ချိတ်ပိတ်လိုက်ပြီ
Vol. 89 Ch. 1331
“ ပင်းပင်း…”
“ မြန်မြန် ထွက်သွား… ငါ့အစ်ကိုရီကို ဒီလာပြီး မပျော်ရွှင်အောင် လာမလုပ်နဲ့….”
ရှောင်ပင်း၏ အေးစက်စက် သဘောထားကို မြင်တော့ နှစ်ယောက်လုံး ဘာမျှ ဆက်မပြောဝံ့ကြတော့ချေ။ ဤသည်က သူတို့ ပြစ်မှား စော်ကား၍ မရသောလူ ဖြစ်လေသည်။
ကော်လု၏ အမူအရာ ပျက်ယွင်းသွားခဲ့သည်။ သူမကိုယ်သူမ တွေးထားသည်မှာ ယနေ့တွင်တော့ ငါးမန်းများ အသိုင်းအဝိုင်းထဲ တိုးဝင်၍ ရပြီဟု ထင်မှတ်ထားသော်လည်း အကြီးဆုံး ငါးမန်းက လင်းရီ ဖြစ်နေလိမ့်မည်လို့ သူမ စိတ်တောင် မကူးမိခဲ့ချေ။
အနှီ သူမ အထင်သေးခဲ့သည့် လူတစ်ယောက်နှင့် ထိပ်တန်း တိုင်ကွန်းကြီး တစ်ဦးကို မည်သည့်နည်းနှင့်မျှ ဆက်စပ်၍ပင် မရချေ။ သူမ၏ ကမ္ဘာကြီးပေါ် အမြင်သည်လည်း ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လို့နေသည်။
ကော်ကျင့်မှာ လူကြားသူကြားထဲတွင် သိက္ခာကျသည်ဟု ခါးသီးစွာ ခံစားနေရ၏။ သို့သော် သူ တတ်နိုင်သည့် အရာက ဘာမျှ မရှိ။ ရှုံ့မဲ့လျက်သာ ပြုံးပြရင်း “ ဒါဆိုလည်း မင်းတို့ပဲ ပျော်ကြပါ… ငါတို့ အရင်သွားနှင့်တော့မယ်..”
“ သွား…”
ရှောင်ပင်း အရေးမစိုက်စွာ ပြောလိုက်သည်။ သူတို့နှစ်ယောက် ရှိသည် မရှိသည်ကို ဂရုစိုက်မနေချေ။
ဘေးတွင် ရှိနေသည့် လီချင်းယွမ်ကတော့ စွန်းကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း စိတ်တုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။
“ မင်း ဘော့စ်က သောက်ရမ်း အံ့အားသင့်ဖို့ ကောင်းလွန်းမနေဘူးလားကွာ… ဒီ ရေခဲအလှလေး ရှောင်ပင်းဆိုတာ ယွီဟန်မှာ နာမည်ကြီးကွ…. သူက ဘာလို့ မင်းဘော့စ်ကို ဒီလောက်ထိ ယဉ်ကျေးနေတာလဲတဲ့…”
ယွီဟန်မြို့ရှိ ရှောင်မိသားစု၏ အဆင့်အတန်းကို လီချင်းယွမ် ကောင်းစွာ နားလည်ထားသည်။ သို့ဖြစ်သည့်တိုင်အောင် လင်းရီရှေ့တွင် အင်မတန် ရိုကျိုးသည့် သဘောထားအား ပြသထားလျက် ရှိလေသည်။ လင်းရီ၏ အဆင့်အတန်းသည် စိတ်ကူးယဉ်နိုင်သည်ထက်ပင် ကျော်လွန်နေရမည်။
“ အားယိုးယိုး… ဘာတွေများ ဖြစ်နေတာပါလိမ့်.. ဘယ်သူက ငါတို့ရဲ့ အစ်မပင်းကို စိတ်တိုအောင် လုပ်လိုက်တာလဲ ပြောစမ်း… “
