ရင်းနှီးမြုပ်နှံသူများအား ဖိတ်ခေါ်ခြင်း
Vol. 89 Ch. 1322
“ ဘဏ္ဍာရေး ထောက်ပံ့ပေးတာကိုလား…”
“ သေချာပေါက် ဘယ်ဟုတ်မှာ… အဲ့လိုလုပ်တိုင်းသာ အလုပ်ဖြစ်လို့ကတော့ တုံးစန်းကောင်တီ ဒီအခြေအနေထိ ဆိုးရွားလာပါ့မလား…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်တို့မြေတွေကို ရင်းနှီးမြုပ်နှံဖို့ အဆုံးရှုံးခံလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်..”
“ ကောင်တီလည်း အဲ့လို တွေးဖူးတယ်… ဒါပေမယ့် အဲ့ဒီ ကုမ္ပဏီကြီးတွေက အရူးတွေမှ မဟုတ်တာ… အကုန်လုံးက မြေခွေးအိုကြီးတွေ…” လီချင်းခိုင် ပြောလိုက်ပြီး “ ငါတို့ရဲ့ ကောင်တီသေးသေးလေးမှာ ဘာများရှိနေလို့… လူငယ်တွေဆိုတာလည်း ထွက်သွားကြကုန်ပြီ.. ဘယ်သူက ဒီလာပြီး စက်ရုံထောင်ချင်မှာလဲ…”
“ အဲ့တာကတော့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ အစွမ်းအစအပေါ် မူတည်နေတာပေါ့….” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော် စဉ်းစားမိတဲ့ ဖြေရှင်းနည်းလမ်းက ဒါပဲ…”
“ အကြံကောင်းတယ်… ဒါပေမယ့် ထင်သလောက် ရိုးရှင်းမနေဘူး…” လီချင်းခိုင် နောင်တရစွာဖြင့် “ သူတို့လည်း နှစ်တိုင်း ကြိုးစားနေကြတာပဲကွာ… ကောင်တီဆို မြေအလကား မပေးရုံတမယ်နော်… ဒါတောင် အကျိုးသက်ရောက်မှု ရှိမလာသေးဘူး…”
“ ကျွန်တော် လုပ်ကြည့်ရမလား…”
တစ်စုံတစ်ရာကို တွေးတောမိသွားသကဲ့သို့ လီချင်းခိုင်၏ မျက်လုံးများသည် လက်ခနဲ ဖြစ်လာခဲ့သည်။
လင်းရီသည် ဤနေရာသို့ ယွမ်တစ်သန်းကျော်တန် ကားကြီး စီးလာသဖြင့် သူ့မိသားစု နောက်ခံမှာလည်း ကောင်းမွန်ကောင်းလှ၏။ သူ့တွင် ဤအပိုင်း၌ အဆက်အသွယ် တစ်စုံတစ်ရာ ရှိနေသည်မျိုးလည်း ဖြစ်နိုင်သည်။
အကယ်၍ သူသာ ကြိုးစားကြည့်မည်ဆိုပါက အလုပ်ဖြစ်နိုင်လောက်သည်။
“ ဒီလိုဆိုရင်ကော… ငါမင်းကို မားချန့် အဖွဲ့အစည်းနဲ့ မိတ်ဆက်ပေးမယ်…. မင်းတို့ကောင်တွေ ဒီကိစ္စ အရင်ဆွေးနွေးကြပြီး တစ်ခုခု အကောင်အထည်ပေါ်အောင် လုပ်လိုက်ကြပေါ့…”
“ ရတယ်လေ…” လင်းရီ ပြောလိုက်၏။
“ လိုက်ခဲ့… မင်းကို အဲ့ဒီနေရာ ခေါ်သွားပေးမယ်…”
နှစ်ယောက်သား မတ်တပ်ရပ်၍ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် လေးလွှာရှိ စပွန်ဆာရှစ် ရုံးခန်းထဲသို့ ရောက်လာခဲ့ကြ၏။
ရုံးခန်းတံခါးကို တွန်းဖွင့်လျှင် ဖွင့်ချင်း သင်းပျံ့သည့် လက်ဖက်ရနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ ရုံးခန်းထဲတွင် လူနှစ်ယောက်ရှိ၏။
