← Chapters

အကြံပြုချက် ငြင်းခံလိုက်ရပြီ

Vol. 89 Ch. 1323

အကြံပြုချက် ငြင်းခံလိုက်ရပြီ

Vol. 89 Ch. 1323

“ လိမ်သွားတာ.. ငါ့အထင်နော်.. ခုနနှစ် ရှစ်နှစ်လောက် ရှိပြီ…” ကော်လု ပြောလိုက်ပြီး “ ငါ အစ်ကိုဝမ်ဆီကနေ ကြားမိတာတော့ အဲ့ဒီတုန်းက ကောင်တီက ရင်းနှီးမြုပ်နှံသူရဖို့ကို လုံးလုံးလျားလျားကြီး အရှုံးမပေးသေးဘူး…. နှစ်တိုင်း အားစိုက်ထုတ်မှု တချို့တော့ ပြုနေသေးတုန်းပဲ… မူဝါဒတွေလည်း လျော့လျော့ပေါ့ပေါ့ လုပ်ပေးထားသေးတယ်… ဖြစ်ချင်တော့ အစားအသောက် စက်ရုံတစ်ရုံက ဒီနေရာမှာလာပြီး စက်ရုံဆောက်ချင်တယ်တဲ့… သူတို့ မြေတောင် အလကား ရလိုက်သေးတယ်… ထောက်ပံ့ငွေ ယွမ် နှစ်သန်းအပြင်ကိုနော်… ဒါပေမယ့် ဆောက်လုပ်ရင်း တစ်ဝက်လောက်ရောက်တော့ ဒေဝါလီခံလိုက်ရပြီဆိုပြီး ကြေညာသွားတယ်.. ဒီ အဆောက်အအုံကိုလည်း ဘဏ်မှာ အပေါင်ခံထားပြီး ထွက်ပြေးသွားခဲ့တာပဲ…”

လင်းရီ ခေါင်းညိမ့်လိုက်၏။

ဤသို့သော ကိစ္စရပ်များက ပထမ အဆင့် သို့မဟုတ် ဒုတိယအဆင့် မြို့များ၌ အဆင်ပြေသော်လည်းပဲ မြို့ငယ်လေးများတွင်တော့ ဤဖြစ်ရပ်များက အချိန်နှင့် အမျှပင်။

ပိုက်ဆံ သိမ်းကြုံးယူပြီးနောက် ဒေဝါလီ ခံလိုက်ရသည်ဟု ကြေညာ၍ ထွက်ပြေးသွားကြလိမ့်မည်။ အစိုးရလူများကလည်း လုပ်ငန်းရှင် မည်သူမည်ဝါဆိုတာကို အစအန ရှာတွေ့ကြလိမ့်မည် မဟုတ်ချေ။ ပါဝင်ပတ်သက်နေသူများသာ မည်သူက ငွေထုပ်ပိုက်သွားနိုင်လဲဆိုတာကို သိကြပေလိမ့်မည်။

သို့သော် ဤဖြစ်ရပ်က တစ်စုံတစ်ခုအား သက်သေပြရာလည်း ရောက်၏။

ဤနေရာသည် မြို့သုံးမြို့၏ လမ်းကြောင်းသုံးခုံ ဆုံရာမြေဖြစ်ပြီး အမှန်ပင် စီးပွားရေးတန်ဖိုး အနည်းငယ်တော့ ရှိသည်။

သို့သော် တုံးစန်း ကောင်တီ တစ်ခုတည်းနှင့်တော့ ဆိုပါ အစီအစဉ်အား အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ချေ။

သန်မာအားကောင်းသည့် ပြင်ပ အထောက်အပံ့ တစ်ခုခု အပေါ်တွင် အမှီသဟဲ ပြုရလိမ့်မည်။

“ နင်က ဘာလုပ်ဖို့ မေးတာ..” ကော်လု ထူးမခြားနားသည့် အမူအရာဖြင့် မေးခွန်းထုတ်လာခဲ့၏။

“ ငါ့စိတ်ထဲ ဒီနေရာက မဆိုးဘူးလားလို့.. အောင်မြင်ဖို့ အလားအလာရှိတယ်…”

