အပိုင်း (၆၉၁-၇၀၀)
Vol. 7 Ch. 691-700
အပိုင်း (၆၉၁)
“သွေးမှော်လက်ဆောင်။”
အစိမ်းရောင် ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ တံခါးကြီး တစ်ခု ပေါ်လာတယ်။ ကျောက်တုံးပေါ်က အက်ရာတွေကြောင့် တံခါးကြီး သက်တမ်း အတော်ရင့်နေတာက သိသာလွန်းတယ်။ ဘေးနှစ်ဖက်မှာ လူပုံစံ ရုပ်တု ၂ခု ရှိနေတယ်။ အလယ်မှာတော့ သွားစွယ်ချွန်ချွန်တွေကို အားမာန် အပြည့် လှစ်ပြထားတဲ့ သားရဲကောင် တစ်ကောင်ရဲ့ ဦးခေါင်း ရှိနေတယ်။ သူ့မျက်ဝန်းတွေက ကျောက်မျက်ရတနာလို ကြည်လင် နေပြီးတော့ တောက်ပတဲ့ အစိမ်းရောင် အလင်းတန်းတွေ ရောင်ပြန်ဟပ် နေခဲ့တယ်။
ရုတ်တရက် ထူးဆန်းတဲ့ အပြောင်းအလဲကြီးပဲ။
ကြီးမားတဲ့ စက်ဝိုင်းကြီး ဒီလို ရုတ်တရက် ပေါ်လာတာ မြင်တော့ တပည့်သားတွေ ငေးစိုက်ကြည့်ရင်း ထိတ်လန့်တကြား ပြောနေကြတယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“အဲ့တာကလည်း မြင့်မြတ် စာလုံးနဲ့ သန့်စင်တာပဲလား။”
“ပြင်းထန်လိုက်တဲ့ စွမ်းအားတွေ။”
ဘယ်သူမှ ဘာဖြစ်နေလဲ မသိကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ။
ဖန်ကျန်းရှီလည်း ကြောင်တောင်တောင် ဖြစ်နေတယ်။ ဒါပေမယ့် အခု အပြောင်းအလဲက သူနဲ့ မသက်ဆိုင်မှန်း သူသိတယ်။ ထျန်းရှင်းနဲ့ လက်သီးချင်း ယှဉ်ထိုးပြီးတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဖိအားတွေ ရုတ်တရက် လျော့ကျ သွားတာကို သူသိတယ်။ ဒီတော့ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရတာတောင် ထျန်းရှင်းနဲ့ မယှဉ်နိုင် သေးဘူးလား။
ဒါပေ့ါ။ သန့်စင်ခံရတာ ပြီးသွားတာနဲ့ ရန်သူတွေ အားလုံးကို ချက်ခြင်း အလဲထိုး နိုင်မယ်လို့ ဖန်ကျန်းရှီ မမျှော်လင့် ထားပါဘူး။ သူနဲ့ ထျန်းရှင်းကြားက အင်အား ကွာခြားချက်က များလွန်းတယ်လေ။ ဒီအနီရောင် လျှပ်စီးတွေ ဘယ်လို ပေါ်လာတာလဲ။ နောက်ပြီးတော့ ဒီလို ကြီးမားတဲ့ စက်ဝိုင်းသဏ္ဍာန်ကြီး ဘယ်လို ဖြစ်တည် လာတာလဲ။ သူမသိဘူး။ ဒါပေမယ့် သူ့ရင်ဘတ်ပေါ်မှာ ပြင်းထန်လွန်းတဲ့ အင်အားတွေ ဖိကျ လာတာကို ခံစားရတယ်။
သူ့ခန္ဒာကိုယ်လည်း မထိန်းနိုင်တော့ပဲ နောက်ကို ခြေလှမ်းနည်းနည်း လွင့်ထွက်လာတယ်။ ချီကူယန်ကို ဝင်တိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခါးကို ဖက်လိုက်တဲ့ နူးနူးညံ့ညံ့ လက်နှစ်ဖက်ကို ခံစား လိုက်ရတယ်။ ဒီလက်တွေက ကြီးမားတဲ့ အင်အားတွေ ပါဝင်နေတယ်။
ဖန်ကျန်းရှီရဲ့ နောက်ကျောကို ထောက်ပံ့ ပေးထားတဲ့ အခင်းကြီးက အတော့်ကို လုံခြုံတယ်။ ဒါပေမယ့် သူ့ရင်ဘတ်က ဖိအားကတော့ စွမ်းအား နှစ်ခုကြားမှာ ညပ်သွားတဲ့ အချိန် ပိုပြီးတော့ ပြင်းထန်လာတယ်။ ဒီအချိန်မှာပဲ ချီကူယန် လှုပ်ရှားတယ်။ သူမရဲ့ နောက်ဘက်မှာ ရှိတဲ့ မြွေအမြီးကြီးက ခပ်ဖျော့ဖျော့ တောက်ပလာတယ်။ ထျန်းရှင်းကို လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ ရစ်ပတ်တယ်။
“ဝုန်း။” ကျယ်လောင်တဲ့ ဆူညံသံကြီးကို ကြားလိုက်ရတယ်။ ဖန်ကျန်းရှီနဲ့ ထျန်းရှင်း တိုက်ခိုက်ပြီးတော့၊ မြွေအမြီးကြီးက ထျန်းရှင်းကို ရစ်ပတ်သွားတာ အားလုံးက တစ်ချိန်တည်း နီးနီး ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ထျန်းရှင်းကတော့ ထျန်းရှင်းပဲလေ။ မြင့်မြတ် နယ်မြေက အသန်မာဆုံး စစ်သည်တော် တစ်ယောက်။ တောင်စဉ်ကိုးသွယ် ခေါင်းဆောင်။ ဒဏ်ရာရနေရင်တောင် ဘယ်တော့မှ နောက်မဆုတ်ဘူး။ ဒါတင် မကဘူး။ ရှေ့ဆက် တိုးလာတယ်။ ခြေလှမ်း တစ်လှမ်းတည်း တိုးလာတာ ဖြစ်ပေမယ့် ရှေ့တော့ ရောက်လာတယ်လေ။
သူရပ်တန့် သွားခဲ့တာ စိတ်ပြောင်းသွားပြီး အေးအေးဆေးဆေး ဆွေးနွေးရင်း လက်ဖက်ရည် သောက်ပြီး စကားစမြည် ပြောချင်လို့ မဟုတ်ဘူး။ အနီရောင် မိုးကြိုးတွေ ဝန်းရံထားတဲ့ အစိမ်းရောင် တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာတာကို မြင်လို့ပဲ။
“ဟမ့်” ထျန်းရှင်း အပေါ်ကို တစ်ချက် မော့ကြည့်တယ်။ သူ့ကိုယ်ပေါ်ကို ကျရောက်လာတဲ့ ဖိအားတွေကြောင့် မျက်နှာမှာ အံ့သြဟန်တွေ အထင်းသား ပေါ်နေခဲ့တယ်။ ဒီအချိန်မှာ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ထပ်ဖြစ်လာတယ်။ ဖန်ကျန်းရှီရဲ့ ဓားကြောင့် ဒဏ်ရာ ရထားတဲ့ နန်ကုန်းဟောင် ရုတ်တရက် ပြေးဝင်လာတယ်။ သူ့ရဲ့ အရှိန်နှုန်းက မတွေးနိုင် လောက်အောင်ကို မြန်ဆန်လွန်းတယ်။ သူပြေးလာတဲ့ လမ်းတစ်လျှောက်မှာ မှုန်ဝါးတဲ့ ပုံရိပ်တွေ ကျန်နေခဲ့တဲ့ အထိကို မြန်ဆန်လွန်းတယ်။
“တော်တော် မြန်တာပဲ။” ဖန်ကျန်းရှီ ပြောမိတယ်။ နန်ကုန်းဟောင်က ဒီလောက် မြန်မြန် ပြန်ကောင်းလာပြီးတော့၊ သူ့ကို အလစ်ဝင်တိုက်မယ်လို့ မထင်ထားဘူး။ ပြေးစရာလမ်းလည်း မရှိတော့ဘူး။ ထျန်းရှင်းရဲ့ လက်သီးချက်လည်း ခံထားရတဲ့ အပြင် သူ့နောက်မှာ ချီကူယန်လည်း ရှိနေသေးတယ်။ ဒီဓားကို ဘယ်လိုလုပ် ခုန်ရှောင် နိုင်မှာလဲ။
“ဖူး။” သွေးတွေ လေထဲမှာ ပြန့်နှံ့သွားတယ်။ နန်ကုန်းဟောင်ရဲ့ တည်ငြိမ်ဓားက အသွေးအသားတွေကို ဖြတ်သန်းသွားတယ်။ သွေးတွေက လေထဲကို ပျံ့သွားပေမယ့် ထူးထူးဆန်းဆန်း မြေကြီးအောက်ကို ကျမသွားဘူး။ စက်ဝိုင်းကြီ သွေးတွေကို စုပ်ယူသွားတယ်။ ဒါတွေ အားလုံး မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တယ်။
ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေ မျက်တောင် မခတ်တမ်း စိုက်ကြည့် နေကြတယ်။ အထူးသဖြင့် တောင်စဉ် ကိုးသွယ် တပည့်သားတွေ။ မျက်လုံးတွေ ကျွတ်ကျ မတတ် လန့်နေကြတယ်။ သူတို့ရဲ့ သွေးနီရောင် မျက်လုံးတွေက မောပန်းတာကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒေါသကြောင့် ရဲရဲနီနေကြတာ။
သူတို့တွေတင် မကဘူး။ ထျန်းရှင်းလည်း အတူတူပဲ။ သူ့ရဲ့ ခန္ဒာကိုယ်ကို အနောက်ကနေ ထွင်းဖောက်နေတဲ့ ဓားတစ်ချောင်း ရှိနေတယ်။ သွေးစက်တွေလည်း အပေါ် ပျံတက်နေတာကို သူတွေ့တယ်။
“နန်ကုန်းဟောင်လား။” ထျန်းရှင်း လှည့်ကြည့်လိုက်တော့ တည်ငြိမ်ဓားကို ကိုင်ဆောင်ထားတဲ့ ဝတ်ရုံဖြူ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
မြင့်မြတ်ဒေသရဲ့ အသန်မာဆုံး စစ်သည်တော် တစ်ယောက် အနေနဲ့၊ ဒီလို နောက်ကျောကနေ ဓားနဲ့ အထိုးမခံ ရတာ ကြာလှပြီ။ သူ့ရဲ့ သတိကြောင့်လည်း ပါတယ်။ မြင့်မြတ်နယ်မြေက အန္တရာယ်များတဲ့ နေရာ တစ်ခုလေ။ ထျန်းရှင်းကလည်း တဖက်သားကို အလွယ်တကူ မယုံကြည် တတ်ဘူး။ အပြန်အလှန် အနေနဲ့ ဒီနှစ်တွေမှာ အရာအားလုံးကို သတိကြီးကြီး ထားပြီးတော့ ဆက်ဆံ ခဲ့တယ်။
အင်အားနည်းတဲ့ သူတွေကို တိုက်ခိုက်တဲ့ အချိန်မှာ ပိုပြီးတော့တောင် သတိထားသေးတယ်။ ဒီအင်အားနည်းသူ တွေက အခွင့်အရေး ရရင် ရသလို သူ့ကို ထိခိုက် နာကျင်အောင် လုပ်နိုင်တယ်။ နန်ကုန်းဟောင်ကိုတော့ သူ့ရဲ့ အရည်အချင်းတွေကို တစ်ခါတုန်းက တွက်ချက်ဖူးတယ်။
နန်ကုန်းဟောင်က အားနည်းတဲ့သူ မဟုတ်ဘူး။ သန်မာတဲ့ သူလို့ သတ်မှတ်လို့ ရတယ်။ ဒါပေါ့။ ပြန်လည် မွေးဖွားမှု အဆင့်ထဲမှာတင် မဟုတ်ဘူး။ သုခမိန် အဆင့်မှာတောင် သန်မာတဲ့သူ။ သုခမိန် အဆင့် တစ်ခုတည်းမှာပေါ့။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို သူ့ထက် အရင် တိုက်ခိုက်ခဲ့တယ်။
ချီကူယန်နဲ့ ဖန်ကျန်းရှီတို့ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင်ခံနေရတဲ့ အရေးကြီး အချိန်ကို ရွေးပြီးတော့ တိုက်ခိုက်ခဲ့တယ်။ အခုတော့ ထျန်းရှင်း နားမလည် နိုင်ဘူး။ နန်ကုန်းဟောင်ရဲ့ ဓားက ဘယ်လိုလုပ် သူ့ကို လာပြီး ထွင်းဖောက် သွားတာလဲ။ ဒါက တိုက်ပွဲ ပရိယာယ်လား။ မဖြစ်နိုင်ဘူး။
