အပိုင်း (၅၉၁-၆၀၀)
Vol. 6 Ch. 591-600
အပိုင်း (၅၉၁)
“ကောင်းကင်ကို ဖွင့်။ မြေပြင်ကို နှစ်ခြမ်းခွဲ။”
ဘာသာပြန်သူ - Enri Thaw
….
ဖန်ကျန်းရှီ ဝမ်းနည်းသွားခဲ့တယ်။ သူ မသေပင်မယ့် တခြားသူတွေကို သူ အသက်ရှင်နေတာ မသိစေချင် ဘူးလေ။ အထူးသဖြင့် အရှင်ရှဲ့လော့ အသက်ရှင် နေသေးတဲ့ အချိန်မှာပေါ့။ တကယ်တော့ ရန်ရွှယ် သူ့ဆီ ပြေးလာတည်းက ရန်ရွှယ့်ရဲ့ စိတ်ကို နားလည်ပြီးသား။ ဒါပေမယ့် သူ့အတွက်နဲ့ ရန်ရွှယ်ကို စတေးတာမျိုး မဖြစ်စေချင်ဘူး။ ဒီအချိန်မှာ ရန်ရွှယ်ကို တားဖို့လည်း မဖြစ်နိုင်ဘူး။
တစ်ခုတည်းသော ဖြေရှင်းချက်က ရန်ရွှယ်နဲ့ အတူ တိုက်ခိုက်ဖို့ပဲ။ ဒီလိုနည်းနဲ့ နှစ်ယောက်လုံး ဒဏ်ရာပြင်းပြင်း ထန်ထန် ရရင်တောင် သေတာထက်တော့ ကောင်းပါသေးတယ်။ ရလဒ်က ရှင်းတယ်။ သူတို့ နှစ်ယောက်လုံး အသက်ရှင်တယ်။ အဲ့ဒီ့နောက် နောက်တစ်ဆင့်က သေချင်ယောင် ဆောင်ဖို့ပဲလေ။ ဟုတ်တယ်မလား။
ဒါက ဖန်ကျန်းရှီရဲ့ အတွေး။ ဒါပေမယ့် ရန်ရွှယ်က သူ့အဖိုး ရန်ချန်လိ မြေပြင်ပေါ် ပြုတ်ကျတဲ့ အချိန်မှာ ထ လှုပ်ရှားတယ်။ ဒါ့ထက် ဆိုးတာ ရှိသေးတယ်။ ရှန်းယွီ ဘာကြောင့်များ ထရပ်တာလဲ။ ဖန်ကျန်းရှီ တကယ့်ကို ပြောစရာ စကားမရှိ ဖြစ်နေတယ်။ သူ့ရဲ့ သေချင်ယောင် ဆောင်တဲ့ အစီအစဉ်ကြီးကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ အရှင်ရှဲ့လော့ လာနေတာကို သူခံစားမိတယ်။ ဒါကြောင့် ရှန်းယွီ လက်မောင်းထဲမှာ ဆက်နေနေလို့ မဖြစ်တော့ဘူးလေ။
နောက်ထပ် တွေဝေမနေတော့ဘူး။ ဖန်ကျန်းရှီ မျက်လုံးဖွင့်တယ်။ သူ့ မျက်စိရှေ့မှာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတဲ့ ရင်သား တစ်စုံရှိနေတယ်။ နူးညံ့ အိထွေးပြီးတော့ နွေးနေတာပဲ။ ကောင်းပြီလေ။ ဒါက အရေးမကြီးဘူး။ အခုချိန်မှာ သူ အေးအေးဆေးဆေး နေလို့ မရတော့ဘူး။ ရှန်းယွီကို ချက်ခြင်း ဆွဲလဲှလိုက်တယ်။
“ဘန်း။”
မိုးကြိုးပြစ်သလို အသံကျယ်ကြီး ထွက်လာခဲ့တယ်။ အက်ကွဲနေတဲ့ မြို့နံရံတွေက အရှင်ရှဲ့လော့ရဲ့ အလေးချိန်ကို မခံနိုင်ဘူး။ တချိန်တည်းမှာပဲ မြေပြင်ပေါ်ကို ပြိုကျ သွားခဲ့တယ်။ ရှန်းယွီကို ဖက်ထားတဲ့ ဖန်ကျန်းရှီလည်း ဆက်တိုက် လိမ့်သွားခဲ့တယ်။ ဒါပေမယ့် ကျောက်တုံးကြီးတွေက သူ့ ကျောပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ဆက်တိုက် ကျလာခဲ့တယ်။ မျက်တောင် တစ်ခတ်အတွင်း ရှန်းယွီနဲ့ ဖန်ကျန်းရှီ ကျောက်တုံးတွေ အောက်မှာ နစ်မြုပ်သွားခဲ့တယ်။
“အဟွတ် ဟွတ်။ မင်းက ငါ့ကို သတ်နေတာပဲ။” ဖန်ကျန်းရှီ ပါးစပ် အပြည့် ဖုန်တွေကို ထွေးထုတ်ရင်းနဲ့ ပြောနေတယ်။ သူ့ ကျောပေါ်က နာကျင်မှုကို အာရုံစိုက်ဖို့ အချိန်တောင် မရှိဘူး။ အရှင်ရှဲ့လော့က သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်တော့မှာ သိတယ်လေ။ သူ့ လက်တစ်ဖက် က ရှန်းယွီရဲ့ သေးကျင်တဲ့ ခါးလေးကို ဖက်ထားတယ်။ နောက်လက် တစ်ဖက်ကတော့ မြေပြင်ကို ထောက်ထားရင်း တွန်းကန်နေခဲ့တယ်။
“ဒါဆိုရင် နင် မသေသေးဘူးပေါ့။” ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ရှန်းယွီ မေးတယ်။ သူမ ကိုယ်ပေါ်က အုတ်ကျိုးတွေကို ဖယ်ရှားနေရင်း မျက်နှာကတော့ ပျော်ရွှင်မှုကြောင့် လင်းထိန်နေခဲ့တယ်။
“ဝုန်း။”
ခွာကြီး တစ်ဖက်က ရှန်းယွီနဲ့ ဖန်ကျန်းရှီ အရင်ရပ်နေခဲ့တဲ့ နေရာကို ကျလာခဲ့တယ်။ အုတ်ခဲတွေ အားလုံး အမှုန့် ဖြစ်သွားခဲ့ပြီ။ ဖန်ကျန်းရှီက ဒီ ခွာကြီးနဲ့ မနီးမဝေးမှာ ရှိနေတာ။ ဒုတိယ တစ်ခေါက် ဒဏ်ရာ ထပ်ရတဲ့အတွက် ရှန်းယွီရဲ့ မျက်နှာကပိုပြီးတော့ ဖြူဖျော့ သွားခဲ့ပြီ။
“နေစမ်းပါအုန်း။ ငါ့မှာ နောက်ဆုံး စကားပြောစရာ ကျန်သေးတယ်။” ဖန်ကျန်းရှီက ရှန်းယွီကို အတင်း မြေပြင်ပေါ် ပြန်ဖိချတယ်။ သူ့ကို ခွာနဲ့ ပေါက်ဖို့ ပြင်နေတဲ့ အရှင်ရှဲ့လော့ကို လှမ်းအော်တယ်။
“အင်း။ မင်းနောက်ဆုံး ဘာပြောစရာ စကားရှိသေးလဲ။” အရှင်ရှဲ့လော့ ခွာတွေကို လေထဲမှာ မြှောက်ထားရင်း ရှန်းယွီနဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
“ကျွန်တော် ပြောချင်တာ၊ ခင်ဗျားက ငတုံးကောင်ကြီး။” အရှင်ရှဲ့လော့ တိုက်ခိုက်တာကို ရပ်နေတဲ့ အချိန် ဖန်ကျန်းရှီက လက်မြှောက်ရင်း လက်ခလယ် ထောင်ပြလိုက်တယ်။ အဲ့ဒီ့နောက် ရှန်းယွီရဲ့ တင်ပါးကို ကန်ထုတ်လိုက်တယ်။
တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ ရှန်းယွီ ချက်ခြင်း ပျံထွက်သွားတယ်။ ခဏအကြာမှာ မြေပြင်ပေါ်ကို ဇောက်ထိုး ပြုတ်ကျတော့တယ်။ တောင်ဖြို တပ်ဖွဲ့ ၊ မြောက်ပိုင်းတပ်တွေနဲ့ ရန်တိမ်တပ်ဖွဲ့တွေ ချက်ခြင်း မျက်လုံး ပြူးသွားကြတယ်။
“ဒီ ကောင်စုတ်က နတ်ဆိုးဘုရင်ကို ငတုံးကြီးလို့ ခေါ်ဝံ့တယ်ပေါ့။”
“ဟုတ်နေတာပဲ။”
“ဒါပေမယ့် တောင်ပိုင်းဧကရီကို ဘာဖြစ်လို့ ကန်ထုတ်လိုက်တာလဲ။”
လူတိုင်းက ဖန်ကျန်းရှီကို တအံ့တသြနဲ့ ကြည့်နေတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက ပတ်ဝန်းကျင် တပ်တွေကို ကြည့်နေတယ်။ အတင့်ရဲလိုက်တာ။ အရှင်ရှဲ့လော့ သူ့ကို သတ်တော့မယ့် အချိန်မှာ ဘယ်လိုများ ကျိန်ဆဲ ဝံ့တာလဲ။
အကယ်၍ အချိန်သာ ပိုပိုလျှံလျှံ ရှိနေရင်။ အရှင်ရှဲ့လော့ရဲ့ ဘိုးဘေးတွေကိုပါ ကျိန်ဆဲပြစ်အုန်းမှာ။ ဒါပေမယ့် အခုတော့ နောက်ထပ် လွတ်လမ်း ရှာဖို့က မဖြစ်နိုင်တော့ဘူး။ ရှန်းယွီကို သူနဲ့ ခပ်ဝေးဝေးသာ ပို့နိုင်လိုက်တယ်။ အရှင်ရှဲ့လော့ ဖန်ကျန်းရှီနဲ့ မြေပြင်ပေါ်မှာ မျက်နှာအပ်နေတဲ့ ရှန်းယွီကို ကြည့်နေတယ်။ တစ်ခဏတာ အချိန်အတွင်းမှာ သူ့ရဲ့ မျက်လုံးစိမ်းတွေက တောက်ပလာခဲ့တယ်။
“ဝေါင်း။” ဒေါသတကြီးနဲ့ အော်သံက ရန်မြို့တော်မှာ ထွက်ပေါ်လာတယ်။
ဖန်ကျန်းရှီကို နင်းချေပြစ်ဖို့ ပြင်နေချိန်မှာ သွေးနီရောင် အလင်းတန်းနဲ့လူက နောက်ကနေ ပျံတက်လာတယ်။ အရှင်ရှဲ့လော့ကို သူ့ရဲ့ ငရဲ အလင်းတန်းတွေနဲ့ ချိန်ရွယ်ထားခဲ့တယ်။
“နတ်ဆိုးဘုရင်လေး။ ငါကပဲ မင်းရဲ့ ပြိုင်ဘက် ဖြစ်သင့်တယ်။” ရန်ချန်လိရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေတယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ကို သတ်ဖြတ်လိုစိတ် အပြည့်နဲ့ သူကြည့်နေဆဲ။
“အဖိုး နာနေလား။” ရန်ရွှယ်က သူ့အဖိုးကို စိုးရိမ်တကြီးနဲ့ လှမ်းမေးတယ်။ သူ့ခန္ဒာကိုယ်လည်း အခုချိန်မှာ သွေးနီရောင် အလင်းတန်းတွေ တောက်ပနေခဲ့ပြီ။
“စိတ်အေးအေးထား။ ငါ့မြေး။ မင်းဒဏ်ရာတွေက ငါ့ထက် ဆိုးတယ်။” ရန်ချန်လိက ဖန်ကျန်းရှီကို လှမ်းအော်တယ်။ “ကောင်စုတ်လေး။ သေချင်ယောင် ဆောင်ဖို့ ကြံမနေနဲ့တော့။ မင်းထရပ်ဖို့ လိုနေပြီ။”
“ကျွန်တော် ထရပ်ချင်တယ်လို့ ခင်ဗျားထ ထင်နေတာလား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက်နဲ့ ပြန်အော်တယ်။
“ရန်ရွှယ်။ ပင်းယန် မင်းသမီးနဲ့ တောင်ပိုင်း ဧကရီကို ကာကွယ်။” ဖန်ကျန်းရှီကို စကားပြောပြီးတဲ့နောက် သူလှမ်းအော်တယ်။
“ကောင်းပါပြီ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ သူက ရန်ချန်လိအတွက် စိုးရိမ်နေတယ်။ ဒီနှစ်တွေမှာ ရန်ချန်လိရဲ့ အမိန့်က ဘယ်လောက်တောင် ပြတ်သားမှန်း သူကောင်းကောင်း သိတယ်လေ။ အရှင်ရှဲ့လော့ရဲ့ မျက်လုံးတွေက ရန်ချန်လိ နောက်က ဖန်ကျန်းရှီကိုသာ စိုက်ကြည့်နေခဲ့တယ်။ သူ့ နှာခေါင်းကနေ လေပူတွေ ဆက်တိုက် မှုတ်ထုတ်နေခဲ့တယ်။
“ရန်ချန်လိ။ မင်း သုခမိန် အဆင့်ရောက်ဖို့ ခက်ခဲခဲ့မှာပဲ။ အခုချိန်မှ မင်း ဘေးဖယ်ရင် မင်း အသက်ကို ငါ ချမ်းသာပေးမယ်။ ဒီကောင်စုတ်လေးကို ငါ သတ်ပြီးတာနဲ့ တစ်ခါတည်း ထွက်သွားလိုက်မယ်။ ငါ့စကားတွေကို ဘယ်တော့မှ မဖောက်ဖျက်ဘူး။ ဒါပေမယ့် မင်းသာ ဒီလို ဆက်ရှိနေရင်။ ရန်မြို့တော် တစ်ခုလုံးကို ငါ ဖျက်ဆီး ပြစ်မယ်။”
“ဟဟား။ မင်းလို မထင်မရှား နတ်ဆိုးဘုရင်လေးက ငါ့ကို ခြိမ်းခြောက်ဝံ့ တယ်ပေါ့။ မင်းမှာ ဒီလို လုပ်ဖို့ အစွမ်းအစ ရှိလို့လား။” ရန်ချန်လိက လုံး၀ နေရာ မရွေ့ဘူး။ ထုံးစံအတိုင်း မောက်မောက်မာမာ ပြန်ဖြေခဲ့တယ်။
“ရန်ချန်လိ။ မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” အရှင်ရှဲ့လော့ နောက်ထပ် ဘာမှ မပြောတော့ဘူး။ သူ့ ခွာကြီးကို ပေါက်ချလိုက်တယ်။
“ဝုန်း။” နောက်ထပ် မြို့နံရံ ပြိုကျသွားပြန်တယ်။ ဖန်ကျန်းရှီကတော့ ချက်ခြင်း ခုန်ရှောင် လိုက်တယ်။ ရန်ချန်လိကတော့ ထုံးစံ အတိုင်း နောက်နည်းနည်းသာ ဆုတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ချက်ခြင်း တိုက်ခိုက်ပြန်တယ်။ သူ့လက်ထဲမှာ သွေးနီရောင်လှံက ရဲရဲတောက်နေခဲ့တယ်။ ဒါပေမယ့် အရှင် ရှဲ့လော့ကတော့ သူ့အနားကို အကပ်ခံဖို့ စိတ်ကူးရှိပုံ မပေါ်ဘူး။ ခန္ဒာကိုယ် တစ်ခုလုံး လျှပ်စီးတွေ လွှမ်းခြုံ ထားသလို ရွှေရောင် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။
“ဝုန်း”
“ဝုန်း ဝုန်း ဝုန်း”
နားကန်း မတတ် အသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ လေထဲမှာ မီးတောက်တွေ လောင်ကျွမ်းနေတယ်။ ဖုန်မှုန့်တွေ လေထဲကို ပျံ့နှံ့လာတယ်။ ဘယ်သူမှ ဘာဖြစ်နေမှန်း မမြင်နိုင်တော့ဘူး။ သိပ်မကြာခင်မှာပဲ ဖုန်မှုန့်တွေ ကြားထဲကနေ ပုံရိပ်တစ်ခု ပျံထွက်လာတယ်။ နောက်ပုံရိပ် တစ်ခုကတော့ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။
“ရန်ချန်လိ ရှုံးသွားပြီလား။”
“ဟုတ်တယ်။ သူက သုခမိန် တစ်ယောက် ဖြစ်နေပင်မယ့် နတ်ဆိုးဘုရင် ကိုတော့ အနိုင်မယူနိုင်ဘူး။”
“နတ်ဆိုးဘုရင်ရဲ့ ကိုယ်ခန္ဒာက အရမ်းကို သန်မာလွန်းနေတယ်။ လူသားတွေ မယှဉ်နိုင်လောက်အောင် သန်မာလွန်းတယ်။ အထူးသဖြင့် နတ်ဆိုးဘုရင် ဖြစ်နေရင်ပေါ့။ သူ့မှာ နတ်ဆိုးပုလဲ ရှိနေသေး သရွေ့။ မသေမျိုး တစ်ယောက်လို အစွမ်းထက်နေအုန်းမှာပဲ။”
“ မင်း ဘာလုပ်မလဲ။ အရှင်ရှဲ့လော့သာ ရန်မြို့တော် တစ်ခုလုံးကို ဖျက်ဆီး ပြစ်လိုက်ရင် လူတွေအားလုံး သေကုန်မှာပဲ။”
တောင်ဖြိုတပ်ဖွဲ့တွေ ဒီ ခန္ဒာကိုယ်ကြီးကို ကြည့်ရင်း တွေးတောနေကြတယ်။ အကယ်၍ အရှင်ရှဲ့လော့သာ ရန်ချန်လိကို အနိုင်ယူလိုက်ရင် ရန်မြို့တော် တစ်ခုလုံး ပြာကျသွားလိမ့်မယ်။
မြေပြင်ပေါ်က ရန်ချန်လိကို ကြည့်ရင်း မြောက်ပိုင်းတပ်တွေကတော့ မျှော်လင့်တကြီး စောင့်စားနေကြတယ်။ ဆုတ်ခွာနေတဲ့ တပ်တွေ နောက်တကြိမ် ပြန်တက်လာကြ ပြန်တယ်။ ရန်ရွှယ်ကတော့ အရမ်းကို စိုးရိမ်နေခဲ့ပြီ။ ဒါပေမယ့် ရှန်းယွီနဲ့ ပင်းယန်ရှေ့မှာ ရပ်ရင်း သူ ကာကွယ်ထားခဲ့တယ်။ ရန်ချန်လိကတော့ မြေပြင်ပေါ်မှာ တစ်လက်မတောင် မရွေ့ဘူး။
ဖန်ကျန်းရှီကတော့ အခုချိန်မှာ ပိုနီးကပ်လာတယ်။ အံ့သြစရာ ကောင်းတာကတော့ သူ ထွက်မပြေးတာပဲ။ အဲ့ဒီ့အစား အရှင်ရှဲ့လော့ နားမှာ ရပ်ရင်း တိတ်တဆိတ် ကြည့်နေခဲ့တယ်။
“သခင်ကြီးရန် မင်း အဆင်ပြေရဲ့လား။” အရှင်လီချင်းက ရန်ချန်လိ နားကို ရောက်လာတယ်။ ရန်ချန်လိကို လက်တဖက်နဲ့ ထူပေးနေတယ်။
“ဘေးမှာသာ နေစမ်းပါ။ ဒီကောင့်ကို ငါရှင်းနိုင်ပါတယ်။” ရန်ချန်လိက အရှင်လီချင်းရဲ့ လက်ကို တွန်းထုတ်ရင် ပြောတယ်။
“သခင်ကြီးရန် မင်းငါ့ကို ကတိ တစ်ခု ပေးနိုင်မလား။” အရှင်လီချင်း ခပ်တိုးတိုး မေးတယ်။
“ဘာကတိလဲ။”
“ငါ့နန်းတော်ကို စောင့်ရှောက်ပေးပါ။”
“မဖြစ်ဘူး။ မင်းရဲ့ စုတ်ပြတ်နေတဲ့ နန်းတော်ကို ငါ ကြည့်ပေးဖို့ အချိန် မရှိဘူး။ တော်စမ်းပါ။” ရန်ချန်လိ ချက်ခြင်း ငြင်းပယ်တယ်။
“မင်းငါ့ကို ပေးခဲ့တဲ့ ကတိကို မှတ်ထားလိုက်။” အရှင်လီချင်း ရန်ချန်လိ ပြောတာကို မကြားတဲ့ အတိုင်းပဲ။ သူ ချက်ခြင်း ထရပ်ရင်း အရှင် ရှဲ့လော့ကို စိုက်ကြည့်နေတယ်။ “သခင်ကြီးရန်။ မင်း အသက်ဆယ်ခါ ရှူလိုက်။”
“အသက်ဆယ်ခါရှူ။ ဟေး လီချင်း မင်း ဘာမှ လျှောက်မလုပ်နဲ့။” ရန်ချန်လိ အော်ပေမယ့် နောက်ကျသွားခဲ့ပြီ။ အရှင်လီချင်းက ထွက်သွားခဲ့ပြီ။ သူ့ကြည့်ရတာ လုံး၀ ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။ သူ့လက်ထဲမှာ သက်တန့်ရောင် အလင်းတန်းတွေ တောက်ပ်လာတယ်။
“လီချင်းရာ မင်းက ပြောရဆိုရ ခက်လိုက်တာ။ ငါမင်းကို ဘာမှ ကတိမပေးရသေးဘူး။” ရန်ချန်လိရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်စိတ်တွေ ပြည့်နှက်လာခဲ့တယ်။ အရှင်လီချင်းကတော့ ရန်ချန်လိရဲ့ စကားတွေကို လျစ်လျူရှုထားတယ်။ အလင်းလို အရှိန်နှုန်းနဲ့ သူပြေးနေခဲ့တယ်။ သူ့လက်က သက်တန့်ရောင် အလင်းတန်းတွေ ပိုပြီးတော့ တောက်ပလာခဲ့တယ်။
“အာ။” အရှင်လီချင်းကို အရှင်ရှဲ့လော့ လှမ်းကြည့်နေတယ်။ သူ့ကို နီးကပ်လာနေတဲ့ ဒီလူ့ ဆီကနေ အန္တရာယ် အငွေ့အသက်တွေကို ခံစားနေရတယ်။ သုခမိန် အဆင့်တောင် မရောက်သေးတဲ့ လူတစ်ယောက်က နတ်ဆိုး ဘုရင်ကို ကြောက်လန့်စေတယ်လား။ ဒါက တွေးကြည့်ရင်တောင် မယုံနိုင် စရာပဲ။
အရှင်ရှဲ့လော့ နောက်ဆုတ်သွားခဲ့တယ်။ ဒါပေမယ့် နတ်ဆိုး ဘုရင် တစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းရအုန်းမယ်။ လမ်းတဝက်မှာ သူရပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်က ရွှေရောင် အလင်းတန်းက အရင်ကထက် နှစ်ဆ တောက်ပလာခဲ့တယ်။
“ကောင်းကင်ကို ဖွင့်။” အရှင်လီချင်း အော်ဟစ်ရင်း ညာလက်ကို မိုးကောင်းကင်ဆီ ဆန့်ထုတ်လိုက်တယ်။
“ဘရွန်း။”အလင်းတန်းတွေက ကောင်းကင်ကို ထိုးတက်သွားတယ်။ တိမ်တွေ ပျောက်ကွယ်သွားပြီးတော့ အလင်းရောင်စဉ် ၇ခု ကောင်းကင်ကနေ ထိုးကျလာခဲ့တယ်။
“ဒီ နည်းလမ်းနဲ့ ငါ့ကို နောက်တစ်ခါ တိုက်လို့ရမယ် ထင်နေတာလား။” အရှင်ရှဲ့လော့ ဒေါသတကြီးနဲ့ နှာမှုတ်တယ်။ အလင်းတန်းတွေကို သူကြည့်နေခဲ့တယ်။ သူ့ခေါင်းက ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းက နေတစ်စင်းလို တောက်ပနေတယ်။
“မြေပြင်ကိုခွဲ။” အရှင်ရှဲ့လော့က အလင်းတန်းတွေကို အာရုံစိုက်နေတဲ့ အချိန် အရှင်လီချင်း နောက်တစ်ကြိမ် အော်ဟစ်ပြန်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ ခေါင်းက မြေပြင်ထဲကို အရှိန်ပြင်းပြင်းနဲ့ စိုက်ဝင်သွားတယ်
“ဝုန်း။” မြေပြင်တစ်ခုလုံး တုန်ခါလာတယ်။ ရေမျက်နှာပြင်မှာ လှိုင်းထန်သလို အက်ကွဲကြောင်းတွေ ဆက်တိုက် ပေါ်လာခဲ့တယ်။ အရှင်ရှဲ့လော့ ရပ်တန့်သွားတယ်။ သူ့မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားတယ်။ နှစ်ခါ မတွေးတော့ပဲ သူချက်ခြင်း နောက်ဆုတ်တယ်။ နတ်ဆိုးဘုရင်ရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစား မနေတော့ဘူး။ အန္တရာယ် အငွေ့အသက် ပြင်းထန်လွန်းနေတယ်လေ။
ဒါပေမယ့် အချိန်နှောင်းသွားခဲ့ပြီ။ တောက်ပတဲ့ အလင်းတန်းကြီးတွေ ထပ်ပြီးတော့ မြင့်တက်လာတယ်။ ခုနှစ်စင်ကြယ် သဏ္ဍာန် ကြယ်တာရာ အလင်းတန်းတွေ ဖြစ်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်က အလင်းတန်းတွေနဲ့ မြေပြင်က အလင်းတန်းတွေ ပေါင်းစည်းသွားခဲ့တယ်။
“ဝုန်း။”
အလင်းတန်း တစ်ခုက အရှင်ရှဲ့လော့ ကိုယ်ကို ထိုးစိုက်ပြန်တယ်။ သူ့ ခန္ဒာကိုယ်ကို မြေပြင်မှာ ချုပ်နှောင်လိုက်တယ်။ အလင်းတန်းတွေ ဆက်တိုက် ကျဆင်းလာတယ်။ အရှင်ရှဲ့လော့ ကိုယ်က မြေပြင်ပေါ်မှာ မလှုပ်မယှက် ဖြစ်နေခဲ့ပြီ။
“သခင်ကြီးရန်။ ဇွဲမလျှော့ တတ်တဲ့ ငတုံးကောင်ကြီး။ ငလူးပဲ။ မင်း ဘာကို စောင့်နေတာလဲဟ။” မြေကြီးထဲကနေ လူတစ်ယောက် ထွက်ပေါ်လာခဲ့တယ်။ သူ့ ဝတ်ရုံတစ်ခုလုံး သွေးတွေ ချင်းချင်းနီနေခဲ့ပြီ။ မျက်နှာကလည်း ဖြူဖျော့နေခဲ့တယ်။ ဒါ ကအရှင်လီချင်း။ ပုံမှန်အတိုင်းဆိုရင် နူးညံ့ သိမ်မွေ့ပြီး စကားပြော ချိုသာတဲ့ ဒီအရှင် သခင်ကြီးက အခုချိန်မှာတော့ ရန်ချန်လိကို သာမာန် ပြည်သူတစ်ယောက်လို ဒေါသတကြီးနဲ့ အော်နေခဲ့တယ်။
“အဖိုးကြီး လီချင်း။ မင်း အရူးကောင်။” ရန်ချန်လိ လှုပ်ရှားပြီ။
သူ့ရဲ့ ခန္ဒာကိုယ်က သွေးနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ သူ့လက်ထဲမှာ မူလ ရှိနေတဲ့ ကြက်သွေးရောင် လှံရှည်ကြီး နှစ်ခု ကွဲသွားခဲ့တယ်။ ပုံမှန် လှံတွေထက် နှစ်ဆ ရှည်တဲ့ လှံရှည်ကြီး နှစ်ချောင်း ဖြစ်ပေါ်လာတယ်။
အရူးကောင်တဲ့။ ဒါက ရန်ချန်လိကို အပြင်လူတွေ တိုးတိုးတိတ်တိတ် ခေါ်ကြတဲ့ နာမည် တစ်ခု။ အခုတော့ ရန်ချန်လိက အရှင်လီချင်းကို ပြောင်းခေါ်နေပြီ။ ဘာကြောင့်မှန်း မသိကြပေမယ့်။ သူတို့ လုပ်ရပ်တွေ့ တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ။ အခုချိန်မှာ အရှင်လီချင်းရဲ့ လုပ်ရပ်တွေက ရန်ချန်လိထက် ပိုပြီးတော့ ရူးမိုက်နေတာကြောင့် ဖြစ်နိုင်တယ်။
အပိုင်း(၅၉၁)ပြီး၏။
အပိုင်း (၅၉၂)
“ကောင်မလေးကို လွှတ်လိုက်။”
ဘာသာပြန်သူ - Enri Thaw
အရှင်ရှဲ့လော့ မျက်လုံးတွေ ရန်ချန်လိကို ကြည့်ရင်း ပြူးကျယ်နေခဲ့တယ်။ အလင်းတန်း ခုနှစ်ခုကို အားပြင်းပြင်းနဲ့ သူ ရုန်းကန်နေတယ်။ မြေပြင် တစ်ခုလုံး ယိမ်းထိုး လှုပ်ရမ်းနေ ခဲ့ပြီ။ အဲ့ဒီ့နောက် အလင်းတန်းတွေ ဆက်တိုက် တုန်ခါပြီး ပြိုကွဲမတတ် ဖြစ်လာတယ်။ ဒါပေမယ့် ကြက်သွေးရောင် လှံတံ နှစ်ခုကို မြှောက်ထားတဲ့ ရန်ချန်လိက ရောက်လာ အရှင် ရှဲ့လော့ ခေါင်းပေါ်ကို ရောက်နေပြီ။ သူ့ရဲ့ သွေးရောင်ခြည်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တယ်။
“ဒိုင်း။” သွေးနီရောင် အလင်းတန်းတွေက အရှင်ရှဲ့လော့ရဲ့ ဝမ်းဗိုက် အောက်ပိုင်းကို ချက်ခြင်း ထိုးစိုက်သွားတယ်။ အရှင် ရှဲ့လော့ရဲ့ ကိုယ်ကို ထွင်းဖောက် သွားပြီ။ ဒါက ပထမ လှံရဲ့ တိုက်ခိုက်မှုပဲ။ ဒုတိယ လှံက အရှင်ရှဲ့လော့ နှလုံးကို ထိုးစိုက်တယ်။
“ဒိုင်း။” လှံနောက် တစ်ချောင်း နစ်ဝင် သွားခဲ့ ပြန်ပြီ။
“ဝေါင်း။” အရှင်ရှဲ့လော့ရဲ့ အူသံကြီး ထွက်လာခဲ့တယ်။ နာကျင်မှုက ပြင်းထန် လွန်းလို့ သူ့ မျက်လုံးစိမ်းစိမ်းတွေ မှာ မျက်ရည်တွေ ရစ်ဝဲ လာတယ်။
မြေငလျင်က အရမ်း ပြင်းထန်တဲ့ အရှိန်နဲ့ လှုပ်ရှားနေတယ်။ အလင်းတန်း ခုနှစ်ခုမှာ အက်ကွဲရာတွေ အများကြီး ပေါ်လာနေပြီ။ လူတိုင်းက ရုန်းကန်နေတဲ့ အရှင် ရှဲ့လော့ကို အာရုံစိုက် နေခဲ့တယ်။ သူ့ရဲ့ နှလုံးနဲ့ ဗိုက် အောက်ပိုင်းကို ထိုးဖောက်ထားတဲ့ ကြက်သွေးရောင် လှံ နှစ်ချောင်းက အလင်းတန်းတွေ စီးဆင်း တောက်ပနေခဲ့တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ ဒီအလင်းတန်းတွေက အရှင်ရှဲ့လော့ရဲ့ ကိုယ်ခန္ဒာ အနှံ့ တောက်ပလာခဲ့တယ်။ ထိတ်လန့် ခြောက်ခြားစရာ မြင်ကွင်း တစ်ခုပဲ။
တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ်တပ်ဖွဲ့တွေ ရုန်းကန်နေတဲ့ အရှင် ရှဲ့လော့ကို စိုက်ကြည့် နေခဲ့ကြတယ်။ သူတို့ အမူအယာတွေက တည်ကြည် တင်းမာနေခဲ့တယ်။ အရှင်ရှဲ့လော့ သေရင် သူတို့ ဒီတိုက်ပွဲကို နိုင်လိမ့်မယ်။ မြောက်ပိုင်း တပ်ကတော့ လုံး၀ ဝန်းရံ ခံထားရပြီ။ နောက်ပြီးတော့ ရှေးအင်းလေးကွက် ကိုလည်း ဖန်ကျန်းရှီက ဖျက်ဆီး လိုက်ပြီ။ သူတို့ ဘာဆက်လုပ် နိုင်မှာလဲ။
လူတိုင်း စိုးရိမ်နေကြတဲ့ အချိန်မှာ အလင်းတန်းကြီး ၇ခုက မှိန်ဖျော့ လာခဲ့တယ်။ အရှင်ရှဲ့လော့ရဲ့ ဒဏ်ရာတွေ ကနေ သွေးတွေက မြစ်ရေစီးသလို စီးကျ နေခဲ့တယ်။ သူ့ပုံစံ ကြည့်ရတာ ဆက်ပြီး အသက်ရှင်နိုင်ဖို့ မလွယ်တော့တဲ့ ပုံပဲ။
“သူ သေတော့မှာလား။”
“နှလုံးနဲ့ ဗိုက်ကို ဒီလောက် အထိုးခံ ထားရမှတော့။ သူ အသက် ရှင်နိုင်စရာ အကြောင်းမရှိ တော့ဘူးလေ။”
“ဟုတ်တယ်။ သူ သေသင့် နေပြီ။”
“လီချင်း မင်း အဆင်ပြေရဲ့လား။” မနီးမဝေးမှာ ရှိနေတဲ့ အရှင်လီချင်းကို ရန်ချန်လိ အာရုံစိုက်နေတယ်။ သူ အတော်လေး စိတ်ပူနေ ပုံပဲ။
“ငါ၊ ငါ၊ အသက်ရှူ နေသေးတယ်။” အရှင်လီချင်း ဖြည်းဖြည်းချင်း ပြောတယ်။ သူ့ ခန္ဒာကိုယ် မြေပြင်ပေါ်ကို ပုံကျ သွားခဲ့တယ်။ အရင်က ထက်တောင် အရေးအကြောင်းတွေ ပိုများ လာသလိုပဲ။
“မင်း မသေနိုင် သေးဘူး မလား။” ရန်ချန်လိ သက်ပြင်းချရင်း ပြောတယ်။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်ကတော့ နည်းနည်းလေးတောင် မလှုပ်ရှားဘူး။ သူ့ တစ်ကိုယ်လုံးကို ကြက်သွေးရောင် အလင်းတန်းတွေ လွှမ်းခြုံထားဆဲ။ နတ်ဆိုးဘုရင်က သူ့ ရှေ့မှာ ရှိနေတုန်းလေ။ အသက် မဲ့နေတဲ့ ပုံစံ ရှိနေပင်မယ့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ တိုက်ပွဲ အတွေ့အကြုံတွေ အရ သူ သတိလုံး၀ မလွတ်ဘူး။
