ငါတော့ နင် ငါနဲ့ ကစားချင်နေတယ်လို့ ထင်တယ်
Vol. 89 Ch. 1326
လင်းရီ အကြည့်လွှဲ၍ ထွက်ခွာတော့မည့် အချိန်တွင်ပဲ မျှော်လင့်မထားစွာဖြင့် ကျောက်ရာလီသည် သူ့အား ဖော်ထုတ်လာခဲ့သည်။
ဒီ မိန်းမကတော့ တော်တော် စကားနားထောင်တတ်တာပဲ… ငါက သိုသိုသိပ်သိပ် နေဖို့ ပြောထားကာမှပဲ ငါ့ကို လူရှေ့သူရှေ့ လာခေါ်နေတယ်…
ကျောက်ရာလီက လင်းရီကို မည်သို့ ခေါင်းစဉ်တပ်ခေါ်လိုက်သည်ကို ကြားတော့ ကျိုးဖုန်းနှင့် ကျန်သူတို့သည် ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။
သူတို့ချင်းကဖြင့် သိတောင် မသိတာကို ဘယ်လိုလုပ်ပြီး အချင်းချင်း နှုတ်ဆက်နေကြတာလဲဟ…
“ ဒါရိုက်တာကျောက်… ခင်များတို့ချင်းက သိကြတာလား…” ကျိုးဖုန်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးလာခဲ့သည်။
“ သိတာပေါ့…” ကျောက်ရာလီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါရိုက်တာလင်းက ကောင်တီရဲ့ အခြေအနေကို ကျွန်မဆီ ရှင်းပြလာတယ်လေ… ဒါကြောင့်မို့ တုံးစန်းကောင်တီကို နောက်တစ်ကြိမ် ထပ်ပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာ.. မဟုတ်ရင် ကျွန်မတို့ လာဖြစ်ခဲ့မှာ မဟုတ်ဘူး…”
“ ဒါရိုက်တာလင်းက ဆက်သွယ်ခဲ့တယ်လား…”
ထိုစကားလုံးများ ကြားကြားပြီးခြင်း လူတိုင်းမှ အံ့အားတကြီးနှင့် ဖြစ်သွားခဲ့ကြသည်။
ဒီတစ်ကြိမ် ဆက်သွယ်ခဲ့တဲ့လူက ကျိုးဖုန်းမဟုတ်ဘူးလား.. ဘာလို့ လင်းရီကြောင့် ဖြစ်နေတာလဲတဲ့…
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။ ဘာဖြစ်နေလဲဆိုတာကို နားလည်ရန်အတွက် အချိန် ခဏလောက် ယူလိုက်ရသည်။
ဒါရိုက်တာကျောက် ကိုယ်တိုင် နှုတ်က ပြောလာခဲ့တယ်ဆိုတော့ မမှန်တာတော့ မဟုတ်လောက်ဘူး…
ကျိုးဖုန်းကပဲ သူများရဲ့ အကျိုးရမှတ်တွေကို ကြားထဲက ဖြတ်အုပ်သွားတာပဲ ဖြစ်ရမယ်…
ဟ.. ဒီလိုဆိုရင်တော့ ဒီလူ တော်တော်တရားလွန်တဲ့ လူပါလား..