တစ်စုံတစ်ယောက်၏ အသံကြားတော့ ကော် မောင်နှမ၏ ခြေလှမ်းများက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ရှောင်ပင်းလည်း လှည့်ကြည့်လိုက်တော့ စကားပြောလာသည့် လူက မည်သူဆိုတာ မြင်တွေ့သွားခဲ့သည်။
ဆံပင်က တိုတိတိနှင့် အရောင်လည်း ဆိုးထားသည်။ ဘေးနှစ်ဖက်တွင် လျှပ်စီးပုံစံ hair line ဖော်ထားသေး၏။ လည်ပင်းတွင်လည်း ဘာမှန်းမသိသည့် တက်တူးများ ထိုးထားပြီး နောက်တွင်တော့ လူဆယ်ယောက်ကျော်က ဝန်းရံနေသည်။ သူ၏ ထွက်ပေါ်လာမှုက အလွန်အင်မတန် အမြင်စူးစရာကြီးပင်။
ဆံပင် အတိုနှင့်ကောင်ကို သဘောမတွေ့သကဲ့သို့ ရှောင်ပင်း၏ မျက်နှာ အကျည်းတန်သွားခဲ့သည်။
“ အဲ့လူက ဘယ်သူတုန်း.. သူ့ ကြည့်ရတာ ဟန်များလှချည်လားဟ…”
လင်းရီ လီချင်းယွမ်အား ခပ်တိုးတိုး မေးမြန်းလိုက်၏။
“ သူ့နာမည်က ဝေ့ကျားဟန်… ဝေ့မိသားစုရဲ့ ဒုတိယကလေး… သူတို့နဲ့ ရှောင်မိသားစု နှစ်ခုလုံက ယွီဟန်မြို့မှာ ထိပ်သီး မိသားစုကြီးတွေ… ပြီးတော့ သူတို့ချင်းကလည်း ဘယ်တော့မှ အစေး မကပ်ကြဘူး…”
လီချင်းယွမ်မှ တီးတိုးပြောပြလာသည်။
လင်းရီ ခေါင်းညိမ့်လိုက်၏။ ဘာဖြစ်နေလဲ ဆိုတာကို သူနားလည်သွားခဲ့လေသည်။ သို့သော် သူဘာမျှ ဝင်မပြောချေ။ ဘာလို့ဆို သူနဲ့မှ မဆိုင်ပဲကိုး။
ဝေ့ကျားဟန် ကော်ကျင့်အားကြည့်၍ “ မင်းတို့က မောင်းထုတ်ခံလိုက်ရတာလား…”
ကော်ကျင့် ကိုးရို့ကားယား ပြုံးပြလိုက်ပြီး အလွန်အမင်း အရှက်ရနေမိတော့၏။ သို့သော် သူ ခေါင်းညိမ့် ဝန်ခံရုံသာ တတ်နိုင်လေသည်။
ဝေ့ကျားဟော်သည် ကော်လုဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး “ မင်း ညီမက မဆိုးဘူးပဲ… တော်တော်လေးလှတယ်… နောင်ကျ မင်းတို့နှစ်ယောက် ငါ့နောက်လိုက်လုပ်ရင် ဘယ်လိုလဲ…”
ကော်မောင်နှမ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။
ယွီဟန်မြို့တွင် ဝေ့မိသားစု၏ အင်အားက ရှောင်မိသားစုထက် အားမနည်းချေ။ ရှောင်မိသားစုကိုပင် အနည်းငယ် ဖိနှိပ်နိုင်နေသည်။
ရှောင်ပင်း၏ ကန်ထုတ်ခြင်းကို ခံရပြီးနောက် ဝေ့မိသားစု၏ ဆိုရှယ် လှေကားထစ်ကြီးပေါ် တက်ရောက်နိုင်သည်က သူတို့အတွက် မဟာ့မဟာ ကံကောင်းမှုကြီး တစ်ရပ်ပင် ဖြစ်ပါသည်။
“ သခင်လေး ဝေ့ကို ကျေးဇူးတင်ပါတယ်..”
