တတိယ လူ။ အနီရောင် သက်တံ သူတော်စင်
Vol. 165 Ch. 2308
သခင် မေးခွန်းသည် လင်းယွန်ကို အံ့အားသင့် စေခဲ့၏။ ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်ကာ ‘ဒါ အရေးကြီးသလား’ -ဟု ပြန်မေးမိသည်။
အနီရောင် သူတော်စင် သခင်က သတိဝင်လာပြီး အမူအရာပုံမှန် ပြန်ဖြစ် သွားကာ အပြုံးဖြင့်၊
“ မှန်တယ် ... ဒီဓားရေးကို သိသရွေ့ ဘယ်သူက သင်ပေးတယ်ဆိုတာ အရေးမကြီး တော့ပါဘူး။ ”
-ဟု ပြန်လည် ပြောကြားလာ၏။
သို့သော် တစ်ဖက်လူသည် တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း လင်းယွန်က နားလည်လာ မိသည်။
နိဗ္ဗာန်တာအိုကို အိုင်းရစ်ဓား သူတော်စင်မှ သင်ပြပြီး ဓားပညာသည် သူ့ကိုယ်ပိုင် ဖန်တီးမှု ဖြစ်လေသည်။
၎င်းသည် အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ပြီး အနီရောင်သက်တံ သူတော်စင် သခင်ထံ မျှဝေရန် ဆန္ဒ မရှိချေ။
“ ဘာလို့ ဒီမှာ ... မရပ်ရ တာလဲ။ ”
လင်းယွန်က ထွက်ခွာရန် ပြင်သည်။
“ မလုပ်နိုင်တော့ဘူးလား ... ငါက အခုမှစတာ ... မင်း အဲဒီဓားနဲ့ ငါ့ကို ထပ်တိုက် ကြည့်ပါ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးကာ ဖိတ်ခေါ်သည်။ ယခင်က လင်းယွန်ကို ထွက်ခွာရန် ပြောကြားခဲ့သော်လည်း ယခု ဆန့်ကျင်ဘက် ဖြစ်နေ၏။
( အဆင်ပြေတယ် ... သူက နင့်ကို အန္တရာယ် မပြုတော့ဘူး။ )
ခရမ်းငယ်က သက်ပြင်းချကာ ဝင်ပြောသည်။ သူမ စကားတွင် လျှို့ဝှက်ချက် အချို့ ရှိနေချေ၏။
“ ကောင်းပြီ ... ။ ”
ဤသို့သော ပြိုင်ဘက်ကို ရှာတွေ့ရန် ခဲယဉ်းပြီး နိဗ္ဗာန်ဓားရေးအပေါ် ပို၍ တိုးတက် လာစေရန် စွမ်းဆောင်နိုင်ပေမည်။
“ ဒါဆို ... သတိထားပါ။ ”
“ ငါစောင့်နေတယ်။ ”
ထို့နောက် တိုက်ပွဲက ထပ်မံ ဖြစ်ပွား လာတော့၏။ ဤတစ်ကြိမ်တွင် နိဗ္ဗာန်ဓား သက်သက်ကို အသုံးပြုမိသည်။
သို့သော် အနီရောင် သက်တံ သူတော်စင် သခင်က လွယ်ကူစွာ ကိုင်တွယ်ပြလာခဲ့သည်။ ထို့ပြင် ၎င်း၏ တိုက်ပွဲဝင်ပုံစံ အဟုန် ကိုလည်း ပြောင်းလဲမှုများ ပြုလုပ်လာ၏။
ဆိုလိုသည်မှာ နိဗ္ဗာန်ဓား ကဲ့သို့ ဆန်းကြယ်သည့် အရာတစ်ခု ၎င်းဝန်းကျင်၌ ဖြစ်ပေါ်နေသည်။
