← Chapters

အပိုင်း (၆၀၁-၆၁၀)

Vol. 7 Ch. 601-610

အပိုင်း (၆၀၁-၆၁၀)

Vol. 7 Ch. 601-610

အပိုင်(၆၀၁)

“ချက်ခြင်း ပေါက်ကွဲမှု။ လှည့်စားတတ်တဲ့ လူတွေက အဆုံးသတ် မကောင်းဘူး။”

ဘာသာပြန်သူ-Enri Thaw

ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ဖန်ကျန်းရှီလည်း ပင်းယန်ရဲ့ ခန္ဒာကိုယ်မှာ ဘာတွေ ဖြစ်နေမှန်း သူမသိ။ အလင်းတန်းတွေက သူမကို ထောက်ကန် ပေးနေတာတော့ သေချာတယ်။ ပင်းယန်ကို သူတားဖို့ လိုတယ်။

ဒါပေမယ့် သူ ဘယ်လို လုပ်ရမလဲ။ ပင်းယန်က အလင်းတန်းတွေ ဝန်းရံ ထားတာကြောင့် အခုချိန်မှာ အရမ်းကို သန်မာနေတယ်။ သူမ အနားကို ကပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါဆိုရင် ဒီ တိုက်ခိုက်တာကို သူဘယ်လိုများ သူတားနိုင်မှာလဲ။

စကားနဲ့ ထိုးစစ် ဆင်ရမှာလား။ အကယ်၍ ဒီလို စကားတွေကသာ အသုံးဝင်မယ် ဆိုရင် လောကကြီးက အေးချမ်းနေတာ ကြာလှပြီ။ ပင်းယန်က သူ့စကားကို နားထောင်မယ်လို့ ဖန်ကျန်းရှီ မထင်ခဲ့ဘူး။ အထူးသဖြင့် သူမ အခုလို လုံး၀ စိတ်ဆုံးဖြတ် ထားတဲ့ အချိန်မှာပေါ့။ ဒါဆိုရင် သူ ဘာလုပ် သင့်သလဲ။ ဘာကို လုပ်ရမှာလဲ။

အရှင်ရှဲ့လော့ဆီကို တည့်တည့် လာနေတဲ့ ပင်းယန်ကို ကြည့်ရင်း ဓားကို ကျစ်ကျစ် ပါအောင် ဆုပ်ထားခဲ့တယ်။ ဒီ အချိန်ပဲ သူ့ မြင်ကွင်းထဲမှာ အနက်ရောင် လူရိပ် တစ်ခု ပေါ်လာခဲ့တယ်။ ဒီ လူရိပ် မိုးေရေထဲ ပြေးလွှား နေခဲ့တာ။ သူမ ဝတ်ထားတဲ့ ဝတ်ရုံနက်က မိုးရေထဲမှာ တဖျပ်ဖျပ် လွင့်နေပြီး ရှည်လျားတဲ့ ဆံနွယ်တွေက ရေတံခွန် တစ်ခုလို ဖြာကျနေတယ်။ သူမ မျက်ခုံး နှစ်ခုကြားမှာ အနီရောင် အစက်လေး တစ်ခု ရှိနေခဲ့တယ်။

“ဝူယွဲ့အာလား။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောမိတယ်။ ဝူယွဲ့အာ ဒီလို ပေါ်လာမယ်လို့ မထင်ထား မိခဲ့ဘူး။ သူမက တခြား နေရာမှာ ရှိနေရမှာလေ။ ဝူယွဲ့အာ ဒီကို ရောက်နေတာ ဘာကြောင့်မှန်း သူ ခန့်မှန်းနိုင်တယ်။ ကြည့်ရတာ ဒီတစ်ခေါက်တော့ ယွင်ချင်းဝူ နိုင်သွားတဲ့ ပုံစံပဲ။

ယွင်ချင်းဝူ ဘယ်မှာမှန်း ဖန်ကျန်းရှီ မတွေးတတ်ဘူး။ သူမရဲ့ စိတ်အတွေးကိုလည်း မသိဘူး။ ဒါပေမယ့် အခု လို အခွင့်အရေး ကောင်းကိုတော့ သူ လက်လွှတ်မှာ မဟုတ်ဘူး။ ပုံမှန် အတိုင်းဆိုရင် သူ့အစီအစဉ်ကလည်း အမှန်တရား ပေါ်လာတဲ့ အထိ စောင့်ဖို့ပဲ။

ဒါပေမယ့် အမှန်တရားက တစ်ခါတစ်လေမှာ မျက်ခွက်ကို ဖြတ်ရိုက် တတ်တယ်။ အရှင်ရှဲ့လော့ ပေါ်လာတဲ့ အချိန်က စပြီး အရာအားလုံး တစ်စစီ ဖြစ်သွားခဲ့ပြီ။ ဝူယွဲ့အာက လိပ်ပြာလေး တစ်ကောင်လို မြို့နံရံပေါ်မှာ ခုန်လွှားနေ ခဲ့တယ်။

အဲ့ဒီ့နောက် ကောင်းကင်ပေါ်ကို အန္တရာယ် ဖြစ်နိုင်လောက်တဲ့ အရှိန်နှုန်းကြီးနဲ့ ခုန်တက်သွားတယ်။ သူ့ အရှိန်နှုန်းကို ဖန်ကျန်းရှီက အံ့သြ မနေတော့ဘူး။ ဒီအမျိုးသမီးရဲ့ စွမ်းအား အစစ် အမှန်ကို သူသိတယ်လေ။

“ဖန်ကျန်းရှီ နင်က လူလိမ် ကောင်ပဲ။” ဝူယွဲ့အာရဲ့ အသံက ကောင်းကင်မှာ ဟိန်းထွက်လာတယ်။ ဒီအသံကို လူတိုင်း ကြားတယ်လေ။ ဒါကြောင့် သူတို့ ကောင်းကင်ကို မော့ကြည့်ကြတယ်။

အမျိုးသမီး တစ်ယောက်က ဖန်ကျန်းရှီကို လူလိမ်ကို ခေါ်နေတယ်။

ဒီလို ဇာတ်လမ်းမျိုးက တကယ်တော့ မျက်ရည်ချူတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သင့်တာ။ အထူးသဖြင့် အမျိုးသမီးက အရမ်းကို လှနေရင် ပိုလို့တောင် ငိုချင်စရာ ဇာတ်လမ်း ဖြစ်အုန်းမယ်။ ဒီ အမျိုးသမီးကို သူတို့ ကြည့်မိတဲ့ အချိန် အမျိုးသမီး အတွက် တရားမျှတမှုကို ရှာပေးချင်စိတ်တွေ တဖွားဖွား ပေါ်လာကြတယ်။

အခုချိန်မှာ ဖန်ကျန်းရှီကို ပြစ်တင် ပြောဆိုဖို့ အချိန်ကောင်း မဟုတ်ဘူး။ နောက်ထပ် ဖြစ်လာတဲ့ ကိစ္စက သူတို့ကို ပိုလို့တောင် အံ့သြစေသေးတယ်။ ကောင်းကင်ပေါ်က ဝူယွဲ့အာဆီကို ဖန်ကျန်းရှီ ပြေးတက် သွားခဲ့တယ်။

“ငါ့ကိုပေး။” ဖန်းကျန်းရှီ လှမ်းအော်တယ်။

“မပေးဘူး။ နင်က လူလိမ်ကောင်။” ဝူယွဲ့အာ ချက်ခြင်း ငြင်းပယ်တယ်။

“ငါ့ကို အခုပေး။”

“မပေးဘူး။ သတ်သွားလိုက်။”

“ငါ့မှာ အချိန် မရှိတော့ဘူး။”

“နင့်မှာ အချိန် ရှိမရှိ ငါ ဂရု မစိုက်ဘူး။”

“ကောင်းပြီ။ ငါ ဒီလို လုပ်ဖို့ မင်း ငါ့ကို ဖိအား ပေးတာနော်။”

“နင် ဘာလုပ် နေတာလဲ။ ငါ့ကို ကိုယ်ထိ လက်ရောက် လုပ်နေတာလား။ အား။ ငါ့ကို လွှတ်။ လူတွေ အများကြီး ကြည့်နေကြတယ်။ မထိနဲ့ လွှတ်စမ်း။ မပေးနိုင်ဘူး။”

ဖန်ကျန်းရှီနဲ့ ဝူယွဲ့အာ တွန်းထိုး နေတာကို မြေပြင်က ကြည့်နေသူတွေ ပါးစပ် အဟောင်းသား ဖြစ်နေကြတယ်။ သူတို့ စိတ်ထဲမှာ တစ်ခုပဲ တွေးလိုက်ကြတယ်။

(“မိန်းမလေးကို လွှတ်လိုက် လူယုတ်မာကောင်။”)

ဒီမြင်ကွင်းကို ရန်ရွှယ်၊ ရှန်းယွီနဲ့ ရန်ချန်လိတို့လည်း မြင်ကြတယ်။ သူတို့ မျက်နှာတွေ ထူးဆန်း လာကြတယ်။

ရန်ချန်လိ မျက်နှာက ကူကယ်ရာမဲ့ ပုံစံ ဖြစ်နေခဲ့တယ်။ ဒီ ကောင်စုတ်ကို သူနားလည်တဲ့ ပုံစံ လုပ်ပြနေတယ်။ တခြားတဖက်က ရှန်းယွီကတော့ ဖန်ကျန်းရှီရဲ့ စည်းမစောင့်တဲ့ လက်တွေကို ကြည့်ရင်း သက်ပြင်းချနေခဲ့တယ်။ ရန်ရွှယ်ကတော့ အတည်ငြိမ်ဆုံးပဲ။

အရှင်ရှဲ့လော့ကို ပြန်ကြည့်ရင်း သူ့ ခန္ဒာကိုယ်က အနီရောင် အရှိန်အဝါတွေ ပို ပြင်းထန် လာခဲ့တယ်။ ဝုန်း။ ကောင်းကင်မှာ လျှပ်စီး တချက် လက်သွားပြီးနောက် မိုးခြိမ်းသံကြီး ပေါ်လာခဲ့တယ်။

လျှပ်စီး လက်တဲ့ အချိန်မှာပဲ ပင်းယန်က အရှင်ရှဲ့လော့ ရှေ့ကို ရောက်သွားခဲ့ပြီ။ အသက်ဝိဉာဉ် ကင်းမဲ့နေတဲ့ မျက်လုံးတွေနဲ့ သူမ စိုက်ကြည့် နေခဲ့တယ်။

ဝူယွဲ့အာကိုလည်း သူမ မြင်တယ်။ ဒါပေမယ့် သူတို့ကို အာရုံ မစိုက်ဘူး။ သူ့စွမ်းအား တွေကို နောက်ဆုံး အချိန်အထိ အစွမ်းကုန် သုံးဖို့သာ ပြင်ဆင်နေခဲ့တယ်။

ဝုန်း။ ပင်းယန်ရဲ့ လက်သီးချက်ကြောင့် အရှင်ရှဲ့လော့ လွင့်ထွက် သွားပြန်တယ်။ သူ့ခန္ဒာကိုယ်က သွေးစက်တွေ ဖြာထွက်လာခဲ့တယ်။ ဒါက အရှင်ရှဲ့လော့ကို ဒေါသ ပိုကြီးလာစေတယ်။

နတ်ဆိုးဘုရင် တစ်ယောက် အနေနဲ့ ဒီလို စော်ကား မော်ကား အလုပ် မခံရတာ ကြာလှပြီ။ အခုလို နတ်ဆိုး ဘုရင်ကြီး ဖြစ်ခါမှ လူသား တစ်ယောက်ရဲ့ ခြေထောက်အောက် ရောက်နေတာကို သူ ဘယ်လို သည်းခံ နိုင်မှာလဲ။ နောက်ဆုံး အချိန်ထိ သူ့မှာ အသိစိတ် ရှိနေတုန်းပဲ။

သူ့မှာ ရူးလောက် စရာ စွမ်းရည်တွေ ရှိနေတာ ဟုတ်တယ်။ ဒါပေမယ့် သူ့ စွမ်းအားတွေက အနန္တလောက်ထိ များပြားနေတာတော့ မဟုတ်ဘူး။ ဒီတစ်ခေါက် တယောက်တည်း တိုက်ခိုက်ရင်း စွမ်းအင်တွေ အများကြီး သုံးခဲ့ ပြီးပြီ။

ငါထွက်သွား သင့်လား။ အရှင်ရှဲ့လော့ စိတ်ထဲမှာ ဒီ အတွေး ပထမဆုံး ဝင်လာခဲ့တယ်။ ဒါပေမယ့် အဝေးက သားရဲကောင် အော်သံတွေကို ကြားချိန်မှာ အတွေး ပြောင်းသွားခဲ့တယ်။ သေရမယ်။ လူတိုင်း သေရမယ်။ သူ့ရဲ့ နတ်ဆိုး ဘုရင် ဂုဏ်ပုဒ်ကို ပြန် အဖတ်ဆယ် ရမယ်။

ဝေါင်း။ အရှင်ရှဲ့လော့ အော်ဟစ်တယ်။ သူ့ရဲ့ ပိန်ပါးတဲ့ ခန္ဒာကိုယ်က အရွယ် ပြန်ကျုံ့သွားတယ်။ တစ်ကိုယ်လုံးက ဒဏ်ရာတွေ ချက်ခြင်း ပျောက်ကွယ်သွားတယ်။ သွေးထွက်နေတဲ့ မျက်လုံးတောင် ပြန်ကောင်း သွားပြီ။ တစ်ချိန်တည်းမှာပဲ ပေါက်ကွဲ စွမ်းအားတွေ သူ့ ခန္ဒာကိုယ်က ထွက်ပေါ်လာတယ်။

အရှင်ရှဲ့လော့ ချက်ခြင်းလှုပ်ရှားတယ်။ သူ့လှုပ်ရှားမှုက ပင်းယန် မျက်လုံးထဲမှာ အရိပ်လေး တစ်ခုလက် ရုံပဲ။ အရမ်းကို မြန်ဆန် လွန်းတယ်။ အဲ့ဒီ့နောက် လေထဲကို ဖြတ်ထွက်ရင်း ပင်းယန် နောက်ကို ချက်ခြင်း ရောက်လာခဲ့တယ်။

“အရှင် မင်းသမီး သတိထား။” ရန်ချန်လိ တားဖို့ ပြင်ပေမယ့် နောက်ကျ လွန်းသွားပြီ။ အရှင်ရှဲ့လော့ရဲ့ လက်သည်းတွေက ပင်းယန်ရဲ့ နောက်ကျောကို ကျရောက် သွားပြီလေ။ ဝုန်း။ ပင်းယန်ရဲ့ ခန္ဒာကိုယ်က မြေပြင်ပေါ်ကို ကျသွားခဲ့သလို။ သူမ ပါးစပ်ကနေ သွေးတွေ စီးကျ လာခဲ့တယ်။

“အရှင် မင်းသမီး။”

“ပင်းယန် မင်းသမီး။”

တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တို့ ချက်ခြင်း အော်ဟစ်ကြတယ်။

ဖန်ကျန်းရှီလည်း ဒီအချိန်မှာ အောင်မြင် သွားပြီ။ သူ့ လက် တစ်ဖက်က ဝူယွဲ့အာရဲ့ ခါးကို ဖက်ထားရင်း နောက် လက်တစ်ဖက်နဲ့ သူမ ရင်ဘက်ကို ဖိထားခဲ့တယ်။

ဝူယွဲ့အာက မျက်နှာတွေ ရဲရဲ နီနေပင်မယ့် စိတ် ဆုံးဖြတ် ထားပုံပဲ။ ဖန်ကျန်းရှီကို လျစ်လျူရှုပြီးတော့ ရုန်းကန်နေခဲ့တယ်။

“ငါ့ကို လွှတ်။” ဝူယွဲ့အာ အော်ဟစ်တယ်။ ဖန်ကျန်းရှီ လက်နှစ်ဖက်လုံးကို လွှတလိုက်တယ်။ ဝူယွဲ့အာ နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးကို စိုက်ကြည့်လိုက်တော့။ အနာဂတ် အတွက် မျှော်လင့် ချက် အပြည့်နဲ့ တဖျတ်ဖျတ် တောက်နေတာကို တွေ့လိုက်ရတယ်။

“ဖန်ကျန်းရှီ၊ နင်။”

“ငါ့နေရာမှာ မင်းသာ ဆိုရင်။ ပင်းယန် မင်းသမီး ဒီအတိုင်း သေသွားမှာကို ကြည့်ရက်မှာလား။” ဖန်ကျန်းရှီ ရပ်တန့်ရင်း မေးတယ်။ မြေပြင်ပေါ်မှာ ဒူးထောက်လျက် ရှိနေတဲ့ ပင်းယန်ကို စိုက်ကြည့်နေတယ်။ ပင်းယန်ရဲ့ သွေးတွေက သူမရဲ့ ဝတ်ရုံနီမှာ စိုရွဲနေခဲ့တယ်။

“တစ်လုံးပဲ ရမယ်။ အခုချိန်မှာ ဒီလောက်ပဲ ပေးနိုင်မယ်။” ဝူယွဲ့အာ အံကြိတ်ရင်း ်ပြောတယ်။ လက်ဆန့်ထုတ်ရင်း အိတ်ထဲကို မကျေမနပ် နှိုက်ရှာ နေခဲ့တယ်။

“ငါးလုံး။”ဖန်ကျန်းရှီ ချက်ခြင်းပြောတယ်။

“မဖြစ်နိုင်ဘူး။ ငါ အများကြီး ယူလာလို့ မရတာ နင်သိသားပဲ။ တစ်ခါယူ ၂လုံးပဲ ယူလို့ ရတယ်။ ဆရာကလည်း ရန် မြို့တော်မှာ မရှိဘူး။ ဒါကြောင့် နင် လိုချင်ရင်။” ဝူယွဲ့အာရဲ့ မျက်လုံး အကြည့် ပြောင်းလဲသွားတယ်။

“ကောင်းပြီ။ ၂လုံးလည်း ရတယ်။” ဖန်ကျန်းရှီ ဝူယွဲ့အာကို လျစ်လျူရှုထားတယ်။ ဒီအချိန်မှာ သူ အရမ်းကို စိတ်ပူနေပြီ။ ဝူယွဲ့အာရဲ့ အိတ်ထဲကို လက်နှိုက်ပြီး ရှာလိုက်တယ်။ “အချိန် ဖြုန်းနေတာ ရပ်တော့။ ဆေးလုံး နှစ်လုံး လောက်နဲ့ ငါ မသေဘူး။”

အဲ့ဒီ့နောက် နူးညံ့တဲ့ အသားစိုင်တွေကို ထိတွေ့မိတယ်။ နောက်ဆုံးတော့ ဝူယွဲ့အာ ကိုင်ထားတဲ့ ကျောက်စိမ်း ပုလင်းကို သူ တွေ့ပြီ။ ဝူယွဲ့အာရဲ့ ခန္ဒာကိုယ် တုန်ယင် နေတာကို သူသိတယ်။ ဒါပေမယ့် ဂရုမစိုကဘူး။

ချက်ခြင်း ပုလင်း ဖွင့်ပြီးတော့ ကောင်းကင် အိုအေစစ် ဆေးလုံးတွေကို မော့ချလိုက်တယ်။

မြန်မြန် ဝါးစားနေတယ်။ ပါးစပ်တစ်ခုလုံး ပူစီနံလို အမွှေးနံ့တွေ ပြည့်လာတာကို သူ ခံစားမိတယ်။ အေးစက်စက် ခံစားချက်က တစ်ကိုယ်လုံးကို ပျံ့နှံ့လာတယ်။ ဒီ အချိန်မှာပဲ မတွေးနိုင်လောက်အောင် ပြင်းထန်တဲ့ အင်အားတွေ သူ့ခန္ဒာကိုယ်မှာ ထွက်ပေါ်လာတယ်။

ဝုန်း။ ကြောက်စရာ အင်အားလှိုင်းကြီး ဖန်ကျန်းရှီရဲ့ ခြေထောက် အောက်မှာ ပေါ်လာတယ်။ အော်ဟစ်နေတဲ့ နဂါး တစ်ကောင်လို သူ့ ခန္ဒာကိုယ်ကို ဝန်းရံ လှည့်ပတ်နေတယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ မျက်လုံးကနေ မျက်စိ ကန်းလောက်တဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ရေကန်ကြီး တစ်ခုရဲ့ အလယ်မှာ ရေဝဲကြီး ဖြစ်နေသလိုပဲ။ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာပြီ။

ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါက ပေါက်ကွဲမှုကြီး ဖြစ်လာစေတယ်။ သူ့ရဲ့ အမတ်မင်း ဝတ်ရုံနက်က တစ်စစီ ဖြစ်သွားခဲ့ပြီ။ ဒါက ကြီးမားတဲ့ လှုပ်ရှားမှု မဟုတ်ဘူး။

ဒါပေမယ့် အရှင်ရှဲ့လော့ကိုတော့ လမ်းတဝက်မှာ ရပ်သွား စေခဲ့တယ်။ ဖန်ကျန်းရှီ ဆီကနေ အရမ်းကို ပြင်းထန်တဲ့ အင်အား ဖြစ်တည်မှုကို သူ ခံစားနေမိတာ ကြောင့်ပဲ။

“ဘာတွေ ဖြစ်နေတာလဲ။” အရှင်ရှဲ့လော့ မျက်နှာမှာ တအံ့တသြ အမူအယာ ပေါ်လာခဲ့တယ်။

ဖန်ကျန်းရှီလည်း အံ့သြနေတယ်။ သူ့ကိုယ်သူ သန်မာလာတာ သိတယ်။ အရမ်း အရမ်းကို သန်မာလွန်းနေတယ်။ ကိုယ်တိုင် ထိန်းချုပ်ဖို့ ခက်ခဲ လောက်တဲ့ အထိကို စွမ်းအားတွေက ပြင်းထန် နေတယ်။

ဝူယွဲ့အာကတော့ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေပြီ။ သူမ နေရာမှာ ရပ်တန့်ရင်း မလှုပ်မရှားနိုင် ဖြစ်နေခဲ့တယ်။ အမြဲ အေးချမ်း တည်ငြိမ်တဲ့ မျက်ဝန်းတွေက အထိတ်တလန့် ပြူးကျယ်နေတယ်။

“နင် .. ဆေး .. တစ်ပုလင်းလုံး သောက်လိုက်တာလား။”

“မင်း ဘာပြောချင်တာလဲ။” ဖန်ကျန်းရှီ မေးမိတယ်။ အဲ့ဒီ့နောက် အထိတ်တလန့် တုန်ယင်သွားတယ်။ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားခဲ့တယ်။

“မင်း .. မင်း လိမ်လိုကတာပဲ။ ပုလင်းထဲမှာ ဆေးလုံး ၂လုံး မကဘူး။”

အပိုင်း(၆၀၁)ပြီး၏။

အပိုင်း (၆၀၂)

“နဂါးသတ် ဓားချက်”

ဘာသာပြန်သူ - Enri Thaw

“ငါ .. ငါ .. နင် ဒီလို သောက်မယ် မှန်းမှ မသိပဲ။” ဝူယွဲ့အာ နောက်ထပ် ပြောချင်တယ်။ ဒါပေမယ့် အချိန် နှောင်းသွားခဲ့ပြီ။ ဆေးပုလင်းထဲမှာ ဆေး နှစ်လုံးထက်မကဘူး ရှိနေတယ်။ တကယ်တော့ သူမ ဆေးနှစ်လုံးပဲ ယူလာတယ်ဆိုတာ ဖန်ကျန်းရှီကို ညာတာ။

တကယ်တော့ ပုလင်းထဲကနေ ဆေးလုံး နှစ်လုံးပဲ ထုတ်ပေးဖို့ စီစဉ်ထားတာ။ သူက ဆေးပုလင်း တစ်ခုလုံးကို မော့သောက်မယ်လို့ ဘယ်ထင်ထားမှာပဲ။ အရာအားလုံးကို ရပ်တန့်ဖို့ နောက်ကျလွန်းသွားပြီ။

“ပုလင်းထဲမှာ ဆေးဘယ်နှစ်လုံး ရှိတာလဲ။” ဝူယွဲ့အာကို အပြစ်တင်ဖို့ အချိန် မရှိတော့ဘူး။ သူ အသက်ရှင်ဖို့ အချိန် ဘယ်လောက် ကျန်မလဲ ဆိုတာကိုပဲ သိချင်တယ်။

“ဆယ့် ဆယ့်နှစ်လုံး။” တုန်ယင်နေတဲ့ အသံနဲ့ ဝူယွဲ့အာ ပြန်ဖြေတယ်။

“နွားပဲ။ ဘာဖြစ်လို့ ဒီလောက်တောင် ယူလာတာလဲ။” ဖန်ကျန်းရှီ ပါးစပ် အကျယ်ကြီး ဟနေမိတယ်။ ဆေးလုံး ၁၂ လုံးဆိုတာ သူ့အတွက်တော့ အရမ်း များလွန်းနေတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောခဲ့တာ သူ့ သက်တမ်းကို ၂ နှစ် ၃ နှစ်ပဲ ဆွဲဆန့် နိုင်မယ်လို့ ။ အခုတော့ တစ်နှစ်ကျော်လောက် ကုန်သွားခဲ့ပြီ။ သူ့မှာ အသက်ရှင်ချိန် ၂ နှစ်လောက်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ ခုနကပဲ ဆေးလုံး သုံးလုံး သောက်ထားမိတာ။

အခုတော့ နောက်ထပ် ၁လုံး သောက်မိပြန်ပြီ။ တွက်ချက်လိုက်ရင် သူ့မှာ နှစ်ဝက်တောင် အသက်ရှင်ချိန် ရှိပါ့ အုန်းမလား။ ဒါက အကြမ်းဖျင်းပဲ တွက်ရသေးတာ။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောသလို သူ့သက်တမ်းက ၃နှစ် မကျန်တော့ရင် ဘယ်လို လုပ်မလဲ။ နောက်လမှာလည်း သေနိုင်တာပဲ။ မနက်ဖြန်မှာ သေတာတောင် ဖြစ်နိုင်တယ်။

ချွေးစေးတွေ သူ့နဖူးကနေ စီးကျလာတယ်။ ဆေးလုံး နှစ်လုံးက သိပ်ပြီးတော့ မထူးခြားပေမယ့် ဆေးလုံး ၁၂လုံးကတော့ ကိုယ့်ကိုယ်ကို သတ်သေတာပဲ။

ဒါပေမယ့် သူ ဘာပြောနိုင်မှာလဲ။ ဆေးတွေကို သူ စားလိုက် ပြီးပြီလေ။ နောက်ပြီးတော့ ဝူယွဲ့အာ လက်ထဲကနေ ဆေးကို အတင်းလုပြီးတော့ စားလိုက်တာ သူလေ။ ဝူယွဲ့အာက သူ့ကို ကာကွယ်ဖို့ တားခဲ့သေးတာပဲ။ သူမကို အပြစ်တင်လို့ မရဘူး။ ဝူယွဲ့အာကတော့ မျက်ရည်တွေ ရစ်ဝဲ နေခဲ့တယ်။ အရိပ် မျိုးနွယ် ခေါင်းဆောင်က ငိုနေတဲ့ ပုံပဲ။

ဖန်ကျန်းရှီ သက်ပြင်းချရင်း အကြည့် လွှဲလိုက်တယ်။ အရှင်ရှဲ့လော့ကို သူစိုက်ကြည့်တယ်။ ခန္ဒာကိုယ် တစ်ခုလုံးကနေ သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် သူ ဟိန်းဟောက်တယ်။ “မင်းက ငါ့ကို ဒီလို ဆေးမှား သောက်တဲ့ အခြေအနေ ရောက်အောင် လုပ်တဲ့သူပဲ။”

“ဆေးမှားသောက်တယ်။”

“သူ ဘာပြောချင်တာလဲ။”

တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ဖန်ကျန်းရှီရဲ့ စကားကြောင့် ကြောင်အ ကုန်တယ်။ အရှင်ရှဲ့လော့လည်း မျက်လုံးပြူးသွားတယ်။ သူက ဘယ်လိုလုပ် ဆေးမှား သောက်စေတဲ့သူ ဖြစ်သွားတာလဲ။

သူ လုပ်မိတာကိုတောင် နားမလည်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီမှာလည်း ဘာ ပျက်ဆီးတာမှ မတွေ့ရဘူးလေ။ သူ တစ်ခုခု ပြောတော့မယ့် အချိန်မှာပဲ နှလုံးသားထဲက ခံစားချက်တွေ မြင့်တက်လာတယ်။ ဒီအချိန်မှာပဲ သူ့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ အန္တရာယ် များတဲ့ အငွေ့အသက်တွေကို သူခံစား နေရတာ ကြောင့်ပဲ။

