← Chapters

အပိုင်း (၆၇၁-၆၈၀)

Vol. 7 Ch. 671-680

အပိုင်း (၆၇၁-၆၈၀)

Vol. 7 Ch. 671-680

အပိုင်း (၆၇၁)

“နူးညံ့ ညင်သာတဲ့ အခိုက်အတန့်လေး တစ်ခု။”

ဘာသာပြန်သူ-Enri Thaw

“ငါလည်း အထင်ကြီး လေးစားမိပါတယ်။” မုချင်းဖန်း ခေါင်းငြိမ့်တယ်။ အကယ်၍ သူသာ ကုယွိအန်း လာတဲ့ အကြောင်းရင်းကို မသိဘူး ဆိုရင်၊ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် ဆိုတဲ့ နာမည်ကို ဖျက်ဆီးမိသလို ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ဘယ်လိုများ ဖြေရှင်း နိုင်မှာလဲ။

မုချင်းဖန်း ဒါကို စဉ်းစားရင်းနဲ့ မျက်မှောင်ကြုတ်နေတယ်။ ထျန်းရှင်းက ဒီလို လုပ်မယ်လို့ မတွေးမိဘူး။ မျိုးနွယ်စု ငါးခုက အခြေတူတယ် ဆိုတာကို သုံးပြီးတော့ တခြား မျိုးနွယ်စု လေးခုကို ခေါ်လာရင်းနဲ့ ချိန်းခြောက်တယ်။

“ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယန်၊ ယင်ယန် ခန်းမက ဆက်ခံသူ တပည့် (ဝမ်လဲ့)နဲ့ လင်းယွမ် မျှော်စင်က ကန်ယွဲ့တို့တွေ အားလုံး မျက်မြင် သက်သေ အဖြစ် ရောက်လာနေပြီပဲ။ ခန်းမ ခေါင်းဆောင်မုလည်း ချစ်တပည့်လေးရဲ့ လုံခြုံရေးကို စိတ်ချ နိုင်ပြီ ထင်ပါတယ်။” ထျန်းရှင်းရဲ့ မျက်လုံးတွေက အရောင် တဖျပ်ဖျပ် လက်နေခဲ့တယ်။

“မဖြစ်နိုင်ဘူး။” မုချင်းဖန်း တိုက်ရိုက် ပြန်ဖြေတယ်။

ထျန်းရှင်း ဘာတွေ အစီအစဉ် ချနေမှန်း သူသိတယ်။ အပေါ်ယံမှာတော့ ချီကူယန်ကို တောင်စဉ် ကိုးသွယ်ဆီ ပြန်ခေါ် သွားဖို့ပဲ။ တကယ်တော့ သူ့ရဲ့ စစ်မှန်တဲ့ စိတ်ကူးက မုချင်းဖန်းကို တွန်းအား ပေးပြီးတော့ ကောင်းကင် တာအို ခန်းမကို သီးခြား ခွဲထားဖို့ပဲ။

တကယ်တော့ ထျန်းရှင်း ပြောထားခဲ့တာ အမှန်ပဲ။ ချီကူယန်ကို တောင်စဉ် ကိုးသွယ်ဆီကို ခေါ်သွားပြီးတော့၊ ဘာမှ လုပ်မှာ မဟုတ်ဘူး။ တစ်လ ကြာပြီးတဲ့နောက်၊ မုချင်းဖန်းက တောင်စဉ် ကိုးသွယ် ဆီကို သွားပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်နဲ့ တန်ဖိုးတူတဲ့ ပစ္စည်းကို ချီကူယန်နဲ့ လဲလှယ်ရမယ်။ ဒါပေမယ့် ချီကူယန်က အခုချိန်မှာ ဒဏ်ရာ ရပြီးနေပြီ။ ထျန်းရှင်းလက်ထဲ ဘယ်လိုလုပ် ထည့်ပေး နိုင်မှာလဲ။

“ကျွန်တော် နားမလည်နိုင်ဘူး။ ဒီကိုလာတာ စိတ်ကောင်း စေတနာ ကောင်းနဲ့ လာတာပါ။ ဒီလောက် အဝေးကြီးကို လာပြီးတော့ တောင်းပန်တဲ့သူကို ဘာကြောင့်များ ငြင်းပယ် နေတာလဲ။” စိတ်ဆိုးရမယ့် အစား ထျန်းရှင်းက ဆက်တိုက် ပြုံးနေခဲ့တယ်။

“ခန်းမ ခေါင်းဆောင်မုက အခြေတူ မျိုးနွယ်စု ငါးခုကို ဆန့်ကျင် ချင်တာလား။ ဒါမှမဟုတ် တောင်စဉ် ကိုးသွယ်ရဲ့ နှစ်တစ်ထောင် မီးဆေးပင်က အခိုးခံ လိုက်ရပြီလို့ ထင်နေတာလား။”

ထျန်းရှင်းက နောက်ဆုံး စကားကို ပြောလိုက်တယ်။ သူ့လေသံက ထူးထူးဆန်းဆန်းကြီး တင်းမာနေတယ်။ ကောင်းကင် တာအို တပည့်သားတွေ ဒီစကားကိုကြားတော့ နောက်ကို ဆုတ်သွားမိကြတယ်။

“မျိုးနွယ်စု ငါးခုက အခြေတူတယ်။ ခင်မင်မှုက အမြဲ တည်မြဲနေတယ် တဲ့လား။”

“နှစ်တစ်ထောင် မီးဆေးပင်က အခိုးခံ လိုက်ရပြီလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဟူရာ လမင်းကျွန်းက ဒီလောက်တောင် အစောင့် အကြပ်များတာ။ သုခမိန် သုံးယောက်တောင် စောင့်ကြပ် နေတာကို၊ ဘယ်သူကများ ခိုးနိုင်မှာလဲ။”

“ထျန်းရှင်းက ဘာတွေများ လုပ်ဖို့ ကြိုးစား နေတာလဲ။”

ကောင်းကင် တာအို တပည့်သားတွေ ခြိမ်းခြောက်နေတဲ့ ထျန်းရှင်းကို ကြည့်ရင်း အတော့်ကို စိတ်ရှုပ်ထွေးနေတယ်။ သူတို့ စိတ်ထဲမှာ ထူးဆန်းနေတယ်။ ဒီအချိန်မှာ မုချင်းဖန်းရဲ့ မျက်လုံးတွေ မှေးစင်းသွားတယ်။ လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေခဲ့တယ်။

“ခေါင်းဆောင်ထျန်း ဘာတွေပဲ ပြောပြော ငါကတော့ ကူယန်ကို မလွှတ်ဘူး။”

“ဆရာ။ ခေါင်းဆောင်ထျန်းနဲ့ တောင်စဉ် ကိုးသွယ်ဆီကို လိုက်သွားပြီးတော့ ကုသပါမယ်။” ချီကူယန်ရဲ့ အသံက အတော့်ကို အားနည်းနေပုံ ပေါ်တယ်။ ဒါပေမယ့် မုချင်းဖန်းရဲ့ စကားကိုတော့ ဖြတ်ပြောနိုင်တယ်။

ချီကူယန် ဖြည်းဖြည်းချင်း ရှေ့ထွက် လာတယ်။ တောင်ပေါ်လေက တဖြည်းဖြည်းချင်း တိုက်ခတ်နေသလို၊ ချီကူယန်ရဲ့ ဆံပင်တွေက လေထဲမှာ ဝဲလွင့်နေတယ်။ သူမရဲ့ ဖြူဖျော့ဖျော့ အလှတရားကို ထုတ်ဖော် နေခဲ့တယ်။ ချီကူယန် ရှေ့ကို ထွက်လာတဲ့ အချိန်၊ နန်ကုန်းဟောင်လည်း သတိလက်လွတ်နဲ့ သူမ နောက်ကို ရောက်လာခဲ့တယ်။ ဒါပေမယ့် သူစကား တစ်ခွန်းတောင် မပြောဘူး။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေကတော့ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် တစ်ယောက်ကို တစ်ယောက် မျက်စ ပြစ်နေကြတယ်။ ထျန်းရှင်းက ဘာကြောင့်များ ချီကူယန်ကို တောင်စဉ် ကိုးသွယ်ဆီ အတင်း ခေါ်နေတာလဲ။ ဒါပေမယ့် မြင်နိုင်ပါတယ်။ ကိစ္စကောင်းတော့ မဟုတ်ဘူး။

ထျန်းရှင်က သူ့ဆန္ဒ ပြည့်သွားရင် နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ ချီကူယန်ကို ကုသပေးမှာ သေချာလား။

“အစ်မကြီး။ သူနဲ့ လိုက်မသွားနဲ့။”

“ဟုတ်တယ်။ အစ်မကြီး။ အစ်မကြီးက အခု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ။ ဒီလောက် ခရီးရှည်ကြီးကို ဘယ်လို သွားနိုင်မှာလဲ။”

“အမှန်ပဲ။ အစ်မကြီး ကုသချင်ရင်၊ကောင်းကင် တာအို ခန်းမမှာ ဆေးမရှား ပါဘူး။ သူတို့မှာ နှစ်တစ်ထောင် မီးဆေးပင် ရှိနေတော့ကော ဘာဖြစ်လဲ။ ဒါတွေကို ဂရုမစိုက်နဲ့။ အစ်မကြီး ကောင်းကင် တာအို ခန်းမမှာပဲ နေ။ မသွားနဲ့။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ချီကူယန်ကို ချက်ခြင်း တောင်းဆိုကြတော့တယ်။

“ကူယန်။ ဒါက။”

“ခေါင်းဆောင်ထျန်းရဲ့ ဆန္ဒကို ဘယ်လိုများ ငြင်းပယ်လို့ ဖြစ်ပါမလဲ။” ချီကူယန် နောက်တစ်ကြိမ် ပြောလိုက်တယ်။ မုချင်းဖန်း စကားဆုံးအောင် ပြောတာကို မစောင့်တော့ဘူး။

“ဟဟား။ တပည့်က ပိုပြီးတော့ ကျိုးကြောင်း နားလည်သေးတယ်။ မျိုးနွယ်စု ငါးခုရဲ့ အခြေတူကို နားလည်တယ်။ ငါနဲ့ လိုက်ခဲ့။” ထျန်းရှင်း ဒီစကားကို ကြားတော့ ရယ်မောတယ်။

ချီကူယန်က မုချင်းဖန်း အတွက် ဘယ်လောက်တောင် အရေးကြီးမှန်း သူသိတယ်။ ချီကူယန်သာ တောင်စဉ် ကိုးသွယ်မှာ ရှိနေရင်၊ ကောင်းကင် တာအို ခန်းမက ဘယ်လို ကိစ္စကို မဆို သဘောတူမှာပဲ။

“ကောင်းပါပြီ။ ခေါင်းဆောင်ထျန်း။ ကျွန်မကို အချိန် ခဏ ပေးပါ။” ချီကူယန် များများ မပြောတော့ဘူး။ ဘေးက မုချင်းဖန်းကိုသာ ခေါင်းငြိမ့်ပြတယ်။ “ဆရာ။ ဖန်ကျန်းရှီကို ကူယန်ဆီ ပေးလိုက်ပါ။ သူ့ကို ကူယန် စောင့်ရှောက်လိုက်မယ်။”

“ကူယန် မင်း တွေးနေတာ။” ချီကူယန်ရဲ့ မျက်လုံးတွေကို ကြည့်ရင်းနဲ့ မုချင်းဖန်း စိတ်ထဲမှာ အတွေးဝင်လာတယ်။ ချီကူယန် ကောင်းကင် တာအို ခန်းမက ထွက်သွားတဲ့ အချိန်၊ ယွိအာက သူ့ကို လာပြောခဲ့တယ်။ ချီကူယန်က မဟူရာ လမင်းကျွန်းကို သွားပြီး နှစ်တစ်ထောင် မီးဆေးပင်ကို သွားရှာတယ်လို့။ ဒါပေမယ့် နှစ်တစ်ထောင် မီးဆေးပင် သွားရှာတဲ့ အကြောင်းရင်းကို ယွိအာ မပြောခဲ့ဘူး။

ဒါက အစေခံ ကောင်မလေး တစ်ယောက် သူ့သခင်ကို သစ္စာ ရှိတဲ့ လုပ်ရပ်ပဲ။ မုချင်းဖန်းကတော့ ယွိအာတွေးခဲ့တာကို သိတယ်။ နောက်ဆုံးတော့လည်း ယွိအာ လိုချင်တာက ရှင်းပါတယ်။ ချီကူယန်ကို ကယ်စေချင်တာပဲ။ ချီကူယန်ကို သစ္စာဖောက်ပြီး အတွင်းရေး အကုန်လုံးကို ပြောပြဖို့ စိတ်ကူး မရှိဘူး။ မုချင်းဖန်းလည်း မမေးခဲ့ဘူး။ အခုချိန် ချီကူယန်ရဲ့ စကားတွေကို ကြားပြီးတဲ့ နောက်မှာတော့ ဒီမေးခွန်းကိုပါ ထည့်စဉ်းစားဖို့ လိုလာပြီ။

“ဆရာ၊ မစိုးရိမ်ပါနဲ့။” ချီကူယန် နောက်တစ်ကြိမ် ပြောတယ်။ အသက်ရှူ မှားလောက်တဲ့ ဒီအလှ နတ်မိမယ်လေးရဲ့ မျက်နှာပေါ်မှာ မြင်နေကျ မဟုတ်တဲ့ စိတ်ဆုံးဖြတ်ချက် ပြတ်သားတဲ့ ပုံစံကို မြင်နေရတယ်။ မုချင်းဖန်း ပြောမှာကို သူမ သိနေသလိုပဲ။

ဒါပေမယ့် မုချင်းဖန်း စိတ်မပူပဲ ဘယ်လို နေနိုင်မှာလဲ။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း အောက်ချလိုက်တယ်။ အဝေးမှာ တိုက်ခိုက်နေဆဲ ဖြစ်တဲ့ ရန်ချင်းနဲ့ နန်ကုန်းမုကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။ မုချင်းဖန်း ဘာကြောင့် ခေါင်းခါမှန်း ဘယ်သူမှ မသိ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမ တပည့်သား တွေကတော့ ဒီမြင်ကွင်းကြောင့် လန့်နေတယ်။ မုချင်းဖန်ရဲ့ လက်ထဲကနေ ဖန်ကျန်းရှီကို ချလိုက်တဲ့ အချိန်မှာပဲ၊ ချီကူယန်က ချက်ခြင်း ကောက်ယူသွားတယ်။ တစ်ချိန်တည်းမှာပဲ လက်တစ်ဖက်နဲ့ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ဖိထားလိုက်တယ်။

ဒီအချိန်မှာ တပည့်သားတွေ အံ့သြသွားတယ်။ ချီကူယန်ရဲ့ မျက်နှာမှာ မောပန်းမှု အရိပ်အယောင်တွေကို သိနေတယ်။ တကယ်တော့ မောပန်းတာ အပြင်၊ နူးညံ့ညင်သာမှု ကိုလည်း တွေ့လိုက်ရတယ်။ နူးညံ့ သိမ်မွေ့နေတယ်။

ဒီနှစ်တွေမှာ ချီကူယန်နဲ့ ကောင်းကင် တာအို တပည့်သားတွေ စကားပြောဆို ခဲ့ကြပေမယ့်၊ ကောင်းကင်က ရွေးချယ်ထားတဲ့ သူမကို ဘယ်သူကမှ မထိတွေ့ဝံ့ဘူး။ ဒါပေမယ့် အခုတော့၊ သူမက ယောကျာ်း တစ်ယောက်ကို နူးနူးညံ့ညံ့ ပွေ့ဖက်နေတယ်။ အချိန် အခိုက်အတန့် ခဏတာလေး ဖြစ်တာတောင်၊ ဒါက ကောင်းကင် တာအို တပည့်သားတွေကို ပါးစပ် အဟောင်းသား ဖြစ်စေတယ်။

“အစ်မကြီး သူ သူက”

“ကောလဟာလတွေက အမှန်တော့ မဟုတ်ဘူး မလား။”

“ဘာ ကောလ ဟာလလဲ။”

“ပြောကြတာတော့ အစ်မကြီးနဲ့ အဲ့ဒီ့ကောင်က စေ့စပ် ထားတယ်တဲ့။”

“ဘာ။ မဖြစ်နိုင်လိုက်တာကြီး။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတယ်။

နန်ကုန်းဟောင်ကတော့ ဖြူဖျော့နေပြီ။ ဒါပေမယ့် သိပ်မကြာခင် သူ့ကိုယ်သူ ထိန်းနိုင်သွားတယ်။ နောက်ကျောမှာတော့ လက်သိးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ နောက်ထပ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့သူ နှစ်ယောက်လည်း ရှိသေးတယ်။

ကြီးမြတ်သောရှ ဧကရာဇ် လင်းမုပိုင်နဲ့ မင်းသားရှန်း လင်းယွမ်တို့ပဲ။ ချီကူယန်က ဖန်ကျန်းရှီကို ပွေ့ဖက်နေတာ မြင်ရတော့၊ သူတို့ မျက်နှာတွေ ရှုံ့တွ နေကြတယ်။ ဒီအချိန်မှာ ချီကူယန်က ပတ်ဝန်းကျင်ကို လုံး၀ ဂရုမစိုက်ဘူး။ သူမ လက်ကို ဖန်ကျန်းရှီရဲ့ ရင်ဘတ်ပေါ်မှာ အချိန် ခဏတာ ဖိထားရင်းနဲ့ မျက်မှောင် ကြုတ်နေခဲ့တယ်။

“ခေါင်းဆောင်ထျန်း၊ သူ့ကို အနားယူဖို့ ပို့ပေးပြီး ကူယန် အဝတ်လဲပြီးရင် တောင်စဉ် ကိုးသွယ်ကို လိုက်ခဲ့ပါမယ်။” ချီကူယန် ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်တယ်။

“နေစမ်းပါအုန်း။” ထျန်းရှင်းက ချီကူယန်နဲ့ ဖန်ကျန်းရှီကြားက ဆက်ဆံရေးကို မသိဘူး။ ဒါပေမယ့် ဒီအတိုင်းတော့ အလွတ် မပေးနိုင်။ “မင်း အဝတ်အစား လဲဖို့ မလိုပါဘူး။ တောင်စဉ် ကိုးသွယ်မှာ မင်းအတွက် အဝတ်အစားတွေ အများကြီး ရှိပါတယ်။”

“တောင်စဉ် ကိုးသွယ်က အဝတ်အစားတွေက ကူယန်နဲ့ တော်မှာ မဟုတ်ဘူး။” တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ချီကူယန် နောက်လှည့်ရင်း ပြန်ဖြေတယ်။

“မင်းသာ တောင်စဉ် ကိုးသွယ်ကို ရောက်လာရင်၊ မင်း အတွက် ကောင်းကောင်း စီစဉ် ပေးမှာပါ။”

“ခေါင်းဆောင်ထျန်းက ဒီမှာ တောင်းပန်ဖို့ ရောက်နေတာ မဟုတ်လား။ အနည်းဆုံးတော့ ယဉ်ကျေးမှုကို သိရမယ်လေ။ ဒါ့အပြင်၊ ကောင်းကင် တာအို ခန်းမက ဧည့်သည်တော် တပည့် တစ်ယောက် အနေနဲ့ အဝတ်အစား အဟောင်းတွေကို မဝတ်သင့်ဘူးလေ။ အချိန်ကြာမှာကို ခေါင်းဆောင်ထျန်း မစိုးရိမ်ပါနဲ့၊ ကူယန် မြန်မြန် ပြန်လာမှာပါ။” ချီကူယန်က ထျန်းရှင်းကို ဖြတ်ပြောတယ်။ “

“သတ္တိရှိလိုက်တဲ့ တူမလေး။”

“နောက်ထပ် ပြောစရာ ရှိသေးလား။ ခေါင်းဆောင်ရှန်း။ တောင်စဉ် ကိုးသွယ်ကို ကူယန် လိုက်လာမှာ မယုံကြည် တာလား။”

“ဘယ်လိုလုပ် မယုံပဲ နေမှာလဲ။ အဲ့တာက။”

“တကယ်တော့ ခေါင်းဆောင်ထျန်း စိုးရိမ် စရာ မလိုပါဘူး။ ဖူရှီးတောင်ကြား၊ ယင်ယန်ခန်းမနဲ့ လင်းယွမ် မျှော်စင် အားလုံးက မျက်မြင်သက်သေ အဖြစ် ရောက်နေတာပဲ။ ဘယ်လောက်ပဲ သံသယ များနေပါစေ၊ သူတို့ကိုတော့ မယုံလို့ မရဘူး မဟုတ်လား။ ဒါ့အပြင်၊ ခေါင်းဆောင်ထျန်းကလည်း မျိုးနွယ်စု ငါးခု အခြေတူတယ်လို့ လက်ခံထားတယ် ဟုတ်။ အခြေတူတဲ့ သူတွေက တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြတယ် မလား။” ချီကူယန်က ထျန်းရှင်း နောက်ထပ် ပြောမှာကို မစောင့်တော့ဘူး။ ချက်ခြင်း ဖြတ်ပြောတယ်။

ဒါကို မြင်တော့ ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်းနဲ့ ယင်ယန် ခန်းမက ဆက်ခံသူ ဝမ်လဲ့တို့ ပြုံးမိကြတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းရဲ့ အကြံကို သူတို့ သိကြတယ်။ အခုချိန်က သူတို့ ဝင်ပါရမယ့် အချိန် ဖြစ်ခဲ့ရမှာ။

အခုတော့ ချီကူယန်က သွားတော့မယ်။ ဘယ်လိုကြောင့်များ ဒီလောက်တောင် အရည်အချင်း ရှိနေတာလဲ။ ချီကူယန် ထွက်သွားတာကို ကြည့်ရင်း ကုယွိအန်းနဲ့ ဝမ်လဲ့တို့ရဲ့ မျက်နှာတွေ သိသိသာသာ ပြောင်းလဲ သွားတယ်။ လင်းယွမ် မျှော်စင်က ကန်ယွဲ့ကတော့ မျက်လုံးထဲမှာ အေးစက်စက် အငွေ့အသက်တွေ လက်နေပေမယ့် အမူအယာ မပြောင်းလဲဘူး။

ထျန်းရှင်းရဲ့ မျက်နှာကတော့ အမူအယာ လုံး၀ ပြောင်းလဲ နေပြီ။ သူ မပြုံးနိုင်တော့ဘူး။ အေးစက်စက် အမူအယာကို ပြောင်းသွားခဲ့တယ်။ ချီကူယန်က ဒီလို ရုတ်တရက် အကြောင်းပြချက် ပေးလာမယ်လို့ မထင်ထား ခဲ့မိဘူး။ ရိုးရှင်းလွန်းတဲ့ အကြောင်းပြချက်နဲ့ ပြေးသွားပြီ။ ဒါပေမယ့် သူ့စကားကို သုံးပြီးတော့ သူ့ကို ပြန်ချုပ်နှောင် သွားတယ်။

မျိုးနွယ်စု ငါးခုက အခြေတူတယ်။ ဒါကို မျိုးနွယ်စု သုံးခုက မျက်မြင် တွေ့နေတယ်။ တော်လိုက်တာ တကယ် တော်တယ်။ ဒီစကားကို သုံးပြီး ကောင်းကင် တာအို ခန်းမ ချည်နှောင်ဖို့ သူတွေးထားတာ။ အခုတော့ သူ့ထောင်ချောက်ထဲ သူပြန်မိနေပြီ။ ထျန်းရှင်း ချီကူယန်ကို ထွက်သွားခွင့် မပြုနိုင်ဘူး။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ချီကူယန့်ဆီမှာ နှစ်တစ်ထောင် မီးဆေးပင် ရှိနေတယ်။ သူမ ထွက်သွားတာနဲ့၊ နှစ်တစ်ထောင် မီးဆေးပင် ဘယ်ရောက်မလဲ ဘယ်သူ သိနိုင်မှာလိမ့်။

“ချီကူယန်။ မင်း စောင့်နေ။” ထျန်းရှင်းက ချီကူယန်ရဲ့ ပုခုံး တစ်ဖက်ကို လှမ်းဆွဲတယ်။ ဒီအချိန်မှာပဲ ဝတ်ရုံဖြူ လူတစ်ယောက်က သူ့ရှေ့ကို ရောက်ာလတယ်။

“ခေါင်းဆောင်ထျန်း၊ ဘာလုပ်ချင်နေတာလဲ။” မုချင်းဖန်းရဲ့ ခန္ဒာကိုယ်က ထျန်းရှင်းရှေ့မှာ လာပြီးတော့ ကာဆီးထားတယ်။ သံသယ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။

“ငါ့လမ်းက ဖယ်စမ်း။” ထျန်းရှင်းက ယဉ်ကျေး မနေတော့ဘူး။ မုချင်းဖန်းကို အော်ဟစ်တယ်။ ဒါပေမယ့် ချီကူယန်က အရမ်း မြန်လွန်းတယ်။ ဖန်ကျန်းရှီကို ချီထားတာတောင် ချက်ခြင်း မျက်စိရှေ့က ပျောက်သွားတယ်။

“မင်းက ကောင်းကင် တာအို ခန်းမမှာ တိုက်ခိုက်ချင်နေတာလား။ ခေါင်းဆောင်ထျန်း။ မျိုးနွယ်စု ငါးခုက အခြေတူတယ်လို့ ငါပြောခဲ့ပေမယ့်။ ခေါင်းဆောင်ထျန်း ဒီနေ့ မင်းလုပ်ရပ်တွေက မဟုတ်သေးဘူး။” မုချင်းဖန်းက ထျန်းရှင်း ရှေ့မှာ နောက်တစ်ခေါက် ပေါ်လာရင်း ပြောတယ်။

“ထွက်သွားစမ်း။” ထျန်းရှင်းက မုချင်းဖန်းရဲ့ ရင်ဘတ်ကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ ဒါက သာမာန် ရိုက်ချက်ပဲ။ ဘာအလင်းတန်းမှ ထွက်မလာဘူး။ ဒါပေမယ့် ကောင်းကင် တာအို တပည့်သားတွေရဲ့ မျက်လုံးထဲမှာတော့ ပုံရိပ်ယောင် တစ်ခုကို တွဲမြင်နေတယ်။ တောင်ကြီး တစ်လုံး ပြိုကျလာသလိုပဲ။

“ခေါင်းဆောင်ထျန်းက ကြည့်ရတာ မျိုးနွယ်စု ငါးခု သဟဇာတ ဖြစ်နေတာကို ဂရု မစိုက်တော့တဲ့ ပုံစံပဲ။” မုချင်းဖန်းရဲ့ အသံက ခပ်တိုးတိုး ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ထျန်းရှင်းကို သူရိုက်ချလိုက်တယ်။

သူ့လက်က ထျန်းရှင်းပေါ်ကို တိုက်ခိုက် မကျရောက်ဘူး။ အဲ့ဒီ့ အစား ထျန်းရှင်းရဲ့ လက်မောင်းကို ကွေ့ပတ်ပြီးတော့ ချုပ်နှောင်လိုက်တယ်။ ဒါကြောင့်ပဲ ထျန်းရှင်းရဲ့ လက်မောင်းက ရပ်တန့် သွားတော့တယ်။ လေလှိုင်းတွေ မရှိပဲ တုန်ခါလာတယ်။

သူတို့ နှစ်ယောက်လုံးရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတော့ ဘယ်သူမှ မတုံ့ပြန် နိုင်လိုက်ဘူး။

“အခြေတူ မျိုးနွယ်စု ငါးခုကြားက သဟဇာတ ဖြစ်တာကို ဂရုမစိုက်ဘူး ဟုတ်လား။ မုချင်းဖန်း၊ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ မင်းရဲ့ ချစ်တပည့် ချီကူယန်က မဟူရာ လမင်းကျွန်းကို လာပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို ခိုးသွားတယ်။ ကျွန်းပေါ်က သုခမိန် သုံးယောက်ကို ဒဏ်ရရအောင် တိုက်ခိုက် သွားတဲ့ အပြင်၊ ငါ့ကျွန်းကိုလည်း မြုပ်အောင် လုပ်သွားတယ်။ ဒါက မင်း လုပ်ခိုင်းလိုက်တာ မဟုတ်လား။ ဘယ်လိုများ မသိချင်ယောင် ဆောင်ဝံ့တာလဲ။ ” ထျန်းရှင်း ရှေ့ထွက်ရင်း တိုက်ခိုက်ပြန်တယ်။

“ငါမဟုတ်ဘူး။” မုချင်းဖန် ပြောတယ်။ ထျန်းရှင်းရဲ့ လက်ကို တင်းတင်းချုပ်ကိုင် ထားတယ်။

“ငါ ယုံမယ်လို့ မင်းထင်နေတာလား” ထျန်းရှင်းရဲ့ အကြည့်တွေ အေးစက်သွားတယ်။ လေချွန်သံ အကျယ်ကြီး တစ်ခုကို သူထုတ်လွှတ်တယ်။

“ရွှီး။”

“ရွှီး။”

“အာဝူး။”

သားရဲကောင် အူသံတွေ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ဝတ်ရုံနက်တွေ အများကြီး ခုန်ဆင်းလာပြီး ကောင်းကင် တာအို ခန်းမကို ဦးတည်လာတယ်။ ထျန်းရှင်းက အတော့်ကို ဒေါသ ထွက်နေတဲ့ ပုံစံပဲ။

ကိစ္စတွေ ဖြစ်ပျက်နေတာ မြန်လွန်းတယ်။ ချီကူယန် တောင်စဉ် ကိုးသွယ်ကို လိုက်ဖို့ သဘောတူတာကနေ ထျန်းရှင်း ဒေါသတကြီးနဲ့ တိုက်ခိုက်တာတွေ အထိ အားလုံးက ပြဇာတ် ဆန်လွန်းတယ်။ တပည့်သားတွေကတော့ ဖြစ်လာတဲ့ ကိစ္စတွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေပြီ။ ဒါပေမယ့် သူတို့ အားလုံး ကြားလိုက်တာ ရှိတယ်။

“မင်းရဲ့ ချစ်တပည့် ချီကူယန်က မဟူရာ လမင်းကျွန်းကို လာပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို ခိုးသွားတယ်။ ကျွန်းပေါ်က သုခမိန် သုံးယောက်ကို ဒဏ်ရရအောင် တိုက်ခိုက် သွားတဲ့ အပြင်၊ ငါ့ကျွန်းကိုလည်း မြုပ်အောင် လုပ်သွားတယ်။ ဘယ်လိုများ မသိချင်ယောင် ဆောင်ဝံ့တာလဲ။”

ထျန်းရှင်းက မုချင်းဖန်းကို တိုက်ရိုက် ပြောနေပင်မယ့်၊ တပည့်သားတွေရဲ့ စိတ်ထဲမှာတော့ မိုးကြိုးတွေ ပြစ်ချနေသလို ခံစားရတယ်။

အပိုင်း (၆၇၁)ပြီး၏။

အပိုင်း (၆၇၂)

“ကျောက်စိမ်းနက် ရုပ်တုကြီး။ လောက အကောင်းဆုံး။”

ဘာသာပြန်သူ-Enri Thaw

“အစ်မကြီး ကူယန်က မဟူရာ လမင်းကျွန်းကို ခရီးသွားတာလား။”

“ကြည့်ရတာ ဒီလိုပဲ။ ဒါပေမယ့် မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက် ကာကွယ်ထားတာ မဟုတ်လား။ ငါကြားတာတော့ အဲ့ဒီ့ သုခမိန် သုံးယောက်က အတော်လေး သန်မာတယ် ဆိုပဲ။ ပူးပေါင်း တိုက်ခိုက်ရင် စွမ်းအားက မြင့်မားတယ်တဲ့။”

“ဒါပေမယ့် ထျန်းရှင်း ပြောတာ အစ်မကြီးက။”

တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိတော့၊ ထိတ်လန့် ကြောက်ရွံ့မှုတွေကို သူတို့ မျက်လုံးတွေထဲမှာ မြင်နေရတယ်။ သူတို့တွေ ချီကူယန်ကို မယုံကြည် ကြလို့ မဟုတ်ဘူး။ တကယ်တော့ သူမ လုပ်ခဲ့တဲ့ ကိစ္စက ဖြစ်နိုင်ဖို့ လွယ်ကူတာ မဟုတ်ဘူး။

လူတစ်ယောက်တည်းနဲ့ မဟူရာ လမင်းကျွန်းကို ထိုးဖောက်တယ်။ တောင်စဉ် ကိုးသွယ်က နှစ်တစ်တစ်ထောင် မီးဆေးပင်ကို လုယူတယ်။ သုခမိန် လေးယောက်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေပြီးတော့၊ မဟူရာ လမင်းကျွန်းကို မြုပ်လုနီးပါး လုပ်သွားတယ်။ ဒါတွေ အားလုံးက အမှန်တွေ ဖြစ်နေပုံပဲ။

အစ်မကြီး ချီကူယန်က ဒီလောက်တောင် သန်မာတာလား။ အခုချိန် အထိ၊ သူတို့ အတွက် ယုံနိုင်ဖို့ မလွယ်သေးဘူး။ ဒါပေမယ့် ထျန်းရှင်းက တောင်စဉ် ကိုးသွယ် တပည့်သား သုံးရာကို ဘာလို့ ခေါ်လာမှန်း နားလည်စ ပြုလာပြီ။ သူအစပိုင်းမှာ ပြောခဲ့တဲ့ ဆိုလိုရင်း ကိုကောပေါ့။

နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ ချီကူယန်ရဲ့ ဒဏ်ရာတွေကို ကုသပေးမယ် ဆိုတာ အကြောင်းပြချက်ပဲ။ ထျန်းရှင်းက ဒီလို လုပ်ခဲ့ရင်တောင်၊ တစ်လကြာပြီးတဲ့နောက် ကောင်းကင် တာအို ခန်းမက ချီကူယန်ကို ပြန်ခေါ်တဲ့ အချိန် တန်ဖိုး ကြီးကြီးမားမား ပြန်ပေးဆပ် ရလိမ့်မယ်။

“ဒုန်း။” တောင်စဉ် ကိုးသွယ်က တပည့် သုံးရာလည်း မြေပြင်ပေါ်ကို လုံး၀ ရောက်လာခဲ့ပြီ။ တကယ်တော့ လူနှစ်ဆယ် အုပ်စုက ချီကူယန်ရဲ့ ရှေ့ကို အရင်ဆုံး လမ်းလာပိတ်တယ်။ တပည့်သား နှစ်ဆယ်က ဒေါသ မျက်လုံးတွေနဲ့ အရင်ဆုံး ပြေးထွက်လာတယ်။

ချီကူယန် လုပ်ခဲ့တာ များလွန်းတယ်။ ကျွန်းရဲ့ အထူး ရတနာကို ခိုးတယ်။ လူတွေကို ထိခိုက်အောင် လုပ်တယ်။ ကျွန်းကို မြှုပ်သွားတဲ့ အပြင်ကို၊ ထျန်းရှင်းကိုလည်း လှည့်စား သွားသေးတယ်။ တောင်စဉ် ကိုးသွယ်က တပည့်သားတွေ အနေနဲ့။ ဒါမျိုးကို ဘယ်လိုများ အလွတ်ပေး နိုင်မှာလဲ။

“သတ်။” သူတို့တွေ အေးစက်စက် အော်ဟစ်တယ်။ တောင်စဉ် ကိုးသွယ်က တပည့်သား နှစ်ဆယ် အရင်ဆုံး လှုပ်ရှား ပြီးတာနဲ့ နောက်ထပ် တပည့်သားတွေလည်း လှုပ်ရှားတော့တယ်။ ဒေါသထွက်နေတဲ့ ကြက်ဖကြီးတွေလို ပျံဝဲရင်း လှုပ်ရှားတော့တယ်။ ကောင်းကင် တာအို တပည့်သားတွေ ဆီကို ပြေးဝင်လာတယ်။

“သတ်။” ကောင်းကင် တာအို တပည့်သားတွေ ချက်ခြင်း တုံ့ပြန်တယ်။ ရာချီတဲ့ တပည့်သားတွေ ချက်ခြင်း ဓားသဏ္ဍာန်ကို ထုတ်ဖော်လိုက်တယ်။ တောင်စဉ် ကိုးသွယ် တပည့်သားတွေဆီကို တည့်တည့် ပြေးဝင်တယ်။

အများကြီး လုပ်ခဲ့တယ်တဲ့။ ဒီလောက် အများကြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ချီကူယန်က ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက်။ သူလုပ်ခဲ့တဲ့ ကိစ္စတိုင်း အတွက် အကြောင်းရင်း ရှိတယ်။ ဒါက ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ကြားက အရိပ်မည်း တစ်ခုပဲ။