သို့သော် လင်းယွန်သည် သူ့နိဗ္ဗာန်ဓားကို လုံးဝယုံကြည်သဖြင့် တစ်ဖက်လူထံ ဒဏ်ရာပေး နိုင်မည်ဟု ပိုင်းဖြတ်ထားဆဲ ဖြစ်၏။
ရှေးဦးစွာ နိဗ္ဗာန်ဟူသော ခံစားချက် အချို့ ပြန်ရလာ၏။ သို့သော် မကြာခင် ပျောက်ကွယ် ကုန်တော့သည်။
“ ဘာဖြစ် တာလဲ ... ။ ”
“ အလျင်လို နေစရာ မလိုပါဘူး ... မင်းရဲ့ဓားဟာ အချိန်ကို နောက်ပြန်သွားစေချင် နေတယ် အဲဒီလိုမျိုး မဟုတ်ဘူး ... မင်းသေချာ စဉ်းစား ... ။ ”
အနီရောင် သက်တံ သူတော်စင် သခင်မှ ထောက်ပြလာ၏။ လင်းယွန်က လေးနက်သော အသွင်ဖြင့် နောက်တစ်ကြိမ် ဖန်တီးလိုက်သည်။
“ မဟုတ်သေးဘူး ... ဒါက အတိတ်ကို ပြန်မသွားနဲ့ ... ဒါပေမယ့် အချိန်နဲ့ အာကာသ အပေါ် နည်းနည်းတော့ အပြောင်းအလဲ လုပ်ရမယ် ... စဉ်းစားပါ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ပန်းသင်္ချိုင်းကို ထပ်မံ ပိတ်ဆို့ကာ၊
“ မင်း ဒီထက်ပိုပြီး စဉ်းစားပါ မဟုတ်ရင် မင်းရဲ့ဓားရေးက မတည်မငြိမ် ဆက်ဖြစ်နေဦး မှာပဲ ... အချိန်နဲ့ အာကာသကို ပြောင်းရွေ့ဖို့ လုပ်ရင် အဆင်ပြေမလား။ ”
“ မင်း ... ဘယ်လိုသိလဲ။ ”
ဤသည်မှာ တိုက်ပွဲဆိုသည်ထက် ဆစ်ဖက်လူမှ လမ်းညွှန်ချက် ပေးနေခြင်းနှင့် ပိုတူလာ၏။
“ ငါက ဘာလို့ မသိရမှာလဲ ... မင်းရဲ့ ဓားရည်ရွယ်ချက်က ငါ့ကို ကန့်သတ်နိုင်ခြင်း မရှိတာ ဘာလို့လဲ မင်းတွေးဖူးလား ... ငါမှာ သူတော်စင် တာအိုတွေ များလို့လား ... ဒါမှမဟုတ် တစ်ခုခု ကြောင့်လား ဘာဖြစ်နိုင်မလဲ။ ”
တစ်ဖက်လူက မေးခွန်းများ ဖန်တီးကာ သူ့ကို အဖြေရှာစေသည်။ နိဗ္ဗာန်ဓားမှာ ထပ်မံ မတည်ငြိမ်တော့ သဖြင့် အနီရောင် သက်တံ သူတော်စင် သခင်က ပြုံး၏။
“ ဆက်သွားမယ် ... မရပ်နဲ့ တိုက်ရင်းနဲ့ အဖြေရှာ ... ။ ”
ထပ်မံ တိုက်ခိုက်သောအခါတွင် သူ အနည်းငယ်မျှ တိမ်းစောင်း သွားသည်နှင့် အနီရောင် သက်တံ သူတော်စင် သခင်က မေးခွန်းများ ထုတ်ပေးတော့သည်။
“ မဟုတ်သေးဘူး ... ငါ့ပတ်ဝန်းကျင် ထူးခြားနေတာကို မင်းခံစားမိလား ... ဒါဆို စဉ်းစား ကြည့်စမ်း။ ”
၎င်းက အဖြေကို သိသော်လည်း တိုက်ရိုက်အဖြေ မပြောဘဲ စဉ်းစားရန်သာ တွင်တွင် ပြောနေ၏။
