မင်း ရုပ်မြင်သံကြားဌာနနဲ့ ရင်းနှီးနေတာလား
Vol. 34 Ch. 496
ဖုန်းယွီ ယခင်ဘဝတွင် စတော့ပွဲစား တစ်ဦးသာ ဖြစ်သည်။ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန် ယခင်က မကူညီခဲ့ဖူးသော်လည်း အခြေခံ အချက်များကိုမူ ခါမီဒါမာဆောင်ထက် ပိုမိုသိနေပေသည်။ ဖုန်းယွီ နည်းငယ် ငွေပိုသုံးရမည် ဆိုလျှင်ပင် အမေရိကန် စာရင်းကိုင် ကုမ္ပဏီနှင့် နာမည်ကျော် ဥပဒေကုမ္ပဏီတစ်ခု ငှားရမ်းရမည်ဖြစ်ကြောင်း ခါမီဒါမာဆောင်ကို ပြောလိုက်သည်။ ထို့အပြင် တရားဝင်ဈေးနှုန်းကို အတွေ့အကြုံရှိပြီး လုံခြုံမှုရှိသော ဝတ်ဆောင်မှု အဖွဲ့တစ်ခုမှ ကိုင်တွယ်သင့်ပေသည်။ ဤအရာများ အားလုံးသည် ကုမ္ပဏီကို မှတ်ပုံတင်ပြီးနောက် ရှယ်ယာများအပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။
ဖုန်းယွီ အများအပြား ပြောသမျှ ခါမီဒါမာဆောင် မှတ်စုလိုက်မှတ်နေပေသည်။ ဖုန်းယွီ သူ့လုပ်ရပ်များကို သဘောကျနေပေသည်။
ဤသည်ကပင် အရည်အချင်းရှိသူ တစ်ဦးဖြစ်ပေသည်။ သူသည် စီမံခန့်ခွဲမှု ပညာကျွမ်းကျင်သည်။ နိုင်ငံခြား ဘာသာစကား အနည်းငယ် တတ်ထားသည်။ တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်ပြီး ဈေးကွက်ကို ကောင်းကောင်း နားလည်ပေသည်။ သူသည့် အဘယ့်ကြောင့် ဂျပန်လူမျိုး ဖြစ်နေသနည်း။ အကယ်၍ တရုတ်လူမျိုး ဖြစ်ပါက ဖုန်းယွီသည် အစုရှယ်ယာတစ်ခု တည်ထောင်သည်နှင့် သူ့၏ ပိုင်ဆိုင်မှုအားလုံး ထိုရှယ်ယာများတွင် စုထားမည်သာပင်။ ဤ ခါမီဒါမာဆောင်သည် သူ၏ လုပ်ငန်းအားလုံးကို စီမံခန့်ခွဲရန် ပြီးပြည့်စုံသော CEO တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ခါမီဒါမာဆောင်သည် ဖုန်းယွီ ခေါင်းခါရင်း ဝမ်းနည်းနေသည့် မျက်လုံးများ မြင်လိုက်ရသည့်အခါ ပို၍ စူးစူးစိုက်စိုက် မှတ်သားနေပေသည်။ လူလည်း တုန်လှုပ်သွားမိသည်။ သူ ဘာဖြစ်သွားလဲ မသိချေ။
ဒီလိုမျက်လုံးနဲ့ ခေါင်းဆောင် မိမိကို ကြည့်ခြင်းသည့် မည်သည်ကို ဆိုလိုသနည်း။ မိမိ စွမ်းဆောင်ရည်ကို မကျေမနပ်ဖြစ်ပြီး လုံလုံလောက်လောက် မစွမ်းဆောင်နိုင်ဟု ခံစားနေရသည်လော။ သို့တည်းမဟုတ် ဘဏ္ဍာရေး အစီရင်ခံစာကို တစ်ခုခုလွဲချောနေသည်ဟု သံသယ ရှိနေသည်လော။ သူပေးအပ်ထားသည့် အခွင့်အရေးများ အားလုံး ပြန်သိမ်းဖို့ စဉ်းစားနေသည်လော။
“ခေါင်းဆောင်.. မင်း စိတ်မချမ်းသာအောင် ငါဘာအမှားများ လုပ်လိုက်မိလဲ..”