ဖူရှီးတောင်ကြား ခေါင်းဆောင် ကုယွိအန်းနဲ့ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် ဝမ်လဲ့တို့ကတော့ ပြုံးသာ ပြုံးနေခဲ့တယ်။ မျက်မြင်သက်သေတွေ။ ဒီလောက် ခရီး အဝေးကြီး လာပြီးတော့ ရိုးရိုးရှင်းရှင်း မျက်မြင်သက်သေ လုပ်မယ့်သူ ဘယ်သူ ရှိမှာလဲ။

သူတို့တွေ မျက်မြင် သက်သေ လာလုပ်တာ ဒီလောက် မရိုးရှင်းဘူး။ ဒါပေမယ့် တိုက်ပွဲ ရလဒ်ကို မျက်မြင်တွေ့ဖို့ လာတာပဲ။ မျိုးနွယ်စု လေးခုရဲ့ အခြေခံ ကောင်းကင် တာအို ခန်းမပဲ ပြိုကွဲ သွားပါစေ။ တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမ နှစ်ခုလုံး အကြီးအကျယ်ပဲ ထိခိုက်ပါစေ၊ ကိစ္စ မရှိဘူး။ အဓိက သူတို့တွေ တိုက်ခိုက်ဖို့ပဲ လိုတယ်။

ကန်ယွဲ့က ချီကူယန်နဲ့ ဖန်ကျန်းရှီကိုသာ ကြည့်နေတယ်။ စကား တစ်ခွန်းတောင် မပြောဘူး။ တောင်စဉ် ကိုးသွယ်ရဲ့ လူ၂၀ကတော့ ဒေါသတကြီး အမူအယာတွေ ဖြစ်နေတယ်။ ချီကူယန် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတာကို သိပေမယ့်၊ သူတို့တွေ အလျှော့ မပေးကြဘူး။ အသေသတ် တိုက်ကွက် တွေနဲ့ချည်း တိုက်ခိုက် နေကြတယ်။

ဒါပေမယ့် ကောင်းကင် တာအို တပည့်သားတွေက သူတို့ကို အလွယ်လေး လုပ်ခွင့် ဘယ်ပေးမလဲ။ ကောင်းကင် တာအို တပည့်သား နှစ်ဆယ်ကျော်၊ ချက်ခြင်း ထွက်လာပြီး တိုက်ခိုက်တယ်။ ချီကူယန်ကို တိုက်ခိုက်နေတဲ့ ဓားအလင်းတန်းတွေကို ကာဆီးပြစ်တယ်။ ရှုပ်ထွေး ကုန်ပြီ။

ဒါပေမယ့် ဘယ်သူမှ မတားမြစ် ကြဘူး။ တစ်ချိန်တည်းမှာပဲ၊ မတိုက်ခိုက်သေးတဲ့ တောင်စဉ်ကိုးသွယ် သုခမိန် အဆင့် တပည့်သား ဆယ်ယောက်ကျော်က သတိလစ်နေတဲ့ ဖန်ကျန်းရှီဆီကို ပြေးဝင်လာတယ်။ သူတို့တွေက ပူးပေါင်း တိုက်ခိုက်တဲ့ နေရာမှာ အတော် တော်တယ်။ နန်ကုန်းဟောင်ကတော့ နေရာမှာတင် ရပ်နေရင်း ချီကူယန်ကို စိုက်ကြည့်နေတယ်။

“ထျန်းရှင်း။ ဒါက ကောင်းကင် တာအို ခန်းမ။ မင်း မနိုင်နိုင်ဘူး။” မုချင်းဖန်းက ထျန်းရှင်း နာမည်ကို အော်ခေါ်ရင်း ဖိနှိပ်ထားတယ်။

“ချီကူယန်ကို ငါ့လက်ထဲအပ်။ ဒါမှ မဟုတ်ရင် နှစ်ဖက်လုံး အထိနာမယ် ဆိုရင်တောင် ငါကတော့ ဆက်တိုက်ခိုက်မှာပဲ။” ထျန်းရှင်းက ပုံမှန် မဟုတ်ပဲ အေးစက်နေတယ်။ ချီကူယန်ဆီကို အတင်း ပြေးဝင်နေတယ်။

“မဖြစ်နိုင်တာကို မင်းသိပါတယ်။” မုချင်းဖန်းက ထျန်းရှင်းရဲ့ ခြေလှမ်းတွေကို နှေးအောင် ကြားထဲမှာ တားဆီးထားတယ်။

“ဒီလို ဆိုတော့လည်း၊ ငါတို့ ထပ်ပြောစရာ မလိုတော့ဘူး။”

“ဒါဆိုလည်း မပြောတော့ဘူး။”

“ကောင်းပြီ။ အဖိုးကြီးမု၊ မင်းက ငါ့ကို ဒီလို လုပ်ဖို့ ဖိအားပေးတာပဲ။” ထျန်းရှင်း ပြောနေတဲ့ အချိန်၊ သူ့လက်ထဲမှာ အရိပ်နက်ကြီး တစ်ခု ပေါ်လာတော့တယ်။ အဲ့တာက ရုပ်တုကြီးပဲ။ ကျောက်တုံးနက်ကြီးနဲ့ လုပ်ထားတဲ့ ရုပ်တု တစ်ခုပဲ။ တကိုယ်လုံးမှာ သံချပ်ကာ အပြည့်အစုံ ဝတ်ထားတယ်။ ဒီရုပ်တုကြီးက ထျန်းရှင်းနဲ့ တပုံစံတည်း တူညီတယ်။

“ထျန်းရှင်း။ မင်း” မုချင်းဖန်းရဲ့ မျက်နှာ အမူအယာ ပြောင်းသွားတယ်။ ထျန်းရှင်းရဲ့ လက်ကို ချုပ်ထားတာ လွှတ်ပြီးတော့ ချီကူယန်ဆီကို မြန်နိုင်သလောက် မြန်အောင် ပြေးတော့တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ရုပ်တုကြီး ပေါ်လာတဲ့ အချိန်မှာပဲ။ ထျန်းရှင်းရဲက ခန္ဒာကိုယ်က ပျောက်ကွယ် သွားတယ်။ ရုပ်တုကြီးလည်း ချက်ခြင်း အသက်ဝင် လာပြီးတော့ ချီကူယန်ဆီကို ပြေးလာတယ်။

“မင်းက ချီကူယန်ကို မပေးမှတော့ ငါကိုယ်တိုင်ပဲ ယူရတာပေါ့။” ချီကူယန် သူ့နောက်ကနေ အသံကြီးကို ကြားလိုက်ရတယ်။ အရိပ်နက်ကြီးက သူမကို လိုက်ဖမ်းတယ်။

အဲ့တာ ထျန်းရှင်းပဲ။ ထျန်းရှင်း ပေါ်လာတဲ့ အချိန်မှာ သူ့လက်ဝါး တစ်ဖက်က ချီကူယန်ရဲ့ ပုခုံးပေါ်ကို ကျရောက်သွားပြီ။ အရှိန်နှုန်းက မြန်လွန်းတော့၊ သူ့လက်ဝါးကို ရှောင်နိုင်မယ့်သူ မရှိ။ အလင်းတန်းတွေ ထျန်းရှင်းရဲ့ ခေါင်းမှာ စုဝေးလာတယ်။ သူ့ရဲ့ ကျစ်ဆံမြီး ကိုးခုကနေ အလင်းတန်းတွေ တောက်ပလာခဲ့တယ်။

“ထျန်းရှင်း။ မင်း လုပ်ဝံ့လား။” မုချင်းဖန်းရဲ့ အသံက အရမ်းကို အလောတကြီး ဖြစ်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူရှေ့ဆက် တိုးမလာနိုင်ဘူး။ ရုပ်တုနက်ကြီးက သူ့လမ်းကို ပိတ်ထားတယ်။ သူ့မျက်နှာကို လက်သီးနဲ့ လှမ်းထိုးတယ်။

“သုခမိန် အဆင့်က ကျောက်စိမ်းနက် ရုပ်တုကြီးကို သုံးပြီးတော့ ချီကူယန်ကို ဖမ်းဖို့ အခွင့်အရေး ဖန်တီးတယ်။ ကောင်းကင် တာအို ခန်းမက တကယ့်ကို အင်အားကြီးတာပဲ။” ယင်ယန် ခန်းမက ဆက်ခံသူ တပည့် ဝမ်လဲ့က ရုပ်တုကြီးကို ကြည့်ရင်း ပြောနေတယ်။

“ချီကူယန်ကို ဖမ်းနိုင်ရင်၊ နှစ်တစ်ထောင် မီးဆေးပင်လည်း ခေါင်းဆောင်ထျန်း ဆီကို ပြန်ရောက်မှာပဲ။ ကျောက်စိမ်းနက် သုခမိန် ရုပ်တုကတော့၊ ခေါင်းဆောင်ထျန်းက နှစ်ခု ပြန်တောင်ရင်တောင်၊ ချီကူယန်နဲ့ ယှဉ်လိုက်ရင် ခေါင်းဆောင်မုက မဖြစ်မနေ ပေးမှာပဲ။” ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်းက ဝမ်လဲ့ရဲ့ စကားတွေကို ကြားတော့ ပြုံးနေခဲ့တယ်။

“ဟုတ်တယ်။ ချီကူယန်က ဒီတိုက်ပွဲ အတွက် သော့ချက်ပဲ။” ယင်ယန် ခန်းမရဲ့ ဝမ်လဲ့လည်း ပြုံးနေခဲ့တယ်။ တကယ်တော့ ပြုံးနေရင်းနဲ့ လက်ထဲကနေ အဖြူရောင် အလင်းတန်းတွေ တောက်ပလာတယ်။ “ခေါင်းဆောင်ထျန်း၊ ငါ မင်းကို ကူညီမယ်။”

ယင်ယန် ခန်းမ ဆက်ခံသူ ဝမ်လဲ့ရဲ့ အသံ ထွက်ပေါ်လာတယ်။ လူတွေ လှုပ်ရှားကုန်ပြီ။ တစ်ချိန်တည်းမှာပဲ။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အားလုံးကို ဖြတ်ကျော်ပြီးတော့ ချီကူယန်ရဲ့ နောက်ကို ရောက်သွားတော့တယ်။

“ဟဟား။ ဒီလူငယ်လေးကတော့။” ဖူရှီးတောင်ကြား ခေါင်းဆောင် ကုယွိအန်းက ယင်ယန် ခန်းမ ဆက်ခံသူ ဝမ်လဲ့ ကို ကြည့်ရင်း ပြုံးနေခဲ့တယ်။

“ဝုန်း။”

ဒီအချိန်မှာ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။ အမြောက်ဆံကြီး တစ်ခုလို တောက်ပမှုတွေ ထွက်ပေါ်လာတယ်။ သောင်းချီတဲ့ ကြယ်တာရာတွေ နေ့အလင်းရောင် အောက်မှာ ထွက်ပေါ်လာတယ်။

တောက်ပတဲ့ နေရောင်ထက်တောင် ပိုပြီးတော့ လင်းလက် နေသေးတယ်။ ဒါပေမယ့် ဒီတောက်ပမှုက တစ်ခဏပဲ။ လူတစ်ယောက် အလင်းတန်းထဲမှာ ထွက်ပေါ်လာတယ်။ သူမရဲ့ ပန်းရောင် ဝတ်ရုံရှည်က လေထဲမှာ လွင့်မျောနေတယ်။ ဒီလှပတဲ့ မြင်ကွင်းမှာ အနီရောင် သွေးစက်တွေလည်း လွင့်မျောနေတယ်။ သူမရဲ့ ပုခုံးကနေ သွေးတွေ ထွက်နေခဲ့တာ။

ချီကူယန်ရဲ့ အခြေအနေက သိပ်ပြီးတော့ မကောင်းလှဘူး။ မျက်နှာ တစ်ခုလုံးက ဖြူဖျော့ပြီးတော့ ပင်ပန်းနေတယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေလည်း ဆက်တိုက် စီးကျနေတုန်းပဲ။ ဒါပေမယ့် နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားတယ်။ သူမ ပွေ့ဖက်ထားတဲ့ ဖန်ကျန်းရှီကိုတော့ လုံး၀ လက်မလွှတ်ဘူး။

တစ်ချိန်တည်းမှာပဲ အရိပ်တစ်ခု သူမဆီကို ပြေးဝင်လာပြန်တယ်။ ဒါပေါ့၊ ချီကူယန်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေရင်တောင်၊ သူ့ရဲ့ တိုက်ကွက်ကို ခံယူလိမ့်မယ်လို့ ထျန်းရှင်း မထင်ထား ခဲ့မိဘူး။ သူ့ရဲ့ ကျွန်း တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ နစ်မြုပ်အောင် လုပ်ခဲ့တဲ့ သူကို အထင်မသေး ဝံ့ဘူးလေ။

“နည်းနည်းလေးပဲ ဒဏ်ရာ ရထားတာလား။ လူတစ်ယောက်ကို ချီထားတာတောင်၊ ဒီလောက် အင်အားတွေ ထုတ်သုံးနိုင် သေးတယ်။ တကယ့်ကို ရွေးချယ်ခံ ထားတဲ့ သူပဲ။” သူ့လက်က သွေးစတွေကို ကြည့်ရင်း ထျန်းရှင်း တွေးမိတယ်။ ဒါပေမယ့် သူမရပ်တန့်ဘူး။ ပုံစံ ပြောင်းရင်းနဲ့ ချီကူယန်ဆီကို ပြေးဝင်လာ ပြန်တယ်။ ချီကူယန်သာ သူ့လက်ထဲ ရောက်လာရင်၊ အရာ အားလုံးကို ထိန်းချုပ်နိုင် သွားလိမ့်မယ်။

“ခေါင်းဆောင်ထျန်း။ ဝမ်လဲ့ ကူညီမယ်။” ထျန်းရှင်း နောက်ကနေ အသံကို ကြားလိုက်ရတယ်။ ထျန်းရှင်း ဘာမှ မပြောတော့ဘူး။ ဝမ်လဲ့ တွေးနေတာကို သူသိတယ်လေ။ ဒီလို အချိန်မှာ၊ ဝမ်လဲ့ကို နောက်ဆုတ်ဖို့ လုပ်ခိုင်းရင်လည်း အချိန် ကုန်ရုံပဲ။ ဝမ်လဲ့က လှုပ်ရှားမှတော့ နောက်ဆုတ်ဖို့ အကြောင်းရင်း ရှိမှာ မဟုတ်ဘူး။

မျိုးနွယ်စု ငါးခုက ပေါ်တင်ကော၊ ခိုးကြောင် ခိုးဝှက်ပါ တိုက်ခိုက်နေတာ နှစ်တွေ ကြာလှပြီ။ ယင်ယန် ခန်းမက လူတစ်ယောက် အနေနဲ့ ဒီတိုက်ပွဲ အလွယ်တကူ ပြီးဆုံးတာ အဖြစ်ခံမှာ မဟုတ်ဘူး။ ဝမ်လဲ့က မုချင်းဖန်းကို လွတ်အောင် အချိန်ဆွဲပေးလိမ့်မယ်။ ပြီးရင် ထျန်းရှင်းနဲ့ နောက်တစ်ခေါက် တိုက်ခိုက်စေဖို့ အခွင့်အရေး ဖန်တီးပေးလိမ့်မယ်။ ဝမ်လဲ့ရဲ့ အစီအစဉ်ကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်ကြတယ်။

ဒါကြောင့်ပဲ ဝမ်လဲ့ကို အာရုံ မစိုက်ဘူး။ ချီကူယန်ကို ဖမ်းဆွဲပြန်တယ်။ ဒီအချိန်မှာ ထျန်းရှင်းနောက်ကို ဝတ်ရ့ုဖြူ လူတစ်ယောက် ရောက်လာတယ်။ သူ့လက်ထဲက ဓားကတော့ နှင်းလို ဖြူဖွေး တောက်ပ နေခဲ့တယ်။ နန်ကုန်းဟောင်။

ဘယ်အချိန်တုန်းက ချီကူယန်နဲ့ ထျန်းရှင်း နားကို ရောက်လာမှန်း မသိလိုက်ဘူး။ သူက အသံတိတ် လှုပ်ရှား နေတာကြောင့် သတိမထားမိ ကြတာ။ သူ့ဓားကို ထုတ်ပြီးတော့ လှုပ်ရှားနေတာတောင် အသံလေး တစ်သံမှ မထွက်ဘူး။ ဒါက နန်ကုန်းဟောင်ရဲ့ (တည်ငြိမ်) နည်းစနစ်ပဲ။

ဘာကိုမှ မလုပ်တာက အရာအားလုံးကို ပြီးမြောက်တယ်။ သဘာဝနဲ့ ပေါင်းစည်းပြီးတော့ အရာအားလုံးနဲ့ ရောနှောတယ်။ လေကလည်း သူပဲ။ မိုးကလည်း သူပဲ။ ဓားကို ဖြည်းဖြည်းချင်း လှုပ်ရှားတယ်။ ဒါပေမယ့် သူ့ဓားက ထျန်းရှင်းကို မထိဘူး။ ထျန်းရှင်း ဘေးကနေ ဖြတ်သွားတယ်။ နည်းနည်းလေး လွဲချော် သွားပြီးတော့ အဝတ်အစားတွေကိုပဲ ဖြတ်မိတယ်။

ဒီရလဒ်က အတော်တော့ အံ့သြ စရာကောင်းတယ်။ ဒါပေမယ့် သေချာ တွေးကြည့်ပြန်တော့လည်း အံ့သြစရာ မကောင်းဘူး။ ထျန်းရှင်းက တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်။ သုခမိန် နယ်မြေမှာ အင်အား အကြီးဆုံး လူသား တစ်ယောက်။ မုချင်းဖန်း အပြင်၊ ထျန်းရှင်းကို တားနိုင်မှာ တခြား ဘယ်သူ ရှိသေးလို့လဲ။

ထျန်းရှင်းက အရမ်းကို မြန်တယ်။ ချီကူယန်ကို တိုက်ခိုက် နေရင်းနဲ့တောင်၊ နန်ကုန်းဟောင်ရဲ့ ဓားကို ရှောင်နိုင်သေးတယ်။ သူ့ရဲ့ အဝတ် အစားတွေ ဆုတ်ပြဲ သွားပေမယ့်၊ အကြည့်ကတော့ မပြောင်းလဲဘူး။

နီးကပ်တယ်။ အရမ်းကို နီးကပ်နေပြီ။

ချီကူယန်လည်း ဖြူဖျော့နေတယ်။ ဒါပေမယ့် သူမ မျက်ဝန်းတွေက ညကောင်းကင်က ကြယ်တွေလို တလက်လက် တောက်ပနေတယ်။ ကြယ်အလင်းတန်းတွေ မျက်ဝန်းထဲမှာ ပြေးနေတဲ့ အတိုင်းပဲ။ နှုတ်ခမ်းကို ဖိကိုက် ထားပြီး ဆုံးဖြတ်ချက် အခိုင်အမာ ချထားတဲ့ ပုံစံက ပေါ်လွင်နေတယ်။

ပြိုင်ဘက်က ထျန်းရှင်း ဖြစ်နေရင်တောင် နောက်မဆုတ်ဘူး။ မုချင်းဖန်းနဲ့ လက်ရည်တူတဲ့ ထျန်းရှင်း ဖြစ်နေလည်း ဂရု မစိုက်ဘူး။

“ခဲစေ။” ချီကူယန်ရဲ့ အသံခပ်တိုးတိုး ထွက်ပေါ်လာတယ်။ သူမ နောက်ကနေ အရိပ်တစ်ခု ထွက်ပေါ်လာတယ်။ မဟူရာရောင် ဆံနွယ်ရှည်တွေနဲ့ အမျိုးသမီး တစ်ယောက် ထွက်ပေါ်လာတယ်။ ချီကူယန်လိုပဲ၊ အဲ့ဒီ့ အမျိုးသမီးရဲ့ မျက်ဝန်းတွေက အရမ်းကို တောက်ပနေတယ်။

တော်ဝင်ဆန်တဲ့ အသွင်အပြင်၊ ကြောက်စရာ အရှိန်အဝါတွေနဲ့ နတ်မိမယ် တစ်ပါးလိုပဲ။ အကယ်၍ သူမသာ တကယ် တည်ရှိတဲ့ လူသား တစ်ယောက်ဖြစ်ခဲ့ရင်၊ သူမကို ဘယ်သူမှ ပြစ်မှားဝံ့မှာ မဟုတ်ဘူး။ အမျိုးသမီး ပေါ်လာတာနဲ့။ ထျန်းရှင်းရဲ့ ခန္ဒာကိုယ်လည်း အတားအဆီး တစ်ခုထဲကို ရောက်သွား သလိုပဲ။ သူ့လှုပ်ရှားမှုတွေက သိသိသာသာ နှေးကွေး သွားတော့တယ်။

“သံသယ ဖြစ်စရာ မလိုဘူး။ မင်းက လောကနံပါတ်တစ် သွေးပိုင်ရှင်ပဲ။ ချီကူယန် မင်းက ရွေးချယ် ခံထားတဲ့သူ။ ငါ့ရဲ့ နှစ်တစ်ထောင် မီးဆေးပင်ကို ယူသွားပြီးတော့ မဟူရာ လမင်းကျွန်းကို မြုပ်အောင် လုပ်သွားပေမယ့်၊ မင်းကို မသတ်ပါဘူး။ ခုခံနေတာ ရပ်ပြီး ငါနဲ့ ပူးပေါင်း။ ငါ့ဧည့်သည်ကို ကောင်းကောင်း မွန်မွန် ထားပေးမယ်။ မင်းရဲ့ သွေးက အပြည့်အ၀ မနိုးထသေးဘူး။ မင်းကလည်း ငါ့ပြိုင်ဘက် မဟုတ်ဘူး။ နောက်ဆယ်နှစ် အကြာ၊ ငါ့ကို လက်စား ချေချင်ရင်၊ လာခဲ့လို့ ရတယ်။” ထျန်းရှင်းရဲ့ အသံက အေးစက်နေတယ်။ သူရှေ့ဆက် တိုးလာတယ်။

“ချာ့ ချာ့ ချ”

သံချပ်ကာတွေ ဆုတ်ပြဲ ကုန်တဲ့ အသံကို ထျန်းရှင်းဆီကနေ ကြားနေရတယ်။ ထျန်းရှင်းက ရှေ့ဆက်တိုးနေဆဲ။

“အေးခဲ။” ချီကူယန် ထပ်အော်တယ်။ သူမ နှုတ်ခမ်းထောင့်ကနေ သွေးတွေ ထပ်ပြီး စီးကျလာပြန်တယ်။ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာက ခရမ်းရောင် ပြောင်းနေခဲ့ပြီ တကိုယ်လုံလးည်း တုန်ယင်နေတယ်။

“ချီကူယန်။ မင်းလုပ်နေတာ အသုံးမဝင်ဘူး။ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင်၊ င့ါကို တားမြစ်ဖို့ အတင်းအကြပ် ကြိုးစားတာ အဆုံးသတ် မလှပဲ ဖြစ်သွားလိမ့်မယ်။” ထျန်းရှင်းရဲ့ ခန္ဒာကိုယ် လှုပ်ရှားပြန်တယ်။ ဒီတစ်ခေါက်တော့ သူ့ရဲ့ ခန္ဒာကိုယ်ကို မထိခိုက်တော့ဘူး။ အဲ့ဒီ့အစား ဖြည်းဖြည်းချင်း ရွေ့လျားလာတယ်။ ရွံ့မြေထဲကို ဖြတ်သန်း နေရသလို ထျန်းရှင်း ခံစား နေရတယ်။ ထျန်းရှင်းရဲ့ မျက်နှာ အမူအယာ နည်းနည်းတော့ ပြောင်းလဲ သွားတယ်။

“ချီကူယန်။ မင်းက သေချင် နေပြီလား။ မင်းရဲ့ သွေးနဲ့ စိတ်အာရုံ နယ်မြေငယ်ကို ချိတ်စရာလား။” ဒီလောက် အချိန်လေး ရနိုင်ဖို့ ချီကူယန် ဘာဖြစ်လို့ အများကြီး စတေးနေမှန်း ထျန်းရှင်း နားမလည် နိုင်တော့ဘူး။ အဲ့ဒီ့ အချိန်ထိပေါ့။ လူတစ်ယောက်ရဲ့ နှလုံးသားကို တုန်ယင် သွားစေနိုင်တဲ့ အနီရောင် အလင်းတန်း ထွက်ပေါ် လာပြီးတော့၊ ကောင်းကင်က နေမင်းကြီး အရောင်ပြောင်းလု နီးပါး ဖြစ်တဲ့ အချိန်မှာ သူလည်း နားလည်သွားတယ်။

အပိုင်း (၆၇၂) ပြီး၏။

အပိုင်း (၆၇၃)

“ငါ့ကောင်မလေးရဲ့ အထောက်အပံံ့။”

ပြင်းထန်တဲ့ မီးတောက်တွေကနေ အပူလှိုင်းတွေ ဖြာထွက်လာတယ်။ ကောင်းကင် ကျောင်းတော် ခန်းမ တစ်ခုလုံးရဲ့ အပူချိန်က အနည်းဆုံး ၂ဆထိ မြင့်တက်လာတယ်။

နှစ်တစ်ထောင် မီးဆေးပင်။ တောင်စဉ် ကိုးသွယ်ရဲ့ ထိပ်တန်း ရတနာကို ထျန်းရှင်း ချက်ခြင်း ခံစားမိတယ်။

“ချီကူယန် မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား။” ထျန်းရှင်းရဲ့ အသံက အတော့်ကို ခက်ထန်နေတယ်။ မျက်ခုံး ထူထူတွေက ပိုပြီးတော့ တွန့်ကွေးလာ ခဲ့တယ်။ နှစ်တစ်ထောင် မီးဆေးပင်က မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ကုသရေး ရတနာပဲ။ ဒါပေမယ့် ကောင်းကင် အမတေ စွမ်းအားတွေ ပါဝင်နေတာ မျာလွန်းလို့၊ တိုက်ရိုက် အသုံးပြုလို့ မဖြစ်ဘူး။

ချီကူယန်က နှစ်တစ်ထောင် မီးဆေးပင်ကို သုံးပြီးတော့ ဒဏ်ရာတွေ ကုသမယ်လို့ ပြောတာ၊ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ ထျန်းရှင်း ဒါမျိုး တစ်ခါမှ မတွေးဖူးဘူး။ ဒါကြောင့် အခုချိန်မှာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ မီးဆေးပင်ကို သုံးပြီးတော့ ခြိမ်းခြောက်ချင်နေတာ။

“အဲ့တာ တကယ်ပဲ နှစ်တစ်ထောင် မီးဆေးပင်လား။” ထျန်းရှင်း နောက်ကနေ အသံ ထွက်ပေါ်လာတယ်။ အလင်းတန်းတွေ ထွက်ပေါ်နေတဲ့ လူတစ်ယောက်က သူ့ဘေးကို ရောက်လာတယ်။ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် ဝမ်လဲ့။

ချီကူယန် ဆွဲထုတ်လိုက်တဲ့ နှစ်တစ်ထောင် မီးဆေးပင်ကို မြင်ပြီးတဲ့ အချိန်၊ သူ့မျက်ဝန်းထဲမှာ လိုချင်ရမ္မက်တွေ လင်းလက်လာတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပြန်ပျောက်ကွယ် သွားတယ်။ လူတစ်ယောက်က အိမ်မက်တွေကို မက်လို့ ရတယ်။ ဒါပေမယ့် အမှန်တရားကတော့ စိတ်ကူး အိမ်မက်နဲ့ ကွာခြားတယ်။

နှစ်တစ်ထောင် မီးဆေးပင်ကို တိုက်ရိုက် စားသုံးဖို့က မဖြစ်နိုင်ဘူး။ အခုချိန်မှာ နှစ်တစ်ထောင် မီးဆေးပင်ကို လုယူဖို့ တွေးတဲ့ အထိ ဝမ်လဲ့ မတုံးအဘူး။ ဒီအပြောင်းအလဲက မုချင်းဖန်း အပါအဝင် တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အားလုံးကို အာရုံစိုက် လာစေတယ်။ သူတို့ အားလုံး ပြင်းထန်တဲ့ အပူလှိုင်းတွေကို ခံစားနေရတယ်။

“အဲ့တာ နှစ်တစ်ထောင် မီးဆေးပင်လား။”

“အစ်မကြီး ချီကူယန်က နှစ်တစ်ထောင် မီးဆေးပင်ကို ရအောင် ယူလာခဲ့တာပဲ။”

“ဒါဆိုရင် သုခမိန် သုံးယောက်ကို အနိုင်တိုက်ပြီးတော့ မဟူရာ လမင်းကျွန်းကို မြုပ်အောင် လုပ်ခဲ့တာပေါ့။ တကယ့်ကို နာမည်နဲ့ လိုက်ဖက်တဲ့ ရွေးချယ်ခံထားရသူပဲ။”

နှစ်တစ်ထောင် မီးဆေးပင်က ချီကူယန်ရဲ့ လက်ထဲမှာ ရှိနိုင်တာကို သိကြတယ်။ ဒါပေမယ့် ခန်းမှန်း မိတာနဲ့ ကိုယ်တိုင် မျက်မြင် တွေ့တာက မတူညီတဲ့ ကိစ္စပဲ။ တောင်စဉ် ကိုးသွယ် တပည့်သား တွေကတော့ ဒေါသမီးတွေ လောင်မြိုက်နေပြီ။

နှစ်တစ်ထောင် မီးဆေးပင်က သုခမိန် သုံးယောက် စောင့်ကြပ်နေတဲ့ တောင်စဉ် ကိုးသွယ်ရဲ့ ရတနာ။ အရမ်း အရေးကြီးတဲ့ ကိစ္စ ဖြစ်လာမှပဲ နှစ်တစ်ထောင် မီးဆေးပင်ကို သူတို့ ခေါင်းဆောင်က သုံးတယ်။ နည်းနည်းလေးပဲ သုံးတယ်။ နည်းနည်းလေး သုံးရုံနဲ့တင် ဒဏ်ရာကို ကုသလို့ ရတယ်။

ဆေးပင် တစ်ပင်လုံး လုံး၀ နှုတ်ယူခံ ထားတာကို မြင်ရတာ၊ သူတို့ အတွက်တော့ နာကျင်စရာ ကိစ္စပဲ။ တောင်စဉ် ကိုးသွယ်ရဲ့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာကို ဘယ်သူမှ မထိပါး ဝံ့ဘူး။ ဒါပေမယ့် အခုတော့ ကောင်းကင် တာအို ခန်းမက ချီကူယန် လုယူ သွားခဲ့ပြီ။ မီးဆေးပင်က နောက်တစ်ခေါက် မပေါက်တော့ဘူး။ ဆေးပင် တစ်ခုလုံးကို ပြန်ရရင်တောင်၊ ဆုံးရှုံးမှုကြီး ဖြစ်သွားပြီ။ ချီကူယန်က ဆေးပင်ကို လုယူ သွားတဲ့ အပြင်၊ အခုချိန်မှာ ဖျက်စီးမယ်လို့တောင် ခြိမ်းခြောက်နေ သေးတယ်။ သူတို့တွေ ဘယ်လိုလုပ် ဒေါသ မထွက်ပဲ နေမှာလဲ။

“ဆိုးယုတ်လိုက်တာ။”

“ချီကူယန်က တကယ်ပဲ ကောင်းကင်က ရွေးချယ်ထားတဲ့သူ ဖြစ်နေရင်တောင်၊ တောင်စဉ် ကိုးသွယ်ကို စော်ကားတာမျိုး လက်ခံမှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ ဒီနေ့၊ ကောင်းကင် တာအို ခန်းမက ငါတို့ကို တောင်းပန်ရမယ်။”

တောင်စဉ် ကိုးသွယ်က တပည့်သားတွေ သူတို့လက်ထဲက လက်နက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့ ဒေါသတကြီး အော်ဟစ် နေကြတယ်။

ဒါပေမယ့် ချီကူယန်ကတော့ ထျန်းရှင်းရဲ့ မေးခွန်းကို မဖြေဘူး။ နှုတ်ခမ်းကိုသာ ကိုက်ထားခဲ့တယ်။ သူမ ပါးစပ်ကနေ သွေးတွေ ဆက်တိုက် စီးကျနေတယ်။ မျက်နှာ လှလှလေးက ခရမ်းရောင် ပြောင်းနေသလို၊ ပန်းနုရောင် ဝတ်ရုံရှည်ကလည်း လေထဲမှာ ဝဲလွင့်နေတယ်။

ထျန်းရှင်းကို နောက်ထပ် မကြည့်တော့ဘူး။ သူမ လက်ထဲက ဖြူဖျော့နေတဲ့ ဖန်ကျန်းရှီကို ငုံ့ကြည့်နေတယ်။ ဖန်ကျန်းရှီက မျက်လုံးတွေ ပိတ်ထားဆဲ။

“တကယ်ပဲ အဆုံးသတ်မှ ရောက်လာတာပဲ။” ချီကူယန်ရဲ့ အားနည်း ဖျော့တော့တဲ့ အသံ ရောက်လာတယ်။ တုန်ယင်နေတဲ့ လက်တစ်ဖက်နဲ့ ဖန်ကျန်းရှီ နဖူးပေါ်က ချွေးစက်တွေကို သုတ်ပေးနေတယ်။

ချီကူယန်ရဲ့ စကားတွေက မဆီမဆိုင် ဖြစ်လွန်းနေတယ်။ ထျန်းရှင်းနဲ့ ဝမ်လဲ့ အပါအဝင် ကြားနေရတဲ့ ဘယ်သူမှ သူ့စကားကို နားမလည်ကြဘူး။ ချီကူယန်ကလည်း သူတို့ကို အာရုံမစိုက်။ ဖန်ကျန်းရှီကိုသာ ဂရုစိုက်နေတယ်။ ချောမော ခံ့ညားတယ်လို့ ဆိုလို့ မရတဲ့ ဒီလူငယ်လေးရဲ့ မျက်နှာကို ကြည့်ရင်း တစ်ခုခုကို လွမ်းဆွတ် တမ်းတ နေသလိုပဲ။ ဒါပေမယ့် သူမ အမူအယာက ခပ်မြန်မြန် ပြောင်းလဲ သွားတယ်။ ဒေါသတကြီးနဲ့ အော်လိုက်တယ်။

“အရှက်မရှိတဲ့ သူခိုးကောင်။”

ဒီစကားကို ပြောနေတဲ့ အချိန်၊ ချီကူယန်ရဲ့ ဖြူဖျော့ဖျော့ မျက်နှာက တဖြည်းဖြည်း နွေးထွေး လာခဲ့တယ်။

“ချီကူယန်၊ နှစ်တစ်ထောင် မီးဆေးပင်နဲ့ ငါ့ကို ခြိမ်းခြောက် နိုင်မယ် မထင်နဲ့။ မင်းသာ မီးဆေးပင်ကို ဖျက်စီးလိုက်ရင်၊ ငါလည်း ကောင်းကင် တာအို ခန်းမကို တိုက်ခိုက်ဖို့ တွေဝေနေမှာ မဟုတ်ဘူး။” ထျန်းရှင်းက ချီကူယန်ကို ကြည့်ရင်း စိတ်မရှည်တော့ဘူး။ ဒါပေမယ့် စိတ်လိုက်မာန်ပါလည်း မပြုမူ ဝံ့ဘူး။ မီးဆေးပင်က ချီကူယန်နဲ့ ရှိနေတယ်လေ။ ဖျက်စီးလိုက်ချင်ရင်၊ လက်လေး နည်းနည်း လှုပ်လိုက်ရုံပဲ။

သူသာ လက်တစ်ချက် လှုပ်လိုက်ရင်၊ နှစ်တစ်ထောင် မီးဆေးပင်လည်း ပြာပုံ ဖြစ်သွားလိမ့်မယ်။ တောင်စဉ် ကိုးသွယ်က ဒါမျိုး အဖြစ်မခံ နိုင်ဘူး။ သူက တောင်စဉ် ကိုးသွယ် ခေါင်းဆောင်၊ ကောင်းကင် ရတနာတွေ အများကြီးကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်။ ဒါပေမယ့် မီးဆေးပင်က လောကမှာ တစ်ခုတည်း ရှိတဲ့ ရတနာ။ တန်ဖိုးဖြတ်လို့ မရဘူး။

