ကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိနေပြီ ... ဒါပေမယ့် ငါကတော့ ပိတ်မိနေတုန်းပဲ ... ။
Vol. 165 Ch. 2299
ကျွားချင်းယန်နှင့် ချင်းကန်က ကြားလိုက်ရသော အချက်အလက် များကြောင့် အလွန် လေးနက်လာသည်။
ထို့နောက် တောင်ကြားဝတွင် ရပ်ပြီး ဆရာသခင်၏ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေမိ ကြသည်။
“ ပန်းသင်္ချိုင်းက ... ဓားသူတော်စင် ဖြစ်သွားတာလား သက်တံဓား သူတော်စင်က တပည့်ကောင်း တစ်ဦး ခေါ်နိုင်ခဲ့ပုံရတယ်။ ”
ကျွားချင်းယန်က သက်ပြင်းချ လိုက်လေသည်။ သူသည် သူတော်စင် ဘုရင် ဖြစ်သော်လည်း သက်တံဓား တပည့်များနှင့် နှိုင်းယှဉ်ပါက ချို့တဲ့နေသေး၏။
လင်းယွန်တစ်ယောက် ဓားသူတော်စင် ဖြစ်ခြင်းထက် ယဲ့ကူဟန် မဟာ သူတော်စင် ဖြစ်ခြင်းကို ပို၍ စိုးရိမ်သည်။
ထိုလူသည် အာကာသ တာအိုပင် ဆုပ်ကိုင်ထား၏။ ဆရာသခင်သည် သန်မာ သော်လည်း တပည့်ချင်း ယှဉ်သော် အားနည်းနေသည်။
ဤအကြောင်းအရာကို ဆရာမှ အပြစ်တင်ခြင်း မရှိသော်လည်း သူတို့ နှစ်ဦးမှ ကောင်းစွာ သိထားသည်။
သူတော်စင် ဖြစ်လာသော ကျန့်ကျင်းရှန်သည် အမည်ခံ သူတော်စင် နယ်ပယ် အထက် ရှားပါးသော ကောင်းကင် ဘုရင် နယ်ပယ်ကို ရောက်ရှိခဲ့သည်။
လက်ရှိအချိန်၌ ကျွားချင်းယန်သည် သူတော်စင် ဘုရင်နယ်ပယ်၌ ရှိနေသဖြင့် ၎င်းကို ဖိနှိမ်နိုင်သော်လည်း မကြာခင် ဖြတ်ကျော် သွားမည်မှန်း နားလည်ထားသည်။
၎င်း၏ အလားအလာသည် ယဲ့ကူဟန် ထက်ပင် ပိုကြောက်စရာ ကောင်း၏။ စဉ်းစား ကြည့်ရုံဖြင့် သူ့ကို ခေါင်းကိုက်စေသည် ။
ချင်ကန် သည်လည်း မျက်နှာ ပြောင်းသွားသည်။ သူ့ဆရာမှ ဓားကို စွန့်ပြီး ဝါးမျိုခြင်းတာအို အပေါ် အာရုံစိုက်ရန် ပြောကြားခဲ့သည်မှာ ကံကောင်းပေ၏။
သို့သော် ဤသည်မှာ သူ့ကိုယ်သူ နှစ်သိမ့်ခြင်း မည်သည်။
“ ဝင်လာခဲ့ ... ။ ”
နှစ်ယောက်သား တိတ်ဆိတ်နေစဉ် တျန်ရွှမ်ဇီအသံ ထွက်ပေါ်လာသည်။ ချိုင့်ဝှမ်းထဲ ဝင်ရောက် ပြီးနောက် စစ်တုရင်ခုံ ရှေ့၌ ထိုင်နေသော လူရွယ် တစ်ယောက်ကို မြင်လိုက်ရသည်။