များမကြာခင် နိဗ္ဗာန်ဓားကို ဆယ်ကြိမ် အသုံးပြုခဲ့ပြီး (၃)ကြိမ် အောင်မြင်ကာ (၇)ကြိမ် ကျရှုံးခဲ့သည်။ ကျရှုံးမှုသည် များပြားသော်လည်း ကြီးမားသော တိုးတက်မှု ဖြစ်၏။
သူတစ်ဦးတည်း လေ့ကျင့်စဉ်က အကြိမ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ အောင်မြင်ခဲ့သည်။
“ နေထွက်လာပြီ ပြန်သွားပြီး အဖြေကို တွေးကြည့်လိုက်ပါ။ ”
အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးလျက် နှုတ်ဆက်ပြီး ပျောက်ကွယ် သွား၏။ လင်းယွန် ခမျာ အသက်ပြင်းပြင်း ရှူလျက် သံသယများဖြင့် ကျန်ရစ်ခဲ့သည်။
တိမ်စမ်းရေ တည်ခိုဆောင်သို့ ပြန်ရောက်သောအခါ ကြယ်မြစ် သူတော်စင် ဘုရင်က လက်ဆောင်များနှင့် စောင့်နေ သည်ကို မြင်လိုက်ရ၏။
“ ဒါက ... နည်းနည်း များလွန်းတယ် မဟုတ်လား။ ”
လင်းယွန်က အံ့သြသွားသည်။ ပထမ အကြိမ် အဆင်ပြေသော်လည်း ဒုတိယအကြိမ်၌ အဆင်မပြေဟု ခံစားလိုက်ရ၏။
“ ကြယ်မြစ် သူတော်စင် ဘုရင် ... မင်းရဲ့ မြင့်မြတ်သော သခင်က ငါ့ကို သားမက် အဖြစ် ဖမ်းထားချင်တာတော့ မဟုတ်ပါဘူးနော်။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်၏ လေးနက်သော အမူအရာကြောင့် ကြယ်မြစ် သူတော်စင် ဘုရင်က ရယ်၏။
“ မင်း ဘယ်လိုများ ခန့်မှန်းလိုက်တာလဲ ပန်းသင်္ချိုင်း ... ကောင်းပြီ စိတ်ရှင်းရှင်းနဲ့ ယူပါ မင်းနဲ့ ထိုက်တန်လို့ ပေးတာပါ။ ”
ကြယ်မြစ် သူတော်စင် ဘုရင်က လင်းယွန် ပခုံးကို ပုတ်လိုက်ပြီး၊
“ မြင့်မြတ်သော သခင်က ... ခြောက်ရက်နေရင် မင်းကို တွေ့လိမ့်မယ်။ ”
-ဟု ပြောကြား လာသည်။
“ ကောင်းပြီ ... ။ ”
လင်းယွန် တစ်ယောက် မျက်လုံးများ တောက်ပလာ၏။ သူသည် နတ်ဖီးနစ်တောင် ထံမှ အကူအညီ ရယူရန် ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဆုံးဖြတ်ချက် ချနိုင်သည့် မြင့်မြင်သော သခင်နှင့် တွေ့ချင်နေခဲ့သည်မှာ သဘာဝအတိုင်း ပေပင်။
“ ဧကရီ ... မင်းတစ်ခုခု ခံစားရပြီလား၊ စောစောက သူဒုက္ခမပေးဘူးလို့ ... မင်းဘာလို့ အာမခံခဲ့တာလဲ။ ”
လင်းယွန်က ဓားသေတ္တာထဲ ဝင်ပြီး မေးလိုက်သည်။
“ လောကကြီးမှာ ... ရှောင်လွှဲလို့ မရတဲ့ အရာတွေရှိတယ် ဘာလို့လဲ ဆိုတာကို မကြာခင် နင်သိလာ ပါလိမ့်မယ် ...
