အပိုင်း (၆၆၁-၆၇၀)
Vol. 7 Ch. 661-670
အပိုင်း (၆၆၁)
“ဆူးနွယ်စိမ်း ဈာပန။”
ဘာသာပြန်သူ-Enri Thaw
ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံး လူသတ်ငွေကတွေ ပြည့်နေခဲ့တယ်။ လေထု တစ်ခုလုံးက အရမ်းကို တင်းမာနေပြီ။ အထိမခံပဲ ပေါက်ကွဲတော့မယ့် အတိုင်းပဲ။
လူသတ်ငွေ့တွေ လွှမ်းခြုံထားတဲ့ ခရမ်းရောင် အလင်းတန်းက မိုးကောင်းကင်ကို ထိုးတက် သွားခဲ့တယ်။ ခရမ်းရောင် အလင်းမဏ္ဍိုင်ထဲမှာ ပုန်းကွယ်နေတဲ့ ဓားတစ်ချောင်း ရှိနေတယ်။ ခရမ်းရောင် အလင်းတန်းတွေက ဓားကို လွှမ်းခြုံပြီးတော့ လှည့်ပတ် နေခဲ့တယ်။ ဒီဓားနာမည်က ခြေရာမဲ့။
“အဲ့တာ ခြေရာမဲ့ ဓားလား။” ဓားကို မြင်တော့ ဧကရာဇ် လင်းမုပိုင် တုန်ယင် သွားခဲ့တယ်။ ခေါင်းကို မိုးကြိုးပြစ်ခံ လိုက်ရသလိုပဲ။ ဧကရာဇ် လင်းမုပိုင် တစ်ယောက်တည်းတင် မဟုတ်ဘူး။ မင်းသားရှန်း လင်းယွမ် အပါအဝင် တခြား နိုင်ငံ သုံးခုက ဧကရာဇ်တွေလည်း ချက်ခြင်း မတ်တပ်ရပ်ရင်း ဓားကို စိုက်ကြည့် နေကြတယ်။
ကြီးမြတ်သောရှရဲ့ ဒဏ္ဍာရီလာဓားကို သူတို့ သိကြတယ်လေ။ ဒီဓားက သုခမိန် စစ်နတ်မုန့်ထျန်း ကိုင်ဆောင်ခဲ့တဲ့ဓား။ သုခမိန် လောကထဲကနေ ဖန်ကျန်းရှီ ထုတ်လာခဲ့တာ။
“အဲ့တာ ခြေရာမဲ့ ဓားလား။”
“ခရမ်းရောင် အလင်းတန်းတွေ အရမ်း ပြင်းထန် နေပင်မယ့်၊ ခြေရာမဲ့ ဓားဆိုတာ သေချာတယ်။”
“ဒါပေမယ့် ဘာဖြစ်လို့ ဒီလောက်တောင် လူသတ်ငွေ့တွေ များနေတာလဲ။ ငါသိထားသလောက် ဆိုရင်၊ သုခမိန် စစ်နတ် မုန့်ထျန်းက သတ်ဖြတ်ရတာ ကြိုက်တဲ့သူ မဟုတ်ဘူး။ အရမ်းကို အေးချမ်းတဲ့သူ။ ဒါဆိုရင် ဘာကြောင့်များ ဒီဓားမှာ အမျက်ဒေါသတွေ ပြည့်နေရတာလဲ။”
သုံးနိုင်ငံ ဧကရာဇ်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ သူတို့ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ အပြည့်။ သူတို့ စကားကို ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း ကြားတယ်။ သူတို့လည်း ခြေရာမဲ့ဓားကို လှမ်းကြည့် နေကြတယ်။
“ခြေရာမဲ့ဓား ဆိုရင်၊ အဲ့တာက၊”
“ဟုတ်တယ်။ ဖန်ကျန်းရှီပဲ။”
“ဘာဖြစ်တယ်။ သူက တကယ်ပဲ ဖန်ကျန်းရှီပေါ့။ ဒါဆိုရင် ရန်ရွှယ် ခန့်မှန်းတာ မှန်နေတာပဲပေါ့။”
“မမှားနိုင်ဘူး။ ငါကြားတာတော့ ဖန်ကျန်းရှီ ခြေရာမဲ့ ဓားကို ထုတ်လာခဲ့ပြီးတဲ့ နောက်မှာ၊ တခြား ဘယ်သူမှ ဒီဓားရဲ့ စွမ်းအားကို မထိန်းချုုပ်နိုင်ဘူး ဆိုပဲ။”
“ဖန်ကျန်းရှီ။ မင်းပြောချင်တာ သူက ကြီးမြတ်သော ရှနိုင်ငံတော်က အသက်အငယ်ဆုံး နယ်စားမင်း မဟုတ်လား။ သူက သဘာဝလွန် အဆင့်မှာပဲ ရှိနေသေးတာ မဟုတ်လား။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ သိသိသာသာကြီးကို ထိတ်လန့် နေကြတယ်။
အဝေးမှာ ရပ်နေတဲ့ ချန်းဝူလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်နှာတစ်ခုလုံး မည်းမှောင် နေခဲ့တယ်။ သူခပ်တိုးတိုး ရေရွတ်နေတယ်။ “ခြေရာမဲ့ဓားတဲ့။ ဖန်ကျန်းရှီ၊ တကယ်ပဲ မင်းပေါ့။”
“ဖန်ကျန်းရှီ။ တကယ် သူပဲ။ ရန်ရွှယ် မှန်တယ်။” နန်ကုန်းမု မယုံမကြည်နဲ့ မျက်လုံးပြူး နေတယ်။
“သူက ပြန်လည် မွေးဖွားမှု အဆင့်မှာ ရောက်နေပြီ။ မြန်လိုက်တာ။” နန်ကုန်းမုနဲ့ အတော်လေး တူတဲ့ လူတစ်ယောက်က ခြေရာမဲ့ဓားကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။
“မင်းက ဖန်ကျန်းရှီလား။” ပဉ္စမ အကြီးအကဲ ခရမ်းရောင် အလင်းတန်းထဲက လူကို ကြည့်ရင်း မယုံမကြည် မေးတယ်။
ဝူး။
သူ့မေးခွန်းကို ဖန်ကျန်းရှီ ပြန်မဖြေဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ အစိမ်းရောင် အလင်းတန်းတွေက ဝတ်ရုံဖြူကိုလည်း စုတ်ပြဲ သွားစေပြီ။ သူ့ရဲ့ မျက်နှာဖုံးလည်း ဝတ်ရုံနဲ့ အတူ ပျက်ဆီး သွားခဲ့ပြီ။
ရှင်းသန့် ငယ်ရွယ်တဲ့ မျက်နှာ တစ်ခု ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ပုံမှန် အပြုံးမျက်နှာ ရှိမနေခဲ့ဘူး။ လူသတ်ချင်စိတ် အပြည့်နဲ့ အမူအယာသာ ရှိနေခဲ့တယ်။
“အမှန်ပဲ။” ပဉ္စမ အကြီးအကဲရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူ့သံသယက သေချာ သွားခဲ့ပြီ။
ဖန်ကျန်းရှီ၊ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ အသက် အငယ်ဆုံး နယ်စားမင်း၊ မျိုးရိုးမတူတဲ့ မင်းသား။ မြောက်ပိုင်းက မထင်မရှား မိသားစုလေးကနေ မွေးလာတယ်။ ကြီးမြတ်သောရှ တာအို အတွေးအခေါ် စာမေးပွဲတည်းက နာမည်ကျော် နေခဲ့တာ။ ဒေသတွင်း စာမေးပွဲ၊ မြို့တော် စာမေးပွဲ၊ တော်ဝင် စာမေးပွဲ၊ ညီလာခံ စာမေးပွဲ၊ အကုန်လုံးမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တယ်။
နောက်ပြီးတော့ ကြီးမြတ်သောရှ မင်းဆက်နဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ နှစ်ရာချီ တိုက်ပွဲကြီးမှာ၊ သုခမိန် တစ်ဝက် ချန့်ယန်းကို အနိုင်ယူခဲ့တယ်။ သဘာဝလွန် အဆင့်နဲ့တောင် ဒီလို လုပ်နိုင်တယ်။ တောင်ပိုင်းဒေသ တိုက်ပွဲမှာ အရေးအကြီးဆုံးလူ တစ်ယောက် ဖြစ်ခဲ့တယ်။
ဒါက အကုန် မဟုတ်သေးဘူး။ နိုင်ငံရေး ပဋိပက္ခတွေမှာလည်း သူ့ရဲ့ ဗျူဟာ အစွမ်းတွေ အစီအစဉ်တွေကို ချပြခဲ့တယ်။ အိမ်ရှေ့စံ မင်းသားနဲ့ သွမ့်အရှင်တို့ ပုန်ကန်တာကို ဖြေရှင်းခဲ့တယ်။ ဒါကြောင့်ပဲ အခုချိန်မှာ မင်းသားရှန်း လင်းယွမ်က ဒီတိုက်ပွဲကို ကောင်းကင် တာအိုခန်းမမှာ လာကြည့်နိုင်တဲ့ အခြေအနေကို ရောက်နေတာ။
ပိုပြီး အရေးကြီးတာ၊ ဖန်ကျန်းရှီက နတ်ဆိုး ဘုရင် တစ်ယောက်ကို သတ်ခဲ့တယ်။ သုခမိန်တွေတောင် ရင်ဆိုင်ဖို့ မလွယ်တဲ့ ပြဿနာကို ဖြေရှင်း နိုင်ခဲ့တယ်။ မဟာ ပါရမီရှင် ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ ဒါက ကောင်းကင် တာအို ခန်းမကနေ ဖန်ကျန်းရှီရဲ့ စွမ်းရည်တွေကို တွက်ချက် ထားခဲ့တာ။ သူ့မှာ အသက်ရှင်ချိန် လနည်းနည်းပဲ ကျန်တော့တာ ကြောင့်သာ မဟုတ်ရင်၊ ကောင်းကင် တာအို ခန်းမက ဒီလိုလူကို လက်လွတ် ခံမှာ မဟုတ်ဘူး။
ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်းက ဒီကိစ္စကြောင့် အစည်းအဝေး ခေါ်ပြီးတော့ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမက ဒီအခွင့်အရေးကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမကို ဒီလို ရောက်လာမယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ။ သူက ခုန်ချင်း ပုံစံတောင် ဟန်ဆောင် နေသေးတယ်။ ပိုပြီးတော့ အရေးကြီးတာ ဒီမဟာ ဉာဏ်ကြီးရှင်က သူ့အင်အား၊ တောက်ပမှုတွေ၊ မဖြစ်နိုင်လောက်အောင် အံ့သြ စရာကောင်းတဲ့ ပညာတွေကို ထုတ်ပြနေတယ်။ ၂လ အချိန်နဲ့ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်ခဲ့တယ်။
ကောင်းကင် တာအိုမှာ ပညာရှင် အဆင့်ကိုလည်း ရောက်နေပြီးတော့ ခုန်ချင်းကို အလွယ်လေး အနိုင်ယူခဲ့တယ်။ တတိယ အကြီးအကဲကိုတောင် လူတိုင်းရဲ့ ရှေ့မှာ အနိုင်ယူ ခဲ့သေးတယ်။
“ခန်းမ ခေါင်းဆောင်။” ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို မြင်မြင်ချင်း ချက်ခြင်း အသနားခံတယ်။ မုချင်းဖန်းကို လှည့်ပြောတယ်။ “ဖန်ကျန်းရှီက ကျွန်တော်တို့ ကြီးမြတ်သောရှရဲ့ နယ်စားမင်း မင်းသားကန်ပါ။ တခြား မျိုးနွယ်စု လေးခုနဲ့ ပတ်သတ်တာ မရှိပါဘူး။ အထင်လွဲတာ ဖြစ်ပါလိမ့်မယ်။”
“အင်း။” မုချင်းဖန်းက မျက်မှောင်ကြုတ်လိုက်တယ်။ ဖန်ကျန်းရှီနဲ့ ဧကရာဇ် လင်းမုပိုင်ကို သူကြည့်တယ်။ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ “အရှင်မင်းမြတ် ပြောသလိုပဲ အထင်လွဲတာ ဖြစ်မှာပါ။”
“ဖန်ကျန်းရှီ မင်းဓားကို ချထားပါအုန်း။ နောက်ပြန်လှည့်လို့ ရပါသေးတယ်။” မုချင်းဖန်း အတည်ပြုတာကို ကြားတော့ ဧကရာဇ် လင်းမုပိုင် ပြောတယ်။ ဖန်ကျန်းရှီကို ချက်ခြင်း ဖြောင်းဖျတယ်
“မင်းသားကန်။ ရန်ရွှယ်က ဒဏ်ရာရ နေရုံပါ။ အသက်အန္တရာယ် မရှိပါဘူး။ စိတ်လိုက် မာန်ပါ မလုပ်ပါနဲ့။” မင်းသားရှန်း လင်းယွမ်လည်း စိုးရိမ် တကြီးနဲ့ ပြောနေခဲ့တယ်။
“သတ်။” အင်အား အပြည့်နဲ့ အော်သံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် တကိုယ်လုံး ခရမ်းရောင် အလင်းတန်းနဲ့ လွှမ်းခြုံထားတဲ့ လူတစ်ယောက် ကောင်းကင် ပေါ်ကို ထိုးတက် သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင် တစ်ခုလုံး မည်းမှောင် သွားပြီးတော့ မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းတော့တယ်။
“ဖန်ကျန်းရှီ မဖြစ်ဘူး။” ဧကရာဇ် လင်းမုပိုင် ဒီမြင်ကွင်းကို မြင်တာနဲ့ ဘာဆက်ဖြစ်တော့မယ်မှန်း သိသွားတယ်။ သူတားမြစ် ချင်တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ ခရမ်းရောင် အလင်းတန်းက မြေပြင်ပေါ်ကို ပြန်ကျ လာခဲ့ပြီ။
“ကြောက်စရာ ကောင်းလိုက်တဲ့ တိုက်ကွက်။”
“လူသတ်ငွေ့တွေကလည်း ပြင်းလိုက်တာ။”
“မိုးမြေ အင်အားကို ငှားရမ်းပြီးတော့ သုံးတာပဲ။ ဒါက နတ်ဆိုးဘုရင်ကို သတ်ခဲ့တဲ့ နည်းလမ်းလား။”
မောက်မာထောင်လွှားတဲ့ ကောင်းကင်တာအို တပည့်သားတွေ အထိတ်တလန့်နဲ့ သက်ပြင်းချရင်း ပြောနေကြတယ်။
“ဖန်ကျန်းရှီ မင်းက တခြား အင်အားစု လေးခုနဲ့ မပတ်သက်ရင်တောင်၊ ငါ့ တတိယ အကိုကြီးကို အပြစ်ပြု ခဲ့တဲ့ အတွက် သေကို သေရမယ်။” ပဉ္စမ အကြီးအကဲက ခရမ်းရောင် အလင်းတန်း ကျဆင်းလာတာကို ကြည့်ရင်း တွေေ၀ နေတာတွေ အကုန်လုံး ပျောက်ဆုံး သွားခဲ့တယ်။
ကောင်းကင် တာအို ခန်းမ၊ သုခမိန် နယ်မြေရဲ့ အင်အားစု ငါးခုထဲက တစ်ခု။ မထင်မရှား နယ်စားမင်း တစ်ယောက်က သူတို့ နယ်မြေမှာ လာနှောက်ယှက် နေတာကို သည်းခံ နိုင်မှာလဲ။ မင်းဘာမင်း မဟာ ဉာဏ်ကြီးရှင် မကလို့ ဘာပဲ ဖြစ်နေနေ။ အသက်ရှင်ချိန် လေးလပဲ ကျန်တော့တဲ့ ကောင်းပဲ။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သဘာဝလွန် အဆင့်ကို ဖန်ကျန်းရှီ ရောက်ခဲ့တယ်။ နောက်တစ်နှစ်ကြာတော့ ကောင်းကင် တာအိုကို တတ်ကျွမ်းတဲ့ အပြင် ပြန်လည် မွေးဖွားမှု အဆင့်ကိုပါ ရောက်နေပြီ။ အသက် ဆယ့်ရှစ်နှစ်။ ဒီအသက် အရွယ်မှာတောင် ဒီလောက် ထူးချွန်နေတာ၊ နောင်တစ်ချိန်မှာ ဘယ်လောက်ထိ ထူးချွန်မလဲ မမှန်းဆ နိုင်ဘူး။ ဒါပေမယ့် ကံတရားကတော့ သတ်မှတ်ပြီးသား။
ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်တာက သုခမိန် အဆင့်ကို ရောက်တာနဲ့ မတူဘူး။ အခုချိန်မှာ သူက သုခမိန် တဝက် ဖြစ်နေပင်မယ့်၊ သုခမိန် အစစ်ဖြစ်ဖို့ ခရီးရှည်ကြီး ကျန်သေးတယ်။ ပဉ္စမ အကြီးအကဲ လှုပ်ရှားပြီ။ လက်နှစ်ဖက်ကို ရှေ့ထုတ်လိုက်တယ်။ ပြင်းထန်တဲ့ ကျောက်စိမ်းရောင် အလင်းတန်းတွေ သူ့ခန္ဒာကိုယ်ကနေ ထွက်လာတယ်။ လက်နှစ်ဖက် ပုံစံ ဆူးနွယ်စိမ်းကြီး နှစ်ခု ထွက်ပေါ်လာတယ်။
“မင်းမှာ အသက်ရှင်ဖို့ ၄လပဲ ကျန်တော့တယ်။ ငါက မင်းကို ဒီနေ့ပဲ အဆုံးသတ်ပေးမယ်။” ပဉ္စမ အကြီးအကဲ လက်နှစ်ဖက်ကို ယှက်ထားရင်း အော်ဟစ်တယ်။ သူ့နဖူးက စာလုံးလည်း ပိုပြီး တောက်ပ လာတယ်။ သူအော်ဟစ် လိုက်တယ်။ “ဆူးနွယ်စိမ်း ဈာပန”
ဝုန်း။
အစိမ်းရောင် လက်ကြီးနှစ်ဖက်က ခရမ်းရောင် အလင်းတန်းကို ဖမ်းဆုပ်တယ်။ ဒီအင်အား နှစ်ခုရဲ့ ပွတ်တိုက်မှုကြောင့် တကျွီကျွီ မြည်သံတွေ ထွက်ပေါ်လာတယ်။ ခရမ်းရောင် အလင်းတန်းက တွန်းတိုက်ရင်း ဆူးနွယ်စိမ်းတွေ လက်ထဲက လွတ်အောင် ရုန်းကန် နေခဲ့တယ်။
ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံးလည်း ဒီနှစ်ယောက်ကြောင့် တုန်ခါ နေခဲ့တယ်။ ပွတ်တိုက်တဲ့ အသံကြောင့် အားနည်းတဲ့ တပည့်သားတွေ နားတွေကို ပိတ်ထားရင်း ဖြူဖျော့ နေကြတယ်။
“ဒီကောင်က ဒီလောက်တောင် သန်မာ တာလား။”
“ပဉ္စမ အကြီးအကဲတောင် ဆူးနွယ်စိမ်း ဈာပနနဲ့ မနည်း ထိန်းနေရတယ်။ သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတာ ဟုတ်ရဲ့လား။ ဆူးနွယ်စိမ်း ဈာပနက သဘာ၀ တာအိုရဲ့ အသန်မာဆုံး တိုက်ကွက်ပဲ။”
“ဟုတ်တယ်။ ဆူးနွယ်စိမ်းတွေက တာအိုတွေထဲမှာ အခိုင်ခံံဆုံးထဲ ပါတယ်။ ခုခံအား တစ်ခုတည်း တွက်ရင်တောင်၊ ချန်ခွန်း မြေရိုင်းထက် သန်မာတယ်။ ဒါတောင် ခရမ်းရောင် အလင်းတန်းကို တစ်ချက်တည်းနဲ့ မဖြိုခွင်း နိုင်ဘူး။”
ကောင်းကင် တာအို တပည့်သားတွေ ပွတ်တိုက် နေတာကို ကြည့်ရင်း အံ့သြ နေကြတယ်။ အစိမ်းရောင် အလင်းတန်းနဲ့ ခရမ်းရောင် အလင်းတန်း နှစ်ခုကို သူတို့ စိုက်ကြည့်နေတယ်။ ပဉ္စမ အကြီးအကဲက အစွမ်းကုန် ကြိုးစားပြီး ဖန်ကျန်းရှီကို တိုက်ခိုက်နေတယ်။ လူတိုင်းက ဒီပွတ်တိုက်မှုရဲ့ အဆုံးသတ်ကို စောင့်ဆိုင်း နေတဲ့ အချိန်မှာပဲ။ အစိမ်းနဲ့ အပြာ အလင်းတန်းက ပဉ္စမ အကြီးအကဲ နောက်မှာ ပေါ်လာတယ်။
ဒီအလင်းတန်း နှစ်ခုက ပေါ်လာပြီးပြီးချင်း လောင်ကျွမ်းပြီး ပေါင်စည်း သွားခဲ့တယ်။ ထူးခြားဆန်းပြားပြီး ပြိုင်ဘက်ကင်းတဲ့ အရောင်တစ်ခု ထွက်ပေါ်လာ ခဲ့တယ်။
“ကျောက်စိမ်း နီလာ ဓားနှစ်ဖြာ” ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အလင်းတန်းက ပဉ္စမ အကြီးအကဲကို တိုက်ခိုက်တယ်။ ပဉ္စမ အကြီးအကဲရဲ့ လက်နှစ်ဖက်ကို ဦးတည် ချိန်ရွယ် ထားခဲ့တယ်။
ရုတ်တရက် ဖြစ်လွန်းတဲ့ အပြောင်းအလဲပဲ။ ဘယ်သူမှ ဒါကို မမျှော်လင့် ထားခဲ့ဘူး။ နောက်ပြီးတော့ အလင်းတန်းက အရမ်းအရမ်းကို မြန်လွန်းတယ်။ ဒီလောက် အကွာအဝေး နီးနီးလေးမှာ ဘယ်သူမှ ခုန်ရှောင် နိုင်မှာ မဟုတ်ဘူး။ သွေးတွေ ဖြာထွက် လာခဲ့တယ်။
ပဉ္စမ အကြီးအကဲ လုံးဝကို သတိလက်လွတ် ဖြစ်နေခဲ့တာ။ အလင်းတန်းက သူ့အသားကို ဖောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အင်အားကြီးလွန်းတဲ့ စွမ်းအားတွေက သူ့ခန္ဒာကိုယ် တစ်ခုလုံးကို လှိုင်းထန် သွားစေတယ်။ သွေးတပွက် အန်ကျတယ်။ ဒီတိုက်ခိုက်မှုက အင်အားကြီးလွန်းတော့ ရှေ့ကို ခြေလှမ်း နည်းနည်း ရွေ့သွားစေခဲ့တယ်။ သူ့အင်အား အကုန်လုံးကို သုံးရင်းနဲ့၊ ကိုယ့်ကိုယ်ကို လဲကျ မသွားအောင် ထိန်းထား ခဲ့တယ်။
“ဘာဖြစ်တာလဲ။”
“အလစ်ဝင်တိုက်တာလား။”
ပဉ္စမ အကြီးအကဲကို ကြည့်နေကြတဲ့ ကောင်းကင် တာအို တပည့်သားတွေ တိုက်ခိုက်မိတဲ့ အသံကို ကြားကြတယ်။ ပဉ္စမ အကြီးအကဲက သူ့နောက်ဘက်ကို အထိတ်တလန့်နဲ့ ပြန်လှည့်ကြည့်တယ်။ သူတကယ်ပဲ နားမလည်နိုင်ဘူး။ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ ဘယ်သူကများ သူ့ကို တိုက်ခိုက် ဝံ့တာလဲ။
တကယ်ပဲ သူ့နောက်မှာ ရပ်နေတဲ့ လူတစ်ယောက် ရှိနေတယ်။ ပုံမှန် အင်္ကျ ီ လက်တိုကိုပဲ ဝတ်ထားခဲ့တယ်။ အထင်ကြီးစရာ ပုံစံ မရှိဘူး။ ဒါပေမယ့် ပဉ္စမ အကြီးအကဲ ဒီလူ့ကို သိတယ်။ နန်ကုန်းဟောင်ရဲ့ ညီငယ်လေး။ နာမည်ကိုတော့ လုံး၀ မမှတ်မိဘူး။ ဒီလူ့ရဲ့ နာမည်ကို မှတ်မိမလို လုပ်တိုင်း၊ အမြဲတမ်း လွဲလွဲ သွားတယ်။
ဒါကြောင့် သူ့ကို နန်ကုန်းဟောင်ရဲ့ ညီငယ်လေး လို့ပဲ မှတ်ထားလိုက်တယ်။ ဒီအထင်ကြီးစရာ မကောင်းတဲ့ လူငယ်က သူ့နောက်မှာ တကယ်ပဲ ရပ်နေတာ။ လက်နှစ်ဖက်မှာလည်း ဓားတစ်ချောင်းစီကို ကိုင်ထားတယ်။ တစ်လက်က အစိမ်းရောင်၊ နောက်ဓား တစ်လက်က အပြာရောင်။
“မင်း။” ပဉ္စမ အကြီးအကဲ အထိတ်တလန့် မျက်လုံးပြူးနေတယ်။ သူ့ကို အလစ်ဝင်တိုက်တဲ့ သူက နန်ကုန်းဟောင်ရဲ့ ညီငယ်လေး ဖြစ်မယ်လို့ ထင်မထား ခဲ့မိဘူး။
ကောင်းကင်တာအို ခန်းမ တပည့်သားတွေလည်း မယုံနိုင်။ သူတို့ကတော့ ဒီလူ့ကို မသိဘူး။ ဒီလူ့ပုံစံက အရမ်းကို ရိုးရှင်းလွန်း နေတယ်။ သတိထားမိဖို့ မလွယ်ဘူး။
“အဲ့တာ ဘယ်သူလဲ။”
“သူက နန်ကုန်းဟောင်ရဲ့ ညီငယ်လေး ဖြစ်လိမ့်မယ်။ ငါ သေချာ မသိဘူး။”
“နန်ကုန်းဟောင်ရဲ့ ညီငယ်လေးလား။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အကြည့်ချင်း ဖလှယ်ရင်း တစ်ယောက်ကို တစ်ယောက် မေးနေကြတယ်။ ဒါပေမယ့် ကြောက်စရာ ခရမ်းရောင် အလင်းတန်းက သူတို့ မြင်ကွင်းထဲ ဝင်လာတာကြောင့် အာရုံ ပြောင်းသွား ပြန်တယ်။
ကောင်းကင်ပေါ်က ခရမ်းရောင် အလင်းတန်း ပြုတ်ကျ လာနေပြီ။ လူတိုင်းက နန်ကုန်းမုကို အာရုံစိုက်နေတဲ့ အချိန်၊ ခရမ်းရောင် အလင်းတန်းက ဆူးနွယ်စိမ်းတွေကို ဖောက်ထွက်ပြီး လေထဲကို ဖြတ်လာနေတယ်။ ကြောက်စရာ အရှိန်နှုန်းတွေကြောင့် လေထဲမှာ လှိုင်းတွေ ဖြစ်ပေါ်လာတယ်။ ပဉ္စမ အကြီးအကဲဆီကို တန်းတန်းမတ်မတ် ဆင်းလာခဲ့တယ်။ ကြောက်စရာပဲ။
ပဉ္စမ အကြီးအကဲကတော့ ဖြူဖျော့နေပြီ။ နန်ကုန်းမု တိုက်ခိုက်တာ ခံရပြီးတဲ့နောက်၊ တိုက်ပွဲမှာ သူရှုံးသွားပြီမှန်း သိလိုက်တယ်။ အဆုံးသတ်က ဒီလောက် မြန်မယ်လို့ မထင်ထားမိဘူး။ သူတွက်ချက်ထားခဲ့တာ ဆူးနွယ်စိမ်းတွေကို မထိန်းချုပ် နိုင်တော့ရင်တောင်၊ ခရမ်းရောင် အလင်းတန်းကို မျက်တောင် ငါးခတ်စာ အချိန်ထိတော့ တောင့်ခံ ထားနိုင်မယ်လို့။ အခုတော့ မျက်တောင် နှစ်ခတ်စာ အချိန်ပဲ ခံနိုင်တယ်။
“မဖြစ်နိုင်တာပဲ။” ပဉ္စမ အကြီးအကဲ သူ့မျက်စိရှေ့က အလင်းတန်းကို ခါးသက်သက် ကြည့်နေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းက သူ့ဆူးနွယ်စိမ်းတွေကို ဖြတ်သန်းသွားနိုင်တာ ဖြေရှင်းချက် တစ်ခုပဲ ရှိတယ်။ ဒီအလင်းတန်းက ပိုပြီးတော့ သန်မာလို့ပဲ။ ဒါပေမယ့် ဒီအမှန်တရားကို လက်ခံနိုင်ဖို့ ခက်ခဲလွန်းတယ်။
ဝုန်း။ ကြောက်စရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်တယ်။ ပဉ္စမ အကြီးအကဲ ဒီအဆုံးသတ်ကို လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ခရမ်းရောင် အလင်းတန်းကတော့ ကျလာခဲ့ပြီ။
ကောင်းကင် တာအို ခန်းမ တစ်ခုလုံး တုန်ယင်သွားတယ်။ ပေါက်ကွဲတဲ့ နေရာမှာ မြေစိုင်မြေသားတွေ ဖုန်မှုန့်တွေ အများကြီး ပျံဝဲ လာခဲ့တယ်။ အက်ကွဲကြောင်းကြီး တစ်ခုက မြေပြင် အတော်ဝေးဝေး နေရာကို ပျံ့နှံ့ လာခဲ့တယ်။
အပိုင်း (၆၆၁)ပြီး၏။
အပိုင်း (၆၆၂)
“သေရှင် ငရဲတံခါး။”
ဘာသာပြန်သူ-Enri Thaw
ဓားသွားပေါ်က အမှတ်လေးက ကောင်းကင် ကျောင်းတော် ခန်းမကို ပျက်စီး သွားစေတယ်။ ကျောက်စိမ်းဖြူနဲ့ လုပ်ထားတဲ့ ခန်းမကြီးက အခုချိန်မှာ အေးစက်စက် လူသတ်ငွေ့တွေ ပြည့်နှက် နေခဲ့တယ်။ ဖုန်မှုန့်တွေက နေရာ တစ်ခုလုံးကို လွှမ်းခြုံထားခဲ့တယ်။ သူတို့တွေက ကောင်းကင် တာအို ခန်းမမှာ ရောက်နေပင်မယ့်၊ ဒီ အင်အားကြီးလွန်းတဲ့ တိုက်ခိုက်မှုက သူတို့ကို ထိတ်လန့် သွားစေဖို့ လုံလောက်တယ်။
“အင်အားကြီးလိုက်တဲ့ တိုက်ကွက်”
“အရှိန်အဝါ ကြီးမားလိုက်တာ။ လူသတ်ချင် စိတ်တွေကနေ ဖြစ်လာတာပဲ။”
“ဘာဖြစ်လို့ ဒီလောက်တောင် သန်မာ နေတာလဲ။ ကောင်းကင်တာအိုကို သူကျွမ်းကျင် နေရင်တောင်၊ ဒီလောက်တော့ အင်အား မကြီးသင့်ဘူး မဟုတ်လား။”
ကောင်းကင် တာအို တပည့်သားတွေ သူတို့ ဓားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း အသင့်ပြင် ထားခဲ့တယ်။ နာနာကျင်ကျင် အော်ဟစ်သံ တစ်ခု ဒီအချိန်မှာပဲ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် အနီရောင်သွေးတွေ ထွက်ပေါ် လာတာကို တွေ့လိုက်ရတယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ပဉ္စမ အကြီးအကဲ ဒဏ်ရာရ သွားတာလား။”
အော်သံကိုကြားတော့ ကောင်းကင် တာအို တပည့်သားတွေ လေးနက် တည်ကြည် သွားခဲ့တယ်။ ဒါက ပဉ္စမ အကြီးအကဲရဲ့ အသံဆိုတာ သိသာတယ်။
“ဖန်ကျန်းရှိ။” ဖုန်တွေ ပျောက်ကွယ် သွားပြီးတဲ့နောက် အမိန့်ပေးတဲ့ အသံကို ကြားရတယ်။ ပဉ္စမ အကြီးအကဲရဲ့ ပုံရိပ် ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေပြီးတော့ အရမ်း ဖြူဖျော့ နေခဲ့တယ်။ နောက်ပြီးတော့ သူ့ရဲ့ ဝတ်ရုံဖြူမှာ သွေးတွေ စွန်းထင်းနေတာကို မြင်ရတာ စိတ်မသက်မသာ ဖြစ်ရလွန်းတယ်။
သူ့လက်တစ်ဖက် မရှိတော့ဘူး။ တံတောင်ဆစ်ကနေ သွေးတွေ ဆက်တိုက် စီးကျနေတယ်။ ကပ်ဆိုက်နေ သလိုပဲ။ တစ်ချက်တည်းနဲ့ လက်တစ်ဖက် မရှိတော့ဘူး။ ဒီမြင်ကွင်းကို မြင်တော့ တပည့်သားတွေ၊ ပြိုင်ပွဲဝင်တွေနဲ့ လေးနိုင်ငံ ဧကရာဇ်တွေပါ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုက ပဉ္စမ အကြီးအကဲကို လက်တစ်ဖက် ဆုံးရှုံး သွားစေနိုင်တယ်ပေါ့။ ဘယ်သူမှ မယုံနိုင် ကြဘူး။
ပဉ္စမ အကြီးအကဲက သုခမိန် တစ်ယောက်လေ။ ဒါကို ပြန်လည်မွေးဖွားမှု အဆင့် လူတစ်ယောက်က သူ့လက်ကို ဖြတ်နိုင်တယ်ပေါ့။ လေးနိုင်ငံ ဧကရာဇ်တွေ မယုံနိုင်။ သူတို့တွေ အသက်ပြင်းပြင်း ရှူရင်းနဲ့ အပြာရောင် ဝတ်ရုံ ဝတ်ထားတဲ့ သူကို ကြည့်နေခဲ့တယ်။ သူ့ဝတ်ရုံပြာက လေထဲမှာ တဖျပ်ဖျပ် လွင့်နေတယ်။ ခြေရာမဲ့ ဓားနဲ့အတူ ရပ်နေတဲ့ သူ့ပုံစံက ကြည့်ရတာ အရှိန်အဝါ ကြီးမားလွန်းတယ်။ ရင်သပ်ရှုမောစရာ မြင်ကွင်းပဲ။ ဖန်ကျန်းရှီ အောင်မြင် သွားခဲ့ပြီ။