လွန်ခဲ့တဲ့ နာရီဝက်တုန်းက သူ့မှာ အကြောက်အလန့်ဆိုတာ မ၇ှိခဲ့ဘူး။ အခုတော့ အချိန်က ပြောင်းလဲသွားပြီ။ သူ့ရဲ့ စွမ်းအားတွေက ပင်းယန်နဲ့ တိုက်ခိုက်လို့ အတော့်ကို ကုန်နေပြီ။ အခုချိန်မှာ ဖန်ကျန်းရှီရဲ့ တည်ရှိမှုက သူ့အတွက် ခြိမ်းခြောက်မှု တစ်ခုလိုပဲ။ အရှင်ရှဲ့လော့ ချက်ခြင်း နောက်ဆုတ်တယ်။ ကောင်းကင်မှာ လျှပ်စီးတွေ လက်လာပြီး မိုးခြိမ်းသံတွေ ထွက်ပေါ်လာတယ်။

အဲ့ဒီ့နောက် ကောင်းကင်မှာ လျှပ်နွယ်လျှပ်စီးတွေ အများကြီး ဖြစ်ပေါ်လာတယ်။ ညကောင်းကင်ကို ခွဲခြမ်းလိုက် သလိုပဲ။

“ဖန်ကျန်းရှီ မင်း ဘာတွေ လုပ်နေတာလဲ။” အရှင်ရှဲ့လော့ အော်ဟစ်ရင်း တုန်ယင် သွားခဲ့တယ်။ သူ့မျက်လုံးတွေက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ လျှပ်စီးတွေကို ကြည့်ရင်း ပြူးကျယ်နေခဲ့တယ်။ နောက်ပြီးတော့ လျှပ်စီး အလင်းတန်းတွေက သူ့လက်ထဲက ဓားဆီကို ကူးပြောင်း နေခဲ့တယ်။

ဝုန်း။

တောက်ပတဲ့ ခရမ်းရောင် အလင်းတန်းကြီးက ဖန်ကျန်းရှီ လက်ထဲက ခြေရာမဲ့ ဓားမှာ တောက်ပရင်း စွမ်းအားတွေကို တိုးမြှင့်နေခဲ့တယ်။ ဒီဓားက မြို့တစ်ခုလုံးကို ဖျက်ဆိးနိုင်တဲ့ ခြိမ်းခြောက်မှုကြီး တစ်ခုပဲ။ ဒီအချိန်မှာ လူတိုင်းက ဖန်ကျန်းရှီကို အာရုံ စိုက်နေခဲ့တယ်။

“အင်အားကြီးလိုက်တာ။”

“သူက ဘယ်လိုများ ဒီလောက်ထိ အင်အား ကြီးရတာလဲ။”

“သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုများ ဒီလောက် အင်အားကြီးရတာလဲ။”

ဘယ်စစ်သည်တော်မှ မယုံကြည် နိုင်ဘူး။ မိုးမြေ အင်အားတွေကို သူတို့ ခံစား နေရတယ်လေ။ ကောင်းကင်က သေမျိုး လောကနဲ့ ဆက်စပ် နေပင်မယ့်။ သူတို့ ကြောက်လန့်တာက ဖန်ကျန်းရှီ ကိုယ်ကနေ ထွက်ပေါ်နေတဲ့ စွမ်းအားတွေပဲ။ သဘာဝလွန် အဆင့် တစ်ယောက်က ဒီလောက်ထိ အစွမ်းထက်နေတာ။ ဘယ်လိုများ အေးအေးဆေးဆေး နေနိုင်မှာလဲ။

ကောင်းကင် အိုအေစစ် သုခမိန် ဆေးလုံး အစွမ်းကို သိတဲ့ ဝူယွဲ့အာကတော့ အဆိုးဆုံးပဲ။ ဒီ ဆေးလုံး အစွမ်းကို သိပေမယ့် ကိုယ်တိုင် မျက်မြင်တွေ့ရတာကတော့ ကွာခြားတယ်။

ဝုန်း။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို နောက်ဆုံး မိုးကြိုး ကျရောက် ပြီးတဲ့နောက်။ ခရမ်းရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားကနေ မြင့်တက်လာပြီး ကောင်းကင်ကို ထိုးတက် သွားတော့တယ်။ ကြီးမားတဲ့ ဓားသဏ္ဍာန်ကြီး တစ်ခုပဲ။ လျှပ်စီးတွေ ဝန်းရံနေတဲ့ ဒီဓားကြီးက ကြောက်စရာ ကောင်းလွန်းတယ်။ ဓားက ဖြာထွက်နေတဲ့ ခရမ်းရောင် အလင်းတန်းတွေက ကောင်းကင် တစ်ခုလုံးကို အရောင်ပြောင်းသွား စေတယ်။

“အရှင်ရှဲ့လော့ သေပေရော့။” ဖန်ကျန်းရှီ ခန္ဒာကိုယ်က ကောင်းကင်ကနေ ဇောက်ထိုး ဆင်းလာခဲ့တယ်။ မတွေးနိုင် လောက်အောင် ကြောက်စရာ အရှိန်နှုန်းနဲ့ သွားနေခဲ့တာ။ ကြောက်စရာ လှိုင်းတွေကြားမှာ နဂါးကြီး တစ်ကောင်က ဖန်ကျန်းရှီကို ဝန်းရံ လှည့်ပတ်နေတယ်။

လျှပ်စီးတွေကတော့ သူ့ဓားကို လှည့်ပတ်နေဆဲ။ အချိန်တွေက ဒီအခိုက်အတန့်မှာ ရပ်တန့် သွားသလိုပဲ။ လှုပ်ရှားနေတဲ့ တစ်ခုတည်းသော အရာက သည်းသည်းမဲမဲ ရွာနေတဲ့ မိုးပဲ ရှိတော့တယ်။

“မဖြစ်ဘူး။” အရှင်ရှဲ့လော့ အော်ဟစ်တယ်။ သူ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲသွားပြီ။ သူကမှာ ရှိတဲ့ စွမ်းအင်တွေ အကုန်လုံးကို သုံးလိုက်ပြီ။ အခုချိန်မှာ ထွက်ပြေးဖို့ လိုအပ်တယ်။ စစ်မြေပြင်ကနေ ထွက်ပြေးဖို့ ပြင်တယ်။

သေခြင်း ရှင်ခြင်းဆိုတာ အတွေးတစ်ခုနဲ့ပဲ ဆုံးဖြတ် နိုင်တာ။ နတ်ဆိုး ဘုရင် ဂုဏ်သိက္ခာကို ထိန်းရမှာထက် ဒီ အန္တရာယ်ကြီးကို လွှတ်အောင် ရှောင်ဖို့က ပို အရေးကြီးတယ်။ ထွက်ပြေးတယ် ဆိုတာ လုပ်သင့်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်းကြီး ကတော့ ရောက်လာခဲ့ပြီ။ ကြီးမားတဲ့ ဓားသဏ္ဍာန်က သူ့ခေါင်းပေါ် ကျလာတယ်။

“နဂါး။” ဖန်ကျန်းရှီ ခပ်တိုးတိုး ရေရွတ်တယ်။ ဒီအချိန် သူ့ နှလုံးသားထဲမှာ ရှင်းမပြနိုင်တဲ့ အထီးကျန်မှုတွေ ပြည့်နှက်လာတယ်။ ခြေရာမဲ့ ဓားက သူ့ကို လုံး၀ ဝါးမျို သွားသလိုပဲ။ သူက ခြေရာမဲ့ဓားကို ထိန်းချုပ် နေတာလား။ ဓားက သူ့ကို ဝါးမျိုနေတာလား ကောင်းကောင်း မသိနိုင်တော့ဘူး။ သူ့ ခေါင်းထဲမှာ ပုံရိပ် တစ်ခုကိုသာ မြင်ရတယ်။

ဓားကြီးကို မြှောက်ကိုင်ထားတဲ့ လူတစ်ယောက်။ အထီးကျန်မှုနဲ့ အင်အားတွေက ဖန်ကျန်းရှီကို လွှမ်းခြုံသွားတယ်။ အထီးကျန် နဂါးကြီး တစ်ကောင် ဝမ်းပန်းတနည်း အော်ဟစ်ရင်း ဖြစ်တည်မှုတွေကို ကြည့်နေသလို ခံစားရတယ်။

“သတ်ဖြတ်။” ဒုတိယ စကားလုံး ထွက်ပေါ်လာတယ်။ ဒီအချိန်မှာပဲ မိုးကုပ်စက်ဝိုင်းက ခရမ်းရောင် အလင်းတန်း ဆင်းသက် လာခဲ့တယ်။ ကောင်းကင်က စွမ်းအားတွေ အားလုံး စုပေါင်း လိုက်သလိုပဲ။

“ဓားချက်။” အံ့သြစရာ အရှိန်နှုန်းနဲ့ ကျဆင်းလာတဲ့ ခရမ်းရောင် အလင်းတန်းကြီး ပျောက်ကွယ် သွားခဲ့ပြီ။ နောက်ဆုံး စကားလုံးကို ဖန်ကျန်းရှီ အော်ဟစ် လိုက်တဲ့ အချိန်မှာ။ အလင်းတန်းကို ဘယ်မှာမှ မတွေ့ရတော့ဘူး။

လောကကြီး တစ်ခုလုံး မှောင်အတိ ကျသွားပြန်တယ်။ ကောင်းကင်က ကျဆင်းနေတဲ့ မိုးရေတွေ ညကို အေးစက်စေတယ်။

ဘယ်သူမှ စကား မပြောကြဘူး။ အသက်ရှူသံကိုတောင် မကြားရ။ ဖန်ကျန်းရှီ လက်ထဲက ဓားကို စိုက်ကြည့်ရင်း သူတို့ရဲ့ နှလုံး ခုန်သံကိုသာ နားထဲ ပြန်ကြားနေရတယ်။

ဓားက အလင်းရောင်တွေ ပျောက်ကွယ် သွားပြီးတော့ အရှင်ရှဲ့လော့ရဲ့ ခြေရင်းမှာ ရောက်နေခဲ့ပြီ။ အရှင်ရှဲ့လော့က သူ့ မူလ နေရာမှာ ရပ်နေရင်း ဖန်ကျန်းရှီကို အေးစက်စက် အမူအယာနဲ့ စိုက်ကြည့်နေခဲ့တယ်။

အချိန် တစ်ချို့ ကြာပြီးတဲ့နောက် ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းက အရှင်ရှဲကလော့ ခေါင်းကနေ ထွက်ပေါ်လာတယ်။ အဲ့ဒ့ီနောက် အလင်းတန်းက တဖြည်းဖြည်း ကြီးလာခဲ့တယ်။ အပ်ချည်ကြိုး ခပ်မျှင်မျှင် တစ်ခုနဲ့ ခွဲချလိုက် သလိုမျိုး အရှင်ရှဲ့လော့ ခေါင်းကနေ ခြေဖျားအထိ တိတိ ရိရိ ကွဲ ထွက်သွားခဲ့တယ်။

မြေပြင်တစ်ခုလုံး တုန်ယင်နေပြီ။ ခရမ်းရောင် အလင်းတန်းက မြေပြင်ကနေ ထွက်ပေါ်လာတယ်။ ဒီ ခပ်ဖျော့ဖျော့ အလင်းတန်းက မိုးကုပ် စက်ဝိုင်းအထိ တောက်ပလာတယ်။

ဝုန်း။

ပေါက်ကွဲတဲ့ အသံကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ ဒီအသံကြီးက မြေပြင်ထဲကနေ မြင့်တက်လာတာ။ အသံကြီး ပိုကျယ်လာလေလေ မြေစိုင် မြေခဲတွေ ပိုပြီးတော့ ကွဲထွက် လာလေပဲ။ မြေပြင်တစ်ခုလုံး ငလျင် လှုပ်သလို တုန်ခါနေခဲ့တယ်။

အက်ကွဲကြောင်းကြီး တစ်ခု ခြေရာမဲ့ ဓားထိပ် ကျရောက်နေတဲ့ နေရာမှာ စဖြစ်လာတယ်။ မရေမတွက်နိုင်တဲ့ ခရမ်းရောင် အလင်း မဏ္ဍိုင်ကြီးတွေ ဒီအက်ကွဲကြောင်းတွေကနေ ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ထိုးတက်သွားတယ်။ မြေအောက်ထဲက နဂါးတွေ ကောင်းကင်ကို ပြန်သွားသလိုပဲ။

ညအမှောင်ထု တစ်ခုလုံး ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ အခု ဒီမှာ ရပ်နေတဲ့ သူတိုင်း သမိုင်းသစ် တစ်ခုကို မျက်မြင် တွေ့နေရတယ်။ တောင်ဖြိုတပ်ဖွဲ့၊ ရန်တိမ်တပ်ဖွဲ့၊ မြောက်ပိုင်းသား စစ်သည်တော်တွေနဲ့ မြို့သူ မြို့သားတွေ အားလုံး ကြောင်အ နေကြတယ်။ သူတို့ မြင်နေရတဲ့ အဖြစ်အပျက်ကြီးကနေ မျက်လုံး မခွာနိုင်ကြဘူး။

မြေပြင်က အဆုံးမသတ်နိုင်အောင် ဆက်တိုက် တုန်ခါနေခဲ့တယ်။ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီ။ အရာအားလုံး ရပ်တန့်သွား ခဲ့တာ။ တစ်ချို့က ဖန်ကျန်းရှီ လက်ထဲက ဓားကို ကြည့်နေခဲ့တယ်။ တစ်ချို့ကတော့ ကောင်းကင်ကို မော့ကြည့် နေကြတယ်။

ကြီးမြတ်သော ရှမင်းဆက်မှာ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်ကို လူတိုင်း မှတ်မိကြတယ်။ ဟိုးရှေးရှေးတုန်းက ပုံပြင် တစ်ပုဒ်ပေါ့။ သုခမိန် စစ်နတ် မုန့်ထျန်းက နတ်ဆိုးတွေရဲ့ သွေးအရိပ်မြို့တော်ကို တစ်ယောက်တည်း သွားခဲ့တယ်။ ဓားချက် တစ်ချက်တည်းနဲ့ မြို့ တစ်ခုလုံးကို ဖျက်ဆီး ခဲ့ရုံတင် မကဘူး။ နတ်ဆိုးဘုရင် စစ်ခုန်ကိုလည်း အနိုင်ယူခဲ့သေးတယ်။

ကြီးမြတ်သောရှ မင်းဆက်က လူတော်တော်များများ ဒီဓားချက်ကို မမြင်ဖူးကြဘူး။ ဒါပေမယ့် ကြီးမြတ်သောရှ မင်းဆက်ရဲ့ အံ့သြစရာ အကောင်းဆုံးတွေထဲက တစ်ခု အဖြစ် မှတ်တမ်း တင်ထားတာကိုတော့ သူတို့ သိတယ်။ အခုတော့ ဒီဓားက သူတို့ ရှေ့မှာ ရောက်နေပြီ။

ဓားနာမည်ကလည်း ခြေရာမဲ့ ဓားလို့ ပြောင်းသွားခဲ့ပြီ။ ဒီဓားချက်ကို ဘယ်သူမှ မခုခံ နိုင်ဘူး။ နဂါးသတ် ဓားချက်။ ဒီနာမည်ကို ဘယ် သမိုင်းစာအုပ် မှာမှ မှတ်တမ်း ထင်မထားဘူး။ ဒီနာမည် ဘယ်လို ဖြစ်လာမှန်းလည်း ဘယ်သူမှ မသိဘူး။ ဒါပေမယ့် သွေးအရိပ် မြို့တော် ရှေ့မှာ မုန့်ထျန်း တစ်ယောက်တည်း ရပ်ရင်း မြို့ကို ထက်ခြမ်း ခွဲခဲ့တဲ့ ပုံရိပ်ကို မျက်လုံးထဲ မြင်ယောင် နေကြတယ်။

ဒီစွမ်းအားက မြို့တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားပဲ။

အခုတော့ လူတိုင်း သိသွားခဲ့ပြီ။

ဒီဓားကွက်ရဲ့ နာမည်က နဂါးသတ် ဓားကွက် ဆိုတာကိုပေါ့။

အပိုင်း(၆၀၂)ပြီး၏။

အပိုင်း (၆၀၃)

“ကောင်းကင်နဲ့ မြေပြင်ကြားက တံတား။”

ဘာသာပြန်သူ- Enri Thaw

တကယ့်ကို ပြပွဲကြီး တစ်ခုလိုပဲ။ ဝန်ထုတ်ဝန်ပိုးကြီး ပျောက်ကွယ် သွားတာကြောင့် ပျော်ရွှင်မှုတွေက စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။ နောက်ထပ် သံသယ ဖြစ်စရာ မရှိတော့ဘူး။ ဓားက မြေပြင်ကို ကျလာတဲ့ အချိန်မှာပဲ ရလဒ်က ဆုံးဖြတ် ပြီးသား ဖြစ်သွားပြီ။

မိုးကတော့ သည်းသည်း မည်းမည်း ဆက်လက် ရွာသွန်းနေဆဲ။ ဒါပေမယ့် ရန်မြို့တော်ကို ဦးတည်နေတဲ့ သားရဲကောင် အော်သံတွေက ပျောက်ကွယ် သွားခဲ့ပြီ။ သူတို့တွေ မြေပြင်ပေါ်က အက်ရာကြီးကို ကြည့်နေခဲ့တယ်။ အတိအကျ ပြောရရင်။ အက်ကွဲကြောင်းကြီး ဘေးက ပုံရိပ်တစ်ခုကို ကြည့်နေခဲ့တာ။

အရှင်ရှဲ့လော့က မလှုပ်မယှက် မျက်နှာသေနဲ့ ရပ်တန့် နေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းက သူ့ခန္ဒာကိုယ် တစ်ခုလုံးမှာ တောက်ပနေတယ်။ အချိန်နဲ့ အမျှ ပိုပိုပြီး တောက်ပ လာခဲ့တယ်။

“မင်း .. သန်မာ လိုက်တာ။” အရှင်ရှဲ့လော့ ခပ်တိုးတိုး ပြောတယ်။ သူ့အသံက တိုက်ပွဲ ရလဒ်ကို မကျေမနပ် ဖြစ်နေပုံပဲ။ ဒါပေမယ့် သူဒေါသ ထွက်မနေခဲ့ဘူး။

“တကယ်တော့ ခင်ဗျားက ပိုသန်မာတာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။

“ဒါပေမယ့် မင်း နိုင်သွားပြီ။”

“အမှန်ပဲ။”

နောက်ထပ် စကားပြောသံ မရှိတော့ဘူး။ အရှင်ရှဲ့လော့က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်တယ်။ မိုးရေထဲက ကမ္ဘာ မြေကြီးကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းတွေ သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။

ခုနတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်လိုပဲ၊ အလင်းတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။ ဘယ်တုန်းကမှ မတည်ရှိခဲ့သလိုပဲ။ သူ့ ပါးစပ် ထဲကနေ ရွှေရောင် အလုံးလေး တစ်လုံးထွက်လာခဲ့တယ်။ ဒီ ရွှေဓာတ်လုံးက သူ့ နဖူးက တစ်ခုနဲ့ မတူဘူး။ အရောင်လည်း တောက်ပ မနေသလို ထည်ဝါမှုလည်း ရှိ မနေခဲ့ဘူး။ ရှေးကျတဲ့ အထီးကျန် ဆန်ဆန် အငွေ့အသက်တွေသာ ထွက်ပေါ်နေတယ်။

“နတ်ဆိုး ပုလဲ။”

“အဲ့တာ နတ်ဆိုး ပုလဲ အစစ်ကြီး။”

“နတ်ဆိုး ပုလဲက နဖူးမှာ မဟုတ်ပဲ သူ့ ပါးစပ်ထဲမှာ တစ်ချိန်လုံး ရှိနေတဲ့ ပုံပဲ။”

တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ နောက်ဆုံးမှာ နားလည် သွားကြပြီ။ နတ်ဆိုးပုလဲက နတ်ဆိုး ဘုရင်ရဲ့ အရေးကြီး ပစ္စည်းပဲ။ ဒါကို ဘယ်လိုလုပ် နဖူးမှာ သိမ်းထားမှာလဲ။

သားရဲကောင် အော်သံတွေက ဖြည်းဖြည်းချင်း လျော့နည်းသွားတယ်။ နေရောင်အောက်မှာ ဖြည်းဖြည်းချင်း အရည်ပျော်နေတဲ့ နှင်းတွေလို ပျောက်ကွယ် သွားတော့တယ်။

နိုင်ပြီ။

ငါတို့ နောက်ဆုံးတော့ နိုင်ပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နတ်ဆိုးဘုရင် စစ်ခုန်ကို သုခမိန် စစ်နတ် မုန့်ထျန်းက တစ်ချက်တည်းနဲ့ အသေသတ် ခဲ့တယ်။ နှစ်ပေါင်း များစွာ ထပ်ကြာသွားခဲ့ပြီ။ အခုတော့ ရန်မြို့တော် မြို့တံခါးမှာ ဖန်ကျန်းရှီက အရှင်ရှဲ့လော့ကို တစ်ချက်တည်းနဲ့ အနိုင်ယူ လိုက်ပြန်ပြီ။ ဓားချက် တစ်ချက်တည်း ဓားကွက် တစ်ကွက်တည်းနဲ့။

“ ငါတို့ နိုင်ပြီ။ ငါ မင်းသမီး။ နင့်ကို နောက်ဆုံးတော့ ကူညီ ပေးနိုင်လိုက်ပြီ။ အရှက်မရှိတဲ့ ကောင်စုတ်။” ပင်းယန် ပြုံးပြရင်း ပြောလိုက်တယ်။ သူမရဲ့ အသက်ဝိဉာဉ် ကင်းမဲ့တဲ့ မျက်ဝန်းတွေက ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားတယ်။ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။ မိုးရေတွေ ဆေးကြော မပြစ်ခင်မှာ မြေပြင်ပေါ်ကို ကျဆင်းလာတယ်။

သူမရဲ့ ကိုယ်ခန္ဒာကိုယ် ဝန်းရံနေတဲ့ အလင်းတန်းတွေက တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့တယ်။ ကျန်ရှိနေတဲ့ အလင်းတန်းတွေက မှိန်ဖျော့ဖျော့ တောက်ပနေတယ်။ အဆုံးသတ် တစ်ခုကို ဖန်တီးတော့မလို ဖြစ်တည် နေခဲ့တယ်။

နောက်ထပ် အကာအကွယ်တွေ မရှိတော့ပဲ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဒါပေမယ့် သူမ ခန္ဒာကိုယ် မြေပြင်ပေါ် ပြုတ်မကျခင် အချိန်မှာပဲ လက်တစ်ဖက်က သူမကို ဖမ်းလိုက်တယ်။ ဒီလက်က သူမကို နွေးထွေးတဲ့ ခန္ဒာကိုယ် တစ်ခုဆီ ဆွဲခေါ် သွားခဲ့တယ်။ သူမ မရုန်းကန်တော့ဘူး။ ဒီနွေးထွေးမှုက သူမကို လုံး၀ လွှမ်းခြုံ သွားခဲ့တယ်။

“ပင်းယန်။” ဖန်ကျန်းရှီ သူမရဲ့ ခန္ဒာကိုယ်လေးကို ပွေ့ဖက် ထားခဲ့တယ်။ ပင်းယန် အခုချိန်မှာ ဘယ်လို ခံစားနေရမှန်း သူသိတယ်လေ။ သူမရဲ့ ဘေးပတ်လည်က အလင်းတန်းတွေ မှိန်ဖျော့သွားတာနဲ့ အတူ သူမရဲ့ ခံစားချက်ကလည်း ပြောင်းလဲ သွားခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါက သန်မာတယ် မဟုတ်လား။” ပင်းယန် ဖန်ကျန်းရှီကို စိုက်ကြည့်ရင်းနဲ့ မေးတယ်။ သူမရဲ့ မျက်ဝန်းတွေက ပိုပြီးတော့ မှုန်မှိုင်း လာခဲ့တယ်။ အသက်ဝိဉာဉ် လုံး၀ မရှိတော့တဲ့ အတိုင်းပဲ။

“ ဟုတ်တယ်။ နင်က သန်မာတယ်။”

“ဟ ဟားဟား။” ပင်းယန် ပြုံးပြရင်းနဲ့ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။ သူမရဲ့ အကျီမှာ သွေးတွေ စွန်းထင်း နေပြီ။ ဒါပေမယ့် သူမ ပြုံးပြရင်း ဆက်ပြော နေတုန်းပဲ။ “နောက်ဆုံးတော့ ငါက ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘူး။ ငါလည်း ကူညီ နိုင်ပြီ။”

“မင်းက အမြဲတမ်း ကူညီတာပါ။”

“ မဟုတ်ဘူး။ အရင် .. အရင်တုန်းက ဒါ မဖြစ်နိုင်ဘူး။ နင့် နောက်မှာပဲ ငါ အမြဲ ပုန်းနေရတာ။ ယန်လေးရဲ့ နောက်မှာ ပုန်းနေရတာ။ ငါ သန်မာတယ်လို့ အမြဲ ပြောပေမယ့်။ ဘာမှ မလုပ်နိုင်ဘူး။ ငါက အောင်မြင်အောင် မလုပ်နိုင်တဲ့ လူတစ်ယောက်ပဲ။”

“ပင်းယန်။”

“အရှက် မရှိတဲ့ကောင်စုတ်။ ရတယ်။ ငါမယ်တော်ကို မြင်ပြီးပြီ။ သူက ငါ့ကို လာခေါ် မယ်တဲ့။ မကြာခင် တွေ့ရတော့မယ် ထင်တယ်။” ပင်းယန် ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ မိုးစက်တွေ သူမ မျက်နှာပေါ် စီးကျလာတာကို ကျေကျေနပ်နပ် ကြည့်ရင်း ပြုံးနေခဲ့တယ်။

“အရှင် မင်းသမီး။”

“ ပင်းယန် မင်းသမီး။”

“မင်းသမီး။”

ဒီမြင်ကွင်းကို မြင်တော့ တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့တွေ ဒူးထောက်လိုက်တယ်။ ပင်းယန် မင်းသမီးကို အရိုအသေ ပြုကြတယ်။ သူမမှာ ဘာတွေ ဖြစ်နေမှန်း သူတို့ မသိပေမယ့်ပေါ့။ ပြောနိုင်တာ ပင်းယန် မင်းသမီးက အတော့်ကို အခြေအနေ ဆိုးနေပြီ။ သူမ အသက်က အချိန် မရွေး ပျောက်သွားနိုင်တယ်။

သူုတို့ နိုင်ပြီ။

အရှင်ရှဲ့လော့ သေသွားခဲ့ပြီ။ ဒါပေမယ့် ဘယ်သူမှ မပျော်နိုင်ကြဘူး။ အရှင်လီချင်း သေသွားတာ ကြောင့်လည်း ပါတယ်။ အခုတော့ တိုက်ပွဲကို ပြောင်းပြန် လှန်ပြစ်ခဲ့တဲ့ ပင်းယန် မင်းသမီးက အသက်ယဲ့ယဲ့ပဲ ကျန်တော့တယ်။

ပင်းယန်။

နိုင်ငံတော် တစ်ခုလုံးမှာ ချစ်မြတ်နိုး ခံရဆုံး အမျိုးသမီး။ ဒီနှစ်မှာမှ ၁၆ နှစ်ပြည့်မှာ။

ရန်မြို့တော် နန်းတော်ထဲမှာ။ တိုက်ပွဲကြီးက မကြာခင် အဆုံးသတ်တော့မယ်။ ကောင်းကင်ပေါ်က ခရမ်းရောင် အလင်းတန်းကြီးကို လူတွေ သတိ ထားမိတာကြောင့် မြန်မြန် ပြီးသွားခဲ့တာပဲ။

“အရှင်သခင်ငယ်။ အရှင်ရှဲ့လော့ရဲ့ တည်ရှိမှုကို ခံစား မရတော့ဘူး။” ဝတ်ရုံနက် တစ်ယောက်ရဲ့ ထိတ်လန့် တကြား အော်သံ ထွက်ပေါ်လာတယ်။

“မဖြစ်နိုင်ဘူး။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” ချန်းဝူ ပြောရင်းနဲ့ တုန်ယင် လာတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး သွေးတွေနဲ့ စွန်းထင်း နေခဲ့ပြီ။ သူ မယုံာကည် နိုင်ခဲ့ဘူး။ အမှန်ကို ပြောနေတာ သိပေမယ့် မယုံနိုင်ဘူး။ အရှင်ရှဲ့လော့ရဲ့ တည်ရှိမှုက ပျောက်သွားပြီ တဲ့လား။

“အရှင် မင်းသား။ ဆုတ်ခွာကြရအောင်။”

“အချိန် နှောင်းသွားလိမ့်မယ်။ အရှင့်သား။”

“ အရှင့်သား။”

ဘယ်သူကမှ နန်းတော် အပြင်မှာ ဖြစ်နေတဲ့ ကိစ္စကို မသိဘူး။ ဒါပေမယ့် ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခု ပျောက်ကွယ် သွားတာကိုတော့ သူသိတယ်။

“အဲ့ အဲ့တာ ဘယ်သူလဲ။” ချန်းဝူရဲ့ ဟိန်းဟောက်သံက နန်းတော် တစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်ကို သူ့ရဲ့ လင်းယုန် မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ မိုးက သည်းသည်းထန်ထန် ရွာသွန်းနေဆဲ။