“ခေါင်းဆောင်ထျန်း၊ မစိုးရိမ် ပါနဲ့။ ချီကူယန်က မီးဆေးပင်ကို ရဖို့ ဒီလောက်တောင် ကြိုးစားထားတာ။ ဘယ်လိုများ ဖျက်စီး နိုင်မှာလဲ။ ကျွန်တော်နဲ့ လက်တွဲပါလား။ ဘေးကနေ ကူညီပေးမယ်။” ဝမ်လဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူပြုံးရင်း ပြောတယ်။

အဲ့ဒီ့နောက် ချက်ခြင်း လှုပ်ရှားတယ်။ ချီကူယန်ဆီကို လျှပ်စီး လက်သလို ပြေးဝင်လာတယ်။ ဒါပေမယ့် သူလှုပ်ရှားတဲ့ အချိန်မှာပဲ။ ချီကူယန်ရဲ့ နောက်ဘက်က အားနည်းတဲ့ အရိပ်လည်း ပေါ်ထွက်လာတယ်။ တောက်ပ စူးရှလွန်းတဲ့ အကြည့်တွေနဲ့ ဖိအား ပြင်းထန်လွန်းတဲ့ တည်ရှိမှုက ဝမ်လဲ့ကို ချွေးပြန်စေတယ်။

“အေးခဲ။” အသံတစ်သံ ထွက်ပေါ် လာပြီးတဲ့နောက်၊ ဝမ်လဲ့ရဲ့ အရှိန်နှုန်း သိသိသာသာ ကျသွားခဲ့တယ်။ လိပ်တစ်ကောင်လို နှေးနှေးကွေးကွေးနဲ့ ချီကူယန်ဆီကို တွားသွားလာတယ်။ ဒါပေမယ့် ဝမ်လဲ့က သိပ်ပြီး အံ့သြပုံ မပေါ်ဘူး။

“ချီကူယန်။ ငါတို့ အားလုံးကို မင်းတစ်ယောက်တည်းနဲ့ ဆန့်ကျင်နိုင်မယ် မထင်နဲ့၊” ဝမ်လဲ့က အရမ်းကို တည်ငြိမ် နေခဲ့တယ်။ ထျန်းရှင်းနဲ့ ဝမ်လဲ့ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရတာ ထျန်းရှင်း တစ်ယောက်တည်းကို တိုက်ခိုက်ရတာထက် အများကြီး ခက်ခဲတယ်။

“အရှက်မရှိတဲ့ သူခိုးကောင် အဟွတ်။” ချီကူယန် ချောင်းဆိုးရင်း သွေးအန်နေတယ်။ ဒါပေမယ့် စကားပြောတာ မရပ်ဘူး။ “တကယ်တော့ ငါလည်း စောစော ပြန်လာမလို့ပဲ။ အခုတော့ နောက်ကျလွန်း သွားပြီ။ နှစ်တစ်ထောင် မီးဆေးပင်ကို ဆေးလုံး ဖြစ်အောင် လုပ်လို့ မရတော့ဘူး။ ငါ ငါလည်း မသေချာဘူး။”

“ချီကူယန် မင်းဘာတွေ လုပ်မလို့လဲ။ ဒီကောင်ကကော ဘယ်သူလဲ။” ချီကူယန်ရဲ့ စကားကို ကြားလိုက်တော့၊ ထျန်းရှင်းလည်း ဖန်ကျန်းရှီကို ကြည့်မိတယ်။

“နင်က အမြဲတမ်း မဖြစ်နိုင်တာတွေကို လုပ်ခဲ့တာ မဟုတ်လား။ ဒါဆိုရင်လည်း အခုလည်း ကြိုးစားကြည့်။” ချီကူယန် ချောင်းဆိုးရင်းနဲ့ သွေးတပွက် အန်ထုတ်တယ်။ မြေပြင်ပေါ်ကို ဒူးထောက် ကျသွားတယ်။ နောက်ထပ် တောင့်မခံ နိုင်တော့တဲ့ ပုံစံပဲ။

“ကြိုးစားကြည့်။ ကြိုးစားကြည့် ဟုတ်လား။ ချီကူယန် မင်းက” ထျန်းရှင်းရဲ့ အမူအယာ အတော့်ကို ပြောင်းလဲ နေပြီ။ မျက်လုံးလည်း ပြူးကျယ်နေတယ်။ ဒါပေမယ့် ချီကူယန်က လက်မြှောက်ပြီး နေပြီ။ ဒီတစ်ခေါက်တော့ နှစ်တစ်ထောင် မီးဆေးပင်ကို ကိုင်ထားတဲ့ သူမရဲ့ လက်က အရမ်းကို တုန်ယင်နေတယ်။ တင်းတင်းကြပ်ကြပ်တော့ ဆုပ်ကိုင်ထားလဲ။

“အတူတူ ကြိုးစားကြစို့။ ငါ ငါ နင့်ကို တကယ်ပဲ မသေစေချင်ဘူး။” ချီကူယန်ရဲ့ မျက်လုံးတွေက မှောင်မိုက်လာတယ်။ ကြယ်လို တောက်ပမှုတွေ ပျောက်ဆုံး သွားခဲ့ပြီ။

ဖန်ကျန်းရှီရဲ့ ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်ပြီးတော့ မီးဆေးပင် တစ်ပင်လုံးကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။ မီးဆေးပင် ထည့်ပေးလိုက်တဲ့ အချိန်မှာပဲ။ တစ်ချိန်လုံး မျက်လုံးပိတ် နေခဲ့တဲ့ ဖန်ကျန်းရှီ ရုတ်တရက် မျက်လုံးပွင့် လာခဲ့တယ်။ ခရမ်းရောင် အလင်းတန်း မရှိတော့ဘူး။ မည်းမှောင်နေတဲ့ မျက်ဝန်းတွေက တည်ငြိမ် နေခဲ့တယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုက ကြောက်လန့်တကြား အမူအယာကို ပြောင်းလဲ သွားတယ်။

“အာ့။” တစ်ခုခု နင်ပြီးတော့ သေမလို ဖြစ်နေတဲ့ အသံ ဖန်ကျန်းရှီ စီကနေ ထွက်ပေါ်လာတယ်။ ရုတ်တရက် မျက်ဖြူစိုက်သွားပြီးတော့ တကိုယ်လုံး တုန်ယင် နေတော့တယ်။

“ချီကူယန်။ မင်းကိုသတ်မယ်။” ထျန်းရှင်း ဒီတစ်ခေါက်တော့ အတော်ကြီး ဒေါသ ထွက်နေပြီ။ ချီကူယန်ရဲ့ စကားတွေကို ကြားတော့ တစ်ခုခု လုပ်တော့မှာ သူသိတယ်။ ဒါပေမယ့် တကယ်ကြီး ဖြစ်လာမယ်လို့ မထင်ထားမိဘူး။

ဖျက်စီးပြစ်တာပဲ။ ငါ့ကို ပြန်ပေးမယ့် အစား ဖျက်စီးပြစ်ဖို့ ပိုလိုလားတယ်ပေါ့။

“ချီကူယန် မင်းက ကောင်းကင် ရတနာကို ဒီလို ဖြုန်းတီးဝံ့တယ်။” ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် ဝမ်လဲ့လည်း တုန်လှုပ်နေတယ်။ လက်တွေကို ဆန့်ထုတ်ရင်း ဖန်ကျန်းရှီ မျိုချလိုက်တဲ့ မီးဆေးပင်ကို ဖမ်းဆုပ်ဖို့ ပြင်တယ်။ “နှစ်တစ်ထောင် မီးဆေးပင်ကို မြန်မြန် ပြန်ထုတ်။ မင်းလုပ်တာနဲ့ သူသေတော့မယ်။”

…

“နှစ်တစ်ထောင် မီးဆေးပင်။ မင်းလုပ်တာ သူသေတော့မယ်။” ဖန်ကျန်းရှီ ရင်ထဲမှာ ခံရခက်နေတယ်။ အမှန်အတိုင်း ပြောပြမယ်။ အကယ်၍ လူတစ်ယောက်သာ မီးလို ပူနေတဲ့ ကျောက်တုံး တစ်တုံးကို ပါးစပ်ထဲ အတင်း ပြစ်သွင်းခံရရင်၊ အခု သူ့လို အဖြစ်မျိုး ရောက်နေမှာပဲ။

သူ့ရဲ့ မှတ်ဉာဏ်တွေ ေ၀ဝါးနေသလို ဖန်ကျန်းရှီ ခံစားရတယ်။ ကောင်းကင် တာအို တပည့်သားတွေ ရန်ရွှယ့်ကို သတ်မလို့ လုပ်ကြတယ်။ အဲ့ဒီ့နောက် သူလည်း ဒေါသအထွက် လွန်ပြီး အသိစိတ် ပျောက်သွားတော့တယ်။ လူတစ်ယောက်ကို သူရှင်းရှင်း လင်းလင်း မှတ်မိ သေးတယ်။

မုချင်းဖန်း။ ကောင်းကင်တာအို ခန်းမ ခေါင်းဆောင်။ ခြေရာမဲ့ဓားကို သူယူသွားတာ။ နောက်ပြီးတော့ မုချင်းဖန်းက ငါ့ပါးစပ်ထဲကို တစ်ခုခု ထည့်လိုက်တာလား။ သူ့ရဲ့ နှလုံးခုန်သံတွေ တဖြည်းဖြည်းနှေးကွေးလာတယ်။ မုချင်းဖန်းက ငါ့ကို ကယ်လိုက်တာလား။ ဖန်ကျန်းရှီ အံ့သြ နေမိတယ်။

သူ့မျက်စိရှေ့က ချီကူယန်ကကော ဘယ်ကနေ ရောက်လာတာလဲ။ သူကကော ဒီကောင်မလေးရဲ့ လက်မောင်းထဲ ဘယ်လို ရောက်နေတာလဲ။ ချီကူယန်ကကော ဘာဖြစ်လို့ သေတော့မယ့် ပုံစံ ပေါက်နေတာလဲ။

ဖန်ကျန်းရှီ အတော်လေး စိတ်ရှုပ်ထွေး နေတယ်။ အဆိုးဆုံးကတော့ သူ့နားထဲမှာ ကြားနေရတဲ့ အသံတွေပဲ။ နှစ်တစ်ထောင် မီးဆေးပင်တဲ့။

“ငါ့ ပါးစပ်ထဲက မီးကျောက်တုံးကြီးက နှစ်တစ်ထောင် မီးဆေးပင်လား။” ဖန်ကျန်းရှီ သတိလက်လွတ် တံတွေး မျိုချမိတယ်။ ကျောက်တုံးကြီးလည်း လည်ချောင်းထဲကို နည်းနည်း ကျလာတယ်။ ဒါပေမယ့် လည်ချောင်းထဲမှာ တစ်နေတာ။ အသက်ရှူလို့ မရတော့ဘူး။

ဒီလောကက နှစ်တစ်ထောင် မီးဆေးပင် ဆိုတာ ဘာကြီးလဲ။ ကြားရတာတော့ အဆင့်အတန်း မြင့်မြင့် ပစ္စည်းလိုပဲ။ ဒါပေမယ့် ဒီလို ပစ္စည်းမျိုးက ပါးစပ်ထဲမှာ အရည်ပျော် သွားရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကျောက်တုံးကြီးလို ဖြစ်နေတာလဲ။ အရင်ဘ၀ ဖတ်ဖူးခဲ့တဲ့ ဝတ္တုတွေက အလိမ်အညာတွေလို့ ဖန်ကျန်းရှီ ခံစား နေရတယ်။ ကောင်းကင် ရတနာတွေက ပါးစပ်ထဲမှာ အရည်ပျော် သွားမယ်ဆိုတာ တကယ်တော့ ဟာသပဲ။

ဒီလောက် မာပြီးတော့ ပူနေတဲ့ အရာကို စားလို့ကော ရရဲ့လား။ သူတွေးနေတဲ့ အချိန်မှာပဲ၊ ရုတ်တရက် ဖန်ကျန်းရှီရဲ့ ခေါင်းက သူ့ မျက်နှာပေါ်ကို ရောက်လာတယ်။ သူမ မျက်ဝန်းတွေက မှုန်မှိုင်း နေပြီးတော့ နှုတ်ခမ်းမှာလည်း သွေးတွေ စီးကျနေဆဲ။

“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှိ အော်လိုက်ချင်တယ်။ ဒါပေမယ့် နှစ်တစ်ထောင် မီးဆေးပင်က သူ့လည်ပင်းထဲမှာ တစ်နေတော့ လုံး၀ မလှုပ်နိုင်ဘူး။ တစ်ကိုယ်လုံး အားအင် ကုန်ဆုံးနေတယ်။ ရုန်းကန်တယ်။ ဒီလို အခြေအနေမျိုးကို လောကမှာ စကား တစ်ခွန်းနဲ့ပဲ ပြောလို့ရတယ်။

(အဆုံးသတ်မှာ ဘာလုပ်လို့များ ရအုန်းမှာလဲ။)

သွေးစွန်းနေတဲ့ နှုတ်ခမ်းတွေနဲ့ ချီကူယန်ကို ကန်ထုတ်ပြစ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် နူးညံ့တဲ့ အထိအတွေ့က သူ့ကို ဖမ်းစားသွားတယ်။ စွဲလမ်းစရာ နူးညံ့လွန်းတဲ့ အထိအတွေ့က သူ့ကို ပိုပြီး လိုချင်လာအောင် သွေးဆောင်နေတယ်။

“ငါ စွမ်းအားတွေ ကြီးလာပြန်ပြီ။ ချီကူယန်ကြောင့်ပဲ နောက်တစ်ခေါက် ဒီလို ဖြစ်လာတာ ပြန်တာလား။” ဖန်ကျန်းရှီ ဒီလို ရုတ်တရက် စွမ်းအား မြင့်လာတာကို မကြိုက်ဘူး။ ဖြည်းဖြည်းချင်း စွမ်းအား ကြီးလာတာပဲ သဘောကျတာ။

ဒါပေမယ့် ချီကူယန်ကတော့ ဒီလိုစိတ် ရှိတဲ့ပုံ မပေါ်ဘူး။ အဲ့တာ နမ်းနေတာပဲ။ ချီကူယန်က သူ့ကို နမ်းနေတယ်။ သွေးညှီနံ့တွေ ဖုံးလွှမ်းထားတဲ့ အထိတွေ့ အောက်မှာ ပိတ်မိနေတယ်။ နှစ်တစ်ထောင် မီးဆေးပင်ကတော့ သူ့လည်ချောင်းထဲကို ကျသွားခဲ့ပြီ။

“ဒီတော့ ငါ့ကို နမ်းတာက နှစ်တစ်ထောင် မီးဆေးပင်ကို ကျွေးဖို့ အတွက်လား။” ဖန်ကျန်းရှီ တွေးမိရင်းနဲ့ ရုတ်တရက် စိတ်ရှုပ်သွားတယ်။ တကယ်တော့ ချီကူယန်က သူ့ကို နမ်းတာ ရပ်လိုက် သင့်ပြီလေ။ ဒါပေမယ့် သူမ မရပ်တန့်ဘူး။ နှုတ်ခမ်းတွေကို ဖိကပ်ထားရင်းနဲ့ လျှာကို သုံးပြီးတော့ ပါးစပ်ထဲမှာ မွှေနှောက်နေတယ်။

“ဒီကောင်မလေးက ငါ့ကို နမ်းတာများ စွဲလမ်း နေတာလား။” ဖန်ကျန်းရှီက ချီကူယန်ကို မေးလိုက်ချင်တယ်။ “မင်း ငါ့ကို ရှုံးသွားတဲ့ အကြောင်း ကျေကျေနပ်နပ် လက်ခံပြီးတော့ ငါ့ကောင်မလေး ဖြစ်ချင်ပြီလား။ ဒီလောက် ဒဏ်ရာရ ပြီးမှလေ။”

ဒါပေမယ့် မေးခွန်း မမေးခင်၊ သူ့ခန္ဒာကိုယ်ထဲမှာ ပြင်းထန်ပြီး ကြောက်စရာ ကောင်းတဲ့ အပူလှိုင်းတွေ ပေါက်ကွဲလာတယ်။ ဒါတွေ အားလုံး တစ်ခဏ အတွင်း ခံစားမိတာပဲ။ သူ့ခန္ဒာကိုယ် တစ်ခုလုံး မီးလောင်သလို နာကျင်နေတယ်။ အစာအိမ်ကလည်း ပေါက်ကွဲထွက်တော့ မလိုပဲ။ သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေကလည်း မထိန်းချုပ် နိုင်အောင် ပူလောင်လာတယ်။

ဖန်ကျန်းရှီ အော်ဟစ်ချင်တယ်။ ဒါပေမယ့် သူ့နှုတ်ခမ်းတွေကို ချီကူယန်က ဖိကပ်ထားတော့ အသံနည်းနည်းလေးတောင် ထွက်လို့ မရဘူး။ နူးညံ့တဲ့ ဖိအားကလည်း ရင်ဘတ်ကို ဖိထားတော့ ခန္ဒာကိုယ်က မလှုပ်ရှားနိုင်။ နောက်ဆုံးတော့ သူ့နားထဲမှာ ကြားလိုက်ရတဲ့ စကားကို နားလည် သွားခဲ့ပြီ။ သေတော့မယ်။

“ချီကူယန် မင်းက ငါ့ကို သတ်မလို့လား။” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ဟစ်နေတယ်။ လေပူတွေကြောင့် သူ့ခန္ဒာကိုယ် တစ်ခုလုံး ရဲရဲနီလာသလို၊ အဖြူရောင် အခိုးငွေ့တွေတောင် ထွက်ပေါ်နေပြီ။

“ချီကူယန် မင်းငါ့ကို သတ်မလို့လား။” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ဟစ်နေတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး စက္ကန့်နဲ့ အမျှ ပူလောင်လာတာ အရည်ပျော်တော့မယ့် အတိုင်းပဲ။ ခန္ဒာကိုယ်ထဲမှာ ရှိသမျှ ရေငွေ့တွေ အကုန် အငွေ့ပျံကုန်ပြီ။ ဒီလိုမျိုး ခန္ဒာကိုယ်က ရေငွေ့တွေ ကုန်ဆုံးသွားရင် ဘာဖြစ်သွားမလဲ။ လူတစ်ယောက်က အသက်ကော ရှင်နိုင် အုန်းမှာလား။

အပိုင်း (၆၇၃) ပြီး၏။

အပိုင်း (၆၇၄)

“နောက်ထပ် ဘယ်နှစ်ကြိမ်လဲ။”

ဘာသာပြန်သူ- Enri Thaw

ဖန်ကျန်းရှီက သိပ္မံပညာကို နားလည် တတ်ကျွမ်းတယ်။ အရင် ဘဝတုန်းက ပညာ ကောင်းကောင်း သင်ထားတဲ့ လူငယ်လေး တစ်ယောက်လေ။

ရေတွေ အငွေ့ပျံ သွားတဲ့ အချိန်၊ နတ်ဘုရားတွေတောင် မကူညီနိုင်ပဲ အဆုံးသတ်သွားမယ်။ နောက်ပြီးတော့ အသေဆိုးနဲ့ သေရမှာ။ ခန္ဒာကိုယ်က ရေတွေ အားလုံး ဆုံးရှုံး သွားတဲ့ အချိန်၊ အရိုးနဲ့ ကြွက်သားတွေလည်း သူတို့ရဲ့ လုပ်ငန်းစဉ်ကို ဆုံးရှုံး သွားလိမ့်မယ်။ အလောင်းကောင် ခြောက်ကြီး ဖြစ်သွားလိမ့်မယ်။ အရမ်း ရုပ်ဆိုးမှာပဲ။

အကယ်၍ သေမယ် ဆိုရင်တောင် အမိုက်ဆုံး ပုံစံနဲ့ သေမယ်လို့ ဖန်ကျန်းရှီ တွေးထားခဲ့တာ။ သူ့ရဲ့ ချောမောတဲ့ ပုံစံမျိုးနဲ့ သေရမယ် ဆိုရင်တော့ ကိစ္စ မရှိဘူး။ ဒါပေမယ့် ခြောက်သွေ့တဲ့ အလောင်းကောင် ပုံစံနဲ့ သေမှာကတော့ မလိုချင်တဲ့ ကိစ္စပဲ။

ဒါပေမယ့် သူဘာများ လုပ်နိုင်မှာလဲ။ သူ့ခန္ဒာကိုယ်က အပူလှိုင်းတွေက သူထိန်းချုပ် နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ စွမ်းအင်တွေက ပြင်းထန်လွန်းပြီး အရိုင်းဆန် လွန်းတယ်။ ဒါက နှစ်တစ်ထောင် မီးဆေးပင်ရဲ့ ဆေးဝါး စွမ်းအားတွေမှန်း သူသိတယ်။ တကယ်ပဲ ဒီလို သေတော့မှာလား။ စိတ်ဖိစီးလိုက်တာ။

သူ့အသက်ကို မုချင်းဖန်းက ကယ်ခဲ့တယ်။ အခုတော့ ချီကူယန်ရဲ့ လက်ထဲမှာ သေတော့မယ်။ နှစ်တစ်ထောင် မီးဆေးပင်ကြောင့် ခြောက်ကပ်ပြီး သေရတော့မယ်။ နည်းနည်းလေးတောင် ရွေးစရာ မရှိတော့ဘူးလား။ ဖန်ကျန်းရှီက ခုခံနေတာကို ရပ်လိုက်ပြီးတော့၊ ချီကူယန် သူ့ကို နမ်းနေတာပဲ သေတဲ့ အထိ ခံတော့မယ်လို့ လက်လျှော့လိုက်တယ်။ ဒီအချိန်မှာပဲ သူ့ခန္ဒာကိုယ်က အပူလှိုင်းတွေ ရုတ်တရက် လျော့ကျသွားတယ်။

ဒီခံစားချက်က ဝင်ပေါက်ကြီး တစ်ခုကနေ ရုတ်တရက် ရေတွေ စီးဝင် လာသလိုပဲ။ သူ့ရဲ့ ကိုယ်တွင်း ကလီစာတွေပါ အေးမြ သွားခဲ့တယ်။ အပူတွေ အားလုံး သူ့ပါးစပ်ကနေ ပြန်ထွက်နေတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်း ရုတ်တရက် မျက်လုံး ပွင့်လာတော့တယ်။

သူ့ကို ဖိပြီးတော့ နမ်းနေတဲ့ ချီကူယန်က အနီရောင် ပြောင်းနေတာကို တွေ့လိုက် ရလို့ပဲ။ သူမ တစ်ကိုယ်လုံး မီးလို ရဲရဲနီ နေပြီ။ သူ့ခန္ဒာကိုယ်ထဲက ပြင်းထန်တဲ့ စွမ်းအားတွေလည်း တည်ငြိမ်လာတယ်။

“ချီကူယန်က အဲ့ဒီ့ အပူတွေကို စုပ်ယူနိုင်တာလား။” ဖန်ကျန်းရှီ ရုတ်တရက် နားလည်သွားတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေတာကို သူသတိထားမိပြန်တယ်။ ဒီလို ဖြစ်ရင်၊ သူ သေသွားမှာလား။ ဖန်ကျန်းရှီ ဒါမျိုး ဖြစ်မယ်လို့ ထင်မထားမိဘူး။ ပုံမှန် အတိုင်းဆိုရင် ချီကူယန်က မောက်မာပြီးတော့ ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ပဲ။ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ၊ သူ့ကို ကယ်ဖို့ အသက်စွန့်မယ်တဲ့လား။

ဖန်ကျန်းရှီ စိတ်ထိခိုက်သွားတယ်။ သူ့ခန္ဒာကိုယ်ထဲက အပူတွေ ဦးနှောက်ကို ရောက်လာတဲ့ အတွက် သူမူးဝေလာတယ်။ ခန္ဒာကိုယ်က ရေဓာတ်တွေ အများကြီး ဆုံးရှုံး သွားတာကြောင့် ဖြစ်နိုင်တယ်။ ရုတ်တရက် သူအိပ်ငိုက်လာတယ်။ မူးနောက်တဲ့ ခံစားချက်ကြောင့် စိတ်ထဲမှာ ပုံရိပ်တွေ ဆက်တိုက် ဝင်ရောက်လာတယ်။

…

ကြည်လင်နေတဲ့ မြစ်တစ်စင်းရဲ့ ဘေးမှာ။

၀၀ဖိုင့်ဖိုင့် မျက်လုံး ဝိုင်းဝိုင်းနဲ့ ကလေးငယ် တစ်ယောက် မီးတောက် အမွှေးဖွာကြက်ကို ကင်နေတယ်။ ဒီအချိန်မှာပဲ သူ့နောက်ကို အသက် ၅နှစ်အရွယ် ကောင်မလေး တစ်ခေါက် ရောက်လာခဲ့တယ်။ ဒီကောင်မလေးရဲ့ မျက်နှာက ကြွေရုပ်လေးလိုပဲ။ ခပ်ဆိုးဆိုး ပုံစံလေးကြောင့်၊ အိမ်တော်ကြီး တစ်ခုက အလိုလိုက် ခံထားရတဲ့ သခင်မလေး တစ်ယောက်နဲ့ တူတယ်။ ဘယ်လိုပဲ ကြည့်ကြည့်၊ ဒီကလေးမလေး ပုံစံက ရယ်ချင်စရာလေး။

“နင် ကြက်သူခိုးကောင်။” ကလေးမလေးက ခါးထောက်ရင်းနဲ့ အော်ဟစ်လိုက်တယ်။

ဖန်ကျန်းရှီ ဒါကိုမြင်တော့ စိတ်ထဲမှာ ရယ်နေခဲ့တယ်။ စိတ်နှလုံး တစ်ခုလုံး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရယ်မောနေတာ။ ဒီကလေးမလေး မြစ်ထဲ ကန်ချခံရတော့မှာ သူသိနေတယ်။

“ဗွမ်း။” တကယ်ပဲ ကလေးမလေး မြစ်ထဲကို ကျသွားခဲ့တယ်။

“ကြက်သူခိုးကောင်။”

“မင်း စဉ်းစားလွန်နေပြီ။ အဲ့တာ ငါ့ကြက်လေ။”

…

ချီကူယန်နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ သူ့ရဲ့ ငယ်ဘ၀ မှတ်ဉာဏ်တွေက ဒီလောက် ထင်ရှားနေမယ်လို့ မထင်ထားခဲ့မိဘူး။ ဒီအချိန်မှာ ပုံရိပ်တွေက ပြောင်းလဲသွား ပြန်တယ်။ နတ်ဆိုး ကျောင်းတော်မှာ တွေ့ခဲ့တဲ့ အချိန်ကို ရောက်လာတယ်။

“ယုံကြည်မှု မရှိရင်၊ လူတစ်ယောက်က ကောင်းကောင်း မရပ်တည်နိုင်ဘူး။ ကတိဖျက်မယ် ဆိုရင်၊ ယုံကြည်မှုလည်း ပျက်ပြားလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သခင်လေးဖန်နဲ့ ကတိပြုခဲ့တဲ့ ကိစ္စကို ကတိတည်ရမှာပဲ။ သူ့ကို ၂နှစ် စောင့်မယ်။ ဒီနှစ်တွေမှာ ဘယ်သူနဲ့မှ ထိမ်းမြားတာ မလုပ်ဘူး။ ခွင့်ပြုပေးပါ ခမည်းတော် သခင်။”

ကတိတဲ့။ ဘာအဓိပ္မာယ် မရှိတာတွေ။ တခြားသူတွေ သူမကို ကမ်းလှမ်းတာ ရှောင်ရှားချင်လို့ ဒီလို အကြောင်းပြချက် ပေးမှန်း သူသိတယ်။ ဒီကတိကြောင့်ပဲ။ သူနဲ့ သူမက ချိတ်ဆက်သွားခဲ့တယ်။

…

“ကောင်းကင် တာအို ခန်းမမှာ နင့်ကို စောင့်နေမယ်။ အကယ်၍ နင်သာ ငါ့ကို အနိုင်တိုက်နိုင်ရင်၊ နင့်အိပ်ယာကို နွေးအောင် လုပ်ပေးတဲ့သူ ဖြစ်လာပေးမယ်။”

မြောက်ရွာက အိမ်ငယ်လေး တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ၊ လမင်းကို ငေးကြည့်ရင်းနဲ့ ကတိပေး ခဲ့ကြတယ်။

…

“ချီကူယန် မသေရဘူး။” ဖန်ကျန်းရှီ သူဘာတွေ တွေးနေမိလဲ မသိတော့ဘူး။ ဒါပေမယ့် သူမကို ဒီအတိုင်း အသေမခံ နိုင်ဘူး။ တစ်ခါတစ်လေမှာ တကိုယ်ကောင်းဆန်တာ ပိုကောင်းပါတယ်။ အထူးသဖြင့် သေရေး ရှင်ရေးနဲ့ ပတ်သက်လာတဲ့ အချိန်မှာပေါ့။ အခုချိန်မှာတော့ တကိုယ်ကောင်းဆန်လို့ မဖြစ်ဘူး။

ချီကူယန်ကို အခုချိန်မှာ တွန်းလွှတ်လိုက်ရင် သူ့အသက်ကို ကယ်နိုင်လောက်တယ်။ ဒါပေမယ့် သူ့တစ်ဘ၀ လုံးကတော့ နှိပ်စက်ခံ ရတာထက် အဖြစ်ဆိုးတော့မှာ။

အရှက်မရှိဘူးတဲ့လား။ ဖန်ကျန်းရှီ အရှက်မရှိခဲ့တာ မရေမတွက်နိုင်တဲ့ အကြိမ်ရေတွေ အများကြီးပဲ။ အရှက်အကြောက်ကင်းတဲ့ နည်းလမ်းတွေကို သုံးပြီးတော့ အနိုင်ရဖို့ လုပ်ခဲ့တယ်။ ဒါပေမယ့် တကိုယ်ကောင်းဆန်တဲ့ မိစ္ဆာကောင်တော့ အဖြစ်မခံ နိုင်ဘူး။

သူနောက်ထပ် မတွေဝေတော့။ ချီကူယန်ရဲ့ ခါးကို ဖက်ထားရင်း သူ့ကိုယ်နဲ့ နီးအောင် ဆွဲကပ်ထား ခဲ့တယ်။ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားတယ်။

ဒီအချိန် ချီကူယန်ရဲ့ ခန္ဒာကိုယ်က တုန်ယင်လာတယ်။ အပူလှိုင်းတွေကြောင့်လား။ သက်တောင့် သက်သာ မဖြစ်တာကြောင့်လား။ မသေချာ။ ချီကူယန် မျက်မှောင်ကြုတ်နေတယ်။ သူမ မျက်ဝန်းတွေ မီးတောက်လို စွမ်းအားတွေနဲ့ တောက်ပလာတယ်။ တစ်ကိုယ်လုံး သွေးလို ရဲရဲနီ နေပြီ။ မီးခိုးတွေ သူမ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။

သူ ဝန်ခံစရာ တစ်ခုတော့ ရှိတယ်။ သူမ ခါးကို ဖက်လိုက်တဲ့ အချိန်၊ အရမ်းကို သက်တောင့်သက်သာ ရှိလွန်းတယ်။ ပန်းနုရောင် အကျီ ကြားထဲမှာ ခံထားတာတောင် သူမရဲ့ နူးညံ့ ချောမွေ့တဲ့ အရေပြားကို ခံစား နေရတယ်။ ဖန်ကျန်းရှီ ဒီအခွင့်အရေးကို လက်မလွှတ် နိုင်ဘူး။ သူမ နှုတ်ခမ်းရဲ့ နွေးထွေး စိုစွတ်မှုတွေကို ခံစား နေရတယ်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။

“ဝုန်း။”

တစ်ချိန်တည်းမှာပဲ မခံစား နိုင်လောက်တဲ့ အပူလှိုင်းတွေကို ခံစားလိုက်ရတယ်။ အဲ့ဒီ့နောက် သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေကို အပူလှိုင်းတွေ လွှမ်းခြုံသွားတယ်။

“မိုးမေလင်း ငလူးမသား” ဖန်ကျန်းရှီ သူ့ရဲ့ ရင်ဘတ်ထဲက အပူလှိုင်းကြောင့် ကျိန်ဆဲချင်နေတယ်။ တကိုယ်လုံး ပေါက်ကွဲတော့ မလိုပဲ။

…

ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ အနမ်းက ကြာကြာ မခံဘူး။ ဒါပေမယ့် သူတို့တွေ ရစ်ပတ်နေကြတုန်း။ ပုံစံကတော့ အတော်လေး ထူးဆန်းတယ်။ ချီကူယန်က ဒူးထောက်ရင်းနဲ့ ဖန်ကျန်းရှီကို ထွေးပွေ့ထားတယ်။ ဖန်ကျန်းရှီက ချီကူယန်ရဲ့ ခါးကို ဖက်ထားတယ်။ ဒီမြင်ကွင်းက နည်းနည်းတော့ လွဲနေ သလိုပဲ။ အမှန်ဆိုရင် ကောင်လေး အပေါ်၊ ကောင်မလေးက အောက်ဘက်မှာ ဖြစ်ရမှာလေ။

ဒီကိစ္စက သိပ်တော့ အရေးမကြီး ပါဘူး။ အရေးအကြီးဆုံးက သူတို့ရဲ့ ဘေးပတ်လည်မှာ လူတွေ အများကြီး ရှိနေတာပဲ။ လူတိုင်းရဲ့ ရှေ့မှာ ပွေ့ဖက် နမ်းရှုတ် နေကြတယ်။ ယဉ်ကျေးမှုနဲ့ ဆန့်ကျင် နေတာပဲ။

“အစ်မကြီး ကူယန်။ သူနဲ့ အရှက်မရှိတဲ့ကောင်။ မိုးနတ်မင်းရေ။ ငါမြင်နေရတာ ဟုတ်ရဲ့လား။ ဒါက ဘယ်လို ဖြစ်လာနိုင်တာလဲ။”

“သူတို့ရဲ့ လက်ထပ်ပွဲက တကယ်ပဲ အမှန်လား။”

“အစ်မကြီး။ မဖြစ်ရဘူး။ ဒါက မဖြစ်နိုင်ပါဘူး။ ဒီကောင်စုတ် လှည့်စားတာ ခံလိုက်ရတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်။ လှည့်စားခံရတာပဲ ဖြစ်ရမယ်။”

ကောင်းကင် တာအို တပည့်သားတွေ ဘယ်သူမှ ဒါကို မယုံကြည်ချင်ကြဘူး။ ဒါပေမယ့် အမှန် တရားကတော့ ရှေ့မှာ ထင်ထင်ရှားရှားကြီး။ သူတို့တွေတင် လန့်နေတာ မဟုတ်ဘူး။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း လန့်နေကြတယ်။

နန်ကုန်းဟောင်ကတော့ နှုတ်ခမ်းတွေကို ကိုက်ထားရင်း ရပ်နေတယ်။ တည်ငြိမ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တုန်ယင်နေတယ်။

“ယင်နဲ့ ယန်ကို လောင်ကျွမ်းတာလား။” ယင်ယန် ခန်းမက ဆက်ခံသူ ဝမ်လဲ့ကတော့ တခြားသူတွေလို မအံ့သြဘူး။ သူမျက်မှောင် ကြုတ်နေတယ်။ ယင်ယန် ကျောင်းတော်ရဲ့ ဆက်ခံသူ အနေနဲ့၊ အမျိုးသားနဲ့ အမျိုးသမီး ကြားက ယင်ယန်တွေကို နားလည်တယ်။ ဒါကလည်း ယင်ယန် ခန်းမရဲ့ အဓိက အခြေခံတွေလေ။ အခု အဖြစ်ကတော့ သူသင်ကြားဖူးတဲ့ ယင်ယန် ပေါင်းစည်းမှုတွေထက် အများကြီး ကျော်လွန်နေတယ်။

“မင်းက ယင်ယန် လောင်ကျွမ်းတာကို သုံးပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားကို လမ်းညွှန် ချင်တာလား။ မဖြစ်ဘူး။ ယင်ယန် လောင်ကျွမ်းတာက မီးဆေးပင်ရဲ့ စွမ်းအားကို မတိုက်စား နိုင်ဘူး။ ဒါကို လုပ်ဖို့ဆို လူနှစ်ယောက်တည်းနဲ့တော့ မဖြစ်နိုင်ဘူးလေ။ အနည်းဆုံး လူအယောက် ၂၀နဲ့မှ ဖြစ်နိုင်မှာ။” ဝမ်လဲ့က သူ့အတွေးကို သေချာတယ်။

လူနှစ်ယောက်တည်းနဲ့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားကို ထိန်းညှိချင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ လုံး၀ မဖြစ်နိုင်တာပဲ။ အကယ်၍ ဒီအကြောင်းရင်းသာ မဟုတ်ရင်တော့၊ ချီကူယန်က ဘာတွေများ လုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီကောင်လေးနဲ့ အတူတူ သတ်သေ မလို့လား။

