← Chapters

လီဟန်ဓားနန်းတော်

Vol. 011 Ch. 1044

လီဟန်ဓားနန်းတော်

Vol. 011 Ch. 1044

မရေမတွက်နိုင်သော လူများသည် ဓားများနှင့်အတူ ရောက်လာသော သူရဲကောင်းဆန်ဆန် လူငယ်အား ကြည့်ကြသည်။

အင်ပါယာလီဘုံမှ လူများသည် သူတို့နယ်မြေထံသို့ ရောက်လာကာ ရန်စ စော်ကားကြ၏။ တိုက်ပွဲတွင်လည်း အင်ပါယာ ရှားဘုံမှာ အရေးနိမ့်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့်ပင် လီဟန်ဓား နန်းတော်မှ ဝမ်ချွန်းသည် ဓားများကို စီးနင်းကာ ရောက်ရှိလာခဲ့၏။ သူကား စွမ်းအားမြင့်လွန်းရကား လီယောင်၏ဘေးမှ တန်ခိုးရှင် နှစ်ယောက်မှလွဲ၍ ကျန်သော ထိပ်သီးစွမ်းအားရှင်များ အားလုံး အသတ်ခံရသည်။

ထို့အပြင် သူ၏ဓားက အမှန်တကယ်ပင် ရှီအဆင့်၏ အမြင့်ဆုံးသော အနေအထားသို့ ရောက်နေခဲ့သည်။ ဝမ်ချွန်းကား ရှန့်ထို တစ်ဝက်ဟု ပြောလျှင် မှားအံ့မထင်။ နောက်ခြေ တစ်လှမ်းတွင် သူက ထိုအဆင့်သို့ ရောက်ပေတော့မည်။

ရှားရှင်းယွန်သည် သူမ၏ တန်ခိုးအဆင့် အမြင့်ဆုံးသို့ မရောက်မီ သူမပင်လျှင် ဝမ်ချွန်းအား အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

ရှောင်အဘိုးအို၏ မွေးနေ့ပွဲ၌ ရီဖူရှင်းသည် လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များအား ဖိနှိပ်ကာ သူ့အား ရှန့်ထို အဆင့်အောက် မည်သူမှ အနိုင်မယူနိုင်ဟု ကြွားဝါခဲ့သည်။ ထိုအရာက မှန်ကန်ပါသလော။

ဝမ်ချွန်းက တိုက်ပွဲတစ်ပွဲတည်းဖြင့် တောင်အောက်သို့ မဆင်းလို၍သာ ဖြစ်ပေမည်။

ထိုအခိုက်တွင် သူသည် လေထဲတွင် ထည်ဝါစွာ ရပ်လျက် လီယောင်အား ကြည့်သည်။

လီယောင်က သူ့အား စိုက်ကြည့်ကာ ပြုံးလျက် ပြောသည်… “အံ့အားသင့်ဖွယ်ရာပဲ … မင်း လှုပ်ရှားတာကို လက်တွေ့ မြင်ခဲ့ရတော့ ကျုပ်က ဝမ်းသာပါတယ်။ အခွင့်အရေးရရင် ကျုပ်တို့ ပြန်တွေ့ကြတာပေါ့”

သူက လက်ဝှေ့ယမ်းလျှင် နဂါး ဆယ့်ရှစ်ကောင် ဆွဲသော ရထားသည် ကောင်းကင်ထက်သို့ ပျံတက်ကာ လီယောင်သည် အင်ပါယာလီဘုံသို့ ပြန်သွားခဲ့တော့သည်။

ရှားရှင်းယွန်က သူ့အား ရပ်တန့်ရန် အမိန့်မပေးခဲ့ပေ။ သူက သူမအား ရန်စ စော်ကားခဲ့သော်လည်း သူမသည် စည်းမျဉ်းများကို လိုက်နာပေသည်။ အင်ပါယာရှား နန်းတော်က အိမ်ရှင်ဖြစ်ရာ ရန်သူများအား ထိန်းသိမ်း၍ မဖြစ်ပေ။

