← Chapters

အပိုင်း (၆၄၁-၆၅၀)

Vol. 7 Ch. 641-650

အပိုင်း (၆၄၁-၆၅၀)

Vol. 7 Ch. 641-650

အပိုင်း (၆၄၁)

“ထွက်ပြေး။ သားကောင်က ပြန်တိုက်ခိုက်”

ကောင်းကင် တာအို ခန်းမ လူရွေးပွဲက အရမ်းကို တင်းကြပ်တဲ့ နေရာမှာ အရမ်း နာမည်ကြီးတယ်။ ဒါပေမယ့် နိုင်ငံလေးခုက ရွေးချယ်ထားတဲ့ ထိပ်တန်း ကျောင်းတော်သား တွေကိုတော့ ထုတ်ပယ်တဲ့ အချိန် အရမ်းကို မတင်းကြပ် သင့်ဘူး။

ဒါက ပထမ အချီပဲ ရှိသေးတယ်။ နောက်တစ်နည်း ပြောရရင် အလွှာလေး တစ်ခုပဲ။ အရင် ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲတွေမှာ ပြိုင်ပွဲဝင် တစ်ချို့ကိုပဲ ထုတ်ပယ်တယ်။ ပြိုင်ပွဲဝင်တွေရဲ့ မောက်မာနေတဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပြစ်ဖို့ ဒီလို လုပ်တာပဲ။ ဒါမှမဟုတ် မေးခွန်း နည်းနည်း မေးပြီးတော့ လူတွေရဲ့ စိတ်သဘော အစစ် အမှန်ကို ပေါ်ထွက် လာအောင် လုပ်တာပဲ။

အခု အချီမှာ ထုတ်ပယ် ခံရတဲ့ အများဆုံး အရေအတွက်က ၃ယောက်ပဲ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ထူးထူးခြားခြား ၁၄ယောက် ထုတ်ပယ် ခံလိုက်ရပြီ။ နောက်ထပ် ပြိုင်ပွဲဝင်တွေ ဆက်တိုက် ထုတ်ပယ် ခံနေရတယ်။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ ဘေးပတ်လည်ကို ကြည့်လိုက်တော့ ၁၇ယောက်ပဲ ကျန်တော့တယ်။ ဖန်ကျန်းရှီကတော့ အတော့်ကို စိတ်လှုပ်ရှား နေဆဲ။ အခုချိန်မှာ သူတို့တွေ စိတ်ရှုပ်ထွေး နေကြပြီ။

ကောင်းကင် တာအို ခန်းမက ဆင်းလာတဲ့ အချိန် စိတ်ကို ကြိုတင် ပြင်ဆင် ထားပြီးသား။ ဒါပေမယ့် အခုလို အဖြစ်အပျက် ကြုံရတာမျိုးတော့ မမျှော်လင့် ထားမိဘူး။ ထွက်သွားရတဲ့ လူတွေ အားလုံးကလည်း အရမ်းကို ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့ ထွက်သွား နေကြတယ်။ လောကကြီးမှာဘာတွေ ဖြစ်နေပြီလဲ။

ကျေးဇူး တင်နေကြတယ်။ ထုတ်ပယ် ခံရတာကြောင့် ပျော်ရွှင် နေကြတယ်။

အကြီးအကဲ နှစ်ယောက် မယုံနိုင် ဖြစ်နေကြတယ်။ ကောင်းကင် တာအို ခန်းမထဲမှာ ကျန်နေတဲ့ သူတွေလည်း ဒီလို အဖြစ်ကို ကိုယ်တိုင်မမြင်ရရင် ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် အားလုံးက အမှန် တရားတွေ ဖြစ်နေတယ်လေ။ ကျန်နေတဲ့ ပြိုင်ပွဲဝင် ၁၇ယောက်လည်း ဖန်ကျန်းရှီ သူတို့ကို စစ်ဆေး ဆုံးဖြတ်တာ ခံရဖို့ အရမ်းကို မျှော်လင့် တကြီးနဲ့ စိတ်အား ထက်သန်နေတဲ့ ပုံပဲ။ တတိယ နဲ့ ပဉ္စမ အကြီးအကဲ နှစ်ယောက်လုံး စိတ်ထဲမှာ ထူးဆန်း နေခဲ့တယ်။

အခုချိန်မှာ ခုန်ချင်းကို အင်အားသုံးပြီးတော့ လုပ်ပိုင်ခွင့်နဲ့ ဖယ်ထုတ်လို့ ရတယ်။ ဒါပေမယ့် သူတို့တွေက လူငယ်ကို အနိုင်ကျင့်တဲ့သူ ဖြစ်သွား လိမ့်မယ်။ ဒါ့အပြင် ခုန်ချင်းရမယ့် ဂုဏ်ပုဒ်တွေကို လုယူသလိုလဲ ဖြစ်လိမ့်မယ် မဟုတ်လား။

ဘာဆက်လုပ် ရမလဲ။

ခုန်ချင်း ဒီလို ထုတ်ပယ် နေတာကို ဆက်ပြီးတော့ ခွင့်ပြုထားရမှာလား။ တတိယ နဲ့ ပဉ္စမ အကြီးအကဲ နှစ်ယောက် တွေေ၀ နေခဲ့တယ်။ သူတို့တွေက ခုန်ချင်းကို ပထမ အချီမှာ စစ်ဆေးသူ ဖြစ်စေဖို့ ထောက်ခံ ထားတာလေ။ အခုလို ရလဒ်မျိုး ဖြစ်လာမယ်လို့ သူတို့ မမျှော်လင့် ထားမိဘူး။

သူတို့က ခုန်ချင်းရဲ့ စူးရှတဲ့ အမြင်ကို သတိထားမိလို့ ရည်ရွယ်ချက် ရှိရှိနဲ့ ခေါ်ထုတ် ခဲ့တာ။ ဒါပေမယ့် အခုတော့ ခုန်ချင်းက သူ့အမြင်နဲ့ သူ ဖြစ်နေတော့ ပြဿနာ တက်နေပြီ။ ခုန်ချင်းကို ဆန့်ကျင်ပြီး ပြောဆိုဖို့ သူတို့ မတွေးတတ်တော့ဘူး။ တကယ်တော့ သူတို့ စိတ်ထဲမှာလည်း နည်းနည်းတော့ အလင်းပွင့် နေခဲ့ပြီ။ ရှက်တော့ ရှက်စရာပဲ။

ဒါတွေ အားလုံးကို ရပ်တန့် သွားအောင် သူတို့ လုပ်ချင်တယ်။ ဒါပေမယ့် ခုချင်းကို တားဖို့ အကြောင်းရင်း ရှာမတွေ့ဘူး။ ဒီအတိုင်းသာ ဆက်သွား နေရင်။ ပထမ အချီမှာတင် ၃ယောက်ပဲ ကျန်တော့မယ်။

သိထားရမယ့် ကိစ္စ တစ်ခုလည်း ရှီတယ်။ ကောင်းကင် တာအို ခန်းမမှာ နိုင်ငံတော် လေးခုက ဧကရာဇ်တွေ သုခမိန်တွေ အများကြီး ရောက်နေကြပြီ။ ရွေးချယ်ပွဲရဲ့ နောက်ဆုံး ရလဒ်ကို စောင့်ဆိုင်း နေကြတယ်။

ဒါပေမယ့် သုံးယောက်တည်းသာ ကျန်တော့ရင်၊ ကောင်းကင်တာအို ခန်းမရဲ့ မျက်နှာကို ဘယ်နား သွားထားရမှာလဲ။ တတိယနဲ့ ပဉ္စမ အကြီးအကဲ နှစ်ယောက်လုံး ဒီပြဿနာကို စဉ်းစား နေကြတယ်။ အစကတော့ သူတို့ တွေးခဲ့တာ၊ သူတို့ ရှေ့မှာ ရှိနေတဲ့ သားကောင်က သူတို့ လိုချင်တဲ့ အချိန်မှာ စတေးခံပြီး အချိန်မရွေး သတ်လို့ ရတယ်လို့။ ဒါပေမယ့် အခြေအနေတွေက အထိန်း အကွပ်မဲ့ ဖြစ်လာမယ်လို့ မထင်ထား ခဲ့မိဘူး။

“မဖြစ်ဘူး။ ဒီလို ဆက်ဖြစ်လို့ မဖြစ်ဘူး။” တတိယ အကြီးအကဲ လက်သီးဆုပ်ထားရင်းနဲ့ မျက်လုံးတွေ တဖျပ်ဖျပ် တောက်ပ လာတော့တယ်။

“ပြောတာ ကောင်းတယ်။ အရမ်း အရမ်း ကောင်းတယ်။ အခုက စပြီးတော့ မင်းက ကောင်းကင် တာအို ခန်းမရဲ့ တပည့်ပဲ။”

“တပည့် ဟုတ်လား။” တတိယ အကြီးအကဲရဲ့ မျက်လုံးပြူး သွားတယ်။ (တပည့်) ဆိုတဲ့ စကားကို ကြားတဲ့ အချိန် သူမယုံနိုင် ခဲ့ဘူး။

“ဒုန်။” ထုတ်ပယ်ဆိုတဲ့ စကားကို ကြားဖို့ မျှော်လင့်နေတဲ့ လူနှစ်ယောက် ဒါကို ကြားတော့ တုန်ယင် သွားခဲ့တယ်။

“နောက်တစ်ယောက် အောင်မြင် ပြန်တာလား။”

“နေစမ်းပါအုန်း။ အောင်မြင်ရုံတင် မကဘူး။ တပည့်သားပါ တစ်ခါတည်း ဖြစ်သွားတာလား။”

“ဒါဆိုရင် အခု အချီက နောက်ဆုံး ပြိုင်ပွဲလား။ မဖြစ်နိုင်ဘူး။ နန်ကုန်းမုက ဘယ်လိုများ တပည့်သား တန်းဖြစ်တာလဲ။ ချန်းဝူတောင် နောက်တစ်ဆင့် ဖြေဆိုဖို့ စောင့်နေရတာ မဟုတ်လား။”

ဘယ်သူမှ အခြေအနေကို နားမလည်ကြဘူး။ နန်ကုန်းမုတောင် အထိတ်တလန့်နဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်နေ ခဲ့တယ်။ အခုချိန်မှာ သူ့အတွက် တုံ့ပြန်ဖို့ အချိန် နည်းနည်း လိုနေတယ်။

“တပည့်သား တဲ့လား။ အဲ့တာ ကောင်းကင် တာအို ခန်းမကို ငါဝင်ခွင့် ရတယ်ဆိုတဲ့ သဘောလား။” နန်ကုန်းမုလည်း ဖန်ကျန်းရှီရဲ့ အပြုအမူကြောင့် တကယ့်ကို လန့်နေတယ်။ ခေါင်းထဲမှာ ဖြစ်ရပ်တွေကို ပြန်တွေး နေခဲ့တယ်။ “ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲမှာ အဆင့် သုံးဆင့် ရှိတာ မဟုတ်ဘူးလား။”

“အကိုကြီး ခုန်ချင်း ဒါက ပထမ အဆင့်နော်။” နောက်ဘက်မှာ ရပ်နေတဲ့ တပည့်သား သုံးယောက် တတိယ နဲ့ ပဉ္စ အကြီးအကဲရဲ့ မည်းမှောင်နေတဲ့ မျက်နှာတွေကို စိုက်ကြည့် နေခဲ့တယ်။ စိုးရိမ် တကြီးနဲ့ သတိပေးမိတယ်။

“ပထမ အဆင့် ဟုတ်သားပဲ။ အာ အခုက တစ်ခုပဲ ရှိသေးတာ။ ဒီလို ပါရမီရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတော့ စိတ်လှုပ်ရှားတာကို မထိန်းနိုင် တော့လို့ပါ။ နန်ကုန်းမု။ မစိုးရိမ်နဲ့၊ မင်းရဲ့ အရည်အချင်းနဲ့ ဆိုရင်၊ ကောင်းကင် တာအို ခန်းမ စစ်ဆေးမှုတွေကို ချွေးတစ်စက်လေးတောင် မထွက်ပဲ ဖြတ်သန်း နိုင်လိမ့်မယ်။ ငါ့ကို ယုံလိုက်။ ငါတို့ရဲ့ အကြီးအကဲတွေက အရမ်းကို ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ပြည့်ဝပြီးတော့ အမြင်ကျယ်တယ်။ သူတို့ နားလည်မှာပါ။”

“မျက်လုံးတွေက တောက်ပနေတဲ့ မှန်လိုပဲတဲ့။”

“အမြင်ကျယ်တယ်။ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနဲ့ ပြည့်စုံတယ်တဲ့။”

အကြီးအကဲတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခါးသက်သက် ပြုံးနေခဲ့တယ်။ သူတို့ရဲ့ အသိပညာဉာဏ်နဲ့ ဆိုရင်၊ ဖန်ကျန်းရှီ ဆိုလိုတာကို ဘယ်လိုများ မသိနိုင်ပဲ နေမှာလဲ။

ဖန်ကျန်းရှီ ပြောတဲ့ အကြီးအကဲ ဆိုတာ သူတို့ပဲလေ။ အကယ်၍ အဆုံးသတ်မှာ နန်ကုန်းမုကို ငြင်းပယ်လိုက်ရင်၊ သူတို့တွေက အမြင်မကျယ်တဲ့ လူတွေ ဖြစ်သွားလိမ့်မယ်။

“ဒီကောင်စုတ်က စိတ်ဝင်စား စရာပဲ။” ပဉ္စအကြီးအကဲရဲ့ ဝဖောင်းဖောင်း မျက်နှာက တုန်ခါနေတယ်။ တတိယ အကြီးအကဲကို ကြည့်ရင်းနဲ့ ချောင်းဆိုးလိုက်တယ်။

“အဟွတ် ဟွတ်။” တတိယ အကြီးအကဲလည်း တစ်ချိန်တည်းမှာပဲ ချောင်းဟန့်လိုက်တယ်။ အခု အခြေအနေက ကူကယ်ရာ မဲ့နေပြီ။ ဖန်ကျန်းရှီက သူတို့ရဲ့ ချောင်းဟန့်သံကို ကြားတဲ့ပုံ မပေါ်ဘူး။ ရန်ရွှယ်ကို ချက်ခြင်း လက်ညှိုးထိုးရင်း မေးတယ်။

“ဟုတ်ပါတယ်။” ရန်ရွှယ် ခေါင်းငြိမ့်ရင်းနဲ့ ရှေ့ကို မြန်မြန် ထွက်လာတယ်။ ဖန်ကျန်းရှီကို ဦးညွှတ်တယ်။ “ရန်ရွှယ် ကြီးမြတ်သောရှ နိုင်ငံတော် အနောက်ပိုင်းလျန် ဒေသက။ ကျေးဇူးပြုပြီး မေးခွန်း မေးပါ။”

“မေးခွန်း မေးဖို့ မလိုတော့ဘူး။ မင်းရဲ့ အတွေ့အကြုံတွေနဲ့ စွမ်းအားတွေ အကြောင်းကို ငါကြားဖူး ပါတယ်။ မင်းက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက အဇူရာ တာအိုကို ကျွမ်းကျင်အောင် တတ်မြောက် ထားတဲ့သူပဲ။ ကောင်းကင်တာအို ခန်းမမှာ မင်းလို အရည်အချင်း ရှိတဲ့သူကို ကြိုဆိုတယ်။” ဖန်ကျန်းရှီ လက်ကို ဝေ့ယမ်းရင်းနဲ့ ပြောလိုက်တယ်။ အဲ့ဒီ့နောက် ရှက်ရွံ့နေတဲ့ တတိယနဲ့ ပဉ္စမ အကြီးအကဲကို လှည့်ကြည့်တယ်။ “တတိယနဲ့ ပဉ္စ အကြီးအကဲ။ ဒါကို ဘယ်လို မြင်လဲ”

“အဟွတ် ဟွတ်။” တတိယ အကြီးအကဲ ဒါကို မမျှော်လင့် ထားမိဘူး။ ဖန်ကျန်းရှီက တုံ့ပြန်တာ အရမ်းကို မြန်လွန်းနေတယ်။ ဒါပေမယ့် သူ ချောင်းဟန့်ရင်း ပြောလိုက်တယ်။ “အင်း။ မှန်တယ် မှန်တယ်။”

“ကောင်းပြီ။ ရန်ရွှယ်။ နောက်တဆင့် စစ်ဆေးခံဖို့ ပြင်ဆင်ထားလိုက်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ရန်ရွှယ်ကို လက်ဝေ့ယမ်း ပြတယ်။ ဒါပေမယ့် သူတစ်ခုခုကို နားလည် သွားတာကြောင့် လှည့်မေးတယ်။ “တတိယ အကြီးအကဲ။ စိတ်ထဲမှာ တစ်ခုခု တွေးမိလို့လား။”

“အင်း။ ဟုတ်သား။ ကောင်းကင် တာအို ခန်းမမှာ အရေးကြီး ကိစ္စတွေ လုပ်ဖို့ ရှိသေးတယ်။ ခုန်ချင်း၊ မင်းလည်း စာမေးပွဲ စစ်ပေးနေရတာ ပင်ပန်း နေလောက်ပြီ။ ငါနဲ့ အတူ ပြန်လိုက်ခဲ့ ပါလား။ ဒါကို တခြားသူတွေဆီ လွှဲခဲ့လိုက်။” တတိယ အကြီးအကဲ ပြောပြီးပြီးချင်း တပည့်သား သုံးယောက်ကို လက်ဝေ့ယမ်းပြတယ်။

“အမိန့် အတိုင်းပါ။ တတိယ အကြီးအကဲ။ ကျွန်တော်တို့ ဒီအချီကို တာဝန် အပြည့်အ၀ ယူလိုက်ပါမယ်။ တတိယနဲ့ ပဉ္စမ အကြီးအကဲ စိတ်မပူပါနဲ့ အကိုကြီး ခုန်ချင်းလည်း စိတ်ချပါ။” တပည့်သား သုံးယောက် တစ်ခဏတာ တောင့်တင်း နေပြီးနောက် ချက်ခြင်း ပြန်ဖြေလိုက်တယ်။

ကောင်းကင် တာအို ခန်းမမှ ထိပ်သီးတွေ ဖြစ်ပြီးတော့ တတိယ အကြီးအကဲ ဆိုလို ချင်တာကို ဘာလို့များ နားမလည် ရမှာလဲ။ ဒါကြောင့် သူတို့ အများကြီး မတွေးပဲ ခေါင်းငြိမ့်လိုက်တယ်။

“အကိုကြီး ခုန်ချင်းက ထွက်သွား တော့မှာလား။”

“သူ သင်ကြားတာကို ငါထပ်ပြီးတော့ နားထောင်ချင်သေးတယ်။”

“နှမြောစရာ ကောင်းလိုက်တာ။”

ကျန်ရှိတဲ့ ပြိုင်ပွဲဝင်တွေ ဖန်ကျန်းရှီက သူတို့ကို ညွှန်ပြပေးတာ နားထောင် ချင်နေတာ။ ဒါပေမယ့် ဖန်ကျန်းရှီ ထွက်သွား တော့မယ် ဆိုတော့ စိတ်ပျက် လက်ပျက် ဖြစ်သွားခြ့တယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမရဲ့ လူတွေ ဖြစ်နေတော့။ အကိုကြီး ခုန်ချင်းကို ထားရစ်ဖို့ မပြောနိုင်ဘူး။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲလေ။

“ခုန်ချင်း ငါ့နောက် လိုက်ခဲ့။” တတိယ အကြီးအကဲလည်း ပြိုင်ပွဲဝင်တွေရဲ့ စိတ်ပျက် အားလျော့ သွားတဲ့ ပုံစံကို ခံစားမိတယ်။ အဲ့ဒီ့နောက် ခါးသက်သက် ပြုံးလိုက်မိတယ်။ ဖန်ကျန်းရှီကို စိတ်မရှည် လက်မရှည်နဲ့ အော်ဟစ်လိုက်တယ်။

“ကောင်းကင် တာအို ခန်းမကို သွားမှာလား။” ဖန်ကျန်းရှီ တွေေ၀ နေခဲ့တယ်။ ကောင်းကင် တာအို ခန်းမကို သွားဖို့ တွေးမိ ခဲ့ပေမယ့် ဒီလို နည်းနဲ့ ဖြစ်လာမယ် မထင်မိ ခဲ့ဘူး။ တတိယနဲ့ ပဉ္စမ အကြီးအကဲက သူ့ကို ဒေါသထွက် နေမှာ မဟုတ်ဘူးလား။ ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ထင့် သွားတယ်။ တစ်ခဏ အတွင်းမှာ ပြိုင်ပွဲဝင် ၅ယောက်ကို ထုတ်ပယ်ခဲ့တာ။ တတိယနဲ့ ပဉ္စမ အကြီးအကဲကို ရှက်အောင်တောင် လုပ်ခဲ့သေးတယ်။ ဒါကို ဘာကြောင့်များ သူတို့ စိတ်မဆိုး ကြတာလဲ။

အကျဉ်းချမှာတွေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ခိုင်းမှာတွေ ဘယ်ရောက် ကုန်ပြီလဲ။ နောက်ပြီးတော့ ကျာပွတ်နဲ့ ရိုက်နှက် ခံရတာတွေ ကောင်းကင် တာအို ခန်းမက နှင်ထုတ် ခံရတာတွေ ဘယ်မှာလဲ။ ဘာဖြစ်လို့ ဒီလူတွေ ဒီလောက်တောင် စိတ်ရှည် နေရတာလဲ။

နောက်ပြီးတော့ ကောင်းကင် အိုအေစစ် သုခမိန် ကြီးကကော ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တို တတ်ရတာလဲ။ အရာ အားလုံးက ထူးဆန်းနေတာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ဘယ်မှာ ပြဿနာ ရှိနေမှန်းတော့ မသိဘူး။ ကောင်းကင် တာအို ခန်းကို သွားသင့်လား။ ဒါမှမဟုတ် မသွားသင့်ဘူးလား။

“မေ့ထားလိုက်။ သိပ်မကြာခင် ဝင်နိုင်မှာပဲ။” ဖန်ကျန်းရှီက ဆုံးဖြတ်ချက် မချခင် တစ်ခဏတာ ရပ်တန့် လိုက်တယ်။ အခုချိန်မှာ ဆုံးဖြတ်ချက် ခိုင်မာနေတဲ့ ကိုယ့်ကိုယ်ကို ချီးမွမ်း မိတယ်။ တတိယ အကြီးအကဲက ဒါတွေ အားလုံးကို မရပ်တန့်ခင် နန်ကုန်းမုနဲ့ ရန်ရွှယ်ကို နောက်တစ်ဆင့် တင်ပေးနိုင်လိုက်တယ်။ အနည်းဆုံးတော့ သူတို့ နောက်တဆင့်ကို ရောက်သွားပြီလေ။ ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို ချီးမွမ်း နေမိတယ်။

“ဝုန်း။” သားရဲကောင် အော်သံတွေက ဖန်ကျန်းရှီရဲ့ အတွေးကို နှောက်ယှက်လိုက်တယ်။ ကြီးမားတဲ့ အနက်ရောင် သားရဲကောင်ကြီး နှစ်ကောင်၊ ကောင်းကင်ကနေ ဆင်းသက်လာတယ်။ သူတို့ရဲ့ တောင်ပံခတ်မှုတွေကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လေပြင်းတွေ ထန်နေခဲ့တယ်။

“တတိယ အကြီးအကဲ၊ ပဉ္စမ အကြီးအကဲနဲ့ အကိုကြီး ခုန်ချင်းကို နှုတ်ခွန်းဆက်ပါတယ်။” တပည်သား သုံးယောက် သားရဲကောင်တွေ ဆင်းသက်လာတာ မြင်တော့ နှုတ်ဆက်တယ်။

“အင်း။” အကြီးအကဲ နှစ်ကောင် ခေါင်းငြိမ့်ရင်းနဲ့ သားရဲကောင်တွေဆီ တက်သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ့နေရာမှာသူ ရပ်နေတုန်းပဲ။

“အကိုကြီး ခုန်ချင်း။ အကိုကြီးရဲ့ မီးတောက်စိမ်း သားရဲကောင်ကော ဘယ်မှာလဲ။ မြန်မြန် ဆင်းလာဖို့ ခေါ်လိုက်အုန်း။” တပည့်သားတွေ ဖန်ကျန်းရှီကို သတိပေးပြန်တယ်။

“ဟုတ်သား။ ငါ့ရဲ့ မီးတောက်စိမ်း ဘယ်မှာလဲ။” ရှင်းလင်း ကြည်ပြာနေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးမိတယ်။

အပိုင်း(၆၄၁)ပြီး၏။

အပိုင်း (၆၄၂)

“လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား။”

လူတစ်ယောက်က လူ့အရေခွံ ဟန်ဆောင် မျက်နှာဖုံး တပ်ထားရင်၊ သားရဲကောင် အရိုင်းက သူ့ပိုင်ရှင်ကို မှတ်မိမှာလား။ ဒါကို အရင်က ဘယ်သူမှ မပြောဖူးဘူး။ ဒါကြောင့် မေးခွန်းက ခက်ခဲတယ်။ ဖန်ကျန်းရှီလည်း တစ်ခါမှ မစဉ်းစားမိတဲ့ မေးခွန်း တစ်ခုပဲ။

မီးတောက်စိမ်း သားရဲတဲ့။ ဒါပေါ့ ရှိမှန်း သိတယ်။ နောက်ပြီးတော့ ဓားတောင် တစ်နေရာမှာ စောင့်နေမှာ သေချာတယ်။ ဒါပေမယ့် မီးတောက်စိမ်း သားရဲကောင်က ခုန်ချင်း ပိုင်တာ။ ဖန်ကျန်းရှီ ပိုင်တာ မဟုတ်ဘူး။ လူတွေကို အလွယ်တကူ လှည့်စားလို့ ရပေမယ့်၊ သားရဲကောင်ကိုတော့ လှည့်စားလို့ မလွယ်ဘူး။ ဒါဆိုရင် စောင့်နေတဲ့ မီးတောက်စိမ်း သားရဲကောင်ကို လှုပ်ရှား တက်ကြွလာအောင် ဘယ်လို လုပ်ရမလဲ။

မီးတောက်စိမ်း သားရဲကောင်ကို ခေါ်ရမယ့် နည်းလမ်းကို သူမသိရုံဘူး။ ဒါပေမယ့်ေခေါ်လို့ ရခဲ့ရင်တောင် သားရဲကောင်က သူ့လို အယောင်ဆောင် တစ်ယောက်ကို အသိအမှတ် ပြုမှာလား။ ထုတ်ဖော်ခံလိုက် ၇ရင် ဘယ်လို ဖြစ်သွားမှာလဲ။ မဖြစ်နိုင်ဘူး။ ဒီပြဿနာ လေးက ဖန်ကျန်းရှီကို မလှုပ်ရှား စေနိုင်ဘူး။

“အိုက်ယား။ ပထမ ပြိုင်ပွဲက ပြီးဖို့ အချိန်ကြာအုန်းမယ်လို့ ငါတွေါ်ထားတာ။ ဒါကြောင့် မီးတောက်စိမ်း သားရဲကို တခြား နေရာမှာ အနားယူဖို့ လွှတ်ထားမိလိုက်တယ်။ ညီနောင်တို့၊ မင်းတို့ရဲ့ သားရဲ တစ်ကောင်လောက် စီးဖို့ ငှားပေးပါလား။” ဖန်ကျန်းရှီ ခေါင်းဟန့်ရင်း ကောင်းကင် တာအို ခန်းမ တပည့်သားတွေကို မျှော်လင့်တကြီးနဲ့ ကြည့်ရင်း ပြောတယ်။

“ရပါတယ် အကိုကြီး ခုန်ချင်း။ ခဏလေးစောင့်။ ခေါ်လိုက်မယ်။” တပည့်သား တစ်ယောက် ဒါကို ကြားတော့ ကောင်းကင်ကို မော့ကြည့်ရင်း လေချွန်လိုက်တယ်။

“တကယ်ပဲ၊ ဉာဏ်ကောင်းတာက ဖြေရှင်းနိုင်လို့ တော်သေး။” ဖန်ကျန်းရှီ သူ့ရဲ့ တုံ့ပြန်မှု မြန်တာကို ချီးမွမ်းနေမိတယ်။ အဲ့ဒီ့နောက် သားရဲကောင် ဆင်းသက်လာမှာကို စောင့်ဆိုင်း နေခဲ့တယ်။