ဝမ်လဲ့ မသိဘူး။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းတောင် မျက်မှောင်ကြုတ်နေတယ်။ သူလည်း ဒီနှစ်ယောက် လုပ်နေတာကို မြင်တယ်လေ။ ဝမ်လဲ့နဲ့သူက အတွေးတူတယ်။ ယင်ယန် လောင်ကျွမ်းပြီး ဆေးအစွမ်းကို ထိန်းညှိတာ။ ဒါက မဖြစ်နိုင်တာပဲ။

ထျန်းရှင်း သိလိုစိတ် ပြင်းပျနေတယ်။ ချီကူယန်ကတော့ ဖန်ကျန်းရှီကို ပွေ့ဖက်ရင်းနဲ့ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ ဝမ်းဗိုက်ကို လျှပ်စီးလို အရှိန်နှုန်းနဲ့ ရိုက်ချလိုက်တယ်။ တောက်ပတဲ့ အလင်းတန်း ထွက်ပေါ် လာပြီးတော့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲကို ဝင်ရောက်သွားတယ်။ သူမရဲ့ လက်ချောင်းတွေ သူ့ခန္ဒာကိုယ်ပေါ်မှာ ဆက်တိုက် ပြေးလွှားနေတယ်။ နောက်ထပ် အလင်းတန်းတွေ ပေါ်လာပြီးတော့ ခပ်မြန်မြန် ပြန်ပျောက်ကွယ် သွားကြတယ်။

“ခန္ဒာကိုယ်ကို စမ်းသပ်ဖို့ သုံးနေတာပဲ။” ထျန်းရှင်း ထအော်တယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်နေတာတောင် သူမြင်နေရတာကို လန့်နေတုန်းပဲ။ ပါရမီရှင်။ ဒါမျိုးတွေးမိတဲ့ ချီကူယန်က တကယ့် ပါရမီရှင် ဆိုတာ သူဝန်ခံ ရမယ်။ ဒါပေမယ့် ဒီစိတ်ကူးက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ပါရမီရှင် တစ်ယောက်ပဲ ဒီလို အတွေးမျိုး တွေးတောပြီး လုပ်ဆောင်နိုင်မှာ။

သူတို့ နှစ်ယောက် နမ်းကြတဲ့ အချိန် ယင်ယန်တွေ လောင်ကျွမ်းတယ်။ ဆေးပင်ရဲ့ အပူလှိုင်းတွေကို တစ်ယောက်ကို တစ်ယောက် ပြောင်းရွေ့ပြီးတော့ ထိန်းညှိနိုင်တယ်။ ခန္ဒာကိုယ်ထဲမှာ ဆေးပင်က ဆေးလုံး ပုံစံကို ပြောင်းသွားနိုင်တယ်။ မဖြစ်နိုင်လောက်အောင် ကြောက်စရာ ကောင်းတဲ့ အတွေးပဲ။

တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို တပည့်သားတွေ ထျန်းရှင်း ပြောတာကို ကြားတော့ သူတို့တွေ အထိတ်တလန့် ပြန်မေးမိကြတယ်။

“စမ်းသပ်တယ်။”

“အစ်မကြီးက သူ့ခန္ဒာကိုယ်ကို နှစ်တစ်ထောင် မီးဆေးပင် ကျိုချက်ဖို့ သုံးနေတာလား။”

“ရယ်စရာ ကောင်းလိုက်တာ။ အဲ့တာက အလုပ်ဖြစ်မှာလား။”

ဘယ်သူမှ သေချာ မသိဘူး။ ဒါမျိုးက သမိုင်းထဲမှာလည်း မဖြစ်ဖူးဘူးလေ။ ဒါပေါ့။ ဘယ်သူမှလည်း မလုပ်ချင် ခဲ့ကြဘူး။

“ဝုန်း။” ဒီအချိန်မှာပဲ ပေါက်ကွဲသံကြီး ထွက်ပေးလာတယ်။ အဲ့ဒီ့နောက် အနက်ရောင် အမှုန်တွေ လေထဲမှာ ထွက်ပေါ်လာတယ်။ လူပုံစံ တစ်ခု ထျန်းရှင်းနဲ့ ဝမ်လဲ့ ရှေ့မှာ ပေါ်လာတယ်။ ဖြူဖွေးတဲ့ ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ ဆံပင်ဖြူဖြူတွေက ပုခုံးပေါ်မှာ လွင့်မျောနေတယ်။ သူ့အကြည့်က အေးချမ်း နေပင်မယ့် ဒေါသရိပ်တွေ ပါဝင်နေတယ်။

“ကူယန်။ ဆရာ ဒီမှာ ရှိတယ်။ လုပ်စရာ ရှိတာသာ လုပ်။” တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားတဲ့ ချီကူယန်နဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မုချင်းဖန်း သက်ပြင်းချလိုက်တယ်။ ဒါပေမယ့် ထျန်းရှင်းနဲ့ ဝမ်လဲ့ဆီ ချက်ခြင်း ပြန်လှည့်လာတယ်။

“ကျောက်စိမ်းနက် သုခမိန် ရုပ်တုက ဖျက်ဆီးခံလိုက် ရပြီလား။”

“အချိန် ဘယ်လောက်မှ မကြာလိုက်ဘူး။ အဲ့တာ သုခမိန် အဆင့် ပစ္စည်းလေ။”

“မုချင်းဖန်းက ငါတို့ ဆရာလို အင်အားကြီးတာပဲ။”

တောင်စဉ် ကိုးသွယ်က တပည့်သားတွေ ထျန်းရှင်းနဲ့ ဝူလဲ့ ရှေ့မှာ ရောက်နေတဲ့ မုချင်းဖန်းကို ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီလည်း ထိတ်လန့်နေတယ်။ မုချင်းဖန်းရဲ့ အစွမ်းကြောင့် သူလန့်နေတာ မဟုတ်ဘူး။ ချီကူယန်က သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ ဆေးလုံး လုပ်နေတယ် ဆိုတဲ့ အကြောင်းရင်းကြောင့် လန့်သွားတာ။

“ငါက စမ်းသပ်ခံ ပစ္စည်းလား။” ဖန်ကျန်းရှီ စိတ်ထိခိုက်သင့်လား။ ဒေါသထွက်သင့်လားတောင် မသိတော့ဘူး။ ခံစားချက်တွေ ထူးဆန်းနေတယ်။ ချီကူယန် သူ့ကို ကယ်တင်တာက ထိခိုက်စေတာနဲ့ ဘာမှ မကွာခြားဘူး။ အတွေ့အကြုံတဲ့။ ဖြစ်နိုင်ချေတွေ မရေမတွက်နိုင်အောင် ရှိတာမျိုးကို အတွေ့အကြုံလို့ ခေါ်တယ်။ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး။

“ဝူး။” သူ့ခန္ဒာကိုယ်က အပူလှိုင်းတွေကို ချီကူယန် စုပ်ယူသွားတယ်။ သူမ တကိုယ်လုံး မီးမြိုက်ထားသလို ရဲရဲနီနေပြီ။

သူမ သက်တောင့် သက်သာ မရှိတာကို ဖန်ကျန်းရှီ ခံစားမိတယ်။ သူမရဲ့ လှုပ်ရှားနေတဲ့ လက်တွေလည်း ရပ်တန့် သွားပြီးတော့ အဆကတ်မပြတ် တုန်ယင်နေတယ်။ တကယ်တမ်း ခံစားဖူးတဲ့ လူတစ်ယောက်အနေနဲ့။ အပူလှိုင်းတွေကို ဒုတိယ တစ်ခေါက် စုပ်ယူတာက ပိုပြီးတော့ နာကျင်ရမှန်း သူသိတယ်။ ပထမ တစ်ခေါက်ထက် ပိုဆိုးတယ်။ သူစိုးရိမ် မိတာက တတိယ တစ်ကြိမ်ကိုပဲ။

ဖန်ကျန်းရှီ စိတ်ထဲမှာ ပြဿနာကြီး တစ်ခုကို စဉ်းစားမိတယ်။ ထင်ရှားတဲ့ ပြောစကား တစ်ခု စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ ယောကျားတိုင်း ကြားချင်တဲ့ စကားက အမျိုးသမီးတစ်ယောက် (လိုချင်တယ်လို့ ပြောတာပဲ။)

ပိုပြီးတော့ ကြောက်စရာ ကောင်းတဲ့ စကားကတော့ (ပိုပိုပြီးတော့ လိုချင်တယ်။)

“ငလူး ကံတရား။ ငါ ဘယ်နှစ်ကြိမ်လောက် ခံစား နေရအုန်းမှာလား။” ဖန်ကျန်းရှီ သူ့မျက်စိရှေ့က မျက်ဝန်းတွေကို စိုက်ကြည့်တော့တယ်။ ဒီမျက်ဝန်းတွေက ကောင်းကင်က ကြယ်တာရာတွေလို လင်းလက်လာတယ်။

အပိုင်း (၆၇၄)ပြီး၏။

အပိုင်း (၆၇၅)

“ယင်နဲ့ ယန်ရဲ့ အစွန်း နှစ်ဖက်။”

လှပလွန်းတယ်။

ချီကူယန်က တကယ့်ကို လှပတာ အမှန်ပဲ။ သူမရဲ့ မျက်နှာ သွင်ပြင်က တော်ဝင်ဆန်တယ်။ ခန္ဒာကိုယ်က ကျက်သရေရှိပြီး တင့်တယ်တယ်။

အခုချိန်မှာ ဒီမိန်းမလှလေးက အပူလှိုင်း မီးတောက်တွေကြားမှာ ကိုယ့်ကိုယ်ကို ကြံ့ကြံ့ခံ နေရတယ်။

ခန္ဒာကိုယ် တစ်ခုလုံးက ချွေးတွေ ရွဲနှစ်နေသလို လူကလည်း မျက်မှောင်ကြုတ် နေခဲ့တယ်။ သူမ တကယ့်ကို နာကျင် ခံစား နေရမှန်း ကြည့်ရုံနဲ့ သိနိုင်တယ်။

နာကျင်နေပင်မယ့် ခန္ဒာကိုယ်က အပူလှိုင်းတွေကို စုပ်ယူနေတာ မရပ်တန့်ဘူး။ နာကျင်မှုကို တော့င်ခံ နေခဲ့တယ်။ ဆုံးဖြတ်ချက် ခိုင်မာလွန်းတာက ကြောက်စရာ ကောင်းတယ်။

ချီကူယန်က သူ့ကို အနားယူဖို့ အချိန် ပေးပြီးတော့ ပြန်ကောင်းအောင်လုပ်ပေးချင်တာ ဖန်ကျန်းရှီ သိတယ်။ ဒါကြောင့်ပဲ အပူလှိုင်းတွေကို ခန္ဒာကိုယ်ထဲမှာ သိမ်းဆည်းထားတာ။ ဒါပေမယ့် သူက ယောကျာ်း တစ်ယောက်လေ။ တစ်ခါတလေ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။

ရှေးဆိုရိုး တစ်ခု ရှိတယ်။ “ကောင်းကင်က လူတစ်ယောက်ကို အခွင့်အရေး ပေးမယ်ဆိုရင်။ ဆန္ဒရှိရှိ အားအင် အပြည့်နဲ့ လုပ်ဆောင်ရမယ်။ အရိုးထဲ အသွေးအသား ထဲကနေ၊ မကြောက်မရွံ့ပဲ လုပ်ဆောင်ရမယ်။ နှလုံးသားကို တည်ငြိမ်အောင် လုပ်ပြီးတော့၊ မယိမ်းယိုင်ပဲ နေရမယ်။ ဒါမှသာ တာဝန် ပြီးမြောက်မယ်။”

“နောက်ထပ် အကြိမ်ရေ နည်းနည်းလောက် ထပ်လုပ် အုန်းမှာလား။” ဖန်ကျန်းရှီရဲ့ လက်တွေက ချီကူယန့် ခါးကို သိုင်းဖက်ထား ခဲ့တယ်။ အဲ့ဒီ့နောက် နောက်တစ်ခေါက် လေပူတွေကို ရှူသွင်းလိုက်တယ်။ ဒီလှုပ်ရှားမှုက ချီကူယန်ကို အံ့သြသွား စေတယ်။ ခပ်မြန်မြန်ပဲ သူမရဲ့ အံ့သြမှုက ပျောက်ကွယ် သွားတယ်။ နှင်းတွေကိုတောင် အရည်ပျော် စေနိုင်မယ့် နွေးထွေးမှု သူမ မျက်ဝန်းမှာ ထင်ဟပ်လာတယ်။ အဲ့ဒီ့နောက် ချီကူယန်က ဖန်ကျန်းရှီကို ပြန်ပွေ့ဖက်တယ်။

“ဝုန်း။” အပူတွေ သူ့ခန္ဒာကိုယ်ထဲကို တဟုန်ထိုး ဝင်လာပြန်တယ်။ အံကြိတ်ရင်း သေတော့မလို ခံစား နေရတယ်။ တကယ့်ကိုပဲ ယောကျာ်း တစ်ယောက် ဖြစ်ရတာ မလွယ်ဘူး။ ဘယ်လောက် ကြာကြာ တောင့်ခံ နိုင်အုန်းမလဲ ဖန်ကျန်းရှီ မသိတော့ဘူး။ တတိယ တစ်ခေါက် စုပ်ယူမှုက သူ့ကို သတိလွတ် သွားစေတယ်။ တစ်ကိုယ်လုံး အရမ်းကို လေးလံ လာပြီ။ တကယ်ပဲ သေရတော့မှာလား။

ကြယ်အလင်းတန်းက ချီကူယန်ရဲ့ လက်ထဲက ထွက်ပေါ် လာပြီးတော့ သူ့ခန္ဒာကိုယ်ထဲကို ဝင်ရောက်တယ်။ ဒါပေမယ့် ဒီလောက် အအေးဓာတ် သူ့ကိုယ်တွင်းမှာ ဖြစ်နေတဲ့ အပူနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ဘူး။ သူ့ရဲ့ လောကကြီး တစ်ခုလုံး မှောင်မည်းသွားတယ်။ သူသတိလစ် သွားခဲ့ပြီ။

ချီကူယန်ကို ဖက်ထားတဲ့ ဖန်ကျန်းရှီရဲ့ လက်တွေ ပြေလျော့ သွာတယ်။ နောက်ထပ် မလှုပ်ရှား နိုင်တော့ဘူး။ ဒီတစ်ခေါက် နာကျင်မှုက အရမ်းကို ပြင်းထန်လွန်းနေတယ်။ သူတွေးထားတာ ထက်တောင် ပိုပြီးတော့ ပြင်းထန် သေးတယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က အပူတွေ နောက်တစ်ခေါက် ပြန်ပြီး စုပ်ယူ ခံလိုက်ရတယ်။ တကိုယ်လုံး တုန်ယင် လာပြီး အသားအရေက မီးလို နီရဲလာတယ်။

“မဖြစ်ဘူး။ အစ်မကြီး ချီကူယန် နောက်ထပ် စုပ်ယူလို့ မဖြစ်တော့ဘူး။”

“အကယ်၍ ဒီအတိုင်းသာ ဆက်သွားရင်၊ သူတို့ နှစ်ယောက်လုံး အတူတူ သေသွားလိမ့်မယ်။”

“မဖြစ်ဘူး။ ဒါမျိုး ဖြစ်လာစေလို့ မရဘူး။”

ကောင်းကင် တာအို တပည့်သားတွေ ဒီမြင်ကွင်းကို မြင်တော့၊ သူတို့ အားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြတယ်။ မုချင်းဖန်းလည်း ချီကူယန့် ခန္ဒာကိုယ်ရဲ့ အပြောင်းအလဲကို သတိထားမိတယ်။ နာကျင်နေတဲ့ မျက်နှာကိုရော၊ ခန္ဒာကိုယ်က အငွေ့ပျံနေတဲ့ စွမ်းအားတွေကိုပါ မြင်နေရတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ချီကူယန်ကို ကူညီ ချင်ပေမယ့်၊ သူ့ရှေ့မှာ ရပ်နေတဲ့ ထျန်းရှင်းနဲ့ ဝမ်လဲ့က အခွင့်အရေး ပေးမှာ မဟုတ်မှန်း သူသိတယ်။

သူဘာလုပ် နိုင်မှာလဲ။ မုချင်းဖန်းလည်း အဆုံးသတ်ကို စောင့်ကြည့် နေခဲ့တယ်။

“ခန်းမခေါင်းဆောင်၊ ချီကူယန် တွေးနေတာကို အကြံပြု ချင်တယ်။ ဒီကောင်လေးရဲ့ ခန္ဒာကိုယ်ကို သုံးပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို ဆေးလုံး အဖြစ် ပြောင်းလို့ ရတယ်။ ဒါပေမယ့် လူသား ခန္ဒာကိုယ် တစ်ခုက တကယ့် ဆေးကျိုအိုး အစစ်နဲ့ ဘယ်လိုများ ယှဉ်လို့ ရမှာလဲ။ နောက်ပြီးတော့ သူ့ကြည့်ရတာလဲ ဆေးဖော်တဲ့ နေရာမှာ ပညာရှင် မဟုတ်ဘူး။” ဒီအချိန်မှာ လူတစ်ယောက်က ထုတ်ပြောတယ်။

ဒါက ယင်ယန် ခန်းမရဲ့ ဝမ်လဲ့။ မုချင်းဖန်းက ဘာမှ မပြောတော့ဘူး။ အဲ့ဒီ့အစား မျက်မှောင်ကြုတ် နေတယ်။

ဝမ်လဲ့ကတော့ အမူအယာ မပြောင်းလဲဘူး။ အမှန်တရား ဆိုတာ သူသိတယ်လေ။ လူသား တစ်ယောက်ရဲ့ ခန္ဒာကိုယ်နဲ့ စိတ်ဝိဉာဉ်က ကန့်သတ်ချက် ရှိတယ်။ လိုအပ်တာထက် ပိုသုံးမိရင်၊ ခန္ဒာကိုယ်က ပျက်စီး သွားလိမ့်မယ်။

“ခေါင်းဆောင်ထျန်းက သူ့ရဲ့ နှစ်တစ်ထောင် မီးဆေးပင်ကို လိုချင်တယ်။ ဒါပေမယ့် အခု အခြေအနေကို ကြည့်ရင်၊ ချီကူယန် ဒီလို ဆက်လုပ် နေလို့ကတော့၊ ဆေးဖော်လို့ အောင်မြင်မှာ မဟုတ်ဘူး။ သူမ မအောင်မြင်ရင်၊ မီးဆေးပင်လည်း ပျက်စီးသွား လိမ့်မယ်။ ဘာမှ ပြန်ရမှာ မဟုတ်ဘူး။” ဝမ်လဲ့လည်း မုချင်းဖန်း ဘာမှ မပြောတော့ တာကို သတိထားမိတယ်။ ထျန်းရှင်းကို သူလှည့်ကြည့်တယ်။

“မင်းဘာလို ချင်တာလဲ။” ထျန်းရှင်းက ဝမ်လဲ့ကို ကြည့်ရင်း မျက်လုံးတွေ မှေးစင်းသွားတယ်။

“ကျွန်တော့်မှာ အစီအစဉ် ရှိတယ်။ ခန်းမ ခေါင်းဆောင်မုနဲ့ ခန်းမခေါင်းဆောင်ထျန်းက ဒါကို ထုတ်ပြောတာ ကြားချင်ရဲကလား။” ဝမ်လဲ့ ပြုံးလိုက်တယ်။

“ပြော။” ထျန်းရှင်း ပြောတယ်။

“ချီကူယန်ရဲ့ စွမ်းအားနဲ့ ဆိုရင်၊ နှစ်တစ်ထောင် မီးဆေးပင်ကို ဆေးလုံး ပြောင်းချင်ရင်တောင်၊ အနည်းဆုံးတော့ ၁၀ ကြာမှာပဲ။ ထူးဆန်းတဲ့ ဆေးလုံးဖော်ဆပ်နည်းကို သုံးမယ် ဆိုရင်တောင်၊ ၁၀နာရီကနေ ၁၂နာရီ ကြာမြင့်မှာပဲ။ ကျွန်တော် ပြောတာ မှန်ရဲ့လား။” ဝမ်လဲ့ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ဆက်ပြော။” ထျန်းရှင်း ပြောတယ်။

မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုမှာ တစ်ခုချင်းစီတိုင်းက အထူးပြု အရာတွေ ရှိတယ်။ ကောင်းကင် တာအို ခန်းမက တာအိုကို အဓိက ထားတယ်။ ဓားပညာကို လေ့ကျင့်တယ်။ ယင်ယန် ခန်းမက မိုးမြေ သဘာ၀ ယင်ယန်ကို လေ့ကျင့်တယ်။ သူတို့ရဲ့ ဆေးဖော်တဲ့ ပညာက ထိပ်တန်း အဆင့်။

ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် ဝမ်လဲ့က သူ့အတွေးအခေါ်ကို ယုံကြည်တယ်။

“ချီကူယန်ကို ကျွန်တော်တို့ ကူညီဖို့ နည်းလမ်းက ရိုးရှင်းပါတယ်။ နှစ်တစ်ထောင် မီးဆေးပင်သာ ဆေးလုံး ပုံစံ ပြောင်းသွားရင်၊ ဒီကောင့် ခန္ဒာကိုယ်ထဲက ပြန်ထုတ်လို့ ရတယ်။ ခန်းမ ခေါင်းဆောင်တို့ သဘောတူရဲ့လား။” ဝမ်လဲ့ ဒါကို ပြောပြီးတဲ့နောက် မုချင်းဖန်းကို လှည့်ကြည့်တယ်။

“ဆေးလုံး ပုံစံ ဖြစ်အောင် လုပ်ပြီးတော့ ကျင့်ကြံမယ်။” ထျန်းရှင်း မျက်လုံး မှေးသွားပြန်တယ်။

“ချီကူယန်ကို ကယ်တင်ပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကိုလည်း ပြန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။” ဝမ်လဲ့က ဆက်ပြောတယ်။

“ကောင်းပြီလေ။ ငါတို့ မင်းပြောတာ နားထောင်မယ်။ အဖိုးကြီးမု၊ မင်းက ချီကူယန်ကို ကာကွယ်ချင်တယ်။ ငါလည်း သူ့ကို မထိခိုက် စေချင်ဘူး။ ငါလိုချင်တာက နှစ်တစ်ထောင် မီးဆေးပင်ပဲ။ နှစ်ဦး နှစ်ဖက် အကျိုးရှိအောင် လုပ်ကြစို့။” ထျန်းရှင်း နောက်ဆုံးမှာ အံကြိတ်ရင်း သဘောတူလိုက်တယ်။

“မလုပ်ပါနဲ့ ခန်းမ ခေါင်းဆောင်။” မုချင်းဖန်း မပြောနိုင်ခင်၊ ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။ “အကယ်၍ ကျွန်တော်တို့သာ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ဆေးလုံးကို အတင်းအကြပ် ထုတ်ယူရင်၊ ဖန်ကျန်းရှီ သေလိမ့်မယ်။”

“အမ်။ အဲ့တာ ဖန်ကျန်းရှီလား။ သူက အင်အားကြီးလို့လား။” ဧကရာဇ် လင်းမုပိုင်ရဲ့ စကားတွေကို ကြားတော့ ဝမ်လဲ့ အေးစက်စက် လှောင်ရယ်တယ်။ “သူ့ရဲ့ အဝတ်အစားတွေကို ကြည့်ရတာတော့ ကောင်းကင် တာအို ခန်းမ တပည့်သားနဲ့လည်း မတူပါဘူး။”

“အဖိုးကြီးမု။ ငါတော့ နောက်ဆုတ်လိုက်ပြီ။ မင်းက ကောင်းကင် တာအို ခန်းမကို မဝင်ရသေးတဲ့ လူတစ်ယောက် အတွက်နဲ့ ငါ့ကို ရန်သူ အဖြစ်ခံမလို့လား။” ဒီအချိန်မှာ ထျန်းရှင်းရဲ့ အကြည့်တွေက အေးစက် နေခဲ့တယ်။

“ဂျွတ်။” မုချင်းဖန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် ဘာမှ မပြောဘူး။ ဒါပေမယ့် ချီကူယန်ရဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း စိတ်ထဲမှာ နာကျင်နေမိတယ်။

တကယ်တော့ ခက်ခဲတဲ့ ရွေးချယ်မှု မဟုတ်ဘူး။ ဝမ်လဲ့နဲံ ထျန်းရှင်း ပြောခဲ့တဲ့ အတိုင်း၊ ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမ တပည့်သား မဟုတ်ဘူး။ အပြင်လူ တစ်ယောက် အတွက်နဲ့ တောင်စဉ် ကိုးသွယ်ကို ရန်သူ အဖြစ်ခံရ မှာလား။ နောက်ပြီးတော့ အခြေအနေ ကလည်း အရမ်းကို အရေးတကြီး ဖြစ်နေ်တယ်။

ချီကူယန်ရဲ့ အမူအယာကို ကြည့်ရင်း သူနားလည် မိတယ်။ သူမကတော့ ဖန်ကျန်းရှီကို စွန့်ပြစ်မှာ မဟုတ်ဘူး။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားရင်၊ ချီကူယန်တောင် အသက်သေ သွားနိုင်တယ်။

“ဆရာ။”

“အစ်မကြီးကို ကယ်တင်ပေးပါ ဆရာ။”

“အစ်မကြီး နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။”

ကောင်းကင် တာအို တပည့်သားတွေ မုချင်းဖန်း တိတ်ဆိတ် နေတာကို သတိထားမိတယ်။ သူတို့တွေရဲ့ မျက်နှာေပေါ်မှာ ထိတ်လန့်တကြား စိုးရိမ်မှုတွေ ပေါ်လွင်နေတယ်။ သူဘာမှ မပြောတော့ဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။

ထျန်းရှင်းတော့ တွေေ၀ မနေတော့ဘူး။ ဖန်ကျန်းရှီနဲ့ ချီကူယန်ဆီကို ပြေးဝင်လာတယ်။ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း အေးစက်စက် ပြုံးနေခဲ့တယ်။

“ခွေးကောင်။ ငါ့ကို အပြစ်မတင်လေနဲ့။ မင်းဘာမင်း မစားသင့်တဲ့ ဆေးပင်ကို စားမိတာ။” သူပြောပြီးတဲ့နောက် ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်တယ်။ ပြင်းထန်တဲ့ အင်အားတွေ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲကို စီးဝင်လာတယ်။

မုချင်းဖန်းက ဒါမျိုး မလုပ်နိုင်မှန်း သူသိတယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စိတ်အာရုံ နယ်မြေကို ဖျက်စီးပြီးတော့ ဒုက္ခိတ ဖြစ်အောင် လုပ်ရမယ်။ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် ကိစ္စပဲ။

ဖန်ကျန်းရှီ ဆေးလုံးကို စုပ်ယူ ချေဖျက်သွားမှာ အဖြစ်မခံ နိုင်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီးမှပဲ မုချင်းဖန်းလည်း သူ့ဆုံးဖြတ်ချက်ကို နောင်တ မရမှာ။ နောက်ဆုံးတော့လည်း မုချင်းဖန်းက တောင်စဉ် ကိုးသွယ်ရဲ့ ရန်သူတော့ အဖြစ်ခံမှာ မဟုတ်ဘူးလေ။

“ငလူးပဲ။” ဖန်ကျန်းရှီ အော်ဟစ် ကျိန်ဆဲ ချင်ပေမယ့်၊ ချီကူယန်က သူ့ကို တားဆီးထားတယ်။ ဘာမှ မပြောနိုင်ဘူး။

ထျန်းရှင်းက မီးလောင်ရာ လေပင့် နေမယ်လို့ မထင်ထားမိဘူး။ သုခမိန် အဆင့် လူတွေက ပိုပြီးတော့ သည်းခံ တတ်မယ် ထင်ထားခဲ့တာ။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီ နောက်က ဝမ်လဲ့လည်း လှုပ်ရှားတယ်။ ဒါပေမယ့် သူက ဖန်ကျန်းရှီရဲ့ ဗိုက်ကို လာရိုက်တာ၊ ပြင်းထန်တဲ့ စွမ်းအားတွေ သူ့အစာအိမ်ထဲကို ဝင်ရောက်လာတယ်။ ဒီအချိန်မှာပဲ ခန္ဒာကိုယ်ထဲကို ချီစွမ်းအင်တွေ စီးဝင်လာတာ ခံစားမိလိုက်တယ်။

ဝမ်လဲ့ရဲ့ ဆေးဖော်စပ်တဲ့ ပညာက ချီကူယန်ထက် ပိုသာတာ အသိသာကြိးပဲ။ ဒါပေမယ့် ဝမ်လဲ့က သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ ချီကူယန် ဆေးဖော်တာကို ထျန်းရှင်း ခွင့်ပြုအောင် ဖြောင်းဖျတာ ဘာကြောင့်လဲ။ ဆေးဖော်တာ အောင်မြင် စေဖို့လား။ ဖန်ကျန်းရှီ ဒီလို မထင်ဘူး။ သူက ငတုံးမှ မဟုတ်ပဲ။

နောက်ပြီးတော့ ငတုံး ဆိုရင်တောင် ဝမ်လဲ့ရဲ့ နှစ်ဖက်လုံး ငြိမ်းချမ်း စေမယ့် အစား၊ အထိနာ စေချင်တဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်တယ်။ ဒါဆိုရင် ဘာကြောင့်များ ဝမ်လဲ့က ထျန်းရှင်းနဲ့ မုချင်းဖန်းကို ညှိနှိုင်းပေး နေတာလဲ။

ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ။ ချီစွမ်းအားတွေ လျင်လျင်မြန်မြန် လည်ပတ်နေတာကို ခံစားမိတယ်။ လှည့်ပတ်ရင်း တဖြည်ဖြည်း ပြောင်းလဲလာတယ်။ အစွန်း နှစ်ဖက် ကွဲထွက်သွားတယ်။ ယင်နဲ့ယန်လား။ ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် ချီတွေ ကွဲထွက် နေတာကိုတော့ ခံစားနိုင်တယ်။

ယင်ယန် ကွဲထွက် သွားပြီးတဲ့နောက် မီးဆေးပင်ရဲ့ အပူတွေလည်း လျော့ကျသွားတယ်။ ဒါပေမယ့် ခန္ဒာကိုယ်ထဲမှာ စုပ်ယူတာကို မခံစားရဘူး။ ဆွဲထုတ်သလို ခံစား နေရတယ်။ ပိုးကောင်ကနေ ပိုးချည်မျှင် ထုတ်ယူနေ သလိုပဲ။ တစ်မျှင်ချင်းစီ ဆွဲထုတ် ခံနေရတယ်။ စွမ်းအားတွေ စုပ်ယူတာကို ခံစား ရပြီးတဲ့နောက်၊ သူ့ခါးပေါ်မှာ ရှိနေတဲ့ ဝမ်လဲ့ရဲ့ လက်ဝါးက တဖြည်းဖြည်း ပူလာတာ အာရုံခံမိတယ်။

“အခု အခြေအနေကို အခွင့်ကောင်း ယူမလို့လား။” ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ နားလည်သွားတယ်။ အခု အချိန်မှာ ဝမ်လဲ့ တွေးနေတာကို မသိဘူး ဆိုရင်၊ တကယ့် အရူး ဖြစ်သွား လိမ့်မယ်။ ဆေးဖော်တဲ့ နေရာမှာ ကျင့်ကြံဖို့ ကူညီ ပေးမယ် ဆိုတာက အကြောင်းပြချက် တစ်ခုပဲ။

ဝမ်လဲ့ရဲ့ တကယ့် အကြောင်းပြချက် အစစ်အမှန်က ဖန်ကျန်းရှီကို လူသား ဆေးကျိုအိုး အဖြစ် သုံးပြီးတော့ ဆေးဖော်ဖို့ပဲ။ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားတွေကို သူ့ခန္ဒာကိုယ်ထဲ စိမ့်ဝင်အောင် စုပ်ယူ ချင်နေတယ်။

ကောင်းလိုက်တဲ့ အစီအစဉ်။ ကြင်နာလိုက်တဲ့ အပြုအမူ။ ဖန်ကျန်းရှီ နှလုံးသားထဲမှာ နာကျင်လာတယ်။ ဝမ်လဲ့က ဘာမှ မလုပ်ပဲ ဆေးလုံး ထွက်လာတာကို စောင့်နေတာပဲ။ ဆေးလုံး ထွက်လာပြီးတာနဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်လိမ့်မယ်။ ဖန်ကျန်းရှီကို သတ်လိုက်ရင်တောင် ဘယ်သူမှ သူလုပ်တာ သိမှာ မဟုတ်ဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ဆေးဘယ်လောက် ထုတ်နိုင်မလဲ ဘယ်သူမှ မသိဘူး။ အတော့်ကို ခြောက်ပြစ်ကင်းတဲ့ အစီအစဉ်ပဲ။ ဖန်ကျန်းရှီ အခုချိန်မှာ စကားမပြောနိုင် တော့တာက ပိုပြီး အရေးကြီးတယ်။

အခုချိန်မှာ သူနားလည် သွားတယ်။ သုခမိန် အဆင့် ရောက်သွားတဲ့ သူတိုင်းက ဝံပုလွေတွေပဲ။ ထိပ်ဆုံးကို ရောက်အောင် တက်နေကြတဲ့ သူတွေ။ မင်းတို့တွေ ပိုပြီးတော့ မြင့်မြင့် သွားလေလေ။ ပိုပြီးတော့ ခက်ခဲလေပဲ။ တစ်လှမ်းချင်းစီ အပေါ်တက်လို့လဲ ရတယ်။ ပြေးတက်လို့လဲ ရတယ်။ နာကျင်မှုကို ခံစားဖို့ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။

“ယင်ယန် အစွန်း နှစ်ဖက်။ ချီတွေ စီးဆင်း။” ဖန်ကျန်းရှီ စိတ်ထဲမှာ ပြဿနာကို တွေးတော နေတယ်။ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေတဲ့ ချီကူယန်ကို ပြန်ကြည့်မိတယ်။ သူမ မျက်ဝန်းထဲမှာ တူညီတဲ့ အမူအယာကို တွေ့မိတယ်။ တောင့်ခံရမယ်။

…

အပူတွေက ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ ခန္ဒာကိုယ်မှာ မနားတမ်း လှည့်ပတ်နေတယ်။ ဒီလှည့်ပတ်မှုကြောင့် ချီကူယန် ပိုပိုပြီးတော့ နာကျင်လာတယ်။ မျက်ဝန်းတွေကတော့ ပိုတောက်ပ လာခဲ့တယ်။ ကြယ်တာရာတွေလိုပဲ။ ကောင်းကင် တာအို တပည့်သားတွေနဲ့ တောင်စဉ် ကိုးသွယ်က တပည့်သားတွေ တိုက်ခိုက်တာ ရပ်လိုက်ကြပြီ။

လူတိုင်းက ဖန်ကျန်းရှီ့ ခန္ဒာကိုယ်က ဆေးထွက် လာတာကို စောင့်နေကြတယ်။ ထျန်းရှင်းနဲ့ ဝမ်လဲ့ နှစ်ယောက်လုံးက ချီကူယန် ဆေးဖော်တာကို ကူညီနေတယ်။ မုချင်းဖန်းရဲ့ လက်မှာတော့ အပြာရောင် အလင်းတန်း ရှိနေတယ်။ ဒီအပြာရောင် အလင်းတန်းက ချီကူယန်ရဲ့ ခန္ဒာကိုယ်ကို ဝန်းရံထားရင်း အပူချိန်ကို လျော့ချပေး နေတယ်။

ဖန်ကျန်းရှီ ကတော့ ဒီလို ကုသမှုမျိုး မရဘူး။ ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတွေက သူ့ကို ရေလောင်းပေးတယ်။ တစ်ချို့တော့ စွမ်းအင် ထုတ်ပြီးတော့ ရေကို ရေခဲ အဖြစ် ပြောင်းပေးတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် အတွင်းထဲမှာ မီးလို ပူနေပင်မယ့် အသားကတော့ ရေခဲလို အေးစက်နေတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ပဋိပက္ခဖြစ်နေတယ်။

ရေခဲနဲ့မီး။ မီးနဲ့ ရေခဲ။ ယင်နဲ့ ယန်။ ရုတ်တရက် ဖန်ကျန်းရှီ မျက်လုံးပွင့်လာတယ်။ သူ့ရဲ့ မှုန်ဝါးနေတဲ့ အမြင်အာရုံ ချက်ခြင်း ရှင်းလင်းသွားတယ်။ အစေ့တစ်စေ့ အညှောင့်ထွက် လာသလိုပဲ။

