မင်းကို ဘယ်သူ သင်ပေးတာလဲ။
Vol. 165 Ch. 2307
မနေ့က ဤလူသည် သူ့ကို ဓားသူတော်စင်အဖြစ် ဘွဲ့တပ်ခေါ် ခဲ့သည်။ ယနေ့မူ တစ်ခုခု မှားယွင်းနေပုံရ၏။
( မကြောက်နဲ့ ... ငါ နင့်ကို အချိန် အတော်ကြာ သင်ပေးခဲ့ပြီးပြီ အဲဒီအဘိုးကြီးကို ရိုက်နှက် ပစ်လိုက်။ )
ခရမ်းငယ်မှ ယုံကြည်မှု အပြည့်နှင့် မြှောက်ပင့် ပြောကြားလာ၏။ လင်းယွန်ခမျာ နှုတ်ခမ်းထောင့် တွန့်တက်သွားသည်။
“ ဝှစ် ... ။ ”
အမှန်တကယ် အရိုက်ခံရမည့် လူသည် သူမ မဟုတ်သည့် အတွက် ဤစကားကို ပြောခြင်း ဖြစ်ပေသည်။ ပလ္လင်ထံသို့ ပျံသန်းလိုက်စဉ် ပြာများထံ အကြည့်က ရောက်သွား၏။
“ မကြည့်နဲ့ ... အဲဒါက မင်းနဲ့ မဆိုင်သေးဘူး။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ‘ဖော်ရွေသော အပြုံး’ဖြင့် ပြောကြား လာသည်။ လင်းယွန်က ပြုံးကာ ခေါင်းညိတ်မိ၏။
“ အရင် စည်းကမ်း အတိုင်းပဲ ... ငါမတိုက်ခင် မင်းငါ့ကို အရင်တိုက်ပါ ... ။ ”
“ကောင်းပြီ ... ။ ”
လင်းယွန်က ဦးညွှတ်ပြီး နေရာ ရွှေ့လိုက်သည်။ အနီရောင် သက်တံ သူတော်စင် သခင်က ယခင်အတိုင်းပင် လက်ဝှေ့ယမ်းကာ မီးစက်ကွင်း အလွှာများ ဖန်တီး၏။
ဤအရာကို ဖြေရှင်းရန် ခရမ်းငယ်နှင့် နည်းလမ်း ရှာထားသဖြင့် လင်းယွန်က သဘာဝ အတိုင်း ပြုံးမိလေသည်။
“ စွပ် ... ။ ”
ရင်ဘတ်ထဲမှ ပန်းသင်္ချိုင်း ဆွဲထုတ်ကာ ညှိုးနွမ်းနေသော သစ်ပင် အသက် ပြန်ရှင်လာ ခြင်းကို ထုတ်ဖော်လိုက်သည်။
ဓားရည်ရွယ်ချက်က အရှိန်ပြင်းသော မြစ်တစ်စင်း ကဲ့သို့ စီးဆင်းသွားသံ ကြားလာ ရသည်။
နတ်အလင်းဓားကို ပိုမို ကျွမ်းကျင် လာသောအခါ၊ သွေ့ခြောက်သော သစ်ပင်၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိသွား၏။
အနီရောင် သက်တံ သူတော်စင် သခင်က မီးစက်ကွင်းများကို ယခင်ထက် ကျုံဝင်သွားစေ ခဲ့သည်။ လေထုက ပို၍ သိပ်သည်းလာသဖြင့် လင်းယွန်က အသက်ရှူကြပ် သွား၏။
အံ့အားသင့်သွားပြီး အမျိုးမျိုးသော ဖြစ်စဉ်များ ပျောက်ကွယ် သွားခြင်းနှင့် အတူ သူ့ကို ဟန့်တားနိုင်ခဲ့သည်။
“ မင်းရဲ့ နည်းစနစ်ကို ပြောင်းချင်လား၊ ထပ်ပြီး လေ့ကျင့်လိုက်ဦး။ ”
အနီရောင် သက်တံ သူတော်စင် သခင်က အတွေ့အကြုံရှိသူ ဖြစ်ပြီး ဧကရာဇ် နယ်ပယ် အောက်တွင် အသန်မာဆုံး ဖြစ်သည်။