ပြောပြီးနောက် လင်းရီ မောင်းထွက်သွားလိုက်သည်။

ပထဝီ မြေနေရာက မဆိုးသော်ငြား အခြားသော အခြေအနေများအားလည်း ကြည့်ရှုထားရမည်။

အကယ်၍ ကျန်မြို့နှစ်မြို့က အရမ်း ဝေးကွာနေမည်ဆိုပါက တည်နေရာ အားသာချက်သည် များစွာ ယုတ်လျော့သွားပေလိမ့်မည်။ ဤအချက်က ရင်းနှီးမြုပ်နှံသူတို့အတွက် ဆွဲဆောင်မှု သိပ်မရှိပေ။

“ နင် အခု ဘာလုပ်ဦးမလို့လဲ… ပြန်မသွားဘူးလား…” ကော်လု မေးလာခဲ့သည်။

“ ငါတို့ ခုမှ ထွက်လာခဲ့တာ မဟုတ်ဘူးလား.. ဘာလို့ ပြန်သွားချင်နေရတာ…”

“ နင်က ဒါကို ကိုင်တွယ်နိုင်မှာ မို့လို့တဲ့လား..” ကော်လု မကျေမချမ်း ဖြစ်စွာ ပြောလိုက်ပြီး “ ဒီနေရာက ဘယ်လိုနေရာမျိုးမှန်းတာင် နင် သိတောင် မသိဘဲနဲ့များ…”

“ ဒါ တုံးစန်းကောင်တီလေ…”

“ တုံးစန်းကောင်တီမှန်း သိရင် နင် ဘာတွေ လုပ်ချင်နေသေးတာလဲ…” ကော်လု ဒေါသတကြီးဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး “ နင် ဆင်းရဲတာ မဆင်းရဲတာက အစိုးရရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဘာမှမဆိုင်ဘူး… မူဝါဒတွေနဲ့ပဲ ဆိုင်တယ်… နင်က ငယ်ရွယ်သေးပြီးတော့မှ နင့်ကိုယ်နင် သူများကို သက်သေပြချင်စိတ်တွေ သိပ်ပြင်းပြနေတာ… ဒါပေမယ့် ရိုးရိုးလေး မတွေးလိုက်နဲ့… ဒီလိုလုပ်တိုင်းသာ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ်ဆိုရင် တခြားသူတွေဆို ဟိုးတုန်းကတည်းက လုပ်ပြီးနှင့်ပြီ… ပြီးတော့ နင်… နင် အဲ့လောက်ထိ အလုပ်ကြိုးစားနေစရာ မလိုဘူး…”

“ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ… ငါ မင်း ဇာတ်လမ်းတွဲကြည့်တာကို နှောင့်ယှက်မိလိုက်လို့မလား…” လင်ရီ ပြုံးလိုက်ပြီး “ မင်း ဒီမှာ အချိန်လာဖြုန်းနေတာဆိုတာ ငါသိတယ်.. ဒီတိုင်း ရေလိုက်ငါးလိုက်ကလေး နေလိုက်… ပွစိပွစိရွတ်နေတာ တအား နားညီးတယ်..”

“ နင် ဘာတွေ လာပြောနေတာလဲ…”

“ ကိုယ့်ကိုယ်သိပေါ့..” လင်းရီ ပြောလိုက်ပြီး “ မင်း မနေချင်ဘူးဆိုလည်း ခု ချက်ချင်း ကားထဲက ထွက်သွားလိုက်… မင်းကို နေပါ နေပါလို့လည်း ခေါ်ထားမနေဘူး…”

“ ငါ ထွက်တယ်…”

ကော်လု ထိုင်ခုံခါးပတ်ဖြုတ်၍ ကားတံခါး ဖွင့်တော့မည့် အချိန်မှာပဲ သူမတို့တတွေ ဟိုင်းဝေး လမ်းပေါ် ရောက်နေကြောင်းကို သတိပြုမိလိုက်သည်။ အကယ်၍ သူမသာ ကားထဲမှ ထွက်လိုက်မည် ဆိုပါက ကောင်တီသို့ ပြန်ရောက်နိုင်မှာ မဟုတ်တော့ချေ။

“ နင် ငါ့ကို အနိုင်ကျင့်ချင်နေတာလား…”

“ ဒါဆိုလည်း တိတ်တိတ်နေ… စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ….”