ချီကူယန်နဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းကလည်း နန်ကုန်းဟောင်က အားကုန် သုံးပြီး တိုက်ခိုက်ခဲ့တယ်။ ဘယ်သူ့ကို မဆို ဖယ်ရှား ချင်နေတဲ့ ပုံစံပဲ။ အကယ်၍ အဲ့တာကသာ ပရိယာယ် ဖြစ်ခဲ့ရင်တော့၊ အတော့်ကို စွန့်စား ထားတာလို့ ပြောလို့ ရတယ်။
ဒါ့အပြင် ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်လုံး သန့်စင် ခံရမှာကို နန်ကုန်းဟောင် ကြိုတင် ခန့်မှန်းမိတာလည်း မဖြစ်နိုင်ဘူး။ မုချင်းဖန်းနဲ့ သူတောင် ဒီလို ဖြစ်လာမှာကို ကြိုမမြင်ခဲ့ဘူး။ အကယ်၍ ဒါသာ ပရိယာယ် မဟုတ်ရင်တော့၊ နန်ကုန်းဟောင်က သူ့ကို တကယ်ပဲ နောက်ကျောက ဓားနဲ့ ထိုးတာပဲ။
ထျန်းရှင်း သူ့ခေါင်းကို ပြန်မလှည့်နိုင်ဘူး။ အခု သူ့မှာ စဉ်းစားချိန် အများကြီး မရှိဘူး။ သူ့သွေးတွေက ဒီစက်ဝိုင်းကြီးထဲကို ပျံတက်နေတယ်။ ပြင်းထန်တဲ့ မြေစွမ်းအားတွေကို သူခံစား နေရတယ်။ တကိုယ်လုံးက သွေးတွေ အားလုံး၊ အသွေးအသားတွေ အားလုံးကို ဒီစက်ဝိုင်းကြီးက စုပ်ယူ နေသလိုပဲ။
“သွေးမှော်လက်ဆောင်။ မင်း တကယ်ပဲ သွေးမှော်ကို သုံးတယ်ပေါ့။” ပထမဆုံး အနေနဲ့၊ ထျန်းရှင်းရဲ့ မျက်ဝန်းထဲမှာ နက်ရှိုင်းတဲ့ အကြောက်တရားတွေကို မြင်လိုက်ရတယ်။ သူ့ခေါင်းက မြေစွမ်းအားတွေက ပြင်းထန်လွန်းတယ်။
နန်ကုန်းဟောင် ဘယ်လို လုပ်လိုက်မှန်း မသိပေမယ့်၊ သူ့ခေါင်းပေါ်က သွေးမှော် ပုံရိပ်ကြီးက ပုံမှန် မဟုတ်တာတော့ သူသိတယ်။ အလင်းတန်း ရှစ်ခု။ အားလုံးက နေလို လလို တောက်ပတယ်။ ဒီထဲမှာ ရှေးဟောင်း တားမြစ် နည်းလမ်းတွေ ပါဝင်တာကို သူသိတယ်။ ဒါကို ဖွင့်ဖို့ အတွက် လူရှစ်ယောက် စတေးရတယ်။
“သွေးမှော်။” ဖန်ကျန်းရှီ သူ့ဘာသူ တွေးတောနေတယ်။ ဒီအဓိပ္မာယ်ကို သူပေါ့ပေါ့တန်တန် မတွေးဝံ့ဘူး။ ဒါပေါ့။ နန်ကုန်းဟောင်ရဲ့ ဓားက ရုတ်တရက် သူ့ရင်ဘတ်ကနေ လွဲချော်ပြီးတော့ ထျန်းရှင်းကို သွားထိုးစိုက်တာလည်း အာရုံ မစိုက်အားဘူး။ အခုချိန်မှာ သူအာရုံစိုက်တဲ့ တစ်ခုတည်းသော အရာက ထျန်းရှင်း ကြောက်တောပဲ။
ထျန်းရှင်း ကြောက်လန့် နေပင်မယ့်၊ ဖန်ကျန်းရှီကတော့ လုံး၀ ကြောက်တဲ့ပုံ မပေါ်ဘူး။ အခုလို ရှားပါးတဲ့ အခွင့်အရေးကို သူအသုံးချရမယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်။ မင်းက အင်အား ကြီးလွန်းတဲ့သူ ဖြစ်ပေမယ့်၊ ဒီလက်သီးလောက် ကြီးတဲ့ လက်သီးကို မင်းမြင်ဖူး ရဲ့လား။ ဖန်ကျန်းရှီ ပါးစပ်ကနေ ထုတ်မပြောဘူး။ အလုပ်နဲ့ပဲ သက်သေပြတယ်။
သူ့ရင်ဘတ်ထဲက အင်အားတွေကို ဖိနှိပ်ရင်း ထျန်းရှင်း မျက်နှာကို လက်သီးနဲ့ တည့်တည့် ထိုးလိုက်တယ်။
“ဂျွတ်။” နားအူသွားစေတဲ့ အသံကြီးနဲ့ အတူ ထျန်းရှင်းလည်း လွင့်ထွက် သွားတယ်။ သူ့နောက်မှာ ရပ်နေတဲ့ နန်ကုန်းဟောင်ကို သွားတိုက်တယ်။ ဒီလက်သီးချက်ကြောင့် နန်ကုန်းဟောင်ရဲ့ ဓားကလည်း ထျန်းရှင်းရဲ့ ခန္ဒာကိုယ်ကို လုံး၀ ထွင်းဖောက် သွားတော့တယ်။
“ဖူး။” ထွက်လာတဲ့ သွေးတွေ အားလုံး ခေါင်းပေါ်က စက်ဝိုင်းကြီးထဲ ပျံတက်သွားတယ်။ တောက်ပတဲ့ အနီရောင် အလင်းတန်းတွေ အစိမ်းရောင် တံခါးထဲကနေ ပေါ်လာတယ်။ နီရဲနေတဲ့ ကောင်းကင်ကြီးနဲ့ မကောင်းဆိုးဝါး အငွေ့အသက် အပြည့် အနီရောင် အလင်းတန်းတွေ ထွက်လာတာကို မြင်နေရတယ်။
“ဝေါ့။” ထျန်းရှင်း နောက်တစ်ခေါက် သွေးအန် ပြန်တယ်။ ဒီတစ်ခေါက် သွေးတွေလည်း စက်ဝိုင်းကြီးထဲကို ရောက်သွားပြန်တယ်။ ဒီအချိန်မှာတော့ မုချင်းဖန်းရဲ့ အမူအယာ ပြောင်းလဲသွားပြီ။ အစကတော့ ချီကူယန်ကို သူစိုးရိမ် နေခဲ့တာ။ အခုတော့ သူလန့်နေပြီ။ နန်ကုန်းဟောင်နဲ့ ထျန်းရှင်းရယ် ကောင်းကင်က စက်ဝိုင်းကြီးရယ်ကို ကြည့်နေတယ်။ ကိစ္စတွေက ဒီလို ဖြစ်လာမယ်လို့ မထင်ထား ခဲ့မိဘူး။
“သွေးမှော်လား။ အဲ့တာ တကယ်ပဲ သွေးမှော်လား။” မုချင်းဖန်းက နန်ကုန်းဟောင်ကို ရပ်တန့်ဖို့ အော်မနေတော့ဘူး။ အချိန်ဖြုန်းရုံ သက်သက်ပဲ ဖြစ်သွားမှကြို သူသိတယ်။ ပိုပြီး အရေးကြီးတာက သွေးမှော် စတင်ပြီးရင် ရပ်တန့်လို့ မရတော့ဘူး။
“အကိုကြီးက တကယ်ပဲ ထျန်းရှင်းကို ဓားနဲ့ ထိုးလိုက်တယ်လား။” နန်ကုန်းမု စိုက်ကြည့်ရင်း ထိတ်လန့် နေတယ်။ ဒါပေမယ့် ခဏတာ အတွင်းမှာပဲ ပုံမှန် အမူအယာကို ပြောင်းလဲ သွားတယ်။ အင်အား အပြည့် အရှိန်နှုန်းနဲ့ နန်ကုန်းဟောင်ဆီကို ပျံတက်လာတယ်။ ရန်ချင်းလည်း နန်ကုန်းမုရဲ့ နောက်မှာ ကပ်လိုက်လာတယ်။
“ဆရာ။”
“ခေါင်းဆောင်။”
တောင်စဉ် ကိုးသွယ် တပည့်သားတွေနဲ့ တောင်စဉ် ကိုးသွယ်က သုခမိန် စစ်သည်တော်တွေ တစ်ခုခု လွဲနေတာကို ခံစားမိတယ်။ ထျန်းရှင်းရဲ့ စွမ်းအားနဲ့ ဆိုရင် ဖန်ကျန်းရှှီ လက်သီးနဲ့ ထိုးတာကို ဒီအတိုင်း ခံနေစရာ အကြောင်း မရှိဘူး။ ဖန်ကျန်းရှီရဲ့ လက်သီးက သူ့မျက်နှာပေါ်ကို ရောက်လာတာတောင် ပြန်မတုံ့ပြန်ဘူး။ အခြေအနေက ထူးဆန်းနေတယ်။
ချက်ခြင်း ဆိုသလို မြေပြင်က လူတွေ အများကြီး ထျန်းရှင်း ဆီကို လျှပ်စီး လက်သလို ပျံတက်လာတယ်။ ဒီမြင်ကွင်းကြောင့် ကောင်းကင် တာအို တပည့်သားတွေလည်း နောက်ကနေ လိုက်လာခဲ့တယ်။
“တိုက်ခိုက်။” အမိန့်ပေးသံ အကျယ်ကြီး တစ်ခု ထွက်လာခဲ့တယ်။ ရာချီတဲ့ ကောင်းကင် တာအို တပည့်သားတွေ ဓားတွေကို မြှောက်ရင်း တောင်စဉ် ကိုးသွယ် တပည့်သားတွေဆီ ပြေးဝင်တယ်။
“ရပ်ကြစမ်း။” ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်းလည်း တည်ငြိမ် နေရာကနေ အခုချိန်မှာ စိုးရိမ်ပူပန် နေရပြီ။ သူလှုပ်ရှား ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ရာချီတဲ့ ဓားတွေက တောင်စဉ် ကိုးသွယ် တပည့်သားတွေကို ထိုးစိုက် လိုက်ကြတယ်။
“အား။”
“အား။”
သွေးတွေနဲ့ အတူ တောင်စဉ် ကိုးသွယ် တပည့်သားတွေရဲ့ အော်သံတွေ လေထဲမှာ ပျံ့သွားခဲ့တယ်။ ကောင်းကင် တာအို ခန်းမလည်း ဆူညံနေတဲ့ အခြေအနေကို ပြန်ရောက်သွားတယ်။ ထူးဆန်းတာက တောင်စဉ် ကိုးသွယ် တပည့်သားတွေရဲ့ ခန္ဒာကိုယ်က ထွက်လာတဲ့ သွေးတွေ အားလုံး မြေပြင်ပေါ်ကို မကျဘူး။ ကောင်းကင်ပေါ်ကို ပျံတက်သွားကြတယ်။
“ဘာဖြစ်တာလဲ။” ထျန်းရှင်း ဆီကို လာနေတဲ့ မုချင်းဖန်း ရုတ်တရက် သွေးတွေ အပေါ်တက်လာတာကို သတိထားမိတယ်။ ချက်ခြင်း စိုးရိမ်တဲ့ အမူအယာကို ပြောင်းလဲ သွားတယ်။
“ရပ်ကြစမ်း။” သူအော်ဟစ်တယ်။ တားဖို့ ကြိုးစားတယ်။ ဒါပေမယ့် အချိန်နှောင်းခဲ့ပြီ။ တောင်စဉ် ကိုးသွယ် တပည့်သားတွေက သူတို့ ခေါင်းဆောင်ကို ကယ်တင်ဖို့ ကြိုးစား နေကြတယ်။ ရာချီတဲ့ ကောင်းကင် တာအို တပည့်သားတွေက သူတို့ကို တိုက်ခိုက်တယ်။ ရာချီတဲ့ ဓားအလင်းတန်းတွေရဲ့ စုပေါင်း အင်အားက ဘယ်လိုများ နည်းနိုင်မှာလဲ။
လေထု တစ်ခုလုံး သွေးအိုင်တွေ သွေးစက်တွေနဲ့ ပြည့်နေခဲ့တယ်။ ဒီသွေးတွေ အားလုံးက စက်ကွင်းကြီးထဲကို စီးဝင်ပြီးတော့ လောင်ကျွမ်း ပေါက်ကွဲတယ်။ ရှစ်ရောင်ခြယ် အလင်းတန်းတွေက သွေးတွေကို စုပ်ယူပြီးနောက် ပိုပိုပြီးတော့ လင်းထိန် တောက်ပ လာခဲ့တယ်။ ကောင်းကင်မှာ နေရှစ်စင်း ထွက်နေသလိုပဲ။
ရွှေရောင်၊ ငွေရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်။ အလယ်မှာတော့ အနီရင့်ရောင် မကောင်းဆိုးဝါး အငွေ့အသက်တွေ ဖြာထွက်နေတယ်။ အစိမ်းရောင် တံခါးကြီးက လုံး၀ ပွင့်သွား ခဲ့ပြီ။
အပိုင်း (၆၉၁) ပြီး၏။
အပိုင်း (၆၉၂)
“ရွေးချယ်မှုတွေ၊ အနီရောင် ရေတံခွန်။”
“အား။ ငါ့ ခန္ဒာကိုယ်၊ ဘာဖြစ်လို့ ငါမထိန်းချုပ် နိုင်တာလဲ။” တောင်စဉ် ကိုးသွယ် တပည့်သား တစ်ယောက် သွေးအန်ရင်း ကြောက်လန့်တကြား အော်ဟစ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဒာကိုယ်က ကြယ်တစ်ပွင့်လို ကောင်းကင်ကို ပျံတက်နေတယ်။ ကောင်းကင်က စက်ဝိုင်းကြီး အလယ်ကို ရောက်လာတယ်။
