← Chapters

ဘယ်သူမှ မရှိတဲ့ နေရာဆီ သွားစို့

Vol. 89 Ch. 1329

ဘယ်သူမှ မရှိတဲ့ နေရာဆီ သွားစို့

Vol. 89 Ch. 1329

အစားအသောက်၊ ယမကာနှင့် စကားဝိုင်းတို့က အဆက်မပြတ် စီးဆင်းသွားခဲ့၏။

အချိန်မှာ ညနေခင်း ရှစ်နာကျော်နေလေပြီ။ လေးယောက်လုံးလည်း မူးနေပြီး ဘီယာ ပုလင်း နှစ်ဆယ်မျှ အောက်တွင် ဘေးတွင် စုပုံနေတော့၏။ လေထုမှာ လှုပ်ရှားသက်ဝင်နေသည်။

ကလင် ကလင် ကလင်…

လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။ ရှောင်ပင်းမှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ အစ်ကိုရီ.. ကျွန်မ SOS ဘားမှာ နေရာကြိုယူထားပြီးပြီ.. ရှင် အခု ဘယ်မှာလဲ… ကျွန်မ လာကြိုလိုက်မယ်..”

“ မလိုဘူး… ငါ့ကို အဲ့မှာပဲ စောင့်နေလိုက်..”

“ ကောင်းပြီလေ.. အဲ့မှာ တွေ့ကြတာပေါ့.. ရှင့်ဖို့ဆိုပြီး ကောင်မလေး ချောချောလေးတွေ အများကြီး ပြင်ဆင်ပေးထားတယ်နော်… ရှင် အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်မှာ ကျိန်းသေတယ်… “ ရှောင်ပင်း ပြောပြီးနောက် လေသံတိုးတိုးလေးဖြင့် “ အသေးဆုံးကတောင် C cup နော်.. စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား…”

“ အိုကေပြီ… ငါ မကြာခင် ရောက်မယ်…”

လင်းရီ ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့သည်။ နင်ချဲ့တို့ ကောင်းမှုဖြင့် ကျုံးဝေ့တပ်ဖွဲ့ထဲရှိ သူ့နာမည် ဂုဏ်သတင်းက ဤအခြေအနေထိတိုင် ကျရောက်နေဟန်ပင်။

“ ဘော့စ်… ဖုန်းဆက်လာတာ မင်းသူငယ်ချင်းမလေးလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ သူတို့ အဆင်သင့်ဖြစ်ပြီတဲ့… ဒါကြောင့်မို့ ပါတီလာခဲ့ဖို့ ဖိတ်လိုက်တာ…”

“ ငါတို့လည်း သောက်လို့ပြီးပြီမလား… ခု သွားစို့လေ… “ စွန်းကျန်း သူ့ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ အဲ့လောက် မလောစမ်းနဲ့… မင်း ဒီလောက်ထိ သောက်ထားတာ ငါ အငှားဒရိုင်ဘာခေါ်လိုက်ဦးမယ်..”

သူက ပုလင်း အနည်းငယ်မျှသာ သောက်ထားသဖြင့် အယ်ကိုဟောက လင်းရီအတွက်တော့ ပြဿနာ မရှိပေ။ အကယ်၍ သောက်ပြီး ကားမောင်းလျှင်ပင် အဆင်ပြေသော်လည်းပဲ ယခု သူရောက်နေသည်က ယွီဟန်ဖြစ်၏။ သိုသိုသိပ်သိပ်နေသည်က ကောင်းသည်။

သို့နှင့် လျိုကွမ်းမင်မှ အငှားဒရိုင်ဘာခေါ်၍ လင်းရီ၏ lexus ကို မောင်းခိုင်းလိုက်ပြီး SOS ဘားသို့ ရောက်ရှိလာခဲ့ကြသည်။

ယွီဟန်ရှိ ထိပ်တန်း ဘားများအနက် တစ်ခု ဖြစ်သည်နှင့်အညီ SOS ဘား၏ စံချိန်စံနှုန်းတို့က ဒေသတွင်း မည်သည့်ဘားထက်ကို မဆို ရှေ့ကရောက်နေသည်။ ဤသည်ကတော့ ဒေသခံများ ပြောသည့် စကားပင်။