နားအူစရာ အော်သံကြီး ကောင်းကင်ကနေ ထွက်ပေါ်လာတယ်။ သားရဲကောင်က တစ်ကောင်တည်း မဟုတ်ဘူး။ နှစ်ကောင် ဆင်းသက် လာခဲ့တယ်။ “အာ။ အကိုကြီး ခုန်ချင်း။ အကိုကြီးရဲ့ မီးတောက်စိမ်း သားရဲလည်း ဆင်းလာတယ်။” နတ်သတ္တဝါ နှစ်ကောင်ကို ကြည့်ရင်း တပည့်သားတွေ ထိတ်လန့်နေတဲ့ ပုံစံပဲ။

“..” ဖန်ကျန်းရှီကတော့ ဘာမှ ပြန်မဖြေ နိုင်ဘူး။ တစ်ကောင်ခေါ်လိုက်တာ ဘာကြောင့်များ နှစ်ကောင်လုံး ဆင်းလာတာလဲ။ ဒီသတ္တဝါတွေမှာ လူလို အသိဉာဏ် ရှိနေတာလား။ ပျံဝဲနေတဲ့ မီးတောက်စိမ်း သားရဲကောင်ကို ကြည့်ရင်း စိတ်ထဲမှာ လှိုင်းထန် နေမိတယ်။ ဒါပေမယ့် ကံကောင်းတာက တပည့်သား သုံးယောက် အများကြီး မမေးမြန်း ကြတာပဲ။ တတိယ နဲ့ ပဉ္စမ အကြီးအကဲကတော့ ဒီလို ဖြစ်ရပ်လေးကို သတိထားမိတဲ့ ပုံစံ မပေါ်ဘူး။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သားရဲကောင်တွေကို လက်နဲ့ ပုတ်လိုက်တယ်။

“ဝူ။” သားရဲကောင် နှစ်ကောင် ကောင်ကင်ကို ပျံတက်သွားခဲ့တယ်။

မီးတောက်စိမ်း သားရဲကောင်နဲ့ နောက်ထပ် သားရဲကောင်က မြေပြင်ပေါ်မှာ ဆင်းသက်ပြီးတော့ အတောင်ပံတွေကို သိမ်းလိုက်တယ်။ သူတို့ရဲ့ မျက်လုံးနီနီတွေက ဖန်ကျန်းရှီနဲ့ တပည့်သား သုံးယောက်ကို စိုက်ကြည့် ေ်နခဲ့တယ်။

“အကိုကြီး ခုန်ချင်း ဂရုစိုက်ပါ။” တပည့်သားတွေ ဖန်ကျန်းရှီကို နှုတ်ဆက်ကြတယ်။

“ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ နောက်ထပ် နေဖို့ စိတ်ကူး မရှိတော့ဘူး။ မီးတောက်စိမ်း သားရဲကောင် မြေပြင်မှာ ကောင်းကောင်း မရပ်ရသေးတဲ့ အချိန်မှာတင် သူခုန်တက်လိုက်တယ်။ သားရဲကောင်ရဲ့ ကျောပေါ်ကို ညင်ညင်သာသာလေး ရောက်သွားခဲ့တယ်။

“ရွှီး။” မီးတောက်စိမ်း သားရဲကောင်ရဲ့ မျက်လုံးမှာ ဒေါသရိပ် တစ်ချို့ ပေါ်လာပေမယ့် ချက်ခြင်း ကောင်းကင်ကို ပျံတက် သွားခဲ့တယ်။ လျှပ်စီးလက်သလို ပျံတက်ရင်း ကောင်းကင်မှာ ပျောက်ကွယ် သွားခဲ့တယ်။

“အမ်။ မီးတောက်စိမ်း သားရဲမှာ ဘာဖြစ်လို့လဲ။” တပည့်သားတွေ မီးတောက်စိမ်း သားရဲကောင် ချက်ခြင်း ပျံတက် သွားတာကို မြင်တော့ စိတ်ထဲမှာ ထူးဆန်း နေမိတယ်။

ပုံမှန် အတိုင်းဆိုရင် မီးတောက်စိမ်း သားရဲက ပျံမတက်ခင် မြေပြင်ပေါ်မှာ အချိန်ယူတယ်လေ။ ဒါပေမယ့် အခုတော့ မူမမှန် သလို ဖြစ်နေတယ်။

ဒါ့ထက် ပိုပြီးတော့ အရေးကြီးတာက ကောင်းကင် တာအို ခန်းမ လူရွေးပွဲ့ကို ဆက်လုပ်ဖို့ပဲ။ ဒါကြောင့် ခပ်မြန်မြန် အကြည့်လွဲပြီးတော့ လုပ်စရာ ရှိတာကို လုပ်တော့တယ်။ နောက်ဆုံးတော့လည်း သူတို့က ပထမ အချီရဲ့ စာစစ်သူတွေ ဖြစ်နေပြီလေ။

ဒီလိုကိစ္စကြီးကို လုပ်ရတာ တကယ့်ကို ဂုဏ်ရှိတယ်။ သူတို့တွေက ကောင်ကင် တာအို ခန်းမရဲ့ တပည့် အသစ်တွေပဲ ရှိသေးတယ်လေ။ အခုလို ကိစ္စကြီးမှာ တာဝန် ယူခွင့်ရတာ တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။

“ကောင်းပြီ။ အကိုကြီး ခုန်ချင်း ထွက်ခွာသွားပြီ။ ငါတို့ စာမေးပွဲမှာ ဆက်လုပ်ရမယ်။” တပည့်သား သုံးယောက် ပြိုင်ပွဲဝင်တွေကို ကြည့်ရင်း ချက်ခြင်း မျက်နှာ တည်သွားခဲ့တယ်။ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေက ဒါတွေကို ကြားတော့ စိတ်ပြင်ဆင်ထားတဲ့ ပုံစံ ပေါ်လာခဲ့တယ်။

…..

သစ်သားအိမ်လေးထဲမှာ တကယ့် ခုန်ချင်း အစစ်က နိုးနေတာ ကြာပြီ။ ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့် လူတစ်ယောက် အနေနဲ့ အချိန် အကြာကြီး သတိလစ်နေမှာ မဟုတ်ဘူးလေ။ သူ့ခေါင်းက တုတ်တစ်ချောင်း ရိုက်တာကို ကောင်းကောင်း ခံနိုင်တယ်။

ဒါပေမယ့် သူ့ပါးစပ်ကို အဝတ်စတွေ အများကြီး ဆို့ထားခဲ့တာ။ ခန္ဒာကိုယ် တစ်ခုလုံးကိုလည်း တင်းတင်းကြပ်ကြပ် ချည်နှောင် ထားခံရတယ်။ ပိုပြီးတော့ အရေးကြီးတာ၊ သူ့မှာ ရုန်းကန်ဖို့ အင်အားတွေ မရှိတော့တာပဲ။ သူ့ခန္ဒာကိုယ် တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေသလိုပဲ။ မလှုပ်ရှားနိုင်ဘူး။ မျက်စိကို ပိတ်ထားပေမယ့် နားကတော့ ကြားနေရတယ်။

နိုးလာပြီးတဲ့နောက် ဖန်ကျန်းရှီက စာမေးပွဲ မေးခွန်းတွေကို မေးပြီးတော့ ပြိုင်ပွဲဝင်တွေကို ထုတ်ပယ် နေတာလည်း သူကြားတယ်။ တတိယနဲ့ ပဉ္စမ အကြီးအကဲတွေ သစ်သားအိမ်ထဲကို ဝင်လာဖို့ လုပ်တာလည်း သူကြားတယ်။ အဲ့ဒီ့ အချိန်တုန်းက နှလုံးသား တစ်ခုလုံး စိတ်လှုပ်ရှားမှုတွေ ပြည့်နှက် နေခဲ့တာ။

အမှောင်ထဲမှာ အလင်းကို မြင်လိုက်ရသလို မျှော်လင့်ချက် ရှိသွားလိုပဲ။ ဒါပေမယ့် အမှန်တရားက နာကျင်စရာ ကောင်းတယ်။ မျှော်လင့်ချက်တွေက ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားတယ်။ တတိယနဲ့ ပဉ္စမ အကြီးအကဲ နှစ်ယောက်လုံးက သစ်သားအိမ်ရဲ့ တံခါးမှာ ရပ်တန့်ပြီး ပြန်လှည့် သွားခဲ့တယ်။

ဒီအချိန်မှာ ခုန်ချင်းက တံခါးကို အပိုင်းပိုင်း ဖြစ်သွားအောင် ကိုက်ဖြတ် ပြစ်လိုက်ချင်တယ်။ ဒါပေမယ့် တကိုယ်လုံးကို ချည်နှောင် ခံထားရတော့ လှုပ်ရှားလို့ မရဘူး။ ဒါ့အပြင် အိပ်ယာ အောက်မှ ပြစ်ထား ခံရတာ။ ဒီနေရာက အရမ်းကို မှောင်မည်းနေတယ်။ အလင်းရောင်လေး တစ်စက်တောင် မတွေကရဘူး။

တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲတို့ ထွက်ခွာတော့မယ့် အသံကို ကြားရတယ်။ သူတို့ရဲ့ သားရဲကောင်တွေကို ဆင့်ခေါ် လိုက်ကြပြီးပြီ။ နောက်တော့ ခုန်ချင်း အယောင်ဆောင်နဲ့ အတူ ကောင်းကင် တာအို ခန်းမကို ပြန်ဖို့ ပြောနေကြတယ်။

“အား။” ခုန်ချင်း နှလုံးသားထဲမှာ ကူကယ်ရာမဲ့ နေခဲ့တယ်။ သူ့စိတ်ထဲမှာ မျှော်လင့်ချက်မဲ့ အထီးကျန်စိတ်တွေ ပေါက်ကွဲ လာတယ်။ “ဘာကြောင့်များ ဒီလို ဖြစ်သွားတာလဲ။ တတိယနဲ့ ပဉ္စမ အကြီးအကဲ တကယ်ပဲ ဒီကောင်ရဲ့ အလိမ် အညာတွေကို ယုံနေတာလား။ ငါ့ကို တစ်ယောက်ယောက် ကယ်ကြပါ။ ငါ့ကို ထုတ်ပေးကြ။ ငါ့ကို အဆိပ်ခတ်တဲ့ ကောင်စုတ်ကို ငါသတ်မယ်။ ငါ့ခေါင်းကို ရိုက်သွားတဲ့ တုတ်နဲ့ အသေရိုက်ပြစ်မယ်။”

…..

လေပြင်းတွေ တိုက်ခိုက်နေတယ်။ သန်မာတဲ့ စစ်သည်တော်က ထွက်ခွာပြီးရင် နောက်ပြန် မလှည့်ဘူး။ ဖန်ကျန်းရှီ စိတ်ထဲမှာ အင်အားကြီးသူ တစ်ယောက်ရဲ့ ခမ်းနား ထည်ဝါမှုတွေ ပြည့်နှက်နေတယ်။ မီးတောက်စိမ်း သားရဲကောင်လည်း သူ့လိုပဲ။ သူ့ရဲ့ ပျံသန်း စွမ်းရည်တွေကို ပြသနေတယ်။ လေထဲမှာ အတော်ကြာ ဝေ့၀ဲ ပျံသန်းပြီးနောက် ထိုးချလိုက်တယ်။ နောက်တစ်ခေါက် အပေါ်ကို ထိုးတက်ပြီး တပတ်လည်လိုက် ပြန်တယ်။ လေထဲမှာ ပျံသန်း ကစား နေရတာ အတော့်ကို ပျော်နေတဲ့ ပုံစံပဲ။

“ကောင်စုတ်လေး။ မင်းရဲ့ အင်အားကို သုံးပြီးတော့ ဒီလိုတွေ လုပ်ဝံ့တယ်ပေါ့။” အချိန် အတော်ကြာ အကွက်ဆန်း ထွင်ပြီးတော့ ပျံသန်းနေတာကို ဖန်ကျန်းရှီ သည်းမခံ နိုင်တော့ဘူး။ အဝေးကို ရောက်နေပြီ ဖြစ်တဲ့ တတိယနဲ့ ပဉ္စမ အကြီးအကဲကို တစ်ချက်ကြည့်တယ်။ လက်ဝါးကို ပုံမှန် အတိုင်း ဖြန့်လိုက်တယ်။ မတူညီတဲ့ အရောင် ခြောက်ခုနဲ့ သင်္ကေတတွေ ထွက်ပေါ်လာပြီးတော့ ချိတ်ဆက် သွားခဲ့တယ်။

အင်အားကြီးတဲ့ သားရဲကောင်ကို ထိန်းချုပ်ဖို့။ ဖန်ကျန်းရှီလည်း ရွေးစရာ မရှိတော့ပဲ အသင့်တော်ဆုံး နည်းလမ်းကို ထုတ်သုံးရတော့တယ်။ သေရှင်တာအို။ ဒီတာအိုကို သူခနခန မသုံးဘူး။ လိုအပ်မှပဲ သုံးတယ်။ ရန်သူကို တိုက်ခိုက်တဲ့ အချိန်မှာ ရက်စက်ရပေမယ့် တခြားသူကိုတော့ ညှာတာရမယ်။ သင်္ကေတတွေ ဖြစ်ပေါ် လာပြီး နောက်မှာတော့ ဖန်ကျန်းရှီလည်း မီးတောက်စိမ်း သားရဲရဲ့ ခေါင်းကို ပုတ်လိုက်တယ်။ တစ်ခဏတာ သားရဲကောင် အော်သံ စူးစူးရှရှ ထွက်ပေါ် လာခဲ့တယ်။

“အာဝူး။” မီးတောက်စိမ်း သားရဲကောင် တစ်ကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ မျက်လုံးတွေ နီရဲ နေပြီးတော့ ရုန်းကန်နေတယ်။ တစ်ခဏ အကြာမှာ ရပ်တန့် သွားခဲ့တယ်။

“နောက်ထပ် အကွက်ဆန်း ထွင်ချင်သေးလား။” ဖန်ကျန်းရှီ ပြုံးပြရင်း မေးလိုက်တယ်။

“အာ ဝု ဝု ဝု။” မီးတောက်စိမ်း သားရဲ့ ဖန်ကျန်းရှီ ပြောတာကို နားလည်တဲ့ ပုံပဲ။ ထူးဆန်းတဲ့ အော်သံ တစ်ချို့နဲ့ ပြန်ဖြေပြီးနောက် ခေါင်းကြီးကို ခါနေခဲ့တယ်။

“ကောင်းပြီ။ ဒီလို လိမ္မာ မှပေါ့။” မီးတောက်စိမ်း သားရဲကြီးရဲ့ ကြေးခွံတွေကို ပုတ်ရင်း သူဆက်ပြောတယ်။ “ငါ့ကို ကောင်းကင် တာအို ခန်းမဆီ ခေါ်သွားပေး။”

“ရွှီး။” မီးတောက်စိမ်း သားရဲကြီး နောက်တစ်ခေါက် အော်ဟစ်ရင်း မိုးကောင်းကင်ကို ဖြတ်သန်းပြီး တဟုန်ထိုး ပျံသန်းတော့တယ်။

“ဒီလိုမှပေါ့။ ကောင်းကောင်း သင်ကြား ခံရတဲ့ လူတောင် တစ်ခါ တစ်လေ နာနာရိုက်ပေးဖို့ လိုတာပဲ။ ယဉ်ကျေးမှုနဲ့ ကိုယ်ခံ ပညာနှစ်ခုလုံးကို တတ်ထားမှပဲ ခိုင်မြဲတဲ့ နေရာ ရနိုင်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နဲ့ ပြုံးလိုက်တယ်။

…..

မီးတောက်စိမ်း သားရဲကောင်ကြီးက ယဉ်ပါးတယ်။ သူ့ရဲ့ အားထုတ် ပျံသန်းမှုကြောင့် သိပ်မကြာခင်ပဲ ကောင်းကင် တာအို ခန်းမကို ရောက်လာခဲ့တယ်။ တတိယနဲ့ ပဉ္စမ အကြီးအကဲကတော့ တောင်စောင်းမှာ စောင့်နေခဲ့တယ်။ မီးတောက်စိမ်း သားရဲကောင်ကြီးပေါ်က ခုန်ဆင်းလာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြုံးနေခဲ့တယ်။

“ဝုန်” မီးတောက်စိမ်း သားရဲကြီးက မြေပြင်ပေါ်မှာ ဝပ်ချလိုက်ရင် ဖန်ကျန်းရှိကို ပါတ်သပ် နေခဲ့တယ်။ အဲ့ဒီ့နောက် လိမ်လိမ်မာမာလေး ဘေးကို ဖယ်သွားခဲ့တယ်။

အခြေအနေကို ကြည့်ရင်း တတိယနဲ့ ပဉ္စမအကြီးအကဲ တောင့်တင်း နေတယ်။ သူတို့ မျက်ဝန်းတွေမှာ စူးစမ်း လိုစိတ်တွေ ပြည့်နှက် နေခဲ့တယ်။ ဖန်ကျန်းရှီလည်း အကြီးအကဲ နှစ်ယောက်ရဲ့ ပုံစံကို သတိထားမိတယ်။ မီးတောက်စိမ်း သားရဲကြီးရဲ့ ပုံမှန် မဟုတ်တဲ့ အပြုအမူက သူ့စိတ်ကူးပဲ။

သေရှင်တာအို။ တာအိုစည်း။ ဒါက သားရဲကောင်တွေ ကြောက်လန့်တဲ့ တာအိုပဲ။ သူ့ရဲ့ စွမ်းအားတွေကို သုံးလိုက်တော့ မီးတောက်စိမ်း သားရဲကောင်ကြီးက မူမမှန်တာကို သိရင်တောင်၊ မဖော်ထုတ်နိုင်အောင် ကာကွယ် ပေးထားတယ်။

“တတိယနဲ့ ပဉ္စမ အကြီးအကဲ။ ခုန်ချင်း အရင် သွားပါတော့မယ်။” အကြီးအကဲ နှစ်ယောက် မှင်သက်ငေးမော နေတဲ့ အချိန် ထွက်ပြေးဖို့ ဖန်ကျန်းရှီ ကြံစည်တယ်။

“နေအုန်း။” တတိယ အကြီးအကဲက ဖန်းကျန်းရှီကို ချက်ခြင်း တားမြစ်တယ်။

“တတိယနဲ့ ပဉ္စမ အကြီးအကဲ ဘာများ မှာကြားချင်လဲ မသိ။” ဖန်ကျန်းရှီရဲ့ နှလုံးသား တုန်ယင် သွားခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာ အမူအယာကတော့ မပြောင်းလဲဘူး။

“မှာကြားမယ်။ ဟီးဟီး။ ခုန်ချင်း မင်းကို ငါတို့ ဘာလို့ ပြန်ခေါ်လာလဲ မသိဘူးလား။” ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီကို ကြည့်ပြီး ရယ်မောရင်း ပြောတယ်။

“အကြီးအကဲတို့ ပင်ပန်း နေတာကြောင့် မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အပိုတွေ မပြောနဲ့ ခုန်ချင်း။ ဒီနေ့ မင်းဘာအမှား လုပ်ထားလဲ မသိဘူးလား။” တတိယ အကြီးအကဲ အေးစက်စက် ကြည့်ရင်း မေးတယ်။ သူ့ခန္ဒာကိုယ်ကနေ ထူးဆန်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ် လာခဲ့တယ်။ ဝတ်ရုံဖြူက တောင်ပေါ်လေကြောင့်တဖျပ်ဖျပ် လွင့်မျောရင်း အသံတွေ ထွက်ပေါ်နေတယ်။

တတိယ အကြီးအကဲရဲ့ နောက်မှာ ရပ်တန့်နေတဲ့ ပဉ္စမ အကြီးအကဲလည်း ဒီစကားကို ကြားကြားချင်း လှုပ်ရှားတယ်။ ချက်ခြင်း တောင်ထိပ် အစွန်း တစ်ဖက်ကို ရောက်သွားခဲ့တယ်။ တစ်ယောက်က ရှေ့မှာ၊ တစ်ယောက်က နောက်မှာ။ ဖန်ကျန်းရှီကို အလယ်မှာ ဝန်းရံထားတယ်။

အပိုင်း(၆၄၂) ပြီး၏။

အပိုင်း (၆၄၃)

“စိန်တုံးတွေနဲ့ ကြွက်တွေကြားက တူညီမှု။”

“ကျွန်တော် အမှားကြီး တစ်ခု ကျူးလွန်မိလို့လား။” တတိယနဲ့ ပဉ္စမ အကြီးအကဲကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။ လန့်သွားတဲ့ ပုံစံ မပြဘူး။ နည်းနည်း အံ့သြ သွားတဲ့ ပုံစံပဲ ပြတယ်။ တကယ့်ကိုပဲ၊ ဒီမြေခွေးကြီး နှစ်ကောင်က ကောင်းကင် တာအို ခန်းမကို ဝင်ခိုင်းပြီးတော့ သူ့ကို အရူးလုပ်ဖို့ ကြိုးစား နေတာလား။ ဒါပေမယ့် သူတို့ရဲ့ အမူအယာ ပြောင်းလဲတာက အရမ်း မြန်တယ်။ အမှား တစ်ခုခုများ လုပ်မိလို့လား။

ဖန်ကျန်းရှီ အများကြီး မတွေးတော့ဘူး။ အကယ်၍ တတိယနဲ့ ပဉ္စမ အကြီးအကဲသာ သူ့ကို အကွက်ဆင်ဖို့ ကြံနေတာဆိုရင် သူလည်း ဒီအတိုင်းပဲ ပြန်တုံ့ပြန် ရမှာပေါ့။ ဘာတတ်နိုင်မှာလဲ။ ဒါတွေက သူ့ရဲ့ အစီအစဉ်ထဲမှာ မပါဘူး။ ဒါပေမယ့် အခု သူတို့က ဓားတောင်ရဲ့ တောင်စောင်းမှာပဲ ရှိနေသေးတာ။

ကောင်းကင် တာအို ခန်းမကို မဝင်ရသေးဘူး။ သူတို့တွေ ခန်းမထဲ ဝင်ပြီးရင် ပိုပြီးတော့ အဆင်မပြေ ဖြစ်လိမ့်မယ်။အတွေးတစ်ခု ဖန်ကျန်းရှီ့ စိတ်ထဲ ဝင်လာတယ်။ ပဉ္စမ အကြီးအကဲ မပြင်ဆင် ထားရသေးတဲ့ အချိန်မှာ အလစ်ဝင်တိုက်ပြီးတော့ ကန်ထုတ် ပြစ်မယ်လို့။

“ခုန်ချင်းက ဘာအမှား ကျုးလွန်မိတယ်လို့ အကြီးအကဲ နှစ်ယောက် ထင်နေကြလဲ မသိ။” ဖန်ကျန်းရှီ နောက်ကို ခြေလှမ်း နှစ်လှမ်း ဆုတ်ရင်းနဲ့ မေးတယ်။ သူနဲ့ ပဉ္စမ အကြီးအကဲက ခြေသုံးလှမ်းပဲ ကွာတော့တယ်။

“ခုန်ချင်း။ မင်း ကောင်းကင်တာအို ခန်းမကို ရောက်နေတာ ခြောက်နှစ်ရှိပြီ။ စည်းမျဉ်း စည်းကမ်းတွေကို မင်းနားလည် သင့်တယ်။ ဒီနေ့ မင်းအများကြီး အားစိုက်ထုတ်ပြီးတော့ ကြိုးစားထားတာ သိတယ်။ ဒါပေမယ့် စည်းမျဉ်းတွေကို မင်း ချိုးဖောက်ထားတယ်။ အပြစ်ပေးတာကို မင်းလက်ခံ ရမယ်။” တတိယ အကြီးအကဲရဲ့ မျက်နှာမှာ အထိတ်တလန့် အရိပ်အယောင်တွေ ထွက်ပေါ်လာတယ်။

အတော်လေး စဉ်းစား ပြီးတဲ့နောက်၊ သူ့မျက်ဝန်းက အေးစက်စက် အလင်းတန်းတွေ ပျောက်ကွယ် သွားတယ်။ ခေါင်းခါပြီးတော့ ဖန်ကျန်းရှီကို ကြည့်ရင်း သက်ပြင်း ခပ်တိုးတိုး မှုတ်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ နှလုံးသား ထဲမှာလည်း သက်ပြင်း ချနေမိတယ်။ သူ့ဇစ်မြစ်ကို တတိယနဲ့ ပဉ္စမ အကြီးအကဲ ဖော်ထုတ်တာ ခံရပြီလိုက တွေးမိနေတာ။

ဒါပေမယ့် တတိယ အကြီးအကဲက သူ့ကို ထုတ်မပြောဘူး။ ဒါက သူ့ကို တွေေ၀ သွားစေတယ်။ အရင်ဆုံး တိုက်ခိုက် ရမှာလား။ ဒါမှမဟုတ် အကြီးအကဲ နှစ်ယောက် ကြွက်ဖမ်းတဲ့ ကစားပွဲ ဆော့နေတာကို လိုက်ဆော့ ပေးရမှာလား။ ဖန်ကျန်းရှီ စဉ်းစားပြီးတဲ့နောက် ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ပဲ ချလိုက်တယ်။

“ခုန်ချင်း အမှားကို နားလည်ပါပြီ။ တတိယနဲ့ ပဉ္စမ အကြီးအကဲ ကျွန်တော့်ကို အမှန်ား ပြန်သုံးသပ်ခွင့် ပေးပါ။” ဖန်ကျန်းရှီ တလေးတစားနဲ့ တောင်းပန်တယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ သူ့မှာ ထွက်ပြေးဖို့ နည်းလမ်း မရှိဘူးလေ။

အများကြီး ကြိုးစား အားထုတ် ခဲ့ပြီးပြီ။ ကောင်းကင် တာအို ခန်းမကို ရောက်တော့မယ်။ အခုချိန်မှာ လှည့်ပြေးရင်၊ တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမကို ရောက်ဖို့ တစ်လ နှစ်လလောက် ကုန်လိမ့်မယ်။ နောက်ပြီးတော့ သူ့မှာ အချိန် သိပ်မကျန်တော့ဘူး။ ဘာကြောင့်များ အခုလို အခွင့်အရေးကို ဆုံးရှုံး ခံရမှာလဲ။ သူက လူသား တစ်ယောက်လေ။ နောက်ဆုံး အချိန်ထိ တိုက်ခိုက် ရမယ်။

“အမှားကို ပြန်သုံးသပ် မယ်တဲ့လား။ မင်းက အမှားကို ဝန်ခံ ပြီးပြီပဲ။ အမှားကို သုံးသပ်ဖို့ မလိုပါဘူး။” တတိယ အကြီးအကဲ ခေါင်းခါရင်း ပြောတယ်။

“ဒါဆိုရင် အကြီးအကဲတို့ ဘာများ တွေးထားပါသလဲ၊” ဖန်ကျန်းရှီ နောက်တစ်ခေါက် မေးမြန်းတယ်။

“ကောင်းကင် တာအို ခန်းမကနေ ထွက်သွား။”

“ကောင်းပါပြီ။ ကျွန်တော် အခုပဲ အထုပ် သွားပြင် တော့ပါမယ်။ ဆရာတွေနဲ့ ညီအကိုတွေကို သွားပြီးတော့ နှုတ်ဆက် လိုက်ပါမယ်။” ဖန်ကျန်းရှီ ဒီလို အပြစ်ပေးတာကို ကြားတော့ ချက်ခြင်း လက်ခံလိုက်တယ်။ ဒါက သူ့အတွက် အကောင်းဆုံး အပြစ်ပေးမှုလေ။

လူတိုင်းက ကောင်းကင် တာအို ခန်းမ လူရွေးပွဲကို ရောက်နေတဲ့ အချိန်မှာ သူက အခန်းပြန်ပြီးတော့ ထုပ်ပိုးရမယ်။ ကောင်းကင် တာအို ခန်းမမှာ ပစ္စည်း ဘယ်လောက် များမှာ မလို့လဲ။ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူ့မှာ လွတ်လပ်တဲ့ အချိန် များများရှိရင် ကောင်းကင် တာအို ခန်းမှာ ကိစ္စ အများကြီး လုပ်နိုင်တယ်။ ရတနာတွေ အများကြီးကို ဖယ်ရှားနိုင်တယ်။ နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမကနေ ပျံသန်းပြီး ထွက်ပြေးလို့တောင် ရနိုင်တယ်။

“နေစမ်းပါအုန်း။” တတိယ အကြီးအကဲရဲ့ အမူအယာက တစ်ခဏတာ ပြောင်းလဲ သွားခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို ပုံမှန် အတိုင်း သဘောတူလာမယ်လို့ မထင်ထား ခဲ့မိဘူး။

“တတိယ အကြီးအကဲ ပြောစရာ ထပ်ရှိ သေးလို့လား။” ဖန်ကျန်းရှီ တတိယ အကြီးအကဲကို စိုက်ကြည့်နေတယ်။