အဲ့ဒီ့လိုပဲ နောက်ထပ် တောင်စဉ် ကိုးသွယ် တပည့်သားတွေ လေထဲကို ဆက်တိုက် ပျံတက် လာခဲ့တယ်။ တစ်ယောက်ပြီး တစ်ယောက်။ သွေးမိုးတွေက စက်ဝိုင်းကြီးထဲကို ဝင်နေပြီးတော့ ဒဏ်ရာရထားတဲ့ တောင်စဉ် ကိုးသွယ် တပည့်သား ဒါဇင်ချီ ကြောက်စရာ ဆွဲငင်အားတွေကို ခံစား နေရတယ်။
“အား။”
“ဘာတွေ ဖြစ်နေတာလဲ။”
“ကယ်ကြပါအုန်း။”
ကြောက်လန့်တကြား အော်ဟစ်သံတွေ လေထဲမှာ ဆက်တိုက် ထွက်ပေါ်နေတယ်။ ဆွဲငင်အားက ကြောက်စရာ ကောင်းလွန်းတယ်။ သူတို့တွေ ဘယ်လိုမှ မခုခံ နိုင်ဘူး။
“အဲ့တာ ဘာကြီးလဲ။”
“သွေးမှော်လား။ ဒီလို သွေးမှော်မျိုး တစ်ခါမှ မမြင်ဖူးဘူး။”
“ညီလေး နန်ကုန်း ရပ်ပါတော့။”
ကောင်းကင် တာအို တပည့်သားတွေ တစ်ခုခု လွဲနေတာကို နားလည် သွားတယ်။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း ဆက်တိုက် ပိုပိုပြီးတော့ စက်ဝိုင်းကြီးထဲ ပျံတက်နေတယ်။ သူတို့တွေ တိုက်ခိုက်ခဲ့ကြတာ မှန်ပေမယ့် သူတို့ မျက်စိ ရှေ့မှာ လူအားလုံး ဒီလို သေသွားတာကို မမြင်ချင်ကြဘူးလေ။
“နန်ကုန်းဟောင်။ မင်းက ငါ ထျန်းရှင်းကို ဒီသွေးမှော်နဲ့ တားလို့ ရမယ် ထင်နေတာလား။” ထျန်းရှင်း ဒေါသကြောင့် တုန်ယင် နေခဲ့တယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် အနေနဲ့ သူ့ရဲ့ အသိပညာက ကျယ်ပြန့်တယ်။ သွေးမှော် စက်ကွင်းထဲကို ဆွဲယူ ခံလိုက် ရရင် ဖြစ်လာမှာတွေကို သူသိတယ်။
ဒီတော့ သူ့ရဲ့ တပည့်တွေ သွေးမှော်ထဲကို ဆွဲယူ ခံရတာ ဘယ်လိုလုပ် ကြည့်နေ နိုင်မှာလဲ။ နန်ကုန်းဟောင်ကို သူသတ်ချင်တယ်။ ဒါပေမယ့် အစိမ်းရောင် ကျောက်တံခါးကြီးက လုံး၀ ပွင့်သွားပြီ။ ကြောက်စရာ ဆွဲငင်အားတွေက သူ့တကိုယ်လုံးကို ထောင်ချီတဲ့ သံကြိုးတွေနဲ့ ဆွဲယူ နေသလိုပဲ။
သူက မြင့်မြတ် နယ်မြေမှာ အင်အား အကြီးဆုံး လူတစ်ယောက် ဖြစ်ပေမယ့်၊ လူရှစ်ယောက်ရဲ့ အသက်ကို စတေး ထားပြီး တားမြစ် နည်းလမ်းတွေ သုံးထားတဲ့ ဒီသွေးမှော်ကို အလွယ်တကူ မဖျက်စီးနိုင်ဘူး။ ဒါ့အပြင် သူ့ရဲ့ စွမ်းအား အရင်းအမြစ် တဝက်ကျော်ကလည်း ကုန်ဆုံး သွားခဲ့ပြီ။
သူ့ရဲ့ တပည့်တွေ သွေးအလိမ်းလိမ်း ဖြစ်နေတာကို ကြည့်ရင်း ဒေါသမီးတွေ ပိုတောက်လောင် လာတယ်။ ဒါပေါ့။ နန်ကုန်းဟောင်ကို သူပြောဆိုနေတဲ့ အသံကတော့ တင်းမာနေဆဲ။ သူ့အခြေအနေက ပိုပြီးတော့ ဆိုးလာတာကိုလည်း သူသိတယ်။
“ရွှမ်း။” နန်ကုန်းဟောင်က ထျန်းရှင်းကို ပြန်မဖြေဘူး။ သူ့ရဲ့ တည်ငြိမ်ဓားကို ထျန်းရှင်း ကိုယ်ကနေ ဆွဲထုတ်လိုက်တယ်။ သူ့အမူအယာက ခဲနေတဲ့ ရေကန်ကြီး တစ်ခုလို တည်ငြိမ် နေခဲ့တယ်။ အပြောင်းအလဲ မရှိဘူး။ ထျန်းရှင်းရဲ့ ရင်ဘတ်ကနေ သွေးတွေ ဆက်တိုက် စီးကျ လာခဲ့တယ်။
ပုံမှန် အချိန်မှာ ကြည်လင်ပြီးတော့ နှင်းလို သန့်ရှင်း ကြည်လင်နေတဲ့ တည်ငြိမ်ဓားက အခုချိန်မှာ သွေးနီရောင် တောက်ပလာတယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင် ထပ်တိုက်ခိုက်တယ်။ သူလုံးဝကို ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။ တည်ငြိမ်ဓားနဲ့ ထျန်းရှင်းကို နောက်တစ်ခေါက် ထိုးစိုက်တယ်။ သူ့ဓား လှုပ်ရှားတဲ့ အချိန်မှာပဲ အစိမ်းရောင် ကျောက်တံခါးက ထွက်လာတဲ့ အနီရောင် အလင်းတန်းတွေ ရုတ်တရက် စီးကျလာတယ်။ သွေးမိုးတွေ ရွာကျ လာသလိုပဲ။
ထျန်းရှင်း အံကြိတ်ရင်း သူ့ခန္ဒာကိုယ်ကို ခပ်ကြမ်းကြမ်း လှုပ်ခါလိုက်တယ်။ ဆံပင် အနီရောင် သံချပ်ကာ အနက်နဲက လူကြီး သူ့ခန္ဒာကိုယ်ကနေ ထွက်လာတယ်။ သူလည်း သိသိသာသာကို ပုံပျက် နေခဲ့တယ်။
“ဝုန်း။” နန်ကုန်းဟောင်က ထျန်းရှင်းကို ဓားနဲ့ ထိုးလိုက်တဲ့ အချိန်မှာ၊ သူက ကြိုးပြတ်သွားတဲ့ စွန်လေး တစ်ခုလိုပဲ။ ရှေ့ကို လဲကျ မလာဘူး။ သွေးမှော် စက်ကွင်းထဲကို ပျံတက်သွားတယ်။ လွတ်လွတ် လပ်လပ် ပျံဝဲနေတယ်။
“ခန်းမခေါင်းဆောင်မု။ ကျေးဇူးပြုပြီး နန်ကုန်းဟောင်ကို မြန်မြန် သတ်လိုက်ပါ။” ဖူရှီး တောင်ကြား ခေါင်းဆောင် ကုယွိအန်း ဒီမြင်ကွင်းကို မြင်တော့ သူကြောက်လန့်နေခဲ့တယ်။ ဒီကိစ္စကို သူနဲ့ မဆိုင်သလို မနေနိုင်တော့ဘူး။
“ညီလေး နန်ကုန်းဟောင်ကို သတ်ရမယ်။”
“ဘာ အဓိပ္မာယ် မရှိတာတွေ ပြောနေတာလဲ။”
“ညီလေး နန်ကုန်းဟောင်က စိတ်ရှုပ်ထွေး နေရုံပဲ။”
ကုယွိအန်းရဲ့ စကားတွေကို ကြားတော့ ကောင်းကင် တာအို တပည့်သားတွေ ဒေါသ ထွက်လာကြတယ်။
“မင်းတို့တွေ ဘာသိလို့လဲ။ နန်ကုန်းဟောင်ကို အခုမသတ်ရင်၊ သူ့ရဲ့ သွေးမှော် စက်ကွင်း ပြီးပြည့်စုံသွားတဲ့ အချိန်ရောက်ရင် နောက်ကျ သွားလိမ့်မယ်။” ဖူရီးတောင်ကြား ခေါင်းဆောင် မစဉ်းစားပဲ ဆက်တိုက် အော်ဟစ်နေတယ်။
“သူ့ရဲ့ သွေးမှော် စက်ကွင်းကို ပြီးသွားရင် တဲ့လား။” ကောင်းကင် တာအို တပည့်သားတွေ တုန်ယင် သွားတယ်။ အဲ့တာ ဘာကို ဆိုလိုမှန်း သူတို့ မသိဘူး။ ကုယွိအန်း နောက်နေတာ မဟုတ်မှန်းတော့ သိကြတယ်။
နန်ကုန်းဟောင်ကို မုချင်းဖန်း ကြည့်နေခဲ့တယ်။ ပတ္တမြားရောင် တည်ငြိမ်ဓားနဲ့ သွေးမှော်ဆီကို ပျံတက်နေတဲ့ ထျန်းရှင်းကို စိုက်ကြည့်တယ်။ သူ့ရဲ့ နှင်းဖြူရောင် ဝတ်ရုံက အရှိန်ပြင်းပြင်း လှုပ်ခတ် နေခဲ့တယ်။ သူနောက်ထပ် မတွေဝေတော့ဘူး။ နန်ကုန်းဟောင်ဆီကို ပြေးဝင်တယ်။
“အား။” ဒီအချိန်မှာ ထျန်းရှင်းရဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အနက်ရောင် အရှိန်အဝါတွေ ခန္ဒာကိုယ်ကနေ စတင် စီးကျ လာတော့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း သွားပြီးတော့ အနက်ရောင် သံချပ်ကာကြီး ဖြစ်ပေါ်လာတယ်။
အဲ့တာ ထျန်းရှင်းရဲ့ မျိုးနွယ်သွေးပဲ။ ဒီတစ်ခေါက်တော့ သူ့သံချပ်ကာပေါ်က ရွှေရောင် စာလုံးတွေ သိသိသာသာ နည်းပါး နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ သံခမောက်မှာလည်း အက်ကွဲရာတွေ နေရာအနှံ့ ရှိနေတယ်။ သွေးမှော်ဆီကို ပျံတက်နေတဲ့ ထျန်းရှင်း တစ်ခေါက် ရပ်တန့် သွားတယ်။
နန်ကုန်းဟောင် နောက်တစ်ခေါက် လှုပ်ရှားတယ်။ တည်ငြိမ်ဓားက သွေးနီရောင် တောက်ပနေတယ်။ ကောင်းကင်က သွေးမှော်လည်း အရှိန်ပြင်းပြင်းနဲ့ ဆက်တိုက် လှည့်ပတ်နေတယ်။ ကြောက်စရာ ဆွဲငင်အားတွေ ဆက်တိုက် တိုးလာခဲ့တယ်။
ဒါပေါ့။ ဒီဆွဲငင်အားတွေက ဖန်ကျန်းရှီ အပေါ်ကို မသက်ရောက်ဘူး။ သူ့အတွက်တော့ ခေါင်းပေါ်က ခပ်လှလှ စက်ကွင်းကြီးလိုပဲ။ သူ့ကို ဘယ်လို သက်ရောက်မှုမှ မရှိဘူး။ စွမ်းအားတွေက လွဲပြီးရင် သူ့ကို သက်တောင့်သက်သာ မရှိအောင် လုပ်နေတာ တစ်ခုပဲ ရှိတယ်။ အဲ့တာကတော့ ပြင်းထန်လွန်းတဲ့ သတ်ဖြတ် လိုစိတ်တွေပဲ။
ဒါပေမယ့် ထျန်းရှင်းရဲ့ တုံ့ပြန်မှုက ပိုပြီးတော့ ပြင်းထန်လာတယ်။ သွေးမှော် စတင်ပြီး လှည့်ပတ်တာနဲ့ သူ့ခန္ဒာကိုယ်လည်း နောက်တစ်ခေါက် တုန်ယင်လာတယ်။ မဟူရာ သံချပ်ကာကြီး ဆက်တိုက် အက်ကွဲနေတယ်။ နောက်ထပ် မထိန်းနိုင် တော့ပုံပဲ။ ဒီအချိန်မှာပဲ နန်ကုန်းဟောင်က သူ့ရှေ့ကို ရောက်လာတယ်။ ထျန်းရှင်းကို သူ့ဓားနဲ့ နောက်တစ်ခေါက် တိုက်ခိုက်တယ်။
“သေစမ်း။” ထျန်းရှင်းက ခုန်မရှောင်နိုင်ဘူး။ သွေးမှော်ရဲ့ ဆွဲငင် အားတွေက သူ့ကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် လုပ်နေခဲ့တယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက နန်ကုန်းဟောင်ရဲ့ ဓားကို ခုခံ တာပဲ။ မဟူရာ သံချပ်ကာ ဖုံးအုပ်ထားတဲ့ သူ့လက်သီးက နန်ကုန်းဟောင်ရဲ့ တည်ငြိမ်ဓားနဲ့ ထိတွေ့တယ်။