ထို့ကြောင့် သူဆန္ဒရှိသည့် အတိုင်း လင်းယွန်ကို နှိပ်စက်တော့၏။ မီးတောက်များ တဟုန်းဟုန်း မြည်ဟည်းလျက် လေဟာနယ် တစ်ခုလုံး ပေါက်ကွဲသွားသည်။
“ ဝေါ့ ... ။ ”
လင်းယွန် ခမျာ သွေးတစ်လုတ် အန်ပြီး ခြေလှမ်းများစွာ နောက်ပြန်ဆုတ် လိုက်ရ၏။ ယနေ့တိုက်ပွဲသည် မနေ့ကနှင့် မတူချေ။
ထို့ကြောင့် အနီရောင် သက်တံ သူတော်စင် သခင်ထံ သံသယဖြင့် ပြန်၍ မော့ကြည့် လိုက်မိ လေသည်။
( အိုး ... သူ့စိတ်ထဲမှာ လူသတ်ချင်တဲ့ ရည်ရွယ်ချက် ရှိတယ် ... နင် ရှုံးနိမ့်တာကို မြန်မြန် ဝန်ခံလိုက်။ )
ခရမ်းငယ်က ပြောသည်။ သို့သော် လင်းယွန်က နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး နားမထောင်ခဲ့ချေ။ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာသည်။
“ ဟိတ် ... ။ ”
“ ..... ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးလျက် လင်းယွန်၏ ဓားချက်များကို အလွယ် တကူ ဖြေရှင်းသွားသည်။
အချိန်သည် ချက်ချင်း နှေးကွေးသွားကာ လင်းယွန်ကို စိမ့်စမ်းအိုင်ထဲတွင် ရှိနေသကဲ့သို့ ခံစားလာရစေ၏။
ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော်ထား သော်လည်း အကြိမ်ပေါင်းများစွာ ပြန်၍လွင့်စဉ် နေခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူပင် သံသယ ဝင်လာမိ၏။
“ ဒီနေ့ ငါတိုက်ဖို့တောင် ... အခွင့်အရေး မရှိတော့ပုံပဲ ... ဒီမလာခင် မင်းကောင်းကောင်း လေ့ကျင့်ခဲ့ သင့်တယ် ...
... မင်းရဲ့ ဓားရည်ရွယ်ချက်က ... အသုံးမဝင်တော့တဲ့ အခါ အရှုံးပဲ ... မင်း အရမ်း အားနည်းတယ်။ ”
“ မပြီးသေးပါဘူး ... ငါ့ဆီက နောက်ထပ် ဓားတစ်ချက်ကို ယူ။ ”
ပိုးစုန်းကြူး နတ်ဓား၏ တတိယ အပိုင်းဖြစ်သော ကြယ်တာရာ ပွင့်လန်းခြင်းကို ထုတ်ဖော် လိုက်သည်။
“ ရွှပ် ... ။ ”
လက်ကောက်ဝတ်ကို လွှဲလိုက်သည်နှင့် ပန်းပွင့်တစ်ရာခန့် ပွင့်လာ၏။ ပန်းပွင့်တိုင်းတွင် မတူညီသော သူတော်စင် တာအိုများ ပါရှိသည်။
ဤတိုက်ခိုက်မှုသည် လင်းယွန် ကောင်းကင်ဘုံ နိဗ္ဗာန် နယ်မြေတွင် အသုံးပြုစဉ် အချိန်ကထက် များစွာ အားကောင်းပြီး ပြင်းထန်၏။
“ ဝှစ် ... ။ ”
သို့သော် အနီရောင် သက်တံ သူတော်စင်သခင်က ညာလက်ကို ဆန့်ကာ ဓားဖျားထံ လှမ်းကိုင်၏။
