← Chapters

အကောင်းဆုံး ကျန်းမာရေး အခြေအနေ

Vol. 34 Ch. 502

အကောင်းဆုံး ကျန်းမာရေး အခြေအနေ

Vol. 34 Ch. 502

တနင်္လာနေ့တွင် ကျန်းလွေ့ချန်း အလုပ်သို့ ရောက်ရှိလာပြီး ထုံးစံအတိုင်း သတင်းစာ ဖတ်နေသည်။ ဤသည်မှာ သူ့အကျင့်ပင်။ လုံကျန်းပြည်နယ်တွင် ဖြစ်ပျက်သမျှ အရာအားလုံး သူသိရှိရန်နှင့် စိုးရိမ်စရာ ကိစ္စအချို့ လွတ်သွားပါက သူသိရန် လိုအပ်ပေသည်။

ဟမ်.. အကောင်းဆုံးကျန်းမာရေးအခြေအနေ တဲ့လား။ ဒီဆောင်းပါ ဘာအကြောင်းပါလိမ့်။ ကျန်းယွီချန်း ထိုဆောင်းပါးကို စတင်ဖတ်လိုက်တော့သည်။

အကောင်းဆုံး ကျန်းမာရေး အခြေအနေသည် ကျန်းမာခြင်းနှင့် နာဖျားခြင်း ကြားရှိ အဆင့်ဖြစ်ပေသည်။ ဤအဆင့်၏ လက္ခဏာများမှာ လေးလံထိုင်းမှိုင်းခြင်းနှင့် ပင်ပန်းနွယ်နယ်ခြင်းတို့ ဖြစ်သည်။ လက်ရှိ ဆေးပညာဆိုင်ရာ ရောဂါလက္ခဏာများသည် ရောဂါများကို တိကျစွာ သိရှိနိုင်မည် မဟုတ်ချေ။

လက္ခဏာ အများစုမှာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အပူချိန်ကို အာရုံမခံနိုင်ခြင်း၊ အအေးမိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ တကိုယ်လုံး နာကျင်ကိုက်ခဲခြင်း တို့ဖြစ်သည်။

ဤဆောင်းပါးကို ကောင်းမွန်စွာ ရေးသားထားခြင်းဖြစ်သော်လည်း အလွန်ကြောက်ဖို့ ကောင်းနေသည်။ အာ.. ဤဆောင်းပါး ရေးသားသူမှာ ပမ့်မြို့တော် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခဖြစ်သည်။ သတင်းစာတွင် သူ့အတွက် ကော်လံတစ်ခု အမြဲရှိလေသည်။ အဟာရချို့တဲ့ခြင်းနှင့် အန္တရာယ်များအကြောင်း သူပြောနေသည်လော။ ယနေ့ ကယ်လ်စီယမ်ချို့တဲ့မှု အန္တရာယ်အကြောင်း ပြောမည်လော။

ဆောင်းပါးအဆုံးတွင် ပါမောက္ခသည် ကယ်လ်စီယမ် ချို့တဲ့မှုနှင့် ပတ်သက်၍ သတိပြရန် စာဖတ်သူများအား သတိပေးထားပြီး ၎င်းတိုအား ကယ်လ်စီယမ်ဓာတ် ပြန်လည်ဖြည့်တင်းရန်၊ ရာသီအလိုက် ရောဂါဘယများမှ ကင်းဝေးစေရန် အချို့သော ဆေးဘက်ဆိုင်ရာ ဖြည့်စွက်စာများ စားသုံးသင့်ပါသည်။