“အဟွတ် ဟွတ်။ ငါက အကြီးအကဲ ဖြစ်ပေမယ့် ကောင်ကင် တာအို ခန်းမရဲ့ အပြစ်ပေးတာတွေက ခန်းမ ခေါင်းဆောင်ပဲ ဆုံးဖြတ်ချက် ချရတာ။” တတိယ အကြီးအကဲရဲ့ အမူအယာက ထူးဆန်းနေတယ်။

“ဒါဆိုရင် တတိယ အကြီးအကဲက ခန်းမ ခေါင်းဆောင်ကို အခု သတင်းပို့မှာလား။” ဖန်ကျန်းရှီ မေးတယ်။

“ဒါက ခုန်ချင်း။ မင်းက ကောင်းကင် တာအို ခန်းမကို တန်ဖိုး မထားတာလား။ ဒါမှမဟုတ်။ ကောင်းကင် တာအို ခန်းမကနေ ထွက်သွားဖို့ အရမ်းကို မအောင့်အည်းနိုင် ဖြစ်နေတာလား။ မင်း အရင်ကနဲ့ မတူတော့ဘူး။” တတိယ အကြီးအကဲ မျက်မှောင်ကြုတ်သွားခဲ့တယ်။

ဖန်ကျန်းရှီလည်း နှလုံးတုန် သွားခဲ့တယ်။ တတိယ အကြီးအကဲ ပြောတာကို ကြားတော့ သူ့ရဲ့ အပြုအမူတွေက အရမ်းကို ပုံမှန် ဖြစ်နေလွန်းတာ သတိ ထားမိသွားတယ်။ တကယ်တော့ ကောင်းကင် တာအို ခန်းမမှာ ခြောက်နှစ်တာ နေလာခဲ့တဲ့ တပည့်သား တစ်ယောက် အနေနဲ့ ထုတ်ပယ် ခံရရင် စိတ်ပူပန် နေရမှာလေ။

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ တကယ် တကယ်တော့ ကျွန်တော်လည်း မထွက်သွား ချင်ပါဘူး။ ခြောက်နှစ်၊ ကောင်းကင် တာအိုခန်းမမှာ ကျွန်တော် နေခဲ့တာ ၆နှစ်တောင် ရှိပြီ။ အားလုံးကို ကျွန်တော် ကြံ့ကြံ့ ခံခဲ့တယ်။ မြက်ပင်တွေ၊ သစ်ပင် သစ်ကိုင်းတွေ အားလုံး အားလုံး။ ကျွန်တော် ထွက်မသွားချင်ဘူး။” ဖန်ကျန်းရှီ စိတ်ဖိစီးတဲ့ ပုံစံ စပြီးတော့ သရုပ်ဆောင်တော့တယ်။

“ကောင်းပြီလေ။ မင်းက မသွားချင်ဘူး ဆိုတော့ ငါတို့တွေ မင်းကို ဒုတိယ အခွင့်အရေး ပေးဖို့ ဆုံးဖြတ် လိုက်တယ်။”တတိယ အကြီးအကဲက ဖန်ကျန်းရှီ အော်ဟစ်ငိုယိုတာကို ပြီးအောင် စောင့်မနေ တော့ဘူး။ ချက်ခြင်း စကား ဖြတ်ပြောတယ်။

“…” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ နောက်ဆုံးတော့ မျက်ရည် တစ်စက်ကို အတင်းထွက်လာအောင် ညှစ်ထုတ်ထားတာ။ မျက်ရည်စက်က မျက်လုံးထောင့်မှာ တွဲခို နေခဲ့ပြီ။ အခုတော့ အကြီးအကဲက ဘာပြောတာလဲ။ သူ့နှလုံးခုန်သံတွေ တိုးညင်း သွားခဲ့တယ်။

ကောင်းကင် တာအို ခန်းမက တင်းကြပ်တဲ့ နေရာ မဟုတ်ဘူးလား။ နောက်ပြီးတော့ အကြီးအကဲတွေ ခုနကပဲ သူ့ကို စည်းမျဥ်း ချိုးဖောက်တယ် ပြောထားတာလေ။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ အခွင့်အရေး ထပ်ပေးမယ် ဖြစ်သွားပါလား။ လူသားတွေကြားက ယုံကြည်မှု ဆိုတာ ဘယ်မှာလဲ။

“ခုန်ချင်း။ မင်းက ခန်းမမှာ နေခဲ့တာ အချိန်တောင် အတော်ကြာ သွားပြီ။ အများကြီး စွမ်းဆောင်တာ မလုပ်ခဲ့ပေမယ့် ငါတို့အတွက် ကိစ္စ နည်းနည်း လုပ်ပေးဖူးတယ်။ ခန်းမ လူရွေးပွဲကို သုံးပြီးတော့ မင်း အပြစ်ကို ပြန် ပြင်ဆင်ရမယ်။” တတိယ အကြီးအကဲ ဆက်ပြောတယ်။

“ကျွန်တော့် အမှားတွေကို ပြင်ဆင် ရမှာလား။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ပြောတယ်။

“ဟုတ်တယ်။ မင်းက အမှား ဝန်ခံ ပြီးပြီပဲ။ တခြား တပည့်သားတွေ ကျေနပ်အောင် ငါတို့ ဖြောင်းဖျလိုက်မယ်။ သင့်တော် မလား မသိပေမယ့် အကြံပေးစရာ တစ်ခုတော့ ရှိတယ်။” တတိယ အကြီးအကဲ ခေါင်းငြိမ့်လိုက်တယ်။

“ပြောပါ။ တတိယ အကြီးအကဲ။”

“ပထမဆုံး မင်းရဲ့ တပည့်သား ဂုဏ်ပုဒ်ကို ငါဖယ်ရှား လိုက်မယ်။ ပြီးတော့မှ မင်း ပြန်စွမ်းဆောင်လိုက်။ ဒါဆိုရင် ခန်းမ ခေါင်းဆောင်ကို ငါတောင်းပန် ပေးမယ်။”

“ဒီလို ရိုးရှင်းတာလား။” ဖန်ကျန်းရှီ စိုက်ကြည့် နေမိတယ်။

“ဟုတ်တယ်။ ဒီလို ရှင်းရှင်းပ၊”

“တတိယ အကြီးအကဲ။ ကျွန်တော် ဘယ်လိုများ စွမ်းဆောင် ရမှာလဲ။”

“ပဉ္စမ အကြီးအကဲနဲ့ ငါ့ကို ဒုတိယနဲ့ တတိယ စစ်ဆေးမှုမှာ ကူညီပေး။” တတိယ အကြီးအကဲ ပြောတယ်။

“ကျွန်တော့်ကို ဒုတိယနဲ့ တတိယ အချီတွေမှာ စစ်ဆေးသူ လုပ်ခိုင်းတာလား။”

“ဟုတ်တယ်။ အဲ့ဒီ့ အချီတွေကို စစ်ဆေးတာက ငါတို့ လုပ်ရမှာ။ မင်းက ငါတို့ကို ကူညီ။ နောက်ပြီးတော့ ငါ့မှာ နောက်ထပ် တောင်းဆိုစရာ ၂ခု ရှိသေးတယ်။”

“ဘာများ တောင်းဆိုမှာ ပါလဲ။”

“ပထမဆုံး။ မင်းက တပည့်သား မဟုတ်တော့ဘူး။ ဒါကြောင့် ဒီအချီတွေမှာ ငါတို့ကို ပွင့်ပွင့်လင်းလင်း ကူညီလို့ မရဘူး။ ဒါကြောင့် နောက်ကွယ်ကနေ ကူညီပေး။ ဒါမှမဟုတ်။ ပြောရမယ်ဆိုရင် မင်းက ပြိုင်ပွဲဝင်တွေနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်။”

“တတိယ အကြီးအကဲ ပြောချင်တာ။ ကျွန်တော်လည်း ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဝင်ပြိုင် ရမှာလား။”

“ဟုတ်တယ်။ မင်း ဖြတ်သန်းနိုင်မယ် ဆိုတာ ငါသိတယ်။ နောက်ပြီးတော့ ပထမ နေရာကို ရနိုင်သေးတယ်။”

“ပထမ နေရာ။”

“ဟုတ်တယ်။ မင်းက ကောင်းကင် တာအို ခန်းမမှာ နေလာတာ ခြောက်နှစ်တောင် ရှိပြီ။ လူသစ်တွေကို မင်းရှုံးရင် ခန်းမခေါင်းဆောင်ကို မျက်နှာ ပျက်စေမှာပဲ။ တပည့်သားတွေ ကြားမှာ ရယ်စရာ ဖြစ်သွားလိမ့်မယ်။”

“အကြီးအကဲ ပြောတာက အဓိပ္မာယ်ကော ရှိလို့လား။”

“ရိုင်းစိုင်းလိုက်တာ။” ပဉ္စမ အကြီးအကဲရဲ့ အသံ လေထဲမှာ ထွက်လာခဲ့တယ်။ “ခုန်ချင်း၊ တတိယ အကြီးအကဲက မင်းကို ဒုတိယ အခွင့်အရေး ပေးနေတာ။ လွန်ခဲ့တဲ့ ၆နှစ်က မင်း အတွက် ခက်ခဲခဲ့မှာပဲ။ ကောင်းကင် တာအို ခန်းမကနေ ထုတ်ပယ် ခံလိုက်ရရင်။ နောက်တစ်ခေါက် ပြန်ယှဉ်ပြိုင်ခွင့် ရှိတာ ပုံမှန်ပဲ။”

“အကြောင်းအရင်းကို ခုန်ချင်း နားလည်ပါပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ဆက်မေးတယ်။ “ဒုတိယ တောင်းဆိုချက်က ဘာများလဲ ကျွန်တော် သိခွင့် ရှိနိုင်မလား။”

“အရမ်းကို ရိုးရှင်းပါတယ်။ မင်းက အခုချိန်မှာ ကောင်းကင် တာအို ခန်းမကို ဝင်လို့ မရသေးဘူး။ ငါ အမိန့် ချလိုက်မယ်။ အခုချိန်က စပြီးတော့ မင်းက ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား မဟုတ်တော့ဘူးလို့။ ဒါကြောင့် ယာယီ ဝင်ခွင့် ပိတ်သွားလိမ့်မယ်။ မင်းစည်းမျဉ်းတွေကို နားလည်တယ် မဟုတ်လား။ မင်းက ဧည့်သည်ကော တပည့်သားပါ မဟုတ်ရင်၊ အကယ်၍ ခန်းမထဲကို ဝင်မိတာနဲ့ အသတ်ခံရမယ်ဆိုတာ။”

“…” ဖန်ကျန်းရှီ ဘာမှ ဆက်မပြောတော့ဘူး။

“ကြည့်ရတာ မင်း သဘောတူတဲ့ ပုံပဲ။” အကြီးအကဲက တိတ်ဆိတ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

“ဒုတိယ စစ်ဆေးမှုက ဘာလဲဆိုတာ ကျွန်တော် မေးလို့ ရနိုင်မလား။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း မေးတယ်။

“ဒုတိယ စစ်ဆေးမှုကို မင်း မသိဘူးလား။”

“အမ်။” ဖန်ကျန်းရှီ နှလုံးခုန်သံတွေ ရပ်တန့် သွားပြန်တယ်။ အဲ့ဒီ့နောက် သူပြုံးပြရင်း ဆက်ပြောတယ်။ “ပထမ စစ်ဆေးမှု အတွက်ပဲ ပြင်ဆင် နေတာကြောင့် ကျွန်တော် သတိလက်လွတ် ဖြစ်သွားမိ ပါတယ်။”

“ထားလိုက်တော့။ မင်းက တပည့်သား တစ်ယောက်ပဲ။ ဒုတိယ စစ်ဆေးမှုက ရှင်းပါတယ်။ မင်းဝင်ပြိုင်ဖို့ မလိုဘူး။ ဒီမှာပဲ စောင့်နေ။ သိပ်မကြာခင် သူတို့တွေ တက်လာပြီးတော့ မင်းကို လာရှာလိမ့်မယ်။ ဒီမှာ ဝင်ခွင့် ရဖို့ စောင့်နေ။” တတိယ အကြီးအကဲ ခေါင်းခါရင်းနဲ့ ဆက်ပြောတယ်။

“ဝင်ခွင့် ပုံစံ ဖြည့်ရမယ်။” ဖန်ကျန်းရှီ သူ့နောက်က ဓားတောင်ကြီးကို ကြည့်နေမိတယ်။ ရုတ်တရက် ဒုတိယ စစ်ဆေးမှုကို သဘောပေါက်သွားတယ်။ တောင်တက်ရမှာပဲ။ မဟုတ်သေးဘူး။ ဒီလောက်တော့ မလွယ်နိုင်ဘူး။ ဓားတောင်မှာ တက်စရာ လမ်းမ မရှိပဲ။

အရာအားလုံး ဖြစ်တည်မှု တာအိုကို သုံးနိုင်ရင် ဓားတောင်ထိပ်ကို အမြန်ရောက်အောင် တတ်နိုင်တယ်။ ဒါမှမဟုတ်။ ကျောက်တုံးတွေရဲ့ စွမ်းအားကို ငှားသုံးပြီးတော့ လှေကား ထောင်လိုက်လို့ ရတယ်။ နားလည်ပြီ။ အရာအားလုံး ဖြစ်တည်မှု တာအိုကို သုံးရမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကာယ အင်အားကို သုံးပြီးတော့ တက်ရမှာပဲ။ ဒါကြောင့်ပဲ ခက်ခဲတဲ့ စစ်ဆေးမှု ဖြစ်လာတာ။

“ကောင်းပါပြီ။ ကျွန်တော် ဒီမှာ စောင့်ဆိုင်းပါမယ်။” ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်လိုက်တယ်။

“ကောင်းပြီ။ မင်း အမှားလုပ်လို့ မရဘူး။ ပထမဆုံး ကိုးယောက်ပဲ အောင်မြင်မယ်။ ကျန်တဲ့သူတွေ ထုတ်ပယ် ခံရမယ်။”

“နားလည်ပါပြီ။”

“ပဉ္စမ အကြီးအကဲ။ငါတို့ သွားရအောင်။”

“ကောင်းပြီ။”

…..

အကြီးအကဲ နှစ်ယောက်က မီးတောက်စိမ်း သားရဲကောင်နဲ့ အတူ ထွက်သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဓားတောင်ထိပ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ပြီ။

“ကြည့်ရတာ ငါဟန်ဆောင်ထားတာ သိသွားတဲ့ပုံပဲ။” ဖန်ကျန်းရှီ ပြုံးရင်းနဲ့ ပြောနေတယ်။

သူက ငတုံး မဟုတ်ဘူး။ အကြီးအကဲ နှစ်ယောက်ကလည်း ငတုံးတွေ မဟုတ်ဘူး။ သူ့ရဲ့ တပည့်သား အဆင့်ကို ဖယ်မယ်။ နောက်တစ်ခေါက် ပြိုင်ပွဲဝင်ပြီး ပြန်ပြိုင်ခိုင်းမယ်။ ဒါကို ယုံတဲ့ သူကိုတော့ ငတုံး စစ်စစ်ကြီးလို့ ခေါ်ရမှာပဲ။

ဒီမြေခွေးကြီး နှစ်ကောင်က သူ့ရဲ့ အဖိုးတန်တဲ့ စိန်လို အရည်အချင်းတွေကို တူးထုတ် နေတာလား။ ဒါမှမဟုတ်ရင် ကြောင်က ကြွက်ကို ကစားသလို ကစား နေတာလား။

အပိုင်း(၆၄၃)ပြီး၏။

အပိုင်း (၆၄၄)

“သုခမိန် အဆင့်ကို ရောက်ခဲ့ပြီး နှစ်တရာ ကြာသွားရင်”

ဘာသာပြန်သူ - Enri Thaw

ဖန်ကျန်းရှီ နောက်ထပ် မတွေးတော့ဘူး။ သူ့အခြေအနေကြောင့် နောက်ထပ် ဆက်တွေးစရာလည်း မလိုတော့ဘူး။ ကြုံလာရမယ့် ပြဿနာတွေကို ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ရင်ဆိုင်ရမယ်။

အကယ်၍ ရွေးစရာလမ်း မရှိတော့ရင်။ ကိုယ့်ဘာကိုယ် လမ်းဖောက် လိုက်မယ်။

…..

ကောင်းကင်တာအို ခန်းမ၊ ဓားတောင်ကြားရဲ့ တောင်ထိပ်မှာ ပဉ္စမ အကြီးအကဲက တတိယအကြီးအကဲကို ကြည့်ရင်းနဲ့ စိုမ်းရိမ်တကြီး မေးမိတယ်။

“တတိယ အကိုကြီး။ အခုက အကောင်းဆုံး အခွင့်အရေးနော်။ ဘာဖြစ်လို့ အဲ့ဒီ့ ကောင်စုတ်ကို ရိုက်မချ တာလဲ။” ပဉ္စမ အကြီးအကဲ မေးမြန်းတယ်။ သူတကယ်ပဲ နားမလည်နိုင်ဘူး။

မြားတစ်ချောင်းက ပြစ်လို့ရနိုင်တယ်။ ဒါပေမယ့် ပြစ်ပြီးသွားရင် ပြန်နုတ်လို့ မရတော့ဘူး။ ဒါပေမယ့် တတိယ အကြီးအကဲ အခု ပြစ်လိုက်တဲ့ မြားက ပြန်နုတ်လို့ ရတယ်။ နောက်ပြီးတော့ သူက ဖန်ကျန်းရှီကို ဓားတောင်ထိပ်မှာ ထားခဲ့သေးတယ်။

“မင်း မသိချင်ဘူးလား။” တတိယ အကြီးအကဲ မေးတယ်။

“သိချင်တာလား။ ကျွန်တော် မသိချင်ဘူးလို့ ပြောရင် လိမ်ရာ ရောက်လိမ့်မယ်။ ဒါပေမယ့် ပထမဆုံး ဒီကောင်စုတ်ကို ရိုက်ချပြစ်ရမှာ မဟုတ်ဘူးလား။”

“မီးတောက်စိမ်း သားရဲကောင်က သူ့ရဲ့ အမိန့်ကို နာခံနေတာ ဘာကြောင့် ဖြစ်မယ်ထင်လဲ။”

“တတိယ အကို ပြောချင်တာက။”

“သေရှင် တာအိုပဲ။ မီးတောက်စိမ်း သားရဲကောင်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာ။ သေရှင် တာအိုက လွဲပြီးရင် နောက်ထပ် ဖြစ်နိုင်ချေကို တွေးမရတော့ဘူး။” တတိယ အကြီးအကဲ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ဒါပေမယ့် သေရှင် တာအိုက သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ တာအို မဟုတ်ဘူးလား။”

“ဟုတ်တယ်။ ဒါပေမယ့် ပုံမှန် အတိုင်းဆိုရင် သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ တော်ဝင် မျိုးနွယ်တွေပဲ ဒီတာအိုကို ထိန်းချုပ်နိုင်တာ မဟုတ်ဘူးလား။ ဒါပေမယ့် သူက စီမာဖန်းကိုလည်း ဒဏ်ရာ ရအောင် လုပ်ခဲ့သေးတယ်။ သီးခြား မြင့်မြတ် နိုင်ငံတော်က လူလို့ ထင်လား။”

“မဟုတ်ဘူး။”

“ဟမ့်။ ဒီကောင်စုတ်က ငါတို့ တွေးထားတာထက် ပိုပြီးတော့ ထက်မြက်တယ်။” တတိယ အကြီးအကဲ ပြုံးပြရင်း ပြောတယ်။

“ဒါဆိုရင် တတိယ အကိုကြီးက ဘယ်လို စီစဉ် ထားတာလဲ။”

“လောလောဆယ် အလျင်လိုဖို့ မလိုဘူး။ တတိယ အချီ အထိ ပြိုင်ခိုင်း ထားလိုက်မယ်။ ငါတို့ကို ဒီလို စစ်ဆေးဖို့ ကူညီနေတာ ဘာစိတ်ကူးရှိလို့လဲ သိအောင် လုပ်ရမယ်။” တတိယ အကြီးအကဲ ခေါင်းခါတယ်။

“အမှန်ပဲ။ ဒီကောင်စုတ်က ကောင်းကင် တာအို ခန်းမကို ရောက်လာပြီ ဆိုတော့ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး။ တတိယ အကို သူက ဘယ်သူ ဖြစ်မယ်ထင်လဲ။” ပဉ္စမ အကြီးအကဲ မေးတယ်။

“ငါ မသေချာဘူး။ ဒါပေမယ့် ကြီးမြတ်သောရှက ဖန်ကျန်းရှီ ဖြစ်နိုင်ချေ ၇၀% ရှိတယ်။ ဒါပမေယ့် အခုတော့ သူ မဟုတ်မှန်း သေချာသွားပြီ။”

“တတိယ အကိုကြီးလည်း ကျွန်တော့်လို တွေးမိတာလား။ ဖန်ကျန်းရှီက ကျော်ကြားတဲ့ ဉာဏ်ကြီးရှင် ဖြစ်ပေမယ့်၊ သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတာ။ ဒါပေမယ့် ဒီကောင်စုတ်လေးရဲ့ အစွမ်းကို ကြည့်ရင် ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေတာ အသိသာကြီးပဲ။ ငါ့ကို စိတ်ရှုပ်ထွေး စေတာ တစ်ခုရှိတယ်။ ဖန်ကျန်းရှီသာ မဟုတ်ရင်၊ ဘာကြောင့်များ ရန်ရွှယ်နဲ့ နန်ကုန်းမုကို ရည်ရွယ်ချက် ရှိရှိ ကူညီမှာလဲ။” ပဉ္စမ အကြီးအကဲ ခေါင်းငြိမ့်ရင်းနဲ့ ပြောမိတယ်။

“တိုက်ဆိုင်တာ ဖြစ်နိုင်မလား။ ဒီကောင်စုတ်က အရမ်းကို ထက်မြက်လွန်းတယ်။ လူတစ်ယောက်ရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကောင်းကောင်း အကဲခတ် တတ်တယ်။ ငါတို့တွေ အခြေအနေကို မကျေနပ်တာ သိလို့ နန်ကုန်းမုနဲ့ ရန်ရွှယ်ကို ရည်ရွယ်ချက်ရှိရှိ လက်လွှတ်ပေးတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါမထင်မှတ် ထားမိတာ ဒီကောင်စုတ်က ငါ့ရဲ့ မေးခွန်းထဲက ထောင်ချောက် နှစ်ခုလုံးကို ရှောင်ကွင်းပြီးတော့ အချက်ကျကျ ပြန်ဖြေ သွားစေတယ်။ ခုန်ချင်းက ဒီလောက် အရည်အချင်း မရှိမှန်း ငါတို့ သိထားလို့ပေါ့။ မဟုတ်ရင် ဒီကောင်စုတ် လှည့်စားတာကို ခံနေရပြီ။” တတိယ အကြီးအကဲ သက်ပြင်းချရင်း ပြောတယ်။

“အရည်အချင်းကို ပြောရမယ် ဆိုရင်၊ ဒီကောင်စုတ်လေးရဲ့ တာအိုကို နားလည်နိုင်စွမ်းတွေ ခံစားချက်တွေက နန်ကုန်းဟောင်နဲ့ အတူတူလောက် ဖြစ်နေမလား။” ပဉ္စမ အကြီးအကဲ ဓားတောင်ထိပ်ကို မော့ကြည့်ရင်း ပြောတယ်။

“အင်း။ ဒီအရည်အချင်းနဲ့ ဆိုရင်။ သူသာ နိုင်ငံတော် လေးခုက ဖြစ်ခဲ့ရင် ကျော်ကြား နေတာ ကြာလှပြီ။ ဒါပေမယ့် ငါခန့်မှန်းတာ မမှားရင် ဒီကောင်စုတ်က တခြား မျိုးနွယ်စုတွေက ဖြစ်နိုင်ချေ ၉၀% ရှိတယ်။” ပြောရင်းနဲ့ တတိယ အကြီးအကဲ မျက်ဝန်းမှာ အေးစက်စက် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။

“အကယ်၍ ဒီကောင်စုတ်သာ တခြား မျိုးနွယ်စုက ဖြစ်ခဲ့ရင်၊ ဘယ်မျိုးနွယ်ကပဲ ဖြစ်ဖြစ်၊ အသေသတ်ရမယ်။ ကောင်းကင် တာအို ခန်းမ လူရွေးပွဲမှာ ဒီလို လာရှုပ်ဝံ့တဲ့ အတွက် ကောင်းကောင်း အပြစ်ပေး ခံရမယ်။”

“ဟုတ်တယ်။ နည်းနည်းတော့ နှမြောစရာ ကောင်ပေမယ့် လောကမှာ အရည်အချင်း ရှိတဲ့ ပါရမီရှင်တွေ မရှားပါး ဘူးလေ။ နောက်ပြီးတော့ ပါရမီရှင်တွေထဲမှာ၊ ဘယ်သူကများ ချီကူယန်ကို မှီနိုင်မှာလဲ။”

“ဟဟား။ တတိယ အကိုကြီးရယ်။ ဒီကောင်စုတ်ကို ချီကူယန်နဲ့ ဘယ်လိုများ နှိုင်းရက်တာလဲ။ ဒီလောကမှာ ချီကူယန်လို ရွေးချယ်ထားတဲ့ လူတစ်ယောက်ကို ဘယ်သူကများ လောကမှာ နှိုင်းယှဉ်နိုင်မှာလဲ။”

“တကယ်တော့ ငါ့စိတ်ထဲမှာ နောက်ထပ် ကိစ္စတစ်ခု ရှိနေသေးတယ်။” တတိယ အကြီးအကဲရဲ့ မျက်နှာ အမူအယာ တဖြည်းဖြည်း မည်းမှောင်လာတယ်။

“အကိုကြီး ပြောချင်တာ ကျွန်တော့် အနားကို သူနောက်ဆုတ် လာတဲ့ ကိစ္စလား။”

“အင်း။ ငါထင်တာ မမှားရင်။ သူက အခုပဲ တိုက်ခိုက်ဖို့ ကြံတော ဖြစ်ရမယ်။” တတိယ အကြီးအကဲ ခေါင်းငြိမ့် လိုက်တယ်။

“ကျွန်တော်လည်း ခံစားမိတယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမမှာ ကျွန်တော့်ကို တကယ်ပဲ တိုက်ခိုက် ဝံ့တဲ့သူ ရှိလာမယ်လို့ မထင်ထား မိဘူး။ ကျွန်တော်ပဲ အတွေးလွန် နေတာလား။” ပဉ္စမ အကြီးအကဲ ပြောတယ်။

“ဒီကောင်စုတ်လေးက တိုက်ခိုက်ဖို့ ကြံနေတာကို နောက်ထားလိုက်အုန်း။ သူ့ရဲ့ မောက်မာတဲ့ ပုံစံနဲ့ ဆိုရင် အခုချိန်မှာ အစီအစဉ် အတိုင်း ဆက်လုပ်ရမှာပဲ။ ငါတို့ သူ့ကို တစ်ခဏတော့ ထိန်းသိမ်း ထားရမယ်။”

“တတိယ အကိုကြီး ဆိုလိုက်တာက။”

“ဟုတ်တယ်။ အခုလို လက်ရှိ အခြေအနေမှာ ငါတို့ စိတ်ချထားလို့ မဖြစ်သေးဘူး။”

“ဟူး။” ပဉ္စမ အကြီးအကဲ သက်ပြင်း ချလိုက်တယ်။ “တတိယ အကိုကြီး ပြောချင်တာ သူက ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ကြားကို ထွက်ပြေး သွားနိုင်တယ်လို့လား။ ”

“ငါတို့နဲ့ ကောင်းကင်တာအို ခန်းမဆီ လိုက်လာဝံ့မှတော့။ သူ့ရဲ့ တိုက်ပွဲ အစီအစဉ်ထဲမှာ ဒါလည်း ပါလိမ့်မယ်။”

“အင်း။” ပဉ္စမ အကြီးအကဲ တိတ်ဆိတ် သွားခဲ့တယ်။ သူမျက်မှောင်ကြုတ်ထား၇င်း ဆက်ပြောတယ်။ “အကယ်၍ ငါတို့သာ သူ့ကို မဖမ်းနိုင်ရင်၊ ဒီကောင် သုခမိန် အဆင့်ကို ရောက်သွားတဲ့ အချိန် ဘယ်လို လုပ်မလဲ။”

“သုခမိန် အဆင့်။ ဒါက စွမ်းအားနဲ့ မဆိုင်ဘူး။ ကံနဲ့ဆိုင်တာ။” တတိယ အကြီးအကဲ ခေါင်းခါရင်းနဲ့ ဆက်ပြောတယ်။ “ဒါပေမယ့် ဒီလိုသာ ဖြစ်လာခဲ့ရင်။ ဒီကောင်စုတ်လေးသာ သုခမိန် အဆင့်ကို ကံကောင်းပြီး ရောက်သွားခဲ့ရင် သူ့ကို ထိန်းနိုင်မယ့်သူ တစ်ယောက်ယောက်တော့ ရှိမှာပါ။ ငါစိုးရိမ်မိတာက နောက်နှစ်တစ်ရာလောက် ကြာသွားရင် ချီကူယန်တောင် သူ့ကို ထိန်းနိုင် ပါ့မလား။”

“နှစ်တရာ။ အကယ်၍ နောင်နှစ်တရာ ရောက်ရင်၊ ချီကူယန်တောင် သူ့ကို မထိန်းနိုင် တော့ရင်ကော။”

“မဖြစ်နိုင်တာပဲ။”

“ဒါပေါ့။ မနက်ဖြန်ဆိုရင် ကောင်းကင် ဟောစာတန်း ရောက်လာတော့မယ်။ ချီကူယန်ကော ရောက်နေပြီလား မသိ။” ပဉ္စမ အကြီးအကဲ ကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။

“ချီကူယန်၊ ဒီကလေးက အရေးကြီးတဲ့ ကိစ္စကို ကောင်းကောင်း နားလည်ပါတယ်။ မနက်ဖြန် အမှီ ရောက်လာမှာပါ။” တတိယ အကြီးအကဲ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“အင်း ရောက်လာမှာပါ့။” ပဉ္စမ အကြီးအကဲ ခေါင်းငြိမ့်ရင်းနဲ့ ပြောတယ်။ တောင်စောင်းမှာ တွယ်တက်နေတဲ့ လူနှစ်ယောက်ကိုပဲ သူဆက်ကြည့် နေတော့တယ်။ နောက်ထပ် ထပ်မပြောတော့ဘူး။

…..