အပိုင်း (၆၇၅) ပြီး၏။

အပိုင်း (၆၇၆)

“အဲ့တာ ဖြတ်သွားတဲ့ နေရာတိုင်းမှာ၊ ဘာမှ မကြီးထွား မပေါက်ရောက်နိုင်ဘူး။”

သေးငယ်တဲ့ အမှုန်လေးတွေ အများကြီး စုဝေးပြီးတော့ ကျောက်တုံး ဖြစ်လာနိုင်တယ်။ ရေစက်ရေပေါက်တွေ အများကြီး စုဝေးပြီးတော့ သမုဒ္ဒရာ ဖြစ်လာတယ်။ ဒီလိုပဲ၊ အစေ့ တစ်စေ့ကို စိုက်ပျိုးလိုက်ရင် မိုးထိအောင် မြင့်မားတဲ့ သစ်ပင်ကြီး ဖြစ်လာ နိုင်သလို၊ သစ်တောကြီး တစ်ခုလည်း ဖြစ်လာနိုင်တယ်။

ဖန်ကျန်းရှီ ဒီသဘောတရားကို ကောင်းကောင်း နားလည်တယ်။ ဒါကြောင့်ပဲ ပြန်လည် မွေးဖွားမှု စက်ဝန်းမှာ ရှိတဲ့ ကောင်းကင် တာအိုနဲ့ သေရှင် တာအိုကို သုံးနိုင်တာ။ ဒါပေမယ့် အခုတော့ ယင်ယန် အကြောင်းနဲ့ ပတ်သက်ပြီး တူညီတဲ့ ယူဆချက်ကို ကြားနေရတယ်။

အရင် ဘဝမှာတော့၊ ယင်ယန်ကို နည်းနည်း နားလည်ခဲ့တယ်။ ရိုးရိုးရှင်းရှင်း ပြောရရင်၊ ယင်ယန်က သဘာ၀ ပြောင်းလဲမှုတွေ အားလုံးရဲ့ အခြေခံပဲ။ အရာ အားလုံးရဲ့ နောက်ကွယ်က စွမ်းအင်ရိုင်း။ မွေးဖွား၊ ကြီးထွား၊ ရင့်မှည့် ချိန်ကနေ သေဆုံးတဲ့ အချိန် အထိ အရာအားလုံးရဲ့ နောက်ကွယ်က စွမ်းအားပဲ။ အကျဉ်းချုပ် ပြောရရင်၊ ဆက်သွယ်ချက် လေးခု ရှိတယ်။ ယင်နဲ့ယန်ကြားက တုံ့ပြန်မှု။ ယင်ယန် ပေါင်းစည်းမှု၊ ယင်ယန် ပဋိပက္ခ၊ ယင်ယန်နဲ့ နှစ်ခုလုံးက အခြေတူကြတယ်။

ပထမ အစပိုင်းမှာ သဘာဝရဲ့ ဖြစ်စဉ်တွေကို ခြေရာကောက်တယ်။ ဒါပေမယ့် မိုးမြေ၊ နေလ၊ နေ့ည၊ အပူအအေး၊ ယောကျာ်း မိန်းမ ဖြစ်စဉ်တွေနဲ့လည်း ဆက်နွယ်နေတယ်။

“ဆန့်ကျင်ဘက်၊ ဒါပေမယ့် အခြေတူတယ်။ လူတစ်ယောက်ရဲ့ ဝင်လေ ထွက်လေ အကူးအပြောင်း စီးဆင်းတာကို အခြေခံပြီးတော့ ယင်ယန် ပုံစံ နှစ်ခုကိုလည်း ခွဲခြားနိုင်တယ်။”

ဖန်ကျန်းရှီ ချက်ခြင်း နားလည် သဘော ပေါက်သွားတယ်။ သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ အစွမ်းကို စုပ်ယူ ကျိုချက်နေတယ်လို့ ဝမ်လဲ့ တွေးတော နေတာကို သူနားလည် သွားတယ်။ ရုတ်တရက် နှလုံးသား တံခါး တစ်ချပ် ပွင့်သွား သလိုပဲ။

“ယင်ယန်။ ဒါပဲပေါ့။” ဖန်ကျန်းရှီ ရယ်မော ချင်ပေမယ့် သူ့ပါးစပ်ကို တင်းတင်း ကြပ်ကြပ် အပိတ်ခံ ထားရတယ်။ မရယ်နိုင်ဘူး။ ဒါပေမယ့် သူကလည်း အသားယူ ခံနေရတာကို ပျော်ရွှင်နေတဲ့ လူတစ်ယောက်တော့ မဟုတ်။ အရင်ဆုံး ဒါကို သည်းခံမှ ဖြစ်မယ်။ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားကို ထိန်းချုပ်ရမယ်။ အရင်တုန်းကတော့ သူ့မှာ ပျောက်ဆုံး သွားတဲ့ ပစ္စည်းကို ပြန်ယူဖို့ စွမ်းအား မရှိဘူး။ ဒါပေမယ့် အခုတော့ ကိစ္စတွေက ကွာခြား သွားပြီ။

ဝမ်လဲ့ လုပ်သလို စွမ်းအားတွေကို ခန္ဒာကိုယ်ထဲ စုပ်ယူဖို့ ပြင်ဆင်လိုက်တယ်။ သူလုပ်တော့မယ့် အချိန်မှာပဲ ရုတ်တရက် ရပ်တန့် သွားတယ်။

“ငါ ဝမ်လဲ့ လုပ်သလို လုပ်လို့ မဖြစ်ဘူး။ သူနဲ့ နည်းလမ်း အတူတူ သုံးလိုက်ရင်၊ စွမ်းအားတွေ တူသွားလိမ့်မယ်။” ဖန်ကျန်းရှီ စိတ်ထဲမှာ ခေါင်းခါမိတယ်။

ဝမ်လဲ့ နည်းလမ်းကို သုံးပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားကို စုပ်ယူရင်၊ နှစ်ဦး နှစ်ဖက် ညီတူညီမျှ အခြေအနေပဲ ရောက်မယ်။ ဝမ်လဲ့က ချန်းဝူနဲ့ အဆင့် မတူဘူး။

ချန်းဝူက ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ပဲ ရှိသေးတယ်။ သူ့ရဲ့ သေရှင် တာအို ဖြစ်စဉ်ကလည်း မကောင်းမွန် သေးဘူး။ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် ဝမ်လဲ့ရဲ့ စွမ်းအားက ချန်းဝူနဲ့ အတော်ကြီး ကွာတယ်။ ဖန်ကျန်းရှီ ခန့်မှန်းကြည့် စရာတောင် မလိုဘူး။ ဝမ်လဲ့က သုခမိန် အဆင့် ရောက်နေပြီမှန်း သူသိတယ်။ သုခမိန်တွေထဲမှာ အားနည်းတဲ့ သူလည်း မဟုတ်နိုင်ဘူး။

အတွေးအခေါ် အရတောင် ဖန်ကျန်းရှီနဲ့ စွမ်းအားတွေက အကွာကြီးပဲ။ ဒီတော့ ဘာဖြစ်မလဲ။ အကယ်၍ ဖန်ကျန်းရှီသာ လှုပ်ရှားလိုက်ရင်၊ ဝမ်လဲ့လည်း ချက်ခြင်း တုံ့ပြန်မှာပဲ။ ဝမ်လဲ့သာ နောက်ဘက်ကနေ အလစ်ဝင် တိုက်ရင်၊ ဘယ်လိုလုပ် မလဲ။

ဒီအချိန်မှာ ဝမ်လဲ့က သတိလျော့ထားတယ်။ ပီတိ ဖြစ်နေတာ သိသိသာသာပဲ။ အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်မှန်း သူသိနေတယ်။ အခု အခွင့်အရေးကို လွဲချော်သွားရင် အလကား ဖြစ်သွားလိမ့်မယ်။

ဘာလုပ် ရမလဲ။ လူတစ်ယောက်တည်းက သူ့ကို အနိုင်မတိုက် နိုင်ပေမယ့် လူအုပ်စုကြီးကတော့ အနိုင်တိုက် နိုင်တယ်။ အရမ်းကို ရိုးရှင်းတဲ့ အတွေးအခေါ်ပဲ။ သူ့ရဲ့ အရင် ဘဝမှာ မူကြိုကျောင်းသား တွေတောင် တစ်ယောက်တည်း ရန်ဖြစ်လို့ မနိုင်တာကို သိတယ်။ ဒါကြောင့် သူငယ်ချင်း များများ ဖွဲ့ကြတယ်။

ဖန်ကျန်းရှှီရဲ့ မျက်လုံးတွေ တွေးတောရင်းနဲ့ တောက်ပလာတယ်။ ဒါပေါ့။ သူ့မှာလည်း သူငယ်ချင်းတွေ ရှိတယ်။ မြေပြင်ပေါ်မှာ လဲနေတဲ့ ရန်ရွှယ်ရယ်၊ ရန်ချင်းနဲ့ တိုက်ခိုက်နေတဲ့ နန်ကုန်းမုရယ်။ သူတို့ နှစ်ယောက်က ဘယ်လို တိုက်ခိုက်ရမလဲ ကောင်းကောင်း သိတယ်။ သူတို့ဘေးမှာ ဘာတွေပဲ ဖြစ်နေနေ၊ ဂရုစိုက်မှာ မဟုတ်ဘူး။ သေတဲ့အထိ တိုက်ခိုက်ကြ လိမ့်မယ်။ အရမ်း အာရုံ စိုက်ကြတယ်။

ရှင်းရှင်းလင်းလင်းပဲ ကောင်းကင် တာအို ခန်းမမှာ ရောက်နေတဲ့ လူအများစုက သူတို့ တိုက်ပွဲကို စိတ်မဝင်စား ကြဘူး။ တကယ်တော့ သူတို့ နှစ်ယောက်ရဲ့ တိုက်ပွဲထက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စ ရှိနေတယ်လေ။

ဖန်ကျန်းရှီလည်း တိုက်ပွဲပြီးတဲ့ အချိန်မှ နန်ကုန်းမု လာကယ်မယ်လို့ မတွေးထားဘူး။ ဖြစ်နိုင်ချေက နည်းလွန်းတယ်။ အရေးအကြီးဆုံးကတော့ နန်ကုန်းမုကလည်း ယောကျာ်းကြီးလေ။ သူလည်း ယောကျားပဲ။ ယောကျာ်း နှစ်ယောက်က ယင်ယန် ဖလှယ်လို့ မရဘူး။

ယုတ္တိ မတန်လွန်းတဲ့ ကိစ္စတွေကို ဖန်ကျန်းရှီ သဘောမကျဘူး။ ဒါကြောင့် ချီကူယန်ကို ပြန်လှည့်ကြည့်တယ်။ အဖိုယန်ကို အမ ယင်က လုံး၀ ထိန်းချုပ် ထားတယ်။ ဒါက ပုံမှန် နည်းလမ်းပဲ။ ဒါ့အပြင်၊ အရေးအကြီးဆုံးက သူနဲ့ ချီကူယန် အပူုတွေ ကူးပြောင်းနေတဲ့ စက်ဝန်းပဲ။

အဲ့ဒီ့ အပူလှိုင်းတွေကြောင့် သူတို့ ခန္ဒာကိုယ်ကို ယင်ယန် အစွန်း နှစ်ဖက် ဖြစ်သွားအောင် ပြောင်းလဲ နိုင်တယ်။ ခန္ဒာကိုယ်ကို ရိုက်ခတ်နေတဲ့ စွမ်းအားတွေကို သုံးပြီးတော့ သူနဲ့ ချီကူယန်ကြားက ယင်ယန် စက်ဝိုင်းကို ခွဲထုတ်လိုက်မယ်။ တွေးကြည့်လိုက် ရုံနဲ့တင်၊ စိတ်လှုပ်ရှားနေပြီ။

ဒါပေါ့။ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ ဆေးစွမ်းတွေ အားလုံး ချီကူယန့် ခန္ဒာကိုယ်ထဲ ရောက်သွားတာလည်း ဖြစ်နိုင်တယ်။ ဒီလို ဖြစ်သွားရင် ချီကူယန်ကို ထိန်းချုပ်ဖို့ ပိုခက်ခဲ လိမ့်မယ်။ ဒါပေမယ့် အရာ အားလုံးက ကောင်းကျိုး ဆိုးကျိုးတွေ ရှိတယ်။

အကယ်၍ ဝမ်လဲ့နဲ့ ချီကူယန် နှစ်ယောက်ထဲက တစ်ယောက်ကိုသာ ရွေးရမယ် ဆိုရင်၊ သူဘယ်သူ့ကို ရွေးမလဲ လူတိုင်း သိနိုင်တယ်။ ဒါ့အပြင်၊ နှစ်တစ်ထောင် မီးဆေးပင်ကို ယူလာပြီးတော့ သူ့ကို ဒီလို ထွေးပွေ့ထားတဲ့ လုပ်ရပ်တွေက နှလုံးသားကို အရည်ပျော် သွားစေပြီ။

“တော်လိုက်တဲ့ ကောင်မလေး။” ဒီတစ်ခေါက်တော့ စိတ်ထဲမှာ ချီကူယန်ကို ရာထူး တိုးပေးမိတယ်။ အနောက်ဆောင်ရဲ့ မိခင်လို ရာထူးပေါ့။ နောက်ထပ် စဉ်းစား မနေတော့ဘူး။ အသက်ရှူသွင်း ရှူထုတ်တာကို သုံးရင်းနဲ့ အပူတွေကို ထိန်းညှိနေတယ်။ ဒါပေမယ့် တွေးတောတာနဲ့ လုပ်ဆောင်တာက လုံး၀ ကွာခြားတဲ့ ကိစ္စ နှစ်ခုပဲ။

ဖန်ကျန်းရှီ ခံစားနေရတဲ့ အပူလှိုင်းတွေက အရမ်းကို ပြင်းထန် လွန်းတယ်။ အင်အားကို သုံးပြီးတော့လည်း ဒါကို မဖိနှိပ်နိုင်ဘူး။ ဦးတည်ရာကိုလည်း မပြောင်းလဲ နိုင်ဘူး။ ကံကောင်းစွာနဲ့ပဲ၊ ချီကူယန်က သူနဲ့ ပူးပေါင်းပြီးတော့ စက်ကွင်းကို ပြန်ဖန်တီး ပေးနေတယ်။

ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ ပါးစပ်တွေကနေ ယင်ယန် လှိုင်းတွေက ခန္ဒာကိုယ်ထဲကို ဖြတ်သန်း စီးဆင်းနေတယ်။ ဖန်ကျန်းရှီမှာ စိတ်ကူးရှိတာ မှန်ပေမယ့်၊ ကိစ္စကတော့ ရိုးရှင်းပါတယ်။ လျှာကို သုံးပြီးတော့ ထိန်းညှိရတယ်။

…

အခုချိန်မှာ ချီကူယန် ဘာတွေးနေမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူ့ အတွေးအတိုင်း လှုပ်ရှားတဲ့ အချိန်၊ ချီကူယန်ရဲ့ အမူအယာလည်း သိသိသာသာ ပြောင်းလဲ သွားတယ်။ သူမရဲ့ အမူအယာတင် မကဘူး။ ချီကူယန်ရဲ့ မျက်ဝန်း အကြည့်တွေပါ ပြောင်းလဲ သွားတာ။ မျက်ဝန်းထဲမှာ ဒေါသ မီးတောက်တွေ ထွက်ပေါ်လာတယ်။

ကြယ်တာရာ မျက်ဝန်းတွေထဲမှာ မီးပွားတွေ တဖျပ်ဖျပ် လွင့်မျောလာတယ်။ ချီကူယန်ရဲ့ ခံစားချက်တွေကို ဖော်ပြနေတဲ့ အတိုင်းပဲ။ ဖန်ကျန်းရှီကို စိတ်ထဲက ဆူဆဲနေတာ မြင်သာ နိုင်တယ်။ မှန်ပါတယ်။ ချီကူယန်သာ ပါးစပ် ဖွင့်လို့ ရရင် (အရှက်မရှိတဲ့ သူခိုး)လို့ အော်ဟစ် နေမှာပဲ။

သူမ နားမလည်နိုင်ဘူး။ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ၊ ဖန်ကျန်းရှီက ထုံးစံ အတိုင်း အရှက်မရှိတဲ့ ပုံစံ လုပ်နေ ပြန်တာလား။ အခုလို အချိန်မှာတောင် သူမကို အသားယူနေ သေးတယ်။

ဒီအရှက်မရှိတဲ့ ကောင်စုတ်က နှစ်တစ်ထောင် မီးဆေးပင်ရဲ့ ဆေးလုံးသာ ထွက်လာရင် ဝမ်လဲ့တို့ တိုက်ခိုက်တာ ခံရမှာ မသိဘူလား။

ကျားသစ် တစ်ကောင်က ဘယ်တော့မှ ပုံစံ မပြောင်းဘူး။ ချီကူယန် တကယ့်ကို ဒေါသထွက် နေတယ်။ ဒါပေမယ့် သူ့စိတ်သူ ထိန်းချုပ် ထားတယ်။ ဖန်ကျန်းရှီ လှုပ်ရှားတဲ့ အတိုင်း ရေလိုက် ငါးလိုက် သွားနေတယ်။ ဒီအချိန်မှာ တစ်ခုခု လွဲနေတာကို သတိထား မိသွားတယ်။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲက အပူတွေကို စုပ်ယူတဲ့ အချိန်တိုင်းမှာ နေရာပေါင်းစုံကနေ မထိန်းကွပ်နိုင် ဝင်လာတာကို သူမ အမြဲ ခံစားရတယ်။ အခုတော့ တစ်ခုခု ပြောင်းလဲနေတယ်။ နေရာ မျိုးစုံကနေ ဝင်လာတာ မှန်ပေမယ့်၊ ထိန်းချုပ်ထားတဲ့ ကြိုးကွင်း တစ်ခု ရှိနေသလိုပဲ။

အပူလှိုင်းတွေက အစွမ်း နှစ်ဖက် ကွဲပြား နေကြတယ်။ သူမလည်း သိပ်ပြီးတော့ မသေချာဘူး။ ဒါပေမယ့် အပူတွေက ဒီလို ပြောင်းလဲနေတော့၊ နာကျင်မှုကလည်း သိသိသာသာ လျော့နည်း သွားတယ်။ ချီကူယန် စိတ်ရှုပ်ထွေး နေတဲ့ အချိန်၊ ဖန်ကျန်းရှီလည်း အပူတွေကို နောက်တစ်ကြိမ် စုပ်ယူ လိုက်ပြန်တယ်။

“ဒီလောက် မြန်လား။” ချီကူယန်ရဲ့ နှလုံးသားထဲမှာ သံသယတွေ မြင့်တက်လာတယ်။ ဒီအချိန် တစ်လျှောက်လုံးမှာ ဖန်ကျန်းရှီကို ကယ်တင်ဖို့ အပူတွေကို ကိုယ်ခန္ဒာထဲမှာ အချိန် ကြာကြာ စုပ်ယူ ထိန်းသိမ်းခဲ့တယ်။

ဖန်ကျန်းရှီလည်း သူမလိုပဲ။ ပြောနိုင်တာ။ အပူလှိုင်းရဲ့ စက်ကွင်း တစ်ခုချင်းစီ တိုင်းမှာ၊ သူတို့ နှစ်ယောက်လုံးရဲ့ ခံနိုင်ရည် စွမ်းရည်လည်း တိုးတက်လာတယ်။ အထပ်ထပ် အခါခါ ဒီအတိုင်း ဖြစ်ပျက်နေတယ်။ ဖန်ကျန်းရှီရဲ့ ထူးဆန်းတဲ့ လုပ်ရပ်ကြောင့်၊ ဒီလို ဖြစ်လာတာ အမှန်ပဲ။

သံသယ များနေပင်မယ့် ချီကူယန် ပူေးပါင်း ဆောင်ရွက်တယ်။ အပူတွေကို တွန်းထုတ်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ ပါးစပ်ထဲကို လေပူတွေ မှုတ်ထုတ်လိုက်တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ လျှာက အထိန်း အကွပ်မဲ့ လှုပ်ရှားတော့တယ်။

“..” ချီကူယန် အော်ဟစ် ချင်ပေမယ့် ဘာအသံမှ ထွက်မလာ နိုင်ဘူး။ အပြောင်းအလဲ ထပ်ဖြစ်လာ ပြန်တယ်။ အပူတွေကို ထိန်းညှိရင်း အပြောင်းအလဲကို ဖန်တီးနေတယ်။ ချီကူယန်ရဲ့ ခန္ဒာကိုယ်မှာ အပူလှိုင်းတွေ ပြန်ဝင်လာတယ်။ ဒီတစ်ခေါက်တော့ အစွန်းနှစ်ဖက် ပြောင်းလဲရင်း သိသိသာသာကို ကွာခြား သွားပြီ။ ယင်နဲ့ ယန်ပဲ။

ချီကူယန်က ဉာဏ်စွမ်း အရမ်း ထက်မြက်တဲ့သူ။ ဖန်ကျန်းရှီ လုပ်နေတာကို သူမ နားလည်တယ်။ ဘာကြောင့် လုပ်နေမှန်း ဆိုတာ မသိပေမယ့် ရည်ရွယ်ချက် ရှိမှန်း နားလည်တယ်။ ဒီတော့ အကြောင်းရင်း နှစ်ခုပဲ ရှိနိုင်မယ်။

“ဒီကောင်က ငါ့ကို သူလုပ်တဲ့ အတိုင်း လိုက်လုပ် စေချင် နေတာလား။” ဒီအတွေးက သူမ စိတ်ထဲမှာ ကြာကြာ မခံလိုက်ဘူး။ ချမ်းသာ ကြွယ်ဝပြီး မြင့်မြတ်တဲ့ မိသားစုမှာ မွေးလာပေမယ့်၊ သွေးမြေကျတဲ့ စစ်ပွဲ ကြားမှာ စစ်သူကြီး ဖြစ်ဖို့ ကံတရား ပါလာတယ်။ ဒါကြောင့် (စစ်တပ် မိသားစုက သခင်မလေး ဖြစ်လာခဲ့တယ်။) ဖန်ကျန်းရှီရဲ့ အပြုအမူ အတိုင်း သူမ အတုခိုးပြီး လုပ်ဆောင်တယ်။

…

ဖန်ကျန်းရှီလည်း ဒီတစ်ခေါက်တော့ တကယ့်ကို လန့်နေတယ်။ သူ့ရဲ့ မူလ အစီအစဉ်က ချီကူယန်ကို အရှက်မရှိတဲ့ နည်းလမ်း သုံးပြီးတော့ သူ့ကို တွန်းထုတ်အောင် လုပ်ဖို့ပဲ။ သူ မမျှော်လင့် မိတာက ချီကူယန်က သူ့ကို တွန်းမထုတ်ပဲ သူလုပ်တဲ့ အတိုင်း လိုက်လုပ် နေတာပဲ။ အခုတော့ သူ့အတွက် မခံ မရပ်နိုင် ဖြစ်နေပြီ။ ယောကျာ်း တစ်ယောက်က ဒီလို အသားယူ ခံရတာမျိုး ဘယ်လို ဖြစ်နိုင် ရတာလဲ။

ကြမ်းကြမ်း။ ပိုပြီးတော့ အားသုံးပြီး ခပ်ကြမ်းကြမ်း စုပ်ယူတယ်။ အားပိုထည့်တယ်။

ဖန်ကျန်းရှီ ဘာဖြစ်မှန်း မသိပေမယ့်၊ သူနဲ့ ချီကူယန်ကြားက စွမ်းအင် အပြောင်းလဲက ကွာခြား လွန်းတာကို ခံစားမိတယ်။ အခုတော့ နှစ်ခြမ်း ကွဲသွား ရုံတင် မကဘူး။ အစွန်း နှစ်ဖက် လုံး၀ ကွဲထွက် နေပြီ။ ခပ်ရှင်းရှင်း ပြောရရင်။ ဖန်ကျန်းရှီရဲ့ ဝင်သက်က ယန်၊ ချီကူယန်ရဲ့ ဝင်သက်က ယင်။ အခြေအနေက ပြောင်းလဲ ပြီးတော့ အပူတွေက သူတို့ ခန္ဒာကိုယ်ထဲ စီးဆင်းနေတယ်။

အပူတွေက ဖန်ကျန်းရှီရဲ့ ပါးစပ်ကို ရောက်သွားတဲ့ အချိန်မှာ ယန်စွမ်းအား ဖြစ်သွားပြီးတော့၊ ချီကူယန်ရဲ့ ပါးစပ်ကို ရောက်သွားတဲ့ အချိန်မှာ ယင်စွမ်းအား ဖြစ်သွားတယ်။ ဒါက ဖန်ကျန်းရှီနဲ့ ချီကူယန်ကြားက ယင်ယန် စက်ကွင်းပဲ။

ယင်ယန် စက်ကွင်း ဖြစ်လာတာနဲ့၊ နာကျင်မှုတွေ လုံး၀ ပျောက်ကွယ် သွားတယ်။ ကိုယ်တွင်း အင်္ဂါတွေလည်း တဖြည်းဖြည်း ပြန်ကောင်း လာခဲ့ပြီ။ ပြန်လည် မွေးဖွားလာတဲ့ အတိုင်းပဲ။ ဒီအချိန် မှာပဲ၊ ဖန်ကျန်းရှီက ချီကူယန်ရဲ့ ခါးကို ပွေ့ဖက်ရင်း၊ စာလုံး တစ်ချို့ကို ရေးလိုက်တယ်။ သူရေးပြီးတဲ့ အချိန် ချီကူယန်ရဲ့ မျက်ဝန်းထဲမှာ အံ့သြမှု အရိပ်အယောင် တစ်ချို့ကို မြင်လိုက်ရတယ်။ ဒီအကြောင်းရင်းကို ချီကူယန့်ဆီ ရှင်းပြဖို့ နည်းလမ်း မရှိဘူး။ ဒါပေမယ့် သူလုပ်နိုင်တာ သူသိတယ်။

“ယင်ယန် ပြောင်းပြန် စီးဆင်းတာလား။” ဖန်ကျန်းရှီ နှလုံးသားထဲမှာ အော်ဟစ်နေတယ်။ အဲ့ဒီ့နောက် မူလ စက်ကွင်း ရုတ်တရက် ရပ်တန့်ပြီးတော့ ပြောင်းပြန် စီးဆင်းတော့တယ်။

“ဝုန်း။” အချိန်တို အတွင်းမှာ လေဟာနယ် တစ်ခု ပေါက်ကွဲ သွားတော့တယ်။ အမှောင်ထု။ အလင်းစက် တစ်ခုလေးတောင် မရှိတဲ့ အမှောင်ထုကို မြင်ရတယ်။ အစွန်း တစ်ဖက်မှာတော့၊ မျက်စိ ကန်းလောက်အောင် လင်းထိန်တဲ့ အလင်းထုကို မြင်နေရတယ်။ ဒါက ယင်ယန် ပုံရိပ်လွှာပဲ။

ရုတ်တရက် ပေါ်လာတဲ့ ပုံရိပ်လွှာကြီးကို ဖန်ကျန်းရှီနဲ့ ချီကူယန် ဘေးက ဘယ်သူမှ အချိန်မှီ မတုံ့ပြန်နိုင်ဘူး။ ဒါပေမယ့် ဒီလို ကြီးမားလွန်းတဲ့ ယင်ယန် ပုံရိပ်လွှာကြီးက ရုတ်တရက် ပေါ်လာပြီးတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ရူးရူးသွပ်သွပ် လှည့်ပတ်နေတယ်။

ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့်ကြီး ဝမ်လဲ့ သူ့မျက်လုံးသူ မယုံနိုင်။ ယင်ယန် ခန်းမရဲ့ ယင်ယန် ပုံရိပ်လွှာက ဘယ်လိုကြောင့် ချီကူယန်နဲ့ ဖန်ကျန်းရှီ ဆီမှာ ပေါ်လာ ရတာလဲ။

ပထမဆုံး သူတုံ့ပြန်မိတယ်။ ဒါပေါ့။ စိတ်ထဲမှာ ဒီအကြောင်းကို ကြာကြာ မတွေးနိုင်ဘူး။ အချိန်လည်း မရှိဘူးလေ။ အခုချိန်မှာ သူ့ခန္ဒာကိုယ်ထဲကို ကြောက်စရာ ကောင်းတဲ့ အင်အားလှိုင်းတွေက သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ဦးတည် လှုပ်ရှား နေတာကို တွေ့လိုက် ရလို့ပဲ။

သူ ကြိုးကြိုးစားစား စုပ်ယူထားတဲ့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားတွေ အားလုံး ဖျက်ဆီး ခံလိုက်ပြီ။ ဆေးစွမ်းအားတွေက မုန်တိုင်း တစ်ခုလိုပဲ။ ဖြတ်သွားတဲ့ နေရာတိုင်းမှာ ဘာမှ မကြီးထွား မပေါက်ရောက် နိုင်တော့ဘူး။

အပိုင်း (၆၇၆) ပြီး၏။

အပိုင်း (၆၇၇)

“မင်းကို အကွက်ဆင်တယ်တဲ့လား။ လွယ်လွန်းတယ်။”

ဝမ်လဲ့ အခုချိန်မှာ ခံစားနေရတဲ့ ခံစားချက်ကို ဖော်ပြဖို့ စကားလုံး ရှိမယ် ထင်လား။ မရှိဘူး။ ဝမ်လဲ့ စိတ်ထဲမှာ တစ်ခုပဲ တွေးမိနေတယ်။ (ငလူး ကံတရား)

“အဲ့တာ ဘာကြီးလဲ။” ဝမ်လဲ့ စိတ်ထဲမှာ အော်ဟစ်နေတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ ခန္ဒာကိုယ် နှစ်ခုကြားမှာ ပေါ်လာတဲ့ ယင်ယန် ပုံရိပ်လွှာကို သူမအံ့သြမိဘူး။ စိတ်ထဲမှာတော့ မေးခွန်း တစ်ခုက လှည့်ပတ်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဒီလောက် အင်အားကြီးတဲ့ စွမ်းအားက ဘယ်ကနေ ထွက်လာတာလဲ။

တကယ်တော့ ဝမ်လဲ့စိတ်ထဲမှာ ထိတ်လန့်နေတယ်။ ယင်ယန် စက်ကွင်း စွမ်းအားက ဟိုနှစ်ယောက်ကြားမှာ ပုံပေါ် လာပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားတွေကို စုပ်ယူနေတာ ခန့်မှန်းမိ သွားလို့ပဲ။ သူနားမလည် နိုင်ဘူး။ စဉ်းစားဖို့လည်း အချိန်မ၇ှိ။

ကြောက်စရာ စုပ်ယူနိုင်စွမ်းနဲ့ အင်အားလှိုင်းတွေက သူ့အတွင်း အင်္ဂါတွေကို အရင်ဆုံး တိုက်ခိုက်တယ်။ မုန်တိုင်း တစ်ခုလို စိတ်အာရုံ နယ်မြေဆီ ပြေးဝင်လာတယ်။ ဒါက စက္ကန့်ပိုင်း အတွင်း ဖြစ်သွားတာ။ ကိစ္စက မြန်လွန်းတယ်။ မြန်လွန်းလို့ အချိန်မှီ မတုံ့ပြန်နိုင်ဘူး။

စစချင်းမှာ ဝမ်လဲ့က ပျော်ရွှင်ပြီးတော့ သက်တောင့်သက်သာ ရှိနေခဲ့တယ်။ မိန်းမလှလေး တစ်ယောက်ကို လက်ထဲမှာ ပွေ့ဖက် ထားရသလို ခံစားရတယ်။ အခုတော့ အရာအားလုံးက မျက်တောင် တစ်ခတ်အတွင်း ပြောင်းလဲသွားတယ်။

အမျိုးသမီးက သူ့လက်ထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် သူမက နတ်ဆိုး ဖြစ်သွားပြီ။ ပေါက်ကွဲနေတဲ့ ယန်ကို ထောက်ပံ့ပေးတဲ့ ယင်ဖြစ်သွားပြိ။

“ဝုန်း။” ဝမ်လဲ့ ခံစားလိုက်ရတာက သူ့ရဲ့စိတ်အာရုံ နယ်မြေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက် ခံလိုက်ရပြီး ဗလာဟင်းလင်း ဖြစ်သွား သလိုပဲ။ ဒီခံစားချက်က ပြင်းထန်လွန်းတယ်။ ပြင်းထန်လွန်းလို့ မူးဝေလာ သလိုပဲ။

“မင်း ဘယ်လို လုပ်ဝံ့တာလဲ။” ဝမ်လဲ့ အော်ဟစ်တယ်။ ချက်ခြင်း လက်ကို မြှောက်လိုက်ရင် ဖန်ကျန်းရှီရဲ့ ခေါင်းကို ရိုက်ချ လိုက်တော့တယ်။

…

ဒါပေါ့။ ဝမ်လဲ့လို ခံစား နေရတာ နောက်တစ်ယောက် ထပ်ရှိသေးတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်း။

ဝမ်လဲ့နဲ့ ယှဉ်လိုက်ရင်၊ ထျန်းရှင်းက ရိုးသားတယ်။ အနည်းဆုံးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို ရိုးရိုးသားသား၊ တရား မျှမျှတတ ပြန်ယူဖို့ လုပ်သေးတယ်။ မုချင်းဖန်း မျက်စိရှေ့က လွတ်တဲ့ အချိန်မှာ၊ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ရိုက်ချပြီးတော့ စိတ်အာရုံ နယ်မြေငယ်ကို ဖျက်စီးပြစ်ဖို့ လုပ်သေးတယ်။

ထျန်းရှင်းက ပွင့်ပွင့်လင်းလင်း လုယူဖို့ လုပ်တယ်။ ဝမ်လဲ့က ခိုးကြောင်ခိုးဝှက်လုပ်တယ်။ ဖန်ကျန်းရှီ အတွက်တော့ နှစ်ခုလုံးက အရေးမပါဘူး။ ကိစ္စ နှစ်ခုကိုပဲ တွေးတောဖို့ လိုတယ်။ တဖက်လူက ရန်သူ ဖြစ်မလား၊ မိတ်ဆွေ ဖြစ်မလား။ တဖက်လူကို စုပ်ယူနိုင်တဲ့ အကွာအဝေး ဘယ်လောက် ရှိမလဲ။ ဖန်ကျန်းရှီ မြန်မြန် ဆုံးဖြတ်ချက် ချလိုက်တယ်။ ထျန်းရှင်းက အခြေအနေနဲ့ ကိုက်ညီတယ်။ ဒီတော့ ဘာကို စောင့်ရ အုန်းမှာလဲ။

“တာအိုက အရာတစ်ခုကို ကြီးထွားစေတယ်။ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု၊ အဆုံးမသတ် နိုင်အောင် ဆက်သွားတယ်။” ချီကူယန်က ဖန်ကျန်းရှီကို မြောက်ရွာမှာတုန်းက ပြောခဲ့ဖူးတယ်။

ဒီနိယာမကိုလည်း ယင်ယန် တာအိုမှာ သုံးလို့ရတယ်။ “ယင်ယန်က ထူးခြားတဲ့ အစွန်းတွေ၊ ထူးခြားတဲ့ အစွန်းတွေက ရုပ်နာမ် နှစ်ပါးကို ဖန်တီးပေးတယ်။ ရုပ်နာမ် နှစ်ပါးက ဓာတ်ကြီးလေးပါးကို မွေးဖွားတယ်။ ဓာတ်ကြီး လေးပါးကနေ ၈မျိုးခွဲထွက် စေတယ်။”

ပြောရတာ ခက်ပေမယ့် နားလည်ဖို့ လွယ်ပါတယ်။ ယင်ယန် ပြောင်းပြန်လို့လည်း ခေါ်ကြတယ်။ မဟာ တာအိုမှာလိုပဲ။ ဖန်တီးမှု အားလုံးက တစ်ခုတည်း။ တာအိုက အရာ အားလုံး ဖြစ်နိုင်သလို၊ အရာ အားလုံးကလည်း တာအို ဖြစ်နိုင်တယ်။

ကြောက်စရာ စုပ်ယူနိုင်စွမ်းက ထျန်းရှင်းနဲ့ ဝမ်လဲ့ ခန္ဒာကိုယ်ကို အရှိန်ပြင်းပြင်း ဝင်ရောက်လာပြီး ထိန်းချုပ်တော့တယ်။ ဖြစ်ရပ်က မြန်လွန်းလို့၊ ထျန်းရှင်းရဲ့ ခန္ဒာကိုယ်က စွမ်းအား ၃၀% ကုန်ဆုံး သွားခဲ့ပြီ။ ပထမဆုံး ဖန်ကျန်းရှီရဲ့ ခေါင်းကို ရိုက်ချရင်း တုံ့ပြန်တယ်။