“မင်း ငါ့ကို ကတိ ပေးထားတာ မှတ်မိတယ်မလား။” အရှင်လီချင်းက ရန်ချန်လိနဲ့ မတူဘူး။ သူ့ ခန္ဒာက အရမ်းကို အားနည်းနေတယ်။ အားအင် တစ်စက်လေးတောင် မရှိတော့တဲ့ အတိုင်းပဲ။ ခုှနှစ်ရောင်ခြယ် အလင်းတန်းတွေ လည်း သူ့ ကိုယ်က ပျောက်ကွယ် သွားခဲ့တာ ကြာပြီ။
“ဘာကတိလဲ။” ရန်ချန်လိ ပဟေဠိ ဖြစ်နေတယ်။
“အဟွတ် ဟွတ်။ သခင်ကြီးရန် မင်း အကြွေးကို အခုထိ မသိချင်ယောင် ဆောင်နေ တုန်းလား။”
“ဘာ အကြွေးလည်း ငါမင်းကို ဘာမှ အကြွေး မတင်ပါဘူး။”
“မင်း။”
“သတိထား။” ရန်ချန်လိနဲ့ အရှင်လီချင်း စကားပြောနေ ကြချိန်မှာ မြို့တံတိုင်း ပေါ်ကနေ အော်သံ ထွက်လာခဲ့တယ်။
“ဘာ။” ရန်ချန်လိ လှည့်ကြည့်တော့ အော်နေတဲ့ သူက ဖန်ကျန်းရှီမှန်း သိလိုက်ရတယ်။ ဖန်ကျန်းရှီ။ သတိထားတဲ့။ ဒီ ကောင်စုတ်လေး၊ မဟုတ်သေးဘူး တစ်ခုခုတော့ လွဲနေပြီ။ ရုတ်တရက် ဆိုသလို ရန်ချန်လိ သတိ ဝင်လာတယ်။ သူ နောက်ဆုတ်ဖို့ ပြင်ချိန်မှာ သူ့ နောက်ကို တစ်ခုခု ရောက်နေမှန်း သိလိုက်တယ်။
“လီချင်း။” ရန်ချန်လိ တကိုယ်လုံး တုန်ယင်သွားတယ်။ ဖန်ကျန်းရှီရဲ့ သတိပေး စကားကို ကြားချိန်မှာ သူ ခုန်မရှောင် နိုင်ရင် သေလုမျောပါး ဒဏ်ရာ ရမှာ အမှန်ပဲ။ ဒါပေမယ့် အရှင်လီချင်းက … ။ အကုန်လုံး ပြီးဆုံး သွားပြီ။ ဒါကို သူတားချင် ပေမယ့် နောက်ကျ လွန်းသွားပြီ။ အင်အားကြီး တစ်ခုက သူ့ နောက်ကျောကို ဝင်တိုက်တယ်။
ဒါက သူ့ကို ရိုက်ထုတ်လိုက်တဲ့ အရှင်လီချင်း ရဲ့ လှုပ်ရှားမှုပဲ။ အရှင်လီချင်း ကိုယ်တိုင် ကတော့ ကြက်သွေးရောင် အလင်းတန်းနဲ့ ဝင်တိုက်တယ်။ ရန်ချန်လိ ချက်ခြင်း လှုပ်ရှားပေမယ့် နောက်ကျ လွန်းသွားပြီ။ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် အရှင်လီချင်းနဲ့ ရန်ချန်လိ နှစ်ယောက်လုံး သဲအိတ် နှစ်အိတ်လို လေထုထဲကို လွင့်ထွက် သွားတော့တယ်။ မြို့တံတိုင်းနဲ့ ဝင်ဆောင့်တယ်။
“ဝုန်း။” နားကန်းမတတ် အသံကြီးနဲ့ အတူ။ ရန်ချန်လိနဲ့ အရှင်လီချင်းတို့ နှစ်ယောက်ရဲ့ ကိုယ်ခန္ဒာတွေ အရှိန်ကြောင့် မြို့နံရံပေါ်မှာ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာတယ်။
“အဖိုး။” ပင်းယန်ရဲ့ အသံက ည ကောင်းကင်မှာ ပဲ့တင် ထပ်လာတယ်။ သူမ ရပ်နေတဲ့ မြို့နံရံ ပေါ်ကနေ ဒီ မြင်ကွင်းကို ကြည့်နေခဲ့တာ။ အခု တိုက်ခိုက်မှုက သေခါနီး ဖြစ်နေတဲ့ အရှင်ရှဲ့လော့ တိုက်ခိုက်တာပဲ။ ဒီတစ်ခါ သူ့ရဲ့ ခွာတွေ ဂျိုတွေနဲ့ တိုက်ခိုက်တာ မဟုတ်ဘူး။ နောက်အမြီးကြီး နဲ့ ရိုက်လိုက်တာ။ သူ့ရဲ့ အမြီး ရှည်ကြီးက ရန်ချန်လိကို ဝင်တိုက်တာ အရမ်းကို မြန်လွန်းတယ်။
မြို့တံတိုင်း ပေါ်မှာ ရောက်နေတဲ့ အတွက် သူမမှာ အရှင်ရှဲ့လော့ကို ရပ်တန့် နိုင်စွမ်း မရှိဘူး။ ဒါပေမယ့် ရန်ချန်လိ အစား အရှင်လီချင်းက တိုက်ခိုက် ခံလိုက်ရတယ်။ သူ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ ဆက်တိုက် စီးကျလာတယ်။
နှစ်ခေါက် မတွေးတော့ပဲ ပင်းယန် ချက်ခြင်း အောက်ပြေးဆင်းတယ်။ သူမရဲ့ ရဲရဲတောက် ချီလင်လှံက မျက်စိကန်းလောက်တဲ့ အနီရောင် အလင်းတန်းတွေနဲ့ တောက်ပနေခဲ့ပြီ။ လှံထိပ်က ရွှေရောင် အလင်းတန်းက ပြင်းထန်တဲ့ စွမ်းအားတွေ ဖြာထွက်နေခဲ့တယ်။
“ပင်းယန် မသွားနဲ့။” ရန်ရွှယ် ပင်းယန်ကို တားချင်ပေမယ့် နောက်ကျသွားပြီ။ အဝေးကနေ အော်ရုံပဲ တတ်နိုင်တယ်။
“အရှင် မင်းသမီး။” ရှန်းယွီလည်း သူမကို တားမြစ်တယ်။ ဒါပေမယ့် ပင်းယန်က ဘာကိုမှ မကြားတော့တဲ့ ပုံပဲ။ သူမရဲ့ စိတ်နှလုံးထဲမှာ ဆန္ဒ တစ်ခုပဲ ရှိတယ်။ အရှင်ရှဲ့လော့ကို သတ်မယ်။ အဖိုးအတွက် လက်စားချေရမယ်။ ကြက်သွေးနီရောင် မီးတောက်တွေ သူမ တစ်ကိုယ်လုံး တောက်ပ လာခဲ့ပြီ။
“ဝုန်း ဝုန်း”
မြေပြင် တစ်ခုလုံး အရှိန်ပြင်းပြင်းနဲ့ လှုပ်ခတ်ကုန်တယ်။ အရှင်ရှဲ့လော့ မျက်လုံး ပွင့်လာတယ်။ ဒါပေမယ့် အခုချိန်မှာ သူ့ရဲ့ မျက်လုံးစိမ်းတွေက လုံးဝကို ရွှေရောင် ပြောင်းနေ ခဲ့ပြီ။ နေရောင်ခြည်ရဲ့ တောက်ပတဲ့ အလင်းတန်းလိုပဲ။ ကြက်သွေးရောင် အလင်းတန်းကြောင့် သူ့ အကြေးခွံတွေ မြေပြင်ပေါ်ကို ကွာကျသွားခဲ့တယ်။ အကြေးခွံတွေ မြေပြင်ပေါ်ကို ကျလာတာနဲ့ တုန်ခါတဲ့ လှိုင်းတွေလည်း ဖြစ်ပေါ်လာတယ်။
ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ နတ်ဆိုး ဘုရင်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေက သူနဲ့ ဆိုင်လာ လိမ့်မယ်လို့ တစ်ခါလေးတောင် မတွေးခဲ့ မိဘူး။ တကယ်ဆိုရင် သူက ဒီ အရှုပ်အထွေးတွေ ထဲကို ဘယ်တုန်းကမှ ဝင်မပါချင် ခဲ့ဘူးလေ။ အခုတော့ သူက တိုက်ခိုက်မှုတွေ အားလုံးရဲ့ ဗဟိုချက် ဖြစ်နေပြီ။
ဒါပေမယ့် သူ တတ်နိုင်သလောက် ကူညီပေးခဲ့တာပဲ။ ပထမဆုံး တောင်ပိုင်းတပ်ကို နန်းတော်ထဲ ခေါ်လာ ပေးတယ်။ သေရှင်ဂိတ် တံခါးကို လုယူပြီး တော်ဝင် နန်းတော်ထဲက ပဋိပက္ခကို ဖြေရှင်း ပေးခဲ့တယ်။ နောက်ဆုံး ရှေးအင်းလေးကွက် ကိုလည်း သေရှင်ဂိတ် တံခါး သုံးပြီးတော့ ဖျက်ဆီး ပေးခဲ့တယ်။ ဒါက မလုံလောက် သေးဘူးလား။
သဘာဝလွန် အဆင့်ပဲ ရှိသေးတဲ့ လူသား တစ်ယောက်အတွက် ဒါက မလုံလောက် နိုင်သေးဘူးလား။ တခြားသူတွေ တိုက်ခိုက်ခံ ရမှာကိုလည်း သူ သတိပေးတာပဲ။ အရှင်ရှဲ့လော့က သူ့ကို နင်းချေဖို့ လုပ်တာတောင် သူ ထွက်မပြေးဘူးလေ။ တခြားသူတွေကို သတိပေးဖို့ သူနေနေ တာပဲ။
ဘယ်သူကများ သူ လုပ်တာ မလုံလောက်ဘူးလို့ ပြောနိုင်မှာလဲ။ နတ်ဆိုးဘုရင်။ ဒီ အိုမင်းနေတဲ့ သတ္တဝါကြီး နဲ့တော့ သူ တကယ့်ကို မပတ်သတ်ချင်ဘူး။ နတ်ဆိုးဘုရင် တစ်ကောင်ကို သူ ဘယ်လို နိုင်မှာလဲလေ။ နောက်ပြီးတော့ အရှင်လီချင်းနဲ့ ရန်ချန်လိ နှစ်ယောက်လုံးလည်း သူ့ ရှေ့မှာ ရှိနေတယ်။ သူတို့က သူ့ထက် အများကြီး သန်မာတာပဲ။ ဘာလို့ ဝင် တိုက်ခိုက်ရမှာလဲ။”
ကံကြမ္မာကို ကောင်းကင်က ဖန်တီး ပေးတယ်ဆိုတာ ဖန်ကျန်းရှီ မယုံဘူး။ သူက ပျက်ဆီးတာတွေ သေတာတွေကို ရှောင်ချင်ရုံပဲ။ ချန့်ယန်းနဲ့ တိုက်တဲ့ တိုက်ပွဲမှာတောင် သေတော့မလို့ နည်းနည်းပဲ လိုတယ်။ အခု တိုက်ပွဲကြီး က အမှောင်ထဲမှာ ပုန်းနေတဲ့ အင်အားစုတွေ ကလည်း ခြိမ်းခြောက် နေသေးတယ်။
ကူညီ ရမလား။ ဒါမှမဟုတ် မကူညီ ရဘူးလား။ ပုံမှန် အတိုင်းဆို ဆုံးဖြတ်ရ လွယ်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် အခု ပင်းယန်က အရှင်ရှဲ့လော့ ဆီကို ပြေးဝင်နေတယ်။ အရှင် ရှဲ့လော့ရဲ့ အမြီးကလည်း သူမကို ရိုက်ချဖို့ ပြင်နေတယ်။ အခုချိန် သူ့မှာ ရွေးစရာ တစ်ခုပဲ ရှိတော့တယ်။
“နလပိန်းတုန်းကြီး။ ကောင်မလေးကို လွှတ်လိုက်။” အရှင် ရှဲ့လော့ရဲ့ အမြီးကြီးက ပင်းယန်ကို ရစ်ပတ် လိုက်တဲ့ အချိန်မှာပဲ ဖန်ကျန်းရှီ ပြေးထွက်လာခဲ့တယ်။ သူ့ အသံကို တတ်နိုင်သလောက် အားဖြည့်ပြီး အော်ဟစ်တယ်။ သူက အရှင်ရှဲ့လော့ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိတယ်။ ဒါပေမယ့် အခုချိန် တိုက်ခိုက်တာက ပင်းယန် သေမှာကို ဘေးကနေ ရပ်ကြည့်နေရတာ ထက်တော့ ကောင်းပါသေးတယ်။
“ဟန့်။” အရှင်ရှဲ့လော့ ဖန်ကျန်းရှီကို တစ်ချက် လှမ်းကြည့်တယ်။ အေးစက်စက် အပြုံးတစ်ခု သူ့ နှုတ်ခမ်းမှာ ပေါ်လာရင်း ရွှေရောင် အလင်းတန်းတွေ မျက်လုံးထဲ တဖျပ်ဖျပ် လက်လာခဲ့တယ်။ “မင်း နောက်ကျ သွားပြီ။ အစကတော့ မင်း တစ်ယောက်တည်းကို သတ်မလို့ပဲ။ ဒါပေမယ့် အခုတော့ အကုန်လုံးကို သတ်တော့မယ်။ ဒီ မင်းသမီးလေးတင် မကဘူး။ ရန်မြို့တော်ထဲက လူတွေ အားလုံးကိုပါ တစ်ယောက် မကျန် သတ်ပြစ်မယ်။”
“ဘာ”
“အရှင် မင်းသမီးကို မြန်မြန် ကယ်ကြ။”
“မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ နတ်ဆိုးဘုရင်။ အရှင်မင်းသမီးကို ထိခိုက်ဖို့ မတွေးနဲ့။”
အရှင်ရှဲ့လော့ရဲ့ စကားကို ကြားတော့ တောင်ဖြိုတပ်ဖွဲ့ကော ရန်တိမ် တပ်ဖွဲ့ပါ လှုပ်ရှားတော့တယ်။ ဒါပေမယ့် ကြောက်စရာ ကောင်းလွန်းတဲ့ ဒီ နတ်ဆိုးဘုရင်ကို သူတို့ ဘယ်လို တားဆီးနိုင်မှာလဲ။
“မဖြစ်ဘူး။” အရှင်ရှဲ့လော့ရဲ့ ကြေညာချက်ကြောင့် ဖန်ကျန်းရှီ လန့်သွားတယ်။ ဒါပေမယ့် ပင်းယန်က အရှင်ရှဲ့လော့ ရှေ့ကို ရောက်နေခဲ့ပြီ။ သူမ မျက်ဝန်းထဲက ခိုင်မာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေကို မြင်နေရတယ်။ အရမ်းကို မိုက်မဲတဲ့ ဆုံးဖြတ်ချက် တစ်ခု။ ဒီလို ဖြစ်ပေမယ့် သူမ စိတ်ကို သူနားလည်တယ်။
သူလည်း သူမလိုပဲလေ။ အရှင်ရှဲ့လော့ကို မယှဉ်နိုင်မှန်း သိတာတောင် တိုက်ပွဲထဲကို ပြေးလာပြီး တိုက်ခိုက်မိတာပဲ။ ဒီလို မိုက်မဲတဲ့ ဆုံးဖြတ်ချက် အတွက် တန်ဖိုးကြီး တစ်ခုကို ပေးဆပ်ရမယ်။
“ဝုန်း။”
အရှင်ရှဲ့လော့ရဲ့ အမြီးက ပင်းယန်ကို ရစ်ပတ်လိုက်တယ်။ သူမ ကိုယ်က မီးတောက်တွေ နှင်းတောထဲ ရောက်သွားသလို ချက်ခြင်း ပျောက်ကွယ် သွားတော့တယ်။ ပင်းယန် ရဲ့ မီးလျှံ ပန်းနီ သံချပ်ကာ အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားပြီးတော့ ပါးစပ် အပြည့် သွေးတွေ အန်ကျ လာခဲ့တယ်။
အဲ့ဒီ့နောက် ပင်းယန်ရဲ့ ကိုယ်က မြေပြင်ပေါ်ကို ပုံကျ သွားတော့တယ်။ အရှင် ရှဲ့လော့က ပင်းယန်ကို နေရာ ရွေ့ဖို့ စိတ်ကူးမရှိ။ သူ့ ခြေထောက် နားမှာ ထားရင်း ဖန်ကျန်းရှီကို မြားခေါ်ဖို့ စီစဉ်ထားတယ်။
“ဒုန်း။”
ပင်းယန်ရဲ့ ခန္ဒာကိုယ်က မြေကြီးနဲ့ အရှိန်ပြင်းပြင်း ဆောင့်သွားတဲ့ အတွက် အသံကျယ်ကြီး ထွက်လာခဲ့တယ်။ သူမ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေဆဲ။ သွေးတွေက ပါးစပ်ကနေ ဆက်တိုက် စီးကျနေတယ်။ နှုတ်ခမ်း တစ်ခုလုံး ရဲရဲနီနေခဲ့ပြီ။ ဒါပေမယ့် သူမ မျက်လုံးတွေက ပွင့်နေတယ်။ ဘယ်ကိုမှ ကြည့် မနေခဲ့ဘူး။
မျက်လုံးတွေက ပြူးကျယ်နေပြီး ရေလို ကြည်လင် နေခဲ့တယ်။ ရဲရဲတောက် ချီလင်လှံကို လက်ထဲမှာ ကျစ်ကျစ် ပါအောင် ကိုင်ထားဆဲ။ နှလုံးသားထဲက ပြင်းပြတဲ့ အသက်ရှင်လို စိတ်တွေ မြင်သာနေ ခဲ့တယ်။ ပင်းယန် ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိနိုင်။
အရှင်ရှဲ့လော့ က ပင်းယန်ကို ချက်ခြင်း သတ်ဖို့ စိတ်ကူးမရှိ။ သူမကို ဓားစာခံ အဖြစ် ဖမ်းဆီးထားချင်တာ။ ဒီလို အခြေအနေ မျိုးမှာ ပင်းယန်က မျက်လုံးတွေ ပိတ်နေ သင့်တယ်။ ဒါမှ မဟုတ်ရင် ဖမ်းဆီးသူကို အာရုံ စိုက်နေသင့်တယ်။ ဒါပေမယ့် သူမက လုပ်ဘူး။ မျက်လုံးတွေကို ဖွင့်ထားရင်း မတ်တပ်ရပ်ဖို့ ကြိုးစားနေတယ်။ သူမရဲ့ အားနည်းတဲ့ ခန္ဒာကိုယ်လေးက အတော့်ကို နာကျင်နေပုံပဲ။ ခြေထောက်နဲ့ လက်တွေကို သုံးပြီး မြေပြင်ကို ထောက်ကန်ရင်း ထရပ်ဖို့ ကြိုးစားနေတယ်။
“ ပင်းယန် ပြေး။” ပင်းယန် ဘာကြောင့် ဒီလို ထွက်လာလည်း ဖန်ကျန်းရှီ နားမလည်နိုင်။ ဒီ နှစ်တွေမှာ သူမ နည်းနည်းလေး ပို ထက်မြက်လာတယ်လို့ ထင်မိခဲ့တာ။ အခုတော့ အသက်နဲ့ ရင်းပြီး ဘယ်လို ကစားရမလဲ မသိတဲ့သူ ဖြစ်နေပါ့လား။ ကောင်းပြီ။ တိုက်ခိုက်ဖို့ မစွမ်းနိုင်တာကို နားလည်ရင် အနည်းဆုံးတော့ ဘယ်လို ပြေးရမလဲ သိသင့်တယ် မဟုတ်ဘူးလား။ ပင်းယန် အကြောင်း တွေးနေတာကို သူ ရပ်လိုက်တယ်။ ပင်းယန် လွတ်ဖို့ရာ အရှင်ရှဲ့လော့ကို နှောင့်နှေးအောင် အချိန်ဆွဲဖို့ လုပ်ရမယ်။
“အဟွတ် ဟွတ်။” ပင်းယန် ခက်ခက်ခဲခဲ ချောင်းဆိုးတယ်။ သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာမှာ ခိုင်မာတဲ့ စိတ် ဆုံးဖြတ်ချက်က အထင်းသား ပေါ်နေခဲ့တယ်။ “ငါ မပြေးဘူး။ ငါက သန်မာတယ်။”
ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ပင်းယန် ဒါမျိုး ပြောတာကို သူ ခဏခဏ ကြားနေကြပဲ။ ကောင်းကင်ရောင်ပြန် အဆင့် လူသားလေး တစ်ယောက်က ဘယ်လို အစွမ်းအစ ရှိလို့ ဒီလို ပြောဝံ့တာလဲ။ သန်မာတယ်တဲ့။ ငါ့ တင်ပါးပဲ သန်မာနေလိုက်။
“သေစမ်း။” အရှင်ရှဲ့လော့ ဒီတစ်ခေါက် တိုက်ခိုက်တာ ကိုတော့ ယုံကြည်ချက် အပြည့်ရှိတယ်။ နီးကပ်လာတယ်။ တဖြည်းဖြည်းချင်း နီးကပ်လာတယ်။ သူ့ အမြီးက ဖန်ကျန်းရှီရဲ့ ခေါင်းနဲ့ထိဖို့ ၁ လက်မ လောက်ပဲ လိုတော့တယ်။ အရှင်ရှဲ့လော့ နှာခေါင်းရှုတ်လိုက်တယ်။ ဒီကောင်စုတ်လေးကို နောက်ဆုံးတော့ သတ်နိုင်တော့မယ်။
အမြီးနဲ့ ရိုက်ချက် တစ်ချက်က သုခမိန် တစ်ယောက်ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သဘာဝလွန် အ ဆင့် လူသား တစ်ယောက်ကိုတော့ သတ်နိုင်လောက်တယ်။ အရှင်ရှဲ့လော့ ဖန်ကျန်းရှီ ဦးခေါင်းခွံ ပွင့်ပြီး သေသွားမှာကို စောင့်နေခဲ့တယ်။ ဒါပေမယ့် မြင်ကွင်းက တစ်ခုခု လွဲနေတယ်။ ထူးဆန်းနေတာကို သူ သိတယ်။ သူ့ အမြီးက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ထွင်းဖောက်သွားတယ်။ မဟုတ်သေးဘူး။ ဒီ ကိစ္စ တစ်ခုခု မှားနေတယ်။
“ပုံရိပ်ယောင်လား။” အရှင်ရှဲ့လော့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူလည်း လေထဲမှာ ပုံရိပ်ယောင်ကို အလွယ်လေး ဖန်တ်ီးနိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီလည်း လုပ်နိုင်မယ်လို့ မထင်ထား မိခဲ့ဘူး။ နောက်ပြီးတော့ သူ့ မျက်လုံးကို လှည့်စားနိုင်တဲ့ ပုံရိပ်ယောင် လုပ်ဖို့က မြန်ရုံတင် မကဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်၀ နေမှလည်း ရမှာ။
ဒီကောင်စုတ် သဘာဝလွန် အဆင့်ပဲ ရှိသေးတာ ဟုတ်ကော ဟုတ်လို့လား။ သံသယ အတွေးတစ်ခု အရှင်ရှဲ့လော့ စိတ်ထဲကို ဝင်လာခဲ့တယ်။ ဒါပေမယ့် သူ ဆက်ပြီးတော့ မတွေးတော့ဘူး။ ဖန်ကျန်းရှီ ရှိနေတာကို သူ ခံစားလို့ ရတယ်လေ။ မဟာ နတ်ဆိုး ဘုရင် တစ်ယောက် အနေနဲ့။ သူ့ ပြိုင်ဘက်ကို အမြင်နဲ့တင် မဆုံးဖြတ်ဘူးလေ။ အငွေ့အသက်နဲ့ တည်ရှိမှုကို ခံစားတာက သူ့ တိုက်ပွဲရဲ့ အဓိက နည်းလမ်းပဲ။ ဖန်ကျန်းရှီက သူ တိုက်ခိုက်တာကို ရှောင်နိုင် လိုက်ပေမယ့်၊ ဖန်ကျန်းရှီရဲ့ တကယ့် တည်နေရာကို သူ ရှာနိုင်တယ်လေ။
“အပေါ်မှာပဲ။” အရှင်ရှဲ့လော့ သူ့ အမြီးကို နေရာ ပြောင်းလိုက်တယ်။ သူ့ ခေါင်းပေါ်က အရှိန်အဝါကြောင့် မော့ကြည့်မိချိန်မှာ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။
သူ့ခေါင်းပေါ်မှာ အရောင် ခြောက်ခုနဲ့ ပုံရိပ်တွေက တောက်ပနေတယ်။ တစ်ခုချင်းစီ တိုင်းက အရမ်းကို တောက်ပတယ်။ အလင်းတန်းတွေရဲ့ အလယ် ဗဟိုချက်မှာ ချည်ကြိုးတွေ ဖြာထွက်နေတယ်။ ပုံရိပ်ခြောက်ခုကို စုစည်းရင်း ကြယ်ခြောက်လုံး သဏ္ဍာန် တစ်ခုကို ဖန်တီးနေခဲ့တယ်။
အပိုင်း(၅၉၂)ပြီး၏။
အပိုင်း (၅၉၃)
“မယ်တော်။”
ဘာသာပြန်သူ - Enri Thaw
လရောင်က တောက်ပနေတယ်။ ညလေအေး ကလည်း အေးစိမ့်စိမ့်။ အလင်း မဏ္ဍိုင်ကြီး ခုနှစ်ခုကတော့ လုံး၀ မှိန်ဖျော့ သွားခဲ့ပြီ။ ဒါပေမယ့် ခြောက်ရောင်ခြယ် အလင်းတန်းက နောက်တကြိမ် တောက်ပ လာပြန်တယ်။ အလင်းတန်း ခုနှစ်ခုလိုတော့ မတောက်ပဘူး။ ထူးဆန်းတဲ့ မန္တန်တွေကတော့ ဒီ အလင်းတန်း ခြောက်ခုကို ဝန်းရံ ထားခဲ့တယ်။
“သေရှင် တာအို။”
“ဖန်ကျန်းရှီက တကယ်ပဲ သေရှင်တာအိုကို သိတယ်ပေါ့။”
“မဖြစ်နိုင်တာပဲ။”
မြောက်ပိုင်းသား စစ်သည်တော်တွေ ဒီ မြင်ကွင်းကို အရမ်း ရင်းနှီးတယ်လေ။ ဖန်ကျန်းရှီ သေရှင် ဂိတ်တံခါးနဲ့ ပေါ်လာတည်းက သူတို့ လန့်ခဲ့ကြတာ။ ဒါပေမယ့် ဖန်ကျန်းရှီက သေရှင် တာအိုကို တကယ်ပဲ ထိန်းချုပ်နိုင်တယ် ဆိုတဲ့ အချက်ကို လက်ခံဖို့ ခက်ခဲ နေကြတယ်။
သေရှင် တာအိုက သီးခြားမြင့်မြတ် နိုင်ငံတော် ရဲ့ သင်္ကေတပဲ။ ဒီ သေရှင် တာအို လမ်းစဉ်ကို ဖန်ကျန်းရှှီက ဘယ်လိုများ နားလည်နိုင် ရတာလဲ။ မြောက်ပိုင်းတပ်တွေ စိတ်ထဲမှာ ငြင်းဆို နေမိတယ်။
“ ဒါ တကယ်ပဲ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက သေရှင် တာအိုလား။”
“ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေပြီလား။”
“မဖြစ်နိုင်ဘူး။ သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတာလေ။”
တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ထိတ်လန့် တကြား ရပ်တန့် ကုန်တယ်။ ဖန်ကျန်းရှီက သေရှင် ဂိတ်တံခါး ကြီးကို မလာတာ လူတိုင်းမြင်တယ်လေ။ ဒါပေမယ့် သေရှင် တာအိုကို ဒီလို သုံးပြတာ ကတော့ ကွာခြားတယ်။
“ဒီ ကောင်စုတ်က ဘယ်လို မကောင်းဆိုးဝါးလဲ။ သီခြား မြင့်မြတ် နိုင်ငံက သေရှင် တာအို ကိုတောင် သင်နိုင်သေးတယ်။” ဒီ အခြေအနေအတွက် ရှင်းယွမ်ကောင်းက စိတ်ကို ပြင်ဆင်ထားပြီးသား။ ဒါပေမယ့် အလင်းတန်း ခြောက်ခုကို ကိုယ်တိုင် မျက်မြင်တွေ့ရတော့ အံ့သြတာကို ထိန်းချုပ် မရဘူး။
ဖန်ကျန်းရှီရဲ့ သင်ယူနိုင်စွမ်းက ထူးခြားမှန်း သူသိတယ်။ စစ်နတ် ကျောင်းတော်ရဲ့ တိုက်ပွဲ ဝိဉာဉ်နဲ့ တိုက်ခိုက်တဲ့ ပုံစံ အားလုံးကိုလည်း ဆရာကျအောင် တတ်သွားတယ်။ နတ်ဆိုး ကျောင်းတော် ရဲ့ ဓားသိန်းသန်းချီ ပညာကိုလည်း တတ်သေးတယ်။ ဒါကြောင့် ဖန်ကျန်းရှီက ပညာရပ်တွေကို အသေးစိတ် လေ့လာ တတ်ကျွမ်းနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီလို ဖြစ်နေပင်မယ့် သေရှင် တာအိုကတော့ ကွာခြားတယ်။
ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုထဲက တစ်ခု။ ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုကို ဆရာကျအောင် တတ်မြောက်ဖို့က မလွယ်ဘူး။ အချိန် နေရာ လူတွေနဲ့ တခြား အကူပစ္စည်း အများကြီး လိုသေးတယ်။ ရန်မိသားစု ရဲ့ အဇူရာ တာအိုလိုပဲ။
ရန်မိသားစုရဲ့ ဘိုးဘေးတွေ အဇူရာ တာအိုကို ထိန်းကွပ်နိုင် ဖို့ အခွင့်အရေး ရခဲ့တယ်။ သူတို့ ကောင်းကောင်း ထိန်းချုပ် နိုင်သွားတာနဲ့ အနောက်ပိုင်း ကျတ်တီးမြေကို ထိန်းကွပ်ပြီး အခြေစိုက် တော့တယ်။ စစ်တပ် အင်အားကို အခိုင်အမာ ချပြီးတော့ အဇူရာ တာအိုကို လူငယ် မျိုးဆက်သစ် တွေဆီ လက်ဆင့် ကမ်းခဲ့တော့တယ်။
နှစ်ပေါင်းများစွာ ကြာအောင် ရန်မျိုးနွယ်တွေ မျိုးဆက် တဆက်ပြီး တဆက် လေ့လာခဲ့ကြတယ်။ ဒါကြောင့် ဒီ တာအိုကို နားလည်တဲ့ အသိပညာတွေ ပိုတိုးလာခဲ့တယ်။ ဒီတာအို အကြောင်း သူတို့ ရဲ့ နားလည်မှုတွေ အတွေ့အကြုံတွေကို စာတမ်းတွေ ပြုစုပြီး နောက် မျိုးဆက်တွေ အတွက် ချန်ထားတယ်။
ဒါပေမယ့် ရန်မျိုးနွယ်တွေ အားလုံး အဇူရာ တာအိုကို တတ်ကျွမ်း နိုင်တာ မဟုတ်ဘူး။ ဒါပေါ့ ရန်မျိုးနွယ်တွေပဲ အဇူရာ တာအိုကို သင်ကြားနိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဘိုးဘေးတွေရဲ့ လမ်းညွှန်မှုလည်း မရ။ လူတစ်ယောက်ရဲ့ စွမ်းရည်ကို တိုးတက်လာစေတဲ့ အထူး ပတ်ဝန်းကျင်လည်း မရှိပဲ။ ဒီလို ဖြစ်တာတောင် အဇူရာ တာအိုကို ကိုယ်ပိုင် အစွမ်းအစနဲ့ နားလည် တတ်ကျွမ်းဖို့ဆိုတာ အတော့်ကို ခက်ခဲတဲ့ ကိစ္စပဲ။
ပြောရရင်။ အဇူရာတာအိုကို အကူအညီ မရှိပဲ တတ်မြောက်တာက ပထမဆုံး အဇူရာတာအိုကို တွေ့ခဲ့တဲ့ ရန်မျိုးနွယ် ဘိုးဘေးနဲ့ အဆင့် အတူတူပဲ ဖြစ်သွားလိမ့်မယ်။ ဒီလိုပဲ သေရှင် တာအိုကလည်း သီးခြား မြင့်မြတ် နိုင်ငံက မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာတာ။ ဒါကြောင့် ဖန်ကျန်းရှီကသေရှင် တာအိုကို ဆရာကျအောင် တတ်မြောက်တာက ဘယ်လို ဖြစ်နိုင်မှာလဲ။ မယုံနိုင် စရာပဲ။
ဖန်ကျန်းရှီက သီးခြား မြင့်မြတ် နိုင်ငံ ဧကရာဇ်ရဲ့ တရားမဝင် သားဖြစ်နေတာလား။ ဒါမှမဟုတ် သီးခြား မြင့်မြတ် နိုင်ငံရဲ့ တားမြစ် နယ်မြေကနေ လျှို့ဝှက် နည်းလမ်းတွေကို သွားခိုးလာတာလား။ ရှင်းယွမ်ကောင်း နားမလည် နိုင်ဘူး။ ဖန်ကျန်းရှီ သေရှင် ဂိတ်တံခါးကို မလာတာ မြင်ပေမယ့် သေရှင် တာအိုကို တတ်မြောက်နေမယ်လို့ တခါမှ မတွေးမိဘူးလေ။ ဒါပေမယ့် မျက်စိ ရှေ့မှာတော့ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ အလင်းတန်း ခြောက်ခုက မျက်လုံး ကန်းလောက်အောင် တောက်ပ နေခဲ့ပြီ။ နောက်ပြီးတော့ မန္တန် စာလုံးတွေပါတဲ့ ချည်ကြိုးတွေက အရှင်ရှဲ့လော့ ခေါင်းကို ဖိချလိုက်တယ်။
“ဝုန်း။” မိုးကြိုးပြစ်သံလို အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ ပြင်းထန်တဲ့ စွမ်းအင်လှိုင်း ပေါက်ကွဲမှုတွေက အရှင်ရှဲ့လော့ရဲ့ ခေါင်းကို ဗဟိုပြုပြီး ထွက်ပေါ် လာခဲ့တယ်။ ပေါက်ကွဲ မှုထဲမှာ အလင်းတန်း ခြောက်ခုက အရှိန် ပြင်းပြင်း လှည့်ပတ်နေတယ်။ အရှင်ရှဲ့လော့ ကိုယ်ကို ချည်ကြိုး ဝဲဂယက်ကြီးက ဝါးမျိုု နေခဲ့ပြီ။