တစ်ယောက်က လေးဆယ် အရွယ်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက်ပင် ဖြစ်သည်။ သူက လီချင်းခိုင်နည်းတူ ဝတ်စားဆင်ယင်ထား၏။ မျက်မှန်တစ်လက်ကို တပ်ထားပြီး စားပွဲခုံပေါ်တွင် အငွေ့တထောင်းထောင်း ထနေသည့် လက်ဖက်ရည်ခွက်ကို တင်ထားကာ သတင်းစာတစ်စောင်ကို ဖတ်ရှုနေသည်။
သူ့စားပွဲခုံနှင့် ဆန့်ကျင်ဘက်တွင် အသက်သုံးဆယ် အစောပိုင်းဖြစ်မည့် မိန်းကလေး တစ်ယောက် ထိုင်နေသည်။ သူမက လျန်ရူရွှယ်နှင့် အရွယ်တူလောက်ပင်။
လှိုင်းကဲ့သို့သော အတွန့်အတွန့် ဆံနွယ်များက ရှည်လျားပြီး အပြာရောင် ဂျင်းနှင့် အမျိုးသမီးဝတ် ကတ္တီပါ ညှပ်ဖိနပ်ကို စီးနင်းထားသည်။ သူမ၏ ပုံစံက ကောင်တီရှိ လူများနှင့် ခြားနားနေပြီး မြို့ကြီးသူ တစ်ယောက် ဖြစ်မည့်ပုံပေါ်သည်။
ထိုအချိန်၌ သူမက စားပွဲခုံပေါ်တွင် လက်ဖက်ရည် ဖျော်နေပြီး ကွန်ပျူတာရှေ့တွင်လည်း မုန့်ကြွပ်၊ အချဉ်ထုပ်နှင့် အသီးများအား တည်ခင်းထားသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် အလုပ်လုပ်နေသည့်လူနှင့် မည်သည့်နည်းနှင့်မျှ မတူ။ ပျော်ပွဲစား ထွက်လာနေသကဲ့သို့ပင်။
ကောင်တီ ရုံးခန်းများက အမြဲတစေ ဤကဲ့သို့ ဖြစ်သည်။ အလုပ်ရှုပ်သည့်အချိန်၌ ပြာပြာတလဲ ဖြစ်ကြပြီး အလုပ် ပါးသည့် အချိန်တွင်တော့ အားလပ်ချိန် အတော်လေးရ၏။ အနေချောင် အစားချောင်သည်ဟု ပြောလျှင်လည်း ရသည်။
“ ဒါရိုက်တာလီလား..”
လီချင်းခိုင် ဝင်လာသည်ကို မြင်တော့ သက်လတ်ပိုင်း လူကြီးသည် လက်ထဲရှိ သတင်းစာကို ခေါက်သိမ်း၍ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
“ ဒါရိုက်တာလီ…” မိန်းမငယ်လေးလည်း နှုတ်ဆက်လာပြီး မသိစိတ်အလျောက် လင်းရီထံ အကြည့် တစ်ချက် ပို့လိုက်၏။
သူမ လင်းရီအကြောင်းကို အများအပြား သတင်းကြားထား၏။
ခပ်ချောချော ကောင်လေးတစ်ယောက်က နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနထဲသို့ အလုပ်ဝင်လာကြောင်း ကြားသိထားပြီး ဖြစ်သော်လည်း အရင် နှစ်ရက်သုံးရက်တွင် တွေ့ကံ မကြုံသေးချေ။ သို့သော် ယနေ့ ရောက်ချလာလိမ့်မည်လို့လည်း သူမ ထင်မှတ်မထားမိပါချေ။
“ ဒါရိုက်တာဝမ်…. ငါမင်းကို မိတ်ဆက်ပေးမယ်…” လီချင်းခိုင် ပြုံးလျက် “ ဒါ ငါတို့ ရုံးခန်းရဲ့ လက်ထောက် ဒါရိုက်တာ အသစ် ၊ လင်းရီ..”
