အကာအရံအဖြစ်
Vol. 127 Ch. 4.1411
လုရွှမ်သည် ဒေါသတကြီး အော်ငေါက်နေခဲ့သော ကျင့်ကြံသူဘက်သို့ နောက်ပြန် လှည့်ကြည့်လိုက်ရာ ထိုလူက ဒေါသတကြီး ပျံသန်းလာနေတာကို တွေ့လိုက်ရလေသည်။
"ကောင်လေး... မင်းအမေက စကားပြောတဲ့အခါ အကြီးတွေရှေ့မှာ နှိမ့်ချသင့်တယ်လို့ မပြောခဲ့ဘူးလား"
ထိုလူသည် တီးတိုးသံဖြင့် သူ့နောက်ကျောမှ နတ်ဓားကို ဆွဲထုတ်လိုက်သည်။ အဆင့်က သိပ်မမြင့်ပေမယ့် အစိမ်းရောင် အလင်းပြနေတာကြောင့် ဓားက ဒီကျင့်ကြံသူနဲ့အတူ နှစ်ပေါင်းများစွာ ကြီးပြင်းလာခဲ့တာ ထင်ရှားလေသည်။
"ငရဲကို သွားပေတော့!"
ဓားစွမ်းအင်က တိုက်ရိုက် ပြေးထွက်လာသည်။ တစ်ယောက်ယောက် သဘောမတူရင် သတ်ပစ်ကြလိမ့်မယ် ဆိုတဲ့ သဘောတရားကို ပတ်ဝန်းကျင်က လူတိုင်းကလည်း ပေါ့ပေါ့တန်တန် သဘောပေါက်နေပုံရ၏။ အားလုံးက အေးအေးဆေးဆေးသာ ရပ်ကြည့်နေကြသည်။
လုရွှမ် ချီထျန်းပု ခြေလှမ်းအနည်းငယ်ဖြင့် တစ်ဖက်လူ၏ ဓားစွမ်းအင်ကို ရှောင်ထွက်သွားသည်။ ထို့နောက် ခြေထောက်ကို တဖန်လှုပ်၍ ထိုလူအား ပြေးကန်ထည့်လိုက်သည်။ ထိုအရှိန်ကို မြင်သောအခါ ထိုသူ၏ မျက်လုံးများသည် ထိတ်လန့်သွားတော့၏။
သူက ကျယ်လောင်စွာ အော်လိုက်ပြီး ဓားကို လက်နှစ်ဘက်နဲ့ ကိုင်ကာ လုရွှမ်ခေါင်းကို အားအင်အပြည့်နဲ့ လွှဲခုတ်လိုက်သည်။
"မင်းရဲ့အမြန်နှုန်းက ပိုမြန်နေတော့ရော ဘာဖြစ်လဲ... ငါအရင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးတာ မရှိဘူး! သေလိုက်စမ်း!"
လုရွှမ် ခြေထောက်ကန်အားကို ရုတ်သိမ်းပြီးနောက် အရိုးများထဲမှ အနက်ရောင် လျှပ်စီးကြောင်းများကို ထုတ်လွှတ်လိုက်သည်။ လျှပ်စီးကြောင်းတွေဟာ သူ့လက်မောင်းတစ်ခုလုံးကို ချက်ချင်းဖုံးအုပ်ကာ အနက်ရောင် လက်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
သူသည် တစ်ဖက်လူ၏ ဓားကို တိုက်ရိုက်ထောက်ကာ လက်ပြန်ဖြင့် ရိုက်ချပစ်သည်။ နတ်ဓား ဆန့်ကျင်ဘက်သို့ လှည့်သွားစဥ် ထိုလူ၏ မေးရိုးများ ကွဲသွားပေ၏။ ၎င်းမှာ နတ်ဓားကို မကိုင်နိုင်တော့ချိန် လုရွှမ်က နတ်ဓားအစွန်းကို သူ့လက်ဖဝါးဖြင့် ဖိကိုင်ကာ လွှဲပြောင်းထိန်းချုပ်၍ ထိုလူရဲ့ လည်ပင်းကို သူ့ကိုယ်ပိုင်ဓားနဲ့ပင် ထိုးဖောက်ပစ်ခဲ့သည်။