“သူတိုက်ခိုက်တာ ထိသွားတယ်ပေါ့။”
“အရှင် ရှဲ့လော့က ခုန်မရှောင် ခဲ့ဘူးလား။”
ရှင်းယွမ်ကောင်း အပါအဝင် လူတိုင်းက ကောင်းကင်ကို မော့ကြည့် နေခဲ့တယ်။ တခြား တိုက်ခိုက်မှုတွေကို သူတို့ သိပ်ပြီးတော့ မျှော်လင့်ချက် မထားတော့ဘူး။ ဒါပေမယ့် သေရှင် တာအိုကတော့ ကွာခြားတယ်။ ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုထဲက စည်းချတဲ့ တာအို တစ်ခုပဲ။
“သူ တကယ်ပဲ သေရှင် တာအိုကို ကောင်းကောင်း တတ်တယ်။ ကြည့်ရတာ သေရှင် ဂိတ်တံခါးကို မနိုင်တာ တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။” အရှင်ရှဲ့လော့ နောက်ဆုံးတော့ စကား ပြောခဲ့ပြီ။ အဲ့ဒ့ီနောက် လှည့်ပတ်နေတဲ့ ချည်ကြိုး ခြောက်ခုက နှင်းစက်လေးတွေလို ပျောက်ကွယ် သွားတော့တယ်။ သူ့ ခန္ဒာကိုယ်ကြီးက ပေါက်ကွဲမှုရဲ့ အလယ်မှာ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့ပြီ။ သူ့ရဲ့ ရွှေရောင် မျက်လုံးတွေ တောက်ပလာတယ်။ ကြေးခွံတွေနဲ့ ခန္ဒာကိုယ်ကြီးကို ရွှေရောင် အလင်းတန်းတွေက သယ်ဆောင် သွားခဲ့တယ်။
“သူ ဘာမှ မဖြစ်ဘူးပေါ့။”
“ဘယ်လိုတောင်လား။
“သေရှင် တာအိုက စည်းချတဲ့ ပညာပဲ မဟုတ်ဘူးလား။” အရှင်ရှဲ့လော့ ကိုယ်ခန္ဒာကြီး ပျောက်ကွယ် သွားတာကို လူတိုင်း ကြည့်နေခဲ့တယ်။
“ဟဟား။ မင်းရဲ့ မဖြစ်စလောက် သေရှင် တာအိုလေးနဲ့ ငါ့ကို ဖမ်းချုပ်နိုင်မယ် ထင်နေတာလား။” အရှင် ရှဲ့လော့ရဲ့ ရယ်သံကြီးနဲ့ ပြောစကားက လူတိုင်းရဲ့ မေးခွန်းကို ပြန်ဖြေ လိုက်တယ်။ သူ့ မျက်ဝန်းတွေက အရမ်းကို အေးစက် နေခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ သေရှင် တာအိုကို စစချင်း မြင်တဲ့ အချိန်တုန်းက သူလည်း လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီနဲ့ သေရှင် တာအို ဘယ်လို ဆက်စပ်နေလဲ သူ နည်းနည်းတော့ သိချင်တယ်။ ဒါပေမယ့် အရမ်းတော့ မသိချင်ဘူး။
အခုချိန်မှာ အရေးအကြီးဆုံးက ဒါမဟုတ်ဘူး။ အရေးကြီးတာ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်မှာပဲ ရှိသေးတာလေ။ သလာဝလွန် အဆင့် လူတစ်ယောက်က သေရှင် တာအိုကို တကယ်ပဲ ထိန်းချုပ်နိုင်ရင် သူ ဘယ်လိုများ ရင်ဆိုင် ရမှာလဲ။ ဖန်ကျန်းရှီကို အခွင့်အရေး တစ်ခုလေးတောင် မပေးဖို့ သူ ဆုံးဖြတ် လိုက်တယ်။ အရှင်ရှဲ့လော့က ဖန်ကျန်းရှီရဲ့ အရှိန်အဝါကို လုံး၀ ထိန်းချုပ်လိုက်ပြီ။ လုံး၀ မလွတ်မြောက် နိုင်တော့အောင် လုပ်ထားတယ်။
“သေစမ်း။” အောဟစ်သံကြီးနဲ့ အတူ အရှင် ရှဲ့လော့ သူ့ အင်အားတွေ အားလုံးကို သုံးပြီးတော့ ဖန်ကျန်းရှီကို ထိုးချလိုက်တော့တယ်။ ဖန်ကျန်းရှီက အခုချိန်မှာ အင်အား အပြည့်အ၀ ရှိ မနေခဲ့ဘူး။ ရန်ရွှယ်နဲ့ တုန်းကလည်း ဒဏ်ရာရထားသေးတယ်။ အရှေ့ တစ်ခေါက်မှာလည်း အရှင် ရှဲ့လော့ တိုက်ခိုက်တာကို ခံထားရ သေးတယ်။ သူ့ရဲ့ အရှိန်ကို မြှင့်ပြီးတော့ နောက်ထပ် တိုက်ခိုက်ဖို့ အခွင့်အရေး ရှာပေမယ့် သူ့ ဒဏ်ရာတွေက ပို ဆိုးလာခဲ့တယ်။
အရှင် ရှဲ့လော့ရဲ့ အမြီးကြီး လှုပ်ရှားတာကို မြင်တော့ သူ ဘာလုပ်နိုင်မှာလဲ။ ထိုင်ချပြီး အနားယူ ရမှာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ ထွက်ပြေးဖို့ပဲ လုပ်နိုင်မယ်။ ဒါပေမယ့် လျှပ်စီး လက်သလို လှုပ်ရှားနေတဲ့ အရှင်ရှဲ့လော့ရဲ့ အမြီးကို ဘယ်လို ရှောင်ရမှာလဲ။
“ဖြန်း။”
ဖန်ကျန်းရှီ သူ့ကိုယ်သူ ယင်ကောင် တစ်ကောင်လို ခံစားနေရတယ်။ အမြီးနဲ့ ယမ်းခံနေ ရတဲ့ ယင်ကောင် တစ်ကောင်။ တတ်နိုင်သလောက် ကြိုးစားပေမယ့် တိုက်ခိုက်မှုကို အပြည့်အ၀ မရှောင်ရှား နိုင်ဘူး။ အရှင် ရှဲ့လော့ရဲ့ အမြီးက သူ့ နောက်ကျောကို လာရိုက်တယ်။ အရင် ဘဝတုန်းက အဆွေးသီချင်း တပုဒ်ကိုတောင် သတိ ရသွားသေးတယ်။ ( မင်းပြောတော့ မင်း ထွက်ပြေးချင်တယ်တဲ့။ ဒါပေမယ့် မင်းခြေထောက်တွေက ဒီနေရာမှာ အမြစ်တွယ်နေဆဲ။)
ဖန်ကျန်းရှီ သူ့ ခြေထောက်ကို မပေမယ့် သူ့ ခန္ဒာကိုယ်ကတော့ မြေပြင်ပေါ်ကို လဲပြိုကျသွားတယ်။ တုန်ယင် အားနည်းနေတဲ့ ခန္ဒာကိုယ်က အရှင် ရှဲ့လော့ရဲ့ အမြီး လေခတ်တာကြောင့် ဟန်ချက် ပျက်ပြီးတော့ မြေပြင်ကို မျက်နှာအပ်ပြီး ကျသွားခဲ့တယ်။ ဒါပေါ့။ သူ့ အောက်မှာ လူတစ်ယောက် ရှိနေခဲ့တယ်။ တောက်ပတဲ့ အလင်းတန်းတွေ ရောင်ပြန်ဟပ် နေတဲ့ မျက်ဝန်း တစ်စုံနဲ့ အားနည်း ဖြူဖျော့တဲ့ အမျိုးသမီး ငယ်လေး တစ်ယောက်။
ပင်းယန် သူမ ဘာဖြစ်လို့ ထွက် မပြေး သေးတာလဲ။ ဖန်ကျန်းရှီက ပင်းယန်ကို ကြည့်တယ်။ ပင်းယန်ကလည်း ပြန်ကြည့်နေတယ်။ သူတို့ နှစ်ယောက်လုံး အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တော့မှာ။ ဖန်ကျန်းရှီက ပင်းယန်ရဲ့ ပေါ်ကို မျက်နှာအပ်ပြီး လဲကျ လာခဲ့တယ်။ အဲ့ဒီ့နောက် ပင်းယန်က အံကြိတ်ရင်း ဖန်ကျန်းရှီကို ဖမ်းထားဖို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။ ဘယ်လောက် အရှိန်ပြင်းပြင်းနဲ့ ကျလာပါစေ သူမ ဖမ်းဖို့ အသင့် ဖြစ်နေခဲ့တယ်။
ဖန်ကျန်းရှီက ပင်းယန်ရဲ့ စိတ်ကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဒီ ကောင်မလေး နည်းနည်းလေးတောင် သတိ မဝင်နိုင်ဘူးလား။ ခုန်ထပြီးတော့ သူ့ကို အကျ မနာအောင် လုပ်လို့ ရတယ်လေ။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်က ပင်းယန်ပေါ်ကို မပြုတ်ကျဘူး။ လေထဲမှာ တန့်နေခဲ့တယ်။ အမည်မသိတဲ့ အားက သူ့ကို ဆွဲထားခဲ့တယ်။
“ဝေ့ါ။” ပါးစပ် အပြည့် သွေးတွေ အန်ကျလာတယ်။ အခုချိန်မှာ ပင်းယန်ပေါ်ကို တက်ဖိလို့ မဖြစ်ဘူး။ သူက နောက်ထပ် ဒဏ်ရာ ထပ်ရလို့ ဖြစ်ပေမယ့်။ ပင်းယန်ကတော့ ဒဏ်ရာ အရမ်း ပြင်းထန်နေပြီးသား။ သူ လေထဲမှာ တန့်သွားတဲ့ အချိန် အရှင်ရှဲ့လော့ကို လှည့်ကြည့်တယ်။ ပင်းယန်ကို လုံး၀ လျစ်လျူရှု လိုက်ပြီး အရှင် ရှဲ့လော့ကိုသာ အာရုံ စိုက်နေခဲ့တယ်။
“ငါ့ကို လူသား အခင်း မလုပ်ဘူးလာ။” ပင်းယန်ရဲ့ လက်တွေက လေပေါ်ကို မြှောက်ရင်း ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူ့မျက်နှာက ဖြူဖျော့နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် လေထဲမှာ တန့်နေပြီး သွေးတွေ အန်နေတာကို ကြည့်ရင်း သူမ နှလုံးသားထဲမှာ ခံစားချက်တွေ ပြည့်နှက် လာခဲ့တယ်။ အပြစ်ရှိတဲ့ ခံစားချက်၊ ကိုယ့်ကိုယ်ကို မကျေနပ် မှုတွေနဲ့ ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေက မျက်နှာပေါ်မှာ အထင်းသား ပေါ်လာခဲ့တယ်။ သူမရဲ့ ပုံမှန် စိတ်ကြီးဝင်နေတဲ့ ကလေးမ ပုံစံကနေ ပြောင်းလဲ သွားခဲ့ပြီ။
“ ငါ၊ ငါက ဒီ အရှက်မရှိတဲ့ ကောင်စုတ် ဖန်ကျန်းရှီကို ဒဏ်ရာရစေတာ။ သူက ငါ့ကို ကယ်ဖို့လာရင်း ဒဏ်ရာရ သွားတယ်။ ဒါပေမယ့် ငါ ဘာမှ မလုပ်နိုင်ဘူး။ လူသား အခင်း အဖြစ်တောင် မလုပ်နိုင်ဘူး။ အဖိုးလည်း သေသွားပြီ။ အဖိုးအတွက်လည်း လက်စား မချေပေးနိုင်ဘူး။ ”
“မယ်တော်။ မယ်တော် ဘယ်မှာလဲ။”
“ခမည်းတော် ပြောတာ မယ်တော်က အရမ်း သန်မာတယ်တဲ့။ ဘာဖြစ်လို့ ပင်းယန်ကို လာ မကူညီတာလဲ။”
“မယ်တော် မသေသေးဘူးလို့ ခမည်းတော် ပြောဖူးတယ်။ အဝေးကနေ ပင်းယန်ကို စောင့်ရှောက် နေတယ်တဲ့။ ပင်းယန် ဒဏ်ရာရတာကို မယ်တော် သိနေတယ် မဟုတ်လား။ ဘာဖြစ်လို့ ထွက်လာပြီး မကူညီတာလဲ”
“မယ်တော်။ ခမည်းတော် ဒဏ်ရာရ နေတာကို သိရဲ့လား။ မယ်တော့် သမီးလေး သေတော့ မှာကိုကော သိရဲ့လား။ မယ်တော် ဘယ်ကို ရောက်နေတာလဲ။”
“ သမီးလေးကို ဂရု မစိုက်တော့ဘူးလား။”
“မယ်တော်”
“ငါက အသုံးမကျဘူး။ ခမည်းတော်ကော။ အန်တီဟွားကိုကော မကူညီနိုင်တဲ့ အပြင်။ အဖိုး အတွက်တောင် လက်စား မချေနိုင်ဘူး။”
“မယ်တော်။ ပင်းယန် နောက်ထပ် မစောင့်နိုင်တော့ဘူး။ ပင်းယန် မွေးတည်းက မယ်တော်ကို မမြင်ဖူးခဲ့ဘူး။ အနာဂတ်မှာ မယ်တော်ကို မမြင်ရတော့မှာ တကယ် ကြောက်မိတယ်။ ပင်းယန်ကို မယ်တော် မရှာလည်း ကိစ္စ မရှိဘူး။ ပင်းယန် မယ်တော့်ကို အရမ်းချစ်တယ်။”
“မယ်တော့်ကို ပင်းယန် အရမ်းချစ်တယ်။”
“ဝုန်း။”
ဖန်ကျန်းရှီ သူ့ ဦးနှောက်ကို အရှိန်ပြင်းပြင်း အလုပ်ပေးရင် ပင်းယန်ကို ကယ်ဖို့ နည်းလမ်း စဉ်းစားနေခဲ့တယ်။ သူ့ အောက်ကနေ နားစည်ကွဲ မတတ် ပေါက်ကွဲသံကြီး ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် မီးတောက်လို ရဲရဲနီနေတဲ့ လူရိပ်လေးက ထွက်သွားခဲ့တယ်။
“ပင်းယန်။ ဒီ ကောင်မလေး ဘာတွေ တွေးနေတာလဲ။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ပင်းယန်ကို တားဖို့ နောက်ကျ လွန်း သွားခဲ့ပြီ။ ပင်းယန်က ရဲရဲတောက် ချီလင်လှံကို သုံးပြီးတော့ ပြေးထွက်သွားတယ်။ အဝေးက ရန်ရွှယ် ရှန်းယွီ ရှင်းယွမ်ကောင်း၊ တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ် တပ်ဖွဲ့တွေ အားလုံး မျက်လုံး အပြူးသား နဲ့သာ ကြည့်နေခဲ့တယ်။
“အရှင် မင်းသမီး။”
“ပင်းယန် မလုပ်နဲ့”
“အရှင်မင်းသမီး မလုပ်နဲ့။”
ရန်ရွှယ်၊ ရှန်းယွီနဲ့ ရှင်းယွမ်ကောင်းတို့ အားလုံး အော်ဟစ်ကြတယ်။ ဒါပေမယ့် ပင်းယန်က နည်းနည်းလေးတောင် အရှိန် မလျှော့။ ပင်းယန် ဘာလုပ်နေလဲ ဘယ်သူမှ နားမလည်နိုင်။ သူမရဲ့ တင်းမာ တည်ကြည်တဲ့ မျက်နှာကိုတော့ လူတိုင်း တွေ့နေတယ်။ နှလုံးသားထဲက နက်ရှိုင်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ထင်ရှားနေတယ်။
မင်းသမီး တစ်ပါးက သူ့ အသက်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ် လို်က်ပြီလား။ ဒီအတွေး လူတိုင်းရဲ့ စိတ်ထဲကို ဝင်လာခဲ့တယ်။ တစ်ခါမှ လုံး၀ တွေးတောင် မတွေးဖူးတဲ့ အတွေးတစ်ခုပေါ့။
ပင်းယန်၊ သူတို့ရဲ့ အဖိုးတန် မင်းသမီးလေး။ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ အဆိုးဆုံး အစွာဆုံး လူတိုင်း ချစ်တဲ့ မင်းသမီးလေး။ သူမက ဘာကြောင့်များ အသက်စွန့်ဖို့ တွေးနေတာလဲ။
“အမ်။ မင်းက သေချင်လို့လား။ ကောင်းပြီ။ မင်း ဆန္ဒကို ဖြည့်စည်း ပေးလိုက်မယ်။” နီးကပ်လာတဲ့ ပင်းယန်ကို ကြည့်ရင်း အရှင် ရှဲ့လော့ မျက်လုံးတွေ တချက် လက်သွားခဲ့တယ်။ ဒီ အားနည်းတဲ့ လူသားလေးက သူ့ကို တိုက်ခိုက်တာ သုံးကြိမ်တောင် ရှိသွားပြီ။
အစကတုန်းကတော့ သူမက ခြိမ်းခြောက်လို့ ရတဲ့ ဓားစားခံ တစ်ယောက်ပဲ။ အခုတော့ ဖန်ကျန်းရှီလည်း လွတ်လမ်း မရှိအောင် ဒဏ်ရာရနေပြီ။ ဒါကြောင့် သာမာန် ပုရွက်ဆိတ် တစ်ကောင်လိုပဲ အချိန် မရွေး နင်းချေ ခံရနိုင်တယ်။ အရှင်ရှဲ့လော့ ခန္ဒာကိုယ် တစ်ချက် လှုပ်ရှား သွားတယ်။ သူ့ အမြီးကြီးက ပင်းယန်ကို အရှိန် ပြင်းပြင်းနဲ့ ရိုက်ခတ်တယ်။ ညအမှောင်ထု ထဲမှာ ဇီဝိန်ချွေဖို့ ရောက်လာတဲ့ သေမင်း တစ်ယောက်လိုပဲ။
“မယ်တော်” ပင်းယန် ခပ်တိုးတိုး ရေရွတ်တယ်။ အရှင် ရှဲ့လော့ရဲ့ အမြီးကို မရှောင်သလို လုံး၀ မရပ်တန့် ခဲ့ဘူး။ ဖန်ကျန်းရှီကို တော့ တစ်ချက် လှည့်ကြည့်တယ်။ သူမ မျက်ဝန်း ထောင့်ကနေ မျက်ရည်စက်တွေ စီးကျနေခဲ့တယ်။ လရောင် အောက်မှာ သူမ မျက်ရည်တွေကို မြင်နေရတယ်။ ခေါင်းပြန်လှည့်ချိန်မှာ မျက်ရည်စက်တွေ မျက်နှာပေါ်က လွင့်စင် သွားခဲ့တယ်။ မယှဉ်သာတဲ့ ဆုံးဖြတ်ချက် ခိုင်မာလွန်းတဲ့ မျက်နှာကို မြင်နေရတယ်။
ဒီလိုပဲ ရဲရဲတောက် ချီလင်လှံကို ကိုင်ရင်း အရှင် ရှဲ့လော့ရဲ့ အမြီးကို ဝင်တိုက်တယ်။ တစ်ကိုယ်လုံး မီးတောက်တွေ တောက်ပလာတယ်။ အရှင်ရှဲ့လော့ကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်မယ့် ပိုးဖလံလေး တစ်ကောင်က မီးတောက်ထဲ ဝင်တိုးနေသလိုပဲ။ သူမ ရှေ့ဆက်သွားတယ်။
အပိုင်း(၅၉၃)ပြီး၏။
အပိုင်း (၅၉၄)
“ဒေါသမီးတောက်တွေ ပေါက်ကွဲကုန်ပြီ။”
ဘာသာပြန်သူ- Enri Thaw
“ဝုန်း။” နားကန်းမတတ် အသံကြီး တစ်ခု ပေါ်လာတယ်။ အချိန်မှီ တားနိုင်သူ မရှိခဲ့သလို။ ထူးဆန်းတဲ့ ကယ်တင်ရှင်လည်း ရောက်မလာခဲ့ဘူး။ ဖြစ်သွားတာက မြန်လွန်းတယ်။ မီးလျှံပန်းနီ သံချပ်ကာရဲ့ အကာအကွယ် မရှိတော့တဲ့ ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို အရှင်ရှဲ့လော့ အမြီးကြီးက အရှိန်ပြင်းပြင်း ရိုက်ချလိုက်တယ်။ ဒီ အချိန် အခိုက်အတန့်မှာ အရာအားလုံး ရပ်တန့် သွားသလိုပဲ။
လူတိုင်း ပင်းယန်ကို စိုက်ကြည့်နေခဲ့တယ်။ သူမ မျက်နှာမှာ ပူဆွေးဝမ်းနည်းမှုတွေ စိုစွတ်တဲ့ မျက်ရည်စတွေနဲ့ ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေ ပြည့်နှက် နေခဲ့တယ်။
“အရှင် မင်းသမီး။”
“ပင်းယန် မင်းသမီး။”
တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ်တပ်ဖွဲ့တွေ သံပြိုင် အော်ဟစ်မိတယ်။ ဒီ တိုက်ခိုက်မှုက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလည်း သူတို့ မျက်မြင် တွေ့နေရတယ်လေ။ မီးလျှံပန်းနီ သံချပ်ကာကို ပင်းယန် ဝတ်ထားရင်တောင် ဒီ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
“မင်းသမီး။” ရှင်းယွမ်ကောင်းရဲ့ မျက်လုံးတွေ ရဲရဲနီလာခဲ့တယ်။ သူ့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ ပင်းယန်က ဧကရာဇ် လင်းမုပိုင် အတွက် ဘယ်လောက်တောင် အရေးကြီးမှန်း သူ ကောင်းကောင်း သိတယ်လေ။ ပင်းယန် သေသွားပြီလား။ ဒါက သူ့ မျက်စိရှေ့မှာပဲ ဖြစ်သွားတာ။ ဧကရာဇ် လင်းမုပိုင်ကို ဘယ်လိုများ လျှောက်တင် ရမှာလဲ။
“မယ်တော်။” ပင်းယန်ရဲ့ ခန္ဒာကိုယ်က လေထုထဲကနေ ပြုျတ်ကျလာတယ်။ ပါးစပ်ကနေ စီးကျနေတဲ့ သွေးစက်တွေက မိုးရေတွေလို တစက်စက် ကျဆင်း နေခဲ့တယ်။ မျက်နှာ တစ်ခုလုံး ဖြူဖျော့ နေပင်မယ့် မျက်လုံးတွေက ပြူးကျယ်နေဆဲ။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက ည ကောင်းကင်ကို စိုက်ကြည့်နေခဲ့တယ်။ ပြုတ်ကျလာတဲ့ ပင်းယန်ကို လူတစ်ယောက် ပွေ့ဖက်လိုက်တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ ငါ့ မယ် .. မယ်တော်ကို မြင်လိုက် ရတယ်။ တကယ် ငါ ငါ့ မယ်တော်ကို မြင်ရတယ်။ မယ်တော် ငါ့ကို ခေါ်ဖို့ လာနေပြီ။”
“ဒါပေမယ့် နည်းနည်း ချမ်းတယ်။ နင်ကော ချမ်းလား။”
သူမ ပါးပေါ်ကနေ မျက်ရည် တစ်စက် လိမ့်ဆင်းလာတယ်။ မြေပြင်ပေါ်ကို ကျသွားတယ်။ သူမ ခန္ဒာကိုယ်ကိုတော့ လူတစ်ယောက်က ပွေ့ဖက်ထားတဲ့ အတွက် မြေပြင်ပေါ်ကို မကျတော့ဘူး။ သူမကို သူက တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားခဲ့တယ်။
“ဟဟား။ ဖန်ကျန်းရှီ ကြည့်ရတာ မင်းရှေ့မှာပဲ တစ်ယောက်ပြီး တစ်ယောက် သေကုန်ကြတဲ့ ပုံပဲ။ ဘယ်လိုလဲ သူတို့ကို မကယ်တင် နိုင်တာ ဘယ်လို ခံစားရလဲ။” အရှင်ရှဲ့လော့ လှောင်ရယ်တယ်။ “မယ်တော်တဲ့။ ဟားဟား။ မင်းတို့ အားနည်းတဲ့ လူသားတွေက ရယ်စရာ ကောင်းလိုက်တာ။”
“ရယ်စရာ ဟုတ်လား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ရယ်စရာ မကောင်းဘူးလား။” အရှင်ရှဲ့လော့ လှောင်ရယ် ပြန်တယ်။
“ဘာမှ ရယ်စရာ မရှိဘူး။” ဖန်ကျန်းရှီရဲ့ အသံက အရမ်းကို တင်းမာ ပြတ်သား နေခဲ့တယ်။
“မင်း အရူးကောင် အမ်။” အရှင်ရှဲ့လော့ ဆက်ပြောချင်ပေမယ့် သူ ရပ်သွားတယ်။ ဖန်ကျန်းရှီ တစ်ခုခုကို ဝါးနေတာ သူတွေ့ရလို့ပဲ။ အရှင် ရှဲ့လော့ အံ့သြသွားတယ်။ လူတစ်ယောက်က မသေခင်မှာ ကိစ္စတွေ အများကြီး လုပ်နိုင်တယ်။ အမေကို တမ်းတတာမျိုး။ နောက်ဆုံး အမှာ စကား ပါးခဲ့တာ မျိုးပေါ့။ ဒါပေမယ့် စားသောက်တာကတော့။ နည်းနည်း လွန်လွန်းတယ် မဟုတ်ဘူးလား။ ဖန်ကျန်းရှီက အရှင် ရှဲ့လော့ မေးခွန်းကို ပြန်မဖြေဘူး။ ပါးစပ်ထဲက အစားအစာကိုပဲ ဆက်ဝါးရင်း ညကောင်းကင်ကို မော့ကြည့်တယ်။
“မင်း အသက်ရှင် ချင်လား။” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။
“ဒါပေါ့။”
“ဒါဆိုရင် လွယ်ပါတယ်။ ဒါကိုစားလိုက်။ မင်း အသက်ရှင် လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ စွမ်းအားတွေကို သုံးလို့ ရမှာ မဟုတ်တော့ဘူး။”
“စွမ်းအားတွေ ဆက်ထိန်းထား နိုင်ပြီးတော့ အသက်လည်း ရှင်နိုင်မယ့် တစ်ခုခု မရှိဘူးလား။”
“မရှိဘူး။”
“ဒါလေးတောင် မသိပဲနဲ့ ကိုယ့်ကိုယ်ကို သုခမိန်လို့ ဘယ်လိုတောင် ခေါ်နိုင်ရတာလဲ။ အသုံးဝင်တာလေးတောင် မရှိဘူး။ လူတစ်ယောက်ကို ကူညီတာက တခြားသူကို အားကိုးတာထက် ပိုကောင်းတာပဲကို။ ကိုယ့်ဘာကိုယ်ပဲ နည်းလမ်း ရှာတော့မယ် သွားပြိ။”
“နေအုန်း။”
“ဘာ လိုချင်သေးလို့လဲ။ လူလိမ် လူညာ အဖိုးကြီး။”
“လိမ်တယ် ဟုတ်လား။ မင်း ကောင်စုတ်လေး။ ငါ့ကို တွေ့ဖို့ ငိုယို တောင်းပန်နေတဲ့ လူတွေ ဘယ်လောက်တောင် ရှိနေလဲ မင်းသိလား။ ဒါတောင် ငါ သူတို့ကို ငြင်းထားတာ။”
“အဲ့ဒီ့တော့။ ကျွန်တော့်ကို ကယ်ဖို့ ခင်ဗျားက ငိုယို တောင်းပန် မလို့လား။”
“မင်း မောက်မာလိုက်တဲ့ ကြွက်စုတ်ကောင်။ မင်း တကယ်ပဲ မင်းရဲ့ စွမ်းအားတွေကို ဆက်ပြီး ထိန်းသိမ်း ထားချင်တာလား။”
“ဟုတ်တယ်။”
“ကောင်းပြီ။ မင်းရဲ့ စွမ်းအားတွေကို ဆက်ထိန်းသိမ်းလို့ ရအောင် ငါလုပ်ပေးမယ်။ ဒါပေမယ့် မင်း အသက်ကိုတော့ ငါ မကယ်နိုင်ဘူး။”
“လာ နောက်နေတာလား။”
“ငါက အားအားယားယား မင်းကို စနောက် နေတဲ့ပုံ ပေါ်လို့လား။ ငါ့မှာ မင်းရဲ့ အစွမ်းကို ထိန်းထားပြီး အသက်လည်း ရှင်အောင် လုပ်ပေးနိုင်တဲ့ ဆေးလုံး တစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မင်း ဘယ်လောက် ကြာကြာ အသက်ရှင် နိုင်မလဲတော့ ငါလည်း မသိဘူး။”
“ဒါဆိုရင် အနည်းဆုံး အသက်ရှင်နိုင်တဲ့ အချိန်က ဘယ်လောက်လဲ။”
“၂ နှစ်။”
“အများဆုံး အသက်ရှင်နိုင်တဲ့ အချိန်ကရော။”
“၃နှစ်။”
“ဟာသလုပ် နေတာလား။”
“မင်း ဒီ ဆေးစားမလား မစားဘူးလား ဆိုတာ မင်း အပေါ်ပဲ မူတည်တယ်။ ဒါပေမယ့် မင်း မစားရင်။ နောက်တစ်လ ကျော်တဲ့ အချိန် အသက်ကော စွမ်းအားကော ပျောက်သွားလိမ့်မယ်။”
“သုံးနှစ် တိတိ အသက်ရှင်အောင် ဘယ်လို လုပ်ရမလဲ။”
“ဆေးကို အချိန် မှန်မှန်ဟား။”
“ဘယ်လို အချိန် မှန်မှန်စားရမှာလဲ။“
“တစ်လ တစ်လုံး မှန်မှန် စားရမယ်။ ဝူယွဲ့အာကို ဆေးလုံးတွေ ပေးထားလိုက်မယ်။ အချိန် ကျလာရင် သူက မင်းကို ဆေးလာ ပေးလိမ့်မယ်။ ဒါပေမယ့် လိုတာထက်တော့ ပို မစားမိစေနဲ့။ ဆေးလုံး တစ်လုံး ပိုစားရင် မင်းရဲ့ အသက်က တစ်လ တိုသွားလိမ့်မယ်။”
“ကျွန်တော်က အရူးမှ မဟုတ်တာ။ ဘာဖြစ်လို့ တစ်လုံးထက် ပိုစားရ မှာလဲ။”
“ဘယ်သူ သိနိုင်မှာလဲ။”
“အဲ့တာ ဘာပြောချင်တာလဲ။ ဒါကို စားပြီးရင် စွမ်းအားတွေ တိုးလာမှာလား။”
“စွမ်းအားတွေ တိုးလာမယ်။ ကောင်လေး မင်းက ကြံကြံဖန်ဖန် တွေးတတ်တာပဲ။ အဲ့တာ အရေးပါလို့လား။ အကယ်၍ မင်းသာ အင်အားတိုးချင်ရင် ငါ့မှာ။ အဟွတ် ဟွတ်။ ငါပြောချင်တာ ဒီဆေးကို စားလိုက်ရင် မင်းရဲ့ စွမ်းအားက ၁ နာရီအတွင်း နှစ်ဆ တိုးသွားလိမ့်မယ်။”
“နှစ်ဆ ဟုတ်လား။ လန့်စရာပဲ။ ဆေးလုံး တစ်လုံးတည်းနဲ့ အင်အား နှစ်ဆ တိုးမယ် ဆိုရင် ၂ လုံးစားရင် လေးဆ တိုးမလား။”
“အင်း။ အဲ့တာက မင်းရဲ့ မူလ စွမ်းအား အရင်းအမြစ် ပေါ်ပဲ မူတည်တယ်။ တစ်ခါတည်း ဆေးလုံး ၁၀ လုံး စားလိုက်ရင် မင်းရဲ့ အင်အားက ဆယ်ဆ တိုးသွား လိမ့်မယ်။”
“ဝိုး။ ဒါက နတ်ဆေးလား။”
“ဒါပေါ့။ ငါ့ရဲ့ မဟာ ဖန်တီးမှုလေ။ တခြား နတ်ဆေးတွေနဲ့ လုံး၀ မတူဘူး။ ဒီဆေးကို ငါ တစ်ယောက်ပဲ ဖော်စပ် နိုင်တယ်။”
“ဒီ ဆေးကို ဘယ်လို ခေါ်လဲ။”
“ကောင်းကင် အိုအေစစ် * ဆေးလုံး။ ”
“ဘာဖြစ်လို့ ခင်ဗျားနဲ့ နာမည် တူနေရတာလဲ။”
“ငါ့ နာမည် ငါပေးထားတာလေ။”
“ကျန်းရှီ ဆေးလို့ ခေါ်တာ ပိုကောင်းလိမ့်မယ်။ ခင်ဗျားက ဆေးဖော်ပြီး သုံးမှ မသုံးပဲ။ ကျွန်တော့်ကိုပဲ အကုန် ပေးမှာပဲ။ ဟုတ်တယ်ဟုတ်။“
“ယွဲ့အာက မင်းကို အရှက်မရှိတဲ့ ကြွက်စုတ်ကောင်လို့ ပြောဖူးတယ်။ ငါ့ စိတ်အထင်တော့ ဒီလိုခေါ် ခံရတာ စကားလုံးတွေတောင် သိက္ခာကျတယ်။”
“အမ်။ ကောင်းပြီလေ။ နာမည် ကောင်းကောင်းလေး မှည့်ပေး ပါအုန်း။”
“မင်းက လူ့ အဆင့်အတန်းထဲ ထည့်လို့ကို မရတာ။”
“ချီးမွမ်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဟို ဆေးလုံးတွေကို သိမ်းထားဖို့ ပေးပါအုန်း။ ကျန်းရှီ ဆေးလုံးတွေ ယူလာပေး။”
“ ငါပြော ထားတယ်လေ။ ယွဲ့အာကို ပို့ခိုင်းမယ်လို့။”