နှစ်ယောက်သား ထွက်မသွားကြတော့ပေ။ ထိုအစား ဝေ့ကျားဟန် ဘေး၌ ရပ်နေကြ၏။ ရည်ရွယ်ချက်ကတော့ ရှင်းပြနေရန် မလိုတော့ချေ။
“ ကော်ကျင့်… ငါနင့်ကို အရေးတယူ မပြုပေးခဲ့တာ တော်တော်ကောင်းသွားတယ်… နင့်စိတ်ဓာတ်က ရွံစရာပဲ…”
“ ပင်းပင်း… ငါတတ်နိုင်တာ ဘာမှ မရှိလို့ပါ…” ကော်ကျင့် ပြောလိုက်ပြီး “ မောင်းထုတ်တဲ့လူက မင်းလေ…အဲ့တော့ အခု ငါက သခင်လေး ဝေ့ဘက်မှာ နေလိုက်တယ်… အဲ့တာ ငါမှားသလား…”
“ ဟွန့်… အမှိုက်…”
“ ကျစ် ကျစ် ကျစ်… ဘာလို့ အဲ့လောက်ကြီး ဒေါသထွက်နေရတာတုန်း အစ်မပင်းရဲ့… မင်းအဲ့လို လုပ်နေ မကြာခင် သွေးဆုံးလိမ့်မယ်နော်….” ဝေ့ကျားဟန် ကျီစယ်လိုက်သည်။
သူက ရှောင်ပင်းထက် အသက်ငယ်သည် ဆိုသော်လည်းပဲ ဟိတ်ဟန်ထုတ်သည့် ဗီဇက သန္ဓေပါ ဖြစ်သည်။ ဆရာသင်ပေးစရာ မလိုပါ။
“ ငါ့ဘာငါ ဘာဖြစ်ဖြစ် နင်နဲ့ ဆိုင်သလား… နင် ဝင်စွက်ဖက်တာ တအား များနေပြီနော်…”
ထိုသို့ အပြောခံလိုက်ရသော်လည်း ဝေ့ကျားဟန် စိတ် မတိုသွားခဲ့ချေ။ ထိုအစား သူ့အကြံအောင် သွားသကဲ့သို့ ယုံကြည်ချက် အပြည့်နှင့် မားမားမတ်မတ်ပင်။
“ အစ်မပင်းကို မတွေ့တာတောင် အတော်ကြာပြီ… ဒီကြားထဲ ဘယ်တွေများ သွားပြီး ကြီးပွားနေတာလဲ…”
“ ကျိုးဟိုင် သွားနေတာ… မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်က ပြီးခါနီးနေပြီလေ… ငါ ခုတလော အဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေတာ…”
ဝေ့ကျားဟန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပြုံးလျက် “ ဒါ သတင်းကောင်းပဲ.. ဒီမောင်လေးရဲ့ သဘောထားကို ဖော်ပြဖို့ တစ်ခွက်လောက် သောက်ပေးရမှာပေါ့…”
ထိုသို့ပြောပြီးနောက် ဝေ့ကျားဟန်သည် သူ့နောက်ရှိလူအား လှမ်းအော်လိုက်၏။
“ အစ်မပင်းအတွက် ရှန်းလုံ တစ်လုံး ယူပြီး ငါ့ စာရင်းထဲ ထည့်ထားလိုက်…”
ဘားထဲရှိ လူတိုင်း တိတ်တဆိတ် လျှာသပ်မိလိုက်ကြ၏။
ရှန်းလုံတစ်လုံးက ယွမ် တစ်သိန်းကျော် တန်တယ်.. ဒါကို သူက လွယ်လွယ်ကြီး ပေးပစ်လိုက်တယ်ပေါ့…
ဒီလူတွေရဲ့ ပိုက်ဆံက ကောင်းကင်ပေါ်ကနေ ကျလာတာများလားကွာ…တောက်
“ ဒီတိုင်း ရှန်းလုံ တစ်လုံးလေးများ ငါလည်း တတ်နိုင်သားပဲ.. အလုပ်ရှုပ်ခံပြီး နင့်ပိုက်ဆံ ဖြုန်းမနေဘူး..” ရှောင်ပင်း ပြောလိုက်သည်။