မြို့တံခါးပေါ်မှာ စုချင်းက အရှိန် ပြင်းပြင်းနဲ့ ပြေးနေခဲ့တယ်။ ရန်မြို့တော်မှာ ဆက်နေဖို့ အကြောင်းရင်း မရှိတော့ဘူး။ စစ်ပွဲကလည်း ပြီးသွားပြီ။

ဖန်ကျန်းရှီက ပင်းယန်ရဲ့ လက်မောင်းကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ။

တခြားတစ်ဖက်မှာတော့ ပင်းယန်က ခေါင်းကို စောင်းရင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူမကို ပွေ့ဖက်ထားတဲ့ ဖန်ကျန်းရှီကို ပြန်ပြီးတော့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်တယ်။ ပန်းနုရောင် နှုတ်ခမ်းလေးတွေက နွေးထွေးတဲ့ အငွေ့အသက်တွေ ထွက်ပေါ် နေခဲ့တယ်။ ဒါက သူမ ခန္ဒာကိုယ်မှာ ကျန်ရစ်တဲ့ နောက်ဆုံးသော နွေးထွေးမှု ဖြစ်နိုင်တယ်။

မီးတောက်လေး တစ်ခု ကောင်းကင်မှာ တောက်ပလာတယ်။ ကောင်းကင်ပေါ်မှာ တိမ်မည်းတွေ လျှပ်စီးတွေ ပြည့်နှက် နေခဲ့တယ်။ ဒီအလင်းတန်းက ရာသီဥတုကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် ပေါ်လာတာ တော့ အမှန်ပဲ။ ည ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံ နိုင်တဲ့အထိ ဒီ အလင်းတန်းက ကြီးမားလာခဲ့တယ်။ အဖြူရောင် အလင်းလုံးကြီး တစ်ခုပဲ။ ဝုန်း။ အလင်းတန်းကြီး တစ်ခု ကောင်းကင်ကနေ ကျဆင်းလာတယ်။ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ် သွားခဲ့တယ်။

“အဲ့တာ ဘာကြီးလဲ။”

“အင်အားက ကြီးလိုက်တာ။”

“နောက်ထပ် နတ်ဆိုး ဘုရင် တစ်ယောက် ရှိနေတာ များလား။”

ထိတ်လန့် အံ့သြမှုတွေ လူတိုင်းရဲ့ နှလုံးသားထဲ ပေါ်လာခဲ့တယ်။ သူတို့ရဲ့ စိတ်အာရုံကို ကောင်းကင်က ကျဆင်းလာတဲ့ အလင်းတန်းကြီးက ဖမ်းစား သွားခဲ့ပြီ။ ဖန်ကျန်းရှီနဲ့ ပင်းယန်တို့ နားမှာ ဒီ အလင်းတန်းကြီး ပေါ်လာခဲ့တာ။

“ဒါ .. ဒါက” ရန်ချန်လိ ဒီအလင်းတန်းကို ကြည့်ရင်း တုန်ယင်နေခဲ့တယ်။ တောက်ပတဲ့ အလင်းတန်းကို ကြည့်ရင်း မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းတဲ့ ကြောက်ရွံ့မှုတွေ မျက်နှာမှာ ပေါ်လာခဲ့တယ်။

“ရှေ့ကို မသွားနဲ့။” ရန်ရွှယ်တွေးနေတာကို သိတဲ့အတွက် ရန်ချန်လိ အော်ပြောတယ်။ အဲ့ဒီ့နောက် သူ ဆက်ပြောတယ်။ “စိတ်အေးအေးထား။ အဲ့တာက နတ်ဆိုး ဘုရင် မဟုတ်ဘူး။”

“ဟုတ်ကဲ့ပါ။” ရန်ရွှယ် လမ်းမှာ ရပ်တန့်သွားတယ်။ သူ့ မျက်လုံးတွေက အလင်းတန်းကြီးကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား မိတယ်။

ရှန်းယွီလည်း တိတ်ဆိတ် နေခဲ့တယ်။ အလင်းတန်းကြီးကို သူမရဲ့ မျက်ဝန်း တောက်တောက်တွေနဲ့ စိုက်ကြည့်နေတယ်။

ဒီအချိန်မှာ အလင်းတန်း ထဲကနေ လူတစ်ယောက် ထွက်လာခဲ့တယ်။ သာမာန်အရွယ်အစား နဲ့ လူတစ်ယောက်ပဲ။

သူမက ဖြည်းဖြည်းချင်း ပုံပေါ်လာနေတယ်။ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ သူမက ဆံနွယ်ရှည်တွေ ဝဲကျ နေခဲ့တယ်။ ဘာမှ မထွင်းထုထားတဲ့ ကြေးဆံထိုး တစ်ခုကို ခေါင်းမှာ ထိုးထားခဲ့တယ်။ သူမ တကိုယ်လုံး အရမ်းကို ရိုးရှင်းလွန်းနေတယ်။

အသက်သုံးဆယ် ဝန်းကျင် ဒီ အမျိုးသမီးက မျက်ခုံးပါးပါး၊ မျက်လုံး ဝိုင်းဝိုင်းနဲ့။ အရမ်းမလှပေမယ့် စိတ်ကို တက်ကြွ လန်းဆန်းတဲ့ ပုံစံရှိတယ်။ ကောင်းကင်က ဆင်းသက်လာတဲ့ အလင်းတန်းထဲကနေ ထွက်လာတဲ့ သူမက ကြောက်စရာ ကောင်းသလို တောက်ပနေခဲ့တယ်။

ဒီအလင်းတန်းကြီးက ပျောက်ကွယ် မသွားဘူး။ မိုးကတော့ သည်းသည်းမည်းမည်း ရွာသွန်းနေဆဲ။ ဒါပေမယ့် မိုးရေက သူမ အဝတ်တွေကို မစိုရွဲစေနိုင်ဘူး။ ညလေအေးကလည်း သူမ ဆံနွယ်တွေကို မလွင့်မျော စေဘူး။ ရုပ်တုကြီး တစ်ခုလိုသာ သူမ ရပ်တန့်နေခဲ့တယ်။

ပန်းချီကားထဲက မိန်းမလှလို ဒီ အမျိုးသမီးက သူ့ ပတ်ဝန်းကျင်ကို လေ့လာနေတယ်။ သူမ ပုံစံက မောက်မောက်မာမာပဲ။ တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့ကို တစ်ချက်ပဲ ကြည့်တယ်။ ရန်ရွှယ်နဲ့ ရှန်းယွီကိုတောင် လျစ်လျူရှုထားခဲ့တယ်။ သူမရဲ့ အကြည့်က ဘာမှ မပြောင်းလဲ သွားခဲ့ဘူး။ ဘာအမူအယာမှလည်း မရှိဘူး။ လေထဲမှာ လွင့်မျောနေတဲ့ နတ်ဆိုး ပုလဲကိုသာ ကြည့်နေခဲ့တယ်။

“သူ သေပြီလား။” အမျိုးသမီးက ရန်ချန်လိကို မေးတယ်။ မျက်မှောင်ကြုတ်ရင်း ဆက်ပြောတယ်။ “ရန်ချန်လိ။ လင်းမုပိုင် ဘယ်မှာလဲ။ သူကော သေပြီလား။”

လင်းမုပိုင်က ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရာဇ်။ မြင့်မြတ်တဲ့ အရှင်။

ရန်ချန်လိက သုခမိန် အဆင့် ရောက်နေပြီ ဖြစ်တဲ့ အနောက်ပိုင်း လျန်ဒေသရဲ့ ဘုရင်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ သမိုင်းမှာ ဒီအဆင့်ကို ရောက်တဲ့ ငါးယောက်မြောက် လူပဲ။

ဒီလူနှစ်ယောက်ကို ဘယ်သူကများ နာမည် အပြည့်အစုံ ခေါ်ဝံ့တာလဲ။ ဒီ အမျိုးသမီးကတော့ ပုံမှန်အတိုင်း မောက်မာတဲ့ ပုံစံနဲ့ ခေါ်ဝေးနေတယ်။ (သူကော သေပြီလား) ဆိုတဲ့ စကားကိုတောင် ထည့်ပြောသေးတာ မုန်းစရာ ကောင်းလိုက်တာ။

အပိုင်း(၆၀၃)ပြီး၏။

အပိုင်း (၆၀၄)

“မမျှော်လင့်ထားတဲ့ ရလဒ်“

ဘာသာပြန်သူ - Enri Thaw

ဒါက မြို့ တံခါးမှာ ဖြစ်နေတာ၊ ပြောရရင် စစ်သည်တော်တွေ ရှေ့ထွက်လာပြီး ဒီအမျိုးသမီးကို သူ့ ရဲ့ မျက်နှာပြောင် တိုက်မှုအတွက် ဆူပူ ဟိန်းဟောက် သင့်တယ်။ ဒါပေမယ့် အမျိုးသမီးရဲ့ အသံ ထွက်လာပြီးတဲ့နောက် ဘယ်သူမှ ရှေ့ မထွက်လာခဲ့ဘူး။

စစ်တပ်အမိန့်တွေ စည်းမျဉ်းတွေကြောင့် သူတို့ မလှုပ်ရှားရဲတာ မဟုတ်ခဲ့။ အမျိုးသမီးရဲ့ ရင်ဘတ်ပေါ်က ဆေးမှင်ကြောင် ကြောင့်ပဲ။ မျှော်စင်ပုံစံ ဆေးမှင်ကြောင်ပေါ်မှာ စာလုံး နှစ်လုံး ရှိနေခဲ့တယ်။

လင်းယွမ်။

ရိုးရှင်းတဲ့ စာလုံး နှစ်ခုပဲ။ ဒါပေမယ့် မြင်တဲ့သူတိုင်း ဘယ်သူမှ သူမရဲ့ မောက်မှုကိုကော အာဏာရှင်ဆန်တဲ့ အပြုအမူကိုပါ ဘယ်သူမှ မေးခွန်း မထုတ်ဝံ့တော့ဘူး။

ရန်ချန်လိ မျက်မှောင်ကြုတ်ရင်းနဲ့ နောက်ဆုံးမှာ ရှေ့ထွက်လာတယ်။ သူပြောတယ်။ “ဧကရာဇ်က အခုချိန် နန်းတော်မှာပါ။”

“ဒါဆို သူ မသေသေးဘူးပေါ့။” အမျိုးသမီး ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် နန်းတော် ရှိတဲ့ ဘက်ကို ကြည့်ရင်း ပြောတယ်။ “ငါ ဒီမှာ သူ့ကို စောင့်နေမယ်။ မိနစ် ၃၀ အချိန် ပေးမယ်။”

မိနစ် သုံးဆယ်။

ဒါက အမျိူးသမီး ပြောလိုက်တာပဲ။ သူမ ရောက်လာတဲ့ အကြောင်း ဧကရာဇ် လင်းမုပိုင်ဆီ တစ်ယောက်ယောက် သတင်း သွားပို့စေဖို့ စိတကူးရှိပုံ မပေါ်ဘူး။ အလိုလို ဖြစ်လာမယ်လို့ သူထင်ထားတဲ့ ပုံစံပဲ။

“မယ် မယ်တော်လား။” ပင်းယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမရဲ့ အသက်ရှူသံက စက္ကန့်ပိုင်း အတွင်း တိုးညှင်းသွား ခဲ့တယ်။ မျက်နှာကလည်း စက္ကန့်နဲ့ အမျှ ဖြူဖျော့ လာနေတယ်။ ဒါပေမယ့် အမျိုးသမီးကို စိုက်ကြည့် နေတုန်းပဲ။

အမျိုးသမီးက ပင်းယန်ကို တစ်ချက်ကြည့်ပြီး အကြည့် လွှဲသွားခဲ့တယ်။ စကား တစ်ခွန်းမှ မဟသလို။ ပင်းယန်ရဲ့ မေးခွန်းကိုလည်း မဖြေခဲ့ဘူး။

“သမီးက ပင်း ယန်ပါ။ မယ်တော် ပြောတာ သူ လာခေါ်မယ်တဲ့။ မယ် မယ်တော်လား။ ဒါမှမဟုတ်။ မယ်တော် လွှတ်လိုက်တဲ့ သူလား။” ပင်းယန်က အမျိုးသမီးကို ကြည့်ရင်း နောက်တစ်ကြိမ် မေးပြန်တယ်။

အမျိုးသမီးက လှည့်မလာခဲ့ဘူး။ မူလ နေရာမှာသာ ရပ်နေရင်း ပင်းယန်ရဲ့ စကားတွေကို မကြားချင်ယောင် ဆောင်နေခဲ့တယ်။ မိုးတွေက ပင်းယန်ရဲ့ ခန္ဒာကိုယ်ပေါ်ကို ဆက်တိုက် ကျဆင်းနေတဲ့ အတွက် သူမရဲ့ ခန္ဒာကိုယ် ကောက်ကြောင်းက ပေါ်လွင်လာတယ်။

မြို့တစ်ခုလုံး ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။

ရန်ချန်လိက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တိတ်ဆိတ်နေတယ်။ ဖန်ကျန်းရှီက ပင်းယန်ကို လက်နှစ်ဖက်နဲ့ ထိန်းထားခဲ့တယ်။ ပင်းယန် အခုချိန်မှာ ဘယ်လို ခံစားနေရမှန်း သူသိတယ်။ ဒါကြောင့်ပဲ ဖန်ကျန်းရှီက သူမကို နောက်ထပ် မေးခွန်း ဆက်မေးဖို့ ခွင့်ပြု ထားတာ။

အမျိုးသမီးရဲ့ အဖြေနဲ့ အပြုအမူကတော့ မထင်မှတ် ထားစရာပဲ။ ပင်းယန် လိမ်နေတယ်လို့ ဖန်ကျန်းရှီ မထင်။ ပင်းယန်က သူ့ မယ်တော်ကို တွေ့လိုက်တယ်လို့ ပြောတယ်။ နောက်ပြီး သူမကို လာခေါ်မယ်တဲ့။ ဒီအမျိုးသမီးက ဒီလောက် ဂရုမစိုက်တဲ့ ပုံစံ လုပ်နေတာ။

ပင်းယန်များ လူမှားတာလား။ မဖြစ်နိုင်ဘူး။

ဒီအမျိုးသမီးက ရန်ချန်လိနဲ့ ဧကရာဇ်ကိုတောင် နာမည် တပ်ခေါ်နေတာ။ ဒီလောကကြီး အခု ဘာဖြစ် နေတာလဲ။

“ သ သမီးက ပင်း ယန်ပါ။”

“ပင်းယန် မေးမနေနဲ့တော့။ သူက မင်း အမေ မဟုတ်ဘူး။” ဖန်ကျန်းရှီရဲ့ လက်တွေက ပင်းယန်ရဲ့ ပုခုံးကို ပုတ်ရင်း မေးနေတာ ရပ်လိုက်တယ်။

“ဒါပေမယ့် သူက” ပင်းယန် နှုတ်ခမ်းတွေကို ဖိကိုက် ထားခဲ့တယ်။

“သူပြောတာ မမှားဘူး။ ငါက နင့်မယ်တော် မဟုတ်ဘူး။ နောက်ပြီးတော့ ကိစ္စ တစ်ခုရှိသေးတယ်။ နင့် ခမည်းတော်ကို နောက်ဆုံး တကြိမ် ထပ်တွေ့ချင်သေးရင် ပါးစပ် ပိတ်ထားလိုက်။” အမျိုးသမီးက ပင်းယန်ရဲ့ စကားကို ဖြတ်ပြောတယ်။

“ခမည်းတော်ကို နောက်ဆုံး တကြိမ် တွေ့ရရင် .. မယ်တော့်ကိုကော တွေ့ နိုင် မှာလား။”

“နင်က သေခါနီး ဖြစ်နေပြီ။ ဘာလို့ နင့် မယ်တော်ကို တွေ့ချင် နေသေးတာလဲ။” အမျိုးသမီးက တည်တည်ငြိမ်ငြိမ် ပြောနေခဲ့တယ်။ သူမ ပြောရင်းနဲ့ တစ်ခုခုကို သတိရသွားတဲ့ ပုံစံပဲ။ “နင့်ရဲ့ မယ်တော် နင့်ကို လာကယ်မယ်လို့ မျှော်လင့် နေရင်၊ တွေးပဲ တွေးနေဖို့ ငါ အကြံပေးချင်တယ်။ သူ လာနိုင်မှာ မဟုတ်ဘူး။”

“မဟုတ်ဘူး။ မယ်တော့်ကို တွေ့ချင်ရုံပဲ။ လာကယ်ဖို့ မလိုဘူး။” ပင်းယန် စကားပြောရင်းနဲ့ သူ့ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။

“နင့်ရဲ့ မယ်တော်ကို တကယ် တွေ့ချင်တယ် ဆိုရင်။ ဘာလို့ နင့်အသက်ကို စတေးဖို့ ကြံရတာလဲ။ နင့်မှာ သူ့ကို တွေ့ဖို့ အခွင့်အရေး မရှိဘူး။” အမျိုးသမီး ပြန်ဖြေတယ်။

“ငါ .. ငါ..” ပင်းယန် သူမကိုယ် သူမ ရှင်းပြ ချင်နေတယ်။ ဒါပေမယ့် သူမ ခန္ဒာကိုယ်က ဒဏ်ရာတွေ ပြင်းထန်လွန်းတော့ မထနိုင်ဘူး။ သူမရဲ့ နှုတ်ခမ်းတွေက ပြာနှမ်း နေခဲ့တယ်။

“ နင်က တစ်ဘဝလုံး ချမ်းချမ်းသာသာ သက်တောင့်သက်သာနဲ့ နေခဲ့ရပြီးပြီ။ မင်းသမီး တစ်ပါး ဖြစ်နေတော့ အစားအသောက်နဲ့ အဝတ်အစားတွေ အတွက်လည်း ပူစရာ မလိုဘူး။ ဒါကို ဘာ ထပ်လိုချင် နေသေးတာလဲ။ နင့် တစ်ဘဝလုံး သာမန်လူတွေလို နေဖို့ ဆုံးဖြတ်ထားရင် ဒီအတိုင်းပဲ နေသင့်တယ်။ ဘာဖြစ်လို့ တခြားသူတွေ လုပ်သလို လိုက်လုပ်တာလဲ။ နင့်ရဲ့ အသက်ကို မင်း မယ်တော် လာကယ်ဖို့ စတေးပြတာ ဆိုရင်တော့ နင်မှားသွားပြီ။ အားနည်းတာက အပြစ်မဟုတ်ဘူး။ ဒါပေမယ့် နင့်လို အားနည်းတဲ့ သူက ကိုယ့် အစွမ်းအစ ကိုယ် မသိပဲ ဒီလို အခြေအနေ ရောက်အောင် ကိုယ့်ကိုယ် ဘာလို့ တွန်းပို့ ရတာလဲ။”

အမျိုးသမီးက ဒီစကားကို ပြောပြီးတဲ့နောက် နန်းတော်ကို အကြည့် လွှဲသွား ခဲ့တယ်။

ဖန်ကျန်းရှီကတော့ အမျိုးသမီးကို စိုက်ကြည့်ရင်း တုန်ယင်နေခဲ့တယ်။ ဒီမိန်းမ ပြောတဲ့ ပင်းယန်က အားနည်းတဲ့ သူဆိုတာ ဘာကို ဆိုလိုတာလဲ။ ပင်းယန်က သူမ အသက်ကို စတေးတယ် ဆိုတာကိုကော ဘယ်လို သိနေတာလဲ။

“မင်း ရောက်နေတာ ကြာပြီ မဟုတ်လား။” ဖန်ကျန်းရှီ ရုတ်တရက် မေးလိုက်တယ်။

“ဟုတ်တယ်။” အမျိုးသမီး မျက်နှာသေနဲ့ ခေါင်းငြိမ့်တယ်။

“မင်း ဘယ် အချိန်က ရောက်လာတာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ကြယ်တွေ လင်းလက်လာတဲ့ အချိန်။” တစ်ခဏတာ စဉ်းစားပြီးနောက် အမျိုးသမီး ပြန်ဖြေတယ်။

“ကြယ်တွေ။ မင်းပြောတာ ပင်းယန်ရဲ့ လည်ပင်းက လည်ဆွဲကိုလား။” ပင်းယန်ရဲ့ လည်ပင်းကို စိုက်ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ပြောတယ်။ ဒီလည်ဆွဲလေးက ကြေမွ သွားခဲ့ပြီ။

“ဟုတ်တယ်။” အမျိုးသမီး ခေါင်းငြိမ့် ပြန်တယ်။

“နားလည်ပြီ။ အကယ်၍ ငါထင်တာ မမှားရင်။ မင်းက ပင်းယန်ကို ခေါ်ဖို့ ဒီကို လာတာပဲ။”

“မှန်တယ်။”

“အကယ်၍ ပင်းယန်သာ ဒီကြယ်တွေကို သုံးပြီးတော့ အရှင်ရှဲ့လော့ကို မတိုက်ခိုက် ခဲ့ရင် သူမလည်း သေမှာမဟုတ်ဘူး။ ငါပြောတာ မှန်တယ် မလား။”

“မှန်တယ်။”

“ဒါတွေ အားလုံးကို သိရဲ့သားနဲ့ ဘာလို့ ပင်းယန်ကို မတားတာလဲ။ မင်းရဲ့ အဓိက ရည်ရွယ်ချက်က သူမကို သေစေဖို့မှ မဟုတ်ပဲ။”

“နင်က ထက်မြက်တာပဲ။” အမျိုးသမီး နောက်ဆုံးတော့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက ကြည်လင်နေခဲ့တယ်။ လှောင်ပြုံးပြုံးပြရင်း ဆက်ပြောတယ်။ “နင်တို့ နှစ်ယောက်လုံး ဒီလို ကံကြမ္မာကို ကြုံရတာ နှမြောစရာပဲ။ ငါ မမှားရင် နင့်မှာ အသက်ရှင်ဖို့ နှစ်ဝက်တောင် မကျန်တော့ဘူး။”

“နှစ်ဝက်တောင် မကျန်တော့ဘူး။”

“သူမ ဘာတွေ ပြောနေတာလဲ။ ဖန်ကျန်းရှီက အသက်ရှင်ဖို့ နှစ်ဝက်တောင် မကျန်တော့ဘူးတဲ့လား။”

“ဘာတွေ ဖြစ်နေတာလဲ။”

ကြီးမြတ်သောရှ မင်းဆက်ရဲ့ စစ်သည်တော်တွေ ဖန်ကျန်းရှီနဲ့ အမျိုးသမီးကို ကြည့်ရင်း ဒွိဟ ဖြစ်နေခဲ့တယ်။ ရန်ရွှယ်၊ ရှန်းယွီ နဲ့ ရှင်းယွမ်ကောင်းတို့လည်း အတူတူပဲ။

ဖန်ကျန်းရှီရဲ့ အသက်က ဘယ်လိုများ နှစ်ဝက်ပဲ ကျန်တော့မှာလဲ။

“ဖန်ကျန်းရှီရဲ့ အသက် နှစ်ဝက်ပဲ ကျန်တော့တယ်လို့ ဘယ်သူ ပြောတာလဲ။” ဒီအချိန်မျာပဲ မာဆတ်ဆတ် အသံတစ်ခု ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ ဘေးမှာ ဝတ်ရုံနက် အမျိုးသမီး တစ်ယောက် ရောက်နေခဲ့ပြီ။

ဒါက ဝူယွဲ့အာပဲ။ သူမ လက်ထဲမှာ ရွှေရောင် ပုလဲ တစ်လုံး ရှိနေခဲ့တယ်။ အရင်က လေထဲမှာ မောနေတဲ့ ပုလဲ။ နတ်ဆိုးပုလဲ။ အရှင်ရှဲ့လော့ရဲ့ နတ်ဆိုး ပုလဲ။

“အိုး။ နတ်ဆိုး ပုလဲပဲ။ တွေးကြည့်ရအောင်။” အမျိုးသမီးက ဝူယွဲ့အာကို ကြည့်ရင်း ပြောတယ်။ “နင့်ရဲ့ တာအို သစ်ပင်က အသီးတွေ မသီးနိုင်တော့ဘူး။ နင့်ရဲ့ ကမ္ဘာကလည်း ပျက်ဆီး နေပြီ။ သွေးတွေကလည်း ပုံမှန် မဟုတ်တော့ဘူး။ နင့်အသက်ကို အဆုံးမဲ့ လောကနဲ့ ချိတ်ဆက်ပြီးတော့ ဆွဲဆန့်ထားတာ မဟုတ်လား။ ဒါပေမယ့် နင့်ရဲ့ စွမ်းအား အရင်းအမြစ်က နောက်ထပ် မရှိနိုင်တော့ဘူး။ နင့်အင်အားတွေ အားလုံး ကုန်သွားပြီ မဟုတ်လား။”

အမျိုးသမီးက ဖန်ကျန်းရှီကို ဆက်ပြောတယ်။ “အင်း။ နင့်ရဲ့ စွမ်းအား အရင်းအမြစ်ကို တိုးမြှင့်ဖို့ ဆေးလုံးတွေ သုံးထားတယ် မဟုတ်လား။ ဒါပေမယ့် အဆုံးမဲ့ လောကရဲ့ စွမ်းအားတွေကို နင် မပိုင်တော့ဘူး။ နင့်ရဲ့ အခု စွမ်းအားတွေ ကလည်း နတ်ဆိုးဘုရင် တစ်ယောက် ကျန်ရစ်ခဲ့တဲ့ စွမ်အားတွေကနေ လာတာ။ ဒီဆေးလုံးတွေက နင့်အသက်ကို သုံးနှစ်ပဲ ဆွဲဆန့် ပေးနိုင်မှာ။ နတ်ဆိုး ပုလဲကလည်း နင့်အသက်ကို ၃ နှစ် ဆွဲဆန့် ပေးနိုင်တယ်။”

“သုံးနှစ် အတွင်း သုခမိန် အဆင့်ကို ရောက်ပြီးတော့ မိုးမြေ အကြောင်းကို နားလည်နိုင်ရင် တော့ နင့်ရဲ့ စိတ် အာရုံ နယ်မြေက ပြန်ကောင်းနိုင်တယ်။ ဒီတော့ အခွင့်အရေးလည်း နည်းနည်း ရှိပါသေးတယ်။”

“နောက်ပြီးတော့ နင်က ပါရမီ ရှိတဲ့ သူပဲ။ သဘာဝလွန် အဆင့်ကနေ သုခမိန် အဆင့်ကို ၃ နှစ်အတွင်း ရောက်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှစ်ဝက်အတွင်း ရောက်နိုင် ဖို့ကတော့ မဖြစ်နိုင်တာပဲ။ ဟ ဟား။ ဒီလို အချိန်တို အတွင်းမှာ သုခမိန် အဆင့်ကို ရောက်တဲ့သူ နှစ်ပေါင်း ထောင်ချီအတွင်း မရှိသေးဘူး။ အဲ့တော့ တေါးတောင် မတွေးနဲ့။”

အမျိုးသမီးက ရယ်မောရင်းနဲ့ စကားကို အဆုံးသတ် လိုက်တယ်။ သူမရဲ့ ရယ်သံက ကြားရတာ နာကျင်စရာ ကောင်းလွန်းတယ်။ ကောင်းကင်ကနေ နိမ့်ကျတဲ့ လူသားတွေကို အထင်သေးပြီး ပြောနေတဲ့ ပုံစံပဲ။ စစ်သည်တော်တွေ ကတော့ တိတ်ဆိတ်နေခဲ့တယ်။ အမျိုးသမီးရဲ့ အပြုအမူကို သူတို့ သဘော မကျဘူး။ ဒါပေမယ့် နှစ်ဝက်အတွင်း သုခမိန် အဆင့်ကို ရောက်ဖို့ကတော့ မဖြစ်နိုင် တာပဲလေ။

နတ်ဆိုးပုလဲကို သုံးရင်တောင် မလွယ်တဲ့ ကိစ္စပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ တာအို သစ်သီးတွေက ကုန်သွားပြီ။

သူက ပါရမီရှိတယ်။ ဒါပေမယ့် သုခမိန် ဖြစ်ဖို့သာ လွယ်ကူရင် လူတွေကြားမှာ သုခမိန် တွေ အများကြီး ရှိနေလောက် ရောပေါ့။ လူတစ်ယောက်ရဲ့ ဘ၀ သက်တမ်းက သုခမိန် ဖြစ်လာရင် အများကြီး တိုးတက် လာလိမ့်မယ်။ နောက်တစ်နည်း ပြောရရင် သုခမိန် တစ်ယောက်ရဲ့ ဘ၀ သက်တမ်းက သာမာန် လူသားတွေထက် အဆ ရာချီ ရှည်လျားတယ်။