“ဝုန်း။” ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာတယ်။ တိုက်ခိုက်မှုရဲ့ ကြီးမားတဲ့ သက်ရောက်မှုကြောင့် ထျန်းရှင်း ခန္ဒာကိုယ်က သွေးမှော် စက်ဝန်းဆီကို နောက်တစ်ကြိမ် လွင့်ထွက်လာတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်လည်း ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေတယ်။ သူ့ရင်ဘတ်က နိမ့်ချီ မြင့်ချီ ဖြစ်နေရင်း မျက်နှာကလည်း ဖြူဖျော့ နေခဲ့တယ်။
နှုတ်ခမ်းတွေကို ဖိကိုက်ရင်း ပါးစပ်ထဲက သွေးတွေကို ပြန်မျိုချ နေတယ်။ ဒီအချိန် မုချင်းဖန်းက သူ့နောက်ကို ရောက်နေပြီ။ လက်သည်းတွေ ထွက်နေတဲ့ လက်တစ်ဖက်နဲ့ နန်ကုန်းဟောင်ရဲ့ ဓားကိုင်ထားတဲ့ လက်ကို ဆွဲထားခဲ့တယ်။
“နန်ကုန်းဟောင် ရပ်လိုက်။ မင်းရဲ့ ပြစ်မှတ်က မှားနေပြီ။ မင်းရဲ့ သွေးမှော် အောင်မြင် သွားရင်၊ ဆိုးဝါးတဲ့ တန်ပြန် ကံကြမ္မာ ကြုံရလိမ့်မယ်။” မုချင်းဖန်းရဲ့ မျက်ဝန်းတွေမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပနေတယ်။
“ဆရာ။ ကျွန်တော် ဆရာ့ကို စိတ်ပျက်မိတယ်။ ဒါပေမယ့် ကျွန်တော့် ရွေးချယ်မှုက မမှားဘူး။” နန်ကုန်းဟောင် သူ့လက်တစ်ဖက်နဲ့ မုချင်းဖန်းကို ပြန်ရိုက်ချတယ်။
“ဝုန်း။” လက်ဝါး နှစ်ဖက် ထိတွေ့ သွားတယ်။ နန်ကုန်းဟောင်လည်း လွင့်ထွက် သွားခဲ့တယ်။ သူ့မျက်နှာ တစ်ခုလုံး ရဲရဲ နီနေပြီးတော့ ပါးစပ်ထဲက သွေးတွေကို မထိန်းထားနိုင်တော့ဘူး။ ချက်ခြင်း သွေးအန်တော့တယ်။ သွေးတွေ ကောင်းကင်က မိုးရွာသလို စီးကျလာတယ်။
သွေးမိုးတွေ သိပ်မကြာခင်ပဲ ကောင်းကင်က သွေးမှော် စက်ကွင်းထဲကို ပျံတက် သွားခဲ့တယ်။ လုံးဝကို စုပ်ယူ သွားတယ်။ နောက်ထပ် မျက်စိကျိန်းလောက်စရာ အလင်းတန်းတွေ တောက်ပလာပြန်တယ်။ နန်ကုန်းဟောင်ရဲက ခန္ဒာကိုယ်လည်း တုန်ယင်နေတယ်။ သူ့ခန္ဒာကိုယ်ကို မမြင်ရတဲ့ လက်တွေက ဖမ်းချုပ်ပြီးတော့ သွေးမှော် စက်ကွင်းထဲကို ဆွဲသွင်း နေသလိုပဲ။
“အကိုကြီး။” နန်ကုန်းမုရဲ့ အသံ ထွက်ပေါ်လာတယ်။ ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို ကိုင်ထားရင်း ထျန်းရှင်းကို တိုက်ခိုက်ဖို့ ပြင်နေခဲ့တယ်။
“ဘာမှ မလုပ်နဲ့။” နန်ကုန်းဟောင် သူ့ညီငယ်လေးရဲ့ ဓားအလင်းတန်းတွေကို မြင်တော့ ကြောက်လန့်တဲ့ အကြည့်တွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် နောက်ကျ လွန်းသွားပြီ။ အလင်းတန်း နှစ်ခုက ပေါင်းစည်းပြီးတော့ ထျန်းရှင်းကို တိုက်ခိုက်တယ်။
“နန်ကုန်းဟောင် ကြည့်ရတာ ဒီနေ့တော့ မင်းတို့ မိသားစု မျိုးဆက် ပြတ်ရတော့မယ့် ပုံပဲ။” ထျန်းရှင်းက သူ့ဆီကို ဝင်လာနေတဲ့ အလင်းတန်း နှစ်ခုကို ကြည့်ရင်း ပြောတယ်။
“မဖြစ်ဘူး။” နန်ကုန်းဟောင် အော်ဟစ်ရင်း သူ့တကိုယ်လုံး သွေးနီရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ့မျက်လုံးတွေထဲကို သွေးတွေ စီးဝင်လာတယ်။ သူ့ခန္ဒာကိုယ်လည်း ထူးထူးဆန်းဆန်း လှုပ်ရှားနေတယ်။ လေထဲကို နှစ်လှမ်း လှမ်းလိုက်ပြီးတော့ သူ့ခန္ဒာကိုယ်နဲ့ ဓားအလင်း နှစ်ခုကို တားလိုက်တယ်။
“ဝုန်း။” ဓားအလင်း နှစ်ခုက သူ့ခန္ဒာကိုယ်ပေါ်ကို တိုက်ရိုက် ကျရောက်လာတယ်။ အဲ့ဒီ့နောက် လေထဲကို သူလွင့်ထွက် သွားပြန်တယ်။ ထျန်းရှင်း ရပ်နေတဲ့ နေရာကို တည့်တည့်ကြီး ရောက်သွားတော့တယ်။
“မင်းတို့ ညီအကိုနှစ်ယောက် ဘယ်လိုတောင် ချစ်ကြတာလဲ။” သူ့ဆီကို လွင့်ထွက်လာတဲ့ နန်ကုန်းဟောင်ကို ကြည့်ရင်း သူ့မျက်ဝန်းတွေက မည်းမှောင် နေခဲ့တယ်။ သူ့အမူအယာကလည်း ထူးဆန်း နေပင်မယ့် သူမတွေေ၀ ခဲ့ဘူး။ လက်သီးဆုပ်ရင်း ထိုးချလိုက်တယ်။
ဒီအချိန်မှာပဲ သန့်စင်တဲ့ သွေးနီရောင် မျက်လုံးတွေကို မြင်လိုက်ရတယ်။ အဲ့ဒီ့ မျက်လုံးတွေက သွေးမှော်စက်ကွင်းထဲမှာ ရှိတဲ့ မျက်လုံးတွေနဲ့ တူတယ်။ သွေးနီရောင် ရေတံခွန်လိုပဲ။ အဆုံးမဲ့တဲ့ သွေးတွေ ဆက်တိုက်စီးကျလာတယ်။
“အမ်။” တစ်ခုခု လွဲနေတာကို ထျန်းရှင်း သတိထားမိသွားတယ်။ သူ့ရဲ့ နောက်ဆုံး စွမ်းအားတွေကို သုံးပြီးတော့ လေထဲမှာ မြဲမြဲ ရပ်နိုင်အောင် ကြိုစားပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ သွေးနီရောင် အလင်းတန်းတွေက သူ့ကို လွှမ်းခြုံ သွားခဲ့ပြီ။ အနီရောင် အလင်းတန်းတွေက ကျောက်တံခါးကနေ ထွက်လာပြီးတော့ သွေးရေတံခွန် တစ်ခုလို ကျလာတယ်။ သူ့ခန္ဒာကိုယ်ကို ရစ်ပတ်တယ်။
“ဖွင့်စမ်း။” ထျန်းရှင်း ဒေါသတကြီး အော်တယ်။ သူ့ခန္ဒာကိုယ်က ထွက်လာတဲ့ အနက်ရောင် အလင်းတန်းတွေက ဓားတွေလိုပဲ နေရာအနှံ့ကို ပျံ့နှံ့လာတယ်။ အနီရောင် အလင်းတန်းတွေ ထဲမှာ ထွက်ပေါက်လေး နည်းနည်းပဲ ပွင့်လာခဲ့တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ ရောက်လာခဲ့ပြီ။ ထျန်းရှင်းကို အနီရောင် အလင်းတန်းတွေ တောက်ပနေတဲ့ လက်နဲ့ ဖမ်းဆွဲတယ်။ ပွင့်နေတဲ့ အပေါက်တွေကို ပိတ်တယ်။
“ငါ့ ရွေးချယ်မှုကို မပြောင်းဘူးလို့ ငါပြောသားပဲ။” ထျန်းရှင်းကို သွေးနီရောင် မျက်ဝန်းတွေနဲ့ ကြည့်ရင်း နန်ကုန်းဟောင် ပြောတယ်။ သူ့အမူအယာက တည်ငြိမ်နေဆဲ။
“နန်ကုန်းဟောင်။ မင်းဘယ်လို လုပ်ဝံ့တာလဲ။ တောင်စဉ် ကိုးသွယ်က မင်းတို့ မိသားစု တစ်ခုလုံးကို ရှင်းထုတ်ပြစ်မှာ မကြောက်ဘူးလား။” ထျန်းရှင်းရဲ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ ပထမဆုံး အနေနဲ့ သူ့မျက်နှာမှာ အကြောက်တရားတွေကို မြင်ရတာပဲ။
အပိုင်း (၆၉၂) ပြီး၏။
အပိုင်း (၆၉၃)
“ငါ့သွေးနဲ့ ကောင်းကင် တံခါးကို ဖွင့်မယ်။”
တောင်စဉ် ကိုးသွယ် ခေါင်းဆောင်၊ မြင့်မြတ် နယ်မြေမှာ စွမ်းအား အကြီးဆုံး လူသား တစ်ယောက် ဖြစ်တဲ့ ထျန်းရှင်းရဲ့ ကောင်းကင် တာအို ခန်းမကို လာတဲ့ ခရီးက ဒီလို အဆုံးသတ် သွားခဲ့တယ်။ သူနဲ့ အတူ တောင်စဉ် ကိုးသွယ် တပည့်သား သုံးရာလည်း ပါလာခဲ့တယ်။ ဆယ်ယောက်က သုခမိန်တွေ။
ဒါက ကောင်းကင် တာအို ခန်းမနဲ့ တိုက်ခိုက်ဖို့ လုံလောက်တယ်။ ဒါပေမယ့် အခုတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ စကားနဲ့ ခြိမ်းခြောက် နေရပြီ။ ထျန်းရှင်း အခုချိန်မှာ အခြေအနေ ဆိုးနေပြီလို့ ဆိုလိုတာပဲ။
သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း အဖြစ် အတူတူပဲ။ သူတို့ရဲ့ စွမ်းအားတွေနဲ့ သွေးမှော်ကို ဆန့်ကျင်နိုင်စွမ်း မရှိဘူး။
“အား မဖြစ်ဘူး။”
“ဆရာ။”
“ကယ်ပါအုန်း။”
ဒီအသံတွေ ထျန်းရှင်း နားထဲကို ဆက်တိုက် ဝင်ရောက်နေတယ်။ သူ့တပည့်တွေ သူ့ကို ဖြတ်သန်းပြီးတော့ ကောင်းကင်က သွေးမှော်ထဲကို ပျံတက် နေကြတယ်။ မြင်ရတာ လန့်စရာ မြင်ကွင်းပဲ။
နန်ကုန်းဟောင်က ဘာမှ မပြောဘူး။ ထျန်းရှင်း စကားကိုလည်း ပြန်မဖြေဘူး။ သူ့ခြိမ်းခြောက် စကားကို မကြားတဲ့ အတိုင်းပဲ။ ထျန်းရှင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်းနဲ့ သွေးမှော်ဆီကို ပျံတက်နေတယ်။
ဒီမြင်ကွင်းကြောင့် ကောင်းကင် တာအို တပည့်သားတွေ အထိတ်တလန့် ဖြစ်နေရုံတင် မကဘူး။ ထူးဆန်းတဲ့ သိလိုစိတ်တွေလည်း ပြည့်နှက် နေကြတယ်။ နန်ကုန်းဟောင် ဒီလို လုပ်နေတာ ဘာကြောင့်မှန်း သူတို့ မသိဘူးလေ။
နန်ကုန်းဟောင် သွေးအန်လိုက်တဲ့ အချိန်မှာ သူရပ်တန့် လိမ့်မယ်လို့ လူတိုင်း တွေးမိခဲ့ကြတယ်။ သူလည်း တခြားသူတွေလိုပဲ သွေးမှော် ထိန်းချုပ်တာကို ခံလိုက်ရပြီလေ။
အမှန်တရားကတော့ နန်ကုန်းဟောင် မရပ်တန့်ခဲ့ဘူး။ သူ့အသက်နဲ့ ရင်းပြီးတော့ ဆက်တိုက် တိုက်ခိုက်နေတယ်။ ထျန်းရှင်းကိုတောင် ကိုယ်တိုင် သွေးမှော်ထဲ ဆွဲခေါ် နေသေးတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့ လုပ်ငန်းစဉ်လား။
ဘာကြောင့်များ ဒီလို လုပ်ရတာလဲ။ ဘယ်သူမှ မသိဘူး။ ဖန်ကျန်းရှီလည်း မသိဘူး။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက ထျန်းရှင်းကို အကြောင်းရင်း မရှိပဲ တိုက်ခိုက်တာ မဟုတ်ဘူးလေ။ ကိစ္စတွေ အားလုံးက ထူးဆန်းနေတယ်။