ဓားတောင်မှာ ဘာသစ်ပင်မှ မရှိဘူး။ ဒါကြောင့် ရာသီ ဥတုက ကြမ်းတမ်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အတွက်တော့ ဒီကြမ်းတမ်းမှုတွေက မပြောပဘူး။ သက်တောင့် သက်သာရှိတဲ့ နေရာမှာ ထိုင်ရင်းနဲ့ မျက်လုံးတွေကို ပိတ်ထားခဲ့တယ်။ လေအေးအေးကို ရှူရှိုက်နေတယ်။ တနာရီ ကြာပြီးတဲ့နောက် တောင်ခြေကနေ အသံတစ်ချို့ကို ကြားလိုက်ရတယ်။

“ရောက်လာကြပြီလား။” ဖန်ကျန်းရှီ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ တောင်စောင်းကို လှမ်းကြည့်တယ်။ တောင်ပေါ်ကို တွားတက် လာနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။ အရာအားလုံး ဖြစ်တည်မှု တာအိုကို မသုံးပဲနဲ့ ကာယ အင်အား တစ်ခုတည်းနဲ့ တက်လာရတာ ကြမ်းတမ်း ခက်ခဲတဲ့ စမ်းသပ်မှုပဲ။ သဘာဝလွန် အဆင့်မှာ ရောက်နေတဲ့သူ မဟုတ်ရင် ဒီလို တက်နိုင်ဖို့ ခက်ခဲလိမ့်မယ်။

“အမ်။ အဲ့တာ ချန်းဝူ မဟုတ်ဘူးပေါ့။” ချန်းဝူက တောင်ထိပ်ကို ပထမဆုံး ရောက်တဲ့သူ ဖြစ်ဖို့ ၈၀% သေချာမယ်လို့ သူ တွေးထား ခဲ့တာ။ ချန်းဝူက သဘာဝလွန် အထွတ်အထိပ် အဆင့်မှာ ရောက်နေတဲ့ သူလည်း ဟုတ်တယ်လေ။ ဒါပေမယ့် ပထမနေရာ ရောက်နေတာ အစိမ်းရင့်ရောင် ဝတ်ရုံနဲ့ လူငယ် တစ်ယောက်ပဲ။”

သူ့ရဲ့ ညိုမောင်းတဲ့ အသားအရေက နေရောင်အောက်မှာ တောက်ပနေတယ်။ နောက်ပြီးတော့ အဲ့ဒီ့ လူငယ်ရဲ့ နောက်မှာ ကပ်လိုက်လာတဲ့ သူက နန်ကုန်းမု ဖြစ်နေတာပဲ။

“နန်ကုန်းမုက ဒီလောက်တောင် တော်တာလား။” ဖန်ကျန်းရှီ လွန်ခဲ့တဲ့ ၂နှစ်တုန်းက သူတို့ရဲ့ တိုက်ပွဲကို ဖန်ကျန်းရှီ ပြန်စဉ်းစား မိတယ်။ နန်ကုန်းမုက အဲ့ဒီ့ အချိန်တုန်းက ကောင်းကင် ရောင်ပြန် အဆင့်မှာပဲ ရှိသေးတာ။ ဒါပေမယ့် အခုတော့ ၂နှစ် အတွင်းမှာတင် ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိနေတဲ့ ချန်းဝူကို ကျော်တက် သွားပြီလား။ သူအံ့သြ နေမိတယ်။

ကြည့်ရတာ သူက ပထမ ဖြစ်ချင်နေတဲ့ ပုံစံပဲ။ ဖန်ကျန်းရှီ အံကြိတ်ရင်း ပြုံးလိုက်တယ်။ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်တယ်။ ကျောက်တုံးတွေ အများကြီး ပျံ့ကျဲနေတာကို တွေ့လိုက်ရတယ်။

“အင်း။ အခုက အခက်အခဲ နည်းနည်း တိုးလာအောင် လုပ်ဖို့ အချိန် ကောင်းပဲ။” ဖန်ကျန်းရှီက တခြားသူတွေကို ကူညီရလို့ ပျော်တတ်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ယှဉ်လာရင်တော့ တစ်ခုခုကို ရွေးရတော့မယ်။

ကျောက်တုံးကြီး နှစ်တုံးကို သူကောက်လိုက်တယ်။ အဲ့ဒီ့နောက် ကျောက်တုံးတွေက သူ့လက်ထဲကနေ ခပ်မြန်မြန်ပဲ ပြေးထွက် သွားခဲ့တယ်။

“ဝုန်း ဝုန်း။” တောင်စောင်းကနေ ကျောက်တုံးတွေ ဝတ်ရုံစိမ်း လူငယ်ဆီကို ပြုတ်ကျလာတယ်။ လူငယ်လည်း ကျောက်တုံးတွေကို မြင်တော့ တုန်ယင် သွားခဲ့တယ်။ အဲ့ဒီ့နောက် တောင်စောင်းမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို သတိ ထားမိသွားတယ်။

“ဒီလိုကိုး။” ဖန်ကျန်းရှီ သူ့ကို တိုက်ခိုက်တာကြောင့် လူငယ် စိတ်မဆိုးဘူး။ သူ့ကို စမ်းသပ်နေတယ်လို့ပဲ ထင်ထားတာ။ သွေးကြောတွေ ထောင်ထနေတဲ့ သူ့လက်တွေက စကားပြောနေ သလိုပဲ။

“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ လူငယ်လည်း လက်ဖဝါးတွေကို သုံးပြီးတော့ တောင်နံရံတွေကို ကုပ်တွယ်ထားတယ်။ အဲ့ဒီ့နောက် လေထဲမှာ တစ်ချက် လွှဲယမ်းလိုက်ပြီး လက်ဖဝါးတွေရဲ့ အင်အားနဲ့ တောင်စောင်း ဘေးတစ်ဖက်ကို ရွေ့လိုက်တယ်။

ဖန်ကျန်းရှီကတော့ မျက်လုံးပြူးကြီးနဲ့ မယုံနိုင် ဖြစ်နေခဲ့ပြီ။ လူငယ်ရဲ့ ကြွက်သား အင်အားကြောင့် သူစိတ်လှုပ်ရှား သွားတယ်။ ပြန်တွေးမိတယ်။ သူသာ ဒီလူငယ်ရဲ့ နေရာမှာ ရောက်နေရင်၊ ဒီလို လုပ်နိုင်မှာလား။ အဖြေကတော့ ရှင်းပါတယ်။ မလုပ်နိုင်ဘူး။

နောက်ပြီးတော့ လူငယ်လုပ်သလိုမျိုး လက်ဖဝါးကို မညှာမတာ မခိုင်းနိုင်ဘူးလေ။ တကယ့်ကို မညှာမတာ တတ်တဲ့ သူတွေက ကိုယ့်ကိုယ်ကိုလည်း အဆုံးစွန်ထိ အသုံးချနိုင်တယ်။ ကျောက်တုံး နှစ်တုံးက လူငယ်လေးရဲ့ ကိုယ်ခန္ဒာ ပေါ်ကို လျှပ်တိုက်ပြီး ဖြတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် လူငယ်ရဲ့ အောက်ဘက်ကနေ အော်သံကြီး ထွက်လာခဲ့တယ်။

“အိုက်ယား။ ဘယ်သူများ ကျောက်တုံးတွေ ပစ်ချနေတာလဲ။” အသံက အတော့်ကို ဒေါသထွက်ပြီးတော့ နာကျင်နေတဲ့ ပုံစံပဲ။ ကျောက်တုံးတွေ သူ့ကို ထိသွားတာ သေချာတယ်။ နောက်ပြီးတော့ ဒီအသံက ရင်းရင်းနှီးနှီးကို ကြားဖူးနေတယ်။

“ချန်းဝူလား။ ငါ တမင်တကာ လုပ်တာ မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။” ဖန်ကျန်းရှီ ပါးစပ်ပိတ်သွား ခဲ့တယ်။ ကျောက်တုံးတွေကို ဝတ်ရုံစိမ်းဝတ် လူငယ်ဆီ တည့်တည့်ကြီး ပြစ်ချတာလေ။ ဒါပေမယ့် ချန်းဝူကို သွားထိတယ်။ ဒဏ္ဍာရီလာ ကံကြမ္မာ ဆိုတာ ဒါပဲ ဖြစ်ရမယ်။

အပိုင်း(၆၄၄)ပြီး၏။

အပိုင်း (၆၄၅)

“နေ့ခင်းကြောင်တောင် သူရဲတွေ့”

…..

ချန်းဝူ စိတ်ဖိစီးပြီးတော့ ဒေါသထွက်နေခဲ့တယ်။ ပြန်လည် မွေးဖွားမှု အထွတ် အထိပ် အဆင့်ကို ရောက်နေပင်မယ့် ပြုတ်မကျအောင် ထိန်းမထားနိုင်ခဲ့ဘူးလေ။ ဒီတစ်ခေါက် ပြိုင်ပွဲက ကာယ အင်အားကိုပဲ သုံးရတာလေ။ နောက်တနည်း ပြောရရင်၊ ချန်းဝူက ကျင့်ကြံဆင့် မြင့်ပေမယ့်၊ ကာယ အင်အား သိပ်မရှိဘူး။ ဒါကြောင့် ဒီစစ်ဆေးမှုမှာ သူထိပ်ဆုံး မရောက်နိုင်ဘူး။

ဒါကြောင့် ချန်းဝူရဲ့ ကာယ အင်အားက မသန်မာဘူးလို့ ပြောလို့ မရဘူး။ သူ့ရဲ့ အင်အားက အဆင့်တူ လူတွေထက် အများကြီး ပိုသာတယ်။ နန်းတော်ထဲမှာ ငယ်ငယ်တည်းက ကြီးပြင်းလာတာလည်း မဟုတ်ဘူး။ ငယ်ရွယ်စဉ် အချိန်တုန်းကလည်း ချစ်ခင်တာ မခံခဲ့ရဘူး။ ဒါကြောင့် တခြား မင်းသား မင်းသမီးတွေလို မမောက်မာဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင် နှစ်ယောက်ထက်တော့ နောက်ကျ ကျန်ခဲ့တယ်။

တစ်ယောက်က ဝတ်ရုံစိမ်းနဲ့ လူငယ်။ နောက်တစ်ယောက်က နန်ကုန်းမု။ ဒီလူငယ်ကို နိုင်ဖို့ ဒီတစ်ခေါက်တော့ ကြိုးစား မနေတော့ဘူး။ ဒီလူငယ်ရဲ့အဆင့်အတန်းနဲ့ ဇစ်မြစ်ကို သူကောင်းကောင်း သိတယ်လေ။

ဒီလူငယ်ကလည်း ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ပဲ။ နောက်ပြီးတော့ သူက သားရဲကောင်ကြီး။

စစ်မက် လိုလား နိုင်ငံတော်။ တိုက်ခိုက်ရေး အင်အားကို အဓိက ထားတဲ့ နိုင်ငံတော်ကြီး။ တခြား နိုင်ငံတော် သုံးခုနဲ့ မတူညီတာလည်း ရှိတယ်။ သူတို့ နိုင်ငံက (ကိုယ်ခံ ပညာ)ကို ပိုပြီးတော့ အလေးထားတယ်။ ဒီလူငယ်ကလည်း စစ်မက် လိုလား နိုင်ငံတော်ရဲ့ ကိုယ်စားပြု။ နိုင်ငံ နံပါတ်တစ် ပါရမီရှင်။ ရန်ချင်း။ ကလေးဘဝတည်းက သားရိုင်းကောင် အုပ်စုခေါ်သွားတာ ခံရပြီးတော့ ကြီးပြင်းလာတဲ့သူ။ သူ့မှာ ကျော်ကြားတဲ့ ဂုဏ်ပုဒ် တစ်ခု ရှိသေးတယ်။ (မပျက်စီးနိုင်တဲ့ ခန္ဒာရှင်။)

ဒီလို ထူးခြားတဲ့ အင်အားရှိတဲ့ ရန်ချင်းနဲ့ ယှဉ်ဖို့လား။ ချန်းဝူ တခါမှ မတွေးဖူးဘူး။ ဒါပေမယ့် ရန်ချင်း အပြင် သူ့ရှေ့မှာ နန်ကုန်းမုလည်း ရှိနေသေးတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ချန်းဝူ စိတ်ဖိစီးလာတယ်။ သူ့ရဲ့ အင်အားတွေ အားစိုက်ထုတ်မှုတွေ အားလုံးကို သုံးပြီးတော့ ခပ်ကြမ်းကြမ်း တွယ်တက်တော့တယ်။ သဘာဝနဲ့ တသား တည်း ဖြစ်တဲ့ အဆင့်ကိုတောင် ရောက်လု နီးပါးပဲ။

ဒါပေမယ့် ကျောက်တုံးတွေ ပြုတ်ကျလာတာ ဘာကြောင့်လဲ။ ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့် အနေနဲ့ ချန်းဝူက ကျောက်တုံးတွေ ပြုတ်ကျ လာတာကို ဘယ်လိုများ ခံနိုင်မှာလဲ။ အပေါ်က ကျောက်တုံးတွေ ကျလာတာကို ခံစား မိတာနဲ့ သူတစ်ခါတည်း အော်မိတော့တယ်။

“ကျောက်တုံးတွေကို ဘယ်သူ ပြစ်ချ နေတာလဲ။” ကျောက်တုံး တစ်တုံးကို လက်နဲ့ ရိုက်ချ နိုင်လိုက်တယ်။ ဒါပေမယ့် ကံမကောင်းတာက ကျောက်တုံး နှစ်တုံး ဖြစ်နေ ခဲ့တာပဲ။ ဒုတိယ ကျောက်တုံးကို သူမရှောင်လိုက် နိုင်ဘူး။

“..” နီးကပ်လာတဲ့ ကျောက်တုံးကို ကြည့်ရင်း ချန်းဝူ ကြက်သေသေ နေမိတယ်။ သူ့မျက်နှာက ကျောက်တုံးနဲ့ တည့်တည့်ကြီး တိုက်မိသွားတယ်။ တစ်ခဏ အတွင်းမှာပဲ ချန်းဝူရဲ့ မျက်နှာ စုတ်ပြတ်သွားတယ်။ နှာခေါင်းလည်း ပုံပျက်သွားပြီးတော့ မျက်ရည်တွေ ကျလာခဲ့တယ်။

“ကလိမ်ဉာဏ် ဆင်နေတာပဲ။ ဒါဉာဏ်ဆင်တာ။” တောင်စောင်းက ပြုတ်ကျလာတဲ့ အချိန် ချန်းဝူ စိတ်ထဲမှာ အော်ဟစ် နေခဲ့တယ်။

“ကလိမ်ဉာဏ် ဆင်နေတာပဲ။ ဒါဉာဏ်ဆင်တာ။” တောင်စောင်းက ပြုတ်ကျလာတဲ့ အချိန် ချန်းဝူ စိတ်ထဲမှာ အော်ဟစ် နေခဲ့တယ်။ ပြိုင်ပွြဝင်တွေက ချန်းဝူကို ကြည့်ရင်း တွေးနေမိတယ်။ “ဒုတိယ ပြိုင်ပွဲက တကယ် ခက်တာပဲ။ ကျောက်တုံးတွေ ရှိနေမယ်လို့ မထင်ထား မိဘူး။”

…..

ဖန်ကျန်းရှီ ပြစ်လိုက်တဲ့ ကျောက်တုံး နှစ်ခုကြောင့် ရန်ချင်းက ဘေးကို ရှောင်လိုက်တဲ့ အချိန်မှာပဲ နန်ကုန်းမုက သူ့ကို ကျော်တက် သွားခဲ့တယ်။

“ငါ ရန်ချင်း၊ မွေးတည်းက တစ်ခါမှ ခေါင်းမငုံ့ဖူးဘူး။ ဘယ်သူမှ ငါ့ကို ကျော်တက်လို့ မရဘူး။” ရန်ချင်းက နန်ကုန်းမုကို ကြည့်ရင်းနဲ့ ပြော်လိုက်တယ်။ လက်မောင်းတွေကို ကွေးညွှတ်လိုက်တယ်။ ခန္ဒာကိုယ်ကို လေးကိုင်း တစ်ခု အသွင် ပြောင်းလဲ လိုက်တယ်။

“ဝုန်း။” ကျယ်လာင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ရန်ချင်းရဲ့ ကိုယ်ခန္ဒာ ပျံတက်သွားတယ်။ သူ့ရဲ့ လက်ဝါးကို သုံးပြီးတော့ ခန္ဒာကိုယ်ကို လွှဲယမ်းပြီး ခုန်လိုက်တာ။ တကယ့်ကို မတ်စောက်လွန်းတဲ့ တောင်တန်းကြီးကို အလွယ်တကူ ခုန်ပျံတက်သွားတာ။ ဒါကို မြင်လိုက်တဲ့ သူတွေအတွက် ပြောစရာ စကား တစ်ခွန်းပဲ ရှိတယ်။ ရူးချင်စရာပဲ။

“ကချာ့။” ရန်ချင်း နောက်တစ်ခေါက် တောင်စောင်းပေါ်ကို ပြန်ကျတဲ့ အချိန် သူ့ရဲ့ အရှိန်နှုန်းကြောင့် ကျောက်တုံးတွေ အက်ကွဲကုန်တယ်။ အဲ့ဒီ့နောက် ရန်ချင်းက ကျားသစ်နက် တစ်ကောင်လို လေးဖက်ထောက်ရင်း တောင်နံရံကို ကပ်တွယ်ထားတယ်။ သူတစ်ချက် လှုပ်လိုက်တိုင်း တောင်နံရံမှာ အက်ကွဲရာတွေ ဖြစ်လာတယ်။

“..” ဖန်ကျန်းရှီ အရင်တုန်းက ထင်ခဲ့တာ နောက်ထပ် ကျောက်တုံးနှစ်တုံးကို ပြစ်ချလိုက်ရင် အခက်အခဲ ပိုတိုးလာအောင် လုပ်နိုင်မယ်လို့။ ဒါပေမယ့် အချိန် မလောက်တော့ဘူး။ ရန်ချင်းရဲ့ အရှိန်နှုန်းက မြန်လွန်းနေတယ်။ အချိန်တိုလေး အတွင်းမှာ နန်ကုန်းမုကို မှီသွားခဲ့ပြီ။

နောက်ပြီးတော့ နန်ကုန်းမုကလည်း ရန်ချင်း တက်လာတာကို မြင်တော့ သူ့မျက်ဝန်းကနေ ထူးဆန်းတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ သူလည်း ခြေလက် လေးဖက် စလုံးကို သုံးပြီးတော့ တောင်စောင်းမှာ ကပ်တွယ်လိုက်တယ်။

“မင်းမှာ တိုက်ခိုက်ရေး စိတ်ဝိဉာဉ် ရှိနေ သေးတာပဲ။” နန်ကုန်းမုရဲ့ အတွေးကို ဖန်ကျန်းရှီ နားလည်လိုက်တယ်။

ရန်ချင်းကသာ ကြောက်စရာ သားရဲ အရှိန်အဝါနဲ့ လူဖြစ်ခဲ့ရင်၊ နန်ကုန်းမုကတော့ မြစ်ကြမ်းပြင်က ဂဏန်းနီပဲ။ ၂နှစ် အချိန် အတွင်းမှာ ဂဏန်းနီက နဂါး ဖြစ်လာနိုင်လား။

“ကောင်းပြီ။ နှစ်ယောက်လုံး ပထမ နေရာ။” ရန်ချင်းနဲ့ နန်ကုန်းမု နှစ်ယောက်လုံးက တောင်စောင်း အစွန်းကို လက်လှမ်း မှီနေပြီ။

“ပထမ နေရာ၊ ၂ယောက်လုံးလား။” ရန်ချင်းက ဒါကို ကြားတော့ တုန်ယင် သွားခဲ့တယ်။ သူ့ခန္ဒာကိုယ်က သားရဲကောင် အငွေ့အသက်လည်း ပျောက်ကွယ်သွားတယ်။ ခပ်မြန်မြန်ပဲ တောင်ပေါ်ကို ခုန်တက်လာခဲ့တယ်။

“မင်း နာမည် ဘယ်လိုခေါ်လဲ။” ဖန်ကျန်းရှီ မေးတယ်။

“စစ်မက်လိုလား နိုင်ငံတော်က ရန်ချင်း။” သူ့ရဲ့ ညိုမောင်းမောင်း လက်နှစ်ဖက်ကို ပုခုံးမှာ ယှက်ရင်းနဲ့ ဦးညွှတ်လိုက်တယ်။

“အင်း မဆိုးဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ နန်ကုန်းမုကို လှမ်းကြည့်တယ်။ “မင်းတို့ နှစ်ယောက်လုံး ဒုတိယ စစ်ဆေးမှုကို အောင်မြင်သွားပြီ။”

“ကျေးဇူးတင်ပါတယ် သံတမန်ကြီး။” ရန်ချင်းနဲ့ နန်ကုန်းမုရဲ့ ကျေးဇူးတင်သံ တပြိုင်နက်တည်း ထွက်ပေါ်လာတယ်။

ဖန်ကျန်းရှီကို ကျေးဇူးတင်ပြီးတဲ့နောက် နန်ကုန်းမုကို သူလှည့်ကြည့်တယ်။ သူ့ရဲ့ ခပ်ညိုညို အသားအရေက အလင်းရောင်တွေ တောက်ပနေတယ်။

“မင်းက နန်ကုန်းမုလား။”

“ဟုတ်တယ်။”

“ငါ့ရဲ့ တိုက်ပွဲ ဝိဉာဉ်ကို လောင်ကျွမ်းအောင် လုပ်နိုင်တာလူနည်းနည်းပဲ ရှိတယ်။ နောက်တဆင့်မှာ ငါတို့ အကွက် နည်းနည်း ဖလှယ်ဖို့ အခွင့်အရေး ရချင်သေးတယ်။” ရန်ချင်းရဲ့ အသံက စိတ်လှုပ်ရှားနေတာ သိသာတယ်။

“ရတာပေါ့။ အချိန် မရွေးပဲ။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ ၇န်ချင်းလည်း နောက်ထပ် မပြောတော့ဘူး။ နေရာ တစ်နေရာ ရှာပြီးတော့သာ ထိုင်နေတော့တယ်။

နန်ကုန်းမု ပြုံးပြလိုက်တာကို ဖန်ကျန်းရှီ မြင်လိုက်တယ်။ နန်ကုန်းမုက ငတုံး မဟုတ်မှန်း သူသိတယ်။ နောက်ပြီးတော့ အခုချိန်မှာ ယုံကြည်ချက် အပြည့် မရှိတာလည်း သိတယ်။ ဖန်ကျန်းရှီ နောက်ထပ် ဘာမှ မပြောတော့ဘူး။ တောင်ကုန်းအောက်ကို ငုံ့ကြည့်တယ်။ ရန်ရွှယ်လည်း ခပ်မြန်မြန်ပဲ တက်လာခဲ့တယ်။ နန်ကုန်းမု ရပ်နေတဲ့ နေရာကို လျှောက်သွားတယ်။ စကား တစ်ခွန်းတောင် မပြောဘူး

“တတိယ နေရာ၊ ကြီးမြတ်သော ရှနိုင်ငံတော်၊ အနောက်ပိုင်း လျန်က ရန်ရွှယ်။”

“စတုတ္ထ”

“ပဉ္စမ။”

“..”