... အခုတော့ လက်ဆောင်တွေကို စိတ်ရှင်းရှင်းယူပါ ... ဖီးနစ်သွေး သစ်သီးတွေနဲ့ ဖီးနစ်သွေး အလုံးတွေ ငါ့ကို တစ်ဝက်ပေး။ ”
“ ကောင်းပြီ ရော့ ... ။ ”
လင်းယွန်က တစ်ဝက် ခွဲပေးလိုက်၏။ ခရမ်းငယ်က လက်ခံယူပြီးနောက် လင်းယွန် ပါးပြင်ကို ရွှတ်ခနဲ နမ်းသည်။
“ ဟီးဟီး ... ကျေးဇူးတင်ပါတယ်။ ”
စကားဆုံးသည်နှင့် ချက်ချင်း ပြေးထွက် သွားတော့သည်။ လင်းယွန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိ၏။
လေပေါ်ကမ်းခြေ နန်းတော်သည် နတ်တောင်နှင့် အနီးဆုံး လေပေါ်ကျွန်း ဖြစ်ပြီး ထိုအရပ်၌ ကျိကျစ်ရှီ နေထိုင်သည်။
ယနေ့တွင် ပြီးပြည့်စုံသော ကောက်ကြောင်းကို ပေါ်လွင်စေသည့် ရွှေချည် များဖြင့် အနားကွပ်ထားသော မီးတောက်ပါ ၀တ်စုံကို ၀တ်ဆင်ထား၏။
ဦးခေါင်း၌လည်း သူမအဖေ ကဲ့သို့ သရဖူ တစ်ခု ဆောင်းထားလေသည်။ မြင့်မြတ်သော သခင်က အခန်းထဲ လှမ်းဝင်လာ၏။
မှန်ကြည့်နေသော သူ့သမီး၏ အသွင်ကို မြင်ချိန်၌ မြင့်မြတ်သော သခင်ပင် မှင်တက် သွားလေသည်။
“ သမီး ... စိတ်လှုပ်ရှားနေတာလား။ ”
ကျိကျစ်ရှီက ပြန်မဖြေဘဲ လှည့်ကြည့် လိုက်သည်။ လက်ဖဝါးရှိ ဒဏ်ရာကို မြင်ပြီး မျက်နှာ ပြောင်းသွား၏။
“ ဖေဖေ ဘာဖြစ်တာလဲ။ ”
“ သမီးကောင်လေး လုပ်လိုက်တာ။ ”
မြင့်မြတ်သော သခင်က ခုံတစ်လုံးတွင် ဝင်ထိုင်ကာ ပြန်ဖြေ၏။ ကျိကျစ်ရှီက အံ့ဩသွား တော့သည်။
“ အစ်ကိုကြီးလင်းက ဖေဖေ့ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာ ပေးနိုင်မှာလဲ။ ”
မြင့်မြတ်သော သခင်က ပြုံးပြီး ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။
“ ဒါဆို အစ်ကိုကြီးလင်းက နှစ်ပေါင်း တစ်ထောင်အတွင်း အသန်မာဆုံး ဓားသမား တစ်ယောက်ပဲပေါ့။ ”
“ ဟမ့် ... ညည်းအဖေရဲ့ ဒဏ်ရာကို စိတ်မပူဘူးလား။ ”
“ အိုး ... ဖေဖေက ဒီကမ္ဘာကြီးမှာ အတော်ဆုံးပါ ... ဒီဒဏ်ရာက ဖေဖေ့အတွက် ဘာမှ မဖြစ်ပါဘူး ဟုတ်တယ် မဟုတ်လား။ ”
ကျိကျစ်ရှီက သူမအဖေထံ လျှောက်လှမ်းလာပြီး ပခုံးကို နှိပ်နယ်ပေး လိုက်သည်။
“ ဖေဖေ ... အစ်ကိုကြီးလင်းကို ကောင်းကောင်း လမ်းပြပေးပါ။ ”
“ ဟား ဟား ဟား ... ဒါက သမီးရဲ့ စိတ်ရင်းအမှန်ပဲ မဟုတ်လား။ ”
ထိုအချိန်တွင် ကြယ်မြစ် သူတော်စင် ဘုရင်နှင့် အကြီးအကဲ တစ်ယောက် ဝင်ရောက် လာကာ ဦးညွှတ်လျက်၊
“ ဆရာ ... အခမ်းအနား မကြာခင် စတော့မယ် ။ ”
-ဟု ပြောကြားလာသည်။