“ လင်းလေး… ဒါ မားချန့် အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ၊ ဝမ်လီကျွင်း… ဒါကတော့ လက်ထောက် ဒါရိုက်တာ ကော်လု…”
လင်းရီ လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ဒီကောင်လေးနဲ့ ရောက်လာတယ်ဆိုတော့ တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်..” ဝမ်လီကျွင်း အပြုံးတစ်ပွင့်ဖြင့် မေးလိုက်ပြီး “ ဖဲရိုက်မို့ လူလိုနေလို့လား ဟုတ်လား..”
“ အဓိပ္ပာယ် မပါတာတွေ မပြောစမ်းနဲ့.. ခုက အလုပ်လုပ်ချိန်…” လီချင်းခိုင် ပြောလိုက်ပြီး “ ငါတို့ ခုလေးတင် ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးထိုင်ခဲ့ကြတာ… ဒီ တာဝန်ကို ငါ လင်းလေးဆီ လွှဲပေးလိုက်မယ်… ဒါပေမယ့် သူက ရင်းနှီးမြုပ်နှံသူတွေ ရှာတဲ့ နေရာမှာကြတော့ ကျွမ်းကျင်တဲ့လူ မဟုတ်ဘူးလေ…. ငါ သိချင်တာ တကယ်လို့များ ကော်လေးကသာ ပူးပေါင်းပေးရင် ပိုအဆင်ပြေမလားလို့… ရလဒ်ကောင်းတွေ ရလာရင်လည်း ငါတို့ ဌာန နှစ်ခုလုံးက အမှတ်ကောင်းတွေ ရမှာပဲလေ.. မကောင်းဘူးလား…”
အလုပ်အတွက် ရောက်လာသည့် အသံကို ကြားတော့ ကော်လု၏ အမူအရာသည် ပြောင်းလဲသွားခဲ့တော့၏။
သူမ မိသားစုက ယွီဟန်မှ ဖြစ်ပြီး အခြေအနေကလည်း တော်တော်လေး ကောင်း၏။ ဤနေရာသို့ ရောက်လာသည်မှာ အလုပ်အတွေ့အကြုံ မည်မျှဆိုသည့် စာတစ်ကြောင်းအား ရရှိရန်ပင်။ တစ်နှစ်ခွဲမျှ အလုပ်လုပ်ပြီးသည်နှင့် သူမသည် ယွီဟန်မြို့သို့ ပြောင်းရွေ့သွားရမည် ဖြစ်၏။
ထို့ကြောင့် သူမ ပျစ်စလက်ခတ်သာ နေချင်သည်။ အလုပ်မလုပ်ချင်ပေ။
ဆက်တိုက်ဆိုသလို ကော်လုသည် လင်းရီအား စိုက်ကြည့်၍ ရင်ထဲတွင် အကြိမ်ကြိမ် မေတ္တာ ပို့သနေတော့သည်။
လူက ချောရဲ့သားနဲ့ ဒီက အခြေအနေကိုကျ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား…
အလုပ်ကြိုးစားတာနဲပဲ သူ့ကိုယ်သူ ရာထူးကြီးကြီး ရနိုင်မယ်လို့ အထင်ရောက်နေလား မသိပါဘူး…ဟွန့်
“ ဒါ သိပ်ကောင်းတာပေါ့…”
ဝမ်လီကျွင်း ပြောလိုက်ပြီး “ ဖြစ်ချင်တော့ နှစ်ယောက်လုံးကလည်း လူငယ်တွေ… ငါ ကော်လေးကို သူ့နောက်ခိုင်းပြီး လေ့ကျင့်ခိုင်းလိုက်ပါ့မယ်..”