“ခန်းမခေါင်းဆောင်။ ဒါက” ဒီမြင်ကွင်းကို မြင်မြင်ချင်း ဧကရာဇ် လင်းမုပိုင် ဖြူဖျော့ သွားခဲ့တယ်။ တကယ်တော့ ဖန်ကျန်းရှီ တိုက်ခိုက်တာ ထိရောက်သွားတည်းက ဘယ်လိုမှ မတားမြစ်နိုင်တာကို သူသိတယ်။ ဒီတိုက်ခိုက်မှု စွမ်းအားကို အရင်ကလည်း မြင်ဖူးခဲ့တယ်။ တစ်ခါတည်း ဖြစ်ပေမယ့်ပေါ့။ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း မှတ်မိ နေသေးတယ်။
အခု ဒီတိုက်ကွက်ကို နောက်တစ်ခေါက် တွေ့ရပြန်ပြီ။ ပဉ္စမ အကြီးအကဲ ဘယ်လိုများ လွတ်မြောက် နိုင်မှာလဲ။ ဧကရာဖ် လင်းမုပိုင်ရဲ့ အသံက ကောင်းကင် တာအို တပည့်သားတွေကို သတိဝင်လာစေတယ်။ မုချင်းဖုန်းကို သူတို့ လှမ်းကြည့် နေကြတယ်။ တချို့ကတော့ ဓားတွေကိုတောင် ထုတ်နေကြပြီ။
မုချင်းဖန်း တိတ်ဆိတ် နေဆဲ။ ဒါပေမယ့် သူ့မျက်ဝန်းထဲမှာ မသေချာမှုတွေကို မြင်နေရတယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ သူ့တပည့်တွေ သူ့ကို ဘာဖြစ်လို့ ကြည့်နေကြမှန်း သိတယ်။ ခန္ဒာကိုယ်က နည်းနည်းလေး လှုပ်ရှား သွားပေမယ့် ထိုင်ခုံကနေ မထဘူး။ မျက်လုံးကို မှိတ်ထားရင်းနဲ့သာ တိတ်ဆိတ် နေခဲ့တယ်။ လုံးဝကို တိတ်ဆိတ်နေတယ်။
ဒီမြင်ကွင်းက တပည့်သားတွေကို နည်းနည်းတော့ အံ့သြ စေတယ်။ သူတို့လည်း တိတ်ဆိတ် သွားပြီးတော့ စကားပြောနေတာကို ရပ်လိုက်တယ်။ တစ်ချို့ကတော့ ဓားတွေကို ပြန်သိမ်း နေကြပြီ။ မုချင်းဖန်းရဲ့ ဆုံးဖြတ်ချက်ကို သူတို့ နားလည်လိုက်ပြီ။ လန့်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် နောက်ကွယ်က အကြောင်းရင်းကိုတော့ နားလည်ကြတယ်။ ဒါက ပဉ္စမ အကြီးအကဲ ကိုယ်တိုင် လိုလား လက်ခံခဲ့တာ။
ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ သူ့ရာထူးကိုတောင် စွန့်လွှတ်ထားတယ်။ ဒီတော့ ဒီတိုက်ပွဲက သူတို့ နှစ်ယောက်ကြားက တိုက်ပွဲပဲ။ ကောင်းကင် တာအိုမှာ ဝင်စွက်ဖက်ခွင့် မရှိဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ဇစ်မြစ်ကလည်း အကြောင်းရင်း တစ်ခုပဲ။
အကယ်၍ ဖန်ကျန်းရှီသာ တခြား အင်အားစု လေးခုက သူလျှို ဖြစ်ခဲ့မယ်ဆိုရင်၊ ကောင်းကင် တာအို ခန်းမက သူတို့ တိုက်ပွဲကို ဝင်မစွက်ဖက်ရင်တောင်၊ မုချင်းဖန်းက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ အခုချိန်မှာ ဖန်ကျန်းရှီက ဘယ်သူဆိုတာ ပေါ်သွားခဲ့ပြီ။
ဒါ့အပြင် သူက ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ အငယ်ဆုံး နယ်စားမင်း။ ဒီရာထူးက ကောင်းကင် တာအို ခန်းမှာ အသုံးမဝင်ပေမယ့်၊ ဒီတစ်ခေါက် အထင်လွဲတဲ့ ဖြစ်ရပ်မှာတော့ အရေးကြီးတယ်။ အကြီးအကဲ နှစ်ယောက်ကလည်း အစတည်းက မှားယွင်းပြီးတော့ ဆုံးဖြတ် ခဲ့မိတယ်။ ဒါက ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်ရည်ကို ထိခိုက်စေတယ်။
ပဉ္စမ အကြီးအကဲရဲ့ ဆုံးဖြတ်ချက်က ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်သတင်း အတွက် ဒီလို ပေးဆပ်ရတာပဲ။ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက်ကို တပည့်သားတွေနဲ့ လေးနိုင်ငံ ဧကရာဇ်တွေ ရှေ့မှာ အလစ်ဝင်တိုက် ခဲ့တယ်။
ပဉ္စမ အကြီးအကဲသာ ဖန်ကျန်းရှီကို သူလျှို တစ်ယောက်လို့ အထင်မမှား ခဲ့ရင်၊ ဒီလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ အမှန်တရားလည်း ပေါ်လာပြီ။ ကောင်းကင် တာအို ခန်းမက အမှန်တရားနဲ့ တရားမျှတမှုကို တန်ဖိုးထားတဲ့ နေရာ။ ဂုဏ်သိက္ခာကို ပျက်ဆီးစေပြီးတော့ စွန့်စားတာက အကြီးအကဲ တစ်ယောက် အတွက် ခက်ခဲလွန်းတဲ့ ကိစ္စပဲ။
“သတ်မယ်။” ဖန်ကျန်းရှီကတော့ လူတွေ တွေးနေတာကို အာရုံ မစိုက်ဘူး။ သူမသေခင် လူများများ အပါခေါ်သွားဖို့ပဲ စဉ်းစား နေခဲ့တယ်။ အခုချိန်မှာ ပဉ္စမ အကြီးအကဲကို သတ်ဖို့ သူအာရုံ စိုက်နေတယ်။ သူအော်ပြီးတာနဲ့ လှုပ်ရှားတယ်။ သူ့ဓားက နဂါး အသွင်ကို ပြောင်းသွားပြီးတော့ ပြင်းထန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ဆင်းသက် လာပြန်တယ်။
“ဖန်ကျန်းရှီ မင်းက ကောင်းကင် တာအို ခန်းမကို ဘယ်လိုတောင် ရှုပ်ထွေးအောင် လုပ်ဝံ့တာလဲ။” တင်းမာလွန်းတဲ့ အသံ တစ်သံ ထွက်ပေါ် လာခဲ့တယ်။ အဲ့ဒီ့နောက် ဝတ်ရုံနက် လူတစ်ယောက် ဖန်ကျန်းရှီ ရှိတဲ့ နေရာကို ပျံတက်လာခဲ့တယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်း ရှိနေတယ်။ အနက်ရောင် ဓားက ကျောက်စိမ်း တောက်ပ နေခဲ့တယ်။
ဝုန်း။ သူတို့တွေ ထိတွေ့ သွားတော့ ကြောက်စရာ လှိုင်းတွေ ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီက သူ့နေရာမှာသူ တည်ငြိမ် နေတုန်းပဲ။ ဒါပေမယ့် သူ့ကို ဝင်တိုက်တဲ့ သူကတော့ နောက်ကို သုံးလှမ်း လွင့်ထွက် သွားခဲ့တယ်။ သူ့ပုံစံက မယုံနိုင် ဖြစ်နေတဲ့ ပုံပဲ။
“ချန်းဝူလား။“
“သူ ဘာဖြစ်လို့ ရှေ့ ထွက် သွားတာလဲ။”
ကောင်းကင် တာအို တပည့်သားတွေ အနက်ရောင် လူကို သိကြတယ်။ သူတို့ မျက်ဝန်းတွေမှာ သံသယတွေ တောက်ပနေတယ်။ ဒီတစ်ခေါက် တိုက်ပွဲမှာ ဝင်ပါတဲ့သူ များလွန်းတယ်။
“ထွက်သွားမလား သေမလား။” ဖန်ကျန်းရှီရဲ့ အေးစက်စက် အသံထွက်ပေါ်လာတယ်။ သူ့မျက်ဝန်းတွေက ခရမ်းရောင် အလင်းတန်း တောက်ပနေတယ်။ ခြေရာမဲ့ဓားက ချန်းဝူရဲ့ လည်ပင်းကို ထောက်ထား ခဲ့တယ်။ ချန်းဝူရဲ့ အမူအယာက လုံးဝကို ပြောင်းလဲ နေပြီ။
သူ ထွက်မလာခင်တုန်းက တွေးခဲ့တယ်။ အခုက မိုးနတ်မင်း ဖန်တီးထားတဲ့ ရှားပါး အခွင့်အရေးလို့။ ဖန်ကျန်းရှီကို ချေမှုန်းပြီးတော့ ရန်မြို့တော် ဖြစ်ခဲ့တဲ့ ကိစ္စကို လက်စားချေမယ်။ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်မယ်။ ပြီးရင် ပဉ္စမ အကြီးအကဲကို ကယ်တင်ပြီးတော့ ကောင်းကင် တာအို ခန်းမမှာ နာမည်ကောင်း ရအောင် လုပ်မယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပြစ်တာပဲ။ ဒါပေမယ့် တစ်ချက် တိုက်ခိုက်ရုံနဲ့ နောင်တ ရသွားခဲ့တယ်။
ဒီကောင် ဘာဖြစ်လို့ ဒီလောက်တောင် သန်မာ နေတာလဲ။ လွန်ခဲ့တဲ့ နှစ်လ လုံးလုံး သူပြင်ဆင် ထားတာတွေ အလကား ဖြစ်သွားခဲ့ပြီ။ ဖန်ကျန်းရှီက မြေပြင်ကနေ ကောင်းကင်ကို ခုန်တက်လာသလိုပဲ။ ပြန်လည် မွေးဖွားမှု အဆင့်တဲ့။ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်ခါစ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ သန်မာ နိုင်တာလဲ။ အရင် တစ်ခေါက် ပဉ္စမ အကြီးအကဲကို တိုက်ခိုက်တဲ့ အချိန် အင်အား အကုန်လုံးကို သုံးလိုက်ပြီ မဟုတ်ဘူးလား။ မဖြစ်နိုင်တာပဲ။
ချန်းဝူက စိတ်လိုက် မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ဘူး။ တကယ်တော့ အချိန်ကောင်းကို သိတဲ့သူ။ သူ့ရဲ့ လေ့လာထားချက် အရဆိုရင်၊ ဖန်ကျန်းရှီက အခုချိန်မှာ မောပန်း နေသင့်ပြီ။
တတိယ အကြီးအကဲကို တိုက်ခိုက်တဲ့ အချိန်မှာလဲ ကောင်းကင် မဏ္ဍိုင် ဆယ်ခုကို သုံးထားသေးတယ်။ အဲ့ဒီ့နောက် နဂါးသတ် ဓားကွက်ကို သုံးပြီးတော့ ပဉ္စမ အကြီးအကဲကို တိုက်ခိုက်ထားတယ်။ ဒါတောင် စွမ်းအားတွေ ရှိနေ သေးတယ်လား။ ဘာသားနဲ့ ထုထားတဲ့ လူမလို့လဲ။
ချန်းဝူ သူ့ရဲ့ မူလ နေရာကို ပြန်သွားချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို မုန်းတီးတဲ့ အမုန်းတရားက သူ့ကို ဆက်နေနေအောင် ဆွဲထားတယ်။ ကိုယ့်ကိုယ်ကို တွန်းအား ပေးနေတယ်။ ဒီလောက် အချိန် အကြာကြီး တိုက်ခိုက် ပြီးတာတောင် သန်မာနေတဲ့ သူဆိုတာ မဖြစ်နိုင်တာပဲ။ အများဆုံး ၂ကွက်ပဲ လှုပ်ရှား နိုင်တော့မယ်။
“ဖန်ကျန်းရှီ။ မင်းရောက်နေတာ ကောင်းကင် တာအို ခန်းမ။ ခန်းမက တပည့်သား တစ်ယောက်လို အယောင်ဆောင်တာတင် သေသင့်တဲ့ အပြစ် ဖြစ်နေပြီ။ စာမေးပွဲကို ဝင်နှောက်ယှက်တာက ပိုလို့တောင် အပြစ်ကြီးသေးတယ်။ မင်းဘာပြော ချင်သေးလဲ။ ငါက ကောင်းကင်တာအို ခန်းမရဲ့ တရားဝင် တပည့်သား မဟုတ်ပေမယ့်၊ ငါ့မှာ တရားမျှတမှုကို ကာကွယ်ဖိုက တာဝန်ရှိတယ်။” ချန်းဝူရဲ့ အသံက တရားမျှတဲ့ အမှန်တရား ဘက်တော်သား တစ်ယောက်လိုပဲ။ ဖန်ကျန်းရှီ မောပန်းနေတာကို အခွင့်ကောင်း ယူဖို့ လုပ်နေပင်မယ့်၊ သူ့အသံက အထက်စီး ဆန်လွန်းတယ်။
ချန်းဝူရဲ့ စကားတွေကို ကြားတော့ ပဉ္စမ အကြီးအကဲ တစ်ခဏ စိုက်ကြည့် နေခဲ့တယ်။ သူ့မျက်ဝန်းက အမူအယာ ပြောင်းလဲ သွားတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူ့လက်က ဒဏ်ရာကို ဖုံးအုပ်လိုက်တယ်။ အစိမ်းရောင် အလင်းတန်းတွေ ထွက်လာပြီးတော့ သွေးတိတ် သွားခဲ့တယ်။ အဲ့ဒီ့နောက် ပုခုံးပေါ်ကနေ လက်မောင်း အထိ ဆူးနွယ်စိမ်း တစ်ခုက ဖုံးအုပ် သွားခဲ့တယ်။ သုခမိန် တစ်ယောက် အတွက်တောင် လက်ကို အပြည့်အ၀ ပြန်ကောင်းအောင် လုပ်ဖို့ ခက်ခဲ လွန်းတယ်။ အခု သူ့မှာ ဒီလို လုပ်ဖို့ အချိန် မရှိဘူး။
“ချန်းဝူ နောက်ဆုတ်တော့။” ပဉ္စမ အကြီးအကဲက ချန်းဝူ စီစဉ် နေတာကို သိတယ်။ မုချင်းဖန်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း နားလည်တယ်။ ကောင်းကင် တာအို အကြီးအကဲ တစ်ယောက်၊ အင်အားကြီးတဲ့ သုခမိန်တစ်ယောက်၊ ဒါတောင် ဖန်ကျန်းရှီကို အလစ်ဝင်တိုက်ဖို့ မတွေေ၀ ခဲ့ဘူး။
ဒါပေမယ့် တပည့်သားတွေ ရှေ့မှာ ဂုဏ်သိက္ခာ ကျဆင်းစေမယ့် ကိစ္စကိုတော့ အဖြစ် မခံနိုင်။ တိုက်ပွဲက သူနဲ့ ဖန်ကျန်းရှီ နှစ်ယောက်တည်းနဲ့ပဲ ဆိုင်တယ်။ တခြားသူတွေ ဝင်လာမှာ ခွင့်မပြုဘူး။ နန်ကုန်းမုက သူ့ကို အလစ်ဝင်တိုက်တာ ဖန်ကျန်းရှီနဲ့ ပူးပေါင်းရာ ရောက်တယ်။ ဒါပေမယ့် သူကတော့ ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘူး။ ဘာကြောင့်လဲ ဆိုတော့ သုခမိန် ဖြစ်နေလို့ပဲ။
ပဉ္စမ အကြီးအကဲက ဒီလို ယူဆတယ်။ ဒါပေမယ့် ချန်းဝူကတော့ နောက်မဆုတ် သွားပြီ။ ပဉ္စမ အကြီးအကဲက ယာယီ အရေးနိမ့် နေပင်မယ့်၊ ဆိုရိုးစကားရှိတဲ့ အတိုင်း။ ကုလားအုတ်က ပိန်နေရင်တောင် မြင်းထက် ကြီးသေးတယ်။
ပဉ္စမ အကြီးအကဲက သူအကူအညီ မလိုဘူးလို့ ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီ။ ချန်းဝူ သူ့ကို ကူညီပြီး တိုက်ခိုက်မှာကို စိုးရိမ်နေတယ်။ တကယ်တော့ ချန်းဝူက အဆုံးစွန်ထိ သွားဖို့ ဆုံးဖြတ်လိုက် ပြီးပြီ။
“ပဉ္စမ အကြီးအကဲ။ ကျွန်တော်က ကောင်းကင်တာအို ခန်းမ တပည့်သား မဟုတ်သေးဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီနဲ့ ကိုယ်ရေး ကိုယ်တာ ပြဿနာတွေ ရှိသေးတယ်။ အကြီးအကဲ မတရားဘူးလို့ ထင်နေရင်၊ ကျွန်တော် တိုက်ခိုက် ပြီးတော့မှ သူ့ကို တိုက်ခိုက်လို့ ရတယ်။” ချန်းဝူလည်း သူ့အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ပြောတယ်။ သူ့ စကားလုံးတွေက လှပတယ်။ ကောင်းကင် တာအို ခန်းမ စည်းမျဉ်းကိုလည်း မဖောက်သလို၊ ပဉ္စမ အကြီးအကဲရဲ့ ဂုဏ်ပုဒ်ကိုလည်း ထိန်းပေးရာ ရောက်တယ်။ အကြီးအကဲကို ပြန်ကုသဖို့ အချိန် ရစေတယ်။
ချန်းဝူရဲ့ စကားကို ကြားတော့ တပည့်သားတွေ ခေါင်းငြိမ့်ရင်း သဘောတူ ကြတယ်။ သူတို့ အားလုံးက ပဉ္စမ အကြီးအကဲ ဘက်ကလူတွေပဲ။ ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်သတင်း ကြောင့်တင် မကဘူး။ သူတို့ ကိုယ်တိုင်လည်း ပဉ္စမ အကြီးအကဲကို မရှုံးစေချင်ဘူး။
ဖန်ကျန်းရှီကတော့ ပဉ္စမ အကြီးအကဲရဲ့ အဖြေကို စောင့်မနေဘူး။ စောင့်ဖို့လည်း မလိုဘူး။ သူ့ရှေ့မှာ လူတစ်ယောက် ရှိနေရင်၊ ရှင်းထုတ်ပြစ်မယ်။ ရိုးရှင်းပါတယ်။ သူက သတ်ဖြတ်ရတာ ကြိုက်တဲ့သူတော့ မဟုတ်ဘူး။
ဒါပေမယ့် ရှေ့မှာ လာပိတ်နေတာက ချန်းဝူ။ နတ်ဆိုး ဘုရင်ကို ဆင့်ခေါ်ခဲ့တဲ့သူ၊ အရှင်လီချင်းကို သေစေခဲ့ပြီး ပင်းယန်ကို လင်းယွမ် မျှော်စင်ဆီ ရောက်သွားစေတဲ့ အကြောင်းအရင်း။ တွေဝေနေဖို့ မလိုဘူး။
“မင်း နောက်မဆုတ်မှတော့ သေပေရော့။” ဖန်ကျန်းရှီ ချက်ခြင်း လှုပ်ရှားတယ်။ ခရမ်းရောင် အလင်းတန်းတွေက လခြမ်းကွေး ပုံစံနဲ့ ထွက်ပေါ်လာတယ်။ ချန်းဝူနဲ့ ပဉ္စမ အကြီးအကဲဆီကို ဦးတည်တယ်။ ချန်းဝူကတော့ ဒီတိုက်ခိုက်မှုကို ရင်မဆိုင်ဘူး။ ခုန်ရှောင်တယ်။
“ဟမ့်။” ပဉ္စမ အကြီးအကဲရဲ့ နဖူးပေါ်က အစိမ်းရောင် သဏ္ဍာန် ပြောင်းလဲ လာတယ်။ နွယ်ပင်ကြီးတွေ တဖြည်းဖြည်း လျော့နည်းလာတယ်။ ဒါပေမယ့် ပိုပြီးတော့ ရှည်လျား ကြည်လင်တဲ့ နွယ်ပင်တွေ ထွက်ပေါ်လာတယ်။
တစ်ချိန်တည်းမှာပဲ၊ သူ့လက်ထဲမှာ ဆူးတစ်ချောင်း ပေါ်လာတယ်။ တကယ်တော့ ဆူးပုံစံ ရှိနေတဲ့ ဓားတစ်ချောင်း။ အစိမ်းရောင် အလင်းတန်းက ဆူးကို ဖြတ်သန်းပြီးတော့ စီးဆင်းနေတယ်။ တောက်ပတဲ့ စာလုံးကတော့ အထီးကျန်ဆန်တဲ့ ဖြစ်တည်မှု တစ်ခုလိုပဲ။
သုခမိန် တစ်ယောက် အနေနဲ့ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ကို တိုက်ခိုက်ဖို့ လက်နက် ထုတ်ရတာ အရှက်ရစရာ တစ်ခုပဲ။ ဒါပေမယ့် ပဉ္စမ အကြီးအကဲ ဒါတွေကို ဂရု မစိုက်နိုင်တော့ဘူး။ အနိုင်ရဖို့ လိုနေပြီ။ လက်လျှော့မယ့် အစား ဆက်ပြီးတော့ တိုက်ခိုက် ရမယ်။
ပဉ္စမ အကြီးအကဲရဲ့ ဓားက အလင်းတန်း တစ်ခုလိုမျိုး ဖန်ကျန်းရှီရဲ့ ခရမ်းရောင် လခြမ်းကို ဝင်တိုက်တယ်။
ဝုန်း။ ပေါက်ကွဲသံကြီး ပေါ်လာပြန်တယ်။ ပေါက်ကွဲတဲ့ အချိန်မှာပဲ လူတစ်ယောက်က ဖန်ကျန်းရှီရဲ့ ဘေးကို ရောက်လာတယ်။
“သေစမ်း။” ချန်းဝူရဲ့ အသံက အေးစက်နေတယ်။ သူ့ဓားထိပ်မှာ အရောင်ခြောက်မျိုး သဏ္ဍာန်တွေ တောက်ပနေတယ်။ အပ်ချည်မျှင်မျှင်လေးတွေက စာလုံးတွေကို ဆက်နွယ်ပေးထားတယ်။ လေထု တစ်ခုလုံးကို ဖိအား ပြင်းထန် လာစေတယ်။ နယ်မြေ တစ်ခုလုံး ချိတ်ပိတ် ခံထား ရသလိုပဲ။
“အဲ့တာ သေရှင် တာအို။”
“တာအို ခြောက်ခုထဲမှာ စည်းချနိုင်တဲ့ တစ်ခုတည်းသော တာအိုပဲ။ သားရဲကောင်တွေနဲ့ မိစ္ဆာတွေကို တိုက်ခိုက်တဲ့ အချိန်မှာ အရမ်း အသုံးဝင်တယ်။ ငါကြားတာတော့ ဒီတာအိုကို ပညာရှင် အဆင့် တတ်မြောက် သွားရင် သေရှင် ငရဲတံခါးကိုတောင် ဆင့်ခေါ် နိုင်တယ်တဲ့။”
“ချန်းဝူက ဒီအဆင့်ကို မရောက်သေးပင်မယ့်၊ ဖန်ကျန်းရှီနဲ့တော့ အင်အား မကွာလောက်ဘူး။ ပြန်လည် မွေးဖွားမှု အထွတ် အထိပ် အဆင့်ကို သူရောက်နေပြီလေ။”
“ဟုတ်တယ်။ ဖန်ကျန်းရှီက တိုက်ခိုက်ထားတာ ကြာလို့ အင်အား ကုန်နေလောက်ပြီ။ ချန်းဝူက အင်အား အများကြီး ကျန်နေသေးတယ်။ တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင် ရလဒ်က သိသာမှာ မဟုတ်ဘူး။ အခုတော့ ပဉ္စမ အကြီးအကဲလည်း ဖန်ကျန်းရှီကို တိုက်ခိုက်နေတယ်။ ငါ စိုးရိမ်မိတာ။”
“နေစမ်းပါအုန်း။ အဲ့တာ ဘာကြီးလဲ။”
ကောင်းကင် တာအို တပည့်သားတွေ ဆွေးနွေးနေတဲ့ အချိန်၊ အနီရောင် ချိန်းကြိုးကြီး တစ်ခု မြေကြီးထဲက ထွက်လာခဲ့တယ်။ ဒါတင် မကဘူး နောက်ထပ် ထွက်လာသေးတယ်။
အပိုင်း (၆၆၂)ပြီး၏။
အပိုင်း (၆၆၃) အပြည့်
“အပြစ်၊ မိစ္ဆာ၊ သေခြင်း ရှင်ခြင်း တိုက်ပွဲ။”
ဘာသာပြန်သူ- Enri Thaw
ချိန်းကြိုး ခြောက်ခုရဲ့ အလင်းတန်းက ချန်းဝူရဲ့ ဓားပေါ်မှာ လင်းလက်လာတယ်။ အနီ၊ အစိမ်း၊ အပြာ။ ဒီချိန်းကြိုး ခြောက်ခုက မြေပြင်ကနေ ထွက်ပေါ်လာတယ်။ ကောင်းကင် တာအို တပည့်သားတွေ မျက်လုံးပြူးကြီးနဲ့ အထိတ်တလန့် ကြည့်နေခဲ့တယ်။
“အဲ့တာက။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“မဖြစ်နိုင်တာပဲ။ အဲ့တာ အဲ့တာက သေရှင် တာအို။ နောက်ပြီးတော့ ကြည့်ရတာ။”
ကောင်းကင် တာအို တပည့်သားတွေတင် လန့်နေတာ မဟုတ်ဘူး။ အမြင့်မှာ ထိုင်နေတဲ့ ဧကရာဇ် လေးပါးတောင် လန့်နေပြီ။ အထူးသဖြင့် သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ပဲ။ သူ့မျက်နှာက ချက်ခြင်း ဖြူဖျော့သွားတယ်။ ကျောက်စိမ်းဖြူ စားပွဲအစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ သူ့အင်အားကြောင့် စားပွဲခုံက အချိန်မရွေး ကွဲအက်တော့မယ့် အတိုင်းပဲ။
“သေရှင် ငရဲတံခါး မဟုတ်လား။ ဒါဆိုရင် သူက။” သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ဧကရာဇ် ဒီမြင်ကွင်းကို သွေးလို ရဲရဲနီနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။
အကယ်၍ လောကမှာ သူတွေးတောင် မတွေးမိတဲ့ ကိစ္စတွေကို ပြောပြခိုင်းရင် အခုကိစ္စကို ပြောရလိမ့်မယ်။ သေရှင် ငရဲ တံခါးကို သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ တော်ဝင် သွေးသား မဟုတ်တဲ့ လူတစ်ယောက်က ဆင့်ခေါ် နေတယ်။ နောက်ပြီးတော့ သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ အိမ်ရှေ့စံ ချန်းဝူကို တိုက်ခိုက်ဖို့ ဒါကို သုံးနေတာ။
တကယ်တော့ ချန်းဝူ ရှေ့ထွက်လာခဲ့တဲ့ အချိန်မှာ သူဂုဏ်ယူမိခဲ့တယ်။ သူ့သားကို အမြဲတမ်း မြင့်မြင့် တွေးထားခဲ့တာ။ မုချင်းဖန်းက ဒီတိုက်ပွဲကို မတားမြစ် ပေမယ့်၊ သူ့မှာ ဒီတိုက်ပွဲအတွက် အမြင် မရှိတာ မဟုတ်ဘူး။ တိုက်ပွဲ အစတည်းက သူမပတ်သတ်ဖို့ စီစဉ်ထားခဲ့တာ။
ဖန်ကျန်းရှီရဲ့ ဘဝသက်တမ်းကို ဘေးဖယ် ထားလိုက် ပဉ္စမ အကြီးအကဲက မုချင်းဖန်းနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်။ နောက်ပြီးတော့ သုခမိန် ဖြစ်တိုင်းလည်း ကောင်းကင် တာအိုခန်းမ အကြီးအကဲ ဖြစ်လာနိုင်တာ မဟုတ်ဘူး။ ဂုဏ်သတင်းတွေ၊ အောင်မြင်မှုတွေ အများကြီး လိုသေးတယ်။
ဖန်ကျန်းရှီ သေသွားရင်၊ ပဉ္စမ အကြီးအကဲရဲ့ အပြစ်ကလည်း မကောင်းတဲ့ အဖြစ်ကို ရောက်တော့မျာ မဟုတ်ဘူး။ တကယ်တော့ ကျောက်ဖျာကို စောင့်ကြပ်ရမယ့် ဆယ်နှစ် အချိန်ဆိုတာ အချိန်တိုလေး တစ်ခုပဲ။ ပဉ္စမ အကြီးအကဲလည်း ဒီအချိန်ကို ဖြတ်ကျော် ပြီးသွားရင် သူ့ရာထူးကို ပြန်ရနိုင်မယ်။ ဒါပေမယ့် ချန်းဝူ ရှေ့ထွက်လာတဲ့ အချိန်တည်းက သူ့နှလုံးသားထဲမှာ အကြောက်တရားတွေ ဝင်လာခဲ့တယ်။
ဂုဏ်သတင်းနဲ့ အောင်မြင်မှုလား။ ဒါတွေက ကောင်းကင် တာအို ခန်းမမှာ အရေးကြီးတဲ့ အကြောင်းရာတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီလို စမ်းသပ်တဲ့ ကိစ္စတွေမှာ အသက်ဆုံးရှုံး ရမယ်ဆိုရင် ဂုဏ်သတင်း ကောင်းနေလဲ ဘာအကြောင်းလဲ၊
“ဖန်ကျန်းရှီ မင်း။” ချန်းဝူက တခြားသူတွေ ထက်ကို ပိုပြီးတော့ ထိတ်လန့်နေတယ်။ သူ့နှလုံးသား တစ်ခုလုံး တင်းကြပ် နေခဲ့တယ်။
ကြောက်စရာ ကောင်းလွန်းတဲ့ ချိန်းကြိုး ခြောက်ခုက သူ့ရှေ့မှာ ရောက်နေပြီ။ မွန်းကြပ်လာစေတဲ့ ဖိအားတွေက သူ့ကို ခြိမ်းခြောက်နေတယ်။ ကြီးမားလွန်းတဲ့ စွမ်းအားတွေက သူ့ကို ဖိအားပေးနေတယ်။ ဒါက သေရှင် ငရဲတံခါးပဲ။ သူ့အိမ်မက် ထဲမှာတောင် အောင်မြင်ချင်တဲ့ အဆင့်တစ်ခု။
သူ့အိမ်မက်တွေက အမှန်တကယ် ဖြစ်လာပြီ။ နောက်ပြီးတော့ သူ့ကိုလည်း တိုက်ခိုက် နေသေးတယ်။ ဘာတွေများ ဖြစ်သွားတာလဲ။ ဘာကြောင့်များ ဒီလိုတွေ ဖြစ်လာရတာလဲ။
ရန်မြို့တော် တိုက်ပွဲမှာ ဖန်ကျန်းရှီက သူ့လက်ထဲကနေ လုယူ သွာခဲ့တယ်။ အဲ့ဒီ့အချိန်ုတုန်းက သူ့ရဲ့ ဂုဏ်သိက္ခာတွေ အားလုံး ပျက်ဆီးသွား သလို ခံစား ရခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လမှာ ဖန်ကျန်းရှီ ဘာတွေ လုပ်ခဲ့မှန်း တွေးမရဘူး။
ဒါပေမယ့် ဖြစ်နေတာကိုတော့ နားလည်နိုင်တယ်။ ဖန်ကျန်းရှီက သေရှင် တာအိုမှာလည်း ပညာရှင် အဆင့်ကို ရောက်နေပြီ။ နောက်ပြီးတော့ သူအိမ်မက်မက်ခဲ့တဲ့ အဆင့်ကို သုံးနေတာ။
ဝုန်း။ အနီရောင်ကြိုးတွေက ဓားကိုင်ထားတဲ့ လက်ကို လာပြီးတော့ ရစ်ပတ်တယ်။ သေမင်း တစ်ယောက်ရဲ့ လက်နက်က သူ့ အသားတွေကို တစ်စစီ လှီးဖြတ် နေသလိုပဲ။
ချန်းဝူရဲ့ မျက်နှာက တဖြည်းဖြည်း ပိုပြီးတော့ ဖြူဖျော့လာတယ်။ နောက်ဆုံးတော့ အခုချိန်မှာ သူနားလည် သွားခဲ့ပြီ။ သေရှင် တာအို ထိန်းချုပ် ခံထားရတဲ့ သားရဲကောင်တွေ ဘယ်လောက်တောင် ကူကယ်ရာ မဲ့ပြီး ကြောက်ရွံ့ နေကြမလဲ ဆိုတာကိုပေါ့။ စိတ်ဖိစီးတယ်။ ကူကယ်ရာမဲ့ပြီး ကြောက်လန့်တယ်။
“မဖြစ်ဘူး။” ချန်းဝူ ကြောက်လန့်တကြား အော်ဟစ်တယ်။
ဒါပေမယ့် အော်တက အသုံးမဝင်ဘူး။ သူ့ရဲ့ စိတ်ပျက်လက်ပျက် အော်သံတွေ ကြားမှာ ချိန်းကြိုးတွေက ခန္ဒာကိုယ်ကို ပိုတိုးပြီး ချည်နှောင်လာတယ်။
ဝုန်း။ အစိမ်းရောင် ချိန်းကြိုးက သူ့ပေါင်ကို လာရစ်ပတ်တယ်။ သွေးတွေက နေရာ အနှံ့မှာ ပျံ့ကျဲနေပြီ။ ဒါတင် အကုန်မဟုတ်သေးဘူး။ တတိယ ချိန်းကြိုး ရောက်လာခဲ့တယ်။ ဒီအင်အားတွေကြားမှာ သူလုံး၀ မလှုပ်ရှား နိုင်ဘူး။ တာအို ခြောက်ခုထဲက စည်းချတဲ့ တစ်ခုတည်းသော တာအို။