ကျင့်ကြံသူသည် မြေပြင်ပေါ်၌ ဒူးထောက်လျက်သား လဲကျသွာ၏။ သူ့မျက်လုံးများ ပြူးကျယ်လျက်ရှိကာ မျက်လုံးမှိတ်ရန်ပင် ငြင်းဆန်နေသည်။
ကိုယ့်ဓားနဲ့သေရတာ တကယ်ကို ဝမ်းနည်းစရာကောင်းတယ် မဟုတ်လား။ အလွန်ထိတ်လန့်စရာ ကောင်းတဲ့ မျက်စိတစ်မှိတ်အတွင်း အဖြစ်အပျက်ကြောင့် ဒီတစ်ခေါက်မှာတော့ အားလုံးရဲ့ လုရွှမ်ကို ကြည့်တဲ့ပုံစံက ပြောင်းသွားခဲ့သည်။
ယခင် လှောင်ပြောင်မှုနှင့် အထင်အမြင် သေးမှုများ ပျောက်ကွယ်သွားခဲ့ပြီး ထွက်ပေါ်လာသည့်အရာမှာ ထိတ်လန့်ကြောက်ရွံ့ခြင်းသာ ဖြစ်လာသည်။
တစ္ဆေသရဲလို အမြန်နှုန်း၊ ရုတ်ချည်း အရောင်ပြောင်းသွားတဲ့ လက်မောင်း၊ ကြမ်းတမ်းပြီး လွှမ်းခြုံနိုင်တဲ့ စွမ်းအား။
ရောက်ရှိလာသော လူများသည် လုရွှမ်နှင့် ၎င်းတို့၏ ခွန်အားကို အလိုအလျောက် ချိန်ဆကြည့်လာသည်။ အစောကလူနဲ့ နှိုင်းယှဉ်လို့တောင် မရလေရာ လုရွှမ်အား သူတို့စိတ်ထဲတွင် ပို၍ကြောက်လန့်သွားကြသည်။
လုရွှမ် သူ့လက်ချောင်းတွေကို လှည့်လိုက်တော့ မီးလုံးကြီးတစ်ခု ထလာပြီး သူ့လက်ထဲက သွေးများကို လောင်ကျွမ်းသွားစေသည်။ ထို့နောက် မီးတောက်များက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ပေါ်သို့ တောက်လောင်သွားကာ တစ်ခါတည်း လတ်စသတ်ပေးလိုက်လေ၏။
လုရွှမ်သည် သူ့လက်ဖဝါးကို စုပ်လိုက်ပြီး သိုလှောင်လက်စွပ်ကို အသာကြည့်ပြီးနောက် ပြုံးလိုက်သည်။
"ရိတ်သိမ်းရတာ ကောင်းသားပဲ"
နတ်ဓားကို လက်နှစ်ချောင်းဖြင့် အနည်းငယ် တွန်းထုတ်လိုက်ရာ ဖြောင်းကနဲ ကွဲသွားသော အသံနဲ့အတူ နတ်ဓား နှစ်ပိုင်းကွဲသွားတဲ့အခါ ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။
"နတ်သမီး... မင်းငါ့မေးခွန်းကို မဖြေရသေးဘူး ထင်တယ်"
ယခုအခါ မိန်းကလေး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားကာ အပြုံးကို ဖျစ်ညှစ်၍ ဆိုလာ၏။
"သခင်လေးက တကယ်ကို သန်မာတာပဲ... ဒီမိန်းကလေး ပြန်ဖြေပေးပါ့မယ်... မြို့တံခါးက တစ်လ တစ်ကြိမ် ဖွင့်တယ် နောက်ဆုံးအချိန်က ဒီညပဲ... သခင်လေး ဘယ်တုန်းက ရောက်လာတာလဲ... ဒါပေမဲ့ လိုအပ်ချက်က တစ်လကို လူတစ်ရာလောက်ပဲ ဝင်နိုင်တာ... သခင်လေး... ဒီမှာ စောင့်ဆိုင်းနေသူ တစ်ထောင်ကျော် ရှိနေပြီဆိုတာ သိထားရမယ်နော်... ကျွန်မက ယင်ယွဲ့... သခင်လေးကို ဘယ်လို ခေါ်ရမလဲ?"