မြင့်မြတ်သော သခင်၏ အပြုံးများ ချက်ချင်းပျောက်ကွယ်သွားပြီး ကျစ်ကျစ်ရှီထံ ပြန်ကြည့်လိုက်သည်။
“ သမီးက ဉာဏ်ကြီးရှင်ပဲ ... သမီးရဲ့ အရည်အချင်း ဒါမှမဟုတ် မွေးရာပါ စွမ်းရည် အရ ... ငယ်ပေမယ့် အဆင်ပြေမှာပါ။ ”
“ စိတ်မပူပါနဲ့ ဖေဖေ ... နတ်ဖီးနစ် ခန္ဓာကိုယ်ကို သမီး အောင်မြင်စွာ ဖွဲ့စည်းနိုင် မယ်လို့ ယုံကြည်ပါတယ်။ ”
“ ကောင်းပြီ ... ဖီးနစ်နတ်ခန္ဓာကိုယ်ရဲ့ အဓိပ္ပါယ်က ... သမီးဟာ ဖီးနစ်သခင်ရဲ့ တစ်ဦး တည်းသော ဖီးနစ်သမီးတော် ဆိုတဲ့ အဓိပ္ပါယ်ပဲ ဒါကို မမေ့ပါနဲ့။ ”
“ ကျစ်ရှီ သိပါတယ် ... ။ ”
“ ဟုတ်ကဲ့ ... ဒီအခမ်းအနားက အန္တရာယ်ရှိပေမယ့် နတ်မီးတောက်ကြောင့် မင်းသမီးလေး ဘေးကင်းမှာပါ။ ”
ကြယ်မြစ် သူတော်စင် ဘုရင်မှ ဝင်ပြော လာသည်။ ထို့နောက် မြင့်မြတ်သော သခင်က ကျစ်ကျစ်ရှီကို ခေါ်သွားခွင့် ပြုလိုက်၏။
၎င်းတို့ ထွက်သွားပြီးနောက် ကြယ်မြစ် သူတော်စင် သခင်၊
“ ကောင်းကင် ရေကန် သူတော်စင် ဘုရင် ရောက်နေပါပြီ ဆရာ ... ။ ”
-ဟု သတင်း ပို့လာသည်။
မြင့်မြတ်သော သခင် မျက်နှာမှာ ရွှင်မြူးလာပြီး၊
“ သူ့ကို ပင်မ ခန်းမဆောင်ထဲ ခေါ်သွားလိုက်ပါ ... ကိုယ်လက် သန့်စင်ပြီးရင် ငါ လာခဲ့မယ်။ ”
-ဟု မှာကြားလိုက်၏။
တစ်နာရီခန့် ကုန်လွန်သွား ပြီးနောက် မြင့်မြတ်သော သခင်က ကောင်းကင် ရေကန် သူတော်စင် ဘုရင်နှင့် တွေ့ဆုံနေသည်။
ကောင်းကင် ရေကန် သူတော်စင် ဘုရင်သည် အသက်ငယ်သေးပြီး ကျင့်ကြံမှုပါ နိမ့်ပါးသောကြောင့် အရိုအသေ ပေး၏။
“ မြင့်မြတ်သော သခင်ကို လေးစားပါတယ်။ ”
“ ကောင်းကင် ရေကန် သူတော်စင် ဘုရင် ... ယဉ်ကျေးလွန်းပါပြီ မင်းက နတ်ဖီးနစ်တောင်ရဲ့ ဧည့်သည်ဖြစ်လို့ ဒီလိုကျင့်ဝတ်တွေကို လိုက်နာ နေစရာ မလိုပါဘူး။ ”
“ မြင့်မြတ်သော သခင် ... ပန်းသင်္ချိုင်း အတွက် ငါ့ကို အားကိုးရင်တော့ မင်း စိတ်ပျက် သွားမှာကို ကြောက်မိပါတယ်။ ”
“ ဘာကို ဆိုလိုတာလဲ။ ”
ဟွာရွှမ်ယီကို လင်းယွန်မှ အနိုင်ယူ လိုက်သည့်အချိန်၌ မြင့်မြတ်သော မဟာမိတ် အဖွဲ့က ၎င်းအပေါ် အာရုံစိုက်မိခဲ့သည်။
သို့သော်၊
“ သူငါ့ကို မေ့နေလောက်ပြီ။ ”
-ဟု အရွှန်းဖောက် ပြောကြားလိုက်၏။
ထိုအချိန်က သူသည် သူတော်စင် သခင် မျှသာ ဖြစ်ပြီး ယခုမူ သူတော်စင်ဘုရင် ဖြစ်နေ ခဲ့ပြီ ဖြစ်သည်။
မြင့်မြတ်သော သခင်က ပြုံးလျက်၊