ဤအကောင်းဆုံး ကျန်းမာရေး အခြေအနေသည်ကား အဘယ်နည်း။ လူသားတိုင်းသည် ဆောင်းပါးတွင် ဖော်ပြထားသော လက္ခဏာများရှိသင့် ပေသည်။ အချိန်ကြာကြာ အလုပ်လုပ်ပြီးပါက မည်သူ မပင်ပန်းဘဲ နေမည်နည်း။ အသက်အရွယ် ကြီးရင့်လာသည့်အခါ မည်သူများ ပင်ပန်းနွမ်းနယ်တတ်သနည်း။ ကလေးများ အာရုံမစူးစိုက်နိုင်ခြင်းသည် ပုံမှတ် မဟုတ်ပေလော။ ကလေးအားလုံး အာရုံစိုက်နိုင်ပါက ကျောင်းများတွင် ညံ့ဖျင်းသည့် ကျောင်းသားများ ရှိလိမ့်မည် မဟုတ်ချေ။

ကျန်းလွေ့ချမ်း ဆောင်းပါးအား ဖတ်ပြီး ယခင်က ဤကဲ့သို့ တွေ့ကြုံခံစားခဲ့ဖူးသည်။ သို့တိုင်အောင် ထိုအတွေ့အကြုံအား ယနေ့တိုင် မမေ့နိုင်သေးချေ။

ကျန်းလွေ့ချန်း ဖုန်းကောက်ကိုင်၍ သတင်းစာ အက်ဒီဒါချုပ်ထံ ဖုန်းဆက်လိုက်သည်။

“အကြီးအကဲဟူ.. ကျုပ် ကျန်းလွေ့ချန်းပါ..”

“ဟုတ်ကဲ့.. မြို့တော်ဝန် ကျန်း.. ကျုပ်ဘာများ လုပ်ပေးရမလဲ..”

“အကြီးအကဲ ဟူ… ဒီနေ့ သတင်းစာမှာ အကောင်းဆုံးကျန်းမာရေး အခြေအနေ အကြောင်း ဆောင်းပါတစ်ပုဒ် တွေ့ခဲ့တဲ့အပြင် အဲ့ကိစ္စနဲ့ အဟာရချို့တဲ့မှု ပြဿနာအကြောင်း ဆွေးနွေးဖို့ ကော်လံတစ်ခုမှာ ကြေငြာချက်တစ်ဆောင် ပါတယ်.. ဒီဆောင်းပါး ဘာလို့ ထုတ်ဝေလိုက်တာလဲ..”

အကြီးအကဲဟူ သူ့စားပွဲပေါ်ရှိ သတင်းစာတစ်စောင် ကောက်ကိုင်၍ ဆောင်းပါးကို လှန်ကြည့်လိုက်သည်။ ထိုဆောင်းပါးကို ခပ်သော့သော့ ဖတ်လိုက်သည်။ ဤဆောင်းပါး မည်သည့်နေရာတွင် မှားနေသနည်း။ ကျန်းမာရေး ပြဿနာအကြောင်း ပြောထားသဖြင့် စာဖတ်သူများ အနေဖြင့်လည်း ဤဆောင်းပါးမျိုးများကို ဖတ်ချင်နေကြသည်။

“မြို့တော်ဝန် ကျန်း.. ဘာပြောချင်တယ်ဆိုတာ ကျုပ်နားမလည်ဘူး.. ဒါက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကော်လံတစ်ခု ဖန်တီးဖို့ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ ပါမောက္ခတွေနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒါ ပြည်သူလူထုအားလုံးရဲ့ ကောင်းကျိုးအတွက်ပါ။ ဒါ သူတို့အတွက် ကျန်းမာရေး အရေးကြီးကြောင်း မီးမောင်း ထိုးပြတာပါ.. ဘာများ မှားနေလဲ မသိဘူး..”

“မဟုတ်ဘူး.. မဟုတ်ဘူး.. ဒီဆောင်းပါး မကောင်းဘူး မပြောဘူး.. အဲ့ကော်လံက မင်းရဲ့ စိတ်ကူးလား.. ဒါမှမဟုတ် တခြားတစ်ယောက်ယောက် မင်းကို အကြံပေးခဲ့တာလားလို့ ငါမေးချင်တာ..”

“အာ.. အဲ့ဒါ ဘာများ ကွာသွားလို့လဲ..”