၎င်းဓားတွင် သူ့ကို နောက်သုံးလှမ်း ပြန်ဆုတ်ရန် တွန်းအားပေးနိုင်သည့် ပြင်းသော ဓားရည်ရွယ်ချက် ပါရှိနေသည်။
တစ်ချိန်လုံး ပြုံးထားသော သူ့အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဓားရောင်ဝါ ပျောက်ကွယ်သွားသော အခါတွင် လင်းယွန်ကို မည်သည့် နေရာတွင်မှ မတွေ့ရတော့ချေ။
“ ဝှစ် ... ။ ”
ထို့ကြောင့် အနီရောင် သက်တံ သူတော်စင် သခင်က ပန်းသင်္ချိုင်းကို လွှတ်ပြီး လက်ဖဝါးဖြင့် အမှောင်ထဲ ရိုက်ချလိုက်ရသည်။
“ ဘုန်း ... ။ ”
“ ဝေါ့ ... ။ ”
လင်းယွန်ပါးစပ်မှ သွေးများ အန်သွား၏။ သို့မှသာ အနီရောင် သက်တံ သူတော်စင်က သက်ပြင်းချ လိုက်သည်။
“ ဝှီး ... ။ ”
ပြီးစကားပြောရန် ပြင်လိုက်ချိန်တွင် အန္တရာယ် အငွေအသက်များ ရရှိလာပြီးနောက် မြေပြင်ရှိ ပန်းသင်္ချိုင်း ပျံတက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရသည်။
“ ကိုယ်ပွားလား ... ။ ”
သွေးအန်နေသော လင်းယွန်ကို လျစ်လျူရှုကာ ပန်းသင်္ချိုင်းပျံသန်းနေရာ အရပ်ရှိ လင်းယွန်ထံ ကြည့်မိ၏။
တစ်ဖက်လူသည် ကိုယ်ပွားဖန်တီး နိုင်သည့် လျှို့ဝှက်ပညာရပ် တစ်ရပ်ကို ဆုပ်ကိုင်ထားမှန်း ချက်ခြင်း သဘောပေါက် လိုက်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် ဆက်တွေးရန် အချိန်မရှိဘဲ နောက်ဆုတ် လိုက်၏။ မူလ သူရပ်နေသည့် နေရာလွတ်ကို ဓားအလင်း ဖြတ်သန်းသွားပြီး ဆံပင်အချို့ ပြတ်ကျသွားလေသည်။
“ ဝှစ် ... ။ ”
“ ဟိတ် ... ။ ”
လက်တုံ့ပြန်ရန် ပြင်လိုက်သောအခါ ပန်းသင်္ချိုင်းက ထပ်မံ ဝင်ရောက်လာသဖြင့် လက်ဖဝါးဖြင့် ပိတ်လိုက်ရသည်။
လက်ဖဝါးပေါ်တွင် ဒဏ်ရာ တစ်ခု ပေါ်လာ၏။ မီးတောက်နေသော စက်ကွင်းများ အားလုံး ကွဲကြေကုန်သည်။
လင်းယွန်က ခြေလှမ်းများစွာ လှမ်းတက်လာပြီး ကြယ်တာရာ ပန်းများကို ထပ်မံ ထုတ်ဖော်တော့၏။
“ ..... ။ ”
လင်းယွန် နှစ်ယောက် ပြန်လည် ပေါင်းစည်းသွားကာ မြစ်ရေစီးကြောင်း အသံကို ကြားလိုက်ရသည်။
ဤအချိန်၌ နောက်ဆက်တွဲ ပုံရိပ်များချန်ကာ ဓားရောင်ခြည်ပေါင်း များစွာ ပျံသန်းလာ၏။
“ ရွှပ် ... ။ ”
ဓားရောင်ခြည် (၈၁)စင်း တိတိရှိ၏။ ၎င်းတို့က အနီရောင် သက်တံ သူတော်စင် သခင်၏ အရေးကြီးသော အင်္ဂါများထံ တိုးဝင်သွားသည်။
