← Chapters

ရှန့်ထိုအဆင့်အောက် နံပါတ် ၁

Vol. 011 Ch. 1043

ရှန့်ထိုအဆင့်အောက် နံပါတ် ၁

Vol. 011 Ch. 1043

အင်ပါယာရှား နန်းတော်အပြင်၌ စွမ်းအားမြင့် တန်ခိုးရှင်များဖြင့် ပြည့်နှက် နေခဲ့သည်။ နေရာတိုင်း၌ လူများရှိနေပြီး လူအုပ်စုကြီး၏ အလယ်တွင် လူနှစ်ယောက် တိုက်ခိုက် နေကြသည်။

အင်ပါယာလီဘုံမှ တန်ခိုးရှင်သည် လက်သီးတစ်ချက် ပစ်သွင်းလိုက်လျှင် သူ့လက်အား ရစ်ပတ် ဖြစ်ပေါ်လာသော လျှပ်စီးတန်းများကို မြင်ကြရသည်။ လက်သီးသည် ရန်သူထံသို့ ကျဆင်းလာခဲ့လျှင် တစ်ဖက်လူမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက် သွားတော့မည်ဟု ခံစားရ၏။ ထိုလူသည် နောက်သို့ လွင့်စဉ်သွားကာ မြေပြင်ပေါ်၌ကျပြီး သွေးအန်သည်။

ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြားမှာ ထိတ်လန့် ကြရသည်။ အင်ပါယာရှားဘုံမှ နောက်တစ်ယောက် ရှုံးနိမ့် သွားခဲ့ပြန်လေသည်။ တစ်ဖက်လူ၏ လက်သီးသည် ရှန့်ထိုစွမ်းအားများ ပါဝင်နေပြီး တော်ရုံတန်ရုံ ပါရမီရှင်များ ယှဉ်နိုင်ရန် မလွယ်ပေ။

ထိုအခိုက်တွင် လူအုပ်သည် မည်သူမှ မပြောရပါဘဲ လူသွားလမ်းကြောင်း တစ်ခုကို ပြုလုပ်ပေးကြသည်။ အော်ဟစ် အားပေးသံများစွာကို ကြားရပြီး မရေမတွက်နိုင်သော မျက်လုံးများသည် အင်ပါယာရှား နန်းတော်ဘက်သို့ လှမ်းကြည့်ကြသည်။ နန်းတော်မှ လူတစ်ယောက် ဆင်းသက်လာခဲ့ကာ လူအုပ်ထဲသို့ ရောက်လာသည်။

“မင်းသမီး ရောက်လာခဲ့ပြီ” လူအများအပြား၏ မျက်လုံးများက အရောင်လက် သွားကြသည်။

“မင်းသမီး …” အင်ပါယာရှား နန်းတော်မှ လူများအားလုံး ဦးညွှတ်ကြသည်။ ထျန်ကျိသည် သူ့လူများနှင့်အတူ ရှားရှင်းယွန်၏ နောက်၌ ပေါ်လာသည်။ ကုန်းစွန်းကျောင်း၊ ရွှမ်ယွန်အော့နှင့်  တခြား လူများသည်လည်း ထိုနေရာတွင် ရှိကြသည်။ သူတို့က ရှားရှင်းယွန်ကို မြင်လိုက်သောအခါ အင်ပါယာလီဘုံမှ လူများ အိမ်ပြန်ရန် နီးကပ်လာပြီ ဖြစ်သည်ကို သိလိုက်ကြသည်။

“မင်းသမီးရှင်းယွန် … ကျုပ်တို့ တွေ့ကြပြန်ပြီ” လီယောင်က ရှားရှင်းယွန်အား ပြုံးလျက် ကြည့်ကာ ပြောသည်။ ရှားရှင်းယွန်ကား ရင်သပ် ရှုမောဖွယ် ကောင်းအောင် လှပချောမောသည်။

သူ့အနေဖြင့် ဒီမိန်းကလေးနှင့် ရင်းနှီးခွင့် မရှိသည်မှာ စိတ်မကောင်း ဖွယ်ရာပင်။

အကယ်၍ သူကသာ သူမအား အတင်း ရယူရန် ကြိုးစားပါက အင်ပါယာရှားက သူ့အား သတ်ပေမည်။

“လာမည့်တိုက်ပွဲက သေဆုံးတဲ့အထိ တိုက်ခိုက်တာ ဖြစ်မယ်။ မင်းက ဆက်ပြီး‌တော့ တိုက်ခိုက်မှာလား။ ထွက်သွားမှာလား” ရှားရှင်းယွန်က လီယောင်အား ကြည့်ကာ မေးသည်။