“ မြင့်မြတ်သော မဟာမိတ်အဖွဲ့က လင်းယွန်ကို ကောင်းကင်လမ်း ပို့ဆောင်ပေး ခဲ့တာပဲ ... ဒါဆို သူ မင်းကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က ပြုံးရုံသာပြုံးပြီး တုန့်ပြန်ခြင်း မပြု တော့ချေ။
“ စိတ်မပူပါနဲ့ ... အဲဒီအတွက် မင်းကို ငါခေါ်ခဲ့တာ မဟုတ်ပါဘူး ကောင်းကင်ရေကန် သူတော်စင် ဘုရင်။ ”
မြင့်မြတ်သော သခင်၏ အမူအရာမှာ လေးနက်သွား၏။
“ နဂါးတံခါး ပြိုကျသွားတုန်း ... နဂါးပြာ ဘိုးဘေးနောက်ကို လိုက်လိုတဲ့ အင်အားစုတွေ များစွာ စုစည်းပြီး ... မြင့်မြတ်သော မဟာမိတ် အဖွဲ့ကို ဖန်တီးခဲ့တယ် ဒါဆို အတိတ်က ...
... မြင့်မြတ်သော မဟာမိတ် အဖွဲ့ရဲ့ သစ္စာစကားအပေါ် မှတ်မိသေးလား ခွန်လွန်ကို ကာကွယ်ပြီး ကောင်းကင်လမ်း ပြန်လည် ပြုပြင်မယ် ဆိုတာလေ။ ”
“ မှန်တယ် ... လင်းယွန်က ကောင်းကင်လမ်း (၉)ခုလုံးရဲ့ အသန်မာဆုံး ချန်ပီယံ ဆိုတာ ငါတို့အားလုံး သိပါတယ်၊ ဒါကြောင့်လည်း ...
... ကောင်းကင်ယံဂိုဏ်း လုပ်ကြံဖို့ ကြိုးစားစဉ်တုန်းက ငါတို့ ကြားဝင် တားမြစ် လိုက်ရသေးတယ် ...
... တခြားလမ်းက ချန်ပီယံတွေနဲ့အတူ ဒီနှစ်တွေ တစ်လျှောက်လုံး သူ့အပေါ် အာရုံစိုက် ခဲ့ရတယ် ...
... ရှေးရက်ပိုင်းတုန်းက နတ်ဘုရား သင်္ချိုင်းတောင်တန်း တိုက်ပွဲ သတင်းကြောင့် မြင့်မြတ်သော သခင် မခေါ်ရင်လည်း ... ငါ သူနဲ့တွေ့ဖို့ လာမိမှာပါ။ ”
ထိုအဖြေကြောင့် မြင့်မြတ်သော သခင် အမူအရာ ပြေလျော့သွားပြီး ပြုံးလျက်၊
“ ကောင်းပြီ ... မြင့်မြတ်သော မဟာမိတ် အဖွဲ့က ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိ-မရှိ ရွေးချယ် နိုင်ပါတယ် ... ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်နိုင်တဲ့ ...
... တစ်စုံတစ်ယောက် ရှိနေတယ် ဆိုရင် အဲဒီလူက လင်းယွန်ပဲ ... ဒါက လက်ရှိဧကရာဇ် ကိုးပါးတောင် မတတ်နိုင်တဲ့ အရာမျိုးပါ။ ”
ထိုစကားကြောင့် ကောင်းကင် ရေကန် သူတော်စင် ဘုရင်က မြင့်မြတ်သော သခင်ထံ ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။
ဤပုဂ္ဂိုလ်သည် နတ်ဖီးနစ် တောင်တန်း၏ မြင့်မြတ်သော သခင် ဖြစ်ပြီး ဧကရာဇ် နယ်ပယ် အောက်၌ တန်ခိုးရှင် ဖြစ်ခဲ့ဖူး၏။
ထို့ကြောင့် ၎င်းထံက ထွက်လာသော စကားလုံးတိုင်းသည် များစွာ အလေးချိန်ရှိ ချေပြီ။
“ မဟာမိတ် အဖွဲ့ကလည်း သူ့အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့ပါတယ် ဒါပေမယ့် .. တုနှိုင်းမဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ...