လင်းရီလည်း ထိုစကားကို လက်ခံနိုင်သလောက်ရှိ၏။ ၎င်းက ရန်ကျင်းရှိ OT ဘားနှင့်ပင် ခြေရာချင်းတိုင်း၍ ရသည်။

ထိုအချိန်၌ အဖြူရောင် မာစီးတီး C class တစ်စင်းသည် ဘား အရှေ့ ထိုးရပ်လာခဲ့၏။

မောင်းလာသည့် လူကတော့ လင်းရီနှင့် သိပ်မကြာသေးခင်က ဆုံတွေ့ခဲ့သည့် မိချောလေး ကော်လုပင်။

“ နင် အတည်ပြောနေတာလား.. သူက အဲ့လောက်တောင် အံ့ဩဖို့ ကောင်းနေတယ်ပေါ့.. “ ပါကင် ထိုးရန် နေရာရှာရင်း ဖုန်းကို လက်တစ်ဖက်မှ ကိုင်၍ ကော်လု ဖုန်းပြောနေသည်။

“ ဟုတ်တယ်… မင်းသာ သူနဲ့ သူငယ်ချင်းတွေ ဖြစ်လာမယ်ဆိုရင် သူ့ သာမန်လျှံကာ စကားတစ်ခွန်းကတောင် မင်းကို အထက်ပို့ပေးလို့ရတယ်ဆိုတာ မှတ်ထားလိုက်…”

“ နားလည်ပြီ အစ်ကို… ခုတော့ အဲ့အကြောင်း မပြောသေးနဲ့.. ငါ ပါကင်ထိုးနေလို့ ကားရပ်ပြီးမှပဲ နင့်ကို လာရှာတော့မယ်…”

“ ကောင်းပြီ.. မြန်မြန်လေး…”

ဖုန်းချပြီးနောက် ကော်လုသည် ပါကင်ထိုးသည့် နေရာသို့ ဦးတည်မောင်းနှင်လိုက်၏။

သို့သော် သူမ ထိုလွတ်လပ်နေသည့် နေရာတွင် ဝင်တော့မည့် အချိန်မှာပဲ လင်းရီ၏ Lexus က မျက်လုံးရှေ့တွင် ဝင်ဦးသွားခဲ့၏။

“ ဟေ့…. နင့်မှာ ဘာ ကျင့်ဝတ်မှ မရှိဘူးလား… ငါ အဲ့နေရာမှာ ရပ်မလို့ဆိုတာ နင်မြင်ရဲ့သားနဲ့….”

ကော်လု ဒေါသတကြီး ဖြစ်သွားခဲ့၏။ ကားထဲမှ ချက်ချင်းဆင်းပြီး ရန်ထောင်တော့သည်။

ဘားရှေ့ရှိ ပါကင်နေရာက လောက်ပင် မလောက်ငှချေ။ အကယ်၍ တစ်နေရာ လွဲချော်သွားခဲ့ပါက တခြား တစ်နေရာကို မည်သို့ ရှာရမှန်း မသိ ဖြစ်သွားလိမ့်မည်။

“ အစ်မ စိတ်မရှိပါနဲ့ဗျာ.. ကျုပ်က အငှားဒရိုင်ဘာမို့ပါ… ကျုပ်က အစ်မ လက်ညိုးထိုးသင့်တဲ့လူ မဟုတ်ပါဘူး…”

ထိုအချိန် လင်းရီနှင့် ကျန်သူများလည်း ကားထဲမှ ထွက်လာကြပြီး ကားအနား လာ၍ အော်ကြီး ဟစ်ကျယ် လုပ်နေသူက ကော်လု ဖြစ်နေသည်ကို သတိပြုမိသွားခဲ့သည်။

သူမ၏ မိမိုက် ဆွဲဆောင်မှုရှိနေသည့် ကလပ်တက် အဝတ်အစားများကို အကဲခတ်ရင်း ဤနေရာသို့ ပျော်ပါးရန် ရောက်လာကြောင်း သူ သိလိုက်သည်။

“ မင်းလည်း ဒီလာတာပဲလား…”

လင်းရီကို မြင်တော့ ကော်လု၏ ဒေါသသည် လောင်စာထပ်ထည့်လိုက်သလိုပင်။

ရေစက်ကလည်း မတည့်တဲ့ လူနဲ့ကျ အမြင်ကတ်ဖို့ ကောင်းလောက်အောင် ပါနေတော့တာ… တကယ်တည်း။

“ နင် ဒါဘာလုပ်တာလဲ… ငါ့ ပါကင်နေရာကို လုယူဖို့ နင့်မှာ ဘာ အခွင့်အရေးရှိလို့လဲ… ငါ့ကို ခက်ခဲအောင် တမင် လုပ်နေတာလား..”

