← Chapters

သေတွင်းတူးကြသူများ

Vol. 89 Ch. 1335

သေတွင်းတူးကြသူများ

Vol. 89 Ch. 1335

“ မင်း ဘာပြောလိုက်တယ်… မင့်သား အငယ်ကောင်က လင်းရီနဲ့ အချင်းများခဲ့တယ် ဟုတ်လား…”

“ မင်းလည်း သူ့ကို သိတာလား…”

ဝေ့ကွမ်းရှန် အံ့တော့ မအံ့ဩသွားခဲ့ချေ။ လင်းရီ၏ လက်ရှိ လွှမ်းမိုးမှုဖြင့် လျိုဟုန် သိသည်က ထူးဆန်းသည်လို့ မဆိုသာလေ။

“ ဒါ မနေ့ညက ဖြစ်သွားခဲ့တာပဲ… သူတို့ ဘားမှာ စကားများကြပြီး နောက်ဆုံးကျ တစ်ယောက်ယောက်ကို ပြောပြီး ငါ့သားငယ်ကို အချုပ်ထဲ ပို့လိုက်တယ်… ငါ သားကြီးကို လွှတ်ပြီး ဖြောင်းဖျခိုင်းတော့လည်း အလုပ်မဖြစ်လို့ကွာ.. ဒါကြောင့်မို့ မင်းဆီ ဖုန်းဆက်လိုက်ရတာ…”

ဖုန်းတစ်ဖက်ခြမ်းရှိ လျိုဟုန်မှာမူ အနည်းငယ် ဆွံ့အနေလျက် ရှိသည်။

‘ မင်းတို့ကောင်တွေကလည်း လွန်ကို လွန်တယ်… အားရှိ ဒီလင်းရီလောက် သွားခနဲ့နေကြတာပဲ…’

‘ ငါ့စကားက သူ့အပေါ်မှာ အရာမရောက်ဘူးကွ…’

“ ရဲဘော်ဟောင်းကြီး… ငါ မင်းကို အားလုံး ကူညီပေးနိုင်တယ်.. ဒါပေမယ့် ဒါတော့ မရဘူး… ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့ကွာ…”

“ ငါ့သားကို လူရွေးပွဲ မလွှတ်လိုက်လို့ မင်း အငြိုးထားနေတာမလား အဘိုးကြီး… “

“ သောက်ရေးမပါတာ… အဲ့လို မဟုတ်ဘူး…” လျိုဟုန် ပြောလိုက်ပြီး “ ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်မယ်… လင်းရီက ဒီတိုင်း လင်းယွင် အုပ်စု ဥက္ကဌတင် မကဘူး… ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်… ငါက ဘယ်လိုလုပ်ပြီး ကူညီပေးလို့ရမှာ… သူ့ကို သွားတားလို့တောင် မရဘူး…”

“ မင်း ဘာပြောတယ်… သူက အသင်း ၁ ရဲ့ ခေါင်းဆောင် ဟုတ်လား…”

သားအဖနှစ်ယောက်လုံး တစ်ချိန်တည်းတွင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကြ၏။

မည်သူကမျှ လင်းရီတွင် ထိုသို့သော အထောက်အထား တစ်ခု ရှိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။

“ ဟမ့်… ငါက ဘာလို့ လိမ်ရမှာလဲ… ငါမင်းကို တကယ်ကြီး မကူညီနိုင်တာ…”

ဝေ့ကွမ်းရှန် ရှော့ခ်ရနေလျက်သားဖြင့် “ သူကလည်း ကျုံးဝေ့တပ်ဖွဲ့က ဆိုမှတော့ ဒီကိစ္စ ပိုတောင် လွယ်သွားပြီ… ကျုံးဝေ့တပ်ဖွဲ့ရဲ့စည်းမျဉ်း အတိုင်းပဲ သွားမယ်… အဆင်ပြေတယ်မလား…”

“ မင်းက ဒီကိစ္စ သီးသန့်ဖြေရှင်းချင်နေတာလား…”