“ဝုန်း။” ခပ်ပြင်းပြင်း ရိုက်ခတ်သံ တစ်ခု ထွက်ပေါ်လာတယ်။ အသံကျယ်ကြီးနဲ့ အတူ မြေပြင်ပေါ်မှာ အက်ကွဲရာကြီး ပေါ်လာတော့တယ်။ ယင်ယန် ပုံရိပ်လွှာ။ အရိပ်ပျံ၊ ထျန်းရှင်းရဲ့ ရိုက်ချက် အားလုံးက တစ်ချိန်တည်း ကျရောက်လာတယ်။

ပတ်ဝန်းကျင်က ကျောင်းတော်သားတွေလည်း မတွေးတတ် တော့ဘူး။ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ စောင့်ကြည့်နေကြတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ဆေးလုံး ထွက်လာပြီလား။”

“ဒါဆိုရင်၊ ခုနက ပျံထွက်လာတဲ့ လူကကော ဘယ်သူလဲ။”

တပည့်သားတွေ လဲကျသွားတဲ့ သူကို လှမ်းကြည့်နေတယ်။ မျက်နှာကို မြင်လိုက်ရတော့ သူတို့တွေ ပါးစပ် အဟောင်းသား ဖြစ်သွားတော့တယ်။ ဒီလူက ဖြူဖျော့နေတယ်။

“ဝမ်လဲ့။”

“ယင်ယန် ခန်းမက ဝမ်လဲ့လား။”

“ပျံထွက် လာပြီး လဲကျသွားတာ တကယ်ပဲ ဝမ်လဲ့လား။”

ဘာတွေ ဖြစ်သွားမှန်း သူတို့ မသိလိုက်ဘူး။ ဝမ်လဲ့ ဘာဖြစ်သွားတာလဲ။ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့်ကြီးကို လွင့်ထွက်အောင် လုပ်နိုင်တာ ဘယ်သူလဲ။ လူတိုင်း စိတ်ထဲမှာ မေးမြန်းနေတယ်။

တကယ်တော့ ယင်ယန် ပုံရိပ်လွှာကြီး ပေါ်လာတည်းက လူတွေရဲ့ စိတ်ထဲမှာ အတွေးပေါက် နေခဲ့တာ။ အခုတော့ ယင်ယန် ပုံရိပ်လွှာ ပျောက်ကွယ် သွားပြီ။ သူ့နေရာမှာ အပြာရောင် အလင်းတန်းက အစားထိုး ရောက်နေတယ်။ ကောင်းကင် ပြာရောင် အလင်းတန်း။

“ကောင်းကင် တာအို။”

“ဒါဆို ဖန်ကျန်းရှီ လုပ်တာလား။”

ကောင်းကင် တာအို တပည့်သားတွေ နောက်ဆုံးတော့ ကောက်ချက်ချ နိုင်သွားတယ်။ ကောင်းကင် တာအိုကို ပညာရှင် အဆင့် တတ်ကျွမ်းတာက ဖန်ကျန်းရှီပဲ ရှိတာလေ။ ဒါပေမယ့် တောင်စဉ် ကိုးသွယ် တပည့်သားတွေ ကတော့ မသိကြသေးဘူး။ ဖန်ကျန်းရှီက ကောင်းကင် တာအို ပညာရှင်ဆိုတာ ဘယ်သူမှ မကြားဖူး ကြဘူးလေ။

“အဲ့တာ ကောင်းကင် တာအိုလား။ ဒါက ဘယ်သူ လုပ်တာများလဲ။” ဒီအတွေးက တောင်စဉ် ကိုးသွယ် တပည့်သားတွေရဲ့ စိတ်ထဲမှာ ပြေးလွှားနေတယ်။

အခုချိန်မှာ အထိတ်တလန့် ဖြစ်နေတာကို ပြောမယ် ဆိုရင်၊ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကို ဘယ်သူမှ မှီမှာ မဟုတ်ဘူး။ တကယ်တော့ ဖန်ကျန်းရှီက ကောင်းကင် တာအို နေရာရွေ့ နည်းလမ်းကို သုံးနေတဲ့ သူမှန်း သူသိတယ်။ ဒါက သူ့ကို ပိုပြီးတော့ လန့်သွား စေတယ်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါသူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်ပြီလေ။” မဖြစ်နိုင်တဲ့ ကိစ္စကြီး ဖြစ်လာတာကို ထျန်းရှင်း နားမလည်နိုင်ဘူး။

ယင်ယန် ပုံရိပ်လွှာ ပေါ်လာတာကြောင့် ဒီလို ဖြစ်နိုင်မလား။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်တဲ့သူက ယင်ယန် ပုံရိပ်လွှာ ဒီလို မစွမ်းဆောင် နိုင်တာကို သူသိတယ်။ ဒါဆိုရင်၊ နှစ်တစ်ထောင် မီးဆေးပင်က ကုသ ပေးလိုက်လို့ များလား။ မဖြစ်နိုင်တာပဲ။

နှစ်တစ်ထောင် မီးဆေးပင်ကြောင့် မဟုတ်ရင်၊ နောက်ထပ် ဘာဖြစ်နိုင် အုန်းမလဲ။ ထျန်းရှင်း စိတ်ထဲမှာ ရှုပ်ထွေးနေတယ်။ သူက အသိပညာ ကြွယ်ဝတဲ့သူ ဖြစ်ပေမယ့်လည်း ဖန်ကျန်းရှီရဲ့ စိတ်အာရုံ နယ်မြေကို ကိုယ်တိုင် ဖျက်ဆီးခဲ့တော့၊ အခု အဖြစ်က သူ့အတွက် ပိုပြီး လန့်စရာ ကောင်းနေတယ်။

…

“အဟွတ်ဟွတ်။” ဝမ်လဲ့ မျက်နှာ ဖြူဖျော့နေတယ်။ သွေးနှစ်ခါ တိတိ အန်ထုတ်ပြီးနောက်၊ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ သူခုန်ထတယ်။ ဒါပေမယ့် ထျန်းရှင်းက သူ့ကို အရင်ဆုံး လာရိုက်တယ်။ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့်ကြီး ဖြစ်ပေမယ့်၊ ထျန်းရှင်းရဲ့ ဒေါသတကြီး ရိုက်ချက်ကို ခံနိုင်ဖို့ ခက်ခဲမှန်း သူသိတယ်။ အထူးသဖြင့် အခုလို တကိုယ်လုံး ဗလာဟင်းလင်း ဖြစ်နေတဲ့ အချိန်မှာပေါ့။

ဖန်ကျန်းရှီက ကျိုးပဲ့နေတာ မဟုတ်ဘူးလား။ ထျန်းရှင်းရဲ့ ရိုက်ချက်ကို ဘယ်လိုများ ရှောင်နိုင် ရတာလဲ။ နောက်ပြီးတော့ ကောင်းကင် တာအိုကိုကော ဘယ်လိုများ ပညာရှင် အဆင့် တတ်ကျွမ်း နေတာလဲ။ ချီကူယန် ကြောင့်များလား။

မေးခွန်းတွေ အများကြီး ဝမ်လဲ့ စိတ်ထဲ ပေါ်လာတော့တယ်။ တွေးရင်းနဲ့ သူ့အကြည့်က အပြာရောင် အလင်းတန်း ဝန်းရံထားတဲ့ လူနှစ်ယောက်ဆီကို ရောက်သွားတယ်။ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားတယ်။ ပန်းရောင် ဝတ်ရုံက လေထဲမှာ လွင့်နေပြီးတော့ ဆံကေသာတွေက ရေတံခွန်လို ဝဲကျနေတယ်။

မောပန်း နွမ်းနယ်နေတဲ့ အရင်ပုံစံနဲ့ မတူတော့ဘူး။ အခုချိန်မှာ လုံး၀ လူသစ် တစ်ယောက်လိုပဲ။ နီရဲနေတဲ့ ပါးမို့မို့။ တောက်ပတဲ့ အသားအရေ၊ ကြယ်တာရာလို မျက်ဝန်းတွေနဲ့ သူမကို ကြည့်ရတာတောင် နာကျင်စရာ ကောင်းတယ်။

သူမ ပွေ့ဖက်ထားခဲ့တဲ့ သေတော့မလို ပုံစံနဲ့ ဖန်ကျန်းရှီလည်း အခုချိန်မှာ ပြောင်းလဲနေပြီ။ နှုတ်ခမ်းက ခပ်ယဲ့ယဲ့ ပြုံးနေခဲ့တယ်။ သူ့မျက်လုံးတွေက ကောင်းကင်လို အပြာရောင် အလင်းတန်းတွေ ဖြာထွက်နေတယ်။

“ကောင်းကင် တာအိုလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီကောင်က တကယ်ပဲ ကောင်းကင် တာအိုကို ပညာရှင် အဆင့် ရောက်နေတာလား။” ဝမ်လဲ့ အမူအယာ ပြောင်းသွားတယ်။

ချီကူယန်ရဲ့ ကောင်းကင် တာအို မဟုတ်ဘူး။ ဖန်ကျန်းရှီရဲ့ ကောင်းကင် တာအိုပဲ။ ဒါပေမယ့် ဘယ်လိုများ ဖြစ်ရတာလဲ။ ဘယ်လိုပဲ တွေးတွေး အဖြေထွက် မလာဘူး။

…

ဖန်ကျန်းရှီမှာ များများ စားစား ရှင်းပြစရာ မရှိဘူး။ တကယ်တော့ လွန်ခဲ့တဲ့ ၂နှစ်တည်းက သူ့ရဲ့ စိတ်အာရုံ နယ်မြေ ပျက်ဆီး သွားခဲ့ပြီးပြီလေ။ သူ့ဆီမှာ ကျန်ရစ်နေတာ အဆုံးမဲ့ လောကပဲ။ ဒါကြောင့် နောက်တစ်ခေါက် ဖျက်ဆီး ခံရတာလည်း သူ့အတွက် မထူးခြားဘူး။ ဒါပေါ့။ ကံကောင်းသွားတာ။ အကယ်၍ သုူ့ခန္ဒာကိုယ်သာ ဒီလို မထူးခြားနေရင်၊ ထျန်းရှင်းရဲ့ ရိုက်ချက်ကြောင့် ဒုက္ခိတ ဖြစ်နေ လောက်ပြီ။

“နှစ်ယောက်လုံးကို ခြောက်ကပ် သွားအောင် မစုပ်ယူနိုင်တာ သနားစရာပဲ။ နည်းနည်း ကျန်သွားတယ်။” ဖန်ကျန်းရှီ စိတ်ပျက်ပေမယ့်၊ ရလဒ်ကို ကျေနပ်နေတယ်။ အနည်းဆ့ုးတော့ ထျန်းရှင်းရဲ့ မူလ စွမ်းအားကို ၃၀% စုပ်ယူနိုင် လိုက်တယ်။ အဓိက ပြစ်မှတ် ဝမ်လဲ့ကိုတော့ ၇၀% စုပ်ယူနိုင်လိုက်တယ်။ ဒါ့အပြင် နှစ်တစ်ထောင် မီးဆေးပင်ရဲ့ ဆေးစွမ်းတွေလည်း ပြန်ရလိုက်တယ်။

သူပျောက်ဆုံး သွားတဲ့ စွမ်းအား အရင်းအမြစ် အတော်များများကို ပြန်ချဲ့ နိုင်ပေမယ့်။ ကျန်နေတာ နည်းနည်းတော့ ရှိနေသေးတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ကျားသစ်တွေက တကယ်ပဲ မပြောင်းလဲဘူး။” ချီကူယန် ကျိန်းမောင်းတယ်။ ဒါပေမယ့် စိတ်ဆိုး နေပုံ မပေါ်ဘူး။ ဖန်ကျန်းရှီ ကိုင်ထားတဲ့ လက်ကိုတောင် ပြန်မရုပ်ဘူး။

“ကူယန်။ အဆင်ပြေရဲ့လား။” မုချင်းဖန်းက ဖန်ကျန်းရှီနဲ့ ချီကူယန်ကို ကြည့်ရင်း မေးတယ်။ စိတ်ကတော့ ရှုပ်ထွေးနေတယ်။ ကောင်းကင် တာအို တပည့်သားတွေလည်း စိုးရိမ် တကြီး ကြည့်နေကြတယ်။

“ကူယန် အဆင်ပြေ ပါတယ် ဆရာ။” ချီကူယန် ခေါင်းခါတယ်။

“ သတင်းကောင်းပဲ။ ဒါနဲ့ သူကော။” ချီကူယန် အဆင်ပြေတာကို ကြားတော့ မုချင်းဖန်း သက်ပြင်းချမိတယ်။ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ သူစကားပြောချင် နေပင်မယ့်၊ စိတ်ပြောင်းပြီး ပါးစပ်ပိတ်သွားတာ မုချင်းဖန်း သတိထားမိတယ်။

“ဒါပေါ့။ သူတို့တွေက အကောင်းကြီးပဲ။” ဝမ်လဲ့ အသံ ထွက်ပေါ်လာတယ်။ ခက်ခက်ခဲခဲ ထရပ်တယ်။ “ချီကူယန်။ ငါက မင်းကို စိတ်ကောင်း စေတနာနဲ့ ကယ်ပေးတယ်။ ဒါက ငါ့ကို ကျေးဇူးဆပ်တဲ့ ပုံစံလား။ ဒီကောင်နဲ့ ပြောင်းပြီးတော့ ငါ့ကို တိုက်ခိုက်ဖို့ အကွက်ဆင်တယ်။ ကောင်းကင် တာအို ခန်းမက မဟာမိတ်တွေကို ဒီလို ဆက်ဆံတာလား။”

“အကွက်ဆင်တယ်။”

“ဘာ အကွက်လဲ။”

“ဖန်ကျန်းရှီနဲ့ အစ်မကြီးက ပူးပေါင်းပြီးတော့ ဝမ်လဲ့ကို တိုက်ခိုက် လိုက်တာလား။” တပည့်သားတွေ ဝမ်လဲ့ ပြောတဲ့ စကားကြောင့် သိလိုစိတ် ပြင်းပျလာတယ်။

“ဟမ့်။ ချီကူယန် ရွေးချယ်ခံရသူတဲ့၊ ပထမဆုံး တောင်စဉ် ကိုးသွယ်က မီးဆေးပင်ကို ခိုးတယ်။ ယင်ယန် ခန်းမက ဆက်ခံသူ ဝမ်လဲ့ကို အပြင်လူ တစ်ယောက်နဲ့ ပေါင်းပြီးတော့ တိုက်ခိုက်တယ်။” ဒီစကားကို ကြားတော့ ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်း လှုပ်ရှားလာတယ်။

လင်းယွမ် မျှော်စင်က ကန်ယွဲ့ကတော့ တိတ်ဆိတ်နေဆဲ။ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်မှောင်ကြုတ် နေခဲ့တယ်။ ထျန်းရှင်းကတော့ ပိုပြီးတော့ မည်းမှောင်တဲ့ အမူအယာနဲ့ ကြောက်စရာ ကောင်းနေပြီ။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်ပြီးတော့၊ ကောင်းကင် တာအို ခန်းမကိုတောင် မဝင်ရသေးတဲ့ ဘာမဟုတ်တဲ့ လူတစ်ယောက် တိုက်ခိုက်တာ ခံလိုက်ရတယ်။ မူလ စွမ်းအား ၃၀%ကိုလည်း စုပ်ယူ ခံလိုက် ရသေး။ တကယ့်ကို ရှက်ရွံ့စရာ ကိစ္စပဲ။

နောက်ပြီးတော့ သူက ဝမ်လဲ့လို ပြောချင်တာ ပြောလို့ မရဘူး။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် အနေနဲ့ သိက္ခာ ကျနိုင်တယ်။ ဒီအချိန်မှာ မုချင်းဖန်း ဝင်လာတယ်။ ဝမ်လဲ့ကော ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်းကိုပါ တားထားတယ်။

“တောင်ကြား အကြီးအကဲက ဘာပြောချင်တာလဲ။ ဝမ်လဲ့ကို ထိခိုက်အောင် လုပ်တာ ထျန်းရှင်း။ ငါ့တပည့် ကူယန်နဲ့ ဘာဆိုင်လို့လဲ။” မုချင်းဖန်းရဲ့ အမူအယာက အေးစက်နေတယ်။

“ခန်းမ ခေါင်းဆောင်မု။ တကယ်ပဲ ချစ်တပည့်လေး အတွက် အကြောင်းပြချက် ရှာနိုင်တာပဲ။ ချီကူယန်ရဲ့ အကူအညီ ကြောင့်သာ မဟုတ်ရင်။ ဒီလို နိမ့်ကျတဲ့ ကောင်စုတ်လေးက၊ အဆင့်နိမ့် ကျင့်ကြံဆင့်နဲ့ ကျွန်တော့်ကို ဘယ်လိုများ အကွက်ဆင် ရဲမှာလဲ။ ဟာသ လုပ်နေတာလား။” ဝမ်လဲ့က သူ့ရဲ့ သွေးစတွေကို သုတ်ပြစ်ရင်း ခေါင်းမော့ပြီး ပြောတယ်။

တကယ်တော့ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့် အနေနဲ့ ဝမ်လဲ့ မောက်မာတာ ဖြစ်သင့်ပါတယ်။ ဆေးဖော်တဲ့ စွမ်းရည်ကော၊ ကျင့်ကြံဆင့်မှာကော သူက ထိပ်တန်း ရောက်တဲ့သူ တစ်ယောက်။ ယင်ယန် ပုံရိပ်လွှာက ဖန်ကျန်းရှီ လုပ်တယ်လို့ သူဘယ်လိုလုပ် ယုံမှာလဲ။

ချီကူယန်။ ချီကူယန်ပဲ ဖြစ်ရမယ်။ ချီကူယန်က ယင်ယန် တာအိုကို ဘယ်လို နားလည်မှန်း မသိပေမယ့်၊ ချီကူယန် လုပ်နိုင်မှန်း သူသိတယ်။ ဒါပေမယ့် သူစကားပြောတာ ရပ်သွားတယ်။ အပြာရောင် အလင်းထုကြီးက သူ့ခေါင်းပေါ်ကို ရောက်လာခဲ့ပြီလေ။

“ဟမ့်။” ဝမ်လဲ့ အမူအယာ ပြောင်းသွားတယ်။ သူ့ခန္ဒာကိုယ်ရဲ့ စွမ်းအား ၇၀% စုပ်ယူ ခံလိုက်ရပြီ။ ထျန်းရှင်း တိုက်ခိုက်တာလည်း ခံထားရ သေးတယ်။ အခုချိန်က သူ့အတွက် အန္တရာယ် များတယ်။

အပြာရောင် အလင်းတန်းကို မြင်လိုက်တော့၊ နောက်ကို ခုန်ဆုတ်ရင်း အေးစက်စက် ပြုံးလိုက်တယ်။ “ဘာမဟုတ်တဲ့ ကောင်ကများ ငါ့ကို ကောင်းကင် တာအိုနဲ့ တိုက်ခိုက်မယ်ပေါ့။ သေချင် နေတာပဲ။”

ဝမ်လဲ့က အရမ်း မြန်တယ်။ ဒဏ်ရာ ရနေပင်မယ့်၊ အရိပ် တစ်ခုလို လှုပ်ရှား နိုင်သေးတယ်။

“မင်းကို အကွက်ဆင်တယ်တဲ့လား။ လွယ်လွန်း အားကြီးတယ်။ မင်းခေါင်းပေါ်က ဖြတ်လျှောက်မှာ။” ဝမ်လဲ့ နောက်ဆုတ်တဲ့ အချိန်မှာပဲ။ သူ့ခေါင်းပေါ်ကို လူတစ်ယောက် ရောက်လာတော့တယ်။

အပိုင်း (၆၇၇)ပြီး၏။

အပိုင်း (၆၇၈)

“သေရှင် အခြေအနေ။ သေခြင်း ကြာပန်း။”

သူ့ရဲ့ အပြာရောင် အကျီလက်ရှည်က လေထဲမှာ လွင့်မျော နေပြီးတော့၊ ဆံကေသာတွေ ဝဲလွင့်နေတယ်။ ရုတ်တရက် မြင်လိုက်ရတဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေကတော့ အထိတ်တလန့် ဖြစ်ကုန်တယ်။

“ဒီကောင်က ကောင်းကင် တာအို ခန်းမကို မဝင်ရသေးဘူး မဟုတ်လား။”

“သူက ကောင်းကင် တာအိုကို တတ်ကျွမ်းပြီ ဆိုတော့၊ ပြန်လည် မွေးဖွားမှု အဆင့်ရဲ့ အမြင့်ဆုံးမှာ ရှိနေတာ မဟုတ်လား။”

“ဝမ်လဲ့ကို ဘယ်လိုတောင် စိန်ခေါ်ဝံ့တာလဲ။”

ရူးနေတာလား။ မောက်မာလွန်းပြီး ကိုယ့်သေတွင်း ကိုယ်တူး နေတာလား။ တောင်စဉ် ကိုးသွယ် တပည့်သားတွေ ဒီလို တွေးနေမိတယ်။ ဒါပေမယ့် ကောင်းကင် တာအို တပည့်သား တစ်ယောက်မှ ဒီလို မတွေးကြဘူး။ သူတို့ အားလုံး ကောင်းကောင်း သိတယ်လေ။ ဖန်ကျန်းရှီက ကောင်းကင် တာအို တပည့်သား အယောင် ဆောင်ပြီးတော့ လူရွေးပွဲကို နှောက်ယှက်တယ်။ ဒါ့အပြင် တတိယနဲ့ ပဉ္စမ အကြီးအကဲကိုလည်း သေလုနီးပါး ဖြစ်အောင် တိုက်ခိုက်သေးတယ်။ ဘာကြောင့်များ ယင်ယန် ခန်းမ ဆက်ခံသူကို ကြောက်နေမှာလဲ။

ဒီအချိန်မှာ၊ ဝမ်လဲ့ကတော့ သူ့လမ်းမှာ ရပ်တန့်သွားတယ်။ အန္တရာယ်ကို ခံစားမိတယ်။ ချက်ခြင်း နောက်နှစ်လှမ်း ဆုတ်သွားတယ်။ ဒါပေမယ့် သူခံစားရတဲ့ အန္တရာယ် အရင်းအမြစ်က ဖန်ကျန်းရှီ ဖြစ်နေမယ်လို့ မထင်ထား ခဲ့မိဘူး။

“ငါ့ခေါင်းပေါ်ကို တက်နင်းတယ်ပေါ့။ ဟန့်။ မင်းလို အရည်အချင်းနဲ့ ဒီလောက် လွယ်လွယ်။” ဝမ်လဲ့ နှာခေါင်းရှုတ်တယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ ဖန်ကျန်းရှီကို မှတ်လောက် သားလောက်အောင် ဆုံးမဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ ရုတ်တရက် မျက်လုံး တစ်စုံကို မြင်လိုက်ရတယ်။

ထူးဆန်းလွန်းပြီး ကြည်လင်နေတဲ့ မျက်ဝန်းတွေ။ ဒါ့အပြင် ဒီမျက်ဝန်းတွေမှာ အဖြူ အမည်း ယင်ယန် စက်ဝန်းတွေ လှည့်ပတ်နေတယ်။ ယင်ယန် ပုံရိပ်လွှာ နှစ်ခု။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဝမ်လဲ့ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ ဖန်ကျန်းရှီက ယင်ယန် တာအိုမှာ ပညာရှင် အဆင့် ရောက်နေတာ သူမယုံခဲ့ဘူး။ ဒါဆိုရင် ခုနက သူမြင်လိုက်ရတဲ့ ယင်ယန် ပုံရိပ်လွှာက ချီကူယန် လုပ်တာ မဟုတ်ပဲ ဖန်ကျန်းရှီရဲ့ လက်ချက်လား။

သူယုံနိုင်ဖို့ ခက်ခဲနေတယ်။ အမှန်တရားကတော့ ဖန်ကျန်းရှီ တကယ်ပဲ လုပ်လိုက်တာ။ ယင်ယန် ပုံရိပ်လွှာတွေ လှည့်ပတ်နေတဲ့ မျက်ဝန်းနဲ့ ဝမ်လဲ့ဆီကို တန်းတန်း မတ်မတ် ဝင်လာတယ်။ လက်သီးတစ်ချက်။ ရိုးရှင်းတဲ့ လက်သီးတစ်ချက်။ လှည့်ပတ်တာတွေ မရှိဘူး။ တန်ဆာဆင် ထားတာတွေ မရှိဘူး။ ဒီပုံစံက ဝမ်လဲ့ကို ဒေါသထွက်လာ စေတယ်။

ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့်ဖြစ်တဲ့ သူက သန်မာတဲ့ သုခမိန်။ ကောင်းကင် တာအို ခန်းမကိုတောင် မဝင်ရသေးတဲ့ အပြင်လူ တစ်ယောက် ဒီလို စိန်ခေါ် တိုက်ခိုက်တာ ခံရတာ၊ သိက္ခာကျတာပဲ။ သူတွေေ၀ မနေဘူး။ ဒဏ်ရာ ရထားပေမယ့်၊ ချက်ခြင်း ခုန်ရှောင်ပြီးတော့ လက်သီးတစ်လုံးနဲ့ ပြန်တုံ့ပြန် လိုက်တယ်။

“ဝုန်း။” အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ နေရာ တစ်ခုလုံးမှာ ဖုန်မှုန့်တွေ မြေစိုင် မြေခဲတွေ ပျံတက်လာတယ်။ လူတစ်ယောက် နောက်ကို ငါးလှမ်း ဆုတ်သွား၇တယ်။

“ဝေါ့။” ဝမ်လဲ့ သွေးတပွက် အန်ထုတ်တယ်။ သူမယုံနိုင်ဘူး။ သူ့လို ယင်ယန် ခန်းမ ဆက်ခံသူက ဒီလို လွင့်ထွက် လာတာကို မယုံနိုင်ဘူး။ သုူဒဏ်ရာ ရနေတာကြောင့် ဖြစ်နိုင်တယ်။ စွမ်းအား ၃၀-၄၀%ပဲ ကျန်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ့ပြိုင်ဘက်က သဘာဝလွန် အဆင့် လူတစ်ယောက်လေ။ ဘယ်လိုများ ဒီလောက်တောင် ကြောက်စရာ စွမ်းအား ရှိရတာလဲ။ ဒီလက်သီးချက်က ဘာဖြစ်လို့ ဒီလောက်တောင် သန်မာ နေတာလဲ။

ဝမ်လဲ့ နားမလည်နိုင်။ ဖန်ကျန်းရှီကတော့ သူ့ကို စဉ်းစားဖို့ အချိန်ပေးမယ့် ပုံမပေါ်ဘူး။ ဝမ်လဲ့ နောက်တစ်လှမ်း ဆုတ်တဲ့ အချိန်မှာပဲ၊ ဖန်ကျန်းရှီက သူ့ရှေ့ ရောက်လာတယ်။

“ငါပြောမယ်။ မင်းငါ့ကို ပြန်နင်းချေချင်ရင်၊ လုပ်လိုက်စမ်းပါ။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး ပြောတယ်။ ဝမ်လဲ့ ပြန်ဖြေတာကိုတောင် မစောင့်တော့ပဲ နောက်ထပ် လက်သီးတစ်လုံး ပြစ်သွင်းလိုက်တယ်။

“ဝုန်း။” ဝမ်လဲ့ နောက်ငါးလှမ်း လွင့်ထွက် သွားပြန်တယ်။ သူ့မျက်နှာ တစ်ခုလုံး နှင်းလို ဖြူဖျော့နေပြီ။ ခန္ဒာကိုယ် တစ်ခုလုံးလည်း သွေးတွေ ရွဲနစ် နေခဲ့တယ်။ သူ့ဆီကို နောက်တစ်ကြိမ် ပြေးဝင်လာနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မယုံနိုင် ဖြစ်နေတယ်။

“မဖြစ်နိုင်တာပဲ။ ငါ။ ဝမ်လဲ့က ဒီလို ဘာမဟုတ်တဲ့ ကောင်ရဲ့ လက်ထဲမှာ ရှုံးနိမ့် တော့မှာလား။” ဝမ်လဲ့ သူ့မာနကြောင့် နောက်မဆုတ်ချင်ဘူး။ ဒါပေမယ့် နှစ်ခေါက်တောင် နောက်ကို လွင့်ထွက် ခဲ့ရပြီ။ သုံးခါမြောက် ရှုံးနိမ့်တာကို ဘယ်လိုများ လက်ခံ နိုင်မှာလဲ။

ဒီကောင် ငါ့ရဲ့ စွမ်းအား အရင်းအမြစ်ကို စုပ်ယူ ထားလို့လား။ ဒါကြောင့် ဒီလောက် သန်မာ နေတာလား။ ဝမ်လဲ့ ဒေါသတကြီး တွေးတောရင်း ကောက်ချက်ချလိုက်တယ်။ လောကမှာ အရာအားလုံးက အင်အားနဲ့ အားနည်းချက်တွေ ရှိတယ်။ ယန်ချင်းလို ကိုယ်ကာယ အင်အား သက်သက်နဲ့ တိုက်ခိုက်တဲ့ သူကတော့ ချွင်းချက်။

ဝမ်လဲ့ ဒေါသထွက်လာတယ်။ ဒါပေမယ့် သူက ငတုံး မဟုတ်ဘူး။ ဒါပေါ့။ အရမ်းကို တည်ငြိမ် အေးဆေးတဲ့သူ။ ဆိုးဝါးတဲ့ အခြေအနေမှာတောင်၊ ပြိုင်ဘက်နဲ့ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို တွက်ချက်နိုင်တယ်။ အကယ်၍ ဖန်ကျန်းရှီကို အင်အားနဲ့ မနိုင်နိုင်ရင်၊ အရာအားလုံး ဖြစ်တည်မှု တာအို အတွေ့အကြုံကို သုံးရမယ်။

ဒီအချိန်မှာ သူ့ရဲ့ နည်းလမ်းကို ပြောင်းလိုက်တယ်။ ဖန်ကျန်းရှီရဲ့ တတိယ လက်သီးချက်ကို ခုန်ရှောင်တယ်။ သူ့နဖူးမှာ မီးတောက်ပုံ တစ်ခု ပေါ်လာတယ်။ အနက်ရောင် မီးတောက်ကနေ ပန်းပွင့်ဖတ် ခြောက်ခု ကွဲထွက်သွားတယ်။

“လူမိုက်။ ယင်ယန် တာအိုရဲ့ သရုပ်မှန်ကို မင်းသိလား။” သူပြောတဲ့ အချိန် အနက်ရောင် မီးတောက်တွေ သူ့လက်ကနေ ထွက်ပေါ်လာတယ်။ တကယ့် မီးတောက်လို စုစည်း နေပြီးတော့ ခြောက်ခု ကွဲထွက်သွားတယ်။ မပွင့်အာသေးတဲ့ ကြာပန်း တပွင့်လိုပဲ။

“သေခြင်း ရှင်ခြင်း မဟုတ်လား။” ဖန်ကျန်းရှီ စိတ်ပျက် လက်ပျက် ပြုံးပြရင်း ပြန်ဖြေတယ်။

“ဘာ။” ဒီတစ်ခေါက်တော့ ဝမ်လဲ့ မိုးကြိုး ပြစ်ချခံရသလို ခံစား နေရပြီ။ မျက်နှာ တစ်ခုလုံး မည်းမှောင်နေတယ်။ ပညာဂုဏ် ဖော်နေတဲ့ လူတစ်ယောက်ကို သူ့ရဲ့ နောက်ပြောမယ့် အကြောင်းအရာက ဘာဖြစ်မယ်ဆိုတာ ထုတ်ဖော် ခံလိုက် ရသလိုပဲ။

“ယင်ယန်က အစွန်းနှစ်ဖက်ကို ဖန်တီးတယ်။ အစွန်းနှစ်ဖက်က သေခြင်းနဲ့ ရှင်သန်မှု” ဖန်ကျန်းရှီ အများကြီး ရှင်းပြ မနေတော့ဘူး။ ဝမ်လဲ့ လှုပ်ရှားသလို လက်ဝါး ဖြန့်ရင်းနဲ့ မဟူရာ မီးတောက်ကို ဖန်တီးလိုက်တယ်။

“..” ဝမ်လဲ့ မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတယ်။

သူတင် မကဘူး။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း မယုံမကြည် ထိတ်လန့်တကြား အမူအယာတွေ ဖြစ်နေတယ်။

“ဒီကောင်က မိစ္ဆာလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“အဲ့တာ ဝမ်လဲ့ သုံးတဲ့ သေရှင် ယင်ယန် တာအိုပဲ။”

ဒီလို ထူးဆန်းတဲ့ ကိစ္စ ဖြစ်လာတာကို ဘယ်သူမှ နားမလည်ကြဘူး။ ကောင်းကင် တာအို တပည့်သားတွေကတော့ နည်းနည်း တော်သေးတယ်။ သူတို့တွေက ဖန်ကျန်းရှီ ကောင်းကင် တာအိုနဲ့ သေရှင် တာအို သုံးတုန်းက အထိတ်တလန့် ဖြစ်ခဲ့ ပြီးပြီလေ။ အခုတော့ သေရှင် အဆင့်က ယင်ယန် တာအိုကို သုံးပြနေတယ်။

“သူက ဘယ်လိုများ မဟာ တာအို သုံးခုကို ပညာရှင် အဆင့် ရောက်နိုင်တာလဲ။ ဒီလို မိစ္ဆာမျိုး လောကမှာ ရှိသေးတာလား။” ကောင်းကင် တာအို တပည့်သားတွေ လက်ခံနိုင်ဖို့ ခက်ခဲနေတယ်။ တကယ်တော့ သူတို့ကလည်း နိုင်ငံ ပေါင်းစုံက ထိပ်တန်း ပါရမီရှင်တွေလေ။ အခုတော့ သူတို့ရဲ့ ဂုဏ်ရည်က ဖန်ကျန်းရှှီနဲ့ ယှဉ်လိုက်ရင် လုံး၀ ပျောက်ဆုံး ရပြီ။

မုချင်းဖန်း၊ ကောင်းကင် တာအို ခန်းမက သုခမိန်တွေနဲ့ အနီးမှာ ရပ်နေတဲ့ ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်းတောင် အထိတ်လန့် ဖြစ်နေတာကို မဖုံးကွယ် နိုင်ဘူး။ အလန့်ဆုံးကတော့ ထျန်းရှင်းပဲ။

“ဒီကောင်စုတ်လေးက တကယ်ပဲ ဘယ်လို မိစ္ဆာကောင်လဲ။ စိတ်အာရုံ နယ်မြေ ဖျက်ဆီး ခံရတာတောင် ကောင်းကင် တာအိုကို သုံးနိုင်တယ်။ ယင်ယန် သေရှင် အဆင့်ကိုလည်း တတ်မြောက် နေသေးတယ်လား။ ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။ ဒီကောင်စုတ်ရဲ့ နှလုံးက ညာဘက်မှာ ရှိနေလို့ များလား။” ထျန်းရှင်း လက်သီး ဆုပ်ရင်း စဉ်းစားနေတယ်။

“လူမိုက်။ မင်းက တကယ်ပဲ ဘာကောင်လဲ။” ဝမ်လဲ့ အရင်ကတော့ ဒီမေးခွန်းကို မေးဖို့ မစဉ်းစား ဖူးဘူး။ ဖန်ကျန်းရှီကို သေလူ တစ်ယောက်လို့ သူတွေးထားတာလေ။ လူသေကို မေးခွန်း မေးတော့ရော ဘာကောင်းမှာလဲ။ ဒါပေမယ့် အခုတော့ မေးခွန်း မေးဖို့ လိုလာပြီ။

“ငါမင့် မေးခွန်းကို ဖြေပြီးပြီ။ ငါ့မေးခွန်းကို မင်းအခု ဖြေရတော့မှာ မဟုတ်လား။” ဖန်ကျန်းရှီက သူ့အကြောင်း ဝမ်လဲ့ကို ရှင်းပြချင်ပုံ မပေါ်ဘူး။

“မင်း ဘာပြောချင်တာလဲ။”

“ယင်ယန် တာအိုရဲ့ သရုပ်မှန်က ယင်ယန် သေရှင် အဆင့်ဆိုရင်၊ သေရှ၈င် တာအိုရဲ့ သရုပ်မှန်ကိုကော မင်းသိလား။” ဖန်ကျန်းရှီ မေးတယ်။

“သေရှင် တာအို။” ဝမ်လဲ့ နည်းနည်းတော့ အံ့သြ သွားတယ်။ ဖန်ကျန်းရှီ ဒီလို မေးလာတာ သူနားမလည်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောသလိုပဲ။ သူ့မေးခွန်းကို ပြန်ဖြေရမယ်။ “မင်းငါ့ကို စမ်းသပ် နေတာလား။ သေရှင် တာအိုရဲ့ သရုပ်မှန်က သေရှင် သံကြိုးတွေပဲ။ အာရုံ ခြောက်ပါးကို ပိတ်ဆို့နိုင်တယ်။”

“ကောင်းပြီ။ ဒါဆို လုပ်ပြ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။

“လုပ်ပြ။ ဘာလုပ်ရမှာလဲ။” ဝမ်လဲ့ နားမလည်။

“သိသာ နေတာပဲလေ။ ယင်ယန် သေရှင် အဆင့်ကို ငါသုံးပြသလို လုပ်ပြ၊” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးရင်း၊ ဝမ်လဲ့ကို အရူးတစ်ယောက်ကို ကြည့်နေတယ်။

“သုံးပြရမယ်။ လူမိုက်။ သေရှင် တာအိုက ပြန်လည် မွေးဖွားမှု မဟာ တာအို ခြောက်ခုထဲက တစ်ခုဆိုတာ မင်းမသိ ဘူးလား။ ယင်ယန် တာအိုနဲ့ အဆင့် အတူတူပဲ။ ငါသိရ သလောက်၊ လောကမှာ တာအို နှစ်ခုကို ပညာရှင် အဆင့် ရောက်တဲ့သူ မရှိသေးဘူး။”

“အကယ်၍ ရှိခဲ့ရင်ကော။”

“လူမိုက် ငါက ငတုံး မဟုတ်ဘူး။” ဝမ်လဲ့ လှောင်ရယ်တယ်။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အမူအယာကတော့ ထူးဆန်းနေတယ်။ ဝမ်လဲ့ကို စိုက်ကြည့်ရင်း သူတို့တွေ ပြောပြ ချင်နေပုံပဲ။ (ငတုံးက မင်းပဲ) လို့။ ဒီအကြည့်တွေကြောင့် ဝမ်လဲ့ မသက်မသာ ဖြစ်လာတယ်။

“မင်းပြောချင်တာက မင်းလုပ်နိုင်တယ်လို့လား။” ဝမ်လဲ့ ထူးဆန်းတဲ့ အကြည့်တွေကြောင့် ပြန်မေးလိုက်တယ်။

“မဟုတ်ဘူး။ ငါမလုပ်နိုင်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဒါဆို ကောင်းပြီလေ။ မင်းပြောတာ။” ဝမ်လဲ့ရဲ့ စကားစ ပြတ်တောက်သွားတယ်။ အသည်းခိုက်မတတ် အေးတဲ့ လေအေးတွေ သူ့နောက် ရောက်လာတာ သိလိုက် ရတာကြောင့်ပဲ။ အခိုက်အတန့် အတွင်းမှာ၊ သူ့ရဲ့ ညာခြေထောက်ကို ထိန်းကွပ်နိုင်စွမ်း လွတ်သွားပြီ။ အဲ့ဒီ့နောက် အနီရောင် အလင်းတန်း သူ့မျက်စိ ရှေ့မှာ ပေါ်လာတယ်။

အဲ့တာ သံကြိုး တစ်ခုပဲ။ သွေးနီရောင်တောက်နေတဲ့ သံကြိုး။ မြေကြီးထဲကနေ ထွက်လာပြီးတော့ သူ့ခြေထောက်ကို ဖောက်ထွက်သွားတယ်။ အဲ့ဒီ့နောက် နောက်ထပ် သံကြိုးတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ ၄ခု ၅ခု ၆ခု။ ဝမ်လဲ့ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကြည့်နေတယ်။ သူ့အပြင်၊ တောင်စဉ်ကိုးသွယ် တပည့်သားတွေ၊ ဖူရှီးတောင်ကြား အကြီးအကဲနဲ့ ထျန်းရှင်းတို့လည်း ကြက်သေသေ နေကြပြီ။

“အဲ့တာ ငရဲက သေရှင် သံကြိုးတွေလား။”

“သူ သူ တကယ်ပဲ သေရှင် တာအိုကို ပညာရှင် အဆင့် ရောက်နေတာလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ တအံ့တသြ ပြောနေကြတယ်။ ကောင်းကင် တာအို တပည့်သားတွေကတော့ တိတ်ဆိတ်နေတယ်။ သူတို့လည်း မယုံချင် ကြပေမယ့်၊ အဖြစ်မှန်ကတော့ မျက်စိ ရှေ့မှာပဲလေ။ သူတို့ မြင်နေရတဲ့ ဖန်ကျန်းရှီက မဟာတာအို သုံးခုကို ပညာရှင် အဆင့် တတ်မြောက် နေတဲ့သူ။ သုခမိန် လောက မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ဒီလို လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။

“ဂျွတ်။” ဝမ်လဲ့ လက်မောင်းကို အစိမ်းရောင် သံကြိုးက ဖောက်ထွက် ရစ်ပတ်လိုက်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင် လာပြီးတော့ မြေပြင်ပေါ် လဲကျ မတတ် ဖြစ်နေတော့တယ်။

“မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး။” သံကြိုးတွေက သူ့အရိုးထဲကို ဖောက်နေပင်မယ့်၊ မယုံနိုင်ဘူး။

သေရှင် တာအို။ ဒီကောင်စုတ်က တကယ်ပဲ သေရှင် တာအို ပညာရှင်။ ငတုံး။ ငါကမှ ငတုံး စစ်စစ်ပဲ။ ဝမ်လဲ့ ထပ်ပြီး တွေဝေနေလို့ မဖြစ်တော့ဘူး။ တတိယ သံကြိုးက သူ့ရဲ့ နောက်လက်မောင်း တစ်ဖက်ကို ဖောက်ထွက်နေပြီ။ အကယ်၍ ဒီလက်မောင်းသာ ထိန်းချုပ် ခံလိုက် ရရင်၊ တကယ်ပဲ အဖြစ်ဆိုး သွားလိမ့်မယ်။

“သေရှင် အဆင့်၊ သေခြင်း ကြာပန်း ပွင့်လန်း။” ဝမ်လဲ့ ဆင့်ခေါ်တယ်။ သူ့လက်ထဲက အနက်ရောင် မီးတောက်တွေ အခုတော့ တောက်တောက်ပပ ပွင့်လန်းလာပြီ။ ပန်းပွင့်ဖက် ခြောက်ခုက တုန်ယင်ရင်းနဲ့ တတိယ သေရှင် သံကြိုးကို ဖြတ်တောက်တယ်။ သူ့ခန္ဒာကိုယ်ကို ဖောက်ထွက်ပြီးသား သံကြိုး နှစ်ခုကိုလည်း ပြေလျော့ သွားစေတယ်။

“ဝေါ့။” တုန်ယင်မှုက ပြင်းထန် လွန်းလို့ ဝမ်လဲ့ နောက်တစ်ခေါက် သွေးအန် ပြန်တယ်။ ဒါပေမယ့် သူရပ်နေတဲ့ နေရာမှာ ဆက်မနေ ရဲတော့ဘူး။ ချက်ခြင်း နောက်ဆုတ်တယ်။

“သေရှင် အဆင့်၊ သေခြင်း ကြာပန်း ပွင့်လန်း။” ဝမ်လဲ့လိုပဲ နောက်အသံ တစ်ခု ထွက်လာတယ်။ နောက်ထပ် သေခြင်း ကြာပန်း တစ်ပွင့် ဝမ်လဲ့ ရှေ့မှာ ပွင့်လန်း လာတယ်။

“ဘာဖြစ်တာလဲ။” ဝမ်လဲ့ နောက်ဆုတ် ချင်တယ်။ ဒါပေမယ့် နောက်ကျ လွန်းသွားပြီ။ အပြာရောင် အလင်းတန်း ထဲမှာ ရပ်တန့်ရင်းနဲ့ သေခြင်း ကြာပန်းကို ပွင့်စေတဲ့ သူကတော့ ပြုံးနေခဲ့တယ်။ ဝမ်လဲ့လည်း အခုချိန်မှ စကား တစ်ခွန်းကို သဘောပေါက် သွားတယ်။ “မင်းကို အကွက်ဆင် တယ်တဲ့လား။ လွန်လွန်းတယ်။ မင်းခေါင်းပေါ်ကို ဖြတ်လျှောက်သွားမှာ။”

ဒါပေါ့။ အကယ်၍ သူသာ ဒဏ်ရာ ရမထားရင်၊ ဖန်ကျန်းရှီက တာအို သုံးခုမှာ ပညာရှင် ဖြစ်နေရင်တောင် ကြောက်စရာ မလိုဘူး။ အခုတော့ သူက ဒဏ်ရာ ရထားတယ်။

“ဝုန်း။” အနက်ရောင် မီးတောက်တွေ နေရာ အနှံ့ကို ပျံ့ကျဲလာတယ်။ ကြီးမားတဲ့ မီးတောက်ကြီးက လေမုန်တိုင်း တစ်ခုလို ထွက်ပေါ် လာပြီး ဝမ်လဲ့ကို မီးမြိုက်တော့တယ်။ အဝတ်အစားတွေ၊ ဆံပင်တွေ၊ အရေပြားတွေ အကုန်လုံး လောင်ကျွမ်း ကုန်တယ်။ မီးလောင်တဲ့ တဖျစ်ဖျစ် မြည်သံတွေကို ကြားနေရတယ်။

ဝမ်လဲ့က အခုချိန်မှာ အရိုးတွေက အသံထွက် လာတဲ့ အထိ လှုပ်ရှားနေတယ်။

“ယင်ယန် ပြောင်းပြန် စီးဆင်း။” ဝမ်လဲ့ ခပ်တိုးတိုး အော်ဟစ်တယ်။ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာတယ်။ ဝမ်လဲ့ ခန္ဒာကိုယ်ကို ဝန်းရံထားတဲ့ မီးတောက်နက်တွေ၊ သူ့ခန္ဒာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားတယ်။ သူက ယင်ယန် ခန်းမရဲ့ ဆက်ဆံသူ။ ဖန်ကျန်းရှီကို ဘယ်လို ရှုံးနိုင်မှာလဲ။

သူ စောင့်ဆိုင်းနေတာ။ ပြိုင်ဘက်ကို ပြောင်းပြန်လန် သွားစေမယ့် အခွင့်အရေးကို။ သေခြင်း ကြာပန်း ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ထွက်ပေါ် လာတည်းက သူအကွက်ချ ပြီးပြီ။

“သေပေရော့၊” ဝမ်လဲ့ အမူအယာက အေးစက်နေတယ်။ သေခြင်း ကြာပန်းကို ခန္ဒာကိုယ်ထဲ စုပ်ယူလိုက်တာ နှစ်ဖက် စလုံးကို အထိနာစေတယ်။ ဒါပေမယ့် အခုချိန်မှာ သူအာရုံ မစိုက်နိုင်ဘူး။ ဒဏ်ရာ ပြင်းထန်လွန်းလို့၊ တာအို အရင်း အမြစ်ကို ၂နှစ်ကြာအောင် မသုံးနိုင် တော့ရင်တောင်၊ ဖန်ကျန်းရှီကို သူ့လုပ်ရပ် အတွက် ပြန်ပေးဆပ် စေရမယ်။

“ဝုန်း။” မီးတောက်နက်တွေ ကောင်းကင်ကို ထိုးထက်လာတယ်။ လေပွေလို ဝေ့၀ဲ နေပြီးတော့၊ ဝမ်လဲ့ ခြေထောက်အောက်က ကျောက်စိမ်း တွေကို အမှုန့် ဖြစ်သွားစေတယ်။

ယင်ယန် ခန်းမရဲ့ ဆက်ခံသူက ဘယ်လိုများ ဒီလောက် အားနည်းမှာလဲ။ ဖန်ကျန်းရှီကို သေစေချင်တယ်။ ဖန်ကျန်းရှီ သေမှ သူ့ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ် နိုင်လိမ့်မယ်။ အားလုံးက ဖန်ကျန်းရှီရဲ့ အပြစ်တွေပဲ။ ဝမ်လဲ့ ဒီလို တွေးနေခဲ့တယ်။ ဒါပေမယ့် သူ့အတွေးက ကြာရှည် မခံဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့မြင်ကွင်းထဲမှာ ဓားတစ်လက် ပေါ်လာလို့ပဲ။ ဘာမှ ထူးခြားမှု မရှိတဲ့ သာမာန် ဓားတစ်လက်။

“ချွင်။” ဓားက ရင်ဘတ်ကို ထိုးဖောက်သွားတယ်။ သွေးတွေ နေရာ အနှံ့ကို စီးကျတော့တယ်။

“နင်က သေချင်မှတော့ ငါသတ်ပေး ရတာပေါ့။” ဝမ်လဲ့ နားထဲမှာ တေးသီငှက်အသံလို ချိုမြတဲ့ အသံကို ကြားလိုက်ရတယ်။ ချိုသာ ကြည်လင်လွန်းတဲ့ ဒီအသံက အေးစက်နေတယ်။ သူ့ရင်ဘတ်ကို ထွင်းဖောက်သွားတဲ့ ဓားတစ်လက်လို အေးစက်တယ်။

အပိုင်း (၆၇၈)ပြီး၏။

အပိုင်း (၆၇၉)

“အကယ်၍ အရှက်မရှိတာကသာ တာအို ဖြစ်ခဲ့ရင်။”

အကယ်၍ ဝမ်လဲ့ရဲ့ အမူအယာကိုသာ ရပ်တန့်ပြီးတော့ ကြည့်လို့ ရမယ်ဆိုရင်၊ သူ့ရဲ့ မျက်လုံးတွေက သွေးနီရောင် တောက်နေတာကို မြင်ရလိမ့်မယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ပန်းနုရောင် ဝတ်ရုံရှင် ချီကူယန်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့် သွားတာကို တွေ့ရလိမ့်မယ်။

မျက်ဝန်း တောက်တောက်၊ တော်ဝင်ဆန်တဲ့ သွင်ပြင်၊ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ လောကတခွင်မှာ ကျော်ကြားတဲ့ ကောင်းကင် ဂုဏ်ရည်ရှင်။ စကြဝဠာထဲက ကြယ်တာရာတွေလို တောက်ပတဲ့ မျက်ဝန်းတွေ ရှိတယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် သူ့ရဲ့ နှလုံးသားကို ဓားနဲ့ ထိုးလိုက်တဲ့ သူက ရွေးချယ်ခံ ချီကူယန် ဖြစ်နေမယ်လို့ မထင်မှတ် ထားဘူး။ ဘယ်လိုများ ငါ့ကို သတ်ဝံ့တာလဲ။

“နင် သေချင်နေမှတော့၊ ငါသတ်ပေး ရတာပေါ့။”

မင်းက ငါ့ကို သတ်တဲ့ သူတဲ့လား။ ဝမ်လဲ့ နားမလည်။ တကယ့်ကို နားမလည်နိုင်ဘူး။ ကောင်းကင် တာအို ခန်းမကို ကိုယ်စားပြုတဲ့ သူမှန်း မင်းကိုယ်မင်း မသိဘူးလား။ သူက ယင်ယန် ခန်းမရဲ့ ဆက်ခံသူ ဆိုတာ မသိတာလား။ ဘယ်လိုများ လုပ်ဝံ့တာလဲ။

“မင်း အဟွတ် ဟွတ်။” ဝမ်လဲ့ ခန္ဒာကိုယ် တစ်ခုလုံး ပျော့ခွေပြီးတော့ မြေပြင်ပေါ်ကို ဒူးထောက်လျက်သား ကျသွားခဲ့တယ်။ မျက်လုံးကတော့ ချီကူယန်ကို စိုက်ကြည့်နေဆဲ။ “မင်း မကြောက် မကြောက် ဘူး လား။ ယင်ယန် ခန်းမက မင်းကို လာရှာ။”

“နင်နဲ့ မတန်ဘူး။” ချီကူယန်က ဝမ်လဲ့ကို စိုက်ကြည့်ရင်း တစ်ခွန်းပဲ ပြောတယ်။ သူမရဲ့ အမူအယာက ရေခဲနေတဲ့ ကန်ရေပြင်လို တည်ငြိမ်နေတယ်။ တုန်လှုပ်မှု နည်းနည်းလေးတောင် မရှိဘူး။

“မ မတန်ဘူး။” ဝမ်လဲ့ မျက်လုံး ပြူးသွားတယ်။ သူ့နားသူ မယုံနိုင်။ တကယ်တော့ ကောင်းကင် တာအို ခန်းမကို လာခဲ့တာ ပွဲကြည့်ဖို့ပဲ။ ကိုယ်တိုင် တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ဒီအခြေအနေ ရောက်လာဖို့ ဘယ်လောက်တောင် ကြိုစားခဲ့ရလဲ။ သုခမိန် အဆင့်ကို ရောက်သွားတဲ့ အချိန်မှာပဲ၊ ယင်ယန်ခန်းမရဲ့ ဆက်ခံသူ ဖြစ်ခဲ့ရတယ်။

သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်။ အခုတော့ သူ သေရတော့မယ်။ ချီကူယန်ရဲ့ ဓားအောက်မှာ သေရတော့မယ်။ ကောင်းကင် တာအို ခန်းမကိုတောင် မဝင်ရ သေးတဲ့ လူတစ်ယောက်ကို တိုက်ခိုက် မိတဲ့ အတွက်။ သူ့ကိုယ်သူ ဘယ်လိုများ ဖြေသိမ့်လို့ ရမှာလဲ။

“ချွမ်။” ဓားကို ဆွဲထုတ်လိုက်တယ်။ သွေးတွေ ဝမ်လဲ့ နှလုံးသားကနေ စီးဆင်းလာတယ်။ မြေပြင်ပေါ်ကို စီးကျရင်း၊ ကျောက်စိမ်းမှုန့်တွေကို အနီရောင် ပြောင်းလဲ စေတယ်။ ချီကူယန် ပြန်လှည့်သွားတယ်။ ဝမ်လဲ့ကို တစ်ချက်တောင် မကြည့်ဘူး။ သူမ စိတ်ထဲမှာတော့ သူ့ကို ပုရွက်ဆိတ် တစ်ကောင်လိုပဲ သဘောထားတယ်။ ဒါပေမယ့် ဒီပုရွက်ဆိတ်က သန်မာတဲ့ သုခမိန်၊ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ။

“မင်း။” ချီကူယန်ကို ကြည့်ရင်း ဝမ်လဲ့ သွေးအန် ပြန်တယ်။ သူ့မှာ နောက်ထပ် ပြောစရာ မရှိတော့ သလိုပဲ။ ဒါပေမယ့် သွေးတွေက သူ့နှလုံးကနေ ဆက်တိုက် စီးကျနေတယ်။ နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။

“ဒုန်း။”

ဝမ်လဲ့ မြေပြင်ပေါ်ကို ပြိုလဲ သွားတယ်။ စိတ်ပျက် အားလျော့နေတဲ့ မျက်နှာနဲ့။ သူမသေချင်ဘူး။ တကယ်ပဲ မသေချင် သေးဘူး။ အခုတော့ သေသွားရပြီ။ ယင်ယန် ခန်းမရဲ့ ဆက်ခံသူ ဖြစ်ပေမယ့်။ နှလုံးသားကို ဓားနဲ့ ထိုးခံ လိုက်ရတော့ ဘယ်လို အသက်ရှင် နိုင်မှာလဲ။

တောင်စဉ် ကိုးသွယ် တပည့်သားတွေ သက်ပြင်း ချမိတယ်။ မောက်မာ မော်ကြွားမှု အပြည့်နဲ့ ခေါင်းမော့နေတဲ့ ချီကူယန်ကိုကြည့်ရင်း သူတို့ အရိုးထဲက စိမ့်ချမ်းလာတယ်။ တကယ်ပဲ ဝမ်လဲ့ကို သတ်လိုက်တယ်။ ဘယ်သူမှ မျှော်လင့် မထားတဲ့ အဖြစ်ပဲ။ ဝမ်လဲ့ ပြောသလို၊ ချီကူယန်က ကောင်းကင် တာအို ခန်းမရဲ့ ကိုယ်စားပြု၊ ဝမ်လဲ့က ယင်ယန် ခန်းမရဲ့ ကိုယ်စားပြု။

ချီကူယန် ဘာကြောင့် ဒီလိုလုပ်လဲ ဘယ်သူမှမသိ။ ချီကူယန် လှုပ်ရှားတဲ့ အချိန်မှာ လုံးဝကို အညှာအတာ ကင်းမဲ့တယ်။ တစ်ချက်လေးတောင် မတွေဝေသလို ဖြေရှင်းချက်လည်း မထုတ်ဘူး။ လူတိုင်း ထိတ်လန့် တိတ်ဆိတ် နေပင်မယ့်၊ ချီကူယန်ကတော့ အေးအေးဆေးဆေးပဲ။

ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်း ပြီးတော့၊ ဖန်ကျန်းရှီ ဘေးကို လျှောက်သွားတယ်။ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ငြိမ်ငြိမ်လေး နေနေတယ်။ ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်းပဲ။ ငြိမ်သက် တည်ငြိမ်လွန်းတယ်။

ဖန်ကျန်းရှီကတော့ ဘာမှ မပြောချင်တဲ့ ပုံစံပဲ။ သူ သတ်ရမယ့်သူကို ခိုးသွားတာလား။ ဒီကောင်က သူလုပ်လို့ ဒုက္ခိတ ဖြစ်တော့မှာလေ။ ဒီအချိန်မှ ရုတ်တရက် ထွက်လာပြီး သတ်လိုက်တယ်။ ဒါက ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ။

“ငါသတ်ရမယ့်သူကို မင်းဖြတ်ခုတ် သွားတယ်နော်။” ဖန်ကျန်းရှီ ချီကူယန်ကို သတိပေးတယ်။ ဒါက ကောင်းတဲ့ အကျင့် မဟုတ်ဘူးလေ။

“ဟုတ်တယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် တစ်ခုခု ပြောသင့်တယ် မဟုတ်လား။”

“နင်က ငါ့ကို ပြောစေချင်တာလား။”

“…” ဖန်ကျန်းရှီ ပြန်တိတ်ဆိတ် သွားပြန်တယ်။ ဒီအချိန်မှာ ရယ်သံကြီး ထွက်လာခဲ့တယ်။ အဝေးမှာ ရပ်နေတဲ့ ဖူရှီးတောင်ကြား ခေါင်းဆောင် ကုယွိအန်း ရယ်မောရင်းနဲ့ ထျန်းရှင်းဆီ လျှောက်လာတယ်။ သူ့မျက်နှာက မည်းမှောင် နေခဲ့တယ်။

“ဟဟား။ ခေါင်းဆောင်ထျန်း။ ချီကူယန်က တခြားသူတွေကို သတိ ပေးချင်နေတဲ့ ပုံစံပဲ။ ဒီကောင်လေးရဲ့ ခန္ဒာကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်ကို ပြန်ယူဖို့ လွယ်မှာ မဟုတ်ဘူး။”

ဘယ်သူ့ အနားကိုမှ မကပ်ပဲ ပြုံးပြရင်း ပြောနေခဲ့တယ်။ ရွေးချယ်ခံ ချီကူယန်က ကိစ္စ တစ်ခုကို အကြောင်းရင်း မရှိပဲ လုပ်လေ့ မရှိဘူး။ အထူးသဖြင့်၊ ယင်ယန် ခန်းမ ဆက်ခံသူ ဝမ်လဲ့ကို သတ်တာမျိုးပေါ့။ အကယ်၍ သူမ ကိုယ်တိုင် လှုပ်ရှားရင်၊ အကြောင်းရင်း တစ်ခုပဲ ရှိနိုင်မယ်။ သေသင့်လို့။

ထျန်းရှင်းလည်း စကား မပြောဘူး။ သူ့မျက်နှာလည်း ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင်နေတယ်။ ကုယွိအန်းတောင် ချီကူယန်ရဲ့ စိတ်ကူးကို သိနိုင်ရင်၊ သူက ဘယ်လိုများ မသိပဲ နေမှာပဲ။ ထင်ရှား နေတာ ရှိတယ်။ ချီကူယန်က ဝမ်လဲ့ကို ဥပမာ အနေနဲ့ သတ်ပြတာ။ အတွေးအခေါ်က ရိုးရှင်းပါတယ်။ သူနဲ့ ဝမ်လဲ့ကို နေရာချင်း ပြောင်းသွားရင်တောင် ချီကူယန်က တွေဝေမှာ မဟုတ်ဘူး။

“သူက တခြားသူတွေကို သတိပေးဖို့ ဒီလို သတ်တာလား။ ဒါက ဘာသဘောလဲ။”

“အစ်မကြီး ချီကူယန်။ ကြည့်ရတာက သူမ စိတ်ဆုံးဖြတ် လိုက်ပြီပဲ။”

“ဟုတ်တယ်။ ငါတို့လည်း တိုက်ခိုက် ရမယ်ဆိုရင်၊ ဝမ်လဲ့ကို သတ်တာက ရွေးချယ်မှု ကောင်းပဲ။”

ကုယွိအန်းရဲ့ စကားကို ကြားတော့ ကောင်းကင် တာအို တပည့်သားတွေ ဖြစ်နေတာကို နားလည်သွားတယ်။ ချီကူယန်က စကား များများ ပြောလေ့ရှိတဲ့သူ မဟုတ်ပေမယ့်၊ လူတိုင်းက သူမ စွမ်းအားတွေကို ခံစား နေရတယ်။ ဝမ်လဲ့ကိုတောင် သတ်နိုင်မှတော့၊ တောင်စဉ် ကိုးသွယ်ကကော ဘယ်လိုလဲ။

ထျန်းရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ မုချင်းဖန်း ဆေးဖော်တာကို စောင့်ကြပ်ဖို့ သူခွင့်ပြု ပေးခဲ့တယ်။ ဒီကိစ္စက အဆုံးသတ် သွားပြီ။ ချီကူယန်ရဲ့ ဥပမာက ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီ။ တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမရဲ့ ဆက်ဆံရေးကို ချီကူယန်ကြောင့် အပျက်စီးခံဖို့ မုချင်းဖန်းက ဝန်လေးမှာ မဟုတ်ဘူး။

မုချင်းဖန်း ဂုဏ်အယူရဆုံး အချစ်ခင်ဆုံး တပည့် ဖြစ်တဲ့ ချီကူယန်က၊ ဖန်ကျန်းရှီကြောင့် အန္တရာယ်ကြားမှာ ရောက်နေရပြီ။ ဒါတောင် မုချင်းဖန်းက ဆေးဖော်တာ ဆက်လုပ် ခိုင်းမှာလား။ ဘယ်သူ သိနှိုင်မလဲ။ လက်လျှော့ဖို့ကိုတော့ ထျန်းရှင်း မလုပ်နိုင်။

ဆက်ပြီးတော့လည်း မတိုက်ခိုက် နိုင်ဘူး။ အချိန်တို အတွင်းမှာတောင် တောင်စဉ် ကိုးသွယ် တပည့်သား ဆယ်ယောက် သေဆုံး သွားခဲ့ပြီ။ ဒါဇင်ချီက ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရနေခဲ့တယ်။ ဒါပေါ့။ ကောင်းကင် တာအို ခန်းမလည်း ဆုံးရှုံးမှု ရှိတယ်။

တောင်စဉ် ကိုးသွယ်နဲ့ ယှဉ်လိုက်ရင်တော့၊ ကောင်းကင် တာအို ခန်းမက အဆုံးအရှုံး အများကြီး နည်းတယ်။ အကြောင်းရင်းကတော့ နှစ်ခုရှိတယ်။ ပထမ- ကောင်းကင် တာအို တပည့်သားတွေက ဓားပညာကို အဓိက ထားသူတွေ၊ တောင်စဉ် ကိုးသွယ်ထက် တိုက်ခိုက်ရေး အင်အား ပိုသာတယ်။ ဒုတိယ- သူတို့တွေက ကောင်းကင် တာအို ခန်းမမှာ ရောက်နေတာကြောင့်ပဲ။ လူအင်အားက ပိုများတယ်။

ဒါ့အပြင် ထျန်းရှင်းကလည်း ဒဏ်ရာ ရထားသေးတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ စွမ်းအား အရင်းအမြစ် ၃၀% ကို စုပ်ယူသွား သေးတယ်။ အခုချိန်မှာ မုချင်းဖန်းကို အသေခံ ပြီးတော့ တိုက်ခိုက်ဖို့ နည်းလမ်း မရှိဘူး။ ဒါဆိုရင် ဘာကြောင့်များ တိုက်ခိုက် ရမှာလဲ။

“ဆယ်ကွက်။ အကယ်၍ မင်းတို့ နှစ်ယောက်သာ ငါ့ရဲ့ တိုက်ကွက် ဆယ်ကွက်ကို တားဆီးနိုင်ရင်၊ ငါ ထွက်သွားမယ်။ မတားဆီး နိုင်ရင်တော့၊ ကောင်းကင် တာအို ခန်းမ ဒီနေ့ သွေးချောင်းစီး စေရမယ်။” ထျန်းရှင်း အေးစက်စက် ပြောလိုက်တယ်။ ဒါကိုကြားတဲ့ ကောင်းကင် တာအို တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် စိုးရိမ်တကြီး ကြည့်မိကြတယ်။

ထျန်းရှင်း။ မုချင်းဖန်းလို အင်အားကြီးတဲ့သူ၊ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ အင်အား အကြီးဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်။ ဆယ်ကွယ်တဲ့။ နားထောင်ရတာ ရိုးရှင်း ပေမယ့်၊ အောင်မြင်ဖို့ မဖြစ်နိုင်အောင် နည်းပါးတယ်။

ဒါ့အပြင် အရေးအကြီးဆုံးက နှစ်တစ်ထောင် မီးဆေးပင်နဲ့ ပတ်သက်တဲ့ ကတိပဲ။ ထုံးစံ အတိုင်း၊ ထျန်းရှင်းက သူ့ အင်အား အားလုံးကို သုံးပြီးတော့ မညှာမတာ တိုက်ခိုက်မှာပဲ။ ထျန်းရှင်းစကားကို ကြားတော့ မုချင်းဖန်း မျက်မှောင် ကြုတ်နေတယ်။ ထျန်းရှင်းရဲ့ အင်အားက သူ့ထက် သာမလား သူမသိဘူး။ သူကိုယ်တိုင်တောင် ထျန်းရှင်းနဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက် မရှိ။ ချီကူယန်နဲ့ ဖန်ကျန်းရှီဆို ပိုဆိုးတာပေါ့။ ဆယ်ကွက်ဆိုတာ ခက်ခဲလွန်းတယ်။

“ငါ သဘောမတူဘူး။” ဖန်ကျန်းရှီ ပြောတယ်။ သူက အရူးမှ မဟုတ်ပဲ။ ထျန်းရှင်းနဲ့ ထိပ်တိုက် တိုက်ခိုက်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ခြေရာမဲ့ ဓားကို မုချင်းဖန်း လုယူသွားတဲ့ အကြောင်း သူကောင်းကောင်း မှတ်မိ သေးတယ်လေ။ ထျန်းရှင်းက မုချင်းဖန်းလို အင်အားကြီးတဲ့သူ။

အခြေအနေကို နားလည်တတ်တဲ့သူက တကယ့် သူရဲကောင် အစစ်လို့ သူလက်ခံ ထားတယ်။ ဖန်ကျန်းရှီလည်း သူ့ အခြေအနေကို ကောင်းကောင်းသိတယ်။ နောက်ဆုံးတော့လည်း သူက အခုချိန်မှာ အသာစီး ရနေတဲ့ သူလေ။ ဘာကြောင့် စွန့်စား ရမှာလဲ။ မတန်ဘူး။ နောက်ပြီးတော့ စွန့်စားဖို့လည်း စိတကူး မ၇ှိဘူး။

“လူမိုက်။ မင်း ဆုံးဖြတ်လို့ မရဘူး။ ဒီနေ့ ငါ့ကို မင်းသဘော မတူရင်၊ ကောင်းကင် တာအို ခန်းမ တစ်ခုလုံး သွေးချောင်းစီး စေရမယ်။” ထျန်းရှင်း ဒေါသတကြီးနဲ့ ပြောတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် အနေနဲ့၊ သူအများကြီး နောက်ဆုတ်ထား ပြီးပြီ။ ဆယ်ကွက် တိုက်ခိုက်တယ် ဆိုတာ သူ့ရဲ့ နောက်ဆုံး ကန့်သတ်ချက်ပဲ။

“သေချာရဲ့လား။” ဖန်ကျန်းရှီ တစ်ခုခုကို တွေးတော နေတဲ့ ပုံစံပဲ။

“သေချာတယ်။” ထျန်းရှင်း ခေါင်းငြိမ့်တယ်။

“ဘယ်လို ယုံရမှာလဲ။”

“မင်း ဟာသ လုပ်နေတာလား။ ငါ့ စကားတွေကို ဘယ်တော့မှ မရုပ်သိမ်းဘူး။ ဘယ်တော့မှ မရုပ်သိမ်း။”

“ကောင်းပြီလေ။ ခင်ဗျားဘာ ခင်ဗျား တိုက်ခိုက်။ ကျွန်တော်က ကောင်းကင် တာအို ခန်းမက လူမှ မဟုတ်ပဲ။ ခင်ဗျားတို့ နှစ်ယောက် တိုက်ခိုက်ကြ။ ကျွန်တော်ကတော့ သွားတော့မယ်။” ဖန်ကျန်းရှီ ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်တယ်။

“…” ထျန်းရှင်း မျက်နှာ ရှုတ်မဲ့နေပြီ။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်နေပင်မယ့်၊ ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ စကားလုံးတွေကို ဘယ်လို တုံ့ပြန်ရမလဲ မသိဘူး။

ကောင်းကင် တာအိုနဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း ဆွံ့အ ကုန်ကြတယ်။ ဒါက ဘယ်လို အခြေအနေလဲ။ သူက ပြဿနာတွေရဲ့ အကြောင်းရင်းလေ။ အခုတော့ သူနဲ့ ဘာမှ မဆိုင်သလို လုပ်ရင်း၊ ထွက်သွားဖို့ ပြင်နေပြီလား။

တကယ်ဆို သူပြောသင့်တာက “ပျော်စရာ ကောင်းတော့မှာပဲ။ ကျွန်တော် အရင် တိုက်ခိုက်မယ်။” လို့။

အခုတော့ မျက်နှာပြောင်တိုက်ပြီး အရှက်မရှိ ပြောနေတယ်။

“နေအုန်း။” ထွက်သွားတော့မယ့် ဖန်ကျန်းရှီကို ကြည့်ရင်း၊ ထျန်းရှင်း နှလုံးသားထဲ ဒေါသမီးတွေ တောက်လောင်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ အသံတွေတောင် မြည်နေပြီ။

“တခြား ဘာကိစ္စ ရှိသေးလို့လဲ။ ခေါင်းဆောင်ထျန်း။ ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆိုရင်၊ အခုချိန်မှာ တိုက်ခိုက် နေလောက်ပြီ။ ခင်ဗျားပြောတော့ စကားကို ဘယ်တော့မှ မရုပ်သိမ်းဘူးဆို။” ဖန်ကျန်းရှီက စူးစမ်းလိုတဲ့ ပုံစံနဲ့ ပြန်မေးနေတယ်။

“မင်း။” ထျန်းရှင်း ဒေါသတွေကို ဖိနှိပ်ထား ရတယ်။ စိတ်ရှိတဲ့ အတိုင်း လုပ်လို့ ရရင်၊ ဖန်ကျန်းရှီရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးပြစ်ချင် နေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီ နောက်က ချီကူယန်ကို ကြည့်ရင်း၊ ကိုယ့်ကိုယ်ကို စိတ်ထိန်း နေရတယ်။ “လူမိုက်။ မင်းကြောက်လို့လား။”

“မဟုတ်ပါဘူး။ ဒါပေမယ့် အခြေ အနေတွေက ပြောင်းသွားတယ်လေ။”

“အခြေအနေ။ ဘာ အခြေအနေလဲ။”

“ခေါင်းဆောင်ထျန်း ခုနကပဲ ပြောလိုက်တာလေ။ ကျွန်တော်တို့ ဆယ်ကွက် အတွင်း အသက်ရှင်နိုင်ရင် ထွက်သွားမယ်ဆို။ ကျွန်တော်ကတော့ ဒီလို ကိစ္စတွေမှာ ဝင်မပါချင်ဘူး။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို ကွေးညွှတ်ရင်း ပြောနေခဲ့တယ်။