လုရွှမ် သူ့နာမည်ကို ထုတ်မပြောချင်ပါ။ ပါရမီရှင်စာရင်းက အလယ်ပိုင်း နယ်မြေတစ်ခုလုံးတွင် သြဇာလွှမ်းမိုးမှု အချို့ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ဉာဏ်ကြီးရှင်များ ပြည့်နှက်နေသည့် ကျုံးကျိုးတွင် ကျင့်ကြံသူတိုင်းက ထိုနာမည်စာရင်းကို ပို၍ အာရုံစိုက်လာမှာ သေချာသည်။
ထို့အပြင် ရော့ရှီးက မည်သူ့ကိုမျှ လျှော့မတွက်ပါနှင့်ဟု ဆိုခဲ့သည်။ သို့မဟုတ်ပါက သူသည် စိတ်ဆင်းရဲစွာ သေဆုံးသွားရလိမ့်မည်။
"မင်္ဂလာပါ နတ်သမီးယင်ယွဲ့ ငါ့မျိုးရိုးနာမည်က ဟောက်...နာမည်က ထျန်း"
"ဟောက်ထျန်း?" ယင်ယွဲ့က ရယ်မောလိုက်ပြီး "သခင်လေးရဲ့ နာမည်က အရမ်းလွှမ်းမိုးနေတာပဲ"
လုရွှမ်: "ငါလည်း ဒီလိုပဲ ထင်တယ်"
"သခင်ငယ် ဘယ်မှာ ပညာသင်ခဲ့လဲ မသိဘူးနော်... နာမည်အတိုင်းပဲ ခွန်အားက ကြီးစိုးနေပြီ"
လုရွှမ်: "သေးငယ်တဲ့ ဂိုဏ်းတစ်ခုပါ.. နတ်သမီးတောင်မှ အဲဒီနေရာကို မသိဘူး... နေရာက တစ်ရာစာပဲ ရှိတော့ ဒီလောက်များတဲ့လူတွေကို ငါတို့ ဘယ်လိုခွဲရမလဲ"
ယင်ယွဲ့က ပါးစပ်ကို အုပ်ပြီး "ဘယ်လိုခွဲရမလဲ...သေချာပေါက် သေရင် ခွဲစရာ မလိုတော့ဘူးလေ... နောက်တာပါ ဒီလူတွေရဲ့ အဆင့်ကို မြင်ပြီးပြီလား တကယ်တော့ သူတို့အားလုံးက အရမ်းထူးခြားတယ်... ကျွန်မတို့အုပ်စုက အတော်လေး အားကောင်းတယ် သူတို့အုပ်စုက သဘာဝအရ ညံ့တယ်"
"ဒါပေမဲ့ မြို့တံခါးကို ဝင်ချင်ရင် ခွန်အားကို အားကိုးပြီး လုပ်လို့မရဘူး မြို့တံခါးက ပိတ်ဆို့နေရင် ရှင့်ရဲ့ အရည်အချင်းက သာမန်ထက် သိသာထင်ရှားရင်တောင် အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး.... ဒါပေါ့ သခင်လေး စိတ်မပူပါနဲ့"
"ရှင်ဘာလို့ ကျွန်မတို့နဲ့ ဒီကို ဆုံးသွားတာလဲ နားလည်ပြီလား? အဲဒီလူက ဒေါသအရမ်းထွက်နေတာပဲ... ဟူး ...အခု သခင်လေးရဲ့ လက်ဆကိုမြင်ပြီးပြီဆိုတော့ သူတို့အထဲမှာ ဘယ်သူက အကြံဥာဏ်ပေးရဲမှာလဲ"
လုရွှမ်လည်း သူ့နားလည်မှုကြောင်း ပြဖို့ ခေါင်းညိတ်လိုက်သည်။ တခြားသူတွေကို လှည့်ကြည့်လိုက်တော့ အားလုံးက အလိုအလျောက် ခေါင်းကို လှည့်သွားကြ၏။ သိပ်မကြာခင်မှာပဲ ကောင်းကင်က တောက်ပတဲ့လဟာ မြင့်မားလာပြီး ပထမမြို့တံခါးက တဖြည်းဖြည်း ပွင့်လာသည်။
လူတွေလည်း အလိုအလျောက် ပျံသန်းသွားပြီး မြို့တံခါးဆီ စုရုံးလာကြ၏။ လုရွှမ်လည်း ပြေးတက်လာသည်။ မြို့တံခါးမှာ လှုပ်ရှားနေတာကို ကြည့်ရင်း ဘယ်သူမှ မရှိပေမယ့် အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခု ရှိနေတယ်လို့ တောက်လျှောက် ခံစားနေရသည်။
