ဂုဏ်သရေအားလုံး မိမိအတွက် ဖြစ်သင့်သည်
Vol. 34 Ch. 505
ဩဂုတ်လ လယ်ပိုင်းတွင် တရုတ်နိုင်ငံ၏ အားကစားသမား ချွီယွင်ရှန်သည် IAAF ကမ္ဘာ့လေား ပြေးခုန်ပစ် ပြိုင်ပွဲတွင် မီတာ(၃၀၀၀) ပြေးခုန်ပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ် ရရှိခဲ့ကြောင်း ရုတ်တရက် သတင်းဖော်ပြလာ ကြသည်။
ချွီယွင်ရှန်၏ ကျော်ကြားမှု မြင့်တက်လာခဲ့သည်။ အရင်က အားကစားပွဲများကို ဂရုမစိုက်သူများ ရှိကောင်း ရှိနိုင်ပေမည်။ သို့ရာတွင် ဤသတင်း ဖော်ပြလာချိန်၌ ကွာခြားသွားတော့သည်။
ဤ ချွီယွင်ရှန်အား ရှင်းနှီးနေကြောင်း လူအများ သတိပြုမိကြသည်။ ကြော်ငြာအချို့၌ သရုပ်ဆောင်ထားသူ ပေကိုး။
ချီယွင်ရှန် ထောက်ခံထားသည့်အတွက် ကယ်လ်ဆီယံ အားဖြည့်ဆေး အမှန်တကယ် အသုံးဝင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေလော။ ဤထုတ်ကုန်ကို မယုံကြည်သဖြင့် ယခင်က မဝယ်မိသူများပင် သူတို့၏ ကလေးငယ်များအတွက် အပြေးအလွှား ဝယ်ယူကြတော့သည်။
(၂)ရက်ကြာပြီးနောက် CCTV သတင်းဌာနမှ နောက်ထပ် သတင်းတစ်ခု ထပ်မံဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အားကစားသမား လျိုသောင်သည် IAAF ကမ္ဘာ့လေား ပြေးခုန်ပစ် ပြိုင်ပွဲတွင် မီတာ(၁၅၀၀) ပြေးခုန်ပစ် ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
ဤသတင်းသည် နာမည်နှင့် ဖြစ်စဉ် ပြောင်းထားရုံမှလွဲ၍ ပထမ သတင်းနှင့် တူညီသလောက်ပင်။ လျိုသောင်ကို လူသိပိုများလာတော့သည်။
နောက် (၂)ကြာတွင် ထပ်မံ၍ ဝမ်ရှောင်ရှန်က မီတာ(၁၀၀၀၀)ပြိုင်ပွဲတွင် အနိုင်ရလိုက်ပြန်သည်။ လူအများ ထိုသတင်း သိလာခဲ့ကြသည်။
မိမိတို့ စေလွှတ်လိုက်သည့် အားကစားသမားအဖွဲ့သည် အမှန်တကယ် အားကောင်းနေကြသည်လော။ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရုံမကဘဲ ငွေတံဆိပ်၊ ကြေးတံဆိပ် အများအပြား ရရှိခဲ့ပါသည်။ ငွေနှင့် ကြေးတံဆိပ်များကိုမူ သတင်းတွင် ဖော်ပြရန် မထိုက်တန်ချေ။
ကမ္ဘာ့ဖလား ပြေးခုန်ပစ် ပြိုင်ပွဲကို CCTV မှ ထုတ်လွှင့်နေသည့်အတွက် ကျန်ဒေသခံ ရုပ်မြင်သံကြားများနှင့် မဂ္ဂဇင်များတွင်ပါ ဖော်ပြလာကြသည်။ ဆုတံဆိပ်ရရှိခဲ့သော်လည်း CCTV တွင်မဖော်ပြခဲ့သည့် အားကစားသမားများကိုပင် ဖော်ပြပေးခဲ့ကြသည်။ အဆိုပါ အားကစားသမားများ၏ ကျော်ကြားမှု မြင့်တက်လာခဲ့တော့သည်။