၎င်းက တစ်စုံတစ်ယောက်နှင့် စစ်တုရင် ကစားနေ၏။ စစ်တုရင် အရုပ်ကို ချလိုက်သည့် အချိန်တိုင်း ဖြူသွယ်သော လက်တစ်ဖက် ပေါ်လာသည်။
ကျွားချင်းယန်နှင့် ချင်းကန်တို့က ၎င်းကိုမြင်ပြီးနောက် ရပ်တန့် စောင့်ဆိုင်းနေခဲ့ ကြသည်။
“ မင်း အရမ်း တိုးတက်လာတယ် ... သိပ်မကြာခင် ငါ့ကို အနိုင်ယူနိုင်လာလိမ့်မယ်။ ”
တျန်ရွှမ်ဇီက အပြုံးဖြင့် ပြန်ပြောရန် ပြင်လိုက်သောအခါ ထိုအသံရှင်က ထွက်သွား ဟန်ဖြင့် လှိုင်းလုံးများ ပျံ့ကားသွား၏။
ဤမြင်ကွင်းက ချင်းကန်တို့ အတွက် မစိမ်းချေ။ တျန်ရွှမ်ဇီက ပြုံးပြီး သူ့တပည့် နှစ်ယောက်ထံ လှည့်ကြည့်၏။
၎င်း၏ ချောမော အပြစ်ကင်းသော အသွင်အပြင်သည် မည်သည့် ပန်းပွင့်ကို မဆို ယုတ်ညံ့သွားစေသည်။
အာကာပြင် ကွဲပြားနေသည့် အလား သူ့ဝန်းကျင်နှင့် သူ့အသွင်သည် ပန်းချီကား တစ်ချပ်ကဲ့သို့ ထင်မှားရ၏။
အမြီးကိုးချောင်း မြေခွေးက ချင်းကန်ထံ ခုန်ဝင်လာသည်။ ၎င်းသည် ရက်စက်မှုသည်ဟု လူ သိများသော ရှေးဦးသားရဲ ဖြစ်၏။
“ ဝှစ် ... ။ ”
တျန်ရွှမ်ဇီနှင့် ချင်းကန်သည်သာ သူ့အနားကပ်နိုင်သည်။ ချင်းကန်က လက်ကို ဆန့်ကာ စီးကြို ပွေ့ဖက်လျက် ပြင်ဆင် ထားသည့် အသီးအနှံကို ထုတ်ပေး၏။
“ မင်းက ချစ်စရာ ကောင်းတယ်။ ”
ချင်းကန်က ပြုံးသည်။
“ မင်းတို့မှာ ဘာပြောစရာ ရှိလဲ။ ”
တျန်ရွှမ်ဇီက ချင်းကန်နှင့် ကြောက်ဖက်တီးထံ ပြုံးလျက် ကြည့်နေရာမှ မေးလိုက်သည်။
“ ဆရာ ... လင်းယွန်က ဓားသူတော်စင် ဖြစ်သွားပြီ။ ”
ကျွားချင်းယန်မှ စိုးရိမ်တကြီးပြော၏။
“ အဲဒါက ဘာများ အံ့သြစရာ ရှိလို့လဲ ... သူက သက်တံဓားရဲ့ အရည်အချင်း အရှိဆုံး တပည့်ပါ။ ”
“ ဒါပေမယ့် ...ကိစ္စကြီး တစ်ခုတော့ ဖြစ်ပွားလာတယ် ဆရာ ... အခုဆို အရှေ့ဘက် ပျက်စီးမြေရဲ့ အင်အားစုတွေက ... အမိန့်ကို မလိုက်နာ ကြတော့ဘူး၊ အထူးသဖြင့် ...
... နတ်ဘုရား သင်္ချိုင်းတောင်တန်းကို သွားခဲ့ကြတဲ့ အင်အားစုတွေက ... လင်းယွန်နဲ့ အတူ ရပ်တည်ကုန်ကြပြီ၊ သူတို့မှာ ...