“ ငါ ဘယ်မှာ စိတ်ရှုပ်ဖို့ ကောင်းနေလို့လဲ…” ကော်လု ပြောလိုက်ပြီး “ ငါက ဒီတိုင်း ထောက်ပြပေးနေတာ.. နင့်ကို အမြင်ရအောင် ပြောပြပေးနေတာ… နင့်လုပ်ရပ်တွေက ငါ့မျက်စိထဲမှာ အရမ်းတုံးအတယ်…”

“ မင်းကျတော့ရော… မင်းရော ဒီလာပြီး မုန့်စားလိုက် အချိန်ဖြုန်းလိုက် လုပ်နေတာ မရှက်ဘူးလား… ပြီးကျရင် အလုပ်တစ်ခုရအောင် မိဘတွေဆီ ပူဆာမယ်ပေါ့ …”

“ အဲ့တာ နင့်အပူမပါဘူး.. ငါ့မိသားစုက ချမ်းသာတယ်.. ငါ့ရဲ့ စမှတ်က နင့်ထက် အသာကြီး…”

လင်းရီ လှောင်ရယ်ချင်နေသည့် မျက်ဝန်းတို့ဖြင့်သာ ပြုံးလိုက်သည်။

မကြာမီ နှစ်ယောက်သား စကားတစ်ခွန်းမျှ မပြောကြဘဲ ယွဲ့ကျိုးမြို့သို့ ရောက်လာခဲ့ကြသည်။ အကွာအဝေးကို တွက်ချက်ကြည့်တော့ ၁၈ ကီလိုမီတာလောက် ဝေး၏။

ထို့နောက် ယခင်နေရာသို့ ပြန်မောင်းလာခဲ့ပြီး ကျင်းရွှေမြို့သို့ ဦးတည်လိုက်သည်။ ၎င်းက ၂၂ ကီလိုမီတာလောက် ရှိ၏။သိပ်မဝေးချေ။

ဆိုလိုသည်မှာ ဤအလယ်ဗဟိုမှတ်၏ ပထဝီမြေရာသည် သိပ်စိတ်ဝင်စားဖို့ကောင်းနေပေသည်။

ပြီးနောက် လင်းရီ ကားကို ကောင်တီထံ ပြန်မောင်းလာခဲ့သည်။ ကော်လု ကားတံခါးကို ဘန်းခနဲ ဆောင့်ပိတ်သွားခဲ့၏။ လင်းရီကတော့ ဂရုစိုက်မနေချေ။ သူလေးအား ဘေးမဲ့ပေးထားလိုက်၏။

စားသောက်ရန် နေရာတစ်နေရာ ရှာဖွေပြီးနောက် လင်းရီ ချီရှန်းကျောက်ထံ ဖုန်းဆက်လိုက်သည်။

“ ဥက္ကဌလင်း..”

“ ကုမ္ပဏီ အခြေအနေ ဘယ်လိုရှိလဲ… အလုပ်များလား…”

“ လီတိုဂရပ်ဖီ စက် ပရောဂျက်ကိစ္စကိုတော့ ကျုပ်တို့ အစည်းအဝေး ထိုင်ပြီးသွားပြီ.. ခုက ရင်းနှီးမြုပ်နှံတဲ့ကိစ္စ ကိုင်တွယ်နေတာ… ပြီးတော့ ဒါရိုက်တာရှန်းကလည်း 3 nm လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါပြီ… သူကတော့ နည်းနည်းလေး အလုပ်များနေတယ်..”

“ ပုဂ္ဂလိက ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံတာကို တားမြစ်ထားလိုက်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဟွာရန် အုပ်စုကိုတော့ ဖိတ်ခေါ်လို့ရတယ်… ဥက္ကဌရှန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို အမြင်တွေ ပြောပြပါလိမ့်မယ်..”