“ဟုတ်တယ်.. ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက ဒီကိစ္စနဲ့ ပတ်သက်မှု ရှိမရှိ သိချင်လို့..”

“ခနလေး.. အဲ့ကော်လံမှာ ရေးသားတဲ့ ပါမောက္ခ တစ်ယောက်က ပမ့်မြို့တော် ဆေးဝါးစီမံကိန်းအတွက် အတိုင်ပင်ခံပါ.. ဒါပေမယ့် ဒီပါမောက္ခတွေက ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တွေက ဖြစ်တဲ့အပြင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းနဲ့ ဆက်ဆံရေး သိပ်မရှိလောက်ပါဘူး..”

အကြီးအကဲ ဟူ အံ့ဩသွားမိသည်။ ဤကော်လံအတွက် ကျွမ်းကျင်သူများသည် ဆောင်းပါးများ ရေးသားနေပြီး ပမ့်မြို့တော် ဆေးဝါးစီမံကိန်းနှင့် အဘယ်ကဲ့သို့ သက်ဆိုင်သနည်း။

“ဒါဆို ထုတ်ဝေမယ့် ဆောင်းပါးတွေက ဘာလဲဆိုတာ ပြောပြလို့ရမလား.. မင်း အဲ့အတွက် စီစဉ်ပြီးပြီလား..”

“ကျုပ်ပြောမယ်.. မနက်ဖြန် သံဓာတ်ချို့တဲ့ခြင်းအတွက် အန္တရာယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေ အကြောင်းနဲ့ နောက်နေ့မှာ သံဓာတ်ချို့တဲ့မှု အကြောင်း ပါလိမ့်မယ်.. နောက်နေ့ကျ ဗီတာမင်အေနဲ့ ပတ်သက်တာပေါ့.. ပြဿနာ ရှိလို့လား..”

“ပြဿနာ မရှိဘူး.. ငါနည်းနည်း သိချင်လို့ပါ.. မင်းကို မနှောက်ယှက်တော့ဘူး.. အေးအေးဆေးဆေး တွေ့ကြသေးတာပေါ့..”

ဖုန်းချပြီးနောက် ကျန်းလွေ့ချန်းသည် ဖုန်းယွီနှင့် တစ်ခုခု ပတ်သက်နေကြောင်း သေချာသွားတော့သည်။ ဤဆောင်းပါးများကို အဘယ့်ကြောင့် ရင်းနှီးနေရသည်ကို နောက်ဆုံး ပြောနိုင်သွားပေသည်။ ဖုန်းယွီသည် ထိုက်ဟွာ အာမခံ ဟင်းချက်ဆီ စတင်ရောင်းချစဉ်က ဈေးကွက်ရှိ ဆီအမျိုးအစားများအကြား ကွဲပြားမှုအကြောင်း ဆောင်းပါးများ ရှိနေခဲ့သည်။

နောက်ဆုံး ဖုန်းယွီ၏ ဟင်းချက်ဆီသည် အလွန်ဈေးကြီးသော ဟင်းချက်ဆီ ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ယခုအခါ ထိုက်ဟွာ အာမခံ ဟင်းချက်ဆီသည် ရှန်းယန်တွင်ပင် ရောင်းချနေခဲ့ပြီး ပေကျင်းဒေသသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

ဤကလေး လှည့်ကွက်ဟောင်း သုံးလိုက်ပြန်သည်။ သူသည် စာဖတ်သူများအား ဦးနှောက်ဆေးကြောရန် စတင်နေသည်လော။

“အိုး.. မြို့တော်ဝန်ကျန်း.. ကျုပ်ကို ဘာလို့များ ဖုန်းခေါ်လဲ မသိဘူး.. ကျုပ် ပမ့်မြို့တော် ရောက်နေတာ ခင်ဗျား သိနေလို့လား..”

“အခု ငါ့ရုံးခန်းကို လာခဲ့လိုက်..”

……….

“မင်း ဒီဆောင်းပါး နောက်ကွယ်က လက်မည်းကြီးလား..”