“ယွဲ့အာက အလုပ်များလွန်းတယ်။ သူ အချိန်မှီ ရောက်မလာရင် ဘယ်လို လုပ်မလဲ။ နောက်ပြီးတော့ သူ လာပေးဖို့ မေ့နေပြီး ကျွန်တော သေသွားရင်ကော။ ဆေးလုံးလေး ၃ထောင် ၅ထောင်လောက် ပေးထားလိုက် ပါလား။”
“၃ ထောင် ၅ ထောင် ဟုတ်လား။ ဒီ ဆေးလုံးတွေကို ဆန်စေ့ တွေများ မှတ်နေလား။ ငါ့မှာ အခု ဆေးလုံး ငါးလုံးပဲ ရှိတယ်။ ငါ ကိုယ်တိုင် ဆေးဖော်ရင်တောင် တစ်လ အတွင်း ၂လုံး ၃လုံးပဲ ရတယ်။ မင်းကို တစ်လုံးပဲ သိမ်းထားဖို့ ပေးနိုင်မယ်။”
“တစ်လုံးတည်း။ ကျွန်တော်က သူတောင်းစားလား။ ငါးလုံးမပြည့်ရင် မယူဘူး။”
“အများဆုံး ၂လုံးပဲ ပေးနိုင်မယ်။”
“လေးလုံး။”
“သုံးလုံး ပေးမယ်ကွာ။”
“သဘောတူတယ်။”
“နေစမ်းပါအုန်း။ မင်းက ငါ့ကို ခြိမ်းခြောက် ဓားပြ တိုက်နေတာလား။”
“ဝူယွဲ့အာရဲ့ ဆရာ။ သုခမိန် လေးယောက်ထဲက မဟာ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဖြစ်ပြီးတော့ ပြောပြီးသား စကားကို ကတိ မတည်တာမျိုး မလုပ်ဘူးလို့ ယုံပါတယ်။”
“မင်း ကြွက်စုတ်ကောင်။ ငါ မင်းကို ဆေး ၃လုံး ပေးလိုက်မယ်။ ဒါပေမယ့် အရေးပေါ် အခြေအနေ မရောက် မချင်း မစားနဲ့။”
“ကျွန်တော်က အရူးမှ မဟုတ်ပဲ။ အသက်တိုအောင် လုပ်တဲ့ ဒီ ကျန်းရှီ ဆေးလုံးတွေကို မုန့်စားသလို စားပြစ်မယ် ထင်နေတာလား။ ”
“…”
“ဂလု ဂလု။” ဆေးလုံးတွေကို ဝါးပြီးတဲ့ နောက်မှာတော့ မျိုချလိုက်တယ်။ ပင်းယန်ကို သူ စိုက်ကြည့်တယ်။ အရှင်ရှဲ့လော့ တစ်ကိုယ်လုံး တုန်ယင်သွားတယ် ဘာကြောင့်မှန်း မသိ ကြက်သီးတွေ ထလာခဲ့တယ်။ ဖန်ကျန်းရှီ အရင်ကနဲ့ ကွာသွားတာကို သူ သတိထားမိတယ်။
အရင်လို အမတ်မင်း ဝတ်ရုံကို ဝတ်ထားပြီးတော့ ဖြူဖျော့ နေဆဲပဲ။ ဒါပေမယ့် တစ်ခုခုတော့ ထူးခြားနေတယ်။ ဘာများ လွဲနေတာလဲ။ ပင်းယန်ကို ပွေ့ဖက်ထားတဲ့ ဖန်ကျန်းရှီကို အရှင် ရှဲ့လော့ ငုံ့ကြည့်တယ်။ သိလိုစိတ်နဲ့ နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်နေခဲ့တယ်။
ဖန်ကျန်းရှီက ပင်းယန်ကို ဖြည်းဖြည်းချင်း မြေပြင်ပေါ် ချလိုက်တယ်။ ဒီ့ မတိုင်ခင် ကတော့ ခွာကို မြှောက်ရင်း ဖန်ကျန်းရှီကို နင်းချေ ပြစ်ဖို့ အရှင်ရှဲ့လော့ တွေးထားခဲ့တာ။ ဒါပေမယ့် အခုတော့ သူ မလုပ်တော့ဘူး။ အကြောင်းရင်း အတိကျ မရှိပေမယ့် စိတ်ထဲမှာ ခံစား မိနေလို့ပဲ။ နတ်ဆိုး ဘုရင် တစ်ယောက်ရဲ့ ပြိုင်ဘက် ကင်းတဲ့ ပင်ကိုယ်သိစိတ်က သူ့ကို တားမြစ်နေတယ်။ စောင့်ရမယ်။ ဖန်ကျန်းရှီ တစ်ခုခု ထူးခြားတာ ဘာဖြစ်တာလဲ အတိအကျ သိတဲ့ အထိ စောင့်ရမယ်။ ပင်းယန်ကို နေရာချပြီးတဲ့ နောက် ဖန်ကျန်းရှီက ခေါင်းမော့လာတယ်။
“အွတ်။” အရှင်ရှဲ့လော့ တုန်ယင် သွားပြန်တယ်။ ဖန်ကျန်းရှီနဲ့ မျက်လုံးချင်း ဆုံသွားတဲ့ အချိန် သူ့ ရန်သူမှာ ဘာ လွဲနေလဲ သဘောပေါက် သွားတယ်။
သူ့ မျက်လုံးတွေ။
အရောင် အဆင်းမဲ့ မျက်လုံးတွေ ရှိနေတာပဲ။ အဖြူလည်း မဟုတ် အမဲလည်း မဟုတ်။ ဘာအရောင်ဆို ဘာ အရောင်မှ မရှိတာ။ ထွင်းဖောက်မြင်နေရတယ်။ ရေစက်လေး တစ်ခုလို ကြည်လင်နေတဲ့ မျက်လုံးတွေ။ မြင်ရတာ တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။
လူတစ်ယောက်ရဲ့ မျက်လုံးတွေ ကြည်လင် သွားရင် အထဲက အသားတွေကို မြင်ရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ မျက်လုံးကတော့ ကွာခြားနေတယ်။ သူ့ မျက်လုံးထဲမှာ အရှင်ရှဲ့လော့ မြင်နေရတာ အများကြီးပဲ။ သူ့ရဲ့ ရုပ်သွင်ကို မှန်တချပ်မှာ ကြည့်နေသလို မြင်ရတာ အပြင်။ အက်ကွဲနေတဲ့ မြို့နံရံတွေ ကောင်းကင်က ကြယ်တွေကိုပါ မြင်ရတယ်။
မှန်တချပ်က သူ့ ရှေ့က ပစ္စည်းတွေကိုပဲ ရောင်ပြန် နိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ မျက်လုံးကတော့ သူ့ မျက်စိရှေ့မှာ ရှိတာကိုတင် ရောင်ပြန် နေတာ မဟုတ်ဘူး။ တောင်တန်းတွေ မြစ်ချောင်းတွေ ပင်လယ် သမုဒ္ဒရာတွေ သစ်တောတွေ ပန်းမာန်တွေ အဆုံးမရှိနိုင်အောင် ရောင်ပြန်ဟပ်နေခဲ့တယ်။
“ဒီကောင်စုတ်။ သူက ဘာကြီးလဲ။” ဖန်ကျန်းရှီရဲ့ မျက်လုံးကို ကြည့်ရင်း အရှင်ရှဲ့လော့ ခံစားချက်တွေ ထူးဆန်းလာတယ်။ ဒါက သူ့ကို ဝါးမျိုနေသလိုပဲ။ သူရုတ်တရက် မျက်လုံး ပြူးသွားပြန်တယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ဓားတစ်ချောင်း ရောက်နေခဲ့တယ်။ ကြည့်ရတာ သာမာန် ဓားတစ်ချောင်း လိုပဲ။
သာမာန်ဓား မဟုတ်တာတော့ သေချာတယ်။ ဓားထိပ်မှာ သွေးစွန်းနေသလို ခရမ်းရောင် အမှတ်လေး ရှိနေခဲ့တယ်။ ဒီ အမှတ်လေးက အလင်းရောင် တောက်ပလာတယ်။ ဓားတစ်ချောင်းလုံးကို ခရမ်းရောင် အလင်းတန်းတွေ ဝါးမျိုသွားတယ်။ ထူးဆန်းတဲ့ အစိုင်အခဲ ဓားတစ်ချောင်း သဏ္ဍာန် ပေါ်လာခဲ့တယ်။
ဖန်ကျန်းရှီရဲ့ တကိုယ်လုံးကနေ သတ်ဖြတ်လိုစိတ် အငွေ့အသက်တွေ ဖြာထွက်လာခဲ့တယ်။ သူ့ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ရုပ်နာမ် ရှိတဲ့ တည်ရှိမှု တစ်ခုလို စွမ်းအင်တွေက စုစည်းရင်း လေပွေလှိုင်း တစ်ခု ဖြစ်ပေါ်လာပြီး တိုက်ခတ် တော့တယ်။
“ခြေရာမဲ့ ဓားပဲ။”
“ခြေရာမဲ့ ဓားက တောင်ပိုင်း ဒေသမှာ ရှိနေ သင့်တာ မဟုတ်ဘူးလား။ ဖန်ကျန်းရှီ လက်ထဲ ဘယ်လို ရောက်နေတာလဲ။”
“သူ တောင်ပိုင်းဒေသကို သွားသေးတာလား။”
ဖန်ကျန်းရှီ လက်ထဲက ဓားကို မြင်တော့ တောင်ဖြို တပ်ဖွဲ့ အထိတ်တလန့် ဖြစ်ကုန်တယ်။ ဒီဓားရဲ့ ဂုဏ်သတင်းက ကြီးမားလွန်းတယ်လေ။ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားလည်း ဖြစ်ခဲ့ဖူးတယ်။
“ဒီ ကောင်စုတ်လေးကို .. ဓား အစွမ်းက ဝါးမျို သွားတာလား။” ရှင်းယွမ်ကောင်း တွေးမိတယ်။ တောင်ပိုင်း ဒေသ တိုက်ပွဲ။ အေးခဲ မျောက်မင်း ဒေသမှာ ဖန်ကျန်းရှီက ခြေရာမဲ့ ဓားကို ဆွဲကိုင်ပြီး ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးတွေ အားလုံးကို သတ်ဖြတ်ခဲ့တယ်။ ဒီမြင်ကွင်းက ရှင်းယွမ်ကောင်း စိတ်ထဲ ထင်ရှားနေဆဲ။ ဒါက စွမ်းအင် မဟုတ်ဘူး။ ဖန်ကျန်းရှီကလည်း ဖန်ကျန်းရှီ မဟုတ်တော့ဘူး။ (ဝါးမျိုခံလိုက်ရတာ)
“မဟုတ်ဘူး။ သူ့မျက်လုံးတွေက ခရမ်းရောင် မဟုတ်ဘူး။ ကြည်လင်နေတယ်။ နေစမ်းပါအုန်း။ ကြည်လင် နေတာလည်း မဟုတ်ဘူး။ ထွင်းဖောက် မြင်နေရတာ။”
ဒီလို ထူးဆန်းတဲ့ မျက်လုံးမျိုး ရှင်းယွမ်ကောင်း တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးဘူး။ ထွင်းဖောက် မြင်နေရတဲ့ အပြင် တလက်လက် တောက်ပနေတဲ့ မျက်လုံးတွေ။
“ဝုန်း။”
ဖန်ကျန်းရှီ နောက်ဆုံးတော့ လှုပ်ရှားပြီ။ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ အရှင် ရှဲ့လော့ဆီ ပြေးဝင်လာတယ်။
“မင်းက သေချင်နေတယ်ပေါ့။ ဟ ဟား။” ဖန်ကျန်းရှီရဲ့ ထူဆန်းတဲ့ မျက်လုံးတွေကြောင့် အရှင်ရှဲ့လော့ လန့်မိပေမယ့် သူ မကြောက်ဘူး။
သူတစ်ကိုယ်လုံးက အကြေးခွံတွေ အသစ် ပြန်ဖြစ် နေပြီလေ။ ရွှေရောင် အလင်းတန်းရဲ့ အောက်မှာ သူ့ ကြေးခွံ အသစ်တွေက တလက်လက် တောက်ပနေတယ်။ ခန္ဒာကြီးက လေထဲကို မြောက်တက်သွားတယ်။ အရှိန်ပြင်းပြင်းနဲ့ ဖန်ကျန်းရှီဆီကို ခုန်ချ သွားတယ်။ အဲ့ဒီ့နောက ဖန်ကျန်းရှီက ပျောက်ကွယ်သွားတယ်။ ပြောရရင် ပတ်ဝန်းကျင် သတ်ဖြတ်လိုစိတ် လေဝဲကြီးနဲ့ ပေါင်းစည်း သွားခဲ့တာ။
“သေစမ်း။” အေးစက်စက် အသံက လေဝဲထဲကနေ ထွက်ပေါ်လာတယ်။ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ မုန်တိုင်းကြီးနဲ့ နဂါးတစ်ကောင် အဖြစ်ကို ပြောင်းလဲတယ်။ တကယ့် နဂါး အစစ် တစ်ကောင် ထွက်ပေါ်လာတဲ့ အတိုင်းပဲ။ နဂါးကြီးက ကောင်းကင်မှာ ဟိန်းဟောက်တယ်။ မိုးစက်တွေ ကောင်းကင်ကနေ စီးကျလာတယ်။ တစ်စက် နှစ်စက်ကနေ သည်းထန်တဲ့ မိုးရွာသွန်းမှုကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။
မြေပြင်ပေါ်က သွေးစက်တွေ အားလုံးကို မိုးရေက ဆေးကြောပြစ်တယ်။ ပင်းယန်ရဲ့ ရင်ဘတ်ပေါ်က သွေးစက်တွေလည်း ပြောင်စင် သွားခဲ့ပြီ။ လျှပ်စီးတွေ လက်လာပြီး မိုးခြိမ်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ လျှပ်စီးရဲ့ အလင်းတန်း အောက်မှာ ပင်းယန်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို မြင်နေရတယ်။ အဲ့ဒီ့နောက် အလင်းတန်း တစ်ခု ပင်းယန်ရဲ့ ရင်ဘတ်ပေါ်မှာ တောက်ပ လာတော့တယ်။
လည်ဆွဲရဲ့ ဆွဲသီးလေး တစ်ခုပဲ။ မျက်ရည်စက် ပုံစံ ဆွဲသိးလေးတစ်ခု။ မှိန်ဖျော့ဖျော့ တောက်ပနေတယ်။ မုန်တိုင်းထန်နေတဲ့ ညရဲ့ ကြယ်တစ်စင်းလိုပဲ။ ဒါပေမယ့် ဘယ်သူကမှ ဒီ အလင်းတန်းကို သတိ မပြုမိကြ။ ကောင်းကင်က နဂါးကိုပဲ လူတိုင်း အာရုံ စိုက်နေခဲ့တယ်။ နဂါးကြီးက ကောင်းကင်မှာ လူးလားခတ် ပျံသန်းရင်း ကြောက်မက်ဖွယ် အရှိန်အဝါတွေ ထုတ်လွှတ် နေခဲ့တယ်။ အထီးကျန်မှုနဲ့ ဒေါသတွေ ပေါင်းစည်းနေတဲ့ နဂါးကြီး။
နောက်ဆုံးတော့ နဂါးကြီးက ကောင်းကင်ကနေ ဆင်းသက်လာပြီ။ သူ့ အောက်မှာ ရှိနေတဲ့ အရှင် ရှဲ့လော့ဆီကို ပြေးဝင်လာတာ။ တစ်ကောင်တည်းသော စစ်မှန်တဲ့ နဂါးကြီး။ မြေပြင်ကနေ ဖြစ်တည် လာပေမယ့်၊ သူ့ အထက်မှာ တခြားသူ ရှိနေမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။
အပိုင်း(၅၉၄)ပြီး၏။
အိုအေစစ်- သဲကန္တာရအလယ်-လွင်တီးခေါင်အလယ်မှ-မြေသြဇာကောင်း၍ စိမ်းလန်းသောအရပ်။
အပိုင်း (၅၉၅)
“ဓားချက် တစ်ချက်တည်းနဲ့ ခုတ်ပိုင်း ပြစ်ခြင်း။”
ဘာသာပြန်သူ - Enri Thaw
…
မုန်တိုင်းကြီး ကျရောက်လာပြီ။ ရန်မြို့တော် တစ်ခုလုံး မိုးသက်လေပြင်း ကျရောက်ပြီး ရေကြီးတော့တယ်။ ဒါပေမယ့် လမ်းပေါ်မှာ ရပ်နေတဲ့ ဘယ်သူမှ ထီးမဆောင်းကြဘူး။ မိုးရေတွေ သူတို့ခေါင်းပေါ်ကို ဆက်တိုက် စီးကျနေတယ်။ မြေပြင်ပေါ်မှာ ရေအိုင်တွေ ဖြစ်ပေါ်လာပြီ။
ရန်မြို့တော် မေ့လျော့ခံ မထင်မရှား ဂိတ်တံခါး တစ်ခုမှာ ဝတ်ရုံနက် လူ ဆယ်ယောက် ရပ်နေခဲ့တယ်။ တစ်ယောက် ချင်းစီရဲ့ ကျောပေါ်မှာ ဓားတွေကို လွယ်ထားခဲ့တယ်။ မိုးရေတွေက သူတို့ ဓားတွေပေါ်ကို စီးကျနေတဲ့ အတွက် ဓားပေါ်က အညစ်အကြေးတွေ အကုန်လုံး ပြောင်စင်ပြီး တောက်ပနေခဲ့တယ်။
အကုန်လုံး ဦးထုပ် ဆောင်းထားခဲ့တယ်။ လူတွေ အားလုံးရဲ့ အရှေ့မှာ လှပပြီး နူးညံ့တဲ့ အမျိုးသမီး တစ်ယောက် ရပ်နေခဲ့တယ်။ သူမရဲ့ ရေတံခွန်လို ဆံကေသာတွေက ပုခုံးပေါ်ကို ဝဲကျနေတယ်။ လျှပ်စီး အလင်းပြန်တဲ့ အချိန်တိုင်း သူမရဲ့ နှင်းလို ဆွတ်ဆွတ်ဖြူတဲ့ အသားအရည်က ဝင်းလက်လာတယ်။ မျက်ခုံး နှစ်ခုကြားမှာ ဟသာၤပြဒါးရောင် အနီစက်လေးတစ်ခု ရှိနေခဲ့တယ်။ မိုးရေတွေ သူမ ကိုယ်ပေါ်ကို စီးကျနေတဲ့ အတွက် သူမရဲ့ ကိုယ်ခန္ဒာ ကောက်ကြောင်းက ပိုထင်ရှားလာတယ်။ အရင်ကထက်တောင် ပိုပြီးတော့တောင် လှလာသေး။
“ဝူယွဲ့အာ။ အရိပ်မျိုးနွယ် ခေါင်းဆောင် ရောက်လာပြီ။” သူမနဲ့ မျက်နှာချင်းဆိုင် ဘက်ကနေ အသံတစ်သံ ထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အိုမင်းနေတဲ့ အဖိုးကြီးတစ်ယောက် ဂိတ်တံခါးကနေ ထွက်လာခဲ့တယ်။ သူ့က ပုံမှန် လူတစ်ယောက်လိုပဲ။ ဒါပေမယ့် နဖူးပေါ်မှာ ပတ္တမြားတစ်လုံးလို တောက်ပနေတဲ့ ကျောက်မျက်ရတနာ ရှိနေခဲ့တယ်။ သူ့မျက်လုံးတွေ ထဲမှာ ကြောက်စရာ အလင်းတန်းတွေ ဖြာထွက်နေတယ်။ ထူးဆန်းတဲ့ ဒီမြင်ကွင်းက ကြောက်လန့်စရာ ကောင်းလွန်းတယ်။
နောက်ပြီးတော့ သူ့ နောက်မှာ မျက်နှာဖုံးစွပ် ဝတ်ရုံနက် ရာချီ ရှိနေခဲ့တယ်။ သူတို့ရဲ့ ဝတ်ရုံတွေကို ဖြာထွက်ပြီး အလင်းတန်းတွေ တောက်ပနေတယ်။ ဒီမြင်ကွင်းက သာမာန်တော့ မဟုတ်ဘူး။
ဦးထုတ်နဲ့လူ ဆယ်ယောက်ကျော်တည်းနဲ့ ဝတ်ရုံနက် အယောက် တစ်ရာကျော်ကို တိုက်ခိုက်ဖို့က လန့်စရာ ကောင်းလွန်းနေတယ်။ ဒါပေမယ့် ဦးထုပ်နဲ့လူ ဆယ်ယောက်ကျော် စောင့်ကြပ်တဲ့ ဂိတ်တံခါး အပြင်ကို ဝတ်ရုံနက် ဝတ်ထား လူတစ်ယောက် ထွက်လာခဲ့တယ်။
“ယဉ်ဖုန်း။ အမှောင်ဒေသရဲ့ မျိုးနွယ် ခေါင်းဆောင်။ ဟုတ်တယ်ဟုတ်။ နင့်ရဲ့ အကို ယဉ်ရှန်ကလည်း အမှောင် ဒေသကပဲ ဟုတ်တယ်မလား။ ဒါပေမယ့် သူသေတဲ့ အချိန်တုန်းက မျိုးနွယ်စု လက်ထောက် ခေါင်းဆောင် အဆင့်ပဲ ရှိသေးတယ်။ ငယ်ငယ် ရွယ်ရွယ်လေးနဲ့ သေသွားရပြီ။” ဝတ်ရုံနက်လူ ဂိတ်တံခါး ပြင်ကို ထွက်လာတာ မြင်ချိန်မှာ ဝူယွဲ့အာ စကား ပြောပြီ။
“ဟုတ်တယ်။” ယဉ်ဖုန်း ခေါင်းငြိမ့်တယ်။ သူ့ အကြောင်းကို ဖုံးကွယ်ဖို့ စိတ်ကူးမရှိဘူး။ ဒီမေးခွန်း ဖြေနေရတာ သူနဲ့ မဆိုင်တဲ့ အတိုင်းပဲ။
“ညီအကိုတွေက သေမင်း နိုင်ငံကို သွားတဲ့ လမ်းမှာ ပြန်ဆုံကြတယ်။ အဲ့ဒီ့ လမ်းမှာ ပြန်တွေ့မှာပါ။” ဝူယွဲ့အာ ရယ်မောရင်း ပြောတယ်။
“ ငါကြားတာတော့ အရိပ် မျိုးနွယ်က စီးပွားရေး သမားတွေ ဆိုပဲ။ ဝူယွဲ့အာက စီးပွားရေး အရမ်းဆန် တယ်တဲ့။ လူတစ်ယောက်ရဲ့ အသက်ကို ရွှေသား တစ်သောင်းနဲ့ ဝယ်လို့ရလား။”
“ ရတာပေါ့။ ဒါပေမယ့် ဈေးကိုတော့ နစ်ဆ ပေးရမယ်။ နင်ယူထားတဲ့ ပစ္စည်းအားလုံးကို ချန်ထားခဲ့ ရမယ်။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။
“ရွှေသား ငါးသောင်း ပေးမယ်။ ပစ္စည်းတွေကို ယူသွားမယ် ဆိုရင်ကော။”
“အရိပ်မျိုးနွယ်က စီးပွားရေး လုပ်တဲ့ အချိန် ဈေးနှုန်းကိုပဲ ပြောတယ်။ ဈေးမဆစ်ဘူး။”
“နားလည်ပြီ။ စဉ်းစား ပါရစေအုန်း။” ယဉ်ဖုန်း နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားတယ်။
“အမွှေးတိုင် တိုင်တစ်ဝက်စာ အချိန် စဉ်းစားခွင့် ပေးမယ်။” ဝူယွဲ့အာ သူ့ကို မတားဘူး။
ဒီ အချိန်မှာပဲ လျှပ်စီးတန်းကြီး တစ်ခု ကောင်းကင်ပေါ်မှာ ဖြာထွက်လာတယ်။ ဒီ အလင်းတန်းကြီးက တခြား အလင်းတန်းတွေနဲ့ မတူဘူး။ တွန့်ကောက်နေတဲ့ အလင်းတန်းကြီး တစ်ခုပဲ။ သိပ်မကြာခင် မိုးခြိမ်းသလို နဂါးဟိန်းသံကြီး တစ်ခု လေထဲကို ပျံ့လွင့်လာတယ်။ တိမ်စိုင်တွေကို ဖြတ်ပြီးတော့ နဂါးကြီး ပေါ်လာခဲ့တယ်။
“အမ်။” ဝူယွဲ့အာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တယ်။ သူမရဲ့ တည်ငြိမ်တဲ့ အမူအယာ ချက်ခြင်း ပျောက်ကွယ် သွားခဲ့တယ်။ “အဲ့တာ ဖန်ကျန်းရှီလား။”
တစ်ချက်လေးတောင် မတွေဝေပဲ ဝူယွဲ့အာရဲ့ ခန္ဒာကိုယ်က နေရာကနေ ပျောက်ကွယ် သွားတယ်။ သူမရဲ့ ပုံရိပ်က အဝေးကြီးမှာ ရှိနေတဲ့ ခေါင်မိုး တစ်ခုပေါ်မှာ ပေါ်လာခဲ့တယ်။ လျှပ်စီးလက်သလိုပဲ။
“မျိုးနွယ် ခေါင်းဆောင်။ ကြည့်ရတာ ဝူယွဲ့အာ ထွက်သွားတဲ့ ပုံပဲ။” ဂိတ်နောက်မှာ ရပ်နေတဲ့ မျက်နှာဖုံးစွပ် လူတစ်ယောက် ဝူယွဲ့အာ ပျောက်ကွယ် သွားတာကို သတိထားမိလိုက်တယ်။
“ဒါ ငါတို့ကို အပြင်ထွက်လာအောင် သွေးဆောင်တဲ့ လှည့်ကွက်လား။” နောက်ထပ် မျက်နှာဖုံးစွပ် တစ်ယောက် ခပ်တိုးတိုး ပြောတယ်။
“မဟုတ်ဘူး။ ဖန်ကျန်းရှီမှာ တစ်ခုခ ဖြစ်နေပြီ။” ယဉ်ဖုန်း မုန်တိုင်းကြားက ဝူယွဲ့အာကို ကြည့်ရင်းနဲ့ ပြောတယ်။ အေးစက်စက် အလင်းတန်း တစ်ခု သူ့ မျက်လုံးထဲမှာ တောက်ပလာတယ်။ “ရတောင့် ရခဲ အခွင့်အရေး ကြီးပဲ။ သွားကြစို့။”
“အမိန့်အတိုင်းပါ။” ဝတ်ရုံနက် အယောက် တစ်ရာ ချက်ခြင်း ပြန်ဖြေတယ်။
ဂိတ်တံခါး အပြင်မှာတော့ ဦးထုပ် ဆောင်းထားတဲ့ လူတွေ တိတ်တဆိတ် ရပ်နေကြတယ်။ ဘယ်သူကမှ ဝူယွဲ့အာ နောက်ကို လိုက်မသွားဘူး။
“ချင်းရီ။ သူတို့ ထွက်ပြေးတော့မယ်။ ငါတို့ ဘယ်လို လုပ်မလဲ။”
“နင်သာ ခေါင်းဆောင် ဆိုရင် ဘယ်လို လုပ်မလဲ။” အမျိုးသမီး တစ်ယောက် ရဲ့ အသံထွက်ပေါ်လာတယ်။
“တိုက်ခိုက်မယ်။”
“အကယ်၍ နင်သာ ကမ်းလှမ်း အရှင်သခင် ဖြစ်ရင်ကော။”
“အရှင်သခင် ဘာလုပ်မလဲ ဆိုတာတော့ ငါ မခန့်မှန်း နိုင်ဘူး။” ဦးထုပ်နဲ့လူ ခေါင်းခါရင်း ပြောတယ်။
“ဒါဆိုရင် ငါတို့ ခေါင်းဆောင် လုပ်မှာကို လုပ်မယ်။ တိုက်ခိုက်ကြ။”
“အမိန့် အတိုင်းပါ။”
…..
ရန်မြို့တော် ဂိတ်တံခါးမှာ အခြေအနေတွေ ပြင်းထန်နေတယ်။ သူတို့ရဲ့ မျက်လုံးတွေက တွန့်ကွေးနေတဲ့ အလင်းတန်းကြီးကို သာ အာရုံစိုက်နေကြတယ်။ ဒီအလင်းတန်းကြီး က အထီးကျန်တယ် ကြောက်မက်ဖွယ် အရှိန်အဝါတွေ ဖြာထွက်နေတယ်။
“ဝုန်း။” နားကန်းမတတ် အသံကြီး ထွက်ပေါ်လာတယ်။ ဒီ အလင်းတန်းကြီးက အရှင်ရှဲ့လော့ကို ရိုက်ခတ်တယ်။ အလင်းတန်းကြီး နှစ်ခုက တစ်ခုကို တစ်ခု ဖြတ်ထွက်သွားတယ်။ ကြောက်စရာ နဂါးဟိန်းသံကြီးနဲ့ စူးရှတဲ့ အော်သံ တစ်ခု ထွက်လာခဲ့တယ်။ အသက်ရှူ မှားလောက်စရာ သံစဉ်တွေ ထွက်ပေါ်လာပြီး နောက်မှာတော့ ချက်ခြင်း တိတ်ဆိတ် သွားခဲ့တယ်။ ဒီ အချိန်မှာပဲ မုန်တိုင်းကြီးလည်း အားလျော့သွားတယ်။ ကျန်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ နှလုံးတုန်ဖွယ် နဂါးဟိန်းသံပဲ။
“ဝေါင်း။”
အဲ့ဒီ့နောက် သားရဲကောင် အော်သံ တစ်ခုလည်း ထွက်လာခဲ့တယ်။ ကြက်သွေးရောင် သွေးမိုးတွေ ကောင်းကင်ကနေ စီးကျလာတယ်။ မုန်တိုင်းနဲ့ ပေါင်းစပ်ပြီး မဟူရာရောင် ကောင်းကင်မှာ အနီရောင် တိမ်တွေ ဖြစ်ပေါ်လာပြီ။ နဂါးဟိန်းသံက သိပ်မကြာခင် တိုးတိတ် သွားခဲ့တယ်။ မည်းနက်တဲ့ သတ္တဝါကြီး တစ်ကောင် ကောင်းကင်ကနေ ပြုတ်ကျလာတယ်။ မြေပြင်ကို အရှိန် ပြင်းပြင်းနဲ့ ဝင်ဆောင့်တယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ။”
“ဖန်ကျန်းရှီ ရှုံးသွားတာလား။”
“အခု ကျလာတဲ့ အရိပ်မည်းကြီးက ဘယ်ကလဲ။”
မရေမတွက် နိုင်တဲ့ မျက်လုံးတွေ မြေပြင်က အရိပ်ဆီ ရောက်လာခဲ့တယ်။ အဲ့ဒီ့နောက် ဒီအရိပ်မည်းကြီးက ဘာလဲဆိုတာ သိသွားခဲ့တယ်။ သူတို့အားလုံး မျက်လုံးတွေ ပြူးကျယ်ကုန်ပြီ။ ဒါက ရှေ့ခြေထောက်ကြီး တစ်ဖက်ပဲ။ အရမ်းကို ကြီးမားတဲ့ သတ္တဝါကြီး တစ်ကောင်ရဲ့ ခြေထောက်။ ဒါပေမယ့် ဒီ ခြေထောက်ကြီး မြေပြင်ပေါ် ကျလာတဲ့ အချိန်မှာပဲ သွေးတွေက မြေပြင်တစ်ခုလုံး ရဲရဲနီ သွားတယ်။
“ဝေါင်း။” နောက်ထပ် သားရဲကောင် အော်သံ ထွက်ပေါ်လာတယ်။ လေထုထဲက ပုံရိပ်ကြီးကို လူတိုင်း ကြည့်နေခဲ့တယ်။ အဲ့ဒီ့ သားရဲကောင်ကြီးမှာ ရှေ့ ခြေထောက် တစ်ဖက် ပြတ်နေခဲ့တယ်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“ဒီကောင်စုတ်က တကယ်ပဲ သဘာဝလွန် အဆင့် ဟုတ်ရဲ့လား။”
“အင်အားကြီးလိုက်တာ။ နတ်ဆိုး ဘုရင် တစ်ယောက်ကိုတောင် ဒဏ်ရာ ရစေနိုင်တယ်။”
တောင်ဖြို တပ်ဖွဲ့၊ ရန်တိမ် တပ်ဖွဲ့အပြင် မြောက်ပိုင်း တပ်တွေတောင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ဓားတချက် တစ်ချက်တည်းနဲ့။ နတ်ဆိုးဘုရင်ရဲ့ ခြေထောက်ကို ဖြတ်ပြစ် နိုင်လိုက်ပြီ။ ပြန်လာတဲ့ နဂါးတိုက်ကွက်။
သဘာဝလွန် အဆင့်က ဖန်ကျန်းရှီ။ နတ်ဆိုးဘုရင်လို သုခမိန်တွေထက် အင်အား သန်မာတဲ့ ခန္ဒာကိုယ်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။ ဒါက မယုံနိုင်စရာပဲ။ ဘယ်သူမှ သူတို့ မျက်လုံးကို မယုံကြဘူး။ မယုံလည်း မယုံချင်ကြဘူး။
“ဖန်ကျန်းရှီ။” အရှင်ရှဲ့လော့ရဲ့ အော်သံကြီး ထွက်ပေါ်လာတယ်။ ဒါက သူ့ဘဝမှာ တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံး ဒေါသထွက်ဖူးတာပဲ။ မဟာ နတ်ဆိုးဘုရင် တစ်ယောက် အနေနဲ့ ဒီလို စော်ကားခံရတာက သည်းမခံ နိုင်စရာပဲ။ နောက်ပြီးတော့ သူ့ ခေါင်းပေါ်မှာ ရပ်နေတဲ့ အရိပ်တစ်ခု ရှိနေခဲ့တယ်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတဲ့ ဓားတစ်ချောင်းကို လက်မှာ ကိုင်ထားတယ်။ သူ့ရဲ့ အနက်ရောင် ဝတ်ရုံက မိုးရေတွေ ရွှဲစိုနေ ခဲ့ပြီ။
သူစကား တစ်ခွန်းမှ မပြောဘူး။ ဒေါသ ထွက်နေတဲ့ အရှင်ရှဲ့လော့ ကိုသာ စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့ နှှုတ်ခမ်းထောင့်မှာ သွေးစက်တွေ စီးကျနေတယ်။ ဒါကို လျှပ်စီးလက်တဲ့ အချိန်တိုင်း မြင်နေရတယ်။
“သူ ဒဏ်ရာရ ထားတာပဲ။”
“ဒါပေမယ့် ဒဏ်ရာရ နေတာတောင် နတ်ဆိုးဘုရင်ကို ခြေတစ်ဖက် ပြတ်အောင် လုပ်နိုင် သေးတယ်။ ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးလို့ပဲ။”
“ဟုတ်တယ်။ ဒါပေမယ့် သူ့ဒဏ်ရာက ဘယ်လိုလဲ။”
လူတိုင်းရဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ခပ်တိုးတိုး သက်ပြင်း ချမိကြတယ်။ ဒီ ခြောက်ခြားစရာ ကောင်းတဲ့ မြင်ကွင်းက လူတိုင်းရဲ့ စိတ်ထဲကို စွဲထင် သွားပေမယ့် ဖန်ကျန်းရှီက အနိုင်ရသေးတာ မဟုတ်ဘူးလေ။ သုခမိန်ထက် သန်မာတဲ့ နတ်ဆိုး ဘုရင်ကို အနိုင်ရဖို့ မလွယ်ဘူး။
