နတ်ဖီးနစ်တောင်၏ လျှို့ဝှက်ချက်။
Vol. 165 Ch. 2301
သုံးရက် ကုန်လွန်ပြီးနောက် လင်းယွန်နှင့် အဖွဲ့မှာ နတ်ဖီးနစ်တောင်သို့ ရောက်ရှိ လာ၏။ ဝိညာဉ် စွမ်းအင်များ လွှမ်းခြုံထားသော တောင်ခြေ၌ မြို့တစ်မြို့ ရှိသည်။
ဤသည်မှာ နတ်ဖီးတောင်၏ ပြင်ပဒေသ ပေပင်။ ၎င်းအရပ်၌ ကိုယ်ခံ ပညာများ မျှဝေပေး သည်။ ပြင်ပဂိုဏ်းအဖြစ် သတ်မှတ်နိုင်၏။
နတ်ဖီးနစ်တောင်၏ ကိုယ်ခံပညာ အများစုသည် ဖီးနစ်သွေးကို အခြေခံအုတ်မြစ် အဖြစ် လိုအပ်ချေ၏။
ဖီးနစ်သွေး မရှိသူများသည် သာမန် သိုင်းပညာရပ်များကိုသာ လေ့ကျင့် နိုင်ကြမည်။ ထို့ကြောင့် ဖီးနစ်သွေး ပိုင်ဆိုင်သော ကျိမိသားစု ဝင်များသာ အတွင်းပိုင်း နယ်မြေသို့ ဝင်ရောက်ခွင့် ရကြ၏။
ဤနေရာတွင် ဧည့်သည်အဖြစ် လိုက်ပါ လာသည့် လင်းယွန်ကို နတ်ဖီးနစ်တောင်တန်း ရှိရာသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
အမျိုးမျိုးသော အတားအဆီးများကို ဖြတ်ကျော်ပြီးနောက် ကောင်းကင်ဘုံတစ်ခု မြင်ကွင်းထဲ ပေါ်လာ၏။
မရေမတွက်နိုင်သော နန်းတော်များ၊ ဘုံဗိမာန်များ၊ လေပေါ် တောင်တန်းကြီးများ စသည်တို့ ဖြစ်သည်။ ဖွဲ့စည်းပုံသည် အခြား မြင့်မြတ်မြေများနှင့် မတူချေ။
တောင်တန်းများမှာ လေထဲ ပျံဝဲလျက် တိမ်ပင်လယ်အတွင်း ပျောက်ကွယ်နေခဲ့သည်။ တစ်နေရာတွင် ရုပ်တုတစ်ခု ဆိုက်ထူထားသည့် ကျယ်ဝန်းသော ရင်ပြင်တစ်ခုရှိ၏။
ထိုရင်ပြင်ကို ဗဟိုပြု၍ လှပသော ဘုံဗိမာန်များ၊ နန်းတော်များ တည်ဆောက် ထားသည်။ အနီးပတ်ဝန်းကျင်၌ ငှက်မျိုးစုံ မြူးထူးပျော်ပါးနေ၏။
သူတို့ရောက်ရှိသည်နှင့် တစ်စုံ တစ်ယောက်က ကျိကျစ်ရှီကို ခေါ်ဆောင်သွား လေသည်။
စကားပြောရန် အချိန်ပင် မရှိခဲ့ချေ။ ကြယ်မြစ် သူတော်စင် ဘုရင်က နန်းတော်ကြီး တစ်ခုထံ လင်းယွန်ကို ခေါ်ဆောင်လာ၏။
“ ဒါက နတ်တောင်နဲ့ ... အနီးဆုံး နန်းတော်ဆယ်လုံးထဲက တစ်လုံးပဲ တိမ်စမ်းရေ တည်းခိုဆောင်လို့ ခေါ်တယ် ... သူတော်စင် အကြီးအကဲတွေတောင် ဒီနန်းတော်မှာ ကျင့်ကြံဖို့ စောင့်ဆိုင်းရမယ်။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ်ပြ လိုက်၏။ ဤနေရာသည် ကျင့်ကြံရန် သင့်လျော် သော်လည်း သူ့အတွက် မလိုအပ်ချေ။
သူတော်စင် ဖြစ်လာခဲ့သည်မှာ ရက်ပိုင်း မျှသာ ရှိသေးသည်။ ချက်ချင်း တိုးတက်ဦးမည် မဟုတ်ချေ။
“ နတ်တောင်က လွဲလို့ မင်းသွားချင်တဲ့ နေရာ သွားလို့ရတယ် တားမြစ်နယ်မြေ မရှိဘူး၊ ဒီကာလမှာ မင်းကို ငါလိုက်ပို့ပေးမယ်။ ”