ကျိုးဖုန်း၏ အမူအရာသည် အလွန်အမင်း ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး ရုပ်ဆိုးသွားခဲ့တော့၏။ အားတင်းပြုံးလိုက်ခါမှ ငိုသည်ထက် ဆိုးသည့် မျက်နှာထားမျိုး ဖြစ်သွားခဲ့သည်။
သို့သော် ယခုက ပေါက်ကွဲနေရမည့် အချိန် အခါ မဟုတ်သေး။ အနာဂတ်တွင် အခွင့်အရေး ရှိပါက ငနဲသားကို သင်ခန်းစာ ကောင်းကောင်းပေး၍ ရလေသည်။
“ ဒါရိုက်တာလင်း.. ကျွန်မတို့ ထမင်းသွားစားကြမလို့.. တခါတည်း လိုက်စားပါဦးလား…”
ကျောက်ရာလီသည် အင်မတန် ပါးနပ်သူ တစ်ယောက် ဖြစ်သည်။ ဤသည်က သူမ ဘော့စ်ကို ကပ်ဖားယပ်ဖား ပြုလုပ်ရန် အခွင့်ကောင်း ဖြစ်သဖြင့် သူမ အလွှတ်မပေးချင်ပေ။
“ မသွားတော့ပါဘူး…” လင်းရီ သာမန်လျှံကာမျှသာ ပြန်ပြော၍ လူအုပ်ထဲမှ ထွက်လာခဲ့လိုက်၏။ သူ့တွင် ပါဝင်ချင်သည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။ ထို့ပြင် ယခု ကိစ္စရပ်မှလည်း မည်သည့် အမှတ်ကောင်းကိုမျှ မလိုချင်ပေ။
ကျောက်ရာလီနှင့် အဖော်ပြုပေးနေသည့် ခေါင်းဆောင်ကြီး တစ်ချို့မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။
ဒီ လင်းရီက ဘာတွေ စဉ်းစားနေတာတုန်းကွ… ဒီလောက်ကောင်းတဲ့ အကျိုးအမြတ်ကို မလိုချင်ဘူးတဲ့လား…
လင်းရီ ရုံးခန်းသို့ ပြန်လာပြီးနောက် များမကြာမီ လီချင်းခိုင်သည်လည်း ပြန်ရောက်လာသည်။
“ လင်းလေး… မင်းက တယ်ဟုတ်ပါလားကွ… ထောက်ပံ့ကြေး အကူအညီ ယွမ်တစ်သန်းဖိုးကို တိတ်တိတ်လေး ဆွဲခေါ်လိုက်တယ်ပေါ့…. ငါ မင်းကို တကယ်ကြီး အထင်သေးမိခဲ့တာပဲ…”
“ အရေးမဟုတ်တာတွေကို အရေးလုပ်မနေစမ်းပါနဲ့ဗျာ… စိတ်ထဲ ထားမနေပါနဲ့…” လင်းရီ ပြောလိုက်ပြီး “ ယွမ် တစ်သန်းထဲမှာ နှစ်သိန်းက ရန်ပုံငွေ.. ကျွန်တော်ကတော့ အဲ့ငွေတွေကို ရွာတွေမှာ ရေတွင်းတူးဖို့ သုံးပေးချင်တယ်… အဲ့လိုဆိုရင် ရေခမ်းတဲ့ အချိန်ကျ ပူစရာ မလိုတော့ဘူး… အစ်ကိုလီရော ဘယ်လို သဘောရလဲ…”
“ အဆင်ပြေတာပဲ…” လီချင်းခိုင် ပြောလိုက်ပြီး “ ဒါပေမယ့် မြစ်ရဲ့ ရေလျှံမှုကို ထိန်းချုပ်ဖို့ကလည်း အရေးကြီးတယ်.. ငါတို့ အဲ့ကိစ္စကို ပိုပြီး အာရုံစိုက်ရမယ်… ဒါပေမယ့် ပူစရာတော့ မရှိပါဘူး… ငါက အဲ့ကိစ္စကို တာဝန်ယူထားတဲ့လူလေ…”
“ ဒီကိစ္စတွေ စီမံပြီးတာနဲ့ ရလဒ်တွေ မကြာခင် ထွက်လာတော့မယ်လို့ ကျွန်တော်တော့ ထင်တယ်..” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ရွာရဲ့ မြေဆီလွှာ ပတ်ဝန်းကျင်ကလည် သိပ်မကောင်းဘူး… ဆားများတယ်.. အချိန်တိုအတွင်း တိုးတက်အောင် လုပ်ဖို့ အရမ်းခက်တယ်.. ကျွန်တော် စဉ်းစားနေတာ စိုက်ပျိုးရေး သိပ္ပံဌာနကို ဆက်သွယ်ပြီးမှ ဆားဒဏ် ခံနိုင်တဲ့ မျိုးစေ့တစ်ချို့ ရနိုင်မလားလို့.. ဒီလိုဆိုရင် သီးနှံ အထွက်တိုးအောင် လုပ်လို့ရပြီ…”