ချီရှန်းကျောက် ပြုံးလိုက်ပြီး “ ဒါရိုက်တာရှန်းနဲ့ ကျုပ် တလောကပဲ ရန်ကျင်းကိုသွားခဲ့ပြီးပြီ.. ဥက္ကဌရှန်းက အကြံဉာဏ်တွေ အများကြီး ပေးခဲ့ပါတယ်…”

“ အင်း… သူပြောတာကို သေချာလေး နားထောင်… အကုန်လုံးက တစ်လှေတည်းတွေချည်းပဲ… ဆိုတော့ ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး..” လင်းရီ ပြောလိုက်သည်။

“ နားလည်ပါပြီ….”

“ ငါ မင်းကို တခြားပြောစရာ ရှိတယ်.. မင်း အခု လုပ်နေတာတွေ ခဏ ဘေးချိတ်ထားဦး… မနက်ဖြန် ၊ မင်းရယ်၊ ဒါရိုက်တာရှန်းရယ်၊ ဟော်ယွမ်ယွမ်ကိုပါ ခေါ်ပြီး တုံးစန်းကောင်တီကို လာခဲ့ကြ.. ငါ မင်းတို့ကို အရေးကြီး ကိစ္စတစ်ခု ပြောစရာ ရှိတယ်…”

“ နားလည်ပြီ…”

ဖုန်းချပြီးနောက် လင်းရီ စတင် စားသောက်တော့၏။

သူ့တွင် ရင်းနှီးမြုပ်နှံသူများအား ဆွဲဆောင်နိုင်မည့် နည်းဗျူဟာ တစ်ခု ရှိသော်လည်း အကောင်အထည် ဖော်ဖို့ရန်က ရှေ့ဆက် စူးစမ်းလေ့လာရန် လိုနေသေး၏။ သူ၏ အပြောတစ်ခုတည်းဖြင့် ထိရောက်လိမ့်မည် မဟုတ်ချေ။

နောက်တစ်နေ့ နံနက် ကိုးနာရီ ဝန်းကျင်လောက်တွင် သုံးယောက်သားသည် လင်းရီနေထိုင်ရာ ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း …

“ မင်း ခပ်သာသာလေး တံခါးမခေါက်တတ်ဘူးလားကွ…”

ဟော်ယွမ်ယွမ်မှလွဲ၍ တံခါးကို တခြားမည်သူက ထိုသို့ ခေါက်လိမ့်မည်နည်း။

လင်းရီ တံခါးဖွင့်ပေးလိုက်ပြီး အပြင်တွင် ရပ်နေသည့် လူသုံးယောက်ကို မြင်တွေ့လိုက်ရ၏။

“ ကျွန်မမှန်း ဘယ်လိုလုပ်ပြီး သိလဲ…”

ဟော်ယွမ်ယွမ်မှာ ထူးထူးခြားခြား မိမိုက်စွာ ဝတ်စားထားခဲ့၏။ ဂါဝန်နှင့် ဒေါက်မြင့်ဖိနပ်ကို စီးထားပြီး ဂျုံခါးမောက်ကို ဆောင်းထားသည်။ ပျော်ပွဲစား ထွက်လာသည့် မိန်းမငယ်လေး တစ်ယောက်နှင့် ပိုတူနေသည်။

“ မင့် အပေါစား ရေမွှေးနံ့ကို တံခါးကျော်ပြီးတောင် အနံ့ရနေလို့လေ…”

“ သေလိုက် သေလိုက်… ဒါ အစ်မကျီနဲ့ အတူဝယ်ထားတဲ့ ဟာနော်…”ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မ အစ်မကျီဆီကနေ ကြားတာ ရှင် ဒီလာပြီး နွမ်းပါးမှု တိုက်ဖျက်ရေးဌာနမှ အလုပ်လုပ်နေတယ်ဆို.. ဒီနေရာလာပြီး စီးပွားရေးလုပ်ချင်နေတယ်လို့တော့ မပြောနဲ့…”

လင်းရီ၏ လုပ်ပုံကိုင်ပုံမှာ ထူးခြားလွန်းလှပြီး‌ ဟော်ယွမ်ယွမ်နှင့် ကျန်နှစ်ယောက်မှာလည်း နေသားကျ၍ပင်။ မည်သူကမျှ အံ့အားတကြီး ဖြစ်မသွားခဲ့ကြချေ။

“ အင်း … တော်တယ်…”

လင်းရီ ပြောရင်းဖြင့် ထည့်စရာ ရှိသည်များအား ထည့်၍ “ ငါ မင်းတို့ကို တစ်နေရာ ခေါ်သွားမယ်… သင့်မသင့် တစ်ချက် ကြည့်လိုက်ကြပေါ့….”