“မင်းသမီး ရှားရှင်းယွန် … မင်းနဲ့ကျုပ် စစ်မြေပြင်မှာ ပြန်တွေ့ကြတာပေါ့” ကောင်းကင်ထက်မှ အသံတစ်ခု ပျံ့လွင့် ထွက်ပေါ် လာခဲ့သည်။ သူ ဘာကို ဆိုလိုသည်ကို ရှားရှင်းယွန် သိနားလည် ပေသည်။

လီယောင်သည် နဂါးဆွဲ ရထားပေါ်၌ ထိုင်နေ၏။ ယနေ့ သူက အင်ပါယာရှားဘုံမှ ရှန့်ထို အဆင့်အောက် တန်ခိုးရှင်များအား စမ်းသပ်ခဲ့သည်။ ကြည့်ရသည်မှာ သူက ပိုမိုသော ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။ ထိုအသေခံ စစ်သားများမှာ ဝမ်ချွန်း၏ အဆင့်ကို ခံနိုင်ရည် မရှိကြပေ။

သူတို့က တကယ့် ရှန့်ထိုများနှင့် ရင်ဆိုင်ပါက ပိုမို၍ပင် အသုံးကျ နိုင်ဖွယ်ရာ မရှိပေ။

ရီဖူရှင်းက နဂါးဆွဲရထားဖြင့် ထွက်သွားခဲ့သော လီယောင်အား ကြည့်နေသည်။ သူ့ဆံပင်ဖြူများမှ လေထဲလွင့် နေသော်လည်း သူ့စိတ်နှလုံးကမူ အေးစက်နေ၏။

သူ့ရန်သူသည် သူ့ရှေ့တွင် ဖြစ်သော်လည်း သူ့တွင် သတ်ဖြတ်ရန် စွမ်းအားမရှိပေ။ သူက ဂျီယူအတွက် လက်စားချေနိုင်ခြင်း မရှိခဲ့။

ထို့အပြင် လီယောင်ကား သူ့အပေါ် မည်သည့်အခါကမှ အလေးအနက် မထားခဲ့။ သူက ကျိရှမ်းကမ်းပါး၌ ဘာလုပ်ခဲ့သည် ကိုလည်း ဂရုစိုက်ဟန် မရှိပေ။ ထိုနေရာတွင် မည်သူတို့ သေဆုံးခဲ့ပါစေ၊ သူနှင့် သက်ဆိုင်ခြင်း မရှိပေ။ သူ ဂရုစိုက်သည်ကား ရှန့်ထိုကျဲက သူ့တာဝန်များအား အောင်မြင် ပြီးမြောက်ခဲ့သည်လား ဟူသော အချက်ဖြစ်သည်။ တခြား အရာများက အင်ပါယာလီ၏ သားတစ်ဦးဖြစ်သော သူ့အတွက် အရေးမပါပေ။

ရှီတန်ခိုးရှင် တစ်ယောက်သာ ဖြစ်သော သူ့အား အဘယ်ကြောင့် လီယောင်က ဂရုစိုက်ရမည်နည်း။

ရှားရှင်းယွန်က ရီဖူရှင်းအား တစ်ချက် ကြည့်သည်။ တော်ဝင်ကျဲနန်းတော်မှ လူများအပြင် လီယောင်အပေါ်  ရီဖူရှင်း၏ အမုန်းတရားများကို သူမ အသိဆုံးဖြစ်သည်။

တခြားလူများကား ဝမ်ချွန်းကိုသာ ကြည့်နေကြသည်။ လီဟန်ဓား နန်းတော်မှ ဆင်းသက်လာသော ထိုသူသည် မင်းသမီးအား ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြသည်။

ထို့နောက် သူက ရီဖူရှင်းအား ကြည့်သည်။ ဤတစ်ကြိမ်ကား သူ့အနေဖြင့် ရီဖူရှင်းကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူတို့ ယခင်က အချင်းချင်း တွေ့ဖူးခြင်း မရှိသော်လည်း သူ့အား မြင်သည်နှင့် သူ မည်သူ ဖြစ်သည်ကို ဝမ်ချွန်းသိသည်။