... ဧကရာဇ် အဆင့် ကျွမ်းကျင်သူတွေ မရှိပေမယ့် ... မဟာ သူတော်စင်နဲ့ သူတော်စင် ဘုရင်တွေ အများအပြားရှိတယ်၊ သူတို့သာ အတူတကွ ပူးပေါင်းမယ်ဆိုရင် ထည့်သွင်း စဉ်းစားရမယ့် အင်အားစုပဲ။ ”
ကျွားချင်းယန် စကားကြောင့် တျန်ရွှမ်ဇီက၊
“ ဒါက ပြဿနာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ လင်းယွန်က နတ်ဖီးနစ်တောင်ကို လိုက်သွားတယ် သူသာ ဆွဲဆောင်နိုင်ရင် သက်ရောက်မှု ရှိလာနိုင်မယ်။ ”
“ အလျင်လို နေစရာ မလိုပါဘူး... နတ်ဖီးနစ်တောင်က ဒီကောင်လေး အတွက်နဲ့ ပြောင်းလဲမှာ မဟုတ်ဘူး၊ လက်ဆောင်တွေ ပြင်ထားလိုက် နတ်တာအို ခန်းမကို သွားမယ်။ ”
တျန်ရွှမ်ဇီ စကားကြောင့် ကျွားချင်ယန် တစ်ယောက် အံ့ဩသွားလေသည်။
“ ဆရာ နတ်ဖီးနစ်တောင်ကို သွားရမှာ မဟုတ်ဘူးလား။ ”
“ လင်းယွန်တောင်မှ ဆွဲဆောင်ဖို့ မသေချာတာ မင်းက ဘာသွား လုပ်မလို့လဲ ... ဒါပေမယ့် နတ်တာအို ခန်းမကတော့ ... နည်းနည်းလေး နှိမ်နှင်းဖို့ လိုနေပြီ ...
... ယဲ့ကူဟန် အတွက်ရော ဘာသတင်း ရှိသေးလဲ သူ့ညီက ဓားသူတော်စင် ဖြစ်သွားလို့ လှုပ်လှုပ်ရှားရှား ဖြစ်သင့်တယ် မဟုတ်လား။ ”
“ သူက မဟာ သူတော်စင် တစ်ပါး ဖြစ်လာပြီး အာကာသ တာအိုကို နားလည် သွားပါပြီ။ ”
ကျွားချင်းယန်မှ ပြန်ဖြေသည်။
တျန်ရွှမ်ဇီက ပြုံးပြပြီး စစ်တုရင်ခုံ အရုပ်များကို ချကာ၊
“ ဒါကြောင့်လည်း မင်းက ငါ့အသက်ကို ယူနိုင်တယ်လို့ ခံစားရတာ အံ့ဩစရာတော့ မရှိ ပါဘူး၊ ကျွားချင်းယန် ငါနဲ့လိုက်ခဲ့ တောင်နက် ဂိုဏ်းကို ခရီးထွက်ရအောင်။ ”
“ နားလည်ပါပြီ။ ”
ကျွားချင်းယန်က ဆရာသခင်သည် အစီအစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း နားလည် လိုက်သဖြင့် စိတ်လှုပ်ရှားလာ၏။
“ ကျွန်တော် ကရော ... ။ ”
ချင်းကန်က သူ့ကို မေ့လျော့ နေသဖြင့် မေးလိုက်သည်။ တျန်ရွှမ်ဇီက တောင်ကြားထံ ဝေ့ကြည့်ကာ၊
“ ဒီမှာ လူ မရှိဘူး ... ဒါကြောင့် အမြီးကိုးချောင်း မြေခွေးနဲ့ မင်းနေခဲ့ပါ။ ”
-ဟု ပြန်ဖြေ၏။
သည့်နောက် ကျွားချင်းယန် ပခုံးပေါ် လက်တင်လျက် ရုတ်ချည်း ပျောက်ကွယ်သွား လေသည်။
ဤသည်မှာ အာကာသ တာအို ဖြစ်ချေပြီ။ ချင်းကန်က ထိတ်လန့် သွားမိသည်။ ထို့နောက် သက်ပြင်းချကာ စစ်တုရင်ခုံထံ လှည့်ကြည့် လိုက်၏။