ဖီးနစ်အော်သံများ ပဲ့တင်ထပ်လာပြီး အနီရောင် သက်တံ သူတော်စင် သခင်က လက်ညှိုးဖြင့် ညွှန်ပြလာ၏။
“ ရွှီး ... ။ ”
ဓားအလင်း (၈၁)ချက်ကို စွမ်းအင် အလင်းများက တစ်ချက်ချင်း ဖျက်ဆီးပစ် တော့သည်။
လင်းယွန်က ပြုံးပြီး ကြာတာရာ ပန်းပွင့်ခြင်းကို ဆက်၍ ထုတ်ဖော်နေခဲ့သည်။ ဤတစ်ကြိမ်တွင် ဓားရည်ရွယ်ချက်များက ပန်းတစ်ပွင့်အဖြစ် ပေါင်းစပ်သွား၏။
“ ဟား ... ဟား ... ဟား ... ။ ”
“ ရွှီး ... ။ ”
“ ဘုန်း ... ။ ”
နှစ်ယောက်သား ရန်ဖြစ်လျက် ပန်းများ ပွင့်လာပြီး ပျက်စီး ညှိုးနွမ်းသွားသည်။ ဤသို့ ထူးထူး ခြားခြား လှုပ်ရှားမှု ဆယ်ကြိမ် အပြီးတွင် ရယ်မော လိုက်ကြ၏။
သို့မှသာ ပြတ်တောက် သွားခဲ့သည့် အစောပိုင်း ဆံပင်အချို့က မြေပြင်ပေါ် ကျလာ ခဲ့သည်။ ဤဖြစ်စဉ်အရ သူတို့၏ တိုက်ပွဲ မည်မျှ မြန်ဆန်သည်ကို မြင်သာစေသည်။
“ အနီရောင် သက်တံ သူတော်စင်သခင် ... မင်းက သူတော်စင် ဘုရင် ဒါမှမဟုတ် ... မဟာ သူတော်စင် ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုတာ ငါသိပါတယ် ... မင်းလိုလူက ခွန်လွန်မှာ နာမည်မဲ့ ဖြစ်ရတာ အံ့သြစရာပဲ၊ ...
... မင်းသာ အပြင်ထွက်ချင်စိတ် ရှိရင် အနီရောင် သက်တံ သူတော်စင် သခင် ဆိုတဲ့ နာမည်ကို လူတိုင်း သိကြမှာ သေချာတယ်။ ”
လင်းယွန်၏ ချီးကျူး စကားကို ကြားသောအခါ အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးလိုက်သည်။
“ လူတော်တော် များများက ငါ့ကို ချီးကျူးကြပါတယ်၊ မင်းရဲ့ ချီးမွမ်းတာကို ခံရလို့ ငါ ဝမ်းသာပါတယ်။ ”
နှစ်ယောက်သား ထပ်မံ တိုက်ခိုက် လိုက်ကြ၏။ ထောင်နှင့်ချီသော လှုပ်ရှားမှုများ အပြီးတွင် လင်းယွန်ခမျာ ကန့်သတ်ချက် ရောက်ရှိ လာသည်။
“ ငါ အရှုံးပေးတယ်။ ”
နှစ်ယောက်သား ရပ်လိုက်ကြ၏။ လင်းယွန်တွင် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း အနီရောင် သက်တံ သူတော်စင် သခင်၌ ပြတ်ရှရာများ ဖုံးလွှမ်းနေသည်။
“ မင်းရဲ့ ဒိုမိန်းကို မသုံးသေးဘူး။ ”
“ ဒါက အဓိပ္ပါယ် မရှိပါဘူး ... ငါ့ဓားနဲ့ ပြိုင်ဘက်ကို နှိမ်နှင်းရမယ် မဟုတ်လို့ ဓားဒိုမိန်း ထုတ်လိုက်ရင် ငါရှုံးသွားနိုင်တယ်။ ”
“ စိတ်ဝင်စားစရာပဲ ... ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးသည်။
“ အဲဒီဓား နာမည်က ဘာလဲ။ ”