တစ်စုံတစ်ယောက်က သူ့အား ကြည့်နေသည်ကို ရီဖူရှင်းက ခံစားမိရာ သူက လီယောင် ထွက်သွားရာ ဘက်သို့ ကြည့်နေခြင်းမှ ရှောင်လွှဲကာ တစ်ဖက်ကို လှည့်ကြည့်သည်။

ထိုအခိုက်တွင် အရာအားလုံးမှာ တိတ်ဆိတ် သွားခဲ့၏။

တိတ်ဆိတ်မှုမှာ သူတို့နှစ်ဦး အချင်းချင်း ကြည့်နေ ကြသောကြောင့် ဖြစ်လာသည်။

တစ်ယောက်သည် လီဟန်ဓား နန်းတော်မှ ဓားသမားများ အားလုံးကို အနိုင်ယူခဲ့သော ရီဖူရှင်းဖြစ်ပြီး နောက်တစ်ယောက်မှာ လီဟန်ဓား နန်းတော်မှ အတော်ဆုံးဓားသမား ဖြစ်သည်။

သူတို့နှစ်ယောက် နောက်ဆုံးတွင် ရင်ဆိုင်တွေ့ကြပြီ ဖြစ်သည်။

ဤတွင် သူတို့နှစ်ယောက်က အချင်းချင်း မကျေလည်မှုများအား ရင်ဆိုင် ဖြေရှင်း ကြတော့မည်လား။

အားလုံးက ထိုအခြေအနေကို ကြည့်ကာ စိတ်လှုပ်ရှား နေကြသည်။

ဝမ်ချွန်းက အင်ပါယာလီဘုံမှ ဓားသမားများကို တိုက်ခိုက် အနိုင်ယူခဲ့သည့် အတိုင်း ဓား တစ်ချက်တည်းဖြင့် ရီဖူရှင်းအား အနိုင်ယူ နိုင်ပါ့မလား။

“လီဟန်ဓား နန်းတော်ရဲ့ ဓားပညာမှာ အလွှာ သုံးဆယ့်သုံးခု ရှိပြီး‌တော့ မရေမတွက်နိုင်တဲ့ လူတွေက လိုက်နာ ကျင်ကြံကြတယ်။ ရှန့်ထိုအဆင့် အောက်မှာ စွမ်းအားမြင့် တန်ခိုးရှင်တွေ ဘယ်လောက် များတယ်ဆိုတာ ငါတောင်မှ မသိဘူး။ အများအပြားက သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို ထုတ်ဖော်ခြင်း မရှိကြသလို တောင်အောက်ကိုလည်း မဆင်းကြဘူး။ ဒါနဲ့ပဲ တစ်ယောက်မှ မင်းကို မယှဉ်နိုင်ဘူးလို့ မသတ်မှတ်နိုင်ဘူး” ဝမ်ချွန်းက ရီဖူရှင်းကို ပြောသည်။

“အဲဒီလိုလူတွေ ရှိတယ်ဆိုရင် ဘာလို့ ရှန့်ထိုတစ်ပါးက ဝင်ပါရတာလဲ …” ရီဖူရှင်းက မေးသည်။

“ဆရာဦးလေးလီရန်က အမှားတစ်ခု လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့နေရာမှာ ငါဆိုရင်လည်း အဲဒီလိုပဲလုပ်မှာပဲ။ ဘယ်လိုပြောပြော လီဟန်ဓား နန်းတော်က တန်ခိုးရှင်တွေ သေဆုံးမှာကို ကျုပ်က ကြည့်မနေနိုင်ဘူး။ မင်းလည်း ဒီအတိုင်း ဖြစ်မှာပဲ။ သူတို့က ပေ့ချိန်ရန်နဲ့ တိုက်ပွဲမှာ တကယ်ပဲ မှားယွင်းခဲ့ကြတယ်။ လုချွန်က ပေ့ချိန်ရန်အတွက် သွားရောက် တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်ခဲ့တာပါပဲ” ဝမ်ချွန်း၏ အသံက တည်ငြိမ်နေသည်။