ရင်ခွင်ထဲမှ အမြီးကိုးချောင်း မြေခွေးကို ဘေးချကာ ခုံတွင် ဝင်ထိုင်လျက် စူးစမ်းစိတ်ဖြင့် စစ်တုရင် အရုပ်တစ်ရုပ်ကို ထိလိုက်မိသည်။
“ ဝေါ့ ... ။ ”
သွေးတစ်လုတ် အန်လျက် ဒူးတစ်ဖက် ထောက်ကျ သွား၏။ ဆရာသခင် တစ်ယောက် မည်သူနှင့် ကစားနေသည်ကို တွေးတောလျက် ကြောက်ရွံ့စွာ မော့ကြည့်မိသည်။
“ ဟမ့် ... ဒီစစ်တုရင်ခုံကို ထိဖို့ ... မင်းမှာ အရည်အချင်း ပြည့်မီတယ်လို့ ... မင်းကိုယ်မင်း ထင်နေလား။ ”
ရုတ်တရက် လေဟာနယ်အတွင်း ဟောက်သံ ထွက်ပေါ်လာသည်။
“ အိုး ... မင်းက သူ့တပည့်ပဲ ... ကောင်းပြီ ငါနဲ့ လာကစားပါ။ ”
သို့မှသာ ချင်းကန်တစ်ယောက် ပို၍ တုန်လှုပ်သွားရသည်။ နတ်ဘုရား တစ်ပါးက စကားပြောလာ သကဲ့သို့ ခံစားမိ၏။
အစွမ်းထက်သော ရောင်ဝါကို ပေးဆောင်နေသည့် ရွှေမျက်ဝန်းတစ်စုံက လေဟာနယ် အတွင်း မှုန်ဝါးဝါး ထွက်ပေါ်လာသည်။
***
လျှပ်စီး တိမ်လွှာဓားဂိုဏ်းတွင် နှင်းတောင်ထိပ် ပေါ်သို့ ဖုန်းကျွယ်တစ်ယောက် ပြေးတက်လာသည်။
“ ကျန့်ကျင်းရှန် ... ငါတို့ညီလေး ဓားသူတော်စင် ဖြစ်သွားပြီ ဟား ဟား ဟား ... ။ ”
သူ့အသံက တောင်ကြောတဝိုက် ပဲ့တင်ထပ်ကာ နှင်းခဲအလွှာများ ကြွေကျကုန် တော့၏။
ကျန့်ကျင်းရှန်က တရားထိုင် နေရာမှ မျက်လုံးဖွင့်သည်။ သူ့နောက်၌ ဓားပုံရိပ်ကြီး ထွက်ပေါ်နေသည်။ ယင်းက ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ပေးစွမ်း၏။
“ ဓားသူတော်စင်လား ... နောက်ဆုံးတော့ သူငါ့ကို ကျော်တက်သွားပြီ။ ”
“ မင်းက နှိမ့်ချနေတယ် ... မင်းရဲ့ နတ်အလင်းဓား ကလည်း ခိုင်မာခါ နီးနေပါပြီ၊ ပြီးတော့ အောင်မြင်မှုတစ်ခု ရတာနဲ့ ... မဟာ သူတော်စင် ဖြစ်လာတော့မှာ မဟုတ်လား။ ”
“ အောင်မြင်မှုလား၊ ဒါက ဒီလောက် လွယ်လား။ ”
ကျန့်ကျင်းရှန်က သက်ပြင်းချ လိုက်၏။ သူသည် ဤဂိုဏ်းမှ ခြေတစ်လှမ်းမျှ မထွက်နိုင် သေးဘဲ ဆယ်စုနှစ် နှစ်ခုကြာ ပိတ်မိခဲ့သည်။
နဂါးသွေးလွှတ်ကြောများပင် ကောင်းကင်ဘုရင် ဖြစ်လာသည်အထိ စုဆောင်း မိခဲ့၏။ ယခု ဖုန်းကျွယ်မြင်ရသော ဓားသည် သူ့နှလုံးသားထဲ သိမ်းထားသော ဓား၏ အရိပ် ဖြစ်သည်။ ဓားအစစ်မှာ ပို၍ ကြောက်စရာ ကောင်း၏။
“ မင်းလည်း ... ကြိုးစား အားထုတ် သင့်တယ် ... သူတော်စင် ဖြစ်ချိန်တန် နေပြီ မင်းက ငါတို့အားလုံးထက် ပိုမြန်နိုင်တဲ့ လူ တစ်ယောက်လို့ ဆရာပြောခဲ့တယ်၊ ...