... တောင်ပိုင်း ဧကရာဇ်ကို ခဏထားဦး ... ဓားဧကရာဇ် ယုချင်းဖန်ကို သူအရင် ဖြတ်ကျော် ရလိမ့်မယ်။ ”
ထို့နောက် ကူကယ်ရာမဲ့သော အသွင်ဖြင့်၊
“ တောင်ပိုင်း ဧကရာဇ် ထွက်ခွာသွား ပြီးတဲ့နောက် ယုချင်းဖန်က ကောင်းကင်လမ်း ပြန်ပြင်ဖို့ ကြံရွယ်ခဲ့တယ် မအောင်မြင်ခဲ့ဘူး။ ”
-ဟု ပြောကြား လိုက်တော့သည်။
မြင့်မြတ်သော သခင်က ရေနွေးကြမ်း တစ်ငုံသောက်ကာ ငြိမ်သက်နေရာမှ၊
“ ကောင်းကင် ရေကန် သူတော်စင် ဘုရင် ရှေးဦးခေတ်က နတ်ဘုရားတွေ သတ်နိုင်တဲ့ ဓား သူတော်စင် အမည်ကို ကြားဖူးလား။ ”
-ဟု မဆီမဆိုင်သော မေးခွန်းကို မေးမြန်းလိုက်၏။
ထိုမေးခွန်းက ကောင်းကင် ရေကန် သူတော်စင်ဘုရင်ကို ခေတ္တမျှ အံ့အားသင့်သွား စေပြီးနောက် ချက်ချင်း တုန်လှုပ်လာ၏။
“ ဒါ ... ။ ”
“ မှန်တယ် ... အာကာသက အုပ်စိုးရှင်၊ အချိန်ဆိုတာ ဘုရင်၊ ဖျက်ဆီးခြင်းကို ထိန်းရ ခက်ပြီး၊ ကံက အစိုးမရဘူး၊ သစ္စာတရား ကတော့ ထာဝရပဲ၊ ...
... ယင်နဲ့ယန်က ကောင်းကင် ... ၊ ဒြပ်ငါးပါးက မြေကြီး ဒါပေမယ့် ... နိဗ္ဗာန်ရှေ့မှာ အားလုံးက အဓိပ္ပါယ် မရှိပါဘူး ... အကြောင်း တရားက လွဲလို့။ ”
လင်းယွန်သည် နတ်ဘုရားသတ် ဓားသူတော်စင်နှင့် မပတ်သတ်လျှင်ပင် ကိစ္စ မရှိတော့ချေ။ ၎င်းသည် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သူ ဖြစ်နေချေပြီ။
“ မဖြစ်နိုင်ဘူး ... ။ ”
ထိုဝါကျသည် အငြင်းဝါကျ မဟုတ်ချေ။ ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်၏ ထိတ်လန့်သွားသော အာမေဋိတ် ဝါကျသာ ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော် နိဗ္ဗာန်တာအို ဟူသည် ခွန်လွန်၌ ကြောက်မက်ဖွယ် တာအို ဖြစ်သည်။
နတ်နဂါးခေတ် စတင်စဉ် ကတည်းက လူနှစ်ဦးသာ ဆုပ်ကိုင်နိုင်၏။ ၎င်းမှာ နဂါးပြာ ဘိုးဘေးနှင့် အိုင်းရစ် ဓားသူတော်စင် ပေပင်။ ယခု တတိယ လူပေါ်လာပြီ ဖြစ်၏။
လက်ဖျားများ တုန်ယင်လျက် ကိုင်ထားသော ရေနွေးကြမ်းများ ကြမ်းပြင်ပေါ် လျှံကျလာ တော့သည်။
***