ကျန်းလွေ့ချန်း သတင်းစာကို လက်ညှိုးထိုး၍ ဖုန်းယွီအား မေးခွန်းထုတ်လိုက်သည်။

“နောက်ကွယ်ကဆိုတာ ဘာကို ပြောတာလဲ မသိဘူး.. ဒီဆောင်းပါးက သိပ္ပံနည်းကျ သက်သေပြတာတွေလေ.. နာမည်ကြီး တက္ကသိုလ်တွေက ဆေးဘက်ဆိုင်ရာ ပါမောက္ခ အဖွဲ့တစ်ဖွဲ့က ရေးထားတာ.. ဒါကိုလဲ တခြားတက္ကသိုလ်က ပညာရှင်တွေ ထပ်စိစစ်ပါသေးတယ်..”

“မင်း ဆေးတွေ ရောင်းကောင်းအောင် လုပ်နေတာလား..”

“ဟုတ်တယ်.. ဘာဖြစ်လို့လဲ..”

“ဘာလို့ သာမန်ဈေးကွက် ရှာဖွေရေး နည်းလမ်း မသုံးနိုင်တာလဲ.. CCTV မှာ ကြော်ငြာတာ ရလဒ်ကောင်း မရလို့လား.. ဆေးတွေ အကုန် ရောင်းကောင်းနေတယ်လေ..”

ကျန်းလွေ့ချန်း ဖုန်းယွီကို အပြစ်တင်နေတော့သည်။ ဤဖုန်းယွီသည် သူ့ထုတ်ကုန်များ ရောင်းချရန် ရိုးစင်းသော နည်းလမ်းများကို အမြဲတမ်း သုံးနေချေသည်။

“မြိ့တော်ဝန် ကျန်း.. ကျုပ် ဘာများ အမှားလုပ်မိလို့လဲ.. အားလုံးကို ကျန်းမာရေးအကြောင်း ပိုသိအောင် ပြောပြီး အဟာရ ချို့တဲ့ရင် လိုအပ်တဲ့ အဟာရတွေ ဖြည့်တင်းဖို့ ပြောလိုက်တယ်.. ဒါ ကုသိုလ် ကောင်းမှု လုပ်နေတာပဲလေ..”

မြို့တော်ဝန်ကျန်း ရယ်ရယ်မောမောဖြင့်..

“ဒီ အဟာရဓာတ်တွေ အားလုံး ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက ထုတ်ကုန်တွေလား..”

“မြို့တော်ဝန်ကျန်း.. ဆေးဝါးလုပ်ငန်းက ကျုပ်တို့ မြို့တော် ကုမ္ပဏီပါ.. ကျုပ်တို့လဲ အခွန်ပေးရတာပဲ.. ဒီကုမ္ပဏီကို ကောင်းကောင်း မလုပ်မဖြစ်ချင်ဘူးလား..”

ဖုန်းယွီ အပြုံးဖြင့်ပင် မြို့တော်ဝန်ကျန်းကို မေးလိုက်တော့သည်..

“ဒီ……..”

ကျန်းလွေ့ချန်း စကားပြတ်သွားသည်။ အမှန်တကယ်တွင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ ထုတ်ကုန်များသည် ၎င်းတို့အတွက် အကျိုးရှိမည်ဖြစ်သည်။ ဤသည်မျာလည်း သူမြင်ချင်နေသည့် အရာပင် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီ၏ နည်းလမ်းသည် ထူးဆန်းလွန်းပြီး မသင့်တော်ဟု ထင်မြင်နေမိသည်။ သို့သော် ဖုန်းယွီ၏ နည်းလမ်းများသည် ရလဒ်ထူးထူးခြားခြား အမြဲရှိခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။

“မင်း အဲ့နည်းလမ်းကို လုံကျန်းနေ့စဉ်သတင်းစာမှာ သုံးနေတာလား..”