ဒီချိန်းကြိုးတွေ ရောက်လာတာကို ကူကယ်ရာမဲ့ လက်ခံရင်းနဲ့သာ သေမှာကို စောင့်နေရတယ်။ လေးခုမြောက် ရောက်လာတယ်။ သူ့လည်ပင်းကို လာရစ်ပတ်တယ်။ မြေပြင်မှာ ပြားပြားဝပ်နေတအောင် အဖိခံ ထားရတယ်။ ချန်းဝူ တစ်ကိုယ်လုံး တုန်ယင်ပြီးတော့ မျက်နှာက ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ စကားလည်း မပြောနိုင်တော့ဘူး။ အသက်ရှူ ကြပ်လွန်းလို့ ပြာနှမ်းနေပြီ။ သေရှင် ငရဲတံခါးက သူ့အင်အားတွေကို ပိတ်ဆို့ ထားလိုက်ပြီ။
ငါးခုမြောက်။ ခြောက်ခုမြောက်။
ချန်းဝူ မျက်လုံေးတွက အမုန်းတွေနဲ့ ခါးသီး နေခဲ့တယ်။ ဒါပေမယ့် မြေပြင်ပေါ်မှာ လဲလျောင်းရင်းနဲ့ ကူကယ်ရာမဲ့ စိုက်ကြည့်ရုံသာ တတ်နိုင်တယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေထဲမှာ သူမြင်နေရတယ်။ ဖန်ကျန်းရှီက သူ့ကို ပြိုင်ဘက်လို့ တစ်ခါမှ မတွေးဖူးဘူး။ လျစ်လျူရှု ခံထားရတယ်။ နှိမ့်ချခံ နေရတယ်။ သူက ဘာမဟုတ်တဲ့ ပစ္စည်း တစ်ခုလိုပဲ။
ဖန်ကျန်းရှီရဲ့ အေးစက်စက် အကြည့်တွေနဲ့ အတူ ခရမ်းရောင် အလင်းတန်းတွေ တဖျပ်ဖျပ် လက်နေခဲ့တယ်။ ခြေရာမဲ့ ဓားက ပဉ္စမ အကြီးကဲရဲ့ ဆူးနွယ်စိမ်း ဓားနဲ့ အရှိန်ပြင်းပြင်း ထိတွေ့တယ်။ နှစ်ယောက် တစ်ယောက် တိုက်ပွဲ။
ဒီလို မသင့်တော်တဲ့ မြင်ကွင်းက ကောင်းကင်တာအို ခန်းမ တပည့်သားတွေ ရှေ့မှာ ရောက်နေပြီ။ ကျိုးကြောင်းဆင်ခြင် နိုင်စွမ်းတွေ ပျောက်ဆုံး သွားသလိုပဲ။ သူတို့ရဲ့ အိမ်မက်ဆိုးတွေ မှာတောင် ဒီလို အဖြစ်မျိုးကို မမက်ဖူးဘူး။ သေရှင် ငရဲတံခါး။ ဖန်ကျန်းရှီက သေရှင်တာအို စံနမူနာ အဆင့်ကိုေ ရာက်နေပြီ။ မဟုတ်သေးဘူး။ သူက ကောင်းကင် တာအိုကိုလည်း ပညာရှင် အဆင့်ရောက်အောင် တတ်ကျွမ်းထားတယ်။
ကောင်းကင်တာအိုနဲ့ သေရှင် တာအို နှစ်ခုလုံးမှာ ပညာရှင် အဆင့် တတ်ကျွမ်းတဲ့သူလား။ ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ။ ပုံမှန် အခြေအနေမျိုးမှာ တာအို တစ်ခုကို ပညာရှင် အဆင့် ရောက်ဖို့တောင် တစ်ဘဝလုံး ကြိုးစားရတယ်။ လူတစ်ယောက်က ဘယ်လိုများ တာအို နှစ်ခုလုံးကို ပညာရှင် အဆင့် ရောက်နိုင်တာလဲ။
ဒါ့ပြင် သူက စံနမူနာ အဆင့်ကိုတောင် ရောက်နေပြီ။ နတ်မိစ္ဆာကြီးလား။ ကောင်းကင် တာအို တပည့်သားတွေ သူတို့ မျက်လုံးတွေကို မယုံနိုင်ဘူး။ တစ်ခါတုန်းကတော့ သူတို့တွေ အားလုံးက မောက်မာ ဝံ့ကြွားကြတဲ့ ပါရမီရှင်တွေပဲ။ အခုတော့ သူတို့တွေ အတွေးပြောင်း နေကြပြီ။
ဒါပေမယ့် သူတို့တွေ ဖန်ကျန်းရှီ ရှေ့ကို ရောက်လာတဲ့ အချိန်မှာတော့ သာမာန် လူတွေလို ခံစားရတယ်။ ဘာမှ အသုံးမဝင် သလိုပဲ။ ပါရမီရှိတာက အပြစ်တစ်ခု မဟုတ်ဘူး။ ဒီလောက်ကြီး ပါရမီရှင် ဖြစ်လွန်း နေတာကတော့ တကယ် လွန်လွန်းတယ်။
“အကိုကြီး ခုန်ချင်း။ မဟုတ်ဘူး။ ဖန်ကျန်းရှီ။ သူ၊ ငါတို့။”
“မယှဉ်နိုင်ဘူး။ ငါတို့ သူ့ကို တကယ်ပဲ မယှဉ်နိုင်ဘူး။”
“သူ့ကို ဖန်ကျန်းရှီ ဆိုတာ သိလိုက်ရတော့၊ အရင်က လမ်းညွှန် ခဲ့တာတွေ အသုံးမဝင်ဘူးလို့ ငါထင်ခဲ့မိတယ်။ အခုတော့ သူ့လို တကယ့် စွမ်းအားရှင် အစစ်အမှန် အဆင့်က ငါတို့ ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး။”
ပြိုင်ပွဲဝင်တွေ သက်ပြင်းချရင်းနဲ့ ငေးကြည့်နေတယ်။
ဒီအချိန်မှာပဲ လူတစ်ယောက်က သူတို့ မျက်စိရှေ့ကနေ ဖြတ်ပြေးသွားတယ်။ လက်တစ်ဖက်စီမှာ အစိမ်းရောင်နဲ့ အပြာရောင် ဓားတစ်ချောင်စီကို လက်ထဲမှာ ကိုင်ထားခဲ့တယ်။ နန်ကုန်းမု။
“ဟမ်။” အကြီးအကဲလည်း မျက်လုံးထဲမှာ လူတစ်ယောက်ကို မြင်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို အာရုံလွှဲပြီးတော့ နန်ကုန်းမုကို မတိုက်ခိုက်နိုင်ဘူး။ လည်ပင်းနားမှာ လေညှင်းလေး ဖြတ်သွားတာကို ခံစားရတယ်။ သုခမိန် အဆင့် လူတစ်ယောက်၊ ကောင်းကင်တာအို အကြီးအကဲ တစ်ယောက် အနေနဲ့ တိုက်ပွဲမှာ ဘယ်တော့မှ သတိလက်လွတ် မနေဘူး။
နန်ကုန်းမုရဲ့ တိုက်ကွက်က သူ့ကို ထိခိုက်သွားတာ အလစ်ဝင်တိုက် ခံရလို့ပဲ။ သူက ကောင်းကင်တာအို ခန်းမမှာ ရှိနေတာလေ။ ဒီလောက်တောင် အင်အားကြီးတဲ့သူတွေ စောင့်ကြည့် နေတဲ့ အချိန်မှာတောင် ဘယ်သူက သူ့ကို အလစ်ဝင်တိုက် နိုင်မှာလဲ။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စလေ။ ပထမ တစ်ခေါက် အတွေ့အကြုံကြောင့် သူနောက်တစ်ခေါက် ထပ်အဖြစ် မခံတော့ဘူး။
“သေချင်နေလား။” ပဉ္စမ အကြီးအကဲ သူ့ရဲ့ နွယ်ပင်လက်မောင်းကို လွဲှယမ်းလိုက်တယ်။ ဆူးချွန်တွေ အပြည့်နဲ့ နွယ်ပင်ကြီး ဆယ်ခု ခွဲထွက်သွားတယ်။ တစ်ခုချင်းစီတိုင်းက အန္တရာယ် အငွေ့အသက်တွေ တောက်ပနေတယ်။
ဒီဆူးနွယ်တွေက တိုက်ခိုက်အားကော ခုခံအားပါ မြင့်မားတယ်။ ပဉ္စမ အကြီးအကဲကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒါက သေခြင်းနဲ့ ရှင်ခြင်းကြားက တိုက်ပွဲပဲ။ သူအသက်ရှင်နေတဲ့ အချိန်မှာ လူတစ်ယောက်က အလစ်ဝင်တိုက်တာကို ဘယ်လိုများ ခွင့်ပြု နိုင်မှာလဲ။
ဒီလူက နန်ကုန်းဟောင်ရဲ့ ညီငယ်လေး ဖြစ်နေရင်တောင်ပေါ့။ ပဉ္စမ အကြီးအကဲ လှုပ်ရှားတဲ့ အချိန်မှာပဲ လူတစ်ယောက်က ရှေ့ထွက်လာခဲ့တယ်။ တိုက်ပွဲကြီးကို ကြည့်နေတဲ့ ကောင်းကင်တာအို တပည့်သားတွေထဲက တစ်ယောက် တိုးထွက်လာတာ။
သူ့ရဲ့ ဝတ်ရုံဖြူက လေထဲမှာ တဖျပ်ဖျပ် လွင့်နေတယ်။ သူ့နောက်ကျော်မျာလည်း ဓားရှည် တစ်ချောင်း ပါလာတယ်။ အစိုင်အခဲ တစ်ခုလို ဓားနှောင့်နဲ့၊ ထွင်းဖောက် မြင်ရအောင် ကြည်လင်နေတဲ့ ဓားက နေရောင်အောက်မှာ တဖျပ်ဖျပ် လက်နေတယ်။
“နန်ကုန်းဟောင်။”
“ညီလေး နန်းကုန်။”
“ဒီကောင်က သူ့ညီလေး အစစ်လား။”
ကောင်းကင်တာအို တပည့်သားတွေ ပဉ္စမ အကြိးအကဲနဲ့ တိုက်ခိုက်နေတဲ့ လူကိုကြည့်ရင်း ပြောနေတယ်။ လွန်ခဲ့တဲ့ ၂နှစ် အတွင်း ကောင်းကင်တာအို ခန်းမကို အလှုပ်ရှားဆုံး ဖြစ်အောင် လုပ်နိုင်တဲ့ လူနှစ်ယောက်ကို ရွေးပါဆိုရင်၊ ဘယ်သူတွေ ဖြစ်မလဲ။ ကောင်းကင်တာအို ခန်းမမှာ အသန်မာဆုံး တပည့်သားကို ပြောပါဆိုရင်၊ တစ်ခုပဲ ပြောစရာ ရှိမယ်။ ကောင်းကင် တာအို ခန်းမကို ဝင်လာတဲ့ တပည့်အသစ် နန်ကုန်းဟောင်ပဲ။
လွန်ခဲတဲ့ ၂နှစ် အတွင်းမှာ လူပြော အများဆုံး ကိစ္စက သူပဲ။ လွန်ခဲ့တဲ့ ၂နှစ် ကောင်းကင် တာအို လူရွေးပွဲမှာ နန်ကုန်းဟောင်က သဘာဝလွန် အဆင့်နဲ့ အင်အားကြီး ပြန်လည်မွေးဖွားမှု အဆင့်တွေ အားလုံးကို အနိုင်ယူခဲ့တယ်။ တကယ်တော့ စာမေးပွဲ တစ်လျှောက်လုံးမှာ နန်ကုန်းဟောင်က အင်အား အကြီးဆုံးသူပဲ။
သဘာဝလွန် အဆင့် ဖြစ်ပေမယ့် စာမေးပွဲ တစ်လျှောက်လုံးမှာ ပထမ နေရာကို ရခဲ့တယ်။ ဒါကြောင့်ပဲ ကောင်းကင် တာအို ခန်းမ တပည့်သား ဖြစ်လာတဲ့ အချိန် လူတိုင်းက သူ့ကို အထင်ကြီး ကြတာ။ ဒါ့အပြင် ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ပုံမှန် ပြိုင်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာလည်း နန်ကုန်းဟောင်ရဲ့ စွမ်းအားတွေ ပညာတွေက လူသိများတယ်။ ဒါက အကုန် မဟုတ်သေးဘူး။ လွန်ခဲ့တဲ့ ၂လကပဲ နန်ကုန်းဟောင် အဆင့်တက် သွားခဲ့တယ်။
အဲ့ဒီ့နောက် ကောင်းကင်တာအို ခန်းမမှာ ပထမဆုံး အဓိပ္မာယ် ပြည့်ဝတဲ့ တိုက်ပွဲကို တိုက်ခိုက်ခဲ့တယ်။ ခုနှစ်ယောက်မြောက် အကိုကြီးနဲ့ တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ခဲ့တယ်။ ခုနှစ်ယောက်မြောက် အကိုကြီးက သုခမိန် တစ်ယောက်ပဲ။
နန်ကုန်းဟောင် ဘယ်လိုနိုင်သွားမှန်း ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ကပ်သီးလေး နိုင်သွားခဲ့ တာတော့ အမှန်ပဲ။ ဒါကြောင့် မိုးနတ် ရေကန်ကို သူဝင်ခွင့် ရခဲ့တယ်။ ဒါက တစ်ဖက်သတ် ပုံပြင် တစ်ခုပဲ။ နောက်တစ်ခုကတော့ နန်ကုန်းဟောင်က မတိုက်ခိုက်ခင်၊ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်းကို အရင် တောင်းဆိုခဲ့တယ်။ တကယ်တော့ အများကြီး ကွာခြားတာမျိုး မရှိပါဘူး။
နောက်ဆုံးတော့လည်း နန်ကုန်းဟောင်လို ပြန်လည် မွေးဖွားမှု အဆင့် ရောက်ခါစ လူတစ်ယောက်က သုခမိန် တစ်ယောက်ကို အနိုင်ယူခဲ့တယ် ဆိုတာ ယုံတဲ့သူ သိပ်မရှိဘူးလေ။ ကပ်သီးလေး နိုင်တယ်ဆိုလည်း မယုံဘူး။ နောက်ပြီးတော့ သူတို့ နှစ်ယောက်လုံးကလည်း ဒီနေ့ အထိ အဲ့ဒီ့ ကိစ္စကို တစ်ခွန်းတောင် မပြောပဲ ရေငုံနှုတ်ပိတ် နေကြတယ်။
မေးရမှာလား။ ဘယ်သူက သူတိုကကို မေးဝံ့မှာလဲ။
အကျဉ်းချုပ်ကတော့ နန်ကုန်းဟောင်က ခုနှစ်ယောက်မြောက် အကိုကြီးကို အနိုင်ယူပြီး မိုးနတ် ရေကန်ကို ဝင်ခဲ့တယ်။ သူထွက်လာ ပြီးတဲ့နောက် ဘယ်သူ့ကိုမှ စိန်မခေါ် ခဲ့သေးဘူး။ ဒါကြောင့် ခန်းမ ခေါင်းဆောင် မုချင်းဖန်းက လွဲပြီးတော့ ဘယ်သူမှ သူ့စွမ်းအားတွေကို မသိဘူး။ နန်ကုန်းဟောင်က အရမ်း မြန်တယ်။ အရိပ်ကတောင် မှုန်ဝါး နေသလိုပဲ။ ဒါပေမယ့် သူ့ထက် မြန်တဲ့သူ ရှိနေတယ်။ နန်ကုန်းမုဆီကို စက္ကန့်ပိုင်းတောင် မကြာပဲ ရောက်သွားခဲ့တယ်။
သူ့ အသားအရေက ညိုမောင်းတယ်။ ကျောက်စိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ထားပေမယ့် သူ့ရဲ့ ကြမ်းတမ်း ထက်မြက်တဲ့ ပုံစံကိုတော့ ဖုံးကွယ် မထားနိုင်ဘူး။ တကယ့် မိစ္ဆာ အစစ်ပဲ။
ပုံမှန် အတိုင်း သူ့မှာ သားရဲကောင်လို တောက်ပနေတဲ့ မျက်ဝန်းတွေ ရှိတယ်။ သူကတော့ ရန်ချင်း။ စစ်မက် လိုလား နိုင်ငံတော်ရဲ့ နံပါတ်တစ် အံ့ဖွယ်။ သားရဲကောင် အုပ်စုကြားမှာ ကြီးပြင်းလာရတဲ့သူ။ မဖျက်စီးနိုင်တဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူ့တိုက်ကွက်တွေက မထည် ဝါဘူး။ နန်ကုန်းမုဆီကို ဝင်လာနေတဲ့ ဆူးနွယ်စိမ်းတွေကို လက်မောင်းနှစ်ဖက် အားကို သုံးပြီးတော့ ရိုက်ချလိုက်တယ်။
“သူက ငါ့အပိုင်။” အားပြင်းတဲ့ အော်သံကြီးက ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံးမှာ ဟိန်းထါက် သွားတယ်။ ကွဲအက်နေတဲ့ မြေပြင်ကိုတောင် တုန်ခါ သွားစေတယ်။
အပိုင်း (၆၆၃) ပြီး၏။
အပိုင်း (၆၆၄)
“သွားမလား။ သေမလား။”
ဘာသာပြန်သူ - Enri Thaw
ဒါက တစ်ချိန်တည်းမှာ ဖြစ်လာခဲ့တာ။ တိုက်ပွဲ အရှိန်နှုန်းကို လှည့်ပြောင်းတာက အရေးကြီးတဲ့ ကိစ္စ တစ်ခုပဲ။ ထွက်ပေါ်လာတဲ့ ဆူးနွယ်စိမ်းတွေက ရန်ချင်းရဲ့ လက်ထဲမှာ အစိမ်းရောင် အစက်အပျောက်လေးတွေ ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ သန်မာတဲ့ ကြွက်သားတွေက အစိမ်းရောင် ဝတ်ရုံအောက်မှာ ရုန်းကန် နေကြတယ်။
နွယ်စိမ်း နှစ်ခုကို လက်နဲ့ ဖယ်ရှား ပြီးတဲ့နောက်၊ တခြား နွယ်စိမ်းတွေကို လက်နဲ့ အကုန်ဆွဲဖယ် လိုက်တယ်။ ထူးဆန်းတဲ့ မြင်ကွင်း၊ သားရဲကောင် တစ်ကောင်လို အရှိန်အဝါ၊ ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ အားပြင်းတဲ့ အူသံကြီးက လူတိုင်းကို ရပ်တန့် သွားစေတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပုံမှန် ပုံစံကို ပြန် ရောက်သွားခဲ့တယ်။
“ဒီလူက နာကျင်တာကို မခံစား ရဘူးလား။”
“နာကျင်တယ်။ ငါသာ မမှားရင်။ သူက စစ်မက်လိုလား နိုင်ငံတော်ရဲ့ နံပါတ်တစ် အံ့ဖွယ် ဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါကြားတာတော့ ဒီလူက ထူးခြားတဲ့ စိရိုက်ရှိလို့ သူနဲ့ မိတ်ဆွေဖွဲ့ဖို့ ခက်ခဲတယ်။
“ဒါက ပုံမှန်ပဲ ဘယ်သူကများ မိစ္ဆာ တစ်ကောင်နဲ့ မိတ်ဆွေ ဖြစ်ချင်မှာလဲ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဒါကို ဆွေးနွေးရင်းနဲ့ တုန်ယင်နေတယ်။ သူတို့တွေလည်း စစ်မက်လိုလား နိုင်ငံတော်ရဲ့ ထိပ်တန်း အံ့ဖွယ် အကြောင်းကို ကြားဖူးကြတယ်။ ဒါပေမယ့် ဒီလို စွမ်းအား သပ်သပ်ကို မျက်လုံးနဲ့ မြင်ရတာက ပိုပြီးတော့ လန့်စရာ ကောင်းတယ်။
ရန်ချင်းကတော့ ဘာစကား တစ်ခွန်းကိုမှ မကြားတဲ့ အတိုင်း တိုက်ခိုက်နေတယ်။ နာကျင်တဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး။ ဆူးနွယ်စိမ်းတွေကြောင့် တကိုယ်လုံးမှာ ဒဏ်ရာတွေ အပြည့်ရပြီး သွေးတွေ စီးကျ နေပင်မယ့်လည်း မမှုတဲ့ ပုံစံပဲ။
အား။ သူအော်ဟစ်တယ်။
ဆူးနွယ်စိမ်းတွေ အားလုံး ပြတ်ထွက်ကုန်တယ်။ ဒါက စွမ်းအား သက်သက်ပဲ။ ခန္ဒာကိုယ် အင်အား တစ်ခုတည်းနဲ့ ဆူးနွယ်စိမ်းတွေ ချုပ်နှောင် ထားတာကို ဖယ်ရှား ပြစ်တာ။
နန်ကုန်းဟောင်ကတော့ လမ်းတစ်ဝက်မှာ ရပ်တန့်နေတယ်။ ရန်ချင်းရဲ့ ခန္ဒာကိုယ်နဲ့ သူက တစ်လက်မပဲ ကွာဝေးတော့တယ်။ သူ့ဝတ်ရုံက ပဉ္စမ အကြီးအကဲနဲ့ ဖန်ကျန်းရှီရဲ့ စွမ်းအား လှိုင်းတွေကြောင့် တုန်ခါနေတယ်။
ရန်ချင်းကို သူကြည့်လိုက်တဲ့ အချိန် သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားခဲ့တယ်။ သူဝတ်ထားတဲ့ ကျောက်စိမ်းရောင် ဝတ်ရုံမှာ သွေးတွေ ရွှဲနစ် နေခဲ့ပြီ။ ဒါပေမယ့် သူက အရမ်း တည်ငြိမ်လွန်းတယ်။ ဓားတစ်ချောင်း ရှေ့မှာ ရောက်နေတာတောင် မတုန်လှုပ်။
ဝုန်း။ ဖန်ကျန်းရှီနဲ့ ပဉ္စမ အကြီးအကဲ နှစ်ယောက်လုံး လွင့်ထွက်သွားတယ်။ လူသတ်ငွေ့တွေက လေထု တစ်ခုလုံးကို ပြည့်နှက် သွားပြီးတော့ ခရမ်းရောင် အလင်းတန်းက မိုးကောင်းကင် အထိကို မြင့်တက်သွားတယ်။ ဖန်ကျန်းရှီက နောက်ကို ငါးလှမ်းဆုတ်သွား ခဲ့ပေမယ့်၊ သေလောက်အောင် အေးစက်တဲ့ အကြည့်တွေနဲ့ မျက်ဝန်းက တောက်ပနေဆဲ။
ပဉ္စမ အကြီးအကဲက ဘေးကို လွင့်ထွက်သွားရင်း အသက်ပြင်းပြင်း ရှူနေရတယ်။ ထိတွေ့ တိုက်ပွဲကြောင့် သူ့အင်အားတွေ အတော် ထိခိုက်သွားတယ်။ ရန်ချင်း ရုတ်တရက် ထွက်ပေါ် လာတာကလည်း သူ့မူလ အစီအစဉ်ကို ပျက်စီးစေတယ်။ ပဉ္စမ အကြီးအကဲ ဒေါသ အရမ်း ထွက်နေခဲ့တယ်။
ဒါပေမယ့် ဒီကိစ္စတွေ အားလုံးက အရေးမကြီးဘူး။ အခြေအနေ တစ်ခုလုံးက အထိန်းအကွပ် မဲ့နေပြီ။ မထင်မှတ် ထားတဲ့ လူတွေ တိုက်ပွဲထဲကို ဝင်လာကြတယ်။
“နန်ကုန်းမုကို ကယ်ဖို့ ရန်ချင်းက ဘာကြောင့် ရှေ့ထွက် လာတာလဲ။”
“ငါလည်း မသိဘူး။ (သူက ငါ့အပိုင်) လို့ အော်လိုက်တာ ကြားတယ် မလား။ သူဆိုတာကော ဘယ်သူလဲ။”
“ပဉ္စမ အကြီးအကဲလား။ နန်ကုန်းမုလား။”
ကောင်းကင် တာအို တပည့်သာေးတွ ရန်ချင်းနဲ့ နန်ကုန်းမုကို ကြည့်ရင်း ပြောနေကြတယ်။ ရန်ချင်း ရုတ်တရက် ပေါ်လာတာကို နားမလည် နိုင်ကြဘူး။ အခြေအနေက အရမ်းကို ကမောက်ကမ ဖြစ်လွန်းနေတယ် မဟုတ်လား။
ပုံမှန် အတိုင်းဆိုရင် ဖန်ကျန်းရှီနဲ့ ပဉ္စမ အကြီးအကဲ ကြားက တိုက်ပွဲ တစ်ခုပဲ ဖြစ်ရမှာ။ အခုတော့ ရန်ရွှယ်။ နန်ကုန်းမုနဲ့ ချန်းဝူပါ ပါဝင်လာကြတယ်။ အခုတော့ နန်ကုန်းဟောင်နဲ့ ရန်ချင်းပါ ပါလာပြီ။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တိုက်ပွဲထဲက လူတွေကို စိုက်ကြည့်နေတယ်။ ဒီတိုက်ပွဲ ဘယ်လို အဆုံးသတ် မယ်မှန်း မခန့်မှန်း တတ်တော့ဘူး။
အခုချိန်မှာ နန်ကုန်းဟောင်က နန်ကုန်းမုကို ကြည့်နေတယ်။
“မင်း ဆုံးဖြတ် ပြီးပြီလား။”
“ဟုတ်တယ်။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။
“ငါတို့ လုပ်ရမယ့် လုပ်ငန်းကို မှတ်မိသေးလား။” နန်ကုန်းဟောင်က နန်ကုန်းမုရဲ့ အဖြေကြောင့် မအံ့သြဘူး။ တစ်ခဏတာ တိတ်ဆိတ် နေပြီး နောက်မှာ သူဆက်ပြောတယ်။
“အကို တစ်ယောက်တည်းနဲ့ လုံလောက်ပါပြီ။” နန်ကုန်းမု အေးအေးဆေးဆေး ပြန်ဖြေတယ်။
“ကောင်းပြီ။” နန်ကုန်းဟောင်လည်း တစ်ခုခုကို နားလည် သွားတဲ့ ပုံစံပဲ။ တပတ်လှည့်ပြီးတော့ ထွက်သွားတော့တယ်။ “မင်းလုပ်ချင်တာ လုပ်တော့။”
နန်ကုန်းမုလည်း စကားပြောတာ ရပ်လိုက်တယ်။ နန်ကုန်းဟောင်ရဲ့ နောက်ကျောကို ငေးကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အစိမ်း အပြာ အလင်းတန်း နှစ်ခုက သူ့မျက်လုံးမှာ တောက်ပလာတယ်။
“ငါတို့ တိုက်ခိုက်ကြမလား။” နန်ကုန်းမုက ရန်ချင်းကို လှည့်ပြောတယ်။
“ကျေးဇူးပြုပြီး။” ရန်ချင်း ခေါင်းငြိမ့်လိုက်တယ်။ သူ့ခန္ဒာကိုယ်က အစိမ်းရောင် ဝတ်ရုံကို ချွတ်လိုက်တော့ ညိုမောင်းတဲ့ အသားအရေ ထွက်ပေါ်လာတယ်။ ကြွက်သားတွေက တကယ့်ကို တောင့်တင်း သန်မားလွန်းတဲ့ ပုံစံပဲ။ ဒီမြင်ကွင်းကို ကောင်းကင်တာအို တပည့်သားတွေ အားလုံး မြင်ကြတယ်။ နှလုံးသားထဲမှာ အြောက်စတရားတွေ စီးဆင်းသွားတယ်။ သူတို့တွေ ကွင်းပြင် တစ်ခုမှာ မုန်တိုင်းကြီးနဲ့ ရင်ဆိုင် နေရသလိုပဲ။
“ညီလေး နန်ကုန်း ဘာဖြစ်လို့ ပြန်သွားတာလဲ။”
“သူပြောတဲ့ တိုက်ပွဲ ဆိုတာ ဘာပြောတာလဲ။”
“သူတို့တွေ တိုက်ခိုက် ကြတော့မှာလား။ ဒါပေမယ့် ရန်ချင်းက နန်ကုန်းမုကို ကယ်ဖိုက လုပ်နေတာ မဟုတ်ဘူးလား။ ဘာတွေ ဖြစ်ပြန်တာလဲ။”
သူတို့တွေ အားလုံး အရမ်း စိတ်ရှုပ်ထွေး နေတယ်။ ရန်ချင်းနဲ့ နန်ကုန်းမုကတော့ သူတို့ကို ရှင်းပြမှာ မဟုတ်ဘူး။ ရန်ချင်း ခေါင်းငြိမ့်တယ်။ နန်ကုန်းမုလည်း စပြီး လှုပ်ရှားတော့တယ်။ ဓားနှစ်ချောင်းကို ဝေ့ယမ်းရင်းနဲ့ ရန်ချင်းကို အညှာအတာမဲ့ တိုက်ခိုက်တယ်။ ဆူပူ အုံကြွ နေကြပြီ။
အခြေအနေက ကောင်းကင် တာအို ခန်းမ မထိန်းသိမ်းနိုင်အောင် ဆိုးဝါးနေပြီ။ နန်ကုန်းဟောင်လည်း ဝင်မပါတော့ဘူး။ ဖန်ကျန်းရှီ၊ ရန်ရွှယ်၊ နန်ကုန်းမု၊ ချန်းဝူ၊ ရန်ချင်း အကုန်လုံး သောင်းကျန်းနေပြီ။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲလည်း ဒီ အခြေအနေကနေ မလွတ်နိုင်သေးဘူး။
အကယ်၍ ကောင်းကင် တာအို ခန်းမကသာ ဖန်ကျန်းရှီ ပေါ်လာတာကို ကိစ္စလေးလေး တစ်ခုလို့ပဲ သတ်မှတ်ခဲ့ရင်၊ အခု အဖြစ်က သူတို့ ထင်ထားတာနဲ့ အများကြီး ကွာခြားသွား လိမ့်မယ်။ စာမေးပွဲက အခုတော့ လုံးဝကို နှောက်ယှက် ခံနေရပြီ။ အခုလို အခြေအနေနဲ့ တတိယ အချီကိုတောင် ကျင်းပလို့ ရနိုင်ပါ့မလား။
ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်ဘူး။ တတိယ အချီက အခုဖြစ်နေတဲ့ ကိစ္စလောက်တော့ အရေးမပါဘူးလေ။ ဒါ့အပြင် မုချင်းဖန်းကလည်း မျက်လုံးတွေ ပိတ်ထားတယ်။ ဖန်ကျန်းရှီက သေရှင် တာအိုကို သုံးနေတာတောင် သူမျက်လုံး ပိတ်ထားဆဲ။
တိတ်ဆိတ်နေတယ်။
မုချင်းဖန်းက ကောင်းကင် တာအို ခန်းမ တစ်ခုလုံးကို ကိုယ်စားပြုတယ်။ သူတိတ်ဆိတ်နေတာ ကောင်းကင် တာအို ခန်းမ တစ်ခုလုံး တိတ်ဆိတ်တာပဲ။ ဒါပေမယ့် တည်ငြိမ် မနေနိုင်တဲ့ လူတစ်ယောက်တော့ ရှိနေတယ်။ သူကတော့ ချန်းဝူရဲ့ ခမည်းတော်၊ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်။ သူ့ရဲ့ သဘာဝကြောင့် ဒီလို မနေနိုင်တာ မဟုတ်ဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေလို့ပဲ။ ချန်းဝူရဲ့ အမူအယာကနေ သူပြောနိုင်တယ်။ အရမ်း နာကျင်နေတယ်။ နာကျင်လွန်းလို့ သေသာ သေချင်တော့တယ်။
“ဖန်ကျန်းရှီ ငါ့သား ချန်းဝူကို လွှတ်လိုက်။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က အော်ဟစ်တယ်။ အဲ့ဒီ့နောက် စစ်မြေပြင်ထဲကို ခုန်ဝင် လာခဲ့တယ်။ သူက အရမ်းကို မြန်ဆန်လွန်းတယ်။
သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ဧကရာဇ် ဖြစ်တဲ့ အတွက် တိုက်ခိုက်နိုင်ရည် အပြည့်ရှိသေးတယ်။ ဖန်ကျန်းရှီကတော့ ဒီစကားတွေကို ကြားတော့ ပိုပြီးတော့တောင် မြန်မြန် တုံ့ပြန်သေးတယ်။ ဧကရာဇ် ထလာတာကို မြင်တာနဲ့ ချန်းဝူဆီကို ချက်ခြင်း ရောက်လာတယ်။
“မကောင်းတော့ဘူး။”
ခြေရာမဲ့ဓားက ချန်းဝူရဲ့ ရင်ဘတ်မှာ ရောက်နေခဲ့ပြီ။ ပြိုင်ပွဲဝင် တစ်ယောက်ကို သတ်မိတာက ကောင်းကင် တာအို ခန်းမမှာ အရေးမကြီးဘူး။ ဒါပေမယ့် သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ကျော်ကြားတဲ့ ထီးနန်း ဆက်ခံသူ ဖြစ်နေရင်တော့ ဒီဆုံးဖြတ်ချက်က မကောင်းဘူး။
“ဖန်ကျန်းရှီ ရပ်လိုက်။”
သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ဧကရာဇ် အော်ဟစ်တယ်။ ကိစ္စ အများစုကို သူသည်းခံနိုင်တယ်။ ဒါပေမယ့် ချန်းဝူ သေတာကတော့ သူမခံစား နိုင်တဲ့ ကိစ္စတွေထဲက တစ်ခုပဲ။ ချန်းဝူက အိမ်ရှေ့စံ နေရာကို အမြဲ ငြင်းပယ်ပြီးတော့ သူနဲ့ နီးနီးကပ်ကပ် နေဖို့ ရှောင်ဖယ် နေပင်မယ့်ပေါ့။
သူဘယ်လောက် အော်အော်၊ ဖန်ကျန်းရှီရဲ့ ဓားကို မရပ်တန့်နိုင်ဘူး။ ခြေရာမဲ့ဓားက ချန်းဝူရဲ့ နှလုံးသားကို ဖောက်ထွက် သွားခဲ့တယ်။ လုံး၀ တွေေ၀ မနေဘူး။ သွေးတွေ ချန်းဝူရဲ့ နောက်ကျောကနေ စီးကျလာတယ်။ ခြေရာမဲ့ ဓားက အော်သံထွက်ရင်းနဲ့ အလင်းတန်းတွေ ထုတ်လွှတ်နေတယ်။
ချန်းဝူ ပါးစပ်ဟရင်း တစ်ခုခု ပြောဖို့ ကြိုးစားတယ်။ ဒါပေမယ့် အသံ ထွက်လာတော့ဘူး။ သေရှင် ငရဲတံခါးက သူ့တကိုယ်လုံးက အင်အားတွေကို ဖိနှိပ်ထားတယ်။ မျက်လုံးတောင် အပြည့် မဖွင့်နိုင်ဘူး။ တကိုယ်လုံမးှာ ပြင်းထန်တဲ့ ဖိအားတွေကို ခံစား နေရတယ်။ စွမ်းအားတွေ ခန္ဒာကိုယ်က စိမ့်ထွက် နေသလိုပဲ။
ချန်းဝူရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။ ခါးသီးတယ်။ ဘဝက ခါးသီးလွန်းတယ်။ ငယ်ရွယ်တဲ့ အချိန်တည်းက မြို့တော်ကနေ ထွက်ခွာ ခဲ့ရတာက စည်းစိမ် ချမ်းသာတွေ သက်တောင့်သက်သာ ရှိတာတွေကို မခံစားရဘူး။ ကောင်းတဲ့ ကိစ္စလို့ မထင်ရပေမယ့်၊ အမှီအခို ကင်းကင်း နေနိုင်ဖို့ သင်ကြား ခံရတယ်။
မြို့တော်ကို ပြန်ဝင်လာတဲ့ အချိန်တည်းက သူ့ဘဝလည်း ပြောင်းလဲ သွားခဲ့တယ်။ တိုက်ပွဲတွေ စစ်ပွဲတွေ အစီအစဉ်တွေ သစ္စာဖောက်တာတွေ ကြားမှာ ရှင်သန် ခဲ့ရတယ်။ ဒါပေမယ့် သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ အခြေခံ အုတ်မြစ် တစ်ယောက် ဖြစ်လာအောင် သူလုပ်နိုင်ခဲ့တယ်။
သူ့နေရာကိုတင် ကာကွယ်နိုင်တာ မဟုတ်ဘူး။ တခြား နိုင်ငံတော်တွေက အိမ်ရှေ့စံ မင်းသားတွေကိုတောင် လွှမ်းမိုးနိုင်သေးတယ်။ သီးခြား မြင့်မြတ် နိုင်ငံတော်က စစ်သေနာပတိချုပ် ဖြစ်တဲ့ အပြင်၊ ညီလာခံကိုလည်း လွှမ်းမိုးထားနိုင်တယ်။ ကြီးမြတ်သော ရှနိုင်ငံတော်ကို တိုက်ခိုက်တာ မအောင်မြင် ခဲ့တာတောင် သူ့နေရာကို မထိခိုက် နိုင်ခဲ့ဘူး။ သူက သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ မျှော်လလင့်ချက် ဖြစ်နေတာကြောင့်ပဲ။
အသက်ငယ်ငယ်လေးနဲ့ သေရှင်တာအိုကို ထိန်းချုုပ်နိုင်တဲ့ သူလည်း ဖြစ်တယ်။ အင်အားကော အာဏာကိုပါ ညီမျှအောင် လုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူလည်း ဖြစ်တယ်။ နိုင်ငံရေး ကိစ္စတွေကိုလည်း ကောင်းကောင်း ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် အခုတော့ သူက သေရတော့မယ်။ နောက်ပြီးတော့ သေရှင် ငရဲတံခါးရဲ့ လက်ထဲမှာ သေရတော့မှာ။ ဘယ်လိုများ မခါးသီးပဲ နေနိုင်မှာလဲ။
“ဘာကြောင့်လဲ။ သူက ဘာကြောင့်များ သေရှင်တာအိုကို ပညာရှင် အဆင့် ရောက်နေ ရတာလဲ။ ဘာကြောင့် သေရှင် ငရဲတံခါးကို ဆင့်ခေါ် နိုင်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။” ချန်းဝူရဲ့ စိတ်ထဲမှာ ဒေါသတွေက အော်ဟစ်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို အချိန် အများကြီး မပေးဘူး။
ခြေရာမဲ့ ဓားကို ဆွဲထုတ် လိုက်တယ်။ အရမ်းကို လျင်လျင်မြန်မြန်နဲ့ ချန်းဝူရဲ့ မျက်လုံးတွေ ပိတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ဓားကနေ ခရမ်းရောင် အလင်းတန်းတွေ နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်။ ဒီတစ်ခေါက် သူ့ပြစ်မှတ်က သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ဧကရာဇ်။ ချန်းဝူရဲ့ သွေးတွေက ဓားထိပ်ကနေ စီးကျ မလာဘူး။ အဲ့ဒီ့အစား ဓားကနေ စွမ်းအားတွေကို စုပ်ယူသွားတယ်။
အပိုင်း (၆၆၄)ပြီး၏။
အပိုင်း (၆၆၅)
“အလွန်အမင်း ရက်စက် ကြမ်းကြုတ်”
ဘာသာပြန်သူ - Enri Thaw
“မင်း။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် မျက်နှာ တစ်ခုလုံး မည်းမှောင် နေခဲ့ပြီ။ မင်းရဲ့ သားကို သတ်လိုက်တဲ့ သူက မင်းရှေ့မှာ ရောက်နေတယ်။ သူက မင်းကို ထွက်သွားဖို့ အော်ထုတ်နေတယ်။ ဒါ့ထက် ပိုပြီးတော့ ခံပြင်းစရာ ကိစ္စ ရှိအုန်းမလား။
ဖန်ကျန်းရှီ လက်ထဲက သွေးစွန်းနေတဲ့ ခြေရာမဲ့ ဓားကို သူစိုက်ကြည့် နေခဲ့တယ်။ လက်စားချေလို စိတ်က တွန်းပို့တာကြောင့် ရှေ့ကို ထွက်လာမိတာ။ သူ့သား သေဆုံးရတဲ့ အတွက် ဖန်ကျန်းရှီရဲ့ အသက်ကို လိုချင်တယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ စိုးရိမ် တကြီး အော်သံကို ကြားလိုက်ရတယ်။
“ခမည်းတော် ဒီလို လုပ်လို့ မဖြစ်ဘူး။”
“ဘာလို့ မဖြစ်တာလဲ။” ဒီအသံကို သူသိတယ်။ သူနဲ့ အတူ လိုက်လာတဲ့ သားတော် တစ်ပါးရဲ့ အသံပဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ် ထားသင့်မှန်း ပိုလို့တောင် သိသေးတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ ဧကရာဇ် တစ်ပါး အနေနဲ့ သူ့သားကို သတ်တဲ့သူက ရှေ့မှာ မားမားမတ်မတ်ကြီး ရပ်နေတာကို ဘယ်လို ခံစား နိုင်မှာလဲ။
ကြီးမားလွန်းတဲ့ အရှိန်အဝါတွေ ခန္ဒာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားတယ်။ ကြောက်စရာ ကောင်းပြီး အင်အားကြီးမားတဲ့ ပင်လယ်လှိုင်းတွေ တဝုန်းဝုန်း ရိုက်ခတ် လာသလိုပဲ။ ရှိနေတဲ့ လူတိုင်းရဲ့ နှလုံးသားကို တုန်ယင် သွားစေခဲ့တယ်။
ဒါပေမယ့် သူရှေ့ကို တက်မလာခဲ့ဘူး။ အခု သူရောက်နေတာ သီးခြား မြင့်မြတ် နိုင်ငံတော် မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမ ဖြစ်နေတယ်။
“ကြီးမြတ်တဲ့ ရှနိုင်ငံတော်ကတော့ ဖန်ကျန်းရှီ အတွက် နောက်ထပ် စစ်ပွဲတစ်ပွဲ တိုက်ရလည်း ကိစ္စ မရှိဘူး။ ယွမ်အာ။ မင်းကော ဘယ်လို ထင်လဲ။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ကို တိုက်ရိုက် ပြောနေသလိုပဲ။
“ဖန်ကျန်းရှီ အတွက်ဆို နောက်ထပ် စစ်ပွဲ တစ်ပွဲ တိုက်ရလည်း ကိစ္စ မရှိပါဘူး ခမည်းတော်။” မင်းသားရှန်း လင်းယွမ် ချက်ခြင်း ပြန်ဖြေတယ်။
ဧကရာဇ် လင်းမုပိုင်နဲ့ နယ်စားမင်း မင်းသားရှန်းတို့ အေးအေးဆေးဆေး ဆွေးနွေးနေတာကိုကြားနေရတဲ့ ကောင်းကင် တာအို တပည့်သားတွေတော့ ကျောရိုးထဲက စိမ့်ချမ်း လာကြတယ်။
လူတစ်ယောက် အတွက်နဲ့ နှစ်နိုင်ငံ စစ်ပွဲကို စကြမယ်။ နောက်ပြီးတော့ လေးလပဲ အသက်ရှင်တော့မယ့် လူတစ်ယောက် အတွက်။
ဘယ်သူမဆို သိနားလည်နိုင်တယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ လင်းယွမ်က အရိုးရှင်းဆုံး နည်းလမ်းကို သုံးပြီးတော့ ဖန်ကျန်းရှီကို ဘယ်လို အခြေအနေမျိုးမှာမဆို သူတို့ ထောက်ပံ့မယ် ဆိုတာကို ပြောပြ နေတာပဲ။
“အား။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် ဒေါသ တကြီးနဲ့ အော်ဟစ်တယ်။ သူ့စိတ်ထဲမှာ ခါးသက်နေတယ်။ သူ့ပြည်သူတွေကိုလည်း ထည့်စဉ်းစား ရအုန်းမယ်။ စစ်ပွဲက တစ်ခါ ရှုံးပြီးပြီ။ နောက်တစ်ခေါက် ရှုံးလို့ မဖြစ်တော့ဘူး။
“င့ါသား အလောင်းကို ငါ့ဆီ ပြန်ပေး။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရင်း အော်ဟစ်တယ်။ သူ့လက်သီး တစ်ခုလုံး ကျစ်ကျစ်ပါအောင် ဆုပ်ထားရ လွန်းလို့ ဖြူဖျော့နေပြီ။ ချန်းဝူရဲ့ ခန္ဒာကိုယ်ကလည်း သူ့ခြေထောက်နားကို လိမ့်လာခဲ့တယ်။
ဖန်ကျန်းရှီက ဘာမှ မပြောဘူး။ သူ့ပြစ်မှတ်က သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် မဟုတ်ဘူး။ နောက်ပြီးတော့ ချန်းဝူနဲ့ ပတ်သက်သမျှ လူအားလုံးကို သတ်ပြီးတော့ လက်စားချေချင်တာလည်း မဟုတ်။ သူတို့ ကိစ္စက ချန်းဝူ တစ်ယောက်တည်း နဲ့ပဲ သက်ဆိုင်တယ်။ သေဆုံး သွားတဲ့ အရှင် လီချင်း အတွက်နဲ့ လင်းယွမ် မျှော်စင်ကို ခေါ်သွား ခံရတဲ့ ပင်းယန် အတွက် ဒီလို အတင့်ရဲတဲ့ ကိစ္စကို လုပ်ခဲ့တာပဲ။
ဒါပေါ့။ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်သာ တိုက်ခိုက်ချင်ရင်၊ သူလည်း ပြန်တိုက်ခိုက်ဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။ ဘာမှ ကြောက်စရာ မရှိဘူး။ သူ့ဘေးက လူတွေ ပြောတဲ့ အတိုင်း၊ သူက သေရှင် ငရဲ တံခါးကို ဆင့်ခေါ် နိုင်နေပြီ။ ဒါကြောင့် တခြား စဉ်းစားစရာ မရှိတော့ဘူး။
သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ကတော့ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားလွန်းလို့ လက်သည်းတွေတောင် အသားထဲကို စိုက်ဝင်ကုန်ပြီ။ ချန်းဝူရဲ့ အလောင်းကို ချီမပြီးတော့ ကောင်းကင် တာအို ခန်းမကနေ ထွက်သွားတော့တယ်။ ကောင်းကင် တာအို ခန်းမမှာဆက် မနေတော့ဘူး။ သူ့ အချစ်ဆုံးသားက သေသွားခဲ့ပြီ။
သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ မျှော်လင့်ချက်လည်း ဖျက်စီး ခံလိုက်ရပြီ။ သူအခုချိန်မှာ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက နိုင်ငံတော်ကို တတ်နိုင်သလောက် စွမ်းအား အကုန် သုံးပြီးတော့ ကာကွယ်ဖို့ပဲ။ သနားညှာတာမှု မရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေ ကျုးကျော်တာကိုလည်း တားဆီး ရအုန်းမယ်။ ဧကရာဇ်က အထီးကျန်ပြီး စိတ်ဖိစီးနေတယ်။ ရက်စက်တဲ့ လောကကြီးက ခက်ခဲတဲ့ အမှန်တရားတွေကို ဖန်တိးတယ်။
ဖန်ကျန်းရှီကတော့ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ကို အာရုံ မစိုက်တော့ဘူး။ သူ့ရဲ့ ခရမ်းရောင် မျက်ဝန်းတွေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လူတစ်ယောက်ကို မြင်ရတယ်။ ဒီလူက တခြားသူ မဟုတ်ဘူး။ ပဉ္စမ အကြီးအကဲပဲ။
“လူငယ်လေး။ မင်းက အတော် ညှာတာစိတ် မရှိတာပဲ။” ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြောတယ်။ ဖန်ကျန်းရှီရဲ့ အပြုအမူတွေကို သူမအံ့သြဘူး။ သူသာ ဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ။
နန်ကုန်းမုကို သူတိုက်ခိုက် သလိုပဲ။ အလစ်ဝင်တိုက်တဲ့ လူတစ်ယောက်ကို ဘယ်နည်းနဲ့မှ အသက်ရှင်လျက် မထားနိုင်ဘူး။ အသက်ရှင်လျက် ထားပေးတာကတော့ သနားကြင်နာ တတ်တာ မဟုတ်ဘူး။ ငတုံးကောင် ဖြစ်နေတာပဲ။
အသင့်တော်ဆုံး သူပဲ အသက်ရှင်မယ်။ ဒါက လောကနိယာမပဲ။ အထူးသဖြင့် သုခမိန် နယ်မြေမှာပေါ့။ ပဉ္စမ အကြီးအကဲလည်း ဒီစည်းမျဉ်းကို နားလည်တယ်။ ဖန်ကျန်းရှီကို သတ်လိုက်မှပဲ သူ့ ဂုဏ်သတင်းကို ပြန်ရနိုင်မယ်။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီး တစ်ခုကို သူ့နောက်မှာ ကြားလိုက်ရတယ်။ ပဉ္စမ အကြီးအကဲက သိပ်ပြီးတော့ အာရုံ မစိုက်ဘူး။ ဒါက နန်ကုန်းမုနဲ့ရန်ချင်း နှစ်ယောက် တိုက်ပွဲကနေ ထွက်လာတဲ့ အသံမှန်း သူသိတယ်။ သူတို့ နှစ်ယောက်ကို အာရုံရောက်ဖို့ သူ့မှာ အချိန်မရှိ။
ဖန်ကျန်းရှီက သူတွေးထားတာ ထက်ကို အများကြီး ကျော်လွန်နေတယ်။ ကောင်းကင် တာအိုကို ပညာရှင် အဆင့်တဲ့။ သေရှင် တာအိုမှာလည်း ထိပ်တန်း အဆင့်။ နောက်ပြီးတော့ ဆက်တိုက် တိုက်ခိုက် ထားတာတောင် တစ်စက်လေးမှ မောပန်းတဲ့ ပုံစံ မရှိဘူး။ ဒါက ဘယ်လို မိစ္ဆာမျိုးလဲ။
“သေပေရော့၊” ပဉ္စမ အကြီးအကဲ အော်ဟစ်ရင်းနဲ့ ပြေးဝင်လာတယ်။ အင်အားကြီးတဲ့ သုခမိန် တစ်ယောက်။ ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ။ သူ့ဂုဏ်သိက္ခာက မြင့်မားတယ်။ ဘယ်လောက် မောပန်း နေပါစေ အနားမယူနိုင်ဘူး။ သူ့ရဲ့ ဆူးချွန်ဓားက အစိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီးတော့ ပိုပြီးတော့ တောက်ပလာတယ်။ အရမ်း ပြင်းထန်တဲ့ အရှိန်နှုန်းနဲ့ အတူ ဖန်ကျန်းရှီရဲ့ လည်ပင်းဆီ ရောက်လာတော့တယ်။
“သတ်မယ်။” ဖန်ကျန်းရှီလည်း အေးစက်စက် အော်ဟစ်တယ်။ သူ့လက်ထဲက ခြေရာမဲ့ဓားလည်း ရှင်းလင်းပြတ်သားတဲ့ အသံနဲ့ ပြန်တုံ့ပြန်တယ်။ ခရမ်းရောင် အလင်းတန်းက ပိုပြီးတော့ ထင်ရှားလာခဲ့ပြီ။ ဒါပေမယ့် သူရှေ့ကို ပြေးထွက်မလို့ လုပ်တဲ့ အချိန်၊ နှလုံးသား တစ်ခုလုံး နာကျင်လာတယ်။ နှလုံးက ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ ခုန်နေခဲ့တယ်။ နှလုံးသား တစ်ခုလုံး နာကျင်ပြီးတော့ ဦးတည်ရာတောင် ပျောက်သွားခဲ့တယ်။
တစ်ခဏတာ သူ့စိတ် တစ်ခုလုံး ဗဟာ ဟင်းလင်း ဖြစ်သွားခဲ့တယ်။ ဒီပြင်းထန်တဲ့ ဖိအားတွေက သူ့မျက်စိရှေ့က ပဉ္စမ အကြီးအကဲ ဆီကနေ လာနေတာ။ ဓားကို လွှဲယမ်းရင်း တိုက်ခိုက်တာကို ခုခံတယ်။
ဝုန်း။ ပေါက်ကွဲသံကြီး ထွက်ပေါ် လာပြန်တယ်။ ကြွေကျလာတဲ့ ကြယ်တစ်လုံးလို ဖန်ကျန်းရှီ လွင့်ထွက် သွားခဲ့တယ်။ ကောင်းကင် ကျောင်းတော် ခန်းမက ကျောက်စိမ်းရောင် တိုင်တစ်လုံးကို ဖျက်စီး ပြစ်လိုက်တယ်။ သူ့ရင်ဘတ်ထဲက နာကျင်မှုလည်း ပိုပြီးတော့ ပြင်းထန် လာခဲ့ပြီ။
“အား။” ဖန်ကျန်းရှီ သွေးတပွက် အန်ထုတ်လိုက်တယ်။ နားထဲမှာ နှလုံးခုန်သံကို ပြင်းပြင်းထန်ထန်ကြား နေရတယ်။ ဗုံတွေ ဆက်တိုက် တီးနေသလိုပဲ။
“ဘာတွေ ဖြစ်နေတာလဲ။”
“ဒီကောင် မီးစာကုန် ဆီခမ်း တော့မှာလား။”
“ကြည့်ရတာ သူ့အစွမ်းတွေ ကုန်သွားပြီနဲ့ တူတယ်။”
ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ ကောင်းကင် တာအို တပည့်သားတွေ အံ့သြနေတယ်။ အရင်တိုက်ပွဲတွေကို ကြည့်ရင် ဖန်ကျန်းရှီက လွယ်လွယ် ရှုံးမယ့်သူ မဟုတ်မှန်း သိသာတယ်။ အနည်းဆုံးတော့ အခုလို ပုံစံနဲ့ ရှုံးမှာ မဟုတ်ဘူး။ ပဉ္စမ အကြီးအကဲက သူ့အားနည်းချက်ကို တွေ့သွားတာလား။
ကောင်းကင် တာအို တပည့်သားတွေ တွေးတောနေကြတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အတွေးကို ပြန်ရုပ်သိမ်း လိုက်တယ်။ ဖန်ကျန်းရှီ ပြန်ထလာပြီ။ သူ့မျက်နှာ တစ်ခုလုံး ဖြူဖျော့နေပြီး၊ ခရမ်းရောင် အလင်းတန်းကလည်း မတည်မငြိမ် ဖြစ်နေခဲ့တယ်။ အလင်းတန်းက သူ့ကို အသက်ရှင်အောင် ကြိုးစား ဆွဲငင် နေသလိုပဲ။ မြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။
ပဉ္စမ အကြီးအကဲလည်း လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ အားနည်းလာတာကို သူသိတယ်။ ဒါပေမယ့် နှစ်ယောက် တစ်ယောက် တိုက်ခိုက်တာတောင် ခုခံနိုင်သေးတာ၊ အခုလို အရုပ်ကြိုးပြတ် ဖြစ်သွားတာကတော့ တစ်ခုခု လွဲနေပြီ။ ဘာတွေ ဖြစ်နေတာလဲ။ ရုတ်တရက် စွမ်းအားတွေ ဆုံးရှုံး သွားတာလား။
ပဉ္စမ အကြီးအကဲ ဖြစ်နိုင်ချေတွေကို တွေးတော နေပင်မယ့် စဉ်းစား မရဘူး။ သူတိုက်ခိုက်တဲ့ အင်အားကလည်း သိပ်ပြီး ကွာခြားတာမှ မဟုတ်ပဲ။ ဖန်ကျန်းရှီရဲ့ စွမ်းအားတွေကို သူပဲ အကုန် စုပ်ယူမိတာလား။ သူမသိတဲ့ ဆိုးကျိုး တစ်ခုများ ဖြစ်နေမလား။ ပဉ္စမ အကြီးအကဲ ရုတ်တရက် တစ်ခုကို သတိ ရသွားတယ်။ ဖန်ကျန်းရှီက အသက်ရှင်ချိန် ၄လပဲ ကျန်တော့တယ်။ အဲ့ဒီ့တော့ သေခါနီး လူတစ်ယောက်လို လက္ခဏာ ပြတာ ဖြစ်သင့်တာပဲ။
“ကောင်စုတ်လေး။ သေပေတော့။” ပဉ္စမ အကြီးအကဲ တွေေ၀ မနေတော့ဘူး။
သူ့ပြိုင်ဘက် လဲပြိုနေတဲ့ အချိန်မှာ အနိုင်ယူဖို့ ဘယ်လောက် လွယ်မှန်း သူသိတယ်။ သုခမိန် တစ်ယောက် ဖြစ်ပေမယ့် အခွင့်အရေးကို လက်လွတ် မခံနိုင်ဘူး။
ဖန်ကျန်းရှိကတော့ သူ့ကိုယ်သူ ကျိန်ဆဲ နေမိတယ်။ ဒီလ အတွက် ဆေးမသောက် ရသေးဘူး။ ဒါကို အခုမှ မှတ်မိတာ။ မြောက်ရွာကနေ ထွက်လာတာ တစ်လ မပြည့်သေးတော့ ဆေးမလိုလောက်ဘူး ထင်နေတာ။ ဒါပေမယ့် အခုတော့ ဆေးသောက်ရမယ့် လက္ခဏာတွေ ပြနေပြီ။ ဘာတွေ ဖြစ်နေတာလဲ။
စွမ်းအားကို အများကြီး သုံးမိလို့လား။ ဒါမှမဟုတ်။ သူ့ရဲ့ အဆင့်တက်တဲ့ ဖြစ်စဉ်ကြောင့် ဆေးစွမ်းတွေကို သက်ရောက် သွားတာလား။
ဖြစ်နိုင်ချေကတော့ နည်းတယ်။ တစ်ချို့ ဖြစ်ရပ်တွေက တစ်ခါ နှစ်ခါ ဖြစ်ရုံ မကပဲ အကြိမ်ရေ များလာတော့ ဆိုးကျိုး ထွက်လာတာ သိသာပါတယ်။ ရန်မြို့တော် တိုက်ပွဲ ပြီးတော့ မြောက်ရွာကို ပြန်လာတယ်။ ဒီအချိန်တွန်းမှာ သူ့ရဲ့ ဆေးသောက်ချိန်ကလည်း ပြောင်းသွားတယ်။ နောက်တစ်ခေါက် ဆေးသောက်ရမယ့် အချိန်ကို မတွက်ထား မိဘူး။ အခုချိန်မှာ ပိုဆိုးတဲ့ ကိစ္စလည်း ရှိသေးတယ်။ သူ့မှာ ဆေးပါ မလာဘူး။
ဝူယွဲ့အာက အရင်တစ်ခေါက် ဖြစ်ရပ်ကြောင့် သူ့ကို ဆေးတွေ ပေးမထား တော့ဘူး။ တစ်လုံးဆို တစ်လုံးမှ အပို ပေးမထားတာ။ ယွင်ချင်းဝူကို တောင်ပန် ခဲ့ပေမယ့်၊ ဝူယွဲ့အာက မသနားတော့ဘူး။ ဆေးရနိုင်တဲ့ လမ်းတွေ အကုန်လုံးကို ပိတ်ထားတယ်။ ဖန်ကျန်းရှီ အခု ဆေးလိုနေပြီ။ ဒါပေမယ့် ဝူယွဲ့အာက နောက် သုံးလေးရက် နေမှ ရောက်မှာ။
အခုချိန် ဘာလုပ်ရမလဲ။ ပဉ္စမ အကြီးအကဲကို အချိန်ဆွဲပြီး ဝူယွဲ့အာ ရောက်လာမှ ဆက်တိုက်ခိုက်ရမလား။ မဖြစ်နိုင်ဘူး။ ပဉ္စမ အကြီးအကဲ သဘော မတူမှာကို သိနေတယ်။ ပြီးသွားပြီ။ ကိစ္စချောတော့မယ်။
သူ့ခန္ဒာကိုယ်ထဲက အဆုံးမဲ့ လောကရဲ့ စွမ်းအား အရင်းအမြစ်ကို မထိန်းချုပ် နိုင်တော့ဘူး။ အခုတော့ သူ့ခန္ဒာကိုယ်နဲ့ တိုက်ခိုက်နေပြီ။ ပြင်းထန်တဲ့ နာကျင်မှုက သူ့ကို သတိလစ်မတတ် ဖြစ်စေတယ်။ ခေါင်းတွေ ချာချာ လည်ပြီးတော့ မြင်ကွင်း တစ်ခုလုံး မှုန်ဝါးနေပြီ။ သေတော့မှာလား။
ချီကူယန်ကတော့ သူ့ကို ကတိမတည်လို့ ဆိုပြီး အပြစ်တင်မှာ မဟုတ်ဘူး မလား။ အပြစ်တင် ချင်ရင်တောင် တင်လို့ မရဘူး။ ကောင်းကင် တာအို ခန်းမကို သူရောက်နေတာတောင် ထွက်မလာဘူးလေ။ ပုန်းနေတယ်။ ဒါကိုလည်း အပြစ်တင်လို့ မရပါဘူး။
ပင်းယန်ကိုတော့၊ တကယ်ပဲ ကတိတည်ချင်တယ်။ ကန်ယွဲ့ ဖိအားပေးပြီး ခေါ်သွားခံရတာ ကောင်းကောင်း နေရရဲ့လား။ ငါ့ကို လင်းယွမ် မျှော်စင်မှာ စောင့်နေမှာလား။ ဖန်ကျန်းရှီလည်း ပြန်တွေးတော နေမိတယ်။ ကန်ယွဲ့ ပင်းယန်ကို ခေါ်သွားတဲ့ အချိန်၊ ပင်းယန် ကြည့်နေတဲ့ မျက်ဝန်းတွေ၊ ဆုံးဖြတ်ချက် ပြတ်သားလွန်းတဲ့ မျက်ဝန်းတွေ။ ခံစားချက်တွေက အာရုံပြောင်း နိုင်ပေမယ့်လည်း နာကျင်မှုက အရမ်းကို ပြင်းထန်လွန်း နေတော့ ဆက်မတွေး နိုင်တော့ဘူး။
နီးသထက် နီးလာတဲ့ ပဉ္စမ အကြီအးကဲကိုသာ ကြည့်နေမိတယ်။ အခုချိန် သူလုပ်နိုင် မှာက တိုက်ခိုက်တာကို ရှောင်ရှားဖို့ပဲ။
ဝုန်း။
အပြာရောင် အလင်းတန်းကို ဖြတ်ပြီးတော့ မူလ နေရာနဲ့ ၂ပေ အကွာကို ရောက်သွားတယ်။ သူရှိနေခဲ့တဲ့ နေရာမှာ အက်ကွဲကြောင်းကြီး တစ်ခုသာ ကျန်နေခဲ့တယ်။ ပဉ္စမ အကြီးအကဲက အက်ကွဲ ကြောင်းကြီး အလယ်မှာ ရပ်ရင်း ဖန်ကျန်းရှီကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေတယ်။
ကံကောင်းလို့ ခုန်ရှောင် နိုင်လိုက်တာ။ ဒါပေမယ့် ပဉ္စမ အကြီးအကဲ ရှေ့ဆက်တိုးလာပြန်တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တုံ့ပြန်မှုကလည်း ပြင်းလာတယ်။ နားထဲမှာ တဝီဝီ မြည်သံတွေ ပြင်းထန် လွန်းလို့ ဘာကိုမှ မကြားရတော့ဘူး။ ကောင်းကင် တာအို ပညာကိုလည်း ဒီတစ်ခေါက်တော့ မသုံးနိုင်တော့။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ခါးသက်လာတယ်။ ဒါပေမယ့် ခံစားချက်တွေက ဘာမှ လုပ်လို့ မရဘူး။ ချန်းဝူလည်း ခါးသီးမှု အပြည့်နဲ့ သေသွားခဲ့ရတယ်။ သူ့ခမည်းတော်က စကား တစ်ခွန်းတောင် မပြောပဲ ကောင်းကင်တာအို ခန်းမကနေ လှည့်ပြန် သွားရတယ်။ လောကကြီးက ကြမ်းတမ်းတယ်။
ဧကရာဇ် လင်းမုပိုင်နဲ့ လင်းယွမ်ကတော့ စိုးရိမ်တကြီး ကြည့်နေပင်မယ့် ဘာမှ မလုပ်နိုင်ဘူး။ သီးခြား မြင့်မြတ် နိုင်ငံတော်နဲ့ ဖန်ကျန်းရှီ အတွက် တိုက်ခိုက် နိုင်တယ်။ ဒါပေမယ့် အခုလို ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်း ရှိနေတဲ့ အခြေအနေမျိုးမှာတော့ တိတ်တဆိတ်သာ ငြိမ်သက် နေကြတယ်။
“ဖန်ကျန်းရှီ၊” နန်ကုန်းမုရဲ့ အသံ ထွက်ပေါ်လာတယ်။ ဒါပေမယ့် တိုက်ပွဲကနေ မထွက်နိုင်တယ်။ ရန်ချင်းရဲ့ လက်သီးချက်တွေက သူ့ဆီကို အဆက်မပြတ် ရောက်လာနေတယ်။ ရန်ချင်းက ရှုပ်ထွေးတဲ့ ဘာပညာမှ မသုံးဘူး။ နန်ကုန်းမုကို အားကုန် သုံးပြီးတော့ တိုက်ခိုက်နေတယ်။ ခန္ဒာကိုယ် အင်အား တစ်ခုတည်းကိုပဲ သုံးတယ်။ နန်ကုန်းမုကို ခပ်ကြမ်းကြမ်း ထိန်းချုပ်ထားတယ်။
ဝုန်း။ နန်ကုန်းမု ဘေးကို ခုန်ရှောင်လိုက်တယ်။ အက်ကွဲကြောင်းကြီး သူ့ခြေထောက် အောက်မှာ ပေါ်လာခဲ့တယ်။ သတိလွတ် သွားတာကြောင့် ရန်ချင်းရဲ့ တိုက်ခိုက်မှုကနေ ဒဏ်ရာရသွားခဲ့တယ်။
“လူငယ်လေး လက်လျှော့လိုက်တော့ ဘယ်သူမှ မင်းကို ကယ်မှာမဟုတ်ဘူး။”
“အမှန်ပဲ။ ငါ ဆေးယူလာ သင့်တာ။” ရင်ဘတ်နား ကပ်လာတဲ့ ဆူးနွယ်စိမ်း ဓားကို ကြည့်ရင်း သက်ပြင်းချမိတယ်။ မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တယ်။
ဓားက သူ့ရင်ဘတ်ကို ဖောက်သွားမှာ စောင့်နေခဲ့တယ်။ နာကျင်ရတယ်။ ဓားက သူ့ဆန္ဒကို ဖြည့်ဆည်းနိုင်မလား မသေချာဘူး။ သူ့ရင်ဘတ် တစ်ခုလုံးက နာကျင်မှုကြောင့် ထုံကျင်နေပြီလေ။ ဒါပေမယ့် တစ်ခုခု လွဲနေ သလိုပဲ။
သူ့နှလုံးသားက အဆုံးမဲ့ လောကရဲ့ အစွမ်းကို ရထားတဲ့ နှလုံးကာမှန်နဲ့ ကာကွယ်ထားတာ။ ပုံမှန် အခြေအနေ မျိုးမှာ ဆိုရင် သူ့ရဲ့ နှလုံးကာမှန်ကို ဖယ်ပြီးမှ သူ့ကို သတ်လို့ရမယ်။ အနည်းဆုံးတော့ မှန်ကွဲသံကို ကြားရမှာလေ။
အပိုင်း (၆၆၅)ပြီး၏။
အပိုင်း (၆၆၆)
“တာအို အရင်းအမြစ်။”
ဘာသာပြန်သူ- Enri Thaw
သူ့ခန္ဒာကိုယ်ကို ဓားတစ်ချောင်း ဖောက်ထွက် သွားတာလဲ မခံစားရဘူး။ ပွတ်တိုက်တဲ့ အသံလည်း မကြားရဘူး။ သူကြားနေရတဲ့ တစ်ခုတည်းသော အသံကတော့ နှလုံးခုန်သံပဲ။ မစောင့်နိုင်တော့ပဲ မျက်လုံး ဖွင့်ကြည့်မိတယ်။
သူ့ရင်ဘတ်နဲ့ တစ်လက်မ အကွာမှာ ရပ်နေတဲ့ ဓားတစ်ချောင်းကို တွေ့လိုက်ရတယ်။ ကျောက်စိမ်းရောင် အလင်းတန်းက ဓားပေါ်မှာ တောက်ပနေတယ်။ အေးစက်စက် အရှိန်အဝါတွေက ဓားပတ်ပတ်လည်မှာ ပျံ့နှံ့နေတာယ်။ ဒါပေမယ့် ဒီဓားက လုံး၀ ရပ်တန့် နေသလိုပဲ။
“အား” ဖန်ကျန်းရှီရဲ့ အမြင်အာရုံက မှုန်ဝါး နေတော့ ကောင်းကောင်း မမြင်ရဘူး။ ဒါပေမယ့် ဒီဓားရဲ့ နောက်ကွယ်က ကြောက်စရာ အင်အားတွေကို သူခံစား နေရတယ်။ ငွေရောင် ပိုးမျှင်လို အလင်းတန်းက ဓားကို ရစ်ပတ်ထားတယ်။ ဓားကိုင်ထားတဲ့ လက်ကိုလည်း လုံး၀ ရစ်ပတ် ချည်နှောင်ထားခဲ့တယ်။
“အဲ့တာ ရန်ရွှယ်ပဲ။ သူပြန်ကောင်း သွားပြီလား။”
“သူ မသေတာတော့ ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူ့ခန္ဒာကိုယ်ပေါ်က ဘာ အလင်းတန်းလဲ။”
“အဲ့တာရဲ့ ပုံစံက ဘယ်လိုတောင်။”
ထိတ်လန့်တကြား စကားသံတွေ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီလည်း ဒိစကားသံတွေကို ကြားနေရတယ်။ ရန်ရွှယ်ကို သူတွေးလိုက်မိတယ်။ တွေးလိုက်တာနဲ့ သူ့နှလုံးသားထဲမှာ နာကျင်မှုကြီးက ရိုက်ခတ် လာတော့တယ်။ နာကျင်မှုကြောင့် မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်မိတယ်။
ဒါပေမယ့် ပဉ္စမ အကြီးအကဲရဲ့ နောက်က မထင်မရှား လူတစ်ယောက်ကို မြင်လိုက်ရတယ်။ အဲ့ဒီ့လူရဲ့ ခန္ဒာကိုယ်မှာ သွေးနီရောင် အလင်းစက်ဝန်းတွေက လှိုင်းထသလို ထွက်ပေါ်နေတယ်။ သွေးနီရောင် စက်ကွင်းတွေရဲ့ အလယ်မှာ အနက်ရောင် အငွေ့အသက်တွေ ထွက်ပေါ်နေတယ်။ ကြည့်ရတာ အရမ်းကို မိစ္ဆာဆန်လွန်းတယ်။
နောက်ပြီးတော့ အဲ့ဒီ့လူ ရှေ့ထွက် လာတဲ့ အချိန်မှာ သူ့မျက်ဝန်းတွေကို မြင်လိုက်ရတယ်။ တစ်ခုက အနီရောင် မျက်ဝန်း၊ နောက်တစ်ခုက အနက်ရောင် မျက်ဝန်း။ အနီရောင်မျက်ဝန်းက သွေးလို တောက်ပနေတယ်။ အနက်ရောင်ကတော့ လှိုဏ်ခေါင်း တစ်ခုလို မည်းနက်နေတယ်။ ဒီအမှောင်ထုက အဆုံးသတ် မရှိတဲ့ နေရာကြီး တစ်ခုလိုပဲ။ အလင်းစလေး တစ်ခုတောင် မမြင်ရဘူး။ လူတွေကို အဆုံးထိ ဆွဲချ သွားနိုင်တယ်။
“ရန်ရွှယ်။” ဖန်ကျန်းရှီက သူ့ကိုယ်သူ ကြိုးစားပြီး ခေါင်းမော့လိုက်တယ်။ မြေပြင်ကနေ ကုန်းထဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ့လက်မောင်း တစ်ခု နာကျင်မှုတွေ ပြည့်လာတယ်။
ဒိအချိန်မှာပဲ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာတယ်။
“သေစမ်း။”
ကြက်သွေးရောင် အလင်းတန်းတွေက အနက်ရောင် အရှိန်အဝါနဲ့ အတူ ပေါင်စည်းသွားတယ်။ ငရဲကနေ ထွက်လာတဲ့ လက်သည်းတွေလိုပဲ။ အချိန်တိုလေး အတွင်းမှာ ရာချီတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ေ“သူ အဆင့်တက် သွားတာလား။ ရန်ရွှယ်လည်း သဘာဝလွန် အဆင့်ကို ရောက်သွားတာလား။”
“ဟုတ်လောက်မယ်။ သူ့ခန္ဒာကိုယ် ပတ်ပတ်လည်က အလင်းတန်းတွေ ကွဲအက် မသွားပဲ စုဝေးနေတာကို ကြည့်လိုက်။ အဲ့တာ ပြန်လည် မွေးဖွားမှု အဆင့် သင်္ကေတပဲ။”
“ဒါပေမယ့် သူက ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေရင်တောင်၊ ဒီလောက် အင်အားကြီးစရာ အကြောင်းတော့ မရှိဘူးလေ။ ပဉ္စမ အကြီးအကဲကြောင့် ဒီစွမ်းအားကို မခုခံ နိုင်လိုက်တဲ့ ပုံစံပဲ။”
ကောင်းကင် တာအို တပည့်သားတွေ ရုတ်တရက် အပြောင်းအလဲကြောင့် အထိတ်တလန့်နဲ့ ပြောနေကြတယ်။ ဒီကြောက်စရာ စွမ်းအားက ဘယ်လောက်တောင် ပြင်းထန်နေမှန်း သူတို့ မြင်နေရတယ်။ ဒါပေမယ့် သူတို့ အသေအချာ ပြောနိုင်တာက ရန်ရွှယ် သဘာဝလွန် အဆင့်ကို ရောက်နေပြီ။
“သူ အဆင့်တက် သွားတာလား။” ပဉ္စမ အကြီးအကဲရဲ့ အမူအယာ နည်းနည်းတော့ ပြောင်းလဲ သွားတယ်။
သူ့ခန္ဒာကိုယ် တစ်ခုလုံးကို ကျောက်စိမ်းရောင် အလင်းတန်းနဲ့ ဝန်းရံ ထားတဲ့ အတွက် ဒီလို အားသုံးပြီး ဆွဲခေါ် ခံရမှာကို မထင်ထား မိဘူး။ ပိုပြီး အရေးကြီးတာ သူ့ခန္ဒာကိုယ် အလင်းဒိုင်းက ဒီတစ်ခေါက် တိုက်ခိုက်မှုကြောင့် အက်ကွဲလာတယ်။ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ။
ဒါ့အပြင် ရန်ရွှယ့် ခန္ဒာကိုယ်က အရှိန်အဝါတွေ ပိုပိုပြီးတော့ ပြင်းထန်လာတယ်။ အနက်ရောင် စက်ကွင်းတွေက ရန်ရွှယ့် ခြေထောက်တွေဆီကို တက်လာနေတယ်။ အနီရောင် အလင်းတန်းနဲ့ အတူ ပေါက်ကွဲနေတာ မကောင်းဆိုးဝါး အငွေ့အသက် အပြည့်။
“ဝုန်း။”
ပဉ္စမ အကြီးအကဲက သွေးပန်းချီနဲ့ တိုက်မိပြီး တကိုယ်လုံး တုန်ယင်နေတယ်။ သွေးပန်းချီထဲက ထွက်လာတဲ့ အလင်းတန်းတွေက သူ့ကို လက်သည်း ချွန်ချွန်တွေနဲ့ ကုတ်ဆွဲသလို လာထိတွေ့ နေတယ်။
“ဒိုင်း ဒိုင်း။” ကျောက်စိမ်းရောင် အလင်းတန်းက အက်ကွဲနေပြီ။ သွေးနီရောင် အလင်းတန်းက မီးပွားတွေလို ပေါက်ကွဲရင်းနဲ့ ပဉ္စမ အကြီးအကဲဆီကို ဝင်လာတော့တယ်။
“ထွက်သွားစမ်း။” ကျောက်စိမ်းရောင် အလင်းတန်းထက် ပိုပြီးတော့ သိပ်သည်းတဲ့ အစိမ်းရင့်ရောင် အလင်းတန်းက ပဉ္စမ အကြီးအကဲရဲ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ ကြောက်စရာလှိုင်းနဲ့ အတူ သွေးပန်းချီရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ပြီး အနီးနားက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲ ဆင်းသက်တာပဲ။
“အင်အားကြီးလိုက်တာ။”
“ရန်ရွှယ်က ဘာဖြစ်လို့ ဒီလောက်တောင် အင်အားကြီး နေရတာလဲ။”
“သဘာဝလွန် အဆင့်ကို သူ အခုမှ ရောက်တာ မဟုတ်ဘူး။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ မယုံမကြည် ဖြစ်နေကြတယ်။ မုချင်းဖန်းလည်း ရုတ်တရက် သူ့ရဲ့ ကျောက်စိမ်း ထိုင်ခုံကနေ ခုန်ထလိုက်တယ်။ သူ့ ဝတ်ရုံဖြူက လေထဲမှာ လွင့်မျောနေသလို၊ ထိတ်လန့်တကြား ဖြစ်နေတဲ့ ခံစားချက်က မျက်လုံးထဲမှာ မဖုံးမကွယ်နိုင် ပေါ်နေခဲ့တယ်။
“အဇူရာ တာအို။ ဒါက အဲ့လောက်ထိ သန်မာ နိုင်လို့လား။”
“အဇူရာ တာအိုက တာအို ၆ခုထဲမှာ အသန်မာဆုံး ဟုတ်တယ်။ ဒါပေမယ့် အခုကတော့ နည်းနည်း လွန်နေပြိ။”
“ရန်ရွှယ်။”
ဧကရာဇ် သုံးယောက်လည်း ထရပ်ရင်း ရန်ရွှယ်ကို ကြည့်နေခဲ့တယ်။ အထိတ်တလန့် ဖြစ်နေတဲ့ အပြင်၊ သိလိုစိတ် လည်း ပြင်းပျ နေကြတယ်။
“မဖြစ်နိုင်ဘူး။ ဒါက အဇူရာ တာအို မဟုတ်ဘူး။ အဲ့တာ နတ်သက်ကြွေ တာအိုပဲ။” ပဉ္စမ အကြီးအကဲ ထအော်တယ်။
“ဘာ။ နတ်သက်ကြွေ တာအို။ အဲ့တာဆို အနက်ရောင် အငွေ့အသက်တွေက ဒဏ္ဍာရီလာ ငရဲသတ် အရှိန်အဝါလား။”
“သေလိုက်ပါတော့။ နတ်သက်ကြွေ တာအိုသာ ဆိုရင် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး။”
ပဉ္စမ အကြီးအကဲရဲ့ အသံကို ကြားတော့ တပည်သားတွေရဲ့ မျက်နှာ ပြောင်းလဲ သွားတယ်။ ကောင်းကင်တာအို တပည့်သားတွေ သူပြောတာကို နားလည်ကြတယ်။
အဇူရာ တာအို- ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုထဲက တစ်ခု။ အကောင်းနဲ့ အဆိုးကြားမှာ လွန်ဆွဲနေတဲ့ ကြောက်စရာ စွမ်းအားပဲ။ တစ်ချိန်တည်းမှာပဲ အန္တရာယ် အများဆုံး တာအိုလည်း ဟုတ်တယ်။
ဘာကြောင့်လဲ ဆိုတော့ အဇူရာ တာအိုကို လက်ခံနိုင်ဖို့ အတွက် သတ်ဖြတ်ဖို့ လိုအပ်တယ်။ တာအို နိယာမ ထဲမှာ မှတ်တမ်း တင်ထားတယ်။ လူတစ်ယောက်က သူ့ကိုယ်သူ သတ်ဖြတ်လိုစိတ် အပြည့် ဖြစ်အောင် နှစ်မြုပ်ရမယ်။ လူသတ်နေတဲ့ အချိန် အဇူရာ တာအိုကို ခံစားရမယ်။ ဒါမှ ကိုယ့်ကိုယ်ကို အဇူရာ တာအိုရဲ့ လက်နက်ဖြစ်အောင် သုံးနိုင်လိမ့်မယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ သိစိတ်ကို ခပ်မြန်မြန်ပဲ လှိုင်းထန် သွားစေနိုင်တယ်။ နောက်ဆုံးတော့လည်း အဆုံးမသတ်နိုင်တဲ့ သတ်ဖြတ်မှုတွေ ကြားမှာ လူတစ်ယောက်ရဲ့ စိတ်ကောင်းကို ထိန်းသိမ်းထားဖို့ မလွယ်ဘူးလေ။ ရလဒ်ကတော့ အဇူရာ တာအိုကို ပညာရှင် အဆင့် ရောက်အောင် ကြိုးစားတဲ့ သူတိုင်း အဇူရာ ငရဲထဲမှာ နစ်မြုပ် သွားတာပဲ။ အဇူရာ ဆန္ဒရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ကြတယ်။ သတ်ဖြတ်ဖို့က လွဲပြီးတော့ ဘာမှ မသိတော့ဘူး။
ဒီလို ကျေးကျွန်တွေကို နတ်သက်ကြွေ အဇူရာလို့ ခေါ်ကြတယ်။
“နတ်သက်ကြွေ အဇူရာ။ ရန်ရွှယ်။” ဖန်ကျန်းရှီလည်း လန့်နေတယ်။ ဒီစကားလုံးကို သူရှင်းရှင်းလင်းလင်း သိတယ်။ လူတစ်ယောက်က အဇူရာကို ထိန်းချုပ်တာနဲ့၊ အဇူရာက လူကို ထိန်းချုပ် သွားတာက လုံးဝကို ကွာခြားတယ်။
ဒါက ရိုးရှင်းတဲ့ အယူအဆပဲ။ လူတစ်ယောက်က အဇူရာကို ထိန်းချုပ်တဲ့ အချိန်မှာ၊ သူ့ရဲ့ စွမ်းအား အရင်းအမြစ်ကို သုံးပြီးတော့ အဇူရာကို နှိုးတယ်။ ဒါပေမယ့် အဇူရာက သူ့ကို ထိန်းချုပ် သွားရင်တော့ ဒီလို စွမ်းအားကို မလိုအပ်တော့ဘူး။ သူကိုယ်တိုင်က အဇူရာ ဖြစ်လာလို့ပဲ။
ဖန်ကျန်းရှီလည်း ဒါကို တားမြစ်ချင်တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးတောင် လှည့်စားပြီးတော့ အဇူရာ တာအိုအကြောင်း မေးခဲ့သေးတယ်။ ရန်ရွှယ့် တစ်ကိုယ်လုံးကို အဇူရာက ထိန်းချုပ် သွားပြီ။ ပြန်ပြီးတော့ ခွဲထုတ်လို့ မရတော့ဘူး။
“ဖူး။” ဖန်ကျန်းရှီ သွေးတွေကို အန်ထုတ်လိုက်တယ်။ သူ့ရင်ဘတ်ထဲက နာကျင်မှုလည်း ပိုတုးလာခဲ့တယ်။ အမြင် အာရုံ တစ်ခုလုံး ေ၀ဝါးနေပြီးတော့ နှလုံးခုန်သံက နားထဲမှာ နှေးနှေးကွေးကွေး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတယ်။
ဒီအချိန်မှာ ရန်ရွှယ်က ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ အနီတစ်ဖက် အနက်တစ်ဖက် မျက်ဝန်းတွေ တဖြည်းဖြည်း ပြူးကျယ်လာတယ်။သူ့မျက်ဝန်းတွေကနေ နာကျင်မှုတွေကို မြင်တွေ့ နေရတယ်။
“အား” ရန်ရွှယ်ရဲ့ နာနာကျင်ကျင် အော်သံနဲ့ အတူ၊ နီရဲနေတဲ့ မျက်ဝန်းကို အနက်ရောင် အငွေ့အသက်တေါ ဖုံးလွှမ်း သွားခဲ့တယ်။
“ရန်ရွှယ် စိတ်လျှော့” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံကို ကြားလိုက်ရတယ်။ တုန်ခါနေတဲ့ ရွှေရောင် အလင်းတန်းတွေ သူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ ရန်ရွှယ့်ရဲ့ မျက်ခုံးကြားကို ရွှေရောင် အလင်းတန်းနဲ့ ပြစ်လွှတ်လိုက်တယ်။ ဒါပေမယ့် ရန်ရွှယ်က ချက်ခြင်း သူ့ယပ်တောင်ကို ဝေ့ယမ်းရင်း ကာကွယ်လိုက်တယ်။ ခန္ဒာကိုယ် တစ်ခုလုံးကို သွေးနီရောင် ပန်းချီကားက လွှမ်းခြုံ သွားတော့တယ်။
“ဝုန်း။” ရွှေရောင် အလင်းတန်းကို သွေးပန်းချီက ပိတ်ဆို့လိုက်တယ်။ ဒီအချိန်မှာပဲ ရန်ရွှယ်က ပဉ္စမ အကြီးအကဲနားကို ကြောက်စရာ အရှိန်နှုန်းနဲ့ ရောက်လာ ခဲ့တယ်။
“သေစမ်း။”
အနီရောင် အလင်းတန်းက မြေပြင်ပေါ်ကနေ ထွက်ပေါ်လာတယ်။ ပဉ္စမ အကြီးအကဲရဲ့ ညာခြေထောက်ကို အလင်းတန်းက ဖောက်ထွက် သွားတယ်။ အဇူရာ ငရဲ။ မြေအောက်က နေ တိုက်ခိုက်တာက တာအို နည်းလမ်းတွေ အားလုံးနဲ့ ဆန့်ကျင်နေတယ်။ အသုံးချဖို့လည်း ခက်ခဲတယ်။ အခုဆိုရင် လူတစ်ယောက်ကို ငရဲပြည် ဆွဲချ သွားနိုင်ဖို့ ကောင်းကောင်း လုံလောက်တဲ့ စုပ်ယူမှု အင်အားကြီး ထွက်ပေါ်လာတော့မယ်။
ပဉ္စမ အကြီးအကဲက သုခမိန် တစ်ယောက်လေ။ ချက်ခြင်း ဆိုသလို သူ့ခြေထောက်ဆီ လာတဲ့ အလင်းတန်းကို ကာကွယ် လိုက်တယ်။
“ဝုန်း။” အနိရောင် အလင်းတန်းက ပေါက်ကွဲ တုန်ယင်ပြီးတော့ အနက်ရောင် မီးပွားတွေ ဖြာထွက်လာတယ်။ ပဉ္စမ အကြီးအကဲလည်း ကောင်းကင်ပေါ်ကို လွင့်ထွက် သွားတော့တယ်။ ဒါပေမယ့် သူ့ခြေထောက်တွေ မြေပြင်ကနေ မြောက်တက် သွားတဲ့ အချိန်။ နောက်ထပ် အလင်းတန်း နှစ်ခုက သူ့ခြေထောက်ကို ရစ်ပတ် တိုက်ခိုက်တော့တယ်။ လေထဲမှာ ရှိနေတဲ့ အတွက် ဒီတိုက်ခိုက်မှုကို မခုခံ နိုင်ဘူး။ ဒါကြောင့် ကြောက်စရာ စုပ်ယူနိုင်စွမ်း မြင့်မားတဲ့ အင်အားတွေက သူ့ကို ဆွဲချတော့တယ်။ သူ့ရဲ့ လှုပ်ရှားမှုလည်း ရပ်တန့် သွားတယ်။
“ဝုန်း။” မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလာတယ်။
“ပဉ္စမ အကြီးအကဲ။”
“အဲ့တာ နတ်သက်ကြွေ အဇူရာလား။ သူက တခြားသူ တစ်ယောက်လို ပြောင်းသွားတာပဲ။”
“အခုမှ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်လာတာ မဟုတ်ဘူးလား။”
ကောင်းကင် တာအို ခန်းမ တစ်ခုလုံး တုန်ခါနေတယ်။ ရန်ရွှယ်ရဲ့ ကြောက်စရာ အစွမ်းတွေနဲ့ အရှိန်အဝါတွေက တဖြည်းဖြည်း ပိုပြီးတော့ သန်မာတယ်။ အဝေးကနေ တိုက်ပွဲကို ကြည့်နေတဲ့ တပည့်သားတွေတောင် ကြောက်လန့် နေကြပြီ။ ရန်ရွှယ် နောက်တစ်ခါ လှုပ်ရှားတယ်။ ငွေယောင် ယပ်တောင်ကို ပိတ်လိုက်တော့ ယပ်တောင်က ဓားအသွင်ကို ပြောင်းလဲ သွားတယ်။ ပဉ္စမ အကြီးအကဲရဲ့ လည်ပင်းကို ထိုးစိုက်တော့တယ်။
“ရန်ရွှယ်။” ပဉ္စမ အကြီးအကဲရဲ့ ဒေါသတကြီး အော်သံ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ညာလ က်က ခါးကို ဖိလိုက်တယ်။ စိမ်းဝါရောင် တောက်တောက် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ဆူးနွယ်စိမ်းကြီး တစ်ခုပဲ။ လက်ချောင်း အရွယ် ရှိပြီးတော့ ကျောက်စိမ်းရောင် တောက်ပနေတယ်။ စိမ်းဝါရောင် ဆူးတွေ နွယ်ပင်ကနေ ထိုးထွက်လာတယ်။
“အဲ့တာ ပဉ္စမ အကြီးအကဲရဲ့ တာအို အရင်းအမြစ်ပဲ။”
“အဲ့တာ ကောင်းကင် နွယ်ပင်တွေ မဟုတ်လား။ မဟာတံတိုင်း ကောင်းကင်နွယ်ပင်တွေ။”
“ငါ ကောင်းကင် တာအို ခန်းမမှာ နေလာတာ နှစ်တွေ ကြာလှပြီ။ အရင်တိုက်ပွဲတွေမှာ ပဉ္စမ အကြီးအကဲ ကောင်းကင်နွယ်ပင်တွေ သုံးတာမျိုး မတွေ့ဖူးဘူး။”
တပည့်သားတွေ တအံ့တသြ ပြောနေကြတယ်။
တာအို အရင်းအမြစ်က သုခမိန်တိုင်း ပိုင်ဆိုင်တယ်။ သူတို့ အတွက် အရေးအကြီးဆုံး အရာတစ်ခုလည်း ဟုတ်တယ်။ သုခမိန် အဆင့်မှာ ပညာရှင် ဖြစ်လာဖို့ အခြေခံ တစ်ခုပဲ။
ဒွန်း။ မဟာတံတိုင်း နွယ်ပင်တွေက ပဉ္စမ အကြီးအကဲရဲ့ လက်မောင်းထဲကို ဝင်ပြီးတော့ ပျောက်ကွယ် သွားတယ်။ အဲ့ဒီ့နောက် ကြောက်စရာ အရှိန်အဝါတွေ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။
တစ်ရစ်ပြီး တစ်ရစ် စိမ်းဝါရောင် စက်ဝန်းတွေ နှလုံးသားကနေ ထွက်ပေါ်လာတယ်။ သူ့ခြေထောက်ကို ဆွဲားတဲ့ အနီရောင် အလင်းတန်းကို ဖြိုဖျက် ပြစ်လိုက်တယ်။
ဖန်ကျန်းရှီ ဖြတ်ပစ်လိုက်တဲ့ လက်တစ်ဖက်ကလည်း အခုချိန်မှာ သိသာတဲ့ အရှိန်နှုန်းနဲ့ ပြန်ထွက်လာနေတယ်။ စစချင်းမှာ မှိန်ဖျော့နေတဲ့ အစိမ်းရောင် အလင်းတန်းက အခုချိန်မှာ မျက်လုံး ကန်းလောက်အောင် တောက်ပနေပြီ။
အပိုင်း (၆၆၆) ပြီး၏။
အပိုင်း (၆၆၇)
“ဖျက်ဆီးခြင်း။ ခရမ်းရောင် နဂါးပျံကြီး။”
ဘာသာပြန်သူ-Enri Thaw
အင်အားကြီးလွန်းတဲ့ စွမ်းအားတွေကြောင့် ပဉ္စမ အကြီးအကဲရဲ့ မျက်လုံးက ကျောက်စိမ်းလို အရောင်ပြောင်း နေပြီ။ ဒီမြင်ကွင်းကို မြင်နေတဲ့ ကောင်းကင် တာအို တပည့်သားတွေ ဒီအစွမ်း အတွက် ပေးဆပ်ရတဲ့ တန်ဖိုးကို သိကြတယ်။
ဘာကြောင့်လဲ ဆိုတော့ ပဉ္စမ အကြီးအကဲရဲ့ နဖူးပေါ်မှာ တောက်ပနေတဲ့ အလင်းတန်းက ပုံစံ ပြောင်းနေလို့ပဲ။ ဒီအလင်းတန်းရဲ့ ပတ်ပတ်လည်မှာ အရေးအကြောင်းတွေ ပေါ်လာတယ်။ ခန္ဒာကိုယ်က ချက်ခြင်း ညွှတ်ကိုင်း သွားခဲ့တယ်။
တာအို အရင်းအမြစ်၊ ဒါက သုခမိန် တစ်ယောက် ကောင်းကင် တာအိုကို နားလည်နိုင်တဲ့ အကြောင်းရင်းပဲ။ သူတို့ ခန္ဒာကိုယ်မှာ နောက်ဆုံး စွမ်းအား တစ်စက်လေးတောင် မကျန်တော့တဲ့ အထိ သုံးနိုင်တယ်။ ပေးဆပ်ရတဲ့ တန်ဖိုးကတော့ ကိုယ့်ရဲ့ အသက်ပဲ။ အသက်တိုမယ်။ အိုမင်း လာမယ်။
ဒီ အခြေအနေ ရောက်တဲ့ အထိ ဖိအားပေး မခံရရင် ဘယ် သုခမိန်ကများ ကိုယ့်ကိုယ်ကို စတေးမှာလဲ။ ပဉ္စမ အကြီးအကဲရဲ့ လက်တွေကို ဖန်ကျန်းရှီ ဖြတ်လိုက်တာ မကြာသေးဘူး။ သူ့ရဲ့ လက်မောင်း ပြန်ကောင်းလာဖို့ အတွက်တောင် မဟာတံတိုင်း ကောင်းကင် နွယ်ပင်တွေကို ထုတ်မသုံးခဲ့ဘူး။ တစ်ခါ သုံးလိုက်ရင် မူလ အခြေအနေကို ပြန်မရောက်နိုင်တာ သူသိတယ်။
ပဉ္စမ အကြီးအကဲ လှုပ်ရှားပြီ။ သူ့နဖူးက အလင်းတန်းလည်း ပိုပြီးတော့ တောက်ပလာတယ်။ ရန်ရွှယ့်ဆီကို ပြေးဝင်လာတယ်။မဟာတံတိုင်း ကောင်းကင် နွယ်ပင်တွေ ဆီကနေ အလင်းတန်း တစ်ခု ပြေးထွက်လာခဲ့တယ်။ အလင်းတန်းက ခွဲထွက် သွားပြီးတော့ ကျောက်စိမ်းရောင် ဆူးတွေ ပုံစံကို ပြောင်းလဲ သွားတယ်။
တစ်ချိန်တည်းမှာပဲ ရာချီတဲ့ ဆူးနွယ်တွေက တစ်နေရာတည်းမှာ စုဝေးသွားတယ်။ အတူတူ ပေါင်းစည်း သွားရင်း ချွန်ထက်တဲ့ ဓားတစ်လက် ပုံစံ ဖြစ်တည်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ်ရဲ့ နှလုံးသားကို ထွင်းဖောက်တယ်။
“ဝုန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ ရာချီတဲ့ ဆူးနွယ်တွေ ပျံထွက်သွားတယ်။ လူနှစ်ယောက်လည်း ထိတွေ့ပြီးနောက် လွင့်ထွက် သွားကြတယ်။ ရန်ရွှယ်ကတော့ နောက်ကို လွင့်ထွက်လာတယ်။ သူ့ခန္ဒာကိုယ်မှာ သွေးနီရောင် အလင်းတန်းနဲ့ အနက်ရောင် အလင်းတန်းတွေ ကြက်ခြေခတ် ပုံစံလို ပေါ်လာခဲ့တယ်။
“ခဘွန်း။” ဒီအသံကြီးနဲ့ အတူ၊ ရန်ရွှယ်လည်း မြေပြင်ကို ထိတွေ့သွားတယ်။ အဖြူရောင် ကျောက်စိမ်းပြားကြီး ကွဲအက်သွားပြီး လူတစ်ယောက် အရွယ် ချိုင့်ခွက်ကြီး တစ်ခု ပေါ်လာတော့တယ်။
“ငါတို့တွေ နိုင်ပြီလား။”
“ပဉ္စမ အကြီးအကဲက သူ့ရဲ့ တာအို အရင်းအမြစ်ကိုတောင် သုံးလိုက်တာပဲ။ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်နေရင်တောင်၊ သူ ခုခံနိုင်မှာ မဟုတ်ဘူး မလား။”
“မဟုတ်ဘူး။ သူ ထရပ်နေပြီ။”
ကောင်းကင် တာအို တပည့်သားတွေ ရန်ရွှယ် ပြုတ်ကျသွားတာ မြင်တော့ စိတ်သက်သာရာ ရသွားကြတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ ရန်ရွှယ် ပြန်ထ လာတာကို တွေ့လိုက်ရတယ်။ ပြန်ထလာတာ မြန်လွန်းလို့ တိုက်ခိုက်တာကို မခံစား လိုက်ရတဲ့ အတိုင်းပဲ၊
ရန်ရွှယ့် တစ်ကိုယ်လုံး ကြောက်စရာ ကောင်းတဲ့ ဒဏ်ရာတွေ ပြည့်နှက်နေပြီ။ ရာချီတဲ့ ဆူးတွေက သူ့ ခန္ဒာကိုယ်ကို ထွင်းဖောက် သွားတဲ့ အတိုင်းပဲ။ ဒါပေမယ့် ဒဏ်ရာတွေက ထူးထူးဆန်းဆန်း ကြောက်စရာ အရှိန်နှုန်းနဲ့ ပျောက်ကင်းနေတယ်။ ရန်ရွှယ့် ခန္ဒာကိုယ်က အနက်ရောင် အလင်းတန်းတွေလည်း ပိုပြီးတော့ သိပ်သည်း လာခဲ့ပြီ။
“ရန်ချင်း။ ငါတို့ တိုက်ပွဲကို ခဏ ဆိုင်းငံ့ချင်တယ်။” သူ့ဆီကို ပြေးဝင် လာနေတဲ့ ရန်ချင်းကို ကြည့်ရင်း နန်ကုန်းမု အော်ဟစ်တယ်။ သူ့ အမူအယာက ပုံမှန် မဟုတ်ဘူး။
“သူငယ်ချင်း အတွက်လား။” ရန်ချင်း ပြန်မေးတယ်။
“ဟုတ်တယ်။” နန်ကုန်းမု ချက်ခြင်း ပြန်ဖြေတယ်။
“မင်းသိသင့်တယ်။ တိုက်ပွဲဆိုတာ စပြီးရင်၊ အနိုင် အရှုံး မသိပဲ မရပ်တန့်ဘူး။” ရန်ချင်းက နန်ကုန်းမုကို ပြောတယ်။ ရန်ရွှယ် ပြောင်းလဲ နေတာကို သတိ မထားမိတဲ့ အတိုင်းပဲ။ အရမ်းကို အာရုံ စူးစိုက်ထားတယ်။ သားရဲကောင်က သူ့သားကောင်ကို အမဲလိုက်နေတဲ့ အတိုင်းပဲ။ နန်ကုန်းမုကတော့ ဘာမှ မပြောဘူး။ သူ့ဓား နှစ်လက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
“မင်း ငါ့ကို အနိုင်ယူပြီး သူငယ်ချင်းတွေကို ကယ်လို့ရတယ်။ ဒါမှမဟုတ်ရင် ငါမင်းကို အနိုင်ယူပြီးမှ သွားကယ်လိုက်။ ဒါဆိုရင် မင်း သူငယ်ချင်းတွေကို ကယ်ဖို့ ငါကူမယ်။” ရန်ချင်း ပြောရင်းနဲ့ တိုက်ခိုက်တော့တယ်။
“ကောင်းပြီ။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။ တိုက်ခိုက်တာကို ရပ်တန့်ဖို့ သတိပေးချက်တွေ အားလုံးကို လျစ်လျူ ရှုလိုက်တယ်။ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို ပေါင်းစည်း ထားတာကနေ ခွဲထုတ်လိုက်တယ်။
ဓားနှစ်လက်ကို ပေါင်းစည်းထားတာက ခုခံဖို့ အတွက်။ စုစည်းလိုက်တာက တိုက်ခိုက်ဖို့ အတွက်။ နန်ကုန်းမုက ဓားနှစ်လက်ကို ဆန့်ထုတ် လိုက်တဲ့ အချိန်မှာ၊ လင်းယုန် တစ်ကောင်ရဲ့ အတောင်ပံလို အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ရန်ချင်းကို ခုတ်ချလိုက်တယ်။
“နှစ်ခု ပေါင်းစည်း။” နန်ကုန်းမုရဲ့ အော်သံနဲ့ အတူ၊ အစိမ်း အပြာ အလင်းတန်း နှစ်ခုက ကောင်းကင်မှာ ပေါ်လာခဲ့တယ်။ အလင်းတန်း နှစ်ခုရဲ့ ကြားမှာ ပေါင်းစည်းနေတဲ့ အလင်းတန်း တစ်ခုလည်း ရှိနေတယ်။ ဒါက ဓားအလင်းပဲ။
“သတ်။” နန်ကုန်းမုရဲ့ ဓားက ရန်ချင်းရဲ့ လက်သီးပေါ်ကို တည့်တည့် ကျလာတယ်။ နန်ကုန်းမုရဲ့ ဓားက ရန်ချင်းရဲ့ လက်သီးကို ဖြတ်သန်းတယ်။ သွေးတွေ ဖြာထွက်လာပြီး အရိုးတွေ ကျိုးကျေကုန်တယ်။ နန်ကုန်းမုရဲ့ ဓားက အရမ်းကို ထက်ရှတာ လူတိုင်း သိနိုင်တယ်။
ဒါပေမယ့် နန်ကုန်းမုရဲ့ ဓားက ရန်ချင်းရဲ့ လက်တစ်ဖက်ကိုပဲ ထိတာ။ ရန်ချင်းရဲ့ နောက်လက်တစ်ဖက်လည်း လှုပ်ရှားတယ်။ နန်ကုန်းမုရဲ့ ဗိုက်ကို တည့်တည့် ထိသွားတယ်။
နက်ရှိုင်းတဲ့ အသံ တစ်ခု ထွက်လာပြီးနောက် နန်ကုန်းမု မြေပြင်ပေါ်ကို ပြစ်လဲ သွားခဲ့တယ်။ ရန်ချင်းကတော့ နောက်ကို ခြေလှမ်း ငါးလှမ်း ဆုတ်ပြီးမှ ရပ်တန့် သွားခဲ့တယ်။ နန်ကုန်းမုရဲ့ ဓားနဲ့ အဖြတ် ခံလိုက်ရတဲ့ လက်တစ်ဖက်က ကြောက်စရာ ကောင်းလောက်အောင် သွေးတွေ စီးကျနေတယ်။ အရိုးတွေ အသားစတွေ ဖွာလန်ကျဲ နေခဲ့တယ်။ ဒါပေမယ့် ကျိုးသွားတဲ့ အရိုးတွေကတော့ ပြန်ဆက်နေပြီ။
“မပျက်စီး နိုင်ဘူး။ တကယ့်ကို မပျက်စီးနိုင်တဲ့သူပဲ။” ရန်ချင်းရဲ့ အသားတွေ ခပ်မြန်မြန် ပြန်ကောင်းနေတာကို မယုံကြည်နိုင်မှု အပြည့်နဲ့ ကြည့်ရင်း နန်ကုန်းမု ပြောနေခဲ့တယ်။
“မင်းရဲ့ တိုက်ကွက်က အင်အားကြီးပေမယ့် ငါ့ကို တိုက်ခိုက်ရင်တော့ အသုံးမဝင်ဘူး။” လုံး၀ ပြန်ကောင်း သွားပြီ ဖြစ်တဲ့ လက်သီးကို ဆုပ်ရင်း ရန်ချင်း ပြောတယ်။ “မင်း သိလား။ ငါ့မှာလည်း သူငယ်ချင်း မရှိဘူး။ နောက်ပြီးတော့ သူငယ်ချင်း လိုတယ်လို့ ငါမထင်ဘူး။”
“ငါလည်း အရင်တုန်းက အဲ့လို တွေးခဲ့တာပဲ။” နန်ကုန်းမုရဲ့ အကြည့်က လေးနက်လာတယ်။ “ဒါပေမယ့် ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို တွေ့ပြီးတော့။ ငါ နားလည်သွားတယ်။ လူတစ်ယောက်မှာ သူငယ်ချင်း ရှိလို့ ဖြစ်တယ်။”
“သူငယ်ချင်း ရှိလို့ ဖြစ်တယ်။ ဟဟား။” ရန်ချင်း ရုတ်တရက် ရယ်မောတယ်။ သူ့ရဲ့ အသားအရေက နေရောင်အောက်မှာ အရမ်းကို တောက်ပနေတယ်။ “သူငယ်ချင်း ရှိတာ ဘာများ အသုံးဝင်လို့လဲ။ မွေးချင်း တွေတောင် အသုံးမဝင်တာ၊ သူငယ်ချင်း ရှိတော့ကော ဘာသုံးစားလို့ ရမှာလဲ။”
“မွေးချင်း မရှိရင်၊ မင်းလည်း ဘယ်လို ရှိလာ နိုင်မှာလဲ။” နန်ကုန်းမု ပြန်ပြောတယ်။
“ဒီတော့ ငါကကော မွေးမွေး ပြီးပြီးချင်း စွန့်ပြစ် ခံသင့်တဲ့ သူလား။” ရန်ချင်း မျက်လုံးကနေ သားရဲကောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ “ငါ့ ခန္ဒာကိုယ်က စွမ်းအင်တွေ မသိုလှောင် နိုင်တာကို သိသိချင်း၊ ငါ့မွေးချင်းတွေက ငါ့ကို ဝိုင်းကျဉ် ထားကြတယ်။ တောနက်ထဲမှာ ငါ့ကို ပြစ်ထား ခဲ့တယ်။”
“စွမ်းအား အရင်း အမြစ်ကို မသိုလှောင် နိုင်ဘူးလား။” နန်ကုန်းမု ဒါကို ကြားတော့ သူ့အကြည့်တွေ ပြောင်းလဲ သွားတယ်။ အခုချိန်အထိ ရန်ချင်းက ဘာစွမ်းအားမှ ထုတ်မသုံးတာကို သူသတိထားမိတယ်။ လုံးဝကို ကိုယ်ကာယ အင်အား သပ်သပ်ပဲ။ စွမ်းအား မပါဝင်ဘူး။
ရန်ချင်း ဒီပြဿနာကို ဆက်ပြီး မရှင်းပြတော့ဘူး။ အဲ့ဒီ့ အစား ခေါင်းငုံ့ရင်းနဲ့သာ သူ့ကိုယ်သူ စကားပြော နေခဲ့တယ်။ “သားရဲတွေနဲ့ အတူတူ နေခဲ့ရတဲ့ လူတစ်ယောက်မှာ အခြေအနေ နှစ်ခုရှိတယ်။ ပထမ တစ်ခုက ကောင်းကောင်း သန်မာရမယ်။ ဒုတိယ တစ်ခုက သားရဲကောင်တွေရဲ့ စကားကို နားလည်ရမယ်။ ငါ့အတွက်တော့ တစ်နှစ်သားတည်းက သူတို့ကို မြင်ခဲ့ရပေမယ့်၊ ဒီအသက်အရွယ်မှာ နှစ်ခုလုံး မရှိတော့ဘူး။”
“မင်း ဘယ်လို အသက်ရှင်ခဲ့တာလဲ။” နန်ကုန်းမု ဒါကို ကြားတော့ သူစိတ်ဝင်စား လာတယ်။
“တကယ်တော့ ငါအသက်ရှင်ခဲ့တာ မဟုတ်ဘ့ူး။ အတိအကျ ပြောကျရင်၊ တစ်ခါတုန်းက ကျားသစ်နက် တစ်ကောင် ငါ့ကို မျိုချဖူးတယ်။” နန်ကုန်းမုရဲ့ စကားကို ကြားတော့ ရန်ချင်း မျက်နှာမှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“မျိုချ ခံလိုက်ရတယ်။ ဗိုက်ထဲကိုလား။” နန်ကုန်းမုကတော့ လန့်သွားခဲ့တယ်။ သူ့မျက်လုံးထဲမှာ အဲ့ဒီ့ အဖြစ်ကို ပုံဖော် နိုင်တယ်လေ။
“ဟုတ်တယ်။ ဗိုက်ထဲကို။ အဲ့ဒီ့နောက် ကျားသစ်နက်ရဲ့ ဗိုက်ကို အထဲကနေ ခွဲပြီးတော့ ငါထွက်လာခဲ့တယ်။ ဒါကြောင့်ပဲ သူတို့ထဲက တစ်ယောက် ဖြစ်လာတာ။” ရန်ချင်း ခေါင်းငြိမ့်တယ်။
“…” နန်ကုန်းမုကတော့ ဘာမှ မပြောတော့ဘူး။ ဒီတစ်လျှောက်လုံး ရန်ချင်းက သားရဲကောင်တွေ ကြားမှာ ကြီးပျင်းလာတာကို သူသိတယ်။ ဒါပေမယ့် အခုလို အခြေအနေ ဖြစ်မယ်လို့ မထင်ထား မိဘူး။ နောက်တစ်နည်း ပြောရရင်၊ စစ်မက် လိုလား နိုင်ငံတော်ရဲ့ (မပျက်စီးနိုင်တဲ့ ခန္ဒာရှင်)က ဒီလို အခြေအနေမျိုးကြောင့် ဖြစ်တည် လာခဲ့တာပဲ။
“တောထဲကနေ ငါပြန်လာတဲ့ အချိန်ုတုန်းက ငါ့ကို လူရိုင်းလို့ သူတို့တွေ ခေါ်ခဲ့ကြတယ်။ နောက်ဆုံး ဒီလက်သီးနဲ့ တစ်ယောက်ပြီး တစ်ယောက်ကို အလဲထိုးလိုက်မှပဲ ခေါ်သံတွေ တိတ်သွားခဲ့တာ။” ရန်ချင်း ပြောတဲ့ အချိန် သူ့အရိုးထဲကနေ အက်ကွဲသံတွေ ထွက်ပေါ်လာတယ်။
“မင်းက အရမ်း အထီးကျန် နေတာပဲ။” နန်ကုန်းမု ရုတ်တရက် ပြောလာတယ်။
“မဟုတ်ဘူး။ မင်းမှားတယ်။ ငါက အထီးကျန်နေတာ မဟုတ်ဘူး။ ပိုသန်မာဖို့ ငါရှင်သန်နေတာ။ မကျင့်ကြံ နိုင်ရင်တောင်၊ သန်မာနိုင်တယ်။ ဒီအကြောင်း လူတိုင်းကို သိစေချင်တယ်။ မင်းတိုက်ခိုက်တာ ကောင်းတယ်။ ဒါပေမယ့် မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။
နန်ကုန်းမု မြေပြင်ကနေ ထလာတယ်။ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို တင်းတင်းဆုပ်ကိုင်ရင်း သူ့မျက်လုံးမျာ အလင်းတန်းတွေ တောက်ပလာတယ်။ သူ့မျက်နှာပေါ်က အမာရွတ်နဲ့ အတူ အစိမ်း အပြာ အလင်းတန်းက တောက်ပနေတယ်။ ဒီအချိန် နန်ကုန်းမုရဲ့ ပုံစံက အရိုင်းအစိုင်း တစ်ယောက် အတိုင်းပဲ။
“ငါက မင်းပြိုင်ဘက် ဟုတ်မဟုတ်။ တိုက်ခိုက်ကြည့်မှ သိမယ်။” နန်ကုန်းမု ပြောရင်းနဲ့ သူ့ခန္ဒာကိုယ်ကို လှုပ်ရှားလိုက်တယ်။ “မင်းရဲ့ အရည်အချင်းက မပျက်စီးနိုင်တာ။ ငါ့ရဲ့ ကျောက်စိမ်း နီလာ အနုပညာမှာ နာမည် တစ်ခုရှိတယ်။ (ဖျက်ဆီးခြင်း။)”
“ဖျက်ဆီးခြင်း။ ကောင်းလိုက်တာ။” နန်ကုန်းမုရဲ့ စကားကို ကြားတော့ ရန်ချင်း တစ်ခဏတာ ရပ်တန့်သွားတယ်။ အဲ့ဒီ့နောက် သူ့မျက်လုံးမှာ အလင်းတန်းတွေ တောက်ပလာတော့တယ်။
…
တစ်ချိန်တည်းမှာပဲ ရန်ရွှယ်က ပဉ္စမ အကြီးအကဲကို နောက်တစ်ကြိမ် တိုက်ခိုက်တယ်။ သူ့ခန္ဒာကိုယ်က အနီရောင် အလင်းတန်းက ပိုပြီး မည်းမှောင် လာခဲ့တယ်။ လုံးဝကို အမဲရောင်ဘက် ရောက်နေပြီ။ မျက်လုံး နှစ်ဖက်လုံးလည်း အနီရောင် နည်းနည်းပဲ သန်းတဲ့ အနက်ရောင် ဖြစ်နေ ခဲ့ပြီ။ မယုံနိုင်လောက်အောင် ဆိုးဝါးတဲ့ အရှိန်အဝါတွေ ရန်ရွှယ်ရဲ့ ခန္ဒာကိုယ်က ထွက်ပေါ်နေတယ်။ သူ့ အရှိန်နှုန်းက မယုံနိုင်လောက် မြန်ဆန်တယ်။
“နတ်သက်ကြွေ အဇူရာ။ ဒဏ္ဍာရီထဲမှာ ပြောထားတဲ့ အတိုင်းပါလား။” ပဉ္စမ အကြီးအကဲက ရန်ရွှယ်ကို စိုက်ကြည့်နေတယ်။ သူ့ရဲ့ မဟာတံတိုင်း ကောင်းကင်နွယ်ပင်ကို နောက်တစ်ခေါက် သုံးပြန်တယ်။ ဒီတစ်ခေါက်တော့ အနက်ရောင် မီးခိုးငွေ့တွေက မြေပြင်ကနေ ထိုးထွက်လာပြီး အကြီးအကဲရဲ့ လက်ကို ချုပ်ထားခဲ့တယ်။
တိုက်ခိုက်မှုလည်း နည်းနည်းလေး နှေးကွေးသွားတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရန်ရွှယ်က ခုန်ရှောင် နိုင်လိုက်တယ်။ ပဉ္စမ အကြီးအကဲရဲ့ ရင်ဘတ်ကို သွေးနီရောင် ယပ်တောင်နဲ့ ထိုးစိုက်လိုက်တယ်။
အကြီးအကဲရဲ့ ရင်ဘတ်မှာ သွေးနီရောင် ဒဏ်ရာကို မြင်နေရပြီ။ နက်ရှိုင်းလွန်းလို့ အရိုးတွေကိုတောင် ထွင်းဖောက် မြင်နေရတယ်။ သွေးတွေ စီးကျလာတာ ရပ်တန့် မသွားခဲ့ဘူး။ အနက်ရောင် ချီလှိုင်းလုံးတွေက ဒဏ်ရာကို လှည့်ပတ်နေတယ်။ တဆစ်ဆစ် မြည်သံတွေကို အဝေးကနေ ကြားနေရတယ်။
ပဉ္စမ အကြီးအကဲ ဖြူဖျော့နေပြီ။ သူနောက်ဆုတ်ဖို့ ပြင်တယ်။ ဒါပေမယ့် ရန်ရွှယ်ရဲ့ ခန္ဒာကိုယ်က ထူးထူး ဆန်းဆန်း ပျောက်ကွယ် သွားတယ်။ ရုတ်တရက် မြေအောက်ကနေ ထိုးထွက်လာတယ်။ တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ အဇူရာ ငရဲကနေ တက်လာတဲ့ သူတစ်ယောက် ပုံစံ ဖြစ်နေတယ်။
ပဉ္စမ အကြီးအကဲ နောက်ကျော ဘက်ကနေ ကြောက်စရာ စွမ်းအားတွေကို ခံစား လိုက်ရတယ်။ တစ်ယောက်က သူ့နောက်ကျောကို လက်ဝါးနဲ့ ရိုက်ချတော့မယ့် အတိုင်းပဲ။ အင်အားလှိုင်းကြီးကို ခံစား နေရတယ်။
“ဖူး။” ပဉ္စမ အကြီးအကဲ ရှေ့ကို လွင့်ထွက်သွားတယ်။ သွေးတွေကို အန်ထုတ်ရင်းနဲ့ ကျောက်စိမ်းဖြူ ကြမ်းပြင်ကို ရဲရဲနီ သွားစေတယ်။
“သန်မာလိုက်တာ။”
“နတ်သက်ကြွေ အဇူရာက ဒီလောက်တောင် အင်အားကြီးတာလား။”
“ဒီအတိုင်းသာ ဆက်သွားရင် ပဉ္စမ အကြီးအကဲလည်း သူ့ကို ထိန်းချုပ် နိုင်မှာ မဟုတ်တော့ဘူး။”
ကောင်းကင် တာအို တပည့်သားတွေ ဒီမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှာ တွေးတော နေကြတယ်။ အမှောင်ထုမှာ ကျရှုံးတယ်။ ဒီလို ထူးဆန်းတဲ့ အဖြစ်မျိုးကို ဘယ်သူကမှ မကြားဖူး ခဲ့ဘူး။
“ဆရာ။” အခုချိန်မှာ လူတိုင်းက မုချင်းဖန်းကို ကြည့်နေကြပြီ။ ကြောက်ရွံ့ ထိတ်လန့်နေတဲ့ အပြင်၊ အကူအညီတောင်းတဲ့ မျက်ဝန်းတွေကို မြင်တွေ့ နေရတယ်။ မုချင်းဖန်းကတော့ သူ့တပည့်တွေ ဘာမှ မပြောဘူး။
“မဖြစ်ဘူး။ ရန်ရွှယ်ကို ငါတို့ တားရမယ်။”
မုချင်းဖန်း ပြန်မဖြေတာကို မြင်တော့ သူ့အတွေးကို တပည့်သားတွေ နားလည် လိုက်ကြတယ်။ ပဉ္စမ အကြီးအကဲနဲ့ ဖန်ကျန်းရှီ တိုက်ခိုက်တာက ကိုယ်ရေး ကိုယ်တာ ကိစ္စ။ ဒါပေမယ့် အခုကတော့ ရန်ရွှယ်က အဇူရာမှာ ကျရှုံးသွားပြီ။ ကိုယ်ရေး ကိုယ်တာ ကိစ္စ မဟုတ်တော့ဘူး။
ရန်ရွှယ်က အခုချိန်မှာ အသိစိတ် ပျောက်ဆုံး နေပြီ။ ကောင်းကင် ကျောင်းတော် ခန်းမကလည်း အဇူရာ ငရဲ ဖြစ်ပြီး သွေးချောင်းစီးတော့မယ်။ ဒီတော့ မုချင်းဖန်းလည်း သူ့တပည့်တွေကို မတားတော့ဘူး။
“မြန်မြန် ရန်ရွှယ့်ကို ထိန်းကြ။”
“ငါတို့ မထိန်းနိုင်ရင်။ သတ်ကြ။”
“ဒါက ကောင်းကင် တာအို ခန်းမ။ စိတ်လွတ်နေတဲ့ လူတစ်ယောက် သတ်ဖြတ်တာကို ခွင့်ပြု မထားနိုင်ဘူး။” ကောင်းကင် တာအို တပည့်သားတွေ ရန်ရွှယ့်ကို ဝန်းရံပြီးတော့ အော်ဟစ် နေကြတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်။ အရပ်လေးမျက်နှာ ကနေ ဝန်းရံ ထားကြတယ်။
ဖန်ကျန်းရှီကတော့ အခြေအနေ ဆိုးတယ်။ အမြင်အာရုံတွေ ေ၀ဝါးပြီး နားထဲမှာ ကြားနေရတဲ့ အသံက မိုးကြိုးပြစ်သလို ကျယ်လောင်နေတယ်။ အသိစိတ် ပျောက်တော့မယ်။ ဒါပေမယ့် ကောင်းကင် တာအို တပည့်သားတွေရဲ့ အင်အားကို ခံစား မိနေတယ်။
“အား။” ဖန်ကျန်းရှီ နာနာကျင်ကျင် အော်ဟစ်တယ်။ သွေးတစ်ပွက် အန်ထုတ်လိုက်တယ်။ သူ့သွေးတွေက ခြေရာမဲ့ ဓားထဲမှာ စိမ့်ဝင် သွားတယ်။ ခရမ်းရောင် မိစ္ဆာ အလင်းတန်း တဖန် ထွက်ပေါ် လာပြီ။
“ဝေါင်း။” နားကန်းမတတ် နဂါး အော်သံကြီး ထွက်ပေါ်လာတယ်။ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားတယ်။ ခရမ်းရောင် နဂါးကြီး အသွင်ကို ပြောင်းသွားပြီ။ အနီရင့်ရင့် မျက်လုံး နှစ်လုံးနဲ့ နဂါးကြီး။
မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းလာပြန်တယ်။ ဒါပေမယ့် တကယ်တော့ မိုးစစ်စစ် မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ခရမ်းရောင် အလင်းတန်းတွေ ကောင်းကင်က သက်ဆင်းလာတယ်။ ခရမ်းရောင် အလင်းတန်း တစ်ခုချင်းစီက ဓားအလင်းတန်းတွေပဲ။
အပိုင်း (၆၆၇) ပြီး၏။
အပိုင်း (၆၆၈)
“နဂါးကကွက် ၈ နယ်မြေ။”
ဘာသာပြန်သူ-Enri Thaw
ကောင်းကင်ကနေ ဓားမိုးတွေ ရွာနေပြီ။ မိစ္ဆာဆန်ဆန် ခရမ်းရောင် အလင်းတန်းက ကောင်းကင်မှာ တောက်ပနေတယ်။ တောက်ပတဲ့ နေရောင်ကိုတောင် ဖုံးကွယ် လိုက်ပြီ။ ကောင်းကင် တာအို ခန်းမ တစ်ခုလုံး အအေးဓာတ်တွေ ပြည့်နှက်လာတယ်။
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တယောက်မျက် မျက်လုံး ပြူးနေကြပြီ။ သူတို့ အားလုံး ကောင်းကင်က ခရမ်းရောင် နဂါး အစစ်ကြီးနဲ့ ဓားမိုးတွေကို ကြည့်ရင်း တွေးတော နေမိတယ်။
“ဒါက ကောင်းကင် တာအို ခန်းမ။”
“ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမ တစ်ခုလုံးကို ဆန့်ကျင် မလို့လား။”
ရန်ရွှယ်နဲ့ ပဉ္စမ အကြီးအကဲ တိုက်ခိုက် နေတာတင် လန့်စရာ ကောင်းနေပြီ။ အခု မြင်နေရတဲ့ မြင်ကွင်းက ပိုလို့တောင် ဆိုးသေးတ်။ ကောင်းကင်က ဆင်းသက်လာနေတဲ့ ဓားအလင်းတန်းတွေက ထက်ရှလွန်းလို့ သူတို့ကို ထိတ်လန့်စေတယ်။
ခုန်ရှောင်ရမယ်။ ဒါပေမယ့် ဘယ်လို ရှောင်နိုင်မှာလဲ။
“မဖြစ်ဘူး။” ဒီအချိန်မှာ အော်သံ တစ်ခု ထွက်လာတယ်။ ပြင်းထန်တဲ့ ဖိအား တစ်ခု ကောင်းကင် ကျောင်းတော် ခန်းမကနေ ထွက်ပေါ်လာတယ်။ ရွှေရောင် အလင်းတန်းက ကောင်းကင်ကို လွှမ်းခြုံ သွားတာ မြင်လိုက်ရတယ်။ ရွှေရောင် အလင်းတန်းရဲ့ အလယ်မှာ နောက်ထပ် နဂါး အစစ်ကြီး တစ်ကောင် ရှိနေတယ်။ ဒါပေမယ့် ဒီနဂါးက ရွှေရောင် နဂါး၊ သွေးနီရောင် မျက်လုံးတွေက လူသတ်ငွေ့တွေ ပြည့်နှက်နေတယ်။
“ဝေါင်း။” ကျယ်လောင်တဲ့ နဂါး အော်သံကြီး လေထဲမှာ ပဲ့တင့် ထပ်လာတယ်။ ရွှေရောင် အလင်းတန်းက ကောင်းကင်တာအို ခန်းမ တပည့်သားတွေရဲ့ ခေါင်းပေါ်မှာ တောက်ပလာတယ်။ ရွှေရောင် နဂါးကြီးက ခရမ်းရောင် နဂါးကြီးကို ဝင်တိုက်တယ်။
“ဝုန်း။” ခရမ်းရောင် ဓား အလင်းတန်းက မြေပြင်ပေါ်ကို ဆင်းသက်လာရင်း ရွှေရောင် အလင်းတန်းတွေနဲ့ တိုက်ခိုက်မိတယ်။ ကျယ်လောင် စူရှတဲ့ အသံတွေ ကြားနေရတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်းတွေ ပိုပြီးတော့ ဆင်းသက်လာတယ်။
“ဝုန်း ဝုန်း ဝုန်း။”
မရေမတွက်နိုင်တဲ့ ခရမ်းရောင် အလင်းတန်းတွေ ကောင်းကင်ကနေ ဆင်းသက်ပြီးတော့ ရွှေရောင် အလင်းတန်းနဲ့ တိုက်ခိုက်တယ်။ ဆက်တိုက် တုန်ခါနေတာ မရပ်စတမ်းပဲ။ ခပ်မြန်မြန်ပဲ ရွှေရောင် အလင်းတန်းတွေ ထွင်းဖောက် ခံလိုက်ရတယ်။ ခရမ်းရောင် အလင်းတန်းတွေ ရွှေရောင် အလင်းတန်းကို ဖြတ်ကျော်ပြီးတော့ ကောင်းကင် တာအို ခန်းမဆီကို ကျရောက်လာတယ်။
“ငါတို့ ခုန်ရှောင်လို့ မဖြစ်ဘူး။”
“တားဆီးရမယ်။”
“ကြီးမြတ်သောရှ ဧကရာဇ်ရဲ့ နဂါးစိမ်း မျက်လုံးကို စွမ်းအားတွေ ပေါင်းထည့် ပေးကြစို့။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဒီမြင်ကွင်းကို ကြည့်ရင်း အံကြိတ် နေကြတယ်။ တောက်ပတဲ့ အလင်းတန်းတွေ သူတို့ ခန္ဒာကိုယ်ကနေ တောက်ပလာတယ်။ တစ်ချိန်တည်းမှာပဲ၊ ရွှေရောင် အလင်းတန်းတွေ ကောင်းကင်မှာ ချက်ခြင်း ထွန်းလင်းလာတယ်။
ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်နေတယ်။ တစ်ချို့ အားနည်းတဲ့ တပည့်သားတွေ သေးွအန် ကုန်ကြပြီ။ သူတို့တွေ မြေပြင်ပေါ်မှာ ထိုင်နေကြတယ်။ ပြန်လည် မွေးဖွားမှု အဆင့်မှာ ရောက်နေကြတဲ့ အင်အားကြီး တပည့်သားတွေကတော့ ချွေးတွေ ရွဲနစ်နေပြီ။ တစ်ချို့ ပြန်လည် မွေးဖွားမှု အဆင့် တပည့်သားတွေကတော့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေတယ်။
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တစ်ယောက်ပြီး တစ်ယောက် ပိုပို ဒဏ်ရာ ရလာကြတယ်။ နောက်ဆုံးမှာတော့ အလင်းတန်း တစ်ချို့ ကောင်းကင်ပေါ်ကို မြင့်တက်သွားတယ်။ လျှပ်စီးလက်သလို ကောင်းကင်ကို တန်းတန်းမတ်မတ် ပျံတက်သွားတာ။ ဒါဇင်ချီတဲ့ လူတွေ။ သူတို့ရဲ့ နဖူးပေါ်မှာ ထူးဆန်းတဲ့ စာလုံး သဏ္ဍာန်တွေ ရှိနေကြတယ်။ အင်အားကြီး သုခမိန် အဆင့် ကျင့်ကြံသူတွေ။
“ဝေါင်း။”
ခရမ်းရောင် နဂါးကြီးက ကောင်းကင်မှာ ရွှေရောင် နဂါးနဲ့ တိုက်ခိုက်နေတယ်။ သူတို့ရဲ့ နဂါး လက်သည်းတွေက အလင်းရောင်ထဲမှာ တလက်လက် တောက်ပနေတယ်။ ဒီ အချိန်မှာပဲ ခရမ်းရောာင် နဂါးကြီးရဲ့ နဖူးမှာ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်လာတော့တယ်။ တစ်ယောက်ယောက် အဲ့ဒီ့မှာ ရှိနေတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး ခရမ်းရောင် အလင်းတန်းတွေ လွှမ်းခြုံ ထားတယ်။ မိစ္ဆာ ဆန်ဆန် အလင်းတန်းက သူ့မျက်လုံးထဲမှာ တောက်ပနေသလို၊ လက်ထဲမှာလည်း သွေးနီရောင် တောက်နေတဲ့ ခြေရာမဲ့ဓားကို ကိုင်ထားခဲ့တယ်။
“ခြေရာမဲ့ဓားလား။” မုချင်းဖန်းက ဖန်ကျန်းရှီကို တိတ်တဆိတ် စိုက်ကြည့်နေရင်း လေးလေးနက်နက် ပြောလာတယ်။
“ဖူး။” လူတစ်ယောက် သွေးအန်ပြန်တယ်။ ဧကရာဇ် လင်းမုပိုင်ရဲ့ ခြေထောက်တွေ တုန်ယင်နေပြီ။ သူဒဏ်ရာ ရနေတာ သိသာတယ်။ ဒါပေမယ့် ခုခံ ထားတယ်။ ဒါ့အပြင်၊ အဆုံးထိ တိုက်ခိုက်ဖို့ ပြင်ဆင် ထားပုံပဲ။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီကို မတိုက်ခိုက် စေချင်လို့။ ဘာတွေပဲ ဖြစ်ဖြစ်၊ ဖန်ကျန်းရှီရဲ့ ဓားချက် ကောင်းကင် တာအို ခန်းမပေါ်ကို မကျ စေရဘူး။
“ဝုန်း။” နောက်ထပ် ပေါက်ကွဲသံကြီး ကောင်းကင်ပေါ်မှာ ပေါ်လာပြန်တယ်။
ဒါက သုခမိန် အဆင့် တပည့်သား တစ်ယောက်နဲ့ ခရမ်းရောင် နဂါးကြီး ပထမဆုံး ထိတွေ့တာပဲ။ သူ့ရဲ့ဓားက လေကို ခွင်းသွားပေမယ့်၊ ခရမ်းရောင် နဂါးကြီးနဲ့ ထိတွေ့တဲ့ အချိန်၊ နည်းနည်း တုန်ယင်အောင်ပဲ လုပ်နိုင်တယ်။ ခရမ်းရောင် အလင်းတန်းတွေက နဂါးကြီးပေါ်မှာ ဓားချက်ကျတဲ့ အချိန် အထွက်ပေါ်လာတယ်။
“ဒီလို စွမ်းအားမျိုးနဲ့၊ ဒီကောင်က ပြန်လည် မွေးဖွားမှု အဆင့် ဟုတ်ကော ဟုတ်သေးလို့လား။” ကောင်းကင် တာအို ခန်းမ တပည့်သား ဒီမြင်ကွင်းကြောင့် တကယ့်ကို အံ့သြ နေမိတယ်။ ဒီအချိန်မှာပဲ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို တိုက်ခိုက်ခဲ့တဲ့ ဖန်ကျန်းရှီ ဘယ်လောက်တောင် အင်အားကြီးမှန်း သူနားလည် သွားခဲ့တယ်။
“ဝေါင်း။” နောက်ထပ် နဂါး အော်သံ ထွက်လာပြန်တယ်။
ခရမ်းရောင် နဂါးကြီးက လေထဲမှာ ခုန်လွှားရင်း ရွှေရောင် နဂါးကြီးဆီကို ရောက်သွားတယ်။ ကြီးမားတဲ့ နဂါး အမြီးကြီးက ပထမဆုံး တိုက်ခိုက်တဲ့ ကောင်းကင် တာအို တပည့်သားကို သွားရိုက်တယ်။
“ဘန်း။” ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ကိုယ်လုံး တွန့်လိမ်သွားတယ်။ ခန္ဒာကိုယ်က နှင်းဖြူရောင် အလင်းတန်း ပျောက်ကွယ် သွားပြီးတော့ နှှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ မျက်လုံးထဲမှာ မယုံနိုင်မှုက အထင်းသား။ ဖန်ကျန်းရှီ အင်အားကြီးတာကို သိပေမယ့် ဒီလောက် အင်အားကြီးမယ်လို့ မထင်ထား ခဲ့မိဘူး။ မယုံနိုင်စရာပဲ။
“သူ့လက်ထဲက ဓားကြောင့်ပဲ။”
“အဲ့ဒီ့ဓားက ထူးဆန်းတယ်။”
“သူ့လက်ထဲက ဓားကို ယူမှ ဖြစ်မယ်။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ အဲ့ဒီ့နောက် မျက်စပြစ်ရင်း လှုပ်ရှားကြတယ်။ ခရမ်းရောင် နဂါးကြီးကို တိုက်ခိုက်ဖို့ မလုပ်တော့ဘူး။ ဖန်ကျန်းရှီ အနားကို ချဉ်းကပ်ဖို့ ကြိုးစားနေတယ်။
အောက်ဘက်က ကောင်းကင် တာအို တပည့်သားတွေ၊ ဧကရာဇ် နှစ်ပါးနဲ့ မုချင်းဖန်းလည်း ဒီမြင်ကွင်းကို မြင်တော့၊ သူတို့ နောက်ထပ် သတင်း အချက်အလက် ရသွားပြန်တယ်။ အစောပိုင်းတုန်းက ဖန်ကျန်းရှီ ရုတ်တရက် တိုက်ပွဲ စွမ်းအား ပျောက်ဆုံး သွားခဲ့တယ်။ ပဉ္စမ အကြီးအကဲ တိုက်ခိုက်တာကိုတောင် မရှောင်နိုင် လိုက်ဘူး။
အဲ့ဒီ့နောက် ဘယ်လိုများ လုံး၀ ပြန်ကောင်း သွားတာလဲ။ ပိုပြီးတော့တောင် သန်မာ လာသေးတယ်။ ဖြစ်တဲ့ ကိစ္စက အဓိပ္မာယ် မရှိဘူး။ ဒါကြောင့် ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ သူ့လက်ထဲက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ဓား (ခြေရာမဲ့ဓား)။
ဒဏ္ဍာရီတွေ အရအဆိုရင်၊ သုခမိန် စစ်နတ် မုန့်ထျန်းက ဒီဓားကို ကိုင်ဆွဲပြီးတော့ နတ်ဆိုးတွေရဲ့ သွေးအရိပ် မြို့တော်ကို တိုက်ခိုက်တယ်။ အဲ့ဒီ့နောက် ဒီဓားနဲ့ပဲ သွေးအရိပ် မြို့တော်ကို နှစ်ခြမ်းခွဲပြီး နတ်ဆိုးဘုရင် စစ်ခုန်ကို သတ်ခဲ့တယ်။ ဒါက ဒဏ္ဍာရီပဲ။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ သုခမိန် စစ်နတ် မုန့်ထျန်းကတော့ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ လူ။ ဒါပေမယ့် ဒီဒဏ္ဍာရီက ကြီးမြတ်သောရှမှာ ဖြစ်ခဲ့တာ မဟုတ်ဘူး။ အချိန် အတော်ကြာကြာက ဖြစ်ခဲ့တာ။ အဲ့ဒီ့ အချိန်တုန်းက လောကကြီးမှာ ကြီးမြတ်သောရှ နိုင်ငံတော် တစ်ခုပဲ ရှိသေးတယ်။ တခြား နိုင်ငံတော်တွေ ကွဲမထွက်သေးဘူး။
ဒီဓားက တကယ်ပဲ သုခမိန် စစ်နတ် မုန့်ထျန်း ကိုင်ခဲ့တဲ့ ဓား ဖြစ်နိုင်မလား။
ကောင်းကင်တာအို သုခမိန် ခန်းမက လူတိုင်းရဲ့ စိတ်ထဲမှာ ဒီအတွေးက ပျံ့လွင့်နေတယ်။ အကြောင်းအရာ ခိုင်ခိုင်မာမာ မရှိပေမယ့် သူတို့ရဲ့ သိလိုစိတ်ကြောင့် ဒီအတွေးက လွှမ်းမိုးလာတာပဲ။
ဒါပေမယ့် အခုချိန်မှာ အတွေးကို အတည်ပြုဖို့ အချိန် မရှိဘူး။
ဖန်ကျန်းရှီက လှုပ်ရှားနေပြီ။ ကောင်းကင် တာအို တပည့်သားတွေလည်း သူ့ဆီကို ပြေးဝင် လာနေတယ်။ ဖန်ကျန်းရှီရဲ့ ဆံပင် နက်နက်တွေက လေထဲမှာ လွင့်နေသလို ဝတ်ရုံပြာပြာကလည်း လေထဲမှာ လွင့်မျောနေတယ်။ လက်ထဲက ဓားကတော့ သွေးနီရောင် တောက်ပနေတယ်။
မိစ္ဆာဆန်ဆန် ခရမ်းရောင် အလင်းတန်းကို ကျော်လွန်ပြီးတော့ သွေးနီရောင် အလင်းတန်းက ထင်ထင်ရှားရှားကြီးကို တောက်ပနေတယ်။ သြတ်ဖတ်လိုစိတ် အပြည့်နဲ့ အရှိန်အဝါက လူတိုင်းကို မွန်းကြပ် လာစေတယ်။
“နဂါး။” ဖန်ကျန်းရှီရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။ ခရမ်းရောင် နဂါးကြီးနဲ့ ဖန်ကျန်းရှီ အတူတူ ရွေ့လျားတယ်။ ကောင်းကင်က တိမ်တွေကို ဆ်ကတိုက် ထိုးဖောက်တယ်။ နဂါးကြီးက ပင်လယ်ထဲမှာ ကူးခတ် နေသလိုပဲ။ ဒီအချိန်မှာပဲ ဒုတိယ စကားလုံးကို ကြားလိုက်ရတယ်။
“ကကွက်။”
“ရှစ်၊”
“နယ်မြေ။”
စတုတ္ထ စကားလုံး ထွက်လာတဲ့ အချိန်မှာ ကောင်းကင်ကနေ ကျဆင်းနေတဲ့ ခရမ်းရောင် ဓားအလင်းတန်း လုံးဝကို တိတ်ဆိတ်သွားတယ်။ အချိန်တွေ လုံး၀ ရပ်တန့် သွားသလိုပဲ။ ဒါပေမယ့် ထာဝရ တည်မြဲနေတာ မဟုတ်ဘူး။
အသက်ရှူချိန် ခဏလောက်ပဲ ကြာမြင့်တယ်။ မျက်တောင် တစ်ခတ် အချိန်လောက်ပဲ။
ခရမ်းရောင် အလင်းတန်းက နောက်တစ်ခေါက် လှုပ်ရှားတဲ့ အချိန်မှာ အောက်ဘက်ကို ဦးတည် မနေတော့တာ လူတိုင်း သတိထားမိတယ်။ သူတို့တွေ အတူတူ ပေါင်စည်း သွားတယ်။ သောင်းချီတဲ့ ဓားတွေ တစ်နေရာတည်းမှာ စုစည်း သွားသလိုပဲ။ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေ တိမ်ထဲမှာ စုဝေးသွားတယ်။ ခရမ်းရောင် တိမ်တိုက်တွေရဲ့ အနားစွန်းမှာ အနီရောင် ဇာချည်တွေ ကွပ်ထားသလိုပဲ။
ချက်ခြင်း ခရမ်းရောင် အလင်းတန်းတွေနဲ့ သွေးနီရောင် အလင်းတန်းတွေ ပေါင်းစည်းကြတယ်။ ဓားရှစ်လက် သဏ္ဍာန်တွေ ထွက်လာတယ်။ ဓားတစ်လက် ချင်းစီတိုင်းက ကျောက်စိမ်းလို ကြည်လင်နေတယ်။ ဓားတစ်ချောင်း ချင်းစီက ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတယ်။ ဓားအလင်းတန်း တစ်ခုချင်းစီတိုင်းက ကြောက်စရာ လူသတ်ငွေ့တွေ ပြည့်နှက်နေတယေ်။
“မဖြစ်ဘူး။”
“ခုန်။”
“ခွဲပြစ်။”
သုခမိန် အဆင့် ကောင်းကင် တာအို တပည့်သားတွေ ဓားသဏ္ဍာန်တွေကို မြင်တော့ သူတို့ မတွေေ၀ တော့ဘူး။ ချက်ခြင်း ဦးတည်ရာ ပြောင်းတော့တယ်။
သူတို့တွေက အရမ်းမြန်တယ်။ ဓားအလင်းတန်းတွေက ပိုလို့တောင် မြန်သေးတယ်။ သူတို့တွေ ခုန်ရှောင် ပြေးထွက်တာကို ဓားတွေက လိုက်တယ်။
“တိုက်ခိုက်။” သုခမိန် အဆင့် တပည့်သားတွေ သူတို့ နောက်က အေးစက်စက် သတ်ဖြတ်လိုစိတ်တွေကို ခံစားမိတော့ နောက်လှည့်ပြီး တိုက်ခိုက်တော့တယ်။
“ဝုန်း။”
ပေါက်ကွဲသံကြီး ၈ခုက မိုးခြိမ်းသံတွေလို ထွက်ပေးလာတယ်။ ဒါတင် မကသေးဘူး။ ကောင်းကင် တာအို တပည့်သားတွေ သူတို့ နောက်လှည့်ပြီး ပြန်တိုက်ခိုက်တဲ့ အချိန်၊ သူတို့ နောက်မှာ အရိပ်တွေ ဖြစ်ပေါ်လာတယ်။ လူပုံစံ အရိပ် ၈ခု။ တစ်ခုချင်းစီတိုင်းရဲ့ မျက်လုံးမှာ သွေးနိရောင် အလင်းတန်းတွေ တောက်ပနေတယ်။ လက်ထဲမှာလည်း ဓားတွေ ကိုင်ထားကြတယ်။ ဓားတွေကို မြှောက်လိုက်တော့ နဂါး သဏ္ဍာန် ခရမ်းရောင် အလင်းတန်းမှာ ဓားမှာ ရစ်ပတ် ပျံသန်းလာတယ်။
“နဂါး”
“သတ်။”
“ဓားကွက်။”
အရိပ်လူသား ရှစ်ယောက် တစ်ပြိုင်နက်တည်း အော်ဟစ်တယ်။ သူတို့ အသံနဲ့ အတူ လက်ထဲက ဓားတွေလည်း ရွေ့လျားတယ်။ ဒဏ်ရာ ရထားဆဲ ဖြစ်တဲ့ ကောင်းကင် တာအို တပည့်သားတွေရဲ့ ခေါင်းပေါ်ကို ကျရောက်လာတယ်။
“ဘာ။” သူတို့ ခေါင်းပေါ်ကို ကျလာတဲ့ ဓားအလင်းတန်းကို ခံစားနိုင်တယ်။ ဒေါသတွေ ထိတ်လန့်မှုတွေ မျက်နှာပေါ်မှာ ပေါ်လာတယ်။ သူတို့ မရှောင်ရှားနိုင်ဘူး။ ဒီအရိပ်တွေက မြန်လွန်းတယ်။ ဒါအပြင် ဓားရှစ်လက် ပုံစံ ပေါ်လာပြီးတော့ အရိပ်လူတွေ ပေါ်လာတော့ ဘယ်လို ရှောင်နိုင်မှာလဲ။
အရိုးကွဲမတတ် ပြင်းထန်တဲ့ အရှိန်အဝါကို ခံစားမိနေတယ်။ သုခမိန် အဆင့်ကို သူတို့ ရောက်ပြီးတည်းက သူတို့တွေရဲ့ အဆင့်အတန်းက ကွာခြားသွားပြီ။ အခုတော့ ပြန်လည် မွေးဖွားမှု အဆင့် ဖန်ကျန်းရှီရဲ့ လက်ထဲမှာ သေရတော့မယ်။
“မဖြစ်ဘူး။” မလိုလားတဲ့ အသံ ရှစ်ခု ထွက်ပေါ်လာတယ်။ သူတို့ အော်ဟစ်နေတဲ့ အချိန်မှာပဲ ဓားတွေက ခေါင်းပေါ်မှာ ရပ်တန့်သွားတယ်။ အရိပ်လူတွေလည်း ရပ်တန့်သွားတယ်။
ဒီထူးဆန်းတဲ့ မြင်ကွင်းကို မြင်ပေမယ့် လေထဲက တပည့်သားတွေကော မြေပြင်ပေါ်က တပည့်သားတွေပါ လန့်တဲ့ပုံ မပေါ်ကြဘူး။ သူတို့ အားလုံး အရှက်ရနေပုံပဲ။
“ဆရာသခင်။”
တပည့်သားတွေ အားလုံး ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်း ရှိနေခဲ့တဲ့ ကောင်းကင် ကျောင်းတော် ခန်းမဆီကို ဦးညွှတ်ကြတယ်။ ဒါပေမယ့် မုချင်းဖန်းက အဲ့ဒီ့ နေရာမှာ မရှိတော့ဘူး။
“ဘန်း။” နောက်ထပ် အသံကြီး တစ်ခု ဟိန်းထွက် လာတာကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် တိမ်တွေ ရှင်းလင်းသွားတယ်။ ခရမ်းရောင် နဂါးကြီးလည်း ပျောက်ကွယ် သွားတယ်။
“ခန်းမ ခေါင်းဆောင်။” ဧကရာဇ် နှစ်ပါး တလေးတစားနဲ့ ပြောကြတယ်။ လင်းမုပိုင်ကတော့ ဘာမှ မပြောဘူး။ တိမ်တွေကြားက လူနှစ်ယောက်ကိုသာ ကြည့်နေတယ်။ အဲ့ဒီ့နေရာမှာ နှင်းလို ဖြူဖွေးတဲ့ ဝတ်ရုံနဲ့ မုချင်းဖန်း ရပ်နေတယ်။ သူ့လက်ထဲမှာ လူတစ်ယောက်ကို ချီထားတယ်။ ဖန်ကျန်းရှီ။
ဒါပေမယ့် ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ပိတ်နေတယ်။ သူ့ခန္ဒာကိုယ်က ခရမ်းရောင် အလင်းတန်း လုံး၀ ပျောက်ကွယ် သွားပြီ။ လက်ထဲမှာလည်း ခြေရာမဲ့ဓား မရှိတော့ဘူး။ ဒါတောင်မှ အံကြိတ်ထားတုန်း။ ဒေါသမပြေသေးတာ သေချာတယ်။
“ခန်းမ ခေါင်းဆောင်။ ဖန်ကျန်းရှီကို အသက်ချမ်းသာ ပေးပါ။ ဒီနေ့ ဖြစ်ရပ် အတွက် ကြီးမြတ်သောရှ မင်းဆက်က အပြည့်အ၀ တာဝန် ယူပါမယ်။ အကယ်၍ ဒါနဲ့ မလုံလောက်ရင်။ ဖန်ကျန်းရှီ အသက်နဲ့ ငါ့အသက်ကို လဲလှယ်ပါ။” ဧကရာဇ် လင်းမုပိုင် ချက်ခြင်း ပြောတယ်။
“ကြီးမြတ်သောရှ ဧကရာဇ်။ မလိုအပ်ပါဘူး။” မုချင်းဖန်း ပြန်ဖြေတယ်။ သူအံ့သြ နေပင်မယ့် ခေါင်းခါနေဆဲ။
“ဖန်ကျန်းရှီက ဒီနေ့ ကြီးမြတ်သောရှ နိုင်ငံတော် တည်ရှိနေရတဲ့ အကြောင်းရင်းပါ။ တောင်ပိုင်း ဒေသနဲ့ ရန်မြို့တော် တိုက်ပွဲမှာ သူ့စွမ်းဆောင်မှုကြောင့်သာ မဟုတ်ရင်၊ ကြီးမြတ်သော ရှနိုင်ငံတော် ဆိုတာ ဒီနေ့ မရှိနိုင် တော့ပါဘူး။ ကျေးဇူးပြုပြီး ခွင့်ပြု ပေးပါ။ ခန်းမ ခေါင်းဆောင်။” မုချင်းဖန်း ခေါင်းခါတာကို မြင်တော့ ဧကရာဇ် လင်းမုပိုင် နောက်တစ်ခေါက် တောင်းပန်တယ်။
ဒီအချိန်မှာပဲ နာနာကျင်ကျင် အော်သံ တစ်ခု ကောင်းကင် ကျောင်းတော် ခန်းမမှာ ပေါ်လာတယ်။ အဲ့ဒီ့နောက် မြားတစ်စင်းလို လူတစ်ယောက် လွင့်ထွက်လာတယ်။ တစ်ကိုယ်လုံး သွေးတွေ စိုရွဲနေတယ်။
“ပဉ္စမ အကြီးအကဲ။” ကောင်းကင် တာအို တပည့်သားတွေ နောက်ဆုံးတော့ တုံ့ပြန်နိုင်ပြီ။ ဒါပေမယ့် အချိန်နှောင်း သွားခဲ့ပြီ။ ပဉ္စမ အကြီးအကဲက မြေပြင်မှာ ပုံလျက်သား ကျနေခဲ့ပြီ။ တစ်ချိန်တည်းမှာပဲ မြေကြီးထဲကနေ ကြောက်စရာ အနက်ရောင် အငွေ့တွေ ထွက်လာတယ်။ ငရဲက လွတ်လာတဲ့ နတ်ဆိုး တစ်ကောင် ပုံစံနဲ့ ရန်ရွှယ် ထွက်လာတယ်။
“အား။” ရန်ရွှယ်လည်း နာနာကျင်ကျင် အော်ဟစ်နေတယ်။ သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေက အနက်ရောင် စွမ်းအားတွေ လုံး၀ ပြည့်နေပြီ။
“အမ်။” မုချင်းဖန်းက ရန်ရွှယ့်ကို လှမ်းကြည့်တယ်။ ရန်ရွှယ့် ခန္ဒာကိုယ်က အငွေ့အသက်တွေ လုံး၀ အမည်းရောင် ပြောင်းနေတာ မြင်တော့ သူမျက်မှောင် ကြုတ်သွားတယ်။
အပိုင်း (၆၆၈) ပြီး၏။
အပိုင်း (၆၆၉)
“ချိတ်ပိတ်။ မဟာ ကျက်သရေ။”
ဘာသာပြန်သူ-Enri Thaw
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ရန်ရွှယ့် ခန္ဒာကိုယ် ပြောင်းလဲ နေတာကို သတိထားမိ ကြတယ်။ မကောင်းဆိုးဝါး အငွေ့အသက်တွေက အရမ်းကို ပြင်းထန်လွန်း နေတယ်လေ။
“မဖြစ်ဘူး။ ရန်ရွှယ့်ကို ငရဲသတ် အရှိန်အဝါတွေက လုံး၀ ထိန်းချုပ်သွားပြီ။”
“နတ်သက်ကြွေ အဇူရာကို အသက်ရှင်လျက် ထားလို့ မဖြစ်ဘူး။”
“ငါတို့ မထိန်းချုပ်နိုင်ရင်၊ သတ်မှ ဖြစ်မယ်။”
“သတ်။”
မုချင်းဖန်း အမိန့်မပေးခင် ဒါဇင်ချီတဲ့ တပည့်သားတွေ လှုပ်ရှားတယ်။ သူတို့လက်ထဲက ဓားတွေ မယှဉ်နိုင်တဲ့ အလင်းရောင်နဲ့ တောက်ပလာတယ်။
နတ်သက်ကြွေ တာအို။ ငရဲ အဇူရာရဲ့ ကျေးကျွန်။ ဒီလိုလူကို ဘာကြောင့်များ အသက်ရှင်လျက် ထားရမှာလဲ။
ဒီအချိန်မှာ ရန်ရွှယ်က ကောင်းကင် တာအို တပည့်သားတွေ ဘက်ကို လှည့်လာပြီ။ သူ့ရဲ့ ပုံမှန် အေးစက်စက် ပုံစံနဲ့ ကွာခြားနေတယ်။ မျက်လုံးတွေက မဖုံးဖိနိုင်တဲ့ အေးစက်စက် အငွေ့အသက်တွေ လျှံထွက်နေတယ်။ မြင်ရတာက အတော့်ကို ကြောက်စရာ ကောင်းတယ်။ ဆိုးယုတ်တဲ့ နတ်ဘုရား တစ်ပါးလိုပဲ။ လူသားတွေကို ငုံ့ကြည့်နေသလို ခံစားခရတယ်။ အေးစက်တယ်။ သွေးဆာနေတယ်။ ဒါပေမယ့် အတော့်ကို ဂုဏ်ယူဝံ့ကြွားမှု အပြည့်နဲ့။
အဇူရာ။ ဂုဏ်ယူဝံ့ကြွားပြီး အထီးကျန်တဲ့ အဇူရာ။ အဲ့ဒီ့နောက် ရန်ရွှယ့် ခန္ဒာကိုယ်က အနက်ရောင် ပြောင်းသွားတယ်။ အရိပ်နက် တစ်ခုလိုပဲ။ တစ်ကိုယ်လုံးမှာ အနက်ရောင်ချီတွေ စုဝေး ပေါက်ကွဲနေတယ်။
“အဇူရာ ငရဲ။” ရန်ရွှယ် အေးစက်စက် အော်ဟစ်တယ်။ သူ့စကားသံ ထွက်လာတာနဲ့ မြေပြင် တစ်ခုလုံး တုန်ယင်သွားတယ်။ အဲ့ဒီ့နောက် မှင်နက်ရောင် မီးခိုးတွေ မြေပြင်ကနေ ထွက်ပေါ်လာတော့တယ်။
“ဝုန်း။”
“ဂျွတ်” ရှေ့ကို ပြေးထွက်လာတဲ့ ကောင်းကင် တာအို တပည့်သားတွေ မီးခိုးငွေ့တွေထဲမှာ ပိတ်မိ ကုန်ကြတယ်။ တစ်ချိန်တည်းမှာပဲ အရိုးတွေ ကျိုးကုန်တဲ့ အသံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ဒုတိယ မီးခိုးစီးကြောင်းတွေ၊ တတိယနဲ့ စတုတ္တ မီးခိုး စီးကြောင်းတွေ ဖြစ်ပေါ်လာတယ်။
“ခဘွန်း။”
ကောင်းကင် ကျောင်းတော် ခန်းမကြီး တစ်ခုလုံး ပြောင်းပြန်လန် သွားတော့တယ်။ မရေမတွက်နိုင်တဲ့ မီးခိုးငေ့ွတွေ မြေပြင်ကနေ ထွက်ပေါ်လာတယ်။ တစ်ခုချင်းစီတိုင်းက ချွန်ထက်နေတဲ့ လက်သည်းတွေ ရှိပြီးတော့ ကောင်းကင် တာအို ခန်းမ တပည့်သားတွေကို ကုပ်ဆွဲတော့တယ်။
“အား။” နာနာကျင်ကျင် အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။ တပည့်သား တစ်ယောက် လက်မောင်းကို လိမ်ချိုး ခံထားရတယ်။ မြေပြင်ပေါ်မှာ လဲကျရင်း တွန့်လိမ်နေတယ်။ ဒါက တကယ့် ငရဲပဲ။ အဇူရာ ငရဲ။
“မြန်မြန် ရန်ရွှယ်ကို သတ်။ ငါတို့ ညှာတာနေလို့ မဖြစ်တော့ဘူး။”
ကောင်းကင် တာအို တပည့်သားတွေ မီးခိုးငွေ့တွေကို မြင်တော့ အော်ဟစ်ကြတယ်။ မျက်နှာတစ်ခုလုံး ချွေးတွေ ပြည့်နေကြပြီ။ ဘယ်သူကမှ တောင့်မခံ နိုင်တော့ဘူး။ သူတို့တွေ ဆက်တိုက် တိုက်ခိုက် နေကြတယ်။
ဝတ်ရုံဖြူနဲ့ နန်ကုန်းဟောင်ကတော့ သူ့နေရာမှာသူ ရပ်နေတယ်။ သူ့ရဲ့ ကြည်လင် ရှင်းလင်းနေတဲ့ ဓားကို နောက်ကျောမှာ ချိတ်ထားရင်း လက်သိးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ရန်ရွှယ်ကို သူကြည့် မနေဘူး။
နန်ကုန်းမုကိုပဲ ကြည့်နေတယ်။ ရန်ချင်းနဲ့ နန်ကုန်းမုတို့ရဲ့ ဒေါသတကြီး တိုက်ပွဲကို ကြည့်ရင်း မျက်လုံးတွေ လင်းလက် နေကြတယ်။
“ညီငယ်လေး။ ငါ့ညီငယ်လေး။” နန်ကုန်းဟောင် ခပ်တိုးတိုး ပြောနေတယ်။ သူ့ကြည့်ရတာ နာကျင်နေသလိုပဲ။ “အဖေ။ အဖေ့မှာ ကျွန်တော် ရှိနေပြီလေ။ ဘာဖြစ်လို့ ညီလေးကို ဒီကိစ္စမှာ ပါခိုင်းတာလဲ။ ဘာလို့လဲ။ ညီလေးက အင်အားကြီးတာကို ကြိုက်တယ်။ကျွန်တော် ညီလေးကို ဘယ်လောက် ချစ်မှန်း အဖေ သိရဲ့သားနဲ့။ ကျွန်တော့်ကို တွန်းအားပေးတယ်။ ဒါပေမယ့် အဖေ ဒီလို လုပ်စရာ မလိုပါဘူး။ နန်ကုန်း မိသားစုရဲ့ တာဝန်ကို ထမ်းဆောင်မယ်လို့ ကျွန်တော် သစ္စာ ဆိုထားတာပဲ။ ဒါပေမယ့် ညီလေးကိုတော့ ဝင်ပါတာ အဖြစ်မခံနိုင်ဘူး။”
“ဝုန်း” မြေပြင် တစ်ခုလုံး တုန်ခါလာတယ်။ နန်ကုန်းဟောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
“ယောင်း။”
ဒီအချိန်မှာ သားရဲကောင် အော်သံ တစ်ခုကို ကောင်းကင်ကနေ ကြားလိုက်ရတယ်။ အတော် ဝေးဝေးကနေ လာတဲ့ အသံ။ ဒါပေမယ့် ထိုးဖောက်နိုင်စွမ်း မြင့်မားတယ်။ သိပ်မကြာခင်ပဲ အရိပ်တစ်ခုက နေလုံးကြီးကို ဖုံးကွယ်သွားတယ်။ အတောင်ပံကြီးတွေကို တဖျပ်ဖျပ် ခတ်ရင်း လေပွေလှိုင်းတွေကို ဆင့်ခေါ်တယ်။ တကိုယ်လုံးကို နှင်းဖြူရောင် အကြေးခွံတွေ ဖုံးအုပ် ထားပြီးတော့ ကျောပေါ်မှာ လူတစ်ယောက်ကို သယ်ဆောင်လာတယ်။
သူမရဲ့ ပန်းနုရောင် ဝတ်ရုံ အဖျားက လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေတယ်။ ဒါပေမယ့် သူမ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေဆဲ။ အသံကြားတာနဲ့ ကောင်းကင် ကျောင်းတော် ခန်းမကို ရောက်လာတဲ့ အချိန်ကို တွက်လိုက်ရင် စက္ကန့်ပိုင်းပဲ ကြာမြင့်တယ်။
“နောက်ဆုံးတော့ ရောက်လာပြီ။” နန်ကုန်းမုရဲ့ မျက်ဝန်းတွေ တောက်ပသွားတယ်။ သူ့ခေါင်းပေါ်ကို ဖြတ်သွားတဲ့ သားရဲကောင်ကြီးနဲ့ သားရဲကောင်ပေါ်က လူကို ကြည့်ရင်း စိတ်သက်သာရ သွားတယ်။ “အကို။ နည်းနည်းလောက်စောင့်။ နောက်အချိန် နည်းနည်းဆိုရင် လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်ပြီ။”
ကောင်းကင် ကျောင်းတော် ခန်းမပေါ်ကို ရောက်လာတဲ့ သားရဲကို သတိထားမိတာ သူတစ်ယောက်တည်း မဟုတ်ဘူး။ အဇူရာ ငရဲမှာ ပိတ်မိနေတဲ့ ကောင်းကင် တာအို တပည့်သားတွေလည်း ခေါင်းမော့ ကြည့်ကြတယ်။
သူတို့ ကြည့်နေတဲ့ အချိန် ပန်းရောင်လူရိပ်က ခုန်ချလာတယ်။ သူမရဲ့ အလှက မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတယ်။ နည်းနည်း ဖြူဖျော့ပြီးတော့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေတာ တစ်ခုပဲ။ ဒါပေမယ့် လေထဲမှာ လွင့်မျောနေတာကို လှပလွန်းတယ်။ တပည့်သားတွေရဲ့ အမြင်မှာတော့ ပန်းချီကား တစ်ချပ် လေထဲမှာ မျောနေသလိုပဲ။
သူကတော့ ချီကူယန်။
ကောင်းကင် တာအို ခန်းမမှာ အငယ်ဆုံး တပည့်သား။ ဒါပမေယ့် လူတိုင်း သူမကို ချစ်မြတ်နိုးကြတယ်။ လောကမှာ အလှဆုံး လူသားတွေထဲက တစ်ယောက်။ နောက်ပြီးတော့ သူမရဲ့ အရှိန်အဝါနဲ့တင် ချက်ခြင်း ဦးညွှတ် စေနိုင်တယ်။
ဒါ့အပြင် ခန်းမ ခေါင်းဆောင် မုချင်းဖန်း ကိုယ်တိုင် သူမကို ဖိတ်ခေါ်ထားတာ။ ကောင်းကင် တာအို ခန်းမရဲ့ တစ်နေရာမှာ တိတ်တဆိတ် ကျင့်ကြံတယ်။ လောကီရေးရာတွေကို မပတ်သက်ချင်တဲ့ နတ်မိမယ် တစ်ပါးလိုပဲ။
နောက်ပြီးတော့ သူမမှာ လုပ်စရာ အလုပ်ကြီး ရှိသေးတယ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ လောကကို ထိတ်လန့်စေသူ။ သူမကို ပိုင်ဆိုင်တဲ့ ဘယ်သူမလို လောကကို လွှမ်းမိုး နိုင်လိမ့်မယ်။ မျိုးနွယ်စု ငါးခုနဲ့ နိုင်ငံ ငါးနိုင်ငံကို အုပ်ချုပ်ဖို့ သတ်မှတ် ခံထားရတဲ့ ခေါင်းဆောင်။
“အစ်မကြီးလား။”
“ညီမလေး ကူယန် ပြန်လာပြီ။”
ကောင်းကင် တာအို တပည့်သားတွေ နှင်းဖြူရောင် သားရဲကောင်ကို မြင်တော့ စိတ်ထဲမှာ ပျော်ရွှင် လာကြတယ်။ ဒါပေမယ့် ချီကူယန်က ဘယ်တပည့်သားကိုမှ မကြည့်ဘူး။ အမည်းရောင်ချီတွေ ဖုံးလွှမ်းထားတဲ့ လူတစ်ယောက်ကိုပဲ စိုက်ကြည့်နေတယ်။ ရန်ရွှယ်။
သူမ ခပ်မြန်မြန် လှုပ်ရှားတယ်။ မျက်နှာက ဖြူဖျော့နေပင်မယ့် မျက်ဝန်းတွေကတော့ ကြယ်တာရာတွေလိုပဲ တလက်လက် တောက်ပနေဆဲ။ ခပ်မြန်မြန်ပဲ ရန်ရွှယ့် ခေါင်းပေါ်ကို ရောက်သွားတယ်။
ရန်ရွှယ် မော့ကြည့်တယ်။ သူ့မျက်ဝန်းတွေက အဇူရာကြောင့် မောက်မာမှုတွေ ပြည့်နှက်နေတယ်။ အနက်ရောင် အငွေ့တွေက လက်သည်းပုံစံ ပုံပေါ်လာပြီးတော့ ကခုန်တော့တယ်။
“အစ်မကြီး သတိထား။”
“ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်နေပြီ။”
“အစ်မကြီး မြန်မြန် ခုန်ရှောင်။”
ကောင်းကင် တာအို တပည့်သားတွေ အားလုံး ရန်ရွှယ့် မျက်ဝန်းက လူသတ်ငွေ့တွေကို ခံစား နေရတယ်။ အနားကို နီးကပ်လာတဲ့ ချီကူယန်ကို ကြည့်ရင်း သူတို့ ကြောက်လန့် နေကြတယ်။ ရန်ရွှယ် လှုပ်ရှားပြီ။
သူ့လက်ထဲက ငွေရောင်ယပ်တောင် ဓားအလင်း ပုံစံကို ပြောင်းသွားတယ်။ အနက်ရောင် အငွေ့တွေက ဓားမှာ ဝန်းရံနေသလို၊ အဲ့ဒီ့ဓားနဲ့ ချီကူယန်ကို ထိုးစိုက်လိုက်တယ်။
အရမ်းမြန်ဆန်တယ်။ ရန်ရွှယ့်ရဲ့ တိုက်ခိုက်မှုကော ဓားအလင်းပါ အရမ်း အရမ်းကို မြန်လွန်းတယ်။ လေထဲမှာ ရောက်နေတဲ့ ချီကူယန် ခုန်ရှောင်နိုင်ဖို့ နည်းလမ်း မရှိဘူး။ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကာဆီးဖို့ပဲ။
ဒါပေမယ့် စိတ်သက်သာရာ ရစရာ ကိစ္စတစ်ခု ဖြစ်လာတယ်။
ဓားအလင်း ထွက်လာတဲ့ အချိန်မှာပဲ ချီကူယန်ရဲ့ နောက်ဘက်ကနေ အရိပ်တစ်ခု ပြေးထွက်လာတယ်။ ကြီးမားတဲ့ လူပုံစံ အရိပ်တစ်ခု။ အမျိုးသမီး တစ်ယောက်ဆိုတာ သေချာတယ်။ ရှည်လျားတဲ့ ဆံပင်တွေက ခြေဖျားအထိကို ဝဲကျနေတယ်။ ဒီအရိပ်ထဲက အမျိုးသမီးမှာလည်း မျက်ဝန်း တောက်တောက်တွေ ရှိတာကို မြင်သာတယ်။ ဒါပေမယ့် သူမ မျက်ဝန်းတွေက အေးဆေးတည်ငြိမ်တယ်။ ကောင်းကင်ကို မော့ကြည့်နေတဲ့ မျက်ဝန်း အကြည့်မှာ ဂုဏ်ကျက်သရေတွေ ထွန်းလင်းနေတယ်။
ဂုဏ်ကျက်သရေနဲ့ တည်ငြိမ်မှုက ရောထွေး မသွားဘူး။
ကောင်းကင် တာအို တပည့်သားတွေနဲ့ သုံးနိုင်ငံ ဧကရာဇ်တွေ အသက်ရှူအောင့်ထား မိကြတယ်။ လူတိုင်း ငြိမ်သက် နေခဲ့တယ်။ သူတို့တင် မကဘူး။ ရန်ရွှယ့်ရဲ့ ဓားအလင်းတောင် ငြိမ်သက်နေတယ်။
သူမဆီ မရောက်ခင် တစ်ခုခုက ထူးထူးဆန်းဆန်း ကာဆီး ထားသလိုပဲ။ အဲ့ဒီ့နောက် ချီကူယန် လှုပ်ရှားတယ်။ ညာလက်နဲ့ ရန်ရွှယ့် နဖူးကို ထိဖို့ပြင်နေတယ်။ သူမရဲ့ လှုပ်ရှားမှုတွေက နှေးကွေးတယ်။ ဒါပေမယ့် ရန်ရွှယ့် ခန္ဒာကိုယ် တောင့်တင်းသွားပြီး မလှုပ်ရှားတော့ဘူး။ မျက်လုံးတွေက သူ့နဖူးကို ဦးတည်နေတဲ့ လက်ကို စိုက်ကြည့်နေတယ်။
ချီကူယန်ရဲ့ လက်က ရန်ရွှယ့် နဖူးကို ထိတာနဲ့ ကြယ်အလင်းတန်း တောက်ပလာတော့တယ်။ လက်ချောင်းနှစ်ခုက ကြယ်အလင်း တံဆိပ်ပုံစံ ပေါ်လာပြီးတော့ ဓားလို လှုပ်ရှားတယ်။ နဖူးအလယ် တည့်တည့်ကို ဖိချလိုက်တယ်။ တောက်ပလာပြီးတော့ သိပ်မကြာခင် မှိန်ဖျော့ သွားတော့တယ်။ ရန်ရွှယ့် ခန္ဒာကိုယ်ထဲကို ဝင်သွား သလိုပဲ။
အဲ့ဒီ့နောက် ရန်ရွှယ့် ခန္ဒာကိုယ် ပတ်ပတ်လည်က အနက်ရောင် အငွေ့တွေ ဆက်တိုက် တုန်ခါလာတယ်။ အရပ်လေးမျက်နှာကို ပျံ့နှံ့ကွဲထွက်ကုန်တယ်။ ကောင်းကင် တာအို တပည့်သားတွေကတော့ မလှုပ်ရှားကြဘူး။ လူတိုင်းက ချီကူယန်ရဲ့ လက်တွေကို စိုက်ကြည့်နေကြတယ်။
“ချိတ်ပိတ်။” ချီကူယန် ခပ်တိုးတိုး ပြောတယ်။ သူမ အသံက ကြည်လင်ချိုသာတယ်။
ဒီအလှ တရားလေးမှာ စွန်းထင်းနေတဲ့ အနီရောင်တွေ ရှိနေတယ်။ သူမ နှုတ်ခမ်းကနေ သွေးတွေ ဆက်တိုက် စီးကျလာတယ်။
“ဝုန်း။” ကောင်းကင်နဲ့ မြေပြင် တစ်ခုလုံး တုန်ယင်သွားတယ်။ အင်အားကြီး အရှိန်အဝါတွေ ကောင်းကင်ကနေ ထွက်ပေါ်လာတယ်။ ကောင်းကင်မှာ တောက်ပတဲ့ ကြယ်အလင်းတန်းတွေ တဖျပ်ဖျပ် တောက်နေသလို၊ အနက်ရောင် အငွေ့တွေကြားမှာ ကြယ်အလင်းတန်းက တောက်ပလာတယ်။ အနက်ရောင် အငွေ့တွေ တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားကြပြီ။ ရန်ရွှယ့် ခန္ဒာကိုယ်မှာလည်း နောက်ထပ် အလင်းရောင်တွေ မရှိတော့ဘူး။
“ဝုန်း။”
ရန်ရွှယ့် ခန္ဒာကိုယ် မြေပြင်ပေါ်ကို ပုံကျသွားတယ်။ ချီကူယန်လည်း တုန်ယင်လာပြီးတော့ မထိန်းနိုင်ပဲ သွေးအန်တော့တယ်။
“အစ်မကြီး။”
“ညီမလေးကူယန်။”
ကောင်းကင် တာအို တပည့်သားတွေ ခပ်မြန်မြန်ပဲ ချီကူယန့် အနားမှာ အုံလာကြတော့တယ်။ သူမ နောက်ကွယ်က အရိပ်လည်း ပျောက်ကွယ်သွားပြီ။ ဒီအချိန်မှာ သူမ မျက်နှာက အရမ်းကို ဖြူဖျော့နေတယ်။ သူမ ရပ်နေခဲ့တဲ့ နေရာမှာလည်း ဓားနဲ့ ဖြတ်ခုတ်ထားသလို အက်ကွဲကြောင်းကြီး တစ်ခု ရှိနေခဲ့တယ်။
“ကူယန်။” ဒီအချိန်မှာ မုချင်းဖန်း လှုပ်ရှားလာပြီ။ လျှပ်ပြက်သလို အလင်းတန်းနဲ့ အတူ ကောင်းကင်ကို ခုန်လွှားပြီး ချီကူယန် အနားကို ရောက်လာတယ်။ ချီကူယန်ကို လဲမကျသွားအောင် ချီမထားတယ်။
ချီကူယန်ရဲ့ ရှေ့မှာတော့ ထုံးစံ အတိုင်း နောက်တစ်ယောက် ရှိနေသေးတယ်။ ကျောင်းတော်သား ဝတ်ရုံဖြူ တဖျပ်ဖျပ် လွင့်နေတဲ့ နန်ကုန်းဟောင်။ ချီကူယန် သွေးအန်တဲ့ အချိန်မှာလည်း သူလှုပ်ရှားတယ်။ ဒါပေမယ့် မုချင်းဖန်းက သူ့ထက် ပိုမြန်တယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ရပ်နေတာပဲ။
“ဆရာ။” ချီကူယန် ခေါင်းငြိမ့်တယ်။ နှုတ်ခွန်းဆက်ဖို့ ပြင်လိုက်ချိန်မှာ၊ သတိလစ်နေတဲ့ ဖန်ကျန်းရှီကို သတိထားမိသွားတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကိုတော့ တစ်ချက်လေးတောင် မကြည့်ဘူး။ နန်ကုန်းဟောင်ရဲ့ နှုတ်ခမ်းတွေ တုန်ယင်လာတယ်။ တစ်ခုခု ပြောချင် နေပုံပဲ။ ဒါပေမယ့် သူမပြောဘူး။ တိတ်တဆိတ် ရပ်နေရင်းနဲ့သာ တခြား တပည့်သားတွေကို ကာဆီးထားခဲ့တယ်။
“ဓလေ့ထုံးစံတွေ အတိုင်း လုပ်မနေနဲ့တော့။ ကူယန် ရောက်လာတာ အချိန်ကိုက်ပဲ။ မင်းရဲ့ ပါရမီကို ကျေးှဇူးတင်ရမယ်။ ရန်ရွှယ့် ကိုယ်ထဲက အဇူရာ ဆန္ဒကို ချိတ်ပိတ် နိုင်လိုက်တယ်။” မုချင်းဖန်းက သူမကို လဲကျ မသွားအောင် တွဲထားရင်း ပြောတယ်။
“ရန်ရွှယ်က သူ့သူငယ်ချင်းလေ။ ဒီတော့ ကူယန်ရဲ့ သူငယ်ချင်းလည်း ဟုတ်တာပေါ့။” ချီကူယန်ရဲ့ အသံက အားနည်း နေပုံပဲ။ ကောင်းကင် တာအို တပည့်သားတွေကတော့ ချီကူယန် ပြောတာကို သိပ်နားမလည်ဘူး။ မုချင်းဖန်း ပြောတာကိုတော့ နားလည်တယ်။
“အစ်မကြီး ပြန်လာတာ နည်းနည်းနောက်ကျ သွားရင်။ ရန်ရွှယ့် လက်ထဲမှာ သေတဲ့သူ ပိုများမှာပဲ။”
“အမှန်ပဲ။ အချိန်ကိုက် ရောက်လာတာ။”
“အစ်မကြီးက ရန်ရွှယ့် ခန္ဒာကိုယ်က အဇူရာကိုတောင် ချိတ်ပိတ်နိုင်တယ်။ တကယ့် စံပြပဲ။”
ကောင်းကင် တာအို တပည့်သားတွေ ဆွေးနွေးနေကြတယ်။ သူတို့ ပြောတာကို ကြားတော့ ချီကူယန် ခေါင်းခါမိတယ်။ နောက်ဘက်က ကောင်းကင်ကို မော့ကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။
“ဆရာ။ ကောင်းကင် တာအို ခန်းမကို ကူယန် ပြဿနာ ပေးမိပြီ။”
“ပြဿနာ။” မုချင်းဖန်း နားမလည်နိုင်။
သူက ခန်းမ ခေါင်းဆောင်၊ ချီကူယန်ရဲ့ ဆရာ။ ချီကူယန် ခန်းမကို ရောက်လာတည်းက တစ်ခါမှ ပြဿနာ မရှာဖူးဘူး။ ဒီနေ့တော့ သူကိုယ်တိုင် ပြောနေပြီ။
တကယ့် ပြဿနာကြီး ဖြစ်တော့မယ်။
“ပြဿနာတဲ့လား။ အစ်မကြီးရဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ။”
“မဖြစ်နိုင်တာပဲ။”
“ပြဿနာကို ငါတို့ ခုနကပဲ ဖြေရှင်းပြီးတာ မဟုတ်လား။”
တပည့်သားတွေ မယုံနိုင်ဘူး။ ခုနက ဖြစ်သွားခဲ့တဲ့ ကိစ္စထက် ပိုဆိုးမယ့် ပြဿနာ ရှိနေမယ်လို့ မထင်တော့ဘူး။ ချီကူယန်နဲ့ မုချင်းဖန်း ပြောနေတာကို နားထောင်ပြီး သူတို့ဘာ သူတို့ တွေးနေကြတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ မျက်လုံး ပြူးရတော့တယ်။
ကောင်းကင်မှာ တိမ်မည်းကြီး တစ်ခု သူတို့ဆီကို ဦးတည် လာနေတယ်။ အဲ့ဒီ့ တိမ်မည်းကြီးက မရေမတွက်နိုင်တဲ့ သားရဲကောင်တွေ ပေါင်းစည်းပြီးတော့ ဖြစ်ပေါ်လာတာ။ အဲ့ဒီ့ သားရဲကောင်တွေရဲ့ အပေါ်မှာ မဟူရာရောင် ကိုယ်ကြပ် ဝတ်စုံ ဝတ်ထားသူတွေ ရှိနေတယ်။
အပိုင်း (၆၆၉)ပြီး၏။
အပိုင်း (၆၇၀)
“ထျန်းရှင်း။”
ဘာသာပြန်သူ-Enri Thaw
ကောင်းကင် တာအို တပည့်သားတွေကတော့ တခြားသူတွေ ဒီလို ရောက်လာတာကို မအံ့သြတော့ဘူး။ ဒီနေ့က နေ့ထူးနေ့မြတ်လေ။ တချို့ကတော့ မအံ့သြကြပေမယ့်၊ အခုတော့ များလွန်းနေတယ်။ တိမ်မည်းတွေကို ကြည့်ရင်းနဲ့ ကောင်းကင် တာအို တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ တစ်ယောက်ချင်းစီတိုင်းရဲ့ မျက်လုံးတွေထဲမှာ တူညီတဲ့ အတွေးကို မြင်နေရတယ်။
“သူတို့ အားလုံးက တောင်စဉ်ကိုးသွယ်က လူတွေပဲ။”
“အနည်းဆုံးတော့ သုံးရာကျော် ရှိမယ်။”
“တောင်စဉ်ကိုးသွယ်က တပည့်သားတွေ ရှိတာထက်တောင် များနေသေးတယ်။ သူတို့က ဘာလို့များ အယောက် သုံးရာလုံးကို တစ်ခါတည်း ပို့လိုက်တာလဲ။”
ကောင်းကင်တာအို တပည့်သားတွေ သားရဲကောင်တွေပေါ်က ဝတ်ရုံနက်တွေကို ကြည့်နေတယ်။ သူတို့ ရင်ဘတ်ပေါ်က အမှတ်အသားကြောင့် သူတို့ရဲ့ ဇစ်မြစ်ကို ခန့်မှန်းမိတယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိဘူး။
ပြဿနာ။
ဒီအချိန်၊ စကားလုံး တစ်ခု သူတို့ စိတ်ထဲမှာ ဝင်လာတယ်။ သူတို့အားလုံး ချီကူယန်ကို လှည့်ကြည့်မိတယ်။ အချိန်တိုလေး အတွင်းမှာပဲ ဓားအလင်းတန်း တစ်ခု လင်းလက်လာတယ်။ ရာချီတဲ့ တပည့်သားတွေ သူတို့ရဲ့ ဓားကွက်ကို ထုတ်သုံး နေကြပြီ။
ဘာကြောင့် ချီကူယန်က တောင်စဉ် ကိုးသွယ်နဲ့ ပြဿနာ ဖြစ်လာလဲလို့ ဘယ်သူမှ မမေးကြဘူး။ မလိုအပ်ဘူးလေ။ ချီကူယန်က သူတို့တွေထဲက တစ်ယောက်။ ခန်းမ ခေါင်းဆောင် မုချင်းဖန်း အချစ်ဆုံး တပည့်။ အားလုံးက သူမကို လေးစားကြတယ်။ ဒါက သူတို့ သိဖို့ လိုတဲ့ ကိစ္စပဲ။
“ဝေါင်း။” သားရဲကောင်တွေရဲ့ အော်သံက တဖြည်းဖြည်း နီးကပ်လာတယ်။ ကောင်းကင် တာအို ခန်းမ အပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ် နေကြတယ်။ ဒါပေမယ့် သူတို့တွေ ဆင်းမလာကြဘူး။ အဲ့ဒီ့အစား ကောင်းကင်မှာပဲ စက်ဝိုင်းပုံစံ လှည့်ပတ် နေကြတယ်။
“အမ်။ ကောင်းကင် တာအို ခန်းမမှာ ဘာတွေ ဖြစ်နေတာလဲ။” အသံ တစ်သံ ကောင်းကင်ကနေ ပေါ်လာတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ခုန်ဆင်းလာတယ်။ ဒီလူက အနက်ရောင် ဝတ်ရုံဖားဖားကြီးကို ဝတ်ထားတဲ့ သူတစ်ယောက်ပဲ။ ရှည်လျားတဲ့ ဆံပင်တွေက ပုခုံးပေါ်မှာ လျော့ရဲရဲ ဝဲကျနေတယ်။ ဒါပေမယ့် သူ့ခေါင်းပေါ်မှာ ထည်ဝါတဲ့ ကျစ်ဆံမြီး ကိုးခုကို ကျစ်ထားတယ်။ ကျစ်ဆံမြီး တစ်ခုချင်းစီတိုင်းကို ရွှေရောင် အကိုင်းအခက်တွေနဲ့ မွမ်းမံထားတယ်။
မျက်ခုံးထူထူ၊ မျက်လုံး ဝိုင်းဝိုင်း၊ နှာခေါင်းရှည်ရှည်နဲ့၊ နှုတ်ခမ်းတွေကတော့ ထူတယ်။ ထူးခြားတဲ့ ပုံစံ မရှိဘူး။ နောက်ပြီးတော့ မုချင်းဖန်းနဲ့ ယှဉ်လိုက်ရင်၊ ဒီလူက အများကြီး ငယ်ရွယ်လှတယ်။
ဒါပေမယ့် ဒီလူ့ကို မြင်တော့ ကောင်းကင် တာအို တပည့်သားတွေ လက်နက်တွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိတယ်။ ဒီလူရဲ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေကြောင့်ပဲ။ တောင်တစ်တောင်လို လေးလံ လွန်းတယ်။
ဒီအချိန်မှာတော့ လူကြီးရဲ့ မျက်နှာပေါ်မှာ ဒေါသရိပ်တွေ မရှိတော့ဘူး။ အဲ့ဒီ့အစား ပြုံးနေခဲ့တယ်။ သူ့ခန္ဒာကိုယ်က ပြင်းထန်လွန်းတဲ့ အငွေ့အသက်က တပည့်သားတွေ အားလုံးကို ဖိနှိပ်ထားခဲ့ပြီ။
သူကတော့ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်။
ထျန်းရှင်း။
“ခေါင်းဆောင် ထျန်း။ ဘာကြောင့်များ ကောင်းကင် တာအို ခန်းမကို ဒီလောက် လူအများကြီး လာရတာပါလိမ့်။” ဓားသဏ္ဍာန်ရဲ့ ထိပ်ဆုံးမှာ ရပ်နေတဲ့ တပည့်သား တစ်ယောက် ခက်ခက်ခဲခဲ ထွက်လာရင်းနဲ့ နှုတ်ဆက်တယ်။
“ကိစ္စလေး တစ်ခုကြောင့်ပါ။ ငါကြားတာတော့ ချီကူယန်က တောင်စဉ် ကိုးသွယ် နယ်မြေထဲမှာ ဒဏ်ရာ ရလာတယ်တဲ့၊ ဒါကြောင့် တောင်းပန်ဖို့ လာတာပါ။ ခေါင်းဆောင်မုကို တောင်းပန်ရင်းနဲ့ ချီကူယန်ကိုလည်း တောင်စဉ် ကိုးသွယ်ဆီ ပြန်ခေါ်သွားပြီးတော့ အနားယူ ကုသခိုင်း မလို့ပါ။ တခြားသူတွေက ငါ့ကို ဧည့်ဝတ် မကျေပွန် ဘူးလို့ ပြောတာမျိုး မဖြစ်စေချင်ဘူး။” ထျန်းရှင်းက ပြုံးပြရင်း ပြန်ဖြေတယ်။
“အစ်မကြီးကို တောင်စဉ် ကိုးသွယ်ဆီ ခေါ်သွားပြီးတော့ အနားယူခိုင်းမယ်။” ဒါကိုကြားတော့ ကောင်းကင် တာအို တပည့်သား တစ်ယောက် အံ့သြသွားတယ်။ အခု လာကြတဲ့ ပုံစံက တောင်းပန်ချင်တဲ့ ပုံစံနဲ့ မတူဘူး။ နောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်ကို ပြန်ကြည့်ရင်တောင် ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ်က ဘယ်တုန်းကမှ ဆက်ဆံရေး မကောင်းခဲ့ဘူး။
ဘာကြောင့်များ သူတို့ နေရာမှာ ဒဏ်ရာရလာခဲ့တဲ့ ကောင်းကင် တာအို တပည့်သား တစ်ယောက်ကို အနားယူဖို့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး ဖိတ်ခေါ်မှာလဲ။ ဒါပေမယ့် ဘာမေးခွန်းမှ သူမမေးနိုင်ဘူး။ သူ့အဆင့်က ကွာခြားလွန်း နေတယ်။ နောက်ဆုတ်ရင်းနဲ့သာ ဓားသဏ္ဍာန် နောက်ဘက်က မုချင်းဖန်းကို လှမ်းကြည့်တယ်။
“ခေါင်းဆောင်ထျန်းကို လာဖို့ မေးပေးပါလား။” မုချင်းဖန်း ပြောတယ်။ ဒါပေမယ့် သူပြောလိုက်တဲ့ အချိန်မှာ မျက်မှောင်ကြုတ် နေခဲ့တယ်။ ထျန်းရှင်း ဒီကို ဘာကြောင့် ရောက်နေမှန်း သူသိတယ်။
ကောင်းကင် တာအို ခန်းမက လူတွေထဲမှာ သူနဲ့ ယွိ့အာ နှစ်ယောက်ပဲ ချီကူယန် ဘယ်သွားပြီး ဘာတွေ လုပ်ခဲ့မှန်း သိတယ်။ ဒါပေမယ့် အခုချိန်မှာ ဒါတွေက အရေးမကြီးတော့ဘူး။ တောင်စဉ်ကိုးသွယ်က ဒီမှာ ရောက်နေပြီ။ နောက်ပြီးတော့ ထျန်းရှင်းက ဒီတစ်ချိန်လုံး ပြုံးနေခဲ့တာ။ မိုးမရွာခင် တိမ်တွေ ကြည်နေသလိုပဲ။
…
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ လမ်းဖယ် ပေးကြတယ်။
ထျန်းရှင်းကတော့ မထူးဆန်းဘူး။ ခပ်ဖြည်းဖြည်းချင်းနဲ့ ဓားသဏ္ဍာန်ကို ဖြတ်လျှောက်သွားတယ်။ သူ့ရဲ့ ရှည်လျားတဲ့ ဝတ်ရုံနက်က လေထဲမှာ လွင့်မျောနေတယ်။ သိပ်မကြာခင်ပဲ မုချင်းဖန်းရဲ့ ရှေ့ကို ထျန်းရှင်း ရောက်လာတော့တယ်။ အဲ့ဒီ့နောက် မုချင်းဖန်း လက်တစ်ဖက်မှာ ချီမထားတဲ့ ဖန်ကျန်းရှီကို ကြည့်တယ်။ သိပ်မကြာခင် ချီကူယန်ကို သူလှမ်းကြည့်တယ်။
“ခန်းမ ခေါင်းဆောင်ရဲ့ ချစ်တပည့်လေး ကျွန်တော့် နယ်မြေထဲမှာ ဒဏ်ရာ ရသွားတာကို တောင်းပန်ပါတယ်။ ဒါက အမှား တစ်ခု ဖြစ်သွားရုံပါ။” ထျန်းရှင်း ဦးညွှတ်ရင်း ပြောတယ်။ “ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီနေ့ ကျွန်တော်တို့က လေးစားသမှုနဲ့ လာတာပါ။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်ကို ပြောထားပြီးပါပြီ။ ချီကူယန်သာ လိုက်လာရင် နှစ်တစ်ထောင် မီးဆေးပင်ကို ဆေးလုံးကျိုပြီးတော့ သူ့ဒဏ်ရာတွေ အရှင်းပျောက်အောင် ကူညီ ပေးပါမယ်။”
“နှစ်တစ်ထောင် မီးဆေးပင်။”
“မဟူရာ လမင်းကျွန်းရဲ့ နှစ်တစ်ထောင် မီးဆေးပင်လား။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“ခေါင်းဆောင်ရှင်းက ဒီနှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ သူ့ အပြစ်ကျွေးကို ဆပ်မလို့တဲ့။ ငါပဲ နားကြား မှားနေတာလား။ အဲ့တာ တောင်စဉ်ကိုးသွယ်ရဲ့ အထူး ရတနာတွေထဲက တစ်ခု မဟုတ်လား။”
ကောင်းကင် တာအို တပည့်သားတွေ ဒါကိုကြားတော့ လန့်သွားတယ်။ ထျန်းရှင်း ဒီနေ့ ဒီကို ရောက်လာတာ ကောင်းတဲ့ ကိစ္စ မဟုတ်မှန်း သိတယ်။ သူက နှစ်တစ်ထောင် မီးဆေးပင်ကို ဘာလို့ ထုတ်ပြောတာလဲ။ ဟာသ လုပ်နေတာလား။ ဘယ်သူမှ ဒါကို မတွေးမိဘူး။
တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်က မျိုးနွယ်စု ငါးခုထဲက ခေါင်းဆောင် တစ်ယောက်ပဲ။ ထျန်းရှင်းက စကားလုံး အလှတွေ သုံးတဲ့ နေရာမှာ နာမည်ကြီးတယ်။ သိသာပါတယ်။ အကယ်၍ ထျန်းရှင်းသာ ဒါတွေ အားလုံးကို ထုတ်ပြော နေပြီဆိုရင်၊ ဒါက ဖြစ်ခဲ့တဲ့ ကိစ္စတွေပဲ။
“ခေါင်းဆောင်းရှင်း။ ဒီလောက် ရက်ရောဖို့ မလိုပါဘူး။ ကူယန်က ဒဏ်ရာ မပြင်းထန်ဘူး။ ကောင်းကင် တာအို ခန်းမမှာ အနားယူလိုက်ရင် ကောင်းသွားမှာပါ။ ပြဿနာ အဖြစ်ခံဖို့ မလိုတော့ပါဘူး။” မုချင်းဖန်းက ချက်ခြင်း ခေါင်းခါရင်း ပြန်ဖြေတယ်။
“ဒါကတော့ ခေါင်းဆောင်မု မှားတာပဲ။ မျိုးနွယ်စု ငါးခုက အခြေတူတယ်။ ဒါက ခေါင်းဆောင် ပြောခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့တွေရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရမယ် မဟုတ်လား။ ကျွန်တော်က စကား တည်ပါတယ်။ နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ ချီကူယန်ကို ကုသပေးမယ်။ နည်းနည်းလေးတောင် နှမြော တွန့်တို မနေဘူး။ စိတ်မပူပါနဲ့၊ ချီကူယန်ကို ကျွန်တော့် လက်ထဲသာ အပ်လိုက်ပါ။ တစ်လ အတွင်း ပြန်လာခေါ်လို့ ရပါတယ်။ အကယ်၍ သူမသာ ဒဏ်ရာ တစ်ခုခု ရခဲ့ရင်၊ ကျွန်တော့် အသက်ကို အစားပြန်ယူလို့ ရပါတယ်။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဒါကိုကြားတော့ မျက်မှောင်ကြုတ်သွားကြတယ်။ ထျန်းရှင်း ဘာတွေ တွေးနေမှန်း သူတို့ မသိဘူး။ ကောင်းကင် တာအို ခန်းမကို တပည့် သုံးရာခေါ်ပြီးတော့ ရောက်ချလာတယ်။ အမှားတစ်ခုကို ပြန်ပြင်ဆင်ဖို့ အတွက်တဲ့။ နောက်ပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ ချီကူယန်ကို ကုသပေးဖို့ ကတိပေးနေတယ်။ ဘာကြောင့် ဒီလောက်တောင် ဖော်ရွေ နေရတာလဲ။
လောကမှာ ဒီလောက်ကောင်းတဲ့ ကိစ္စ ဖြစ်လာတာမျိုး ရှိနိုင်လို့လား။
နှစ်တစ်ထောင် မီးဆေးပင်က လောကမှာ ပြိုင်ဘက်ကင်းတဲ့ ရတနာ ဆိုတာ ဒီနေရာက လူတိုင်း သိတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ အမတေ စွမ်းအားတွေ စုနေတဲ့ ပစ္စည်းတစ်ခု။ တစ်ကိုက်လေး ကိုက်လိုက်ရင်ကို အများကြီး အကျိုးရှိနိုင်တယ်။
ထိတ်လန့် အံ့သြနေကြတယ်။ ဒါပေမယ့် မုချင်းဖန်း အတွက်တော့ ထျန်းရှင်းရဲ့ စကားလုံးတွေက နှလုံးသားကို ဆူးနဲ့ ထွင်းနေသလိုပဲ။ ပါးစပ် ဟလိုက်ပေမယ့် ပြောစရာ စကား ထွက်မလာခဲ့ဘူး။ ထျန်းရှင်း ပြောသလိုပဲ။ တစ်ခါက သူပြောခဲ့တယ်။ (မျိုးနွယ်စု ငါးခုက အခြေတူတယ်။)
နှစ်တစ်ထောင် မီးဆေးပင်ကတော့၊ ချီကူယန်ဆီမှာ ရှိနေတာကို သူသိတယ်။ အကယ်၍ သူမဆီမှာသာ မရှိရင်၊ တပည့် သုံးရာကို ခေါ်ပြီးတော့ ထျန်းရှင်းရောက်လာမှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူမရဲ့ ဒဏ်ရာတွေကို ကုသပေးမယ်လို့လဲ ပြောဝံ့မှာ မဟုတ်ဘူး။
ဒါတွေ အားလုံးကို သိနေလို့ပဲ သူ့ ပါးစပ်ကို မဖွင့်နိုင်တာ။ မုချင်းဖန်းက တောင်စဉ် ကိုးသွယ်ကို မကြောက်ဘူး။ ဒါပေမယ့် (မျိုးနွယ်စု ငါးခုက အခြေတူတယ် ဆိုတာကို ထည့်စဉ်းစားဖို့ လိုတယ်။ အကယ်၍ ထျန်းရှင်းသာ ချီကူယန်က ဆေးပင်ကို ခိုးသွားတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ လာတောင်းရင်တော့၊ ဒီကိစ္စတွေ အေးအေးဆေးဆေး ဖြေရှင်းနိုင်လိမ့်မယ်။
သူတို့တွေ အလဲအလှယ် လုပ်တာ ဖြစ်ဖြစ်၊ တိုက်ခိုက်တာ ဖြစ်ဖြစ် လုပ်လို့ရတယ်။ ဒါပေမယ့် အခုတော့ ထျန်းရှင်းက ပြဿနာကို မုချင်းဖန်း တွေးထားတာထက် ကြောက်စရာ ကောင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနေပြီ။ နောက်တစ်နည်း ပြောရရင်၊ မဟူရာ လမင်းကျွန်းကို ချီကူယန် နှစ်တစ်ထောင် မီးဆေးပင် ခိုးဖို့ သွားတဲ့ အကြောင်း သူသိတာကို ထုတ်ပြောလို့ မဖြစ်ဘူး။
သူသာ ဝန်ခံလိုက်ရင် မျိုးနွယ်စု ငါးခုက အခြေတူတယ်လို့ ပြောခဲ့တာကို ဆန့်ကျင်ရာ ရောက်သွားလိမ့်မယ်။ လူတွေက သူ့ကို ယုံကြည်ကြမှာ မဟုတ်ဘူး။ ဒီကိစ္စကို သုံးပြီးတော့ပဲ။ တောင်စဉ် ကိုးသွယ်က တခြားမျိုးနွယ် လေးခုကို ထိန်းချုပ်ပြီး ကောင်းကင် တာအို ခန်းမကို တိုက်ခိုက် လိမ့်မယ်။ ဒါပေမယ့် သူ ဝန်မခံ ပြန်ရင်လည်း ထျန်းရှင်းရဲ့ ဆန္ဒကောင်းကို ဆန့်ကျင်ရာ ရောက်လိမ့်မယ်။
ဘာမှကို ကောင်းတဲ့ နည်းလမ်း မရှိဘူး။ မုချင်းဖန်း တိတ်ဆိတ်နေတယ်။ ချီကူယန် ပြောသလိုပဲ။ ကောင်းကင် တာအို ခန်းမ်တော့ ဒုက္ခရောက်ပြီ။ သူတွေးထားတာ ထက်တောင် အခြေအနေ ဆိုးသေးတယ်။
“ဝေါင်း။” ဒီအချိန်မှာပဲ အဝေးက သားရဲကောင် အော်သံတွေကို ကြားလိုက် ရတယ်။ မြောက်ဘက်ကနေ လာတဲ့ အသံက အတော့်ကို ကျယ်လောင်တယ်။ တောင်စဉ် ကိုးသွယ် တပည့်သားတွေ စီးနင်းလာတဲ့ သားရဲကောင်တွေထက်တောင် ပိုပြီးတော့ အရိုင်းဆန်သေးတယ်။ မုချင်းဖန်းက မြောက်ဘက်ကို လှည့်ကြည့်တော့ အနက်ရောင် အစက်လေး သုံးစက်ကို တွေ့လိုက်ရတယ်။
“ထျန်းရှင်း။ မင်း။” မုချင်းဖန်းရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ သူ့မျက်နှာမှာ ဒီလို အမူအယာ ဖြစ်ခဲတယ်။ ဖန်ကျန်းရှီရဲ့ နဂါး ရှစ်ကွက် အကကို မြင်တုန်းကတောင် ဒီလို အမူအယာ ပေါ်မလာခဲ့ဘူး။
“ကျွန်တော် မျက်မြင်သက်သေ နည်းနည်း ခေါ်လာတယ်။ ခေါင်းဆောင်မု မစိုးရိမ်ပါနဲ့၊ ယင်ယန် ခန်းမ၊ ဖူရှီ တောင်ကြား၊ လင်းယွမ်မျှော်စင်က လူတွေ မျက်မြင်သက်သေလုပ်ပေးပါလိမ့်မယ်။ ချီကူယန်ကို တောင်စဉ် ကိုးသွယ်က ကောင်းကောင်း ထားပေးမယ်ဆိုတာ သူတို့ သက်သေခံပါလိမ့်မယ်။” ထျန်းရှင်းက မုချင်းဖန်းကို ကြည့်ရင်း ပြုံးပြုံးကြီး ကြည့်နေခဲ့တယ်။
လူတိုင်းက ကောင်းကင် တာအို ခန်းမ အတွက် ချီကူယန်က ဘယ်လောက် တန်ဖိုးကြီးမှန်း သိကြတယ်။ ဒါပေမယ့် မုချင်းဖန်းက ချီကူယန်ကို ဒီလို ကိစ္စမျိုး လုပ်ခိုင်းမယ်လို့ မထင်ထား မိဘူး။ ဒါပေါ့ ချီကူယန်ကသာ ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက် မဟုတ်ပဲ။ တောင်စဉ် ကိုးသွယ်က တပည့်သား တစ်ယောက် ဖြစ်နေရင်တော့၊ ထျန်းရှင်းက သူမကို ကာကွယ်ဖို့ ဘယ်လို လုပ်မိမလဲ မသိဘူး။
ကောင်းကင် တာအို ခန်းမကို တပည့် သုံးရာနဲ့ လာပြီးတော့ သွေးချောင်းစီး တိုက်ပွဲ ဖြစ်အောင် လုပ်မိမှာလား။ မတွေးဖူးဘူး။ တောင်စဉ် ကိုးသွယ် ဖြစ်တည်လာတည်းက ဒါမျိုး စိန်ခေါ်တာကို တစ်ခါမှ မကြုံ ဖူးဘူးလေ။ လုူတစ်ယောက်က တောင်စဉ် ကိုးသွယ် တံခါးရှေ့ကို ရောက်လာပြီးတော့ စိန်ခေါ် သတ်ဖြတ်တယ်။
သုခမိန် သုံးယောက်ကို ဒဏ်ရာရစေပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို လုယူသွားတယ်။ ဒါတွေ အားလုံးထက် အရေးကြီးတာက မဟူရာ လမင်းကျွန်းရဲ့ တဝက်လောက်ကိုတောင် နစ်မြု့ပ်အောင် လုပ်သွားသေးတယ်။ ဂရုစိုက်ထားတဲ့ နယ်မြေကြီး ဒီလောက် အထိအခိုက် များတာကို ဘယ်သူကများ သည်းခံ နိုင်မှာလဲ။ ဒါက နှလုံးသားကို ဓားနဲ့ ထိုးတာနဲ့ မကွာခြားဘူး။
ထျန်းရှင်း ဒီနေ့ ရောက်လာတာ ကောင်းကင် တာအို ခန်းမကို လက်ဆောင် ပေးချင်လို့။ မင်းက ငါ့ကျွန်းကို မြုပ်ပြစ်တယ်။ မင်းရဲ့ နှလုံးသားကို တစ်စစီ ဖြစ်အောင် ငါပြန်လုပ်မယ်။
“ဝေါင်း။”
သားရဲကောင် အော်သံက နီးကပ်လာတယ်။ လူသုံးယောက် ကောင်းကင်မှာ ပေါ်လာခဲ့ပြီ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တစ်ယောက်။ တစ်ယောက်က အသက်ကြီးကြီး။ တစ်ယောက်က လူလတ်ပိုင်း။ နောက်တစ်ယောက်ကတော့ လူငယ်။
အလယ်မှာ ရှိတဲ့ လူက အသက်ကြီးနေပြီ။ သူ့ရဲ့ မုတ်ဆိတ်မွှေးဖြူဖြူတွေက ရင်ဘတ်မှာ ဝဲကျနေတယ်။ (ဖူရှီး) ဆိုတဲ့ ရှေးဟောင်း စာလုံးကို မီးခိုးရောင် ဝတ်ရုံပေါ်မှာ ရေးထွင်းထားတယ်။ သူ့ရဲ့ ညာဘက်မှာတော့ သက်လတ်ပိုင်းလူ။ အဖြူရောင် ဝတ်ရုံကို အထဲမှာ ဝတ်ထားပြီးတော့ အနက်ရောင် ဝတ်ရုံကို အပေါ်မှာ ထပ်ထားတယ်။ သူ့ရဲ့ နောက်ကျောမှာတော့ ယင်ယန် စက်ဝိုင်း ရှိနေတယ်။
ဘယ်ဘက်ကတော့ မိန်းမပျို တစ်ယောက်။ ခရမ်းရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ ဆံပင်ရှည်တွေက ခါးမှာ ဝဲကျနေတယ်။ ခေါင်းပေါ်မှာတော့ ကြေးစိမ်းနဲ့ လုပ်ထားတဲ့ ပန်းတစ်ပွင့်ကို ပန်ထားတယ်။ တောင်ပေါ်လေတွေက သူမရဲ့ ဆံပင်တွေကို ရှုပ်ပွ မသွားစေဘူး။ ပန်းချီတချပ်နဲ့ တူတဲ့ အဲ့ဒီ့ အမျိုးသမီးက မောက်မာ ထည်ဝါလွန်းတဲ့ ပုံစံ ပေါက်နေတယ်။
ဖန်ကျန်းရှီသာ သတိရှိနေရင်၊ ရန်မြို့တော်မှာ ပင်းယန်ကို ခေါ်သွားတဲ့ အမျိုးသမီးဆိုတာ သူသိမှာပဲ။ လင်းယွမ် မျှော်စင်က ကန်ယွဲ့။
သူတို့ သုံးယောက် ထျန်းရှင်း အနားကို ဆင်းသက်လာတယ်။ သူတို့ မြေပြင်ပေါ် ရောက်လာတာနဲ့ မုချင်းဖန်းနဲ့ ထျန်းရှင်းကို နှုတ်ခွန်းဆက်ကြတယ်။ နှစ်ယောက်ကတော့ ကောင်းကင် ကျောင်းတော် ခန်းမက ရှုပ်ထွေးနေတဲ့ အခြေအနေကို အံ့သြ နေကြတယ်။ တစ်ယောက်ကတော့ မုချင်းဖန်းကိုသာ လုံး၀ အာရုံ စိုက်နေတယ်။ တကယ်တော့ အတိအကျ ပြောရရင်၊ မုချင်းဖန်း လက်မောင်းနဲ့ ပွေ့ချီထားတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တာ။
ကန်ယွဲ့ရဲ့ အမူအယာက မပြောင်းလဲဘူး။ သူမ မျက်ဝန်းထဲမှာ အလင်းရောင်တွေ တဖျပ်ဖျပ် လက်လာတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားတယ်။
“ခန်းမခေါင်းဆောင်မု။ ငါကြားတာတော့ မင်းရဲ့ ချစ်တပည့်လေးက တောင်စဉ်ကိုးသွယ်မှာ ဒဏ်ရာရ လာတယ်ဆို။ ခေါင်းဆောင်ထျန်းက သူ့ကို ကုပေးဖို့ နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပေးမယ်တဲ့။ ဒီလာတဲ့ လမ်းမှာ ငါ(ကုယွိအန်း)ကိုလည်း မျက်မြင်သက်သေ လုပ်ဖို့ ဖိတ်ခေါ်လို့ ငါလိုက်လာတာ။ ဒါအမှန်ပဲလား။” အလယ်က လူကြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်းနဲ့ ပြောတယ်။
“အကြီးအကဲ ကုက ကောင်းကင် တာအို ခန်းမကို လာရတာ ပင်ပန်းမှာပဲ။” မုချင်းဖန်း ပြောတယ်။ ကုယွိအန်းကို တိုက်ရိုက် ပြန်မဖြေဘူး။
“ကိစ္စမရှိပါဘူး။ မျိုးနွယ်စု ငါးခုက လောကကြီးမှာ တစ်ထောင့် တစ်နေရာဆီ ကွဲထွက်နေပင်မယ့် အခြေတူကြတာပဲ။ ခေါင်းဆောင်ထျန်းက ဒီနေ့ ဥပမာ ကောင်း ပေးလိုက်တာ။ တကယ့်ကို အထင်ကြီး မိပါတယ်။” ကုယွိအန်း က ပြုံးပြုံးကြီး ပြောနေခဲ့တယ်။
အပိုင်း (၆၇၀)ပြီး၏။