“ကျုပ်တို့က မင်းသမီး ဘယ်လောက် စွမ်းတယ် ဆိုတာကို မတွေ့ရသေးဖူး ဆိုတော့ သေချာပေါက် ဆက်ပြီးတော့ တိုက်ခိုက်မှာပဲ” လီယောင်က တည်ငြိမ်စွာ ပြောသည်။

“ထျန်ကျိ …” ရှားရှင်းယွန်က ခေါ်သည်။

“ဟုတ်ကဲ့ပါ မင်းသမီး …” သူမဘေးမှ အရပ်မြင့်ကာ ထွားကျိုင်းသော လူငယ် တစ်ယောက် ရှေ့သို့ ထွက်လာသည်။ သူ၏ ခြေလှမ်းတိုင်းတွင် မြေပြင်သည် တုန်ခါရ၏။

ရီဖူရှင်းက ထိုလူငယ်အား မှတ်မိ လွယ်သည်။ သူက မင်းသမီးထံသို့ လာတွေ့စဉ်က သူနှင့် လမ်းခုလတ်တွင် တွေ့ခဲ့သောသူ ဖြစ်သည်။

“ထျန်ကျိ …” လူအများအပြားက သူ့အား မျှော်လင့်တကြီး ကြည့်ကြသည်။

ထျန်ကျိသည် တော်ဝင် စစ်သူကြီး ရှစ်ဦးထဲမှ တစ်ဦး၏ သားဖြစ်သည်။ သူ၏ပါရမီမှာ အလွန်မြင့်မားရာ သူ့အဖေ၏ ခြေရာကို နင်းရန် သတ်မှတ် ခံထားရပြီ ဖြစ်သည်။ အင်ပါယာရှားက သူ့အား နန်းတော် အတွင်း၌ လေ့ကျင့်ခွင့် ပေးထားခဲ့သည်။

ထျန်ကျိက ရှေ့သို့ တက်လာခဲ့သည်။ ကြီးမားသော ဖိအားသည် ထိုနေရာ တစ်ခုလုံးသို့ ချက်ချင်း ဆင်းသက် လာခဲ့သည်။ ဤမတိုင်ခင် တိုက်ပွဲ၌ အနိုင်ရခဲ့သော အင်ပါယာလီဘုံမှ တန်ခိုးရှင် သည်လည်း ရှေ့သို့ တက်လာခဲ့သည်။ ပြင်းထန်သော လျှပ်စီးဓာတ်များ သူ့ခန္ဓာကိုယ်မှာ ရစ်ပတ် ထားသည်။

ထျန်ကျိက သူ၏ လက်သီးများကို မြှောက်လိုက်သည်နှင့် လက်တစ်ဖက်စီတွင် ရွှေရောင်ပုံရိပ်များနှင့် အတူ ပြင်းထန်သော ဆုတ်ဖြဲခြင်း လောကဓာတ်များ ဖြစ်ပေါ် လာသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်အား ဗဟိုပြု၍ ရောင်စဉ်ရောင်ဝါများ လင်းလက် လာခဲ့သည်။

မဟာလမ်းစဉ်၏ ရောင်စဉ်များသည် တစ်ဖက် လူများအား ဖိအားပေး၏။ အင်ပါယာလီဘုံမှ တန်ခိုးရှင်သည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိရာ မျက်မှောင်ကြုတ်သည်။ သို့သော်လည်း သူ့အနေဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။ သူကလည်း ရှေ့ကိုတက်လာကာ ပြင်းထန်သော လျှပ်စီးဓာတ်များအား အသုံးပြုလျက် လက်သီးများအား ထိုးနှက် တိုက်ခိုက်သည်။

နှစ်ဦးသား စက္ကန့်ပိုင်းအတွင်း ပူးကပ်သွားကာ ပြင်းထန်စွာ တိုက်ခိုက် လိုက်ကြသည်။

အချိန်တို အတွင်း၌ ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ် လာခဲ့သည်။ ထိုအခိုက်တွင် အင်ပါယာလီဘုံမှ တန်ခိုးရှင်၏ လက်များသည် သွေးခြင်းခြင်း နီသွားပြီး သူ့အတွင်း ကလီစာများမှာ ပြင်းထန်စွာ ကြေပျက် သွားခဲ့ရ၏။ သူကား ရထားလုံးထံသို့ လွင့်စဉ် သွားခဲ့ကာ မြေပြင်ပေါ်သို့ ကျသည်။ သူကား အသက်ပျောက် သွားခဲ့သည်မှာ သံသယ ဖြစ်စရာ မလို။

မရေမတွက်နိုင်သော ပရိသတ်တို့၏ စိတ်နှလုံးတို့မှာ တုန်ခါကြသည်။ တော်ဝင် စစ်သူကြီးထျန်၏ သားသည် အမှန်တကယ် သူ့အဖေ၏ နာမည်ဂုဏ် သတင်းများအား စိတ်မပျက် စေခဲ့ပေ။ သူ့စွမ်းအားများ သည်လည်း အမှန်တကယ် အားကောင်းလွန်း ပေသည်။

ထျန်ကျိသည်လည်း ရှန့်ထိုအဆင့် အောက်တွင် အမြင့်ဆုံးသော စွမ်းရည်များကို ပိုင်ဆိုင်သည်။ သူသည်လည်း ရှီအဆင့်၌ ပြိုင်ဘက် ကင်းလုနီးပါး ဖြစ်သည်။

သူ့လူ အသတ်ခံရသည်ကို မြင်သော်လည်း လီယောင်၏ မျက်လုံးများ၌ မည်သည့် ခံစားချက်မှ ဖြစ်ပေါ်လာခြင်း မရှိပေ။ သည်လူများမှာ အသေခံ တိုက်ပွဲများ အတွက် လေ့ကျင့်ပေးခြင်း ခံခဲ့ရသူများ ဖြစ်ရာ သူတို့အနေဖြင့် တိုက်ပွဲတွင် သေဆုံးခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

တော်ဝင်စစ်သူကြီး ထျန်၏သား ထျန်ကျိသည် အမှန်တကယ် သန်မာပေသည်။

အင်ပါယာဘုံ အတွင်း၌ ဤသို့သော အဆင့်ရှိသူများမှာ ဘယ်နှယောက် ရှိမည်ကို မသိနိုင်ပေ။

“ဘယ်သူ ရှိသေးလဲ …” ထျန်ကျိက လီယောင်အား ကြည့်သည်။

လီယောင်က သူ့ဘေးမှ တစ်ယောက်ကို ကြည့်ကာ တီးတိုး ပြောသည် … “သွားလိုက်”

သူ့ဘေးတွင် တိုက်ပွဲများ၌ ပါဝင်ခြင်း မရှိသော တန်ခိုးရှင် အများအပြား ရှိကြပေသည်။ ထိုသူများမှာ တိုက်ပွဲ၌ ပါဝင် တိုက်ခိုက် နေသူများနှင့် ကွဲပြား ခြားနားကြောင်း သိသာ ထင်ရှားပေသည်။

သူတို့ထဲမှ တစ်ယောက်က ရှေ့သို့ ထွက်လာကာ ထျန်ကျိ၏ရှေ့၌ ရပ်သည်။ သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားများမှာ ရှန့်ထို စွမ်းအားဖြင့် ပြုပြင်ထားခြင်း မဟုတ်ကြောင်း သိသာ ထင်ရှား ပေသည်။

ရှားရှင်းယွန်က တိုက်ပွဲနေရာအား ကြည့်သည်။ သည်လူသည် အလွန် စွမ်းအား မြင့်ရပေမည်။

ထင်မှတ်ထားသည့် အတိုင်း ထိုနှစ်ယောက်၏ တိုက်ပွဲမှာ အမှန်တကယ် ပြင်းထန်၏။ ထျန်ကျိနှင့် အင်ပါယာလီဘုံမှ တန်ခိုးရှင်တို့ အပြင်းအထန် တိုက်ခိုက်ကြရာ နောက်ဆုံးတွင် သရေကျ သွားခဲ့သည်။

ထျန်ကျိကဲ့သို့ အလွန် စွမ်းအားမြင့်သော သူပင်လျှင် တစ်ဖက်လူအား အနိုင် မတိုက်ခိုက်နိုင်ပေ။

“နောက်ဆုတ် လိုက်တော့ …” ရှားရှင်းယွန်က ပြောသည်။ ထျန်ကျိနှင့် တစ်ဖက်လူတို့က အသီးသီး နောက်ဆုတ် လိုက်ကြသည်။