“ဘယ်ဟုတ်မလဲ.. ပြည်နယ်သတင်းစာနဲ့ ရေဒီယိုဌာနပေါင်း (၂၀)ကျော်မှာ ကြော်ငြာထားတယ်.. အာ.. ဒီကိစ္စနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ထုတ်ဝေဖို့လဲ ရှိသေးတယ်..”

“စာအုပ် ထုတ်ဝေမှာလား..”

“ဟုတ်တယ်.. အဲ့စာအုပ် ခေါင်းစဉ်က ‘အကောင်းဆုံး ကျန်းမာရေး’ တဲ့.. ဒီစာအုပ်ကို တရုတ်နိုင်ငံမှာ တင်မဟုတ်ဘူး ဘာသာစကား(၂၀)နဲ့ ကမ္ဘာအနှံ့ ဖြန်ဝေ ရောင်းချသွားမှာ.. အဲ့စာအုပ်ကို တစ်ကမ္ဘာလုံးမှာ တစ်ပြိုင်နက်တည်း ဖြန့်ချီမှာ..”

“တစ်ကမ္ဘာလုံးကို ရောင်းမှာလား.. စာရေးသူက ဘယ်သူလဲ.. မင်းလား..”

ကျန်းလွေ့ချန်း ဖုန်းယွီစာအုပ် ထုတ်ဝေခြင်းအား လက်မခံနိုင်ချေ။

“ကျုပ်တော့ ဘယ်ဟုတ်မလဲ.. ဒီစာအုပ်ကို ကျုပ်တို့ ပမ့်မြို့တော် ဆေးဝါးတက္ကသိုလ်နဲ့ တရုတ်တိုင်းရင်းဆေး တက္ကသိုလ်က ပါမောက္ခတွေ ရေးထားတာ… ကျုပ်တို့က ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ စိစစ်ပြီး သူတို့ကိုယ်တိုင် အကြံပြုထားတာ.. ဒီစာအုပ် ရောင်းအားကို ဒီလောက်တော့ မှန်းထားတယ်.. အုပ်ရေ (၁)သန်းလောက်ပေါ့..”

“ဘယ်လောက်.. အုပ်ရေ(၁)သန်းတောင်..”

ကျန်းလွေ့ချန်း အံ့ဩသွားမိသည်။ အုပ်ရေ (၁)သန်း။ ဖုန်းယွီ နောက်ပြောင် နေခြင်းလော။ ဆေးဂျာနယ် တစ်စောင်လျှင် ပျမ်းမျှ ဘယ်နှစ်အုပ် ရောင်းချမည်နည်း။

“အသေးစိတ် မြန်မြန် ပြောစမ်းပါဟ..”

“အစ်ကိုလျို.. အစ်ကိုလျို.. ကျုပ်ဒီမှာ ရောက်နေတာ တော်တော်ကြာနေပြီ.. ကျုပ်အတွက် လက်ဖက်ရည် ဘယ်မှာလဲ.. ကျုပ်အတွက် သီးသန့် တစ်ခွက် ဖျော်ပေးချင်နေတာလား..”

ဖုန်းယွီ တံခါးဘက် လှမ်းအော်လိုက်သည်။ ဤစကားဝိုင်း အချိန်အနည်းငယ် ကြာလာပြီ ဖြစ်သဖြင့် လက်ဖက်ရည် တစ်ခွက် မပါပါက မည်သို့ ရှေ့ဆက်မည်နည်း။

အတွင်းရေးမှူး လျိုသည် သူ့ထိုင်ခုံမှ ချက်ချင်း ထ၍..

“မင်းအတွက် လက်ဖက်ရည် ဖျော်နေပြီ.. မကြာခင် ရစေရမယ်..”

ကျန်းလွေ့ချန်း စိတ်ထဲတွင် တွေးနေမိသည်။

‘ဒါ ဘယ့်သူ့အတွင်းရေးမှူးလဲ.. ငါ့အတွင်းရေးမှူးက မင်းအမိန့်ဘာလို့ ပိုဂရုစိုက်နေပါလိမ့်..’

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters