အပိုင်း (၆၅၁-၆၆၀)
Vol. 7 Ch. 651-660
အပိုင်း (၆၅၁)
“ထူးဆန်းတဲ့ ပေါက်ကွဲမှု၊ ကောင်းကင် တာအိုရဲ့ စစ်မှန်တဲ့ အဓိပ္မာယ်။”
“အကယ်၍ မင်းက ဒီလောက်တောင် တိုက်ခိုက် ချင်နေမှတော့၊ မြန်မြန် ဖြတ်လိုက်ရအောင်။” ဖန်ကျန်းရှီက ခုန်ချင်းရဲ့ စကားတွေကို လျစ်လျူရှု ထားတယ်။ လုံးဝကို ဂရုမစိုက်တဲ့ ပုံမှန် ပုံစံနဲ့ ပြန်ဖြေတယ်။ ခုန်ချင်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင်သာ ဆုပ်ထားမိတယ်။ အရင်လို မပေါက်ကွဲတော့ဘူး။
“မင်းရဲ့ လက်နက်ကို ထုတ်လိုက်။” ဗလာ ဖြစ်နေတဲ့ ဖန်ကျန်းရှီရဲ့ လက်ကို ကြည့်ရင်း ခုန်ချင်း ပြောတယ်။ ဖန်ကျန်းရှီကို ခုန တုန်းကပဲ အသေသတ်ဖို့ ကြံမိ ခဲ့တာ၊ အခုတော့ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ချင် နေတယ်။
“မင်းကို တိုက်ခိုက်ဖို့လား။ ဘာလက်နက်မှ မလိုဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“မင်း နောင်တ ရလိမ့်မယ်။” ခုန်ချင်းက ဖန်ကျန်းရှီနဲ့ ဆက်ပြီးတော့ မငြင်းခုန်တော့ဘူး။ အပြောထက် အလုပ်နဲ့ သက်သေပြမယ်။ သူ့အင်အားတွေ အားလုံးကို သုံးပြီးတော့ ဖန်ကျန်းရှီရဲ့ လက်နက်ကို ထုတ်လာအောင် လုပ်ချင်တယ်။
ခြေထောက်ကို တစ်ဖက် ရွှေ့လိုက်ရင်း၊ တိုက်ခိုက်ဖို့ ခုန်ချင်း ဆုံးဖြတ် လိုက်တယ်။ ဒီအချိန်မှာတော့ အတော့်ကို နှေးသွားခဲ့တယ်။ အရှိန်နှုန်းကို ငြိမ်အောင်လို့ ထိန်းထားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီရဲ့ရှေ့ကို ရောက်လာခဲ့ပြီ။ ခြေငါးလှမ်း အကွာကနေ ခြေတစ်လှမ်း အကွာ ဖြစ်သွားခဲ့တယ်။
သူ့ဓားကို ပုံမှန် အတိုင်း လွှဲယမ်းလိုက်တယ်။ ဓားထိပ်ကနေ အလင်းရောင်တွေ ဖြာထွက် လာခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ လည်ပင်းကို ထိုးစိုက်တော့တယ်။ ဓားက ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို ဝါးမျို ပြစ်သလို ဖြည်းဖြည်းချင်း လှုပ်ရှား နေခဲ့တယ်။
“ဗျူဟာ တစ်ခုတည်းကို သုံးတာလား၊ ဒါ အလုပ် ဖြစ်မှာလား။” ဖန်ကျန်းရှီက ပတ်ဝန်းကျင် အပြောင်းအလဲကို သတိ မထားမိတဲ့ အတိုင်း ပြောနေခဲ့တယ်။ ဓားရှည်ကြီးက ဖန်ကျန်းရှီရဲ့ လည်ပင်းကို ဖြတ်သွားတော့မယ်။ ဒီမြင်ကွင်းက အရင်တစ်ခေါက် တိုက်ခိုက်မှုနဲ့ မတူညီဘူး။ ခုန်ချင်းရဲ့ တိုက်ခိုက်မှုကော ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကောက ပုံစံတူပဲ။ မတူညီတာက ဓားပဲ ရှိတယ်။ ဓားကို ရှောင်ဖို့ ခေါင်းစောင်မလို့ လုပ်တဲ့ အချိန် ဖန်ကျန်းရှီရဲ့ အမူအယာ လုံး၀ ပြောင်းလဲ သွားခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ငါ လှုပ်လို့ မရတော့ဘူး။” ဖန်ကျန်းရှီ တအံ့တသြ ပြောတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး လှုပ်လို့ မရတော့ဘူး။
“မင်း လှုပ်လို့ မရတော့ဘူးလား။ ဟဟား။ မင်းကို သတိပေးခဲ့တယ် မဟုတ်လား။ အခုတော့ ငါ့လက်ထဲမှာ မင်း သေရတော့မယ်။ ကောင်းကင် တာအိုရဲ့ တည်ရှိမှုကို မင်းသိ သွားစေရမယ်။” ခုန်ချင်းက ရယ်မောရင်း ပြောနေခဲ့တယ်။
ကောင်းကင် တာအို ခန်းမ တစ်ခုလုံးရှေ့မှာ အရှက်ရ ခဲ့ရတယ်။ ဓားတောင်စောင်းမှာလဲ အရှက်တကွဲ ဖြစ်အောင် တိုက်ခိုက် ခံရတယ်။ အခုမှပဲ ဒေါသတွေ အားလုံးကို ဖြေဖျောက် နိုင်တော့မယ်။ ဒီတစ်ခေါက် တိုကိုက်တာ တွေေ၀ မနေတော့ဘူး။ ဓားသွားက ဖန်ကျန်းရှီရဲ့ လည်ပင်းကို ဖြတ်သွားတာနဲ့ သူလည်း နိုင်ပြီ။
ပန်းချွေဓားကွက်က ပေါက်ကွဲမှု အပေါ်မှာ မူတည်တယ်။ မတိုက်ခိုက်ခင်မှာ အားနည်းတယ်။ စွမ်းအားတွေ ထုတ်လွှတ် လိုက်တာနဲ့ ပေါက်ကွဲမှုက အရမ်းကို ပြင်းထန် လာလိမ့်မယ်။
တိုက်ကွက် တစ်ခုတည်း ဖြစ်ပေမယ့် ပေးဆပ်ရတာ များပြားတဲ့ တိုက်ကွက်ကြီးလည်း ဟုတ်တယ်။ ဒါပေမယ့် ခုန်ချင်းကတော့ ဒီဓားကွက်ကို နှစ်ခါ မတွေးပဲ သုံးခဲ့တယ်။ သူ့ရဲ့ အရာအားလုံး ဖြစ်တည်မှု တာအို အင်အားကနေ ဖန်တီးထားတဲ့ အထဲ ဒီဓားကွက်က အင်အားအကြီးဆုံးလေ။ ချက်ခြင်း ပေါက်ကွဲမှုတွေ ဖြစ်လာရင် ဘာတွေ ဆက်ဖြစ်လာမလဲ။
အခွင့်အရေး ရလာလိမ့်မယ်။ အင်အားကြီး နှစ်ခု တိုက်ခိုက်တဲ့ ကြားမှာ ကိုယ်က ပေါက်ကွဲမှုကို ဖန်တီး နိုင်လိုက်ရင် အသာစီး ရလိမ့်မယ်။ အကယ်၍ သူသာ တိုက်ပွဲ အစောပိုင်းမှာ အသာစီး ရအောင် မလုပ်နိုင်ရင်၊ ပြိုင်ဘက်ကိုလည်း ဖိနှိပ် နိုင်မှာ မဟုတ်ဘူး။ ဒါက ပန်းချွေဓားကွက်ရဲ့ အားနည်းချက်ပဲ။ ဒါပေမယ့် သူက ကောင်းကင် တာအိုကို ထိန်းချုပ် နိုင်လု နီးပါး ဖြစ်နေတာကြောင့် တိုက်ကွက်ရဲ့ အားနည်းချက်က သူ့အပေါ်မှာ မသက်ရောက် တော့ဘူး။ လေနဲ့ ချီတွေကို ထိန်းချုပ်ပြီးတော့ တိုက်ပွဲ အခြေအနေကို အချိန်မရွေး ပြောင်းလဲ ပေးနိုင်တယ်။
“သူနိုင်ပြီ။ ဒါမှ ငါတို့ အကိုကြီး။”
“အမှန်ပဲ။ ဒီကောင်စုတ်က အကိုကြီး ခုန်ချင်းကို အထင်သေးနေတာ။ ဒီထက် ခပ်ဝေးဝေးမှာ ရောက်နေရင် အကိုကြီး ခုန်ချင်းလည်း သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”
“သူ ဘယ်လောက်ပဲ မြန်မြန်၊ မလှုပ်ရှားနိုင်ရင် သေမှာပဲ။”
ပတ်ဝန်းကျင်က တပည့်သားတွေ ပြုံးပျော် နေကြပြီ။ အခုချိန် မလှုပ်ရှားနိုင်တဲ့ ဖန်ကျန်းရှီက အရိပ် မဟုတ်မှန်း သူတို့ သိတယ်။ နောက်တနည်း ပြောရရင်။ အကိုကြီး ခုန်ချင်း ထိန်းချုပ်တာ ခံလိုက်ရတော့ ပြေးစရာမြေ မရှိတော့ဘူး။
“သေစမ်း။” ခုန်ချင်းလည်း သူ့ပြိုင်ဘက်ရဲ့ နောက်ဆုံး စကားတွေကို မစောင့်တော့ဘူး။ သူ့ရဲ့ အင်အားတွေကို အစွမ်းကုန် သုံးပြီးတော့ ဖန်ကျန်းရှီကို သူအင်အား ကြီးတဲ့ အကြောင်း ပြသခဲ့ ပြီးပြီ။ ဓားကို လက်ထဲမှာ လှည့်လိုက်ရင်း ခုတ်ချ လိုက်တယ်။
တောက်ပတဲ့ ကန့်သတ်မဲ့ အပြာရောင် အလင်းတန်းတွေ ဓားကနေ ပေါက်ကွဲ ထွက်လာတယ်။ အပြာရောင် ပွင့်ဖတ်တွေက နေရောင်အောက်မှာ တလက်လက် တောက်ပရင်း လေထု တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့တယ်။ ရင်သက်ရှုမော စရာ မြင်ကွင်းပဲ။ လူသတ်ငွေ့တွေ ပြည့်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အေးစိမ့်သွားစေတဲ့ ခံစားချက်လည်း ပေးစွမ်းနေတယ်။
“ခုန်ချင်း၊ သူ့ အသက်ကို ချမ်းသာပေးလိုက်။” အကြီးအကဲ နှစ်ယောက် ဝင်ပြောတယ်။ ခုန်ချင်း သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ရချင်ရင် လူသတ်လို့ မဖြစ်ဘူး ဆိုတာ သိတယ်။ ဖန်ကျန်းရှီက ဒီလောက် မြန်မြန်ရှုံး သွားမယ်လို့ မထင်ခဲ့မိကြဘူး။ ဒါကြောင့် သူတို့ အံ့သြ နေခဲ့ကြတယ်။
ဖန်ကျန်းရှီရဲ့ အသက်ကို ချမ်းသာ ပေးခိုင်းတာ၊ သူ့ပြစ်မှုတွေက မသေသင့်လို့ မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမကို ဝင်လာတဲ့ အကြောင်းရင်းနဲ့ အကြံအစည်တွေကို သူတို့ မေးစရာ ရှိသေးလို့ပဲ။
အကြီးအကဲ နှစ်ယောက် အော်ဟစ်တဲ့ အချိန်က နောက်ကျ သွားပြီ။ ခုန်ချင်းရဲ့ ဓားက မြန်လွန်းတယ်။ ညှာတာမှု တစ်စက်လေးတောင် မရှိဘူး။ ရင်ထဲက ဒေါသတွေ ပေါက်ကွဲထွက် လာတဲ့ အတိုင်း၊ အပြာရောင် ပွင့်ဖတ်တွေကလည်း ပိုပြီးတော့ များပြား လာသလို မြန်မြန်ဆန်ဆန် ကျဆင်း လာခဲ့တယ်။
“ဝုန်း။” မိုးခြိမ်းသလို အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ အပြာရောင် ပွင့်ဖတ်တွေက အလင်းစက်လေးတွေ ပုံစံကို ပြောင်းလဲ သွားပြီးတော့ ကောင်းကင်ပြာရောင် ရေဝဲကြီး တစ်ခုလို စုဝေးသွားတယ်။
အချိန် ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ ဒီလို တိတ်ဆိတ် ပြီးတဲ့နောက် အောင်ပွဲခံတဲ့ အသံတွေ ထွက်ပေါ် လာခဲ့တယ်။
“အကိုကြီး ခုန်ချင်း နိုင်ပြီ။”
“အရှက်မရှိတဲ့ကောင် ရှုံးသွားပြီ။”
“သူသေမှာပဲ မဟုတ်လား။”
ပတ်ဝန်းကျင်က ကေင်းကင် ကျောင်းတော် တပည့်သားတွေ မြေပြင်ပေါ်မှာ လဲကျနေတဲ့ လူနဲ့၊ မတ်တပ်ရပ်နေတဲ့ ခုန်ချင်းကို သူတို့ ကြည့်ရင်း အော်ဟစ်နေကြတယ်။
“ကျေးဇူးပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ညီနောင် တပည့်သားတို့။ ဒီကောင်က အရမ်း အားနည်း ပါတယ်လို့ ပြောသားပဲ။ အခုတော့ ယုံပြီလား။” ခုန်ချင်းရဲ့ အသံက ဒီအချိန်မှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်က လူကို နှစ်ကြိမ် ကန်လိုက်တယ်။
“အဟွတ် ဟွတ်။” အကန်ခံရတဲ့ သူရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျ လာခဲ့တယ်။ သူ့ရဲ့ ဖြူဖျော့ဖျော့ မျက်နှာမှာ သွေးစက်တွေ စွန်းထင်း နေခဲ့တယ်။ အရမ်းကို အားနည်းနေတဲ့ ပုံပေါ်ပေမယ့် မသေသေးဘူး။
“မင်း။” မြေပြင်ပေါ်မှာ လဲကျနေတဲ့သူ မီးတောက်သလို မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး တုန်ယင် နေခဲ့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးမှာ ဒဏ်ရာကြီးငယ်တွေနဲ့ သွေးစွန်း သွေးကွက်တွေ မရေမတွက်နိုင်အောင် ပြည့်နှက်နေခဲ့တယ်။ စုတ်ပြတ် သတ်နေတော့ ဘယ်သူဆိုတာတောင် မမှတ်မိ နိုင်စရာပဲ။
“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။ အကြီးအကဲတို့ရဲ့ စကားကို နားထောင်ပြီးတော့ သူ့အသက်ကို ချမ်းသာ ပေးပြီးပြီ။ အကြီးအကဲ နှစ်ယောက် အခုချိန်မှာ ကတိ စကားကို တည်သင့်ပါပြီ။” ခုန်ချင်းက အကြီးအကဲ နှစ်ယောက်ကို ကြည့်ရင်း ပြုံးပြ နေခဲ့တယ်။
“ကတိ။ ဘာ ကတိလဲ။”
“နေစမ်းပါအုန်း။ အဲ့တာ အကိုကြီး ခုန်ချင်း မဟုတ်ဘူး။”
“အကိုကြီး ခုန်ချင်းရဲ့ ဓားက ဘယ်မှာလဲ။ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ လက်ထဲမှာ ဓားက ဘယ်လိုလုပ် ရောက်နေတာလဲ။”
“ဘာတွေ ဖြစ်နေတာလဲ။”
ခုန်ချင်းရဲ့ စကားတွေကို ကြားတော့ တပည့်သားတွေရဲ့ အော်ဟစ် ချီးမွမ်းသံတွေ ပျောက်ကွယ် သွားခဲ့တယ်။ မတ်တပ်ရပ်နေတဲ့ သူကို သူတို့ သေချာ ကြည့်နေတယ်။ အဲ့ဒီ့လူရဲ့ လက်ထဲမှာ ဓားမရှိဘူး။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ လူရဲ့ လက်ထဲမှာ ဓားရှိနေတယ်။ အကိုကြီးခုန်ချင်းရဲ့ ဓား။
“ကောင်စုတ်။ မင်း။” ပဉ္စမ အကြီးအကဲ မြေပြင်ပေါ်မှာ လဲနေတဲ့ သွေးအိုင်ထဲက လူကို ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။ နောက်ပြီးတော့ ပါးစပ်က နားရွက် တက်ချိတ် မတတ် ပြုံးရင်းနဲ့ သူ့ကို ကြည့်နေတဲ့သူ။
တတိယ အကြီးအကဲလည်း ဖြစ်နေတဲ့ ကိစ္စကို မယုံချင်ဘူး။ ထိုင်နေတဲ့ လေးနိုင်ငံက ဧကရာဇ်တွေတောင် စစ်မြေပြင် အလယ်က ခုန်ချင်းကို ကြည့်ရင်း အံ့သြ နေကြတယ်။
“ခမည်းတော်။ အဲ့တာ ကျွန်တော်တို့ လူမဟုတ်လား။” လင်းယွမ်က ဧကရာဇ် လင်းမုပိုင်ကို ခပ်တိုးတိုးလေး မေးတယ်။
“အင်း။ သံသယ ဖြစ်စရာ မလိုဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ တခြား နိုင်ငံ သုံးခုက ဧကရာဇ်တွေ တွေးတောရင်း ဆွေးနွေးနေတာကိုလည်း သူသိတယ်။
“အဲ့ဒီ့ ကောင်စုတ်က ဘယ်သူလဲ။”
“လရောင်ဖြာ နိုင်ငံတော်မှာ သူ့လိုလူ မရှိဘူး။”
“စစ်မက်လိုလား နိုင်ငံတော်မှာလည်း သူ့လိုလူ မရှိ။”
သုံးနိုင်ငံက ဧကရာဇ်တွေ ခေါင်းခါ နေကြတယ်။ နောက်ဆုံး ဧကရာဇ် လင်းမုပိုင်ကို လှမ်းကြည့်တယ်။
“ကြီးမြတ်သောရှက လူလည်း မဖြစ်နိုင်ဘူး။” ဧကရာဇ် လင်းမုပိုင်လည်း ခေါင်းခါရင်း ခပ်တည်တည် ပြန်ဖြေတယ်။ ဧကရာဇ်တွေ အားလုံး ခေါင်းခါ နေကြတယ်။ ကျောက်ဖျာကြီး နားမှာထိုင်နေတဲ့ လူကြီးကို သူတို့ လှည့်ကြည့်တယ်။ - ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် (မုချင်းဖန်း)။
မုချင်းဖန်းလည်း ဧကရာဇ်ရဲ့ အကြည့်တွေကို ခံစားမိတော့၊ ခုန်ချင်းကို ကြည့်ရင်း ခေါင်းငြိမ့်တယ်။
“အင်း။ အဲ့တာက ကောင်းကင်တာအိုပဲ။” မုချင်းဖန်း ဖြည်းဖြည်းချင်း ပြောတယ်။ သူ့ကိုယ်သူ ပြောတာလား၊ ဧကရာဇ်တွေကို ပြောတာလား မသဲကွဲ။
“ကောင်းကင် တာအိုလား။”
“အကိုကြီး ခုန်ချင်းက ကောင်းကင်တာအိုကို တတ်ကျွမ်းနေတာ ဟုတ်တယ်။ ဒါပေမယ့် ဆရာ ပြောတာ။”
“ဒီအရှက်မရှိတဲ့ ကောင်စုတ်ကလည်း ကောင်းကင် တာအိုကို တကယ်ပဲ အောင်မြင် တတ်ကျွမ်း ထားတယ်ပေါ့။”
မုချင်းဖန်းရဲ့ စကားကို ကြားတော့ ကောင်းကင် တာအို တပည့်သားတွေ လန့်ကုန်ကြတယ်။ ဒီအရှက်မရှိတဲ့ ကောင်စုတ်က ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက ကောင်းကင်တာအိုကို တတ်ကျွမ်းနေတယ်လား။ ဒါဆိုရင် မြေပြင်ပေါ်မှာ လဲနေတာက အကိုကြီး ခုန်ချင်းပေါ့။
ဘယ်လိုများ ဖြစ်ရတာလဲ။ အရှက်မရှိတဲ့ ကောင်စုတ်က တစ်ချက်လေးတောင် မလှုပ်ဘူးလေ။ အကိုကြီး ခုန်ချင်းက သူ့ကို ပန်းချွေ ဓားကွက်နဲ့ အသေသတ် နိုင်တော့မှာ။ ကောင်းကင်တာအိုကို ပညာရှင် အဆင့် တတ်ကျွမ်း ထားမှပဲ ဒီဓားကွက်ကနေ လွတ်မြောက်နိုင်မှာ။ ခုန်ချင်းနဲ့ သူ့ကိုယ်သူလည်း နေရာလဲ နိုင်လိမ့်မယ်။
“ဟုတ်သား။ ခုနက မေးခွန်းကို မဖြေလိုက်ရဘူး။ ဒါပေါ့။ ကောင်းကင်တာအိုကို ငါသိတာပေါ့။ နောက်ပြီးတော့ ပညာရှင် အဆင့် ရောက်နေပြီ။” ဖန်ကျန်းရှီက လဲကျနေတဲ့ ခုန်ချင်းကို ကြည့်ရင်း ပြန်တွေးပြီး ဖြေနေခဲ့တယ်။
အပိုင်း (၆၅၁)ပြီး၏။
အပိုင်း (၆၅၂)
“လူတိုင်းမှာ ကိုယ့်ဘောင်နဲ့ ကိုယ်တော့ ရှိသင့်တယ်။”
ခုန်ချင်းရဲ့ မျက်လုံးတွေက ဒေါသကြောင့် တောက်ပြောင်နေတယ်။ လက်တစ်ဖက်က ဓားကို ကိုင်ထားရင်းနဲ့ နောက်လက်တစ်ဖက်က မြေပြင်ပေါ်ကို ထောက်ထားတယ်။ ထနိုင်ဖို့ သူကြိုးစားနေတယ်။ ဒါပေမယ့် မထနိုင်ဘူး။
ပန်းချွေဓားသိုင်းက ကောင်းကင် တာအို ခန်းမမှာ သူကိုယ်တိုင် တီထွင်ဖန်တီး ခဲ့တဲ့ ဓားသိုင်း၊ ဒါပေမယ့် အခုတော့ ကိုယ်ပိုင် တိုက်ကွက်နဲ့ ပြန်အတိုက်ခိုက် ခံလိုက်ရတယ်။ ဘာတွေ ဖြစ်နေမှန်း နောက်ဆုံး ဖန်ကျန်းရှီရဲ့ စကားကို မကြားခင် အထိ နားမလည်ခဲ့ဘူး။ “ဒါပေါ့။ ကောင်းကင်တာအိုကို ငါသိတာပေါ့။ နောက်ပြီးတော့ ပညာရှင် အဆင့် ရောက်နေပြီ။”
“ကောင်းကင် တာအို။ မင်း အခု သုံးလိုက်တာ ကောင်းကင် တာအိုလား။” ခုန်ချင်းရဲ့ အသံတိတ်ဆိတ် သွားတယ်။ သူနောက်ထပ် စကားပြောချင်ပေမယ့် ပါးစပ်ထဲကနေ သွေးတွေ အန်ကျ လာခဲ့တယ်။ သူ့စကားကို ဆုံးတဲ့ထိ မပြောနိုင်ဘူး။
ဒီအချိန် အတွင်းမှာ သူ အသုံး အများဆုံး စကား တစ်ခွန်းကို ပြောပါ ဆိုရင် (ကောင်းကင် တာအို) လို့ပဲ ဖြေရမှာပဲ။ ဒီ အချိန် တစ်လျှောက်လုံးမှာ၊ ခုန်ချင်းက သုခမိန် အဆင့်ကို ရောက်ဖို့ ကြိုးစား နေခဲ့တယ်။ ကောင်းကင်တာအိုကို ပညာရှင် အဆင့် တတ်ကျွမ်းအောင် ကြိုးစား လေ့ကျင့်တယ်။ ဒါပေမယ့် အမှန်တရားက ခါးသက်တယ်။ ကောင်းကင်တာအိုက တာအို ခြောက်ခုထဲမှာ ထိပ်သီး တစ်ခုပဲ။ ဒါကြောင့် တတ်မြောက် ကျွမ်းကျင်ဖို့ ခက်ခဲလွန်းတယ်။
ခုန်ချင်းလည်း သူ့နည်း သူ့ဟန်နဲ့ ကောင်းကင် တာအိုကို နည်းစပ်ဖို့ ကြိုးစားခဲ့တယ်။ ကောင်းကင်တာအို ခန်းမ ခေါင်းဆောင် တစ်ခါက ပြောခဲ့ဖူးတယ်။ ကောင်းကင် တာအိုက သုခမိန် အဆင့်ကို ရောက်စေဖို့ အနီးစပ်ဆုံး တာအိုပဲ။ ပထမဆုံး အကြီးအကဲ ပြောတာကို ခုန်ချင်း ကြားခဲ့တဲ့ အချိန်မှာ၊ ဒီကောင်းကင် တာအိုကို နားလည်ဖို့ သုံးရက်တိုင်တိုင် မရပ်မနားပဲ ကြိုးစားခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာ အရှက်မရှိတဲ့ ကောင်စုတ်လို့ ခေါ်ခံရတဲ့သူက သူလိုချင်တဲ့ အရာအားလုံးကို ရနေတယ်။ ဒါ့အပြင် ကောင်းကင်တာအိုကို သုံးပြီးတော့ သူ့ကို အနိုင်ယူသွားတယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီအရှက်မရှိတဲ့ ကောင်စုတ်က ကောင်းကင် တာအိုကို ပညာရှင် အဆင့် ရောက်အောင် တတ်နေတာလဲ။ ငါကတော့ ဒီလောက် ကြိုးစားတာတောင် မအောင်မြင်ဘူး။
ခုန်ချင်း စိတ်ပျက်နေတယ်။ အရမ်းကို စိတ်ပျက် အားလျော့နေတယ်။ အမှန်တရားကတော့ ခါးသီးတယ်။ သူအရမ်း တောင့်တနေတဲ့ ကောင်းကင် တာအိုကို သုံးသွားတဲ့ ဖန်ကျန်းရှီရဲ့ လက်ထဲမှာမှ ရှုံးရတယ်လို့။
“အာ။ ဟုတ်သား။ မင်းကို မေးစရာ တစ်ခု ရှိသေးတယ်။ ကောင်းကင်တာအိုကို ဘယ်လို သုံးရမယ် ဆိုတာ သိလား။” ဖန်ကျန်းရှီက သနားစဖွယ် ကောင်းအောင် ပျော့ညံ့နေတဲ့ ခုန်ချင်းကို ကြည့်ပြီး လှောင်ပြုံးပြုံးပြီး မေးတယ်။
“ငါ ငါ ဝေါ့။” ပါးစပ် အပြည့် သွေးတွေကို အန်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီကို ပြန်အော်ချင်တယ်။ -ဒါပေါ့။ ငါသိတာပေါ့လို့။ ဒါပေမယ့် သူ့မှာ စကားပြောဖို့ အားမရှိတော့ဘူး။ သူ့ရှေ့မှာ ရပ်နေတဲ့ သူက ကောင်းကင် တာအိုကို တကယ်ပဲ ဆရာကျအောင် တတ်မြောက် ထားတဲ့သူ။ ဒီလိုလူ ရှေ့မှာ သူဘယ်လိုများ ပြောဝံ့မှာလြ။
“အားနည်းလိုက်တာ။” ဖန်ကျန်းရှီ ခေါင်းခါရင်း သက်ပြင်း ချလိုက်တယ်။
“ငါ ငါ ၂ခေါက်ပဲ တိုက်ခိုက် ရသေးတယ်။ မင်းပြောတာ အခွင့်အရေး သုံးခု ပေးမယ်ဆို။” ခုန်ချင်း ရှုံးတာကို လက်မခံ နိုင်သေးဘူး။
ခုန်ချင်းကို သုံးကွက် အသာပေးမယ်လို့ ဖန်ကျန်းရှီ ပြောခဲ့တယ်။ ဖန်ကျန်းရှီထက် အားနည်းတာကို လက်မခံ နိုင်သးပင်မယ့်၊ ကောင်းကင် တာအို တတ်မြောက် ထားတဲ့သူကို ဒုတိယ တစ်ခေါက် တိုက်ခိုက်ဖို့ သူကြိုးစား ချင်သေးတယ်။ ဒီလိုနည်းနဲ့ သူရှုံးရင်တောင်၊ ကြောက်စရာ ကောင်းအောင် ရှုံးမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဖန်ကျန်းရှီကို ဒဏ်ရာရအောင် လုပ်နိုင်မယ်။
“သုံးကွက်တဲ့။ မင်းက ငါပြောတာကို ယုံတယ်လား။ အကိုကြီး ခုနချင်းက ဒီအသက်အရွယ် ရောက်တာတောင် ဒီလောက် တုံးအ နေမယ်လို့ မထင်ထား မိဘူး။”ခုန်ချင်းကို ကြည့်ပြီး ပြောနေတဲ့ ဖန်ကျန်းရှီရဲ့ အမူအယာက သိသာထင်ရှားနေတယ်။ (မင်း နုံအပြီး ပြောသမျှ ယုံတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အခု အခြေအနေမှာတော့ မလုပ်သင့်ဘူး။)
“မင်း။ မင်း။ ဝေါ့။” ခုန်ချင်း နောက်ထပ် သည်းမခံ နိုင်တော့ဘူး။ သူ့ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်ပြီး မြေပြင်ပေါ် လဲကျ သွားခဲ့တယ်။ မြင်ကွင်း တစ်ခုလုံး အမှောင်ကျ သွားပြီး သတိလစ် သွားခဲ့တယ်။
“အကိုကြီး ခုန်ချင်း။”
“ဒီကောင်စုတ်က။ အကိုကြီး ခုန်ချင်းကို ဒေါသ အထွက်လွန်ပြီး သတိလစ်အောင် လုပ်လိုက်ပြီ။”
“ကောင်းကင်တာအို။ သူ တကယ်ပဲ ကောင်းကင် တာအိုကို တတ်မြောက်တာလား။”
သတိလစ်သွားတဲ့ ခုန်ချင်းကို မြင်တော့ ကောင်းကင် တာအို တပည့်သားတွေရဲ့ စိတ်ထဲမှာ စကားလုံး နှစ်လုံး ပေါ်လာခဲ့တယ်။ (ကောင်းကင် တာအို။) ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုရဲ့ အထွတ်အထိပ် အဆင့်။ သုခမိန် အဆင့် ရောက်ဖို့ အနီးစပ်ဆုံး တာအို။
“သူဖြစ်နိုင်မလား။ ကောင်းကင်တာအိုကို တတ်ကျွမ်းတယ် ဆိုတော့။ ကြည့်ရတာ သူဖြစ်နိုင်တယ်။” နန်ကုန်းမုက ရန်ရွှယ်ကို မေးပြန်တယ်။ ဒီနေ့ အတွင်း ဒုတိယ အကြိမ် စကားပြောတာပဲ။
“မဖြစ်နိုင်ဘူး။” ရန်ရွှယ် ခေါင်းခါတယ်။ ဒီတစ်ခေါက်တော့ ရန်ရွှယ့်ရဲ့ အဖြေက ပိုပြီးတော့ ပြတ်သား နေခဲ့တယ်။ အရင် တစ်ခေါက်ကလို တွေေ၀ မနေဘူး။
“မဖြစ်နိုင်ဘူး။ ငါသိရသလောက် ဆိုရင်တော့၊ တောင်ပိုင်း ဒေသကို ရောက်တဲ့ အချိန်။” နန်ကုန်းမုက ရန်ရွှယ့်ရဲ့ ပြတ်သား လွန်းတဲ့ အဖြေကြောင့် လန့်သွားပေမယ့်၊ သူဆက်ပြောတယ်။
“ရန်မြို့တော်ကနေ ထွက်လာတဲ့ အချိန်တုန်းက သူငါ့ကို ပြောတယ်။ ကောင်းကင်တာအိုကို ပညာရှင် အဆင့်ရောက်အောင် တတ်ကျွမ်းဖို့ အခက်အခဲ တွေ့နေတယ်။ သူ အခုချိန်မှာ လုပ်နိုင်တဲ့ အများဆုံး အရာက ပြိုင်ဘက်ကို ယာယီ ထိန်းချုပ် ထားတာပဲ။ ပြိုင်ဘက်နဲ့ သူ့နေရာကို ချက်ခြင်း လဲဖို့က မဖြစ်နိုင်တာပဲ။ နောက်ပြီးတော့ သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတယ်။ အခုလူက ပြန်လည် မွေးဖွားမှု အဆင့် စွမ်းအားတွေ ရှိနေတာ အသိသာကြီးပဲ။” ရန်ရွှယ် ရှင်းပြတယ်။
“နားလည်ပြီ။” နန်ကုန်းမု ခေါင်းငြိမ့်လိုက်တယ်။
ရန်ရွှယ် အမှန်ကို ပြောနေမှန်း သူသိတယ်။ လွန်ခဲ့တဲ့ ၂နှစ်မှာ ဖန်ကျန်းရှီက ကောင်းကင် တာအိုကို တိုးတက်အောင် မလုပ်နိုင် ခဲ့ဘူး။ အခုတော့ ၂လ အချိန်အတွင်းမှာ ဘယ်လိုများ အဆင့်တက် နိုင်မှာလဲ။ ပိုပြီး အရေးကြီးတာ အခုလူက ပြန်လည် မွေးဖွားမှု အဆင့်ကလူ။ ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု အဆင့်။ ဒီလောက် ကွာခြား ချက်ကြီးက များလွန်းတယ်။ ဒါကြောင့် ရန်ရွှယ်လည်း ဖန်ကျန်းရှီ မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောနိုင်တာပဲ။
….
“ကောင်းကင် တာအို ပညာရှင်လား။ ဒီကောင်စုတ်လေး။” ပဉ္စမ အကြီးအကဲက သတိလစ်နေတဲ့ ခုန်ချင်းကို ကြည့်ရင်း ခပ်တိုးတိုး ပြောမိတယ်။ ဒါကို ထည့်မတွေး မိခဲ့တာ သူ့အမှား ဖြစ်သွားပြီ။
“အင်း။ သူက နေရာလဲ နည်းလမ်းကို သုံးနိုင်တာပဲ။ ငါထင်တာ မှန်ရင်၊ သူက ကောင်းကင်တာအိုကို သုံးပြီးတော့ ပန်းချွေ ဓားသိုင်းကို ချက်ခြင်း အေးခဲ ပြစ်လိုက်တာပဲ။ အဲ့ဒီ့နောက် အမြန်ဆုံးနှုန်းကို သုံးပြီး ခုန်ချင်းနဲ့ နေရာလဲ လိုက်တယ်။ သူနဲ့ ခုန်ချင်းက တရုပ်တည်း တစ်ပုံစံတည်း ဖြစ်နေတော့ ကြည့်နေတဲ့ သူတွေလည်း ခွဲမရတော့ဘူး။” တတိယ အကြီးအကဲ နှုတ်ခမ်းတွေကို တွန့်ကွေးရင်း တွေးနေခဲ့တယ်။
“ဒါပေမယ့် ဒီကောင်စုတ်က သေရှင်တာအိုကိုလည်း တတ်ကျွမ်းတယ် မဟုတ်လား။ ဘယ်လိုများ ကောင်းကင် တာအိုကိုပါ တတ်ကျွမ်းနိုင်တာလဲ။” ပဉ္စမ အကြီးအကဲ ထောက်ပြတယ်။
“သေရှင် တာအိုကို တတ်တယ်ဆိုတာ ငါတို့ရဲ့ ယူဆချက် သက်သက်ပဲ။ မီးတောက်စိမ်း သားရဲကောင်ကို သူ ထိန်းချုပ်လိုက်တာလည်း ငါတို့ မျက်လုံးနဲ့ မမြင်ခဲ့ဘူးလေ။ ကောင်းကင်တာအိုကို သူတတ်ကျွမ်း ထားတော့ မီးတောက်စိမ်း သားရဲကောင်ကို ထိန်းချုပ်တာလည်း အလွယ်လေးပဲ ဖြစ်မှာပဲ။” တတိယ အကြီးအကဲ ခေါင်းခါရင်းနဲ့ ပြန်ဖြေတယ်။
“အင်း။ ဖြစ်နိုင်တယ်။ ကောင်းကင်တာအို။ ဒါဆိုရင် ဒီကောင်စုတ်လေးက သုခမိန် တဝက် ဖြစ်နေပြီ မဟုတ်လား။” ပဉ္စမ အကြီးအကဲက ခေါင်းငြိမ့်ရင်း ပြောတယ်။
“ငါတို့ မသေချာသေးဘူး။ ကောင်းကင် တာအို တစ်ခုကိုပဲ တတ်ကျွမ်းတာလည်း ဖြစ်နိုင်တယ်။ ခုန်ချင်းနဲ့ တိုက်ပွဲမှာ သူ့ အင်အား အကုန်လုံးကို မသုံးဘူးလေ။ ခုန်ချင်းရဲ့ မျက်ကန်းလို ယုံကြည်တာကို သုံးပြီးတော့ နိုင်အောင် လုပ်သွားတာပဲ။” ဒါကို ကြားတော့ တတိယ အကြီးအကဲ ခေါင်းခါပြန်တယ်။
“အကိုကြီး ပြောတာ မှန်တယ်။ ဒီကောင်စုတ်ရဲ့ အသံအရ ဆိုရင်၊ သူကအသက် ၂၅ နှစ်တောင် ပြည့်သေးမယ့်ပုံ မပေါ်ဘူး။ ဒီလို ငယ်ရွယ်တဲ့ သုခမိန် တဝက် အကြောင်းကို မြင့်မြတ်မြေ တစ်ခွင်လုံးမှာကော၊ နိုင်ငံတော် လေးခုမှာပါ မကြားဖူးဘူး။”
“ဒီကောင်စုတ်ရဲ့ ပါရမီက ငါတို့ ထင်ထားတာထက် အများကြီး မြင့်မား နေတာပဲ။ နောက်ပြီးတော့ အရှက်မရှိတာလည်း လွန်လွန်းတယ်။ နိုင်ငံ လေးခုကလည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် မျိုးနွယ် တစ်ခုခုက ဖြစ်ရင်တော့ သူ့ရဲ့ တကယ့် အကြံအစည်က ဘာဖြစ်နိုင်မလဲ။”
“အကြံအစည်ကို ထားပါအုန်း။ အကယ်၍ သူသာ နိုင်ငံ လေးခုကမဟုတ်ပဲ မျိုးနွယ်စု တစ်ခုခုက ဖြစ်နေရင် ကောင်းကင် တာအို ခန်းမထဲကို ဝင်ခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဆိုးဝါး သွားလိမ့်မယ်။”
“ဟုတ်တယ်။ နည်းလမ်း တစ်ခုပဲ ကျန်တော့တယ်။” တတိယ အကြီးအကဲက ခေါင်းငြိမ့်ရင်းနဲ့ ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။ သူ့မျက်ဝန်းထဲမှာ အေးစက်စက် အငွေ့အသက်တွေ ထွက်ပေါ်နေတယ်။
မြင့်မြတ် ဒေသမှာ မျိုးနွယ်စု ငါးခုရှိတယ်။ တစ်ခုချင်းစီ တိုင်းက နယ်မြေ ခွဲခြားပြီး အပိုင်ယူထားတယ်။ သူတို့တွေ ပြောင်ပြောင် တင်းတင်း မတိုက်ခိုက် ကြပေမယ့် နှစ်ရာချီ အတွင်းမှာ ပဋိပက္ခလေးတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒါတွေကို သူတို့ရဲ့ နိုင်ငံရေး သဘော တရားတွေ အရ ကိုင်တွယ် ဖြေရှင်းပုံချင်း မတူညီဘူး။
ကောင်းကင်တာအို ခန်းမမှာ ကောင်းကင် ဆန္ဒနဲ့ ကိုယ်တိုင် လေ့ကျင့်တာကို ယုံကြည်တယ်။ တောင်စဉ် ကိုးသွယ်ကတော့ တောင်စဉ်ကိုးသွယ်တွေကို ကိုးကွယ်ကြတယ်။ တောင်စဉ်ကိုးသွယ်က မိုးမြေ ဟန်ချက်ကနေ ဖြစ်ပေါ် လာတယ်လို့ ယုံကြည်တယ်။ ယင်ယန် ခန်းမကတော့ အရာအားလုံးရဲ့ ဖြစ်တည်မှုက ယင်ယန် စည်းချက်အပေါ်မှာ အခြေခံပြီး ဖြစ်တည် လာတယ်လို့ ထင်တယ်။
မျိုးနွယ်စု ငါးခု ဖန်တီးထားတဲ့ သဘောတရားတွေပေါ် မူတည်ပြီး ကျင့်ကြံနည်းတွေကလည်း ကွာခြားတယ်။ သူတို့တွေရဲ့ အခြေခံက တူညီပေမယ့် လေ့ကျင့်မှုပေါ် မူတည်ပြီး နောက်ဆုံး ရလဒ်က ကွာခြားတယ်။ ဒါ့အပြင် သူတို့တွေရဲ့ အရင်းအမြစ်တွေ သိုလှောင်တဲ့ ပုံစံလည်း မတူဘူး။
မြင့်မြတ်ဒေသက ကျယ်ပြန့်တယ်။ တောင်တန်းကြီးတွေ၊ ရေကန်ကျယ်ကြီးတွေ ရှိတယ်။ ဒါ့အပြင် ပုံမှန် သားရဲကောင်တွေနဲ့ ပုန်းအောင်းနေတဲ့ နတ်ဆိုးတွေ တည်ရှိနေတယ်။ သဘာ၀ သယံဇာတလည်း အရမ်း ကြွယ်ဝပြီးတော့ ရတနာတွေလည်း ပေါများတယ်။
မျိုးနွယ် တစ်ခုချင်းစီက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ အပြီးမှာ သူတို့ သက်ဆိုင်တဲ့ ဒေသတွေကို နယ်မြေ ပိုင်းခြား သတ်မှတ်လိုက်ကြတယ်။ ဘယ်မျိုးနွယ်စုက မဆို သူတို့ နယ်မြေကို ကျူးကျော်လာရင် ပြန်တိုက်ခိုက် ကြမှာပဲ။ တတိယ အကြီးအကဲလည်း မျိုးနွယ်တွေ ကြားက ပဋိပက္ခကို ကောင်းကောင်းသိတယ်။ ပြိုင်ဘက်ကို နည်းပေါင်းစုံ သုံးပြီးတော့ ဗျူဟာ ချရမှာကိုလည်း သိတယ်။
သူလျှို တစ်ယောက်ကို သုံးတာက အသုံးအဝင်ဆုံးနဲ့ အကုန်အကျ အနည်းဆုံး နှစ်ချို့ နည်းလမ်းကြီးပဲ။ သူလျှိုတွေက ရန်သူ့ အင်အားကို ထောက်လှမ်း ပေးရုံတင် မကဘူး။ သတင်း အချက်အလက်တွေ အများကြီးကိုပါ နှိုက်ယူနိုင်တယ်။ တတိယ အကြီးအကဲ ဖန်ကျန်းရှီဆီကို လျှောက်လာခဲ့တယ်။
ကောင်းကင်တာအို လူရွေးပွဲက နိုင်ငံလေးခုက ဧကရာဇ်တွေ ကိုယ်တိုင် လာပြီးတော့ ကြီးကြပ်ပေးတာ။ ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းက ရှင်းရုံတင် မကဘူး။ ဧကရာဇ်တွေ ကိုယ်တိုင် ထောက်ခံ ထားတဲ့ သူတွေလည်း ဖြစ်ရမယ်။ ဒါက ကောင်းကင် တာအို ခန်းမနဲ့ ဧကရာဇ်တွေကြားက သဘောတူညီမှုပဲ။
“မင်းရဲ့ ပုံစံ အစစ်အမှန်ကို ပြစမ်း။ မင်းကို တိုက်ခိုက်ဖို့ ငါတွေေ၀ နေမှာ မဟုတ်ဘူး။” တတိယ အကြီးအကဲက ဖန်ကျန်းရှီနဲ့ ငါးလှမ်း အကွာမှာ ရပ်တန့်ရင်း ပြောတယ်။ သူ့ရဲ့ အကျီလက်တွေက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။
လေးနိုင်ငံက ဧကရာဇ်တွေကတော့ စောင့်ကြည့် နေကြတယ်။ တတိယ အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို နားလည်တယ်။ နောက်ကြောင်း၊ ရှင်းလင်းတဲ့ နောက်ကြောင်းကို ပြသရမယ်လေ။
အကယ်၍ ဖန်ကျန်းရှီသာ ခုန်ချင်းနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ရိုးရိုးရှင်းရှင်းနဲ့ မယုံနိုင်စရာ အရည်အချင်းကို ထုတ်ပြလိုက်ရင်၊ တတိယ အကြီးအကဲလည်း သူ့ကတိသူ တည်မှာပဲ။ ဖန်ကျန်းရှီကို တတိယ အချီ ဝင်ပြိုင် ခိုင်းလိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေက လက်လွန်သွားတယ်။ ကောင်းကင် တာအိုကို တတ်ကျွမ်းထားတဲ့ သူကတော့ ပါရမီ ရှိတာကို ပြောစရာ မလိုတော့ဘူး။ တကယ်ဆို သုခမိန် အဆင့်ကို တဝက်ရောက် ပြီးနေပြီလေ။ ဒါကြောင့် တတိယ အကြီးအကဲလည်း ဖန်ကျန်းရှီရဲ့ နောက်ကြောင်းကို လျစ်လျူရှု မထားနိုင်တော့ဘူး။
“ကြည့်ရတာ။ တတိယ အကြီးအကဲက ဂုဏ်သိက္ခာမဲ့ ကတိ ဖျက်ချင်နေတဲ့ ပုံပဲ။” ဖန်ကျန်းရှီက နောက်မဆုတ်ဘူး။ ရန်ရွှယ်နဲ့ နန်ကုန်းမုကို ကြည့်ရင်း ပြုံးလိုက်တယ်။
ခုန်ချင်းရဲ့ စိန်ခေါ်မှုကို တစ်ချက်လေးတောင် မတွေဝေပဲ လက်ခံလိုက်တဲ့ အကြောင်းရင်းက ရန်ရွှယ်ပဲ။ ကောင်းကင်တာအိုမှာ ပညာရှင် အဆင့် ရောက်နေပြီ ဆိုတာကို သူတမင် ထုတ်ပြတာ။ ရန်ရွှယ်က ဒီအကြောင်းကို မေးခဲ့ဖူးတယ်လေ။ ရန်ရွှယ့် အကြောင်းကိုလည်း ကောင်းကောင်းသိတယ်။ ဒီလို တတ်ကျွမ်းတာကို ထုတ်ပြလိုက်ရင် ရန်ရွှယ်လည်း သူ့ကို ပိုပြီးတော့ သတိထားမိ လာမယ်လို့ ထင်ခဲ့တာ။
ဒါပေမယ့် ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ လုံး၀ မဟုတ်နိုင်ဘူးလို့ ထင်သွားခဲ့တယ်။
“မင်းရဲ့ နောက်ကြောင်း အစစ်အမှန်ကို ဖော်ပြရင်၊ ငါလည်း ကတိတည်မယ်။” တတိယ အကြီးအကဲက ဖန်ကျန်းရှီ ပြောလာမှာကို ခန့်မှန်း ထားတဲ့ ပုံစံပဲ။ ဖန်ကျန်းရှီရဲ့ စကားကြောင့် ယိမ်းယိုင် မသွားဘူး။
“ကောင်းကင်တာအို တပည့်သား။ ခုန်ချင်း။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေတယ်။
“အဓိပ္မာယ်မရှိလိုက်တာ။” တတိယ အကြီးအကဲရဲ့ လေသံက အရမ်းကို တင်းမာနေတယ်။
“ကောင်းကင်တာအို တပည့်သား ခုန်ချင်း။” ဖန်ကျန်းရှှီ ထပ်ပြောတယ်။
“မင်း ကောင်စုတ်လေး။ မင်းက ငါ့ကို တိုက်ခိုက်ဖို့ ဖိအား ပေးနေတာပဲ။” တတိယ အကြီးအကဲ ရှေ့တလှမ်းတိုး လာတယ်။ သူ့မျက်ဝန်းထဲမှာ အဖြူရောင် အလင်းစက်တွေ တဖျပ်ဖျပ် ပြေးနေခဲ့တယ်။
“အားနည်းတဲ့ သူကို အနိုင်ကျင့် ချင်တာလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ဟုတ်တော့ကော ဘာဖြစ်လဲ။ ကောင်းကင်တာအို ခန်းမ တည်တံ့ လာခဲ့တာ နှစ်ထောင်ချီ ကြာနေပြီ။ မင်းလို နောက်ကြောင်း မရှင်းတဲ့ ကြွက်စုတ် တစ်ကောင် အဓိပ္မာယ် မရှိတာတွေ ပြောပြီးတော့ အော်ဟစ် ပြေးလွှား နေတာကို ခွင့်ပြု ထားရမှာလား။ ဟဟား။ လေးနိုင်ငံက ဧကရာဇ်တွေ ရှိနေပင်မယ့်၊ ငါ့ ဂုဏ်သိက္ခာကို စွန့်ပြစ်ရဲတယ်။ မင်းရဲ့ မျက်နှာဖုံးကို ခွာချပြစ်မယ်။”
တတိယ အကြီးအကဲ ရှေ့ထွက်လာခဲ့တယ်။ သူ့နှဖူးကနေ အဖြူရောင် အလင်းတန်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်။
“ ကြည့်ရတာ အကျိုးသင့် အကြောင်းသင့် မစဉ်းစား တတ်တဲ့ လူအတွက်တော့ ဘယ်လို အကြောင်းပြချက် ပေးပေး မလုံလောက်ဘူးပဲ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အသံနဲ့ ပြောတယ်။
“ေ-ာက်ပိုတွေ မပြောနဲ့တော့။ မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်။ မင်းရဲ့ နောက်ကြောင်းကို ဖော်ထုတ်။ ဒါဆိုရင် ငါကတိတည်မယ်။ ဒါမှမဟုတ်၊ မင်းကို ထိခိုက်အောင် လုပ်မိရင် ငါ့ကို အပြစ်မတင် လေနဲ့။” တတိယ အကြီးအကဲ ပြောရင်းနဲ့ သူ့ရဲ့ အလင်းတန်းတွေက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“ဆယ်ကွက်။ ပထမ ဆယ်ကွက်ကို အသာပေးပါလား။ အကြီးအကဲက အသက်ကြီးနေပြီ။ ကျွန်တော်က ငယ်ငယ်လေး ရှိသေးတယ်။ ပထမ ဆယ်ကွယ်ကို အသာပေးဖို့ တောင်းဆိုတာက မများဘူးမလား။ အားနည်းတဲ့သူကို အနိုင်မကျင့်ပါနဲ့။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ပြောတယ်။
“မင်း။” တတိယ အကြီးအကဲ ဒီတစ်ခေါက်တော့ လန့်သွားခဲ့တယ်။ သူ့ဘဝမှာ အရှက်မရှိတဲ့သူတွေ မြင်ဖူးပေမယ့် ဒီလောက် အရှက်မရှိတာမျိုးတော့ မကြုံဖူးဘူး။
ဆယ်ကွက်တဲ့လား။ ဒါက တမင်သက်သက် တောင်းဆိုနေတာပဲ။ တရားတဲ့ တိုက်ပွဲကို လုပ်နေတာ မဟုတ်ဘူး။
“မဖြစ်ဘူးလား။ ဒါဆိုရင် ကိုးကွက် ဆိုရင်ကော။ အဆင်ပြေတယ်မလား။ အကြီးအကဲက ကျွန်တော့်ထက် အသက်၆၀လောက် ကြီးနေတာပဲ။ အသက်၆၀နဲ့ ၉ကွက် လဲမယ်လေ။ အားနည်းတဲ့သူကို အနိုင်ကျင့်နေတာ မသိချင်ယောင် ဆောင်ပေးမယ်။ ကိုးကွက်မှ မပေးရင်တော့။ ဒါက နည်းနည်း အကျင့်ယုတ်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“အကျင့်ယုတ်တယ်။” တတိယ အကြီးအကဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ကောင်းကင်တာအို ခန်းမက ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူ့ရဲ့ စာရိတ္တကို ထိပါးတာမျိုး ဘယ်လိုများ သည်းခံနိုင်မှာလဲ။ နောက်ပြီးတော့ ကောင်းကင်တာအိုက တပည့်သားတွေ အားလုံးနဲ့ လေးနိုင်ငံ ဧကရာဇ်တွေရဲ့ ရှေ့မှာ ဒီလို ဖြစ်တာ။
ဒါပေမယ့် အဖြစ်ကတော့ ဖန်ကျန်းရှီ အခိုင်အမာ ပြောနေသလိုပဲ။ အားနည်းတဲ့သူကို အနိုင်ကျင့်သလို ဖြစ်နေတာ။
“ရှစ်ကွက်။ ဒီလောက် ဆိုရင်ကော ဘယ်လိုလဲ။ မစင်တွင်းထဲ ကျသွားသလို သဘောထားလိုက်ပါမယ်။ အကြီးအကဲလို အင်အားကြီးတဲ့ သုခမိန်ကြီးက ကျွန်တော့်လို ယင်ကောင်သာသာလေးကို အနိုင်ကျင့်နေတယ်။ ကောင်းမွန်တဲ့ အကျင့် စာရိတ္တတွေ ဘယ်ရောက် ကုန်ပြီလဲ။ လူတိုင်းမှာ ကိုယ့်စည်း ကိုယ့်ကမ်းနဲ့တော့ ရှိသင့်တယ် မဟုတ်လား။” တတိယ အကြီးအကဲရဲ့ မျက်နှာကို သတိ မထားမိတဲ့ အတိုင်း ဖန်ကျန်းရှီ ဆက်ပြောတယ်။
အပိုင်း(၆၅၂) ပြီး၏။
(အကြီးအကဲ နေရာမှာ ကိုယ်သာဆို သွေးတက်ပြီး ဂန့်သွားနိုင်တယ်။ ငဖန်ကတော့ လွန်ပါတယ်။ ထပ်ပြီးလည်း လွန်မှာတွေ ရှိသေးတယ်။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံရတာ နည်းတောင် နည်းသေး။)
အပိုင်း (၆၅၃)
“ဆုံးဖြတ်ထားတဲ့ တိုက်ခိုက်မှု။ စကားနဲ့ ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ နာကျင်မှုကြီး”
“ကောင်စုတ်လေး။ မင်းက ငါ့ကို တမင် ဒေါသထွက်အောင် လုပ်နေတာလား။” တတိယ အကြီးအကဲက ဖန်ကျန်းရှီ လုပ်နေတာကို ကောင်းကောင်းသိတယ်။ တည်ငြိမ်မှု အရဆိုရင်၊ သူက ခုန်ချင်းထက် အများကြီး သာလွန်တယ်။ ဒါပေမယ့် သူဒေါသ မထွက်တာတော့ မဟုတ်ခဲ့ဘူး။
ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ ဖန်ကျန်းရှီရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို လုံး၀ မတုန်လှုပ်သလို ဟန်ဆောင်ထားဖို့ လိုအပ်တယ်။
“ဒါဆိုရင် ၇ကွက်ကော၊ ၆ကွက်ဆိုလည်း ရပါတယ်။ ကောင်းကင်တာအို ခန်းမက လေးစားရတဲ့ အကြီးအကဲ တစ်ယောက်ရဲ့ ဂုဏ်ရည်ကို လျစ်လျူရှုထားပြီးတော့ အတွေ့အကြုံမရှိတဲ့ ဒီလို လူငယ်လေးကို တိုက်ခိုက်ချင် သပ ဆိုရင်လည်း၊ ဟူး။”
“ပါးစပ် ပိတ်ထားစမ်း။” တတိယ အကြီးအကဲရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲ သွားခဲ့ပြီ။
“အခုတော့ စိတ်ဆိုး နေပြီလား။ အမှန်ကို ပြောနေလို့ ဒီလောက်တောင် ဒေါသထွက် နေတာလား။ သဘောတရားတွေက ဘယ်မှာလဲ။ ပထမ တိုက်ကွက် ငါးခုပဲ အသာပေးပါ။ ငါးကွက်က အနည်းဆုံးပဲလေ။ အဆင် ပြေတယ် မဟုတ်လား။ ဒါ နောက်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီ။” ဖန်ကျန်းရှီကို ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့က မဖြစ်နိုင်ဘူး။ သူ့ကို ပါးစပ် ပိတ်အောင်လုပ်ဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ကရားရေလွှတ် တတွတ်တွတ် ပြောနေတဲ့ သူ့ကို ဘယ်သူမှ မရပ်တန့် နိုင်ဘူး။
တတိယ အကြီးအကဲ မတိုက်ခိုက် ချင်တာလည်း ဒါကြောင့်ပဲ။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ကို တိုက်ခိုက်တာ ရပ်တန့်စေဖို့ ပြောခဲ့မယ် ဆိုရင်၊ ဒီတောင်းဆိုချက်ကို သူကျော်လွှားနိုင်မှာလား။
“မင်း သေချင်နေတာလား။” တတိယ အကြီးအကဲက လက်သီးကို ပိုပြီးတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့နဖူးက အလင်းစက်တွေ စုပေါင်း လာရင်းနဲ့ ထူးဆန်းတဲ့ အဖြူရောင် စာလုံး တစ်လုံး ပုံစံပေါ်လာခဲ့တယ်။ နောက်ထပ် ခြေတလှမ်း ရှေ့ဆက်တိုးလာတယ်။ ပြင်းထန်လွန်းတဲ့ စွမ်းအားတွေ သူ့ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတာ၊ ပေါက်ကွဲတော့မယ့် ပစ္စည်း တစ်ခုလိုပဲ။
ခြေလှမ်း နှစ်လှမ်းရဲ့ အကွာအဝေးက သိပ်တော့ မများဘူး။ အတော့်ကို နီးကပ်နေတယ်လို့ ပြောလို့ရတယ်။ ဖန်ကျန်းရှီလည်း စွမ်းအားတွေကို ကောင်းကောင်း ခံစားနိုင်တယ်။ သူဝတ်ထားတဲ့ ဝတ်ရုံဖြူတောင် ဒီစွမ်းအားတွေကြောင့် နောက်ကို လွင့်မျောနေတယ်။ ဒါပေမယ့် သူကတော့ နောက်ဆုတ်ဘူး။ အခုချိန်မှာ နောက်ဆုတ်လို့လည်း မရဘူးလေ။
“တတိယ အကြီးအကဲ၊” ရုတ်တရက် ကောင်းကင် ကျောင်းတော် ခန်းမထဲကနေ အော်သံ တစ်ခု ထွက်လာခဲ့တယ်။ သိပ်ပြီးတော့ မကျယ်လောင်ပေမယ့်၊ လူတွေ အားလုံးကို ကျောရိုးထဲကနေ စိမ့်ချမ်း သွားစေခဲ့တယ်။
“ဆရာ။” ဒီအသံကို ကြားတော့၊ ကောင်းကင်တာအို ခန်းမ တပည့်သားတွေ အားလုံး တညီတညွှတ်တည်း ဦးညွှတ်လိုက်တယ်။ အသံထွက်ပေါ်လာတဲ့ နေရာကို လှည့်လိုက်ကြတယ်။ ကျောက်စိမ်းဖြူ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ မုချင်းဖန်း ထရပ်လိုက်ပြီ။ ဧကရာဇ်တွေကို သူတစ်ချက်ကြည့်တယ်။ တပည့်သားတွေကို ကြည့်ပြီး၊ နောက်ဆုံးမှ ဖန်ကျန်းရှီနဲ့ တတိယ အကြီးအကဲကို စိုက်ကြည့်တော့တယ်။
“ခန်းမ ခေါင်းဆောင်” တတိယ အကြီးအကဲ ချက်ခြင်း လှည့်ကြည့်တယ်။ သူ့မျက်နှာ တစ်ခုလုံး ရဲရဲနီနေသလို၊ စိတ်လည်း မပျော်မရွှင် ဖြစ်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူမတိုက်ခိုက်ပဲ ရပ်တန့် နေခဲ့တယ်။ ဖန်ကျန်းရှီလည်း စိတ်သက်သာရာ ရပြီးတော့ သက်ပြင်း ချမိတယ်။
ဖန်ကျန်းရှီက တကယ်တော့ တတိယ အကြီးအကဲကို တမင် ဒေါသထွက်အောင် လုပ်နေတာ မဟုတ်ဘူး။ တိုက်ပွဲမှာ စိတ်ဆိုးပြီး အမှားအယွင်း ဖြစ်လာအောင် လုပ်နေတာ။ ဒါပေမယ့် ဖြစ်နိုင်ချေက နည်းလွန်းတယ်။
ကောင်းကင် တာအို ခန်းမက စိတ်ဓာတ်၊ အကျင့်စာရိတ္တ၊ တရားမျှတမှုနဲ့ တန်းတူညီမျှ အခွင့်အရေးကို တန်ဖိုးထားတာ ဖန်ကျန်းရှီသိတယ်။ နောက်ပြီးတော့ လေးနိုင်ငံက ဧကရာဇ်တွေလည်း အခုချိန်မှာ စောင့်ကြည့်နေတယ်။
ဒီလိုနည်းနဲ့ တတိယ အကြီးအကဲက သူ့ရဲ့ အရှက်တရားနဲ့ ဂုဏ်သိက္ခာကို စတေး ဝံ့ရင်တောင်၊ မလုပ်ဝံ့ပဲ တားမယ့်သူ တစ်ယောက်တော့ ရှိနေသေးတယ်။ အဲ့တာကတော့ ကောင်းကင် တာအို ခန်းမခေါင်းဆောင် မုချင်းဖန်းပဲ။ သုခမိန် တစ်ယောက်ရဲ့ အကြီးဆုံး ပြစ်မှုကတော့ ဂုဏ်သိက္ခာ ပျက်ပြားတာပဲလေ။ ဒီလို လှည့်စား လိုက်တော့ သူလည်း ကောင်းကင် တာအို ခန်းမ လူရွေးပွဲ တတိယ အချီကို ဝင်ပြိုင်နိုင်မယ် မဟုတ်လား။
“တတိယ အကြီးအကဲ။ ငါ့အထင်တော့ သူပြောတာ အဓိပ္မာယ် ရှိတယ်။ ပထမ ငါးကွက်ကို အသာပေးလိုက်ရင် ဒါက တရားမျှတ သွားလိမ့်မယ်။” မုချင်းဖန်းရဲ့ အသံက ခန်းမ တစ်ခုလုံးမှာ ပဲ့တင် ထပ်နေခဲ့တယ်။
“ကျေးဇူး တင်ပါတယ်။ ခန်းမ ခေါင်းဆောင် အမ်။” ဖန်ကျန်းရှီက ကောင်းကင်တာအို ခန်းမ ခေါင်းဆောင်ကို ကျေးဇူးတင်ဖို့ ပြင်လိုက်ပေမယ့်၊ စကား မဆုံးခင်မှာပဲ သူ့မျက်ဝန်းတွေ ပြူးကျယ် သွားခဲ့တယ်။ ငါးကွက်၊ တရားမျှတဖို့ အတွက်တဲ့၊ ဒါက ဘာကို ဆိုလိုတာလဲ။
မုချင်းဖန်းက ကောင်းကင်တာအို ခန်းမ အကြီးအကဲ တစ်ယောက် အားနည်းတဲ့သူကို အနိုင်ကျင့်တာ တားဆီးမယ်လို့ ထင်ထားခဲ့တာ။ ပြီးတော့ သူ့ကို တတိယ အချီမှာ ဝင်ပြိုင် စေမယ်ပေါ့။ ဒီအစဉ်က သွေဖယ်သွားပြီ။ အခုတော့ တစ်ခုခု မှားနေပြီ။ သုခမိန်တွေ အားလုံးက စိတ်ဓာတ်ကို တန်ဖိုးထားကြတယ် မဟုတ်ဘူးလား။ သူတို့တွေက အားနည်းတဲ့ သူကို အနိုင်မကျင့်ကြဘူး မလား။ ဘာကြောင့်များ ဒီလောက် ရိုးရှင်းနေတဲ့ စည်းမျဉ်းတွေက ကိုယ့်ကိုယ်ကို သုံးတော့မှ အလုပ် မဖြစ် ကြတာလဲ။”
“ခန်းမ ခေါင်းဆောင်ရဲ့ ကြီးမြတ်မှုက အတိုင်းအဆ မဲ့ပါတယ်။”
ဒီရုတ်တရက် ဆုံးဖြတ်ချက်ကြောင့် ဖန်ကျန်းရှီ အံ့သြနေတဲ့ အချိန်၊ ဧကရာဇ် လင်းမုပိုင်က မုချင်းဖန်းကို ချက်ခြင်း ကျေးဇူးတင်စကား ဆိုတယ်။ ဒီကိစ္စကို အသိအမှတ် ပြုတဲ့ အကြောင်း ဖော်ပြတယ်။ တခြား သုံးနိုင်ငံက ဧကရာဇ်နဲ့ မင်းသားတွေလည်း ချက်ခြင်း ထရပ်ပြီးတော့ ချီးမွမ်းကြတယ်။
“ကြီးမြတ်တယ်တဲ့။ ဘယ်နားက ကြီးမြတ်နေလို့လဲ။ ဘယ်နားကများ ပြိုင်ဘက်ကင်း နေလို့လဲ။” ဖန်ကျန်းရှီ အံ့သြ နေတယ်။ လေးနိုင်ငံက ဧကရာဇ်တွေနဲ့ မုချင်းဖန်းကို ကြည့်ရင်း စိတ်ပျက်နေတယ်။ ဒါက (ဝတ္ထု) တွေထဲမှာ ပါတတ်တဲ့ နောက်ခံကောင်းတဲ့ လူဆိုတာလား။
အရင်ဘဝမှာ သင်ကြားခဲ့ဖူးတဲ့ စာပေတွေကို ဖန်ကျန်းရှီ ပြန်စဉ်းစား နေခဲ့တယ်။ မိစ္ဆာအားလုံးရဲ့ ဘုရင် မျောက်မင်း တစ်ကောင် ရှိခဲ့တယ်။ အဆုံးသတ် ကတော့ ရှင်းပါတယ်။ စာရေးသူက နောက်ကြောင်း နောက်ခံ အထောက်အပံ့ အကြောင်း ကောင်းကောင်း မရေးပေးထားတဲ့ နတ်ဆိုးတွေ အားလုံး ဒီမျောက်ဘုရင်ရဲ့ လက်ထဲမှာ အသက်ပျောက် သွားကြတယ်။ သမိုင်းထဲမှာ ထင်ရှားတဲ့ နတ်ဆိုးတွေ ကျတော့ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ စကား တစ်ခွန်းပဲ ပြောနိုင်ကြတယ်။ “ငါတို့တော့ ကပ်ဆိုက်တာပဲ။”
ပြန်စဉ်းစားရင်းနဲ့၊ ဖြစ်ပျက် နေတာတွေကို ဖန်ကျန်းရှီ နားလည် သွားတယ်။ သူ့ရဲ့ နောက်ကြောင်းကို ပိပိရိရိ ဖုံးကွယ် ထားပေမယ့်၊ တကယ်တော့ နောက်ကြောင်း ကောင်းကောင်း မရှိတဲ့ နတ်ဆိုး တစ်ကောင်လိုပဲလေ။ လေးနိုင်ငံက ဧကရာဇ်တွေ စောင့်ကြည့် နေတော့ကော ဘာဖြစ်လဲ။ ကောင်းကင် တာအို ခန်းမကို အမည်မသိသူ တစ်ယောက်ကြောင့် ဘယ်သူကများ ဆန့်ကျင် ဝံ့မှာလဲ။ ဒါကမှ တကယ့် ပြဿနာပဲ။ အဆိုးဆုံးကတော့ တတိယ အကြီးအကဲနဲ့ ဖန်ကျန်းရှီ တကယ် တိုက်ခိုက် ရတော့မယ်။
“မင်း ကောင်စုတ်လေး။ ခန်းမ ခေါင်းဆောင်ကြောင့် မင်းတောင်းဆိုတာ ငါလက်ခံ လိုက်မယ်။ ငါးကွက် အသာပေးမယ်။” မုချင်းဖန်းရဲ့ အမိန့်ကို ကြားတော့ တတိယ အကြီးအကဲ နည်းနည်း ကြောင်အ သွားတယ်။ သိပ်မကြာခင်ပဲ သူပြုံးလိုက်တယ်။
တတိယ အကြီးအကဲရဲ့ အမူအယာကို မြင်တော့ ဖန်ကျန်းရှှီရဲ့ နှလုံးသား တစ်ခုလုံး အက်ကွဲသွားတယ်။ စကား တစ်ခွန်း။ မုချင်းဖန်းရဲ့ စကား တစ်ခွန်းတည်းနဲ့ တတိယ အကြီးအကဲ အသာစီး ရသွားပြီ။ သူ့ဗျူဟာလည်း သဲထဲ ရေသွန် ဖြစ်သွားပြီ။
ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်း။ ဒီလူအိုကြီးက ကောင်းကင် တာအို ခန်းမမှာ ပုန်းအောင်းနေတဲ့ တကယ့် မြေခွေး အစစ်ကြီးပဲ။ အခုက သူပြေးဖို့ အချိန်တန်ပြီမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ပတ်ပတ်လည်မှာ ထောင်ချီတဲ့ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ရှိနေတယ်။ ပဉ္စမ အကြီးအကဲနဲ့ ပြိုင်ပွဲဝင် ကိုးယောက်ကလည်း သူ့ရဲ့ ပြေးပေါက်ကို ပိတ်ရပ်ထားတယ်။ ဘယ်နားကို ပြေးရမှာလဲ။
တတိယ အကြီးအကဲကလည်း ခြေလှမ်း ၂လှမ်းပဲ ကွာတော့တယ်။ အကယ်၍ အခုချိန်မှာ ထွက်ပြေးလိုက်ရင်၊ တတိယ အကြီးအကဲက သဘောတူထားတဲ့ ငါးကွက်ကိုတောင် မစောင့်ပဲ တိုက်ခိုက်မှာ အမှန်ပဲ။ ဖန်ကျန်းရှီ သူ့ဆုံးဖြတ်ချက်ကို နောင်တ ရမိတယ်။ တတိယ အကြီးအကဲကို ဘယ်လိုပဲ ဖြစ်ဖြစ် ဆယ်ကွက် တောင်းလိုက်သင့်တာ။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ မဟုတ်ဘူး။ အနည်းဆုံး အကွက် ၂၀ ၃၀ တောင်းလိုက်သင့်တာ။
“လာစမ်းပါ။ ကောင်စုတ်လေး။ မင်းကို ငါးကွက် အသာပေးထားမယ်။ ကြိုက်သလောက် တိုက်ခိုက်။” တတိယ အကြီးအကဲက ဖန်ကျန်းရှီရဲ့ မတည်မငြိမ် ပုံစံကို မြင်တော့ ပိုပြီး ပြုံးရွှင် လာခဲ့တယ်။ ကောင်းကင် တာအို ခန်း တပည့်သားတွေလည်း ပြုံးနေကြတယ်။
“ကောင်းကင် တာအို ခန်းမကို စကားလေး ပြောရုံနဲ့ ယိမ်းယိုင်အောင် လုပ်လို့ ရမယ် ထင်လား။”
“တတိယ အကြီးအကဲသာ တရားမျှတတဲ့ ပြိုင်ပွဲကို နိုင်သွားရင် ဒီကောင်စုတ် ဘယ်လို ဖြစ်သွားမလဲ သိချင်လိုက်တာ။ ငါးကွက်တဲ့။ ဟဟား။ ငါးကွက် မပြောနဲ့။ အကွက် ၃၀ ဆိုရင်တောင် လုံလောက်မှာ မဟုတ်ဘူး။”
“အမှန်ပဲ။ ဒီကောင်စုတ်မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် များများ ရှိမလဲ သိချင်လိုက်တာ။ ကောင်းကင် တာအိုတဲ့လား။ ဟဟား။ ဒီနေရာကို ဘာများ မှတ်နေတာလဲ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ရယ်မော နေကြတယ်။ ဖန်ကျန်းရှီကို သူတို့ ကြည့်နေတဲ့ အကြည့်တွေက သေလူ တစ်ယောက်ကို ကြည့်နေ သလိုပဲ။
“တတိယ အကြီးအကဲ၊ ကျွန်တော် တိုက်ခိုက် ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အင်အားက အရမ်း နိမ့်လွန်းနေတယ်။ ပထမ ဆယ်ကွက်လောက် အသာ မပေးချင်ဘူးလား။” ဖန်ကျန်းရှီက နောက်ထပ် အထွန့်တက်ဖို့ ကြိုးစားနေတယ်။
“မင်းက တကယ့်ကို အရှက်မရှိတာပဲ။ ငါးကွက်တောင် များလွန်းနေပြီ။ မင်း အခု မတိုက်ခိုက်ရင် ငါ့ကို အပြစ်မတင်နဲ့။ အရှက်မရှိတဲ့ ကြွက်စုတ်ကောင်။” တတိယ အကြီးအကဲက ချက်ခြင်း ပြန်အော်တယ်။
ဖန်ကျန်းရှီကတော့ တတိယ အကြီးအကဲ စကားဆုံးတဲ့ အထိ မစောင့်တော့ဘူး။ သူတိုက်ုခိုက်ပြီ။ ဖန်ကျန်းရှီ အတွက်တော့ နှစ်လှမ်း အကွာအဝေး ဆိုတာ လွတ်နိုင်တဲ့ လမ်း အကုန်ပဲ။ တတိယ အကြီးအကဲ အတွက်တော့ ဒါက သူကပ်နိုင်သမျှ အနီးဆုံး အကွာအဝေးပဲ။ ဖန်ကျန်းရှီက အရမ်းကို မြန်တယ်။ ကောင်းကင် တာအိုကို သုံးတဲ့ အချိန်မှာ ပိုလို့တောင် မြန်ဆန် လာသေးတယ်။
သူနဲ့ တတိယ အကြီးအကဲကြားမှာ မိုးပြာရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ဒါက ကောင်းကင် တာအိုပဲ။ နောက်အချိန် အခိုက်အတန့် အတွင်းမှာ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က မိုးပြာရောင် အလင်းတန်း အဖြစ်ကို ပြောင်းလဲသွားတယ်။ တတိယ အကြီးအကဲရဲ့ နောက်ကို ရောက်သွားခဲ့တယ်။
“နောက်ကနေ အလစ်တိုက်။ တုံ့ပြန်ဖို့ရာ မတတ်နိုင်။”
တတိယ အကြီးအကဲက ဖန်ကျန်းရှိကို အော်ဟစ်တယ်။ ဒီလောက် နီးကပ်လွန်းတဲ့ အကွာအဝေးမှာ တိုက်ခိုက် ခံရတော့ သူလည်း ခုခံရုံပဲ တတ်နိုင်တယ်။ အခုချိန်မှာ အလွယ်ဆုံးနဲ့ အသုံးအဝင်ဆုံး နည်းလမ်းက ခုခံတာပဲ။ အခုလို အခြေအနေမျိုးမှာ ရုတ်တရက် ဖန်ကျန်းရှီရဲ့ အသံကို နားထဲ ကြားလိုက်ရတယ်။ “တုံ့ပြန်ဖို့ရာ မတတ်နိုင်။”
တတိယ အကြီးအကဲ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ ဒါက စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာလား။ ပြိုင်ဘက်ကို အသားအနာခံပြီး တိုက်ခိုက်တာက ကိုယ့်ကိုယ်ကိုလည်း ထိခိုက် စေနိုင်တယ်။ တစ်ခဏ တွေေ၀ သွားတဲ့ အချိန်မှာပဲ တတိယ အကြီးအကဲ ရုတ်တရက် နားလည် သွားခဲ့တယ်။ ဒီတိုက်ခိုက်မှုကို မရှောင်ရှား နိုင်တော့ဘူး။ ဖန်ကျန်းရှီကို ထိပ်တိုက် ရင်ဆိုင်ပြီးပဲ တိုက်ခိုက် နိုင်မယ်။
တတိယ အကြီးအကဲက တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝတယ်။ စိတ်ဓာတ် စစ်ဆင်ရေးတွေကိုလည်း ရင်းနှီးတယ်။ ဘယ်လို အရူးကမှ အလစ်ဝင်မတိုက်ခင် အလစ်ဝင်တိုက်မယ်လို့ ခေါ်မနေဘူး။ သူ့နောက်ကျောဘက်မှာ သေစေနိုင်တဲ့ ချက်ကောင်းရှိတယ်။ နောက်စေ့။
ဒိကောင်စုတ်က သူ့ခေါင်းနောက်ဘက်ကို မတိုက်ခိုက်ခင် တမင် သတိပေးတာမှန်း သူနားလည် သွားခဲ့တယ်။ ဒီလို အရှက်မရှိတဲ့ ကောင်စုတ်ကတော့ လုပ်မှာပဲ။ နောက်တစ်နေရာလည်း ရှိသေးတယ်။ အထိအခိုက် မခံနိုင်တဲ့ လျှို့ဝှက် နေရာ။
အာရုံများအောင် လုပ်ပြီးတော့ မသင့်တော်တဲ့ နေရာကို တိုက်ခိုက်မှာတော့ မဟုတ်ဘူး မလား။ ဒီလို လုပ်ခဲ့ရင်ကော ဘယ်လို လုပ်ရမလဲ။ တတိယ အကြီးအကဲ တုန်ယင်လာတယ်။ ဘယ်သူမှ ကြည့်မနေတဲ့ နေရာ ဖြစ်ရင်တော့ ဖန်ကျန်းရှီကို တစ်ချက်တည်း လူမသိ သူမသိ သတ်လိုက်လို့ ရတယ်။ ဒါပေမယ့် အခုတော့ လူထောင်ချီရှိနေတဲ့ အပြင် ခန်းမ ခေါင်းဆောင် မုချင်းဖန်းလည်း ရှိနေတယ်လေ။ သူ မစွန့်စား ဝံ့ဘူး။
သူနဲ့ ဖန်ကျန်းရှီ ကြားက အကွာအဝေးကို နီးကပ်အောင် လုပ်ခဲ့မိတဲ့ အတွက် တတိယ အကြီးအကဲ နောင်တရ သွားခဲ့တယ်။ အခုတော့ အလစ်ဝင်တိုက်ဖို့ အကောင်းဆုံး အခွင့်အရေးကို ဖန်တီး ပေးလိုက် မိပြီ။
ပြန်လည် မွေးဖွားမှု အဆင့် ကောင်းကင်တာအိုကို ကျွမ်းကျင်အောင် တတ်မြောက်ထားတာ၊ သုခမိန် အဆင့်ကို ခြေလှမ်း တဝက် ရောက်နေတာပဲ။ တရားဝင် သုခမိန် မဖြစ်သေးပင်မယ့်၊ အရမ်း အန္တရာယ် များလွန်းတယ်။ ဒါပေမယ့် သူလည်း ဒါတွေ အကုန်လုံးကို အချိန်တို အတွင်း ထည့်မတွက် မခဲ့ဘူးလေ။
“သူ့ကိုအပေါ်အောက် နှစ်ခုပဲ ကာကွယ် နိုင်တော့မယ်။” တတိယအကြိးအကဲ အံကြိတ်ရင်းနဲ့လက်တစ်ဖက်ကို ခေါင်းနောက်မှာ ပို့ပြီး ကာထားလိုက်တယ်။ နောက်လက်တစ်ဖက် လှုပ်ရှား နေတဲ့ အချိန်မှာပဲ အောက်ပိုင်း တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင် သွားခဲ့တယ်။ အသံကျယ်ကြီး တစ်သံလည်း နားထဲမှာ ဟိန်းထွက် သွားခဲ့တယ်။ အသံကြီးက ကျယ်လောင်လွန်းလို့ ကောင်းကင် တာအို ခန်း တစ်ခုလုံးက လူတွေ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
“နှစ်ထောင်ချီ နာကျင်မှု။”
“..”
တတိယ အကြီးအကဲရဲ့ အမူအယာလည်း ချက်ခြင်း ပြောင်းလဲ သွားတယ်။ သူ့မျက်နှာ တစ်ခုလုံး နီရဲသွားတယ်။ အဲ့ဒီ့နောက် ဖြူဖျော့ရာကနေ စိမ်းဖန့် သွားတယ်။ နောက်ဆုံး ခရမ်းရောင်ကနေ ဝက်အသည်းလို ခရမ်းရင့်ရောင်ကို ပြောင်းလဲ သွားခဲ့တယ်။ ပြောမပြ နိုင်လောက်အောင် ပြင်းထန်တဲ့ နာကျင်မှုပဲ။ နာကျင်မှုက ပြင်းထန် လွန်းလို့ စအိုဝကနေ အရိုးတွေ၊ နောက်ဆုံး ဦးနှောက် အထိကို နာကျင်မှုက ထိုးဖောက် သွားခဲ့တယ်။
တတိယ အကြီးအကဲရဲ့ ဦးနှောက် တစ်ခုလုံး ဗလာ ဟင်းလင်း ဖြစ်သွားခဲ့တယ်။ နာကျင်မှုက လွဲပြီးတော့ သူ့ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ ဒီအချိန် သူ့စိတ်ထဲမှာ ဆန္ဒ တစ်ခုပဲ ရှိတယ်။ ပျံသန်း ထွက်ပြေး သွားချင်တယ်။ သူ့ကို ဘယ်သူမှ မမှတ်မိနိုင်တဲ့ နေရာဆီကို ပျံသန်း သွားလိုက်ချင်တယ်။
တကယ်တော့ သူပျံတက် သွားခဲ့ပါတယ်။ မိုးကောင်းကင်ကို အမြောက်ဆံတစ်ခုလို ပျံတက် သွားခဲ့တယ်။ ဒါပေမယ့် သူ့မှာ အတောင်ပျံလည်း မရှိဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲ အောက်ပြန် ကျလာခဲ့တယ်။
“ဝုန်း။” တတိယ အကြီးအကဲ မြေပြင်ကို ဇောက်ထိုး ကျလာခဲ့တယ်။ သူ့ မျက်နှာ တစ်ခုလုံး စုတ်ပြတ် သွားခဲ့ပြီ။ ဒီလို ရုပ်ပျက်ဆင်းပျက် အဖြစ် ကြုံရမယ့် နေ့မျိုး ရှိလာမယ်လို့ မထင်ထား မိဘူး။ ဖန်ကျန်းရှီက သူ့နောက်ကျောကို တိုက်ခိုက်မယ် ပြောတဲ့ အချိန်၊ နောက်စေ့ကိုပဲ ကာလိုက်မိတာ မှားသွားတယ်။
တတိယ အကြီးအကဲရဲ့ မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာတယ်။ စကားနဲ့တောင် ဖော်ပြလို့ မရတဲ့ နာကျင်မှု့ ပြင်းထန်လွန်းတယ်။
ကောင်းကင် တာအို ခန်းမကြီး တစ်ခုလုံးလည်း တိတ်ဆိတ် နေခဲ့ပြီ။ ပြိုင်ပွဲဝင် ကိုးယောက်လည်း ဒီမြင်ကွင်းကို ကြည့်ရင်း လန့်နေကြတယ်။ ကောင်းကင်တာအို တပည့်သား တွေကတော့ ပါးစပ် အဟောင်းသားနဲ့ ဖြစ်နေကြတယ်။ မမျှော်လင့်ထားတဲ့ ဒီမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ တတိယ အကြီးအကဲက ကြိုးစားပြီးတော့ ကုန်းထနေတယ်။ ဖန်ကျန်းရှီကတော့ နေရာမှာ မတ်တပ် ရပ်နေဆဲ။
လူတိုင်း ကျောရိုးထဲ စိမ့်ချမ်း နေပင်မယ့် ဘယ်သူမှ အသံမထွက်ရဲ ကြဘူး။ လေးနိုင်ငံက ဧကရာဇ်တွေတောင် ဆွံ့အ နေကြတယ်။ သူတို့တွေတင် မကဘူး။ အမြဲတမ်း တည်ငြိမ် အေးဆေးနေတဲ့ ကောင်းကင်တာအို ခန်းမခေါင်းဆောင် မုချင်းဖန်းတောင် သူ့ရဲ့ ပုံမှန် ပုံစံကို ထိန်းမထား နိုင်ခဲ့ဘူး။
အပိုင်း (၆၅၃)ပြီး၏။
အပိုင်း (၆၅၄)
“ကောင်းကင်သက်ဆင်း၊ သုခမိန် တဝက်”
မုချင်းဖန်းရဲ့ အမူအယာက ကောင်းကင် တာအို တပည့်သားတွေလို မဟုတ်ဘူး။ နဖူးကနေ ချွေးစေးတွေ စီးကျ နေခဲ့တယ်။ တတိယ အကြီးအကဲ မြေပြင်ပေါ်မှာ လူးလိမ့်နေတာကို ကြည့်ရင်း သူစကား ပြောချင်တယ်။ ဒါပေမယ့် သူက တတိယ အကြီးအကဲကို ငါးကွက် အသာပေးဖို့ ပြောခဲ့တဲ့ သူလေ။ ကောင်းကင်ဘုံက ငါတို့ အားလုံးကို ကာကွယ်မှာပါ။
ဖန်ကျန်းရှီက တတိယ အကြီးအကဲရဲ့ စအိုကို အညှာအတာ ကင်းမဲ့မှု အပြည့်နဲ့ တိုက်ခိုက်မယ်လို့ မထင်ထား ခဲ့မိဘူး။
“…” မုချင်းဖန်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ တတိယ အကြီးအကဲကို နှစ်သိမ့် ချင်ပေမယ့် သူမပြောဝံ့ဘူး။ တတိယ အကြီးအကဲရဲ့ စိတ်သဘောကို သူကောင်းကောင်း သိတယ်လေ။ အခုလို အခြေအနေ မျိုးမှာ မျက်စိ ကန်းနေသလို၊ ရှက်စရာ ကိစ္စ ဘာတစ်ခုမှ မမြင်ခဲ့သလိုပဲ ဟန်ဆောင် နေလိုက်တယ်။ သူ့ရဲ့ မှတ်ဉာဏ်တွေ ရုတ်တရက် ပျက်ဆီး သွားပြီးတော့ ဘာတစ်ခုမှ မမှတ်မိ တော့သလိုပေါ့။
ထူးထူးဆန်းဆန်းကြီးကို တိတ်ဆိတ်သွားတယ်။ မုချင်းဖန်း တိတ်ဆိတ်နေတာ တတိယ အကြီးအကဲ အကြောင်းကို သိလို့။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တိတ်ဆိတ်နေတာ လန့်နေကြလို့။ မယုံကြည်နိုင်မှုတွေ အားလုံး ပေါင်းစုံ သွားတဲ့ အချိန်မှာ၊ အကုန်လုံး ခေါင်းငုံ့ပြီး မျက်နှာ လွှဲရင်း တိတ်ဆိတ် နေကြတယ်။
“ငါ ဘာမှ မမြင်ဘူး။ ဘာဆို ဘာမှ မမြင်ဘူး။”
“တစ်ခုမှ မမြင်ရဘူး။”
“ဒီနေ့ နေရောင်က စူးရှလိုက်တာ မျက်လုံးတောင် ကန်းတော့မယ်။”
ကောင်းကင် တာအို တပည့်သားတွေ ခေါင်းငုံ့ရင်း စိတ်ထဲမှာ အာရုံလွှဲ နေကြတယ်။ အသံမထွက်မိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် နေကြတယ်။
ရန်ချင်း၊ ချန်းဝူနဲ့ တခြား ပြိုင်ပွဲဝင်တွေကတော့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြတယ်။ ဖန်ကျန်းရှီကတော့ တွေဝေနေဖို့ အချိန်မရှိ။ သူ့ရဲ့ တိုက်ခိုက်မှုက ချက်ကောင်း ထိသွားပြီ။ ဒါကြောင့် တတိယ အကြီးအကဲကို ထပ်ပြီး အလွတ်မပေးနိုင်ဘူး။ ဆိုရိုးစကား ရှိတဲ့ အတိုင်း၊ (ရန်သူ့ကို ညှာတာတာ ကိုယ့်ကိုယ်ကို ရက်စက်တာပဲ။)
ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကို မရက်စက်နိုင်ဘူး။ ဒါကြောင့် တတိယ အကြီးအကဲကို ပိုနာအောင် လုပ်ဖို့ပဲ တတ်နိုင်တယ်။ တတိယ အကြီးအကဲကို နှစ်ထောင်ချီ နာကျင်မှု တိုက်ကွက် အစွမ်း ခံစား စေပြီးတဲ့နောက်၊ ဘယ်လို အခြေအနေ ဖြစ်နေမယ်မှန်း သူသိတယ်။ စကားပုံရှိတဲ့ အတိုင်း။ မင်းလဲကျနေတဲ့ အချိန်မှာ ငါသတ်ရမယ်။ ဒါကြောင့် တတိယ အကြီးအကဲ ပြန်မကောင်းခင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
တတိယ အကြီးအကဲနဲ့ ကောင်းကင် တာအို ခန်းမကို ထိခိုက်စေတဲ့ အကြောင်း သူမတွေးမိဘူး။ သူလုပ်တဲ့ တစ်ခုတည်းသော လုပ်ရပ်က ကိုယ့်အသက်ကို ဦးစားပေး ကာကွယ်ဖို့ပဲ။ ဒါကလွဲပြီး တခြား ဘာမှ အရေးမကြီးဘူး။ ကောင်းကင် တာအို ခန်းမက လူတစ်ယောက်ရဲ့ နောက်ကြောင်းကိုလည်း ဂရုမစိုက်သလို၊ သနားညှာတာ မှာလည်း မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ တတ်နိုင်တယ်။
ဖန်ကျန်းရှီရဲ့ ဒုတိယ တိုက်ခိုက်မှုက ပထမ တစ်ခုလိုပဲ မြန်ဆန်တယ်။ တတိယ အကြီးအကဲက သူနဲ့ ခြေလှမ်း ငါးလှမ်း ခြောက်လှမ်း အကွာမှာပဲ ရှိနေပင်မယ့်၊ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုက မသက်ရောက်ဘူး။ မိုးပြာရောင် အလင်းတန်းတွေက လေထဲမှာ ဆက်တိုက် ထွက်ပေါ်နေတယ်။ နေရာပြောင်း နည်းလမ်း။
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က မျက်လုံးကန်း မတတ် အလင်းရောင် အောက်မှာ ဖြတ်သန်း သွားခဲ့တယ်။ ဒီနည်းလမ်းကို နတ်ဆိုး မျိုးနွယ်က သုခမိန် တဝက် ချန့်ယန်းနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ရှာတွေ့ခဲ့တာ။ ဒါကြောင့် သူလေ့လာ ခဲ့တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ တတိယ အကြီးအကဲရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ ထူးခြားတဲ့ လှုပ်ရှားမှုလည်း မရှိဘူး။ အရင်တစ်ခေါက်ကလို သတိပေးတာမျိုးလည်း မရှိဘူး။ ဒီတစ်ခေါက် ဖန်ကျန်းရှှီက တိတ်တဆိတ် လှုပ်ရှားတယ်။
နှစ်ထောင်ချီ နာကျင်မှုလို တိုက်ခိုက်တာကို နောက်တစ်ခေါက် ထပ်ပြီး သုံးလို့ မဖြစ်တော့ဘူး။ တတိယ အကြီးအကဲက မြေပြင်ပေါ်မှာ လူးလိမ့် နေရပြီ။ ပုံစံကလည်း မမှန်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီလည်း တိုက်ကွက် အတူတူ သုံးလို့ မရတော့ဘူး။ တတိယ အကြီးအကဲရဲ့ လည်ပင်းနဲ့ ခေါင်းကို ဦးတည်ပြီး ကန်လိုက်တယ်။
“ဘန်း။” မိုးခြိမ်းသလို အသံကျယ်ကြီးက ကောင်းကင် တာအို ခန်းမ တစ်ခုလုံးကို ဟိန်းထွက် သွားခဲ့တယ်။ အဲ့ဒီ့နောက် တတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်က လေထဲမှာ လွင့်မျော သွားတယ်။ ကြောက်စရာ အရှိန်နှုန်းနဲ့ ပျံထွက် သွားပြီးတော့ ကောင်ကင် ကျောင်းတော်က ကျောက်စိမ်းဖြူ အစွန်း တစ်ခုနဲ့ ဝင်တိုက်ရင်း ရပ်တန့် သွားတယ်။
“ဝုန်း။” ကျောက်စိမ်း အမိုးတွေ ချက်ခြင်း အက်ကွဲကုန်တယ်။ တတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်က လိမ့်ထွက် သွားပြီး ခြေလှမ်း ရှစ်လှမ်း အကွာကို ရောက်မှ ရပ်တန့် သွားခဲ့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး အပျက်စီးတွေကို ပြည့်နေခဲ့ပြီ။
“မင်း အရှက်မရှိ အတင့်ရဲလိုက်တဲ့ ကြွက်စုတ်။ ဘယ်လိုတောင် လုပ်ဝံ့တာလဲ။” ပဉ္စမ အကြီးအကဲရဲ့ အသံ ထွက်ပေါ်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလွန်းလို့ ကျွတ်ဆတ်ဆတ် အသံတွေတောင် ထွက်ပေါ်နေပြီ။ သူ့နဖူးကနေ တလက်လက် တောက်နေတဲ့ အလင်းရောင်တွေ ထွက်ပေါ်နေတယ်။ သူ့ စကားကို ဆုံးအောင် မပြောခဲ့ ပေမယ့်၊ အရမ်း ဒေါသ ထွက်နေတာကို လူတိုင်း သိမြင်နိုင်တယ်။ ဒါပေမယ့် သူ့အကိုကြီးကို ကူညီဖို့ ရှေ့ထွက် မလာခဲ့ဘူး။ နေရာမှာ ရပ်နေရင်း ဒေါသကြောင့် တုန်ယင် နေခဲ့တယ်။
“အရှက်မရှိလိုက်တာ။ လုံးဝကို အရှက်မရှိတာပဲ။”
“တတိယ အကြီးအကဲ လဲကျနေတဲ့ အချိန်မှာတောင် တိုက်ခိုက်သေးတယ်။”
“ဒီကောင်စုတ်က ရက်စက်လိုက်တာ။”
ကောင်းကင်တာအို ခန်းမ တပည့်သားတွေ ဖန်ကျန်းရှီကို အပြစ်တင် နေကြတယ်။ ဒါပေမယ့် ထူးဆန်းတာ ဘယ်သူကမှ တတိယ အကြီးအကဲကို ကူညီဖို့ ထွက်မလာခဲ့ဘူး။ သူတို့ရဲ့ မျက်နှာ အမူအယာတွေလည်း တင်းမာ မနေခဲ့ဘူး။
“ငါပဲ သိပ်ပြီး မရက်စက် မိသေးလို့လား။ ဒီတစ်ခေါက် တိုက်ခိုက်တာ အင်အား ၈၀% တုန်းတောင် ဖျောက်ထားတာ။” ဖန်ကျန်းရှီလည်း လူတွေကို သိပ်ပြီးတော့ အာရုံ မစိုက်တော့ဘူး။
တတိယ အကြီးအကဲကိုပဲ အာရုံစိုက်တယ်။ နည်းနည်းလေး တွေေ၀ နေပင်မယ့် သိပ်မကြာပါဘူး။ တတိယ တစ်ခေါက် တိုက်ခိုက်တော့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မျက်လုံးတွေက ကြည်လင်တဲ့ မိုးပြာရောင် တောက်ပလာခဲ့တယ်။ သိပ်မကြာခင်ပဲ တူညီတဲ့ မိုးပြာရောင် အလင်းတန်းက တတိယ အကြီးအကဲရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။
အထူးဆန်းဆုံး ကိစ္စကြီး တစ်ခု ဖြစ်လာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ပျောက်ကွယ်သွားတယ်။ သူရပ်နေတဲ့ နေရာမှာ အရိပ်မည်းကြီး တစ်ခုပဲ ကျန်နေခဲ့တယ်။ နောက်အချိန် ခဏတာ အတွင်းမှာပဲ ဖန်ကျန်းရှီရဲ့ လက်သီးက တတိယ အကြီးအကဲရဲ့ ခေါင်းပေါ်မှာ ရှိနေတဲ့ မိုးပြာရောင် အလင်းတန်းထဲကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် သူ့ ခန္ဒာကိုယ် တစ်ခုလုံး ဒီအလင်းတန်း ထဲကနေ ထွက်ပေါ်လာတယ်။
“ဒါက ကောင်းကင် သက်ဆင်းတာပဲ။”
“ရှေးစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်။ ကောင်းကင် တာအိုကို တတ်ကျွမ်းတဲ့ သူတွေထဲမှာမှ စစ်မှန်တဲ့ ပညာရှင်ကြီးတွေပဲ ဒီလို နည်းလမ်းကို သုံးနိုင်တယ်တဲ့။”
“ဒီအရှက်မရှိတဲ့ ကောင်စုတ်က အသက်ဘယ်လောက်ပဲ ရှိသေးတာလဲ။ သူ့အသံ အရဆိုရင် ၂၅နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး။ ဘယ်လိုများ သုခမိန် တဝက် ဖြစ်နေရတာလဲ။”
ကောင်းကင် တာအို တပည့်သားတွေ ကြည့်ရင်း နားမလည်နိုင် ဖြစ်နေတယ်။ တကယ်တော့ သူတို့တွေက ကောင်းကင် တာအိုကို ဖန်ကျန်းရှီ တတ်မှန်း သိပေမယ့် နည်းနည်းလောက်ပဲ တတ်တယ် ထင်ထားတာ။ ဒါပေမယ့် ကောင်းကင် သက်ဆင်း အကွက်ကို သုံးလိုက်တော့၊ တကယ့် ပညာရှင် အဆင့် ဖြစ်နေပြီမှန်း နားလည် သွားခဲ့တယ်။
ခပ်ရှင်းရှင်း ပြောရရင်။ ဖန်ကျန်းရှီက သုခမိန် တဝက် ဖြစ်နေပြီ။
“ကောင်းကင် သက်ဆင်းကိုတောင် သုံးနိုင်နေတာ။ ငါ့နိုင်ငံမှာ ဆိုရင် သူ့ကို နယ်စားမင်းဘွဲ့ ပေးမှာပဲ။”
“ငါသိရ သလောက် အရဆိုရင် နတ်ဆိုး မျိုးနွယ်က ချန့်ယန်း တစ်ယောက်ပဲ ဒီလို ပညာရှင် အဆင့် ရောက်သေးတယ်။ သူ့အပြင် တခြားသူ မရှိသေးဘူး။”
“အမှန်ပဲ။ နောက်ထပ် တစ်ယောက် ရှိနေမယ်လို့ မထင်ထားမိဘူး။ သူက ဘယ်မျိုးနွယ်က မှန်းလည်း ငါတို့ မသိဘူး။”
ဧကရာဇ်တွေနဲ့ မင်းသားတွေ တအံ့တသြ ပြောဆို နေကြတယ်။
“ဒီကောင်စုတ်က ကောင်းကင် တာအိုမှာ ကျွမ်းကျင် အဆင့်တော့ မဟုတ်နိုင်ဘူး။” ပဉ္စမ အကြီးအကဲ မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူ့အတွက်တောင် ဒီကိစ္စက ယုံကြည်ဖို့ ခက်ခဲနေတယ်။
“အကိုကြီး ခုန်ချင်း အတုက အစစ်ထက်တောင် သန်မာသေးတယ်။”
“ကောင်းကင် သက်ဆင်းတဲ့။ ထူးခြားတဲ့ မြင်ကွင်းပဲ။”
“ဒီ အကိုကြီး ခုန်ချင်း အတုက အစစ် ဖြစ်ရင် ကောင်းမှာပဲ။ ဒါဆိုရင် ငါတို့လည်း ပညာယူနိုင်တယ်။ ကံမကောင်းတာ ဒီခုန်ချင်းက အတု ဖြစ်နေတာပဲ။”
ဒီမြင်ကွင်းကို မြင်တော့ ပြိုင်ပွဲဝင်တွေ စိတ်ထဲမှာ တွေးတော နေမိတယ်။
ရန်ရွှယ်၊ နန်ကုန်းမု၊ ရန်ချင်းနဲ့ ချင်းဝူတို့ကတော့ မိုးပြာရောင် အလင်းတန်းတွေ ဝန်းရံထားတဲ့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို သေချာ ကြည့်နေကြတယ်။ စကား တစ်ခွန်းတောင် မပြောကြဘူး။
“ဝုန်း။” မိုးခြိမ်းသလို ပေါက်ကွဲမှုက နေရာတစ်ခုလုံးကို တုန်ခါ သွားစေတယ်။ ကျောက်ဖြူသားတွေ လေထဲမှာ လွင့်ထွက်လာတယ်။ ကျောက်စိမ်းဖြူ ကြမ်းပြင်ကြီးတောင် အက်ကွဲရာတွေ ပြည့်နှက် ကုန်ပြီ။ အဖြူရောင် ဖုန်မှုန့်တွေက လေထဲမှာ လွင့်မျော လာခဲ့တယ်။
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က လေထဲမှာ တန့်နေခဲ့တယ်။ သူ့ ခြေဖဝါးမှာ ထူးဆန်းတဲ့ မိုးပြာရောင် အလင်းတန်းတွေ ရှိနေခဲ့တယ်။
“အဟွတ် ဟွတ်။” ချောင်းဆိုးသံ နှစ်ချက် ကျောက်စိမ်းဖြူ တိုင်တွေ အောက်ကနေ ထွက်ပေါ်လာတယ်။ လူတစ်ယောက် ဖြည်းဖြည်းချင်း ကုန်ထ လာခဲ့တယ်။ ကီလို တစ်ထောင်ကျော် လေးလံတဲ့ ပစ္စည်းကြီး တစ်ခုကို သယ်မ ထားရသလိုပဲ။ တကယ်တော့ သူက လူတစ်ယောက်ကို မလာတာ။
ဖန်ကျန်းရှီ။
တတိယ အကြီးအကဲရဲ့ ပုံစံက အရမ်းကို နာကျင်နေတဲ့ ပုံစံပဲ။ သူ့ခြေထောက်တွေ နာကျင်မှုကြောင့် တုန်ယင် နေခဲ့တယ်။ တင်ပါးကို ကျုံ့ထားရင်း ခြေထောက် နှစ်ဖက်ကို လိမ်ထားပြီး နာကျင်မှုကို အံကြိတ်ခံ နေတယ်။ အတော့်ကို အရှက်ရစရာ ကောင်းတဲ့ ပုံစံ ဖြစ်ပေမယ့် သူ လုပ်နေရတယ်။ စကားတစ်ခွန်းတောင် မပြောနိုင်ဘူး။ ဒီလို နာကျင်မှုမျိုးက ကိုယ်တိုင် ခံစား ဖူးမှပဲ နားလည်နိုင်မယ်။
သုခမိန် အဆင့်ရောက်နေတဲ့ အင်အားကြီးသူ တစ်ယောက် ဖြစ်တဲ့ အပြင် ကောင်းကင်တာအို ခန်းမ ခေါင်းဆောင်။ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာ ရစေတဲ့ ဒီနေ့လို နာကျင်မှုမျိုး သူမခံစား ခဲ့ရသလောက်ပဲ။ အခု ကိစ္စတွေ အားလုံးက သူ့အပေါ်မှာ ရပ်နေတဲ့ လူကြောင့် ဖြစ်လာတာတွေပဲ။
“ကောင်းကင် သက်ဆင်း။ ဒါကို ငါမမြင်ရတာ အချိန် အတော်ကြာသွားပြီ။ ဒီ့ အတွက် ဂုဏ်ယူသင့်လား။” တတိယ အကြီးအကဲက အံကြိတ်ရင်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ လက်တွေကို ဆန့်ထုတ်ရင်း ဒေါသတကြီးနဲ့ အံကြိတ်ပြီး ပြောတယ်။
“ဒီလောက်ထိ မလိုအပ်ပါဘူး။ တတိယ အကြီးအကဲ။ မြန်မြန်ထရပ်။ မနာတာ သေချာရဲ့လား။” ဖန်ကျန်းရှှီက ဂရုတစိုက် ပုံစံနဲ့ မေးတယ်။
“မင်းကို ငါသတ်မယ်။” တတိယ အကြီးအကဲရဲ့ မျက်နှာက ရွာတော့မယ့် မိုးတိမ်တွေလို မည်းမှောင်နေပြီ။
“တတိယ အကြီးအကဲ မလောပါနဲ့။ သုံးကွက်ပဲ တိုက်ခိုက် ရသေးတယ်။ ကတိကို ဖျက်တော့ မလို့လား။” မိုးပြာရောင် အလင်းတန်းတွေ ဝန်းရံထားတဲ့ ဖန်ကျန်းရှီ တဖြည်းဖြည်း နောက်ဆုတ် လာခဲ့တယ်။ တတိယ အကြီးအကဲကို ဂရုတစိုက် ကြည့်နေခဲ့တယ်။
“သောက်ပိုတွေ ပြောနေတာ ရပ်လိုက်။ မင်းမှာ နောက်ထပ် နှစ်ကွက်ပဲ ကျန်တော့တယ်။” တတိယ အကြီးအကဲ နှုတ်ခွမ်းတွေကို ဖိကိုက်ထားရင်း ပြောတယ်။ ဖန်ကျန်းရှီ ပြောနေတာကို သူနားလည်တယ်။
ငါးကွက်။
မုချင်းဖန်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဖန်ကျန်းရှီ တောင်းဆိုတာကို လက်ခံတဲ့ အချိန်တုန်းက ကျေကျေနပ်နပ်နဲ့ ပြုံးရယ် နိုင်ခဲ့တယ်။ စိတ်သက်သာရာ ရခဲ့တယ်။ ဒါပေမယ့် အခုတော့ ကောင်းကင်ကသာ ဒုတိယ အခွင့်အရေး ပေးမယ်ဆိုရင်၊ မုချင်းဖန်းကို သေချာပေါက် ပြောမယ့် စကားရှိတယ်။
(ငလူး။ မင်းဘာမင်း ငါးကွက် အသာပေး။ မင်းသာ ယောကျာ်းစစ်ရင်၊ ဒီကောင် တိုက်ခိုက်မယ့် ငါးကွက်ကို ငါ့အစား မင်းလာခံလိုက်။)
အပိုင်း (၆၅၄)ပြီး၏။
အပိုင်း (၆၅၅)
“ချန်ခွန်းမြေရိုင်း”
တတိယ အကြီးအကဲက ကြောက်စရာကောင်းအောင် တုန်ယင် နေခဲ့တယ်။ ပြင်းထန်လွန်းတဲ့ နာကျင်မှုက သူ့ တကိုယ်လုံးကို ရေစီးလို လွှမ်းမိုးထားတယ်။ ခေါင်းအစ ခြေအဆုံး နာကျင်မှုတွေ ပြည့်နှက်နေတယ်။ ဒါတောင် သူတောင့်ခံ ထားသေးတယ်။
နောက်ထပ် ၂ကွက် ကျန်သေးတယ်။ ဒါကို သည်းခံနိုင်ရင်၊ နောက်ဆုံး ကိစ္စတွေ အားလုံး အဆုံးသတ် သွားလိမ့်မယ်။ တတိယ အကြီးအကဲ တွေးနေတာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေါ့။ နောက်ထပ် တိုက်ကွက် ၂ကွက်မှာ တတိယ အကြီးအကဲကို အလဲမထိုးနိုင်ရင် သူပြဿနာ တက်လိမ့်မယ်။
တတိယ အကြီးအကဲက ထပ်ခါ ထပ်ခါ တိုက်ခိုက် ခံရတာကြောင့် အရေးနိမ့်နေတာ ဟုတ်တယ်။ ဒါပေမယ့် တတိယ အကြီးအကဲရဲ့ အစွမ်းက လင်းယွမ် မျှော်စင်ရဲ့ ကန်ယွဲ့ထက်တော့ မနိမ့်လောက်ဘူး။ ရန်ရွှယ့် အဖိုး ရန်ချန်လိနဲ့ ကန်ယွဲ့ တိုက်ခိုက်တုန်းက အချိန်ကို သူမှတ်မိ နေသေးတယ်။ သူတို့တွေရဲ့ ပြောစကားကြောင့် သုခမိန် အဆင့်တွေရဲ့ အင်အားကို ခန့်မှန်းမိတယ်။
ဥပမာ ရန်ချန်လိက သုခမိန် အဆင့်ရောက်တာ မကြာသေးဘူး။ ဒါကြောင့် သုခမိန် တစ်ယောက်ရဲ့ စွမ်းအား အပြည့်အ၀ မရသေးဘူး။ ကနဦး အဆင့် စွမ်းအားလောက်ပဲ ရှိသေးတယ်။ နိယာမ အရဆိုရင်၊ တတိယ အကြီးအကဲက အလယ်အဆင့်၊ ဒါမှမဟုတ်ရင် အဆင့်မြင့် နေရာတောင် ရောက်နေလောက်ပြီ။
“မဖြစ်ဘူး။ နောက်ထပ် ၂ကွက် အတွင်း ဒဏ်ရာရအောင် လုပ်ရမယ်။” ဖန်ကျန်းရှီ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမလဲ ဆိုတာ ပြဿနာ တက်နေတယ်။ တတိယ အကြီးအကဲက ငတုံး မဟုတ်ဘူး။ တကယ်တော့ မြေခွေးအိုကြီး။ ဖန်ကျန်းရှီ စီစဉ်ထားတဲ့ လှည့်ကွက်ထဲကို သူရောက်မှာ မဟုတ်ဘူး။ နောက်ထပ် ကျန်တဲ့ ၂ကွက်မှာ အနီးကပ် တိုက်ခိုက်တာ လုပ်ဖို့ ဖြစ်နိုင်ချေ နည်းတာကို ဖန်ကျန်းရှီ မြင်ပြီးပြီ။
တတိယ အကြီးအကဲရဲ့ အနားကို မကပ်နိုင်ရင် ဘယ်လို လုပ်မလဲ။ ကောင်းကင် သက်ဆင်းကိုပဲ ထပ်သုံးရမလား။ ဒီအတွေးကို ခပ်မြန်မြန်ပဲ ရုပ်သိမ်းလိုက်တယ်။ ကောင်းကင် သက်ဆင်းက ကြီးမားလေလေ၊ သူမထိန်းချုပ် နိုင်လေပဲ။ အရေး အကြီးဆုံးကတော့ ကောင်းကင် သက်ဆင်းက တိုက်ခိုက်တဲ့ အချိန်မှာ အကောင်းဆုံး မဟုတ်တာပဲ။ တကယ်တော့ သူ့ရဲ့ အဓိက အားသာချက်က သုံးတဲ့သူကို အန္တရာယ် ကင်းအောင် လုပ်ဖို့ပဲ။ ရှင်းရှင်း ပြောရရင်၊ သုံးတဲ့သူ တိုက်ခိုက်ပြီးရင် ချက်ခြင်း ဆုတ်ခွာ နိုင်အောင် ကူညီပေးတဲ့ ပညာပဲ။
“ဝုန်း။” တတိယ အကြီးအကဲ အတော်လေး ကြိုးစား ပြီးတဲ့နောက်၊ ဖန်ကျန်းရှီရဲ့ တကိုယ်လုံးလည်း အပြာရောင် အလင်းတန်းထဲကို ဝင်ရောက် သွားတော့တယ်။ နောက် အချိန် အတွင်းမှာပဲ၊ မူလ နေရာမှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ အရိပ်တွေက နေရောင်အောက်မှာ ဝေ့၀ဲနေတယ်။ တတိယ အကြီးအကဲလည်း ဒီအချိန်မှပဲ စိတ်သက်သာ ရတော့တယ်။
မြေပြင်ပေါ်မှာ ဒူးထောက်ရင်းနဲ့ အောက်ပိုင်းကို ကျုံ့ထားခဲ့တယ်။ လက်နှစ်ဖက်က မြေကြီးပေါ်မှာ ထောက်ထားတယ်။ နဖူးကနေ ချွေးတွေက ရေစီးသလို စီးကျ နေခဲ့တယ်။ နာတယ်။ အရမ်း အရမ်း နာကျင်တယ်။
“မင်း ကောင်စုတ်လေး။ လာစမ်းပါ။ ဘယ်လို အရှက်မရှိတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက် အုန်းမလဲ။ လာသာ လာခဲ့လိုက်။” တတိယ အကြီးအကဲ နောက်ဆုံးမှာ မတ်တပ် ရပ်နိုင် သွားပြီ။ ဒါပေမယ့် ခြေထောက် တွေကတော့ တုန်ယင် နေတုန်းပဲ။ နှစ်ထောင်ချီ နာကျင်မှုက တကယ့်ကို ဟာသ မဟုတ်ဘူးပဲ။
နောက်ထပ် အချိန်ဆွဲနေလို့ မဖြစ်မှန်း ဖန်ကျန်းရှီ သိတယ်။ အချိန်ကြာကြာ ပိုစောင့်လေလေ။ တတိယ အကြီးအကဲ ပြန်ကောင်းတာ များလေပဲ။ သဘာဝလွန် အဆင့် လူတစ်ယောက်တောင် ကိုယ့်ဒဏ်ရာတွေကို ကုစားနိုင်ရင်၊ သုခမိန် အဆင့်က ပိုပြီးတော့တောင် လုပ်နိုင်အုန်းမယ်။ သူ့ရဲ့ ကန်ချက်က တတိယ အကြီးအကဲရဲ့ စအိုကို ကွဲအက် သွားစေပမယ့်၊ အချိန်မရွေး ပြန်ကောင်းတာလည်း ဖြစ်နိုင်တယ်။ ဒါဆိုရင် သူ ဘယ်လို ဆက်လုပ်ရမလဲ။
အကွာအဝေးကို စဉ်းစားရင်၊ ကောင်းကင် သက်ဆင်းက အမြန်ဆုံး တိုက်ကွက်ပဲ။ ဒါပေမယ့် တတိယ အကြီးအကဲက ခုနကပဲ ခုခံ နိုင်လိုက်တယ်။ ဒါဆိုရင် တခြား ဘာနည်းလမ်း ရှိအုန်းမလဲ။ တိုက်ခိုက်မှု ပုံစံ ပေါင်းစုံက သူ့အတွေးထဲမှာ လှည့်ပတ်နေတယ်။ ဒါပေမယ့် တစ်ခုမှ အသုံးမဝင်ဘူး။ ဒါတွေကို သုံးရင် သူ့ရဲ့ အခွင့်အရေး နှစ်ခုကတော့ အသုံးမဝင်ပဲ ဖြစ်လိမ့်မယ်။
အဝေးကနေ တိုက်ခိုက်ရင်၊ ရလဒ်တွေက အနီးကပ် တိုက်ခိုက်တာထက် အားပျော့လိမ့်မယ်။ တတိယ အကြီးအကဲက အကာကွယ်ကို မြှင့်ထားလိုက်ရင်တောင်၊ အနီးကပ် တိုက်ကွက်ကို ဖန်တီးဖို့ အခွင့်အရေး ရှိသေးတယ်။ အခွင့်အရေး မရှိရင်၊ ဖန်တီးလိုက်။ စိတ် ဆုံးဖြတ် ပြီးတဲ့နောက်၊ ဖန်ကျန်းရှီ နောက်ထပ် မစောင့်တော့ဘူး။ တတိယ အကြီးအကဲဆီကို ပြေးတော့တယ်။ အချိန်အကြာကြီး မတွေ့ရတဲ့ သူငယ်ချင်း တစ်ယောက်ကို တွေ့ရတဲ့ ပုံစံမျိုးနဲ့။
“တတိယ အကြီးအကဲ။ တကယ်တော့ ကျွန်တော်တို့ ကြားမှာ ပုဂ္ဂိုလ်ရေး အညှိုးအတေး မရှိဘူး။ လက်ဆွဲပြီး နှုတ်ဆက်လို့ ရမလား။ ကျွန်တော်လည်း နှစ်ကွက် မတိုက်ခိုက်တော့ဘူး။ ကျွန်တော့်ကို တတိယ အချီ ဝင်ခိုင်းလိုက်။ ဒါဆိုရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီက ရည်ရွယ်ချက် အပြည့်နဲ့ တတိယ အကြီးအကဲဆီကို လျှောက်လာခဲ့တယ်။
“မင်း စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ကောင်စုတ်။ မင်းလှည့်ကွက်ထဲ ငါဝင်မယ် ထင်နေလား။” တတိယ အကြီးအကဲရဲ့ မျက်နှာက မည်းမှောင်နေတယ်။ နီးကပ်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း၊ လက်တစ်ဖက်ကို တိုက်ခိုက်ဖို့ အသင့်အနေ အထား ပြင်ထားခဲ့တယ်။
ဖန်ကျန်းရှီရဲ့ စိတ်ကို သူမသိပဲ ဘယ်လို နေမှာလဲ။ ဖန်ကျန်းရှီက သူ့ကို သတိလက်လွတ် ဖြစ်အောင် လုပ်နေတာ အသိသာကြီးပဲလေ။ တတိယ အကြီးအကဲ ချက်ခြင်း နောက်မဆုတ်ဘူး။ သူက ကောင်းကင်တာအို ခန်းမရဲ့ အကြီးအကဲ ဖြစ်နေတုန်းလေ။ ဂုဏ်သိက္ခာ ရှိသေးတယ်။ ပြိုင်ဘက်ရဲ့ အရှိန်အဝါကြောင့် နောက်ဆုတ် ပြေးတာမျိုး မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကိုလည်း သူ့အနား လွယ်လွယ် ရောက်မလာအောင် လုပ်ထားတယ်။
တတိယ အကြီးအကဲရဲ့ နဖူးကနေ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ထူးဆန်း ရှုပ်ထွေးတဲ့ စာလုံးက အခုချိန်မှာ အသက်ဝင်လာ သလိုပဲ။ မျက်တောင် တစ်ခတ် အတွင်းမှာ။ နောက်ထပ် စာလုံး ပုံစံကို ပြောင်းသွားတယ်။ နောက်ပြီးတော့ စာလုံးက ပုံစံ ပြောင်းရုံတင် မကဘူး။ အရောင်လည်း ပြောင်းသွားခဲ့တယ်။ ဝါညက်တဲ့ မြေမှုန့် အရောင်ကို ပြောင်းသွားခဲ့တယ်။
“ငလူးပဲ။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ တတိယ အကြီးအကဲရဲ့ နဖူးက အလင်းတန်းကို ကြည့်ရင်း နေရာမှာတင် ရပ်တန့် နေခဲ့တယ်။ အဲ့တာက ပုံစံ ပြောင်းနိုင်တယ်ပေါ့။ သုခမိန်တွေနဲ့ ဖန်ကျန်းရှီ အရင်ကလည်း တွေ့ဖူးပါတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး၊ ရန်ချန်လိနဲ့ ကန်ယွဲ့၊ သူတို့ သုံးယောက်လုံး ဒါမျိုး မလုပ်ဖူးဘူး။ ဖန်ကျန်းရှီနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက တစ်နှစ်ကျော်ကျော် အတူ နေခဲ့ပေမယ့်၊ ဒီအဖိုးအိုကြီးက သူ့ကို ဒီပညာအကြောင်း တစ်ခါမှ မပြောပြဖူးဘူး။
ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ ငေးကြည့်နေတဲ့ အချိန်မှာပဲ။ တတိယ အကြီးအကဲရဲ့ နဖူးကနေ အဝါရောင် အလင်းလှိုင်းတွေ ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လေဟာနယ် တစ်ခုလုံး တုန်ခါ လာတော့တယ်။ တစ်ခုခု ထွက်လာတော့မယ့် ပုံစံ အတိုင်းပဲ။ အဲ့ဒီ့နောက် တကယ်ပဲ တစ်ခုခု ထွက်လာခဲ့တယ်။ အနက်ရောင် အက်ကွဲကြောင်းတွေက ကောင်းကင်မှာ ပေါ်လာတယ်။ အဝါရောင် အလင်းတန်းတွေ အက်ကွဲကြောင်းထဲကနေ စီးကျလာတယ်။ အဝါဖျော့ရောင် သဲမှုန့်တွေပဲ။
“သဲတွေ။ သဲတွေက ဘယ်ကနေ ထွက်လာတာလဲ။” အရာအားလုံး ဖြစ်တည်မှု တာအိုကို ဖန်ကျန်းရှီက နက်နက်နဲနဲ နားလည်ထားတယ်။ တာအိုတွေရဲ့ ဝိသေသ လက္ခဏာကိုလည်း ကျွမ်းကျင်တယ်။
ပြောင်းလဲမှုတွေ၊ အခြေခံ ပြောင်းလဲ မှုတွေကနေ၊ ဆင့်ကဲ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတယ်။ ပြင်ပ ပြောင်းလဲမှုတွေကို ထိန်းချုပ်နိုင်ရင်၊ ခန္ဒာကိုယ်တွေ အားလုံးကို ပစ္စည်းတွေလို ချုပ်ကိုင် နိုင်လိမ့်မယ်။ ကိုယ်ပိုင် လက်နက် တိုက်ထဲကနေ ပစ္စည်းတွေကို လိုသလို ထုတ်သုံးနိုင်လိမ့်မယ်။
အရှင်းဆုံး ပြောရရင်။ ရေတာအိုကို ဥပမာ ထားလိုက်။ အစပိုင်းမှာ လူတစ်ယောက်က ရေကို သုံးပြီးတော့ ခုခံတာကော တိုက်ခိုက်တာကော လုပ်နိုင်တယ်။ ရေရဲ့ ပုံစံကို ထိန်းချုပ်ပြီးတော့ မြူနှင်းဖြစ်ဖြစ်၊ ရေခဲ ဖြစ်ဖြစ် ပြောင်းလဲနိုင်တယ်။ ရေခဲကို ဓားတစ်ချောင်း ပုံစံ သုံးပြီးတော့ တိုက်ခိုက် နိုင်သလို၊ မြူနှင်းတွေကို သုံးပြီးတော့လည်း ပြိုင်ဘက်ကို အာရုံနောက်အောင် လုပ်နိုင်တယ်။ အရာ အားလုံးကို စကား တစ်ခွန်းတည်းနဲ့ ပြောလို့ ရတယ်။ -တည်ရှိမှုတွေ။
လောကမှာ လုံး၀ ပြောင်းလဲလို့ မရတဲ့ အရာ မရှိဘူး။ လေထဲကနေလည်း ကျောက်မျက်ရတနာတွေကို မထုတ်ယူနိုင်ဘူး။ နောက်ပြီးတော့ တည်ရှိမှုတွေက ပုံစံ အမျိုးမျိုးကနေ ဖြစ်တည်လာတယ်။ ဥပမာ စိတ်အာရုံ နယ်မြေငယ် တစ်ခု။ စိတ်အာရုံ နယ်မြေထဲမှာ တည်ရှိနေတဲ့ ရေကို အပြင်လောကဆီ ထုတ်ယူလိုက်ရင်၊ ယာယီပဲ တည်မြဲနိုင်မယ်။
ဒါက အရာအားလုံး ဖြစ်တည်မှု တာအိုရဲ့ တိုက်ခိုက်နည်း တစ်ခုပဲ။ နယ်မြေ နှစ်ခုကို ချိတ်ဆက်ပြီးတဲ့နောက် စိတ်အာရုံ နုယ်မြေငယ်ထဲကနေ ပြင်ပ လောကကို ထုတ်ယူနိုင်တဲ့ တကယ့် ပစ္စည်းတွေ ရှိတယ်။ မူလ စွမ်းအား အရင်းအမြစ်ကို မဏ္ဍိုင် အဖြစ်နဲ့ သုံးပြီးတော့ ဒီပစ္စည်းတွေရဲ့ အားသာချက်၊ အားနည်းချက်ကို ချိန်ညှိ ပေးနိုင်တယ်။ ဒါပေမယ့် အခု မြင်နေရတဲ့ ကိစ္စက ဖန်ကျန်းရှီ နားလည်ထားတဲ့ နိယာမတွေနဲ့ ကွာခြားနေတယ်။
“အက်ကွဲကြောင်းတွေကနေ အဝါရောင် သဲတွေ ထွက်လာတယ်။ ဒီသဲတွေ ဘယ်က ရောက်လာတာလဲ။ တတိယ အကြီးအကဲက ကြိုပြီးတော့ ပြင်ဆင် ထားတာလား။ ဒါမှမဟုတ် တခြား နေရာကနေ ရွေ့ပြောင်း လာတာလား။” ဒီမေးခွန်းတွေ ဖန်ကျန်းရှီရဲ့ စိတ်ထဲ ပျံဝဲလာတယ်။
အရှင်လီချင်းတုန်းက တိမ်တွေရဲ့ စွမ်းအားကို ငှားသုံးခဲ့တဲ့ အကြောင်း ဖန်ကျန်းရှီ ပြန်တွေးမိတယ်။ တတိယ အကြီးအကဲရဲ့ တိုက်ကွက်ကလည်း ပုံစံတူလောက်တယ်။ ဒါပေမယ့် စွမ်းရည်တွေ နည်းလမ်းတွေက အတော်လေး ကွာခြားနေတယ်။ လောကကြီးက တကယ့်ကို အံ့သြ စရာ အပြည့်ပါပဲလား။
ဖန်ကျန်းရှီ အထိတ်တလန့်နဲ့ သက်ပြင်း ချမိတယ်။ ချက်ခြင်း တိုက်ခိုက်ဖို့ ပြင်တယ်။ နောက်ဆုံးတော့လည်း တတိယ အကြီးအကဲ ဘယ်လောက်ပဲ အင်အားကြီး နေပါစေ၊ နောက်နှစ်ကွက်ကို ခုခံ ရအုန်းမှာလေ။ ဖန်ကျန်းရှီ ရှေ့ကို ခုန်လွှားတယ်။ လေထဲမှာ ခြေတလှမ်း လှမ်းလိုက်ရုံပဲ ရှိသေးတယ်။ သဲထဲကို တကိုယ်လုံး နစ်ဝင် နေခဲ့တယ်။
“ချန်ခွန်း မြေရိုင်း။” တတိယ အကြီးအကဲရဲ့ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ထူးဆန်းတဲ့ အင်အားကြီးက ဖန်ကျန်းရှီရဲ့ ခြေထောက်ကို စုပ်ယူတယ်။ သဲတွေက ဝဲတစ်ခုလို လှည့်ပတ်ရင်းနဲ့ သူ့ကို စုပ်ယူနေ တော့တယ်။ ဒါက အကုန် မဟုတ်သေးဘူး။ ဝဲဖြစ်ပေါ် လာပြီးတဲ့ အချိန်မှာပဲ၊ သဲတောင်တန်းကြီးတွေက နံရံလို ဖြစ်တည် လာပြီးတော့ လေပြင်းမုန်တိုင်းတွေ တိုက်ခတ် လာခဲ့တယ်။
ကျတ်တီးမြေ (မြေရိုင်း)။ သက်ရှိတွေ မရှိတဲ့မြေ။ ပျက်စီးမှု အပြည့်နဲ့ နယ်မြေကြီး။ ဒီလို ပျက်စီးနေတဲ့ နေရာကြီးက တတိယ အကြီးအကဲရဲ့ ပတ်လည်မှာ ပေါ်လာခဲ့တယ်။ ကောင်းကင် ကျောင်းတော် ခန်းမကြီးထဲမှာ ဒီလို နေရာက ဘယ်လို ရောက်လာတာလဲ။
ချွေးစေးတွေ ဖန်ကျန်းရှီရဲ့ နဖူးကနေ စီးကျလာတယ်။ လည်ပတ်နေတဲ့ ရေဝဲကြီးကို ကြည့်ရင်း ထအော်ဆဲတော့တယ်။ “ခွေးမသား”
ဒါကို ဘယ်လို လုပ်ရမလဲ။ ဘယ်လို လုပ်ရမလဲ။
“အဖိုးကြီး။ ခင်ဗျား စည်းဖောက်နေပြီ။ ငါးကွက်လို့ ပြောထားတာ မမှတ်မိဘူးလား။” ဖန်ကျန်းရှီလည်း အကြီးအကဲကို လေးစားရမှာတွေ ဘာတွေ ဂရုမစိုက် နိုင်တော့ဘူး။ တတိယ အကြီးအကဲကို ကတိစကား မဖောက်ဖျက်ဖို့ သတိပေးတယ်။
လူတစ်ယောက်က အရှက်မရှိလို့ ရတယ်။ ဒါပေမယ့် အကန့်အသတ်တော့ ရှိရမယ်။ နောက်ပြီးတော့ လေးနိုင်ငံ ဧကရာဇ်တွေနဲ့ ကောင်းကင် တာအို တပည့်သားတွေ အားလုံးလည်း သူ့ကို ကြည့်နေတာက ထူးခြားနေတယ်။
“ပါးစပ် ပိတ်ထားစမ်း။ ငါ စည်းမဖောက်ဘူး။” တတိယ အကြီးအကဲက မလှုပ်နိုင်တော့တဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အော်ဟစ်တယ်။ ချွေးတွေ အပြည့်နဲ့ မျက်နှာကတော့ ပြုံးပြုံးကြီး။ နာကျင်မှု အပြည့်နဲ့ ပြုံးနေတဲ့ ဒီမျက်နှာကြီးက တမျိုးတစ်ဖုံ ကြောက်စရာ ကောင်းနေခဲ့တယ်။
အပိုင်း (၆၅၅)ပြီး၏။
အပိုင်း (၆၅၆)
“ပင်လယ် ကြမ်းပြင်က လမင်း။ နှစ်ဘက်စလုံးကို ဖြိုခွင်း။”
“စည်းမဖောက်ဘူးတဲ့လား။ သေချာရဲ့လား။” ဖန်ကျန်းရှီက သဲဝဲတွေကို လက်ညှိုးထိုးရင် ပြောတယ်။ ဒီသဲဝဲတွေထဲကို သူမရောက်ရင်တော့ ယုံချင် ယုံအုန်းမယ်။
“ဒါပေါ့။ ငါပြောထားတဲ့ အတိုင်း ငါးကွက် အသာစီးပေးမယ်။ ဒါပေမယ့် ဒီအတိုင်း မလှုပ်မရှားပဲ ပြစ်မှတ်ထား ခံမယ်လို့ မပြောဘူး။ ချန်ခွန်း မြေရိုင်းက ငါ့ရဲ့ ခုခံစစ်တွေထဲက တစ်ခုပဲ။ မင်းက ချန်ခွင်း မြေရိုင်းရှစ်ခုရဲ့ အပြင်ဘက်မှာ ရပ်နေရင်၊ ဒီမြေ သက်ရောက်တာ မခံရဘူး။ စိတ်ကြိုက် တိုက်ခိုက် နိုင်တယ်။” တတိယ အကြီးအကဲ က အံကြိတ်ရင်း ပြောတယ်။ နာကျင်မှုတွေ ပြည့်နှက် နေပင်မယ့်၊ အေးဆေးတည်ငြိမ်တဲ့ ပုံစံနဲ့ ဟန်ဆောင်နေတယ်။
ဖန်ကျန်းရှီ ဆက်ပြီးတော့ ကျိန်ဆဲချင်တယ်။ သူ့မှာ လုပ်ရမယ့် အကြောင်းပြချက်လည်း ရှိတယ်။ ချန်ခွင်း မြေရိုင်းတွေက ပတ်ပတ်လည်မှာ သူ့ကို ဝန်းရံထားတယ်။ တတိယ အကြီးအကဲက ဖန်ကျန်းရှီ အနားကပ်နိုင်မယ့် ဖြစ်နိုင်ချေတွေ အားလုံကို ပိတ်ဆို့ထားတယ်။ အခက်တွေ့နေ ရပြီ။ ဘာအခွင့်အရေးမှတောင် မရှိတော့ဘူး။
ချန်ခွန်း မြေရိုင်းရဲ့ အပြင်မှာ သူရပ်နေရင်း သဲဝဲတွေကို စိုက်ကြည့်နေတယ်။ အဲ့ဒီ့နောက် ဆယ်လှမ်း အကွာမှာ ရပ်နေတဲ့ တတိယ အကြီးအကဲကို စိုက်ကြည့်ရင်း အတွေးထဲ နစ်မျောနေတယ်။
“ကြည့်ရတာ ဒီကောင် အတွေးကြပ်နေပြီ။”
“သူ့မှာ ဘာများ တွေးစရာ ရှိအုန်းမှာလဲ။ တတိယ အကြီးအကဲက သူ့အတွက် ချန်ခွန်း မြေရိုင်း ထုတ်သုံးတာ ဂုဏ်ယူသင့်တယ်။”
“ဟုတ်တယ်။ ဒီကောင့် ကြည့်ရတာ အခုတည်းက မူမမှန်တော့ဘူး။ တတိယ အကြီးအကဲရဲ့ စွမ်းအား အစစ်အမှန်ကို မြင်ရတော့ သူလည်း ဘာမှ မတွေးတတ်တော့မှာ စိုးရိမ်တယ်။ တာအို နှစ်ခု ပိုင်ထားတဲ့ သုခမိန် တစ်ယောက်ကို ပုံမှန် သုခမိန် တစ်ယောက်ကတောင် တိုက်ခိုက်ဖို့ မလွယ်ကူဘူး။”
ကောင်းကင် တာအို တပည့်သားတွေ မလှုပ်မယှက် ရပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လှောင်ပြုံး ပြုံးနေခဲ့တယ်။ တတိယ အကြိးအကဲရဲ့ နောက်က ပြိုင်ပွဲဝင်တွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အံ့သြ နေကြတယ်။
“ဒါဆိုရင် တတိယ အကြီးအကဲက တာအို နှစ်ခု ပိုင်ထားတဲ့ သုခမိန်ကြီးလား။”
“ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ ဖြစ်နေတာ အံ့သြ စရာ မရှိတော့ပါဘူး။ ဒီ အကိုကြီး ခုန်ချင်း အတုမှာ နောက်ထပ် လှည့်ကွက်တွေ ရှိနေမလား သိချင်လိုက်တာ။”
ပြိုင်ပွဲဝင်တွေ ခေါင်းခါမိတယ်။ ချန်းဝူကတော့ ဖန်ကျန်းရှီကို အေးစက်စက် အကြည့်နဲ့ ကြည့်နေခဲ့တယ်။ ကောင်းကင် တာအို ခန်းမမှာ ရောက်နေတာ ကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီကို တစ်ခါတည်း တိုက်ခိုက် နေလောက်ပြီ။ ရန်ချန်းကတော့ ဒီပဋိပက္ခကို အတော်လေး စိတ်ဝင်စား နေတဲ့ ပုံစံပဲ။ အထူးသဖြင့် ဖန်ကျန်းရှီ ချန်ခွန်း မြေရိုင်းကို ဘယ်လို ဖြေရှင်းမယ် ဆိုတာ သိချင်နေတယ်။
“ရန်ရွှယ်။ သူမဟုတ်ဘူး ဆိုတာ ငါသိပေမယ့်။ ထူးထူးခြားခြား ရင်းနှီးနေတယ်။” နန်ကုန်းမုက ဖန်ကျန်းရှီကို အချိန် အကြာကြီး စိုက်ကြည့်နေရင်း ပြောတယ်။ “နတ်ဆိုး စစ်တပ်က မျိုးနွယ်စု ခေါင်းဆောင်၊ ယဉ်ရှန်ကို တိုက်ခိုက်တဲ့ အချိန်တုန်းက နောက်ကျော ပုံစံနဲ့ တပုံစံတည်းပဲ။”
“အင်း။ ငါလည်း ရင်းနှီးနေတယ်။” ရန်ရွှယ် ခေါင်းငြိမ့်ရင်း အတည်ပြုတ်တယ်။
“လူတစ်ယောက်က သူ့ရဲ့ ပုံပန်း သွင်ပြင်နဲ့ တည်ရှိတဲ့ ပုံစံကို အလွယ်တကူ ပြောင်းလို့ ရတယ်။ ဒါပေမယ့် နောက်ကျော် ပုံစံကိုတော့ ပြောင်းဖို့ ခက်တယ်။” နန်ကုန်းမုက ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“ဒါပေမယ့်။ ကောင်းကင် တာအို။ ပြန်လည် မွေးဖွားမှု အဆင့်။ ဒါတွေက” ရန်ရွှယ့် မျက်လုံးမှာ မှိန်ဖျော့ဖျော့ ကြက်သွေးရောင် အလင်းတန်းက ထွက်ပေါ်နေတယ်။ တစ်ချိန်တည်းမှာပဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။
“မဖြစ်နိုင်ဘူး။ နှစ်လတည်းနဲ့ ဘယ်လိုတောင် အများကြီး တိုးတက် လာတာပဲ။” နန်ကုန်းမု ခေါင်းခါလိုက်တယ်။ ရန်ရွှယ် စကားပြောတာ ရပ်လိုက်ပြီ။ သူ့မျက်ဝန်းက သွေးနီရောင် အလင်းတန်း ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ပတ္တမြား နှစ်လုံး တောက်ပ နေသလိုပဲ။ ၁၅မိနစ်က ခဏလေးနဲ့ကုန်ဆုံး သွားခဲ့တယ်။ ချန်ခွင်း မြေရိုင်းကို ဖန်ကျန်းရှီ တိတ်တဆိတ် စိုက်ကြည့်နေဆဲ။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေကတော့ စိတ်ထဲမှာ လှောင်ရယ် နေကြတယ်။ သူတို့ အထင်မှာ ဖန်ကျန်းရှီက လုံး၀ အကြံကုန်နေပြီ။ လေးနိုင်ငံက အုပ်ချုပ်သူတွေတောင် ခေါင်းခါ နေခဲ့တယ်။
“ဒီကောင်က တကယ့်ကို ပါရမီရှိတာပဲ။ ဒါပေမယ့် တောက်ပဖို့ အချိန် မရောက်ခင် ပျောက်ကွယ် သွားမှာ စိုးရိမ် မိတယ်။”
“တတိယအကြီးအကဲက ဒီခုခံစစ်ကိုတောင် အခုချိန်မှာ သုံးနေရပြီ။ အင်း။ ဒီကောင်လေးကသာ နောက်ထပ် နှစ်နည်းနည်းလောက် လေ့ကျင့်လိုက်ရင် အင်အားကြီးတဲ့ လူတစ်ယောက် ဖြစ်လာမှာပဲ။ အခုတော့ ဒီနေ့ သေရတော့မှာ နှမြော စရာပဲ။”
“အကူအညီ မဖြစ်ဘူး။ လောကမှာ ပါရမီရှင် မရှားပါဘူး။”
နောင်တ စကားတွေကို ပြောရင်း သူတို့တွေ သက်ပြင်း ချနေကြတယ်။ ကောင်းကင်တာအို ခန်းမက ဖန်ကျန်းရှီကို အလွတ်ပေးမှာ မဟုတ်မှန်း သူသိတယ်။ အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း ကောင်းကင် တာအို ခန်းမက တတိယ အကြီးအကဲ တိုက်ခိုက်ပြီး အရှက်ကွဲ ခံရတာကို ဒီအတိုင်း ကျော်သွားမှာ မဟုတ်ဘူးလေ။
ဖန်ကျန်းရှီ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက တတိယ အကြီးအကဲကို အနိုင်ယူဖို့ပဲ။ နှစ်ကွက် အတွင်း ဒီလောက် အကွာအဝေး အများကြီးနဲ့ ဘယ်လိုများ တိုက်ခိုက် ရမှာလဲ။ နောက်ဆုံး တိုက်ကွက် နှစ်ကွက်သာ သုံးခွင့် ကုန်သွားရင်၊ တတိယ အကြီးအကဲ ဘယ်လောက်တောင် အင်အား ကြီးလာမလဲ တွေးလို့ရတယ်။ ဖန်ကျန်းရှီမှာ လွတ်လမ်း မရှိတော့ဘူး။ တိုက်ပွဲကို တိုက်ခိုက်မှ ဖြစ်မယ်။
တောင်ပေါ် လေအေးအေးက တိုက်ခတ်နေတယ်။ ဖန်ကျန်းရှီရဲ့ ဝတ်ရုံလည်း လေထဲမှာ လွင့်မျောနေတယ်။ ဆယ့်ငါးမိနစ် ကျော်သွားပြီးတဲ့နောက် လူတိုင်းက ဖန်ကျန်းရှီကို လက်လျှော့လိုက်ပြီ။ ဒီအချိန်မှာပဲ သူ့မျက်လုံးတွေ ပွင့်လာခဲ့တယ်။ ချန်ခွန်း မြေရိုင်းရှစ်ခုထဲကို သူဝင်သွားတော့တယ်။
“သူအထဲကို ဝင်သွားတယ်။”
“သူ ရူးနေတာလား။”
“တတိယ အကြီးအကဲရဲ့ ချန်ခွန်း မြင့်မြတ်မြေက ဘယ်လောက်တောင် သန်မာမှန်း လူတိုင်း သိပါတယ်။”
“ဒီကောင်က တုံးအ လိုက်တာ။ ချန်းခွန်းမြေရိုင်းက မြေဗဟို အလယ်ချက် တာအိုတွေထဲက တစ်ခုဆိုတာ သူမသိဘူးလား။”
ကောင်းကင်တာအို ခန်းမ တပည့်သားတွေ မျက်လုံး ပြူးကြီးတွေနဲ့ ကြည့်နေကြတယ်။ ဖန်ကျန်းရှီက ဒီအတိုင်း လမ်းလျှောက် ဝင်သွားမယ်လို့ မထင်ထားကြဘူး။ သူတို့တွေ အပြင်၊ ပဉ္စမ အကြီးအကဲ၊ ပြိုင်ပွဲဝင်တွေ၊ ဧကရာဇ် လေးပါးနဲ့ မုချင်းဖန်းပါ ဒါကို မမျှော်လင့် ထားဘူး။ တတိယ အကြီးအကဲတောင် မျက်လုံး ပြူးနေတယ်။
ဒါပေမယ့် ချက်ခြင်း သူပြုံးလိုက်တယ်။ ဖန်ကျန်းရှီက ချန်ခွင်း မြေရိုင်းထဲမှာ နစ်မြုပ် နေပြီလေ။ အရမ်းကို မြန်မြန်ဆန်ဆန် နစ်မြုပ်နေတယ်။ တောက်ပနေတဲ့ သဲဝါတွေက ဖန်ကျန်းရှီ ခြေချလိုက်တာနဲ့ အင်အားကြီး ရေဝဲကြီး တစ်ခုပုံစံ ဖြစ်တည်လာတယ်။
တစ်ခဏ အချိန်အတွင်းမှာ ဖန်ကျန်းရှိရဲ့ အောက်ပိုင်း တစ်ခုလုံး သဲထဲ နစ်မြုပ်သွားတယ်။ ခါးအထိ နစ်နေပင်မယ့် ဖန်ကျန်းရှီက လက်မလျှော့ဘူး။ တစ်ခုခုကို ရေရွှတ်ရင်း အသက်ပြင်းပြင်း ရှူနေတယ်။ လက်တွေကို ဆန့်ရင်းနဲ့ သဲထဲကနေ လွတ်ဖို့ လုပ်နေတယ်။ ဒါပေမယ့် သူ့ကြိုးစားမှုတွေက အချည်းနှီးပဲ။ ဖန်ကျန်းရှီ ဆက်ပြီးတော့ ရုန်းကန်လေလေ၊ သဲထဲမှာ ပိုနစ်မြုပ်လေပဲ။ အချိန်ခဏလေး အတွင်းမှာ လည်ပင်းအထိ နစ်သွားခဲ့ပြီ။
“ကောင်းစုတ်လေး။ ငါ့ကို အပြစ်မတင်လေနဲ့။” တတိယ အကြီးအကဲက ဖန်ကျန်းရှီကို ကြည့်ရင်း ပြုံးပြနေတယ်။ “မင်းရဲ့ နောက်ကြောင်း အစစ်အမှန်ကို ထုတ်ပြ။ ဒါဆိုရင် မင်း မနာမကျင်ပဲ သေရလိမ့်မယ်။”
“တုံးအလိုက်တာ။” ဖန်ကျန်းရှီက သဲထဲကနေ လက်ခလယ် ထောင်ပြတယ်။ တတိယ အကြီးအကဲကို ပြန်အော်တယ်။
“ခေါင်းမာလိုက်တဲ့ ကောင်စုတ်။” တတိယ အကြီးအကဲလည်း ဖန်ကျန်းရှီရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ ပုံစံကို မြင်တော့ အကာအကွယ်တွေကို လျော့ချလိုက်တယ်။ ဒါပေမယ့် အရင်ရထားတဲ့ ဒဏ်ရာတွေကြောင့် အခြေအနေကို ပြန်သုံးသပ် မိတယ်။
တကယ့်ကို မဖော်ပြနိုင်တဲ့ နာကျင်မှုပဲ။ ဖန်ကျန်းရှီ ဖန်တီးခဲ့တဲ့ နာကျင်မှု။ တတိယ အကြီးအကဲ နှုတ်ခမ်းကို ဖိကိုက်ရင်းဆုံးဖြတ်ချက် ချလိုက်တယ်။ သူ့နယ်မြေထဲကို ဖန်ကျန်းရှီ ရောက်နေတဲ့ အချိန်မှာပဲ ဒိကောင့် အသက်ကို သူပိုင်သွားပြီ။
“ခင်ဗျား စည်းကမ်းတွေကို ဖောက်တယ်။ ဒါကြောင့်သာ မဟုတ်ရင်၊ ငါလည်း ရှုံးစရာ အကြောင်း မဟုတ်ရှိဘူး။” ဖန်ကျန်းရှီ ဒေါသ ထွက်နေတာ သိသိသာသာကြီးပဲ။ စကားလေး တစ်ခွန်း နှစ်ခွန်းပဲ ပြောပြီးတော့ အသံ ပျောက်ကွယ် သွားတယ်။ သူလုံး၀ နစ်မြုပ် သွားခဲ့ပြီ။ သဲဝါတွေ၊ အင်အားကြီး သဲဝဲတွေထဲမှာ ဖန်ကျန်းရှီ အစပျောက်သွားတယ်။
“သူသေသွားပြီလား။”
“ငါ မထင်ထားမိဘူး။ ဒါပေမယ့် အကိုကြီး ခုန်ချင်း အတုက နောက်ထပ် မလှုပ်ရှား နိုင်တာတော့ သိတယ်။”
“တာအို နှစ်ခုမှာ သုခမိန် အဆင့် ရောက်နေတာ တကယ် တစ်ခုခုပဲ။”
ပြိုင်ပွဲဝင်တွေက ဖန်ကျန်းရှီ ပျောက်သွားတာကို ကြည့်ရင်း ပြောနေကြတယ်။ တခြား တစ်ဖက်မှာတော့ ကောင်းကင် တာအို ကျောင်းတော် တပည့်သားတွေ ရယ်မော နေကြတယ်။ အကယ်၍ တစ်ယေက်ယောက်သာ ချန်ခွန်း မြေရိုင်းထဲမှာ ပိတ်မိသွားရင်၊ သုခမိန် တစ်ယောက် ဖြစ်နေရင်တောင် လွတ်မှာ မဟုတ်ဘူး။ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ဆို ပိုလို့တောင် ဆိုးသေးတယ်။ သူသေသွား ပြီလား။ ဘာများ ထူးခြား အုန်းမှာလဲ။
“ရန်ရွှယ်။ ငါတို့ ဘာလုပ်ကြမလဲ။” နန်ကုန်းမု တောင်းဆိုရင် ပြောတယ်။ ဖန်ကျန်းရှီ ပျောက်ကွယ် သွားတဲ့ နေရာကို စိုးရိမ် တကြီးနဲ့ သူကြည့်နေ ခဲ့တယ်။
“ငါတို့ သူ့ကို ကယ်ရမယ်။” ရန်ရွှယ့် မျက်လုံးတွေက ကြက်သွေးရောင် အလင်းတန်းတွေနဲ့ တဖျပ်ဖျပ် လက်နေခဲ့တယ်။
“အခုချိန်မှာ မင်းလှုပ်ရှားရင်။ ကောင်းကင် တာအို ခန်းမ ဝင်ပြိုင်နိုင်ခွင့်ကို ဆုံးရှုံး သွားလိမ့်မယ်။ ဒါတောင် မင်း လုပ်အုန်းမှာလား။ သူသာ ဖန်ကျန်းရှီ မဟုတ်ခဲ့ရင်ကော။”
“ဘယ်လောက် ရာခိုင်နှုန်း ရှိမယ် ထင်လဲ။”
“ဆယ်ရာခိုင်နှုန်း။ နောက်ကျောက လွဲပြီးရင်။ ကျန်တာ အားလုံးက။”
ဝူး။
ရန်ရွှယ်နဲ့ နန်ကုန်းမု စကားပြောနေတဲ့ အချိန်၊ အရိပ်တစ်ခုက ချန်ခွန်း မြေရိုင်းထဲကနေ ခုန်ထွက် လာခဲ့တယ်။ အရမ်းကို မြန်လွန်းတယ်။ တတိယ အကြီးအကဲရဲ့ နောက်မှာ ဖျတ်ခနဲ ပေါ်လာခဲ့တယ်။
“ချန်ခွန်း မြေရိုင်းကနေ လွတ်လာတယ်တဲ့။”
“ဘယ်လိုများ ဖြစ်နိုင်တာလဲ။”
“အဲ့တာ တတိယ အကြီးအကဲ ကိုယ်တိုင် ဖန်တီးထားတဲ့ ခုခံ မန္တန်လေ။ သူ ဘယ်လိုတောင် လုပ်လိုက်တာလဲ။”
ကောင်းကင် တာအို ခန်း တပည့်သားတွေက အင်အားကြီးတာ မှန်တယ်။ လူတစ်ယောက် ခုန်ထွက်လာတာကို ချက်ခြင်း သတိထားမိပေမယ့် မယုံနိုင် ကြဘူး။ ထွက်လာတဲ့ သူက ဖန်ကျန်းရှီ ဖြစ်နေတယ်လေ။ ခုန်ချင်းပုံစံ ဝတ်ရုံဖြူကို ဝတ်ထားပြီး ရုပ်ကလည်း တရုပ်တည်း။ သူ့ရဲ့ ဝတ်ရုံဖြူမှာ အဝါရောင်သဲတွေ စွန်းထင်း နေခဲ့တယ်။ သူ့မျက်လုံးတွေ့ အပြာရောင် အလင်းတန်းတွေ တောက်ပနေတယ်။
“ဒီတော့ ဘယ်လိုလဲ။” တတိယ အကြီးအကဲက နည်းနည်းလေးသာ အံ့သြနေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူသိထားတယ်။ ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကို ဒီလို သဲဝဲထဲ အနစ်ခံမှာ သူမယုံဘူးလေ။ ကူကယ်ရာမဲ့ ပုံစံ လုပ်နေမှန်း သိတယ်။ ဘယ်လို စီစဉ် ထားတယ်ဆိုတာ သိချင်ရုံ သက်သက်ပဲ။
ဒါဆိုရင် သူက ကောင်းကင် တာအကို သုံးပြီးတော့ ချန်ခွင်း မြင့်မြတ်မြေ ထဲကနေ ထွက်လာတာပေါ့။ နည်းဗျူဟာ ကောင်းပဲ။ တတိယ အကြီးအကဲ ဒါမျိုး တိုက်ခိုက်နည်းတွေကို ကောင်းကောင်းသိတယ်။ ပထမဆုံး ကိုယ့်ကိုယ်ကို သဲထဲ အနစ်ခံမယ်။ ပြီးရင် ပြိုင်ဘက်ကို သတိနည်းအောင် လုပ်မယ်။ နောက်ဆုံး ကောင်းကင် တာအိုကို သုံးပြီးတော့ တိုက်ခိုက်မယ်။ ဖန်ကျန်းရှီက ချန်ခွန်း မြေရိုင်းထဲမှာ နစ်မြုပ် နေပင်မယ့် ကောင်းကင် တာအိုကို ကောင်းကောင်း သုံးနိုင်သေးတယ်။ သူအကွက်ချတာ အောင်မြင်ရင် ချန်ခွန်း မြင့်မြတ်မြေကလည်း အသုံးမဝင်ဘူး။
အန္တရာယ် များတဲ့ အစီအစဉ်ပဲ။ အစီအစဉ်က ကောင်းပေမယ့်၊ နည်းလမ်း နှစ်ခုတည်းကို နှစ်ခါ မသုံးရဘူး။
“ပင်လယ်ကြမ်းပြင်က လမင်း။” ဖန်ကျန်းရှီရဲ့ အသံက တတိယ အကြီးအကဲရဲ့ နောက်ကနေ ထါက်ပေးလာတယ်။ ကောင်းကင် တာအို ခန်းမ တစ်ခုလုံး တုန်ယင်သွားသလို၊ ကျောင်းတော်သားတွေရဲ့ နှလုံးသားလည်း ထိတ်လန့် သွားခဲ့တယ်။
“ပင်လယ် ကြမ်းပြင်က လမင်းတဲ့လား။”
“ဒါက မျောက်မင်း မက်မွန်သီးတွေကို ခိုးစားတာနဲ့ ကွာခြားတာ ရှိလို့လား။”
“ဒီကောင်စုတ်က တကယ့်ကို အရှက် မရှိတာပဲ။ နည်းလမ်း တစ်ခုတည်းကို နှစ်ခေါက်သုံးပြီး၊ ပိုနာအောင် လုပ်မလို့လား။”
ကောင်းကင် တာအို တပည့်သားတွေ ဒီစကားကို ကြားတော့ တုန်ယင်နေတယ်။ တတိယ အကြီးအကဲကတော့ အတိတ်က နာကျင်မှုကို သတိရ သွားတာကြောင့် မျက်နှာ တစ်ခုလုံး မည်းမှောင် သွားခဲ့တယ်။
“နောက်တစ်ခေါက်လား။” တတိယ အကြီးအကဲ သဲတွေကို နောက်ပို့ရင်း ခုခံဖို့ ပြင်တယ်။ နှစ်ကွက် ကျန်သေးတယ်။ နှစ်ကွက် တိုက်ခိုက် ခံရဖို့ ကျန်သေးတယ်။ အရင်တစ်ခေါက် လုပ်သလို လက်တွေကို သုံးပြီးတော့ ခုခံဖို့ မလုပ်တော့ဘူး။ ဖန်ကျန်းရှီက ဒီတစ်ခေါက် ခန္ဒာကိုယ် ဘယ်အပိုင်းကို ပြစ်မှတ် ထားမယ်မှန်း မသိဘူးလေ။
တတိယ အကြီးအကဲက သဲတွေ သက်ရောက်တာကို မခံရဘူး။ သဲတွေပေါ်မှာ သူရပ်နေတယ်။
ဖန်ကျန်းရှီကို လှည့်ပြောတယ်။ “ကောင်စုတ်လေး၊ မင်းမှာ နောက်ဆုံး တကွက် တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်။”
“မလွတ်စေရဘူး။” ဖန်ကျန်းရှီရဲ့ မျက်နှာ တစ်ခုလုံး တောင့်တင်း သွားခဲ့တယ်။ တတိယ အကြီးအကဲ လွတ်သွားမယ်လို့ မထင်မှတ် ထားတဲ့ ပုံစံပဲ။
နောက်အချိန် အခိုက်အတန့်မှာပဲ၊ နောက်ထပ် နီလာရောင် အလင်းတန်း တောက်ပလာတယ်။ ဖန်ကျန်းရှီလည်း တတိယ အကြီးအကဲရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်။ သူ့ကြည့်ရတာ အတော်လေး စိုးရိမ်နေတဲ့ ပုံစံပဲ။
“လူငယ်လေး သတိထား။ ဒါမင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။” ကြောက်စရာ အရှိန်နှုန်းနဲ့ သူ့ရှေ့ ရောက်လာတဲ့ ဖန်ကျန်းရှီကို တတိယ အကြီးအကဲ လှမ်းပြောတယ်။ အသင့် အနေအထားနဲ့ သတိ ပေးနေတယ်။
အပိုင်း (၆၅၆)ပြီး၏။
အပိုင်း (၆၅၇)
“ဒဏ္ဍာရီလာ ခြောက်ကွက် လှုပ်ရှားမှုက ပုံစံ တစ်ခုကို ဖြစ်ပေါ်စေတယ်။”
ဘာသာပြန်သူ- Enri Thaw
“နောက်ဆုံး အခွင့်အရေးတဲ့လား။” ဖန်ကျန်းရှီ ဒါကို ကြားတော့ လမ်းတဝက်မှာ ရပ်တန့် သွားခဲ့တယ်။ သူ့လက်ဝါးတွေက တိုက်ခိုက်မယ့် လမ်းတဝက်မှာ ရပ်တန့် နေခဲ့တယ်။
“ဟဟား။” တတိယ အကြီးအကဲက ရယ်မောတယ်။ ဖန်ကျန်းရှီ ရပ်တန့် သွားတာကို မြင်ရတော့၊ နာကျင် နေပင်မယ့် ကျေနပ် နေခဲ့တယ်။
“ဘယ်လိုတောင် စိတ်ပျက်စရာ ကောင်းတာလဲ။” ဖန်ကျန်းရှီ ရပ်တန့်လိုက် ပေမယ့် နောက်ကျ သွားခဲ့ပြီ။ တတိယ အကြီးအကဲက နောက်ငါးလှမ်း ဆုတ်သွားခဲ့ပြီလေ။
ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း ဒီမြင်ကွင်းကို မြင်တော့ ရယ်မော နေခဲ့တယ်။ တတိယ အကြီးအကဲက သူ့အတွက် လွတ်လမ်းရအောင် ဒီလို ပြောတာ သက်သက်ပဲ။ ဖန်ကျန်းရှီကို အခွင့်အရေး မပေးဘူး။ ဒီလိုနည်းနဲ့ အပေါ်ယံမှာ ကူကယ်ရာ မဲ့သလို ဟန်ဆောင် နေပင်မယ့်၊ တကယ်တော ဖန်ကျန်းရှီရဲ့ အစီအစဉ်ကို သူ သိထားပြီးပြီ။
ဖန်ကျန်းရှီကို မြေရိုင်းထဲ ရောက်လာအောင် မြှားခေါ်ပြီးတော့ ပိတ်ထားတယ်။ သူကိုယ်တိုင်ကတော့ မြင့်မြတ်မြေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှား နိုင်ပေမယ့် အပြည့်အ၀ လွတ်မြောက် နိုင်တာတော့ မဟုတ်ဘူး။
“လူငယ်လေး။ မင်း ဒီနောက်ဆုံး အခွင့်အေးမှာ ဘာလုပ်မလဲ။” တတိယ အကြီးအကဲက သဲထဲမှာ နစ်မြုပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ ကောင်းကင်တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့၊ တိုက်ပွဲထဲမှာ သူ့ရဲ့ ဟိတ်ဟန်ကို ပျောက်ဆုံး စေလို့ မဖြစ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အခက်တွေ့နေတဲ့ မျက်နှာကို မြင်တဲ့အချိန် သူတကယ့်ကို စိတ်ကျေနပ် နေခဲ့တယ်။
အဝေးက ကြည့်နေတဲ့ ပဉ္စ အကြီးအကဲလည်း ပြုံးနေခဲ့တယ်။ တိုက်ပွဲ ပြီးသွားပြီမှန်း သူသိတယ်။
“ပြင်ဆင်ထားလိုက်။ ကောင်းကင် တာအို လူရွေးပဲ တတိယ အချီကို ကောင်းကင် ကျောင်းတော် ခန်းမမှာ ကျင်းပမယ်။” ပဉ္စမ အကြီးအကဲတွေက ပြိုင်ပွဲဝင်တွကို ကြည့်ရင်း ပြောတယ်။
“ကောင်းပါပြီ။” ပြိုင်ပွဲဝင်တွေ တည်ီ တညွှတ်တည်း ပြန်ဖြေတယ်။ သူတို့တွေ ဖန်ကျန်းရှီကို သနားစိတ် အပြည့်နဲ့ ကြည့်နေကြတယ်။ အားလုံးက ဖန်ကျန်းရှီကို သဘောကျတယ်။ ဒါပေမယ့် သူတို့ရောက်နေတာ ကောင်ကင် တာအို ခန်းမ။ ဘယ်သူမှန်း မသိရတဲ့ နောက်ကြောင်း မရှင်းတဲ့ သူတစ်ယောက်က ပါရမီရှိတာက လွဲပြီးတော့ အခြေအနေကို ပြောင်းလဲအောင် ဘယ်လို လုပ်နိုင်မှာလဲ။
နောက်ပြီးတော့ ဖန်ကျန်းရှီက တာအို နှစ်ခုကို ကျွမ်းကျင်တဲ့ တတိယ အကြီၤးအကဲနဲ့ တိုက်ခိုက် နေရတာ။ တိုက်ပွဲက အစတည်းက ရှုံးနေ ပြီးသားပဲ။ ဖန်ကျန်းရှီက တိုက်ပွဲကို နိုင်နိုင်မယ်လို့ ဘယ်သူမှ မတွေးထားဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက တိုက်ခိုက်တယ်။ အခွင့်အရေးက နည်းပါးပေမယ့် သူကတော့ အရမ်း တောက်ပတဲ့ အခွင့်အရေးကို မြင်နေရသလိုပဲ။
မိုးပြာရောင် အလင်းတန်း ကိုးခုက တတိယ အကြီးအကဲရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ အရမ်းကို ကြည်လင် တောက်ပတဲ့ အလင်းတန်းကြီးတွေ။ တတိယ အကြီးအကဲကတော့ သူ့ခေါင်းပေါ်က အလင်းတန်းတွေကို ကြည့်ရင်း တည်ကြည်လေးနက် သွားခဲ့တယ်။
တတိယ အကြီးအကဲ အပြင်၊ ကောင်းကင် တာအို တပည့်သားတွေလည်း အထိတ်တလန့်နဲ့ မျက်လုံး ပြူးကျယ်နေတယ်။ ဒီအလင်းတန်း ကိုးခုက ဘာတွေမှန်း သတို့ ကောင်းကောင်း သိတယ်လေ။ ဖန်ကျန်းရှီ ဒီလောက် အင်အားကြိးမယ်လို့ မထင်မှတ်ထားတာ တစ်ခုပဲ။
“အဲ့တာ ကောင်းကင်မဏ္ဍိုင် ကိုးခု မဟုတ်လား။”
“ဒီကောင်က ကောင်းကင် မဏ္ဍိုင် ကိုးခုကိုတောင် ထိန်းချုပ် နိုင်တယ်ပေါ့။ သူ့မှာ အင်အား အရင်းအမြစ်တွေ ဘယ်လောက် များများ ရှိနေတာလဲ။”
“နိုင်ငံတော် လေးခုက မဟုတ်ဘူး ဆိုရင်၊ ဖြစ်နိုင်တာ။”
ကောင်းကင် တာအို ခန်း တပည့်သားတွေ တတိယ အကြီးအကဲရဲ့ ခေါင်းပေါ်က အလင်းတန်းတွေကို ာကည့်ရင်း ခန့်မှန်း နေကြတယ်။ သူတို့ မကြောက်ဘူးလို့ ပြောရင် လိမ်ရ ကျလိမ့်မယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီက လှုပ်ရှားနေပြီ။ သူ့နေရာကနေ ပျောက်ကွယ် သွားပြီးတော့ အလင်းမဏ္ဍိုင် တစ်ခုထဲမှာ ပေါ်လာခဲ့တယ်။
“လူငယ်လေး။ မင်း တကယ်ပဲ ဘယ်လောက် သန်မာလဲ ဆိုတာ ငါစမ်းသပ် ကြည့်ချင်လိုက်တာ။” တတိယအကြီးအကဲ အပေါ်ကို မော့ကြည့်ရင်း ပြောတယ်။ သူစိတ်လှုပ်ရှားနေတယ်။ ဒီတစ်ခေါက်တော့ မရှောင်ပြေးတော့ဘူး။ ဖန်ကျန်းရှီကို လက်သီးနဲ့ ပြန်တိုက်ခိုက်တယ်။
ဝုန်း။ ပေါက်ကွဲသံ အကျယ်ကြီးတစ်ခု ထွက်လာခဲ့တယ်။ လက်သီး နှစ်ခု ထိတွေ့သွားတဲ့ အသံပဲ။ တစ်ချိန်တည်းမှာပဲ။ အဝါရောင် သဲတွေ မြေပြင်ကနေ ပျံတက် လာပြီးတော့ လေဝဲကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ တတိယ အကြီးအကဲရဲ့ တကိုယ်လုံးကို ဖုံးအုပ် သွားခဲ့တယ်။
“နောက်တစ်ခေါက်။” တတိယ အကြီးအကဲရဲ့ အသံက ရေဝဲထဲကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ဒုတိယ တစ်ခေါက် ပွတ်တိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ မြေပြင် တစ်ခုလုံး တုန်ခါသွားပြီး အင်အားလှိုင်းတွေ ထွက်ပေါ်လာတယ်။
“အင်အား ကြီးလိုက်တာ။”
“ဒီကောင်က တကယ့်ကို အရှက်မရှိပေမယ့် အကိုကြီး ခုန်ချင်းထက် အများကြီး ပိုသန်မာတာပဲ၊”
“ဟုတ်တယ်။ အကြီးအကဲတွေ ပညာရှင်တွေကလွဲပြီးတော့။ ကောင်းကင် တာအို တပည့်သားတွေထဲမှာ သူ့ကို အနိုင်ယူ နိုင်တဲ့သူက အယောက် ၂၀ မပြည့်ဘူး။ တကယ့် ပါရမီရှင် အစစ်ပဲ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တိုက်ပွဲကို အားတက်သရော ဝေဖန် နေကြတယ်။ ဒီလို ပြင်းထန်တဲ့ တိုက်ပွဲကြီးမျိုး ကောင်းကင် တာအို ခန်းမမှာ ကြုံရတာ ရှားပါးတယ်။
ဝုန်း။ တတိယ တိုက်ခိုက်မှု အသံကြီးကို ကြားရတယ်။ အဲ့ဒီ့နောက် ၄ခါ၊ ၅ခါ၊ ၆ခါ၊ ဆက်တိုက် ပေါက်ကွဲသံတွေ ထွက်ပေါ်နေတယ်။ ဝုန်း၊ ဝုန်း၊ ဝုန်း။
ပွတ်တိုက်မိတဲ့ အသံတစ်ခု ချင်းစီက မြေပြင်ကို ကြောက်စရာ ကောင်းအောင် တုန်ယင် စေတယ်။ သဲတွေလည်း လေထဲကို ပျံဝဲလာခဲ့တယ်။ ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံး သဲတွေနဲ့ ပြည့်နေခဲ့ပြီ။ သဲတွေထဲမှာ အပြာရောင် အလင်းတန်းက ထင်ရှားနေတယ်။ ရန်ရွှယ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကြက်သွေးရောင် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ အေးစက်စက် ကြောက်စရာကောင်းတဲ့ လူသတ်ငွေ့တွေ သူ့ တကိုယ်လုံး ပြည့်နှက်နေတယ်။
“ရန်ရွှယ်။ နေအုန်း။” နန်ကုန်းမုက ရန်ရွှယ် ပြောင်းလဲ နေတာကို သတိထားမိတယ်။ ချက်ခြင်း ရန်ရွှယ့် ပုခုံးကို လက်နဲ့ လာဖိ၇င်း တားမြစ်တယ်။
“အင်း။” ရန်ရွှယ် ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမယ့် သူ့မျက်ဝန်း အလင်းရောင်က လျော့နည်း မသွားဘူး။ အချိန်နဲ့ အမျှ ပိုပြီးတော့ တောက်ပလာခဲ့တယ်။
ဝုန်း။ ၉ခါမြောက် ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံး သဲတွေ ပြည့်နှက်နေပြီ။ အလယ်မှာတော့ ငါးကိုက်မြင့်တဲ့ လေဆင်နှာမောင်းကြီးက အရှိန်ပြင်းပြင်း လည်ပတ်နေခဲ့တယ်။ သဲတွေက နေရောင်ကိုတောင် ဖုံးလွှမ်းသွားပြီ။ ကောင်းကင် ခန်းမရဲ့ အလင်းတန်းကိုတောင် မှိန်ဖျော့ သွားစေတယ်။
ဒါပေမယ့် ဘယ်သူမှ အသံမထွက် ဝံ့ဘူး။ လူတိုင်းက လေဆင်နှာမောင်းကြီးကိုသာ ငေးကြည့် နေကြတယ်။ လေတွေက တဖြည်းဖြည်းနဲ့ အရှိန်လျော့လာတယ်။ သဲလွှာတွေက နေရောင်အောက်မှာ တလက်လက် တောက်ပ နေခဲ့တယ်။ နောက်ဆုံးတော့ ရပ်တန့် သွားခဲ့ပြီ။
ကောင်းကင် ကျောင်းတော် ခန်းမလည်း တုန်ခါနေတာ ရပ်တန့်သွားတယ်။ သဲမုန်တိုင်းရဲ့ အလယ်မှာ လူနှစ်ယောက် ပေါ်လာခဲ့တယ်။ အဖြူရောင် ဝတ်ရုံက ဆုတ်ပြဲနေပြီ။ ပြဲနေတဲ့ နေရာတွေကနေ တကိုယ်လုံး ပြည့်နှက်နေတဲ့ ဒဏ်ရာတွေကို မြင်နေရတယ်။ သိသိသာသာပဲ။ တတိယ အကြီးအကဲ အခြေအနေ မကောင်းဘူး။ ဒါပေမယ့် သူပြုံးနေဆဲ။
ငါးလှမ်း အကွာမှာ ရှိနေတဲ့ ဖန်ကျန်းရှီက သူ့ထပ် ပိုပြီးတော့ အခြေအနေ ဆိုးနေတယ်။ တကိုယ်လုံး ဖြူဖျော့ နေပြီးတော့ အားအင် တစ်စက်တောင် မကျန်တော့တဲ့ ပုံစံပဲ။
“လူငယ်လေး။ နောက်ဆုံး စကား ပြောစရာ ရှိသေးလား။” တတိယ အကြီးအကဲက သဲဝဲထဲမှာ နစ်မြုပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။
“တောင်အောက်ကို ဆင်းခိုင်းလို့ ရမလား။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်မေးတယ်။
“တုံးအလိုက်တာ။ မင်းကို ကတိပေးထားပေမယ့်၊ အသက်ရှင်လျက်တော့ တောင်အောက် ပြန်မရောက် စေရဘူး။” ပြောပြီးတာနဲ့ ချက်ခြင်း လှုပ်ရှားတယ်။ အလင်းတန်း တစ်ခုလိုပဲ။ အဝါရောင် အလင်းတန်း။ တိတိကျကျ ပြောရရင်၊ ဓားတစ်လက်ပဲ။ ကြောက်စရာ အရှိန်နှုန်းနဲ့ ပြေးလာနေတဲ့ ဓားတစ်ချောင်း။ ဓားထိပ်က လက်ချောင်း နှစ်ချောင်း ပုံစံနဲ့။
လက်ချောင်းဓား တိုက်ကွက်။
ဒါက ဘာမှ မထူးဆန်းဘူး။ အရှိန်နှုန်းနဲ့ စွမ်းအားကို သုံးပြီးတော့ တိုက်ခိုက်တာပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ နှလုံးသားကို ချိန်ရွယ်ထားတယ်။ ဖန်ကျန်းရှီ ထွက်ပြေး ချင်ပေမယ့် မလုပ်နိုင်တော့ဘူး။ သူ့မှာ ကောင်းကင် တာအိုကို သုံးဖို့ နောက်ထပ် စွမ်းအား မရှိတော့ဘူး။
နောက်ပြီးတော့ သူ့ခြေထောက်တွေက သဲထဲမှာ နစ်မြုပ်နေတယ်။ ဘယ်လိုများ ထွက်ပြေး နိုင်မှာလဲ။ အံ့သြ စရာ မရှိဘူး။ ဓားလက်ချောင်းတွေက ဖန်ကျန်းရှီရဲ့ ရင်ဘက်ကို ထိုးဖောက်သွားတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် အပြင်မှာ တတိယ အကြီးအကဲရဲ့ လက်မောင်းကို မြင်နေရတယ်။
“ငါ နောက်ဆုံးတော့ နိုင်ပြီ။”
ကောင်းကင် ကျောင်းတော် ခန်းမမှာ အော်ဟစ် ချီးမွမ်း သံတွေ ထွက်ပေါ်လာတယ်။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တိုက်ပွဲ ပြီးတာကို သိသွားလို့ပဲ။ ဖန်ကျန်းရှီရဲ့ နှလုံးသားကို ဓားလက်ချောင်းက ထိုးဖောက် သွားပြီ။ သူ့မှာ အသက်ရှင်နိုင်ချေ မရှိတော့ဘူး။
လေးနိုင်ငံ ဧကရာဇ်တွေ တိတ်ဆိတ်နေတယ်။ သူတို့တွေ စိတ်ဖိစီးနေတာ မဟုတ်ဘူး။ အထင်ကြီးတာလည်း မရှိဘူး။ နောက်ဆုံးတော့လည်း ဒီတိုက်ပွဲက တတိယ အကြီးအကဲရဲ့ စွမ်းအားကြောင့် အနိုင်ရမှာ သိပြီးသားလေ။ အဝါရောင် အလင်တန်းက မူလ နေရာကို ပြန်ရောက်သွားတယ်။ သူပြုံးနေခဲ့တယ်။
ဒါပေမယ့် သူ့အပြုံးက ကြာကြာ မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ သွေးတစက်တောင် ထွက်မလာ ဘူးလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ထိတွေ့တဲ့ အချိန် အသားတွေကို မတွေ့ခဲ့ဘူး။
“တခုခု မှားနေပြီ။” ဒီအချိန်မှာပဲ အသံတစ်သံ ထွက်လာခဲ့တယ်။ ဒါက တချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ မုချင်းဖန်းရဲ့ အသံ။ မုချင်းဖန်း စကားပြောတဲ့ အချိန်မှာပဲ တတိယ အကြီးအကဲလည်း အခြေအနကို နားလည်သွားတယ်။ သူ့ရဲ့ တိုက်ခိုက်မှုက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဘာကြောင့် မပျက်စီး စေတာလဲ။
“ဒါက။” တတိယ အကြီးအကဲရဲ့ မျက်နှာ မည်းမှောင် သွားခဲ့တယ်။ သူ့ရဲ့ မူလ နေရာကို ပြန်ရောက်ပေမယ့် တစ်ခုခု လွဲနေတယ်။ နောက်ကို သူတစ်လှမ်း ဆုတ်လိုက်တယ်။ ဒါပေမယ့် ဘာကိုမှ မနင်းမိဘူး။ ဒီအချိန်မှာပဲ မြေပြင်ကနေ ပြင်းထန်လွန်းတဲ့ အင်အားတွေက သူ့ကို စုပ်ယူတော့တယ်။ သဲတွေက ဝဲပုံစံ ဖြစ်တည်လာပြီးတော့ သူ့ကို ဝါးမျိုတယ်။ ချန်းခွန်း မြေရိုင်းက သူ့ကို တိုက်ခိုက်နေပြီ။
တတိယ အကြီးအကဲ မမျှော်လင့်ထားမိတဲ့ ကိစ္စပဲ။ သူက ချန်ခွန်း မြေရိုင်းရဲ့ ပိုင်ရှင်လေ။ ဒါက သူ့ကို ပြန်တိုက်ခိုက်နေတာ မဖြစ်သင့်တာပဲ။ ဒါပေမယ့် သူဟန်ချက် ပျက်သွားတဲ့ အချိန်မှာပဲ။ နောက်ခြေထောက် တဖက်က နာကျင်မှုကို ခံစား လိုက်ရတယ်။ ခြေထောက်ကို ချက်ခြင်း မြှောက်လိုက်မိတယ်။
“တတိယ အကိုကြီး နောက်မှာ။” ဒီအချိန်မှာ ပဉ္စမ အကြီးအကဲရဲ့ စိုးရိမ် တကြီး အော်သံ ထွက်လာခဲ့တယ်။
“ဘာဖြစ်တယ်။” တတိယ အကြီးအကဲ ဒါကိုကြားတော့ တုန်ယင် သွားခဲ့တယ်။ ကျောရိုးတစ်ခုလုံး စိမ့်ချမ်း သွားတော့တယ်။
အပိုင်း (၆၅၇)ပြီး၏။
အပိုင်း (၆၅၈)
“ကျိုးပဲ့ သွားပြီ။”
ဘာသာပြန်သူ - Enri Thaw
တတိယ အကြီးအကဲ ခုန်ရှောင်ဖို့ လုပ်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ နာကျင်မှုက တကိုယ်လုံးကို ပျံ့နှံ့ သွားစေတယ်။ ရင်းနီးတဲ့ ခံစားချက် ဖြစ်ပေမယ့် အရင် တစ်ခေါက်ကထက် ပြင်းထန်တယ်။ တစ်ခုခု ကျိုးပဲ့ သွားသလိုပဲ။
သူ့ခန္ဒာကိုယ်ရဲ့ ဘယ် အစိတ်အပိုင်း ကျိုးပဲ့သွားမှန်း တတိယ အကြီးအကဲ မသိဘူး။ သူ့ခန္ဒာကိုယ်ကို ကိုယ်တိုင် မထိန်းချုပ် နိုင်တော့တာပဲ သိတယ်။ နာကျင်လွန်းလို့၊ ထိသမျှ နေရာတိုင်း ထုံထိုင်း နေသလိုပဲ။
ဒါပေမယ့် စိတ်ဓာတ် နာကျင်မှုနဲ့ အရှက်ကွဲရတာက ကုစားလို့ မရတော့ဘူး။ မျက်ရည်စီးကြောင်း နှစ်ခု ပါးပြင်ပေါ်ကို စီးကျလာတယ်။ သဲတွေထဲကို မျက်ရည်စက်တွေ ကျသွားခဲ့တယ်။
ဘဝမှာ တစ်ကြိမ်ပဲ ဒီနာကျင်မှုမျိုး ခံစားရတာ လုံလောက်တယ်။ ဒုတိယ တစ်ခေါက် တိုက်ခိုက်မှုက အထိမခံနိုင်တဲ့ လျှို့ဝှက် နေရာကို ဦးတည်တာပဲ။ ဘယ်သူမဆို ချက်ခြင်းလဲကျ သွားနိုင်တယ်။ တတိယ အကြီးအကဲ အရုပ်ကြိုးပြတ် ဖြစ်တော့မယ်။
ဒီလို နာကျင်မှုမျိုး နှစ်ခါ ခံစား ရမယ်လို့ မထင်ထား မိဘူး။ နောက်ပြီးတော့ နာရီဝက် အတွင်း တိုက်ခိုက်ခံရတာ။
ဒဏ်ရာ အဟောင်းတွေတောင် မကျက်သေးဘူး။ ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို ကြားရပြန်တယ်။ တတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်က လေထဲကို လွင့်ထွက် သွားပြန်တယ်။ သုံးပေအမြင့် အထိကို ရောက်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ တတိယ အကြီးအကဲရဲ့ စိတ်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ အသိစိတ် ပျောက်ဆုံး သွားခဲ့ပြီ။ မြေပြင်ကို အသက်ဝိဉာဉ် မဲ့နေတဲ့ မျက်ဝန်းတွေနဲ့သာ စိုက်ကြည့်နေတော့တယ်။
မှောင်မည်းနေတဲ့ လောကကြီး။ ကြောင်အနေတဲ့ လူတွေရဲ့ မျက်နှာကို သူမြင်နေရတယ်။ တတိယ အကြီးအကဲ မြေပြင်ပေါ်ကို ပြုတ်ကျ လာတော့တယ်။ တကယ်တော့ တိုက်ကွက်တစ်ခုကြောင့် သူသတိလစ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ တိုက်ခိုက်လိုစိတ်က လုံး၀ ပျောက်ဆုံးနေပြီ။
ခန္ဒာကိုယ်ကို ဖြစ်လိုရာဖြစ် လက်လွှတ် ထားလိုက် တော့တယ်။ အခြေအနေ အလှည့်အပြောင်းကို သူလက်မခံ နိုင်တာကြောင့်ပဲ။