ခါမီဒါ မာဆောင်၏ မိသားစုစီးပွားရေးသည် နောက်ဆုံးတွင် သူ၏ ခေါင်းဆောင်မှုအောက်၌ ပြန်လည်ရှင်သန်လာခဲ့ပြီး ကမ္ဘာ့နံပတ်(၁) ကာမအရုပ် ကုမ္ပဏီ ဖြစ်လာသည် မဟုတ်ပေလော။ ကုမ္ပဏီစီမံခန့်ခွဲရန် နည်းလမ်းသစ်ကိုပင် မိတ်ဆက်ပေးခဲ့ပြီး မိသားစု၏ ဂုဏ်ဆောင်လည်း ဖြစ်ခဲ့ပေသည်။ ဖုန်းယွီသာ သူ့အခွင့်အရေးများ ပြန်လည် ရုတ်သိမ်းသွားပါက ထိခိုက်မှု အလွန်ကြီးမားပြီး သူ့မိသားစုလည်း စိတ်ပျက်သွားပေ လိမ့်မည်။
ဖုန်းယွီ ခါမီဒါမာဆောင်၏ စိုးရိမ်သည့် မျက်နှာကို ကြည့်ကာ တစ်ခုခု အထင်လွဲသွားမှန်း သိလိုက်သည်။
“မဟုတ်ပါဘူး.. မင်း တော်တော် ကောင်းတယ်လေ.. ငါ့မျှော်လင့်ထားတာထက်တောင် ကျော်သေးတယ်.. ဆဋ္ဌမအာရုံ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ငါဝင်မစွက်ဖက်ဘူးလို့ ပြောထားတယ်မို့လား.. မင်း ငါ့ကို ဘာမှ မလုပ်သရွေ့ ဒီအတိုင်း ထားမှာပဲလေ..”
“စိတ်မပူနဲ့ ခေါင်းဆောင်.. ငါမင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး..”
ခါမီဒါမာဆောင် ကျိန်ဆိုလိုက်ပြန်သည်။ ဂျပန်တို့၏ ပင်ကိုယ်ဗီဇ အရ သူတို့ထက် အရည်အချင်း ပိုသူကို လေးစားကြပေသည်။ ခါမီဒါမာဆောင်သည် ဖုန်းယွီကို လေးစားမှု အပြည့်ရှိပြီး ဖုန်းယွီ၏ လမ်းညွှန်မှု မရှိဘဲ ဆဋ္ဌမအာရုံ ကုမ္ပဏီ ရှိလာမည်မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။
“ထားလိုက်တော့.. ငါသိပါတယ်.. အာ.. မင်း ဂျပန် ရုပ်မြင်သံကြားဌာနနဲ့ ရင်းနှီးလား..”
“ဖူဂျီ ရုပ်မြင်သံကြားမှာတော့ အသိနည်းနည်းရှိတယ်.. ငါတို့ ထုတ်ကုန်အနေအထားကြောင့် ရုပ်မြင်သံကြားဌာနနဲ့ သိပ်မရင်းနှီးဘူး..”
ခေါင်ဆောင် မည်သည့်အတွက် ဂျပန်ရုပ်မြင်သံကြားဌာနကို မေးရသနည်း။
ဖုန်းယွီ မျက်မှောင် ကြုတ်လိုက်မိသည်။ မရင်းနှီးဘူး။ အမှတ်တကယ်လဲ ကုမ္ပဏီ၏ ထုတ်ကုန်များသည် ရုပ်မြင်သံကြားတွင် ကြော်ငြာရန် မသင့်တော်ချေ။
“ခေါင်းဆောင်.. တကယ်တော့ ဟီတာရို နစ်ကာဂျီမာက ရုပ်မြင်သံကြားတွေကို ငါ့ထက်ပိုပြီး ရင်းနှီးတယ်..”