“ အိုကေ သွားစို့…”

ခေတ္တကြာပြီးနောက် လေးယောက်သား လင်းရီ ယမန်နေ့က စူးစမ်းခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဒီနေရာပဲ…” ရှေ့တွင် စွန့်ပစ်ထားသည့်သုံးထပ် အဆောက်အဦးအား လက်ညိုးထိုးပြ၍ “ ဒီနေရာက နယ်မြေဒေသ အားသာချက် တစ်ချို့ရှိတယ်… ယွဲ့ကျိုးမြို့နဲ့ ကျင်းရွှေမြို့ကလည်း ဒီနဲ့ နီးနီးလေး… နှစ်ခုလုံးက ၂၀ ကီလိုမီတာလောက်ပဲ ဝေးတယ်… မဆိုးဘူးမလား… လမ်းလည်း မဆိုးဘူး…”

“ သူဌေးက ဒီမှာ စက်မှုဇုန်တစ်ခု ဆောက်ချင်လို့လား…”

ဟော်ယွမ်ယွမ် မေးလိုက်သည်။

“ ငါ အဲ့တာ စဉ်းစားနေတာ..” လင်းရီ ပြောလိုက်ပြီး “ လီတိုဂရပ်ဖီစက် ပရောဂျက်ကလည်း ပြီးသွားခဲ့ပြီ… ဒီမှာ ထုတ်လုပ်လို့ရတယ်… နောက် ထုံးဟွာ အီလက်ထရောနစ်က မိုဘိုင်းဖုန်း ထုပ်လုပ်ရေး လိုင်းတစ်လိုင်းကိုလည်း ဒီရွေ့လာခဲ့လို့ရတယ်… ကျိုးဟိုင်က အလုပ်သမားခထက်လည်း ဒီက အများကြီး သက်သာတယ်… မင်းတို့ ဘယ်လိုထင်လဲ…”

ချီရှန်းကျောက်မှ ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် “ ကျုပ်ကတော့ အလုပ်ဖြစ်မယ် မထင်ဘူးနော်..”

“ ရတယ်.. မင်း ပြောစရာရှိရင် ပြောလိုက်…”

“ ခု လူတော်တော်များများက ထုံးဟွာ အီလက်ထရောနစ်ဆိုတာ လင်းယွင် အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီမှန် သိသွာကြပြီ.. တကယ်လို့ စက်မှုဇုန်ကနေ ဒီရွေ့လာခဲ့မယ်ဆိုရင် တခြား ကုမ္ပဏီတွေကလည်း ကျုပ်တို့ကို တုပလာကြလိမ့်မယ်… ကျုပ်အထင် သက်ဆိုင်ရာ ဌာနတွေက စကားပြောလာကြလိမ့်မယ်လို့ ထင်တယ်..”

“ လီတိုဂရပ်ဖီ စက်အတွက်လည်း ငါ သဘောမတူလိုဘူး…” ရှန်းထျန်းကျိုးမှ ပြောလိုက်ပြီး “ လီတိုဂရပ်ဖီစက်ရဲ့ လက်တွေ့စမ်းသပ်မှုရေးနဲ့ တပ်ဆင်ရေးတွေက သာမန် လူတွေအတွက် မဟုတ်ဘူး… အနည်းဆုံးတော့ C9 တက္ကသိုလ်က မာစတာ ဒီဂရီ မဟုတ်ရင် 985 တက္ကသိုလ်က PhD. ဘွဲ့တော့ ရထားရမယ်.. ဒါကြောင့်မို့ ကျိုးဟိုင်က ပိုပြီး သင့်တော်တယ်.. အဲ့မှာ အရည်အချင်း ပြည့်မှီတဲ့လူတွေ အများကြီးပဲ…”

“ အင်း…” လင်းရီ နှုတ်ခမ်းတွန့်သွားခဲ့ပြီး “ ကျုပ် အဲ့တစ်ချက် မေ့သွားတယ်.. လွယ်တော့ မလွယ်လောက်ဘူး…”

All Chapters