“နဝမ။ သီးခြား မြင့်မြတ် နိုင်ငံတော်က ချန်းဝူ။” မျောင်မည်းနေတဲ့ ချန်းဝူကို ကြည့်ရင်း သူ့နှလုံးသားထဲမှာ သက်ပြင်းချမိတယ်။

သူတကယ်ပဲ တက်လာနိုင်တယ်ပေါ့။ ချန်းဝူ ခုနက ပြုတ်ကျ သွားတာကို သူမြင်လိုက်တယ်လေ။ ဒါတောင် ချန်းဝူက တက်လာနိုင်သေးတယ်။ နံပါတ်ကိုး နေရာကို ရောက်လာတယ်တဲ့။

“ဒဿမ၊ ထုတ်ပယ်။”

“ထုတ်ပယ်။ ဒုတိယ စစ်ဆေးမှုမှာ ဆယ်ယောက် အောင်မြင်မှာ မဟုတ်ဘူးလား။” တောင်ပေါ်ကို ခက်ခက်ခဲခဲ ရောက်လာတဲ့ လူငယ် စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။ သူတို့ တောင်အောက်မှာ ရှိတဲ့ အချိန်တုန်းက တပည့်သား သုံးယောက် ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။ ပထမဆုံး အပေါ်ရောက်တဲ့ ဆယ်ယောက်ကိုပဲ လက်ခံမယ်လို့။

“ဆယ်ယောက်ပဲ လက်ခံမှာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ဒါဆိုရင် ဘာဖြစ်လို့ ကျွန်တော်။”

“ ဘာကြောင့်လဲ ဆိုတော့ တစ်ဆင့်က ငါ့နေရာလေ။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောလိုက်တယ်။

“အကိုကြီး ခုန်ချင်းရဲ့ နေရာ။”

“အကိုကြီး ခုန်ချင်းက တတိယ စစ်ဆေးမှုကိုလည်း ဝင်ပြိုင်မှာလား။”

“အကိုကြီး ခုန်ချင်းက ကောင်းကင်တာအို ခန်းမရဲ့ တပည့်သား ဖြစ်နေပြီ မဟုတ်ဘူးလား။ ဘာကြောင့်များ တတိယ တဆင့်ကို ဝင်ပြိုင်မှာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

ဖန်ကျန်းရှီ ပြောတာကို ကြားတော့ ပြိုင်ပွဲဝင်တွေ ဘယ်လို တုံ့ပြန်ရမယ် မှန်းတောင် မသိတော့ဘူး။ ဒါမျိုးကို သူတို့ မကြားဖူးဘူးလေ။

“အကိုကြီး ခုန်ချင်းနဲ့ ငါတို့က ဘယ်လိုများ ယှဉ်နိုင်မှာလဲ။”

“အမှန်ပဲ။”

“အကိုကြီး ခုန်ချင်းနဲ့ ပြိုင်ရမှာတဲ့လား။ ဒါက..။ ကောင်းကင်တာအို ခန်းမမှာ အကိုကြီး ခုန်ချင်းဆီက သင်ယူဖို့ ငါစောင့်နေတာလေ။”

အများစုကတော့ နားမလည်နိုင်ကြဘူး။ ရီစရာ ကောင်းတဲ့ အကြောင်းရင်းတွေ သူတို့ စိတ်ထဲမှာ အများကြီး ပေါ်လာခဲ့တယ်။ အတွင်းလူလား။ ဒါပေမယ့် တတိယ ပြိုင်ပွဲမှာ ကောင်းကင် တာအို ခန်းမ ကျောင်းတော်သားနဲ့ တိုက်ခိုက် ခိုင်းတာက ဘာသဘောလဲ။ အတွင်းလူနဲ့ တိုက်ခိုက်ခိုင်းတယ် ဆိုရင်လည်း ဒါက များလွန်းတယ်လေ။

“ဘာကြောင့်လဲ ဆိုတော့၊ သူက ခုန်ချင်း မဟုတ်ပဲ အယောင်ဆောင် ဖြစ်နေလို့ပဲ။” ဒီအချိန်မှာ နောက်ထပ် အသံတစ်သံ တောင်အောက်ကနေ ပေါ်လာခဲ့တယ်။

“အယောင်ဆောင်တဲ့။”

“ဘယ်သူက အကိုကြီး ခုန်ချင်းကို စွပ်စွဲ နေပြန်တာလဲ။”

“အကိုကြီး ခုန်ချင်းက အစစ်ဆိုတာ ခုနကပဲ သက်သေပြထားတာ မဟုတ်ဘူးလား။”

အသံကို ကြားတော့ ကျောင်းတော်သားတွေ တောင်စောင်းကို ငုံ့ကြည့်ကြတယ်။ ဒါမျိုးက တစ်ခေါက် ဖြစ်ပြီးပြီလေ။ စီမာဖန်းလို ဖြစ်ချင်တဲ့ ဒုတိယ လူရှိသေးတယ်လား။ ဒါက လူတိုင်းရဲ့ အတွေးပဲ။ ဒါပေမယ့် ကြီးမားတဲ့ အရိပ်ကြီး တစ်ခုက တောင်စောင်းမှာ ပေါ်လာခဲ့တယ်။ လူတိုင်းကတော့ မယုံနိုင်တဲ့ မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့တယ်။

မီးတောက်စိမ်း သားရဲကောင်။ ဒါ့အပြင် သားရဲကောင်ပေါ်မှာ ရပ်နေတဲ့လူ။ အတွင်းခံပဲ ဝတ်ထားပြီးတော့ ဆံပင်တွေ ရှုပ်ထွေးနေတဲ့ လူတစ်ယောက်။ လေအေးအေးက တိုက်ခတ်နေတဲ့ အတွင်းခံတွေက လွင့်မျောနေတယ်။

သူ့ပုံစံက အရူး တစ်ယောက်လိုပဲ။ ဒါပေမယ့် လူတိုင်းကတော့ ပါးစပ် အဟောင်းသားနဲ့ မျက်လုံး ပြူးကျယ် သွားခဲ့တယ်။ သရဲ တစ်ကောင်လိုပဲ။

အပိုင်း (၆၄၅)ပြီး၏။

အပိုင်း (၆၄၆)

“ဘယ်သူနိုင်မလဲ။ ဘယ်သူ ရှုံးမလဲ။ ခုန်ချင်း နှစ်ယောက်။”

“ခုန်ချင်း နှစ်ယောက် ဖြစ်နေတာပဲ။”

“မဟုတ်ဘူး။ ငါမှတ်မိတာ။ အကိုကြီး ခုန်ချင်းက တတိယနဲ့ ပဉ္စ အကြီးအကဲတို့ နောက်ကို လိုက်သွားတယ် မလား။ နောက်ထပ် ခုန်ချင်းက ဘယ်လိုများ ပေါ်လာတာလဲ။”

“သူတို့က အမြွှာတွေလား။”

လူတိုင်းက အထိတ်တလန့်နဲ့ ကြည့်နေကြတယ်။ ဒါပေမယ့် သူတို့ မှတ်မိတာ ခုန်ချင်းက ဓားတောင်ထိပ်ကို အရင်ဆုံး သွားတဲ့ တစ်ယောက်လေ။ ဒီတော့ နောက်ကျမှ ရောက်လာတဲ့သူက အတုပဲ ဖြစ်လိမ့်မယ်။ နားလွည် သွားပြီးတဲ့နောက် သူတို့တွေ အတွင်းခံပဲ ဝတ်ထားတဲ့ ခုန်ချင်းကို ကြည့်ရင်း နောက်ဆုတ်လိုက်တယ်။

“မင်းတို့ကောင်တွေ။ ငါကမှ ခုန်ချင်း အစစ်။ သူကအတု။” ပြိုင်ပွဲဝင်တွေရဲ့ မယုံသင်္ကာ မျက်နှာကို မြင်တော့ ခုန်ချင်း ဒေါသထွက်လာတယ်။

သူက အဆိပ်ခတ် ခံရတဲ့ အပြင်၊ တကိုယ်လုံးကို ချုပ်နှောင် ခံထားခဲ့ရတာ။ သူ့ရဲ့ အဝတ်အစားတွေ စုတ်ပြဲ နေတာထက် ပြိုင်ပွဲဝင်တွေက သူ့ကို အစစ်လို့ လက်မခံကြတာ ပိုဆိုးတယ်။ သူတို့တွေက သူ့ကို အယောင်ဆောင်လို့ တွေးနေကြတာလား။

“မင်းက အခုချိန်ထိ လက်မလျှော့သေး ဘူးလား။ ကောင်းကင် တာအို ခန်းမ တောင်ခြေမှာ ငါ့ကို နောက်ယောင် ခံလိုက်နေတာ ငါမိသွားလို့ မင်းကို သတိပေးထားပြီးပြီ မဟုတ်လား။ အခုတော့ ငါမင်းကို ညှာတာလိုက်တာ အကွက်ကောင်း ဖြစ်သွားတဲ့ ပုံပဲ။ မင်းကို ဘယ်လိုများ ငါလွှတ်ပေး ရမှာလဲ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ စကားပြောပြီ။

“အယောင်ဆောင်လား။”

“ထင်သားပဲ။ အကိုကြီး ခုန်ချင်းက ဒီလောက် ကြင်နာတတ်တာ။ ငါတို့ ဒီအတိုင်း မျက်ကွယ်ပြု မထားနိုင်တော့ဘူး။”

“အကိုကြီး ခုန်ချင်း ပင်ပန်း နေလောက်ပြီ။ ဒီအယောင်ဆောင်ကို ကျွန်တော်တို့ ရှင်းလိုက်ပါမယ်။”

ဖန်ကျန်းရှီ ပြောတာကို ကြားတော့ ပြိုင်ပွဲဝင်တွေ ဖြစ်နေတာကို နားလည် သွားခဲ့တယ်။ ခုန်ချင်း အစစ်ကို တိုက်ခိုက်ဖို့ ပြင်ကြတယ်။

“မင်းတို့တွေ လုပ်ဝံ့တယ်ပေါ့။” ပြိုင်ပွဲဝင်တွေ သူ့ဆီ ပြေးဝင်လာတာ မြင်တော့ ခုန်ချင်း ဒေါသထွက်လာတယ်။ သူ့ခန္ဒာကိုယ်ကနေ ထူးခြာတဲ့ အရှိန်အဝါတွေ ထွက်ပေါ် လာခဲ့တယ်။

“ဒုန်း။” အရှေ့ဆုံးက ပြေးဝင် တိုက်ခိုက်တဲ့သူက နံရံကြီး တစ်ခုနဲ့ တိုက်မိသလို ရပ်တန့် သွားခဲ့တယ်။ ဒါကို မြင်တော့ နောက်ထပ် ပြိုင်ပွဲဝင်တွေ တစ်ယောက်ကို တစ်ယောက် မျက်စပြစ်ရင်း လက်ထဲက ဓားမြှောင်တွေကို ခုန်ချင်းဆီ ပြစ်လွှတ်လိုက်တယ်။

….

ခုန်ချင်းက ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် သူ့ကို တိုက်ခိုက်နေတဲ့ ပြိုင်ပွဲဝင်တွေကလည်း နှယ်နှယ်ရရ မဟုတ်ဘူး။ နိုင်ငံလေးခုက ထိပ်သီးတွေ။ ပြန်လည်မွေးဖွားမှု အဆင့် စစ်သည်တော် တစ်ယောက် အနေနဲ့ ပြိုင်ပွဲဝင် ငါးယောက် ခြောက်ယောက်ကို တစ်ခါတည်း တိုက်ခိုက် နိုင်တယ်။ သူတို့ရဲ့ စွမ်းအားက ရန်ချင်းတို့ ချန်းဝူတို့ကို ယှဉ်လို့ မရပေမယ့် လျှော့တွက်လို့လည်း မရဘူး။

အထူးသဖြင့် ခုန်ချင်းက အခုချိန်မှာ အဆိပ်မိထားတာ မကြာသေးဘူး။ သူ့ခန္ဒာကိုယ်က ထုံထိုင်း နေသေးတယ်။ အာရုံကြောတွေ မလန်းဆန်းသေးဘူး။ ဒါကြောင့် သူလည်း မီးတောက်စိမ်း သားရဲကောင်ကိ သုံးပြီးတော့ ရှောင်ရှား နေရတယ်။ ဒါတောင် အပြည့်အ၀ မရှောင်ရှားနိုင်ဘူး။

တစ်ချိန်တည်းမှာပဲ သူ့ခန္ဒာကိုယ် တခုလုံး သွေးစက်တွေ စွန်းထင်း သွားခဲ့တယ်။ ဒဏ်ရာတွေက သေလောက်အောင် မပြင်းထန် ပေမယ့် အပေါ်ယံ ဒဏ်ရာတွေ အတော်များနေပြီ။ ဒီလို စော်ကား ခံရတာကို သူသည်းမခံ နိုင်တော့ဘူး။ အယောင်ဆောင်ကို ကာကွယ်ပေးနေတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ရင်း ရင်ဘတ်ထဲမှာ မွန်းကြပ် ပူပြင်းလာတယ်။ လည်ချောင်းထဲက သွေးတွေကို အန်ထုတ်လိုက်တယ်။

“သူက အယောင်ဆောင်ပဲ။ မင်းလို ဒီလောက် အားနည်းနေတဲ့ ကောင်က ဘယ်လိုများ ကိုယ့်ကိုယ်ကို အကိုကြီး ခုန်ချင်းလို့ ပြောဝံ့တာလဲ။ မြန်မြန်။ အယောင်ဆောင်ကောင် ဒဏ်ရာရနေပြီ။”

“လာကြ။ အားလုံး အတူတူ တိုက်ခိုက်မယ်။ သူ့ကို မှတ်လောက် သားလောက်အောင် သင်ကြား ပေးရမယ်။”

“အကိုကြီး ခုန်ချင်း ပုံစံ အယောင်ဆောင်ပြီးတော့ ကောင်းကင် တာအို ခန်းမကို ဘယ်လိုများ လာဝံ့တာလဲ။ မင်း တကယ်ပဲ သေချင်နေတာလား။”

ခုန်ချင်းရဲ့ ခုခံမှုက အရမ်း အားနည်းတာကို မြင်တော့ အတုဆိုတာ သူတို့ ပိုသေချာသွားတယ်။ နောက်ပြီးတော့ ဒဏ်ရာရ သွားတာကို မြင်တော့ သူတို့ရဲ့ တိုက်ခိုက်လိုစိတ် ပိုပြင်းထန်လာတယ်။ အစကတော့ သူတို့တွေ စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် သူတို့ တွေ့နေရတဲ့ ခုန်ချင်း အတုက အားနည်းလွန်းတော့၊ တွေဝေနေတာတွေ စိုးရိမ် နေတာတွေ အားလုံး ပျောက်ကွယ် သွားပြီ။

အခုလို ရွှေရောင် အခွင့်အရေးကို ဘယ်သူကများ လက်လွတ် ခံချင်မှာလဲ။ အချိန်တို အတွင်းမှာပဲ၊ တွေဝေနေတဲ့ ပြိုင်ပွဲဝင်တွေ အားလုံး ရူးရူးသွပ်သွပ် ခုန်ဝင် လာကြတယ်။

အဆင့်ကိုး အောက်ဘက်က ပြိုင်ပွဲဝင်တွေလည်း အတူတူ လှုပ်ရှားကြတယ်။ အခုလိုမျိုး တောက်ပနေတဲ့ အခွင့်အရေးကို လက်လွတ်ခံလိုက်ရင် သူတို့တွေ တကယ်ပဲ အရူးတွေ ဖြစ်သွားလိမ့်မယ်။

“အား။ အရူးကောင်တွေ။” ခုန်ချင်းက ပုံမှန်ဆိုရင် နူးညံ့ သိမ်မွေ့တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် တစ်ရက်တည်းမှာ အကြိမ်ကြိမ် စော်ကား အရှက်ခွဲ ခံရတော့ ဒေါသတွေ ပေါက်ကွဲ လာတော့တယ်။

“ငါတို့ကို အရူးလို့ ခေါ်ဝံ့တယ်ပေါ့။ သူ့ကို သတ်ကြ။”

“ဒီလို အရူးမျိုးက ဘယ်လိုများ အကိုကြီး ခုန်ချင်းလို ဟန်ဆောင် ဝံ့တာလဲ။”

“လူလိမ်။”

အလင်းတန်းတွေက ခုန်ချင်းဆီကို အမြောက်ဆံတွေလို ပြေးဝင်လာတယ်။ ခုန်ချင်း ဟန်ချက် ပျက်သွားပြီ။ သူ့ပေါင်ကို အလင်းတန်း တစ်ခုက ဖောက်ထွက်သွားတယ်။ မီးတောက်စိမ်း သားရဲကောင်ပေါ်ကို သိပ်မကြာခင် သူလဲကျ သွားခဲ့တယ်။ အဲ့ဒီ့နောက် သားရဲကောင် အော်သံ နှစ်ခု လေထဲမှာ ထွက်ပေါ်လာတယ်။ ကြီးမားတဲ့ သားရဲကောင်ကြီး နှစ်ကောင် တောင်စောင်းမှာ ပေါ်လာခဲ့တယ်။ “တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။”

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ ဒီလူက အကိုကြီး ခုန်ချင်းလို ဟန်ဆောင် နေပါတယ်။”

ခုန်ချင်း လဲကျနေတာကို မြင်တော့ ကျန်ရစ်တဲ့ ပြိုင်ပွဲဝင်တွေ တိုက်ခိုက်ဖို့ ပြင်ကြတယ်။ ဒါပေမယ့် အကြီးအကဲ နှစ်ယောက်က သူ့ကို ဆွဲထူလိုက်တာ မြင်တော့ ပြိုင်ပွဲဝင်တွေ ရပ်တန့် သွားကြတယ်။

“အယောင်ဆောင်လား။” ပဉ္စမ အကြီးအကဲ။ ခုန်ချင်းရဲ့ ဒဏ်ရာတွေကို မြင်တော့ ဒေါသတကြီး မေးတယ်။ ပြိုင်ပွဲဝင်တွေရဲ့ မခံမရပ်နိုင်တဲ့ ပုံစံကို မြင်တော့ ဘာဖြစ်နေမှန်း သူနားလည် သွားခဲ့တယ်။ သူတို့တွေ အားလုံးက ခုန်ချင်း အတု လှည့်စားတာကို ခံလိုက် ရတာလား။ သူတို့ရဲ့ ကောင်းကင် တာအို ခန်းမမှာလေ။

ပဉ္စမ အကြီးအကဲ တိတ်ဆိတ် သွားတယ်။ တတိယ အကြီးအကဲကတော့ သက်ပြင်းချရင်း မေးတယ်။ “ခုန်ချင်း။ ဒီခြောက်နှစ် လုံးလုံး မင်းဘာတွေ လုပ်နေ ခဲ့တာလဲ။”

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ ကျွန်တော်။” ခုန်ချင်း မျက်နှာတွေ ရဲရဲ နီသွားတယ်။ သူ့ပြိုင်ဘက်က အရမ်း ကောက်ကျစ် လွန်းတယ်လို့ ပြောလိုက် ချင်တယ်။ ဒါပေမယ့် ဒီအကြောင်းရင်းက သူ့ကို အရှက်ကွဲစေမှာလေ။ အကြီးအကဲတွေ သူ့ကို အပြစ်တင်မှာလား။ အချိန် အကြာကြီး သည်းခံ စောင့်ဆိုင်း နေပြီးတဲ့နောက် ကောင်းကင် တာအို ခန်းမကို အဝတ်မပါပဲ လာမိတာ။ သူဘာများ မှားသွားလို့လဲ။

မဟုတ်ဘူး။

တကယ်တော့ ကောင်းကင် တာအို ခန်းမကို ရောက်တဲ့ အချိန် အယောင်ဆောင်က သူ့မျက်စိ ရှေ့မှာ ရပ်နေတာ မြင်တော့ လိပ်ခွံထဲမှာ ပုန်းသလို နောက်ဆုတ် သွားရမှာလား။ အကြီးအကဲတွေ ရောက်လာတဲ့ အထိ စောင့်ပြီးတော့ အမှန်တရားကို ဖော်ထုတ် ရမှာလား။ မလုပ်နိုင်ဘူး။ သူ့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင် အဖတ်ဆယ်ချင်တယ်။ နှလုံးသားက တိုက်တွန်းနေတယ်။ ဒါကြောင့် ကိုယ့်ပြဿနာကို ကိုယ်တိုင် ရှင်းဖို့ ဆုံးဖြတ်ခဲ့တာ။

ဒါပေမယ့် မထင်မှတ် ထားမိတာ သူ့ပြိုင်ဘက်က အရမ်းကို တည်တည် ငြိမ်ငြိမ်နဲ့ ရင်ဆိုင် နေတာပဲ။ ကောင်းကင် တာအို ခန်းမမှာ ဖော်ထုတ် ခံရတာတောင် တစ်ချက်လေး မကြောက်လန့်ဘူး။ “ငါမင်းကို ဒီနေ့ အလွတ် မပေးဘူး။”

သူ့ကိုယ်သူ ဆက်ပြီးတော့ ဖုံးကွယ်ထားဖို့ ကြံနေတာလား။ အခုက ကောင်းကင် တာအို ခန်းမကို ရောက်နေမှန်း မသိတာလား။ နောက်တစ်ခေါက် ထွက်ပြေး အုန်းမလို့လား။ ဖန်ကျန်းရှီ ရုန်းကန်မယ်လို့ မထင်ခဲ့မိဘူး။ ပိုပြီးတော့ မထင်ခဲ့မိတာ ပြိုင်ပွဲဝင်တွေ အားလုံးက သူ့ကို တိုက်ခိုက်ခဲ့တာပဲ။

“ကျွန်တော် ဘာများ အမှား လုပ်မိလို့လဲ။” ခုန်ချင်း မခံမရပ်နိုင် ဒေါသ တကြီးနဲ့ ပြောတယ်။

“မင်းတို့ အားလုံး လှည့်စား ခံရပြီ။ ဒါက ခုန်ချင်း အစစ်။ ဟိုတစ်ယောက်က အတု။” ပဉ္စမ အကြီးအကဲ ခေါင်းခါရင်း ပြောတယ်။

“ဘာဖြစ်တယ်။ လှည့်စား ခံရပြီ။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ အကိုကြီး ခုန်ချင်းက အကြီးအကဲတွေနဲ့ ကောင်းကင် တာအို ခန်းမကို လိုက်သွားတာ ကျွန်တော်တို့ မြင်တယ်လေ။ ဘာတွေ ဖြစ်နေတာလဲ။”

“ဟုတ်တယ်။ ဘာတွေ ဖြစ်နေတာလဲ။”

ပြိုင်ပွဲဝင်တွေ မယုံနိုင်ဘူး။ နောက်မှ ပေါ်လာတဲ့ ခုန်ချင်းက ဘယ်လိုများ အစစ် ဖြစ်နိုင်မှာလဲ။

“ငါနားလည်ပြီ။ မင်းတို့ရဲ့ အမှား မဟုတ်ပါဘူး။” ပြိုင်ပွဲဝင်တွေ ပြောတာကို ကြားတော့ ပဉ္စမ အကြီးအကဲ ပြန်ဖြေတယ်။ အကြီးအကဲ နှစ်ယောက်က ခုန်ချင်း အစစ်ကို အတည်ပြုလိုက်ပြီ။ ဒါကြောင့် ပြိုင်ပွဲဝင်တွေလည်း အကြီးအကဲတွေ ဘက်က ခုန်ချင်းကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ဒါက ဘယ်လိုကြီးလဲ။ အကိုကြီး ခုန်ချင်း အစစ်ဆိုရင် ဘာဖြစ်လို့ ဒီလောက်တောင် အသုံးမကျ ဖြစ်နေရတာလဲ။ ငါက တော်တဲ့ အကိုကြီး ခုန်ချင်းဆီက သင်ယူချင်တာကို။”

ပဉ္စမ အကြီးအကဲရဲ့ စကားကို ကြားတော့ ပြိုင်ပွဲဝင်တွေ နားလည် သွားတယ်။ ဒါပေမယ့် အတုက သန်မာပြီး အစစ်က အားနည်းနေတာကို သူတို့ လက်မခံ နိုင်သေးဘူး။

“ဝေါ့။” စိတ်ထိခိုက် သွားတဲ့ ခုန်ချင်း သွေးအန်ပြန်တယ်။ အဆိပ်ခတ် ခံရပြီးတော့ ပြိုင်ပွဲဝင်တွေ တိုက်ခိုက်တာကိုလည်း အကြိမ်ကြိမ် ခံခဲ့ရတယ်။ အခုတော့ အသုံးမဝင်တဲ့ သူလို့ အခေါ်ခံ နေရပြန်ပြီ။ အသည်းနှလုံးထဲက တဆတ်ဆတ် နာကျင်အောင် ခံစားဖူးတဲ့ သူပဲ ဒီခံစားချက်ကို နားလည်နိုင်မယ်။

“ဒီကောင့်ကို ကျွန်တော်သတ်မယ်။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ ကောင်းကင် တာအို ခန်းမကို ရှုတ်ထွေးအောင် လုပ်ဝံ့တဲ့ ဒီကောင်ကို ကျွန်တော် ဖြေရှင်းပါရစေ။” ခုန်ချင်း ဒေါသတကြီးနဲ့ အော်ဟစ်တယ်။

ဒါကိုကြားတော့ ပြိုင်ပွဲဝင်တွေ အာရုံ ပြောင်းသွားတယ်။ ခုန်ချင်းအတု၊ ဖန်ကျန်းရှီကို လှည့်ကြည့်ကြတယ်။ ဒါပေမယ့် ခုနတုန်းက ပြုံးပြုံးကြီး ရပ်နေခဲ့တဲ့ ဖန်ကျန်းရှီ နေရာကနေ ပျောက်ကွယ်သွားပြီ။

“သူထွက်ပြေးသွားပြီ။”

“ဘယ်ကို ရောက်သွားတာလဲ။”

“အကိုကြီး ခုန်ချင်းကို ငါတို့ တိုက်ခိုက်နေတဲ့ အချိန် သူထွက်ပြေး သွားတာလား။”

ပြိုင်ပွဲဝင်တွေ နောက်ဆုံးတော့ သတိဝင်လာတယ်။ သူတို့ကို တမင်တကာ တိုက်ပွဲ ဖြစ်အောင် လုပ်ပြီးတော့ ထွက်ပြေး သွားတာပဲ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမကို ရောက်နေပြီးမှ ဘယ်ကို ပြေးစရာ ရှိသေးလို့လဲ။ ကောင်းကင် တာအို ခန်းမက သုံးဖက် သုံးတန်မှာ တောင်တွေ ကာရံထားတယ်။

တစ်ဖက်က တောင်စောင်းကြီး။ တောင်ေွကို ဖြတ်သန်းဖို့ ဆိုရင် ကောင်းကင် တာအို ခန်းမကြီး တစ်ခုလုံးကို ပတ်ရမယ်။

သူဘယ်လို လွတ်နိုင်မှာလဲ။

လွတ်လမ်းမရှိဘူး။

အပိုင်း(၆၄၆)ပြီး၏။

အပိုင်း (၆၄၇)

“ဆိုးလိုက်တဲ့ ကံ”

“သူ့ကို လိုက်ဖမ်းကြ။” ပြိုင်ပွဲဝင် တစ်ယောက် ထအော်တယ်။

“နေအုန်း။” တတိယ အကြီးအကဲက ပြိုင်ပွဲဝင်ကို ရပ်တန့်လိုက်တယ်။ “ကောင်းကင် တာအို ခန်းမက ဒီကိစ္စကို ကိုင်တွယ် လိုက်ပါမယ်။ ခုန်ချင်း။ သူတို့ကို ကောင်းကင် ကျောင်းတော် ခန်းမဆီ အရင် ခေါ်သွားလိုက်။”

“ကျွန်တော် နားလည်ပါပြီ။” ခုန်ချင်း အံကြိတ်ရင်း ပြောတယ်။ အခုချိန်မှာ ပြိုင်ပွဲကို ဆက်လုပ်ဖို့က အရေး အကြီးဆုံးပဲ။“

“အဝတ်အစား အရင်လဲလိုက်။” အကြီးအကဲ လက်ခါပြရင်း ပြောတယ်။ အဲ့ဒီ့နောက် ကောင်းကင် တာအို ခန်းမကို တတိယ အကြီးအကဲနဲ့ အတူ လိုက်သွားတော့တယ်။

ခုန်ချင်း ခေါင်းငြိမ့်လိုက်တယ်။ သူ့မျက်နှာ တစ်ခုလုံး မည်းမှောင်နေခဲ့ပြီ။ ကောင်းကင် တာအို လူရွေးပွဲ ပထမ စစ်ဆေးမှုကို ဦးဆောင်ရတဲ့ ကျောင်းတော်သား တစ်ယောက် အနေနဲ့ ဂုဏ်ရှိသင့်တာ။ အခုတော့ ပြိုင်ပွဲဝင်တွေ စွပ်စွဲ တိုက်ခိုက်တာတောင် ခံလိုက် ရသေးတယ်။

“မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပြစ်မယ်။” ခုန်ချင်း မျက်လုံးတွေက ကောင်းကင် တာအို ခန်းမကို ကြည့်ရင်း ဒေါသတကြီးနဲ့ တောက်ပလာတယ်။ ခုန်ချင်းတင် ဒေါသထွက်နေတာ မဟုတ်ဘူး။ ချန်းဝူရဲ့ မျက်နှာလည်း သုန်မှုန်နေတယ်။

“ဒီကောင်စုတ်က တကယ်ပဲ အတုလား။ ဒါဆိုရင် ဘယ်လိုများ။ ယုတ်မာလိုက်တာ။ စီမာဖုန်းကို ထိခိုက်အောင် လုပ်ရုံတင် မကဘူး။ ငါ့ကိုလည်း ကျောက်တုံးတွေ ပြစ်ချပြီး ဒုက္ခ ပေးသေးတယ်။ ဒီကောင်စုတ်က တကယ်ပဲ ဘယ်သူလဲ သိချင်လိုက်တာ။”

ရန်ရွှယ်နဲ့ နန်ကုန်းမု ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တိတ်ဆိတ်နေတယ်။ သူတို့ နှစ်ယောက်လုံး စိုးရိမ် ပူပန် နေကြတယ်။ ရန်ချင်းကတော့ သူ့ကို ဖန်ကျန်းရှီ ကျောက်တုံးတွေ ပြစ်ချတဲ့ အကြောင်း ဂရု စိုက်မနေဘူး။ ချောင်တစ်ချောင်မှာ ရပ်ပြီးတော့ နန်ကုန်းမုကို ကြည့်နေခဲ့တယ်။ စကားတစ်ခွန်းမှ မပြောဘူး။

…..