ဂျပန်နိုင်ငံတွင် ခါမီဒါမာဆောင် နှင့် ဟီတာရို နစ်ကာဂျီမာ တို့သည် အချို့ပွဲများတွင် တွေ့ဆုံဖူးသည်။ တစ်ယောက်နှင့် တစ်ယောက် စကား သိပ်မပြောဖြစ်ကြသော်လည်း နှစ်ဦးစလုံးသည် သူဌေးတစ်ဦး၏ လက်အောက်တွင် အလုပ် လုပ်နေကြသူများဖြစ်ကြောင်း သိထားကြသည်။ မတူညီသော ကုမ္ပဏီများ ဖြစ်သည့်အတွက် လုပ်ငန်းသဘောအရ လက်တွဲ လုပ်ဆောင်ရန် မရှိချေ။
ဖုန်းယွီ မျက်လုံးများ တောက်ပသွားသည်။ မှန်ပေ၏။ ဟီတာရို နစ်ကာဂျီမာ သည် အိုက်ဝါကို ရုပ်မြင်သံကြားနှင့် သတင်းစာများကို ပေးပို့ထားသဖြင့် ရုပ်မြင်သံကြားလိုင်းများနှင့် ပိုရင်နှီးပေလိမ့်မည်။
ဖုန်းယွီ အောက်ထပ်သို့ ချက်ချင်း ဆင်းကာ ဟိုတယ် ကောင်တာရှေ့အထိ ပြေးသွားလိုက်သည်..
“ဒီမှာ နိုင်ငံတကာကို ဖုန်းခေါ်လို့ရလား..”
“ဟုတ်ကဲ့ .. ဘယ်အခန်းမှာ နေလဲ သိလို့ရမလား..”
ဖုန်းယွီ ယွမ်(၁၀၀)တန် တစ်ရွက်ထုတ်၍ ကောင်တာပေါ်တင်လိုက်ပြီး..
“ငါ ငွေသားနဲ့ ရှင်းပါ့မယ်..”
ဖုန်းယွီ အိတ်ထဲမှာ ဖုန်းစာအုပ်ငယ်လေး ထုတ်လိုက်သည်။ ဖုန်းယွီကိုင်ဆောင်သည့် လက်ကိုင်ဖုန်းမှာ တယ်လီဖုန်း နံပတ်များ သိမ်းဆည်းထားနိုင်ခြင်း မရှိသေးသည့်အပြင် အခြားလူများသည်လည်း အတူတူသာ ဖြစ်ပေသည်။ သို့အတွက် ဖုန်းစာအုပ်ငယ်များ ယူလာရခြင်းပင်။
ဖုန်းယွီသည် သူ့အိမ်နှင့် လီနာ၏ ဖုန်းနံပတ်သာ မှတ်မိပေသည်။ ကျန်းယွီချန်း၏ နံပတ်ပင် မမှတ်မိချေ။
ဖုန်း ဆက်သွယ်မှုရသည့်အခါ ဖုန်းယွီ ဂျပန်ဘာသာဖြင့် ပြောလိုက်သည်။
“ငါ ဖုန်းယွီပါ.. ဟီတာရို နစ်ကာဂျီမာ ကို ခေါ်ပေးပါ..”
တခြားဘက်မှ အချိန်သိပ်မယူလိုက်ချေ။ ဤဖုန်းသည် တရုတ်မှလာသည်ကို တွေ့ရသည်။ ဤသည်မှ ကုမ္ပဏီ၏ လျှို့ဝှက်သူဌေးပင်။
“ခေါင်းဆောင် ကျုပ်ကို တွေ့ချင်တာလား..”
“မင်း ဂျပန်က ရုပ်မြင်သံကြား လိုင်းတွေနဲ့ ရင်းနှီးလား..”
“တော်တော်ရင်းနှီးတယ်.. ငါတို့ရဲ့ Walkman တွေကို အရမ်းကာရော ကြော်ငြာနေတာ မဟုတ်ပေမယ့် ငါတို့ မော်ဒယ်အသစ် ထွက်တိုင်း သူတို့နဲ့ ဈေးကွက်ချဲ့ဖို့ လုပ်ရတယ်လေ.. ပြီးတော့ ငါတို့ VCD စက်တွေလဲ ရုပ်မြင်သံကြားမှာ ကြော်ငြာထားတယ်။ ဌာနနဲ့ တော်တော် ရင်းနှီးတယ်လို့ ပြောလို့ရတယ်..”
“ဒါဆို အဲ့အစီအစဉ်တွေမှာ ဆေးဝါးတွေ ထည့်ခွင့် ရလောက်မလား..”
“ဆေးဝါးလား.. ဆေးညွှန်းလား..”
“မဟုတ်ဘူး.. ဒါတွေက ဆေးညွှန်းမဟုတ်ဘူး ဆေးဝါးလို့ ပြောလို့ရတယ်.. ဆေးဝါးက ဇင့်၊ ကယ်လဆီယမ် ဖြည့်စွက်စာအပြင် သွေးနီဥတွေလဲ တိုးပွားစေတယ်..”