“ ဒါ မင်းနေရာပါလို့ နာမည် တပ်ထားလို့လား… ဘယ်လိုလုပ်ပြီး ဒါက မင်းအပိုင် ဖြစ်သွားခဲ့တာ…”

“ ငါ အရင် မြင်ထားတာ…”

“ မင်း ဖျားနေတာလား…” လင်းရီ ပြောလိုက်ပြီး “ မင်း အရင် မြင်လိုက်တာနဲ့ပဲ မင်း အပိုင် ဖြစ်သွားပြီပေါ့… သောက်ကျိုးနည်း လောဂျစ်ကြီး….”

“ ငါ ပြောလိုက်မယ်.. လင်းရီ… ငါတို့က လုပ်ဖော်ကိုင်ဖက် ချင်းမို့ ဒီကိစ္စ မချဲ့ကားသွားစေချင်ဘူးနော်..”

ကော်လု လင်းရီကို လက်ညိုးထိုးလျက် ပြောလိုက်၏။

“ ဒါက ယွီဟန် … တုံးစန်းကောင်တီ မဟုတ်ဘူး… မောက်မာမနေနဲ့…”

နှစ်ယောက်သား ငြင်းကြ ခုန်နေကြပြီး ကြည့်ရသည်မှာတော့ အချင်းချင်း သိနေကြပုံပင်။ စွန်းကျန်း ဖြောင်းဖျရန် ဟန်ပြင်လိုက်၏။

“ ဘော့စ်… မင်းတို့ချင်း သိတယ်ဆိုလည်း ထားလိုက်ပါကွာ.. ဒီတိုင်း ပါကင် နေရာလေးပါပဲ.. နောက်တစ်နေရာ ရှာလိုက်ကြတာပေါ့…”

“ ဒီမှာ ရပ်ထားပြီးပြီကို အားလို့ နောက်တစ်နေရာ ရှာရမှာလား…”

ပြောပြီးနောက် လင်းရီ လက်ဝှေ့ယမ်းလိုက်ကာ “ သွားစို့ … အထဲဝင် ကြမယ်…”

လင်းရီ ထိုမိန်းကလေးအား လျစ်လျူရှုလိုက်သည်ကို မြင်တော့ စွန်းကျန်းနှင့် ကျန်သူများလည်း ဘာမှ ထပ်မပြောတော့ပဲ အထဲ အတူဝင်ရန် ဟန်ပြင်လိုက်ကြ၏။

သို့သော် သူတို့ အနည်းငယ်မျှ ဇဝေဇဝါတော့ ဖြစ်မိကြ၏။

ဒီကောင်မလေးက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ… တခြားကောင်မလေးတွေဆို ဘော့စ်နဲ့ ရင်းနှီးခွင့်ရဖို့ အသည်းအသန် ကြိုးပမ်းနေကြတာကို ဒီမိန်းကလေးကျမှ ဘော့စ်နဲ့လာပြီး ရန်တွေ့နေတယ်… ဘယ်လိုတောင် ထူးဆန်းလိုက်သလဲ…

“ လင်းရီ … ငါနင့်ကို ပြောလိုက်မယ်… ငါ့ အစ်ကိုက ဘားထဲမှာ …” ကော်လု နောက်မှနေရင်း လင်းရီကို လှမ်းအော်ပြောလိုက်၏။

“ နင် ကားကို အခု မရွေ့ပေးဘူးဆိုရင် ငါ့အစ်ကိုကို ဖုန်းဆက်လိုက်တော့မှာနော်…”

“ မင်း ခေါ်ချင်တဲ့လူကို ခေါ်.. ငါနဲ့ မဆိုင်ဘူး..”