မြေခွေးအိုကြီးတွေ ဆိုတဲ့ စကားကို ဖန်ကျန်းရှှီ နောက်ဆုံးတော့ နားလည်ခဲ့ပြီ။ တတိယနဲ့ ပဉ္စမ အကြီးအကဲ ဆိုတဲ့ အဖိုးကြီး နှစ်ယောက်ကို သတိကြီးကြီး ထားရမှာ သူသိနေတယ်။ တတိယ အချီကို ပြိုင်ခွင့် ပေးမယ်လို့ ပြောတာ တကယ်တော့ အချိန်ဆွဲတဲ့ နည်းလမ်းပဲ။ ဖန်ကျန်းရှီကို ကောင်းကင်တာအို ခန်းမက ထုတ်ပယ်မယ် ပြောတာလဲ၊ ဒီမှာ နေအောင် အကွက်ဆင်တာပဲ။ ကောင်းလိုက်တဲ့ အစီအစဉ်။

ပထမဆုံး ဖန်ကျန်းရှီကို မသိချင်ဟန် ဆောင်တယ်။ ကောင်းကင် တာအို ခန်းမကို ခေါ်လာတယ်။ ခုန်ချင်း အစစ်ကို ဖော်ထုတ်ပြီး နောက်ဆုံးမှ ဖန်ကျန်းရှီကို တိုက်ခိုက်တယ်။ ဒီအကြီးအကဲ နှစ်ယောက်က တကယ့်ကို ကောက်ကျစ်တယ် ဆိုတာ သူအသိအမှတ် ပြုရမယ်။ ဂုဏ်သတင်းနဲ့ လိုက်ဖက်တဲ့ လူတွေပဲ။

သိုးမည်းလေး ခုန်ချင်းကတော့ လက်စားချေချင် နေလိမ့်မယ်။ ဖန်ကျန်းရှီကိုတော့ အကြီးအကဲ နှစ်ယောက်က ကိုင်တွယ်လိမ့်မယ်။ နောက်ဆုံးတော့လည်း ပြိုင်ပွဲဝင်တွေကို ခုန်ချင်းက ခေါ်သွားရမှာပဲလေ။ ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို အမြင်ကျယ်တဲ့ အတွက် ချီးမွမ်း နေမိတယ်။

ဆိုရိုးစကား ရှိတဲ့ အတိုင်း။ ကပ်ဆိုးမှာ အသက်ရှင် ကျန်ရစ်ခဲ့သူက ကောင်းမွန်တဲ့ ကံတရားကို ကြုံတွေ့ရတယ်။ အခု ကောင်းကင် တာအို ခန်းမမှာ အမျိုးသမီး တပည့်သား တစ်ယောက်ရဲ့ အခန်းထဲကို ရောက်သွား မလား။ ဒါမှမဟုတ် ရတနာတွေကိုပဲ တွေ့ရမလား။

“မိုးနတ်မင်းရေ။ ကျွန်တော့်ကို ကူညီပါ။ အမျိုးသမီး အကြီးအကဲရဲ့ အခန်းထဲကို မဝင်ပါရ စေနဲ့။ အနံ့ မခံနိုင်ဘူး။” ဖန်ကျန်းရှီ စိတ်ထဲမှာ ဆုတောင်းရင်းနဲ့ ခပ်မြန်မြန် ပြေးနေတယ်။

ပတ်ဝန်းကျင်ကို သူသတိ ထားမိရဲ့လား။ အခုချိန် သူ့မှာ အချိန် အများကြီး မရှိတော့ဘူး။ အရာအားလုံးကို မှတ်မိဖို့ ကြိုးစားတာက မဖြစ်နိုင်ဘူးလေ။ ဘာမှမသိပဲ ဒီအတိုင်း လျှောက်ပြေးနေရင် ကောင်းကင် တာအို ခန်းမထဲ ရောက်လာတဲ့ ခေါင်းပြတ် ယင်ကောင် တစ်ကောင်လို ဖြစ်နေမှာပဲ။

ကံကို ပုံပြီး မျှော်လင့်ထားတယ်။ ရတနာ သေတ္တာတွေ့ပါစေလို့။ ရုတ်တရက် သူရပ်တန့် လိုက်တယ်။ အတော့်ကို ခမ်းနားတဲ့ ရှုခင်း တစ်ခုကို သူမြင်လိုက် ရလို့ပဲ။ တကယ်ပဲ အမြင်ကျယ်သွား ရပြီ။ ဒါပေမယ့် ပိုအရေးကြီးတာ ရှိသေးတယ်။ သူ့ရဲ့ မျက်စိ တဆုံး မြင်ကွင်းထဲမှာ ကောင်းကင် တာအို တပည့်သားတွေ ရပ်နေကြတယ်။ ဝတ်ရုံဖြူ ဝတ်ထားပြီး ရင်ဘတ်မှာ (ကောင်းကင် တာအို) ဆိုတဲ့ စာလုံး နှစ်လုံးကို ရွှေချည် ထိုးထားတဲ့ ကျောင်းတော်သားတွေ။

ဒါပေါ့။ ဖန်ကျန်းရှီလည်း သူတို့နဲ့ ပုံစံတူ ဝတ်ထာတာပဲ။ ဒါပေမယ့် အခု နေရာမှာ တပည့်သားတွေ များလွန်းနေတယ်။ ပုံမှန် အတိုင်းဆိုရင် လမ်းပေါ်မှာ ၂ယောက် ၃ယောက်ပဲ ရှိနေရမှာ။ အခုက ဘာဖြစ်လို့ ထောင်ချီ ရှိနေရတာလဲ။

အဖြူရောင် ပင်လယ်ကြီးထဲကို ရောက်သွားသလိုပဲ။ နောက်ပြီးတော့ တပည့်သား တစ်ယောက်ချင်းစီ တိုင်းက ဖန်ကျန်းရှီကို စိုက်ကြည့် နေကြတယ်။ မောင်းမမိဿံတွေ အများကြီး ရှိနေတဲ့ ခပ်ရှုပ်ရှုပ် နှာဘူး ခင်ပွန်းသည် အိမ်ပြန်လာတာကို ကြည့်နေတဲ့ ဇနီးလေးတွေလိုပဲ။

“ဒါက ဘယ်နေရာလဲ။” ဖန်ကျန်းရှီ ကြည့်လိုက်တော့။ မှင်လို နက်မှောင်နေတဲ့ ကျောက်ဖျာကြီး တစ်ခုက လူတွေရဲ့ အလယ်မှာ ရှိနေတယ်။ ရွှေရောင် မျဉ်းတွေနဲ့ စာလုံးတွေကို ရေးထိုးထားတယ်။ ဒီကျောက်ဖျာကြီးရဲ့ အောက်မှာတော့ ဝတ်ရုံဖြူဝတ် လူကြီး တစ်ယောက် ထိုင်နေတယ်။ ဖိနပ်မပါ ခြေဗလာနဲ့ ဖြူဖွေးနေတဲ့ ဆံကေသာတွေ ရှိတယ်။ မျက်နှာက ပန်းနုရောင် တောက်နေတယ်။ မျက်လုံးတွေကတော့ ပိတ်ထားခြ့တယ်။

ဖန်ကျန်းရှီ ဒီလူ့ကို မသိဘူး။ ဒါပေမယ့် လူကြီးရဲ့ ဘေးမှာ ထိုင်နေတဲ့ သူတွေကို သိတယ်။ ကြီးမြတ်သော ရှနိုင်ငံတော် ဧကရာဇ် လင်းမုပိုင်နဲ့။ မင်းသားရှန်း လင်းယွမ်။

ဒါဆိုရင် သူအခု ရောက်နေတာ ကောင်းကင် ကျောင်းတော် ခန်းမပေါ့။

ဆိုးလိုက်တဲ့ကံ။ ကပ်ဆိုးတွေ ကြုံပြီးရင် ကံကောင်းတာတွေ လာမယ်လို့ ဘယ်သူပြောလဲ။ အမျိုးသမီး တပည့်သား ချောချောလှလှလေးနဲ့ ရတနာ သေတ္တာကော ဘယ်ရောက် သွားပြီလဲ။ ဒါတွေ မရှိရင်တောင် ရပါတယ်။ အမျိုးသမီး အကြီးအကဲရဲ့ အခန်းထဲကို ဝင်ရရင်တောင် အဆင်ပြေပါတယ်။

ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ပေါက်ကွဲ နေခဲ့တယ်။ အကြီးအကဲ နှစ်ယောက် လိုက်ဖမ်း တာကနေ လွတ်အောင် ပြေးလာပြီးတော့ ကောင်းကင် ကျောင်းတော် ခန်းမကို တန်းတန်း မတ်မတ်ကြီး ရောက်လာ ရတယ်လို့။ ကောင်းလိုက်တာ။ တကယ့်ကို အံ့ဖွယ်ကြီး။ ဖန်ကျန်းရှီ သူ့ရဲ့ ကံတရားကို ဆက်ပြီး ကျိန်ဆဲမနေတော့ဘူး။ လှည့်ပြီး ထွက်သွားဖို့ ပြင်တယ်။

“အကိုကြီး ခုန်ချင်း ဘယ်သွားမလို့လဲ။”

“ခန်းမ ခေါင်းဆောင်နဲ့၊ ငါးနိုင်ငံ ဧကရာဇ်တွေ စောင့်နေတာ ကြာပြီ။ ဒုတိယ စစ်ဆေးမှုက ပြီးပြီ မဟုတ်လား။”

“အကိုကြီး ခုန်ချင်း နေပါအုန်း။”

တပည့်သားတွေ ခပ်မြန်မြန်ပဲ ဝိုင်းအုံ လာကြတယ်။ သူတို့ မျက်နှာမှာလည်း သံသယတွေ အပြည့်။

ဖန်ကျန်းရှီရဲ့ နဖူးမှာ ချွေးတွေ စီးကျ လာတော့တယ်။ သူ့နောက်မှာ ရပ်နေတဲ့ တပည့်သားတွေ သံသယ ဝင်နေတာကို သူသိတယ်။ ပြန်ဖြေရင် ပိုဆိုး သွားလိမ့်မယ်။ ပြန်မဖြေရင်လည်း အခြေအနေ မကောင်းဘူး။ ငလူး အခု ဘာလုပ်ရမှာလဲ။

“ဟဟား။ ကောင်စုတ်လေး မင်းက ဒီကို ပြေးလာတယ်ပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေတော့မယ့် အချိန်မှာပဲ ရယ်သံ တစ်ခု အဝေးကနေ ထွက်ပေါ်လာတယ်။ ဝတ်ရုံဖြူဝတ် အကြီးအကဲ နှစ်ယောက် သူ့နားကို ရောက်လာခဲ့တယ်။

“..” ဖန်ကျန်းရှီ တိတ်ဆိတ်နေတယ်။ မိုးပြာရောင် ကောင်းကင်ကြီးကို ဖြည်းဖြည်းချင်း မော့ကြည့်တယ်။ မျက်စိကျိန်းလောက်တဲ့ နေရောင်က တောက်ပနေတယ်။ အဲ့ဒီ့နောက် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အကြီးအကဲ နှစ်ယောက်ကို လက်ခလယ် ထောင်ပြလိုက်တယ်။

“ခုန်ချင်း။ မင်း ဘာလုပ်တာလဲ။”

“အကြီးအကဲ နှစ်ယောက်ကို ဘယ်လိုများ မလေးမစား လုပ်တာလဲ။”

“အကိုကြီး ခုန်ချင်း ဘာတွေ ဖြစ်နေတာလဲ။”

တပည့်သားတွေက ဖန်ကျန်းရှီရဲ့ အတင့်ရဲတဲ့ အပြုအမူကို မြင်တော့ အော်ဟစ်ကြတယ်။ ခုန်ချင်းက ပြင်ပ သူစိမ်း မဟုတ်ဘူးလေ။ အကြီးအကဲတွေကို တစ်ခါမှ မလေးမစား မလုပ်ဖူးတဲ့သူ။

“ဟုတ်သား။ ငါ ဘယ်လိုများ အကြီးအကဲ နှစ်ယောက်ကို မလေးမစား လုပ်မိတာလဲ။ ငါ ဘာများ မှားနေလို့လဲ။” ဖန်ကျန်းရှီ သူ့ကိုယ်သူ ပြန်မေးနေတယ်။

“ကောင်စုတ်လေး။ ငါတို့ကို အပြစ်မတင်နဲ့။ မင်းကိုယ်တိုင်ပဲ ငါတို့ကို လာရှာတာ။” တတိယ အကြီးအကဲက ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးရင်း ပြောလိုက်တယ်။

“ဟုတ်တယ်။ အကြီးအကဲ ပြောတာ မှန်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ဟဟား။ ဒီလိုဆိုတော့ မင်း အညံ့ခံမလား။ ဒါမှမဟုတ်။ ငါတို့ မင်းကို ဖမ်းဆီးရမလား။” တတိယ အကြီးအကဲက ဘေးပတ်လည်က တပည့်သားတွေကို ဂရုမစိုက်ဘူး။ ဖန်ကျန်းရှီကိုပဲ မေးနေခဲ့တယ်။

“နောက်ထပ် ရွေးစရာ ရှိသေးလား။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း မေးတယ်။

“မထင်ဘူး။” အကြီးအကဲ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းခါလိုက်တယ်။

“ဒါဆိုရင် အရင်ဆုံး အနားယူရအောင်။ ရေလေး နည်းနည်းတိုက်ပြီး မုန့်လေး နည်းနည်း ကျွေးပါလား။”

“မရဘူး။”

“ကျွန်တော်က ဧည့်သည် တစ်ယောက်ပဲလေ။ ကောင်းကင် တာအို ခန်းမက ဧည့်သည်တွေကို အတော်လေး ဧည့်ဝတ် မကျေတာ မဟုတ်ဘူးလား။”

“အရှက်မရှိလိုက်တဲ့ ကောင်စုတ်။ မင်းက ငါတို့ကို ကျင့်ဝတ် အကြောင်း ပြောဝံ့တယ်ပေါ့။” ပဉ္စမ အကြီးအကဲ မျက်လုံးပြူးသွားခဲ့တယ်။ ဒါပေမယ့် သူရယ်မောရင်း ပြောတယ်။ “ကောင်းပြီ။ မင်းကို ရှင်းပြမယ်။ မင်းက ခုန်ချင်းလို အယောင်ဆောင်တယ်။ ပြီးတော့ ကောင်းကင် တာအို ရွေးချယ်ပွဲကို နှောက်ယှက်တယ်။ ဒါတောင် ကျင့်ဝတ် အကြောင်း ပြောဝံ့တယ်ပေ့ါ။”

“အကိုကြီး ခုန်ချင်းလို အယောင်ဆောင်တယ်။”

“ကောင်းကင် တာအို ခန်းမ လူရွေးပွဲကို နှောက်ယှက်တယ်။”

“ဒီကောင်က အယောင်ဆောင်လား။”

ပဉ္စမ အကြီးအကဲရဲ့ စကားကို ကြားတော့ ကောင်းကင် တာအို ခန်းမ တပည့်တွေ နားလည်သွားတယ်။ သူတို့ အပြင် ကောင်းကင် ကျောင်းတော် ခန်းမမှာ ရှိနေတဲ့ တခြား လူတွေလည်း မျက်လုံးပြူးကုန်တယ်။

လူတစ်ယောက် တကယ်ပဲ ကောင်းကင် တာအို ခန်းမကို ဝင်ပြီးတော့ အယောင်ဆောင် နှောက်ယှက် ဝံ့တယ်ပေါ့။ ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင် အတွင်းမှာတောင် မဖြစ်ဖူးဘူး။ ခန်းမခေါင်းဆောင် မုချင်းဖုန်း ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ တိတ်ဆိတ် နေပင်မယ့် ဖြစ်တဲ့ ကိစ္စကို သူသိချင်နေတာ သိသာတယ်။

“ကောင်စုတ်လေး အညံ့ခံလိုက်တော့။”

“ကောင်းကင် တာအို ခန်းမမှာ ဘယ်လိုတောင် လုပ်ဝံ့တာလဲ။”

“ဘာဖြစ်လို့ မတ်တပ် ရပ်နေသေးတာလဲ။ ဒူးထောက်။”

ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတွေက အကြီးအကဲတွေလို စိတ်မရှည်ဘူး။ သူတို့ ခန်းမကို နှောက်ယှက် ဝံ့ရင် မိုးကြိုးတွေ ဒေါသတွေနဲ့ တွေ့သွားလိမ့်မယ်။ အသံတွေ တိုးတိတ် သွားတဲ့ အချိန်မှာပဲ လူတစ်ယောက် ဖန်ကျန်းရှီ ရှေ့ကို ရောက်လာခဲ့တယ်။

ပဉ္စမ အကြီးအကဲရဲ့ မေးခွန်းကို ပြန်ဖြေဖို့ အချိန်တောင် မရလိုက်ဘူး။ ဒီတပည့်သားက ဖန်ကျန်းရှီရဲ့ ခြေထောက်ကို ကန်လိုက်တယ်။ ကောင်းကင် တာအို ခန်းမ တပည့် အဖြစ် ဟန်ဆောင် ဝံ့တဲ့သူက အခုလို ရပ်နေဝံ့တယ်ပေါ့။ ပြန်ဖြေချင်ရင်တောင် မြေပြင်ပေါ်မှာပဲ ဒူးထောက်ပြီး ဖြေရမယ်။

သူ့ရဲ့ လှုပ်ရှားမှုက မြန်ဆန်တယ်။ အညှာအတာ ကင်းတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက အခုချိန်မှာ အပြစ်သား ဖြစ်နေတယ်။ ပြောရရင် သေဖို့တောင် ထိုက်တန်တဲ့ အပြစ်ကို ကျူးလွန်ထားတာ။ ညှာတာစရာ အကြောင်းမရှိ။

အပိုင်း (၆၄၇)ပြီး၏။

အပိုင်း (၆၄၈)

“တစ်ယောက်နဲ့ တစ်ထောင်။ ဘယ်သူက တကယ့် စွမ်းအားရှင်လဲ။”

သူ့ရှေ့က ကောင်းကင် တာအို ခန်းမ တပည့်ကို ကြည့်ရင်း ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

တကယ်တော့ အရင်ဘဝက ဖတ်ခဲ့တဲ့ စာအုပ်တွေက အလကားပဲ။ အင်အားကြီးတဲ့ စွမ်းအားရှင်ကို စကားနဲ့ လှည့်စားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အင်အားကြီးတဲ့ သူတွေက စကားပြောပြီးတော့ အချိန်ဖြုန်းမှာ မဟုတ်ဘူးလေ။ ကောင်းကင် တာအို ခန်းမက လူတွေဆို ပိုလို့တောင် ဆိုးသေးတယ်။ ဒါပေမယ့် အခု ဒီနေရာမှာ ဘယ်သူက စွမ်းအားရှင် အစစ်လဲ အတည်ပြုဖို့ လိုလာပြီ။

“ဒးူထောက်ရမှာလား။” ဖန်ကျန်းရှီ ချက်ခြင်း လှုပ်ရှားတယ်။ ကောင်းကင်တာအို ခန်းမ တပည့်သားက မြန်ဆန်တယ်။ ဖန်ကျန်းရှီက ပိုပြီးတော့တောင် မြန်သေးတယ်။ သူ့ရဲ့ ရန်သူကို တပတ်လှည့် လိုက်တယ်။ အရိပ်ပဲ မြင်ရလောက်အောင် အရမ်းကို မြန်ဆန်တယ်။

“ကချာ့။” အသံတစ်သံ ထွက်ပေါ်လာပြီးနောက်။ ကောင်းကင် တာအို တပည့်သား တုန်ယင် သွားခဲ့တယ်။ လက်တစ်ဖက်က သူ့လည်ပင်းမှာ ရောက်နေတယ်။ အသက်ရှူလို့တောင် မရတော့ဘူး။ ခေါင်းကို တဖက်စောင်းထားရင်း အသက်ရှူ မကြပ်အောင် လုပ်နေရတယ်။ သူမျက်လုံးတွေမှာ မယုံကြည် နိုင်မှုတွေ ပြည့်နှက် နေခဲ့တယ်။ တကယ်တော့ နှလုံးကို တိုက်ခိုက်တာက သေကွင်းသေကွက်။ လည်ပင်းကို ညှစ်ထားတာက ဦးနှောက်ကို အောက်ဆီဂျင် ပြတ်အောင် လုပ်ပြီးတော့ အခြေအနေကို ထိန်းတာပဲ။

“မြန်လိုက်တာ။”

“သားရဲကောင်လိုပဲ။”

ကောင်းကင် တာအို တပည့်တွေ ဖန်ကျန်းရှီကို ကြောက်လန့်တကြား ကြည့်နေကြတယ်။ သူ့ရဲ့ အရှိန်နှုန်းက အရမ်းကို မြန်ဆန်လွန်းတယ်။ ဒီလို မယုံနိုင်စရာ အရှိန်နှုန်းကို ကောင်းကင် တာအို ခန်းမမှာ လူနည်းနည်းပဲ ပိုင်ဆိုင်တာ။ ဒါပေမယ့် အကြောက်တရားက တွေဝေသွားအောင် မလုပ်နိုင်ဘူး။

“ရွှမ်း ရွှမ်း ရွှမ်း။”

“..”

ဓားတွေ ဓားမြှောင်တွေ ချက်ခြင်း ထွက်လာခဲ့တယ်။ ကောင်းကင် တာအို တပည့်သားတွေ အားလုံး ဓားထုတ်ပြီးတော့ တိုက်ခိုက်ဖို့ အသင့် ပြင်ထားကြတယ်။

“ညီငယ်လေးကို လွှတ်လိုက်။”

“မင်း သူ့ကို ထိခိုက်အောင် လုပ်ဝံ့ရင် မင်းကို ငါ အလွတ် မပေးဘူး။” ဒေါသတကြီး အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။ ဒါပေမယ့် တတိယ အကြီးအကဲက လက်ဝေ့ယမ်း လိုက်တော့ အော်သံတွေ တိတ်ဆိတ် သွားခဲ့တယ်။

“မင်းမှာ ဓားစာခံ ရှိတာနဲ့ ငါတို့ ဘာမှ မလုပ်နိုင်ဘူး ထင်နေတာလား။” တတိယ အကြီးအကဲက ဖန်ကျန်းရှီကို ကြည့်ရင်း မေးတယ်။ သူ့မျက်ဝန်းတွေက အေးစက်နေတယ်။

“ဓားစာခံ မလိုပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“မင်း က မလိုဘူး။” အကြီးအကဲ တွေဝေသွားတယ်။ သူ့ရဲ့ တပည့်သားက ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ပြင်တဲ့ အချိန် တစ်ခုခု မှားနေတာကို သိပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ဒါပေမယ့် ဖန်ကျန်းရှီက ဓားစာခံ မလိုဘူး ပြောတာကို မယုံနိုင်သေးဘူး။ အပြောနဲ့ အလုပ်က တခြားစီ ဖြစ်လွန်း နေတယ်လေ။

“အင်း မလိုဘူး။” ဖန်းကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူဖမ်းချုပ်ထားတဲ့ တပည့်သားရဲ့ ဒူးကို ကန်လိုက်တယ်။

“ဝုန်း။” တပည့်သား ချက်ခြင်း ဒူးထောက် ကျသွားခဲ့တယ်။ ဒါက စကားနဲ့တောင် ပြောလို့ မရတဲ့ စော်ကားခံရမှု တစ်ခုပဲ။ ဒီလို အလွယ်တကူ ဖိနှိပ် ခံရမယ်လို့ မထင်ထားမိဘူး။ သူ့ရန်သူက အရမ်းကို မြန်လွန်းတယ်။ ဒီလို လှုပ်ရှားဖို့ အရာ အားလုံး ဖြစ်တည်မှု တာအိုကို သုံးတယ်လို့တောင် မထင်ရဘူး။ ကိုယ်ပိုင် အရှိန်နှုန်းနဲ့ ဒီလို လှုပ်ရှား သွားတာ။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ။ ပိုဆိုးတာက ဒူးထောက်ပြီးတာနဲ့ မရပ်တန့် သေးဘူး။ အရှိန်ပြင်းပြင်းနဲ့ ကျလာတဲ့ အားလှိုင်း တစ်ခုကြောင့် သူ့မြင်ကွင်း တစ်ခုလုံး မှောင်မိုက်ပြီးတော့ သတိလစ် သွားခဲ့တယ်။

“ဝုန်း။” ကောင်းကင် တာအို တပည့်သား မြေပြင်ပေါ်ကို လဲကျသွားတယ်။ ဖန်ကျန်းရှီကတော့ အနက်ရောင် သတ္တု တုတ်ချောင်းကို ပြန်ရုပ်လိုက်တယ်။ မြေပြင်မှာ လဲကျနေတဲ့ သူကို ကန်ထုတ်လိုက်တယ်။ ဘေးပတ်လည်က တပည့်သားတွေက ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကို မယုံနိုင်ကြဘူး။

ဒါပေမယ့် သူတို့တွေ ခပ်မြန်မြန်ပဲ သတိပြန်ဝင် လာခဲ့တယ်။ အကြီးအကဲ နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ သူတို့ မျက်ဝန်းတွေမှာ စူးစမ်း လိုစိတ်တွေ တောက်ပနေတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှိရဲ့ လှုပ်ရှားမှုက ပညာသား မပါဘူးဘေ။

“မင်းက ငါတို့နဲ့ အသက်ချင်း လဲချင်တာလား။” သတိလစ်နေတဲ့ တပည့်သားကို ကြည့်ရင်း ပဉ္စမ အကြီးအကဲ မေးတယ်။

“မလဲချင်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဒါဆိုရင် အခုက ဘာလုပ်တာလဲ။”

“ဘာမှ မဟုတ်ပါဘူး။ ပြောချင်တာ တစ်ခုပဲ ရှိတယ်။ ကောင်းကင် တာအို ခန်းမက တိုက်ခိုက်ချင်ရင်တောင် ကျွန်တော်နဲ့ သင့်တော်တဲ့ ပြိုင်ဘက်ကို လွှတ်သင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

ကောင်းကင် တာအို ခန်းမက တပည့်သားတွေ ဒေါသ ပေါက်ကွဲတော့တယ်။

“ဒီကောင်စုတ်ကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်။”

“ကောင်းကင် တာအို ခန်းမကို ဘယ်လိုတောင် စော်ကား ဝံ့တာလဲ။ ငါတို့ မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေတာလား။”

“ဖယ်ကြစမ်း။ ဒီကောင်စုတ်ကို ပညာပေးရမယ်။”

ကောင်းကင် တာအို တပည့်သား ရှစ်ယောက် လူအုပ် ထဲကနေ ထွက်လာခဲ့တယ်။ သူတို့တွေ အားလုံး ဒေါသတကြီး ပုံစံတွေနဲ့။

“မင်းတို့တွေက ငါ့ကို တိုက်ခိုက် မလို့လား။ တကယ်ပဲ အကုန်လုံး တပြိုင်တည်း တိုက်ခိုက်မှာလား။ ကြည့်ရတာ ကောင်းကင် တာအို ခန်းမက လူများတိုင်း အရေအတွက်နဲ့ အနိုင်ကျင့်ချင်တဲ့ ပုံစံပဲ၊” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြောလိုက်တယ်။ လက်ညှိုးကို ကွေးချည် ဆန့်ချည် လုပ်ရင်း ဘာမထီတဲ့ ပုံစံနဲ့ လှောင်တယ်။

“မောက်မာလိုက်တာ။”

“ဒီကောင်စုတ်က ကောင်းကင် တာအို ခန်းမ တစ်ခုလုံးကို လှည့်စားနိုင်မယ် ထင်နေတာလား။”

“ဒီကောင်စုတ်က တကယ်ပဲ ဘယ်သူများလဲ။”

ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီကို ကြည့်ရင်း ခပ်တိုးတိုး ပြောနေကြတယ်။ ဘယ်သူမှ ကြောက်လန့် နေပုံ မပေါ်ဘူး။ နည်းနည်းတော့ အံ့သြ နေကြတဲ့ ပုံစံပဲ။ နောက်ဆုံးတော့လည်း ဒီနှစ်တွေမှာ ကောင်းကင် တာအို ခန်းမရဲ့ တည်ရှိမှုကို ဘယ်သူမှ စိန်မခေါ် ဝံ့ဘူးလေ။

ရှေ့ထွက်လာတဲ့ တပည့်သား ရှစ်ယောက် ရပ်တန့်သွားတယ်။ သူတို့တွေက ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတွေလေ။ တောက်ပတဲ့ ဉာဏ်ကြီးရှင်တွေ။ ဒါကြောင့် အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုး မလုပ်နိုင်ဘူး။

“မင်း အရှုံးပေးပြီလား။ ဒါဆိုရင် ကျင့်ဝတ် အကြောင်း ဆက်ပြောရအောင်။” ဖန်ကျန်းရှီ ရပ်တန့်သွားတဲ့ တပည့်သားတွေကို ကြည့်ရင်း ပြောတယ်။

အရေအတွက်နဲ့ အနိုင်ကျင့်တယ်တဲ့။ အထင်ကြီးစရာ မကောင်းဘူးလား။ စကားလုံး တစ်ချို့က ကောင်းကင် တာအို တပည့်သားတွေကို တားဆီးနိုင်တယ်။ စိတ်ဓာတ်၊ တရားမျှတမှု၊ ကျင့်ဝတ်၊ လူ့အခွင့်အရေး ဒါတွေက သက်ရောက်မှု အရှိဆုံးပဲ။

တိုက်ခိုက်တဲ့ အချိန် အုပ်စုလိုက် တိုက်ခိုက်ကြတာမျိုး ဖန်ကျန်းရှီ အဖြစ် မခံ နိုင်ဘူး။ သူက အရူးမှ မဟုတ်ပဲ။ အကြီးအကဲ နှစ်ယောက်ကတော့ ဖန်ကျန်းရှီရဲ့ အကြံကို ထွင်းဖောက်မြင်တယ်။ သူတို့ စိတ်ထဲမှာ အထင်ကြီး သွားမိတယ်။ ဖန်ကျန်းရှီရဲ့ အရင် အပြုအမူတွေက အတင့်ရဲလွန်းတယ်။ အရူးတစ်ယောက် ဝင်မွှေ နေသလိုပဲ။