“ အဲ့တာ ငါ အစတုန်းက စဉ်းစားထားတာပဲ.. ဒါပေမယ့် သိပ်မကြာခင် အရေးကြီးတဲ့ စီးပွားရေး ပရောဂျက် တစ်ခု ပြိုင်ဆိုင်ဖို့ ရှိတယ်ဆိုတော့ မလိုအပ်တဲ့ မကောင်းသတင်းတွေ မထွက်ချင်ဘူးကွာ… ဒါကြောင့်မို့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်… ခု သူက ကျုံးဝေ့တပ်ဖွဲ့ကမှန်း သိလိုက်ရပြီဆိုတော့ ဖြေရှင်းဖို့ ပိုတောင် လွယ်သွားပြီလို့ ထင်တယ်…”

ကျုံးဝေ့တပ်ဖွဲ့သည်ကား ထူးခြားသည့် စည်းမျဉ်းစည်းကမ်းတို့ဖြင့် အထူးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းက လက်ရည်ဖလှယ်ခြင်း ဖြစ်၏။

ရိုးရှင်းစွာ ဆိုရလျှင်တော့ တစ်ယောက်ချင်း တစ်ယောက် ယှဉ်ပြိုင် သတ်ပုတ်ခြင်းပင်။

ယခုလို ဖြေရှင်းနည်းလမ်း၏ အားသာချက်က မကောင်းသည့် အကျိုးဆက်များ ရှိမလာဘဲ ရှုံးနိမ့်သူ ဘက်က အတွန့်မတက်ပဲ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံရလေသည်။

ဤသို့ဖြင့် သူ မည်သည်ကိုမျှ စိတ်ပူစရာ မလိုအပ်တော့ချေ။

“ အားလုံးက တစ်ဖက်တည်းသားချင်းတွေကို ဒီလိုတွေ လုပ်ဖို့ မလိုပါဘူးကွာ… ငါ လင်းရီရဲ့အဆင့်ကို ကောင်းကောင်းကြီး သိတယ်.. လက်ရှိအချိန်ထိတော့ သူနဲ့ တိုက်ခိုက်ပြီး အဆုံးသတ်လှသွားတဲ့လူ ငါ မမြင်ဖူးသေးဘူး…”

“ ရတယ်… ရလဒ်က ဘယ်လိုပဲ ဖြစ်လာလာ ငါတို့ လက်ခံနိုင်တယ်…” ဝေ့ကွမ်းရှန် ရယ်မောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းလိုက်တာပေါ့..”

“ ကောင်းပြီလေ… မင်း ဘာမင်း ဆုံးဖြတ်… ငါတော့ ဒီကိစ္စထဲ ဝင်မပါနိုင်ဘူး… ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး…”

“ ဟားဟား….”

ဝေ့ကွမ်းရှန် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး “ ငါကလည်း မင်း အဲ့လို ပြောလာမှာကို စောင့်နေတာပါကွ….”

“ အဲ့တာဆို ဒါပဲ … မင်း ရန်ကျင်းလာတော့မယ်ဆို ဖုန်းပြန်ဆက်လိုက်…”

“ ကောင်းပြီ ကောင်းပြီ… ဒါပဲ….ဒါပဲ “

ဝေ့ကွမ်းရှန် ဖုန်းချပြီးနောက် သားဖြစ်သူကို ကြည့်လိုက်သည်။

“ အဖေ အခု ပြောသွားတာတွေ မင်းကြားလိုက်တယ်မလား.. လင်းရီက ကျုံးဝေ့တပ်ဖွဲ့ကတဲ့.. ပြီးတော့ အသင်း ၁ ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်…”