လင်းယွန်က နတ်တောင်ကို လှမ်းကြည့်ကာ၊
“ မိုးကောင်းကင် မဟာ သူတော်စင်က ကောင်းကင် တရားစီရင်ရေး ဧကရီ အကြောင်း သိမယ် ထင်တယ် ... ဆွေးနွေးခွင့် မရတာ နှမျောစရာပဲ။ ”
-ဟု ပြောကြားလိုက်သည်။
“ အဲဒီအကြောင်း နည်းနည်းတော့ ငါလည်းသိထားတယ်၊ ဒါပေမယ့် ဆရာသခင်က သူကိုယ်တိုင် ပြောပြပါလိမ့်မယ်။ ”
“ နတ်ဖီးနစ် တောင်တန်း သခင်လား။ ”
လင်းယွန်က အံ့သြသွားသည်။ ဤလူသည် အရှေ့ဘက် ပျက်စီးမြေတွင် ကျော်ကြားသော ကျွမ်းကျင်သူ ဖြစ်သည်။
တျန်ရွှမ်ဇီသည် အရှေ့ဘက် ပျက်စီးမြေ၌ ဧကရာဇ်နယ်မြေ အောက်တွင် ပြိုင်ဘက်ကင်း အဖြစ် မကျော်ကြားခင်ကပင် ထိုရာထူးကို ရယူထားနိုင်ခဲ့သည်။
သူတော်စင် နယ်ပယ်ရှိ တစ်စုံ တစ်ယောက်သည် တျန်ရွှမ်ဇီကို ရင်ဆိုင်နိုင်မည် သို့မဟုတ် အနိုင်ယူနိုင်မည်ဟု ဆိုခဲ့သော် ဤလူသာ ဖြစ်ပေမည်။
“ ဟုတ်တယ် ... ဆရာသခင်က မင်းကို သဘာဝအတိုင်း တွေ့လိမ့်မယ် ... မေးစရာတွေ ရှိရင် သူ့ကိုမေးလို့ရတယ် ... ဒီလို လျှို့ဝှက်ချက် တွေကို ဆရာက ပိုသိတယ်။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ်လိုက်သည်။ ဤလူကို စည်းရုံးနိုင်သော် တျန်ရွှမ်ဇီကို အနိုင် ယူရန် အခွင့်အလမ်း ပိုများပေမည်။
ယုချင်းဖန် ခြိမ်းခြောက်မှုကြောင့် ဧကရာဇ်များက သက်တံဓား သူတော်စင်၏ ဒုက္ခကို စွက်ဖက်မည် မဟုတ်ပေ။
“ ဒါဆို ငါ အနားယူတော့မယ်။ ”
ကြယ်မြစ် သူတော်စင် ဘုရင်က နှုတ်ဆက်ကာ ထွက်ခွာ သွားတော့သည်။ လင်းယွန်က ဓားသေတ္တာချကာ နေအိမ်ကို စစ်ဆေးမိ၏။
အချိန်-အာကာသ ရတနာ မဟုတ်ပါက အိုင်းရစ်ဓား သေတ္တာထက် ပိုကောင်းသော အရပ် မရှိချေ။ ထို့ကြောင့် ဓားသေတ္တာထဲ ဝင်ရောက် လာခဲ့သည်။
ဓားသေတ္တာထဲတွင် စူးရှသော နေမင်းကြီးတစ်စင်းက သူ့ကို စီးကြိုနေသည်။ လမင်းမှာ မထင်မရှား ဖြစ်ပေါ်နေ၏။
ကောင်းကင် အက်ကွဲကြောင်းများ ပြန်လည်ကောင်းမွန်လာပြီး တိမ်တိုက်များပင် မျောလွင့်နေခဲ့သည်။
အလယ်ဗဟိုတွင် ဖီးနစ်သစ်ပင်က ဘုရင်တစ်ဆူကဲ့သို့ မြင့်မြတ်သော အသွင်ဖြင့် ပေတစ်ရာကျော် ကြီးထွားလာ၏။
မြေပြင်ပေါ်ရှိ မြက်ပင်များနှင့် အဝေးရှိ တောင်တန်းများပေါ်မှ ရေစီကျသံများကိုပင် ကြားလာရသည်။
သဘာဝ ရေတံခွန်တစ်ခု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဆုံးတွင် ဝိညာဉ်ရေး ရေကန်တစ်ကန် ဖြစ်တည်နေ၏။
အမှတ်မမှားပါက ဤအရပ်သည် အသက်ဓါတ်ကင်းမဲ့နေသော ဒေသကြီး ပေပင်။ ယခုမူ ဝိညာဉ် စွမ်းအင်များ လွန်စွာ သိပ်သည်း နေသည့် ဒေသဖြစ်လာ၏။