... အခု ငါတို့ အားလုံး သူတော်စင် ဖြစ်လာကြပြီ ဒါပေမယ့် မင်းက သူတော်စင် ဖြစ်မလာသေးဘူး။ ”
သူ့စကားကြောင့် ဖုန်းကျွယ်က ကူကယ်ရာမဲ့လာပြီး၊
“ ကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိနေပြီ ဆိုတာ ငါသိတယ်၊ တခြားလူတွေက သူတော်စင် နယ်ပယ်ကို လွယ်လွယ် ရောက်နိုင်ပေမယ့် ... အခုထိ ငါမပါသေးဘူး ပိတ်မိနေတုန်းပဲ။ ”
-ဟု ပြန်ဖြေလေသည်။
ဖုန်းကျွယ်၏ ပြဿနာကို သိထားသော ကျန့်ကျင်းရှန်က ဆက်မပြောချေ။ ဖုန်းကျွယ် ရရှိသော အမွေသည် သူတို့ညီအစ်ကို ကြား၌ အထူးခြားဆုံး ဖြစ်သည်။
ပြိုင်ဘက်ကင်း ဓားအစီရင် တစ်ခုကို ခန္ဓာကိုယ်ဖြင့် ထွင်းထုရခြင်း ဖြစ်၏။ အတွင်း အင်္ဂါများသည် ဓားအစီရင်၏ ဆုံမှတ်များ ဖြစ်ချေပြီ။
ဤပညာရပ်သည် ဖုန်းကျွယ်နှင့်သာ အသင့်လျော်ဆုံး ဖြစ်၏။ သို့သော် ဤအစီရင်ကို နားလည်ရန် သူ့ကိုယ်သူသာ အားကိုးရပေမည်။
အကယ်၍သာ တစ်စုံ တစ်ယောက်မှ ကူညီရှင်း ဖြေရှင်းလိုက်သော် သေရမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် လင်းယွန် ဓားသူတော်စင် ဖြစ်သွားသည့် သတင်းသည် အကြွင်းမဲ့ ကောင်းကင်မြို့တော်ထံ ရောက်ရှိ သွားသည်။
“ အသက် (၂၇)နှစ်အရွယ်နဲ့ ... ဓားသူတော်စင် တစ်ယောက်လား ... ဒါက နည်းနည်းတော့ မယုံနိုင်စရာ ပါပဲ။”
“ သူဟာ သက်တံဓားရဲ့ အမွေခံ တပည့်၊ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ပီသပါ ပေတယ်။ ”
အကြွင်းမဲ့ ကောင်းကင်မြို့တော်သည် ဓားရေး အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ဤသတင်းက တုန်လှုပ်စေ၏။
“ ဝှစ် ... ။ ”
နတ်နဂါး အင်ပါယာ မြို့တော် တစ်နေရာတွင် မိန်ဇီဟွာက ဇရပ်တစ်ဆောင်သို့ အပြေးအလွှား တက်ရောက်လိုက်ပြီး၊
“ ဝူယု ... မင်းရဲ့ အစ်ကိုကြီး ဓားသူတော်စင် ဖြစ်သွားပြီ။ ”
-ဟု ဝမ်းသာအားရ သတင်းပါးလိုက်၏။
ဤသည်မှာ ဓားနန်းတော်၌ မီးငှက် နတ်သွေး တစ်စက်ကို လာရောက် ယူငင်ခဲ့သော လူငယ် လီဝူယု ဖြစ်လေသည်။
***