“ အစ်မပင်းတော့ မသိလောက်သေးဘူး.. ကျွန်တော်က ဝေ့မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆက်ခံထားတာ မကြာသေးဘူးလေ…” ဝေ့ကျားဟန် ဆေးလိပ် တစ်လိပ်ထုတ် မီးညှိ၍ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ရင်း “ ပြီးတော့ အစ်မလည်း ဒီရောက်နေမှတော့ အိမ်ရှင် အနေနဲ့ ဒီလိုလုပ်ပေးသင့်တယ်လို့ မထင်ဘူးလား…”
“ နင် ဘာတွေ လာပြောနေတာ…”
“ အစ်မပင်း မသိလောက်ဘူး… ကျွန်တော် ဒီဘားကို တလောကတင် ဝယ်လိုက်တာ… အခု ကျွန်တော့်ပိုင်နက်လို့ သတ်မှတ်လို့ရတယ်… ကျွန်တော့်ဆီလာပြီး အားပေးမှတော့ သူဌေးတစ်ယောက်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြသသင့်တာ သဘာဝပဲ မဟုတ်ဘူးလား… မဟုတ်ရင် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်…”
“ နင့်ရဲ့ ဘား….! “
ရှောင်ပင်း၏ အမူအရာသည် တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ဆိုသလိုကို ပြောင်းလဲနေပြီး အေးတိအေးစက် နိုင်နေတော့သည်။
“ အမှန်ပဲ… စီးပွားရေး လိုင်စင်ပါ ထုတ်ပြပေးရဦးမလား..” ဝေ့ကျားဟန် အပြုံးလေးဖြင့် ပြောလိုက်၏။
“ ဒါပေမယ့် အစ်မပင်းရဲ့ သဘောထားကို ကြည့်ရသလောက်တော့ ကျွန်တော် နေရာကို သိပ် သဘောတွေ့ပုံ မရဘူးပဲ.. ဒါပေမယ့် အဆင်ပြေပါတယ်… စီးပွားရေး လုပ်မှတော့ ဖောက်သည် စိတ်တိုင်းကျပဲလေ.. သဘောမကျဘူးဆို လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရပါတယ်… ဒီနားတစ်ဝိုက်က ဘားပိုင်ရှင်တွေနဲ့လည်း ကျွန်တော်က ရင်းနှီးတယ်ဆိုတော့ အစ်မပင်းသွားရင် ဒစ်စကောင့် ပေးဖို့ ပြောထားပေးပါ့မယ်..” သူ ပြောလိုက်သည်။
ရှောင်ပင်း သူမ အနီးတစ်ဝိုက်ရှိ လူများဘက်သို့ လှည့်ကြည့်ရင်း မျက်နှာ မသာမယာ ဖြစ်နေတော့၏။
ဒါ သူမတို့ကို မောင်းထုတ်နေတာ အသိသာကြီးပဲ မဟုတ်လား…
သို့သော် သူမက ယနေ့ လူအများအပြား ဖိတ်ကြားထားလေရာ အကယ်၍ သူမကသာ မောင်းချခံလိုက်ရမည် ဆိုပါက အရှက်ကွဲစရာကြီး မဟုတ်ပါလော။
“ အယ် ဘာလို့တုန်း အစ်မပင်းရဲ့.. တကယ်လို့ ဒီမှာ နေရတာ သဘောမကျဘူးဆို သွားလို့ရပါတယ်ဗျာ… ကျွန်တော် အတင်းမနေခိုင်းပါဘူး…” ဝေ့ကျားဟန် ရယ်မောလိုက်ရင်း သူ ကော်ကျင့်ကို အကြည့်တစ်ချက် ပေးလိုက်သည်။
“ အစ်မပင်းက တံခါးပေါက် ဘယ်နားရှိမှန်း မသိဘူးထင်ပါရဲ့.. မင်း ဧည့်သည်တွေကို လိုက်ပို့ပေးလိုက်ပါ…”
“ ဟားဟား….”