“ဖန်ကျန်းရှီ။ မင်းရဲ့ အင်အားတွေ အားလုံးကို တစ်ချက်တည်းနဲ့ သုံးလိုက်ရလို့ အားကုန် သွားပြီလား။ ဒါပေမယ့် ငါကတော့ အားမကုန်သေးဘူး။ သေပေရော့။” အရှင်ရှဲ့လော့ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းက သွေးစက်တွေကို သတိ ပြုမိလိုက်တယ်။ သူ့ရဲ့ ရှေ့ခြေတစ်ဖက် ပြတ်သွားတာတောင် ဖန်ကျန်းရှီကို အလင်းလို အရှိန်နှုန်းနဲ့ တိုက်ခိုက် နိုင်တုန်းပဲ။
နောက်ပြီးတော့ တစ်ချိန်တည်းမှာပဲ အနီရောင် အလင်းတန်းတွေက မြို့နံရံ အောက်ကနေ တောက်ပလာတယ်။ ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ပတ်ဝန်းကျင်က အပျက်အစီးတွေ အားလုံးကို ဖယ်ရှားပြီး ကြောက်မက်ဖွယ် လှိုင်းတွေ ဖြာထွက်လာခဲ့တယ်။ သွေးနီရောင် အလင်းတန်းက ကောင်းကင် တစ်ခုလုံးကို ရဲရဲနီသွား စေတယ်။ ငရဲမီးတောက်တွေ လိုပဲ။ အနက်ရောင် ပုံရိပ် တစ်ခုက အနီရောင် အလင်းတန်း အလယ်မှာ ရပ်နေခဲ့တယ်။ သူ့ မျက်လုံးတွေက သွေးနီရောင် တောက်နေတယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျနေတယ်။ ဒီ သွေးတွေက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာပေါ်ကို စီးကျလာတယ်။
“ငါ့ .. ငါ့ကို က .. တိ ပေး .. ထားတာ .. မှတ်မိပါ။”အားနည်းတဲ့ အသံက ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ဖြူဖျော့နေတဲ့ ဒီမျက်နှာက မြေပြင်ပေါ်ကို မှောက်ကျပြီး မျက်လုံးတွေ ပိတ်သွားခဲ့တယ်။
“အား ..” အနက်ရောင် လူဆီကနေ အော်သံ ထွက်လာခဲ့တယ်။ ဒါက နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း လာတဲ့ အသံ။ ဒေါသတွေ ဝမ်းနည်းမှုတွေ လက်စားချေလို စိတ်တွေ ပေါင်းစည်းပြီး ဖြစ်လာတဲ့ အော်သံကြီး။
“အဲ့တာ ရန်ချန်လိ အသံပဲ။”
“အရှင်လီချင်း နတ်ရွာစံ သွားတာ ဖြစ်နိုင် မလား။”
“အရှင်။”
ကောင်းကင်ပေါ်က အော်သံကို သူတို့ အားလုံး ကြားလိုက်တယ်။ ဒါကြောင့် မြို့နံရံအောက်က အရှင်လီချင်းကို အာရုံ ရောက်သွားကြတယ်။ အရှင်လီချင်းရဲ့ မျက်လုံးတွေက ပိတ်နေခဲ့ပြီ။
“ဝုန်း။” မိုးခြိမ်းသံ ကြီးနဲ့ အတူ မြို့တစ်ခုလုံး တုန်ယင် သွားခဲ့တယ်။ တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ တလေးတစားနဲ့ ဦးညွှတ်ကြတယ်။ တိုက်ပွဲတွင်းမှာ ရှိနေတဲ့ အတွက် ဒူးတော့ မထောက်ကြဘူး။ ဒါပေမယ့် ဦးညွှတ်ကြတယ်။
အခု သေဆုံးသွားတာက ကြီးမြတ်သောရှ ရဲ့ ရှင်သန်နေတဲ့ ဒဏ္ဍာရီလာ သူရဲကောင်းကြီးလေ။ သူ့ရဲ့ နောက်ဆုံး ဘ၀ အချိန်မှာတောင် လူတိုင်းကို အမြင်ပွင့်အောင် လုပ်သွားခဲ့သေးတယ်။ ကောင်းကင်နဲ့ မြေပြင် ကြားက ဆက်သွယ်မှုကို ဖွင့်ပေးခဲ့တယ်။ အရှင်လီချင်းက သူတို့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေမယ့် လူတစ်ယောက်ပဲ။
“မစိုးရိမ်နဲ့ လီချင်း။ ငါ ရန်ချန်လိ၊ မင်းအတွက် လက်စားချေ ပေးမယ်။” အနီရောင် အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ ရန်ချန်လိ ကောင်းကင်ကို ဖြည်းဖြည်းချင်း မော့ကြည့်တယ်။ မုန်တိုင်းကြားမှာ တိုက်ခိုက်နေတဲ့ အရိပ် နှစ်ခုကို သူမြင်နေရတယ်။
“မလုံလောက် သေးဘူးလား။ ငါ့စွမ်းအားကို သုံးဆ မြှင့်လိုက်တာတောင် မလုံလောက် သေးဘူးလား။” ဖန်ကျန်းရှီက အရှင်ရှဲ့လော့ရဲ့ ရှေ့ခြေထောက်ကို ချိန်တာ မဟုတ်ဘူး။ သူ့ခေါင်းကို ချိန်တာ။ ဒါပေမယ့် ဓားက ပြစ်မှတ်ကို လွဲသွားခဲ့တယ်။
“ဝုန်း။” အရိပ်နှစ်ခု အဝေးကနေ တိုက်ခိုက် နေကြတယ်။ ဖန်ကျန်းရှီ နောက်ထပ် သွေးအန်ပြန်တယ်။ ဒါပေမယ့် လက်ထဲက ဓားကိုတော့ ကျစ်ကျစ် ပါအောင် ဆုပ်ထားဆဲ။ လူတစ်ယောက်က ဘဝမှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရမယ်။ တစ်ချို့က ဘယ်လောက် ကြိုးစားပါစေ မအောင်မြင် နိုင်တဲ့ အဖြစ်တွေကို ရင်ဆိုင်ရမယ်။ ဖန်ကျန်းရှီ အနည်းဆုံးတော့ ကြိုးစား ချင်သေးတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့မှာ တခြား ရွေးချယ်စရာမှ မရှိပဲ။ သူ ထွက်ပြေးနိုင်ဖို့ မမျှော်လင့်ဘူး။ သူ့နှလုံးသားက သူ့ကို နောက်မဆုတ်ဖို့ တားမြစ်နေတယ်။ ဘယ်လောက်ပဲ ထွက်ပြေးဖို့ အခွင့်အရေး ရပါစေ ထွက်မသွားဘူး။
“ရန်ရွှယ့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းက ဆိုးတော့ မဆိုးဘူးပဲ။” ဖန်ကျန်းရှီကို ကြည့်ရင်း ရန်ချန်လိ ပြောမိတယ်။ သူ့နှလုံးသားက တစ်ခဏတာ လှိုင်းထန် သွားခဲ့ပေမယ့် အခုတော့ တည်ငြိမ် သွားခဲ့ပြီ။ တစ်ချိန်တည်းမှာပဲ။ သွေးနီရောင် အလင်းတန်းကြီးက ကောင်းကင်မှာ နောက်တကြိမ် ဝေ့၀ဲ ပျံသန်းပြန်တယ်။ ဖန်ကျန်းရှီက အရှင်ရှဲ့လော့ ရှေ့ကို ရောက် နေခဲ့ပြီ။
“သေစမ်း။”
“ဝေါင်း။”
အသံ နှစ်ခုက တပြိုင်နက်တည်း ပေါ်လာခဲ့တယ်။ သွေးနီရောင် အလင်းတန်းက ရွှေရောင် အလင်းတန်းနဲ့ ထိတွေ့ပြီး ပေါက်ကွဲတယ်။ ရန်ချန်လိက ဖန်ကျန်းရှီ အရှေ့ကို ချက်ခြင်း ရောက်လာခဲ့ပြီ။ တိုက်ပွဲ အတွေ့အကြုံ ပြည့်ဝနေတဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူက မာနကြီးတယ်။ ဒါပေမယ့် လူတိုင်းထက် တည်ငြိမ်တယ်။
“ဖန်ကျန်းရှီ။ မင်း တိုက်ခိုက် နိုင်သေးလား။” ရန်ချန်လိက ပင်းယန်ကို လျစ်လျူရှုထားတယ်။ တစ်ချက်လေးတောင် မကြည့်ဘူး။ ကိစ္စတွေက ဒီ အခြေအနေထိ ရောက်လာခဲ့ပြီ။ နောက်ထပ် တွေဝေနေစရာ မရှီတော့ဘူး။
“တိုက်ခိုက်နိုင်တယ်။” ဖန်ကျန်းရှီ လေးကန်ကန် ခေါင်းငြိမ့်တယ်။
“ကောင်းပြီ ငါတို့ ... မင်းမျက်လုံးတွေ” ရန်ချန်လိ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ဖို့ ပြောဖို့ ပြင်တယ်။ ဒီ အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ထွင်းဖောက် မြင်ရတဲ့ မျက်လုံးတွေကို ကြည့်ရင်း သူ့ အမူအယာက ရုတ်ချည်း ပြောင်းလဲ သွားတယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ထူးဆန်းလွန်း နေတယ်။ ပြောပြဖို့ စကားလုံးတောင် ရှာမရဘူး။
“တောင်ပိုင်းဒေသ တိုက်ပွဲရဲ့ ဆိုးကျိုးတွေလေ။” ဖန်ကျန်းရှီက အတိုချုံ့ ရှင်းပြတယ်။ သူ့ နှှုတ်ခမ်းက သွေးတွေကို သုတ်ပြစ်လိုက်တယ်။
“မင်းရဲ့ ဒီ ဆိုးကျိုးက ဆိုးတော့ မဆိုးဘူးပဲ။” ရန်ချန်လိ နှှုတ်ခမ်းတွေ တွန့်ကွေးရင်း ပြောမိတယ်။
“ပင်းယန် အတွက် ရန်ကြွေးကို ချေပေးမယ်။” ဖန်ကျန်းရှီ ပြောတယ်။
“ငါက လီချင်းအတွက် လက်စားချေမှာ။” ရန်ချန်လိ ပြန်ဖြေတယ်။
“သူ့ကို သတ်ချင်လား။”
“ဒါပေါ့။”
“ဒါပေမယ့် သူက တစ်ခါပဲ သေလို့ရမှာ။”
“လူငယ် တစ်ယောက် အနေနဲ့ မင်းက ငါ့ကို လေးစားသင့်တယ်။” ရန်ချန်လိ ပြောတယ်။
“အကြီးအကဲ တစ်ယောက် အနေနဲ့ နောင်လာနောင်သားတွေကို အခွင့်အရေး ပေးသင့်ပါတယ်။”
“ငါက မပေးဘူး ဆိုရင်ကော။”
“ဒါဆိုရင် တစ်ယောက်ချင်းစီရဲ့ အစွမ်းအစပေါ် မူတည်ပြီး တိုက်ခိုက် ရမှာပဲ။”
“ကောင်းတယ်။ ရန်ရွှယ်ရဲ့ တစ်ယောက်တည်းသော သူငယ်ချင်းက ဘာများ အံ့သြစရာတွေ လုပ်နိုင်မလဲ ငါ သိချင်တယ်။” ရန်ချန်လိ ခေါင်းငြိမ့်တယ်။
“အနောက်ဘက်ကို စောင့်။ ကျွန်တော် တိုက်ခိုက်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြတယ်။
“မင်း အရင်တိုက်ခိုက် မှာလား။ သေချာလို့လား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တာ မြင်တော့ ရှေ့ထွက်ဖို့ ပြင်နေတဲ့ ရန်ချန်လိ ရပ်သွားတယ်။ သူ အံ့သြနေတာ အသိအသာပဲ။ ဖန်ကျန်းရှီကို သူ နားလည်သလောက်။ အတွေးအခေါ် နည်းစနစ် ကျကျ သွားရင် အရင်ဆုံး တိုက်ခိုက်ရမှာ ရန်ချန်လိပဲလေ။
“သေချာတယ်။” ဖန်ကျန်းရှီက လုံး၀ ဆုံးဖြတ်ထားပုံပဲ။
“ကောင်းပြီ။ ဒါဆိုရင် သွား။ မင်းကို နောက်ကနေ ကာကွယ်ပေးမယ်။” ဖန်ကျန်းရှီရဲ့ စိတ်သဘောကို ရန်ချန်လိ နားမလည်ဘူး။ ဒါပေမယ့် အဆုံးမှာတော့ သဘော တူလိုက်တယ်။
အပိုင်း(၅၉၅)ပြီး၏။
အပိုင်း (၅၉၆)
“နတ်မိစ္ဆာကြီး။ သူက တကယ့် နတ်မိစ္ဆာကြီး။”
ဘာသာပြန်သူ- Enri Thaw
ဖန်ကျန်းရှီရဲ့ စရိုက်ကို သိတဲ့ အတွက် အနောက်ပိုင်း လျန်ရဲ့ ဘုရင်ကြီးက သူ့ကို ဗွေမယူပါဘူး။ နတ်ဆိုး ကျောင်းတော်က ချီဟို့တောင် ရန်ချန်လိကို ဒီလို မပြောဖူးဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ဖန်ကျန်းရှီကို သူ ခွန်းတုံ့ပြန်ဖို့ စိတ်ကူးမရှိ။ သူတို့ရဲ့ အဆင့်အတန်းနဲ့ လုပ်ဆောင်နိုင်စွမ်းက တူညီနေတယ်လေ။
“ဝေါင်း။” အရှင်ရှဲ့လော့ရဲ့ ဟိန်းဟောက်သံ ထွက်လာတယ်။ သူတို့ နှစ်ယောက်ကြားက စကားသံ ပြတ်တောက်သွားတယ်။ ဂုဏ်ရှိတဲ့ နတ်ဆိုးဘုရင် တစ်ယောက် အနေနဲ့ သူ့ရှေ့မှာ သူ့ကို သတ်ဖို့ ဆွေးနွေးနေကြတာ ဘယ်ေ လာက်တောင် သိက္ခာကျဖို့ ကောင်းလိုက်သလဲ။ အသံကျယ်ကြီး နဲ့ ဟိန်းဟောက်ရင်း ပြတ်နေတဲ့ ခြေထောက်ကနေ ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ သွေးတွေ ချက်ခြင်း တိတ်သွားပြီးတော့ ခြေထောက် အသစ် ထွက်ပေါ်လာတယ်။
“မင်းတို့ ငါ့ကို ဘယ်လို သတ်မလဲ မြင်ရတာပေါ့။” အရှင်ရှဲ့လော့ရဲ့ ရွှေရောင် အလင်းတန်းတွေက ရေစီးသလို စီးကျလာတယ်။
“သူ့ ခြေထောက် အသစ် ထွက်လာတယ်ပေါ့။”
“ပြန်ကောင်းတဲ့ နှုန်းက ကြောက်စရာ ကောင်းလိုက်တာ။”
တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ပါးစပ် အဟောင်းသား ဖြစ်ရပြန်တယ်။ ဒါပေါ့ ဖြစ်လာမယ့် ကိစ္စ အတွက် သူတို့ စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီးသား။ အထူးသဖြင့် ပြိုင်ဘက်က နတ်ဆိုး ဘုရင် ဖြစ်နေရင်ပေါ့။
တခြား တဖက်မှာတော့ ရန်ချန်လိက မျက်တောင် တစ်ချက်တောင် မခတ်ဘူး။ ဒေါသတကြီးနဲ့ ပြေးထွက် ချင်နေတုန်းပဲ။ ဒါပေမယ့် သူ တည်ငြိမ်မှ ဖြစ်မယ်။ အရှင်လီချင်း အတွက် လက်စားချေနိုင်ဖို့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။
အရှင်ရှဲ့လော့ကို သွေးနီရောင် မျက်လုံးတွေနဲ့ သူ စိုက်ကြည့်တယ်။ ခေါင်း နှလုံး ဝမ်းဗိုက် သုံးနေရာကို သူ စူးစိုက်ကြည့်တယ်။ ဒီနေရာတွေမှာ နတ်ဆိုး ပုလဲ မရှိဘူး။
ဒါဆိုရင် ဘယ်မှာ ဖွက်ထားတာလဲ။
ရန်ချန်လိ သံသယ ဝင်လာတယ်။ အကယ်၍ နတ်ဆိုး ပုလဲ ရှိတဲ့ နေရာကို မထောက်လှမ်း နိုင်ရင် သူ့ရဲ့ ကြိုးပမ်းမှုတွေ အားလုံး အလကား ဖြစ်သွားလိမ့်မယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း နတ်ဆိုး ပုလဲ ရှိတဲ့ နေရာကို သိပုံမပေါ်ဘူး။
“ကျွန်တော် သွားတော့မယ်။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။ ရှေ့တစ်လှမ်း ခုန်သွားတယ်။ ဖန်သလင်း မျက်လုံးတွေက သူ ဘာလုပ်နေလဲ မမြင်နိုင်ဘူး။ သူ့ ခန္ဒာကိုယ်က ပျောက်ကွယ် သွားခဲ့ပြီ။
ခမ်းနားထည်ဝါတဲ့ နဂါးကြီး ကောင်းကင်ကနေ ဆင်းသက်လာပြန်တယ်။ ဒီတစ်ခါတော့ ကောင်းကင်ပေါ်မှာ လှည့်ပတ် မနေတော့ဘူး။ တိမ်တွေထဲကနေ တန်းတန်း မတ်မတ် ဆင်းလာခဲ့တယ်။ လေထဲမှာ ပျောက်ကွယ် သွားတယ်။ အရမ်းကို တိတ်ဆိတ်သွား ပြန်တယ်။
“ဝုန်း။” မိုးခြိမ်းသံကြီး ကောင်းကင်ပေါ်မှာ ပေါ်လာခဲ့တယ်။ လျှပ်စီးတွေ ဆက်တိုက် လင်းလက်ာတယ်။
“ဖန်ကျန်းရှီ ဆင်းလာခဲ့စမ်း။ မင်းရဲ့ စွမ်းအား အစစ် အမှန်ကို ထုတ်ပြလိုက်။” အရှင်ရှဲ့လော့ ကောင်းကင်ကို မော့ကြည့်တယ်။ ဘေးဘီဝဲယာကို သတိ အပြည့်နဲ့ ကာကွယ်ထားတယ်။ ဖန်ကျန်းရှီ ရဲ့ ဓားချက် တစ်ချက်က သူ့ကို အတော် ဒုက္ခရောက်စေတယ်။ ဖန်ကျန်းရှီကို အရင်လို အထင်မသေးဝံ့ တော့ဘူး။
ကေင်းကင်က ဆင်းသက်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း သူစောင့် နေခဲ့တယ်။ ရန်ချန်လိက သူ့ နေရာမှာ ရှိနေတုန်းပဲ။ ဖန်ကျန်းရှီက အရင် တိုက်ခိုက်မယ်လို့ ပြောသွားခဲ့တာ။ ဒါကြောင့် သူ့ တာဝန်သူ သိပြီးတော့ စောင့်ဆိုင်းရမယ်။ သူတို့တွေ တိုက်ခိုက်နေတဲ့ အချိန် အကောင်းဆုံး အခွင့်အရေးကို ရှာရမယ်။ အချိန်က တဖြည်းဖြည်း နဲ့ ကုန်ဆုံးနေတယ်။ သူတို့ နှစ်ယောက်လုံး စောင့်ဆိုင်းနေတယ်။ ဒါပေမယ့် ကောင်းကင်က ဖန်ကျန်းရှီ ပျောက်ကွယ် သွားခဲ့ပြီ။ သူ့ကို ဘယ်မှာမှ မမြင်ရဘူး။
“ဟန့်။ မင်း မလာဘူးပေါ့။” ဖန်ကျန်းရှီ ဆင်းလာမယ် ထင်ပြီး အရှင်ရှဲ့လော့ စောင့်ဆိုင်းနေခဲ့တာ။ ဒါပေမယ့် သူက ဘယ်ရောက် သွားတာလဲ။ တကယ်ပဲ။ ပြန်ဖြေသံ မရှိတော့ဘူး။
“သူ ဘာလို့ ဆင်းမလာတာလဲ။ ဓားနဲ့ ဆင်းလာတာကို ဘာလို့ ဒီလောက် ကြာနေတာလဲ။” ရန်ချန်လိ မုန်တိုင်းကြားမှာ စောင့်ဆိုင်းရင်း ဒေါသ ထွက်လာတယ်။ အရင်ဆုံး အလောတကြီးနဲ့ ထွက်သွားပြီးတော့ ဘာမှ တုံ့ပြန်သံ မရှိတော့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။
“ပျောက်သွားတာလား။”
“တိမ်တွေထဲမှာ ပုန်းနေတာလား။ ဒီတစ်ခါကော ဘာလုပ် ပြန်တာလဲ။”
“သူ ထွက်ပြေး သွားတာလား။”
နဂါးကြီး တိမ်ထဲမှာ ပျောက်သွားတာကို ကြည့်ရင်း စစ်သည်တော်တွေ ပဟေဠိ ဖြစ်နေကြတယ်။ မိုးက ဆက်တိုက် ရွာသွန်းနေတယ်။ လေက အေးသထက် အေးလာခဲ့တယ်။ နောက်ဆုံးတော့ အရှင်ရှဲ့လော့ စိတ်ထဲ ထူးဆန်းတဲ့ ခံစားချက်တွေ ပေါ်လာခဲ့ပြီ။ ရွှေရောင် အလင်းတန်းက သူ့ မျက်လုံးထဲ တဖျပ်ဖျပ် လက်နေခဲ့တယ်။ အတွေးတစ်ခု သူ့စိတ်ထဲ ဝင်လာခဲ့တယ်။
ဒီကောင်စုတ် တကယ်ပဲ ထွက်ပြေးသွားတာလား။ တိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်သည်တော် ဆိုတာကို အရှင်ရှဲ့လော့ အရင်က စဉ်းစား မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ဖြစ်နေရင်တော့။ ဒီကောင် အခွင့်အရေးကောင်း ရရင် ထွက်ပြေးမလား ထွက်မပြေးဘူးလားဆိုတာ မိုးနတ်မင်းမှ သိနိုင်မှာပဲ။
“သူ တကယ်ပဲ ထွက်ပြေးပြီလား။ ဆိုးလိုက်တာ။ ဘယ်လိုများ လုပ်နိုင်ရတာလဲ။” တောင်ဖြိုတပ်ဖွဲ့တွေ တိတ်ဆိတ် နေမိတယ်။ ဒါပေမယ့် သူတို့ မျက်စိ ရှေ့မှာ ဖန်ကျန်းရှီက ပျောက်ကွယ် သွားခဲ့ပြီလေ။
“ဖန်ကျန်းရှီ။” အရှင်ရှဲ့လော့ အကျယ်ကြီး အော်ဟစ်တယ်။ ကောင်းကင် တစ်ခုလုံး တုန်ဟီးသွားတယ်။ ဒါပေမယ့် ကောင်းကင်ကတော့ ပင်လယ်သေ တစ်ခုလို တည်ငြိမ်နေဆဲ။ ပြန်ဖြေသံ မရှိဘူး။ “သေလိုက်ပါတော့။”
ကောင်းကင်ကို အော်ဟစ်ပြီးတဲ့နောက် သူ နောက်ထပ် မစောင့်နိုင်တော့ဘူး။ ကောင်းကင်ထဲကို ပျံတက် သွားခဲ့တယ်။
“ဟန့်။ မင်းက အပေါ်ကို ထွက်ပြေးလို့ ရမယ် ထင်နေတာလား။ ဒီလောက် မလွယ်ဘူး။” ကောင်းကင်ကို ပျံတက် သွားတဲ့ အရှင်ရှဲ့လော့ကို ကြည့်ရင်း ရန်ချန်လိ နှလုံးသား တစ်ခုလုံး လေးလံ လာခဲ့တယ်။ ဖန်ကျန်းရှီ ဘာကြောင့် အပေါ်တက်ပြီး ပြန်ဆင်း မလာလဲ သူ တကယ့်ကို နားမလည်နိုင်။ ကျွန်တော် အရင် သွားမယ်လို့ ပြောခဲ့တာ။ အပေါ်ကို အရင်တက်မယ် ပြောတာလား။ ဒီလိုသာ ဖြစ်ခဲ့ရင် ဖန်ကျန်းရှီရဲ့ စကားလုံးတွေ သာမာန် အဓိပ္မာယ် မဟုတ်မှန်း သိခဲ့သင့်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်။ အရှင်ရှဲ့လော့ကို ဒီအတိုင်းတော့ အပေါ်လွှတ် မပေးနိုင်ဘူး။ အနီရောင် အလင်းတန်းတွေကို စုစည်းရင်း ပိုက်ကွန်ကြီး ဖန်တီးလိုက်တယ်။ အရှင်ရှဲ့လော့ကို ဖမ်းဆီးဖို့ ပြင်တယ်။
“ကချာ့။”
အရှင် ရှဲ့လော့ရဲ့ ခန္ဒာကိုယ်က ပိုက်ကွန်ထဲမှာ ညိနေခဲ့တယ်။ သူက အဖမ်းခံဖို့ စိတ်ကူးမရှိဘူး။ ပါးစပ် အကျယ်ကြီး ဟရင်း ဒီ ပိုက်ကွန်ကြီးကို ကိုက်ဖျက်ဖို့ ပြင်နေခဲ့တယ်။ တစ်ခဏ အကြာမှာ ကျယ်လောင် စူးရှတဲ့ အသံကြီးနဲ့ လျှပ်စီးတွေ လက်လာခဲ့တယ်။ ပိုက်ကွန်ကြီးက ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ချည်နှောင်တယ်။ အရမ်းကို တင်းမာလာ လွန်းတော့ ခဏတာ အတွင်း ပျက်စီးတော့ မလိုပဲ။
ကောင်းကင်မှာ မိုးခြိမ်းသံတွေ ထွက်ပေါ်လာတယ်။ လျှပ်စီးတန်းကြီး တစ်ခု မိုးကုပ် စက်ဝိုင်းကနေ ဆင်းသက်လာခဲ့တယ်။ ဒီအချိန်မှာ အရှင်ရှဲ့လော့က အားကုန်သုံးရင်း ပိုက်ကွန်ကြီးကို ဆွဲဖြဲဖို့ လုပ်နေခဲ့တယ်။ ကောင်းကင်က မိုးကြိုးပြစ်သံတွေကို သူ အာရုံမစိုက်။ ရုတ်တရက် သူ့ခေါင်းကို မိုးကြိုးပြစ်ချလိုက်တယ်။
“ဝုန်း။”
တောက်ပတဲ့ လျှပ်စီး အလင်းတန်းက အရှင်ရှဲ့လော့ရဲ့ ဦးနှောက်ကို တည့်တည့် တိုက်ခိုက်တယ်။ ဒီအချိန်မှာပဲ ကျယ်လောင်လွန်းတဲ့ နှုန်းမြင့် အော်သံကြီး လေထုထဲကို ပဲ့တင် ထပ်လာခဲ့တယ်။ တောက်ပတဲ့ အနီရောင် သွေးတွေ အရှင်ရှဲ့လော့ ခေါင်းကနေ ဖြာထွက်တယ်။ မိုးစက်တွေနဲ့ ရောနှောပြီး မြေပြင်ပေါ်ကို ကျဆင်းလာတယ်။
“အား …” အရှင်ရှဲ့လော့ ဒီ့အတွက် လုံး၀ မပြင်ဆင်ထားဘူး။ ရုတ်တရက် ဆိုသလို သူ့ခေါင်းကွဲထွက် သွားခဲ့တယ်။ ဒီ ဒဏ်ရာက နက်လွန်းတော့ အရိုးတွေကိုတောင် မြင်နေရပြီ။ ဒါက ဓားနဲ့ အခုတ်ခံရတဲ့ ဒဏ်ရာကြီးပဲ။ အရှင်ရှဲ့လော့နဲ့ ရန်ချန်လိတင် မကဘူး။ ဒီမြင်ကွင်းကို မြင်နေတဲ့ ဘယ်သူမှ ဘာဖြစ်သွားလဲ မသိခဲ့။ နောက်ထပ် လျှပ်စီးတန်းကြီး တစ်ခု မိုးကုပ်စက်ဝိုင်းမှာ ပေါ်မလာခင် အထိပေါ့။
“ဝုန်း။”
တောက်ပတဲ့ အလင်းတန်း လျှပ်စီးတွေက အရှင်ရှဲ့လော့ ခေါင်းကို နောက်တစ်ကြိမ် ပြစ်ခွင်းပြန်တယ်။ ပိုပြီးတော့ ထူးဆန်းတာက ပထမ တစ်ခေါက်နဲ့ နေရာ အတိအကျကို ပြစ်မှတ် ထားတာပဲ။ ဒါက မူလဒဏ်ရာကို ပိုဆိုးသွားစေ ရုံတင် မကဘူး။ အသားစတွေပါ လွှင့်စင်လာစေတယ်။
“အာဝူး …” အရှင်ရှဲ့လော့ မျက်လုံးတွေက ပြောင်းလဲစ ပြုလာတယ်။ သူက ကုသနှုန်းမြန်တယ်။ ဒါပေမယ့် နာကျင်မှုလည်း ခံစားရတယ်လေ။ သူ့ ဦးနှောက်က ၂ ကြိမ်တောင် တိုက်ခိုက်ခံရတာ။ တစ်နေရာတည်းကို။ နည်းနည်းလေးမှ မနာဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်တစ်ကြိမ် အော်ဟစ်မိ တော့မယ့် အချိန်မှာပဲ။ အရင် ၂ခါ တိုက်ခိုက် ခံရတဲ့ နေရာကို တတိယ အကြိမ်မြောက် တိုက်ခိုက် ခံရပြန်တယ်။
“အဲ့တာ မိုးကြိုးပြစ်တာ မဟုတ်တော့ဘူး။ ဒါက ဓားနဲ့ ခုတ်နေတာပဲ။ ဓားလျှပ်စီး မိုးကြိုးကြီး။”
“ဓား လျှပ်စီးမိုးကြိုးကြီး ဟုတ်လား။ အဲ့တာ။”
“ပြန်လာတဲ့ နဂါး။ ဖန်ကျန်းရှီရဲ့ ပြန်လာတဲ့ နဂါးပဲ။ ဒါပေမယ့် ဘာဖြစ်လို့ လျှပ်စီးနဲ့ တူနေတာလဲ။”
မြေပြင်မှာ ရပ်နေတဲ့ စစ်သည်တော်တွေက ကောင်းကင်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေ ပြစ်နေတာပဲ မြင်ရတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း မြင်နေရတာက အရှင်ရှဲ့လော့ရဲ့ ခေါင်းကို တည့်တည့် ဆင်းလာနေတာပဲ။ နောက်ပြီးတော့ အရမ်းကို တိတိကျကျ ချိန်ရွယ်ထားတာ။ ဒါကြောင့် အဖြေက တစ်ခုပဲ ရှိတော့တယ်။ လျှပ်စီးနဲ့ တပုံစံတည်း တူနေတဲ့ ဓား လျှပ်စီး မိုးကြိုးကြီး။
နေစမ်းပါအုန်း။ ဒါက … ။ လူတိုင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့တယ်။ အလင်းတန်း ခုနှစ်ခု အရှင်ရှဲ့လော့ရဲ့ ကိုယ်ခန္ဒာကို ချုပ်နှောင် ထားတုန်းက အဖြစ် သူတို့ မျက်လုံးထဲ မြင်ယောင် လာတယ်။ ဒါက သဘာဝကို အသုံးချတဲ့ ဗျူဟာ တစ်ခုပဲ။ ဒီနည်းလမ်းက ကြည့်နေတဲ့ လူတိုင်း အတွက် အသစ်အဆန်း ကိစ္စကြီး တစ်ခု။
“ဖန်ကျန်းရှီက သဘာဝရဲ့ စွမ်းအားကို ငှားရမ်းလိုက်တာလား။”
“အရှင်လီချင်းလိုပဲ။ သူက တိမ်တွေကို သုံးနေတာ။ မဟုတ်သေးဘူး။ တိမ်တွေတင် မကဘူး။ လျှပ်စီးကိုပါ သုံးသေးတယ်။”
“ပြန်လာတဲ့ နဂါး ဓားကွက်နဲ့ လျှပ်စီးတွေ တိမ်တွေကို ပေါင်းစည်းလိုက်တာ။”
“မိုးနတ်မင်းရေ။ ဒါက တကယ် မဟုတ်ဘူး မလား။ အရှင်လီချင်း လုပ်တာကို မြင်ဖူးပေမယ့် ငါတို့ အခုမှ ကြုံဖူးတာကို ဖန်ကျန်းရှီက ကိုယ်တိုင် သုံးနိုင် နေပြီတဲ့လား။”
“နတ်မိစ္ဆာကြီး။ သူက တကယ့်ကို နတ်မိစ္ဆာကြီးပဲ။”
စစ်သည်တော်တွေ အမှန်တရားကို နားလည်သွားကြတယ်။ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတဲ့ ဆိုရိုးစကားက အလကား မဟုတ်ဘူးပဲ။ ဒီ အင်အားတွေက လေ့ကျင့်လို့ ဖြစ်တာ မဟုတ်ဘူး။ နှလုံးသား အတွင်းထဲက နိုးထလာတဲ့ အင်အားတွေပဲ။
“ဝုန်း။”
တတိယ လျှပ်စီး ရိုက်ခတ်ပြန်တယ်။ ထုံးစံအတိုင်း အရှင်ရှဲ့လော့ရဲ့ ခေါင်းကိုပဲ။ ဒီအချိန်မှာ အတွင်းက ဖြူဖွေးနေတဲ့ အရိုးကို မြင်နေရပြီ။
“အူ ဝူး။” အရှင်ရှဲ့လော့ရဲ့ တကိုယ်လုံး ရွှေရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ့ ကိုယ်ခန္ဒာကြီးက အရမ်းကို တုန်ယင်နေတယ်။ စတုတ္ထမြောက် လာမယ့် မိုးကြိုး လျှပ်စီးကို ရှောင်ရှား နေသလိုပဲ။ ဒါပေမယ့် ပိုက်ကွန်ကြီးက သူ့ကို ချုပ်ထားတော့ သူ ခုန်မရှောင်ဘူး။ ရုန်းကန်ရုံသာ တတ်နိုင်တယ်။
“ဝုန်း”
လေးခါမြောက် မိုးကြိုး ကျရောက် လာပြန်တယ်။ အဲ့ဒီ့နောက် ငါးခါ၊ ခြောက်ခါ၊ ခုနှစ်ခါ၊ ရှစ်ခါ ..
…..