ရိုးရိုးရှင်းရှင်း စဉ်းစားလျှင် လီရန်သည် အမှန်တကယ် မှားယွင်းခဲ့၏။ လူအများအပြားက တိတ်တခိုး သက်ပြင်း ချကြသည်။ ဝမ်ချွန်းကဲ့သို့ သူသာလျှင် သူ၏ အကြီးအကဲအား ဤသို့ ပြောနိုင်ပေသည်။

သို့သော်လည်း သူသည် ထိုအခြေအနေ၌ ရှိနေပါက တူညီသော ဆုံးဖြတ်ချက်ကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

အမှန် တကယ်လည်း သူတို့က မှားယွင်းသည် ဆိုလျှင်ပင် မဖြစ်မနေ လုပ်ရမည့် အရာများ ရှိနေပေသည်။ သူက သူ၏တပည့် သေဆုံးသည်ကို အမှန်တကယ် ကြည့်နေနိုင် ပါမည်လော။

အဆုံးသတ်တွင် သူသည် သူ၏လူဖြစ်ကာ မည်သူကမှ သူ၏ ကိုယ်ပိုင် အမှားအတွက် မကာကွယ်ပေးန ိုင်ပေ။

“ဒါပေမဲ့လည်း ကျုပ်က တောင်းပန်မှု တစ်စုံတစ်ရာ မကြားသိခဲ့ရပါလား။ အဆုံးသတ်မှာ ကျုပ်တို့ရဲ့ အင်အားက မတူညီဘူးလေ” ရီဖူရှင်းက ပြောသည်။ အကယ်၍ သူတို့၏ အင်အားက တူညီခဲ့လျှင် ရလဒ်မှာ အလွန်တရာ ကွဲပြား ခြားနား နေပေလိမ့်မည်။

“ကျင့်ကြံခြင်း လောကက အမြဲတမ်းအားဖြင့် ဒီလိုပဲ မဟုတ်ဘူးလား …” ဝမ်ချွန်းက ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းက ထိုအရာအား မငြင်းဆန်ဘဲ လေးနက်စွာ ခေါင်းညိတ်သည် … “မင်းမှန်တယ် … ဒါကလည်း ကျင်ကြံခြင်း လောကပဲ”

လီဟန်ဓား နန်းတော်ဖြစ်စေ၊ လီယောင်ဖြစ်စေ ထိုအရာများမှာ တူညီသော လောကဥပဒေများ ဖြစ်သည်။ လီယောင်ကလည်း ထိုသို့ တွေးတော မည်လော။ သူက သူ၏ ရည်မှန်းချက်ကိုသာ ကြည့်သည်။ အဘယ်ကြောင့် သူက တခြားလူများ၏ သေဆုံးခြင်းကို ဂရုစိုက် ရမည်နည်း။

“မင်းနဲ့ ပေ့ချိန်ရန်တို့ရဲ့ ရန်ငြိုးရန်စက ရီဝူချင်းကြောင့် ဖြစ်လာတာလို့ ငါကြားတယ်။ ဒါကြောင့်ပဲ မင်းက ကျူးထန် နန်းတော်ကိုးလွှာသို့ တက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ တကယ်လို့ ဒီနေ့မှာ မင်းက မကျေလည်တာတွေ ရှိနေသေးရင် လီဟန်ဓား နန်းတော် ၃၃လွှာသို့ တက်ခဲ့ပါ။ ငါက မင်းကို အဲဒီမှာ စောင့်နေမယ်။ တကယ်လို့ မင်းက လီဟန်ဓား နန်းတော်၃၃လွှာသို့ တက်နိုင်ခဲ့တယ်ဆိုရင် မင်းမှန်တယ် ဆိုတာကို သက်သေပြတာပဲ” ဝမ်ချွန်းက ထိုသို့ ပြောပြီးသည်နှင့် ဓားအလင်းတန်း အသွင်သို့ ပြောင်းကာ အဝေးသို့ ပျံသန်း ထွက်ခွာ သွားခဲ့သည်။

သို့သော် သူ ချန်ထားရစ်ခဲ့သော စကားလုံးများမှာ အားလုံး၏ စိတ်နှလုံးကို တုန်ယင် စေခဲ့သည်။