“ သူ ကျွန်တော့်ကို စပရိုက် အကြီးကြီးပေးလိုက်တာပဲ..” ဝေ့ကျားလုံ ပြောလိုက်ပြီး “ သူ့မှာ ကုမ္ပဏီ အကြီးကြီး ရှိနေရုံတင် မကသေးဘူး သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင်တောင် ဖြစ်နေလိုက်သေးတယ်ပေါ့.. အမုန်းတရားကိုသာ ဘေးချိတ်ထားလိုက်ရင် ဒီကောင့်ကို ကျွန်တော် မလေးစားဘဲ မနေနိုင်ဘူး…”

ဝေ့ကွမ်းရှန် မည်သို့မျှ မှတ်ချက် မပြုဘဲ ခေါင်းညိမ့်လိုက်၏။

“ ကျုံးဝေ့ တပ်ဖွဲ့လို နေရာမျိုးက အမှိုက်တွေကို မပျိုးထောင်ဘူး… သူ့လို လူတစ်ယောက်က အသင်း ခေါင်းဆောင် ရာထူး ရလာတယ်ဆိုတော့ ကျိန်းသေပေါက် ထူးခြားလို့ဖြစ်မယ်…”

“ ဒါပေမယ့် ကျွန်တော် တစ်ခု နားမလည်နိုင်တာက ကျုံးဝေ့တပ်ဖွဲ့ထဲမှာတောင် အသက်အငယ်ဆုံး အသင်း ခေါင်းဆောင်က အသက် ၃၀ ကျော်တယ်မဟုတ်ဘူးလား… သူက ဘာလို့ ဒီလောက် ငယ်ငယ်လေးနဲ့ ရာထူး တိုးခံလိုက်ရတာလဲတဲ့..”

" တလောတုန်းက ကျုံးဝေ့တပ်ဖွဲ့ တော်တော်လေး အထိနာသွားခဲ့သေးတယ် ကြားမိသေးတယ်… အဲ့ခြွင်းချက်နဲ့ ရာထူးတိုးလာခဲ့တာ နေမှာပေါ့…”

“ အသင်း ၁ ၊ ၂ နဲ့ ၃ က သာမန် တိုက်ခိုက်ရေး ယူနစ်တွေ… အသင်း‌ခေါင်းဆောင်ရဲ့ အဆင့်က ကျွန်တော့်လောက်တောင် မြင့်မှာ မဟုတ်ဘူး.. ခြွင်းချက်နဲ့ ရာထူးတိုးလာတာကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် သူ့လိုကောင်က ကျွန်တော့်ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…”

“ အဲ့တာ မကောင်းဘူးလား…” ဝေ့ကွမ်းရှန် စီးကရက် မီးညှိလိုက်ပြီး “ လူတစ်ချို့ခေါ်သွားပြီး ပြဿနာကို ကျုံးဝေ့တပ်ဖွဲ့ စည်းမျဉ်းအတိုင်း ဖြေရှင်းခဲ့…. အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ ငြင်းမှာ မဟုတ်ဘူး…”

“ နားလည်ပြီ…”

“ ဒါနဲ့ အဖေတို့ နေ့လည်ခင်းကျရင် အတွင်းရေးမှူးလျန်နဲ့ တွေ့ဖို့ ရှိသေးတယ်…. မင်းကိုယ်မင်း ပြင်ဆင်ထား… အဓိက ကိစ္စကို ဆွေးနွေးရမယ့် သူက မင်းပဲ… ဘာပဲပြောပြော ဒီကုမ္ပဏီကလည်း မင်းတို့နှစ်ယောက် လက်ထဲပဲ လွှဲသွားခဲ့ရမှာပဲလေ…”

“ နားလည်ပါပြီ အဖေ…”

ဝေ့ကျားလုံ ခေါင်းညိမ့်ပြီးနောက် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့၏။ ထို့နောက် ကိစ္စများအား ကိုင်တွယ်ရန် ပြင်ဆင်လေသည်။

“ အစ်ကိုလုံ… ဦးလေးက ဘာပြောလဲ… ငါတို့ ဘာဆက်ကြမှာလဲတဲ့…”