နန်ကုန်းဟောင် ထွက်လာပြီးတော့ အခြေအနေတွေ ဒီလို ဖြစ်လာတာ အမှား တစ်ခုတော့ မဟုတ် နိုင်ဘူးလေ။ ဒီတော့ ကိုယ့်ကိုယ်ကို သတ်သေတာ ဆိုရင်ကော။ မဖြစ်နိုင်တာပဲ။
နန်ကုန်းဟောင်ကို ဖန်ကျန်းရှီ သိသလောက် ဆိုရင်၊ နန်ကုန်းဟောင်က ကိစ္စတိုင်းကို သတိထားပြီး လုပ်တယ်။ ဒါကြောင့် သူဒဏ်ရာ ရသွားတဲ့ အချိန်တည်းက အစီအစဉ်တွေ ဆက်တိုက် ရှိနေလိမ့်မယ်။
ဒီတော့ ဒါက ကိုယ့်ကိုယ်ကို သတ်သေတဲ့ ကိစ္စ ဆိုရင်ကော။ ထျန်းရှင်းကိုပါ ဘာဖြစ်လို့ ဆွဲခေါ် နေတာလဲ။ အကယ်၍ အဲ့ဒီ့ထဲကို သူသာ ရောက်သွားရင်၊ ပြန်ထွက်လာ နိုင်ဖို့ ဘာနည်းလမ်း သုံးမှာလဲ။ နန်ကုန်းဟောင်တောင် ထွက်နိုင်ရင်၊ ထျန်းရှင်းလည်း ထွက်နိုင်မှာပဲ။ မေးခွန်းတွေ များလွန်းနေတယ်။
အခုချိန်မှာ အရေးအကြီးဆုံး မေးခွန်းက ဘာဖြစ်လို့ ထျန်းရှင်းကို သွေးမှော်ထဲ ဆွဲသွင်းနေလဲ ဆိုတာပဲ။ သူကိုယ်တိုင်တောင် သွေးမှော် ထိန်းချုပ်တာကို ခံနေရတယ်။ အထဲမှာ ဘာလျှို့ဝှက်ချက် ရှိတာလဲ။ ဖန်ကျန်းရှီ နားမလည်ပေမယ့်၊ နန်ကုန်းမုရဲ့ မျက်လုံးတွေထဲက ဝမ်းနည်း စိုးရိမ်စိတ်တွေကို မြင်တွေ့ နေရတယ်။
“အကိုကြီး မလုပ်နဲ့။” နန်ကုန်းမုရဲ့ အသံက နာကျင်နေပုံပဲ။ နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း နာကျင်နေတဲ့ အသံ။ ဖန်ကျန်းရှီ သူ့နောက်က လူတစ်ယောက် ထွက်လာတာကို ခံစားလိုက်ရတယ်။ အလင်းရောင်ထဲမှာ မြွေအမြီးကြီးက ခပ်ဖျော့ဖျော့ တောက်ပနေတယ်။ နန်ကုန်းဟောင်နဲ့ ထျန်းရှင်းကို ခပ်မြန်မြန် ရစ်ပတ်တယ်။
“ကချာ့။” မြွေအမြီးကြီးက နန်ကုန်းဟောင်နဲ့ ထျန်းရှင်းကို ရစ်ပတ်လိုက်တော့ သူတို့ နှစ်ယောက် ရပ်တန့်သွားတယ်။
“ချီကူယန်။” နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ် တုန်ယင်နေတယ်။ သူ့ရဲ့ နှင်းဖြူရောင် ကျောင်းတော်သား ဝတ်ရုံက လေထဲမှာ လွင့်မျောရင်းနဲ့ နာမည် တစ်ခုကို ခပ်တိုးတိုး ခေါ်လိုက်တယ်။
“နန်ကုန်းဟောင် ရပ်လိုက်တော့။ အခုချိန်က နောက်မကျ သေးဘူး။” ချီကူယန်ရဲ့ မျက်နှာပေါ်မှာ ချွေးသီး ချွေးပေါက်တွေ စီးကျနေတယ်။ ခက်ခက်ခဲခဲ လှုပ်ရှား နေရတဲ့ ပုံစံပဲ။
“ငါသိတယ်။ ဒါပေမယ့် ငါမလုပ်နိုင်ဘူး။ ဒါ ငါ့ကံတရားပဲ။” နန်ကုန်းဟောင် ပြောရင်းနဲ့ မြွေအမြီးကြီးကို တွန်းဖယ်တယ်။
“အကိုကြီး။ အဖေက အကိုကြီးရဲ့ အသက်ကို စတေးဖို့ မပြောခဲ့ဘူး။ နန်ကုန်းမိသားစုရဲ့ ကံတရားက ကျွန်တော်လည်း ဖြည့်ဆည်းလို့ ရတာပဲ။ အကိုကြီး သွားပါ။” နန်ကုန်းမု အော်ဟစ်တယ်။
“သွားရမယ်။ ညီငယ်လေး။ နောက်ကျလွန်း သွားပြီ။ အကိုကြီး တောင်းပန်ပါတယ်။ ညီငယ်လေး သန်မာတာကို အကိုကြီးသိတယ်။ အကိုကြီးကို တစ်ခေါက်ပဲ ဖြစ်ဖြစ် အနိုင်ယူချင်တာကိုလည်း သိတယ်။ ဒါပေမယ့် အကိုကြီး မင်းကို တစ်ခေါက်တောင် အနိုင်မပေးနိုင် ခဲ့ဘူး။ ညီငယ်လေး။ မင်းက တကယ့် ဉာဏ်ကြီးရှင်ပါ။ ငါတို့ မိသားစုမှာ ဘယ်သူမှ ကျောက်စိမ်း နီလာ အနုပညာကို နှစ်ရာချီအတွင်း မကျင့်ကြံနိုင်ဘူး။ ညီငယ်လေးကတော့ လုပ်နိုင်ခဲ့တယ်။”
နန်ကုန်းဟောင် ခေါင်းခါတယ်။ ကောင်းကင်ကို ကြည့်ရင်း ဆက်ပြောတယ်။ “တကယ်တော့ အဲ့ဒီ့နေ့တုန်းက အကိုကြီးလည်း တကယ်ပျော်တယ်။ အဖေလည်း အတူတူပဲ။ ညီငယ်လေးကို သူကိုယ်တိုင် သင်ကြား ပေးချင်တယ်လို့တောင် ပြောခဲ့သေးတယ်။ အဲ့ဒီ့ အချိန်မှာ ကိစ္စကြီး ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဖေ့ကို အကိုကြီး တားခဲ့တယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူ့ရဲ့ အထောက်အပံ့တွေ အားလုံး အကိုကြီးကို ပေးအောင် လုပ်ခဲ့တယ်။ အကိုကြီးပဲ နန်ကုန်းမိသားစုရဲ့ ကံတရားကို နားလည်နိုင်တယ်လေ။”
“ကျောက်စိမ်း နီလာ အနုပညာ အကြောင်း ရှင်းပြတာကို ညီငယ်လေး ရေးပြီးတော့ အဖေ့ဆီကို ပျော်ပျော်ကြီး အပ်တဲ့ အချိန်တုန်းက အကိုကြီးလည်း ရှိနေတယ်။” နန်ကုန်းဟောင် ဒါကိုပြောတဲ့ အချိန် သူ့မျက်ဝန်းထဲမှာ မျက်ရည်စတွေ တောက်ပ နေခဲ့တယ်။ “အဖေ့ကို အကိုကြီး ပြောခဲ့တယ်။ နန်ကုန်းမိသားစုရဲ့ အနာဂတ်က အကိုကြီး တစ်ယောက်တည်း အပေါ်မှာပဲ မူတည်တယ်လို့။”
“ညီငယ်လေး မင်းသိလား။ အဖေက မင်းရဲ့ ကျောက်စိမ်း နီလာ အနုပညာကို တခြားသူတွေဆီ သင်မပေး ချင်ခဲ့တာ မဟုတ်ဘူး။ အကိုကြီး မကြိုက်မှာ စိုးလို့ မသင်ပေးခဲ့တာ။” ဒီအချိန် နန်ကုန်းဟောင်ရဲ့ အသံက ဝမ်းနည်းသံတွေ စွက်နေခဲ့တယ်။ ခပ်မြန်မြန် သူ့အသံကို ပြန်ထိန်းရင်း ပြောတယ်။ “တကယ်တော့ အမြဲတမ်း အနိုင်ရနေတာ ပျော်စရာ ကိစ္စ မဟုတ်ခဲ့ဘူး။”
နန်ကုန်းဟောင် ဒါကို ပြောလိုက်တဲ့ အချိန်မှာပဲ မြွေအမြီး ကြီးကနေ သူလွတ်သွားခဲ့တယ်။ နန်ကုန်းမုကို ကြည့်ရင်း သူ့မျက်လုံးကနေ သွေးမျက်ရည်တွေ စီးကျ လာခဲ့တယ်။ သူ့မျက်နှာကတော့ စိတ်ဆုံးဖြတ်ချက် ပြတ်သား နေတုန်းပဲ။
“အကိုကြီး။ အကိုကြီး။ ဒါတွေကို မကြား မကြားချင်ဘူး။ အကိုကြီးကို ကျွန်တော် အနိုင်တိုက်နိုင်တယ်။ အခုပဲ အနိုင်တိုက်နိုင်တယ်။ မသွားပါနဲ့။ ထွက်မသွားပါနဲ့။ နေရစ်ပါ။” နန်ကုန်းမု တကိုယ်လုံး တုန်ယင်လာတယ်။ သူ့မျက်ဝန်းမှာလည်း သွေးနီရောင် အလင်းတန်းတွေ စတင်ပြီး ထွက်ပေးလာတယ်။
“ညီငယ်လေး။ မင်းငါ့ကို အနိုင်တိုက်နိုင်မယ်ဆိုတာ အကိုကြီး ယုံတယ်။” နန်ကုန်းဟောင် ဒါကို ပြောရင်းနဲ့ သွေးမှော် စက်ဝန်းထဲကို ပျံတက် သွားခဲ့တယ်။
“နန်ကုန်းဟောင်။” ချီကူယန် အော်ဟစ်တယ်။
“ဆရာ။”
“ခေါင်းဆောင်။”
“…” တောင်စဉ် ကိုးသွယ် တပည့်သားတွေရဲ့ အသံလည်း ထွက်ပေါ်လာတယ်။
“မဖြစ်ဘူး။” ထျန်းရှင်း ရုန်ကန်တယ်။
နန်ကုန်းဟောင်ကတော့ တိတ်တဆိတ်သာ ရှိနေခဲ့တယ်။ သူ့နောက်ကို ကပ်လိုက် လာပြီးတော့ ငါးလှမ်းပဲ ကွာတော့တဲ့ မုချင်းဖန်းကို ကြည့်တယ်။ အဝေးက ချီကူယန်နဲ့ ဖန်ကျန်းရှီကိုလည်း ကြည့်တယ်။
“ငါ့သွေးနဲ့ ကောင်းကင် တံခါးကို ဖွင့်မယ်။” နန်ကုန်းဟောင်ရဲ့ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့အသံက ကောင်းကင် တာအို ခန်းမ တစ်ခုလုံးကို ပဲ့တင် ထပ်သွားခဲ့တယ်။
သူ့အသံ ထွက်လာတဲ့ အချိန်မှာပဲ သွေးမှော်စက်ကွင်းရဲ့ အလင်းတန်းတွေ အားလုံး ကျောက်တံခါးကြီးထဲကို ပြန်ဝင်သွားတယ်။ ဒါတွေ ဖြစ်သွားတဲ့ အချိန်မှာ အစိမ်းရောင် ကျောက်တံခါးကြီးလည်း အနီရောင်ကနေ အနက်ရောင်ကို ပြောင်းသွားတယ်။ မှင်လို အနက်ရောင်ကို ပြောင်းလဲ သွးာတယ်။
“ဝုန်း။” မိုးကြိုးတွေ အဝေးကနေ ထစ်ချုန်းလာတယ်။ သွေးနီရောင် အလင်းတန်းတွေက ကောင်းကင်ကနေ မိုးကြိုး ပြစ်သလို ကျဆင်းလာတယ်။ အလင်းတန်းတွေက နီသထက် နီလာလိုက်တာ သွေးတွေလိုပဲ။
“ပျောက်သွားတာလား။”
“ဆရာ ပျောက်သွားပြီ။ နန်ကုန်းဟောင်လည်း ပျောက်သွားပြီ။”
တောင်စဉ် ကိုးသွယ် တပည့်သားတွေ တံခါးကြီးကို ကြည့်ရင်း မျက်လုံး ပြူးကျယ် နေကြတယ်။
“သွေးမှော်။ အဲ့တာ တကယ့် သွေးမှော်လား။”
“ညီလေး နန်ကုန်းဟောင် ပြောသွားတာတော့ ကောင်းကင် တံခါးကို ဖွင့်မယ်တဲ့။ အဲ့တာ ဘာပြောချင်တာလဲ။”
“ဒါတွေ အားလုံးက ဒီတံခါး တစ်ချပ် အတွက် လုပ်သွားတာလား။”
ကောင်းကင် တာအို တပည့်သားတွေ ဒီအဆုံးသတ်ကို မမျှော်လင့် ထားခဲ့ဘူး။ သူတို့တွေ သိချင်နေကြတယ်။ ကောင်းကင်မှာ ကျောက်စိမ်းတွေနဲ့ တံခါးကြီးက သွေးနီရောင် မိုးကြိုးတွေကြားမှာ တည်ရှိနေတယ်။
အောက်ဘက်မှာတော့ မျှော်လင့်တကြီး မျက်ဝန်းတွေက တံခါးကြီးကို စိုက်ကြည့် နေကြတယ်။ ဒါပေမယ့် သူတို့ ကြာကြာ မစောင့်ရပါဘူး။ ကျောက်တံခါးကြီးက အလင်းတန်းတွေ တောက်ပလာတယ်။ ကြယ်အလင်းတန်းတွေ ပေါ်ထွက်လာတယ်။