“ဝုန်း။”
“ဝုန်း ဝုန်း။
တစ်ခေါက်ပြီး တစ်ခေါက် အသံတွေက ည ကောင်းကင်မှာ ပဲ့တင့် ထပ်နေတယ်။ လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့စေတယ်။ ဒီတစ်ခေါက်တော့ အရှင်ရှဲ့လော့ ခန္ဒာကိုယ်က အရင်နဲ့ မတူတော့ဘူး။ ခေါင်းကနေပြီးတော့ နှစ်ခြမ်းကွဲအောင် ဓားနဲ့ တတိတိ အခုတ်ခံ နေရသလိုပဲ။ သူ ဆက်တိုက် ခုခံတယ်။ ရွှေရောင် အလင်းတန်းတွေက သူ့ကို အမြန်ဆုံး ကုသနေတယ်။ ဒီမြင်ကွင်းက တကယ့်ကို ထူးဆန်းလွန်းတယ်။
ရန်ချန်လိလည်း ပိုက်ကွန်ကို လွှတ်မပေးဘူး။ အနီရောင် အလင်းတန်းတွေကို လက်နဲ့ သေချာ ချုပ်ကိုင် ထားခဲ့တယ်။ အရှင်ရှဲ့လော့ ပါးစပ်ကနေ သွေးတွေ စီးကျနေပြီ။ ပိုက်ကွန်ကြီးထဲမှာ လူးလွန့် ရုန်းကန်နေခဲ့တယ်။ သူ့ဒဏ်ရာက အရမ်း ပြင်းထန်လွန်းတယ်။ ဒါပေမယ့် သူ ဆက်ပြီးတော့ ရုန်းကန်နေဆဲ။ အခုချိန်မှာ ဖန်ကျန်းရှီရဲ့ ညွှန်ကြားချက်ကို သူ နားလည်သွားခဲ့ပြီ။ “ကျွန်တော် အရင်သွားမယ်။ နောက်ကနေ ခုခံထားဆိုတာ။”
ကျွန်တော် အရင်သွားမယ် ဆိုတာက သိသိသာသာကို ကိုယ်တိုင် အတွက် ပြောတာပဲ။ နောက်ကနေ ခုခံထားဆိုတာ အရှင်ရှဲ့လော့ကို ဖိနှိပ်ဖို့ ပြောတာ။ ရန်ချန်လိက အရှင်ရှဲ့လော့ကို နောက်က ချုပ်ထားတဲ့ အချိန် ဖန်ကျန်းရှီက အပေါ်ကနေ တိုက်ခိုက်မယ်။
“ကောင်းလိုက်တဲ့ ကောင်စုတ်လေး။ ငါ့ အသက်ဆုံးရမယ် ဆိုရင်တောင် နောက်ကနေ ထိန်းထားပေးရမှာပဲ။” ရန်ချန်လိရဲ့ မျက်နှာ တစ်ခုလုံး ချီးမွမ်းချင်စိတ်ကြောင့် တောက်ပလာတယ်။ ဖန်ကျန်းရှီရဲ့ လုပ်ရပ်က သူတွေးထားတာထက် ပိုလွန်းနေတယ်။ အခုတော့ ဖန်ကျန်းရှီကို အထင်ကြီးရုံပဲ တတ်နိုင်တော့တယ်။
“ဒါက ၁၁ ချက်မြောက်ပဲ။”
“ဒီ အတိုင်း ဆက်သွားနေရင်။ နတ်ဆိုးဘုရင် လေထဲမှာ အသက်ပျောက်သွားလိမ့်မယ်။”
“အခွင့်အရေး ရပြီ။ တကယ်ပဲ အခွင့်အရေးရပြီ။”
ကြီးမြတ်သောရှရဲ့ စစ်သည်တော်တွေ စိတ်လှုပ်ရှားကို မဖုံးဖိ နိုင်တော့ဘူး။ သူတို့က နိုင်ငံ ထိပ်တန်း စစ်သည်တော်တွေ ဖြစ်နေပင်မယ့် ဒီလို ကြောက်လန့်စရာ တိုက်ပွဲကြီးကို ပထမဆုံး မျက်မြင် တွေ့ထူးတာ။
“အရှင်ရှဲ့လော့ တကယ်ပဲ ရှုံးတော့မှာလား။” မြောက်ပိုင်း တပ်တွေ မယုံနိုင်။ ဒါပေမယ့် မျက်စိရှေ့က မြင်ကွင်း ကြောင့် စိုးရိမ် လာကြတယ်။ မိုးကုပ်စက်ဝိုင်းမှာ လျှပ်စီး မိုးကြိုးတွေက အရှင်ရှဲ့လော့ကို ဆက်တိုက် တိုက်ခိုက်နေဆဲ။
နာနာကျင်ကျင် အော်ဟစ်ရင်း အရှင်ရှဲ့လော့ ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်းတွေ ပျောက်ကွယ် လာတယ်။ သူ့ရဲ့ ခန္ဒာကိုယ်ကြီးက နှစ်ပိုင်း ကွဲစ ပြုလာပြီ။
“နိုင်တော့မှာလား။”
“နှစ်ခြမ်း ကွဲသွားရင် နတ်ဆိုးဘုရင် အသက်ရှင်နိုင်မယ် မထင်ဘူး။”
“အနည်းဆုံးတော့ ပြန်ကောင်းနိုင်တော့ မှာ မဟုတ်ဘူးလေ။ အကောင်းဆုံး အခွင့်အရေးပဲ။”
ကြီးမြတ်သောရှ စစ်သည်တော်တွေ အနိုင်ကို မျှော်လင့် နေကြတယ်။ တောက်ပတဲ့ ကြောက်စရာ တိုက်ပွဲကြီးရဲ့ အနိုင်ပေါ့။
“ဖန်ကျန်းရှီ မင်း လုပ်တာ ကောင်းတယ်။” နှစ်ခြမ်း ကွဲလာတဲ့ အရှင် ရှဲ့လော့က ရုန်းကန်အား လျော့လာတယ်။ ဒါကြောင့် ရန်ချန်လိလည်း လှုပ်ရှားနိုင်ပြီ။ ပိုက်ကွန်ကို သူ ပြန်သိမ်းးလိုက်တယ်။ အနီရောင် အလင်းလှံ တစ်ခု သူ့ လက်ထဲ ပေါ်လာခဲ့တယ်။
“အရှင်ရှဲ့လော့ သေပြီ။” ရန်ချန်လိ အော်ဟစ်တယ်။ အေးစက်စက် ကြောက်မက်ဖွယ် အလင်းတန်းတွေ သူ့ ခန္ဒာကိုယ်က ဖြာထွက်လာခဲ့တယ်။ သူ့ လက်က လှံ နှစ်ချောင်းကို မြှောက်ရင်း နှစ်ခြမ်း ကွဲနေတဲ့ အရှင်ရှဲ့လော့ကို ထိုးစိုက်ဖို့ပြင်တယ်။ (ဆက်ရန်)
အပိုင်း(၅၉၆)ပြီး၏။
အပိုင်း(၅၉၇)
“နတ်ဆိုးပုလဲ။ တောက်ပနေတဲ့ မျက်လုံး ၃ခု”
ဘာသာပြန်သူ - Enri Thaw
နီးကပ်လာတယ်။ နီးသက်ထက် နီးလာတယ်။ သွေးနီရောင် လှံတွေက အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ်ဆီ ရောက်တော့မယ့် အချိန်မှာ။ ရန်တိမ် တပ်ဖွဲ့နဲ့ တောင်ဖြိုတပ်ဖွဲ့တွေ စိတ်ရှုပ်ထွေးကုန်တယ်။
“ရွှမ်း”
လှံနှစ်ခုက ကွဲထွက်နေတဲ့ ခန္ဒာကိုယ် တပိုင်းချင်းစီကို ထိုးစိုက်တယ်။ အလင်းတန်းတွေ လှံတစ်ဝိုက်မှာ တောက်ပလာ တော့တယ်။ အရှင်ရှဲ့လော့ ရုန်းကန် နေတာကနေ ချက်ခြင်း ရပ်တန့်သွားတယ်။ ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။ မိုးရေက သူ့ကိုယ်ပေါ်ကို စီးကျနေခဲ့တယ်။
“သေသွားပြီလား။”
“သူ တကယ်ပဲ သေသွားပြီလား။”
“ငါတော့ သူ သေသွားပြီလို့ ထင်တယ်။”
လူတိုင်းက သွေးစွန်းနေတဲ့ နှစ်ခြမ်း ကွဲ ခန္ဒာကိုယ်ကြီးကို အာရုံစိုက်နေကြတယ်။ နောက် ဘာဆက် ဖြစ်မလဲ မသေချာကြဘူး။
“ဝုန်း” ဒီအချိန်မှာပဲ သွေးစီးကြောင်းကြီးတစ်ခု ကောင်းကင်ကနေ ကျလာတယ်။ အရိပ်တစ်ခု ကောင်းကင်ကနေ ဆင်းသက်လာတယ်။ သူ့ရဲ့ အနက်ရောင် ဝတ်ရုံက မိုးရေတွေ စိုရွှဲနေခဲ့တယ်။ မျက်နှာက ဖြူဖျော့ နေပင်မယ့် လက်ထဲမှာတော့ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထြးဆဲ။
“ဖန်ကျန်းရှီ။” ဒီအရိပ်ကို ရန်ချန်လိ ချက်ခြင်း မှတ်မိတယ်။ ကျလာတဲ့ သူကို လက်တဖက် ဆန့်ထုတ်ရင်း ဖမ်းဆွဲတယ်။ ဒါပေမယ့် သူ့မျက်လုံးက အရှင် ရှဲ့လော့ကို အကြည့်မခွာဘူး။ သွေးနီရောင် မျက်လုံးတွေက စူးစိုက် ကြည့်နေခဲ့တယ်။ အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ် နှစ်ပိုင်းလုံးကို သွေးနီရောင် အလင်းတန်းတွေ လုံး၀ လွှမ်းခြုံသွားတော့တယ်။
“ဒီတခေါက်တော့ သူ တကယ်သေပြီ ထင်ပါတယ်။” လေထုထဲမှာ ရွှင်လန်းတက်ကြွမှုတွေ ပြည့်နှက်လာတယ်။
“ငါတို့ နိုင်ပြီ။”
“နတ်ဆိုးဘုရင် နောက်ဆုံးတော့ သေပြီ။”
“မင်းသားရန်၊ မင်းသားရန်”
“ဖန်ကျန်းရှီ၊ ဖန်ကျန်းရှီ”
ကြီးမြတ်သောရှရဲ့ စစ်သည်တော်တွေ သူတို့ နာမည်ကို အော်ဟစ် ကြွေးကြော် နေကြတယ်။ မြောက်ပိုင်းတပ်က မြို့တော်ထဲမှာ ရှိနေသေးတယ်။ ဒါပေမယ့် အရှင်ရှဲ့လော့က သေသွားပြီ။ ဒါကြောင့် တိုက်ပွဲမှာ သူတို့ နိုင်ပြီပဲ။ ဒါပေါ့ လွယ်ကူတဲ့ အနိုင်တော့ မဟုတ်ခဲ့ဘူး။ ခက်ခက်ခဲခဲ အနိုင်ရတာ။ ပျော်ရွှင်မှုကြောင့် အော်ဟစ်သံတွေက ညကောင်းကင်မှာ ပဲ့တင့် ထပ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ရန်ချန်လိက အကြည့် လွှဲသွားတယ်။ သူ့မျက်လုံးထဲက သွေးနီရောင် အလင်းတန်းလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့ သွားခဲ့ပြီ။ သူ့ မျက်နှာ တစ်ခုလုံး ယုံကြည်ချက်တွေ ပြည့်၀ နေခဲ့တယ်။
အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ်ကြီးက သွေးနီရောင် အလင်းတန်းထဲမှာ လုံး၀ နစ်မြုပ်နေတယ်။ နတ်ဆိုးဘုရင် ဖြစ်နေ ပင်မယ့် အခုချိန်မှာ အသက်ရှင် ဖို့မဖြစ်နိုင် တော့ဘူးလေ။ ရန်ချန်လိ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ ဖန်ကျန်းရှီ ရဲ့ ခြေလက်တွေက ပျော့ခွေပြီး အင်အားမဲ့နေ ခဲ့ပြီ။ ဒါကြောင့် သူ့ အိတ်ထဲက ပုလင်းလေး တစ်ခုကို ထုတ်တယ်။
“မျိုချလိုက်။” ရန်ချန်လိ ခပ်တိုးတိုး ပြောရင်း ပုလင်းကို ဖွင့်တယ်။ ဆေးနီလုံးလေး ၂ခုကို ထုတ်ပြီး ဖန်ကျန်းရှီ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။ ဒီအချိန်မှာပဲ သူ့နောက်ကျောဘက်ကနေ အင်အားလှိုင်းတွေ ထွက်ပေါ်လာတယ်။ ဒီ အင်အားလှိုင်းတွေရဲ့ အရှိန်က ပြင်းထန်လွန်းတော့ အကာကွယ်မဲ့ ရန်ချန်လိ လွင့်ထွက်သွားခဲ့တယ်။
“ဂျိန်း။” အသံကျယ်ကြီး တစ်သံ တုန်ခါ မြည်ဟီးလာတယ်။
ရန်ချန်လိ လွင့်ထွက်သွားရင်းနဲ့ ဖန်ကျန်းရှီကို အရှိန်ပြင်းပြင်း ဖိမိတယ်။ သူ့ခန္ဒာကိုယ်ကနေ ဒေါသစွမ်းအားတွေ ပေါက်ကွဲထွက်လာတယ်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။” ရန်ချန်လိ နောက်လှည့်ကြည့်တယ်။ နောက်မှာ ရှိနေတဲ့ပုံရိပ်က သူ့ကို မယုံကြည်နိုင် ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နောက်မှာ ရပ်နေတာက အရှင်ရှဲ့လော့ ဖြစ်နေတယ်လေ။ ဒီတစ်ခေါက်တော့ အရှင်ရှဲ့လော့က လူသား အသွင် ပြန်ရောက်နေတယ်။ သူ့ ခေါင်းပေါ်က ရွှေရောင် ဂျိုနှစ်ချောင်းက အရမ်းကို တောက်ပနေ ခဲ့တယ်။
“သူ မသေသေး ဘူးလား”
“အရှင်ရှဲ့လော့ အသက်ရှင် နေတယ်။”
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ သူ့ ခန္ဒာကိုယ်တောင် နှစ်ခြမ်း ကွဲသွားပြီလေ။ နေစမ်းပါအုန်း သူ့ခန္ဒာကိုယ်ကြီးက လေထဲမှာ မျောနေတုန်းလား။”
ကြီးမြတ်သောရှ စစ်သည်တော်တွေ မျက်စိရှေ့က မြင်ကွင်းကို နားမလည်နိုင်ဘူး။ အနီရောင် အလင်းတန်းတွေ ဝန်းရံထားတဲ့ ခန္ဒာကိုယ်ကြီးက လေထဲမှာ လွင့်နေတယ်။ ဘယ်လိုများ ဖြစ်နိုင်ရတာလဲ။ အရှင်ရှဲ့လော့က နှစ်ယောက် ရှိနေတာလား။ စစ်သည်တော်တွေတင် မကဘူး ရန်ချန်လိပါ အံ့သြထိတ်လန့် နေခဲ့တယ်။ တကယ့်ကို နတ်ဆိုးဘုရင်က အကြမ်းခံတာပဲ။ သူ့မှာ ကုသနိုင်စွမ်း မြင့်တာက အဆန်း မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ပွားနှစ်ခု ရှိနေတာက ဘယ်လို ဖြစ်နိုင်မှာလဲ။
ဖန်ကျန်းရှီလည်း အခု အခြေအနေကို နားမလည်နိုင်ဘူး။ သူက နဂိုတည်းက အားနည်းနေတာ။ အခုတော့ ရန်ချန်လိ အရှိန်ပြင်းပြင်း ဝင်တိုက်တာကိုလည်း ခံထားရတယ်။ သုခမိန် တစ်ယောက်ရဲ့ ခန္ဒာကိုယ်က ဘယ်လောက်တောင် မာကျောလဲ။ ဘယ်သူမှ မရှင်းပြနိုင်ဘူး။
ရန်ချန်လိပြောဖူးတဲ့ အတိုင်း အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ်က ကောင်းကောင်း တည်ဆောက်ထားတာ။ အရိုးတွေ ကြွက်သားတွေက အရမ်းကို သန်မာလွန်းတယ်။ ဖန်ကျန်းရှီ တိုက်ပွဲမှာ ရှုံးသွားပြီ။ ရန်ချန်လိက သူ့ကို ဖိထားတဲ့ အတွက် အရိုးတွေ ကျိုးကုန်သလို ခံစားနေရတယ်။
“ဖူး။” ပါးစပ်ထဲ ရောက်နေတဲ့ ဆေးနှစ်လုံး သွေးတွေနဲ့ အတူ အပြင်ကို ပြန်ထွက်သွားတယ်။ ရန်ချန်လိ နောက်မှာ ရပ်နေတဲ့ အရှင် ရှဲ့လော့ကို ဖန်ကျန်းရှီ မြင်တယ်။ ဒီတစ်ခေါက်တော့ သူက သူတို့ နှစ်ယောက်ကို တန်းပြီး မတိုက်ခိုက်ဘူး။ မိုးကုပ်စက်ဝိုင်းဆီကို ထိုးတက် သွားခဲ့တယ်။ အချိန်တို အတွင်းမှာပဲ သူပျောက်ကွယ် သွားတယ်။
“မဖြစ်ဘူး။ အရှင်ရှဲ့လော့ ထွက်ပြေးနေပြီ။”
“ ထွက်ပြေးတာတဲ့လား။ မဖြစ်နိုင်တာပဲ။ ကြည့်ရတာ သူက ..”
“သဘာဝရဲ့ စွမ်းအားကို ငှားရမ်း မလို့လား။”
တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ကောင်းကင်ပေါ် ထိုးတက်သွားတဲ့ အရှင်ရှဲ့လော့ကို ကြည့်နေခဲ့တယ်။ ပုံမှန် အတိုင်းဆို ဒဏ်ရာရပြီး သတ်ရလွယ်တဲ့ သူကို အရင်ဆုံး တိုက်ခိုက်သင့်တာ။ သံကို ပူတုန်းမှာ ရိုက်ရသလိုပေါ့။ အခု တစ်ခေါက်တော့ အရှင်ရှဲ့လော့ ထူးဆန်းနေတယ်။
“ဒုန်း။” ရန်ချန်လိနဲ့ ဖန်ကျန်းရှီတို့ရဲ့ ခန္ဒာကိုယ်တွေ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ရန်ချန်လိက ဖန်ကျန်းရှီကို အပေါ်ဘက် ရောက်အောင် ပို့ပေးနေတယ်။ အရှင်ရှဲ့လော့ ဆီက တိုက်ခိုက် ခံထားရ တာတောင် ဖန်ကျန်းရှီ အကျမနာစေဖို့ ကြိုးစားပေးနေတယ်။
“ဝေါ့။” ရန်ချန်လိ သွေးတွေ အဆက်မပြတ် အန်တော့်တယ်။ ကောင်းကင်ကို မော့ကြည့်ရင်း သူ အံကြိတ်တယ်။ “ဒီတစ်ခေါက် ငါ အရင် သွားမယ်။ မင်း နောက်က ခုခံထား။”
ပြောပြီးပြီးချင်း သူ ချက်ခြင်း အပေါ် တက်သွားတော့တယ်။ ကြောက်စရာ အလင်းတန်းကြီး တစ်ခုလိုပဲ။ သူ့မျက်နှာက အရင်လိုပဲ တည်ငြိမ်နေတယ်။ တစ်ခါမှ ဒဏ်ရာ မရခဲ့သလိုပဲ။
“ဆေး”ဖန်ကျန်းရှီ ပြောရင်းနဲ့ မချိတင်ကဲ ပြုံးလိုက်မိတယ်။ ဆေးပုလင်းလေး တစ်ခုက သူ့ ခေါင်းပေါ်ကို ဖြတ်ပြီး သူ့ဘေးကို ကျလာခဲ့တယ်။ ပုလင်းကို ဖွင့်ပြီး မှောက်ချရင်း ကျလာတဲ့ ဆေးလုံး ဆယ်လုံးကို တစ်ခါတည်း သောက်လိုက်တယ်။
ခါးသက်ပြီး ချိုမြတဲ့ အရသာ ရှိတယ်။ ဖြည်းဖြည်းချင်း ဝါးရင်း မျိုချလိုက်တယ်။ ဆေးလုံးက အရသာ အတော့်ကို ကောင်းတယ်။ ပုံမှန် ဖရဲသီး၊ သံပရာ၊ ငှက်ပျောသီး အရသာမျိုး မဟုတ်ဘူး။ စားပြီးတာနဲ့ လန်းဆန်း သွားစေတဲ့ အရသာမျိုး။ ပူစီနံလိုပဲ ချိုမြမြနဲ့ စားကောင်းတယ်။ ဒါပေါ့ စကား အရသာ စားကောင်းတာလေ။ လူ့ အတွက်တော့ နေလို့ မကောင်းဘူး။
နတ်ဆိုးဘုရင်က သူတွေးထား တာထက်ကို အင်အား ကြီးလွန်းတယ်။ သူ့ရဲ့ အင်အားတွေကို သုံးဆအထိ မြှင့်တင့်ပြီး သဘာဝရဲ့ စွမ်းအားကို ငှားသုံးတာတောင် မနိုင်နိုင်ဘူး။ တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ သူ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူး။ ဒီ တိုက်ပွဲမှာ နိုင်ဖို့ မမျှော်လင့်ထားဘူး။ အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်တယ်။ သူ့မှာ ရှိသမျှ အရာ အားလုံးကို ပုံအောပြီး တိုက်ခိုက်မယ်။ ဒါဆို လုံလောက်ပြီ။
ဆေးလုံး ဆယ်ခုလုံး သူ့ဗိုက်ထဲ ရောက်သွားတဲ့ အချိန်။ စွမ်းအား စီးကြောင်း အသစ်တစ်ခု ခန္ဒာကိုယ်ထဲ ဖြစ်ပေါ်လာတာ ခံစားနေရတယ်။ ခေါင်းမော့ရင်း ကောင်းကင်ကို သူမော့ကြည့်တယ်။ မိုးသက်မုန်တိုင်း နဲ့ လျှပ်စီးတွေက သူ့ရဲ့ ထွင်းဖောက် မြင်နေရတဲ့ မျက်လုံးတွေထဲ ရောင်ပြန် ဟပ်နေခဲ့တယ်။
“ချီကူယန်။ မင့် ကောင်လေး ငါတော့ ဒီအခွင့် အရေးနဲ့ လွဲတော့မယ်။” ဖန်ကျန်းရှီ သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကောင်းကင်ကို ထိုးတက်သွားတယ်။ သူ တက်သွားတဲ့ လမ်းတစ်လျှောက်မှာ ခရမ်းရောင် ကြွက်မြီးတန်းကြီး ကျန်နေခဲ့တယ်။
…
မြို့နံရံပေါ်မှာ ရပ်ရင်း ရန်ရွှယ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ မိုးသက်လေကြောင့် သူ့ ဝတ်ရုံက အရှိန်ပြင်းပြင်း ဝေ့၀ဲ နေခဲ့တယ်။ ရှန်းယွီက နှုတ်ခမ်းကို ကိုက်ရင်း သူ့ နောက်မှာ ရပ်နေခဲ့တယ်။
“ငါအခု သွားတော့မယ်။ နင် ငါ့ကို တားမှာလား။” ရှန်းယွီ မေးတယ်။
“သခင်ကြီးက မင်းကို ကာကွယ်လိမ့်မယ်။” ရန်ရွှယ် သူမကို ပြန်မဖြေခဲ့ဘူး။ သူပြောချင်တဲ့ စကားကိုသာ ပြောတယ်။
“ ငါ နားလည်ပြီ။” ရှန်းယွီ ခေါင်းငြိမ့်တယ်။ မြို့တံတိုင်းကြီး ပေါ်ကနေ ကျားသစ်နက် တစ်ကောင်လို ကောင်းကင်ကို ခုန်တက်တယ်။ ရန်ရွှယ်လည်း သူမကို မတားဘူး။ သူပါ သူမ နောက်ကို လိုက်သွားတယ်။
“သခင်လေး။”
“တောင်ပိုင်းဧကရီ။”
ရန်ရွှယ်နဲ့ ရှန်းယွီ ခုန်တက်တာကို မြင်တော့ စစ်သည်တော်တွေ အော်ဟစ်ကြတယ်။ ဒါပေမယ့် သူတို့ကတော့ အာရုံ မစိုက်ကြဘူး။ အရိပ်နှစ်ခုက မုန်တိုင်းထဲကို ခုန်ဝင်သွားတယ်။ တိုက်ပွဲထဲမှာ လျှပ်စီးတန်းတွေလို လှုပ်ရှားနေကြတယ်။ ဒါတွေ အားလုံး ဖြစ်နေတဲ့ အချိန်မှာ နောက်ထပ် အရိပ်တစ်ခုလည်း တိုက်ပွဲထဲ ရောက်လာတာကို ဘယ်သူမှ သတိ မထားမိကြဘူး။ ဒီ အရိပ်ရဲ့ ဝတ်ရုံနက်က မိုးရေတွေထဲမှာ လှုပ်ရှားနေတယ်။
…
“ဝုန်း။”
တောက်ပတဲ့ လျှပ်စီးတန်းက မိုးကုပ်စက်ဝိုင်းမှာ လင်းလက်လာတယ်။ ဒါက ပုံမှန် လျှပ်စီး အလင်းတန်း မဟုတ်ဘူး။ ရွှေရောင် တောက်နေတဲ့ အလင်းတန်း တစ်ခုပဲ။ ရန်ချန်လိရဲ့ မျက်လုံးတွေ ပိုပြီးတော့ ပြူးကျယ်လာပြီ။ သူ ခုန်ရှောင် ချင်ပေမယ့် အလင်းတန်းက အရမ်းကို ရုတ်တရက် ဖြစ်လွန်းတယ်။ ရှောင်ဖို့ နေရာတောင် မရှိလိုက်ဘူး။
“ဝုန်း။” ရန်ချန်လိရဲ့ လက်ပေါ်ကို မိုးကြိုး ကျလာတယ်။ မိုးကြိုးက လက်ထဲကို စီးဝင် ပျောက်ကွယ်သွားတယ်။
“အား.. သေလိုက်ပါတော့။” ရန်ချန်လိရဲ့ အော်ငြီးသံ ထွက်လာတယ်။ သူ့ ခန္ဒာကိုယ်ကို ရွေ့လျားရင်း ထွက်ပြေးဖို့ ပြင်တယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ အရိပ်တစ်ခုက အပေါ်ကနေ ကျလာခဲ့တယ်။ ရွှေဝါရောင် အလင်းတန်းတွေ ဖုံးအုပ်ထားတဲ့ ကိုယ်ခန္ဒာကြီးက ရန်ချန်လိ ဘေးမှာ ပေါ်လာတယ်။
“မင်းသားရန် သတိထား။”
“အရှင်ရှဲ့လော့။”
“သူ့ နဖူးက ဘာလဲ။“
ရန်ချန်လိ ဘေးက လူကို လူတိုင်း ကြည့်နေကြတယ်။ သူတို့ မျက်လုံးတွေ ထိတ်လန့်တကြား ပြူးကျယ် နေခဲ့တယ်။ အရှင်ရှဲ့လော့ရဲ့ နဖူးက မျက်လုံး သဏ္ဍာန် ပွင့်နေခဲ့ပြီ။ ဒါက ပုံမှန် မျက်လုံး တစ်ခု မဟုတ်ဘူး။ ပုလဲ တစ်လုံးပဲ။ ရွှေရောင် တောက်နေတဲ့ ပုလဲတစ်လုံး။ လျှပ်စီးတွေက ဒီ မျက်လုံးရဲ့ ဘေးမှာ လင်းလက်နေတယ်။ လူတွေကို ထုံထိုင်း ကြောက်ရွံ့စေတဲ့ မြင်ကွင်း တစ်ခုပဲ။
“နတ်ဆိုး ပုလဲ”
“အဲ့တာ အရှင် ရှဲ့လော့ရဲ့ နတ်ဆိုး ပုလဲလား။”
“ဒါသာ တကယ့် နတ်ဆိုး ပုလဲ အစစ်ဆိုရင်။ မင်းသားရန်က သူ့ နဖူးကို တိုက်ခိုက်ရ မှာ မဟုတ်လား။” လူတိုင်းက ဒီ ရွှေရောင် ပုလဲကို ကြည့်ရင်း ပဟေဠိ ဖြစ်နေကြတယ်။
“ဟဟား။ မင်းတို့ကို ပြောပြလိုက်မယ်။ ခုနတုန်းက မင်းတို့ ကြိုးစား ပမ်းစား သတ်နေကြတဲ့ သားရဲကောင်က ငါကိုယ်တော် ပိုင်တဲ့ အင်အားကြီး သားရဲကောင်တွေ ထဲက တစ်ကောင်ပဲ။” အရှင်ရှဲ့လော့ရဲ့ အသံက ညကောင်းကင်ကို လွှမ်းခြုံသွားတယ်။
“သားရဲကောင် တစ်ကောင်လား။” ရန်ချန်လိရဲ့ ကျိုးသွားတဲ့ လက်ကို ဖိကိုင်ရင်း နာနာကျင်ကျင် ပြောမိတယ်။ အဲ့ဒီ့ ခန္ဒာကိုယ်က သားရဲကောင် တစ်ကောင်တဲ့လား။ လူတိုင်းရဲ့ အမူအယာတွေ ပြောင်းလဲ သွားခဲ့တယ်။
“မဖြစ်နိုင်လိုက်တာ။”
“သားရဲ တစ်ကောင်က ဘယ်လိုများ ဒီလောက်ထိ အင်အား ကြီးရတာလဲ။”
“မဖြစ်နိုင်တာပဲ။ ဒီလောက် မြန်တဲ့ ကုသနိုင်စွမ်းက သားရဲကောင် တစ်ကောင် ဘယ်လိုမှ မလုပ်နိုင်တာပဲ။ နတ်ဆိုးဘုရင်ပဲ ဒီလို ကုသ နိုင်မှာ။”
“မဟုတ်သေးဘူး။ အရှင်ရှဲ့လော့က သူ တိုက်ခိုက် ခံရတဲ့ အချိန် အဝေးကနေ ကာကွယ်ပေးလို့ ရတယ်လေ။ ဟို သားရဲကောင်ရဲ့ ဒဏ်ရာတွေကို ရွှေရောင် အလင်းတန်း တစ်ခုက အမြဲ ဝန်းရံပြီး ကုသ ပေးနေတာ မြင်တယ်မလား။ အဲ့ဒီ့ အလင်းတန်းက အရှင်ရှဲ့လော့ရဲ့ စွမ်းအား ဖြစ်လိမ့်မယ်။”
အခုချိန်မှာ တောင်ဖြို တပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ အဖြစ်အပျက်ကို နားလည် သွားပြီ။ ဒါပေမယ့် အမှန်တရားက တကယ့်ကို ခါးသီးတယ်။ သူတို့ လက်မခံချင်ဘူး။ ဒီလောက်ထိ ရုန်းကန် တိုက်ခိုက်ခဲ့တာ။ သားရဲကောင် တစ်ကောင်ကို သတ်ဖို့ အတွက်တဲ့လား။ ဘယ်သူမှ မယုံကြည်ချင်ဘူး။
“ကြည့်ရတာ ဘယ်သူမှ ငါပြောတာကို မယုံကြဘူးပဲ။” အရှင်ရှဲ့လော့ ခေါင်းခါရင်း ပြောတယ်။ အဲ့ဒီ့နောက် လေထဲမှာ ရပ်နေခဲ့တဲ့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ “မင်း ကောင်စုတ်လေး။ မင်းတိုက်ခိုက်တာ အတော် ကြောက်စရာ ကောင်းသား။ အင်း။ မင်းက ငါ့ရဲ့ မူလ ပုံစံကို မြင်ရဖို့ တန်ပါတယ်။”
“မူလ ပုံစံတဲ့။”
“အခုက မူလ ပုံစံ မဟုတ်ဘူးလား။”
“မဖြစ်နိုင်တာပဲ။”
မယုံနိုင်လောက်အောင် ကျယ်လောင်တဲ့ နားကွဲမတတ် အသံကြီးနဲ့ အတူ ရွှေရောင် အလင်းတန်းက ကောင်းကင်ပေါ်မှာ တောက်ပလာတယ်။ မှောင်မည်းနေတဲ့ ကောင်းကင် တစ်ခွင်လုံး လင်းလက် သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ ရွှေရောင် အလင်းတန်းထဲက ပုံရိပ်တစ်ခု ထွက်လာခဲ့တယ်။
ရှုပ်ထွေးတဲ့ တည်ဆောက်ပုံတွေ၊ သွားချွန်ချွန်တွေ၊ ကြောက်စရာ ပုံစံတွေ မရှိဘူး။ သာမာန် ခန္ဒာကိုယ်ပဲ။ ဒါပေမယ့် လူတွေရဲ့ နှလုံးသားကို လေးလံစေတယ်။ ကြောက်စရာ ခန္ဒာကိုယ်ကြီး တစ်ခုထက်တောင် ပိုပြီးတော့ ခြောက်ခြားစရာ ကောင်းသေး။
ပိန်ပိန်ပါးပါး ကိုယ်ခန္ဒာမှာ ကြည့်ကောင်းတဲ့ ကြွက်သားတွေ ရှိတယ်။ ခေါင်းအစ ခြေအဆုံး ရွှေရောင် လွှမ်းထားတဲ့ အနက်ရောင် ကြေးခွံတွေ ရှိသေး။ စုစုပေါင်း ခြေထောက် လေးချောင်းပါတယ်။ ခြေချောင်း ငါးခုစီလည်း ပါသေးတယ်။ ခြေသည်းခွံတွေက ကြည်လင်တဲ့ အပြာရောင် အလင်းတွေ တောက်ပနေတယ်။ ကောင်းကင်ပြာလိုပဲ။
ခေါင်းရဲ့ ထိပ်မှာတော့ ရွှေရောင် ဂျိုနှစ်ချောင်းက အလင်းတန်း ထဲမှာ တောက်ပနေခဲ့တယ်။ ရှည်လျားတဲ့ ဆံပင်ဖြူဖြူ ရှည်ရှည်တွေက ကျောပေါ်မှာ ဝဲကျနေတယ်။ အမြီးအဆုံးမှာ ဒေါသမီး တောက်လောင်နေသလို အနီရောင် အလင်းတန်း ရှိနေခဲ့တယ်။ ရွှေရောင် တောက်နေတဲ့ မျက်ဝန်း တစ်စုံကတော့ ခါတိုင်းလို မောက်မာပြီး ထည်ဝါနေဆဲ။
ဂျိုနှစ်ချောင်းရဲ့ အလယ်မှာ ရွှေရောင် ပုလဲ တစ်လုံး ရှိနေခဲ့တယ်။ ကြည်လင်ပြီး ထွင်းဖောက် မြင်နေရတာ ဖန်သလင်းလုံးလေး တစ်ခုလိုပဲ။ လျှပ်စီးတွေက ဒီ ပုလဲထဲမှာ ဖြတ်သန်း လင်းလက်နေခဲ့တယ်။
အပိုင်း(၅၉၇)ပြီး၏။
အပိုင်း (၅၉၈)
“လျှို့ဝှက် လက်နက်ရဲ့ ပေါက်ကွဲမှု။”
ဘာသာပြန်သူ- Enri Thaw
ကြံ့ခိုင်တဲ့ နတ်ဆိုးလို ပုံစံကြီးက အရှင်ရှဲ့လော့ရဲ့ ကျောင်းတော်သား ပုံစံနဲ့ လုံးဝကို ကွဲထွက်နေတယ်။ နတ်ဆိုး တကယ့် နတ်ဆိုးကြီးပဲ။
“အခုတော့ ငါ့ရဲ့ စွမ်းအား အစစ်အမှန်ကို ခံစားလိုက်ပါအုန်း။” အရှင်ရှဲ့လော့ ပြုံးပြရင်းနဲ့ ပြောတယ်။ အဲ့ဒီ့နောက် သူ လှုပ်ရှားတော့တယ်။ ရန်ချန်လိဆီကို ပြေးဝင်သွားတယ်။
“ဝုန်း။” ရွှေရောင် အလင်းတန်းတွေ ဖြစ်ပေါ်လာတယ်။
ရန်ချန်လိကို တိုက်ခိုက် ပြီးတဲ့နောက် မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ထိုးဆင်းသွားတယ်။ နောက်ဆုံးတော့ (ဘန်း)ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ မြန်တယ်။ အရမ်းကို မြန်လွန်းတယ်။ မြန်လွန်းလို့ ဘာဖြစ်သွားလဲ ဘယ်သူမှ မသိနိုင်ကြဘူး။
“ဘာတွေ ဖြစ်နေတာလဲ။”