စစချင်းတုန်းကတော့ လင်းရီသည် ကော်လုကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသည်လို့ မထင်ချေ။

သို့သော် သူ ပိုပြီး ကြည့်လေလေ စိတ်အနှောင့်အယှက် ဖြစ်လာလေလေ ဖြစ်၏။

“ မသွားသေးနဲ့…”

အော်ဟစ်ပြီးနောက် ကော်လုသည် ကော်ကျင့်၏ ဖုန်းနံပါတ်အား နှိပ်လိုက်၏။

“ အစ်ကို… ငါ အခု ဘားဝင်ပေါက်ဝမှာ… လူတစ်ချို့ ငါ့ ပါကင် နေရာကို အတင်းလုသွားပြီး ပြန်လဲ မဖယ်ပေးဘူး… လာပြီး ဖြေရှင်းပေးဦး…”

“ ငါ အခု လာလို့ မရသေးဘူး… လူနှစ်ယောက် လွှတ်ပေးလိုက်မယ်…”

“ မြန်မြန်လုပ်… ငါ ဒီမှာ စိတ်ရှုပ်လို့ သေတော့မယ်… ဒီကို ပျော်ဖို့ လာပါတယ်ဆိုနေမှပဲ ရွံ့ဖို့ကောင်းတဲ့ဟာတွေနဲ့ လာတွေ့နေတယ်…”

ဖုန်းပြောနေသည့် ကော်လု၏ ရမ်းကား ကြမ်းတမ်းနေမှုကို သတိပြုမိတော့ တစ်စုံတစ်ရာ မှားယွင်းနေပြီကို စွန်းကျန်း ခံစားလိုက်ရသည်။

“ ဘော့စ်… ငါတော့ အခြေအနေ သိပ်မဟန်ဘူး ထင်တယ်နော်… ကြည့်ရတာတော့ ကောင်မလေးက တော်တော်လေးကို အခဲမကျေ ဖြစ်နေတဲပုံပဲ… ခဏစောင့်ပြီး ပြေရာပြေကြောင်း ဖြေရှင်းကြမလား..”

“ ဘာကြောက်စရာ ရှိလို့… သူ့ကို ဘေးမဲ့ ပေးထားလိုက်.. ငါတို့ ဝင်ကြမယ်…”

“ ဟင်.. အိုကေလေ…”

လင်းရီ၏ ရပ်တန့်ရန် မရှိသည့် ရည်ရွယ်ချက်ကို မြင်တော့ ကော်လု နောက်မှ လက်ညိုးထိုး အော်ဟစ်လိုက်၏။

“ လင်းရီ … ငါနင့်ကို ပြောလိုက်မယ်… ဒီကား ဘယ်သူ့ကားလဲ ငါ ဂရုမစိုက်ဘူး… နင် နောက်မှ နောင်တမရနဲ့…”

လင်းရီ တော်တော်လေး စိတ်ကသိကအောက် ဖြစ်လာခဲ့သည်။

“ မင်း ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား….”

“ ငါ့ကို လာပြီး ခြိမ်းခြောက်မနေနဲ့.. ငါ့အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေက အထဲမှာ… နင့်ကို မကြောက်ဘူး..”

“ ကြောင်တောင်တောင်နဲ့..”

လင်းရီ ကော်လုအား လျစ်လျူရှု၍ စွန်းကျန်းနှင့် ကျန်သူများကို ဘားထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

သို့‌သော် သူတို့ ဘားအဝင်ဝသို့ ရောက်သည့် အချိန်မှာပဲ အပြင်သို့ ထွက်လာသည့် လူနှစ်ယောက်နှင့် ပက်ပင်း ဝင်တိုး၏။

“ လုလု… ဘာတွေ ဖြစ်နေတာလဲ…”

ဆံပင် အစိမ်းရောင် ဆိုးထားသည့် ကောင်လေးမှ မနီးမဝေးရှိ ကော်လုကို မြင်တော့ လျှောက်လာရင်း လှမ်းမေးလိုက်သည်။

“ အစ်ကိုချောင်.. သူတို့ လေးယောက်ပဲ… သူတို့ကို ထွက်မသွားစေနဲ့..”