ဝေ့ကျားလုံ ထွက်လာသည်ကို မြင်တော့ ဝေ့ကျယ် အနားသို့ ရောက်ပြီး သူ့အား မေးသည်။

ဝေ့ကျားလုံ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားခဲ့ပြီး အထင်သေးသည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ကာ “ သိမ်မွေ့တဲ့ နည်းနဲ့ ချဉ်းကပ်လို့ မရမှတော့ ဒါပေါ့ မာထန်တဲ့ နည်းပဲ သုံးရတော့မှာပေါ့…”

ဝေ့ကျယ်၏ မျက်နှာ ဝင်းလက်သွားခဲ့သည်။ “ ဒါပဲလေ… သေစမ်း.. အဲ့ခွေးကောင်ကို လူများများ ခေါ်သွားပြီး ရိုက်နှက်ရမယ်… ငါ ကြည့်လို့ကို မရတာ..”

“ မလောသေးနဲ့ဦး.. ငါ တခြား လုပ်စရာတွေ ရှိသေးတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင် ငါတို့ လက်ထဲကနေ မလွတ်နိုင်တော့ဘူး… သူ့ကို ဘယ်အချိန် ကိုင်တွယ်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တော့တယ်…”

“ ဟားဟားဟား… အစ်ကိုလုံရဲ့ ပြိုင်ဘက်ကင်း ခွန်အားနဲ့သာဆိုရင် သူ့လိုကောင်ကို ကိုင်တွယ်ရမှာက ကိတ်မုန့်လှီးစားသလောက်ပါပဲ…” ဝေ့ကျယ် ပြောလိုက်ပြီး “ ဒါပေမယ့် သူ့လိုကောင်ကို အစ်ကိုလုံ ကိုယ်တိုင် ဖြေရှင်းမှာကျ ငှက်ကြီးတောင်ဓားနဲ့ ကြက်သတ်နေသလိုပဲ… ငါ တခြား တစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်လေ…”

“ မလိုဘူး… တိုက်တိုက်ဆိုင်ဆိုင် ငါ သူနဲ့ တခြား ပြောစရာကိစ္စတွေ ရှိသေးတယ်… ဒါကြောင့်မို့ ဘယ်လိုပဲ ဖြစ်ဖြစ် သွားရမှာက သွားရမှာပဲ…”

ကျုံးဝေ့တပ်ဖွဲ့သည်က လျှို့ဝှက် အဖွဲ့အစည်း တစ်ခု ဖြစ်သောကြောင့် ဝေ့ကျားလုံ ၎င်းနှင့် ပတ်သက်သည့် ကိစ္စကို သိပ်မဖော်ပြချေ။

လက်မှတ်မထိုးထားသော်လည်း သူတို့ဘက်က အပြင်လူများထံ ကျုံးဝေ့တပ်ဖွဲ့အကြောင်း လက်လွတ်စပယ် ဖောက်သည်ချ၍ မဖြစ်ပေ။

ထို့ကြောင့် ဝေ့ကျားလုံ စကားလုံးများကို ထိန်းနေသည်။

“ နားလည်ပြီ အစ်ကိုလုံ..” ဝေ့ကျယ် တွန့်ဆုတ်စွာ ပြန်ဖြေလိုက်သည်။

“ ကောင်းပြီ.. မင်းတို့ သွားကြတော့… ငါ ဟိုရောက်ရင် မင်းတို့ကို လှမ်းဆက်လိုက်မယ်…”

“ အိုကေ….”

ဝေ့ကျားလုံ ခေါင်းညိမ့်ပြပြီး ထွက်ခွာသွားခဲ့သည်။

“ သောက်လုပ်ကို ရှုပ်ပါတယ်ကွာ… ဒီလိုမှန်းသိရင် ငါ အစောကြီးကတည်းက လူလွှတ်ပြီး ကိစ္စတုံးခိုင်းလိုက်ပါတယ်…” ဝေ့ကျယ် နောင်တရစွာဖြင့် ပြောလိုက်၏။