“အရှင်ရှဲ့လော့က ကြောက်စရာ ကောင်းလိုက်တာ။ ရန်ချန်လိက သုခမိန် ဖြစ်နေတာတောင် အရှင်ရှဲ့လော့နဲ့ ကြုံတော့ တိုက်ခိုက်ဖို့ အခွင့်အရေး မရရှာဘူး။”
တစ်ချက်လေးတောင် မတွေဝေပဲ။ အရှင်ရှဲ့လော့် နောက်ထက် တိုက်ခိုက်ဖို့ ပြင်တယ်။ အရမ်းကို မြင့်မားတဲ့ အရှိန်နှုန်းနဲ့ ဖန်ကျန်းရှီဆီ ပျံတက်သွားတယ်။ မျက်တောင် တစ်ခတ်အတွင်း ဖန်ကျန်းရှီ ရဲ့ ရှေ့ကို ရောက်သွားခဲ့ပြီ။
“…” ဖန်ကျန်းရှီက အရှင်ရှဲ့လော့ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။ အရှင်ရှဲ့လော့ကလည်း ပြန်စိုက်ကြည့်တယ်။ ဒီမျက်လုံးတွေထဲမှာ အရှိန်အဝါ တစ်ခုကို တွေ့လိုက်ရတယ်။ အရှင်ရှဲ့လော့ တစ်ယောက်တည်းမှာပဲ ရှိနိုင်တဲ့ ယုံကြည်ချက် အရှိန် အဝါတွေ။
“သေစမ်း။” အရှင်ရှဲ့လော့ အော်ဟစ်တယ်။ သူ့ရဲ့ အပြာရောင် လက်သည်းတွေက ဖန်ကျန်းရှီရဲ့ ဝတ်ရုံနက်ကို ကုတ်ဆွဲတယ်။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ထိုးဖောက်ပြီး စုတ်ပြတ် သတ်သွားမယ်လို့ လူတိုင်း တွေးမိ လိုက်တယ်။ ဒါပေမယ့် အမှန်တရားကတော့ ဒီလို မဟုတ်ခဲ့ဘူး။
ပွတ်တိုက် ဆွဲတဲ့ အသံကြီးက ညကောင်းကင်မှာ ထွက်ပေါ်လာတယ်။ နှလုံးကာမှန် တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာတယ်။ မဟူရာ ကျောက်တုံး တစ်ခုက သူ့ရဲ့ နှလုံးကာ မှန်နဲ့ ချိတ်ဆက် ထားခဲ့တယ်။ ဒီမယုံနိုင်စရာ ကံကြမ္မာကြောင့် အရှင်ရှဲ့လော့ နည်းနည်းတော့ စိတ်ပျက်သွားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒီအခွင့်အရေးကို သုံးပြီးတော့ တိုက်ခိုက်မှုကို ရှောင်ရှားသွားခဲ့တယ်။ လက်သည်းက သူ့နှလုံးကို လွဲသွားပေမယ့် ဒီ တိုက်ခိုက်မှုက အရမ်းကို ပြင်းထန်လွန်းတယ်။
“ဟုန်း။” နာကျင်မှုက သူ့ရဲ့ ရင်ဘတ်မှာ ပျံ့နှံ့လာတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ခန္ဒာကိုယ်ထဲကို ထူးဆန်း ပြင်းထန်တဲ့ အင်အားတွေ ထိုးသွင်း ခံလိုက်ရသလိုပဲ။ သန်မာတဲ့ ပြိုင်မြင်းတစ်ကောင် ပြိုင်ပွဲဝင်နေသလို သူ့ခန္ဒာကိုယ်ကလည်း အရှိန်ပြင်းပြင်းနဲ့ လွင့်ထွက် သွားခဲ့တယ်။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်က မြေပြင်ပေါ်ကို ကျမသွားခဲ့ဘူး။ လမ်းတဝက်မှာ အရှိန်လျော့ သွားခဲ့တယ်။ လေထဲမှာ သူ့ကိုယ်သူ ထိန်းထားလိုက်တယ်။
“ကြည့်ရတာ ခင်ဗျားရဲ့ စွမ်းအားတွေက တိုက်ပွဲထဲမှာ အတော် ကုန်သွားတဲ့ ပုံပဲ။” ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေပြီ။ ဒါပေမယ့် နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြုံးပြနေခဲ့တယ်။
“ဒီလိုလား။” အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ် ဖျတ်ခနဲ ပျောက်သွားတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ ဘေးမှာ ပေါ်လာခဲ့တယ်။ လေထဲမှာ နောက်တစ်ခေါက် ဖန်ကျန်းရှီကို လက်သည်းနဲ့ လှမ်းကုတ်တယ်။ ဒီတစ်ကြိမ်မှာတော့ ဖန်ကျန်းရှီကို လုံး၀ ထိတယ်။ ဖန်ကျန်းရှီ မြေပြင်ပေါ်ကို ဇောက်ထိုး ကျသွားတော့တယ်။
“ဝုန်း။” မြေကြီးနဲ့ ဝင်ဆောင့်တယ်။ မြေပြင်မှာ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်သွားခဲ့ပြီ။ ကျောက်တုံးတွေက သူ့ ကိုယ်ပေါ်ကို ပိကျလာတယ်။ ဒီအချိန် ဖြစ်ပျက်တာက မြန်လွန်းတယ်။ အရှင်ရှဲ့လော့ ပြန်ပေါ် လာတာကနေ ရန်ချန်လိနဲ့ ဖန်ကျန်းရှီ မြေပြင်ပေါ်ကို ထိုးကျတာအထိ အကုန်လုံးက မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တာ။ အထူးသဖြင့် ဖန်ကျန်းရှီက အရှင်ရှဲ့လော့ရဲ့ ရိုက်ချက် နှစ်ချက်ကို ခံလိုက်ရတာကို သူတို့ မြင်ကြတယ်။ အပြင်လူတွေ အမြင်မှာတော့ ဒီ တိုက်ကွက် နှစ်ကွက်က ဆက်တိုက် ဖြစ်သွားခဲ့တာ။ တစ်ချက်လေးတောင် မရပ်တန့် သလိုပဲ။
“ဒီတစ်ခေါက်ကော ဘယ်လိုလဲ။” အရှင်ရှဲ့လော့ ဖန်ကျန်းရှီ ဖြေသံကို မကြားနိုင်မှန်း သိရဲ့သားနဲ့ မေးနေခဲ့တယ်။
“နောက်တစ်ခေါက် သေချင်ယောင် ဆောင်ပြန်ပြီလား။” အရှင်ရှဲ့လော့ သူ့ နောက်ခြေထောက်နဲ့ ဖန်ကျန်းရှီ ရှိနေတဲ့ နေရာကို ချိန်ပြီး ထိုးဆင်းလာတယ်။
“ရှဲ။” အသံကျယ်ကြီး တစ်သံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို အရှင်ရှဲ့ လော့ ခြေသည်းနဲ့ ကုတ်ချီ သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ပွင့်နေခဲ့တယ်။ သူ့ ပါးစပ်ကနေ သွေးတွေ အဆက်မပြတ် စီးကျနေခဲ့တယ်။
“ဖန်ကျန်းရှီ။” ဒီအချိန်မှာပဲ အရှင်ရှဲ့လော့ ရှေ့မှ လူတစ်ယောက် ရောက်လာခဲ့တယ်။ အေးစက်စက် လေထုက သူ့ကို ဝန်းရံထားခဲ့တယ်။
“ဟန့်။ လူအိုကြီးတောင် ငါ့ကို မနိုင်တာ။ မင်းလို အသေးလေးက ဘာလုပ် နိုင်မှာလဲ။” အရှင်ရှဲ့လော့ စိတ်ပျက် လက်ပျက်ကြည့်ရင်း ပြောတယ်။ ဒီ နတ်ဆိုးဆန်တဲ့ အကြည့်က စိတ်ကို မလုံမခြုံဖြစ်စေတယ်။
“ဒုန်း။” ရန်ရွှယ်ရဲ့ ခန္ဒာကိုယ်က ကန်ထုတ် ခံလိုက်ရတယ်။ သူ့ခန္ဒာကိုယ် ကန်ထုတ် ခံလိုက်ရတာနဲ့ နောက်ထပ် အမည်းရောင် လူရိပ် တစ်ခု သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။ အရှင်ရှဲ့လော့ရဲ့ လည်ပင်းကို ဓားမြှောက် နှစ်ချောင်းနဲက ထိုးစိုက်တယ်။
“ချွမ်။” အရှင်ရှဲ့လော့ ဒီအမဲရောင် လူရိပ်ကို ခွာနဲ့ ပေါက်လိုက်တယ်။ အရိုးတွေ ကျိုးကြေကုန်တဲ့ အသံကို ကြားရတယ်။ လူရိပ်လည်း မြေပြင်ပေါ်ကို ဇောက်ထိုး ကျသွားခဲ့တယ်။
“တောင်ပိုင်းဧကရီ“
“သခင်လေးရန်ရွှယ်”
တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ်တပ်ဖွဲ့တွေ ဒီမြင်ကွင်းကို ကြည့်ရင်း မလှုပ်ရှားနိုင်တော့။ သူတို့တွေ အားလုံးက သန်မာကြတာ ဟုတ်တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ရဲ့ အရင်စွမ်းအားကို တောင်တန်းကြီး တစ်ခုလို့ ပြောမယ်ဆိုရင်။ အခု သူ့ရဲ့ စွမ်းအားက သမုဒ္ဒရာကြီးပဲ။ အဆုံးမဲ့ သမုဒ္ဒရာကြီးပေါ့။ လူသား တစ်ယောက်က တောင်တန်းကြီးပေါ်ကို ဘယ်လောက် မြင့်မြင့် တက်နိုင်ပေမယ့်။ သမုဒ္ဒရာ ထဲကိုတော့ မကူးခတ်နိုင်ဘူး။ ငရဲထက်တောင် ပိုပြီး နက်ရှိုင်းသေးတယ်။
“ဟဟား ..” အရှင်ရှဲ့လော့ ရဲ့ ရယ်သံကြီး ထွက်ပေါ်လာတယ်။ စိတ်ကစဉ့် ကလျား ဖြစ်နေတဲ့ မောက်မောက် မာမာ ရယ်သံကြီး။ “လာစမ်းပါ။ အကုန် သေသွား စေရမယ်။ ဖန်ကျန်းရှီ။ မင်းကြောင့် လူဘယ်လောက် များများ သေရမလဲ မြင်စေချင်တယ်။”
“ငါ ကျန်သေးတယ်။” ရန်ချန်လိ ချက်ခြင်း ပြန်ဖြေတယ်။ သူ့ ခန္ဒာကိုယ်မှာ အနီရောင် အလင်းတန်းတွေ တောက်ပနေပြန်ပြီ။ သွေးနီရောင် အလင်း ဓားမြောင်တွေက အရှင်ရှဲ့လော့ရဲ့ ခေါင်းကို ထိုးဖောက် သွားတယ်။ ဒါပေမယ့် အရှင်ရှဲ့လော့က ကြိုပြီး ခန့်မှန်းထားတဲ့ ပုံပဲ။
“ဟဟား။” ရန်ချန်လိ ရောက်လာတာနဲ့ သူက ခုန်ရှောင်တယ်။ ဖန်ကျန်းရှီကို သယ်ပြီး လေထဲကို ပျံတက်သွားတယ်။ “လူတွေကို စားတဲ့ အကျင့်တော့ ငါ့မှာ မရှိပါဘူး။ မင်းကို ကောင်းကောင်းလေး သတ်ပေးပါမယ့်။
နောက်ထပ် တွေေ၀ မနေတော့ဘူး။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို သူ့ရဲ့ လက်သည်း ပြာပြာနဲ့ ထိုးစိုက်လိုက်တယ်။ မှန်ကို ခြစ်မိတဲ့ အသံကြီး ထွက်ပေါ်လာတယ်။
“ဟန့်။ ခုထိ မကွဲသေးဘူးလား။” အရှင်ရှဲ့လော့ တစ်ခဏ မျက်လုံး ပြူးသွားတယ်။ တစ်ခေါက် တိုက်ခိုက်လို့ မကွဲရင် ဒါက တန်ဖိုးကြီး ပစ္စည်း။ ဒါပေမယ့် ဒုတိယ တစ်ကြိမ် တိုက်ခိုက်လို့မှ မကွဲရင် ဒါက ရတနာ ဖြစ်သွားပြီ။ ဖန်ကျန်းရှီကို ခပ်မြန်မြန် သတ်ဖို့ သူ စိတ်ကူးထားတယ်။ ဒါကြောင့် နှလုံးကာမှန်ကို အကြိမ်ကြိမ် ကြည့်ရင်း မျက်မှောင်ကြုတ်နေတယ်။ ဒီမှန်ထဲက ကျောက်တုံးကို သူစူးစိုက်ကြည့်တယ်။
ဖန်ကျန်းရှီကို သတ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ နှလုံးကို ဖောက်ပြီး တစ်ခါတည်း သေစေနိုင်တာမျိုးပေါ့။ နတ်ဆိုး ဘုရင် တစ်ယောက် အနေနဲ့ အရှင်ရှဲ့လော့က အရေးကြီး ကိစ္စကို အမြဲစဉ်းစားတယ်။ ဖန်ကျန်းရှီကို အသက်ရှင်လျက် ထားလို့ မဖြစ်ဘူး။ ဒါကြောင့် တစ်ခါတည်း အသေသတ်ဖို့ လုပ်ရမယ်။ နှလုံးကာမှန်ကို ကြည့်နေခဲ့ အချိန်၊ သူ့စိတ်ထဲ ထူးခြားတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ သေးမျှင်တဲ့ ကြိုးလေးတွေက သူ့ကို ချည်နှောင်ဖို့ ကြိုးစား နေသလိုပဲ။ နေရာ တစ်ခုမှာ သူ့ကို မလှုပ်နိုင်အောင် ချည်နှောင် နေသလိုလို။
“ဟမ့်။” အရှင်ရှဲ့လော့ရဲ့ အမူအယာ ချက်ခြင်း ပြောင်းလဲသွားတယ်။ သူ နောက်ဆုတ်ဖို့ ကြိုးစားပေမယ့် ခန္ဒာကိုယ်က သူ့အမိန့်ကို မလိုက်နာဘူး။ မျက်လုံး တစ်စုံကို သူမြင်လိုက်ရတယ်။ ဖန်သလင်း မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေတယ်။ အဖြူရောင် အလင်းတန်းက ဒီ မျက်လုံးထဲမှာ တောက်ပနေတယ်။ အရှင်ရှဲ့လော့ သူ့ မျက်လုံးထဲ တစ်ခုခု ဝင်သွားသလို ခံစားရတယ်။ သေးငယ်တဲ့ အမှုန်လေးလိုပဲ။ ဒါပေမယ့် သူ့ကို မခံမရပ် နိုင်အောင် နာကျင်စေတယ်။
“အား။” အရှင်ရှဲ့လော့ ဟိန်းဟောက် အော်ဟစ်တယ်။ သူ့ တကိုယ်လုံးကနေ ရွှေရောင် အလင်းတန်းတွေ ပေါက်ကွဲ ထွက်လာခဲ့တယ်။
…
ဘယ်သူမှ မတွေးမိခဲ့တဲ့ ဒီမြင်ကွင်းက လန့်စရာ ကောင်းလွန်းတယ်။ လူတိုင်းက လူးလှိမ့်နေတဲ့ အရှင်ရှဲ့လော့ကို ငေးကြည့်နေတယ်။ သူ့ပုံစံက တိုက်ခိုက် ခံလိုက် ရပုံပဲ။ ဒါပေမယ့် သူ့ကို ဘယ်သူတိုက်ခိုက်တာလဲ။ ဘယ်လို ဖြစ်သွားတာလဲ။ ဒီ အခြေအနေကို ဘယ်သူမှ နားလည် ကြပုံ မပေါ်ဘူး။ ဒါပေမယ့် အရှင်ရှဲ့လော့ အတော့်ကို နာကျင် ခံစား နေရမှန်း လူတိုင်းသိတယ်။
ဖန်ကျန်းရှီက အရှင်ရှဲ့လော့ လက်ထဲကနေ ပြုတ်ကျလာပြီ။ လေတိုက်လို့ ကြွေသွားတဲ့ သစ်ရွက်လေး တစ်ရွက်လို လွင့်ထွက်လာခဲ့တယ်။ ဒါပေမယ့် သူက မြေပြင်ပေါ်ကို ကျမလာဘူး။
ဘာကြောင့်လဲ ဆိုတော့ သူက လေထဲမှာ ပျံသန်းနေပြီလေ။ ခြေရာမဲ့ ဓားကို ထုတ်လိုက်ရင်း လျှပ်စီးလို အရှိန်နဲ့ အရှင်ရှဲ့လော့ နဖူးက ရွှေပုလဲကို တိုက်ခိုက်တော့တယ်။ ဒါပေမယ့် ပုလဲဆီ မရောက်ခင် သူ့ကို ရွှေရောင် အလင်းတန်း တွေက ဖိနှိပ်လိုက်တယ်။ ကောင်းကင်မှာ သူ တန့်သွားခဲ့ပြီ။
“အလစ်ဝင်တိုက်တာလား။“
“အဖြူရောင် အလင်းတန်းက ဘာလဲ၊”
“အဲ့ဒီ့ အလင်းတန်း အကြောင်း ငါကြားဖူးတယ်။ အဲ့ဒီ့ အလင်းတန်းကို သုံးပြီးတော့ ဖန်ကျန်းရှီက လူတွေရဲ့ မျက်လုံးကို ထိုးဖောက် နိုင်တယ်တဲ့။ နတ်ဆိုး ဘုရင်တောင် ဒါကို မခုခံ နိုင်ဘူးပေါ့။”
ကောင်းကင်နဲ့ မြေကြီး အကွာအဝေးက များလွန်းတော့ မြေပြင်က စစ်သည်တော်တွေ အလင်းတန်း သက်ရောက်တာကို သိပ်ပြီး မခံစားရဘူး။ ဒါပေမယ့် အခု ဖြစ်သွားတာကို တော့ သူတို့ တွေးနိုင်ကြတယ်။ ဖန်ကျန်းရှီ အလစ်ဝင်တိုက်တာ။
…
အရှင့်ရဲှ့လော့ ဖန်ကျန်းရှီကို ကုတ်ဆွဲတယ်။ ချီမပြီး ပျံသန်းတယ်။ နှလုံးကို ဖောက်ဖို့ လုပ်တယ်။ နာကျင်မှုတွေကြောင့် ဖန်ကျန်းရှီ မေ့မျော မတတ်ပဲ။ ဒါပေမယ့် သူ ပြန် တိုက်ခိုက်တဲ့ အချိန် ရွှေရောင် အလင်းတန်းက သူ့ကို တွန်းထုတ်နေတယ်။ ဒါကို သူ လက်မခံနိုင်ဘူး။
လျှို့ဝှက်လက်နက်ကို သူပြစ်လွှတ်တယ်။ ဒီလို လျှို့ဝှက် လက်နက်က မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ သက်ရှိတွေကို သေကြေပျက်စီး စေနိုင်တယ်။ အရှင်ရှဲ့လော့ကို တိုက်ခိုက်တဲ့ အချိန် ဖန်ကျန်းရှီ သုံးလိုက်တဲ့ ကျောက်အမှုန့်တွေက သာမာန် မဟုတ်ဘူး။ ဒါက တကယ့်ကို ရှားပါးရတနာပဲ။
ဒီအမှုန့်ရဲ့ နာမည်ကို သူမသိဘူး။ အရောင်မဲ့ အနံ့မဲ့တဲ့ သာမာန် အမှုန်လိုပဲ။ ဒါပေမယ့် သုခမိန် တစ်ယောက်ကို ရေနွေးထဲ ထည့်ပြီး ခတ်သောက်ခိုင်းရင်းတောင် ပြန်ကောင်းဖို့ ၃၅ နှစ်ကျော် အချိန် ယူရမယ်။ ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဖန်ကျန်းရှီ ဘယ်လို ပိုင်ပါ့မလဲ။ အတိအကျ ပြောရရင်။ သူ ခိုးလာတာ။
အမှန်အတိုင်း ပြောရရင်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဒီအမှုန်အကြောင်း သူ့ကို ပြောပြတာ။ ဒီအမှုန့် တထုပ်က ရွှေချိန် ထောင်ချီနဲ့ ညီတယ်။ လောကမှာ နှစ်ခု မရှိနိုင်တဲ့ တန်ဖိုးကြီးတဲ့ အဆိပ်ပဲ။
သုခမိန်ကြီးရဲ့ အခန်းထဲမှာ သုံးလလုံးလုံး ပုန်းအောင်း ကြိုးစားပြီးမှ ဒီအမှုန့်ကို ရလာခဲ့တာ။ ဒါကြောင့် သိပ်ပြီးတော့ သုံးချင်တာ မဟုတ်ဘူး။ ဒီနေ့ တော့ သူပင်ပင်ပန်းပန်း ခိုးလာသမျှ အမှုန့် အကုန်လုံးကို သုံးလိုက်ပြီ။ ဒီတိုက်ကွက်ကို သုံးပြီးတဲ့ နောက်မှာတော့ ကောင်းကင်ကို ပျံမတက်ခဲ့ဘူး။
ခြေရာမဲ့ ဓားကို သုံးရင်း အရှင်ရှဲ့လော့ကို တည့်တည့် တိုက်ခိုက်တယ်။ သူ ပျံသန်းသွားတဲ့ လမ်းတစ်လျှောက်မှာ ခရမ်းရောင် ကြွက်မီးတန်းကြီး ကျန်နေခဲ့တယ်
“တည်ငြိမ်။” ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုက နှေးသလို ထင်ရတယ်။ ဒါပမေယ့် နှေးနေတာ မဟုတ်ဘူး။ လှုပ်ရှားမှုက ညင်သာလွန်းတာ။ နန်ကုန်းမျိုးနွယ်ရဲ့ နဂါးဗျူဟာ တိုက်ခိုက်နည်းပဲ။ ဒီ တိုက်ခိုက်နည်းက တော်ဝင်ဆန်ပြီး အင်အားကြီးတဲ့အပြင် အရမ်းလည်း တိတ်ဆိတ်တယ်။ နီးသထက် နီးလာတယ်။
အရှင်ရှဲ့လော့ အနားကို ရောက်လာလေ ဒါက နောက်ဆုံး အခွင့်အရေးဆိုတာ နားလည် လာလေပဲ။ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း အကောင်းဆုံး တိုက်ခိုက်ဖို့ လုပ်တယ်။
“တင်း။” ကျယ်လောင်တဲ့ အသံကြီး လေထဲကို ပျံ့ သွားခဲ့တယ်။
ဒီအချိန်မှာ လောကကြီး တစ်ခုလုံး တိတ်ဆိတ် သွားသလိုပဲ။ အရှင်ရှဲ့လော့ နဖူးကို သူ့ဓားက ထိုးစိုက်သွားပြီ။ အချိန်တွေ ရပ်တန့်သွားတယ်။ မနားတမ်း တိုက်ခတ်နေတဲ့ မိုးသက် မုန်တိုင်းက သူတို့ကို လွှမ်းခြုံထားတယ်။
“သူထိုးလိုက်ပြီလား။”
“ဟုတ်တယ်။ သူ ထိုးလိုက်ပြီ။”
နှလုံးသားထဲမှာ အသံတွေ ပဲ့တင်ထပ်နေတယ်။ ဘယ်သူမှတော့ ထုတ်မပြောကြဘူး။ ကောင်းကင်ကို မော့ကြည့်ရင်း ခရမ်းရောင် တောက်နေတဲ့ ဓားကို စိုက်ကြည့်နေခဲ့တယ်။
“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီး ဓားထိပ်ကနေ ထွက်လာတယ်။ တောက်ပတဲ့ ရွှေရောင် အလင်းဓားတွေ နေရာ အနှံ့ကို ပျံထွက်သွားတယ်။
ရွှေရောင်ဓားတွေက မုန်တိုင်းနဲ့ ပေါင်းစည်းပြီး ဖန်ကျန်းရှီကို တိုက်ခိုက်တယ်။ သူ့ရဲ့ လက်တွေ ခြေထောက်တွေမှာ သွေးတွေ ချင်းချင်း နီနေခဲ့ပြီ။ ဒီအချိန်မှာပဲ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။
တစ်ကိုယ်လုံး ရွှေရောင် အကြေးခွံတွေနဲ့ ပြည့်နေတဲ့ သတ္တဝါကြီး။ သူ့ရဲ့ ရွှေရောင်ဂျိုတွေက အရင်လို တောက်ပနေဆဲ။ ဒါ့အပြင် သူ့မျက်လုံးတွေက ရွှေရောင် အလင်းတန်းတွေနဲ့ ပြည့်နေခဲ့တယ်။
မျက်လုံးထောင့်ကနေ သွေးတွေ စီးကျလာတယ်။ ရွှေရောင် အကြေးခွံပေါ်ကို သွေးမျက်ရည်တွေ ကျလာတယ်။ ဒီပုံရိပ်ဆီကနေ အင်အားလှိုင်းတွေ ပျံ့လွင့်လာတယ်။
“အား။” ဒေါသတကြီး အော်ဟစ်ရင်း ဖန်ကျန်းရှီရဲ့ လည်ပင်းကို ဂျိုနှစ်ချောင်းနဲ့ ခွေ့ဖို့ ပြေးလာခဲ့တယ်။ “သေစမ်း။”
“ငါသေရတော့မှာလား။” ဖန်ကျန်းရှီ မျက်လုံးတွေ ပြူးကျယ်နေတယ်။ ဒီရွှေဂျို နှစ်ချောင်က ထွက်လာတဲ့ အရှိန်အဝါတွေက ပြင်းထန်လွန်းတယ်။ “ကြည့်ရတာ ဒီတစ်ခါတော့ မိသားစုတွေ ပြန်မဆုံ နိုင်တော့ဘူး။ ”
သူ မျက်စိ မမှိတ်ဘူး။ သူမသေခင်မှာ သူ့အမေပုံရိပ်ကို နောက်ဆုံး မြင်ချင်သေးတယ်။
“အမေ။” ဒီစကားက သေသေရှင်ရှင် သူ့နှလုံးသားထဲမှာ အမြဲ ရေရွှတ်နေမိတဲ့ စကားလုံးပဲ။
“ပင်းယန်။ ငါ တောင်းပန်ပါတယ်။ မင်းအတွက် လက်စား ချေမပေးနိုင်ဘူး။ ဟမ်။ ကောင်မလေး ဘယ်ရောက် သွားပြီလဲ။ သူ့ အလောင်းကို တစ်ယောက်ယောက်များ ယူသွားတာလား။” ဖန်ကျန်းရှီ ခေါင်းငုံ့ကြည့်တဲ့ အချိန် ပင်းယန်ရဲ့ ခန္ဒာကိုယ် ပျောက်နေတာကို သတိ ထားမိလိုက်တယ်။ ဘယ်ရောက် သွားတာလဲ။ သူတွေးရင်းနဲ့ မျက်လုံး ပြူးလာတယ်။
သူ့ဆီကို ပြေးဝင် လာနေတဲ့ ဂျိုနှစ်ချောင်းလည်း လမ်းတဝက်မှာ ရပ်နေခဲ့တယ်။
အပိုင်း(၅၉၈)ပြီး၏။
အပိုင်း (၅၉၉)
“ရှင်ဘုရင် ပြန်လာပြီ။ ”
ဘာသာပြန်သူ-Enri Thaw
ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီက အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။ အရှင်ရှဲ့လော့က သူ့ကို သနားညှာတာပြီး လွှတ်ပေးမှာ မဟုတ်ဘူး။ ရန်ချန်လိ နဲ့ ရန်ရွှယ် နှစ်ယောက်လုံးကလည်း တိုက်ခိုက် ခံရပြီ။ သူတို့ နှစ်ယောက်လုံး ချက်ခြင်း ပြေးလာနိုင်မှာ မဟုတ်ဘူး။ သူတို့ လာနိုင်ရင်တောင် အရှင်ရှဲ့လော့ကို တားနိုင်မှာ မဟုတ်။ အခုကြည့်ရတာ အရှင်ရှဲ့လော့ကို တစ်ယောက်ယောက်က ဆွဲထားတဲ့ ပုံစံပဲ။ လုံး၀ မလှုပ်နိုင်ဘူး။
ဒါကို သူတွေးနေတဲ့ အချိန်၊ အရှင်ရှဲ့လော့ နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ မိုးစက်တွေက သူမ ခန္ဒာကိုယ်ပေါ်ကို စီးကျနေတယ်။ သူမရဲ့ ဝတ်ရုံက လေထဲမှာ လွင့်နေခဲ့တယ်။ သူမရဲ့ လည်ပင်းမှာ တောက်ပနေတဲ့ အလင်းစက်ဝိုင်း တစ်ခု ရှိနေခဲ့တယ်။ ဒီ အလင်းစက်ဝိုင်းက လက်သီးဆုပ်ထက်တော့ မကြီးဘူး။ ဒါပေမယ့် အရမ်းကို တောက်ပတယ်။ ဒါက ဆွဲသီးလေး တစ်ခုပဲ။ မျက်ရည်စက် ပုံစံ ဆွဲသီးလေး တစ်ခု။ ဒါပေမယ့် ဒီဆွဲသီးလေးက ကွဲအက်နေတယ်။ တောက်ပတဲ့ အလင်းတန်းက ဒီကနေ ထွက်နေတာ။ အလင်း စက်ဝိုင်းလေး တစ်ခု ဆွဲသီးကို လှည့်ပတ်ရင်း ဖြစ်ပေါ်နေတယ်။
“ပင်း .. ပင်းယန်လား။” ဖန်ကျန်းရှီ တကယ့်ကို မယုံနိုင်။ အရှင်ရှဲ့လော့ သတ်တာကို ခံလိုက်ရတဲ့ ပင်းယန်။ ဒါပေါ့ ပင်းယန် အခုထိ အသက်ရှင်နေတာ သူ မယုံနိုင်ဘူး။
“အရှင်မင်းသမီးပဲ။”
“အရှင်မင်းသမီး အသက်ရှင်နေတယ်။”
တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ဝေးဝေးက ရပ်ကြည့်နေခဲ့တယ်။ ဒါပေမယ့် တောက်ပတဲ့ အလင်းတန်းထဲက လူကိုတော့ သူတို့ မှတ်မိတယ်လေ။ အနီရောင် ဝတ်ရုံမှာ သွေးတွေက ရွဲစို နေခဲ့တယ်။ ဝတ်ရုံက သွေးတွေ အပြင် သူမရဲ့ နှုတ်ခမ်း ထောင့်မှာ သွေးတွေ စီးကျနေသေး။ ဒီ သွေးတွေ လည်ပင်းပေါ်က အလင်းတန်းဆီ ကျဆင်းလာတယ်။ အဲ့ဒီ့နောက် ပျောက်ကွယ်သွား တော့တယ်။
“မယ်တော် .. မယ်တော်က ပင်းယန် ဘေးမှာ အမြဲရှိနေတယ်။ ငါ့ကို တစ်ခါမှ ထားမသွားဘူး။” ပင်းယန်က သူ့ကို စိုက်ကြည့်နေတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက မတောက်ပတော့ဘူး။ သေငယ်ဇောနဲ့ မျောနေတဲ့ လူတစ်ယောက်လိုပဲ။ သူမ မျက်လုံးတွေကို တချက်လေးတောင် မမှိတ်ဘူး။ အရှင်ရှဲ့လော့နဲ့ ပင်းယန်ကို စိုက်ကြည့်ရင်း သူမ နှုတ်ခမ်းက ခပ်တိုးတိုး ရေရွတ်နေခဲ့တယ်။
“မသေသေးဘူးလား။” အရှင်ရှဲ့လော့ ခေါင်းကို လှည့်ကြည့်တယ်။ သူ့မျက်လုံးတွေက သွေးတွေ စီးကျနေခဲ့တယ်။ သူ့ရဲ့ ဒေါသတကြီး အမူအယာက နာကျင်မှုတွေ မကျေနပ်ချက်တွေနဲ့ ပြည့်နေခဲ့တယ်။ ပင်းယန် သူ့နောက်ကို ရောက်နေတာ မြင်တော့ သူ့ မျက်လုံးတွေ ပြူးကျယ် ဝိုင်းစက်သွားတယ်။ သူ့ မျက်လုံးက သွေးတွေ ပိုပြီးတော့ စီးကျလာတယ်။ ဒါကို သူ အာရုံ မစိုက်ဘူး။ ပင်းယန်ရဲ့ လည်ပင်းကိုသာ စိုက်ကြည့်နေခဲ့တယ်။
“မယ်တော်က ငါနဲ့ တကယ်ရှိတယ်။ သူက ငါ့ကို ကြည့်နေတယ်။ နင် အရှက်မရှိတဲ့ ကောင်စုတ်။ မယ်တော်က ငါ့ကို တစ်ယောက်တည်း မထားခဲ့ဘူး။ တကယ်ပဲ တစ်ယောက်တည်း မထားခဲ့ဘူး။ ” အရှင်ရှဲ့လော့ရဲ့ အသေသတ်ချင်နေတဲ့ အကြည့်ကို ပင်းယန် အာရုံ မစိုက်ဘူး။ မှုန်မှိုင်းနေတဲ့ ဖန်သလင်း မျက်ဝန်းတွေ နဲ့သာ စိုက်ကြည့်ရင်း ပြောနေခဲ့တယ်။
“ပင်းယန် သွားပါတော့။” ပင်းယန်မှာ ဘာတွေ ဖြစ်နေလဲ ဖန်ကျန်းရှီ မတွေးတတ်ဘူး။ ဒါပေမယ့် ပင်းယန် အသက်ရှင် နေသရွေ့ လွတ်အောင် ပြေးနိုင်မယ် ဆိုတာတော့ သိတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်ရေ့။ ငါ မယ်တော့်ကို တကယ်ပဲ မြင်နေရတယ်။ ငါ တကယ့်ကို မြင်ရတာ။” ပင်းယန် က ဖန်ကျန်းရှိ အကြံပေးတာကို မကြာတးဲ့ အတိုင်း ဆက်ပြီးတော့ ပြောနေခဲ့တယ်။
ဖန်ကျန်းရှီ ထပ်ပြောချင်ပေမယ့် သူ မပြောဖြစ် တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အရှင်ရှဲ့လော့က လှုပ်ရှား တိုက်ခိုက်ပြီလေ။ သူ့ရဲ့ လက်သည်း ပြာပြာတွေက ပင်းယန်ကို ကုတ်ဆွဲနေပြီ။ သတိပေးချက် လုံး၀ မရှိဘူး။
“မဖြစ်ဘူး။” ဖန်ကျန်းရှီ တားမြစ်ချင်တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့က မြန်ဆန်လွန်းတယ်။ ပင်းယန်ကလည်း သူ့ နောက်မှာ ရှိနေတာ ဒါကြောင့် ဒီလို အလစ်ဝင်တိုက်တာကို တားလို့ မရဘူး။
“ဝုန်း။” အရှင်ရှဲ့လေ့ရဲ့ လက်သည်းတွေ က ပင်းယန် ခန္ဒာကိုယ်ကို မထိလိုက်ဘူး။ သူမ လည်ပင်းက အလင်းတန်း ကိုပဲ ထိတယ်။ ဒီအချိန်မှာ အထူးဆန်းဆုံး ဖြစ်ပ်ကြီး ဖြစ်ပေါ် လာတော့တယ်။ ပင်းယန်က အရှင်ရှဲ့လော့ရဲ့ လက်သည်း ဒဏ်ကြောင့် လွင့်ထွက် မသွားဘူး။ နည်းနည်းလေးတောင် နေရာမရွေ့။
အရှင်ရှဲ့လော့ ကတော့ ကြောက်စရာ တစ်ခုခုနဲ့ ထိတွေ့လိုက်ရတဲ့ အတိုင်း နောက်ကို လွင့်ထွက် သွားခဲ့တယ်။ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ အရှင်ရှဲ့လော့ နာနာကျင်ကျင် အော်ဟစ်တယ်။
“ဒါက ..”