လီချင်းခိုင်၏ မျက်လုံး အရောင် လက်လာခဲ့သည်။
“ အကြံကောင်းပဲ… ဒါပေမယ့် အကောင်အထည်ဖော်ဖို့တော့ ခက်လိမ့်မယ်… သူတို့ရဲ့ သုတေသနတွေကို ဝယ်ဖို့ ငါတို့မှာ ငွေမရှိဘူးကွ…”
“ အဆင်ပြေတယ်.. အဲ့ကိစ္စ ကျွန်တော် အကြံအဖန် ထုလိုက်မယ်…”
လင်းရီ အလုပ်တစ်ခုကို ထပ်မံတာဝန်ယူလိုက်သည်အား သူ မြင်တွေ့လိုက်ရ၏။
ယခု အချိန်တွင်တော့ လီချင်းခိုင်သည် လင်းရီက ဤနေရာသို့ အချိန်ဖြုန်းရန် ရောက်လာခဲ့ခြင်း မဟုတ်ဘဲ အမှန်ပင် တစ်စုံတစ်ခု ပြုလုပ်ရန် ကြံစည်နေပြီး ရလဒ် တစ်ချို့ ရရှိချင်နေသည်။ မဟုတ်ပါက သူ့ကိုယ်သူ ဤမျှ အပင်ပန်းခံနေစရာ အကြောင်း မရှိချေ။
“ ဒါဆို အဲ့ ကိစ္စ မင်းနဲ့ လွှတ်ထားလိုက်မယ်.. ပိုပြီး လေးပင်တာကိုတော့ ငါ့တာဝန်ထားလိုက်…” လီချင်းခိုင် ပြောလိုက်၏။
“ အိုး ဒါနဲ့ အစ်ကိုလီ.. နောက်တစ်ခု ရှိသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ သိပ်မကြာခင် ကုန်သည်ကြီးများ အသင်း တစ်ခု တည်ထောင်ပေးလို့ရလား… ကြန့်ကြာမနေအောင် ခုစရင်လည်းစစို့…”
“ ဟင်…” လီချင်းခိုင် တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး “ ရင်းနှီးမြုပ်နှံမယ့်သူတွေတောင် ခုမှ စရှာနေတာ မဟုတ်ဘူးလား… ဘာလို့ ကုန်သည်ကြီးများ အသင်းကို အဲ့လောက် မြန်မြန်ကြီး ဖွဲ့ချင်နေရတာ…”
“ သတင်း ကြိုလွင့်ထားတာပေါ့… ရှေ့မဆက်ခင် ဈေးကွက်ကို ကြိုပြီး ထောက်လှမ်းထားရမယ်…” လင်းရီ အကြံပေးလိုက်သည်။
လင်းရီတွင် မည်သို့သော အဆက်အသွယ်များ ရှိနေလဲဆိုတာကို လီချင်းခိုင် မသိပေ။ သို့သော် သူ၏ သံနေသံထားအရတော့ နောင်ပြောင် ပြောဆိုနေသည်နှင့်လည်း မတူပေ။
“ ကောင်းပြီလေ… မင်း ဒီကိစ္စ ဒါရိုက်တာဝမ်နဲ့ ဆွေးနွေးလို့ရတယ်… “ လီချင်းခိုင် သဘောတူလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ တကယ်လို့ ရင်းနှီးမြုပ်နှံသူတွေ ရှာနိုင်ခဲ့ရင် ကောင်တီက မူဝါဒပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အကူအညီ တစ်စုံတစ်ရာ ပေးနိုင်မှာလား..”
“ ငါတို့ ပေးနိုင်တဲ့ တစ်ခုတည်းသော အရာက မြေမူဝါဒပဲ… ပြီးတော့ ဘဏ်ကလည်း ချေးငွေတစ်ချို့ ပေးလို့ရတယ်… ကျန်တဲ့ တခြား များများစားစား ကမ်းလှမ်းပေးနိုင်တာတော့ မရှိဘူး…”
“ မရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်..”