အခုချိန် ကြီးမြတ်သောရှ မင်းဆက်မှာ သုခမိန် ငါးယောက်ပဲ ရှိတယ်။ ဒီတော့ သုခမိန် ဖြစ်ဖို့က ပါရမီ ရှိရုံတင် မကဘူး။ ကံကြမ္မာနဲ့လည်း ဆိုင်သေးတယ်။ ဥပမာ အားဖြင့် ရန်ချန်လိက ပြန်လည်မွေးဖွားမှု အဆင့် အထွတ်အထိပ်ကို ရောက်နေတာ ကြာလှပြီ။ သုခမိန် ဖြစ်တာတော့ မကြာသေးခင်ကမှ။

နောက်ထပ် ဥပမာ တစ်ခုကတော့။ အရှင်လီချင်းက အရင် ဘုရင် လက်ထပ်ထဲက စစ်မြေပြင်မှာ ဒဏ္ဍာရီလာ သူရဲကောင်းကြီး ဖြစ်ခဲ့တယ်။ ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ပဲ။ ဒါပေမယ့် အခုတော့ ဘာဖြစ်သွားလဲ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အကောင်းဆုံး အရင်းအမြစ်တွေလည်း သူ့မှာ ရှိတယ်။ ကျင့်ကြံချိန်ကလည်း အပြည့်ပဲ။ ဒါပေမယ့် သူက သုခမိန် တဝက်ပဲ ဖြစ်ခဲ့တယ်။

ခက်ခဲလွန်းတယ်။

ဖန်ကျန်းရှီက သဘာဝလွန် အဆင့်ပဲ ရှိသေးတာ။ ပြန်လည် မွေးဖွားမှု အဆင့်မှာ သူရောက်ရင်တောင် သုခမိန် ဖြစ်ဖို့ မလွယ်ဘူး။

“ရယ်စရာ မကောင်းဘူး။” ဝူယွဲ့အာရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမရဲ့ ဝတ်ရုံနက်က ညလေအေးထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူမ မျက်နှာက အရမ်းကို တည်ကြည် လေးနက်နေတယ်။ အော်ပြောတယ်။

“ဖန်ကျန်းရှီ။ ဒါကို နှစ်တစ်ထောင်ကျော်မှာ ဘယ်သူမှ မလုပ်နိုင်ပေမယ့် ငါ နင့်ကို ယုံနေတုန်းပဲ။ နင် လုပ်နိုင်မယ်လို့ ငါယုံတယ်။”

“ငါလည်း နင့်ကို ယုံတယ်။ ဖန်ကျန်းရှီ နင်သာ စိတ် ဆုံးဖြတ် လိုက်ရင် အကုန်လုံး လုပ်နိုင်တယ်။” ရှန်းယွီရဲ့ အသံက ချက်ခြင်း ထွက်လာခဲ့တယ်။

အပိုင်း(၆၀၄)ပြီး၏။

အပိုင်း (၆၀၅)

“ မင်းက လင်းယွမ် မျှော်စင်က ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။”

ဘာသာပြန်သူ-Enri Thaw

ရန်ရွှယ် စကား မပြောဘူး။ တစ်ချို့ စကားတွေက ပြောဖို့ မလိုဘူးလေ။ ဖန်ကျန်းရှီ လုပ်နိုင်မယ် ဆိုတာ သူယုံထားပြီးသား။ တစ်ချို့ကိစ္စတွေက အောင်မြင်ဖို့ ခက်ခဲပေမယ့်ပေါ့။

“အခြေ အမြစ်မရှိလိုက်တာ။ နင်တို့က ဒီရလဒ်ကို မကျေနပ်ရုံ သက်သက်ပဲ။” အမျိးသမီး နောက်တစ်ခေါက် စကားဆိုပြန်တယ်။ “နာရီဝက် ရှိသွားပြီ။ ငါသွားသင့်ပြီ။”

“ခဏစောင့်ပါအုန်း။” ဖန်ကျန်းရှီရဲ့ အသံ ထွက်ပေါ်လာပြန်တယ်။ “မင်း ငါ့ကို ပြန်မဖြေ ရသေးဘူး။ ဘာဖြစ်လို့ ပင်းယန် သေမှာ သိရက်နဲ့ မတားတာလဲ။”

“ငါက ဘာလို့ တားရမှာလဲ။” အမျိုးသမီးက ပင်းယန်ကို ကြည့်ရင်း ပြောတယ်။ “သူက အသက်ရှင်မနေ သင့်ဘူး။ အစတည်းက မွေးမလာသင့်တာ။”

“မွေးမလာသင့်တာ ဟုတ်လား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွားတယ်။

“အမှန်ပဲ။ သူ မွေးလာတာက အမှား တစ်ခုပဲ။ ငါက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က လုပ်ခဲ့တဲ့ အမှားကို ပြင်ဆင်နေတာ။ သူ့အတွက်တော့ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။” အမျိုးသမီး ပြောတယ်။

“အမှားကို ပြင်ဆင်တယ်တဲ့။ ငါထင်တာ မမှားရင် မင်းက သတင်းပါးပေးတဲ့သူ သက်သက်ပဲ။ မင်းမှာ ဒီလို ဆုံးဖြတ်ချက် ချဖို့ အခွင့်အာဏာ မရှိဘူး။” အမျိုးသမီးကို စိုက်ကြည့်ရင်း ဖန်ကျန်းရှီပြောတယ်။

“နင်က တကယ့်ကို ထက်မြက်တာပဲ။ ဒါပေမယ့် ငါက သတင်းပို့သူ တစ်ယောက်ပဲ ဖြစ်နေရင်တောင် ကိုယ့်ဘာကိုယ် ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။ ဥပမာ အားဖြင့်။ ငါရောက်တာ နောက်ကျသွားလို့ ပင်းယန်က သေသွားတာမျိုးပေါ့။” အမျိုးသမီးက ပြုံးပြရင်း ပြောတယ်။

“အဲ့လိုလား။ ဒါဆိုရင် ပင်းယန် မသေရင်ကော။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးပြတယ်။

“မသေရင် ဟုတ်လား။” အမျိုးသမီး တုန်ယင်သွားတယ်။ ဖန်ကျန်းရှိကို စိုက်ကြည့်တယ်။ သူ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတယ်။ ရုတ်တရက် အော်ဟစ်တယ်။ “ဖန်ကျန်းရှီ နင် လုပ်ဝံ့တယ်လား။”

သူ့ရဲ့ လှုပ်ရှားမှုကို တားဖို့ နောက်ကျ လွန်းသွားခဲ့ပြီ။ ဖန်ကျန်းရှီက ဝူယွဲ့အာ ကမ်းပေးတဲ့ နတ်ဆိုးပုလဲကို ဆွဲယူရင်း ပင်းယန်ရဲ့ ပါးစပ်ထဲ ချက်ခြင်း ထည့်လိုက်တယ်။ တစ်ချက်လေးတောင် မတွေဝေ၊ စကား တစ်ခွန်းလေးတောင် မပြောဘူး။

ဝုန်း။ မိုးခြိမ်းသံကြီး ထွက်ပေါ်လာတယ်။

လျှပ်စီးတွေ ကောင်းကင်ပေါ်မှာ တဖျပ်ဖျပ် လက်နေဆဲ။ ပင်းယန်ရဲ့ မျက်လုံးပြူး မျက်ဆန်ပြူး အခြေအနေကို မြင်နေရတယ်။ ကြောက်လန့်နေတဲ့ အမျိုးသမီးရဲ့ မျက်နှာကိုကော။ ရန်တိမ်တပ်ဖွဲ့၊ တောင်ဖြိုတပ်ဖွဲ့ နဲ့ မြောက်ပိုင်း စစ်သည်တော်တွေ အားလုံး အထိတ်တလန့် ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ အကြည့်က ဖန်ကျန်းရှီနဲ့ ပင်းယန်ကိုသာ ရောက်နေခဲ့တယ်။

“ဖန်ကျန်းရှီက နတ်ဆိုးပုလဲကို ပင်းယန် မင်းသမီးဆီ ပေးလိုက်တယ်လား။”

“သူ့လိုလူက တကယ်ပဲ နတ်ဆိုးပုလဲကို မင်းသမီးဆီ ပေးတယ်။”

“သူ အသက်မရှင် ချင်တော့ဘူး။ သူ့မှာ နှစ်ဝက်ပဲ အသက်ရှင်ချိန် ရှိတော့တာလေ။ နတ်ဆိုးပုလဲ မရှိရင် ဘယ်လိုလုပ် သုခမိန် ဖြစ်လာမှာလဲ။”

အမျိုးသမီးရဲ့ စကားတွေကို ကြားထားတာကြောင့် ဖန်ကျန်းရှီရဲ့ အခြေအနေကို သူတို့ ကောင်းကောင်း နားလည်ကြတယ်။ ဖန်ကျန်းရှီမှာ အသက်ရှင်ချိန် နှစ်ဝက်ပဲ ကျန်တော့တယ်။ နတ်ဆိုးပုလဲက သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ သူမ ပြောခဲ့တဲ့အတိုင်း သုံးနှစ် အချိန်မှာတောင် သုခမိန် တစ်ယောက် ဖြစ်လာဖို့က မလွယ်ကူတာပဲ။

ဖန်ကျန်းရှီက လူတိုင်း မျှော်လင့် နိုင်တာထက် အများကြီး သာလွန်တဲ့ သူလေ။ ဒီနှစ်တွေမှာ မဖြစ်နိုင်တဲ့ ကိစ္စတွေ အများကြီးကို သူလုပ်ပြခဲ့တယ်။ ဒါကြောင့် ရှန်းယွီနဲ့ ဝူယွဲ့အာတို့ ဖန်ကျန်းရှီကို ယုံကြည်တယ်လို့ ပြောတဲ့ အချိန်၊ သူတို့ အားလုံး တိတ်ဆိတ်နေကြတာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ပင်းယန်ဆီ ပေးလိုက်တာကတော့။ မယုံနိုင်စရာ ကောင်းလွန်းတယ်။

“ဖန်ကျန်းရှီ နင် ဘာတွေ လုပ်နေတာလဲ။ ဒါက နင့်ရဲ့ နောက်ဆုံး မျှော်လင့်ချက်လေ။ နတ်ဆိုးပုလဲကို ထုတ်လိုက်။” ပင်းယန်ရဲ့ လည်ပင်းကို ဝူယွဲ့အာ လက်လှမ်းလာတယ်။

ဖန်ကျန်းရှီ လုပ်နေတာကို သူမ သိတယ်လေ။

နတ်ဆိုးပုလဲက နတ်ဆိုးဘုရင်ရဲ့ စွမ်းအား အရင်းအမြစ်ပဲ။ ဒီနတ်ဆိုးပုလဲကို ခန္ဒာကိုယ်ထဲ ထိန်းသိမ်း ထားနိုင်ရင်။ မိုးမြေ စွမ်းအားတွေထက် ကျော်လွန်ပြီးတော့ အောင်မြင်နိုင်တယ်။ နတ်ဆိုးပုလဲကို အပြည့်အ၀ စုပ်ယူနိုင်ရင် ဘာတွေ ဆက်ဖြစ်လာမလဲ မတွေးဝံ့ စရာပဲ။

နတ်ဆိုးပုလဲက နတ်ဆိုးဘုရင် တစ်ယောက်ရဲ့ စွမ်းအားတွေ အားလုံး ပါဝင်နေတယ်။ ဒါကြောင့် ပုလဲကို ခန္ဒာကိုယ်ထဲ စုပ်ယူနိုင်ရင် နတ်ဆိုးဘုရင်ရဲ့ စွမ်းရည်တွေ သက်လုံတွေ အင်အားတွေ အားလုံးကို အချိန်တို အတွင်း ရနိုင်တယ်။

နတ်ဆိုးပုလဲက တန်ဖိုးကြီးလွန်းတယ်။ နှစ်တစ်ထောင် ဂျင်ဆင်းပင်ကို အဖျားပျောက်ဆေး တစ်ခုလိုမျိုး ရက်ရက်ရောရော ပေးတာမျိုး ဘယ်သူကမှ လုပ်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကတော့ လုပ်လိုက်ပြီ။ တစ်ချက်လေးတောင် မတွေဝေပဲနဲ့။

ဝူယွဲ့အာက မြန်တယ်။ ဒါပေမယ့် ပိုမြန်တဲ့သူ ရှိနေသေးတယ်။ အလင်းတန်း ထဲကထွက်လာတဲ့ အမျိုးသမီး။ ပင်းယန်ရဲ့ ပါးစပ်ထဲကို နတ်ဆိုးပုလဲ ရောက်မှာ မြင်တည်းက သူမ ပြေးလာခဲ့တာ။ စက္ကန့်ပိုင်း အတွင်းမှာပဲ ဖန်ကျန်းရှီဆီကို သူမ ရောက်လာခဲ့တယ်။

ဖန်ကျန်းရှီကို ရိုက်ချဖို့ ပြင်တယ်။

ပင်းယန်ကတော့ အထိတ်တလန့် ဖြစ်နေဆဲ။ အခုကိစ္စကို သူမ နားလည်တယ်။ သူမ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အသက်မဲ့ မျက်ဝန်းတွေမှာ ပျော်ရွှင်မှုတွေ အရောင်ဖြာ လာခဲ့တယ်။

ဖန်ကျန်းရှီက ဒီလို ကိစ္စမျိုး လုပ်ပေးမယ်လို့ တခါမှ မတွေးမိ ဖူးဘူး။ ဒါက သူမ အတွက် လုံလောက်ပါတယ်။

ကျေးဇူးတင်ပါတယ်။ အရှက်မရှိတဲ့ ကောင်စုတ်။

ပင်းယန်ရဲ့ ပါးပြင်ပေါ် မျက်ရည်စက်တွေ စီးကျလာတယ်။ မသေခင် အချိန်လေးမှာ မယ်တော့်ကို တစ်ခေါက်လောက် မြင်ချင်ခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ သုခမိန် ဖြစ်မှာနဲ့ ဒါကို လဲလှယ် ရမယ် ဆိုရင်တော့ သူမ မလုပ်နိုင်ဘူး။ ပါးစပ်ကို ဖွင့်ပြီး နတ်ဆိုးပုလဲကို ပြန်ထုတ်ဖို့ ပြင်တယ်။

နတ်ဆိုးပုလဲ သူမ နှုတ်ခမ်းကနေ ပျံထွက်သွားတဲ့ အချိန်မှာပဲ နူးညံ့တဲ့ အထိအတွေ့ တစ်ခုကို ခံစား လိုက်ရတယ်။ နတ်ဆိုးပုလဲ သူမ ပါးစပ်ထဲ ပြန်ဝင်လာခဲ့တယ်။ ပင်းယန် ရုတ်တရက် မျက်လုံးပြူးကျယ်သွားတယ်။ သူမ မျက်စိရှေ့က လူကို စိုက်ကြည့်နေခဲ့တယ်။ သူမ နှုတ်ခမ်းတွေကို အားပြင်းပြင်းနဲ့ ဖိထားပြီး နတ်ဆိုးပုလဲ ပျံမထွက် သွားနိုင်အောင် လုပ်နေတာကို ခံစားမိတယ်။ အဲ့တာ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ။

သူမရဲ့ခန္ဒာကိုယ် တစ်ခုလုံး ချက်ခြင်း တောင့်တင်းသွားတယ်။ ခြုံခို တိုက်ခိုက် ခံလိုက်ရသလို တကိုယ်လုံး ထုံထိုင်း သွားခဲ့တယ်။ နာလည်း နာကျင်တယ်။ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ ပြန်ခွာသွားတာကို သူမ သိလိုက်ရတယ်။

“ဖန်ကျန်းရှီ အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘယ်လို လုပ်ဝံ့တာလဲ။” ပင်းယန်ရဲ့ ဒေါသနဲ့ အရှက်ရမှုကြောင့် အော်ဟစ်မိတယ်။ ဖန်ကျန်းရှီရဲ့ လုပ်ရပ်က အရမ်းကို ရုတ်တ၇က် ဖြစ်လွန်းတယ်လေ။

ဖန်ကျန်းရှီကတော့ ပင်းယန် ဒီလို တုံ့ပြန်မှာကို သိနေတဲ့ အတိုင်းပဲ။ လူတစ်ယောက်က စိတ်ဖိစီးမှု များပြီးတော့ ဒေါသထွက်လာတဲ့ အချိန် ပြင်းပြင်း ထန်ထန် တုံ့ပြန် တတ်တာကို သူနားလည်တယ်။ သေလုမျောပါး ဒဏ်ရာရနေတဲ့ သူက လွဲရင်ပေါ့။ အခုချိန်မှာ ပင်းယန်လည်း ဒီလို ဖြစ်နေတာ။

ဖန်ကျန်းရှီကို အော်ဟစ်လိုက်တဲ့ အချိန်မှာပဲ နတ်ဆိုး ပုလဲက သူမ လည်ချောင်းထဲကို ကျသွားခဲ့တယ်။

ဝုန်း။ တစ်ချိန်တည်းမှာပဲ ပေါက်ကွဲသံကြီး သူမ နားထဲမှာ ကြားလိုက်ရတယ်။ ဖန်ကျန်းရှီ လွင့်ထွက်ပြီး မြေပြင်နဲ့ ဆောင့်မိတဲ့ အသံ။ သူမ မြင်ကွင်းထဲကို လူနှစ်ယောက် ဝင်လာခဲ့တယ်။

ဝူယွဲ့အာက စိုးရိမ် ပူပန်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူမ လက်က ပင်းယန် ခန္ဒာကိုယ်ကို ထိတွေ့ဖို့ ၁လက်မ လောက် အလိုမှာ ရပ်နေခဲ့တယ်။ နောက်ထပ် လက်တစ်ဖက်က သူမ လမ်းကို တားဆီး ထားခဲ့တယ်။

သူမရဲ့ ဖြူသွယ်သွယ် လက်တွေက ပင်းယန်ရဲ့ လည်တိုင်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်လှုပ် နေခဲ့တယ်။ ပင်းယန်မှာ ခုခံစရာ အင်အား မရှိတော့ဘူး။ ဒါတောင်မှ သူမ တစ်စက်လေးတောင် မကြောက်လန့်ဘူး။

သူက ပင်းယန်လေ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ မင်းသမီး။ ဂုဏ်သိက္ခာ ရှိရှိပဲ သေမယ်။ ဂုဏ်သိက္ခာကို စွန့်ပယ်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်တာမျိုး မလုပ်ဘူး။

“ထွေးထုတ်လိုက်။ ထွေးထုတ်လိုက်စမ်း။” အမျိုးသမီးရဲ့ အသံက ပင်းယန် နားထဲ ဝင်လာတယ်။ အမျိုးသမီးရဲ့ အရေးတကြီး ဖြစ်နေတဲ့ အသံကို သူမ ပထမဆုံး ကြားဖူးတာပဲ။ ဒီ အခြေအနေမှ ရောက်လာပုံ ထောက်ရင် သူ့မယ်တော် လွှတ်လိုက်တဲ့ သူပဲ ဖြစ်ရမယ်။ ဒါပေမယ့် သူမက ဘာကြောင့်များ သူ့ကို သေစေချင် နေတာလဲ။ သူက တကယ်ပဲ အမျိုးသမီး ပြောသလို မတည်ရှိ သင့်တဲ့ ဖြစ်တည်မှုလား။

ဟုတ်တယ်။ သူသာ စောစော သေခဲ့ရင် နတ်ဆိုးပုလဲကလည်း သူ့ ဗိုက်ထဲ ရောက်လာမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ သုခမိန် ဖြစ်ရမယ့် အခွင့်အရေးကိုလည်း ထိခိုက်မှာ မဟုတ်ဘူး။ သူ့ရဲ့ ပါရမီရယ် နတ်ဆိုး ပုလဲရယ် ပေါင်းလိုက်ရင် နှစ်ဝက် အချိန် အတွင်းမှာ သုခမိန် ဖြစ်လာနိုင်တယ်။

မိုးရေတွေကိုသာ ပင်းယန် စိုက်ကြည့်နေမိတယ်။ သူ့ခန္ဒာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ နွေးထွေးမှုကို ခံစားမိတယ်။ အချိန် နှောင်းသွားခဲ့ပြီ။ နတ်ဆိုးပုလဲကို သူမ မျိုချမိတည်းက ကိစ္စအားလုံး ပြတ်သွားခဲ့ပြီ။

သူမ မမှားရင် ဒီ အရှက်မရှိတဲ့ ကောင်စုတ်က အိမ်ရှေ့စံ အိမ်တော်မှာ သူမ နမ်းခဲ့တာကို လက်စားပြန်ချေတာပဲ ဖြစ်ရမယ်။ နတ်ဆိုးပုလဲကို မျိုချစေချင်ရင် ဒီ့ထက် လွယ်တဲ့ နည်းလမ်းတွေ ရှိတယ်လေ။ သူမကို ဆိတ်ဆွဲလိုက်လို့ ရတာပဲ။ ဒါဆိုရင် ပင်းယန်လည်း အော်ဟစ် မိပြီးတော့ နတ်ဆိုးပုလဲကို မျိုချ လိမ့်မယ်။

အဆုံးသတ်မှာတော့ ဖန်ကျန်းရှီက ဖန်ကျန်းရှီပါပဲ။ အရှက်မရှိတဲ့ ကောင်စုတ်။ သူမကို ကယ်ဖို့ နာမည်ခံပြီး အသားယူချင်နေတာပဲ။

ဝုန်း။

ဒီအချိန်မှာပဲ လျှပ်စီးတန်းကြီး တစ်ခု ကောင်းကင်ကနေ ဆင်းသက်လာတယ်။ ဒါက သာမာန် လျှပ်စီးတော့ မဟုတ်ဘူး။ လျှပ်စီး နဂါးကြီး တစ်ကောင်ပဲ။ နဂါးဟိန်းသံကြီးကို ကောင်းကောင်း ကြားနေရတယ်။ မြင့်မြတ်တဲ့ အရှိန်အဝါတွေ ပြည့်လျှမ်းနေခဲ့တဲ့ အသံကြီး။

မိုးစက် မိုးပေါက်တွေကတော့ ကောင်းကင်ကနေ ကျဆင်းနေဆဲ။ စစ်သည်တော်တွေကတော့ မျက်လုံးပြူးတွေနဲ့သာ ဒီမြင်ကွင်းကို ကြည့်နေခဲ့တယ်။ ဒီဓားကွက်ကို သူတို့ မြင်ဖူးကြတယ်လေ။

ဒီတိုက်ခိုက်မှုရဲ့ အင်အားကြောင့် သူတို့ လန့်နေတာ မဟုတ်ဘူး။ ပြစ်မှတ် ထားခံရသူကြောင့် လန့်နေကြတာ။ ပင်းယန် ရှေ့မှာ ရှိနေတဲ့ လင်းယွမ် မျှော်စင်က ခရမ်းရောင် အမျိုးသမီးကို ဒီ တိုက်ခိုက်မှုက ဦးတည် နေခဲ့တယ်။

ဖန်ကျန်းရှီ က အမျိုးသမီးကို တိုက်ခိုက်နေတယ်။

အပိုင်း(၆၀၅)ပြီး၏။

အပိုင်း (၆၀၆)

“ငါ ကယ်ထားတဲ့ သူကို မင်းသတ်လို့ မရဘူး။”

သွန်သင် ဆုံးမ မခံရတဲ့သူက အကြောက်အလန့်ကင်းတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဘောင်လေး ရှိသင့်တယ်။ ဥပမာ အားဖြင့် ဒီအမျိုးသမီးကို ရန်ချန်လိနဲ့ ဧကရာဇ်တောင် ကြောက်ရတာ အသိသာကြီးပဲကို။ ဒီအမျိုးသမီးကို တိုက်ခိုက်ရင် ဖြစ်လာမယ့် ရလဒ်ကို အရူးတောင်မှ သိနိုင်တယ်။

ဖန်ကျန်းရှီက အရူးလား။

ဘယ်သူမှ ဒီလို မထင်ဘူး။ ဒါပေမယ့် သူကတော့ အမျိုးသမီးကို တိုက်ခိုက်နေပြီ။ နောက်ပြီးတော့ တစ်ချက်လေးတောင် မတွေဝေဘူး။ လူတိုင်းရဲ့ မျက်လုံးထဲမှာ ဖန်ကျန်းရှီက သေရမှာကို ကြောက်တဲ့သူ တစ်ယောက်ပဲ။ အခုတော့ သူ့လုပ်ရပ်တွေက အကြံရခက်စေတယ်။

အခုချိန်မှာ သူကြောက်မနေဘူးလို့ ပြောရမှာလည်း ခက်တယ်။ စစ်ပွဲ တစ်ခုလုံး စစ်တပ်နောက်မှာပဲ ပုန်းနေပြီးတော့ အန္တရာယ် များတဲ့ ကိစ္စလည်း မလုပ်ခဲ့ဘူး။ သူရဲဘောကြောင်တဲ့သူလို့ ပြောလို့လည်း မရ။ တောင်ပိုင်း ဒေသ တိုက်ပွဲမှာ ဖန်ကျန်းရှီက သုခမိန် တဝက် ချန့်ယန်းကို အနိုင်ယူ ခဲ့တယ်။ အခုလည်း နတ်ဆိုးဘုရင် အရှင်ရှဲ့လော့ကို အနိုင်တိုက်ခဲ့ပြီ။

ပင်းယန်က နောက်တကြိမ် ပြုံးပြန်တယ်။ ဖန်ကျန်းရှီ ဘာတွေတွေးနေလဲ သူမ မသိဘူး။ ဒီတိုက်ခိုက်မှုက သူမ အသက်ကို ကယ်ဖို့မှန်းတော့ သိတယ်။ အမျိုးသမီးလည်း ပင်းယန် လည်ပင်းကို လက်လွှတ်လိုက်ပြီ။ ဒီတိုက်ခိုက်မှုက အရမ်းကို မြန်လွန်းလို့ပဲ။ အမျိုးသမီးဆီကို ချက်ခြင်း ကျရောက်လာတယ်။

အလင်းတန်းကြီးကို ကြည့်ရင်း အမျိုးသမီး ခုန်မရှောင်ခဲ့ဘူး။ ဘယ်လက်က လက်နှစ်ချောင်းကို သုံးရင်းနဲ့ ပြန်တိုက်ခိုက်တယ်။ မာဆတ်ဆတ် အသံတစ်ခု ထွက်ပေါ်လာတယ်။ သတ္တု ပစ္စည်းနှစ်ခု ထိတွေ့သလို အသံကြီး ထွက်ပေါ်လာတာ။ ဒါက လျှပ်စီးတန်းကြီး နှစ်ခု သဘာဝမှာ ထိတွေ့သလိုပဲ။

ဒါပေမယ့် လူတိုင်းကြားရ တာတော့ သတ္တုတွေ ထိတွေ့သံလိုပဲ။ ဖန်ကျန်းရှီ တိုက်ခိုက်တာကို အမျိုးသမီးက လက်နှစ်ချောင်းနဲ့ပဲ ခုခံ ရဲတယ်ပေါ့။ မြင်ရတာ လန့်စရာ ကောင်းလွန်းတယ်။ လူတိုင်းက အမျိုးသမီးကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။ အမျိုးသမီးက အင်အားကြီးလွန်းမှန်း လူတိုင်းသိကြတယ်။ ဒါပေမယ့် အမျိုးသမီးရဲ့ သတ္တိကတော့ သူတို့ကို တကယ် ကျောရိုးထဲ စိမ့်ချမ်း သွားစေတယ်။

ဒါပေမယ့် မာဆတ်ဆတ် အသံကြီး ထွက်ပေါ်လာပြီးတဲ့နောက် အမျိုးသမီး မျက်မှောင်ကြုတ်သွားတယ်။ သူမ နည်းနည်းတော့ အံ့သြနေပုံပဲ။ သူမရဲ့ ညာလက်ကို ခပ်ဖွဖွလေး မြှောက်လိုက်တယ်။ နည်းနည်းလေးပဲ လှုပ်ရှား ပြီးတဲ့နောက် မူလ နေရာကို ပြန်ရောက်သွားခဲ့တယ်။ သူ့ရဲ့ ဘယ်ဘက်လက်က ဆက်တိုက် လှုပ်ရှားနေခဲ့တယ်။ ကစားပွဲ တစ်ခုကို ကစားနေသလိုပဲ။

ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ လှုပ်ရှားနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီးက နောက်ကို တစ်ချက် ဆုတ်သွားခဲ့တယ်။ နောက်ဆုံးတော့ အသံတွေ ရပ်သွားခဲ့ပြီ။ တောက်ပမှုလည်း ပျောက်ကွယ်သွားခဲ့ပြီ။

“သူမ တကယ်ပဲ တားဆီးလိုက်တယ်။”

“ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို လက်နှစ်ချောင်းတည်းနဲ့ ခုခံ နိုင်လိုက်ပြီတဲ့လား။”

“ဘယ်လို ဖြစ်နိုင်မှာပဲ။”

ကြီးမြတ်သော ရှရဲ့ စစ်သည်တော်တွေ အထိတ်တလန့် ကြည့်နေကြတယ်။ သူတို့ မျက်လုံးတွေမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နှက် နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ဒီလို ခုခံလိုက်တာ ကြောက်စရာ ကောင်းလွန်းတယ်။ ဒါပေမယ့် မမျှော်လင့်ထားတာ ဖြစ်လာပြန်တယ်။ ဖန်ကျန်းရှီရဲ့ ဒုတိယ တိုက်ခိုက်မှု ရောက်လာခဲ့ပြန်တယ်။