ဉာဏ်မရှိတဲ့ လှုပ်ရှားမှု တစ်ခုလို ထင်ရပေမယ့်၊ တကယ်တော့ သူက နောက်တစ်လှမ်း ဆုတ်သွားတာပဲ။ လူတွေကို ချက်ခြင်း ဖိနှိပ်နိုင်တယ်။ ဒါပေါ့။ သူ့ရဲ့ ဓားစားခံကို လွှတ်ပေးလိုက်တာက အောင်မြင်မှုရဲ့ တစိတ်တပိုင်းပဲ။ ဓားစာခံကိုသာ ဆက်ဖမ်းထားရင် တပည့်သားတွေလည်း ရပ်တန့်ချင်မှ ရပ်တန့်မယ်။

တစ်ခုချင်းစီ ကြည့်ရင် ရူးမိုက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေမယ့် တကယ်တော့ အတော့်ကို ထက်မြက်တဲ့ လှုပ်ရှားမှုပဲ။

“ဒီကောင်စုတ်က တကယ့် ဉာဏ်ကြီးရှင်ပဲ။” ပဉ္စမ အကြီးအကဲက တတိယ အကြီးအကဲကို မျက်စပြစ်တယ်။ ဖုံးကွယ်ထားပေမယ့် သူ့မျက်ဝန်းထဲမှာ လေးစားတဲ့ အရိပ်အယောင်တွေ အထင်းသား ပေါ်နေခဲ့တယ်။ ဒီလို အချိန်မျိုးမှာတောင် တည်ငြိမ်နိုင်တာ မောက်မာရုံနဲ့ မရဘူး။ အသတ်ခံရမှာကို ကပ်သီးလေး ရှောင်နိုင်တဲ့ အံ့ဖွယ်တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေကို လေးစားသလောက်။ ကောင်းကင် တာအို ခန်းမရဲ့ စည်းမျဥ်းတွေကို လိုက်နာရမယ်လေ။ အထူးသဖြင့် နိုင်ငံတော် လေးခုက သုခမိန်တွေ ရောက်နေတဲ့ အချိန်မှာပေါ့။

“ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား အယောင်ဆောင်ပြီး လူရွေးပွဲကိုလည်း မွှေနှောက်သေးတယ်။ ကျင့်ဝတ်တွေ အကြောင်းလည်း ပြောနေ သေးတယ်လား။”

“ကျွန်တော် ဘယ်လိုများ ရွေးချယ်ပွဲကို နှောက်ယှက်မိလဲ သိခွင့် ရှိနိုင်မလား။” ဖန်ကျန်းရှီ မေးတယ်။

“မင်းက ပြိုင်ပွဲဝင်တွေကို အကြောင်းရင်း မရှိပဲ ထုတ်ပယ်ပြစ်တယ်။ ဒါက ရွေးချယ်ပွဲကို နှောက်ယှက်တာပဲ။”

“အကြောင်းအရင်း မရှိပဲနဲ့။ ကောင်းပြီလေ။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို အကြီးအကဲ အသိအမှတ် မပြုရင်၊ အစတည်းက တားမြစ်လို့ ရသားပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ကောင်း ..” တတိယ အကြီးအကဲ တိတ်ဆိတ် သွားတယ်။

“ဒါမှမဟုတ်။ အကြီးအကဲ နှစ်ယောက် ထင်သလို သူတို့တွေက မတရား သဖြင့် ထုတ်ပယ် ခံရတယ် ဆိုရင်၊ ကောင်းကင် တာအို ခန်းမရဲ့ မတရားမှုက လောကတခွင်ကို ပျံ့ သွားလိမ့်မယ်။ ဒါဆိုရင် သူတို့တွေကို ပြန်ခေါ် ရမလား။ အမုန်းမပွားရအောင် တစ်ယောက်ချင်းစီ မေးကြည့်ရမလား။” ဖန်းကျန်းရှီ ဆက်ပြောတယ်။

“သူတို့တွေကို ပြန်ခေါ်ရမလား။ ဒါပေါ့။ ထုတ်ပယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေ အခုချိန်မှာ မုန်းတီးနေလောက်ပြီ။ ပြန်ခေါ်လိုက်ရင် အကြီးအကဲကို ကျေးဇူးတင်မှာလား။”

ဒါကိုကြားတော့၊ ကောင်းကင် တာအို ခန်းမ တပည့်တွေ နားလည်ကြတယ်။ တတိယအကြီးအကဲရဲ့ မျက်နှာကတော့ မည်းမှောင်နေပြီ။ ဘယ်သူမှ သူ့စကားကို ယုံကြမှာ မဟုတ်ဘူး။ ထုတ်ပယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေ ဘယ်လောက်တောင် ကျေနပ် ပျော်ရွှင်နေမှန်း သူမျက်မြင် တွေ့ခဲ့ရတယ်လေ။

ဖန်ကျန်းရှှီ လုပ်ခဲ့တယ်။ ပုံမှန် မဟုတ်တဲ့ နည်းလမ်းနဲ့ လုပ်ခဲ့တာ။ အကယ်၍ ကောင်းကင် တာအို ခန်းမ လူရွေးပွဲမှာ လေးနိုင်ငံက သုခမိန်တွေ မလာဘူးဆိုရင်၊ တတိယ အကြီးအကဲလည်း ပြိုင်ပွဲဝင်တွေကို ဖန်ကျန်းရှီ ဆက်ထုတ်ပယ်ပြီး အကြံပေး လမ်းပြတာကို လက်ခံ နေမှာပဲ။

“ဟုတ်တယ်။ တစ်ခု မေ့သွားတာ။ ခုန်ချင်းလည်း တစ်ယောက်ကို ထုတ်ပယ်ဖူးတယ်။ - လရောင်ဖြာ နိုင်ငံတော်က မင်းသား၆။ သူ့ကို ပြန်ခေါ်ပြီးတော့ ကျေးဇူးတင်နေလား။ မုန်းတီးနေလား မေးလို့ ရတာပဲ။ ကောင်းကင် တာအို ခန်းမရဲ့ တပည့် တစ်ယောက်က ဒီလိုမျိုး ပြိုင်ပွဲဝင်ကို စိတ်ကြိုက် ထုတ်ပယ်နိုင်ရင် ဒါက နှောက်ယှက်တာ မဟုတ်ဘူးလေ။ ကျွန်တော်က စိတ်ကောင်း စေတနာနဲ့ အရည်အချင်း ရှိတဲ့ သူတွေကို ရွေးထုတ်ပေးတာ။ ဒါကို နှောက်ယှက်တယ်လို့ စွပ်စွဲတာ၊ ဘာသဘောလဲ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ကောင်းပြီ။ ကောင်စုတ်လေး။ မင်းရဲ့ စကားတွေကို ငါလက်ခံတယ်။ မင်းထုတ်ပယ်တာက နည်းလမ်းကျတာ ဟုတ်တယ်။ ထုတ်ပယ်ခံရတဲ့ သူတွေကလည်း ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်ကြတယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားလို ဘာဖြစ်လို့ အယောင်ဆောင်တာလဲ။” တတိယ အကြီးအကဲ ခေါင်းငြိမ့်တယ်။

“သူတို့တွေက ကျေကျေနပ်နပ် ကျေးဇူးတင်ပြီး ထွက်သွားတာလား။”

“ဘာတွေ ဖြစ်နေတာလဲ။” တတိယ အကြီးအကဲ ဝန်ခံလိုက်တာကို ကြားတော့ ဘယ်သူမှ မယုံနိုင်။

“ ဘာဖြစ်လို့ ဝန်ခံရမှာလဲ။ ဘာမှ မလုပ်ထားဘူး။ ကျွန်တော်က ကောင်းကင် တာအို တပည့်သား အယောင်ဆောင် ဆိုတာ သက်သေ ရှိလို့လား။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြောတယ်။

“သက်သေ။ သက်သေပြဖို့ လိုသေးလို့လား။ ကောင်စုတ်လေး။ ခုန်ချင်း အစစ်က လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား၆ကို ထုတ်ပယ်ခဲ့တယ်လို့ မင်းကိုယ်တိုင် ပြောတာပဲ။ အမှန်တရားကို ဖုံးကွယ် ချင်လို့လား။” တတိယ အကြီးအကဲ ဒေါသကြောင့် ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့တယ်။ အမှန်တရားက ပေါ်နေပြီ။ ဒါကို သက်သေ တောင်းနေတယ်။ ဒီကောင်စုတ်ရဲ့ အရေပြားက မြို့တံတိုင်းထက်တောင် ထူနေသေးတယ်။

“ခုန်ချင်းက ပြိုင်ပွဲဝင် တစ်ယောက်ကို ထုတ်ပယ်တာ ပြောခဲ့ပေမယ့်၊ ကိုယ့်ကိုယ်ကို အယောင်ဆောင်လို့ မပြောမိပါဘူး။” ဖန်ကျန်းရှီ နှာခေါင်းရှုတ်ရင်း ပြောတယ်။

“မင်း ဘာပြောချင်တာလဲ။ မင်းက ကောင်းကင် တာအို ခန်းမရဲ့ တပည့် အစစ်လို့ ပြောချင်တာလား။” တတိယ အကြီးအကဲ လန့်သွားတယ်။

“အမှန်ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“မင်း အရှက်မရှိတဲ့ ကောင်စုတ်။ ဗြောင်လိမ် ဗြောင်စားနဲ့။ မိုးကြိုးပြစ်မှာ မကြောက်ဘူးလား။” တတိယ အကြီးအကဲ လည်း အသေအချာကြီး ပြောနေတဲ့ ဖန်ကျန်းရှီကို အော်ဟစ်တော့တယ်။

“မကြောက်ပါဘူး။ မိုးနတ်မင်းက တရားပါတယ်။ ကျွန်တော်က ကောင်းကင် တာအို ခန်းမရဲ့ တပည့်ပဲ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“…” တတိယ အကြီးအကဲ ပါးစပ်ပိတ် သွားခဲ့တယ်။ ပဉ္စမ အကြီးအကဲလည်း အတူတူပဲ။

“ဒီကောင်စုတ်က သူ့ကိုယ်သူ ကောင်းကင် တာအို ခန်းမရဲ့ တပည့်တဲ့။”

“အရှက်မရှိလိုက်တာ။”

“တသက်နဲ့ တကိုယ် ဒီလောက် အရှက်မရှိတဲ့သူ မမြင်ဖူးဘူး။”

ဒါကိုကြားတော့ ကောင်းကင်တာအို တပည့်သားတွေ အံ့သြ တကြီး ပြောမိကြတယ်။ အထင်အရှားကြီး သက်သေတွေ ရှိနေပါရဲ့နဲ့ ဗြောင်လိမ် ဝံ့တဲ့သူက တကယ့်ကို မလွယ်ဘူး။

“မင်း ကောင်စုတ်လေး။ မင်းဘာတွေပဲ တွေးတွေး ငါဂရု မစိုက်ဘူး။ မင်းက ခုန်ချင်းလို အယောင်ဆောင်တာ ငြင်းမရတဲ့ အချက်ပဲ။” တတိယ အကြီးအကဲ အချိန် အတော်ကြာ တိတ်ဆိတ် နေပြီးနောက် ပြောလိုက်တယ်။

“တကယ်တော့ ကျွန်တော့် နာမည်က ခုန်ချင်း။” ဖန်ကျန်းရှီ အရမ်းကို လေးစားသမှု ပြတဲ့ ပုံစံနဲ့ ပြောတယ်။

“….” တတိယ အကြီးအကဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ သူ့လည်ချောင်းထဲမှာ သွေးတွေ လျှံတက်လာသလိုပဲ။ ဒီလောက် အရှက်မရှိတဲ့လူကို သူနားမလည် နိုင်တော့ဘူး။

မင်းနာမည်က ခုန်ချင်းတဲ့လား။

ဘယ်သူ ယုံမှာလဲ။

“မင်းက ခုန်ချင်း မဟုတ်ဘူး။ ငါကမှ ခုန်ချင်း။” ဒီအချိန်မှာပဲ ဒေါသထွက်နေတဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။

အပိုင်း(၆၄၈)ပြီး၏။

အပိုင်း (၆၄၉)

“ငါ့ဆိ လာခဲ့၊ တစ်ယောက်ကို တစ်ယောက် နာအောင် လုပ်ကြစို့။”

သူတို့ အသံတွေ တိုးတိတ်သွားတဲ့ အချိန်မှာ၊ အဝေးကနေ ကြောက်စရာ အရှိန်နှုန်းနဲ့ လူဆယ်ယောက် သူတို့ဆီကို ဦးတည် လာနေတယ်။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲရဲ့ နောက်ကို ရောက်လာခဲ့တယ်။ အရှေ့ဆုံးမှာတော့ ခုန်ချင်း။ သူ့နောက်မှာတော့ ဒုတိယ အချီကို ဖြတ်သန်းလာပြီး တတိယ အချီအတွက် ပြင်ဆင်နေတဲ့ လူကိုးယောက်။ ရန်ရွှယ်၊ နန်ကုန်းမု၊ ရန်ချင်း၊ ချန်းဝူနဲ့ တခြားသူတွေပဲ။

“အဲ့တာ အကိုကြီး ခုန်ချင်းလား။

“ဒီတော့ ဒီကောင်စုတ်က အတုပေါ့။”

“သူ့နာမည်သူ ခုန်ချင်းလို့တောင် ပြောလိုက်သေး။ ဒီလို အရှက်မရှိတဲ့ ကောင်မျိုး တသက်နဲ့ တကိုယ် မမြင်ဖူးဘူး။”

ခုန်ချင်းနဲ့ တခြား ပြိုင်ပွဲဝင် ဆယ်ယောက် ရောက်လာတာကို မြင်တော့၊ အံကြိတ်ပြီး ဗြောင်လိမ် ဗြောင်စားလုပ်နိုင်တဲ့ ဖန်ကျန်းရှီရဲ့ အရှက်မဲ့မှုကို သူတို့နားလည်တော့တယ်။ ရန်ရွှယ်နဲ့ နန်ကုန်းမုကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ သူတို့ ရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီ စိုးရိမ် ပူပန်နေတာကို သူတို့ သတိထားမိတယ်။ တခြား တဖက်မှာတော့ ချန်းဝူ။ ဖန်ကျန်းရှီကို မြင်ရတာ သူအံ့သြနေတယ်။ ကောင်းကင် တာအို ခန်းမကို ဘယ်သူကများ မွှေနှောက်ဝံ့မှာလဲ။

“မင်း အယောင်ဆောင် ကြွက်စုတ်ကောင်။ ဘယ်လိုများ ငါ့လို ဟန်ဆောင် ဝံ့တာလဲ။ သေစမ်း။” ခုန်ချင်းရဲ့ မျက်နှာ တစ်ခုလုံး ကြောက်စရာ ကောင်းအောင် မည်းမှောင်နေပြီ။ အခုချိန်မှာ သူလုံး၀ စိတ်ဆုံးဖြတ်ချက် ချထားပြီးပြီ။ ကျောင်းတော်သား ဝတ်ရုံဖြူကို ပြန်ဝတ်ထားတဲ့ အပြင် လက်ထဲမှာလည်း ဓားတစ်ချောင်း ကိုင်ထားခဲ့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အခိုင်အမာ ပြောနေတဲ့ (ငါ့နာမည်က ခုန်ချင်း) ဆိုတာကို ကြားပြီးတဲ့နောက်၊ သူဒေါသ မထိန်းနိုင်တော့ဘူး။ ဒီလို အရှက်မရှိတဲ့ ကောင်စုတ်က သေသင့်တယ်။

“နေအုန်း။” တတိယ အကြီးအကဲက အခိုင်အမာ ပြောနေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်းနဲ့ အေးစက်စက် မေးတယ်။ “မင်းရဲ့ တကယ့် ဇစ်မြစ် အစစ်အမှန်ကို ပြောပြစမ်း။ ဒီနေရာကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ။ ဒါမှမဟုတ် မင်းကို အသက်ရှင်လျက် လွှတ်ထားမယ်လို့ ထင်နေတာလား။”

“ကောင်းပြီ။ ကျွန်တော့်ရဲ့ တကယ့် ဇစ်မြစ် အစစ်က ကောင်းကင် တာအို တပည့်။ နာမည်က ခုန်ချင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း တလေးတစားနဲ့ ပြန်ဖြေတယ်။

“မင်း အခုထိ ဘယ်လိုတောင် လိမ်နေဝံ့တာလဲ။”

“အကိုကြီး ခုန်ချင်းက ဒီမှာ ရောက်နေပြီ။ ဒါကို ဒီခွေးကောင်က အဓိပ္မာယ် မရှိတဲ့ စကားတွေ ပြောဝံံ့သေးတယ်။ ဒီ့ထက် ပိုပြီး အရှက်မရှိတဲ့ ကောင်စုတ်ကို တစ်ခါမှ မမြင်ဖူးဘူး။”

“လွန်လွန်း နေပြီ။”

ကောင်းကင် တာအို ခန်းမ တပည့်တွေ ဒီလို စော်ကား မော်ကား လုပ်နေတာကို သည်းမခံ နိုင်တော့ဘူး။ ကောင်းကင် ကျောင်းတော်ထဲမှာ ထိုင်နေတဲ့ မုချင်းဖန်း ဘေးက လူနှစ်ယောက်ကတော့ လှုပ်ရှားနေပြီ။ လင်းယွမ်က ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်းနဲ့ မေးတယ်။ “ခမည်းတော်။ လောကမှာ ဒီလောက် အရှက်မရှိတဲ့သူက နှစ်ယောက် ထပ်ရှိနိုင်သေးလား။”

“မသိဘူး ဆက်ကြည့် ကြတာပေါ့။” လင်းမုပိုင်က လင်းယွမ်ကို ပြန်ဖြေပြီးနောက်၊ ဒေါသထွက်နေတဲ့ ကျောင်းတော်သားတွေ ဝန်းရံခံထားရတဲ့ သူကို ကြည့်နေခဲ့တယ်။ လင်းယွမ် ပြောချင်တာကို သူနားလည်တယ်။ ဒါပေမယ့် မသေချာပဲနဲ့ သူမပါဝင် ချင်ဘူး

“ကောင်းပါပြီ။ သားနားလည်ပါပြီ။” လင်းယွမ် ချက်ခြင်း ခေါင်းငြိမ့်တယ်။ နောက်ထပ် ထပ်မပြောတော့ဘူး။

တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကတော့ စိတ်မရှည်တော့ဘူး။

“ကောင်စုတ်လေး။ မင်းပြောတာ အဓိပ္မာယ် မရှီ ဖြစ်လွန်းနေပြီ။ မင်းနာမည်က ခုန်ချင်းဆိုတာ ငါယုံရင်တောင်၊ ကောင်းကင် တာအို ခန်းမရဲ့ တပည့် ဆိုတာကတော့ မယုံနိုင် စရာပဲ။” တတိယ အကြီးအကဲက အဆုံးစွန် သည်းမခံနိုင် ဖြစ်နေတာတောင် တည်တည်ငြိမ်ငြိမ် ပြန်ပြောနေတယ်။

ဖန်ကျန်းရှီလည်း ဆက်ပြီးတော့ ငြင်းပယ်တာက အသုံးမဝင်တာကို သူသိတယ်။ ဒါပေမယ့် သူ့မှာ ရွေးစရာမရှိဘူး။ ရန်ရွှယ်က ခုန်ချင်း နောက်မှာ ရပ်နေတာလေ။ သူ့ရဲ့ ပုံစံ အစစ်အမှန်ကို ဘယ်လိုများ ဖော်ပြလို့ရမှာလဲ။ အကယ်၍ ရန်ရွှယ်သာ သူ့ကို သိသွားခဲ့ရင်၊ ရလဒ်က ကြီးကြီးမားမား ပြောင်းလဲ သွားလိမ့်မယ်။

ရန်ရွှယ်က ချက်ခြင်း ရှေ့ထွက် လာပြီးတော့ ကူညီမှာပဲ။ ဒီလို ဖြစ်ရင် ရန်ရွှယ့်ကို ကောင်းကင် တာအို ခန်းမထဲ ဝင်အောင် မကူညီနိုင်ရုံတင် မကဘူး။ ကောင်းကင် တာအို ခန်းမနဲ့ ရန်သူတောင် ဖြစ်သွား စေနိုင်တယ်။

တကယ်တော့ ဒါက ဖန်ကျန်းရှီရဲ့ မူလ အစီအစဉ်နဲ့ မကိုက်ညီဘူး။ ရန်ရွှယ်နဲ့ ရန်မြို့တော်မှာ ဆုံပြီးတော့ ကောင်းကင် တာအို ခန်းမ တောင်ခြေကို စောစောလာဖို့ ဆုံးဖြတ်ထားခဲ့တာ။ အကယ်၍ အစီအစဉ် အတိုင်း ဖြစ်ခဲ့ရင် ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ယောက် အဖြစ် ဟန်ဆောင်ပြီးတော့ ရန်ရွှယ်နဲ့ အတူ ဝင်ပြိုင်ဖို့ လုပ်ထားခဲ့တာ။ ဒီလိုနည်းနဲ့ ရန်ရွှယ်ကိုလည်း လျှို့ဝှက် ကူညီနိုင်မယ်။ ကောင်းကင် တာအို ခန်းမထဲကို ဝင်သွားနိုင်ရင် နှစ်ကိုယ်ခွဲပြီးတော့ ခန်းမထဲက အရင်းအမြစ်တွေကို ရှာဖွေမယ်။

ဒါပေမယ့် ကိစ္စတွေက အစီအစဉ် အတိုင်း ဖြစ်မလာခဲ့ဘူး။ ယွင်ချင်းဝူ ဖမ်းတာ ခံလိုက်ရပြီးတော့ ရန်ရွှယ်နဲ့ မဆုံနိုင်ခဲ့။ ကောင်းကင်တာအို တောင်ခြေကို ရောက်လာတဲ့ အချိန်၊ ရွေးချယ်ပွဲက စနေပြီ။ ဒါကြောင့် ခုန်ချင်းကို ပြစ်မှတ် ထားလိုက်ရတယ်။

ဒါပေါ့။ ယွင်ချင်းဝူက ဒီကိစ္စတွေ အားလုံးရဲ့ တရားခံ မဟုတ်ဘူး။ အကယ်၍ ယွင်ချင်းဝူသာ သူ့ကို ပိတ်လှောင် မထားခဲ့ရင်၊ ပြန်လည် မွေးဖွားမှု အဆင့်ကိုလည်း ရောက်နိုင်မှာ မဟုတ်ဘူး။ လက်ရှိ စွမ်းအားတွေလည်း ရနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာ ဒါတွေ အားလုံးကို ကံတရားလို့ ပြောလို့ ရနိုင်တယ်။ ဒီအခြေအနေကို ရောက်လာမှတော့ ဖန်ကျန်းရှီလည်း ရန်ရွှယ်ကို မသိစေပဲနဲ့ ဒီလို ဆက်လုပ် သွားဖို့ပဲ လိုတော့တယ်။

“ရန်ရွှယ် ငါ့ကို သံသယ ဝင်တာမျိုး အဖြစ် မခံနိုင်ဘူး။” ဖန်ကျန်းရှီလည်း ဆုံးဖြတ်ချက် ချပြီးနောက် တတိယ အကြီးအကဲကို ပြန်မေးတယ်။ “တတိယ အကြီးအကဲ။ ကျွန်တော် ပြောတာတွေကို အဓိပ္မာယ် မရှိဘူးလို့ စွပ်စွဲနေတာ။ ဓားတောင်စောင်းမှာ ပြောခဲ့တာတွေကို မေ့သွားလို့လား။”

“ဓားတောင်စောင်းလား။” တတိယ အကြီးအကဲ မျက်လုံးပြူးသွားတယ်။

“အမှန်ပဲ။ တတိယ အကြီးအကဲက ကျွန်တော့်ကို ကောင်းကင် တာအို ခန်းမထဲ ဝင်ပြီးတော့ တတိယ အချီကို ယှဉ်ပြိုင်ဖို့ ပြောထားတာ မဟုတ်လား။ ကျွန်တော့်ကို ကစားနေတာလား။” ဖန်ကျန်းရှီ သတိပေးတယ်။

“မင်း ဘာပြောတာလဲ။” တတိယ အကြီးအကဲ နှလုံးတုန် သွားခဲ့တယ်။ ဖန်ကျန်းရှီ ပြောနေတာ အမှန်တွေမှန်း သူသိတယ်။ ဒါပေမယ့်လည်း အချိန်ဆွဲဖို့ ဘာမှ သိပ်မစဉ်းစားပဲ ပြောမိ ခဲ့တာလေ။

“ကျွန်တော် ပြောချင်တာ။ တတိယ အကြီးအကဲက ဓားတောင်စောင်းမှာ ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့တယ်။ ကောင်းကင်တာအို ခန်းမ လူရွေးပွဲကို ဝင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ နောက်ပြီးတော့ တတိယ အချီကို ဖြတ်သန်းနိုင်ရင် ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား ဖြစ်လာမယ်လို့လည်း ပြောထားသေးတယ်။ ကောင်းကင် တာအို ခန်းမရဲ့ တတိယ အကြီးအကဲက ကိုယ့်စကားကို ပြန်ရုပ်သိမ်းမယ်လို့ မထင်ထား မိဘူး။ ဟုတ်တယ်မလား။” ဖန်ကျန်းရှီ နှာခေါင်းရှုတ်ရင်း ပြောတယ်။

“ဘာဖြစ်တယ်။ တတိယ အကြီးအကဲက သူ့ကို ကောင်းကင် တာအို ခန်းမ လူရွေးပွဲထဲ ပါခိုင်းတာလား။”

“ဘာတွေ ဖြစ်နေတာလဲ။”

“တတိယ အကြီးအကဲက ဒီလို အယောင်ဆောင် တစ်ယောက်ကို ဘယ်လိုများ ဒီလို ခွင့်ပေးတာလဲ။”

ဖန်ကျန်းရှီရဲ့ စကားကို ကောင်းကင် တာအို ခန်းမ တပည့်သားတွေ မယုံနိုင်ဘူး။ အကြီးအကဲ နှစ်ယောက်ကို သူတို့ အကြည့်ရောက်သွားတယ်။ လူတွေရဲ့ အကြည့်စူးစူးကို ခံစားမိတော့ တတိယ အကြီးအကဲရဲ့ မျက်နှာလည်း မည်းမှောင် သွားခဲ့တယ်။

ကောင်းကင်တာအို ခန်းမရဲ့ တပည့်တွေ သံသယ ဝင်တာမျိုးကို သူမကြောက်ဘူး။ ဒါပေမယ့် ဒီနေ့က တစ်ယောက်တည်း မဟုတ်ပဲ ထောင်ချီပြီးတော့ ရှိနေတာ။ သုခမိန်တွေ၊ ဧကရာဇ်တွေ၊ လေးနိုင်ငံက အိမ်ရှေ့စံနဲ့ မင်းသားတွေ အားလုံးကို ရောက်နေကြတာ။ အခု အခြေအနေမျိုးမှာ၊ ကောင်းကင် တာအို ခန်းမရဲ့ တတိယ အကြီးအကဲ တစ်ယောက် အနေနဲ့ ပြောထားပြီးသား ကတိ စကားကို ဘယ်လို ငြင်းလို့ ရနိုင်မှာလဲ။

“မင်း ကောင်စုတ်လေး။ မင်းပြောတာ လွန်နေပြီ မဟုတ်လား။ တတိယ အကိုနဲ့ ငါက မင်းကို ကောင်းကင် တာအို ခန်းမ လူရွေးပွဲမှာ ဝင်ပြိုင်ခိုင်းမယ် ပြောတာ မင်းကို ဓားတောင်ထိပ်မှာ အချိန်ဆွဲ ထားဖို့ပဲ။” ပဉ္စမ အကြီးအကဲ ဝင်ပြောတယ်။

“ဒီတော့၊ ပြောခဲ့တာကို ငြင်းမှာလား။”

“မငြင်းဘူး။” ပဉ္စမ အကြီးအကဲ စကား မဆုံးခင် ရပ်တန့် သွားခဲ့တယ်။ ရောက်နေကြတဲ့ လေးနိုင်ငံက ဧည့်သည်တော်တွေကို ကြည့်ရင်း သူပါးစပ်ပိတ် သွားခဲ့တယ်။

“ပြောချင်တာကို ဆက်ပြော အုန်းလေ။ ရပါတယ်။ ဧကရာဇ်တွေလည်း ကောင်းကင် တာအို ခန်းမက အကြီးအကဲတွေ ဘယ်လောက်တောင် အပြောင်းအလဲ မြန်ပြီးတော့ မယုံကြည်ရလဲ ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ သွားရတာပေါ့။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် ဂရုမစိုက်ပဲ လှောင်နေခဲ့တယ်။