ဖုန်းယွီ ရှင်းပြပေးလိုက်သည်။ တရုတ်တွင်လည်း ဆေးညွှန်းများ ကြော်ငြာခြင်း ခွင့်ပြုမထားချေ။
ဇင့်ဓါတ်၊ ကယ်လဆီယမ်ဓါတ်တွေလား။ ဘယ်လို ဖြည့်စွက်စာပါလိမ့်။ ဟီတာရို နစ်ကာဂျီမာ စိတ်ရှုတ်သွားသည်။ ဤအရာများအတွက် ဈေးကွက် ထူးထူးခြားခြား မရှိချေ။
အဖြစ်များသော တုပ်ကွေး သို့တည်းမဟုတ် ချောင်းဆိုးခြင်းများကဲ့သို့သော ဝေဒနာများ ကုသရာတွင် အသုံးပြုသည့် ဆေးဝါးဈေးကွက်သည် လူသုံးများသည့်အတွက် ပိုမိုသိသာထင်ရှားပေသည်။ သို့ရာတွင် ဖြည့်စွက်စာများသည် ဈေးကွက်တွင် ကြီးကြီးမားမား မရှိချေ။ ဖုန်းယွီသည် အဘယ့်ကြောင့် ထိုထုတ်ကုန်များ ကြောငြာချင်နေသနည်း။
“ခေါင်းဆောင် မင်းပြောတာ ငါနားမလည်ဘူး..”
ဖုန်းယွီ ပြောစရာ စကားမဲ့သွားသည်။ ဂျပန်တွင် ကျန်းမာရေး ထုတ်ကုန် သဘောတရားများ မသိကြသလော။
“ဒီဆေးက ခန္ဓာကိုယ်ထဲက အဟာရတွေကို ဖြည့်တင်းဖို့ သုံးတဲ့ ကျန်းမာရေး ထုတ်ကုန်တစ်မျိုးပါ..”
ဟီတာရိုနစ်ကာဂျီမာ ယခုမှ နားလည်သွားတော့သည်။ ကျန်းမာရေး ထုတ်ကုန်များ။ သို့ရာတွင် ထိုထုတ်ကုန်များကို အဘယ့်ကြောင့် ဆေးဝါးအဖြစ် အမျိုးအစား ခွဲထားသနည်း။
“ခေါင်းဆောင်.. မင်း ဒီဆေးဘက်ဆိုင်ရာ ထုတ်ကုန်ကို စားသုံးသူတွေရဲ့ ဘယ်အပိုင်းမှာ ကြော်ငြာချင်တာလဲ.”
“ဘယ်လို စားသုံးသူမျိုးတုန်း.. ဂျပန် အားလုံးလေ..”
ဂျပန်အားလုံး။ ဟီတာရိုနစ်ကာဂျီမာ ပို၍ပင် စိတ်ရှုတ်သွားတော့သည်။ ဂျပန်လူမျိုးတိုင်းအတွက် မည်သည့် ကျန်းမာရေး ထုတ်ကုန်မျိုးက သင့်တော်မည်နည်း။ ၎င်းထုတ်ကုန်များသည် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်သာ မဟုတ်ပေလော။ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်။ ဂျပန်အားလုံး ကယ်လ်စီယမ်နှင့် သံဓာတ် ချို့တဲ့ရန် မဖြစ်နိုင်ချေ။ ဂျပန်လူများများသည် အများအားဖြင့် ငါးစားသုံးမှု များကြသည်။ ထိုသည်မှာ ကယ်လ်စီယမ် ဓါတ် အစားအစာပင် ဖြစ်ပေသည်။
ဟီတာရိုနစ်ကာဂျီမာ ဖုန်းယွီကို ဂျပန် အစားအစာများအကြောင်း ရှင်းပြ၍ ဂျပန်လူမျိုးများသည် ပရိုတင်၊ ကယ်လ်စီယမ်နှင့် သံဓာတ် စသည်တို့ မချို့တဲ့ကြချေ။
ဖုန်းယွီ နောင်တရနေသည်။ ဂျပန်များသည် အားလုံး မချို့တဲ့ သည်လော။ သူအနေဖြင့် ဗီတာမင်နှင့် သံဓာတ်ဖြည့်စွက်စာ များသာ ရောင်းချနိုင်သေးသည်။