ဝေ့ကျားဟန် အနောက်ရှိ လူများမှ ဝါးလုံးကွဲ ရယ်မောလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာမှာ လှောင်ပြောင် ကျီစယ်လိုစိတ် အပြည့်နှင့် ဖြစ်နေသည်။
“ ပင်းပင်း … သွားစို့… ငါ မင်းကို လိုက်ပို့ပေးမယ်..” ကော်ကျင့် ပြောလာခဲ့၏။
ရှောင်ပင်း မျက်နှာမလှတော့ချေ။ သူမ ဝေ့ကျားဟန်အား ဖြောင်းခနဲ ဖြောင်းခနဲ ဖြတ်ရိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။
သို့သော် သူမကိုယ်သူမ ထိန်းချုပ်ထားနိုင်ခဲ့၏။ ဝေ့မိသားစုက လုံးဝ အားမနည်းချေ။ အကယ်၍ သူမကသာ ပါးရိုက်လိုက်မည် ဆိုပါက ပြဿနာ ကြီးသွားနိုင်သည်။
ဘေးနားဝန်းကျင်ရှိ လူများလည်း ဝေ့မိသားစု၏ ဒုတိယ သခင်လေးနှင့် အလိုတူ အလိုပါ ရယ်မောနေကြလျက် ရှိသည်။ ဒီ သခင်လေးက လူကို ဘယ်လိုအရှက်ခွဲရမှန်း သိပ်သိတာပဲ…
ခုနကပဲ သူ မောင်းထုတ်လိုက်တဲ့ ကော်ကျင့်က အခု သူ့ကို အပြင်လိုက်ပို့ပေးဖို့ ဟန်ပြင်နေပြီ… သည့်ထက် ပိုပြီး အစော်ကားခံရတာ ဘာရှိဦးမလဲ…
“ အစ်ကိုရီ… ကျွန်မ တောင်းပန်ပါတယ်… ဒီလိုတွေ ဖြစ်လာမယ်လို့ ထင်မထားခဲ့မိဘူး..”
ရှောင်ပင်း၏ ရင်ထဲ ဒေါသအပြည့်နှင့် ဖြစ်နေသည်။ သို့သော် မည်သည့် နေရာ၌ သွန်ချရမလဲ မသိ ဖြစ်နေခဲ့၏။
သူမ၏ ယုန်ကြီးများက ရင်ဘက်ထဲမှ ခုန်ပေါက်ထွက်လာတော့မည်ဟူ၍ပင် ခံစားနေရသည်။
“ အဆင်ပြေပါတယ်..” လင်းရီ ပြောလိုက်ပြီး “ ဒီလိုတွေ ဖြစ်လာပြီ ဆိုမှတော့ မင်း ဘာမှ မလုပ်တော့ဘူးလား…”
ရှောင်ပင်း တစ်စုံတစ်ရာကို ပြောလိုက်ချင်သည်။ သို့သော် တစ်ပြိုင်နက် တုံ့ဆိုင်းနေမိ၏။ ဒါပေါ့။ သူမ တစ်ခုခု ပြန်လုပ်ချင်တာပေါ့။ ဒါပေမယ့် သူမ တတ်နိုင်တာကမှ မရှိပဲလေ။
ယွီဟန်မြို့ရှိ ဝေ့မိသားစု၏ ခွန်အားက သူမမိသားစုနှင့် မတိမ်းမယိမ်း ရှိနေသည်။
“ ညီကို… မင်းပုံစံ ကြည့်ရတာ သူ့ဘက်က ရပ်တည်ပေးချင်နေပုံပဲ …” ဝေ့ကျားဟန် အပြုံးလေးဖြင့် ပြောလိုက်၏။
“ တကယ်လို့ မင်း အဲ့လို လုပ်ချင်တယ်ဆို ငါ့နောက် လိုက်ခဲ့လို့ ရတယ်နော်… ငါမင်းကို အဲ့ဒီ အခွင့်အရေး ပေးလိုက်မယ်…”
“ အဲ့လောက်ထိ အလုပ်ရှုပ် ဒုက္ခများနေစရာ မလိုပါဘူး..”
လင်းရီ သူ့ဖုန်းထုတ်၍ လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်သည်။
“ ယွီဟန်မှာ SOS ဆိုတဲ့ ဘားတစ်ခုရှိတယ်… လူလွှတ်ပြီး ချိတ်ပိတ်ခိုင်းလိုက်….”