“ကောင်းကင် တံခါးကြီး ပွင့်စမ်း။ ကောင်းကင် တံခါးကြီး ပွင့်စမ်း။” မုချင်းဖန်း ကျောက်တံခါးကို အော်ဟစ်နေတယ်။ ဒီစကားတွေကို ဆက်တိုက် ပြောနေခဲ့တယ်။ ရုတ်တရက် သူ့မျက်လုံးတွေက ကျွတ်ထွက်မတတ် ပြူးကျယ်လာတယ်။ “မဖြစ်ဘူး။ ဒီကျောက်တံခါးကြီးက ကောင်းကင် လက်ခံတံခါးကြီးလား။”
“ကောင်းကင်လက်ခံ တံခါး။” ဖန်ကျန်းရှီ နှုတ်ခမ်းတွန့်လိုက်တယ်။ မုချင်းဖန်း ပြောတာကို သူမသိဘူး။ အဲ့တာ ဘာကြီးလဲ။ ခပ်မြန်မြန်ပဲ သူ့မျက်ဝန်းထဲမှာ အလင်းတန်းတွေ တောက်ပလာတယ်။ သူ့ခေါင်းပေါ်က တံခါးကြီးမှာ ကြီးမားတဲ့ အနက်ရောင် သံကြိုးတွေ ပေါ်လာတာကို တွေ့လိုက်ရလို့ပဲ။
ဒီသံကြိုးတွေက ထူထပ်တယ်။ ပင့်ကူမျှင်လို ရှုပ်ထွေးတယ်။ ဒါပေမယ့် ဒီသံကြိုးတွေပေါ်မှာ ကြီးမားတဲ့ ကျောက်တုံး အနက်ကြီးတွေ ရှိနေတာကို တွေ့လိုက်ရတယ်။ အက်ကွဲရာတွေ အပြည့်နဲ့ ကျောက်တုံးတွေ။
ဒီတစ်ခေါက်တော့ ဖန်ကျန်းရှီ တကယ် လန့်နေပြီ။ ဒါက ကောင်းကင်နိမိတ်ကို လက်ခံတဲ့ အချိန် စိတ်ထဲမှာ မြင်ခဲ့တဲ့ မြင်ကွင်းလေ။ ခံစားရတဲ့ ခံစားချက်ချင်းလည်း တူညီတယ်။ အစိမ်းရောင် ကျောက်တံခါးကြီး နောက်မှာ ရှိတဲ့ ကြယ်တာရာ ကောင်းကင်က သူမြင်လိုက်တဲ့ တစ်ခုနဲ့ အတူတူပဲ။
ဖန်ကျန်းရှီ ကောင်းကင် နိမိတ်ကို လက်ခံရတဲ့ အချိန်တုန်းက မြင်ခဲ့ရတာကို စိတ်ထဲမှာ မေးခွန်း ထုတ်မိခဲ့တယ်။ ဒါပေမယ့် အဖြေက ဒီလောက် မြန်မြန် ရလာမယ်လို့ မထင်ထားဘူး။ ဒါ့အပြင် အဲ့ဒီ့ ကြယ်တာရာ ကောင်းကင်က ကျောက်တံခါးထဲမှာ တကယ်ပဲ ရှိတယ်။
သွေးမှော်။ ကြယ်တာရာ နဂါးငွေ့တန်း ကောင်းကင်။
တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။ နန်ကုန်းဟောင်က သူ့ အင်အား အကုန်လုံးကို သုံးပြီးတော့ ထျန်းရှင်းကို ဒီအထဲ ဆွဲခေါ်သွားတယ်။ ဒီတော့ ကျောက်တံခါးကို သုံးပြီးတော့ ကြယ်တာရာ ကောင်းကင်ကို သူချိတ်ဆက် နိုင်တာလား။
အပိုင်း(၆၉၃)ပြီး၏။
အပိုင်း (၆၉၄)
“မအလ။”
ကြယ်တာရာ ကောင်းကင်က ပုံရိပ်ယောင် မဟုတ်ပဲ တကယ် တည်ရှိနေတဲ့ တစ်ခုလား။ မဖြစ်နိုင်တာပဲ။ ကောင်းကင်မှာ ဘယ်လိုလုပ် သံကြိုးတွေ ရှိနိုင်မှာလဲ။ နောက်ပြီးတော့ အနက်ရောင် ကျောက်တုံးကြီးတွေလည်း ရှိနိုင်လို့လား။ သိပ္မံအယူအဆ နဲ့လည်း မကိုက်ညီဘူး။
ဒီလောကမှာ သိပ္မံ သဘောတရားတွေ တည်ရှိနေလား ဆိုတာတော့ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် အရင်လောက မှတ်ဉာဏ်တွေ အရတော့ ဒါမျိုး မဖြစ်နိုင်တာကို သူသိတယ်။ နေစမ်းပါအုန်း။ အဲ့တာက ဟိုတစ်ခု ဖြစ်နိုင်လား။
ရုတ်တရက် ဖန်ကျန်းရှီ စိတ်ထဲမှာ ဒဏ္ဍာရီ တစ်ခု ပေါ်ထွက်လာတယ်။ နွီဝါး* ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာ တစ်ခုရှိတယ်။ နွီဝါးမယ်တော် ကောင်းကင်ကို ပြင်ဆင်ခဲ့တဲ့ အချိန်။ မီးနတ်ဘုရား ကျု့ရုန်က ရေနတ်ဘုရား ကုန်းကုန်းနဲ့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တယ်။ အဲ့ဒီ့နောက် ကုန်းကုန်းက ပုကျိုးတောင်ကို ဒေါသတကြီး ချေမွ ပြစ်လိုက်တာ ကောင်းကင်ကြီး ကွဲထွက် သွားပြီးတော့ ရေတွေလည်း လူ့လောကကို ကျဆင်း လာခဲ့တယ်။
နွီဝါးမယ်တော်က ဒီလို ပျက်စီးတာကို မမြင်ရက် တော့တဲ့ အတွက် ငါးရောင်ခြယ် ကျောက်တုံးတွေကို သုံးပြီးတော့ ကောင်းကင်ကို ထိန်းညှိခဲ့တယ်။ ကမ္ဘာကြီးရဲ့ လေးဘက်လေးတန်ကို ထိန်းညှိ ထားနိုင်ဖို့ နတ်လိပ်ကိုလည်း သုံးခဲ့တယ်။ ရေတွေကို ထိန်းချုပ်ပြီးတော့ ရေထဲမှာ ပါလာတဲ့ သတ္တဝါဆိုးတွေကို သတ်ခဲ့တယ်။ လောကကြီးရဲ့ အေးချမ်းမှုကို ပြန်ယူဆောင် လာခဲ့တယ်။
ဒီဒဏ္ဍာရီမှာ မူကွဲတွေ အများကြီးရှိနေတာကိုလည်း ဖန်ကျန်းရှီသိတယ်။ အစောပိုင်း တစ်ခုက ကျု့ရုန်နဲ့ ကုန်းကုန်းရဲ့ တည်ရှိမှုကို ဖော်ပြ မထားဘူး။ တရုတ် ဘာသာရေး စာပေ(ဟွိုက်နန်ဇီ) တစ်ခုမှာတော့ ဒီလို ပြောထားတယ်။
“ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးရဲ့ လေးဘက်ဘေးတန် ပျက်စီးခဲ့တယ်။ နယ်မြေကြီး ငါးခု ကွဲထွက်ပြီးတော့ ကောင်းကင်ကြီးလည်း ပြောင်းပြန် လန်ခဲ့တယ်။ မြေကမ္ဘာမှာလည်း အသီးတွေ မသီးနိုင်တော့ဘူး။ အတောမသတ် လောင်ကျွမ်းတဲ့ မီးတွေနဲ့ အဆုံးမရှိတဲ့ ရေလှိုင်းလုံးတွေက ကမ္ဘာမြေကို ရှင်းထုတ် နေခဲ့တယ်။”
အားကြီးတဲ့ သတ္တဝါတွေက သန်မာတဲ့ သတ္တဝါတွေကို အမဲလိုက် ကြတယ်။ ငှက်နဲ့တူတဲ့ မိစ္ဆာတွေက အိုမင်း အားနည်းသူတွေကို အမဲလိုက်ကြတယ်။ ဒါကြောင့် နွီဝါး မယ်တော်က ကောင်းကင်ကို ငါးရောင်ခြယ် ကျောက်တုံးတွေနဲ့ ပြန်ပြင်ခဲ့တယ်။ နတ်လိပ်ရဲ့ ခြေထောက် တဖက်ကို ချိုးပြီးတော့ ကမ္ဘာမြေကြီး ပြန်တည်ငြိမ်အောင် လုပ်ခဲ့တယ်။ ကျီကျိုး (ရှေးဟောင်း တရုတ် နယ်မြေတစ်ခု)ကို ကယ်တင်ဖို့ နဂါးနက်ကို သတ်ခဲ့တယ်။ မီးလောင်ပြာတွေကို သုံးပြီးတော့ ရေတွေကိုလည်း ရပ်တန့်ခဲ့တယ်။
မီးနတ်ဘုရား ကျု့ရုန်နဲ့ ရေနတ်ဘုရား ကုန်းကုန်းကတော့ အရှေ့ပိုင်းဟန်မင်းဆက်မှ ပေါ်လာတယ်။ ဝမ်ချောင်ရဲ့ (လွမ်ဟန့်) စာအုပ်ထဲမှာတော့ မူကွဲ တမျိုး ရှိပြန်တယ်။ ဒီထဲမှာ ကုန်းကုန်းနဲ့ နွီဝါးမယ်တော်က လူသား မျိုးနွယ်တွေကို ကယ်တင်တဲ့သူတွေ။
တကယ်တော့ ဖန်ကျန်းရှီက ကုန်းကုန်းနဲ့ ကျု့ရုန် မပါတဲ့ မူကွဲကို ပိုကြိုက်တယ်။ ဒါပေါ့။ ဒါတွေ အားလုံးက ဒဏ္ဍာရီတွေပဲ။ လောကမှာ တူညီတဲ့ ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ သူကိုယ်တိုင်တောင် နောက်မှာ ဘယ်လို ဒဏ္ဍာရီမျိုး ဖြစ်လာမလဲ မသိနိုင်ဘူး။
ဒါပေမယ့် အကယ်၍ တစ်ယောက်ယောက်ကသာ နွီဝါး မယ်တော်ရဲ့ တကယ့်မျိုးဆက် အစစ် ဖြစ်နေမယ်ဆိုရင်။
ဒီလောက အခြေအနေ အရတော့ ကောင်းကင် နိမိတ်က သူနဲ့ ချီကူယန်ဆီကို ကျလာတယ်။ ဒါဆိုရင် ဒဏ္ဍာရီတွေက အစစ်အမှန် ဖြစ်လာ နိုင်တာလား။ ကျောက်တံခါး နောက်မှာ ပေါ်လာတဲ့ ကောင်းကင်ကလည်း နွီဝါးမယ်တော် ပြုပြင်ခဲ့တဲ့ ကောင်းကင် ဖြစ်နိုင်တာလား။
ကျောက်တုံးကြီးတွေ ကြိုးနက်တွေ၊ နန်ကုန်းဟောင်ရဲ့ သွေးမှော်၊ အားလုံးကို ဆက်စပ်လိုက်ရင် ဖန်ကျန်းရှီ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် ခန့်မှန်းချက် သက်သက်ပဲ။ ဒီခန့်မှန်းချက်သာ မှန်ခဲ့ရင်၊ ကြယ်တာရာ ကောင်းကင်ကို ဖွင့်ထုတ်နိုင်တဲ့ နန်ကုန်းဟောင်ရဲ့ စွမ်းအားက တကယ် လန့်စရာပဲ။
ဒီလို ပျက်စီးဖူးတဲ့ ကြယ်တာရာ ကောင်းကင်နောက်မှာ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေတာလား။ ဖန်ကျန်းရှီ တွေးနေတာ ရပ်လိုက်တယ်။ ကျောက်တံခါးကြီးနဲ့ အနီးဆုံးမှာ ရှိတဲ့ ကျောက်တုံးနက်ကြီး တစ်ခု စတင် အက်ကွဲတော့တယ်။
“ကချာ့။” တောက်ပကြည်ရှင်းတဲ့ အလင်းတန်းတွေ ကျောက်တုံးနက်ကနေ တောက်ပလာတယ်။ ကျယ်ပြန့်ပြီး ကြောက်စရာ ကောင်းလွန်းတဲ့ စွမ်းအားတွေကြောင့် အနီးမှာ ရှိနေသူတွေကို အသက်ရှူဖို့တောင် ခက်ခဲ လာစေတယ်။
အဲ့တာ အလင်းတန်း တစ်ခုပဲ။ ဒါပေမယ့် ဘာဖြစ်လို့များ ဒီလောက်တောင် ဖိအား များနေရတာလဲ။ အထဲမှာ ဘာရှိနေလို့လဲ။ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် ကောင်းကင်မှာ ရပ်တန့်နေတဲ့ မုချင်းဖန်းက ဒါကိုမြင်တော့ ကြောက်စရာ ကောင်းအောင် အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ ကျောက်ဖြစ်နေသလိုပဲ။ အဲ့ဒီ့နောက် သူဆက်လုှုပ်ရှားတယ်။ ကျောက်တံခါးကြီးထဲကို ချက်ခြင်း ပြေးဝင်သွားတယ်။
“ဆရာ။”
ကောင်းကင် တာအို တပည့်သားတွေ ဒီမြင်ကွင်းကိုမြင်တော့ စိုးရိမ်စပြုလာတယ်။ သူတို့တွေလည်း ဒီကြယ်တာရာ ကောင်းကင်နောက်မှာ ဘာရှိမလဲ မသိကြဘူး။ ကြောက်စရာ ကောင်းလွန်းတဲ့ အရှိန်အဝါတွေကိုတော့ လူတိုင်း ခံစားမိတယ်။