ရှားရှင်းယွန်က ထျန်ကျိ၏ ပြိုင်ဘက်အား ကြည့်သည်။ လီယောင်က ရှန့်ထို စွမ်းအားများဖြင့် ပြုပြင်ထားသူများကို သာမက တကယ့်ထိပ်သီး ပါရမီရှင်များကိုပါ ခေါ်ဆောင် လာခဲ့သည်။

“တော်ဝင် စစ်သူကြီးထျန်က သူ့ရဲ့ ကြီးမားတဲ့ ခွန်အားကြောင့် နာမည် ကျော်ကြားတယ်။ သူ့သားကလည်း တကယ်ပဲ ထူးခြား ထက်မြက်တယ်။ အင်ပါယာရှားဘုံမှာ သူ့လို နောက်တစ်ယောက် ရှိသေးလား” လီယောင်က မေးသည်။

ကုန်စွန်းကျောင်း၊ ချင်ပေ့နှင့် တခြားလူတို့သည် ဝင်ရောက် တိုက်ခိုက်ရန် လွန်စွာ စိတ်အား ထက်သန်နေခဲ့ရာ ရှေ့သို့ထွက်ရန် ဟန်ပြင် လိုက်ကြသည်။

သို့သော်လည်း မည်သူမှ မထွက်ရသေးခင် ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့သည်။ အလွန်တရာ အေးစက်သော မျက်လုံးများဖြင့် သူက လီယောင်အား ကြည့်သည်။

လီယောင်က သူ့အား နားမလည်စွာ ကြည့်သည်။ ထိုစဉ်က တော်ဝင်စစ်ပွဲကို သူကိုယ်တိုင် သွားရောက် ကြည့်ရှုခြင်း မရှိခဲ့ရာ ရီဖူရှင်းအား သူက မသိပေ။ နောက်ပိုင်းတွင် တော်ဝင်စစ်ပွဲအား တော်ဝင်ကျဲ နန်းတော်ကသာ အနိုင်ရခဲ့သည်ဟု သူသိခဲ့ရသည်။

ရီဖူရှင်း၏ အကြည့်မှ အမုန်းတရားများကို ခံစားမိကာ လီယောင်က မေးမြန်းသည် … “မင်း တိုက်ခိုက်မှာလား”

“ငါ မင်းကို စိန်ခေါ်တယ် …” ရီဖူရှင်းက လီယောင်ကို ကြည့်ကာ ပြောသည်။

“မင်းကလား …” လီယောင်က ရီဖူရှင်း၏ စကားကို ကြားလျှင် မဲ့ပြုံးပြုံးသည်။ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား။

သူက ထိုစိန်ခေါ်မှုအား လက်ခံစရာ အကြောင်း မရှိပေ။

“ဘယ်သူတွေ ရှိသေးလဲ …” လီယောင်က ရီဖူရှင်းအား ဂရုမစိုက်တော့ပဲ သူ့ဘေးမှ လူများအား မေးမြန်းသည်။

နောက်တစ်ယောက် ရှေ့သို့ ထွက်လာကာ သူ့ကိုယ်ရောင် ကိုယ်ဝါများအား ထုတ်လွှတ်လျက် ရီဖူရှင်းအား ကြည့်သည်။

အင်ပါယာရှားဘုံမှ လူများအားလုံးမှာ ထိုတိုက်ပွဲအပေါ် လွန်စွာ စိတ်ဝင်စား ကြသည်။ ကုန်စွန်းကျောင်း ကဲ့သို့သော သူများက ဝင်ရောက် တိုက်ခိုက်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြ သော်လည်း ရီဖူရှင်းက ဦးဆုံး ဝင်ရောက် စိန်ခေါ်ခဲ့သည်။ ထို့အပြင် သူက လီယောင်အား စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူတို့က အင်ပါယာရှားဘုံ အတွင်း၌ဖြစ်ရာ လီယောင် အနေဖြင့် စိန်ခေါ်မှုအား လက်ခံနိုင်ဖွယ် မရှိပေ။

သို့တိုင်အောင် ရီဖူရှင်း၏ စွမ်းရည်နှင့် ပတ်သက်၍ အင်ပါယာရှားဘုံမှ လူများသည် အလွန်တရာ စိတ်ဝင်စား ကြသည်။ ဤတိုက်ပွဲက ရီဖူရှင်း၏ စွမ်းရည်များအား မြင်တွေ့ခွင့် ရနိုင်ပေသည်။

