရဲ့ မူလက ရှုပ်ထွေးရမယ် ... ။ ”
“ ဟုတ်ကဲ့ ... မေးလိုက်ပါ့မယ်။ ”
ဤသည်မှာ ခရမ်းငယ် တစ်ယောက် ကြွားဝါခြင်းမျှသာ ယူဆထားသဖြင့် လင်းယွန် တစ်ယောက် တွေဝေသွားသည်။
ထို့နောက် ခေါင်းစဉ်ပြောင်းကာ နတ်ဖီးနစ် တောင်သို့ သွားရသည့် ရည်ရွယ်ချက်ကို ပြန်၍ ပြောပြလိုက်မိသည်။
***