“ဖန်ကျန်းရှီ မလုပ်နဲ့။” ရန်ချန်လိရဲ့ အသံ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ ပထမဆုံး တိုက်ခိုက်တဲ့ အချိန်မှာ သူ့ကို မတားနိုင်လိုက်ဘူး။ ဖန်ကျန်းရှီ မတိုက်ခိုက်ရင် သူတိုက်ခိုက်ဖို့ တွေးထားတာ ကြောင့်ပဲ။ ဒါပေမယ့် နောက်တစ်ခေါက် တိုက်ခိုက်တယ်လား။

ရန်ချန်လိ ဖန်ကျန်းရှီကို တားဖို့လိုတယ်။ ဒီတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက မတွေးဝံ့ စရာတွေပဲ။ အမျိုးသမီးလည်း ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို မမျှော်လင့် ထားမိဘူး။ နောက်ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေက တစ်ချက်လေးတောင် မတွေဝေပဲ ဆက်တိုက် တိုက်ခိုက်နေတာ။

“အတင့်ရဲလိုက်တာ။” အမျိုးသမီးရဲ့ မောက်မာတဲ့ အသံက ညကောင်းကင်မှာ ဟိန်းထွက်သွားတယ်။ သူမက သာမာန် သေမျိုးတွေကို အပေါ်စီးကနေ ကြည့်နေတဲ့ နတ်ဘုရား တစ်ပါးလိုပဲ။ ဒါပေမယ့် ဖြစ်လာတဲ့ တိုက်ခိုက်မှုကို သူမ မတားဆီးနိုင်ဘူး။

လျှပ်စီးတွေက အမျိုးသမီးဆီကို ဆက်တိုက် ကျဆင်းလာတယ်။ အမျိုးသမီး ညာလက်ကိုပါ မြှောက်လိုက်တယ်။ ဒီတစ်ခေါက်တော့ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီးတော့ ကျရောက်လာတဲ့ တိုက်ခိုက်မှုကို ခုခံလိုက်တယ်။

ဝုန်း။

အက်ကွဲကြောင်းကြီး တစ်ခု အမျိုးသမီးရဲ့ ခြေထောက်အောက်မှာ ဖြစ်ပေါ်လာတယ်။ သူမက အက်ကွဲကြောင်းကြီးရဲ့ အလယ်မှာ ရှိနေတာ။ မြေပြင် တစ်ခုလုံး အက်ရာတွေ ပြည့်နှက်လာတယ်။ အဲ့ဒီ့နောက် နောက်ကို ခြေလှမ်း နည်းနည်း ဆုတ်သွားခဲ့တယ်။ သူမရဲ့ ခရမ်းရောင် ဝတ်ရုံရှည်က အခုချိန်မှာ တစ်စစီ ဆုတ်ပြဲကုန်ပြီ။ သွယ်လျတဲ့ ခြေတ့ တစ်စုံ ပေါ်လာခဲ့တယ်။

ပထမဆုံး တိုက်ခိုက်မှုနဲ့ လုံးဝကို ကွာခြားတယ်။ လက်နှစ်ဖက်လုံးကို သုံးပြီးတော့ ခုခံတာတောင် ခြေဆယ်လှမ်း အကွာကို လွင့်ထွက်သွားခဲ့တယ်။ သူမကိုယ် သူမ တည်ငြိမ်အောင် မလုပ်နိုင်ဘူး။ ဒုတိယ တိုက်ခိုက်မှုက ပြင်းထန်လွန်းတယ်။

ဖန်ကျန်းရှီရဲ့ ဒုတိယ တိုက်ခိုက်မှုကို လက်နှစ်ဖက်လုံး သုံးပြီးတော့ အောင်အောင်မြင်မြင် ခုခံထားခဲ့တယ်။ သူမ လက်နှစ်ဖက်လုံး ပြတ်ရှ ဒဏ်ရာတွေ အများကြီး ပြည့်နေခဲ့ပြီ။ သွေးတွေ သူမ လက်ကနေ စီးကျနေခဲ့တယ်။ တစက်စက် စီးကျရင်း မြေပြင်ပေါ်ကို သွေးစက်တေါ ကျလာခဲ့တယ်။ ဖြစ်သွားတာက အရမ်းကို မြန်လွန်းတယ်။

ပင်းယန်ရဲ့ ပါးစပ်ထဲ နတ်ဆိုးပုလဲ ရောက်သွားပြီး မျက်တောင် တစ်ခတ် အကြာမှာပဲ ဒါတွေ ဖြစ်လာတာ။ တိုက်ခိုက်မှုကြီးရဲ့ အဆုံးသတ်မှာတော့ အမျိုးသမီးက ပင်းယန်နဲ့ ခပ်ဝေးဝေးကို ရောက်သွားခဲ့ပြီ။ သူမရဲ့ တောက်ပတဲ့ မဟူရာ ဆံနွယ်တွေက ရေတွေ စိုစွတ်နေခဲ့ပြီ။ ဒုတိယ တိုက်ခိုက်မှုကို ခုခံတဲ့ အချိန် မိုးစိုသွားတဲ့ ပုံပဲ။

တိတ်ဆိတ်နေတယ်။ အရမ်း အရမ်းကို တိတ်ဆိတ်နေခဲ့တယ်။

လူတိုင်းက အမျိုးသမီးကို ကြည့်နေခဲ့တယ်။ အမျိုးသမီး ဆက်ပြီးတော့ မတည်ငြိမ် နိုင်တော့ဘူး။ သူမရဲ့ ရင်ဘတ်က ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့တယ်။ လူတိုင်းက သူမ စကားပြောမှာကို စောင့်နေခဲ့တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက လှုပ်ရှားလာတယ်။ ပင်းယန်ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။

“ဖန်ကျန်းရှီ။ နင် အရှက်မရှိတဲ့ ကောင်စုတ်။” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သူ့ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ အမူအယာကို သူမ တကယ်ပဲ ချစ်မြတ်နိုးတယ်။

သူမ စိတ်ထဲ ထူးဆန်းတဲ့ ခံစားချက်တွေ ပြည့်နှက်နေတယ်။ နောက်ထပ် စကား မပြောနိုင်တော့ဘူး။ ဒါပေမယ့် ဒီခံစားချက်က အရမ်းကို နွေးထွေးတယ်။ နွေးထွေးလွန်းလို့ အရင်က ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ အပြစ်တွေကိုတောင် မေ့သွားသလိုပဲ။

ဖန်ကျန်းရှီက ပင်းယန်ကို ဖြည်းဖြည်းချင်း ပွေ့ဖက်လိုက်တယ်။ ဒီတစ်ကြိမ်မှာ သူ အရမ်းကို ဂရုစိုက်တယ်။ ပင်းယန်ကို ငြင်ငြင်သာသာလေး ပွေ့ဖက်ရင်း မြေပြင်ကနေ မလိုက်တယ်။ အမျိုးသမီးကို သူလှည့်ကြည်တယ်။

“အတင့်ရဲလိုက်တာ။ ငါ ကယ်ထားတဲ့သူကို မင်းက သတ်ဖို့ ကြံဝံ့တယ်လား။”

ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြောနေခဲ့တယ်။ ဒါပေမယ့် သူ့အသံကို လူတိုင်း ကောင်းကောင်း ကြားနိုင်တယ်။

“ငါ ကယ်ထားတဲ့ သူကို မင်းက သတ်ဖို့ ကြံဝံ့တယ်ပေါ့။”

မောက်မာလိုက်တဲ့ စကား။ နှလုံးသားထဲကနေ လာတဲ့ စကားမှန်း သိသာလွန်းတယ်။

လူတိုင်း နားထဲမှာ ဒီစကားတွေက ပဲ့တင့် ထပ်နေခဲ့တယ်။ ဖန်ကျန်းရှီကို အထိတ်တလန့်နဲ့ ကြည့်မိပြန်တယ်။ ဖန်ကျန်းရှီဆိုတာ သူတို့ အတွေးထဲမှာ အမြဲတမ်း သူရဲဘောကြောင်တဲ့သူ ဖြစ်ခဲ့တာ။

“နင်က သေချင်နေတာပဲ။” အမျိုးသမီးရဲ့ အကြည့်က အေးစက်နေခဲ့တယ်။ သူမရဲ့ ဆံကေသာတွေက လေထဲမှာ လွင့်လာတယ်။ သူမရဲ့ နူးညံ့တဲ့ သွင်ပြင်ကို နှင်းလွှာ တစ်ခုက ဖုံးအုပ်လိုက်တဲ့ အတိုင်းပဲ။

အဲ့ဒီ့နောက် အမျိုးသမီး လှုပ်ရှားတယ်။ သူမ လှုပ်ရှားတာနဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားတော့တယ်။ ကျဆင်းနေတဲ့ မိုးရေတွေက အဖြူရောင် မြူနှင်းတွေ အဖြစ်ကို ပြောင်းလဲတယ်။ အချိန်တွေလည်း ရပ်တန့် သွားသလိုပဲ။

အမျိုးသမီးက မြူနှင်းတွေ ကြားမှာ ဖန်ကျန်းရှီဆီကို ပြေးဝင်လာတယ်။ အလင်းတန်း တစ်ခု သူမ လက်ထဲမှာ ရှိနေခဲ့တယ်။ ဒါကို မြင်တော့ လူတိုင်းရဲ့ ခန္ဒာကိုယ်မှာ ကြက်သီးတွေ ထလာရင်း အေးစိမ့် သွားတော့တယ်။

“မဖြစ်ဘူး။”

“ဖန်ကျန်းရှီ သတိထား။”

ဒီအချိန်မှာပဲ အသံနှစ်ခု တပြိုင်နက်တည်း ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် ကြက်သွေးနီရောင် ပုံရိပ်က ဖန်ကျန်းရှီနဲ့ ပင်းယန် ရှေ့မှာ ပေါ်လာတယ်။ ဒါကတော့ ရန်ချန်လိ။

ဖန်ကျန်းရှီ ဒုတိယ တစ်ခေါက် တိုက်ခိုက်တည်းက သူလည်း လှုပ်ရှားခဲ့ပြီ။

ဝူယွဲ့အာကတော့ ဒုတိယ လှုပ်ရှားတဲ့သူ။ သူက ဖန်ကျန်းရှီနဲ့ ပင်းယန်နားမှာ တစ်ချိန်လုံး ရှိနေခဲ့တာ။ ဒါကြောင့် အမြန်ဆုံး လှုပ်ရှားနိုင်တယ်။

“အကုန်လုံး သေချင်နေ ကြတာလား။” အမျိုးသမီးရဲ့ မျက်ဝန်းထဲမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပလာတယ်။ သူမ ဒီစကားမှာတင် မရပ်သေးဘူး။ ဆက်ပြောတယ်။ “နင်တို့ ဆန္ဒတွေကို ငါ ဖြည့်ဆည်းပေးမယ်။”

“ကန်ယွဲ့ ရပ်လိုက်။” ဒီအချိန်မှာပဲ အဝေးက အသံ တစ်သံ ပေါ်လာခဲ့တယ်။ အိုမင်းနေတဲ့ အသံနဲ့ တူပေမယ့် အရမ်းကို အရှိန်အဝါ ပြင်းထန်လွန်းတယ်။

အမျိုးသမီးက ခေါင်းမော့ကြည့်တယ်။ ရွှေနဂါး ဝတ်ရုံနဲ့ ဧကရာဇ် လင်းမုပိုင်က ချန်ဖေးဟွားကို တွဲရင်းနဲ့ ရပ်နေခဲ့တယ်။ သူ့နောက်မှာ နဂါးတပ်ဖွဲ့နဲ့ တော်ဝင် အစောင့်တပ်တွေ အများကြီး ရှိနေခဲ့တယ်။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒါပေမယ့် နောက်ကျပြီ။” ပြောပြီးတာနဲ့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ သူမ လမ်းမှာ ပိတ်နေတဲ့ လူတိုင်းကို ကြည့်နေတာ။ သူမ လက်ထဲက အလင်းတန်းတွေ အများကြီး ကွဲထွက် သွားခဲ့တယ်။ ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ အလင်းလုံးလေးတွေ အများကြီး ဖြာထွက်လာခဲ့တယ်။

ဒီအလင်းစက်တွေက သူမ လက်ကို လှည့်ပတ်နေတယ်။ ကြယ်တွေလိုပဲ။

ပင်းယန်ရဲ့ လည်ဆွဲက တောက်ပလာတဲ့ ကြယ်တွေနဲ့ တူတယ်။ ဒါပေမယ့် ထူးခြားတာက ဒီကြယ်မှုန်တွေကို သူ စိတ်ကြိုက် လှုပ်ရှားစေနိုင်တာပဲ။

ရန်ချန်လိလည်း ဖြူဖျော့သွားတယ်။ မြေပြင်ပေါ်မှာ ရပ်နေခဲ့ ပင်မယ့် ကြက်သွေးရောင် အလင်းတန်းတွေကို မိုးကောင်းကင်ထိ ပြစ်လွှတ်လိုက်တယ်။ သူ့လက်ဝါးတွေက ခပ်မြန်မြန် ရွေ့လျားနေတယ်။ သွေးနီရောင် တိမ်စိုင်တွေကို သူ့ရှေ့မှာ စုစည်းနေခဲ့တယ်။

ဝူယွဲ့အာလည်း အမူအယာ ပြောင်းသွားတယ်။ သူမရဲ့ တောက်ပတဲ့ မျက်ဝန်းတွေက ပိုပြီးတော့ လေးနက်လာတယ်။ ဆံနွယ်တွေ တဖျပ်ဖျပ် လွင့်လာသလို၊ သူမရဲ့ ဝတ်ရုံနက်လည်း လေထဲမှာ ကခုန်နေခဲ့တယ်။ ရန်ချန်လိလိုပဲ အမျိုးသမီးကို စိုက်ကြည့်နေပင်မယ့်။ မလှုပ်ရှားဘူး။ ခါးကိုသာ တင်းတင်းကြပ်ကြပ် ဖိထားခဲ့တယ်။

အပိုင်း(၆၀၆)ပြီး၏။

အပိုင်း (၆၀၇)

“တံခါးအသစ်”

အခု အဖြစ်အပျက်က တပြိုင်နက်တည်း ဖြစ်နေခဲ့တာ။ ဒီမြင်ကွင်းကို ဧကရာဇ် လင်းမုပိုင်မြင်တော့ ဘာတွေ ဖြစ်နေလဲ မတွေးတတ်တော့ဘူး။ ကန်ယွဲ့ ဘယ်လောက်တောင် အင်အားကြီးမှန်း သူကောင်းကောင်းသိတယ်။

ပင်းယန်။

ဖန်ကျန်းရှီရဲ့ နောက်မှာ ရပ်နေတဲ့ ပင်းယန်ကို ဧကရာဇ် လင်းမုပိုင် ချက်ခြင်း သတိထားမိသွားတယ်။ ပင်းယန် ခန္ဒာကိုယ်မှာ ဒဏ်ရာတွေ အများကြီး မရှိဘူး။ ဒါပေမယ့် အရမ်း ဖြူဖျော့နေတယ်။

တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ။

ကန်ယွဲ့ကကော ဘာဖြစ်လို့ ပေါ်လာရတာလဲ။

အတွေးတွေ ဧကရာဇ် လင်းမုပိုင် စိတ်ထဲကို ဆက်တိုက် ဝင်ရောက် လာခဲ့တယ်။ ဒါပေမယ့် တွေးတောနေဖို့ အချိန် မရှိဘူး။ ကန်ယွဲ့က ရန်ချန်လိဆီကို ရောက်နေခဲ့ပြီ။

ဝုန်း။ ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက်ရတယ်။

နောက် အချိန် အခိုက်အတန့်မှာ ကြက်သွေးရောင် အလင်းတန်းတွေ ပေါက်ကွဲကုန်တယ်။ သွေးနီရောင် ဖြာနေတဲ့ မြူနှင်းတွေကို လူတိုင်း မြင်လိုက်ရတယ်။ ဒါပေမယ့် ဒီသွေးနှင်းတွေထဲမှာ အလင်းလုံးလေးတွေက တောက်ပ နေတုန်းပဲ။

အဆုံးသတ်မှာတော့ ကြယ်တာရာတွေလို ပြောင်းလဲသွားတဲ့ အမှုန်တွေက နဂါးငွေ့တန်း အသေးလေး တစ်ခုလို ပုံစံ ပေါ်လာတယ်။ မရေမတွက်နိုင်တဲ့ ကြယ်စင်တွေ ဖန်ကျန်းရှီဆီကို တန်းတန်းမတ်မတ် ဦးတည်နေတယ်။

ရန်ချန်လိကတော့ သွေးပွက်ပွက် အန်နေခဲ့ပြီ။ အရှင်ရှဲ့လော့နဲ့ တိုက်ခိုက်တဲ့ အချိန်တည်းက အားနည်းနေခဲ့တာ။ အခုလို ကန်ယွဲ့ တိုက်ခိုက်တာကို ခံလိုက်ရတော့ သူ့အတွက် ခံနိုင်ရည် ရှိဖို့ ခက်ခဲလွန်း သွားပြီ။ သူ့ ခန္ဒာကိုယ်က နောက်ကို လွင့်ထွက် သွားတော့တယ်။

ဝူယွဲ့လည်း ချက်ခြင်း လှုပ်ရှားတယ်။ ခါးပေါ်မှာ ထောက်ထားတဲ့ လက်ကို ဖယ်လိုက်ပြီး လှုပ်ရှားဖို့ ပြင်တဲ့ အချိန်မှာပဲ ကောင်းကင်ကနေ အလင်းတန်းကြီး တစ်ခု ဆင်းသက် လာခဲ့တယ်။ တောက်ပတဲ့ လျှပ်စီး တန်းကြီး တစ်ခုပဲ။ မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေက ဆင်းသက်လာပြီးတော့ ဝူယွဲ့အာရဲ့ နောက်ကို ကျရောက် လာခဲ့တယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်းက မိုးကုပ် စက်ဝိုင်းတစ်ခုလုံးမှာ လင်းထိန် နေခဲ့တယ်။ မိုးခြိမ်းသံတွေ ဖြစ်ပေါ်သလို လျှပ်စီးတွေကလည်း စည်းချက် ညီညီ လှုပ်ရှားနေခဲ့တယ်။

“နဂါး။” အသံ တစ်သံ ထွက်ပေါ်လာတယ်။ အေးစက်စက်နဲ့ မာကျောလွန်းတဲ့ အသံတစ်ခု။ ဒီ အသံထွက်ပေါ်လာတာနဲ့ ဝူယွဲ့အာ ရဲ့ နောက်ဘက်ကနေ သတ်ဖြတ်လို စိတ်တွေ ချက်ခြင်း မြင့်တက်လာခဲ့ တော့တယ်။

“သတ်”

ဝူယွဲ့အာ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ ဒီအသံက ဘယ်သူ့ အသံမှန်း ဝူယွဲ့အာနဲ့ တခြားသူတိုင်း သိကြတယ်။ ဖန်ကျန်းရှီ။

သူ့ရဲ့ နဂါးသတ် ဓားကွက်။

လွန်ခဲ့တဲ့ နာရီဝက် တုန်းကပဲ ထပ်တူညီတဲ့ အသံ တူညီတဲ့ လျှပ်စီးတန်းတွေက အရှင်ရှဲ့လော့ကို အနိုင်ယူခဲ့တယ်။ နတ်ဆိုးပုလဲပဲ ကျန်ရစ်တဲ့ အထိ ပျောက်ကွယ် သွားစေတယ်။

ဒဏ္ဍာရီလာ အသံကြီး နောက်တကြိမ် ထွက်ပေါ် လာပြန်ပြီ။ ဒီတစ်ခါတော့ သူ့ပြိုင်ဘက်က အမျိုးသမီး တစ်ယောက်။ လင်းယွမ်မျှော်စင်က အမျိုးသမီး။

“ဓားကွက်။”

တတိယ အသံ ထွက်လာတဲ့ အချိန်မှာပဲ၊ မိုးကောင်းကင်က ခရမ်းရောင် အလင်းတန်းကြီး မြေပြင်ပေါ်ကို ဆင်းသက်လာတယ်။ အမျိုးသမီးကတော့ နဂါးငွေ့တန်း မြူနှင်းတွေ ဝန်းရံထားတဲ့ ကြားမှာ ရှိနေတုန်းပဲ။ ကောင်းကင်က ဓားသဏ္ဍာန်ကြီးက ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ ကျဆင်းနေတယ်။ သတ်ဖြတ်လို စိတ်တွေက နဂါးငွေ့တန်းကြီးနဲ့ ထိတွေ့ သွားခဲ့တယ်။

ဒီတစ်ခေါက်တော့ နားကန်းမတတ် အသံကြီး မဖြစ်တော့ဘူး။ ဒီကမ္ဘာမြေမှာ အသံတွေ ပျောက်ကွယ် သွားသလိုပဲ။ မိုးသက် မုန်တိုင်းကြီးရဲ့ အသံတွေ မိုးခြိမ်းသံတွေ အားလုံး တစ်ချိန်တည်းမှာ ပျောက်ကွယ် သွားသလိုပဲ။ တစ်ခုတည်းသော ကျန်တဲ့ အရာကတော့ တိုက်ခိုက်နေကြတဲ့ အလင်းတန်းကြီး နှစ်ခုပဲ။

သိပ်သည်းတဲ့ ခရမ်းရောင် အလင်းတန်းတွေက မရေမတွက်နိုင်တဲ့ ကြယ်တာရာတွေကို ဖြစ်ပေါ်စေတယ်။

ဝုန်း။ မြေပြင်ကြီး တစ်ခုလုံး အက်ကွဲရာတွေ ပြည့်သွားတယ်။ မြေမှုန်တွေ အများကြီး လွင့်ထွက်လာခဲ့တယ်။ မိုးရေစက် တွေတောင် လေထဲမှာ ရပ်တန့် နေကြတယ်။ ဝူယွဲ့အာက ဖြည်းဖြည်းချင်း လှည့်ရင်း သူ့နောက်က လူကို ကြည့်မိတယ်။ ဒီလူရဲ့ မျက်ဝန်းတွေ ဖန်သလင်းလို ကြည်လင်နေတယ်။ ပင်းယန်လည်း ဒီမျက်လုံးတွေကိုပဲ စိုက်ကြည့်နေခဲ့တယ်။

သူ့မျက်ဝန်းအကြည့်တွေမှာ ခံစားချက် မရှိဘူး။ ဒါပေမယ့် ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခုကို သူတို့ ခံစားနေရတယ်။ ယောကျာ်း တစ်ယောက်ရဲ့ တာဝန်ယူ တာဝန်ခံစိတ်။

အလင်းတန်းတွေရဲ့ တိုက်ခိုက်မှု အလယ်မှာ ဖန်ကျန်းရှီက သွေးပွက်ပွက် အန်နေခဲ့တယ်။ သူ့သွေးတွေက အဖြူရောင် မြူနှင်းတွေနဲ့ အတူ အငွေ့ပျံ သွားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နောက်ဆုတ်ဖို့ စိတ်ကူး မရှိဘူး။ သူ့ရဲ့ အကြည့်ကို နဂါးငွေ့တန်းမှာပဲ ဦးတည် ထားရင်း အံကြိတ် ထားခဲ့တယ်။ သူ့လက်တွေက နည်းနည်းမှ တုန်ယင် မနေဘူး။ ဓားကို ယုံကြည်ချက် အပြည့်နဲ့ ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲ။

ကန်ယွဲ့ရဲ့ ခန္ဒာကိုယ် တစ်ချက် တုန်ယင်သွားတယ်။ သူမ နှုတ်ခမ်းထောင့်ကနေ သွေးစီးကြောင်း တစ်ခု စီးကျ လာခဲ့တယ်။ ဖန်ကျန်းရှီကို အထိတ် တလန့်နဲ့ စိုက်ကြည့်နေခဲ့တယ်။ ဒါက သူမ ပထမဆုံး ဖန်ကျန်းရှီနဲ့ တွေ့တာ။ ဒါပေမယ့် သူ့ အကြောင်းကို ကြားဖူးတာ ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ဘူး။ အဲ့ဒီ့အချိန် ဖန်ကျန်းရှီက တလောကလုံးမှာ နာမည် ကျော်ကြားနေပြီ။ သူမကတော့ အထင်မကြီးခဲ့။

ကြီးမြတ်သော ရှ နိုင်ငံတော်မှာ နိမိတ်စကား တစ်ခုရှိတယ်။

ညီလာခံ စာမေးပွဲ။ တာအို နိယာမ စာမေးပွဲ၊ တော်ဝင် နန်းမြို့တော် စာမေးပွဲတွေရဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ။ တောင်ပိုင်းဒေသ တိုက်ပွဲ အနိုင်ရမှုရဲ့ အဓိက သော့ချက်၊ ဒါတွေ အာလုံးက သူမကို အထင် မကြီးစေဘူး။ အခုတော့ သူ့ကို သူမ မှတ်သား ထားရတော့မယ်။

အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့ လူငယ်လေးက သူမကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။ နောက်ပြီးတော့ အတွင်း ဒဏ်ရာ ရစေတာ။ ဒီဒဏ်ရာတွေက သူမ အတွက် ဘာမှ မဟုတ်ပေမယ့် သူ့ကို မှတ်မိနေမှာတော့ အမှန်ပဲ။

အရှက်ရစရာ ကောင်းတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ ကျွမ်းကျင်တဲ့ စွမ်းအားတွေကို အကုန် ထုတ်ပြ ပြီးပြီ။ ဒါဆိုရင် သူမကကော ဘာဖြစ်လို့ အစွမ်းတွေကို ဖုံးကွယ် ထားရမှာလဲ။

“သေစမ်း။” ကန်ယွဲ့ အော်ဟစ်ရင်းနဲ့ လှုပ်ရှားတော့တယ် သူမ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ ကြယ်တာရာတွေ အဆုံးမဲ့ ပင်လယ်ကြီးလို ကျယ်ပြန့် သွားခဲ့တယ်။

“မဖြစ်ဘူး။” ပင်းယန် တုန်ယင်သွားတယ်။ တောက်ပတဲ့ အလင်းတန်း တစ်ခု သူမရဲ့ မျက်ဝန်းထဲမှာ လက်သွားခဲ့တယ်။ သူမရဲ့ အသက်မဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ အရမ်းကို သေးငယ်တဲ့ တောက်ပမှု ဖြစ်ပေမယ့် ညအမှောင်ထုထဲမှာ ထင်ရှားနေတယ်။ သူမ ချက်ခြင်း ဖန်ကျန်းရှီ ရှေ့ကို ခုန်ဝင်တယ်။

“နောက်တစ်ခေါက်လား။” ဖန်ကျန်းရှီ မဲ့ပြုံးပြုံးမိတယ်။ ပင်းယန်ရဲ့ အပြုအမူတွေကို သူ ကျင့်သား ရနေပြီ။ အခုလို အန္တရာယ် များတဲ့ အခြေအနေသာ မဟုတ်ရင် သူမကို ခပ်ဝေးဝေး လွင့်ထွက် သွားအောင် ကန်ထုတ် လိုက်မိပြီ။ အခုတော့ ဒီလို လုပ်ဖို့ အချိန် မရှိဘူး။

ဒါပေါ့။ ဒီတစ်ခေါက်မှာ ပင်းယန်က သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေ တော့ဘူးလေ။ ကြယ်အလင်းတန်းတွေ သူ့ဆီကို နီးကပ်လာတာ ဖန်ကျန်းရှီ ခံစား နေရတယ်။ ဒီတစ်ခေါက်တော့ သူရှောင်နိုင်တော့မယ် မထင်ဘူး။

ကန်ယွဲ့။ လင်းယွမ် မျှော်စင်။

တော်တော်ကြာကြာ တုန်းက ဒီလင်းယွမ် ဆိုတဲ့ စာလုံး နှစ်လုံးကို ကြားဖူးတယ်။ ဟုတ်တယ်။ အဖိုးကြီး ပြောခဲ့တဲ့ တံခါးသစ် ဆိုတာပဲ။

…

“ဖန်ကျန်းရှီ။ ကြီးမြတ်သောရှရဲ့ အပြင်မှာ ဘယ်လို လောကကြီး ရှိလဲ မင်းသိလား။”

ကောင်းကင် အိုအေစစ် သုခမိန်ကြီးမှာ ရှည်လျားတဲ့ မုတ်ဆိတ်ဖြူဖြူတွေ ရှိတယ်။ သူက ပညာဉာဏ် ကြီးမြင့်ပြီး နတ်ဘုရား တစ်ပါးလို အသွင်ပြင် ရှိနေတာ ကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီလည်း သူ့စကားကို စိတ်ရှည် လက်ရှည် ထိုင်နားထောင် မိမှာ မဟုတ်ဘူး။

“နောက်ထပ် နိုင်ငံတွေလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“မင်းပြောတာ မှန်တယ်။” သုခမိန်ကြီး ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။

“အဖိုးကြီး။ ခင်ဗျား ဖျားနေတာလား။”