“ ဘယ်လို ဖြစ်နိုင်မှာလဲ။ အဲ့တာ ဘာကြီးလဲ။”
“အရှင်ရှဲ့လော့ တိုက်ခိုက် ခံလိုက် ရတာလား။”
မြောက်ပိုင်းသား စစ်သည်တော်တွေလည်း ဒီမြင်ကွင်းကို မြင်ကြတယ်။ သူတို့ မျက်လုံးတွေ မယုံနိုင်မှုကြောင့် ပြူးကျယ် နေကြတယ်။ တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့လည်း ဒီ အခြေအနေကို နားမလည်နိုင်ဘူး။ ပြေးလာတဲ့ ရန်ချန်လိတောင် ချက်ခြင်း ရပ်တန့် သွားခဲ့တယ်။
“အရှင်မင်းသမီး။” မိုးကုပ်စက်ဝိုင်းက ပင်းယန်ကို သူ အနီးကပ် မြင်နေရတယ်။ သူမ လည်ပင်းက အလင်းတန်းကို လည်း မြင်ရတယ်။ ဒီအချိန်မှာပဲ အလင်းတန်းက ပေါက်ကွဲ ထွက်လာတယ်။ အလင်းတန်းလေးက အမှုန့်တွေ အဖြစ် အစိတ်အစိတ် အမြွှာမြွှာ ကွဲထွက်တယ်။
“မယ်တော်။” ပင်းယန် အပူတပြင်း အော်ဟစ်တယ်။ သူမ မျက်လုံးတွေမှာ ကြောက်လန့်မှုတွေ ပြည့်နှက်နေတယ်။ သူမရဲ့ လက်က ဒီအလင်းမှုန်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားနေတယ်။
“ပင်းယန်” ဖန်ကျန်းရှီ အော်ရင်း ရှေ့ကို ပြေးထွက်လာတယ်။ ဒါပေမယ့် ပင်းယန် နာကို သူမရောက်ဘူး။ ကြောက်စရာကောင်းအောင် ပြင်းထန်တဲ့ အင်အားတွေက သူ့ကို ဝင်ဆောင့်တယ်။ အဲ့ဒီ့နောက် ရင်ဘတ် တစ်ခုလုံး ပူပြင်း တင်းကြပ်လာခဲ့တယ်။ ချောင်းတစ်ချက်ဆိုးရင်းနဲ့ သွေးတွေ အန်ထုတ်မိတယ်။ အလင်းတန်းတွေဆီ သွေးတွေ လွင့်စင် သွားတယ်။ အဲ့ဒီ့နောက် တောက်ပတဲ့ အလင်းတန်းတွေ ရုက်တရက် လှည့်ပတ်တာ ရပ်သွားခဲ့တယ်။
မိုးစက်တွေက ကောင်းကင်ပေါ်ကနေ သည်းသည်းထန်ထန် စီးကျနေဆဲ။ အလင်တန်းတွေကို ဖြတ်ပြီးတော့ မြေပြင်ပေါ်ကို စီးကျလာတယ်။ ပြေင်ပေါ်မှာ ရေအိုင်တွေ ဖြစ်ရုံတင် မကဘူး။ မြစ်ငယ်လေး တစ်ခုလိုပါ စီးဆင်းနေပြီ။
“ဝမ်း။” ကျယ်လောင်တဲ့ အသံကြီးက မြေပြင်တစ်ခုလုံးကို တုန်ခါ သွားစေတယ်။ အလင်းတန်းတွေ နောက်တစ်ခေါက် လှုပ်ရှားပြန်တယ်။ ဒီတစ်ခေါက်တော့ သူတို့တွေ ပျံ့ကျဲ မနေတော့ဘူး။ ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို ဝန်းရံ လည်ပတ်နေခဲ့တယ်။ သူမရဲ့ နှင်းလို ဖြူဖွေးတဲ့ အသားအရေကလည်း ကြယ်တွေလို တလက်လက် တောက်ပနေတယ်။ ကောင်းကင် တစ်ခုလုံးကို လင်းထိန် နေစေတယ်။ ပင်းယန်ကို ကြည့်ရတာ ကောင်းကင်က ဆင်းသက်လာတဲ့ နတ်မိမယ် တစ်ပါးလိုပဲ မြင့်မြတ်ပြီး ထည်ဝါနေတယ်။
“အဲ့တာ ဘာလဲ။”
“ အရှင်မင်းသမီးရဲ့ ခန္ဒာကိုယ်မှာ ဘာတွေ ဖြစ်နေတာလဲ။”
“ဒီအလင်းတန်းက ဘာလို့ ဒီလောက်တောင် ထူးဆန်း နေတာလဲ။”
မြေပြင်က စစ်သည်တော်တွေ ပင်းယန် ခန္ဒာကိုယ်က အလင်တန်းကို စိုက်ကြည့်နေတယ်။ ဒါက အသက်နဲ့ ချိတ်ဆက် နေသလိုပဲ။ ဒါတင် မကဘူး ဒီ အလင်းတန်းတွေက ပင်းယန်ရဲ့ ခန္ဒာကိုယ်မှာ ထူးဆန်းတဲ့ ပုံစံနဲ့ လှည့်ပတ် နေခဲ့တယ်။
“ဒါက ပင်းယန် မင်းသမီးရဲ့ မျိုးနွယ်သွေးလား။” ရှန်းယွီ တီးတိုး ရေရွတ်မိတယ်။ ပင်းယန်ကို ကြည့်ရင်း သူ့ မျက်လုံးက ပြူးကျယ်နေခဲ့တယ်။ မျိုးနွယ်သွေး ဆိုတာ တောင်ပိုင်း ဒေသရဲ့ အခေါ်အဝေါ်ပဲ။ ဒီ မျိုးနွယ်သွေးနဲ့ ပတ်သက်လာရင် ရှန်းယွီက တခြားသူတွေထက် ပိုသိတယ်။ ဒါက သူမရဲ့ သွေးထဲမှာ တစိတ်တပိုင်းလည်း ပါဝင်နေတယ်လေ။ ကြီးမြတ်သောရှ မင်းဆက်မှာတော့ တခြား အခေါ်အဝေါ် တစ်ခုရှိတယ်။ အဲ့တာက ရွှမ်ကောင်းကင် တာအို ခန္ဒာ။ မျိုးနွယ်သွေးလို့ပဲ ခေါ်ခေါ် ရွှမ်ကောင်းကင် တာအို ခန္ဒာကိုယ်လို့ပဲ ခေါ်ခေါ် သူတို့ က အခေါ်အဝေါ်တွေပဲ တစ်ခုနဲ့ တစ်ခု ကွာခြားချက် အများကြီးရှိတယ်။
ဥပမာ အားဖြင့် ရှန်းယွမ်ရဲ့ သွေးက အရမ်းကို အင်အားကြီးတယ်။ သူမရဲ့ စွမ်းရည်ကို ၂ဆ ကျော် မြှင့်တင် ပေးနိုင်တယ်။ ဒါကြောင့် သူမက တခြားသူတွေထက် ပိုသာလွန် လွန်းတယ်။ ဒါပေမယ့် ကျော်ကြားတဲ့ ရွှမ်ကောင်းကင် တာအို ခန္ဒာနဲ့ ယှဉ်ရင်တော့ အဆင့်ချင်း ကွာခြားတယ်။
ချီကူယန်က ကြီးမြတ်သော ရှမင်းဆက်၊ တောင်ပိုင်း ဒေသနဲ့ နတ်ဆိုး မျိုးနွယ်တွေ ကြားမှာ မြင့်မြတ်တဲ့ ဂုဏ်ရည်ရှင်ဖြစ်နေတာပဲ ဒါကြောင့်ပဲ။ ကျောင်းတော် ဆယ့််သုံးခုနဲ့ အနီးကပ် ဆက်ဆံရေး ရှိတာကလည်း မြင့်မြတ်တဲ့ ရွှမ်ကောင်းကင် တာအို ခန္ဒာကိုယ်ကြောင့်ပဲ။ ကောင်းကင် ဂုဏ်ရည်ရှင်က ကောင်းကင်က ရွေးချယ်ထားတဲ့ ရတနာ တစ်ပါးပဲ။ သူတို့ သာမာန် လူသားတွေနဲ့ ကွာခြားတယ်။ ဒါပေမယ့် ရှန်းယွီ တွေးရင်းနဲ့ ခေါင်းခါ လိုက်တယ်။
“မဟုတ်ဘူး။ ဒီ မျိုးနွယ်သွေးက မွေးထဲက ရှိနေတာ။ အခုချိန်ထိ ပင်းယန် မင်းသမီးရဲ့ မျိုုးနွယ်သွေး အကြောင်း မကြားဖူးသေးဘူး။ ဒီတော့ မဖြစ်နိုင်။”
ရှန်းယွီ အတွေးတွေကို ဖယ်ထုတ်လိုက်တယ်။ မျိုးနွယ်သွေး ဆိုတဲ့အတိုင်း ဒါက မွေးတည်းက ပါလာတာမျိုး။ ဒါကြောင့် မြင့်မြတ်တဲ့ မျိုးနွယ်သွေး ပါလာရင် လူတိုင်း သိနိုင်မှာပဲ။ သာမာန်လူတစ်ယောက်မှာ ဒါမျိုး ဖြစ်တာဆိုရင် နောက်ကျမှ သိတာမျိုးက ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် ပင်းယန်ကတော့ တော်ဝင် မိသားစုမှာ မွေးလာတာလေ။ ဒါကြောင့် မဖြစ်နိုင်ဘူး။
ပင်းယန်ကို ရှန်းယွီ စိုက်ကြည့်နေတယ်။ ပင်းယန်ရဲ့ စွမ်းအားတွေကို သူမ ထူးဆန်း နေမိတယ်။ ဘယ်လို စွမ်းအားမျိုးနဲ့ ပင်းယန်က အရှင်ရှဲ့လော့ကို တားထားနိုင်တာလဲ။ ဖန်ကျန်းရှီလည်း ပင်းယန်ကို စိုက်ကြည့်နေတယ်။ သူများတွေနဲ့ မတူတာ ကတော့ ထူးခြားတာကို သူခံစားမိနေတာပဲ။ ဒီ အလင်းတန်းတွေက သူ့ နားမှာလည်း ဖြစ်ပေါ်နေတယ်။ ဒါပေမယ့် သူ့ကို ဝန်းရံ မနေဘူး။ ဒီအလင်းတန်းတွေကို သူ နားလည်နေသလိုပဲ။
ပင်းယန်ရဲ့ အလင်းတန်းတွေကြောင့် ဒဏ်ရာ ရသွားတဲ့ အရှင်ရှဲ့လော့လည်း ပြန်ကောင်းနေပြီ။ ကိုယ့်ကိုယ်ကို ပြန်ကုသတာ ဖန်ကျန်းရှီလည်း အခု လုပ်နိုင်တယ်လေ။ အခု အခြေအနေမှာတော့ ကုသဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အရှင်ရှဲ့လော့ ပြန်ကောင်းလာတာကို သူသိနေတယ်။
“ဝမ်း။” ဒုတိယ အကြိမ် မြေပြင်တစ်ခုလုံး တုန်ခါ သွားပြန်တယ်။ အလင်းတန်းတွေ ပျောက်ကွယ်သွားတယ်။ အလင်းတန်း အားလုံး ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို ရစ်ပတ် သွားပြီ။
“ဂျိန်း။”လျှပ်စီးတန်းတွေ ကောင်းကင်မှာ ဖြစ်ပေါ်လာတယ်။ မိုးက သည်းသည်းထန်ထန် ဆက်ပြီးတော့ ရွာသွန်းနေဆဲ။ သူမရဲ့ ဝတ်ရုံနီက အရမ်းကို တောက်ပလာခဲ့တယ်။
“မင်းရဲ့ မယ်တော်က ဘယ်သူလဲ။” အရှင်ရှဲ့လော့ ပင်းယန်ကို လှမ်းမေးတယ်။
“ယွဲ့အာ။” ပင်းယန် မှုန်မှိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြန်စိုက်ကြည့်ရင်း ဖြေတယ်။
“ယွဲ့အာတဲ့လား။” ပင်းယန် ဆီကဒီလို အဖြေမျိုးကို ကြားရမယ်လို့ အရှင်ရှဲ့လော့ မထင်ထား မိခဲ့ဘူး။
“ဟုတ်တယ်။ ခမည်းတော်က အဲ့လို ခေါ်တယ်။”
“မင်းရဲ့ မယ်တော်ကိုလား။ မင်းရဲ့ မယ်တော်က ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ဧကရီလို့ ပြောနေတာလား။” အရှင်ရှဲ့လော့ရဲ့ အသံက ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေပုံပဲ။”
“ဟုတ်တယ်။”
“မင်း သေချာလို့လား။”
“ သေချာတယ်။” ပင်းယန် ခေါင်းငြိမ့်တယ်။
“ကောင်းပြီလေ။ ဒီလို ဖြစ်မှတော့ မင်း သေရမယ်။” အရှင်ရှဲ့လော့ နောက်ထပ် မပြောတော့ဘူး။ သူချက်ခြင်း ပြေးဝင်တယ်။ ခြေသည်း လေးခုလုံးက အပြာရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ့ ဂျိုနှစ်ချောင်း ကြားမှာ ရွှေရောင် အလင်းလုံးကြီးက လည်ပနေခဲ့တယ်။ အရှင်ရှဲ့လော့ လှုပ်ရှားတဲ့ အချိန်မှာပဲ ပင်းယန်လည်း လှုပ်ရှားတယ်။ ခုန်မရှောင်ဘူး။ ထွက်မပြေးဘူး။ အရှင်ရှဲ့လော့ဆီကို တည့်တည့် ပြေးဝင်လာတယ်။ သူမရဲ့ နောက်မှာ အနက်ရောင် ကြွက်မြီးတန်းကြီး ကျန်ရစ်နေခဲ့တယ်။ ပင်းယန်ရဲ့ ခန္ဒာကိုယ်က အလင်းတန်းတွေ အရှင်ရှဲ့လော့ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တယ်။
“မင်း ..” ဒီအလင်းတန်းတွေကို အရှင်ရှဲ့လော့ မမျှော်လင့်ထားဘူး။ ဒါကြောင့် သူ မရှောင်နိုင်လိုက်ဘူး။ အလင်းတန်းတွေက သူ့ ရှေ့ကို ရောက်လာတယ်။ မီးတောက်တွေလို ပြင်းထန်တဲ့ အင်အား လှိုင်းတွေက သူ့ကို ဝန်းရံတယ်။ ဒီလှိုင်းတွေက ငွေရောင် တောက်နေခဲ့တယ် ။ ကောင်းကင်က ကြယ်တွေလိုပဲ။ အဖြူရောင် အလင်းတန်းက အရှင့် ရှဲ့လော့ကို အလေးတုံးကြီးနဲ့ ထုသလို တိုက်ခိုက်တယ်။ အရမ်း မြန်မြန်ဆန်ဆန်နဲ့ လေထဲမှာ ရွေ့လျားနေတယ်။
“ဝုန်း။” အသံကျယ်ကြီး တစ်သံ ထွက်လာတယ်။ ကောင်းကင်က ရွှေရောင် အလင်းလုံးကြီး ကွဲထွက်ကုန်တယ်။ အရှင်ရှဲ့လော့ရဲ့ ရွှေရောင် အကြေးခွံတွေ ကွာကျလာတာ။ သွေးတွေလည်း အကြေးခွံတွေမှာ ကပ်တွယ်နေခဲ့တယ်။
“ဝေါင်း။” အရှင်ရှဲ့လော့ နာနာကျင်ကျင် အော်ဟစ်တယ်။ သူ့ရဲ့ ခြေသည်းပြာပြာတွေလည်း အက်ကွဲ ကုန်ပြီ။ သူ့ခန္ဒာကိုယ်ကြီး လွင့်ထွက်သွားတယ်။ ပျက်ဆီး နေတဲ့ မြို့တံတိုင်းနဲ့ ဝင်တိုက်တယ်။ မြို့တံတိုင်းကတော့ ကျောက်တုံးပုံကြီး တစ်ခု ဖြစ်သွားခဲ့ဘူး။
မြောက်ပိုင်း စစ်သည်တော်တွေ ထွက်ပြေးကြပေမယ့် သူတို့ ခန္ဒာကိုယ်တွေ ကျောက်တုံးအောက်ကို ရောက်သွားခဲ့တယ်။ ကြီးမြတ်သောရှ ရဲ့ စစ်သည်တော်တွေကတော့ မြိုနံရံက အပေါက်ကြီးနဲ့ ခွေခွေလေး လဲနေတဲ့ အရှင်ရှဲ့လော့ကို စိုက်ကြည့်နေကြတယ်။ ဒါက အထင်ကြီးလောက် စရာပဲ။
ရှင်းယွမ်ကောင်းတောင် ထိတ်လန့် အံ့သြနေတယ်။ ဒါတင် မကဘူး။ စုချင်းကို ခေါ်ပြီးတော့ ထွက်ပြေးတဲ့ စစ်သည်တော်တွေလည်း ကြောက်လန့်နေတယ်။ သူတို့ မျက်စိရှေ့က အမှန်တရားကို ဘယ်သူမှ မယုံကြည် ချင်ကြဘူး။ အရှင်ရှဲ့လော့က တိုက်ပွဲမှာ ရှုံးသွားတယ် တဲ့လား။ နောက်ပြီးတော့ သူ့ကို ရိုက်ချလိုက်တာ ပင်းယန်တဲ့။
ကြယ်တာရာ စုဝေးမှု အဆင့်က ပင်းယန်တဲ့။
ဒီ့ထက် နားလည်ရ ခက်တဲ့ ကိစ္စ ရှိသေးလား။
“မဖြစ်နိုင်ဘူး။ ဒါက မျိုးနွယ်သွေး မဖြစ်နိုင်ဘူး။” သွေးသံ တရဲရဲ ဖြစ်နေတဲ့ အရှင်ရှဲ့လော့ကို ကြည့်ရင်း ရှန်းယွီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
အပိုင်း(၅၉၉)ပြီး၏။
အပိုင်း (၆၀၀)
“မင်းတို့ အားလုံး ကျေနပ် နေကြတယ်လား၊”
ဘာသာပြန်သူ -Enri Thaw
“ဟုတ်တယ်။ ဒါက မျိုးနွယ်သွေး မဟုတ်ဘူး။ အဟွတ်။” ရန်ရွှယ် စကားပြောတယ်။ သူ့ခန္ဒာကိုယ်က တစ်ကိုယ်လုံး တုန်ယင်နေပြီ။ ချောင်းဆိုးရင်း သွေးတွေ ပါလာခဲ့တယ်။ သူက ရှန်းယွီလောက်တော့ မျိုးနွယ်သွေးကို နားမလည်ဘူး။ ဒါပေမယ့် လူသားတွေနဲ့ ကမ္ဘာမြေကြားက ဆက်နွယ်မှုကို တိုးမြှင့်ပေးနိုင်တယ် ဆိုတာကိုတော့ သိတယ်။
နောက်တစ်နည်း ပြောရရင်၊ လူသား ခန္ဒာကိုယ်က အရေးကြီးတဲ့ အပိုင်းတေါ ရှိသေးတယ်။ ပင်းယန် တိုက်ခိုက်တဲ့ အချိန် သူမ ခန္ဒာကိုယ်ထဲကနေ အလင်းတန်းတွေက ထွက်ပေါ်နေတယ်။ အလင်းတန်းတွေက သူမရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပင်မယ့်၊ ကိုယ်ပိုင် စွမ်းအားနဲ့တော့ မတူဘူး။ ဒါပေမယ့် အခုချိန်မှာ အရေးအကြီးဆုံးက အရှင်ရှဲ့လော့ကို တိုက်ခိုက်ဖို့ပဲ။ အကောင်းဆုံး အခွင့်အရေး ဖြစ်နေပြီ။
ရန်ရွှယ်က မြို့နံရံပေါ် ကနေ ပြေးဆင်း သွားခဲ့ပြီ။ သူ့ရဲ့ ရည်ရွယ်ချက်က ဖန်ကျန်းရှီကို ကယ်ဖို့ပဲ။ ဒါပေမယ့် အခုလို အရှင်ရှဲ့လော့ကို သတ်ဖို့ အခွင့်အရေးကြီးလည်း လက်လွှတ်လို့ မရမှန်း သူသိတယ်။ ဒ
ဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ ကလွဲပြီးတော့ ရှန်းယွီလည်း ရန်ရွှယ်နဲ့ အတွေးတူတယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အရှင်ရှဲ့လော့နဲ့ ဖန်ကျန်းရှီ ဆီကို တစ်ချိန်တည်းမှာ ပြေးဝင် သွားကြတယ်။
ဒါပေမယ့် နောက်ထပ် လူတစ်ယောက်က သူတို့ထက် ခြေလှမ်းသာ နေခဲ့တယ်။ ရန်ချန်လိ။ သူက ပင်းယန်မှာ ဘာတွေ ဖြစ်နေမှန်း အရမ်း သိချင်နေတယ်။ အခုချိန်က ဒီကိစ္စကို တွေးဖို့ အချိန်ကောင်း ဖြစ်မနေခဲ့တာ တစ်ခုပဲ။ ကိစ္စအားလုံးက တစ်ခုတည်းနဲ့ ဆက်စပ်နေတယ်။ အရှင်ရှဲ့လော့ကို အသေသတ်ဖို့။
လူသုံးယောက်က အရှင်ရှဲ့လော့ဆီကို တြိဂံ ပုံစံနဲ့ ပြေးဝင် လာနေတယ်။ သည်းထန်တဲ့ မိုးသက် မုန်တိုင်းထဲမှာ ကျောက်မျက် ရတနာ သုံးခုက ပြေးလွှား နေသလိုပဲ။
“ဝေါင်း။” အရှင်ရှဲ့လော့ အော်ဟစ်တယ်။ ရန်ချန်လိ၊ ရန်ရွှယ်နဲ့ ရှန်းယွီတို့ သုံးယောက် သူ့ဆီကို နီးကပ်လာနေတာ ခံစားမိတယ်။ ဒါပေမယ့် သူတို့ သုံးယောက်ကို အာရုံ မစိုက်ဘူး။ ဝတ်ရုံနီ ဝတ်ထားတဲ့ ပုံရိပ်ကိုသာ ငေးမော နေခဲ့တယ်။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။
“ပင်းယန်။” အရှင်ရှဲ့လော့ ရဲ့ အော်သံတွေ ထွက်လာခဲ့တယ်။ သူ့အသံထဲမှာ မပျော်ရွှင်မှု၊ ဒေါသတွေနဲ့ စိတ်ပျက်မှုတွေ ပါဝင်နေခဲ့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ သားရဲကောင် အော်သံတွေ လေထဲကို ပျံ့လွင့် လာခဲ့တယ်။ မြေပြင် တုန်ဟီးစေတဲ့ အသံတွေကို အဝေးကနေ ကြားနေရပြီ။
“သားရဲကောင် အုပ်စုတွေ။”
“သူတို့တွေ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။”
“အသင့်ပြင်ထားကြ။”
ရန်တိမ် တပ်ဖွဲ့တွေ တပြိုင်နက်တည်း လှုပ်ရှားကြတယ်။ သားရဲကောင်တွေ နီးကပ်လာတာကို ကြားတာနဲ့ သူတို့တွေ ရင်ဆိုင်ဖို့ အသင့် ဖြစ်နေခဲ့ပြီ။ ဘယ်သူကမှ ထွက်ပြေးဖို့ မလုပ်ကြဘူး။
…
ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးမှုတွေ ပြည့်ှနှက်လာတယ်။ ပင်းယန် အရမ်းကို သန်မာနေတာကြောင့် သူ စိတ်ရှုပ်ထွေးတာ မဟုတ်ဘူး။ ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ အလင်းတန်းတွေ အရှိန် တဖြည်းဖြည်း ကျလာလို့ပဲ။
လွန်ခဲ့တဲ့ တစ်နှစ်အတွင်း သူ အများကြီး လေ့လာ ခဲ့ရတယ်။ တစ်ချို့ အကြောင်းအရာ တွေကို သူနားမလည် ပေမယ့်၊ သူ့ကို (အသိပညာ ကြွယ်ဝတဲ့) သူတစ်ယောက် အဖြစ် သတ်မှတ် နိုင်တယ်။ ဒါပေမယ့် အခု အခြေအနေ ကိုတော့ ပဟေဠိ ဖြစ်နေတုန်းပဲ။
“ပင်းယန် ရဲ့ ခန္ဒာကိုယ်မှာ ဘာတွေ ဖြစ်နေတာလဲ။” တခြားသူတွေရဲ့ အတွေးနဲ့ ဖန်ကျန်းရှီရဲ့ အတွေးက မတူဘူး။ သူက ပင်းယန့် အခြေအနေကို ပိုပြီးတော့ အာရုံစိုက်တယ်။ ဥပမာ အားဖြင့် - အလင်းတန်းတွေ ဘယ်က လာတာလဲ။ မျက်ရည်ပုံစံ လည်ဆွဲကနေ လာတာ။ အကယ်၍ မျက်ရည် ပုံစံ လည်ဆွဲကနေ လာတာဆိုရင်၊ ဒီအလင်းတန်းကြီးကို ဘာလို့ သူက ခံစားနေ ရတာလဲ။
ဒီ လည်ဆွဲက သူနဲ့ မဆိုင်ဘူးလို့ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ပင်းယန်ရဲ့ မျက်လုံးတွေက ဘာတွေ ဖြစ်နေတာလဲ။ အရမ်းကို မှုန်မှိုင်းပြီး အသက် ဝိဉာဉ် ကင်းမဲ့နေတယ်။ ပြီးတော့ သူက ဘာလို့ ရုတ်တရက် အသက်ဝင် လာတာလဲ။ ဒီ မေးခွန်းတွေ သူ့စိတ်ထဲ မြင့်တက်လာတယ်။
အရှင်ရှဲ့လော့ တိုက်ခိုက်လိုက်တာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ။ ဒါက ပုံမှန် အခြေအနေ မျိုးမှာဆို ပင်းယန်ရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ အသက်ရှင် နိုင်မှာ မဟုတ်ဘူး။ ဘာလို့များ ဒီလို ဖြစ်ရတာလဲ။ ဒီ မျက်ရည်စက် ပုံစံ လည်ဆွဲက ရတနာလား။ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ လွဲနေတယ်။
ပင်းယန်ရဲ့ အကျင့်မျိုးနဲ့ ဆိုရင် ဒီလည်ဆွဲကို အစောကြီး တည်းက သုံးပြီးတော့ တိုက်ခိုက်မှာပဲ။ ဒီလောက် အချိန် အကြာကြီး စောင့်နေမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ပင်းယန် အခုတင် ပြောလိုက်တာ။
“မယ်တော်တဲ့။”
သူမ မယ်တော်က သူ့ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်လို့ ပြောတာပဲ။ ဒီခံစားချက် သူ့မယ်တော်ကို တကယ် မြင်နေရလို့ ပြောနေတဲ့ ပုံစံပဲ။ ဒါက ပုံရိပ်ယောင်လား။ လူတိုင်းရဲ့ အတွေးပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒီလို မတွေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန် ပြောတာက အမှန်တွေပဲလေ။
ပင်းယန် ဘယ်တော့မှ မလိမ်တာကို သူသိတယ်။ အထူးသဖြင့် သူ့ မယ်တော်အကြောင်း ပြောတဲ့ အချိန်မှာ ဘယ်တော့မှ မစနောက်မှန်း ပိုပြီးတော့တောင် သိသေး။
“ဝုန်း။”
ရန်ချန်လိ၊ ရန်ရွှယ်နဲ့ ရှန်းယွီတို့ အရှင် ရှဲ့လော့ ရှေ့ရောက်လာတယ်။ သူတို့ သုံးယောက်က တြိဂံပုံစံနဲ့ ဝန်းရံ တိုက်ခိုက်ကြတယ်။ သားရဲကောင်တွေ ရောက်လာတာကို သူတို့ အာရုံ မစိုက်ကြဘူး။ သူတို့မှာ အလုပ် တစ်ခုပဲ ရှိတယ်။ အရှင် ရှဲ့လော့ကို သတ်ဖို့။
“ဝေါင်း ဝေါင်း။”
မရေမတွက်နိုင်တဲ့ သားရဲကောင် အော်သံတွေ အဝေးက ထွက်လာတယ်။ သူတို့ အားလုံး စိတ်ပျက်လက်ပျက် မချိ တင်ကဲ ဖြစ်နေကြပုံပဲ။ အရှင်ရှဲ့လော့ရဲ့ ခန္ဒာကိုယ် တစ်ခုလုံး ရွှေရောင် အလင်းတန်းတွေ တောက်ပလာပြန်တယ်။ သူ့ ရွှေရောင် အကြေးခွံတွေ ချက်ခြင်း ပြန် ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ ကတော့ ပင်းယန်ကို အာရုံ စိုက်နေ တုန်းပဲ။
“နင် အရှက်မရှိတဲ့ ကောင်စုတ်။ ငါပြောသားပဲ ငါက သန်မာတဲ့ မင်းသမီးလို့။ အခုတော့ နင် ယုံပြီလား။” ပင်းယန် မေးတယ်။ သူမ ကျေကျေနပ်နပ် ပြုံးပြ နေခဲ့တယ်။
“သန်မာတယ် ဟုတ်လား။ မင်းက ..” ဖန်ကျန်းရှီ စကား မဆုံးခင် ရပ်တန့်သွားတယ်။ အသံကို နိမ့်ရင်း သူ့တကိုယ်လုံး တုန်ယင်လာတယ်။ “ဟုတ်တယ်။ မင်း သန်မာတယ်။”
ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။ ပင်းယန်ရဲ့ အသက်မဲ့နေတဲ့ မျက်ဝန်းတွေကို သူကောင်းကောင် မြင်နေရတယ်။ ဒီမျက်ဝန်းတွေကို သူ စိုက်ကြည့်နေခဲ့တယ်။ ဒီမျက်ဝန်းတွေကို ကြည့်ရင်း ထူးထူးဆန်းဆန်း အတွေးတစ်ခုကို တွေးမိတယ်။ ပင်းယန် အသက်ရှင် မနေဘူး။ ပြောရရင်။ အခု ကိစ္စတွေ ဖြစ်နေတဲ့ ပင်းယန်က အသက်ရှိ မနေ သလိုပဲ။
ဒီ ခံစားချက်က တကယ့်ကို ထူးဆန်းတယ်။ ပင်းယန် ဒီ တစ်ခေါက် ထလာတဲ့ အချိန်မှာ အရှင်ရှဲ့လော့ကို ရိုက်ချ နိုင်တဲ့အထိ အင်အားကြီး နေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခံစားချက်က လေးလံ နေခဲ့တယ်။ ပင်းယန်ရဲ့ ခန္ဒာကိုယ်က ထွက်လာတဲ့ အလင်းတန်းတွေက ဝမ်းနည်း စရာ ခံစားမှုတွေ ပြည့်နှက်နေတယ်။
“ဟဟား။ ကောင်စုတ်။ နင် နောက်ဆုံးတော့ ငါ သန်မာတာကို လက်ခံ ပြီပေါ့။” ပင်းယန် ရယ်မောတယ်။ အရှင်ရှဲ့လော့နဲ့ တိုက်ခိုက်ဖို့ ပြင်နေတဲ့ ရန်ချန်လိ၊ ရန်ရွှယ်၊ ရှန်းယွီတို့ကို ကြည့်ရင်း အော်ဟစ်တယ်။ “အခုတော့ ငါ မင်းသမီး အစွမ်း ပြချိန် တန်ပြီ။ အရှက်မရှိတဲ့ ကောင်စုတ် နင် ကောင်းကောင်း စောင့်ကြည့် နေလိုက်။”
သူမ ချက်ခြင်း ပြေးထွက်လာတယ်။ သူမ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ အလင်းတန်းတွေလည်း သူမ နောက်ကို လိုက်သွားခဲ့တယ်။
“သေချာ ကြည့်ထားတဲ့။” ဖန်ကျန်းရှီ သူ့ဘာသူ ရေရွှတ်ရင်း တုန်ယင်သွားတယ်။ “မဖြစ်ဘူး။ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစား နေတာပဲ။”
ရုတ်တရက် ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ ပင်းယန်က ဒီ အလင်းတန်းတွေကို သုံးပြီးတော့ သူမ အသက်ကို စတေးဖို့ လုပ်နေတာပဲ။ သက်သေ သက်ကာယ မရှိပေမယ့် ဒီ အလင်းတန်းတွေက ပင်းယန်ရဲ့ အသက်ကို ကာကွယ် ထားပေးတာ သေချာနေတယ်။
“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ကွဲအက်သွားတဲ့ ကျောက်တုံးတွေ ပျံထွက်လာတယ်။ မြေပြင် တစ်ခုလုံး ပင့်ကူအိမ်လို အက်ရာတွေနဲ့ ကွဲထွက် ကုန်တယ်။ အဲ့ဒီ့နောက် ရွှေရောင် အလင်းတန်းတွေနဲ့ ပြည့်နေတဲ့ ခန္ဒာကိုယ်ကြီးက မြေပြင်ပေါ်ကို ပြုတ်ကျ လာခဲ့တယ်။
ထိတ်လန့် စရာ ကောင်းလွန်းတယ်။ အူအသည်းတွေ တုန်ချင် စရာပဲ။ တောင်ဖြို တပ်ဖွဲ့၊ ရန်တိမ် တပ်ဖွဲ့ နဲ့ မြောက်ပိုင်း စစ်သည်တော်တွေ အားလုံး ဝတ်ရုံနီလေးကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။ အရင် တစ်ခေါက် တိုက်ခိုက်ခဲ့တဲ့ ရလဒ်က တိုက်ဆိုင်မှု ဖြစ်ခဲ့မယ် ဆိုရင်၊ အခု အခြေအနေ ကိုတော့ ဘယ်သူက ရှင်းပြ နိုင်မှာလဲ။
ရန်ချန်လိ၊ ရန်ရွှယ်နဲ့ ရှန်းယွီ သုံးယောက် ပေါင်းပြီးတော့ တိုက်ခိုက်တာတောင် အရှင်ရှဲ့လော့က အကောင်း အတိုင်းကြီး ရှိနေ ခဲ့တာလေ။ ပင်းယန်ရဲ့ တိုက်ကွက် တစ်ကွက်က အရှင်ရှဲ့လော့ကို ပြားပြားဝပ် ဥွားစေတယ်။ တောက်ပတဲ့ အလင်းတန်းတွေက ပင်းယန် ခန္ဒာကိုယ်မှာ ဆက်ပြီးတော့ တောက်ပနေတယ်။ သူမကို ဝန်းရံထားတဲ့ အဖြူရောင် အလင်းတန်းက နေရောင်ခြည်လို တောက်ပနေခဲ့တယ်။
ပင်းယန် ဘယ်လိုများ အရှင်ရှဲ့လော့ကို အနိုင်ယူလိုက်လဲ ဘယ်သူမှ နားမလည်ကြဘူး။ ဒါပေမယ့် အရှင်ရှဲ့လော့က သွေးအိုင်ထဲမှာ လဲနေခဲ့ပြီ။ ကြီးမြတ်သောရှ ရဲ့ စစ်သည်တော်တွေ ဝမ်းသာ အားရ အော်ဟစ်ကြတယ်။
“ပင်းယန် မင်းသမီး။”
“ပင်းယန် မင်းသမီး”
“ပင်းယန် မင်းသမီး။”
“…”
အနိုင်ရခါနီး စိတ်လှုပ်ရှား တက်ကြွနေတဲ့ အသံတွေ လိုပဲ။ ဒီအသံတွေက သူတို့ နှလုံးသား ထဲကနေ ထွက်ပေါ်လာတာ။ ဒီ မြင်ကွင်းက လူအုပ်ကြီးရဲ့ ချီးမြှောက်သံနဲ့ ရောနှော သွားခဲ့တယ်။
“ဟ ဟား ဟား။ ငါ မင်းသမီးက အင်အားကြီးတယ် မဟုတ်လား။ ရန်သခင်ကြီး ပျော်ရဲ့လား။ ရန်ရွှယ်၊ တောင်ပိုင်း ဧကရီနဲ့ ဦးလေး ရှင်း။ ကျယ်ကျယ် ဖြေစမ်းပါ။ ပင်းယန်က အင်အား ကြီးတယ် မဟုတ်လား။” ပင်းယန် အော်ဟစ် ရယ်မောနေတယ်။ သူမရဲ့ ပိတုန်းရောင် ဆံကေသာတွေက မုန်တိုင်းထဲမှာ လွင့်မျော နေခဲ့တယ်။ သူမ ရယ်မောနေတဲ့ အချိန်မှာပဲ မျက်ရည်စက် နှစ်စက် မျက်လုံးထဲကနေ စီးကျလာခဲ့တယ်။ ဒါပေမယ့် မိုးသည်းနေတာ ကြောင့် ဘယ်သူမှ သတိ ထားမိပုံ မရှိဘူး။
“အောင်း ဝူး။” အရှင်ရှဲ့လော့ ခပ်တိုးတိုး ဟိန်းဟောက်တယ်။ သူ ထရပ်ချင်တယ်။ ဒါပေမယ့် ရပ်ဖို့ ပြင်လိုက်တိုင်း မြေပြင်ပေါ်ကို ပြန်လဲကျ သွားခဲ့တယ်။ “မင်းရဲ့ မယ်တော်က တကယ်ပဲ ဘယ်သူလဲ။”
“ ယွိအာ” ပင်းယန် ချက်ခြင်း ပြန်ဖြေတယ်။
“နာမည်ကို မေးတာ မဟုတ်ဘူး။ သူ့ အဆင့် အတန်းကို မေးနေတာ။ သူက ကြီးမြတ်သောရှရဲ့ ဧကရီ မဖြစ်နိုင်ဘူး။ လုံး၀ မဖြစ်နိုင်ဘူး။” အရှင်ရှဲ့လော့ရဲ့ ရွှေရောင် မျက်ဝန်းတွေထဲ သွေးတွေ စီးကျလာတယ်။ သူ့ မျက်နှာ တစ်ခုလုံး ဖြူဖျော့ပြီး အားနည်း နေခဲ့တယ်။
“ဧကရီ”
“ပင်းယန် မင်းသမီး။”
ကြီးမြတ်သောရှ ရဲ့ စစ်သည်တော်တွေ အော်သံက ညကောင်းကင်မှာ ပဲ့တင် ထပ်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ သူ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ အရှင်ရှဲ့လော့ကို နှစ်ခါ တိုက်ခိုက်ပြီးတဲ့နောက် ပင်းယန်ရဲ့ ခန္ဒာကိုယ်က အလင်းတန်းတွေ အင်အား လျော့လာတာကို သူ ခံစား မိနေတယ်။
အပိုင်း(၆၀၀)ပြီး၏။