“ အစ်ကို… ခုလည်း နောက်မကျသေးပါဘူး…” ဝေ့ယွီ ပြောလိုက်ပြီး “ ညီမတို့ ဒီ အခွင့်အရေးကို အသုံးချပြီး တစ်ယောက်ယောက်ကို လှုပ်ရှားခိုင်းလိုက်မယ်.. ပြီးရင် အစ်ကိုလုံဆီ ခေါ်သွားလိုက်မယ်… အဲ့လိုဆိုရင် အားလုံး အဆင်ပြေပြီ… ဦးလေးလည်း စိတ်ပျော်သွားရမယ်…”

“ ဟ… ဟုတ်သားပဲ… ငါ့ညီမလေး တော်တယ်…” ဝေ့ကျယ်၏ မျက်လုံး အရောင် လက်ခနဲ ဖြစ်သွားခဲ့ပြီး “ ငါ အခုပဲ စီစဉ်လိုက်တော့မယ်….”

ဝေ့ကျယ် ဖုန်းထုတ်လိုက်ပြီး မျက်လုံးက ဆက်တိုက် ရွေ့လျားနေကာ “ ဒါပေမယ့် အစ်ကိုလုံ ပြောသွားတာ အဲ့ကောင်က တော်တော် အရည်အချင်းတယ်ဆိုပဲ… ဒီတော့ ငါတို့ ပေါ့သေးသေး တွက်လို့တော့ မရဘူး.. စိတ်ချလို့ရမယ့် တစ်စုံတစ်ယောက်ကို ရှာရမယ်…”

ဝေ့ယွီလည်း အတွေးနက်သွားခဲ့ပြီး သင့်တော်မည့် လူအား စဉ်းစားခန်းဝင်နေသည်။

ဤကိစ္စက အင်မတန် အရေးကြီးသဖြင့် အမှားအယွင်း ရှိ၍ မရချေ။

“ ညီမလေးမှတ်မိပြီ.. ယွီဟန်ရဲ့ ဘော့စ် အစ်ကိုဝက်ဝံက နိုင်ငံခြားက ပြန်လာခဲ့ပြီမလား… သူ့လက်အောက်မှာ ငယ်သားတွေလည်း အများကြီး ရှိတယ်… သူ့ကို လုပ်ခိုင်းလို့ အသင့်တော်ဆုံးပဲ…”

ဝေ့ကျယ် မျက်လုံးအရောင် လက်သွားခဲ့သည်။ “ ဟုတ်တယ်… သူ့မှာ လူသတ်မှုနဲ့ စွဲချက် တင်ခံထားရတဲ့ အမှုကလည်း ငါးမှုလောက်နဲ့… သူ့ထက် ပိုသင့်လျော်တဲ့လူ ရှိမှာ မဟုတ်တော့ဘူး…”

ထိုအကြောင်း တွေးမိတော့ ဝေ့ကျယ် ဖုန်းကို အပေါ်အောက် ပွတ်ဆွဲပြီး တစ်ဖက်သူထံ ဆက်သွယ်လိုက်တော့သည်။

“ ညီကိုဝက်ဝံ.. မင်း အခုယွီဟန်မှာလား.. ငါ မင်းကို အကူအညီ တောင်းစရာလေးရှိလို့…”

“ ငါ လူတစ်ယောက်ကို သင်ခန်းစာ ပေးချင်တယ်ကွာ… မင်း လူတစ်ချို့ လွှတ်ပေးလိုက်လို့ရလား.. မင်းရဲ့ လူသစ်ကို လိုချင်တာနော်.. ခပ်ကြမ်းကြမ်းကလေး …”

“ ဘာကွ.. မင်းမှာ ပိုကြမ်းတဲ့ တစ်ယောက်တောင် ရှိသေးတယ် ဟုတ်လား…”

“ နှစ်ယောက်လုံး လွှတ်ပေးလိုက်မယ်ပေါ့…”

“ ဒါ သိပ်ကောင်းတာပဲပေါ့….”

စာစဉ် (၈၉) ပြီး၏။

All Chapters