“ဝင်မပါချင်ဘူး တဲ့လား။ လူမိုက်၊ မင်းစကား လမ်းကြောင်း မလွှဲနဲ့။ မင်းခန္ဒာကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်က တောင်စဉ် ကိုးသွယ်ရဲ့ အထူး ရတနာပဲ။ ဒီရတနာကြောင့် မင်းအကျိုး မရှိဘူးလို့ ဘယ်လိုများ ပြောနိုင်တာလဲ။”

“ခေါင်းဆောင်ထျန်း။ ဒါက ခင်ဗျား ဘာသာ ခင်ဗျား ပြောတာ။ နှစ်တစ်ထောင် မီးဆေးပင်က ကျွန်တော့် ကိုယ်ထဲမှာ ရှိတယ်။ ဒီတော့ ဒါကို ဆုလဒ် ဖြစ်စေရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီ မေးတယ်။

“လူမိုက်။ မင်း။ ကောင်းပြီ။ မင်း ဘာလိုချင်လဲ။”

“ဆယ်ကွက် တိုက်ခိုက်မယ့် အစား။ တစ်ကွက် တိုက်ခိုက်ရင်ကော။” ဖန်ကျန်းရှီက မျှော်လင့် တကြီး ပြန်မေးတယ်။

“တကွက်။” ထျန်းရှင် ပြောရင်းနဲ့ လည်ချောင်းနင်သလို ရပ်တန့် သွားတယ်။ ယင်ကောင် တစ်ကောင်ကို မျိုချ မိလိုက် သလိုပဲ။ အစတုန်းက သူထင်ထားတာ၊ ဖန်ကျန်းရှီက အတုံ့အလှည့် အနေနဲ့ ရတနာ တစ်ခု တောင်းမယ်ပေါ့။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတဲ့ အခြေအနေက ဒီလို ဖြစ်လာမယ်လို့ မထင်ထား မိဘူး။ ဆယ်ကွက်ကနေ တစ်ကွက်တဲ့လား။

“ဒီကောင်ရဲ့ ဦးနှောက်က ဘယ်လိုတောင် အလုပ်လုပ်တာလဲ။ ထျန်းရှင်းက ဒါမျိုးကို သဘောတူမယ်လို့ ယုံကြည်ချက် ရှိနေတာလား။”

“ဖူး။” ချီကူယန် ကိုယ့်ကိုယ်ကို ထိန်းထားရင်း မအောင့်နိုင်ပဲ ရယ်မိတော့တယ်။ သူမရဲ့ ပုံမှန် အေးချမ်း တည်ငြိမ်တဲ့ ပုံစံက လွင့်စင် ပျောက်ကွယ် သွားပြီ။ ပန်းပွင့်လေး ပွင့်လန်းလာသလို အေးချမ်းမှုတွေ ပြည့်နှက် နေတဲ့ ပုံစံလေး ပေါ်လာတယ်။

အရှက်မရှိတာသာ တာအို တစ်ခု ဖြစ်ခဲ့ရင်၊ လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက သုခမိန် အဆင့်ကို ဖန်ကျန်းရှီ ရောက်နေပြီလို့ ချီကူယန် ယုံကြည်တယ်။

အခုတော့ တောင်စဉ် ကိုးသွယ် တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ သူတို့ မျက်နှာတွေ ရဲရဲနီနေကြပြီ။

“ဒီကောင်စုတ်က အရှက်မရှိလိုက်တာ။”

“ဆယ်ကွက်ကနေ တစ်ကွက်ကို ပြောင်းရမယ်တဲ့။ ဒါကို ဘယ်လိုများ ရုပ်တည်ကြီးနဲ့ ပြောနိုင်တာလဲ။”

“ငါတို့ကို ငတုံးတွေများ မှတ်နေတာလား။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ ဒီလိုလူမျိုး မမြင်ဖူးဘူး။ ဒီကောင်စုတ် အရှက်မရှိတာက တကယ့်ကို ကန့်သတ်မဲ့ပဲ။

သူတို့တွေတင် မကဘူး။ ဘေးက နားထောင်နေတဲ့ မုချင်းဖန်းတောင် အသံတိတ် ကျိန်ဆဲ နေမိတယ်။ “ဒီကောင်စုတ်ကတော့၊ အရှက်မရှိတာ လွန်လွန်းပါတယ်။”

ဒါပေါ့။ သူထုတ် မပြောဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဖန်ကျန်းရှီက အရှက် မရှိပေမယ့်၊ ထျန်းရှင်းကို ဖြောင်းဖျ နိုင်မယ်လို့ မျှော်လင့် နေလို့ပဲ။ တကယ်တော့ ဆယ်ကွက် အတွင်း အသက်ရှင်ချိန်ချေက နည်းပါး လွန်းတယ်လေ။

“တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်ပြီးတော့၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိဘူးလား။” ဖန်ကျန်းရှီက ထျန်းရှင်းကို လှမ်းမေးတယ်။ ရွဲ့တဲ့တဲ့ အပြုံးနဲ့ ပြုံးပြ နေခဲ့တယ်။

“လူမိုက်။ မင်းက ငါ့ဒေါသကို လာဆွ နေတာလား။” ထျန်းရှင်း အံကြိတ်လိုက်တယ်။ “ဆယ်ကွက်လို့ ပြောရင်။ ဆယ်ကွက်ပဲ။ အကယ်၍ မင်းတို့ တစ်ယောက်ချင်း တိုက်ခိုက်ရဲရင်၊ ငါးကွက်ကို လျှော့ပေးမယ်။”

“ကျွန်တော်က အရူးမှ မဟုတ်ပဲ။ နှစ်ယောက် ၁၀နဲ့ တစ်ယောက် ငါးကွက်က ဘာမှ မထူးခြားပဲ။ ဒါဆို တကွက် မဟုတ်ပဲ ၂ကွက် ဆိုရင်ကော။”

“မဖြစ်နိုင်ဘူး။”

“သုံးကွက်။”

“မဖြစ်နိုင်ဘူး။”

“တစ်ယောက်တည်း တိုက်မယ် ဆိုရင်ကော။”

“မဖြစ်။ နေအုန်း။ တစ်ယောက်တည်း။ မင်းပြောတာ ငါ့ တိုက်ကွက် သုံးကွက်ကို တစ်ယောက်တည်း ခုခံမယ်လို့လား။” ထျန်းရှင်း ခေါင်းခါဖို့ လုပ်နေရင်း ရုတ်တရက် ပြန်မေးတယ်။ သူကြားတာကို မယုံနိုင်ဘူး။ သိပ်မကြာခင် သူရယ်မောတယ်။ “မင်းပြောတဲ့ တစ်ယောက်တည်း ဆိုတာ၊ ချီကူယန်ကို ပြောတာ မလား။ မင်းကတော့ မတိုက်ဘူး ဟုတ်တယ်ဟုတ်။”

အပိုင်း (၆၇၉) ပြီး၏။

အပိုင်း (၆၈၀)

“ကောင်းကင်ဘုံရဲ့ အမျက်ဒေါသ။ အသန်မာဆုံး တိုက်ပွဲ။”

“သူပြောတဲ့ (တစ်ယောက်တည်း) ဆိုတာနဲ့ အစ်မကြီး ချီကူယန်လား။ ဒီ အရှက်မရှိတဲ့ ကောင်က အစ်မကြီး ချီကူယန်ကို ထျန်းရှင်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက် စေချင်တာလား။”

“ဒီလိုပဲ ဖြစ်လိမ့်မယ်။”

“ဒီ့ထက် ပိုပြီး အရှက်မရှိ မျက်နှာပြောင် တိုက်နိုင်သေးလား။”

ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ မျက်လုံး ပြူးကုန်တယ်။ ထျန်းရှင်းရဲ့ ရှင်းပြတဲ့ စကားကိုကြားတော့ သူတို့တွေ ဒေါသထွက်လာတာ သိသိသာသာပဲ။ ကောင်းကင် တာအို တပည့်သားတွေတင် မကဘူး။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း မယုံနိုင်။

ချီကူယန်ရဲ့ အမူအယာကတော့ မပြောင်းလဲဘူး။ သူမ နောက်က ဖန်ကျန်းရှီကို ကြည့်ရင်း တစ်လှမ်း နောက်ဆုတ်လာတယ်။

“သတိထား။” ချီကူယန် ပြောတယ်။ သူမ အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် ဌာနေ နှစ်ခုလုံးက တပည့်သားတွေ အားလုံး သူ့စကားကို ကြားတယ်။

“သတိထားတဲ့လား။”

“ အဲ့တာ ဘာပြောတာလဲ။”

“ဒီကောင် တစ်ယောက်တည်း တိုက်ခိုက် မလို့လား။”

တပည့်သားတွေ ချီကူယန်ရဲ့ စကားကိုကြားတော့ သံသယ အပြည့် မျက်နှာတွေနဲ့ ကြည့်နေကြတယ်။ နောက်ဆုံးတော့လည်း ဒီကောင် ဘယ်လောက်တောင် အရှက် မရှိမှန်း သူတို့ သိတယ်လေ။ ဒီလို အရှက်မရှိတဲ့ လူတစ်ယောက်က အန္တရာယ်များတဲ့ ကိစ္စကို လုပ်မှာလား။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်တယ်။ ဖြည်းဖြည်းချင်း ထျန်းရှင်း အနားကို လျှောက်လာတယ်။

“သူ တကယ်ပဲ ထျန်းရှင်းကို တစ်ယောက်တည်း တိုက်ခိုက်မှာလား။”

“မဖြစ်နိုင်တာပဲ။”

နှစ်ဖက် တပည့်သားတွေတင် မကဘူး။ ဧကရာဇ်တွေပါ လန့်ဖြန့်သွားတယ်။

“အာ။ ငါခန့်မှန်းတာ မှားသွားပြီလား။” ထျန်းရှင်း အမူအယာ သိသိသာသာကြီး ပြောင်းလဲသွားတယ်။ သူ့ဆီကို လျှောက်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း၊ မျက်လုံးက အလင်းရောင်တွေ တဖျပ်ဖျပ် လက်လာတယ်။

“သုံးကွက်။ အကယ်၍ ကျွန်တော်သာ သုံးကွက်ကို ခုခံပြီး အသက်ရှင်နိုင်ရင်၊ တောင်စဉ် ကိုးသွယ်က ခင်ဗျား တပည့်တွေကို ပြန်ခေါ်သွား။” ဖန်ကျန်းရှီ ထျန်းရှင်း မေးခွန်းကို ပြန်မဖြေပဲ ဆက်ပြောတယ်။

“ဟဟား။ မင်းက တကယ့်ကို နှုတ်သီးကောင်း လျှာပါးပဲ။ ဒါပေမယ့် ငါ့ တိုက်ကွက် သုံးခုကို မင်းခုခံ နိုင်မှာ သေချာရဲ့လား။” ထျန်းရှင်း ရယ်မောရင်း ပြန်မေးတယ်။ နောက်ဆုံးတော့လည်း သူရည်ရွယ်ထားတဲ့ ဆယ်ကွက်ဆိုတာ ချီကူယန်ကို တိုက်ခိုက်ဖို့ပဲ။ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ မဟုတ်ဘူး။

အကယ်၍ ချီကူယန်သာ သူနဲ့ တိုက်ခိုက်မယ် ဆိုရင်၊ စဉ်းစားစရာ လိုအုန်းမယ်။ ဒါပေမယ့် ဖန်ကျန်းရှီ တစ်ယောက်တည်း တိုက်ခိုက် မှာကိုတော့၊ မကြောက်ဘူး။ တစ်စက်မှ တွေေ၀ မနေတော့ဘူး။

“သေချာတယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ကောင်းတယ်။ အရမ်း ကောင်းတယ်။ မင်းကို ငါမှားပြီး အကဲခတ်မိတာ ဝန်ခံပါတယ်။ မင်းက အရှက်မရှိ ပေမယ့်၊ ယောကျာ်းတစ်ယောက်ရဲ့ သိက္ခာတော့ ရှိသေးတာပဲ။ မင်းပြောတဲ့ အတိုင်း လုပ်ကြတာပေါ့။ ငါ့ တိုက်ကွက် သုံးကွက်ကို ခုခံပြီး အသက်ရှင်နိုင်ရင်၊ ကောင်းကင် တာအို ခန်းမကို လုံး၀ မနှောက်ယှက်ဘူး။ ချက်ခြင်း ထွက်သွားဖို့ ကတိပေးတယ်။” ထျန်းရှင်း လေးလေးနက်နက် ပြောရင်း ခေါင်းငြိမ့်တယ်။

“သူ တကယ်ပဲ ထျန်းရှင်းကို စိန်ခေါ်နေပြီ။”

“အမှန်တကယ် ဖြစ်လာပြီပဲ။ ဒါပေမယ့် သူ့အင်အားနဲ့ သုံးကွက်အတွင်း ဘယ်လို အသက်ရှင် နိုင်မှာလဲ။ ကိုယ့်သေတွင်း ကိုယ်တူး တာပဲ။”

“ဒါက ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပုံစံ ဖြစ်နေရင်တောင်၊ သူသတ္တိ ရှိတာတော့ အမှန်ပဲလေ။”

ဖန်ကျန်းရှီ ပြောတာကို ကြားတော့ သူတို့ရဲ့ အမြင်တွေ ပြောင်းလဲ သွားတယ်။ ဖန်ကျန်းရှီကတော့ ထုံးစံ အတိုင်း သူ့ဘေးက ဘာပြောပြော ဂရုမစိုက်ဘူး။

ထျန်းရှင်း ပြန်ဖြေတာ ကြားပြီးတဲ့နောက် မုချင်းဖန်းကို လှည့်ကြည့်ရင်း ပြောတယ်။ “ခန်းမ ခေါင်းဆောင်မု။ ဒီနေ့ ကျွန်တော့်ကို ကျွန်တော် စတေးပြီးတော့ ကောင်းကင် တာအို ခန်းမ သွေးချောင်းစီးမှာကို တားပေးတာ။ ကျွန်တော့်ကို တစ်ခုခုတော့ ပြန်ပေးသင့်တယ် မဟုတ်လား။”

“မင်း ဘာလိုချင်လဲ။” မုချင်းဖန်က ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ လေးလေးနက်နက် ပြန်ပြောတယ်။

တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမကြား တိုက်ပွဲက ဖန်ကျန်းရှီနဲ့ အများကြီး ဆက်နွယ်နေတယ်။ ဒီတော့ ဖန်ကျန်းရှီ ဒီလို တောင်းဆိုတာလည်း ကျိုးကြောင်း မသင့်တာ မဟုတ်ဘူး။

“နောက်ပြီးတော့ ဖန်ကျန်းရှီက ထျန်းရှင်းရဲ့ တိုက်ကွက် သုံးကွက်ကို ခုခံပြီး အသက်ရှင် နိုင်မယ်လို့ မုချင်းဖန်း မယုံကြည်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ တောင်းဆိုတာကို နောက်ဆုံး ဆန္ဒ ဖြည့်ဆည်းပေးတာလို့ သဘောထားလို့ ရတယ်။

“အကယ်၍ ထျန်းရှင်းရဲ့ တိုက်ကွက် သုံးခုကို ခုခံနိုင်ရင်၊ နန်ကုန်းမုနဲ့ ရန်ရွှယ်ကို တပည့် အဖြစ် လက်ခံ ပေးပါ။ နောက်ပြီးတော့ ကိုယ်တိုင် သင်ကြားပေး။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် မစဉ်းစားပဲ ပြောတယ်။

“ရန်ရွှယ်နဲ့ နန်ကုန်းမုကို တပည့် အဖြစ် လက်ခံ ပေးရမယ်လား။” ဖန်ကျန်းရှီ ဒီလို တောင်းဆို လာမယ်လို့ မထင်ထား ခဲ့မိဘူး။ သတိလစ်နေတဲ့ ရန်ရွှယ်နဲ့၊ တိုက်ခိုက်နေဆဲ ဖြစ်တဲ့ ရန်ချင်းကို လှမ်းကြည့်တယ်။ “ကောင်းပြီလေ။ မင်းတောင်းဆိုတာကို လက်ခံတယ်။ နောက်ပြီးတော့ မင်းသာ အသက်ရှင်နိုင်ရင်၊ စည်းမျဉ်းတွေကို ဖောက်ပြီးတော့ မင်းကို ကောင်းကင် တာအို တပည့်သား အဖြစ် လက်ခံမယ်။”

“ဆရာက ဒီကောင်ကို ကောင်းကင် တာအို ခန်းမထဲ ခေါ်မလို့လား။”

“ဒီလောက် အရှက်မရှိတဲ့ ကောင်ကို ဆရာက ဘယ်လိုများ လက်ခံမှာလဲ။”

“ဟဟား။ သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေး မရှိဘူး။ ဆရာ့ရဲ့ ကတိက ကြင်နာမှုကို ပြသရုံပဲ။ အဲ့တာက ဖြစ်လာမှမှ မဟုတ်ပဲ။”

“အင်း။ ဟုတ်တယ်။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ မုချင်းဖန်းရဲ့ စကားကိုကြားတော့ မယုံကြည် ကြဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောထားတဲ့ သုံးကွက် တိုက်ခိုက်ပြီး အသက်ရှင်မှ ဆိုတဲ့ အခြေအနေက သူတို့ကို စိတ်သက်သာရာ ရစေတယ်။

“ကျွန်တော့်ကို ကောင်းကင် တာအို ခန်းမ တပည့်သား ဖြစ်စေဖို့ မလိုပါဘူး။ ကြင်နာတာကို ကျေးဇူ တင်ပါတယ်။ ဒါပေမယ့် ကျွန်တေ်ကတော့ ကောင်းကင် တာအို ခန်းမကို မဝင်ချင်ဘူး။” ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမ တပည့်သားတွေကို ကြည့်ရင်း ပြုံးပြပြီး ပြောတယ်။

“သူက ကောင်းကင် တာအို ခန်းမကို မဝင်ချင်ဘူးတဲ့လား။”

“ဆရာက ဒီလောက်တောင် ကြင်နာပြီး ရက်ရောနေတာ။ သူ့အတွက်က ဘာက ကောင်းမှန်း မသိဘူးလား။”

တစ်ချို့ တပည့်သားတွေ အစကတော့ စိုးရိမ် နေကြပေမယ့်၊ ဖန်ကျန်းရှီ ငြင်းဆိုတာကို ကြားတော့ ဒေါသ ထွက်လာ ကြပြန်တယ်။ ဖန်ကျန်းရှီကတော့ သူတိုက တွေးနေတာကို သိတယ်။

မုချင်းဖန်းက သူ့ကို ဒီလို ကမ်းလှမ်းတာ ကြင်နာမှုကို ပြသတာမှန်း သိတယ်။ သန်းကြွယ် သူဌေး တစ်ယောက်က သူတောင်းစားကို စွန့်ကြဲပေးကမ်း သလိုပဲ။ အကယ်၍ ကောင်းကင် တာအို ခန်းမ ကမ်းလှမ်းတာကို ငြင်းပယ်လိုက်ရင်၊ ကိုယ့်အခြေအနေကို ပြောင်းလဲ နိုင်သွားတယ်။ သူ့ကိုယ်သူ သူတောင်းစား တစ်ယောက်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဘာကြောင့်များ မုချင်းဖန်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံ ရမှာလဲ။

ဖြစ်နိုင်တာက ကောင်းကင် တာအို ခန်းမကို ဝင်လိုက်ရင်၊ အကျိုးအများကြီး ရနိုင်မယ်။ ဥပမာ၊ မြင့်မြတ်နယ်မြေမှာ လူလေးစား ခံရတဲ့ နေရာ တစ်ခု ရတာမျိုး၊ ကျင့်ကြံနည်းတွေနဲ့ အထောက်အပံံတွေ အများကြီး ရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လောကကြီးက မျှတတယ်။ ဆုလဒ် လိုချင်ရင်၊ ပေးဆပ်ရမယ်။

ကောင်းကင် တာအို ခန်းမကို ဝင်တာနဲ့ စည်းမျဉ်း စမ်းတွေကို လိုက်နာ ရတော့မယ်။ ကောင်းကင် တာအို ခန်းမက လိမ္မာတဲ့ တပည့်လေး လုပ်ရတော့မယ်။ ကောင်းကင် တာအို ခန်းမှာ ရာထူး တိုးဖို့က သူ့အလုပ်။ ကောင်းကင် တာအိုရဲ့ ကိစ္စတွေက သူကိုယ်တိုင်ထက် ပိုပြီး အရေးကြီးလာ လိမ့်မယ်။

ဖန်ကျန်းရှီက လွတ်လပ်မှုကို မြတ်နိုးတယ်။ ဒီလို စည်းမျဉ်းတွေကို မုန်းတီးတယ်။ ဒါပေါ့။ ဒါက အရေးကြီးတာ မဟုတ်သေးဘူး။ အရေးကြီးတာ၊ မုချင်းဖန်းက သူ့ကို ဘာကြောင့် တပည့်အဖြစ် လက်ခံချင်လဲ ဆိုတာပဲ။

ချီကူယန်နဲ့ ဆက်ဆံရေးကြောင့် ဖြစ်နိုင်တယ်။ နောက်ပြီးတော့ သူ့ရဲ့ အခုပဲ ထုတ်ဖော် ပြသခဲ့တဲ့ အရည်အချင်းတွေကြောင့်။ တတိယ တစ်ခုကတော့ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ဂုဏ်ရည် ဖြစ်နေလို့။ ဒါပေမယ့် ဖန်ကျန်းရှီက မှတ်ဉာဏ် ကောင်းတယ်။

သူ့ခန္ဒာကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်ကို ထျန်းရှင်း ယူမလို့ လုပ်တုန်းကလည်း မုချင်းဖန်းက မတားမြစ်ခဲ့ဘူး။ အခုချိန် ကောင်းကင် တာအို ခန်းမ အတွက် သုံးကွက် ခံယူ ပေးမယ် ဆိုတာလည်း မတားဆီး ခဲ့ဘူး။ ဒီတော့ တကယ်တမ်းမှာ မုချင်းဖန်းက ဖန်ကျန်းရှီကို တပည့်အဖြစ် လက်မခံချင်ဘူး။ ဒါပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိ။ အတိအကျ ပြောရရင်၊ ကောင်းကင် တာအို ခန်းမက နောက်ထပ် တပည့် တစ်ယောက် ပိုခေါ်လည်း ကိစ္စ မရှိဘူးလေ။

ဒါကြောင့် သုံးကွက်ကို ခုခံပြီး အသက်ရှင်နိုင်ရင် ဆိုတာ ထည့်ပြော ထားတာပဲ။ ဖန်ကျန်းရှီလည်း ဒီရလဒ်ကို မြောက်ရွာမှာတည်းက ခန့်မှန်း ထားပြီးသား။ သူက သဘာဝလွန် အဆင့်မှာ ရှိနေရင် ကောင်းကင် တာအို ခန်းမက သူ့ကို ငြင်းပယ်မှာ မဟုတ်ဘူး။ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေရင် ပိုလို့တောင် မငြင်းအုန်းမယ်။ ဒါပေမယ့် သူ့ကို မငြင်းတာနဲ့ လိုချင်တာက ကွာခြားတယ်။

ဖန်ကျန်းရှီမှာ အသက်ရှင်ချိန် သိပ်မရှိတော့ဘူး။ ဒါကြောင့် အရင်းအမြစ်တွေကို ရချင်ရုံနဲ့ သူ့အသက်ကို စတေးမှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူ့ကို သဘောမကျတဲ့ သူတွေ ပြည့်နေတဲ့ ကောင်းကင် တာအို ခန်းမကိုလည်း မဝင်ချင်ဘူး။

ဒါပေါ့။ မုချင်းဖန်းက ဆရာကောင်း တစ်ယောက်ဆိုတာ သူသိတယ်။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို သေလုမျောပါး ဒဏ်ရာ ရစေတာတောင်၊ ကောင်းကင် တာအို ခန်းမကို ဝင်ဖို့ ဖိတ်ခေါ် နေသေးတယ်။ ဒါပေမယ့် ကောင်းကင် တာအိုခန်းမက မုချင်းဖန်း တစ်ယောက်တည်းနဲ့ ဖြစ်တည် နေတာ မဟုတ်ဘူး။

“ခန်းမ ခေါင်းဆောင်မု။ ကျွန်တော့်ရဲ့ ခြေရာမဲ့ ဓားကို ပြန်ပေးနိုင်မလား။” ဖန်ကျန်းရှီ ဆက်ပြီး မတွေးတော့ဘူး။ ထျန်းရှင်း၊ ယင်ယန် ခန်းမ ဆက်ခံသူ ဝမ်လဲ့နဲ့ ဖူရှီး တောင်ကြား အကြီးအကဲ ဝမ်လဲ့တို့ကို မြင်လိုက်တော့၊ မြင့်မြတ် နယ်မြေကို သူ့ရဲ့ နားလည်မှုက ပြောင်းလဲ သွားပြီ။ ဒီနေရာက စစ်မှန်တဲ့ ထိပ်တန်း စစ်သည်တော်တွေ နေထိုင်တဲ့ နေရာပဲ။ သိက္ခာရှိရှိ တိုက်ခိုက်သူတွေကော၊ လှည့်စား တိုက်ခိုက်သူတွေကော ပြည့်နေတယ်။ တကယ်တော့ လူတိုင်းက ဆာလောင်နေတဲ့ ဝံပုလွေတွေပဲ။

ဖန်ကျန်းရှီရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင်သန်ဖို့။ လွတ်လွတ် လပ်လပ် အချုပ်အနှောင် မရှိပဲ ရှင်သန်ချင်တာ။ သူ့ရဲ့ ကိုယ်ပိုင် နည်းလမ်းကို သုံးပြီးတော့ ကံတရားကို ပြောင်းလဲ ချင်တယ်။

“ဖန်ကျန်းရှီ။ မင်း ကောင်းကင် တာအို ခန်းမကို ဝင်ဖို့ ငါဖိအား မပေးဘူး။ ဒါပေမယ့် ဒီဓားက မင်းနဲ့ မသင့်တော်ဘူး။” မုချင်းဖန်း ခေါင်းခါရင်း စိုးရိမ် တကြီးနဲ့ ပြောတယ်။

“ကျွန်တော်ကတော့ အဆင်ပြေတယ် ထင်တာပဲ။”

“ကောင်းပြီလေ။ မင်းအဆင်ပြေတယ် ထင်မှတော့ ပြန်ပေး လိုက်ပါမယ်။” မုချင်းဖန်းလည်း ဖန်ကျန်းရှီနဲ့ ဆက်ပြီးတော့ ငြင်းခုန် မနေတော့ဘူး။ လက်ကို ဝေ့ယမ်းလိုက်တော့၊ သူ့ အင်္ကျ ီလက်ထဲကနေ ခရမ်းရောင် အလင်းတန်း ပျံထွက်လာတယ်။

တကယ်တော့ ဖန်ကျန်းရှီကို မုချင်းဖန်း တပည့်အဖြစ် လက်ခံချင်တဲ့ အကြောင်းအရင်းကို သိတဲ့သူ နည်းပါးတယ်။ အဓိက အကြောင်းရင်းက ခြေရာမဲ့ ဓားကြောင့်ပဲ။ ဒီဓားနဲ့ ကောင်းကင် တာအို ခန်းမက သုခမိန် အဆင့် တပည့်တွေ အများကြီးကို တိုက်ခိုက် နိုင်ခဲ့တယ်။ ဒါကြောင့် ဖန်ကျန်းရှီကို ကောင်းကင် တာအို ခန်းမဆီ ခေါ်ထားဖို့ ဆုံးဖြတ်လိုက် ပြီးပြီ။ ဒါကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီရဲ့ သူ့ရဲ့ အဖိုးတန် ဆေးလုံးတွေ တိုက်မှာ မဟုတ်ဘူး။ ဒါပေါ့၊ ဖန်ကျန်းရှီသာ ကောင်းကင် တာအို ခန်းမှာ မနေချင်ရင်၊ မနေလို့ ရတယ်။ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် အနေနဲ့၊ ဖန်ကျန်းရှီရဲ့ ဓားကို သူသိမ်းထားခွင့် ရှိတယ်။

“ဝေါင်း။”

ဓားကနေ နဂါး အော်သံကြီး ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ လက်ဆန့်ထုတ်ရင်း ခြေရာမဲ့ဓားကို ဖမ်းလိုက်တယ်။ ထူးထူးဆန်းဆန်း ရင်းနှီးကျွမ်းဝင်နေတဲ့ ခံစားချက်နဲ့ ဖိနှိပ်ထားတဲ့ လူသတ်ငွေ့တွေကို ခံစားလိုက်ရတယ်။ မသင့်တော်ဘူးတဲ့။ ဘာကြောင့်များ မသင့်တော် မှာလဲ။ မုချင်းဖန်းရဲ့ စကားတွေကို ဖန်ကျန်းရှီ နားမလည်ဘူး။ ဒါပေမယ့် မုချင်းဖန်းကလည်း သူ့ကို ရှင်းပြချင်တဲ့ ပုံမပေါ်။ ဒီတော့ ဆက်မတွေးတော့ဘူး။ သူ့လက်ထဲက ခြေရာမဲ့ ဓားကတော့ နဂါး အော်သံ ခပ်တိုးတိုး ပြုနေတယ်။

ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားကို စိုက်ကြည့်ရင်း၊ အံ့သြတဲ့ အရိပ်အငွေ့တွေ ထျန်းရှင်း မျက်လုံးမှာ ပေါ်လာတယ်။

“ကောင်းလိုက်တဲ့ ဓား။” ထျန်းရှင်း ချီးမွမ်းမိတယ်။

သူ့အသံကို ကြားတဲ့ တပည့်သားတွေကတော့ အံ့သြ သွားခဲ့တယ်။ မြင့်မြတ် ဒေသ မျိုးနွယ်စု ငါးခု ခေါင်းဆောင်တွေထဲမှာ ထျန်းရှင်းက လက်နက် အကဲဖြတ် ပညာ အတော်ဆုံး။ ယင်ယန် ခန်းမက ဆေးဖော်တယ်။ တောင်စဉ် ကိုးသွယ်က လက်နက်တွေ လုပ်တယ်။ ထျန်းရှင်း ချီးမွမ်းရတဲ့ ဓားဆိုရင်၊ ဒါက သဘာဝလွန် အစွမ်းရှိတဲ့ ဓားဖြစ်နေတာပဲ။ ဒီဓားက ဘယ်လို ဓားမျိုးလဲ။

လူတိုင်းက ခြေရာမဲ့ဓားကို တလေးတစား စိုက်ကြည့် နေကြတယ်။ ခရမ်းရောင် အလင်းတန်း ဖျော့ဖျော့ ခြေရာမဲ့ ဓားပေါ်မှာ ထွန်းလင်း နေတာ မြင်တော့ သူတို့တွေ စိတ်ရှုပ်ထွေးလာတယ်။ ဒီအချိန်မှာပဲ ခြေရာမဲ့ဓား လှုပ်ရှားပြီ။ အတိအကျ ပြောရရင်၊ ဖန်ကျန်းရှီ လှုပ်ရှားတာ။

ဓားရဲ့ ခရမ်းရောင် ချီစွမ်းအားတွေကို ထုတ်လွှတ်လိုက်တယ်။ နဂါး တစ်ကောင်လိုပဲ။ ကောင်းကင်မှာ ပျံဝဲရင်း အော်မြည်နေတယ်။ ခရမ်းရောင် အလင်းတန်း ပိုပြီးတော့ တောက်ပလာသလို၊ အင်အားကြီးမားတဲ့ သတ်ဖြတ်လိုစိတ် တွေလည်း ဓားကနေ လျှံထွက်နေတယ်။

ဖန်ကျန်းရှီက မခုခံပဲ ရုတ်တရက် တိုက်ခိုက်မယ်လို့ ဘယ်သူမှ မထင်ထား မိဘူး။ အခုတော့ သူလုပ်နေပြီ။ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်ရင်း၊ နဂါးကြီး တစ်ကောင်ပုံစံ ဖြစ်ပေါ်လာတယ်။ အဲ့ဒီ့နောက် မိုးကြိုးတွေ ထစ်ချုန်းပြီး ဓားအလင်းတန်းက လျှပ်စီးတွေ ဝန်းရံရင်း မြေပြင်ပေါ်ကို ကျဆင်းလာတယ်။ နဂါးသတ် ဓားကွက်။

“အိုး။ ” ထျန်းရှင်းရဲ့ အမူအယာ နည်းနည်းတော့ ပြောင်းသွားတယ်။ “ဒါက ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ရဲ့ စွမ်းအားပဲ။ ဒါပေမယ့် ဓားရဲ့ စွမ်းအားကတော့ သုခမိန် အဆင့် ရောက်နေတာပဲ။ ဆိုးလိုက်တာ။”

သူစကား ဆုံးအောင် မပြောနိုင်လိုက်ဘူး။ ဓားအလင်းတန်းက သူ့ရှေ့ကို ကျရောက် လာပြီလေ။ ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေ မျှော်လင့် တကြီးနဲ့ စောင့်ကြည့် နေကြတယ်။ သူတို့တွေ ဒီဓားချက်ရဲ့ အစွမ်းကို မြင်ဖူးတယ်လေ။ ဒီဓားကွက်ကြောင့် ပဉ္စမ အကြီးအကဲရဲ့ လက်မောင်း တစ်ဖက် ပြတ်သွားခဲ့တယ်။ အခုတော့ ထျန်းရှင်းက ပြစ်မှတ် ထားခံ နေရပြီ။ ဘာတွေ ဖြစ်လာမလဲ။

ဓားကတော့ နားကွဲမတတ် နဂါး အော်သံကြီးနဲ့ အော်ဟစ်နေတယ်။ ထျန်းရှင်း နောက်ဆုံးတော့ လှုပ်ရှားပြီ။ ဒါပေမယ့် ဓားကို လူတိုင်း မျှော်လင့် ထားသလို မခုခံဘူး။

“မင်း ဘယ်လောက်ပဲ သန်မာ သန်မာ။ ငါ့ကို မထိခိုက် နိုင်ရင် အသုံးမဝင်တာပဲ။” ထျန်းရှင်းရဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိတည်းမှာပဲ။ သူ့ရဲ့ ခန္ဒာကိုယ်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတယ်။ အဲ့ဒီ့နောက် လေထဲမှာ နောက်တစ်ခေါက် ပေါ်လာတယ်။ နဂါးသတ် ဓားကွက်က နဂါး အမြီးနဲ့ တစ်လက်မပဲ လွဲချော်သွားတယ်။

“ထိ။” ထျန်းရှင်း အော်ဟစ်တယ်။ နဂါးကြီးရဲ့ ဓားအလင်းတန်းကို လက်သီးနဲ့ ထိုးချလိုက်တယ်။

“ဝုန်း။” ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်လာတော့တယ်။ ခပ်ထံထုံ ထိုင်းထိုင်း အသံတစ်ခုက လက်သီး တစ်ခုနဲ့ တစ်ခု ထိတွေ့ သွားသလိုပဲ။ ဒီအခိုက် အတန့်မှာ ဓားအသံနဲ့ နဂါးအော်သံတွေ ရပ်တန့် သွားတယ်။ ခရမ်းရောင် အလင်းတန်း မှိန်ဖျော့ သွားပြီးတော့၊ ဝတ်ရုံပြာနဲ့ ဖန်ကျန်းရှီ ပေါ်လာတော့တယ်။

လက်တစ်ဖက်မှာ ဓားတစ်ချောင်းကို ကိုင်ထားပြီးတော့ နောက်လက် တစ်ဖက်က လက်သီးဆုပ်ထားတယ်။ သိသိသာသာကို ဖန်ကျန်းရှီ အားအင် ဆုတ်ယုတ်နေတယ်။ ထျန်းရှင်းရဲ့ လက်သီးနဲ့ ထိလိုက်တာကြောင့်။ လက်တောင် ဖြောင့်ဖြောင့် မဆန့်နိုင်တော့ဘူး။

“မဆိုးဘူးပဲ။ တုံ့ပြန်တာ မြန်သား၊” ထျန်းရှင်း နည်းနည်းတော့ အထင်ကြီးသွားတယ်။ သူ့လက်သီးကို တစ်ခါတည်း ပြန်မရုပ်သိမ်းဘူး။ အဲ့ဒီ့အစား နောက်တစ်ခေါက် အော်ဟစ်တယ်။ “ကောင်းကင်ဘုံရဲ့ အမျက်ဒေါသ။”

အပိုင်း (၆၈၀) ပြီး၏။

All Chapters