ကော်လု အခက်တွေ့သွားခဲ့ပြီး “ အစ်ကိုဝမ်… ရှင်လည်း ကောင်တီထဲက အခြေအနေကို သိသားနဲ့… ကျွန်မတို့ နှစ်တိုင်း ရင်းနှီးမြုပ်နှံသူတွေ ရှာလို့ မရခဲ့ဘူးလေ…”
“ အခြေအနေက အဲ့လိုဆိုပေမယ့် ကြိုးစားနေရမှာက ငါတို့ရဲ့ တာဝန်လေ…” ဝမ်လီကျွင်း ပြောလိုက်ပြီး “ ပြီးတော့ မင်း ဒီရောက်လာတာ နှစ်ဝက်ကျော် ကြာနေပြီ… ရုံးခန်းထဲ နေ့တိုင်း ထိုင်နေတာက မကောင်းဘူး… အပြင်သွားပြီး ခြေဆန့်လက်ဆန့်လေး လုပ်ပေါ့…”
“ ဟုတ်ကဲ့ …” ငြင်းလို့မရမှန်း သိလိုက်ရတော့ ကော်လုလည်း စိတ်မပါ့တပါဖြင့် သဘောတူလိုက်ရတော့၏။
အကယ်၍ သူမကသာ အထက်လူကြီး၏ စကားကို မည်သို့ နားထောင်ရမှန်း မသိပါက အလုပ်တွင် ရာထူးမြင့်မြင့် တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
“ ကောင်းပြီ… မင်းတို့နှစ်ယောက် သွားကြ.. တကယ်လို့ တစ်ခုခု ဆိုလည်း မင်းတို့နှစ်ယောက်ပဲ ဆွေးနွေးလိုက်ကြ..”
“ နားလည်ပါပြီ..”
ကော်လု သူမ၏ ပစ္စည်းများအား သိမ်းဆည်းလိုက်၏။ ထို့နောက် နှစ်ယောက်သားသည် ရုံးခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။
ရုံးခန်းထဲတွင်တုန်းက နာနာခံခံ မျက်နှာပေးလေးနှင့် ကော်လုသည် ရုံးခန်းပြင်ပသို့ ရောက်သည်နှင့် ချက်ချင်း အေးစက်သွားခဲ့၏။ လင်းရီကိုလည်း အဖက်မလုပ်၊ စကားတစ်ခွန်းပြောရန်ပင် စိတ်မဝင်စားချေ။
“ နင် မောင်းတာ ဒီကားလား..” ကော်လု တံခါးဝရှိ ဝူလင်းဟုန်ကွမ်းအား လက်ညိုးထိုးပြလိုက်၏။
“ အင်း… ဘာလို့… တက္ကစီငှားစီးချင်လို့လား..”
“ မေ့လိုက်တော့.. ငါ့ကားပဲ မောင်းလိုက်..” ကော်လု အထင်တသေး အမူအရာဖြင့် သူမကားသော့ကို ထုတ်ပေးလာသည်။ မာစီတီးဘန့်ဇ် C-class အမျိုးအစားပင်။
ယခုတော့ အနှီ မိချောလေးက အလုပ်လုပ်ဖို့ လာခဲ့တာ မဟုတ်ဘူးဆိုတာကို လင်းရီ ပိုသေချာသွားခဲ့တော့၏။
သူမ၏ မိသားစုက ငွေကြေးချို့တဲ့ နေခြင်း မရှိသကဲ့သို့ သူမကလည်း အလုပ်အတွေ့အကြုံ ရရှိရန် ရောက်လာခဲ့ခြင်း မဟုတ်ချေ။
ဆိုရလျှင် ဤအလုပ်ကို လေးလေးနက်နက် ထားသည့်လူနှင့် လုံးဝမတူချေ။ သူမ မိဘတွေကပဲ ကလေး မူကြို လွှတ်သလို ထိန်းကျောင်းပျင်း၍ ပို့ထားလေသလော လင်းရီ မတွေးတတ်။
“ ခဏနေကျရင် ရွံ့ဗွက်တွေနဲ့ လမ်းကို မောင်းရမှာနော်… ချက်စီထိသွားရင် မင်း ရင်မနာဘူးလား….”
“ အာ….”
ကော်လု သွားနေရင်းတန်းလန်း ရပ်တန့်သွားခဲ့၏။ “ အဲ့တာဆိုရင်လည်း မေ့လိုက်တော့..”