“ဝုန်း။” မုချင်းဖန်းရဲ့ လက်ဝါးက ကျောက်တံခါးကြီးပေါ်ကို ကျရောက်သွားတယ်။ ကျောက်တံခါးကြီး တုန်ခါသွားတယ်။ တုန်ခါရုံပဲ။ မုချင်းဖန်းကတော့ နောက်ကို ခြေလှမ်း သုံးလှမ်း လွင့်ထွက်သွားတယ်။ ဒါ့အပြင် သိသိသာသာကြီး ဖြူဖျော့နေတယ်။ သူ့လက်ဝါး ရိုက်ချက်ရဲ့ တုံ့ပြန်မှုကြောင့် နည်းနည်း ဒဏ်ရာ ရသွားပုံပဲ။
ဖန်ကျန်းရှီ ပါးစပ် နည်းနည်း ဟသွားတယ်။ သိပ်မကြာခင်တုန်းကပဲ မုချင်းဖန်းရဲ့ လက်ဝါးချက်က သေရှင် တံခါးကြီးကို ပိတ်နိုင်ခဲ့တာ သူသိတယ်လေ။ သူတောင် ခက်ခက်ခဲခဲ ဖွင့်ထားခဲ့ရတဲ့ တံခါးကို။
အခု ဒီကျောက်တံခါးကြီးက ဘာရတနာများလဲ။ ရတနာဆိုတာတော့ သူသေချာတယ်။ အထဲမှာ ဘာရှိမှန်း မသိပေမယ့်ပေါ့။
“ငါယူလို့ရလား။”
ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးချင်ရာ တွေးနေပင်မယ့်၊ အခု ကိစ္စက သူလုပ်နိုင်တာ ထက်တော့ ကျော်လွန်နေတယ်။ အကယ်၍ မုချင်းဖန်းတောင် ကျောက်တံခါးကြီးကို မပိတ်နိုင်ရင်၊ သူက ဘယ်လိုများ ထိန်းချုပ် နိုင်မှာလဲ။
“သေရှင် တာအိုကို သုံးလိုက်။” ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာ ချီကူယန်က သူ့ရှေ့ ရောက်လာတယ်။ သူမရဲ့ မျက်ဝန်းတွေက ကြယ်အလင်းတွေနဲ့ တောက်ပနေခဲ့တယ်။
“အမ်။ သေရှင် တာအိုက ဒီကျောက်တံခါးကြီးကို သုံးလို့ ရနိုင်မှာလား။” ချီကူယန်ကို ပြန်မေးတယ်။
“ငါလည်း မသိဘူး။ စမ်းကြည့်တာ အရှုံးမရှိဘူေးလ။” ချီကူယန် ခေါင်းခါရင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် သူမ လှုပ်ရှားတယ်။ ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။ တစ်ခဏ အတွင်းမှာ ဖန်ကျန်းရှီ နှလုံးသားထဲ တုန်ယင်သွားတယ်။ ချီကူယန်က အင်အားလည်းကြီးတယ်။ သူ့နှလုံးသားကို လှုပ်ခတ် သွားနိုင်အောင်လည်း လှပတယ်။ ဂန္တဝင်ဆန်တယ်။ အဆုံးမဲ့ လှပတယ်။ မြင့်မြတ်တယ်။
“ချိတ်ပိတ်။” ချီကူယန် အော်လိုက်တယ်။ ကြယ်အလင်းတန်း တစ်ခု သူမရဲ့ လက်ညှိုးကနေ ပေါ်လာတယ်။ ကောင်းကင်ကို ပျံတက်သွားပြီးတော့ သက်တန့် တစ်စင်း ဖြစ်ပေါ်လာတယ်။ ကျောက်တံခါးပေါ်ကို အဲ့ဒီ့ သက်တန့် ကျရောက်တယ်။
“ဝုန်း။” ကျောက်တံခါးကြီး နောက်တစ်ခေါက် တုန်ခါ သွားပြန်တယ်။ ပွင့်မလို ဖြစ်နေခဲ့တဲ့ တံခါးကြီး အခုချိန်မှာ ပိတ်နေတယ်။ ပြောရရင် သူမရဲ့ လက်ညှိုးက မုချင်းဖန်းရဲ့ လက်ဝါးထက် ပိုပြီးတော့ စွမ်းအား ကြီးနေပုံပဲ။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဒီလောက် လွယ်လွယ် ပိတ်သွားတာလဲ။” ဖန်ကျန်းရှီလည်း မျက်လုံး ပြူးနေခဲ့တယ်။ ချီကူယန်က မုချင်းဖန်းထက် အင်အားကြီးနေတာကို သူမအံ့သြဘူး။ သူမရဲ့ မျိုးနွယ်ကြောင့် ဖြစ်နိုင်တယ်လေ။
သူနားမလည် တာကတော့၊ နန်ကုန်းဟောင် တန်ကြေးကြီးကြီး ပေးပြီးတော့ ဆင့်ခေါ်ထားတဲ့ တံခါးက ဒီလောက် လွယ်လွယ် ပိတ်သွားတယ်လား။ မဖြစ်နိုင်တာပဲ။ ဖန်ကျန်းရှီ စိတ်ထဲ ထူးဆန်းနေတယ်။ အဲ့ဒီ့အချိန် နောက်လူ တစ်ယောက် ကျောက်တံခါးစီ ရောက်လာတယ်။ သူလည်း အရမ်း မြန်ဆန်တယ်။ သူ့လက်မှာ အလင်းတန်းတွေ တောက်ပနေတယ်။ သူကတော့ ဖူရှီးတောင်ကြား ခေါင်းဆောင် ကုယွိအန်း။
“ဝုန်း။” သူ့လက်နဲ့ ကျောက်တံခါးကို ရိုက်ချလိုက်တယ်။ ဒါပေမယ့် ဒီရိုက်ချက် တစ်ချက် ပြီးတဲ့နောက်မှာ သူ့တကိုယ်လုံး နောက်ကို လွင့်ထွက် သွားပြီးတော့ သွေးအန်တော့တယ်။ ဖန်ကျန်းရှီကို ပိုပြီးတော့ လန့်စေတာက ကျောက်တံခါးကြီး နောက်ထပ် ပိုပိတ် သွားတာပဲ။
“ဒီလိုမျိုးကြီး ပိတ်သွားပြန်ပြီ။” ဖန်ကျန်းရှီ ဘယ်လိုပဲ တွေးတွေး။ ဒါကို စိတ်ထဲက မထုတ်နိုင်ဘူး။ အမှန်တရားကတော့ သူ့ကို နှောက်ယှက်နေတယ်။ တကယ်ပဲ ပိတ်သွားတာလား။ မဖြစ်နိုင်တာပဲ။ မဖြစ်နိုင်တာပဲ။
နန်ကုန်းဟောင်က သူ့အသက်ကိုတောင် ရင်းထားတာ ဒီလို အဆုံးသတ် သွားတာလား။ မဟုတ်ရင် သူ့ရဲ့ အတွေးအခေါ်တွေ မှားနေတာပဲ ဖြစ်ရမယ်။ သူတွေးနေတာ ရပ်လိုက်တယ်။
သူမှန်မှန် မှားမှား အရေးကြီးတာက အထဲမှာ ရှိနေတဲ့ အရာပဲ။ သူတို့တွေ အားလုံး တံခါးပိတ်ဖို့ လုပ်နေကြတယ်။ အနည်းဆုံးတော့ တံခါး ပိတ်နိုင်ရင် ယာယီ ငြိမ်းချမ်းရေး ရနိုင်လိမ့်မယ်။
“ ဝုန်း။” မုချင်းဖန်းရဲ့ ဒုတိယ လက်ဝါးချက် ကျောက်တံခါးကြီးပေါ် နောက်တစ်ခေါက် ရောက်ပြန်တယ်။ သူလည်း ပိုပြီးတော့ ဖြူဖျော့လာပြီးတော့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ ကျောက်တံခါးကြီးက လူတစ်ယောက် သုံးလိုက်တဲ့ အင်အားကို ထပ်တူ ပြန်တုံ့ပြန် နိုင်တယ်။
နေစမ်းပါအုန်း။ လူတစ်ယောက် သုံးလိုက်တဲ့ အင်အားကို ပြန်တုံ့ပြန်တယ်။ ဖန်ကျန်းရှီ မျက်လုံးပြူးရ ပြန်တယ်။ ကောင်းကင် တာအို တပည့်သားတွေကော တောင်စဉ် ကိုးသွယ် တပည့်သားတွေပဲ အခုချိန်မှာ လှုပ်ရှားတယ်။ ဒီမြင်ကွင်းကို ကြည့်ရင်း သူတို့တွေ စိတ်ဆုံးဖြတ်လိုက်ပြီ။ နောက်ထပ် တွေေ၀ မနေတော့ဘူး။ လေထဲကို ခုန်လွှားရင်း ကျောက်တံခါးဆီကို ရောက်လာကြတယ်။
ခမ်းနားတဲ့ မြင်ကွင်းပဲ။ ထောင်ချီတဲ့ ကြယ်ပွင့်တွေ စုဝေးနေကြတယ်။ သူတို့တွေရဲ့ ခန္ဒာကိုယ်ကနေ အလင်းတန်းတွေ အရောင်စုံ တောက်ပ နေခဲ့တယ်။ သူတို့တွေ အားလုံး အကြောက်တရား ကင်းမဲ့တယ်။ နန်ကုန်းမုကတော့ ကျောက်တံခါးကြီးကို ကြည့်ရင်း လေထဲမှာ ရပ်တန့် နေတယ်။ လုံး၀ မလှုပ်ရှားဘူး။ သူ့နောက်က ရန်ချင်းလည်း ဒီအခွင့်အရေးကို သုံးပြီးတော့ နန်ကုန်းမုကို မတိုက်ခိုက်။ ရုပ်တုကြီး တစ်ခုလိုသာ ရပ်နေခဲ့တယ်။
“ဝုန်း။”
“ဝုန်း။”
ဒါဇင်ချီတဲ့ သုခမိန်တွေ ကျောက်တံခါး ရှေ့ကို ရောက်လာပြီးတော့ ဆက်တိုက် ရိုက်ခတ်နေကြတယ်။ လက်ဝါးချက် တစ်ချက်ချင်းစီ တိုင်းက ကျောက်တံခါးကြီးကို နည်းနည်းချင်းစီ ပိတ်သွားစေတယ်။ ဒါပေမယ့် ဒီနည်းနည်းလေး အတွက် သူတို့ ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးမားတယ်။ သူတို့ အားလုံး ဖြူဖျော့ပြီးတော့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေကြတယ်။ သူတို့ မျက်ဝန်းထဲက ဝမ်းနည်း ကြေကွဲမှုတွေကို မြင်နေရတယ်။
“အတူတူ အလုပ်လုပ်တာက ပိုကောင်းတာပဲ။” ဖန်ကျန်းရှီ တွေးမိတယ်။ အခုချိန်က သူလှုပ်ရှားရတော့မယ့် အချိန်ပဲ။ ကျောက်တံခါးကြီး လုံး၀ ပိတ်အောင် လုပ်ရမယ်။ အခွင့်အရေးကို အရယူရမယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ကောင်းကောင်း ပြင်ဆင် ထားသူ တစ်ယောက်လို့ အမြဲ မြင်တယ်။ ကောင်းကောင်း စဉ်းစား ပြင်ဆင် ထားတဲ့သူ။
ကောင်းကင်ကနေ ရတနာ တစ်ခု ကျလာတဲ့ အချိန်၊ လူအများစုက ရတနာကို လုယူဖို့ ကြိုစားကြတယ်။ အဲ့ဒီ့လူတွေက အရင်ဆုံး အဆုံးသတ်ရတယ်။ လူတွေရဲ့ သဘာဝကလည်း တူညီတယ်။ ပထမဆုံး ရှေ့ထွက်သွားရင် အရင်ဆုံး သေရမယ့်သူ ဖြစ်လိမ့်မယ်။ အခုချိန်ကတော့ လှုပ်ရှားဖို့ အချိန်ကောင်းပဲ။ သူတွေေ၀ မနေတော့ဘူး။
စိတ်ဆုံးဖြတ် ပြီးတော့ ရှေ့ထွက်လာတယ်။ “အားလုံး ဘေးဖယ်ကြ။ ငါလုပ်မယ်။” ဒီအချိန်မှာ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် ကနေ ပြင်းထန်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။ ဒါကြောင့် ဒီစကားကို သူအော်ဟစ် ပြောတဲ့ အချိန်မှာ လူတွေ ဘေးဖယ်သွားတယ်။ ဒီအခြေအနေကို သူနားလည်တယ်လေ။ အခုချိန်မှာ သူ့ကိုယ်သူ အမှန်တရား ဘက်တောသား သူရဲကောင်း တစ်ယောက် ပုံစံ ပေါ်အောင် လုပ်နေတယ်။ ဒါဆို လူလည်းရှိန်တယ်။
“ဒီကောင် သေချင်နေတာလား။”
“ကျောက်တံခါးကြီးရဲ့ ပြန်တုံ့ပြန်နိုင်စွမ်းက ပြင်းထန်လွန်းတယ်။ သေမှာ မကြောက်ဘူးလား။”
“ပုံမှန် အချိန်မှာ အရှက်မရှိတဲ့ ဒီကောင်က အခုလို အရေးကြီးတဲ့ အချိန်မှာ ထွက်လာမယ်လို့ မထင်ထား မိဘူး။”
“တကယ်ပဲ ရွေးချယ်ခံ ဖြစ်နေတာလား။”