ဖုန်းယွီသည် ဂျပန်တွင် အလားတူထုတ်ကုန်များ ရှိကြောင်း တွေ့ရှိထားပြီး ကောင်းပွန်စွာ လုပ်နိုင်ကြခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။ ဂျပန်စားသုံးသူများသည် ၎င်းတို့၏ ဆရာဝန်များ အကြံပေးချက်အရ ဝယ်ယူကြမည် ဖြစ်သည်။ အများအားဖြင့် ဤကဲ့သို့ ဖြည့်စွက်စာများကို မည်သူမှ မဝယ်ချင်ကြချေ။
“ဟီတာရိုနစ်ကာဂျီမာ.. ဂျပန်လူမျိုးတွေက မင်းပြောတဲ့ အစားအစာတွေကြောင့် ကယ်လ်စီယမ်နဲ့ သံဓာတ် မလုံလောက်ယုံတင် မဟုတ်ဘူး ဂျပန်လူမျိုးတွေဟာ ဗီတာမင်နဲ့ သံဓာတ်တွေ ချို့တဲ့နေတယ်ဆိုတာ ငါသိတယ်.. အဲ့ဒါ ဂျပန်စာတွေ ကြည့်လိုက်ရင် ပြောလို့ရတယ်.. ဥပမာဆိုရင်.. ဂျပန်လူမျိုးတွေရဲ့ အရပ်အနိမ့်အမြင်ပေါ့..”
ဖုန်းယွီသည် သံဓာတ်၏ အကျိုးသက်ရောက်မှုနှင့် ဗီတာမင့် ချို့တဲ့မှု အနည်းငယ်ကို ဆက်လက်ရှင်းပြလိုက်သည်။ သူပြောခဲ့သည့် စကားအချို့မှာ အမှန်တရားများဖြစ်ပြီး အချို့မှာ သူ့ဟာသူ ပြောလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် နောက်ဆုံး ဟီတာရိုနစ်ကာဂျီမာ ယုံကြည်သွားတော့သည်။
“ဒီလောက်ဆို မင်းနားလည်ပြီလား.. ဂျပန်လူမျိုးအားလုံး သံဓာတ်ချို့တဲ့တယ်.. သံဓာတ် စားသုံးမှု မြှင့်ဖို့ ထုတ်ကုန် တစ်ခု လိုတယ်.. ငါမှာ တော်တော်ကောင်းပြီး ထိရောက်တဲ့ သံဓာတ်ဖြည့်စွက်စာ ထုတ်ကုန်တစ်ခုရှိတယ်..”
“ခေါင်းဆောင်.. ငါနားလည်ပြီ.. ရုပ်မြင်သံကြားဌာနကို ဆက်သွယ်ပြီး ကြော်ငြာအကွက် (၂)ခုဝယ်ဖို့ ကူညီပေးမယ်.. ပြီးရင် ငါမင်းကို အကြောင်းပြန်လိုက်မယ်လေ..”
“ကောင်းပြီ..”
ဖုန်းချပြီးနောက် ဖုန်းယွီသည် ဧည့်ကြိုကောင်တာမှ သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။ မိမိမှာ ချောမောလွန်း၍ ဆွဲဆောင်အား ကောင်းနေသည်လော။
“ဆရာ.. တစ်မိနစ်ကို ယွမ်(၃၀)ပါ.. အခု ခေါ်ဆိုမှုက (၁၁)မိနစ်နဲ့ (၆)စက္ကန့်ဆိုတော့ (၁၂)မိနစ် တွက်ပါတယ်.. ယွမ် (၂၆၀)ပေးချေရမှာပါ..”
သေပါတော့ဗျာ။ ဖုန်းယွီ ယွမ်(၃၀၀)အမြန်ထုတ်၍ ကောင်တာပေါ် ချပေးလိုက်သည်။
“ပိုတာ ယူလိုက်တော့..”
ဧည့်ကြိုအလှလေးသည် အဝေးသို့လျှောက်သွားသည့် ဖုန်းယွီကျောပြင်ကို ကြည့်လိုက်မိသည်။ သူသည် ယွမ်(၄၀)ရလိုက်သော်လည်း ဖုန်းယွီကို အထင်မကြီးနိုင်သေးချေ။ ဤလူသည် ဂျပန်လူမျိုးအတွက် အလုပ်လုပ်နေသဖြင့် လူကောင်းမဖြစ်နိုင်ချေ။
-------*****--------
ဘာသာပြန်သူ . (NTP)