ထို့ပြင် ပတ်ဝန်းကျင်ရှိ အချိန်နှင့် အာကာသသည် အနည်းငယ် ကွဲလွဲမှု ရှိနေမှန်း ခံစားမိသည်။ အားနည်းသော်လည်း သေချာ၏။
ဆိုလိုသည်မှာ ဤနေရာရှိ အချိန်ကာလသည် ပြင်ပကမ္ဘာနှင့် မတူဟု အဓိပ္ပါယ်ရသည်။
“ ဒါက တကယ်ပဲ အချိန်-အာကာသ ရတနာပဲ … ။ ”
“ ဟမ့် ... ငါနင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ ... ဒါက အစပဲရှိသေးတယ် နတ်ရူရ် ခုနစ်လုံး စုစည်းနိုင်ရင် မြင့်မြတ်မြေတစ်ခုကို ကျောပိုးထားသလိုမျိုး ... နင့်ရဲ့ ကျင့်ကြံမှုအရှိန် မြင့်တက်လာလိမ့်မယ်။ ”
ခရမ်းငယ်က ဂုဏ်ယူစွာ ပြောကြားလာသည်။
“ ငါ စောင့်မျှော် နေပါတယ် ... ဒါနဲ့ အခုချိန်မှာ ကောင်းကင် စက်ဝန်း ဘုံကျောင်း အတွင်းက အချိန်ကာလနဲ့ ယှဉ်ရင် ဒါက ဘယ်လိုနေမလဲ။ ”
“ အရမ်း ညံ့တယ် ... လောလောဆယ် ဒီနယ်မြေရဲ့ အချိန်က ပြင်ပကမ္ဘာနဲ့ တူညီနေ သေးတယ်၊ အကျိုး သက်ရောက်မှု မရှိသလောက်ပဲ။ ”
ခရမ်းငယ်၏ အပြုံးများ ပျောက်ကွယ် သွားတော့သည်။ လင်းယွန်က ဝန်းကျင်ကို ကြည့်လျက် ပြုံးပြီး၊
“ ဒါပေမယ့် အဆင်ပြေပါတယ် ... ဟိုမှာကြည့်စမ်း အဲဒီနေရာက နတ်ကျောက်စိမ်း ဝါးတောနဲ့ ကောင်းကင် ရေကန်တည်ရာ အရပ် မဟုတ်လား ... မင်းပြောတာ ငါမှတ်မိတယ်။ ”
“ ဟုတ်တယ် ... နတ်ကျောက်စိမ်း ဝါးတောရဲ့ အစေ့တွေ မြေမြင်မှာ ပြန်ပေါ်လာပြီ၊ သူတို့ ကြီးပြင်းလာတဲ့အခါ အရမ်းလှပတဲ့ သစ်တောကြီး ဖြစ်လာမယ်။ ”
လင်းယွန်က ဖီးနစ်သစ်ပင်ပေါ် ပျံသန်းလိုက်ပြီး။
“ ဒီကိုရောက်တော့ မင်းဘယ်လို ခံစားရလဲ။ ”
-ဟု မေးမြန်း၏။
“ သူတို့က နတ်ဖီးနစ်မိသားစုနဲ့ ပတ်သတ်နေတယ်၊ လူတိုင်းမှာ ဖီးနစ်သွေးရှိတဲ့ အတွက် ငါ့ရဲ့ ကျေးကျွန်တွေ ဖြစ်နိုင်တယ်။ ”
“ ဟမ့် မင်းက အရမ်းကြွားတယ် ... မင်ဂိုဏ်းရဲ့ ဘိုးဘေးကိုလည်း မင်းတပည့်လို့ ပြောလို့ တံဆိပ်တစ်ထောင် မဟာ သူတော်စင်ကို ရူးမတတ်ပဲ။ ”
“ အဟီး ... အဲဒါက နင့်ကို ကယ်တင်ဖို့ ငါစိတ်စောပြီး သူတို့ကို ခြိမ်းခြောက်လိုက်မိတာ ဒါနဲ့ ... နင်ရော ဘယ်လို ခံစားရလဲ။ ”
ခရမ်းငယ်က စိတ်ဝင်တစား ပြန်မေးလာ၏။
“ ထူးဆန်းတယ် ... သူတို့က ငါ့ကို ကျိကျစ်ရှီနဲ့ ခွဲထားချင် ပုံရတယ် ... သူတို့မှာ နတ်မီးတောက်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိရမယ်။ ”
“ နတ်မီးတောက်နဲ့ ... ကျိကျစ်ရှီရဲ့ သွေးသားကို သန့်စင်ပြီး နတ်ဖီးနစ် ခန္ဓာကိုယ် ရယူချင်နေတာပါ။ ”
ခရမ်းငယ်က အခိုင်အမာ ပြောကြား လာသည်။