လီချင်းခိုင်နှင့် ဆွေးနွေးပြီးနောက် လင်းရီသည် ကျီချင်းရန်ထံ ဖုန်းဆက်၍ တုံးစန်းကောင်တီ၌ မြေနှစ်ကွက် ဝယ်ခိုင်းလိုက်သည်။
ကျီချင်းရန်နှင့် ဖုန်းပြောပြီးတော့ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်၏။
“ အလှလေးလျန် … မင်း အလုပ်များနေလား…”
ဗွီဒီယိုကော ချိတ်ဆက်သွားသည်နှင့် လင်းရီ အပြုံးလေးဖြင့် ဆီးကြိုပြီး မေးလိုက်သည်။
“ နင် ဒီလိုပြုံးနေတာနဲ့ ကောင်းတာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး… ပြော ဘာကိစ္စ ငါ့ကို ရှာနေတာလဲ..”
“ လူတွေ ပြောကြတာတော့ အထက်မှာ ကောင်းကင် … အောက်မှာဆိုရင် ယွီဟန်တဲ့… ဒီလို သဘာဝက ကောင်းချီးပေးတဲ့ နေရာမျိုးမှာ အလှလေးလျန် လာကစားဖို့ စိတ်ရှိမရှိ မေးကြည့်ချင်လို့ပါ…”
“ နင်က ငါ့ကို ယွီဟန်လာပြီး ကစားစေချင်နေတာလား… ဒါမှမဟုတ် နင်နဲ့ ကစားစေချင်နေတာလား…”
“ အာ… “ လင်းရီ ခေတ္တမျှ ရပ်တန့်၍ “ ငါက နှစ်ခုလုံး စဉ်းစားနေတာ ဆိုတော့ နှစ်ခုလုံးပဲ…”
“ အိပ်မက်မက်နေလိုက်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ပြောစမ်း… နင် ဘာကိစ္စ ငါ့ကို ရှာနေတာလဲ… ငါ ခဏကျရင် အစည်းအဝေး လုပ်ရဦးမှာ…”
“ ခုလေးတင် ပြောပြီးသွားပြီမလား.. ဒီလာပြီး ကစားဖို့ ဖိတ်ခေါ်ချင်ပါတယ်လို့… တစ်လက်စတည်း လုရန်မင်ကိုပါ ခေါ်ထုတ်နိုင်မလား ကြည့်ကြတာပေါ့.. တခြား ကိစ္စတွေလည်း ဆွေးနွေးလို့ရတယ်လေ…”
“ နင် အဲ့လောက် မကြင်နာ တတ်ဘူးဆိုတာ ငါသိသားပဲ…” လျန်ရူရွှယ် မျက်လုံးလှန်ကြည့်လိုက်သည်။ ထို့နောက် သူမ စားပွဲပေါ်ရှိ ပြက္ခဒိန်အား လှန်လောကြည့်ရင်း “ ငါ မနက်ဖြန် အားတယ်… နင် ငါ့ကို ပျော်အောင် လုပ်ပေးနိုင်ရင် လုရန်မင်ကို ကိုယ်စား ဖိတ်ပေးမယ်…”
“ ဒါတော့ မင်း ငါ့ရဲ့ အရည်အချင်းတွေကို အကြီးကြီး စော်ကားလိုက်တာပဲ… မင်းကို ပျော်ရုံတင် မဟုတ်ဘူး.. အထွတ်အထိပ်ရောက်အောင်ကို လုပ်ပေးမှာ…”
“ လဲသေလိုက်ပါလား..” လျန်ရူရွှယ် ရှက်သွေးဖြန်းသွားခဲ့ပြီး “ မနက်ဖြန် ငါ့ကို ခေါ်လိုက်..”