ဟင်…

ဆံပင် အစိမ်းရောင်နှင့် အမျိုးသားမှ ရေရွတ်ရင်း လင်းရီတို့ကို လှည့်ကြည့်လိုက်သည်။

“ ညီကိုတို့.. ငါတို့နဲ့ တွေ့ပြီးမှတော့ မသွားသေးနဲ့ဦး..”

“ ဘာကိစ္စလဲ…”

ဆံပင် အစိမ်းရောင်နှင့် အမျိုးသားမှ သူ့အဖော်နှင့်အတူ ဘားထဲမှ ထွက်လာပြီး လင်းရီကို လက်ဝှေ့ပြလိုက်၏။

“ ကိုယ့်လူ … ထွက်ခဲ့…. စကားပြောကြမယ်…”

“ ဟက်…”

လင်းရီ အေးစက်စက် ရယ်မောရင်း သူတို့ နှစ်ယောက်ထံ လျှောက်လှမ်းသွားလိုက်သည်။ ထိုအချိန်၌ ကော်လုသည်လည်း ရောက်လာခဲ့သည်။

“ အစ်ကိုချောင်… သူတို့ ငါ့ရဲ့ ပါကင်နေရာ လုသွားတယ်… ပြန်ပေးဖို့ ပြောတာ ငါနဲ့ လာပြီး ရန်ဖြစ်နေတာ..”

ဆံပင် အစိမ်းရောင်နှင့် အမျိုးသားမှ ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြည့်လိုက်၏။

“ ညီကို … ထွေထူးလည်း မဟုတ်တာကို မင်း အလျော့ပေးပြီး ငါ့ ညီမလေးကို တောင်းပန်လိုက်… အကုန်လုံးက ပျော်ချင်ပါးချင်လို့ ဒီရောက်လာကြတာပဲ မလား… ခက်ခဲအောင် မလုပ်နဲ့စမ်းကွာ… တစ်ယောက်နဲ့ တစ်ယောက် ထိကုန်ခိုက်ကုန်ရင် မကောင်းပါဘူး…”

“ မင်းရဲ့ လောဂျစ်ကရော ဘာကြီးတုန်း…” လင်းရီ ပြန်မေးလိုက်ပြီး “ ငါတို့က အရင်ဆုံး ပါကင်ဝင်လိုက်တာ… မင်း ညီမက အရင်မြင်တာနဲ့ပဲ ငါတို့က ပေးလိုက်ရရောလား…”

ဆံပင် အစိမ်းနှင့် လူမှ မျက်ခုံးပင့်လျက် လင်းရီကို ကြည့်လိုက်သည်။ “ ဘရို… ငါ မင်းနဲ့ ညှိနှိုင်းနေတာ မဟုတ်ဘူး.. ငါ ပြောတဲ့ အတိုင်း လုပ်ခိုင်းနေတာ… သောက်ရေးမပါတာတွေ လာမပြောနဲ့ ဟုတ်ပြီလား…”

“ မဖြစ်နိုင်ဘူး..”

“ အံ့ဩစရာပဲ… “ ဆံပင်အစိမ်းနှင့် လူမှ မောက်မာစီးပိုးစွာ ပြောလိုက်သည်။ ထို့နောက် ကော်လုဘက်သို့ လှည့်ပြီး “ လုလု … မင်း အရင် ဝင်နှင့်.. မင်း အစ်ကိုက အထဲမှာ စောင့်နေတယ်… ကားသော့ကို ငါနဲ့ ပေးခဲ့လိုက်… ငါ ပါကင် ထိုးပေးထားမယ်…”

“ အွန်း… ကျေးဇူးနော် အစ်ကိုချောင်…”

“ အသေးအမွှားလေးပါကွာ..”

ကော်လု ကားသော့ကို ဆံပင် အစိမ်းနှင့် အမျိုးသား လက်ထဲ အပ်၍ လင်းရီကို လျစ်လျူရှုလိုက်၏။ ထို့နောက် ဘားထဲ ကျော့မော့စွာ ဝင်သွားခဲ့လေသည်။

တစ်ဖက်သူမှာ ကားသော့အား လက်ခံ၍ ဆေးလိပ် မီးညှိလိုက်၏။ “ ဒီမှာက လူသိပ်များတယ်… ဟို လမ်းကြားလေးထဲမှာ စကားသွားပြောကြစို့…”

All Chapters