“ ဒီကောင်မလေးရဲ့ အရည်အချင်းက တကယ်ကောင်းပါတယ် ... ရှေးဦးခေတ် ဆိုရင် တောင်မှ သမီးတော် ရာထူးပေးနိုင်တယ်။ ”
“ ဒီလောက် မြင့်မားတဲ့ အကဲဖြတ်မှုမျိုးလား။ ”
လင်းယွန်က အံ့သြသွားသည်။
“ ဟမ့် ... နင်က နတ်ဖီးနစ် မျိုးနွယ်ကို ရှုံ့ချချင် နေသလား။ ”
လင်းယွန်က ပြန်မပြောဘဲ ပြုံးလျက်၊
“ ဒီမှာ တစ်ခုခု ထူးခြားနေတယ်လို့ ခံစားရတယ် ငါတို့ မသိစေချင်တဲ့ လျှို့ဝှက်ချက် တစ်ခု ရှိကောင်း-ရှိနိုင်တယ်။ ”
-ဟု ပြောလိုက်သည်။
“ ဘာလဲ လျစ်လျူရှု ခံထားရတယ်လို့ ထင်နေတာ မဟုတ်လား။ ”
ခရမ်းငယ်က ပြုံးကာ မေးလာသည်။
“ နည်းနည်းပါ ... ။ ”
လင်းယွန်က ပြန်၏။ နောက်ဆုံးတွင် သူသည် နတ်ဖီးနစ်တောင် အဖွဲ့ဝင်များအပေါ် ကယ်တင်ပြီး နတ်မီးတောက် ပေးခဲ့သူ ဖြစ်သည်။
သို့သော် နတ်ဖီးနစ်တောင် ရောက်ရှိ ပြီးနောက် လူတိုင်းက ခပ်ခွာခွာ နေထိုင်ပြုမူ ကြကြောင်း သတိထားမိလာ၏။
“ နင်က အရမ်း ရိုးသားလွန်းတယ် ... တစ်ဖက်လူအတွက် အမြဲတွေး ပေးပေမယ့် နင့်အတွက်ကို ဘယ်သူက စဉ်းစားပေးလို့လဲ၊ နတ်ဖီးနစ်တောင်က ပြင်ပကမ္ဘာနဲ့ ...
... အဆက်ဖြတ် ထားတာ ကြာပြီ ... ဒီမှာရှိတဲ့ လူတိုင်းက ဖီးနစ်အနွယ်ဝင်တွေပဲ နင် စိတ်ကူးယဉ် လွန်းတယ်။ ”
ခရမ်းငယ်က မတ်တပ်ထရပ်ပြီး လင်းယွန်ကို ပြုံးပြကာ၊
“ ဒါပေမယ့် အဆင်ပြေပါတယ် ... သူတို့ နင့်ကို ဂရုမစိုက်ဘူး၊ ဒါကြောင့် လျှို့ဝှက်ချက် တစ်ခု ပြောပြပါရစေ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘာလဲ ... ။ ”
“ ငါ နတ်ဖီးနစ်တောင်ကို ... ရောက်တဲ့အချိန်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှာတွေ့လိုက်တယ်။ ”
“ ဘာလဲ ... ။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။
“ ဟဲဟဲ ... ဒီမှာ အုပ်စိုးရှင် နတ်ရူရ် တစ်လုံး ရှိနေတယ်။ ”
“ ဟမ့် ... မင်းပြောနေတာ ငရဲမီးလျှံ နတ်ရူရ်လား။ ”
သူတို့သည် အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးအနက် သုံးလုံးကို ရရှိထားလေသည်။ ရေခဲ နတ်ရူရ်သည် မြင့်မြတ်သော နှင်းရေခဲ နန်းတော်တွင် ရှိ၏။
သံသာရာနှင့် နိဗ္ဗာန် နတ်ရူရ် အကြောင်းကိုလည်း သဲလွန်စ ရရှိထားသည်။ ဤငရဲမီးလျှံ နတ်ရူရ်သာ ကျန်ရှိတော့၏။
“ မှန်တယ် ... သူတို့ ကျိကျစ်ရှီကို အာရုံစိုက်နေတုန်း ငါတို့ ရှာကြည့်ရအောင်။ ”
ခရမ်းငယ်က ပြုံးပြီးဆို၏။ လင်းယွန်က သူမထံ ပြန်ကြည့်မိသည်။ ဤမိန်းကလေးသည် နတ်ဖီးနစ်တောင်ကို ကောင်းကင် တာအိုဂိုဏ်း ကဲ့သို့ ပြုမူချင်နေ၏။
“ လာ သွားကြည့်ရအောင် ... ။ ”
***