လင်းယွန်က မေး၏။
“ လေပြည်တိုးသံ ... ။ ”
“ မင်း ငါ့ကို သင်ပေးလို့ ရမလား။ ”
ဤသည်မှာ ထောင်ချောက်တစ်ခု ပြင်ဆင်နေမှန်း အနီရောင် သက်တံ သူတော်စင် သခင်က သဘောပေါက် သွားသည်။
“ အချိန်မတန် သေးဘူး ... ဒီမှာပဲ အဆုံးသတ် လိုက်ရအောင် ... မနက်ဖြန် ပြန်လာခဲ့။ ”
“ မင်းက နားပြီလား ... ငါအခုမှ သွေးပူပဲ ရှိသေးတယ်။ ”
“ အိုး ... ဟုတ်လား ... မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ။ ”
လင်းယွန် စကားကြောင့် အနီရောင် သက်တံ သူတော်စင် သခင်က အံ့ဩစွာ ပြုံးပြီး မေး၏။
“ ငါ့မှာ ဓားပညာ တစ်မျိုး ရှိသေးတယ်။ ”
“ အိုး ... ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က စိတ်ဝင်စားသွားပြီး ‘ဒါဆို စမ်းကြည့်ပါဦး’ -ဟု ဖိတ်ခေါ်လိုက်၏။
“ ကျေးဇူးပြုပြီး အကြံပေးပါ။ ”
လင်းယွန်က ကနဦး ဓားကို ထုတ်ဖော် လိုက်၏။ ဓားရောင်ခြည် ပွင့်လာသော အခါ ယခင်နှင့် များစွာ ခြားနားသွားသည်။
“ ရွှပ် ... ။ ”
ပတ်ဝန်းကျင်ရှိ အချိန်နှင့် အာကာသ ပုံပျက်သွား၏။ အလင်းမူလ၊ ဘုန်းသရေ၏ မူလ၊ အဆုံးမဲ့၊ ထာဝရ ကာလ၊ အမှောင်နှင့် နိဗ္ဗာန်ဖြစ်သည်။
လှုပ်ရှားမှုများမှာ ပိုမို ချောမွေ့လာပြီး ရုတ်တရက် မမြင်နိုင်သော အတားအဆီးကို ခံစားလိုက်ရသည်။
သူ့ရှေ့က ကမ္ဘာကြီး မှုန်ဝါးသွား၏။ ဤအတားအဆီးကို ဖြတ်ကျော်ပါက အချိန်ကို နောက်ပြန်ဆုတ် နိုင်မည်။
ဆိုလိုသည်မှာ တစ်စက္ကန့်မျှ နောက်ပြန် သွားနိုင်ခြင်း ဖြစ်သောကြောင့် ဝမ်းမြောက် လာမိသည်။
တစ်ဖက်တွင် အနီရောင် သက်တံ သူတော်စင်သခင်က အံ့အားသင့်သွားလေသည်။ လင်းယွန်ထံမှ ရင်းနှီးသောလေထုကို ခံစားရပြီး မျက်နှာ ပြောင်းသွား၏။
“ ရွှပ် ... ။ ”
ဓားရောင်ခြည် တစ်စင်း ပျံထွက်လာသော အခါတွင် လင်းယွန် ပုံရိပ်များ နောက်ပြန်ဆုတ် သွားသည်။ အတိတ်ကို ပြန်သွားခြင်း ဖြစ်၏။
ပြီးနောက် ဓားဖြင့် ထိုးချလိုက်သည်။ အနီရောင် သက်တံ သူတော်စင် သခင်ခမျာ ရင်ဘတ်တွင် အပေါက်တစ်ခု ပေါ်လာပြီး သွေးများ ထွက်ကျလာ၏။
ဒဏ်ရာကို လေးလေးနက်နက် ပြန်ငုံ့ကြည့်ကာ ပြုံးသည်။
“ ဒီဓားပညာကို ဘယ်သူ သင်ပေးတာလဲ။ ”
ထိုမေးခွန်းကို လင်းယွန်က ချက်ချင်း ပြန်မဖြေနိုင်ခဲ့ချေ။ အနည်းငယ် တွန့်ဆုတ် တွေဝေသွားလေသည်။
***