ဘယ်သူကများ ဒါတွေ အားလုံးကို သည်းခံနိုင်တဲ့ စိတ်ခွန်အားကို ပိုင်ဆိုင်မှာလဲ။ စွမ်းအားက တတ်နိုင်ရင်တောင်၊ အရှက်တရားနဲ့ ဂုဏ်သိက္ခာကို ထည့်တွက် ရအုန်းမယ်။ ပထမ တိုက်ခိုက် ခံရတုန်းက သတိလက်လွတ် နေမိလို့။ ပြိုင်ဘက်ကို အထင်သေးမိလို့ စတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။
ဒုတိယ တစ်ခေါက်မှတော့ ဘယ်လို အကြောင်းပြချက် ပေးရမှာလဲ။ ဒါတွေ ဘာကြောင့်များ ဖြစ်လာတာလဲ။ တတိယ အကြီးအကဲ နားမလည်နိုင်ဘူး။
တကယ်တော့ ငါးကွက် အသာပေးရုံနဲ့ သူ အသက်ရှင်နိုင်တယ်။ ဒီလိုတွေ ဖြစ်မလာ သင့်မှန်း သူသိတယ်။ ဒါပေမယ့် ဘာကြောင့်များ ဒီလို စော်ကားခံရတာနဲ့ နာကျင်မှုတွေကို နောက်တစ်ခါ ဖြတ်သန်းရမှာလဲ။
တတိယ အကြီးအကဲမှာ ပုံမှန် ဘဝလေး ရှိတယ်။ သူ့ဘ၀ တစ်ယောက်လုံးက ချောမွေ့ခဲ့တာ မဟုတ်ပေမယ့်၊ အခက်အခဲတွေ အပြည့် ဖြစ်နေတာလဲ မဟုတ်ခဲ့ဘူး။ အောင်မြင် တောက်ပတဲ့ အချိန်တွေလည်း ရှိသေးတယ်။ ကျရှုံးတဲ့ အချိန်ကိုလည်း တောင့်ခံ နိုင်တယ်။ အခု ကိစ္စကတော့ သူလက်မခံ နိုင်တဲ့ ကိစ္စတွေပဲ။ အသက်တောင် ဆက်မရှင် ချင်တော့ဘူး။
ဂုဏ်သိက္ခာတွေ မြောင်းထဲ ရောက်သွားတဲ့ အချိန် ဘာကြောင့်များ အသက်ဆက်ရှင် ရမှာလဲ။
ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ပြီးတော့၊ တိုက်ကွက် တစ်ခုနဲ့ နှစ်ကြိမ် တိုင်တိုင် တိုက်ခိုက် ခံရတယ်။ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပညာပြတာမျိုး ဘယ်လို ဆက်လုပ်နိုင်မှာလဲ။ သူမလုပ်နိုင်တော့ဘူး။
တိတ်ဆိတ်သွားတယ်။ လုံးဝကို တိတ်ဆိတ် သွားခဲ့တယ်။
ကောင်းကင်တာအို တပည့်သားတွေ ဒါကိုမြင်တော့ နားမလည်နိုင်သေးဘူး။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို တတိယ အကြီးအကဲ ထိုးဖောက်လိုက်တာ သူတို့ အားလုံး မြင်ကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဘာလို့ မထိခိုက်တာလဲ။ နောက်ပြီးတော့ သဲထဲမှာ နစ်နေရင်း တတိယ အကြီးအကဲကို ဘယ်လို တိုက်ခိုက်နိုင်တာလဲ။
ဒါက ပုံရိပ်ယောင်လား။ မဖြစ်နိုင်ဘူး။ ပုံရိပ်ယောင် မဟုတ်နိုင်ဘူး။ ဒါက ကောင်းကင် သက်ဆင်းပဲ။ ဆယ်ခုမြောက် ကောင်းကင် သက်ဆင်း။ ဖန်ကျန်းရှီရဲ့ ငါးကွက်မြောက် တိုက်ခိုက်မှုက ကောင်းကင် မဏ္ဍိုင် ၉ခု မဟုတ်ခဲ့ဘူး။ ဆယ်ခု ဖြစ်နေခဲ့တယ်။ ကြောက်စရာ ကောင်းတဲ့ ဆယ်ခုပဲ။
“ဘယ်လိုများလဲ။ သူဘယ်လိုတောင် လုပ်လိုက်တာလဲ။”
“ကောင်းကင် မဏ္ဍိုင် ကိုးခုကို သုံးနိုင်တာတင် လွန်နေပြီ။ ဆယ်ခုက ဘယ်လိုတောင် ဖြစ်လာတာလဲ။ ဒီကောင်စုတ် ဘယ်လောက်တောင် စွမ်းအားတွေ ရှိနေတာလဲ။”
“ဆယ်ငါးပေ အကွာမှာတောင် ကောင်းကင် သက်ဆင်းကို သုံးလိုက်တာ။ ဒါကို အစတည်းက သူတွက်ချက်ထားတာလား။”
ကောင်းကင်တာအို တပည့်သားတွေ အထိတ်တလန့် ပြောနေကြတယ်။ ဖန်ကျန်းရှီ ပြသတဲ့ စွမ်းအားတွေကို သူတို့ တကယ် လန့်နေကြတယ်။ ဒါပေမယ့် နားမလည်တာ ထပ်ရှိသေးတယ်။
တတိယ အကြီးအကဲကို ဘာဖြစ်လို့ သဲတွေက စုပ်ယူ သွားတာလဲ။ အကယ်၍ သူသာ ဟန်ချက်ပျက် မသွားခဲ့ရင်၊ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုလည်း မအောင်မြင် နိုင်ဘူး။ ဖန်ကျန်းရှီက သဲတွေကို ဘယ်လိုများ ထိန်းချုပ်လိုက်တာလဲ။
အခုချိန်မှာ ဒီပြဿနာကို စဉ်းစားနေဖို့ အချိန် မရှိဘူး။ ဖန်ကျန်းရှီက လှုပ်ရှားနေပြီ။ တတိယ အကြီးအကဲ မြေပြင်ပေါ်ကို ကျလာတဲ့ အချိန်မှာပဲ သူနောက်ထပ် တိုက်ခိုက်တယ်။
ကြွေကျလာတဲ့ ကြယ်တပွင့်လိုပဲ။ သဲတွေကို ပုံမှန် မြေအမာ နင်းသလို နင်းပြီးတော့ လျှောက်လာတယ်။ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်းမှာ အင်အားလှိုှုင်းတွေ ပေါ်လာခဲ့တယ်။ ဓားသဏ္ဍာန်။ တတိယ အကြီးအကဲ သုံးခဲ့တဲ့ နည်းလမ်းနဲ့ တပုံစံတည်းပဲ။ ဒါပေမယ့် သူက ကောင်းကင်တာအိုကို သုံးတာ။ အရှိန်နှုန်းကလည်း တတိယ အကြီးအကဲနဲ့ ယှဉ်လို့ရတယ်။
“မဖြစ်ဘူး။ တတိယ အကြီးအကဲ သတိထား။”
“ကောင်စုတ်။ ရပ်စမ်း။”
အရင်တစ်ခေါက် အကြီးအကဲ မြေပြင်ပေါ် ကျလာတဲ့ အချိန် သူတို့တွေ မစိုးရိမ်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူတို့ စိုးရိမ်နေပြီ။ တတိယ အကြီးအကဲက အရမ်းကို ဖြူဖျော့နေတယ်။ အင်အား တစက်လေးတောင် မကျန်တော့တဲ့ အတိုင်းပဲ။ သူ လက်လျှော့လိုက်ပြီ။
“လဲကျနေရင်တောင် တိုက်ခိုက်မယ်။” ဖန်ကျန်းရှီက တတိယ အကြီးအကဲ ဖြစ်နေတဲ့ ပုံစံကို ဂရုမစိုက်ဘူး။ အခုချိန် မတိုက်ခိုက်ရင်၊ သေရမယ့် သူက သူဖြစ်သွားလိမ့်မယ်။
နောက်ဆုံးတော့လည်း တတိယ အကြီးအကဲက သူ့နှလုံးကို တိုက်ခိုက်တဲ့ အချိန် နည်းနည်းလေးတောင် ညှာတာတာ မဟုတ်ဘူး။ သူ့ကို ကျိုးပဲ့အောင် လုပ်ရမယ်။ တတိယ အကြီးအကဲ ထရပ်နိုင်တာမျိုး မဖြစ်မခံဘူး။ အနည်းဆုံးတော့ လဝက်လောက် မထနိုင်အောင် သူ့အတွက် လုံခြုံအောင် လုပ်ရမယ်။
နီးကပ်နေပြီ။ ဖန်ကျန်းရှီက အရှိန်နှုန်း အပြည့်နဲ့ ရှေ့ဆက်နေတယ်။ တတိယ အကြီးအကဲရဲ့ ရင်ဘတ်ကို ဦးတည်တယ်။ ဒါက တတိယ အကြီးအကဲရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ စိတ်အာရုံ နယ်မြေကို တားမြစ်နိုင်တယ်လေ။ ဒါပေမယ့် တတိယ အကြီးအကဲကို ထိဖို့ တစ်လက်မ အလိုမှာ သူ့ခန္ဒာကိုယ် ရပ်တန့် သွားခဲ့တယ်။
သူ့ခြေထောက်တွေကို အင်အားကြီး တစ်ခုက ဆွဲထားခဲ့တယ်။ ငုံ့ကြည့်လိုက်တော့ နွယ်ပင်ကြီးတွေကို တွေ့လိုက်ရတယ်။
“ဟမ်း။” တတိယ အကြီးအကဲကို ပြန်ကြည့်တော့လည်း၊ ဖြူဖျော့ပြီး အားယုတ်နေတဲ့ ပုံပဲ။ သူလုပ်တာ မဟုတ်ဘူးလား။ ဒါဆိုရင် မကောင်းတော့ဘူး။ ဖန်ကျန်းရှီ လှုပ်ရှားပေမယ့် နောက်ကျ သွားပြီ။ အင်အားကြီးက သူ့ကို တိုက်ခိုက်နေပြီ။
“အလစ်ဝင် တိုက်တာလား။” နောက်ကျပေမယ့် ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ ဒီ တိုက်ခိုက်မှုက အင်အားကြီးပြီး မြန်ဆန်လွန်းနေတယ်။ ရွေးစရာ မရှိတော့ဘူး။ ဖန်ကျန်းရှီ အားကုန်ထုတ်ရင်း ရှေ့ဆက်တိုးတယ်။ နွယ်ပင်တွေ ထိန်းချုပ် ထားတာတောင် တလက်မတော့ ရှေ့တိုး နိုင်ပါသေးတယ်။
ဓားလက်ချောင်းက တတိယ အကြီးအကဲရဲ့ ရင်ဘတ်ကို ထွင်းဖောက်သွားတယ်။ ဒီအချိန်မှာပဲ ကြောက်စရာ အင်အားလှိုင်းတွေက သူ့ဆီကို မုန်တိုင်းကြီး တစ်ခုလို ရောက်လာခဲ့တယ်။ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ဖိနှိပ်တယ်။ တောင်ကြီး တစ်ခုလုံးက သူ့ကို လာဖိ ထားသလိုပဲ။ သူ့အရိုးတွေ ကျိုးကျေ ကုန်တဲ့ အသံကို ကြားရတယ်။
ဂျွတ်။ ဝေါ့။
တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီနဲ့ တတိယ အကြီးအကဲ နှစ်ယောက်လုံး သွေးအန်တော့တယ်။ သူတို့ နှစ်ယောက်လုံး ကောင်းကင် ကျောင်းတော် ခန်းမထဲကို လွင့်ထွက် သွားခဲ့တယ်။ ဖန်ကျန်းရှီက ခန်းမ အလယ်မှာ ရှိတဲ့ တိုင်လုံးကြီးနဲ့ ဝင်ဆောင့်တယ်။ အင်အားက ပြင်းလွန်းလို့ တိုင်လုံးကြီးက ချက်ခြင်း ကွဲအက် ပျက်စီး သွားခဲ့တယ်။
တတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်ကတော့ လေထဲမှာ လွင့်မျောနေတယ်။ သူ့ခန္ဒာကိုယ်ကို နွယ်ပင်တွေက ထိန်းချုပ်ထားတယ်။ ဖန်ကျန်းရှီကတော့ ရင်ဘတ်ထဲမှာ မွန်းကြပ်တဲ့ ဖိအားတွေကို ခံစားနေရတယ်။ နောက်ထပ် သွေးအန်ပြန်တယ်။ သူ့မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ပြီး ဖြူဖျော့ နေခဲ့တယ်။
ကောင်းကင် တာအို ခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားပြန်တယ်။ ဒီတစ်ခေါက်က ကွာခြားတယ်။ ကြောက်လန့်တာကြောင့် တိတ်ဆိတ် သွားတာ မဟုတ်ဘူး။ မြင်ရတဲ့ မြင်ကွင်းကြောင့် အထိတ်တလန့်နဲ့ တိတ်ဆိတ်သွားတာ။
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အားလုံး ဖန်ကျန်းရှီနဲ့ တတိယ အကြီးအကဲ လွင့်ထွက်သွားတာကို ငေးကြည့်နေတယ်။ အဲ့ဒီ့နောက် သူတို့ မလွင့်ထွက်ခင်က နေရာကို ပြန်လှည့်ကြည့်ကြတယ်။ ဒီနေရာမှာ လူတစ်ယောက် ရပ်နေတယ်။ သူ့ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။
နဖူးကနေ ကျောက်စိမ်းရောင် အလင်းတန်းနဲ့ စာလုံး တစ်လုံးလည်း တောက်ပ နေခဲ့တယ်။ ထူးခြား ရှုပ်ထွေးတဲ့ ဒီစာလုံးက နွယ်ပင်တွေ ရစ်ပတ်ပြီး ဖြစ်တည်နေတယ်။
“ပဉ္စမ အကြီးအကဲပဲ။”
“ပဉ္စမ အကြီးအကဲက အလစ်ဝင်တိုက်တာလား။”
“ဒါ”
ကောင်းကင် တာအို တပည့်သားတွေ သူတို့ မြင်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်နေတာ မပျောက်သေးဘူး။ တတိယ အကြီးအကဲ အန္တရာယ် ရှိနေခဲ့တာကို သူတို့ အားလုံး သိကြတယ်။ ဒါပေမယ့် ပဉ္စမ အကြီးအကဲ အလစ်ဝင် တိုက်တာကတော့ မယုံနိုင်စရာ ကိစ္စပဲ။
ကောင်းကင်တာအို တပည့်သားတွေတင် လန့်နေတာ မဟုတ်ဘူး။ ပဉ္စမ အကြီးအကဲနောက်မှာ ရပ်နေတဲ့ ပြိုင်ပွဲဝင်တွေလည်း သူတို့ မျက်လုံးကို မယုံနိုင်ဘူး။ တတိယ အကြီးအကဲ သေလုမျောပါး ဖြစ်နေတာ ကောင်းကင် တာအို ခန်းမမှာ ဆိုပေမယ့်၊ ပဉ္စမ အကြီးအကဲ လှုပ်ရှားတာကို သူတို့ မတုံ့ပြန်နိုင်သေးဘူး။
“တကယ့်ကို အင်အားကြီးတဲ့ တိုက်ခိုက်မှုပဲ။” လေးနိုင်ငံ ဧကရာဇ်တွေ ပဉ္စမ အကြီးအကဲကို ကြည့်ရင်း တစ်ယောက်ကို တစ်ယောက် မျက်စပြစ် နေကြတယ်။ ဘယ်သူမှ အခြေအနေ အကြောင်းကို မပြောဝံ့ကြဘူး။ ခေါင်းသာ ခါနေကြတယ်။
အပိုင်း (၆၅၈) ပြီး၏။
အပိုင်း (၆၅၉)
“အသင့်တော်ဆုံး သူသာ ရှင်သန်မယ်။”
“ပဉ္စမ ညီလေး။ မင်း။” တတိယ အကြီးအကဲက ဒါကိုပြောတဲ့ အချိန် နာကျင်နေတဲ့ ပုံစံပဲ။ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီးတော့ သူ့ကို ထိန်းထားတဲ့ နွယ်ပင်တွေကနေ လွတ်အောင် ရုန်းကန် နေခဲ့တယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့တယ်။
“တတိယ အကိုကြီး ပြောချင်နေတာကို သိပါတယ်။ ဒါပေမယ့် အကိုကြီး ဒီလို အရှက်ခွဲခံ နေရတာကို ကျွန်တော် ကြည့်မနေနိုင်ဘူး။ ရာထူး ပြုတ်ပါစေ။ သူ့ကို အသေသတ်မယ်။” ပဉ္စမ အကြီးအကဲက ပြုတ်ကျလာတဲ့ တတိယ အကြီးအကဲကို ကြည့်ရင်း ပြောတယ်။
ပြောပြီးတဲ့နောက် ခန်းမ ခေါင်းဆောင် မုချင်းဖန်းကို လှမ်းကြည့်တယ်။ ဒူးတစ်ဖက် ထောက်လိုက်တယ်။ သက်ပြင်းချသံတွေက ခန်းမ တစ်ခုလုံးမှာ ပဲ့တင့် ထပ်သွားခဲ့တယ်။
မုချင်းဖန်းလည်း နိုင်ငံ လေးခုက ဧကရာဇ်တွေနဲ့ ကောင်းကင် တာအို တပည့်သားတွေကို ကြည့်တယ်။ နောက်ဆုံး ပဉ္စမ အကြီးအကဲကို စိုက်ကြည့်တယ်။
“ပဉ္စမ အကြီးအကဲ။ မင်း တကယ်ပဲ ဒီလို လုပ်မှာလား။”
“ကျွန်တော့် ဆုံးဖြတ်ချက်ကို လက်ခံ ပေးပါ။” ပဉ္စမ အကြီးအကဲ ခေါင်းငြိမ့်ရင်း ပြောတယ်။
“ကောင်းပြီ။ အခုချိန်က စပြီးတော့ မင်းရဲ့ ဂုဏ်ပုဒ်ကို ရုပ်သိမ်း လိုက်ပြီ။ ပဉ္စမအကြီးအကဲ ကနေ ပုံမှန် တပည့်သား အဆင့်ကို လျော့ချတယ်။ ကောင်းကင်တာအို ကျောက်ဖျာကို ဆယ်နှစ် စောင့်ကြပ်ရမယ်။ ဒါမင်းအတွက် အပြစ်ဒဏ်ပဲ။” မုချင်းဖန်က ပဉ္စမ အကြီးအကဲရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြောတယ်။
“ခန်းမ ခေါင်းဆောင်ရဲ့ ကျေးဇူးကို ကျွန်တော် လီလင်းယွီ မမေ့ပါဘူး။ အမိန့်အတိုင်း လုပ်ဆောင်ပါမယ်။” ပဉ္စမ အကြီးအကဲ မုချင်းဖန်းကို ဦးညွှတ်လိုက်တယ်။
ဘယ်သူမှ အခုချိန်မှာ စကားမပြောကြဘူး။ အလစ်ဝင်တိုက်ခဲ့တာ။ မုချင်းဖန်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘယ်သူမှ မကန့်ကွက်ကြဘူး။ တကယ်တော့ ဂုဏ်ပုဒ်ကို ရုပ်သိမ်းတာနဲ့ ဆယ်နှစ်တိုင်တိုင် ကောင်းကင် တာအို သုမိန် ကျောက်ဖျာကို စောင့်ကြပ်ရမှာက အသင့်တော်ဆုံး အပြစ်ပေးတာပဲလေ။
ပဉ္စမ အကြီအးကဲ ထရပ်ပြီးတော့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ သူ့မျက်ဝန်းတွေက အနက်ရောင် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။
“လူငယ်လေး မင်းဂုဏ်ယူသင့်တယ်။ မင်းအသက် အတွက် ငါ့ဂုဏ်ပုဒ်ကို ပေးဆပ်လိုက်ပြီ။” ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီဆီကို လျှောက်လာခဲ့တယ်။
“ဂုဏ်ယူရမှာလား။” ဖန်ကျန်းရှီက နီးကပ်လာတဲ့သူကို ကြည့်နေခဲ့တယ်။ သူ့စိတ်ကူးကို နားလည်တယ်။ ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက်ရဲ့ ရာထူးက ဘယ်လောက်တောင် တန်ဖိုးကြီးပြီး အရေးကြီးတာလဲ သူသိတယ်။
ပဉ္စမ အကြီးအကဲက အလစ်ဝင်တိုက်တာလေး တစ်ခုပဲ။ ဖန်ကျန်းရှီက အခုချိန်မှာ နောက်ကြောင်းလည်း မရှင်းဘူး။ ဘယ်သူမှန်းလည်း မသိဘူး။ ဒီလို အမှားလေး တစ်ခုအတွက်နဲ့ ရာထူးကို ပေးဆပ်ရတာ တကယ့်ကို တင်းကြပ်တဲ့ စည်းမျဉ်းတွေပဲ။ ကောင်းကင် တာအို ခန်းမ အကြီးအကဲတွေက ဒါတွေကို လိုက်နာကြတယ်။
ဖန်ကျန်းရှီ တကယ်ပဲ ဂုဏ်ယူရမှာလား။ ရုတ်တရက် ဖန်ကျန်းရှီ ရယ်မောတော့တယ်။ တပည့်သားတွေ၊ မုချင်းဖန်းနဲ့ လေးနိုင်ငံ ဧကရာဇ်တွေကို တည်တည်ငြိမ်ငြိမ် သူစိုက်ကြည့် နေတယ်။ အသင့်တော်ဆုံး သူပဲ ရှင်သန်ရမှာလား။ ကြည့်ရတာ သုခမိန် နယ်ပယ်ကလည်း နိုင်ငံ့ စည်းမျဉ်းတွေနဲ့ အတူတူပဲ။
ဒါပေမယ့် နိုင်ငံ တစ်ခုမှာ လူတစ်ယောက်ရဲ့ နောက်ကြောင်းတွေ လုပ်ရပ်တွေကို ထည့်တွက်တယ်။ သုခမိန် နယ်မြေမှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို ပိုတန်ဖိုးထားတယ်။ ပိုပြီးတော့ သန်မာလေလေ၊ အလားအလာကောင်းပြီး တန်ဖိုးမြင့်တဲ့ နေရာကို ရောက်လေပဲ။
“ကြည့်ရတာ၊ ဒီနေ့တော့ ကောင်းကင် တာအို ခန်းမကနေ လမ်းလျှောက်ပြီး ထွက်သွားလို့ မရတဲ့ ပုံပဲ။” ဖန်ကျန်းရှီ မြေပြင်ကနေ ဖြည်းဖြည်းချင်း ထတယ်။ ပါးစပ်က သွေးတွေကို သုတ်ပြစ်ပြီး ပြုံးပြလိုက်တယ်။
“ဟုတ်တယ်။” ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီကို ခေါင်းငြိမ့်ရင်း ကြည့်တယ်။ သူ့နဖူးပေါ်က စာလုံးလည်း ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“တိုက်ခိုက်ကြစို့။” ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ အခုချိန်မှာ ဘာမှ အရေးမကြီး တော့ဘူးလေ။
“သေစမ်း။” ပဉ္စမ အကြီးအကဲ လှုပ်ရှားရင်း အော်ဟစ်တယ်။ သူ့ခန္ဒာကိုယ်က ကျောက်စိမ်းရောင် အလင်းတန်းတွေက နွယ်ပင်တွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ ဖန်ကျန်းရှီဆီကို လျှပ်စီးလက်သလို ပြေးဝင်နေတယ်။ ဒါပေမယ့် ပဉ္စမ အကြီးအကဲ တိုက်ခိုက်တဲ့ အချိန်မှာပဲ၊ သူ့နောက်မှာ တောက်ပတဲ့ ကြက်သွေးရောင် အလင်းတန်း ပေါ်လာခဲ့တယ်။ ငရဲက တက်လာသလို အရိုးထဲထိ စိမ့်သွားစေတဲ့ အေးစက်မှုက လေထု တစ်ခုလုံးကို ပြောင်းလဲ သွားစေတယ်။
“ဟမ်။” ပဉ္စမ အကြီးအကဲ နည်းနည်းတော့ အံ့ြသ် သွားတယ်။ ဒါပေမယ့် သူချက်ခြင်း တုံ့ပြန်တယ်။ အလင်းတန်းတွေ ထွက်လာတဲ့ နေရာကို လက်ဝါးနဲ့ ရိုက်ချ လိုက်တယ်။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် လွင့်ထွက် သွားတယ်။ မရေမတွက်နိုင်တဲ့ ကြက်သွေးရောင် အပိုင်းအစတွေ လေထဲမှာ လွင့်မျောလာတယ်။
“ရန်ရွှယ်လား။”
“သူက ဘာဖြစ်လို့ ပဉ္စမ အကြီးအကဲကို တိုက်ခိုက် ရတာလဲ။”
“ဘာတွေ ဖြစ်နေတာလဲ။”
ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီကို တိုက်ခိုက်တာ လူတိုင်း နားလည်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ရန်ရွှယ်က အကြောင်းပြချက် မရှိပဲ တိုက်ခိုက်တာတော့ အတင့်ရဲလွန်းတယ်။ အကြောင်းရင်း။ ရန်ရွှယ်က ဘယ်လို အကြောင်းကြောင့် တိုက်ခိုက်တာလဲ။
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ မပြောနဲ့။ ပြိုင်ပွဲဝင်တွေတောင် လန့်နေကြတယ်။ နောက်ကို ခြေငါးလှမ်း အကွာ လွင့်ထွက်လာတဲ့ ရန်ရွှယ်ကို ကြည့်ရင်း မယုံနိုင် ဖြစ်နေကြတယ်။
“ရန်ရွှယ် မင်းဘာလုပ် နေတာလဲ။” ဧကရာဇ် လင်းမုပိုင် ထရပ်တယ်။ သူလည်း အံ့သြပြီး စိတ်ရှုပ်ထွေး နေတယ်။ ကြီးမြတ်သောရှရဲ့ ဧကရာဇ် ဖြစ်တဲ့ အတွက်၊ ရန်ရွှယ်က တဇွတ်ထိုး သမား မဟုတ်မှန်း သူသိတယ်။ ရန်ရွှယ်က တရားမျှတပြီး တန်းတူညီမျှတဲ့ မိသားစုက လာတယ်။ အခုက ကောင်းကင် တာအို ခန်းမမှာ ရောက်နေတယ်။ သူကလည်း ပြိုင်ပွဲဝင်။
“ရန်ရွှယ်လား။” ပဉ္စမ အကြီးအကဲ နောက်လှည့်ကြည့်ရင်း မျက်မှောင် ကြုတ်သွားတယ်။ နောက်တစ်ကွက် မတိုက်ခိုက်တော့ပဲ သူပြောတယ်။ “ဘေးဖယ်နေ။ မင်းနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး။”
“သူ့ကို ကယ်ရမယ်။” ရန်ရွှယ့် မျက်နှာက အမူအယာ မရှိဘူး။ ဒါပေမယ့် စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးတဲ့နောက် ပဉ္စမ အကြီးအကဲဆီကို လျှောက်လာတယ်။
“သူ့ကို ကယ်မယ်။” ပဉ္စမ အကြီးအကဲ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ ရန်ရွှယ်ကို မေးတယ်။ “မင်းက သူ့ရဲ့ နောက်ကြောင်း အစစ်ကို သိလို့လား။”
“မသိဘူး။” ရန်ရွှယ် ခေါင်းခါတယ်။
“သူဘယ်သူမှန်း မသိပဲနဲ့ မင်းက ကာကွယ် မလို့လား။” ပဉ္စမ အကြီးအကဲ ရန်ရွှယ့်ကို နားမလည်နိုင်။
“ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“ခိုင်လုံတဲ့ အကြောင်းပြချက်ပေး။” ပဉ္စမ အကြီးအကဲရဲ့ အကြည့်တွေက အေးစက် နေခဲ့တယ်။
“သူက ငါ့ သူငယ်ချင်းနဲ့ အရမ်းတူတယ်။”
“တူတယ်။ ဘယ်လို တူတာလဲ။”
“နောက်ကျော ပုံစံ”
“နောက်ကျော ပုံစံပဲလား။ ရန်ရွှယ်။ အခုမင်းက ကြီးမြတ်သောရှရဲ့ မင်းသားရန်၊ နယ်စားမင်း တစ်ယောက် ဖြစ်နေပြီ။ အခြေအနေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မင်းနားလည် သင့်တယ်။ ဒီလောကမှာ နောက်ကျော ပုံစံ တူတဲ့သူတွေ အများကြီးပဲ။ ဒီအကြောင်းရင်း တစ်ခုတည်းနဲ့ ကောင်းကင် တာအို ခန်းမ တပည့်သား ဖြစ်မယ့် အရေးကို လက်လွှတ်မှာလား။” ပဉ္စမ အကြီးအကဲ ထူးဆန်းတဲ့ အသံနဲ့ ပြောတယ်။
“ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်ပြန်တယ်။
“ရန်ရွှယ်။ မင်း သေချာစဉ်းစား။ အခုချိန် နောက်ဆုတ်ရင်၊ မင်းရဲ့ လုပ်ရပ်တွေကို ငါခွင့်လွှတ်မယ်။ စာမေးပွဲ တတိယ အချီကို ဝင်ပြိုင်ခိုင်းမယ်။”
“ဆုံးဖြတ်ချက် ချပြီးပြီ။ ဖြစ်နိုင်ချေက တစ်သန်းမှာ တစ်ခုပဲ ရှိရင်တောင်၊ သူ့ကို ကယ်မှာပဲ။ သူက ငါ့ဘဝရဲ့ အရေးအကြီးဆုံး သူငယ်ချင်း ဖြစ်နေတယ်။” ရန်ရွှယ်ရဲ့ မျက်လုံးမှာ ကြက်သွေးရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ့ခြေထောက်အောက်မှာ ကြက်သွေးရောင် လှိုင်းတွေ ထွက်ပေါ် လာပြီးတော့ တကိုယ်လုံးကို သွေးနီရောင် အလင်းတန်းတွေ လွှမ်းခြုံ သွားခဲ့တယ်။
“အဲ့တာ အဇူရာ တာအိုပဲ။”
“ရန်ရွှယ်က အဆင့်တက်ဖို့ ခြေတလှမ်းပဲ လိုတော့တယ်။”
“သူက အဆင့် မတက်သေးပင်မယ့်၊ အစွမ်းကတော့ ပြန်လည် မွေးဖွားမှု အလယ်ဆင့် လူတစ်ယောက်နဲ့ ယှဉ်လို့ရတယ်။ သူက အခုချိန်မှာ ၁၈နှစ်တောင် မပြည့်သေးဘူး။”
ကောင်းကင် တာအို တပည့်သားတွေ ထိတ်လန့် တကြား ပြောနေကြတယ်။ ရန်ရွှယ်က မခိုင်လုံတဲ့ ယူဆချက် တစ်ခုတည်းနဲ့ ပဉ္စမ အကြီးအကဲကို တကယ်ပဲ တိုက်ခိုက်မှာလား။ နောက်ပြီးတော့ ဖြစ်နိုင်ချေ တစ်သန်းမှာ တစ်ခုပဲ ရှိတဲ့ အကြောင်းရာနဲ့ သူ့ရဲ့ ကောင်းကင် တာအို တပည့်သား ဖြစ်ခွင့်ကို လဲလှယ်မှာလား။
သူငယ်ချင်း တစ်ယောက်တဲ့။ ဒီလို သူငယ်ချင်းက လောကမှာ ရှိတယ်လား။
“ရန်ရွှယ် စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူက ဖန်ကျန်းရှီ မဟုတ်ဘူး။ ဖန်ကျန်းရှီက လွန်ခဲ့တဲ့ လဝက်တုန်းက မြောက်ရွာမှာ ရှိနေတာ ငါကိုယ်တော် သတင်းရတယ်။ ဒီကို အချိန်မှီ ရောက်လာနိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်ပဲ ရှိသေးတယ်။ ဒီအချိန် ၂လတည်းနဲ့ ပြန်လည် မွေးဖွားမှု အဆင့်ရောက်ပြီး၊ ကောင်းကင် တာအိုမှာ ပညာရှင် အဆင့် ရောက်သွားတာ မဖြစ်နိုင်မှန်း မင်းသိပါတယ်။” ဧကရာဇ် လင်းမုပိုင် စိုးရိမ် တကြီးနဲ့ ပြောနေတယ်။ ရန်ရွှယ်ပြောတဲ့ သူငယ်ချင်းကို သူကောင်းကောင်း သိတယ်လေ။
ဒါကြောင့်ပဲ ဖန်ကျန်းရှီ အစစ် ဟုတ်မဟုတ် မသိရတဲ့ လူတစ်ယောက် အတွက်နဲ့ ရန်ရွှယ်ကို ကောင်းကင် တာအို ခန်းမရဲ့ ရန်သူ အဖြစ် မခံနိုင်ဘူး။ ပဉ္စမ အကြီးအကဲ ရာထူး ပြုတ်နေရင်တောင် ဒီလို အဖြစ် မခံနိုင်။ သူက ကြီးမြတ်သောရှရဲ့ ဧကရာဇ်။ နိုင်ငံရေး အင်အားတွေ ဘယ်လို အလုပ်လုပ်မှန်း သူသိတယ်။ ရာထူးကို လျော့ချတာက အမြဲတမ်း ယာယီ ဖြစ်ရုံပဲ။
“သူပြောတာ မှန်တယ်။ ငါက မင်းသူငယ်ချင်း မဟုတ်ဘူး။ မင်းဘယ်သူမှန်းတောင် မသိဘူး။ ထွက်သွား။” ဖန်ကျန်းရှီ အော်ဟစ်တယ်။
“မင်း ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ငါ့ဆုံးဖြတ်ချက် မပြောင်းဘူး။” ရန်ရွှယ်ကတော့ ဘယ်သူ့ စကားမှ နားမဝင်။
“မင်း စိတ်မှမှန်ရဲ့လား။” ဖန်ကျန်းရှီ လှမ်းအော်တယ်။
“ငါ နောင်တ မရဘူး။ သူက ငါ့ဘဝမှာ ပထမဆုံး သူငယ်ချင်း။ တစ်ဘဝလုံးမှာ အရေးအကြီးဆုံး သူငယ်ချင်းပဲ။” ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ရန်ရွှယ် လေးလေးနက်နက် စဉ်းစားနေတယ်။ သူဆက်ပြောတယ်။ “ငါ့ အဖိုး တစ်ခါတုန်းက ငါ့ကို ပြောဖူးတယ်။ မိတ်ဆွေများများ ဖွဲ့ဖို့။ ငါ့အတွက်တော့ ငါ့ဘဝမှာ သူတစ်ယောက်တည်း ရှိရင် လုံလောက်ပြီ။”
“သူငယ်ချင်း တစ်ယောက်တဲ့။”
“တစ်ဘဝလုံး အတွက် သူငယ်ချင်း တစ်ယောက်တည်း။ ဒါက ဘယ်လို အကြောင်းပြချက်လဲ။”
ကောင်းကင်တာအို ခန်းမ တပည့်သားတွေ ဒါကိုကြားတော့ တယောက်ကို တစ်ယောက် ကြည့်မိကြတယ်။
ရန်ရွှယ်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်။ သူဆက်ပြောတယ်။ “ငါပြောတဲ့ သူငယ်ချင်းက မင်းနဲ့ အတော်လေး တူတယ်။ အသေးစိတ် ကိစ္စတွေ ဂရုမစိုက်ဘူး။ တခြားသူတွေကို လှည့်စားတယ်။ နှစ်ယောက်လုံးက ခေါင်းမာတာလည်း တူတယ်။ တခြားသူတွေကို ပြဿနာရှာတဲ့ ပုံစံလည်း တူတယ်။”
“ဒါပေမယ့် သူက ငါ့ကို တစ်ခါလေးတောင် မလှည့်စားဖူးဘူး။ ငါတို့ ပထမဆုံး တွေ့တဲ့ အချိန်တည်းက အခုထိပဲ။”
“သူက ပိုက်ဆံတွေကို ချစ်တယ်။ ဒါပေမယ့် ငါတို့ ခုနှစ်စင်ကြယ်လမ်းမှာ ရှိတဲ့ အချိန်၊ ကြယ်၇ပွင့်လုံး ထွက်လာမယ်လို့ သူလောင်းကြေးထပ်တာကို ငါလည်း လိုက်လောင်းခဲ့တယ်။ ငွေသား ငါးသောင်းဖိုး။ ငါသာ ဒီလို လောင်းကြေး မထပ်ရင်၊ အဲ့ဒီ့နေ့မှာ ကြယ်၇ပွင့် ထွက်မလာမှာကို ငါသိတယ်။”
“အဲ့ဒီ့နေ့ ငါနိုင်ခဲ့တယ်။”
“သူက ငါ့ကို တမင် အနိုင်ပေးတယ်။ ဒီတစ်ခေါက်လည်း သူ့ကို ယုံပြီးတော့ ငါလောင်းကြေး ထပ်မယ်။ ဖြစ်နိုင်ချေက အပုံ တစ်သန်းပုံ တစ်ပုံ ဖြစ်နေရင်တောင်၊ ငါလုပ်မှာပဲ။”
“လောကမှာ လူတိုင်းကို ငါကျောခိုင်းနိုင်တယ်။ ဒါပေမယ့် သူကတော့ ချွင်းချက်။”
အပိုင်း (၆၅၉)ပြီး၏။
အပိုင်း (၆၆၀)
“ပေါက်ကွဲမှု။ ခရမ်းရောင် အလင်းတန်းတွေ ကောင်းကင်ကို မြင့်တက်။”
“တစ်လောကလုံးကို ကျောခိုင်းနိုင်တယ်။ ဒါပမေယ့် သူကတော့ ချွင်းချက်။”
ရန်ရွှယ့် အသံက ကောင်းကင် ခန်းမ တစ်ခုလုံးမှာ ပဲ့တင် ထပ်နေတယ်။ ကျောင်းတော်သားတွေ ဒါကိုကြားတော့ တိတ်ဆိတ် သွားခဲ့တယ်။ သူဘာပြောချင်မှန်း လူတိုင်းသိတယ်။ လောကမှာ ဒီလို သူငယ်ချင်း တကယ်ပဲ ရှိတာလား။
လူတစ်ယောက်တည်း အတွက် အားလုံးကို စွန့်ပြစ်နိုင်တယ်ပေါ့။
ရန်ရွှယ် ပြောနေတဲ့ သူငယ်ချင်း ဆက်ဆံရေးကို သူတို့ နားမလည် နိုင်ပေမယ့်၊ ဘာမှ မပြောတော့ဘူး။ ရန်ရွှယ်ရဲ့ ဆုံးဖြတ်ချက် အရမ်းကို ပြတ်သားနေတယ်။
“ရန်ရွှယ်။ မင်းဘာလို့ ဒီလို လုပ်တာလဲ။” ဧကရာဇ် လင်းမုပိုင် အသနားခံတဲ့ ပုံစံနဲ့ မေးမြန်းနေတယ်။ တကယ်တော့ သူစိုးရိမ် ပူပန်နေတဲ့ အပြင် ကူကယ်ရာလည်း မဲ့နေခဲ့တယ်။
“အရှင်မင်းမြတ် ကျွန်တော့်ကို ဒီလို တောင်းဆိုဖို့ မလိုပါဘူး။ ဆုံးဖြတ်ချက် ချပြီးသွားပြီ။ အပုံတစ်သန်းမှာ တစ်ပုံပဲ ဖြစ်နိုင်ချေ ရှိတာကို လောင်းကြေးထပ်မယ်။ အသက်ဆုံးရမယ် ဆိုရင်တောင် သူ့ကို ကယ်မယ်။” ရန်ရွှယ့် မျက်လုံးတွေက ပိုပြီးတော့ တောက်ပလာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက ငွေရောင် ယပ်တောင်မှာ သွေးနီရောင် မျဉ်းကြောင်းတွေ ပေါ်လာခဲ့တယ်။ အနီရောင် ကွန်ယက်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လို ထင်ရှား လာခဲ့တယ်။ ယပ်တောင်က ခပ်ဖွဖွ တုန်ယင်နေတယ်။
“ရန်ရွှယ် မင်းသေချာပြီလား။” ပဉ္စမ အကြီးအကဲက ရန်ရွှယ့်ကို မေးတယ်။
“နောင်တ မရဘူး။” ပြေးဝင်လာရင်းနဲ့ ရန်ရွှယ် အော်ဟစ်တယ်။ သူ့ရဲ့ လုပ်ရပ်ကြောင့် နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်ပြီ ဆိုတာကို လူတိုင်း သိနိုင်တယ်။ ငွေရောင် သွေးယပ်တောင်ကို ခတ်လိုက်တယ်။ ရာချီတဲ့ သွေးနီရောင် မျဉ်းတွေက မြေပြင်ပေါ်ကို ကျလာခဲ့တယ်။ ပဉ္စမ အကြီးအကဲနဲ့ ချန်ခွန်း မြေရိုင်းကို ဖုံးအုပ် သွားခဲ့တယ်။ ပဉ္စမ အကြီးအကဲရဲ့ ရှေ့ကို ရောက်လာခဲ့တဲ့ ရန်ရွှယ် သူ့ယပ်တောင်နဲ့ ချက်ခြင်း တိုက်ခိုက်တယ်။
“အတင့်ရဲ လိုက်တာ။” ပဉ္စမ အကြီးအကဲရဲ့ မျက်ဝန်းတွေက ကျောက်တုံးလို မာကျော အေးစက်နေတယ်။ ရန်ရွှယ်က ကြီးမြတ်သောရှရဲ့ ခံတပ် စစ်သည်တော်ဆိုတာ သူသိတယ်။ ဒါပေမယ့် သူနဲ့ မဆိုင်ဘူးလေ။ ကြီးမြတ်သောရှက နယ်စားမင်း၊ မင်းသားရန်က ကောင်းကင်တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက်ကို မကြောက်လန့် စေဘူးလေ။ တကယ်တော့ စိတ်တောင် မဝင်စားဘူး။
ဝုန်း။ မရေမတွက်နိုင်တဲ့ နွယ်ပင်တွေ မြေပြင်ကနေ ထွက်ပေါ်လာတယ်။ တစ်ပင်ချင်းစီက လူ့ပေါင်လုံး အရွယ်ရှိတယ်။ ပဉ္စမ အကြီးအကဲရဲ့ ပတ်ပတ်လည် ငါးပေက နွယ်ပင်တွေ ဖုံးအုပ် သွားခဲ့တယ်။ သွေးနီရောင် မျဥ်းတွေက အကြီးအကဲကို ခပ်ကြမ်းကြမ်း ဆွဲယမ်းနေတယ်။ ပင်လယ် ရေလှိုင်းတွေက တောင်ကြီးကို တိုက်စား နေသလိုပဲ။ အချိန်မရွေး အက်ကွဲ သွားနိုင်တယ်။
ရန်ရွှယ်တော့ နောက်မဆုတ်။ သူ့ရဲ့ ကြက်သွေးရောင် အလင်းတန်းတွေက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ငွေရောင် ယပ်တောင်ကို သုံးပြီးတော့ နွယ်ပင်တွေကို သူခုခံ နေတယ်။ ပဉ္စမ အကြီးအကဲဆီကို ရောက်ဖို့ တစ်ပေပဲ လိုတော့တယ်။
“အဇူရာ တာအိုက တကယ့်ကို တိုက်ခိုက်ရေး တာအိုပဲ။” ပဉ္စမ အကြီးအကဲက ရန်ရွှယ်ကို ကြည့်ရင်း မှတ်ချက် ပေးတယ်။ သူ့နဖူးပေါ်က အလင်းတန်းလည်း မျက်လုံး ကန်းလောက်အောင် တောက်ပလာတယ်။ “သဘာဝကို ထွန်းလင်းစေ။”
အကြီးအကဲရဲ့ အသံထွက်လာတာနဲ့ အစိမ်းရောင် အလင်းတန်းတွေလည်း သူ့ကိုယ်က ထွက်လာခဲ့တယ်။ အလင်းတန်းတွေက ကျိုးပဲ့သွားတဲ့ နွယ်ပင်တွေကို ပြန်ပြီးတော့ အသက်သွင်းတယ်။ ရန်ရွှယ့်ကို နွယ်ပင်တွေက အရှိန်ပြင်းပြင်း ရိုက်ခတ်တယ်။ စက္ကန့်နဲ့ အမျှ ရန်ရွှယ့် မျက်နှာက ပိုပြီးတော့ ဖြူဖျော့ လာခဲ့တယ်။
“ရန်ရွှယ်။” အော်သံ တစ်ခု ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် အပြာရောင် အလင်းတန်းက ပဉ္စမ အကြီးအကဲရဲ့ နောက်မှာ ပေါ်လာခဲ့တယ်။
“မင်းတို့ နှစ်ယောက်လုံး တစ်ခါတည်း လာမှာလား။ ကောင်းတာပေါ့။ ငါလိုချင်နေတာနဲ့ ကွက်တိပဲ။” ဖန်ကျန်းရှီ တိုက်ခိုက်တာကို အကြီးအကဲ မအံ့သြဘူး။ နောက်ထပ် နွယ်ပင်တွေ ပေါ်လာပြီးတော့ ဖန်ကျန်းရှီကို တိုက်ခိုက်တယ်။
ဒါပေမယ့် နွယ်ပင်တွေ သွားနေတဲ့ အချိန်မှာပဲ၊ ပဉ္စမ အကြီးအကဲရဲ့ ခြေထောက်အောက်မှာ ပြင်းထန်တဲ့ စုပ်ယူမှု အင်အားကြီး ပေါ်လာခဲ့တယ်။ သဲဝဲကြီး တစ်ခု ဖြစ်ပေါ်လာပြီးတော့ အရှိန်ပြင်းပြင်း လှုပ်ရှားတော့တယ်။ ပဉ္စမ အကြီးအကဲရဲ့ မျက်နှာ တည်ကြည် သွားခဲ့တယ်။ ကောင်းကင် တာအို ခန်းမ တပည့်တွေလည်း အတူတူပဲ။ ပါးစပ် အဟောင်းသားနဲ့ စိုက်ကြည့် နေခဲ့တယ်။
“ချန်ခွန်း မြေရိုင်းလား။ ဒါက။”
“တတိယ အကြီးအကဲက ပဉ္စမ အကြီးအကဲကို ဘာဖြစ်လို့ တိုက်ခိုက်။”
“မဟုတ်သေးဘူး။ အဲ့တာက။”
ချန်ခွန်း မြင့်မြတ်မြေကို တတိယ အကြီးအကဲ ထိန်းချုပ်တာ လူတိုင်းသိတယ်။ အခုတော့ ဘာဖြစ်လို့ ပဉ္စမ အကြီးအကဲကို တိုက်ခိုက် နေတာလဲ။ အခုက ဒါကို အာရုံ စိုက်ရမှာ မဟုတ်ဘူး။ ပဉ္စမ အကြီးအကဲ ဟန်ချက် ပျက်သွားတာနဲ့ ဖန်ကျန်းရှီက သူ့နောက်ကို ရောက်လာခဲ့တယ်။
“အင်း။ မင်းက တကယ်ပဲ ချန်ခွန်း မြေရိုင်းကို ထိန်းချုပ် နိုင်တာကိုး။ ငါနားလည်ပြီ။” အကြီးအကဲရဲ့ မျက်လုံးတွေက အစိမ်းရောင် ပြောင်းသွားခဲ့တယ်။ တိုက်ပွဲကို ပိုပြီးတော့ အာရုံ စိုက်တယ်။ ဖန်ကျန်းရှီက ချန်ခွင်း မြေရိုင်းကို ဘယ်လို ထိန်းချုပ်မှန်းတော့ သူမတွေးတတ်ဘူး။
ဒါပေမယ့် အရင်တစ်ခေါက် တိုက်ပွဲကို အစအဆုံး သူမြင်လိုက်တယ်။ ဒါကြောင့်ပဲ ဖန်ကျန်းရှီ အလစ်ဝင်တိုက်တာ အောင်မြင် ခဲ့တာပဲ။ ပဉ္စမ အကြီးအကဲက ဒီအတွက် ပြင်ဆင်ထားတယ်။ ဟန်ချက် ပျက်သွားတာနဲ့ ကြောက်စရာ အင်အားလှိုင်းတွေ သူ့ကိုယ်ကနေ ပေါ်လာခဲ့တယ်။
ဝုန်း။ ကြောက်စရာ အင်အားလှိုင်းတွေကို ဖန်ကျန်းရှီ ခံစားရပြီး လွင့်ထွက် သွားခဲ့တယ်။ တခြား တဖက်က ရန်ရွှယ်လည်း တိုက်ခိုက်မှုကြောင့် ပိုပြီးတော့ အထိနာ နေခဲ့တယ်။ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာတယ်။ သွေးတပွက် အန်ထုတ်လိုက်တယ်။ ဘာကိုမှ ဂရုစိုက်တဲ့ ပုံစံမပေါ်ဘူး။
သူပြောထားသလိုပဲ။ အပုံတစ်သန်းမှာ တစ်ပုံပဲ ဖြစ်နိုင်ချေ ရှိရင်တောင် လောင်းကြေးထပ်မယ်။ နောင်တမရဘူး။
“အား။” ရန်ရွှယ် အော်ဟစ်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး ကြက်သွေးရောင် အလင်းတန်းတွေ ဖုံးလွှမ်း သွားခဲ့တယ်။ နွယ်ပင်တွေကို အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက် တော့တယ်။
အစိုင်အခဲတွေ အက်ကွဲတဲ့ အသံက ပဲ့တင့် ထပ်နေခဲ့တယ်။ ကျောက်စိမ်းရောင် နွယ်ပင်တွေမှာ အက်ကွဲရာတေါ ပေါ်လာခဲ့တယ်။ အချိန်တို အတွင်းမှာ နွယ်ပင်တွေ တစ်စဆီ ဖြစ်ကုန်တယ်။
“ရန်ရွှယ် မင်းကတော့ ကယ်တင်လို့ မရတော့ဘူး။” အကြီးအကဲက ရန်ရွှယ့်ကို ကြည့်ရင်း ပြောတယ်။ အခုချိန်မှာ စကားနဲ့ ပြောစရာ မလိုတော့မှန်း သူသိတယ်။ ရန်ရွှယ့် စိတ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။
“တလောကလုံးကို ကျောခိုင်းနိုင်တယ်။ သူ့ကိုတော့ မဖြစ်ဘူး။” ရန်ရွှယ့် မျက်လုံးတွေက အထီးကျန်တဲ့ အင်အား အရှိန်အဝါတွေ ဖြာထွက်လာတယ်။ ခြေထောက် အောက်ကနေ အင်အားလှိုင်းတွေ ထွက်ပေါ်လာတယ်။ မြေအောက်ထဲက နက်ရှိုင်းတဲ့ အင်အားတွေက သူ့ကို ဖျက်ဆီးလိုစိတ် ပြည့်နှက်အောင် အားပေးနေသလိုပဲ။
အချိန်တို အတွင်းမှာပဲ၊ ရန်ရွှယ့် အသားအရေက အနီရောင် တောက်တောက်တွေ လင်းလက်လာတယ်။ သွေးတွေက သူ့အရေပြားတွေ ချွေးပေါက်တွေကနေ စီးထွက်လာတယ်။ အနီရောင် အလင်းတန်းနဲ့ ပေါင်းပြီးတော့ တောက်ပနေခဲ့တယ်။ သူ့ပုံစံက အရမ်းကို နာကျင် နေတဲ့ ပုံစံပဲ။ ကြမ်းတမ်း ရက်စက်တဲ့ နှိပ်စက်မှု တစ်ခုကို ဖြတ်သန်း နေရသလို အသွင်ရောက်နေတယ်။
“ရန်ရွှယ် မင်း သူငယ်ချင်း ဖန်ကျန်းရှီကို မင်းဂရုစိုက်တာ ဟုတ်တယ်။ မင်းသာ ကောင်းကင် တာအို ခန်းမမှာ သေသွားရင် သူဘယ်လို ခံစားရမလဲ။ မင်းအတွက် သူလက်စားချေတာကို တကယ် လိုချင်ရဲ့လား။” ဖန်ကျန်းရှီရဲ့ အသံ ထွက်ပေါ်လာတယ်။
“ကောင်းကင် တာအို ခန်းမကို ငါ့အတွက် လက်စားချေမယ်။” ရန်ရွှယ့် ခန္ဒာကိုယ် တုန်ယင်သွားတယ်။ သွေးတွေလည်း ရပ်တန့်သွားပြီးတော့ တွေဝေနေတဲ့ ပုံစံပဲ။
“ဟုတ်တယ်။ မင်းဘာဖြစ်လို့ မစောင့်တာလဲ။ ဧကရာဇ်ပြောတာ ယုတ္တိရှိတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းက မြောက်ရွာမှာ ဖန်ကျန်းရှီ ရှိနေတယ်။ ဒီကို ဘယ်လို အမှီ လာနိုင်မှာလဲ။ သူက တောင်ခြေမှာ အခုရောက်နေတာလည်း ဖြစ်နိုင်တယ်။ ” တွေဝေသွားတဲ့ ရန်ရွှယ်ကို ကြည့်ရင်း ဖန်ကျန်းရှီ ဆက်ပြောတယ်။
“တောင်ခြေမှာ စောင့်နေတယ်။” ရန်ရွှယ် စကားလုံးတွေကို ရေရွတ်ရင်း သူ့မျက်လုံးက ကြက်သွေးရောင် အလင်းတန်းတွေ လှိုင်းထန်လာတယ်။ စိတ်ခံစားချက်တွေ မတည်မငြိမ် ဖြစ်နေတဲ့ ပုံစံပဲ။
“ဟုတ်တယ်။ မင်းမယုံရင်။ တောင်ခြေကို သွားကြည့်။ ဖန်ကျန်းရှီသာ မင်းအကြောင်းရင်းမဲ့ သေသွားရတာကို သိရရင်၊ သူဘယ်လို ခံစားရမယ် ထင်လဲ။ သူ့မှာ အသက်ရှင်ချိန်က လပိုင်းပဲ ကျန်တော့တယ်။ မင်းအတွက် လက်စားချေရင်း သူ့ဘဝကို ကုန်ဆုံး စေချင်လို့လား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ငါ့အတွက် လက်စားချေလို့ မဖြစ်ဘူး။ သူ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ သူ့အချိန်တွေကို ငါ့အတွက် ဖြုန်းပြစ်စေလို့ မဖြစ်ဘူး။ ငါစောင့်ရမယ်။ မဟုတ်။ မင်းမှားတယ်။ သူက ကောင်းကင် တာအို ခန်းမကို လာမှာ အသေချာပဲ။ ငါ့ကို ကတိပေးထားတယ်။ နောက်ပြီးတော့ သူ့မှာ အသက်ရှင်ချိန် လပိုင်းပဲ ကျန်တာ မင်း ဘယ်လို သိလဲ။ မင်း။” ရန်ရွှယ့် စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးနေတယ်။ သူ့ခြေထောက်အောက်က ကြက်သွေးရောင် အလင်းတန်းတွေ အရှိန်ပြင်းပြင်း လှုပ်ရှားနေတယ်။
“မင်း ဒီလောက် ခေါင်းမာ နေမှတော့ သေပေရော့၊” ပဉ္စမ အကြီးအကဲက ရန်ရွှယ့် ဆီကို အလင်းနှုန်းနဲ့ ရောက်လာတယ်။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က ဒီတိုက်ပွဲမှာ ပူပေါင်းဖို့ စိတ်ကူးရှိတာကို သူသိတယ်။
ဒီနှစ်ယောက်မှာ တစ်ယောက်က အဇူရာ တာအိုကို ကျွမ်းကျင်တဲ့သူ။ နောက်တစ်ယောက်က ကောင်းကင် တာအို ပညာရှင်။ သူက ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ပေမယ့်၊ ဉာဏ်ကြီးရှင် ပါရမီရှင် နှစ်ယောက်ကို တစ်ခါတည်း တိုက်ခိုက်နိုင်ဖို့ မလွယ်ဘူး။
အထူးသဖြင့် ဖန်ကျန်းရှီ။ သူက မိစ္ဆာတကောင်လိုပဲ။ နှလုံးသားထဲမှာ ကြောက်လန့်ပြီး စိတ်ဖိစီးနေတယ်။ တတိယ အကြီးအကဲနဲ့ တိုက်ခိုက်တဲ့ အချိန်၊ ဖန်ကျန်းရှီ နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ။ မဖြစ်နိုင်တာပဲလေ။
ဒါပေမယ့် တတိယ အကြီးအကဲ တကယ်ပဲ ရှုံးနိမ့်ခဲ့တယ်။ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဖန်ကျန်းရှီကို သတိကြီးကြီး ထားခဲ့တယ်။ ဒီကောင့်မှာ အရှက်မရှိတဲ့ နည်းလမ်းတွေ ဘယ်လောက်များများ ရှိနေမှန်း ဘယ်သူ သိနိုင်မှာလဲ။
ဒါကြောင့် တစ်ယောက်ယောက်ကို အရင်ဆုံး ရှင်းထုတ်ရမယ်။ မတော်တဆ ဖြစ်တာကို ကာကွယ်ရမယ်။
ဝုန်း။ သူ့လက်ဝါးက ရန်ရွှယ့် ကိုယ်ပေါ်ကို ကျရောက်လာတယ်။ တကယ်တော့ သူတတ်နိုင်သလောက် အရှိန်နည်းနည်းနဲ့ ငြင်ငြင်သာသာ လုပ်ထားတာပဲ။ ဒီလိုတောင်မှ ရန်ရွှယ့် ခန္ဒာကိုယ် တစ်ခုလုံး အရှိန်ပြင်းပြင်း တုန်ယင် သွားခဲ့တယ်။ တောက်ပတဲ့ အနီရောင် အလင်းတန်းက ရုတ်တရက် ခန္ဒာကိုယ်ထဲကို ပြန်ဝင် သွားခဲ့တယ်။
နောက်ထပ် ပါးစပ် အပြည့် သွေးတွေကို ရန်ရွှယ် အန်ထုတ်လိုက်တယ်။ အနီရောင် အလင်းတန်းတွေနဲ့ ပေါင်းစည်း သွားပြီးတော့ လေထဲမှာ သွေးမိုးတွေ ရွာနေ သလိုပဲ။
“ရန်ရွှယ်။” စိုးရိမ်တကြီး အော်ဟစ်တဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်းကြီးက ကောင်းကင် အထိ တိုးတက် သွားခဲ့တယ်။ မိစ္ဆာတစ်ကောင်လို ချိန်းခြောက်မှု အပြည့်နဲ့ အရှိန်အဝါတွေ ထွက်ပေါ် လာခဲ့တယ်။
အပိုင်း (၆၆၀)ပြီး၏။