“ မင်း ဘာတွေ ပြောနေတာလဲ။ ငါ့ ဂုဏ်သတင်းကို အပြင်ထွက်ပြီး လှည့်မေး ကြည့်လိုက်ပါအုန်း။ ငါက စွမ်းအား အကြီးဆုံး မဟုတ်ပေမယ့်။ အဂ္ဂိရိတ် ပညာနဲ့ ဆေးဖော်တဲ့ နေရာမှာ သုခမိန် လေးယောက်ထဲ ငါ အတော်ဆုံးပဲ။”

“ဒါဆို ဘာ ပြောချင်တာလား။”

“ငါက စကား အစချီနေတုန်းလေ။ ကြီးမြတ်သောရှရဲ့ အပြင်မှာ ဘာနိုင်ငံတွေ ရှိလည်း မင်သိလား။”

“သီးခြား မြင့်မြတ် တိုင်းပြည်။ လရောင်ခြည်ဖြာ အင်ပါယာနဲ့ စစ်မက်ပြသဒ် အင်ပါယာ။ ဒါအကုန်ပဲ။”

“မှန်လည်း မှန်တယ်။ မှားလည်း မှားတယ်။ ကျော်လိုက် ရအောင်။ ငါတို့ အရိပ်မျိုးနွယ်ကို ဘယ် အင်ပါယာ ပိုင်လဲ သိလား။”

“ဘယ် အင်ပါယာမှ မပိုင်ဘူး။”

“ဟုတ်တယ်။”

“အဖိုးကြီး။ ကျွန်တော့်ကို ဒီနေ့ ဒီမှာ ခေါ်လာတာ။ ခင်ဗျားက သုခမိန် လေးယောက်ထမြှာ အတော်ဆုံး ဆေးဖော်သူ ဖြစ်တာကို ပြောဖို့နဲ့။ အရိပ်မျိုးနွယ်က အင်ပါယာ လေးခုလုံးကို စိမ့်ဝင် တိုက်ခိုက်နိုင်တာကို ပြောဖို့ မဟုတ်လား။”

“ဟုတ်တယ်။”

“ကျိန်လို့ရလား။”

“ဒါပေါ့။ ဒါပေမယ့် ငါ မကြားအောင် သေချာပြော။”

“အဖိုးကြီး ခင်ဗျား ဘာလို့ ဒီလောက်တောင် အားယား နေတာလဲ။”

“မင်း ကောင်စုတ်လေး။ ငါက မင်းရဲ့ အသက် တဝက်ကို ကယ်ထားတဲ့ အသက်သခင် ကျေးဇူးရှင်နော်။ မင်းက ငါ့တပည့် ဖြစ်နေပြီး အရိပ်မျိုးနွယ်ထဲ ဝင်လာပြီးတော့ ငါ့ကို ကျိန်ဆဲနေတယ်။ ဒီလို ဆက်လုပ်နေရင် မင်းကို ထောက်ပံ့နေတဲ့ သူတွေ အကုန် ပျောက်ကုန် လိမ့်မယ်။”

“ဘိုင့်ဘိုင်။ သွားတော့မယ်။”

“နေစမ်းပါအုန်း။ ကောင်စုတ်လေး။ အရိပ်မျိုးနွယ်က အင်ပါယာ လေးခုထက် အစွမ်းထက်ပေမယ့် လောကမှာ အင်အား အကြီးဆုံး မဟုတ်ဘူး။ မင်း အပြင် ထွက်တဲ့ အချိန်မှာ သတိ ထားရမယ်။”

“ဘာတွေကို သတိထားရမှာလဲ။”

“ကောင်းကင်တာအို ခန်းမ အကြောင်း ကြားဖူးတယ် မဟုတ်လား။ လူတွေရဲ့ ရင်ဘတ်မှာ ကောင်းကင်တာအို (ထျန်းတောက်) လို့ စာလုံး နှစ်လုံး ပါနေရင် သူတို့က ကောင်းကင် တာအို ခန်းမကပဲ။ မင်း သတိထားရမှာ ထပ်ရှိသေးတယ်။ သေချာမှတ်ထား။”

“ဘာတွေကို မှတ်ရမှာလဲ။”

“လင်းယွမ်၊ ယင်ယန်၊ ဖုယိ၊ ကျုးတင်း။”

“ကောင်းပါပြီ။”

“ဟေး ကောင်စုတ်လေး။ ဒီလောက် မြန်မြန်ကြီး သွားတော့မှာလား။ မင်း ကောင်းကောင်း မှတ်ထား။ ကောင်းကောင်း သတိထားရမှာ ရှိသေးတယ်။ ဟေ့ ကောင်လေး ငါ ပြောနေတာ မပြီးသေးဘူးကွ။ မင်းရှေ့က လမ်းကို သတိထား။ မင်းရဲ့ တံခါး အသစ်ကို။”

“တံခါးအသစ်” ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို ပြောနေမိတယ်။ ဒီလို ဦးဏှောက်ဆေးတဲ့ စကားတွေ အများကြီး သူကြားခဲ့ရပြီးပြီ။

တကယ်တော့ အရိပ်မျိုးနွယ်စုဆီကို ဝူယွဲ့အာ ခေါ်လာတည်းက၊ ကောင်းကင် အိုအေစစ် သုခမိန် ကြီးက အမျိုးမျိုး ပညာပြဖို့ အကြောင်း ရှာနေတာ။ အရိပ်မျိုးနွယ်ရဲ့ ချမ်းသာကြွယ်ဝမှုတွေ အဆက်အသွယ်တွေနဲ့ ရှေးဟောင် ရတနာတွေကိုတောင် ဖန်ကျန်းရှီကို ထုတ်ကြွားသေးတယ်။

သူ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ဖန်ကျန်းရှီကို အရိပ်မျိုးနွယ်နဲ့ တသားတည်း ဖြစ်စေချင်တာ။ ဖန်ကျန်းရှီ စိတ်လိုလက်ရနဲ့ အရိပ်မျိုးနွယ်ကို ဝင်လာပြီး သစ္စာခံစေချင်တာ။

ဒီအပိုင်းကို ဖန်ကျန်းရှီ သိပ်နားမလည်ဘူး။ အရိပ်မျိုးနွယ်ထဲ ဝင်လာတည်းက စီးပွားရေး အင်ပါယာကြီး ထောင်ချင်တဲ့ သူတို့ မျိုးနွယ် အိမ်မက်ကို အောင်မြင်အောင် လုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် အဖိုးကြီးက မကျေနပ်။ နောက်ပြီးတော့ တံခါးအသစ်နောက်မှာ ဘာရှိလည်း ဘယ်တော့မှ မပြောပြဘူး။ ဒီတံခါးက သာမာန်ထက် အများကြီး ကျော်လွန်တဲ့ ကိစ္စတွေ ရှိနေတာကို သူ ဖုံးကွယ် ထားချင်တဲ့ ပုံပဲ။

နောက်ပြီးတော့ ဖန်ကျန်းရှီကို နေ့တိုင်းလည်း ဆူပူ သိမ်းသွင်းသေးတယ်။

“အရိပ်မျိုးနွယ်ကိုသာ ဝင်လိုက်။ ငါ့သား။ မင်းသာ ငါတို့ မျိုးနွယ်ကို တကယ် ပူးပေါင်းလိုက်ရင် တံခါးအသစ်ကို မင်းအတွက် ငါ ဖွင့်ပေးမယ်။ အရောင်စုံတဲ့ ရင်သပ်ရှုမောဖွယ် လောကကြီးကို ငါ ပြပေးမယ်။ ငါးတွေ ပျံသန်းနေတာ ခွေးတွေ ပင်လယ်ကြမ်းပြင်မှာ ပြေးလွှားနေတာကို မင်း မြင်ရလိမ့်မယ်။”

အပိုင်း(၆၀၇)ပြီး၏။

အပိုင်း (၆၀၈)

“မင်းက ဂုဏ်သိက္ခာရှိတဲ့သူလို့ ခေါ်ဖို့ မထိုက်တန်ဘူး။”

ဖန်ကျန်းရှီက ကောင်းကင် အိုအေစစ် သုခမိန်ကြီး တွေးနေတာကို ထုံးစံ အတိုင်းသိတယ်။ မျိုးနွယ်စုရဲ့ ချမ်းသာမှုတွေ အပြင်လောကက အန္တရာယ်တွေကို ပြောပြီးတော့ ဖန်ကျန်းရှီ သူ့ကို အလျှော့ ပေးလာအောင် လုပ်နေတာ။

ဒါက စိတ်ဓာတ် စစ်ဆင်ရေး တစ်ခုပဲ။

လူတစ်ယောက်က အပြင် လောကရဲ့ အန္တရာယ်တွေကို သိသွားပြီ ဆိုရင် တည်ငြိမ် နိုင်မှာ မဟုတ်ဘူး။ အကယ်၍ သူ့ကိုသာ ချမ်းသာ ကြွယ်ဝမှုတွေ အာဏာတွေ အကုန်လုံး ရှိနေတဲ့ အရိပ် မျိုးနွယ်ထဲ ဝင်ဖို့ ကမ်းလှမ်း လာမယ် ဆိုရင်။

ဘယ်သူက ဒီကမ်းလှမ်းချက်ကို ငြင်းပယ်မှာလဲ။ ဒါက မဖြစ်နိုင်တာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ ငြင်းလိုက်တယ်။ တစ်နှစ်လုံးလုံး နေ့တိုင်း နေ့တိုင်း တစ်ချက်လေးတောင် မတွေဝေပဲ အကြိမ်ကြိမ် ငြင်းပယ်တယ်။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ အခြေအနေတွေကို မကျေနပ်လို့ပဲ။

ချမ်းသာ ကြွယ်ဝမှုနဲ့ အာဏာကို ရဖို့ အတွက် ဖန်ကျန်းရှီက အရိပ်မျိုးနွယ်ကို သစ္စာရှိရမယ်။ နောက်ပြီးတော့ မျိုးနွယ်စုရဲ့ ရည်မှန်းချက်တွေကို သူ့ကိုယ်ပိုင် တာဝန်လိုမျိုး မှတ်ယူရမယ်။ မျိုးနွယ်စုအတွက် သေပေးဖို့တောင် ဖြစ်နိုင်တယ်။

ထုံးစံ အတိုင်း အရိပ်မျိုးနွယ်စုက ဖန်ကျန်းရှီ တောင်းဆို သမျှ ချမ်းသာ ကြွယ်ဝမှု အာဏာတွေနဲ့ ပတ်သက်တာတွေ အကုန်လုံးကို ဖြည့်ဆည်းပေးမယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ တောင်းဆိုတာတွေ အကုန်လုံးကို ဝူယွဲ့အာက ဖန်တီး ပေးအုန်းမယ်။ ဖန်ကျန်းရှီကို သက်တောင့် သက်သာ ဘဝနဲ့ နေစေမယ်။

ဒါတောင် ဖန်ကျန်းရှီက လက်မခံနိုင်သေးဘူး။ ဝူ ယွဲ့အာက သူတောင်း သမျှကို ဖြည့်ဆည်း ပေးမှာမှ မဟုတ်ပဲ။ တွေးပေးရုံပဲ တွေးမှာ။

ဖန်ကျန်းရှီက ဂုဏ်သိက္ခာရှိတဲ့ သူလေ။ မျိုးနွယ်စု တာဝန်တွေ အတွက် ပိုချမ်းသာတဲ့ မိသားစုက သူနဲ့ လက်ထပ်ပြီးတော့ ခေါင်းငုံ့နေရမှာလား။ ဒုတိယ တစ်ခေါက် တွေးတောပြီးတော့ ငြင်းဆိုလိုက်တယ်။

ရလဒ်ကတော့ ရှင်းလင်းပါတယ်။

ဖန်ကျန်းရှီက အရိပ်မျိုးနွယ်ကနေ အကူအညီ ယူတယ်။ သူတို့ တီထောင်ချင်တဲ့ စီးပွားရေး အင်ပါယာ ဖြစ်အောင် လုပ်ပေးတယ်။ အဆုံးသတ်မှာ အရိပ်မျိုးနွယ်က အကျိုးအမြတ် အများဆုံး ရအောင် အစီအစဉ်တွေကို ချပေးတယ်။

အရိပ်မျိုးနွယ်က ဖန်ကျန်းရှီကို သတင်း အချက်အလက်တွေ အများဆုံး ပေးတဲ့ သူ့ရဲ့ မဟာမိတ်ပဲ။ ဒါက နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ။

တံခါး အသစ်ရဲ့ အပြင်မှာ ဘာတွေများ ရှိနေလဲ။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဘာပဲ ဖြြစ်ဖစ် ထုတ်မပြဘူး။ နောက်ပြီးတော့ အရိပ်မျိုးနွယ် ပေးတဲ့ သတင်းတွေက အကန့်အသတ် ရှိတယ်။

ရှင်းရှင်း ပြောရရင်။ အကယ်၍ ဖန်ကျန်းရှီ ပိုက်ဆံ လိုချင်ရင် သူတို့ကို သုံးလို့ရတယ်။ ဒါပေမယ့် ပထမဆုံး သူက ဘယ်လောက် အသုံးဝင်လဲ ဆိုတာ ပြရမယ်။ ဒါက ပူးပေါင်းမှု အသစ် တစ်မျိုးပဲ။

ဖန်ကျန်းရှီကတော့ ဒါကို နှစ်ဖက်လှ လို့ခေါ်တယ်။ ဒီရလဒ်ကိုလည်း သူကျေနပ်တယ်။

ဒါပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဒီ အစီအစဉ်ကို သဘောမကျဘူး။ ဖန်ကျန်းရှီက သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက် အသုံးချပြီးတော့ အရိပ် မျိုးနွယ်အတွက် အရင်းအမြစ်တွေ ပိုက်ဆံတွေ အများကြီးရအောင် စွမ်းဆောင်ပေးတယ်။ ဒါ့အပြင် သူ့အတွက်လည်း အကျိုးအမြတ် အများကြီးရအောင် လုပ်သွားသေးတယ်။

ဒါပေမယ့် ဖန်ကျန်းရှီက လွယ်ကူတဲ့ ပြစ်မှန် တခုတော့ မဟုတ်ခဲ့ဘူး။ အရင်တုန်းက (အဆင့်နိမ့်) နည်းဗျူဟာတွေ အများကြီးကို သူ ကြုံတွေ့ ခဲ့ပြီးပြီ။ ဒါကြောင့် ထောင်ချောက်ထဲကို ဘယ်လိုများ ရောက်မှာလဲ။

ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောခဲ့တာ အရိပ်မျိုးနွယ်က အသန်မာဆုံး အင်အားစု မဟုတ်ဘူးတဲ့။ တခြားပိုကောင်းတဲ့ နေရာတွေ ရှိနေမှတော့ ဘာလို့ သူတို့ မျိုးနွယ်ထဲ ဝင်ရမှာလဲ။

နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ရဲ့ လက်ရှိဘ၀ လွတ်လွတ်လပ်လပ် အခြေအနေကို သဘောကျတယ်။ အရိပ်မျိုးနွယ် ချည်နှောင်တာ ခံပြီးတော့ ဘဝကို တစ်ခုတည်း အတွက် ဘာလို့ ပုံအပ် ထားရမှာလဲ။

ဒါ ဖန်ကျန်းရှီ အရင်က တွေးခဲ့တဲ့ အတွေးတွေ။

အခုတော့ သူ့ အတွေးတွေ တဖြည်းဖြည်း ပြောင်းလဲ နေပြီ။ ပုံမှန်ထက် ဆယ်ဆ အားပြင်းတဲ့ နဂါးသတ် ဓားကွက်က ကန်ယွဲ့ကို အတွင်း ဒဏ်ရာ နည်းနည်းလေး ရအောင်ပဲ လုပ်နိုင်တယ်။ ဒါဆို လင်းယွမ် မျှော်စင်က ဘယ်လို နေရာ ဖြစ်လိမ့် မလဲ။

ဝုန်း။ ကျယ်လောင်တဲ့ တုန်ခါသံကြီး ဖြစ်ပေါ်လာတယ်။

စီးဆင်းနေတဲ့ နဂါးငွေ့တန်းကြီးက ပင်းယန် ရှေ့မှာ ရပ်တန့်သွားတယ်။ ကြယ်တွေလည်း နေရာ မရွေ့တော့ဘူး။ ကန်ယွဲ့က ရပ်တန့်နေတယ်။ ပင်းယန်ကို သူမ ကြည့်နေတာ။ သေသေချာချာ ပြောရရင် ပင်းယန် မျက်လုံးထဲက တောက်ပတဲ့ အလင်းတန်းကို ကြည့်နေခဲ့တာ။ အမှောင်ထုကို ဖြတ်သန်းပြီးတော့ တောက်ပနေတဲ့ မျက်လုံးတွေ။

ကန်ယွဲ့က အလင်းတန်းကို စိုက်ကြည့်နေတဲ့ အချိန်၊ အလင်းတန်းက ကျယ်ပြန့်လာတယ်။ အမှောင်ထုက လုံး၀ ပျောက်ကွယ် သွားခဲ့ပြီ။

“ဘာတွေ ဖြစ်နေတာလဲ။”

“အလင်းတန်းက ရပ်တန့်သွားပြီ။”

“တကယ်ပဲ ရပ်တန့်သွားပြီ။”

ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ ချွေးစေးတွေ ပျံလာကြတယ်။ ကန်ယွဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်တဲ့ အချိန်မှာ တစ်ညတည်းနဲ့ နည်းဗျူဟာ နှစ်မျိုးကို မျက်မြင်တွေ့ရတော့မယ်လို့ တွေးနေကြတာ။ ဒါပေမယ့် ကန်ယွဲ့ ကတော့ တိုက်ခိုက်တာကို ရပ်လိုက်ပြီ။ သူ့မျက်နှာက အမူအယာ အရမ်းကို တည်ကြည် နေခဲ့တယ်။

ပင်းယန်က အသက်ပြင်းပြင်း ရှူရင်း တုန်ယင် ကြောက်လန့်နေတယ်။ နှုတ်ခမ်းထောင့်ကို ဖိကိုက်ထားတာကြောင့် သူမ နှုတ်ခမ်းကနေ သွေးတွေတောင် စီးကျနေပြီ။

“ ဖယ်စမ်း။” ကန်ယွဲ့ရဲ့ အသံက အေးစက်တယ်။ ဒါပေမယ့် နောက်တစ်ခေါက် တိုက်ခိုက်ဖို့ စိတ်ကူးရှိပုံ မပေါ်တော့ဘူး။ ကန်ယွဲ့ ဘာကြောင့် ရုတ်တရက် ရပ်တန့်သွားလဲ ဘယ်သူမှ မသိတော့။ သူမက ပင်းယန်ကို သတ်ဖို့ ရောက်နေတာ မဟုတ်ဘူးလား။

ဒါဆိုရင် သူ့မျက်စိရှေ့မှာ ရောက်နေတဲ့ ပင်းယန်ကို ဘာလို့ မသတ်တာလဲ။ အခုချိန်က သတ်ဖို့ အကောင်းဆုံး အချိန် ရောက်နေတာ မဟုတ်ဘူးလား။

“မဖယ်ဘူး။” ပင်းယန် ပြောတယ်။ ကန်ယွဲ့ကို တောင်းပန် တိုးလျှိုးပြီး ခွင့်လွှတ် ခိုင်းစေဖို့ စိတ်ကူး မရှိဘူး။ စိတ်ဆုံးဖြတ် ထားတဲ့ အမူအယာက မျက်နှာမှာ အထင်အရှား ပေါ်လွင် နေခဲ့တယ်။

“ငါ နင့်ကို သတ်မှာ မကြောက်ဘူးလား။” ကန်ယွဲ့ မျက်မှောင်ကြုတ်ရင်း မေးတယ်။

“ငါ့ကို သတ်လို့ ရတယ်။ ငါကတော့ ဖယ်မှာ မဟုတ်ဘူး။” ပင်းယန် လက်နှစ်ဖက်ကို ဆန့်တန်းထားတယ်။ လှုပ်ရှားဖို့ စိတ်ကူး မရှိဘူး။

ဒါပေမယ့် ဒီ အချိန်မှာပဲ ဖန်ကျန်းရှီက သူ့လက်ကို ပင်းယန်ရဲ့ ပုခုံးပေါ် တင်လိုက်တယ်။ သူလည်း သေရမှာ ကြောက်တယ်။ အရမ်းအရမ်းကို သေရမှာ ကြောက်တယ်။ ဒါပေမယ့် ပင်းယန် နောက်မှာတော့ ဒီအတိုင်း ရပ် မနေနိုင်ဘူး။

ရှေ့ထွက်လာရင်း ပင်းယန်ကို နောက်ပို့လိုက်တယ်။ သူ့ဓားကို အောက်ချ ထားခဲ့တယ်။ မိုးကောင်းကင်က ဆင်းသက်လာတဲ့ ခရမ်းရောင် အလင်းတန်းတွေလည်း ပျောက်ကွယ် သွားခဲ့ပြီ။ ကန်ယွဲ့ကို အမူအယာမဲ့စိုက်ကြည့် နေခဲ့တယ်။ သူ့ရဲ့ ထွင်းဖောက် မြင်ရတဲ့ မျက်လုံးတွေက နဂါးငွေ့တန်းကို ကြည့်နေခဲ့တယ်။

ပင်းယန်က ခုခံ ချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို နောက်ပို့ပြီး ချုပ်နှောင် ထားတာကြောင့် လှုပ်ရှားလို့ မရဘူး။မ

ဝူယွဲ့အာလည်း စကားပြောဖို့ ပြင်ပေမယ့် နောက်ဆုံးမှာတော့ နေရာမှာ ရပ်ရင်းသာ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ လက်တွေကို ခါးမှာ ထောက်ထားတုန်းပဲ။ ကြယ်တာရာ အလင်းတန်းတွေ ရွေ့လျား ပြန်တယ်။ ဖန်ကျန်းရှီဆီကို အားပြင်းတဲ့ ဆူနာမီလှိုင်းတွေလို ရောက်လာတယ်။

“ကန်ယွဲ့ မင်း အသိအမှန် မပြုရင်တောင် ငါက မင်းရဲ့ ပိုင်ရှင် တဝက် ဖြစ်နေတုန်းပဲ။ သူတို့ကို မင်းထိခိုက် ဝံ့ရင်။ ငါ့တိုင်းပြည် ပျက်ဆီးရင်တောင် မင်းကို အစွမ်းကုန် တားမြစ်မှာပဲ။” ဧကရာဇ် လင်းမုပိုင်ရဲ့ ပြတ်သားတဲ့ အတသံ ထွက်ပေါ်လာတယ်။

“ခြောက်လတောင် အသက်ရှင်ဖို့ မကျန်တော့တဲ့ လူတစ်ယောက် အတွက်လား။” ကန်ယွဲ့ မော့ကြည့်ရင်း မေးတယ်။

“ဟုတ်တယ်။” ဧကရာဇ် လင်းမုပိုင် ပြန်အော်တယ်။

“ဘာကြောင့်လဲ။”

“ဂုဏ်သိက္ခာ” ကန်ယွဲ့ရဲ့ မေးခွန်းကို သူ တိုက်ရိုက် မဖြေဘူး။ အခြေအနေနဲ့ မဆိုင်တဲ့ စကားလုံး တစ်ခုကိုသာ ပြောလိုက်တယ်။

“ဂုဏ်သိက္ခာ ဟုတ်လား။ ဟဟား။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ ကောင်းပြီ။ မှတ်ထားလိုက်။ လင်းမုပိုင် နင့်ရဲ့ သနားစရာ ဂုဏ်သိက္ခာကို ငါဂရု မစိုက်ဘူး။ ဒီကောင့်ကို ငါ ဒီနေ့ မသတ်တဲ့ အကြောင်းရင်းက တစ်ခုပဲရှိတယ်။ ဒီကောင်က သေလူ ဖြစ်နေလို့ပဲ။ ” ကန်ယွဲ့ မကျေမနပ်နဲ့ ဆက်ပြောတယ်။ “လင်းမုပိုင် ငါ့ကို နင်က ပိုင်ရှင် တဝက်လို့ လာမပြောနဲ့။ နင်နဲ့ မတန်ဘူး။”

“မတန်ဘူး။”

ကန်ယွဲ့ရဲ့ အသံက ညကောင်းကင် တစ်ခွင်လုံးကို ဟိန်းထွက်ပြီး မြို့တစ်ခုလုံးကို ပျံ့သွားခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ နှုတ်ခမ်းကို ကိုက်ထားရင်းနဲ့သာ တိတ်ဆိတ် နေခဲ့တယ်။

“ပင်းယန် မင်းဘယ်လို နေလဲ။” ချန်ဖေးဟွားရဲ့ စိုးရိမ် တကြီး အော်ဟစ်သံ ထွက်ပေါ်လာတယ်။

“ဒေါ်လေးဟွား ပင်းယန် အဆင်ပြေတယ်။” ပင်းယန် ခေါင်းငြိမ့်ပြတယ်။

သူမ ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး။ ဒါပေမယ့် ခန္ဒာကိုယ်ထဲက နွေးထွေးမှုက သူမ ခန္ဒာကိုယ် အပျက်အစီးတွေကို ဖြည်းဖြည်းချင်း ကုသ ပေးနေတယ်။ သူမရဲ့ ကိုယ်တွင်း ကလီစာတွေက အရမ်းကို လှုပ်ရှားနေတယ်။ ခန္ဒာ အသစ် တစ်ခုကို ရလိုက်သလိုပဲ။ ဒါက ဖန်ကျန်းရှီရဲ့ အသက်နဲ့ လဲပြီးတော့ ရလာတဲ့ ခန္ဒာကိုယ်မှန်း သိတယ်။

နှစ်တဝက်တဲ့။

နတ်ဆိုး ပုလဲရဲ့ အကူအညီ မပါပဲနဲ့ သဘာဝလွန် အဆင့်ကနေ သုခမိန် အဆင့်ကို ဒီလို အချိန်တို အတွင်း ရောက်ဖို့ ဖြစ်နိုင် ပါ့မလား။

(“ဖန်ကျန်းရှီ အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘာဖြစ်လို့ ဒီလို လုပ်တာလဲ။ နင်က တကိုယ်ကောင်းဆန်တဲ့ ကောင်စုတ်လို့ ငါ ထင်ထားတာ။ ကောင်းတဲ့ ကိစ္စ အကုန်လုံး နင့်အတွက်ပဲနင် လိုချင်တာ မဟုတ်ဘူးလား။

ဘာဖြစ်လို့ နတ်ဆိုးပုလဲ ငါ့ကို ပေးရတာလဲ။ )

ဖန်ကျန်းရှီကတော့ စကား မပြောဘူး။ ပင်းယန်ကိုလည်း မကြည့်ဘူး။ သူ့ဓားကိုသာ ပြန်သိမ်းလိုက်တယ်။

အခု သူမသေဘူးပေါ့။ နောက်ပြီးတော့ ယာယီ သက်တမ်းကြောင့် အခု အခသက် ချမ်းသာ ခံလိုက်ရတာ။

တကယ်ဆိုသူက ဘေးမှာပဲ ရပ်ပြီး လူတွေ တိုက်ခိုက်တာကနေ အမြတ် ထုတ်ရမှာ။ ဒီကို သူလာတာ အဆုံးသတ်မှာ အကျိုးအမြတ် ရှာဖို့ပဲ။ အခုတော့ တည့်တည့်ကြီး ဝင်ပါမိနေပြီ။

ဝူယွဲ့အာ ဒီမှာ ပေါ်လာတာ ယွင်ချင်းဝူရဲ့ အစီအစဉ် အောင်မြင်ပြီဆိုတဲ့ သဘောပဲ။ ဒီတစ်ကြိမ်တော့ မြန်မြန် အဆုံးသတ် တော့မယ် ထင်တယ်။ ဖန်ကျန်းရှီ ကူကယ်ရာမဲ့ သက်ပြင်းချမိတယ်။ ဒီတိုက်ပွဲက အဆုံးသတ်တော့မယ်။

“ငါနဲ့ လိုက်ခဲ့။” ဖန်ကျန်းရှီ သူ့ဓားကို သိမ်းလိုက်တဲ့ အချိန်မှာပဲ ကန်ယွဲ့ အသံ ထွက်လာပြန်တယ်။ ဒါပေါ့ ပင်းယန်ကို ပြောတာ ဖန်ကျန်းရှီကို ပြောတာ မဟုတ်ဘူး။

“ဘာ။ ဘယ်ကိုလဲ။” ပင်းယန် တောင့်တင်းသွားတယ်။ ကန်ယွဲ့ရဲ့ စကားတွေကို သူမ နားမလည်ဘူး။ ရုတ်တရက် သူမစိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။

“ကန်ယွဲ့။ ယွိအာက” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ထွက်ပေါ်လာတယ်။