“မင်းက အကြောင်းရင်းကို လှည့်စား နေတာပဲ။”

“ဒါပေမယ့် ကျွန်တော့်မှာ အကြောင်းရင်း ရှိတယ်လေ။ ဟုတ်တယ် မလား။”

“မင်း။” ပဉ္စမ အကြီးအကဲရဲ့ မျက်နှာ နီရဲနေပြီ။ ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ ငြင်းခုံမှုတွေကို သူမခံစား နိုင်တော့ဘူး။

တတိယ အကြီးအကဲကတော့ ပဉ္စမ အကြီးအကဲကို ကြည့်ရင်း ခေါင်းငြိမ့် ပြလိုက်တယ်။ ဖန်ကျန်းရှီ ပြောသလိုပဲ။ သူတို့ ပေးခဲ့တဲ့ ကတိကို ပြန်ရုပ်သိမ်းလို့ မရဘူး။ အကယ်၍ သူတို့ အချိန်ဆွဲဖို့ သုံးခဲ့တဲ့ ပရိယာယ် ဖြစ်နေရင်တောင် ကတိက ကတိပဲ။

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ ဒီကောင်စုတ်က အကြီးအကဲတို့ကို စကားနိုင်လု နေတာပဲ။ သူ့ထောင်ချောက် ထဲကို မဝင်စေနဲ့။” တိတ်ဆိတ်သွားတဲ့ အကြီးအကဲတွေကို မြင်တော့ ခုန်ချင်း အော်ဟစ်တယ်။

အကယ်၍ သူတို့တွေသာ ဖန်ကျန်းရှီကို တကယ်ပဲ ဝင်ပြိုင် ခိုင်းလိုက်ရင်၊ ဖန်ကျန်းရှီလည်း ဒီစာမေးပွဲကို အောင်မြင် သွားရင်၊ သူက ကောင်းကင်တာအို ခန်းမရဲ့ တပည့်သား အစစ် ဖြစ်သွားလိမ့်မယ်။ ဒါတွေ ဖြစ်လာရင်၊ အပြစ်ပေး ခံရရင်တောင်၊ သေတဲ့ အထိတော့ ဖြစ်မှာ မဟုတ်ဘူး။

အကြီးအကဲ နှစ်ယောက်လည်း ခုန်ချင်းတွေးနေတာကို သိတယ်။ ဒါပေမယ့် သူတို့ ပြောခဲ့တဲ့ စကားကို ရုပ်သိမ်းဖို့ နည်းလမ်း ရှာမတွေ့တော့ဘူး။

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ သူပြောတာ မှန်နေရင်တောင်။ သူက ကျွန်တော့် သတိလစ်အောင် ရိုက်နှက်ပြီးတော့ အယောင်ဆောင် သွားတဲ့ သူပဲ။ သူနဲ့ ကျွန်တော့် ပြဿနာက ကိုယ်တိုင် ရှင်းရမယ့် ကိစ္စပါ။ ကျွန်တော့် နာမည်အတွက် ကိုယ်တိုင် လက်စားချေဖို့ ခွင့်ပြုပေးပါ။” ခုန်ချင်း အံကြိတ်ရင်း အော်ဟစ်တယ်။

“မင်းရဲ့ နာမည် အတွက်လား။” အကြီးအကဲ နှစ်ယောက်ရဲ့ မျက်ဝန်းတွေ တောက်ပ လာခဲ့တယ်။ ကောင်းကင်တာအို ခန်းမ လူရွေးပွဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဖြေရှင်းခိုင်းတာ မသင့်တော် ပေမယ့်၊ အခုက အချိန်ကောင်းပဲ။ ဖန်ကျန်းရှီကို တတိယ အချီမှာ ဝင်ပြိုင်ခိုင်းလိုက်ရင်၊ ဆုံးဖြတ်ချက်ကို သူတို့တင် သဘော မတူမှာ မဟုတ်ဘူး။ ကောင်းကင်တာအို ခန်းမ တပည့်သား အကုန်လုံးလည်း ငြင်းပယ် ကြမှာပဲ။

“မင်း အယောင်ဆောင် ကောင်ဟုတ်။ ငါ့နာမည် ခုန်ချင်းနဲ့ ရင်းပြီၤးတော့ မင်းကို စိန်ခေါ်တယ်။ စိန်ခေါ်တာကို လက်ခံဝံ့လား။” အကြီးအကဲ နှစ်ယောက် တွေဝေနေတာကို မြင်တော့ ခုန်ချင်း ချက်ခြင်း ရှေ့ထွက် လာခဲ့တယ်။

ကောင်းကင် တာအို ခန်းမမှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရင် တရားဝင် စိန်ခေါ်ဖို့ လိုတယ်။ နောက်တနည်း ပြောရရင်၊ ဖန်ကျန်းရှီသာ ခုန်ချင်း စိန်ခေါ်တာကို လက်ခံလိုက်ရင်၊ ဒါတွေ အားလုံးက ကိုယ်ရေး ကိုယ်တာ ကိစ္စ ဖြေရှင်းတာ ဖြစ်သွားလိမ့်မယ်။

“ဒီကောင်စုတ်က စိန်ခေါ်တာကို လက်ခံမယ် ထင်လား။” ပဉ္စမ အကြီးအကဲ ခပ်တိုးတိုး မေးတယ်။

“မထင်ဘူး” တတိယ အကြီးအကဲ ခေါင်းငြိမ့်တယ်။

“အကိုကြီး ဆိုလိုချင်တာ၊ သူက တတိယ အချီမှာ ဝင်ပြိုင်နိုင်အောင် အင်အားတွေ ချွေတာ ထားမယ်လို့လား။” ဖန်ကျန်းရှီရဲ့ စိတ်ကူးကို ပဉ္စမ အကြီးအကဲ ခန့်မှန်းနေတယ်။

“ငါတို့ ပေးခဲ့တဲ့ ကတိကို သူဆက်ပြီးတော့ သုံးချင်ရင်။ ဒီလို လုပ်မှပဲ။ ဒီကိစ္စကို ပြိုင်ပွဲ ပြီးမှ လုပ်ဖို့ ရွေ့ဆိုင်းနိုင်တယ်။” တတိယ အကြီးအကဲ ခေါင်းငြိမ့်တယ်။

“နောက်ထပ် နည်းလမ်း မရှိတော့ ဘူးလား။”

“အခုချိန်မှာတော့ မရှိသေးဘူး။”

“အိုက်ယား။” ပဉ္စမ အကြီးအကဲ သက်ပြင်းချမိတယ်။ ခုန်ချင်းကို ပြန်ခေါ်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ မာဆတ်ဆတ် အသံတစ်သံ ထွက်လာခဲ့တယ်။

“ကောင်းပြီ။ မင်းစိန်ခေါ်တာကို လက်ခံတယ်။”

အပိုင်း (၆၄၉)ပြီး၏။

အပိုင်း (၆၅၀)

“စွမ်းအားတွေကို ဖုံးကွယ်ထား။”

“ဘာဖြစ်တယ်။ ဒီကောင်စုတ်က တကယ်ပဲ သဘောတူ လိုက်တယ်ပေါ့။” တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲက တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ် နေကြတယ်။ နှစ်ယောက် စလုံး မယုံနိုင်ကြဘူး။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း လန့်ကုန်ကြတယ်။ သူတို့လည်း ငတုံးတွေမှ မဟုတ်ပဲ။ ဖန်ကျန်းရှီက အကြီးအကဲတွေနဲ့ ပေးထားခဲ့တဲ့ ကတိကို လှည့်ပတ်ပြီး အသုံးချ သွားတာကို နားလည်တယ်လေ။ ဒီလိုနည်းနဲ့ အကြီးအကဲတွေရဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ အတွက်၊ ရွေးစရာ မရှိတော့ပဲ ဖန်ကျန်းရှီကို တတိယ အချီမှာ ဝင်ပြိုင် ခိုင်းလိုက် ရတယ်။

သူတို့တွေ မကျေနပ်ပေမယ့် နောက်ဆုံး လက်ခံ လိုက်ရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ခုန်ချင်းရဲ့ စိန်ခေါ်မှုကို လက်ခံတာ တွေးထားနိုင်တာထက်ကို ကျော်လွန်နေတယ်။ သူတို့ရဲ့ ခေါင်းတွေကို ချာချာလည်အောင် စဉ်းစားလည်း ဘာမှ ထွက်မလာဘူး။

“အကိုကြီး ခုန်ချင်းနဲ့ တိုက်ခိုက်ပြီးရင် ဒီကောင်က တတိယ အချီမှာ ဝင်ပြိုင် နိုင်အုန်းမှာလား။”

“ ဒီကောင် ရူးနေတာလား။”

“ဒီကောင်စုတ်က အရမ်း ပါးနပ်တယ်။ စကားလုံးတွေနဲ့လည်း လှည့်ဖြားတတ်တယ်။ အခုလို အခြေအနေမျိုးမှာ ဒီလောက် တုံးအတဲ့ ဆုံးဖြတ်ချက်မျိုးကို လုပ်မယ်လို့ မထင်ထားမိဘူး။ အကိုကြီး ခုန်ချင်း ကိုင်တွယ် လိုက်တာ ကောင်းပါတယ်။ ငါတို့လည်း ပြဿနာ ရှင်းတာပေါ့။”

ကောင်းကင် တာအို ခန်း တပည့်တွေ သူတို့နားကို မယုံနိုင်ဘူး။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် စိတ်သက်သာရာ ရသွားကြတယ်။ တကယ်တော့ ခုန်ချင်းတောင် လန့်နေခဲ့တယ်။ ဖန်ကျန်းရှီက သူ့ရဲ့ စိန်ခေါ်မှုကို တစ်ချက်လေးတောင် မတွေဝေပဲ လက်ခံမယ်လို့ မထင်ထား ခဲ့မိဘူး။

“မင်း လက်ခံ လိုက်တယ်လား။” ခုန်ချင်းက ဖန်ကျန်းရှီကို မျက်လုံး ကျွတ်ကျမတတ် ကြည့်နေခဲ့တယ်။ တကယ်တော့ ဖန်ကျန်းရှီကို ဟိတ်ဟန်ပြရင်းနဲ့ သုံးကွက် အသာပေးပြီးတော့ စိန်ခေါ်ဖို့ ပြင်ဆင်ထားတာ။ ဒါပေမယ့် ဖန်ကျန်းရှီက ချက်ခြင်း သဘောတူလိုက်တော့ သူ့မှာ ဟန်ရေး မပြလိုက်ရဘူး။

“ဟုတ်တယ်။ ငါလက်ခံ လိုက်ပြီ။ ဒါတင် မကသေးဘူး။ မင်းကို ပထမ တိုက်ကွက် သုံးခု အသာပေးလိုက်မယ်။” ဖန်ကျန်းရှီ အသေအချာ ခေါင်းငြိမ့်လိုက်တယ်။

“ငါ့ကို ပထမ သုံးကွက် အသာပေးမယ်တဲ့လား။” ခုန်ချင်း ဒေါသတကြီးနဲ့ အော်ဟစ်တယ်။

“အမှန်ပဲ။ မင်းက အားနည်းလွန်းတယ်။ ပထမ သုံးကွက်မှာ အသာမပေးရင်၊ ငါက မင်းကို အနိုင်ကျင့်တဲ့သူ ဖြစ်သွားမှာပေါ့။ ဟုတ်မယ် မလား။ အကယ်၍ ဒါကသာ မလုံလောက်ရင်၊ မင်းကို နောက်ထပ် အကွက်နည်းနည်း ပိုပေးလိုက်မယ်။ ငါးကွက်၊ ခြောက်ကွက် အသာဆိုရင်ကော ဘယ်လိုလဲ။ မင်းကြိုက်သလောက် တောင်းလို့ရတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း၊ အရမ်းကို ရက်ရက်ရောရော ပေးနေခဲ့တယ်။

“မင်း၊ မင်း။” ခုန်ချင်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း လန့်နေကြတယ်။ ဖြစ်နေတာတွေကို နားမလည်နိုင်ဘူး။ သူက အကိုကြီး ခုန်ချင်းကို သုံးကွက် အသာပေးနေတယ်လား။ ဒီကောင်စုတ်က တကယ်ပဲ လုပ်ဝံ့တယ်ပေါ့။ ကောင်းကင် တာအို တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြတယ်။ ကောင်းကင်ပေါ်ကနေ အစားအသောက်တွေ ပြုတ်ကျ လာသလိုပဲ။ ဘယ်သူမှ ဖြစ်နေတာကို မယုံနိုင်ဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီက ဒီလို တိုက်ခိုက်ပြီးရင် ကောင်းကင် တာအို ခန်းမ လူရွေးပွဲ တတိယ အချီကို ထပ်ပြိုင် အုန်းမယ်။ မယုံနိုင် စရာပဲ။ အကြီးအကဲ နှစ်ယောက်ကတော့ ခုန်ချင်းနဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အခြေအနေကို စဉ်းစားနေတယ်။

အကယ်၍ ဖန်ကျန်းရှီသာ ငတုံး တစ်ယောက် ဖြစ်နေရင်၊ ဒီအခြေအနေက လက်ခံ နိုင်စရာ ရှိသေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေ - ပြိုင်ပွဲဝင်တွေကို ထုတ်ပယ်ခဲ့တာ၊ ဓားတောင်ထိပ်ကို တက်လာတာ၊ ကောင်းကင် ကျောင်းတော် ခန်းမမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို ခြုံကြည့်လိုက်ရင်၊ တစ်ခုပဲ ပြောစရာရှိတယ်။ - ဒီကောင်က ကြောက်စရာ ကောင်းအောင်ကို ထက်မြက်တယ်။

ဒီလို ကြောက်စရာ ကောင်းလောက်အောင် ထက်မြက်တဲ့သူက အခက်တွေ့တဲ့ အချိန်မှာ ထောင်ချောက်ထဲ ဝင်သလို ဆုံးဖြတ်ချက်မျိုး ဘာကြောင့် လုပ်မှာလဲ။ အကြီးအကဲတွေ ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်ကို တွေးတောရင်း ပိုပြီးတော့ နားမလည်နိုင် ဖြစ်လာကြတယ်။ မျက်မှောင်တောင် ကြုတ်နေကြပြီ။ နန်ကုန်းမုက ရန်ရွှယ်ကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေတယ်။ ခပ်တိုးတိုး အသံနဲ့ မေးတယ်။ “အဲ့တာ သူလား။”

“ငါ မသေချာဘူး။” ရန်ရွှယ် ခေါင်းခါတယ်။ “အရင်တုန်းက အဆင့် အများကြီး ကွာခြားနေတဲ့ ပြိုင်ဘက်ကို လိုလို လားလား တိုက်ခိုက်တာမျိုး မတွေ့ဖူးဘူး။ အခု ပြိုင်ဘက်က ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ကိုလည်း ရောက်နေတယ်။”

“အင်း ငါလည်း ဒီလိုပဲ ထင်တယ်။ အကယ်၍ သူသာဆိုရင်၊ ခုန်ချင်း စိန်ခေါ်တာကို အားတက်သရော ငြင်းပယ်မှာပဲ။” ရန်ရွှယ် ရှင်းပြတာကို ကြားတော့ နန်ကုန်းမုလည်း ခေါင်းငြိမ့်လိုက်တယ်။ ရန်ရွှယ်ကတော့ သူ့နေရာကနေ အခြေအနေကို လေ့လာနေတယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာကို သေသေချာချာ စူးစိုက်ကြည့်ရင်း အမူအယာကို လေ့လာ နေခဲ့တယ်။

“သူက တကယ့်ကို မီးနဲက ကစား နေတာပဲ။” ချန်းဝူ ချောင်းဟန့်မိတယ်။ တခြား တဖက်မှာရှိတဲ့ ရန်ချင်းကတော့ ဖြစ်နေတာကို တွေးတောနေတယ်။ တိတ်ဆိတ် ရပ်နေရင်း တစ်ခုခုကို ပြင်ဆင် နေသလိုပဲ။ ခုန်ချင်းကတော့ ရုတ်တရက် ရယ်မောလိုက်တယ်။ လူသတ်ချင်စိတ် အပြည့်နဲ့ ရယ်မော နေတာကြောင့် တကိုယ်လုံး တုန်ယင် လာခဲ့တယ်။

“မင်း အယောင်ဆောင် ကောင်စုတ်။ ငါက မင်းကို အနိုင် မယူနိုင်ဘူးလို့ ထင်နေတာလား။ မင်းကို သတိပေးလိုက်မယ်။ ငါက ကောင်းကင် တာအို ခန်းမမှာ အတော်ဆုံး တပည့်သား မဟုတ်ပေမယ့်၊ မင်းလို အရှက်မရှိတဲ့ ကောင်စုတ်ကို သုံးကွက်အတွင်း အနိုင်ယူနိုင်တယ်။” သူအော်ဟစ်ရင်းနဲ့ ခန္ဒာကိုယ်ကနေ အပြာရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။

ကောင်းကင် အရောင်နဲ့ ရေပြင် အရောင်ကြားက အပြာရောင်ပဲ။ အပြာဖျော့လည်း မဟုတ်။ အပြာရင့်လည်း မဟုတ်။ တကယ့်ကို ထူးဆန်းပြီး အရှိန်အဝါ ပြင်းထန်လွန်းတဲ့ အရောင်ပဲ။

“အပိုတွေ ပြောနေတာ ရပ်လိုက်တော့၊ ငါမင်းကို သုံးကွက် အသာပေးမယ် ပြောထားပြီးပြီ။” ဖန်ကျန်းရှီက ခုန်ချင်းကို ပြန်ပြောတယ်။ သူ့ခန္ဒာကိုယ်ကနေ ဘာ အလင်းတန်းမှ ထွက်ပေါ် မလာခဲ့ဘူး။

“အား။ မသာကောင်။ သေစမ်း။” ခုန်ချင်း တိုက်ခိုက်တော့တယ်။ တကယ်တော့ ဖန်ကျန်းရှီရဲ့ စော်ကားမှုတွေကို သည်းခံနိုင်တဲ့သူ ရှားတယ်။ သူ့လို ကောင်းကင် တာအို ခန်းမက ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့် ကျောင်းတော်သား တစ်ယောက်ကို နှိမ့်ချ ဆက်ဆံ ဝံ့တာဘယ်လို သည်းခံ နိုင်မှာလဲ။

ဓားရှည်ကို ချက်ခြင်း ဝေ့ယမ်းလိုက်တယ်။ အေးစက်စက် လူသတ်ငွေ့တွေ ဓားကနေ တောက်ပ လာတော့တယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ၊ ခုန်ချင်း ရပ်နေတဲ့ နေရာမှာ မှုန်ဝါးဝါး အရိပ်ပဲ ကျန်ရစ်တော့တယ်။ ဖန်ကျန်းရှီရဲ့ လည်ပင်းကို ဓားနဲ့ တည့်တည့် ချိန်ပြီးတော့ ပြေးထွက်လာတယ်။

“ဒါက တိုက်ခိုက်မှုတောင် ဟုတ်လို့လား။” ဖန်ကျန်းရှီ သက်ပြင်း ချလိုက်တယ်။ ထက်ရှတဲ့ ဓားက သူ့မျက်နှာ နားမှာ ရောက်နေပြီ။ ခေါင်းကို တဖက် စောင်းလိုက်ရင်း ခုန်ချင်းရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်တယ်။

ခုန်ချင်း အံကြိတ် ထားမိတယ်။ သူပြန်အော်ချင်တယ်။ (ဒါက တိုက်ခိုက်မှု တစ်ခုတောင် မဟုတ်သေးဘူး။ အကွက် တစ်ကွက်ပဲ ရှိသေးတာ။ ငါတိုက်လို့ မပြီးသေးတာ မင်းမမြင်ဘူးလား။) ဒါပေမယ့် သူပြောမထွက် ခဲ့ဘူး။

ဖန်ကျန်းရှီက သူ့ရဲ့ တိုက်ကွက်ကို ခုန်ရှောင်လိုက်တာ မြင်တော့၊ ခုန်ချင်းရဲ့ မျက်ဝန်းတွေမှာ အေးစက်စက် အလင်းတန်းတွေ လင်းလက်လာတယ်။ ဓားကို တပတ်လှည့်လိုက်ရင်း အောက်ဘက်ကို ခုတ်ချတယ်။ တစ်ချိန်တည်းမှာပဲ အပြာရောင် အလင်းတန်းနဲ့ အတူ၊ ပန်းပွင့်ဖတ်တွေ အများကြီး လေထဲမှာ ဝေ့၀ဲ ထွက်ပေါ်လာတယ်။ ပန်းချွေဓားသိုင်း။

ဒီတိုက်ကွက် ဒီနာမည် ရလာတာ လေထဲမှာ ဝေ့၀ဲနေတဲ့ ပန်းပွင့်ဖတ်ကိုတောင် ထက်ပိုင်း ခွဲနိုင်လို့ပဲ။ ဖန်ကျန်းရှီသာ သူ့ဓားကွက်ကို ခုန်မရှောင်ခဲ့ရင်၊ ပန်းချွေဓားသိုင်းကို ခပ်မြန်မြန် သုံးဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ အခွင့်အရေးကို လက်မလွှတ်နိုင်တော့ဘူး။ ပန်းပွင့်ဖတ်တွေ ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ် ကျလာတာနဲ့၊ ခုန်ချင်းရဲ့ ဓားကလည်း လူသတ်ငွေ့တွေ ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။

“ဒီတော့ ဒါက အကွက် အပြည့်အစုံပေါ့။” ပျံဝဲနေတဲ့ ပန်းပွင့်ဖတ်တွေကို မြင်တော့ ဖန်ကျန်းရှီ နားလည်သွားတယ်။ ဒါပေမယ့် သူ့အသံက ခြေလှမ်း ငါးလှမ်း အကွာကနေ ထွက်ပေါ်နေတာ။

“ဘာတွေ ဖြစ်နေတာလဲ။” ခုန်ချင်း မျက်လုံးတွေ ပြူးကျယ် ဝိုင်းစက်သွားတယ်။ ဖန်ကျန်းရှီကို တကွက်တည်းနဲ့ အနိုင်ယူဖို့ ယုံကြည်ချက် အပြည့်ရှိနေ ခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီက ပန်းပွင့်ဖတ်တွေ ပျံဝဲနေတဲ့ ကြားကနေ လွှတ်သွားတယ်။ ရူးချင် စရာပဲ။

“မြန်လိုက်တဲ့ အရှိန်နှုန်း။”

“အရာ အားလုံး ဖြစ်တည်မှု တာအိုကိုတောင် သုံးမသွားဘူး။ သူ တကယ်ပဲ အကိုကြီး ခုန်ချင်းရဲ့ ပန်းချွေ ဓားကွက်ကို အလွယ်လေး ရှောင်နိုင်လိုက်တယ်။”

“ဒီကောင်စုတ်က အရှက်မရှိတာ အဆုံးစွန် ရောက်နေရုံတင် မကဘူး။ အင်အားကလည်း မခေဘူးပဲ။”

ဘေးပတ်လည်က ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီကို ကြည့်ရင်း တအံ့တသြ ပြောနေကြတယ်။ ခုန်ချင်းရဲ့ ဓားကွက်ကို နောက်ဆုတ်ပြီးတော့ ရှောင်လိုက်တာ စိတ်စွမ်းအားနဲ့ နေရာပြောင်း နေသလိုပဲ။

ပိုပြီး ထူးဆန်းတာက ဖန်ကျန်းရှီ နောက်ဆုတ် သွားတဲ့ အချိန်မှာပဲ၊ သူမူလ ရပ်နေခဲ့တဲ့ နေရာမှာ အရိပ်တစ်ခု ဖြစ်ပေါ် လာတာပဲ။ ခုန်ချင်းသာ ဖန်ကျန်းရှီရဲ့ ရှေ့တည့်တည့်မှာ ရောက်မနေရင် ဒါကို စောစော သဘောပေါက်မှာ။ ဒါပေမယ့် အခုတော့ ခုန်ချင်းက ပန်းပွင့်ဖတ်တွေကို ဆက်လွှတ် နေတုန်းပဲ။ အရမ်းကို ရိုးရှင်းတယ်။ မျက်ကွယ်နေရာ ဖန်တီး ပြီးတော့ လှည့်စားလိုက်တာ။ ခုန်ချင်းရဲ့ မျက်စိရှေ့မှာ အရိပ် တစ်ခုကို ဖန်တီးပြီးတော့ သူနေရာ မရွေ့ဘူး ထင်အောင် လုပ်လိုက်တယ်။

“အားနည်းလိုက်တာ။ နောက်ထပ် နှစ်ကွက် ကျန်သေးတယ်။ ကောင်းကောင်း အသုံးချ။” ဖန်ကျန်းရှီက ငါးလှမ်း အကွာကနေ ခုန်ချင်းကို လှမ်းပြောရင်း ခေါင်းခါနေတယ်။

“အား။” ခုန်ချင်း ဒေါသ တကြီးနဲ့ အော်ဟစ်တယ်။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ တကိုယ်လုံးကို အပြာရောင် အလင်းတန်းတွေက လွှမ်းခြုံသွားတယ်။ တိမ်လုံးကြီး တစ်ခုထဲကို ရောက်သွား သလိုပဲ။

“အကယ်၍ ဒီကောင်စုတ်သာ ခုန်ချင်းကို ပထမ သုံးကွက် အသာမပေး ထားရင်။ ပထမ တကွက်မှာတင် ခုန်ချင်း တန်းရှုံးမှာပဲ။” ပဉ္စမ အကြီးအကဲ သက်ပြင်းချရင်း ပြောတယ်။

“အင်း။ ခုန်ချင်းက အခုချိန်မှာ စိတ်မတည်ငြိမ် ဖြစ်နေပြီ။ ဒါကြောင့် သူတဝက် ရှုံးပြီးသား ဖြစ်နေပြီ။ အကယ်၍ ပြိုင်ဘက်သာ တကယ် တိုက်ခိုက် လာရင် ခွက်ခွက်လန်အောင် ရှုံးမှာပဲ။” တတိယ အကြီးအကဲက ခေါင်းငြိမ့်ရင်း လက်ချောင်းကို လှုပ်လိုက်တယ်။ မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခုက ခုန်ချင်း ခေါင်းကို ထိပြီးတော့ ပျောက်ကွယ် သွားခဲ့တယ်။ တုန်ယင်နေတဲ့ ခုန်ချင်းလည်း တည်ငြိမ် သွားပြီ။ သူ့ကိုယ်က အပြာရောင် အလင်းတန်းတွေလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားခဲ့တယ်။

“ကောင်စုတ်။ ကောင်းကင် တာအိုဆိုတာ ဘာလဲ မင်းသိလား။” တစ်ခဏတာ ရပ်တန့် သွားပြီးတဲ့နောက် ခုန်ချင်း ခေါင်းမော့လိုက်တယ်။ ဖန်ကျန်းရှီကို လှမ်းမေးတယ်။ သူ့ခန္ဒာကိုယ်က အပြာရောင် အလင်းတန်းတွေ ပျောက်ကွယ် သွားပေမယ့် မျက်ဝန်းတွေမှာတော့ အပြာရောင် အလင်းတန်း နှစ်ခုက တောက်ပ နေခဲ့တယ်။

“အကိုကြီး ခုန်ချင်း နောက်ဆုံးတော့ စိတ်ငြိမ် သွားပြီ။”

“အခုတော့ တကယ့် အစွမ်း အစစ်အမှန်ကို မြင်ရတော့မယ်။

“အကိုကြီး ခုန်ချင်း။ ဒီကောင်စုတ်ကို ကောင်းကင် တာအို ခန်းမက တပည့် တစ်ယောက်ရဲ့ အစွမ်း ကောင်းကောင်း သိအောင် ပြလိုက်စမ်းပါ။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ခုန်ချင်းရဲ့ မျက်လုံးတွေကို မြင်တော့ အရမ်းကို တက်ကြွ လာကြတယ်။ အခုချိန်မှာ ခုန်ချင်းက သူ့စွမ်းအား အထွတ်အထိပ်ကို ရောက်နေပြီ ဆိုတဲ့ အဓိပ္မာယ်ပဲ။ သူက စွမ်းအားတွေကို ဖုံးကွယ် ထားတာပဲ။

အပိုင်း (၆၅၀)ပြီး၏။

(ကောင်းကင် တာအိုနဲ့ ငဖန်ကို တိုက်မယ်တဲ့။ ဟိုကောင်က ပြန် ဆော်လိမ့်မယ်။)

All Chapters