ထို့ကြောင့် လူများစွာသည် CCTV မှ ထုတ်လွှင့်သော ကြော်ငြာများကို သတိပြုမိကြပြီး မသိစိတ်ဖြင့် ကြော်ငြာ စာကြောင်း အတိုများကိုပင် အလွတ်ကျက်သည်အထိပင်။
ထို့နောက် ပိုမိုထူးခြားသည့် သတင်းများ ထွက်ပေါ်လာတော့သည်။ အားကစားသမားများသည် ထူချွန်ထက်မြတ်သော စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအတွက် ဂုဏ်ယူခဲ့ကြရသောကြောင့် တရုတ်ဝန်ကြီးချုပ်သည် နည်းပြများ အပါအဝင် ၎င်းတို့ အားလုံးနှင့် တွေ့ဆုံမည် ဖြစ်ပေသည်။
နည်းပြမာသည် ကမ္ဘာ့ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် အဆိုပါ အားကစားသမားများ အားလုံး၏ စွမ်းဆောင်ရည် ကြားသိရသည့်အခါ စိတ်မကောင်းဖြစ်မှုနှင့် ပျော်ရွှင်မှုများကို တချိန်တည်း ခံစားလိုက်ရတော့သည်။ သူသည် ဤအားကစားသမားများ အားလုံးကို အောင်ပွဲသို့ ပို့ဆောင်ပေးသော နည်းပြ ဖြစ်သင့်ပေသည်။ ထိုသူတို့၏ လှုပ်ရှားမှုများမှ ဆုကြေးငွေများအား ရရှိသင့်ပေသည်။
သို့တိုင်အောင် နည်းပြမာသည် ထိုအားကစားသမားများအားလုံး ရလဒ်ကောင်းများ ရရှိသည့်အတွက် ဝမ်းမြောက်မိပြီး သူ၏ လေ့ကျင့်ပေးမှုကြောင့် ဖြစ်ကြောင်း အာလုံး သိပေလိမ့်မည်။ ထိပ်သည်းစာရင်း ဝင်များသည် သူ့ကို ထိုအဖွဲ့၏ နည်းပြချုပ်ရာထူး ပြန်လည်ရရှိအောင် ကူညီနိုင်ကြမည်လော။
ဤသို့ဖြင့် အားကစားသမားများနှင့် နည်းပြများအားလုံးသည် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရသည့် အတွက် ဂုဏ်ယူနေကြတော့သည်။ ထိုနည်းပြများအတွင်းမှ တစ်ယောက်မဖြစ်သင့်ပေလော။
သို့သော် နည်းပြမာသည် အားကစားသမားအားလုံး ပေကျင်းသို့ ပြန်လည်ရောက်ရှိလာသည်အထိ စောင့်ဆိုင်းခဲ့ပြီး ထိုအဖွဲ့နှင့် ဝန်ကြီးချုပ် တွေ့ဆုံပွဲ တက်ရောက်ရန် ခေါင်းဆောင်များ၏ အကြောင်းကြားစာ မရရှိခဲ့ချေ။
နည်းပြမာ စိတ်တိုနေချေသည်။ ဤသည်မှာ သူ့အတွက် အခွင့်အရေး တစ်ခုဖြစ်သည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်မထား ပါက အားကစားအသိုင်းအဝိုင်းထဲမှ ထွက်ခွာသွားရ ပေလိမ့်မည်။ မည်သို့မျှ တစ်ကြော့ပြန် ဝင်ရောက် နိုင်တော့မည် မဟုတ်တော့ချေ။
နည်းပြမာသည် လီယန်ကျန်း တွင် သူ၏ ကိုယ်ပိုင် လေ့ကျင့်ရေး စခန်း စတင် တည်ဆောက်ခဲ့သည်။ အစပိုင်း သူ့တွင် ငွေများရှိပေသည်။ အမျိုးသား အဖွဲ့အမည်ကို အသုံးပြု၍ နယ်မြေအစိုးရမှ မြေအလကား ပေးခဲ့သေးသည်။ သူသည် ကျန်းမာရေး ထုတ်ကုန် ဖော်စပ်နည်း ရောင်းချပြီး တရုတ်လိပ်ဆီ အတွက် ထောက်ခံချက်ပေးကာ အားကစားသမားများထံမှ ဆုငွေများ ရယူခဲ့သည်။ သူသည် လေ့ကျင့်ရေးစခန်း တည်ဆောက်ရန် လုံလောက်သော ရံပုံငွေ ထက်ပိုလျှံစွာ ရှိနေပေသည်။ အားကစားသမား အိပ်ဆောင်ကို (၃)ထပ် အဆောက်အဦးအဖြစ် ဒီဇိုင်းရေးဆွဲခဲ့သည်။
သို့ရာတွင် ဆောက်လုပ်မှု စတင်ပြီးနောက် နည်းပြမာ၏ ငွေများအားလုံး အသိမ်းခံလိုက်ရသည်။ ထိုသို့သာမက သူ၏ (၃)လစာ လစာ၊ အပိုဆုကြေးငွေ၊ ထောက်ပံ့ပေး စသည်များကိုလည်း ဖြတ်တောက် ခံလိုက်ရသည်။ ထို့နောက် သူ၏ အားကစားသမားများအားလုံးက သူ့နေရာတွင် အခြားနည်းပြများ ခန့်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခု၌မူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အားကစားသမား ပင် မရှိတော့ချေ။
ယခုအချိန်၌ နည်းပြမာသည် အကြွေးများ တင်နေချေပြီ။ ဘဏ်၊ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပစ္စည်းတင်သွင်း ခဲ့ခြင်းများအတွက် အကြွေးတင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သူ့အနေဖြင့် ဤအားကစားသမားအဖွဲ့၏ နည်းပြချုပ် ရာထူး ပြန်လည်ရရှိနိုင်မည် ဆိုပါက ထိုကြွေးမြီများအားလုံး ရှင်းပစ်ရန် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ဟု ယုံကြည်ထားပေသည်။
ဤသည်မှာ နိုင်ငံတော်အဆင့် အဖွဲ့ဖြစ်သည်။ ထိုသူတို့သည် ကမ္ဘာ့စင်မြင့်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် အားကစား သမားများ ဖြစ်ကြသည်။ ဤအားကစား သမားများဖြင့် ပြိုင်ပွဲများတွင် ကောင်းမွန်စွာ စွမ်းဆောင်ပြနိုင်ခြင်း၊ ထောက်ခံချက်များ ပေးခြင်း၊ သို့တည်းမဟုတ် အရောင်းမြှင့်တင်ရေး ပွဲများ တက်ရောက်သည့်အခါ ငွေကြေး စီးဆင်းမှုများ ရှိနေမည် ဖြစ်သည်။ ယခင်က ဟိုတယ်ဖွင့်ပွဲတစ်ခုတွင် ပါဝင်ရန် အားကစားသမား အနည်းငယ် အလိုရှိသည့် ဟိုတယ်ပိုင်ရှင် တစ်ဦး ရှိခဲ့ဖူးပေသည်။ ထိုပိုင်ရှင်မှာ ယွမ်(၁၀၀၀၀)ပေချေခဲ့သည်။ သို့ရာတွင် နည်းပြမာသည် ယွမ်(၁၀၀၀၀)ကို နည်းလွန်းသည်ဟု ယူဆကာ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
သို့ရာတွင် ယခုအချိန်၌မူ တစ်စုံတစ်ယောက်သည် နည်းပြမာအား ယွမ်(၁၀၀၀)ဖြင့် ကမ်းလှမ်းခဲ့မည် ဆိုလျှင်ပင် တက်ရောက်မိပေလိမ့်မည်။ သူသည် နည်းပြတစ်ဦးသာ ဖြစ်ပေသည်။ ကမ္ဘာ့ဖလားရ အားကစားသမား မရှိလျှင် ဤနည်းပြကို မည်သူ အဖက်လုပ်မည်နည်း။
“မင်္ဂလာပါ.. အကြီးအကဲ လီ.. ကျုပ် အဘိုးကြီးမာပါ..”
“အဘိုးကြီးမာလား.. ဒီလိုအချိန်ကြီး ငါ့ကို ဘာလို့ ဖုန်းဆက်ရတာလဲ.. ငါအပြင်သွားတော့မလို့.. တခြား ဘာမှမရှိရင် ဖုန်းချလိုက်တော့မယ်.. နှုတ်ဆက်ပါတယ်..”
“ခနလေးပါ.. အကြီးအကဲလီ.. ဟယ်လို.. ဟယ်လို..”
နည်းပြမာ လက်ထဲမှာ ဖုန်းအား ကြမ်းပြင်သို့ ပစ်ပေါက်ချင်စိတ် ဖြစ်နေတော့သည်။ သို့ရာတွင် ထိုသို့ မလုပ်ခဲ့ချေ။ ဤသည်မျာ လက်ကိုင်ဖုန်းဖြစ်၍ ယွမ်(၃၀၀၀၀)ကုန်ကျထားခဲ့သည် မဟုတ်ပေလော..”
အပြင်သွားဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်ပေသည်။ အကြီးအကဲ လီ သူ့ကို ရှောင်နေကြောင်း သိသာပေသည်။ သူနည်းပြ ဖြစ်စဉ်အချိန်က ထိုတာဝန်ရှိသူအားလုံး သူ့ကိုတွေ့ရန် တန်းစီ လာကြိုခဲ့ကြသည်။ ယခုမူ ပလိပ်ရောဂါ တစ်ခုကဲ့သို့ ဆက်ဆံနေကြပေသည်။
နည်းပြမာ ဒေါသဖွင့် မထုတ်ဝံ့တော့ချေ။ သူ့လက်အောက်တွင် ကမ္ဘာ့အဆင့်မှီ အာကစားသမား အဖွဲ့မရှိတော့ချေ။ ထိုအကြီးအကဲကို ဒေါသထွက်ပြပါက သူသာ ဒုက္ခရောက်ရပေလိမ့်မည်။
နည်းပြမာ ယခင်က သူနှင့် အလွန်ရင်းနှီးသော နောက်ထပ် အကြီးအကဲ တစ်ချို့ကို ဖုန်းခေါ်ခဲ့သေးသည်။ သို့ရာတွင် အားလုံးက ရှောင်ဖယ်နေကြပေသည်။
ကောင်းကင်ကြီး မှောင်လာသည်နှင့်အမျှ နည်းပြမာသည် ဖိတ်ကြားခြင်းမရှိဘဲ အစည်းအဈေးကို အရှက်မရှိ တက်ရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ဤအားကစားသမားများကို လေ့ကျင့်ပေးခဲ့သူ ဖြစ်ပြီး သူ့ကဏ္ဍအတွက် ဂုဏ်ပြုသင့်ပေသည်။
နည်းပြမာသည် နိုင်ငံတော် ဧည့်ရိပ်သာသို့ ချက်ချင်းမောင်းသွားလိုက်သည်။ ဤနေရာသည် ဝန်ကြီးနှင့် အားကစားသမားများ တွေ့ဆုံမည့် နေရာဖြစ်သည်။ သူသည် နိုင်ငံတော် ဧည့်ရိပ်သာနှင့် အလွန်နီးပေသည်။
“ဆရာ.. ဖိတ်စာ မပါတဲ့လူတွေ ဝင်ခွင့်မရှိပါဘူး..”
ဝင်ပေါက်၌ အစောင့်တစ်ယောက်က နည်းပြမာကို တားသဖြင့် ရပ်လိုက်ရသည်။ ဝန်ကြီးသည် ထိုနေရာတွင် ရှိနေပြီး အဘယ့်ကြောင့် မည်သူမဆို ဝင်ရောက်နိုင်ပေလိမ့်မည်နည်း။
နည်းပြမာ ပြန်ဟောက်တော့သည်..
“ငါ အားကစားအဖွဲ့ရဲ့ နည်းပြပါ.. ဝန်ကြီးက ဒီနေ့ အားကစားအဖွဲ့နဲ့ နည်းပြတွေကို တွေ့လိမ့်မယ်.. ငါ့ကို ဝင်ခွင့်ပေးလိုက်..”
“စိတ်မကောင်းပါဘူး.. မင်းမှာ ခွင့်ပြုမိန့် ပါလား..”
“ခွင့်ပြုမိန့်လား.. ခွင့်ပြုမိန့် လိုသေးလို့လား.. ငါက ချွီယင်ရှန်၊ ဝမ်ရှောင်ရှန်နဲ့ လျိုသောင်တို့တွေကို လေ့ကျင့်ပေးခဲ့တဲ့သူ ဆိုတာ မင်းမသိဘူးလား..”
“ဒါတွေ ငါမသိဘူး.. ခွင့်ပြုမိန့်မရှိရင် ဘယ်လိုမှ ဝင်ခွင့် မပေးနိုင်ဘူး.. ခင်ဗျား အကြီးအကဲကို ခင်ဗျား ဆက်သွယ်လိုက်ပါ.. ခင်ဗျားကို ခေါ်သွားပေးလိမ့်မယ်..”
ထိုသူမှာ သာမန် လုံခြုံရေးသမား တစ်ယောက် မဟုတ်ချေ။ ခရိုင်အုပ်ချုပ်ရေးမှူး ဆိုလျှင်ပင် ကြိုတင် အကြောင်းကြားထားမှု မရှိဘဲ ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။
သူကို ခေါ်သွားရန် အကြီးအကဲကို ခေါ်ရမည်လော။ ထိုသူများသာ သူနှင့်စကားပြောရန် ဆန္ဒရှိပါက ယခုကဲ့သို့ လေကုန်ခံနေမည် မဟုတ်ချေ။
နည်းပြမာသည် လုံခြုံရေး အင်္ကျီအောက်မှ ဖောင်းပွနေသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။ ဤလုံခြုံရေးသည် လက်နက်ကိုင်ဆောင်ထားပေ၏။ ဤပွဲသို့ တက်ရောက်မည့် လူများအကြောင်း တွေးမိ၍ စွတ်ဝင်မည့်စိတ်ကို ပြောင်းလိုက်ရတော့သည်။
နောက်ဆုံးတွင် နည်ပြကြီးသည် တိတ်တဆိတ် ထွက်ခွာသွားတော့သည်။ နောက်တစ်နေ့တွင် သူသည် သတင်းများကို ကြည့်၍ အားကစားသမားများနှင့် နည်းပြများ ဝန်ကြီးနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ဒေါသထွက်လွန်း အားကြီးသဖြင့် ဖန်ခွက်ကိုပင် ပစ်ပေါက်ခွဲလိုက်မိတော့သည်။
ဤသည်မှာ ကျန်းမာရေး ထုတ်ကုန်များနှင့် ပတ်သက်၍ ဖော်ထုတ်ခဲ့သူ ကြောင့်ဖြစ်သည်။ ၎င်းသည်မှာ လီကျားယွီ ကြောင့်ပင်။ ဤ ဂုဏ်သရေအားလုံး မိမိအတွက် ဖြစ်သင့်ပေသည်။
“ပမ့်မြို့တော် ဆေးဝါးစီမံကိန်း.. ငါဒဏ်ခတ်မည့်ကိစ္စအတွက် အပြစ်လာမတင်နဲ့တော့..”
-------*****--------
ဘာသာပြန်သူ . (NTP)