“ဒီကိစ္စက နင်နဲ့ မဆိုင်ဘူး။” ကန်ယွဲ့ရဲ့ အသံက အေးစက် သွားပြန်တယ်။ နောက်ထပ် ရှင်းပြလိုစိတ် ရှိဟန် မတူဘူး။ ကောင်းကင်နဲ့ ဆက်ထားတဲ့ အလင်းတန်းကြီးဆီကို ပြန်သွားရင်း ပြောတယ်။ “နင့် မယ်တော်ကို တွေ့ချင်ရင် ငါနဲ့ လိုက်ခဲ့၊”

“..” ပင်းယန် စိတ်လှုပ်ရှားမှုကြောင့် နှလုံးသား တစ်ခုလုံး တင်းကြပ်လာခဲ့တယ်။ သူမ အရမ်းကို စိတ်လှုပ်ရှား ပေမယ့် ချက်ခြင်း မသွားခဲ့ဘူး။ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။

“နင် မလိုက်တော့ဘူးလား။” ကန်ယွဲ့ ရပ်တန့်ရင်း မေးတယ်။ သူမ နောက်လည့် မကြည့်သလို အလင်းတန်းထဲလည်း မဝင်ခဲ့ဘူး။

“ငါ မသွားဘူး။” ပင်းယန် အံကြိတ်ရင်း ပြန်အော်တယ်။

“မလာဘူးပေါ့။ ဟဟား။ နင်က မင်းသမီး ဖြစ်နေလို့ လူတိုင်းက နင့်ကို အလိုလိုက် အကြိုက်ဆောင်မယ် ထင်နေတာလား။ ငါပြောလိုက်မယ်။ နင့် မယ်တော်က ငါ့သခင် ဖြစ်ပေမယ့် နင်ကတော့ ငါ့အတွက် ဘာမှ မဟုတ်ဘူး။” ကန်ယွဲ့ တစ်ကိုယ်လုံး တုန်ယင်နေရင်းနဲ့ ပြောနေတယ်။ ထူးဆန်းတဲ့ အမူအယာ တစ်ခု သူမ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ အေးစက်စက် အမူအယာကို ပြန်ပြောင်း သွားပြန်တယ်။

ပင်းယန်ရဲ့ အကြောင်းရင်းကို သူမ ဂရု မစိုက်ဘူး။ သူ့ရဲ့ ဖြစ်တည်မှုကိုသာ ခပ်ရှင်းရှင်း ပြောတယ်။

ကန်ယွဲ့ရဲ့ စကားတွေကို ကြားတော့ ဧကရာဇ် လင်းမုပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ သူ့ လက်တစ်ခုလုံးတောင် ဖြူဖွေးတဲ့ အထိပဲ။

အပိုင်း (၆၀၈)ပြီး၏။

အပိုင်း (၆၀၉)

“ကြည့်ဖို့ အတွက် အရမ်းကို လှလွန်းတယ်။”

ဧကရာဇ် လင်းမုပိုင် စကားမပြောဘူး။ တကိုယ်လုံး တုန်ယင်နေပြီးတော့ ဘာစကားမှ မပြောနိုင်တော့ဘူး။ ကန်ယွဲ့ကို တားမြစ်ဖို့လည်း သူစိတ်ကူး မရှိ။

တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီက မျက်မှောင်ကြုတ်နေခဲ့တယ်။ ပင်းယန်အမေ နဲ့ ဧကရာဇ် လင်းမုပိုင် ဘာတွေ ဖြစ်ခဲ့မှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် အရေးကြီးတဲ့ သတင်း အချက်အလက် တစ်ခုကိုတော့ ရလိုက်တယ်။ ပင်းယန်ရဲ့ အမေက ကန်ယွဲ့ရဲ့ သခင်။

ဒါပေမယ့် ပင်းယန်ကို ကန်ယွဲ့ရဲ့ စိတ်နေစိတ်ထား အပြုအမူက အထက်စီးဆန်နေတာ မဖြစ်သင့်တာပဲ။

ကန်ယွဲ့လို တပည့်လက်သား တစ်ယောက်က ဘာကြောင့်များ ပင်းယန်ကို သတ်ချင်နေတာလြ။

ပင်းယန် မွေးလာတာက အမှား ဖြစ်နေလို့လား။ ဒါမှမဟုတ် မလိုချင်ပဲ ရခဲ့တဲ့ ကလေး တစ်ယောက်လို မျက်ရည် ချောင်းစီး ဖြစ်စေနိုင်တဲ့ ပုံပြင် တစ်ပုဒ် ရှိနေတာလား။ နှစ်ခုလုံးက အဓိပ္မာယ် ရှိတယ်။ နားလည်ဖို့ ခက်ပေမယ့်ပေါ့။

ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စက ကန်ယွဲ့ ကြည့်ရတာ ပင်းယန်ကို လင်းယွမ်လို့ ခေါ်တဲ့ နေရာဆီ ပြန်ခေါ်ဖို့ လာတာ အသိသာကြီး။ ယွိအာရဲ့ အမိန့်ကြောင့် ဒီမှာ သူရောက်နေတာ။ လက်ရှိ ဇာတ်လမ်းမှာ အပေါက်တွေတော့ အများကြီးရှိနေတယ်။

ကန်ယွဲ့က ပင်းယန်ကို လာခေါ်တာ။ ပင်းယန် အမေလည်း ဒါကို သိမှာပဲ။ ကန်ယွဲ့က သူမ အမိန့်အတိုင်း လုပ်ရမှာပဲ။ ကန်ယွဲ့ ပင်းယန်ကို ဘယ်လောက်ပဲ မုန်းနေသည် ဖြစ်စေ၊ သူမကို သတ်လို့ မရဘူး။ ဒါဆိုရင် သူမက ဘာဖြစ်လို့ ဒီလောက်တောင် ရဲတင်းနေရတာလဲ။ အဓိပ္မာယ် မရှိဘူး။

ဒါပေမယ့် ကန်ယွဲ့ရဲ့ အမူအယာတွေ စကားတွေက ထင်ရှားလွန်းနေတယ်။ ပင်းယန်ကို သူသတ်ချင်တဲ့ အကြောင်းကို လူတိုင်း သိသာအောင် လုပ်နေတာပဲ။ ဖန်ကျန်းရှီရဲ့ ရှေ့မှာတောင် ပင်းယန်ကို သူ သေစေချင်နေတာ လူတိုင်း သိအောင် ပြောလိုက်သေးတယ်။

စကား အတော်များများ ပြောပြီးတဲ့နောက် သူက ပင်းယန် အမေ လာခေါ်ခိုင်းတဲ့ တမန်တော်မှန်း သိသာလာတယ်။ ဒါက ရှေ့နောက် မညီတာပဲ။ အကယ်၍ သူမသာ ပင်းယန်ကို တစ်ချက်လေးတောင် မတွေဝေပဲ တိတ်တဆိတ် နှုတ်ပိတ်လိုက်ရင် ဒါက အဓိပ္မာယ် ရှိအုန်းမယ်။ ပင်းယန်ကို အသက်ရှင်လျက် ပြန်ခေါ်သွားရင် ပင်းယန်က သူမရဲ့ အတင့်ရဲတဲ့ အပြုအမူတွေကို သူ့မယ်တော်ဆီ ပြန်ပြောမှာ မကြောက်ဘူးလား။

နောက်ဆုံးတော့လည်း ပင်းယန်သာ သူ့ မယ်တော်နဲ့ တွေ့သွားရင်၊ ကန်ယွဲ့ လုပ်ခဲ့တာတွေကို မသိနိုင် စရာ အကြောင်းမှ မရှိပဲ။ ဒီလမ်းတစ်လျှောက်လုံး ပင်းယန်ကို သတ်ဖို့ လုပ်သွားမှာလား။ ဒါက မဖြစ်နိုင်တာပဲ။

အခုချိန်မှာ ပင်းယန်ကို သတ်ဖို့ အချိန်ကောင်းပဲ။ ပင်းယန်က ဖန်ကျန်းရှီ ရှေ့ကို ခုန်ဝင်လာတာကြောင့် မတော်တဆ ဖြစ်တယ်ဆိုပြီးတော့ ပြောလို့လည်း ရသေးတယ်။ အခုချိန် ဘာတွေ ဖြစ်နေတာလဲ။ ဒါတွေ အားလုံးက ဖန်ကျန်းရှီရဲ့ အတွေးတွေ။ ပင်းယန်လည်း ဒါကိုပဲ တွေးနေတာ။

“ငါက နင့်အတွက် ဘာမှ မဟုတ်ရင်၊ နင်နဲ့ မလိုက်ဖို့ ငါ့မှာ အခွင့်အရေး ရှိတယ်။” ပင်းယန် ပြတ်ပြတ်သားသား အော်ဟစ်တယ်။ သူမ မျက်လုံးတွေက ပိုပြီးတော့ တောက်ပလာပြန်တယ်။

“နင်က ငါ့ကို ငြင်းတယ်ပေါ့။ ရတယ်လေ။ နင့် အလောင်းကို ငါ ပြန်သယ်သွားလို့ ရတာပဲ။” ကန်ယွဲ့က ပင်းယန်ကို စိုက်ကြည့်ရင်း ပြောတယ်။ သူမ အကြည့်တွေက မြေပြင်ပေါ်က ပုရွက်ဆိတ် တစ်ကောင်ကို အချိန် မရွေး နင်းချေ ပြစ်လို့ ရတဲ့ အတိုင်းပဲ။ တကယ့်ကို လန့်စရာ ကောင်းလွန်းတယ်။

ရန်ချန်လိ အပါဝင် ရှိနေတဲ့ လူတွေ အားလုံးက ကန်ယွဲ့ရဲ့ စကားကြောင့် ထိတ်လန့် နေကြတယ်။ ကန်ယွဲ့က သူ့ရဲ့ ဇစ်မြစ်ကို အရင်တည်းက ပြောထားပြီးသား။ သူမက ပင်းယန် အမေရဲ့ တပည့်လက်သား။ ဒါဆိုရင် ပင်းယန်က သူ့ရဲ့ သခင်မလေး။ တပည့်လက်သား တစ်ယောက်က သူ့ရဲ့ သခင်မလေးကို ဘာဖြစ်လို့ ပုရွက်ဆိတ် တကောင်လို အထင်သေးနေတာလဲ။

ဝူယွဲ့အာလည်း စိတ်ရှုပ်ထွေးနေတယ်။ ကန်ယွဲ့ကို ကြည့်ရင်း သူမ မျက်မှောင် ကြုတ်နေခဲ့တယ်။ အစေခံတွေက သူတို့ရဲ့ သခင်မလေးကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့ သာဓကတွေ ရှိပါတယ်။ ဒါပေမယ့် အထူး အခြေအနေတွေလည်း ရှိသေးတယ်။ ဥပမာ သူတို့ ခစားရတဲ့ သခင်က ထင်သလောက် အဆင့် မမြင့်တာမျိုး။ တခြား ရာထူးမြင်တဲ့ သခင်အတွက် အပေါ်ယံ ဟန်ဆောင်ပြီးတော့ပဲ အလုပ်လုပ်တာမျိုးပေါ့။

ဒါပေမယ့် ကန်ယွဲ့က ဒီလို မိသားစု အစေခံမှ မဟုတ်တာ။ သူမက လင်းယွမ် မျှော်စင်ကို ကိုယ်စားပြုတာလေ။ လင်းယွမ် မျှော်စင်ကို တခြားသူတွေ မသိတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဝူယွဲ့အာကတော့ သိတယ်။ လင်းယွမ်က သာမန် မိသားစုနဲ့ လုံး၀ မတူဘူးလေ။ ဒါကြောင့် ကန်ယွဲ့က တခြား သခင် တစ်ယောက်ကို ခစားတာလည်း မဖြစ်နိုင်ဘူး။

လင်းယွမ် မျှော်စင်က အစေခံတွေဆိုတာ သာမာန် နန်းတော်မှာ တွေ့နေကျ ပုံစံနဲ့ မတူဘူး။ ကန်ယွဲ့က ပင်းယန်ရဲ့မယ်တော်ကို လေးစားရတယ် ဆိုရင် သူက ပင်းယန် မယ်တော်ရဲ့ တပည့်ပဲ။ တပည့်လက်သား တစ်ယောက်၊ အတိအကျ ပြောရရင် သွေးသားရင်းချာ တပည့်လက်သား တစ်ယောက်ကပဲ သူ့ကို ဆရာကို သခင်လို့ ခေါ်ခွင့်ရှိတယ်။ သူ့အနားမှာ အနီးကပ် တာဝန် ထမ်းဆောင်နိုင်တယ်။

နောက်တနည်း ပြောရရင် ဒီဆက်ဆံရေးမှာ မနာလို မုန်းတီးတာတွေ သစ္စာဖောက်တာတွေ တစ်ခုမှ မရှိဘူး။ သူ့သခင်ကို သစ္စာ မပျက်ယွင်းရတဲ့ တပည့်လက်သား တစ်ယောက်က သူ့ရဲ့ သခင်မလေးကိုတော့ အေးစက်စက် ဆက်ဆံနေတယ်။ သတ်ဖြတ်ဖို့တောင် ခြိမ်းခြောက် လိုက်သေး။

ဘယ်သူပဲ ကြည့်ကြည့် ဒီ အခြေအနေက ယုတ္တိ မတန်ဘူး။

ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကန်ယွဲ့က သန်မာလွန်းတယ်။ သူတွေးထင် ထားတာထက်ကို အများကြီး သန်မာလွန်းနေတယ်။ အရှင်ရှဲ့လော့ထက်တောင် သန်မာလွန်းနေတော့ သူ ယှဉ်လို့ရမယ့်သူ မဟုတ်ဘူး။ ဒါပေမယ့် ပင်းယန်ကိုလည်း ဒီလို စော်ကားမော်ကား အလုပ်မခံ နိုင်ဘူး။

“ကြည့်ရတာ နင်က နောက်တချီ တိုက်ခိုက် ချင်နေတဲ့ ပုံပဲ။” ကန်ယွဲ့က ဖန်ကျန်းရှီရဲ့ ခံစားချက်တွေကို သတိထား မိတယ်။ သူ့ကို စိုက်ကြည့်ရင်း ပြောတယ်။ “နင် တကယ်ပဲ သေချင်နေရင်၊ ငါနင့်ကို သတ်ပေးလို့ ရတယ်။ လင်းမုပိုင်က တနိုင်ငံလုံးကို သုံးပြီးတော့ ငါ့ကို တားဆီးမယ် ဆိုရင်တောင် ငါ မကြောက်ဘူး။”

“ငါ လုပ်တဲ့ ကိစ္စက ကြီးမြတ်သော ရှနဲ့ မဆိုင်ဘူး။” ဖန်ကျန်းရှီ အေးစက်စက် စိုက်ကြည့်ရင်း အော်ဟစ်တယ်။ ခြေရာမဲ့ဓားက သူ့လက်ထဲ ပြန်ပေါ်လာပြီး ကြောက်မက်ဖွယ် ခရမ်းရောင် အလင်းတန်းတွေ တောက်ပလာပြန်တယ်။

“ဖန်ကျန်းရှီ မဖြစ်ဘူး။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ နောက်တကြိမ် ထွက်ပေါ် လာပြန်တယ်။ ပြီးတော့ သူ တောင်းပန်တယ်။ “ကန်ယွဲ့ မင်း ငါ့ကို အသိအမှတ် မပြုရင်တောင်။ ပင်းယန်က မင်းရဲ့ သခင်မလေးပဲ။ မင်း။”

“ပိတ်ထားစမ်း။” ကန်ယွဲ့ ဒေါသတကြီးနဲ့ ပြန်အော်တယ်။ “ဘာ သခင်မလေးလဲ။ ငါ့မှာ သခင်မလေး ရှိတယ်လို့ တခါမှ မမှတ်ယူထားဘူး။ နင်သာ အာဏာတွေ စည်းစိမ်တွေကို မမက်မောခဲ့ရင်၊ ဒီအဖြစ်မျိုး ကြုံရမှာလား။”

“ငါ။” ဧကရာဇ် လင်းမုပိုင် ဖြူဖျော့ သွားခဲ့တယ်။ အတိတ်ရဲ့ အရိပ်ဆိုး ခြောက်လှန့်တာကို ခံလိုက် ရပုံပဲ။ ရင်ဘတ် တစ်ခုလုံး နိမ့်ချီမြင့်ချီ လှုပ်ရှားလာရင်း သွေးပွက်ပွက် အန်မိတယ်။

“အရှင်မင်းမြတ်။” စိုးရိမ် ပူပန်နေတဲ့ ချန်ဖေးဟွား ချက်ခြင်း တွဲထူတယ်။ ကန်ယွဲ့ကို စိုက်ကြည့်ရင်း သူမ တိတ်ဆိတ် နေခဲ့တယ်။

“ဟဟား။ လင်းမုပိုင် နင် သေရတော့မယ်။ နင့်ရဲ့ အမှားကို နင့်အသက်နဲ့ ပြန်ပေးဆပ်မှပဲ ရမယ်။ ချန်ဖေးဟွား လင်းယွမ် မျှော်စင်ကနေ ပင်းယန်ကို နင် ဘယ်လို ပြန်ခေါ်လာခဲ့ရတယ် ဆိုတာ ဘာဖြစ်လို့ မပြောတာလဲ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ နံပါတ်တစ် ကြင်ယာတော်ကြီးတဲ့။ ဟာသပဲ။” ကန်ယွဲ့ အေးစက်စက် ရယ်မောရင်း ပြောတယ်။ သူမ အရမ်းကို ရွှင်လန်း တက်ကြွ နေခဲ့တယ်။

“တကယ်တော့ ငါ့ အမှားပါ။”

“ဟွားအယ်။ မင်း ရှင်းပြစရာ မလိုဘူး။ ငါကိုယ်တော် တကိုယ်ကောင်း ဆန်မိတာကို နားလည်တယ်။ အင်ပါယာ တစ်ခုလုံးကို လျစ်လျူရှုပြီးတော့ ပျက်ဆီးအောင် ငါ ပြစ်မထားခဲ့ရင် လင်းယွမ် မျှော်စင်ကို မင်းသွားခဲ့ ရမှာ မဟုတ်ဘူး။” ချန်းဖေးဟွားကို ဧကရာဇ် လင်းမုပိုင် ပြောတယ်။

“အမှန်ပဲ။ နင်က တကိုယ်ကောင်းဆန်တယ်။ ချန်ဖေးဟွားက လင်းယွမ် မျှော်စင်ကနေ ပင်းယန်ကို လုယူနိုင်မယ်လို့ နင်တကယ်ပဲ ထင်နေတာလား။ သခင်ကသာ နင့်လို တကိုယ်ကောင်းဆန်တဲ့ ကောင်မျိုးကို ယုံကြည်မိတာ မှားသွားတယ်။ ငါတို့ရဲ့ ယုံကြည်မှုကို နင်က သစ္စာဖောက် သွားတာပဲ။ သခင်ကြောင့်သာ မဟုတ်ရင် ကြီးမြတ်သောရှက ဒီလောက် အောင်မြင်မှာလား။ သခင်သာ မရှိရင် ကြီးမြတ်သောရှ တစ်ခုလုံး ပျက်ဆီးသွားတာ ကြာလှပြီ။ အခု နင့်ကို ကြည့်စမ်း။ ထာရ၀ မအိုတဲ့ ရုပ်ရည်နဲ့ အဆုံးမဲ့ အာဏာတွေ ရှိနေတယ်။ လင်းမုပိုင် အခုချိန် နင် ပိုင်ဆိုင်သမျှ အားလုံးက ငါ့ သခင် လုပ်ပေးခဲ့တာတွေပဲ။ ဒါပေမယ့် နင်က သခင့်ကို ဘယ်လို ဆက်ဆံခဲ့လဲ။”

ကန်ယွဲ့ အသံက မကျယ်ဘူး။ ဒါပေမယ့် ရန်မြို့တော် တစ်ခုလုံးကို ပဲ့တင် ထပ်နေခဲ့တယ်။ သည်းထန်တဲ့ မိုးရေကိုတောင် သူမ အသံက ဖုံးလွှမ်းနေတယ်။ တကိုယ်ကောင်းဆန်ပြီး အာဏာကို မက်မောတယ်။

ဒီစကားလုံးတွေကို ဧကရာဇ် လင်းမုပိုင် ရှေ့မှာ တခြားသူ ပြောတာ ဆိုရင် ခေါင်းဖြတ် သတ်ခံရမှာပဲ။ အခုတော့ ဘယ်သူမှ ရှေ့ထွက်ပြီး မတားရဲ ကြဘူး။ ရှင်းယွမ်ကောင်းတောင် တိတ်ဆိတ် နေခဲ့တယ်။ ကန်ယွဲ့က လင်းယွမ် မျှော်စင်က ဖြစ်နေလို့ သူတို့ မတားတာ မဟုတ်ဘူး။ ငြင်းလို့ မရတဲ့ အမှန်တရား ဖြစ်နေတာကြောင့်ပဲ။

“ယွိအာ ငါ တကယ့်ကို တကိုယ်ကောင်းဆန်မိတယ်။ မင်းကို စိတ်ပျက် စေမိပါတယ်။” ဧကရာဇ် လင်းမုပိုင် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားရင်း ငြီးတွား နေမိတယ်။ ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ တကိုယ်လုံး တုန်ယင် နေပြီးတော့ ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတော့တယ်။

“အရှင်မင်းမြတ်။”

“သတိ ထားတော် မူပါ။”

“ကြီးမြတ်သောရှ နိုင်ငံတော် အတွက် စဉ်းစားတော် မူပါ။”

တောင်ဖြိုတပ်ဖွဲ့တွေ စိုးရိမ်တကြီး အော်ဟစ်ကြတယ်။

“အိုး။ နင်က အခုတော့ တောင်းပန်ပြီပေါ့။ အလုပ် ဖြစ်မယ် ထင်နေလား။ ငါ ဒီနေ့ ဒီကိုလာတာ နင့်ကိစ္စကြောင့် မဟုတ်ဘူး။ နင့်ကိုယ်နင် အပြစ်တင်မနေနဲ့။ အခုချိန်က စပြီး ဧကရာဇ် ကောင်းကောင်းလုပ်။ နင့် နှိုင်ငံကို ကောင်းကောင်း ထိန်းသိမ်း။” ဒူးထောက်နေတဲ့ ဧကရာဇ် လင်းမုပိုင်ကို ကန်ယွဲ့ပြောတယ်။

“ကန်ယွဲ့။ ယွိအာ အခု ဘယ်မှာလဲ။”

“နင်နဲ့ မဆိုင်ဘူး။” ကန်ယွဲ့ ပြန်အော်တယ်။ ပင်းယန်ကို လှည့်ကြည့်ရင်း ပြောတယ်။ “နင် ရွေးလို့ရတယ်။ ငါနဲ့ လင်းယွမ် မျှော်စင်ကို အသက်ရှင်လျက် လိမ်လိမ်မာမာလေး လိုက်မလား။ အသက်မဲ့တဲ့ အလောင်းဘဝနဲ့ လိုက်မလား။”

“ပင်းယန်ကို ခေါ်သွားခွင့် မပြုနိုင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။ သူ လုံး၀ စိတ်ဆုံးဖြတ် ထားပုံပဲ။

“နင်တယောက်တည်းလား။” ကန်ယွဲ့ နှာခေါင်း ရှုတ်တယ်။

“နင် တစ်ယောက်တည်းတော့ ခွင့်မပြု နိုင်ဘူး။” လူတစ်ယောက် ဖန်ကျန်းရှီရဲ့ ဘေးကို ရောက်လာတယ်။ သူမရဲ့ မျက်ဝန်း နက်နက်တွေက တောက်ပ နေခဲ့တယ်။

“နင်လား။” ကန်ယွဲ့ စိုက်ကြည့်ရင်း ဆက်ပြောတယ်။ “တောင်ပိုင်း ဧကရီ ရှန်းယွီ။ နင်က တန်ဖိုးရှိတဲ့ သူငယ်ချင်းပဲ။ ဒါပေမယ့် ငါ့ကို တားဖို့ လူလောက်ရဲ့လား။”

“ငါလည်း ရှိသေးတယ်။” နောက်လူတစ်ယောက် ရှေ့တက်လာခဲ့တယ်။ သူ့ရဲ့ မျက်နှာ အမူအယာက နှစ်တထောင် ရေခဲတုံးကြီးလို အေးစက်စက်။ သူကတော့ ရန်ရွှယ်။

“မင်း ပင်းယန်ကို ခေါ်သွားမှာ ငါ ခွင့်မပြုနိုင်ဘူး။” ကြက်သွေးရောင် အလင်းတန်းတွေ အပြည့်နဲ့ ရန်ချန်လိလည်း ရှေ့ထွက်လာတယ်။

“အင်း။ စိတ်ဝင်စား စရာတော့ ကောင်းလာပြီ။ ရန်ချန်လိ။ ငါ ထင်ထာ မမှားရင်၊ နင်က သုခမိန် အဆင့်ရောက်တာ မကြာသေးဘူး။ ကိုယ်ပိုင် လက္ခဏာလည်း မရသေးဘူး မဟုတ်လား။” ကန်ယွဲ့ မျက်နှာသေနဲ့ ဆက်ပြောတယ်။

“ငါ့မှာ ကိုယ်ပိုင် လက္ခဏာ မရှိသေးဘူး။ ဒါပေမယ့် မင်းကလည်း လင်းယွမ် မျှော်စင် တစ်ခုလုံးကို ကိုယ်စား မပြုဘူး။” ရန်ချန်လိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အရှိန်အဝါ အပြည့်နဲ့ ပြောတယ်။

ကိုယ်ပိုင် လက္ခဏာ (ရန်ချန်လိနဲ့ ကန်ယွဲ့ ပြောနေတာကို လူတွေ နားမလည်ကြဘူး။)

ရန်ချန်လိလို အနောက်ပိုင်း လျန်ဒေသရဲ့ ဘုရင်က ဘယ်လိုလုပ် အသိအမှတ်ပြု ကိုယ်ပိုင် လက္ခဏာ မရှိရမှာလဲ။ ဒါပေမယ့် ရန်ချန်လိကတော့ ဝန်ခံနေတယ်။ ဒါကြောင့် ဘယ်သူမှ မေးခွန်း မထုတ်ဝံ့ဘူး။

“စိတ်ဝင်စား စရာတော့ ကောင်းသားပဲ။ တောင်ပိုင်း ဒေသနဲ့ အနောက်ပိုင်း လျန် နှစ်ခု ပါနေတာကြောင့် ငါက နောက်ဆုတ်မယ် ထင်နေတာလား။ ငါ့ကို ဟာသထင်လို့လား။” ကန်ယွဲ့ ခေါင်းမော့ရင်း ပြောတယ်။ ရှန်းယွီကော ရန်ချန်လိကိုပါ သူနဲ့ တန်တဲ့ ပြိုင်ဘက်တွေလို့ မသတ်မှတ် ထားပုံပဲ။

“ငါ ပါ ပါလာရင်ကော ဘယ်လိုလဲ။” တစ်ချိန်လုံး ခါးထောက် ထားခဲ့တဲ့ ဝူယွဲ့အာ ပြောတယ်။

“နင်။” ကန်ယွဲ့ မျက်မှောင်ကြုတ်ကြည့်တယ်။ ဝူယွဲ့အာကို သေချာ ကြည့်နေတယ်။ “နင်က ဘယ်သူလဲ။”

ဝူယွဲ့အာ ပြန်မဖြေဘူး။ သူ့ခါးကနေ လက်ဖယ်ပြီး ပိုးသား ခါးစည်း တစ်ခုကို ဆွဲထုတ်လိုက်တယ်။ ဒီခါးစည်းက ဘာမှ မျက်စိပသာဒ မရှိဘူး။ မဟူရာရောင် ခါးပတ်ပေါ်မှာ ရှုပ်ထွေးနေတဲ့ လူသားတွေရဲ့ နေ့စဉ်ဘ၀ နဲ့ ပြည့်ကြပ်နေတဲ့ လမ်းတွေကို ချည်ထိုးထားတယ်။

ဒီပုံထဲက လူတွေရဲ့ လက်ထဲမှာ ငွေ၊ ကြေး၊ ရွှေချိန် အမျိုးမျိုးကို ကိုင်ဆောင်ပြီး ရောင်းဝယ် နေကြတယ်။ ဒါပေမယ့် ငွေသားတိုင်းက အနက်ရောင်တွေပဲ။ တခြား ပန်းချီတွေမှာလို အရောင်ခွဲပြီးတော့ ရေးထိုး မထားဘူး။ ဒါကြောင့် ငွေသားတွေ အားလုံးက အရိပ်ထဲမှာ ပုန်းအောင်း နေသလိုပဲ။

ဖန်ကျန်းရှီကတော့ ဝူယွဲ့အာ အမြဲဆောင်ထားတဲ့ ဒီခါးစည်းကို ကောင်းကောင်းသိတယ်။ တကယ်တော့ ဒီခါးပတ်ကို သူ့လက်နဲ့ တစ်ခါမှ မထိဖူးဘူး။ ဝူယွဲ့အာ ဘာလို့ ထုတ်လာလဲလို့ သူ အံ့သြနေတယ်။ တိုက်ခိုက် မလို့များလား။မမ