“ အိုကေ…”
လျန်ရူရွှယ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ အညောင်းဆန့်၍ ဖုန်းပေါ်ရှိ ဒိတ်ကို တစ်ချက် ကြည့်လိုက်သည်။ မနက်ဖြန်က ရုံးပိတ်ရက်ဆိုတာကို သူ သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ကောင်တီ၌ ဆက်နေရန် စိတ်မကူးတော့ပဲ ယွီဟန်သို့ ပြန်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် စွန်းကျန်းနှင့် ထမင်းအတူစားရမည်။ ဤသို့သော နေရာမျိုး၌ တစ်ကိုယ်တည်း အချိန်ကုန်ဆုံးနေစရာ အကြောင်း မရှိပေ။
ဝူလင်းဟုန်ကွမ်းကို ဘေးချိတ်၍ Lexus နှင့် ယွီဟန်မြို့သို့ ပြန်လာသည်။
ထို့နောက် စွန်းကျန်း အလုပ်လုပ်ရာ မိုးသစ်တော နည်းပညာ ကုမ္ပဏီသို့ ဦးတည်လိုက်၏။
“ ငါ မင်းရဲ့ ကုမ္ပဏီ ရှေ့မှာ… ခု ဆင်းလာခဲ့တော့…”
“ ဘော့စ်… ခုမှ ညနေ လေးနာရီ ရှိသေးတာလေကွာ… ငါ အရေးကြီး ကိစ္စ ရှိသေးတယ်… ငါ့အထင် နောက်တစ်နာရီလောက်မှ ပြီးမယ်..” စွန်းကျန်း ပြောလိုက်ပြီး “ တက်လာပြီး ခဏထိုင်စောင့်နေလိုက်… ငါလည်း အရေးကြီးနေလို့ အချိန်ဆွဲမရဘူးဟ…”
“ ဒါက မင်း ကုမ္ပဏီလေ… ငါ့လို အပြင်လူက အထဲဝင်လို့ သင့်ပါမလား..”
“ မင်း ယီးစကားတွေ ပြောနေတာလား… မင်းလို နတ်ဘုရားကြီး လာဖို့ကို သူတို့ ဘယ်လောက် မျှော်လင့်နေလဲ သိလား… ဒီကောင်တွေဆို မင်းကို လိုက်ပြဖို့ မစောင့်နိုင်တော့ဘူး..” စွန်းကျန်း ပြောလိုက်ပြီး “ ပြီးတော့ အပေါ်ထပ်မှာ စားစရာ သောက်စရာတွေရော ရှိတယ်… ကားထဲမှာ စောင့်နေတာထက် စာရင် ပိုကောင်းတာပေါ့… တက်လာခဲ့လိုက်..”
“ အိုကေ…”
ဖုန်းချပြီးနောက် လင်းရီသည် ကားထဲမှ ထွက်၍ အပေါ်ထပ်သို့ တက်လာခဲ့၏။
နောက်ဆုံးတွင်တော့ ဤသည်က သူ၏ အလုပ်ဖြစ်ပြီး အလုပ်သည် အမြဲတစေ ဦးစားပေးပင်။ ထို့ကြောင့် စောဒက တက်နေစရာ အကြောင်း မရှိချေ။
သူ စွန်းကျန်း၏ ကုမ္ပဏီထဲသို့ ရောက်လာပြီးနောက် လင်းရီ ဧရိယာ တစ်ဝိုက်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်၏။ ဧရိယာက သိပ်မကြီး။ ၂၀၀ စတုရန်းမီတာလောက်မျှသာ ကျယ်ဝန်းသည်။
သို့သော် ထိုအချိန်၌ လူဒါဇင်ကျော်လောက်က စုဝေးနေပြီး ဆူဆူညံညံ အသံများ ပြုလုပ်နေကာ တစ်စုံတစ်ရာကို အကြိတ်အနယ် ဆွေးနွေးနေကြဟန်ပင်။
လင်းရီ ရောက်လာသည်ကိုပင် သတိမမူမိကြချေ။
လင်းရီ လှည့်ပတ်ကြည့်လိုက်ပြီး စွန်းကျန်းကို မြင်တော့ လျှောက်သွားလိုက်၏။
“ ဘာတွေ အဲ့လောက်ထိ အာရုံစိုက်နေတာ… သူခိုး ဝင်ခိုးသွားတောင် မင်းတို့ကောင်တွေ သိမယ့်ပုံမပေါ်ဘူး..” လင်းရီ စွန်းကျန်း၏ ပခုံးကို ပုတ်၍ ပြောဆိုလိုက်ပြီး “ မင်း ကျောင်းတုန်းက ဇာတ်ကားကြည့်တော့တောင် ဒီလောက် ဈာန်ဝင်မနေပါဘူး…”