လင်းရီ၏ ဝူလင်းဟုန်ကွမ်းထဲ မျက်နှာရှစ်ခေါက်ချိုးဖြင့် ဝင်ရောက်ပြီးနောက် ကော်လုမှ ပြောလာခဲ့သည်။
“ နင်က နွမ်းပါးမှု တိုက်ဖျက်ရေးဌာနက မဟုတ်ဘူးလား… ဘာလို့ ရင်းနှီးမြုပ်နှံသူတွေ ရအောင် လုပ်ချင်နေရတာ…”
“ စီးပွားရေး ရင်းနှီးမြုပ်နှံသူတွေ ရလာတာကလည်း နွမ်းပါးမှု တိုက်ဖျက်ခြင်းရဲ့ အရေးပါတဲ့ အကြောင်းတစ်ရပ်မဟုတ်ဘူးလား… အလုပ်အကိုင်နဲ့ အခွန်တွေက ဘယ်ကရလာတယ်ထင်လို့… “
“ နင် အဲ့လူတွေ အထင်ကြီးအောင် လုပ်ပြချင်နေတယ်ဆိုတာ ငါသိသားပဲ.. ဒါပေမယ့် နင် တုံးစန်းကောင်တီရဲ့ အခြေအနေကို နားလည်ထားသင့်တယ်.. ငါတို့ နှစ်တိုင်းနှစ် ရင်းနှီးမြုပ်နှံသူ ရအောင် ဆွဲဆောင်တာ အဆင်မပြေဘူး… အဲ့တာကို နင်က ဘာလို့ ကြိုးစားကြည့်ချင်သေးတာ…”
“ မကြိုးစားကြည့်တော့ တခြား ဘာလုပ်နေရမှာ… မင်းလိုမျိုး နေ့တိုင်း ရုံးထဲ ထိုင်ပြီး ကိုးရီးယားကားလေး ကြည့်လိုက်.. လက်ဖက်ရည်လေးသောက်လိုက်… မုန့်လေးစားလိုက် လုပ်နေရမှာလား.. ဟုတ်လား…. ”
“ အဲ့တော့ရော… တခြား ဘာလုပ်စရာ ရှိတာမို့လို့…”
ကော်လု ထိုင်ခုံခါးပတ်ကို ဆွဲတင်းလိုက်ပြီး “ နောက်တစ်ခေါက်ဆို နင်တစ်ယောက်တည်းသွား.. ငါ့လာဆွဲမထည့်နဲ့…. အလုပ်ကို ရှုပ်တယ်... ”
“ မင်း မသွားချင်ဘူးဆိုလည်း ကားထဲက ထွက်သွားလိုက်… ငါ မင်းကို လိုက်ခဲ့ပါလို့ မတောင်းဆိုဘူး…”
“ နင် ဘာလို့ အရမ်း ရိုင်းနေရတာလဲ..” ကော်လု ပြောလိုက်ပြီး “ အစ်ကိုဝမ်က ငါ့ကို လွှတ်လိုက်တာကို ငါက ဘယ်လိုလုပ်ပြီး ပြန်သွားရမှာလဲ..”
“ ဒါဆိုလည်း တိတ်တိတ်နေ…”
ပြောပြီးနောက် လင်းရီ ကားစက်နှိုး၍ သူ စိတ်မှန်းထားသည့် နေရာသို့ ဦးတည်လိုက်သည်။
နာရီဝက်ကြာပြီးနောက် လင်းရီသည် ဟိုင်းဝေး လမ်းဆုံတွင် ရပ်တန့်လိုက်၏။
သူ မူလက ဤနေရာမှာ အလွတ်ဖြစ်လိမ့်မည်လို့ တွေးထားသော်လည်းပဲ မလှမ်းမကမ်းမှတင် သုံးထပ် အဆောက်အဦးနှစ်ခုအား ထီးထီးကြီး မြင်တွေ့လိုက်ရတော့သည်။
“ ဒီ အဆောက်အအုံက ဘာကြီးလဲ… ဘာလို့ ဆောက်ရင်းတန်းလန်း ရပ်ပစ်လိုက်ရတာ..”