အစကတော့ သူဒီလို တွေးမိခဲ့တာ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အတွေးကို ဖိနှိပ်လိုက်ရတယ်။ ဒီမြင်ကွင်းက တွေးရုံနဲ့တောင် အရမ်း လှလွန်းနေတယ်။ တခြားတစ်ဖက်မှာတော့ ခါးစည်းကို မြင်မြင်ချင်း ကန်ယွဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ အထိတ်တလန့် စိုက်ကြည့်ရင်း သူ့ မျက်လုံးတွေ တလက်လက် တောက်ပနေတယ်။

“နင့်ရဲ့ မျိုးရိုး နာမည်က (ဝူ) လား။” တစ်ခဏတာ တွေးတော ပြီးနောက် ကန်ယွဲ့ မေးတယ်။

“ဟုတ်တယ်” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ပုံမှန် အခြေအနေမှာဆို ဒီအချိန်မှာ ငါ ထွက်သွားမှာပဲ။ ဒါပေမယ့် အခုတော့ မလုပ်နိုင်ဘူး။ ငါ့ သခင်က ပင်းယန်ကို ပြန်ခေါ်လာဖို့ အမိန့်ပေးထားတယ်။ သေသေရှင်ရှင် ပြန်ခေါ် သွားရမယ်။” ကန်ယွဲ့ ပြန်ပြောတယ်။ ဒီစကားလုံးတွေကို ပြောတဲ့ အချိန် အရမ်းကို ဆုံးဖြတ်ချက် ခိုင်မာ နေပုံပဲ။

“သေသေရှင်ရှင် ပြန်ခေါ်ရမယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ယွိအာက ဘာလို့။” ဧကရာဇ် လင်းမုပိုင် ထိတ်လန့် တကြား ပြောရင်း ကန်ယွဲ့ကို မယုံမကြည် ကြည့်နေခဲ့တယ်။

အပိုင်း(၆၀၉)ပြီး၏။

အပိုင်း (၆၁၀)

“ကံတရားကို ဆန့်ကျင်မယ်။”

သေသေရှင်ရှင်။

အမေ တစ်ယောက်က သူ့တပည့်ကို လွှတ်ပြီးတော့ သူ့သမီးကို ပြန်ခေါ်ခိုင်းတယ်။ ဒါပေမယ့် သေသေရှင်ရှင် ခေါ်ခဲ့ဆိုတာကို စကားထဲ ထည့်ပြောတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ စကားပုံ တစ်ခုရှိတယ်။ (ကျားတောင် ကိုယ့်ကလေးကိုယ် ပြန်မစားဘူး။”

“မယ်တော်က တကယ်ပဲ ဒီလို ပြောတာလား။” ပင်းယန် ပြောရင်းနဲ့ တကိုယ်လုံး တုန်ယင် လာခဲ့တယ်။ နှုတ်ခမ်းတွကို ခပ်တင်းတင်း ကိုက်ထားခဲ့တယ်။

“ငါ ကန်ယွဲ့က ငါ့ဆရာသခင်ရဲ့ စကားကို လက်လွတ်စပယ် ပြောရဲမှာလဲ။ နင် ဆုံးဖြတ် ပြီးပြီလား။” ကန်ယွဲ့က ပင်းယန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ ရေခဲလို အကြည့်က ရေတံခွန်ကိုတောင် အေးခဲ သွားစေနိုင် လောက်တယ်။

“ငါ မင်းကို ပြောပြီးပြီပဲ။ ပင်းယန်ကို မင်း ခေါ်သွားလို့ မရစေရဘူး။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ ပုခုံးကို လက်နဲ့ ဖိထားရင်း ပြောတယ်။ သူမနဲ့ ထိတွေ့မိတဲ့ အချိန်မှာ သူတို့ စတွေ့ခဲ့တဲ့ အချိန်ကို ပြန်တွေးမိတယ်။ အဲ့ဒီ့နေ့ တုန်းက ခရမ်းရောင် ဝတ်ရုံကို ပင်းယန် ဝတ်ထားပြီးတော့ ခေါင်းကို မော့ချီ ထားခဲ့တယ်။ ကျောက်စိမ်းနှင်းကို သူ့လက်ထဲ ထည့်ပေးရင်း လှပတဲ့ ဒေါင်းမလေး တစ်ကောင်လို မြူးကြွနေခဲ့တယ်။

“ငါ့မြင်းကို ယူသွားပြီး အကောင်းဆုံး အစာကျွေးလိုက်၊ နားလည်လား။”

အဲ့ဒီ့နေ့က စပြီးတော့ သူတို့ရဲ့ ကံတရားက တဖြည်းဖြည်းချင်း ဆက်နွယ်လာခဲ့တယ်။ ပင်းယန်ရဲ့ မောက်မာတဲ့ ပုံစံ၊ တခါတလေ တုံးအ ပြီးတော့ ခြိမ်းခြောက်တတ်တဲ့ ပုံစံတွေက စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင် နေခဲ့တယ်။ ပင်းယန်မှာ အားနည်းချက်တွေ အများကြီးရှိတယ်။

ဒါပေမယ့် ဒီလူကပဲ သူ့ဘ၀ ခရီးမှာ အတူတူ လျှောက်လှမ်း ပေးခဲ့တဲ့သူ။ သုခမိန် လောကထဲမှာ ယဉ်ရှန်ရဲ့ တိုက်ခိုက်မှုကို အစား ဝင်ခံခဲ့ပေးတယ်။ တစ်ကြိမ်ပြီး တစ်ကြိမ်၊ ပင်းယန်က ပြဿနာ အမျိုးမျိုး ရှာတယ်။ ဒီနေ့ အခြေအနေကလည်း သူမနဲ့ အများကြီး ပတ်သက်နေတယ်။

အဲ့ဒီ့တော့ ဘာဖြစ်လဲ။

ပင်းယန် ရှေ့မှာ ရပ်တည်ပြီးတော့ သူမအတွက် ဘာလို့ ခုခံ ပေးနေမိလဲ ကိုယ့်ကိုယ်ကို နားမလည်နိုင်ဘူး။ ဒါပေမယ့် သူ လုပ်နေမိတယ်။ အကယ်၍ အကြောင်းပြချက် ပေးရမယ် ဆိုရင် ပင်းယန်က လင်းယွမ် မျှော်စင်နဲ့ မသင့်တော် တာကြောင့်လို့ ပြောရမှာပဲ။

စည်းစိမ် ချမ်းသာတွေကြားမှာ သက်တောင့် သက်သာနဲ့ နေနေရတဲ့ ကြီးမြတ်သောရှ မင်းသမီး တစ်ပါးက ကြမ်းတမ်းတဲ့ လင်းယွမ် မျှော်စင်မှာ ဘယ်လိုများ ရှင်သန် နိုင်မှာလဲ။ ကန်ယွဲ့ရဲ့ အပြုအမူက ဖန်ကျန်းရှီကို နောက်ဆုံး ဆုံးဖြတ်ချက် ချစေတယ်။

“ပင်းယန်ကို ခေါ်သွားခွင့် မပေးနိုင်ဘူး။”

“ငါလည်း ခေါ်သွားခွင့် မပေးနိုင်ဘူး။”

“ကန်ယွဲ့။ မင်းက အင်အားကြီးရင်တောင် ဒီနေ့ မင်းက တစ်ယောက်တည်းပဲ။”

ရှန်ယွီ၊ ရန်ရွှယ်နဲ့ ရန်ချန်လိတို့က ဖန်ကျန်းရှီရဲ့ စကားတွေကို ပြန်ပြောနေကြတယ်။ အဲ့ဒီ့နောက် ဝူယွဲ့အာလည်း ပင်းယန် ရှေ့ကို ရောက်လာပြီး ပိတ်ရပ်လိုက်တယ်။

“ကန်ယွဲ့။ ငါ တကယ်ပဲ ယွိအာကို စိတ်ပျက်မိတယ်။ ဒါပေမယ့် ပင်းယန်ကို မင်း အတင်းအကြပ် ခေါ်သွားမှာ ခွင့်မပြုနိုင်ဘူး။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။

ဧကရာဇ် လင်းမုပိုင် အသံထွက်ပေါ် လာတာနဲ့၊ တောင်ဖြိုတပ်ဖွဲ့နဲ့ ရန်တိမ် တပ်ဖွဲ့က စစ်သည်တော်တွေ အားလုံး တိုက်ခိုက်ဖို့ အသင့် ပြင်လိုက် ကြတယ်။

“ငါတို့လည်း သဘောမတူဘူး။”

သူတို့ အားလုံး တညီတညွှတ်တည်း အော်ဟစ်ကြတယ်။

မြို့နံရံနားကို ရောက်နေတဲ့ နဂါးတပ်ဖွဲ့တွေ တော်ဝင် နန်းစောင့်တပ်တွေ ကတော့ အော်သံတွေ ကြားမှာ ရပ်တန့် နေခဲ့တယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်က အလင်းတန်းကြီးနဲ့ ကန်ယွဲ့ကို ကြည့်နေကြတယ်။ အခု ဘာတွေ ဖြစ်နေမှန်း သူတို့ မသိကြဘူး။ ဒါပေမယ့် သူတို့က ကြီးမြတ်သောရှရဲ့ စစ်သည်တော်တွေ ဒီ အချက် တစ်ခုတည်းနဲ့ တိုက်ခိုက်ဖို့ လုံလောက်ပြီ။

“ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စား စရာ ကောင်းလာတာပဲ။” ဖန်ကျန်းရှီတို့ အုပ်စုနဲ့ နောက်ဘက်က စစ်သည်တော်တွေကို ကြည့်ရင်း ကန်ယွဲ့ အလေးအနက် ပြောတယ်။ ရန်ချန်လိ ပြောသလိုပဲ။ သူမက အင်အားကြီးရင်တောင် ကြီးမြတ်သောရှ နိုင်ငံတော် တစ်ခုလုံးနဲ့တော့ မတိုက်ခိုက်နိုင်ဘူး။

“ကန်ယွဲ့။ မင်းထွက်သွား။ ယွိအာကို ပြောလိုက်။ ငါလုပ်ခဲ့တဲ့ အမှားအတွက် ငါ ပြင်ဆင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်းယန်ကို အတင်းအကြပ် ခေါ်သွားတာလည်း ခွင့်မပြုနိုင်ဘူး။” ဧကရာဇ် လင်းမုပိုင် မြေပြင်ကနေ ဖြည်းဖြည်းချင်း ထရပ်တယ်။

“ငါ လက်မခံရင်ကော။” ကန်ယွဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေ သူမ ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ နိုင်ငံတော် တစ်ခုလုံးနဲ့ တိုက်ခိုက်ပြီးတော့ သူမ မအောင်မြင် နိုင်ဘူး။ ဒါပေမယ့် သူက လင်းယွမ် မျှော်စင်က ကန်ယွဲ့။ လင်းမုပိုင်ရဲ့ ရှေ့မှာ အရှုံး မပေးနိုင်ဘူး။

“မင်း မလုပ်နိုင် ပါဘူး။” ဧကရာဇ် လင်းမုပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် နဂါးကြိးက သူ့နောက်ကျောကနေ မြင့်တက်လာခဲ့တယ်။ သူ့မျက်လုံး တစ်ခုလုံး ကြက်သွေးရောင် အလင်းတန်းတွေနဲ့ ပြည့်နှက် နေခဲ့ပြီ။

“နဂါးစိမ်း မျက်လုံးလား။ နင် ဒါကို သုံးလိုက်ရင် ဘာဖြစ်လာမလဲ သိလား။” ကန်ယွဲ့ မျက်မှောင်ကြုတ်ရင်း မေးတယ်။

နဂါးစိမ်း မျက်လုံးက သူ့ရဲ့ ခုခံနိုင်စွမ်းအတွက် ကျော်ကြားတယ်။ ဒါပေမယ့် သူ့ရဲ့ တကယ့် စွမ်းအားက ခုခံရုံပဲ မဟုတ်ဘူး။ တိုက်ခိုက်တဲ့ ရှေးပစ္စည်း တစ်ခုပဲ။

“ငါ သေလိမ့်မယ်။” ဧကရာဇ် လင်းမုပိုင် ချက်ခြင်း ပြန်ဖြေတယ်။ ပင်းယန်နဲ့ သူ့ရဲ့ ဖန်သလင်းလို ကြည်လင်နေတဲ့ မျက်ဝန်းတွေကို ကြည့်ရင်း ပြောတယ်။ “ငါ နောင်တ မရဘူး။”

“နင့်လို တကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်က မင်းသမီးအတွက် အသက်ကို စွန့်လွှတ်မယ်ပေါ့။ အသစ် အဆန်းပါလား။ ကောင်းပြီလေ။ ဒီနေ့ နင့် ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်မယ်။ အတူတူ သေကြစို့။” ကန်ယွဲ့ ပြောရင်းနဲ့ ရှေ့တက် လာခဲ့တယ်။

ဝုန်း။

မရေမတွက် နိုင်တဲ့ အလင်းတန်းတွေက ကောင်းကင်ကနေ ဆင်းသက်လာတယ်။ ကောင်းကင်ကနေ ကျလာတဲ့ နဂါးငွေ့တန်းကြီး တစ်ခုလိုပဲ။ မိုးသည်းထန်တဲ့ ညကောင်းကင်မှာ တောက်ပနေခဲ့တယ်။

“အင်အားကြီးလိုက်တာ။” လူတိုင်း တအံ့တသြ ရေရွတ် မိကြတယ်။ ကန်ယွဲ့ရဲ့ စွမ်းအားတွေက သူတို့ မျှော်လင့် ထားတာထက်ကို ကျော်လွန်နေတယ်။ ဒါပေမယ့် သူတို့ မဆုတ်ခွာ ကြဘူး။

“သူ့ကို သတ်။”

“ပင်းယန် မင်းသမီးအတွက် သတ်ကြ။”

“ငါတို့ လက်မလျှော့ဘူး။”

တိုက်ပွဲခေါ်သံတွေ ဆက်တိုက် ထွက်ပေါ်နေတယ်။ ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် အတူတူ သေကြမယ်လို့ ဧကရာဇ် လင်းမုပိုင်ကို ပြောတာ သူ နားမလည်ဘူး။ ပင်းယန်ကို ကန်ယွဲ့ ခေါ်မသွားနိုင်အောင် သူတားချင်တယ်။ ဝူယွဲ့အာ၊ ရန်ချန်လိနဲ့ တခြားသူတွေ အားလုံး တည်ကြည် လေးနက် နေကြတယ်။

“ငါ နင်နဲ့ လိုက်မယ်။” ဒီအချိန်မှာပဲ မိုးသည်းထဲမှာ အသံ ထွက်ပေါ်လာတယ်။ လူတစ်ယောက် ဖန်ကျန်းရှီရဲ့ နောက်ကနေ ထွက်လာခဲ့တယ်။

မိုးရေတွေ သူမ ကိုယ်ပေါ်ကို ဆက်တိုက် ကျဆင်းနေခဲ့တယ်။ သူမရဲ့ ကြက်သွေးရောင် ဝတ်ရုံက တောက်ပနေခဲ့တယ်။

“ပင်းယန် မင်းသမီး။” ရှန်းယွီက ပင်းယန်ကို တားဆီးချင်တယ်။ ဒါပေမယ့် သူမရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ မျက်ဝန်းတွေကို မြင်တော့ လက်လွှတ် ပေးလိုက်တယ်။

“ပင်းယန် သမီးတော် သွားလို့ မဖြစ်ဘူး။ အကယ်၍ ယွိအာသာ ဒီစကားကို မပြောခဲ့ရင်၊ ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဖို့ ခွင့်ပြုပေးမှာပဲ။ ဒါပေမယ့် အခုတော့။” ဧကရာဇ် လင်းမုပိုင် ပင်းယန်ကို စိုက်ကြည့်ရင်း အလေးအနက် ပြောတယ်။

“ခမည်းတော်။ သူက သမီးရဲ့ မယ်တော် ဖြစ်နေတုန်းပဲလေ။” ပင်းယန် မိုးကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။

“အဲ့တာ အရင်ကပဲ။ အခုတော့။” ဧကရာဇ် လင်းမုပိုင် သူ့ကို ဖြောင်းဖျဖို့ ကြိုးစား နေခဲ့တယ်။

“သူက ပင်းယန်ရဲ့ မယ်တော် ဖြစ်နေတုန်းပါပဲ။” ပင်းယန် အလေးမထားတဲ့ ပုံစံနဲ့ ဆက်ပြောတယ်။

“ပင်းယန်”

“ပင်းယန် မင်း ဆုံးဖြတ် ပြီးပြီလား။” ဖန်ကျန်းရှီ မေးတယ်။ ပင်းယန် ဘာကြောင့် ဒီလို ဆုံးဖြတ်လိုက်လဲ မသိဘူး။ ဒါပေမယ့် နားလည် နိုင်ပါတယ်။

“ဟုတ်တယ်။” ပင်းယန် ခေါင်းငြိမ့်တယ်။

“လင်းမုပိုင် ငါ နင့်ကို မနာလို ဖြစ်မိတယ်။ ကြည့်ရတာ နင့် သမီးတော်က နင့် အသက်ကို ကယ်ဖို့ ဆုံးဖြတ် လိုက်ပုံပဲ။” ကန်ယွဲ့ စကား ဖြတ်ပြောတယ်။ အဲ့ဒီ့နောက် ပင်းယန်ကို လှည့်ကြည့်ရင်း ပြောတယ်။ “နင် ဆုံးဖြတ် ပြီးမှတော့ သောက်ရေး မပါတာတွေ ပြောမနေနဲ့၊ ငါနဲ့ လိုက်ခဲ့တော့။”

“နင်နဲ့ လိုက်ရင် မယ်တောကို တွေ့ရမှာလား။” ပင်းယန် မေးတယ်။

“ကောင်းပြီ။” ပင်းယန် အံကြိတ်ရင်း ပြောတယ်။

“ဟဟား။ ငါ ပြောဖို့ မေ့သွားတယ်။ ဒီတစ်ခေါက် ခရီးက တသက်လုံး ပြန်လာလို့ မရဘူး။” ကန်ယွဲ့ ဆက်ပြောတယ်။

“ဘယ်တော့မှ ပြန်လာလို့ မရဘူး။” ပင်းယန် တုန်ယင်သွားတယ်။ ဖန်ကျန်းရှီ နဲ့ သူ့ခမည်းတော်ကို လှည့်ကြည့်နေတယ်။

“လင်းယွမ် မျှော်စင်ကို ဘယ်လို နေရာလို့ နင် ထင်နေတာလဲ။ သွားချင်တိုင်းသွား လာချင်တိုင်း လာလို့ ရမယ် ထင်နေတာလား။ ငါ ပြောပြမယ်။ လင်းယွမ် မျှော်စင်ကို ခြေချ လိုက်တာနဲ့ နင်က ကြီးမြတ်သောရှ နိုင်ငံတော် မင်းသမီး မဟုတ်တော့ဘူး။ နင်က သာမာန်လူ ဖြစ်သွားပြီ။ ဘယ်သူမှ နင် သေတာ ရှင်တာကို အာရုံ စိုက်မှာ မဟုတ်ဘူး။ နင် လိုက်ချင်သေးလား။” ကန်ယွဲ့ မေးတယ်။

“ငါ လိုက်မယ်။” ပင်းယန် နှုတ်ခမ်းတွေကို ကိုက်ရင်း ပြောတယ်။ ပုံမှန် ဆိုးသွမ်း မောက်မာတဲ့ မင်းသမီးလေးရဲ့ ပုံစံနဲ့ လုံးဝကို ကွာခြား နေခဲ့တယ်။ နောက်ဆုံး ဖန်ကျန်းရှီကို လှည့်ပြောတယ်။ “အရှက်မရှိတဲ့ ကောင်စုတ်။ ငါ နင်နဲ့ အတူ ရှိမပေး နိုင်တော့ဘူး။ ကောင်းကောင်း အသက်ရှင်။ ယန်လေးက နင့်ကို တကယ်”

“ငါ မင်းကို လာရှာမယ်။” ပင်းယန်ရဲ့ စကားကို ဖန်ကျန်းရှီရဲ့ အော်သံက ဖုံးလွှမ်းသွားတယ်။ ပထမဆုံး အကြိမ် ဘဝမှာ ကူကယ်ရာ မဲ့သလို ခံစား မိတာပဲ။ သူလက်လျှော့လိုက်တာ ကြောက်နေတာ တွေကြောင့် မဟုတ်ဘူး။ သူ့ အသက်ကို စွန့်လွှတ်ရင်တောင် ပင်းယန်က ကန်ယွဲ့နဲ့ လိုက်သွားမှာ ကြောင့်ပဲ။ ပင်းယန်ရဲ့ ဆုံးဖြတ်ချက်ကို သူသိတယ်။

“ငါ့ကို လာရှာမယ်။” ပင်းယန် အံ့သြသွားတယ်။

“ဟုတ်တယ်။ လင်းယွမ် မျှော်စင်ကို လာပြီး မင်းကို လာရှာမယ်။”

“တကယ်ပဲ ငါ့ကို လာရှာမှာပေါ့။ နင် အမြဲ ပြောနေတာ ငါက မောက်မာတယ် တုံးအတဲ့ သဘောကျ ချင်စရာ မရှိဘူးဆို။”

“ဟုတ်တယ်။ ဒါပေမယ့် ငါ မင်းကို လာရှာပါမယ်။ ဆက်ဆက် စောင့်နေ။” ဖန်ကျန်းရှီ ပြုံးပြတယ်။

“ငါ့ စောင့်မယ်။ ကောင်းပြီ။ နှစ်ဝက် အချိန် ပေးမယ်။ နင် ငါ့ကို လာရှာ။” ပင်းယန် တွေးရင်းနဲ့ သူ့မျက်နှာက တောက်ပ လာခဲ့တယ်။ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာခဲ့တယ်။

“ ကိုယ့်ကိုယ်ကို ဂရုစိုက်။ အချိန် ကျလာရင် ငါတို့ အတူတူ သဘောၤစီးပြီး လျှောက်လည် ကြတာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။

“ကောင်းပါပြီ။” ပင်းယန် ရယ်မောလိုက်တယ်။ အဲ့ဒီ့နောက် ကန်ယွဲ့ဆီကို ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။

“တုံးအ လိုက်ကြတာ။” ကန်ယွဲ့ က ဖန်ကျန်းရှီကို လှမ်းပြောတယ်။ “အသက်ရှင်ချိန် နှစ်ဝက်ပဲ ကျန်တော့တဲ့ သဘာဝလွန် အဆင့် ကျင့်ကြံသူလေးကများ လင်းယွမ် မျှော်စင်ကို ဘာဖို့ တွေးနေ သေးတယ်။ လူတစ်ယောက်က ကိုယ့် တန်ဖိုးကို သိရမယ် ဆိုတဲ့ စကား မကြားဖူးဘူးလား။”

“မင်းလည်း ဒီစကားကို နားမလည်တာ သေချာပါတယ်။ ကိုယ့်ကိုယ်ကို တပည့်လက်သား တစ်ယောက်ဆိုတာ မင်း မေ့နေတာလား။” ဖန်ကျန်းရှီ တစ်ခွန်း မကျန် ပြန်ပြောတယ်။

“နှုတ်သီးကောင်း လျှာပါးပဲ။ သိပ်မကြာခင် သေရတော့မှာလေး တစ်ခုပဲ။ နှစ်ဝက်တဲ့။ ဒီ အချိန်ထက် ကျော်ပြီး နင် အသက်ရှင်နိုင်စရာ အကြောင်းမရှိဘူး။” ကန်ယွဲ့ ပြောတယ်။

“အကယ်၍ ပင်းယန်သာ ထိခိုက်ခဲ့ရင်၊ သူ့ မယ်တော်ကို မတွေ့ နိုင်ရင်။ ငါ မင်းကို သေချာပေါက် သတ်ပြစ်မယ်။ လင်းယွမ် မျှော်စင်ထဲမှာ မင်း ပုန်းနေရင်တောင် ငါ ရအောင်သတ်မယ်။” ဖန်ကျန်းရှှီ အေးစက်စက် စိုက်ကြည့်ရင်း ပြောတယ်။

“ငါ့ကို သတ်မယ် ဟုတ်လား။ ဟ ဟား။ ဖန်ကျန်းရှီ နင့် ကိုယ်နင် ဂရုစိုက်ပြီး ကျန်တဲ့ သက်တမ်းမှာ အေးဆေး နေစမ်းပါ။ နင့် ကျန်တဲ့ သက်တမ်းကို ငါ ထပ်ပြောရအုန်းမလား။ နှစ်ဝက်။ နင် နေနိုင်တဲ့ အချိန်က ဒါ အများဆုံးပဲ။ နားလည်တယ် မလား။” ကန်ယွဲ့ ရယ်မောရင်း ပြောတယ်။

ဖန်ကျန်းရှီ တိတ်ဆိတ်သွားတယ်။ နောက်ထပ် ပြောစရာ မရှိတော့ဘူး။ ကန်ယွဲ့ ပြောသလိုပဲ သူ့မှာ နှစ်ဝက်ပဲ အသက်ရှင်ချိန် ရှိတော့တာ။ ဒီ အချိန်တို အတွင်းမှာ သုခမိန် ဖြစ်နိုင် ပါ့မလား။ ရန်ချန်လိကို သူ လှည့်ကြည့်မိတယ်။

သုခမိန် အဆင့်။

ဒါက လူတိုင်း အိမ်မက် မက်နေတဲ့ အရာ တစ်ခုပဲ။ ဒါပေမယ့် ဒီလိုလူတောင် ကန်ယွဲ့ကို မတွန်းလှန် နိုင်ဘူး။ ထူးဆန်းတဲ့ လင်းယွမ် မျှော်စင်လည်း ရှိနေသေးတယ်။ ကန်ယွဲ့ရဲ့ ကျောထောက် နောက်ခံ။

သူတို့ အင်အားတွေက ဘာများ ကွာခြား နေတာလဲ။ အကြိမ်ပေါင်း များစွာ ဖန်ကျန်းရှီ တွေးခဲ့ ဖူးတယ်။ အင်အား ကြီးတာ တစ်ခုတည်းက ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ လမ်း မဟုတ်ဘူးလို့။ ဒါပေမယ့် အချိန်တွေ ပြောင်းလဲ လာတော့ ဒီ အင်အား ကွာခြားမှုကြီးကို ခံစားမိ နေတယ်။

လင်းယွမ် မျှော်စင်။

နှစ်ဝက် အချိန်။

ပင်းယန်ကို တကယ်ပဲ ပြန်တွေ့ နိုင်မှာ မလား။

“အရှက် မရှိတဲ့ ကောင်စုတ်။ ဘယ်သူမှ နင့်ကို မယုံရင်တောင် ငါယုံတယ်။ ငါ နင့်ကို စောင့်နေမယ်။ နှစ်ဝက်နဲ့ နင် ရောက်မလာရင်။ ငါ တစ်နှစ် စောင့်မယ်။ တစ်နှစ်နဲ့ ရောက်မလာရင်လည်း ၂ နှစ်စောင့်မယ်။ ငါနင့်ကို စောင့်နေမယ်။” အလင်းတန်းထဲကို ဝင်ပေါက် ပျောက်ကွယ်သွားခဲ့တဲ့ ပင်းယန်ရဲ့ အသံက လူတိုင်းရဲ့ နားထဲကို ဝင်ရောက်လာတယ်။

“ပင်းယန်” ပထမဆုံး အကြိမ် အနေနဲ့ ပင်းယန်ကို ဖန်ကျန်းရှီ အလေးအနက် ကြည့်မိတယ်။ တောက်ပတဲ့ ကြက်သွေးရောင် ဝတ်ရုံနဲ့ လှပတဲ့ မျက်ဝန်းတွေ။

ဝုန်း။ လျှပ်စီး တစ်ချက် ကောင်းကင်မှာ လက်သွားခဲ့တယ်။

အမှတ်တရတွေက ဖန်ကျန်းရှီရဲ့ စိတ်ထဲ ဝင်လာခဲ့တယ်။ ပင်းယန်နဲ့ ထားခဲ့တဲ့ ကတိ။ ကောင်းကင်တာအို ခန်းမမှာ ချီကူယန်နဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ကတိ။ ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်ကို တင်နေတဲ့ အကြွေး။ ညီအစ်ကိုလို ချစ်ခင်ရတဲ့ ရန်ရွှယ်၊ ရှန်းယွီရဲ့ ယုံကြည်မှု။ ဝူယွဲ့အာရဲ့ အခြေအနေ အလိုက် အထောက်အပံ့တွေနဲ့ ယွင်ချင်းဝူ ဆီမှာ ဆုံးရှုံးသွားတဲ့ ပစ္စည်း။

သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေတာပဲ။ နှစ်ဝက်အတွင်း အဆင့် မတက်နိုင်ရင် သူ သေရလိမ့်မယ်။

ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။ “မိုးနတ်မင်းက ငါ့ကို သေစေချင်မှတော့၊ ကံကြမ္မာကို ငါ ပြောင်းလဲ ပြစ်ရုံပဲပေါ့။”

အပိုင်း(၆၁၀)ပြီး၏။

All Chapters