ကျင့်ကြံသူတစ်ယောက် အခင်းအကျင်း ဖွဲ့စည်းမှုမှ တဆင့် တိုက်ရိုက် ဖြတ်သန်းပြီး ပထမမြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ပြီးတော့ စည်းစနစ်ကျတဲ့ ဒုတိယလူက ထပ်မံ ဖြတ်သွား၏။
ယင်ယွဲ့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ သတိပေးလာသည်။
"သခင်လေး... ဒီမှာ အရမ်းစနစ်တကျ ရှိရမယ် မနာခံတဲ့သူတိုင်း အသတ်ခံရလိမ့်မယ် ဒါပေမဲ့ သတ်ဖြတ်မှုတွေက အဆုံးမရှိပါဘူး... တန်ခိုးကြီးတဲ့ ကျင့်ကြံသူတွေ ဝင်သွားတဲ့အခါတိုင်း အဲဒီမှာ ကျွန်မတို့ကို စောင့်နေကြမှာပဲ ဖရိုဖရဲကတော့ ဖြစ်လာလိမ့်မယ်"
လုရွှမ်သည် သူ့နောက်ကွယ်မှ ကျင့်ကြံသူများကို လှည့်ကြည့်လိုက်၏။ အမှန်အတိုင်း လိုက်ကြည့်ရင်း မြို့တံခါး အပြင်ဘက်တွင် နောက်ထပ် တစ်လလောက်နေချင်သူ မရှိတာ ထင်ရှားသည်။
ဒါက သူများတွေရဲ့ ကျင့်ကြံမှု တိုးတက်လာတာကို မကြည့်ဘဲ ကိုယ့်စိုက်ပျိုးမှု တိုးတက်ဖို့ ရောက်လာကြသူတွေပဲ ဖြစ်သည်။
"သခင်လေး သွားရအောင်..."
သူတို့နှစ်ဦးလည်း မြို့တံခါးဆီသို့ ပြေးထွက်လာကြသည်။ ထိုစဥ် လူတစ်ယောက် ပိတ်ဆို့ခံလိုက်ရတာကြောင့် အသံကျယ်ကျယ်နဲ့ အော်ဟစ်နေ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့အရည်အချင်းနဲ့ ဘယ်လိုလုပ် မဖြတ်နိုင်ရမှာလဲ”
ထိုလူသည် မျှော်စင်နယ်ပယ် အဆင့်၇ တွင် ရှိနေပြီဖြစ်ပြီး ထိုအဆင့်က ဤနေရာ၌ စောင့်ဆိုင်းနေသူများ အနက် အလွန်အဆင့် မြင့်သော လူများအဖြစ် သတ်မှတ်ခံထားရသည်။
သူ့ကြောင့် အလျင်လိုနေသော ဒုတိယလူအပါအဝင် ကျင့်ကြံသူ တစ်ဒါဇင်ကျော်က လက်ဝှေ့ယမ်းပြီး ဓားတစ်ချောင်းစီနဲ့ အသေပစ်သတ်လိုက်ကြတော့သည်။ ထိုလူသည် ခုခံနိုင်စွမ်းမရှိသဖြင့် အပိုင်းပိုင်း ပြတ်တောက်သွားသည်။
လုရွှမ်လည်း ထုံးစံအတိုင်း ထိုလူများကို လျစ်လျူရှုကာ မြို့တံခါးဆီသို့ ပြေးထွက်သွားခဲ့သည်။
ဝုန်း!
ဓားစွမ်းအင် ဒါဇင်ပေါင်းများစွာက သူ့ကို တချိန်တည်း တိုက်ခိုက်လာသည်။ ထိုစဥ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ လူတွေက အနည်းငယ် အံ့သြသွား၏။ သူတို့လိုပဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူတွေ ဒီလောက်များလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားဘူးဆိုတာ သိသာပါသည်။
ယင်ယွဲ့ အော်ဟစ်ပြီး လုရွှမ်ကို လက်ဖဝါးဖြင့် တွန်းကာ အကာအရံအဖြစ် သုံး၍ သူမဘာသာ မြို့တံခါးဆီသို့ အလျင်အမြန် ပြေးထွက်သွားလေ၏။