“လီယောင် တိုက်ခိုက်မှာ မဟုတ်ဘူး။ တိုက်ပွဲမှာ ဝင်မပါနဲ့ …” ရှားရှင်းယွန်က ရီဖူရှင်းအား စိတ်ဖြင့် ပြောသည် … “နင်က လက်စားချေချင် ရင်လည်း နောက်ပိုင်း အခွင့်အရေးတွေ အများကြီးရ ှိတယ်”

ရီဖူရှင်းက ရှားရှင်းယွန်၏ စကားကို ကြားလျှင်ပင် ထိုနေရာ၌ ရပ်နေခဲ့သည်။ သူက လီယောင်အား ကြည့်ကာ ပြောသည် … “ဒါဆို ရှန့်ထိုကျဲရဲ့ သားကို မင်း ခေါ်သွားတာပေါ့ …”

“မင်း ဘာပြောနေလဲ ငါနားမလည်ဘူး …” ပုံမှန်အားဖြင့် လီယောင်က ဝန်ခံမည် မဟုတ်ပေ။ သူက ထိုနေရာတွင် ရှိခဲ့သည်ကို အင်ပါယာရှားက စုံစမ်း သိရှိခဲ့သည့်တိုင် သူသည် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။ သူ့အနေဖြင့် အင်ပါယာရှား၏ နန်းတော်ရှေ့၌ ထိုကိစ္စကို ဝန်ခံရအောင် မမိုက်မဲပေ။

“မင်းလည်း မကြာခင် သူတို့ လမ်းစဉ်ကို လိုက်ရမှာပဲ …” ရီဖူရှင်းက နောက်လှည့်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။

သူ့အား တိုက်ပွဲ၌ မပါဝင်ရန် ရှားရှင်းယွန်က ပြောခဲ့သည်မှာ အကြောင်းပြချက်များ ရှိရပေမည်။

ရီဖူရှင်းက ထိုသို့ပြောလျှင် လူအများအပြားမှာ သိပ်နားမလည်ကြပေ။

ကုန်စွန်းကျောင်းသည် ရှေ့သို့ တက်သွားကာ တစ်ဖက်လူနှင့် ရင်ဆိုင် တိုက်ခိုက်ပြီး ထိုသူအား သတ်ဖြတ်ခဲ့၏။

ချင်ပေ့၊ ရွှမ်ယွန်အော့နှင့် လူအချို့တို့ကလည်း တစ်ဖက်လူများအား သတ်ဖြတ်ကာ ရှန့်ထို အဆင့်အောက်မှ ပြိုင်စံရှားခြင်း၏ အဓိပ္ပာယ်ကို ဖော်ပြခဲ့ကြသည်။

လီယောင်၏ ဘေးမှ ရှီတန်ခိုးရှင် နှစ်ယောက်အပြင် တခြားသော တန်ခိုးရှင်များ အားလုံးက ပါဝင် တိုက်ခိုက်ကြသည်။

“ဒါဆို မင်းက တကယ်ပဲ မတိုက်ခိုက်ဘူးပေါ့ … မင်းသမီး” လီယောင်က ရှားရှင်းယွန်အား ကြည့်ကာ မေးသည်။

ရှားရှင်းယွန်က ပြန်မဖြေပေ။ ဤတွင် လီယောင်က ပြုံးကာ ပြောသည် … “ဒါဆိုလည်း ကျုပ်တို့ ပြန်လိုက်ပါဦးမယ်”

ယခု သူသည် အင်ပါယာရှားဘုံမှ ပါရမီရှင်များ၏ အနေအထားကို လေ့လာ ဆန်းစစ်မိပြီ ဖြစ်သည်။

“ဒါဆို သူတို့ ထွက်သွား ကြတော့မယ်ပေါ့ …” လူအများအပြားက တွေးတောကြသည်။ ရန်သူများက အိမ်ပြန်ကြတော့မည် ဖြစ်သော်လည်း တိုက်ပွဲအများစုမှာ အင်ပါယာရှားဘုံမှ အရေး နိမ့်ခဲ့ပေသည်။

ထိုအချိန်တွင် လေကိုခွင်းလျက် ပျံသန်းလာသော ဓားအသိ တစ်ခုကို ခံစားလိုက် ကြရသည်။ လူအများအပြားက မော့ကြည့်လိုက်လျှင် လေထဲမှ မရေမတွက်နိုင်သော ဓားမိုးစက်များ ဆင်းသက် လာသည်ကို တွေ့ကြရသည်။