သူက ရီဖူရှင်းအား မတိုက်ခိုက်ပဲ လီဟန်ဓား နန်းတော်၏ ၃၃လွှာမှ စောင့်နေမည် ဖြစ်သည်။

လီဟန်ဓား နန်းတော်တွင် ရှန့်ထို အဆင့်အောက်၌ မည်သူကမှ သူ့အား မယှဉ်နိုင်ဟု ရီဖူရှင်းက ပြောခဲ့သည်။ အကယ်၍ သူက လီဟန်ဓား နန်းတော်၏ ၃၃လွှာသို့ တိုက်ခိုက်နိုင်ခဲ့ပါက သူ၏စကားမှာ မှန်ကန်ကြောင်း သက်သေပြ နိုင်ပေသည်။

သို့သော် ထိုနေရာက ကျူးထန်နန်းတော် မဟုတ်ပေ။ လီဟန်ဓား နန်းတော်ဖြစ်သည်။ ရီဖူရှင်းက အမှန်တကယ် သွားရဲပါမည်လော။

ရီဖူရှင်းက ဓားအသွင် ပြောင်းလဲကာ ထွက်သွားသော သူ့အားကြည့်ကာ ပြောသည် … “နောက်ခုနစ်ရက်နေရင် နှစ်သစ်ကို ရောက်တော့မယ်။ လီဟန်ဓားနန်းတော်မှာ ထပ်တွေ့ကြတာပေါ့”

ယခု ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၂၀ခုနှစ်သည် ကုန်ဆုံးခြင်းသို့ ရောက်ခဲ့ပြီ ဖြစ်သည်။

နောက်ခုနစ်ရက် ကြာပါက ၁၀၀၂၁ခုနှစ်၏ ပထမဦးဆုံးနေ့ ဖြစ်ပေမည်။ ထိုနေ့တွင် သူက လီဟန်ဓား နန်းတော်သို့ သွားမည် ဖြစ်သည်။

သူက သဘောတူပြီးမှတော့ မဖြစ်မနေ သွားရောက် ပေမည်။

“ငါ မင်းကို စောင့်နေမယ် …” ဝမ်ချွန်း၏ အသံက ကောင်းကင်ထက်မှ ပျံ့လွင့်လာခဲ့လျှင် အားလုံး၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်ခါကြသည်။

ရီဖူရှင်းက လီဟန်ဓား နန်းတော်သို့ အမှန်တကယ် သွားရောက် လိုပေသည်။ သူကား အမှန်တကယ် ရူးသွပ်သူ ဖြစ်သည်။

ကုမူသည်လည်း ထိုနေရာတွင်ရှိကာ ရီဖူရှင်းအား ကြည့်နေသည်။ အတိတ်တွင် ရီဖူရှင်းက ကျူးထန်နန်းတော် ကိုးလွှာသို့ တက်ရောက်လာခဲ့ပြီး ပေ့ချိန်ရန်အား အနိုင်ယူခဲ့သည်ကို သူက ကိုယ်တိုင် တွေ့မြင်ခဲ့သည်။

သို့သော် ကျူးထန်အဆင့်မှ သူများသည် မည်မျှ စွမ်းသည် ဆိုစေကာမူ လီဟန်ဓား နန်းတော် ၃၃လွှာမှ လူများမှာ ပိုမို၍ စွမ်းအား ကြီးပေသည်။

ဝမ်ချွန်းသည်ကား ရှန့်ထိုအဆင့်၏‌ အောက်၌ အမြင့်ဆုံးသော အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီး ဖြစ်ကာ သူ့အနေဖြင့် ကျူးထန် နန်းတော်သို့ သွားရောက်၍ သက်သေပြစရာ မလိုတော့ပေ။

ရီဖူရှင်းက လီဟန်ဓားနန်းတော် ၃၃လွှာသို့အထိ တက်ရောက် တိုက်ခိုက်မည် ဆိုသည်မှာ ဖြစ်နိုင်ဖွယ် သိပ်မရှိပေ။ ယနေ့ သူတို့ မြင်တွေ့ခဲ့ရသော ဝမ်ချွန်း၏ စွမ်းရည်အရ သူကား ရှန့်ထိုဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ရီဖူရှင်းက သူ့အား အမှန်တကယ် အနိုင်ယူနိုင်ပါ့မလား။

ဤနှစ်အကုန် နှစ်သစ်၏ ပထမနေ့မှာ ထူးခြားသော နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ သူ၏အဖြေကား ပြတ်သား ပေသည်။ သူက အမှန်တကယ် လီဟန်ဓား နန်းတော်သို့ သွားရောက်မည်လော။

သူမက အားလုံးကို တစ်ချက်ကြည့်ကာ ပြောသည်… “နောက် ၇ရက်နေရင် ငါက အသိသက်သေ အနေနဲ့ သွားရောက်မယ်”

ထိုသို့ပြောကာ သူမကလည်း အင်ပါယာရှား နန်းတော် အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။

သို့သော် သူမ၏စကားက အားလုံး သူတို့ကို မှင်တက် စေခဲ့၏။

ဒါ …

ရှားရှင်းယွန်က တိုက်ပွဲသို့ ကိုယ်တိုင် သွားရောက်ပေမည်။

ထိုအရာက ရီဖူရှင်းအား ကာကွယ် လိုသောကြောင့်လား။

မည်သို့ဆိုစေ သူတို့က လီဟန်ဓား နန်းတော်သို့ သွားရောက်ခြင်း ဖြစ်ပေသည်။

အကယ်၍ ရှားရှင်းယွန်သာ ထိုနေရာသို့ သွားရောက် ကြည့်ရှုပါက မည်သူမှ နောက်ကွယ်မှ မကောင်း ကြံစည်ရဲမည် မဟုတ်ပေ။

မှန်သည် … ဝမ်ချွန်းက ကိုယ်တိုင် ရီဖူရှင်းအား ဖိတ်ခေါ်ခဲ့မှတော့ သူတို့ကလည်း မတရားသဖြင့် ပြုမူမည် မဟုတ်ပေ။

“ဟူး…” လူအများအပြားက သက်ပြင်း ချကြသည်။ နောက်နှစ်၏ ပထမဆုံး နေ့ရက်တွင် သူတို့အားလုံး ကောင်းမွန်သော တိုက်ပွဲကြီး တစ်ခုအား ကြည့်ရှု ကြရပေတော့မည်။

လူအုပ်မှာ ကျဲပါး သွားခဲ့သည်။ သတင်းများသည် မြန်ဆန်စွာ ပြန့်ခဲ့၏။ လူတိုင်းမှာ ရီဖူရှင်းနှင့် ဝမ်ချွန်းတို့၏ သဘောတူညီချက်ကို ကြားသိရပြီးနောက် ကြီးစွာ စိတ်လှုပ်ရှား ကြရသည်။

နောက်နှစ်၏ ပထမဆုံးနေ့မှာ ကြီးကြီးမားမား လှုပ်ခတ် ပေဦးမည်။ ရက်များ ကုန်ဆုံးခြင်းမှာ နှေးကွေးလွန်း သည်ဟု အားလုံးက ခံစားကြရသည်။

နောက်ဆုံးတွင် အင်ပါယာရှားဘုံမှ အများစု၏ မျှော်လင့် စောင့်စားမှုဖြင့် ကောင်းကင် ပြက္ခဒိန်၏ နောက်ဆုံးနေ့ရက်မှာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ လူအများအပြားတို့သည် လီဟန်ဓား နန်းတော်၏ တောင်ခြေ၌ လာရောက် စုစည်းကြ၏။

ယနေ့တွင် ရီဖူရှင်းသည် ဓားတစ်လက်အား စီးနင်း၍ ရောက်ရှိလာခဲ့သည်။ သူက လီဟန်ဓား နန်းတော်၏ တောင်ခြေတွင် ရပ်ကာ နန်းတော် ၃၃လွှာသို့ တက်ရန် ပြင်ဆင်သည်။

***

All Chapters