“လီဟန်ဓား နန်းတော်ရဲ့ ဝမ်ချွန်းက အင်ပါယာလီဘုံရဲ့ လူတွေနဲ့ လက်ရည်စမ်းဖို့ ရောက်လာပါတယ်” အပေါ်မှ အသံတစ်သံကို ကြားကြရသည်။ ကောင်းကင်တွင် ဓားအရောင်အဝါနှင့် အတူ မရေမတွက်နိုင်သော ဓားများအား စီးနင်းလျက် ရောက်လာသော လူတစ်ယောက်အား မြင်ကြရသည်။

လီဟန်ဓား နန်းတော်မှ ဝမ်ချွန်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ပြိုင်စံရှားတဲ့ အရောင်အဝါပဲ …” လူအများအပြားက အထင်တကြီး မှတ်ချက် ချကြသည်။ ဓားများ ရောက်လာသော အခိုက်တွင်ပင် လီယောင်၏ရှေ့သို့ စွမ်းအားမြင့် တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။

သို့သော်လည်း ဓားများ၏ အကြီးအမှူး ဖြစ်ဟန်ရသော သူသည် တစ်ယောက်တည်းဖြင့် တစ်ဖက်လူများ အားလုံးကို ရင်ဆိုင် တိုက်ခိုက်သည်။

တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် မာန်သွင်း အော်ဟစ်ကြရာ ကြီးမားသော အရှိန်အဝါများအား ထုတ်လွှတ်ကြ၏။ သို့သော်လည်း ဓားသည် လေကိုခွင်းကာ သူတို့၏ စိတ်နယ်ပယ်သို့ တိုက်ရိုက် တိုးဝင် လာခဲ့ကြသည်။ ဓားတစ်ချက်တည်းက သူတို့အား အပိုင်းပိုင်း ပြတ်တောက် စေ၏။

ဓားအလင်း တစ်ချက်တွင် တစ်ဖက်လူသည် ခုခံနိုင်ခြင်း မရှိဘဲ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျသည်။

ဓားတစ်ချက်တည်းက အရာအားလုံးကို ဖြတ်တောက်ခဲ့သည်။ ဝမ်ချွန်း၏ ဓားအသိသည် သူ့ရှေ့မှ လူများ အားလုံးကို ထွင်းဖောက် သွားခဲ့ကာ ထိုလူများ အားလုံးသည် သွေးပွက်ပွက် အန်ကြ၏။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများ မြန်ဆန်စွာ ပြယ်လွင့် လာခဲ့သည်။

“အဆင့်အတန်းမြင့် စက်ဝိုင်း နယ်မြေတွေနဲ့ မထိုက်တန်တဲ့ အောက်တန်း နည်းလမ်းတွေ …” ဝမ်ချွန်းက ရိုးရိုးရှင်းရှင်း မှတ်ချက် ပေးသည်။ သူက လက်ချောင်းကို အောက်သို့ စိုက်လိုက်သည်နှင့် သူ့ဓားဖြင့် ထွင်းဖောက်ခံရသူများ အားလုံးမှာ ထိုနေရာ၌ပင် အသက်ပျောက် သွားကြတော့သည်။

လီယောင်၏ မျက်လုံးမှာ ရုတ်တရက် အေးခဲသွားပြီး သူ့ဘေးမှ နှစ်ယောက်မှာလည်း မျက်နှာပျက် သွားကြသည်။

အင်ပါယာရှားဘုံမှ လူများ၏ နှလုံးခုန်သံမှာလည်း ပိုမို မြန်ဆန်လာခဲ့ကြ၏။

ရီဖူရှင်းက လီဟန်ဓား နန်းတော်ကို ရန်စခဲ့သော်လည်း ဝမ်ချွန်းသည် တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။

သို့သော်လည်း သူက လီဟန်ဓား နန်းတော်မှ ဆင်းသက် လာသောအခါ အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းအောင် ထူးခြား ထက်မြက်လွန်း နေသည်။

ဝမ်ချွန်းကား အင်ပါယာရှားဘုံ အတွင်း၌ ရှန့်ထိုအဆင့် အောက်တွင် စစ်မှန်သော နံပါတ်တစ် တန်ခိုးရှင်ဖြစ်သည်။

***

All Chapters