တပည့်သားတွေ လမ်းဖယ်ပေးရင်း တွေးနေကြတယ်။ သူ့ရဲ့ မှန်ကန် ဖြောင့်မတ်တဲ့ ပုံစံကို မြင်တော့ သူတို့တွေ လန့်နေကြတယ်။ မုချင်းဖန်းလည်း အတူတူပဲ။ သူ့အမူအယာက တစ်ခုခုကို တွေးမိသွားတဲ့ ပုံစံပဲ။ ဒါကြောင့် သူလည်း ဘေးဖယ်လိုက်တယ်။
ဖန်ကျန်းရှီလည်း ကျောက်တံခါးကြီးကို ကြည့်ရင်း နည်းနည်းတော့ လန့်နေခဲ့တယ်။ တပည့်သားတွေ ဘာဖြစ်လို့များ နည်းနည်းလောက် ပိုပြီးတော့ မပိတ်လိုက်တာလဲ။ တံခါးက ပိတ်ဖို့ အတော်ကျန်နေသေးတယ်။
“ငါ အလောတကြီး လာမိတာလား။” ဖန်ကျန်းရှီ အော်ဟစ်ရုံနဲ့ လူတွေကို ရပ်တန့်အောင် လုပ်နိုင်မယ်လို့ မထင်ထား မိဘူး။ အနည်းဆုံးတော့ သူတို့တွေ တံခါး ဆက်ပိတ်အောင် လုပ်မယ် ထင်ထားတာ။ အဖြစ်ကတော့ ဆိုးပြီ။ သူတို့တွေကို တံခါး ပိတ်အောင် လုပ်ပေးပါလို့လည်း ပြောလို့ မရဘူးလေ။ ဟုတ်တယ်ဟုတ်။
ဖန်ကျန်းရှီ ကျောက်တံခါးကြီး ရှေ့မှာ ရပ်လိုက်တယ်။ သူ့ရှေ့မှာ ကြယ်တာရာ ကောင်းကင်ကြီး ရှိနေခဲ့တယ်။ သူနဲ့ အနီးဆုံး ကျောက်တုံးကြီးက အက်ကွဲရာတွေ အပြည့်နဲ့ ပေါက်ကွဲမလို ဖြစ်နေတာကို သူတွေ့လိုက်ရတယ်။
ဒါ့အပြင် သူ့ကို လူတိုင်းက မမျက်တောင် မခတ်တမ်း ကြည့်နေကြတယ်။ ဘယ်သူမှ မလှုပ်ရှား သလို စကားလည်း မပြောဘူး။
ချီကူယန်တောင် သူ့ကို စိုက်ကြည့်နေတယ်။ သူ့အမူအယာက (နင်လုပ်နိုင်ရင် လုပ်လိုက်လေ) လို့ပြောနေသလိုပဲ။
“…” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်လိုက်တယ်။ သူ့ဘေးပတ်လည်က မျှော်လင့်တကြီး အကြည့်တွေကို ခံစားမိတယ်။ ရုတ်တရက် နားလည်သွားတယ်။ သူက လွှမ်းမိုးမှု ကြီးလွန်း နေလို့ မဟုတ်ဘူး။ သူ့ဘေးပတ်လည်က လူတိုင်းက ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မား နေတာပဲ။ ကောင်းပြီလေ။ အခုတော့ သူက “ဓားခုတ်ကောင် အဖြစ်ကို ရောက်နေပြီ။” စာကလေး တစ်အုပ်လုံးက သူ့နောက်မှာ ဝိုင်းနေကြတယ်။
(ဘာသာပြန်သူ အမှာ- ဓားခုတ်ကောင်နဲ့ စာကလေး ဥပမာ ပုံပြင်မှ နှိုင်းယှဉ်ချက်)
သူက တံခါးကို လုံး၀ ပိတ်သွားအောင် လုပ်ပြီးမှ ဂုဏ်ယူချင်ရုံပဲ။ အခုတော့ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်း ချင်စိတ်ပဲ ရှိတော့တယ်။ တံခါးကို ဘယ်လိုလုပ် နည်းနည်းလေး ပိတ်ပေးလို့ ရမှာလဲ။
“ငရဲ သေရှင် သံကြိုး။” ဖန်ကျန်းရှီ လက်ကို လှုပ်ရှားလိုက်တော့ သံကြိုးခြောက်ခု ထွက်လာတယ်။ တံခါးကြီးကို ဝိုင်းပတ်လိုက်တယ်။ ဒါပေါ့ သူထင်ထားတဲ့ အတိုင်းပဲ။ တံခါးကို သူမရိုက်ရင် တုံ့ပြန်တာလည်း မရှိဘူး။ ဒီလူတွေ တံခါးကို လက်နဲ့ ဆွဲမပိတ်ပဲ ဘာလို့များ သွားရိုက်နေကြလဲ မသိဘူး။ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ သူ့ သံကြိုးတွေကို ဆွဲတော့မယ့် အချိန်မှာပဲ ကြောက်လန့်တကြား အော်သံ တစ်ခု ထွက်လာတော့တယ်။
“တံခါးနောက်က ကြယ်တာရာ ကောင်းကင်ကို မဝင်သွားနဲ့။ သေရှင် သံကြိုးတွေကို မြန်မြန် ပြန်ခေါ်။” စကားပြောတဲ့ သူကတော့ တခြားသူ မဟုတ်ဘူး။ မုချင်းဖန်းပဲ။
“ဘာ။” ဖန်ကျန်းရှီ နှလုံးခုန်သံ ရပ်သွား သလိုပဲ။ သံကြိုးတွေကို ပြန်ဆွဲတော့မယ့် အချိန်မှာ ကြောက်စရာ စုပ်ယူ စွမ်းအားတွေ သူ့ကို ဦးတည်နေတာ တွေ့လိုက်ရတယ်။
“ငလူး။ ငလူးပဲ။ ဘာလို့များ ဒီလို ဖြစ်လာတာလဲ။ ငါက တံခါး အပြင်မှာ ရပ်ပြီးတော့ သံကြိုးတွေကို ပြစ်မိရုံပဲလေ။ ဒါက အထဲကို ဝင်တယ်လို့ သတ်မှတ်လို့ ရတယ်လား။”
ဖန်ကျန်းရှီ ဆွံ့အနေတယ်။ သူ့ကို ပိုပြီးတော့ လန့်လာ စေတာက သူ့အနားမှာ ရှိနေတဲ့ ကျောက်တုံးကြီး ပေါက်ကွဲတာကို မြင်လိုက် ရလို့ပဲ။
“ဝုန်း။” ပေါက်ကွဲသံ ပေါ်လာပြီးနောက် ကြယ်တာရာ ကောင်းကင် တုန်ခါလာတယ်။ တည်ငြိမ်နေတဲ့ ကောင်းကင်ကြီးက အခုချိန်မှာ ဒေါသတကြီးနဲ့ ဆူညံနေပြီ။ လေပြင်းတွေ တိုက်ခတ်လာတယ်။ ကြယ်တာရာ ကောင်းကင်က ဥက္ကာပျံတွေ ဒီလေပြင်းကြောင့် လှုပ်ရှားလာတော့တယ်။
ကျော်ကြားတဲ့ စကားပုံ တစ်ခုနဲ့ တူနေတယ်။ “မင်းကို လေးစားတဲ့ စိတ်က ရေစီးလိုပဲ။ မင်းအတွက် ငါ့ဆန္ဒတွေက မြစ်ဝါမြစ်မှာ စီးဆင်းနေတဲ့ ရေစီးတွေလိုပဲ မရပ်တန့်နိုင်ဘူး။”
“..” ဖန်ကျန်းရှီ ဘာပြောနိုင် အုန်းမှာလဲ။ ဘာမှ ပြောစရာ မရှိတော့ဘူး။ အကယ်၍ တစ်ခုခု ပြောခိုင်းရင်တော့။ “မအလ။ အခုက အခြေအနေ ကောင်းနေလို့လား။”
အပိုင်း (၆၉၄)ပြီး၏။
အပိုင်း (၆၉၅)
“ငါတို့ သူငယ်ချင်း အဖြစ် ပြတ်စဲပြီလား။”
ကိုယ်ကိုယ်တိုင်အတွက် ပြဿနာ ဖန်တီး မိတာက သေစေနိုင်လောက်တဲ့ အမှား တစ်ခုပဲ။ ဖန်ကျန်းရှီလည်း ဒီစာကြောင်းရဲ့ အမှန်တရားကို ခံစားမိတယ်။ ဒါပေမယ့် အခုချိန်ထိ နောက်ဆုံး တိုက်ကွက်ကနေ ဘယ်လိုလုပ် ပြဿနာ ဖြစ်သွားလဲ နားမလည် နိုင်သေးဘူး။
နောင်တကို ကုသဖို့ လောကမှာ ဆေးမရှိဘူးလေ။ ဒီလောကမှာတောင် မရှိဘူး။ သူပြေးချင်ရင်တောင် ပြေးလို့ မရမှန်း ဖန်ကျန်းရှီ နားလည်တယ်။ အထဲက စုပ်ယူ စွမ်းအားတွေက သူထင်ထားတာထက် ပိုပြီးတော့ ပြင်းထန်လွန်းတယ်။
ဒီအချိန်မှာပဲ သူနားလည် သွားတယ်။ ထျန်းရှင်းရဲ့ မျက်နှာကို ထိုးလိုက်တဲ့ အချိန် ထျန်းရှင်း ဘာကြောင့် ခုန်မရှောင်နိုင်လဲ ဆိုတာကိုပေါ့။ ဒီဆွဲငင်အားတွေက သူ့ကို မမြင်ရတဲ့ လက်တွေနဲ့ ဖမ်းဆုပ် ထားသလိုပဲ။ ဖန်ကျန်းရှီ ရွေးစရာ မရှိတော့ဘူး။ ကျောက်တုံး တံခါး အပြင်က ရုပ်တု နှစ်ခုကို ခြေကန်ထားရင်း ခုခံ နေရတယ်။
“ဖန်ကျန်းရှီ။” ချီကူယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမ ချက်ခြင်း လှုပ်ရှားတယ်။ သူမနောက်က အရိပ်ကြီး ထွက်ပေါ်လာပြီးတော့ ဖန်ကျန်းရှီကို မြွေအမြီးကြီးနဲ့ ရစ်ပတ်တယ်။ တစ်ချိန်တည်းမှာပဲ တံခါးကြီးကို လက်ညှိုးနဲ့ တောက်လိုက်တယ်။
“ဝုန်း။” ပေါက်ကွဲသံကြီး ထွက်ပေါ် လာပြီးနောက် တံခါးကြီး တုန်ယင်လာတယ်။
“မြန်မြန်။ ကျောက်တံခါးကို မြန်မြန် ပိတ်လိုက်။” မုချင်းဖန်း ပြောတယ်။ တံခါးကြီးနဲ့ လက်ဝါးနဲ့ ရိုက်တယ်။
သူ့ပတ်လည်က တပည့်သားတွေလည်း ချက်ခြင်း လှုပ်ရှားတယ်။ အခုချိန်မှာ သူတို့တွေ ဖန်ကျန်းရှီကို ကယ်တင်ရမယ်။ ဒီလို ကယ်မှပဲ ကျောက်တံခါးကြီးကို ပိတ်နိုင်လိမ့်မယ်။ ဖန်ကျန်းရှီ စိတ်ထိခိုက်သွားတယ်။ လောကမှာ သူ့ကို မသေစေချင်တဲ့ လူတွေ ရှိနေသေးတာပဲ။
စိတ်ဓာတ်လည်း နည်းနည်း ကျနေခဲ့တယ်။ အထဲကို စုပ်ယူ ခံလိုက်ရလို့ စိတ်ဓာတ်ကျတာ မဟုတ်ဘူး။ ကျောက်တုံး တစ်တုံးက သူ့ဆီကို ဦးတည် လာနေတာ တွေ့လိုက် ရလို့ပဲ။ ဒါ့အပြင် သူ့ရဲ့ ချောမော ခံ့ညားတဲ့ မျက်နှာလေးကို ဦးတည် နေခဲ့တယ်။
“မင်းမသိတဲ့ လူတစ်ယောက်ကို ဘယ်တော့မှ မျက်ခွက် မရိုက်လေနဲ့။” ဘယ်လောက်ပဲ အခက်အခဲ ကြုံရပါစေ။ မျက်နှာကို ကျောက်တုံး မှန်တာမျိုးတော့ အဖြစ် မခံနိုင်ဘူး။ ဒါပေမယ့် သူလှုပ်လည်း မလှုပ်ရှား နိုင်ဘူးလေ။ သူ့ခြေထောက်တွေကလည်း ရုပ်တုကြီးတွေကို ကျားကန် ထားရတယ်။ တကိုယ်လုံးကလည်း မလှုပ်နိုင်ဘူး။
သူလုပ်နိုင်တာ ဘာမှ မရှိဘူး။ ကံကောင်းဖို့ ဆုတောင်းရုံပဲ တတ်နိုင်တယ်။ ဥက္ကာပျံ သူ့ဆီကို နီးကပ်လာတဲ့ အချိန်မှာ ဖန်ကျန်းရှီ အံကြိတ် ထားမိတယ်။ ခေါင်းငုံ့ရင်း ခေါင်းနဲ့ တိုက်ဖို့ ပြင်နေခဲ့တယ်။
“ဝုန်း။”
တစ်ချိန်တည်းမှာပဲ ကြယ်တွေ ဖန်ကျန်းရှီ ရှေ့ကို ပျံထွက်လာတယ်။ ကြယ်တစ်လုံး ချင်းစီတိုင်းက သူ့ကို မရပ်နား လှည့်ပတ် နေကြတယ်။ ပျော်ပျော်ကြီး ကနေ ကြသလိုပဲ။ သူ့လောကကြီး တစ်ခုလုံး မှောင်မိုက်သွားတော့တယ်။ ဒီအချိန်မှာပဲ လူတစ်ယောက်ကို မြင်လိုက်ရတယ်။
ကျောက်တံခါး နောက်မှာ ရပ်နေတဲ့သူက ကြယ်တာရာ ကောင်းကင် အလယ်မှာ လွင့်မျောနေတယ်။ သူ့မျက်ဝန်းတွေက ရွှေရောင် မျက်ဝန်းတွေ။
“ခဘွန်း။” ဒီမျက်လုံး တစ်စုံကို မြင်လိုက်ရတဲ့ အချိန်မှာ သူ့ဝိဉာဉ် တစ်ခုလုံး မိုးကြိုး ပြစ်ချ ခံလိုက်ရသလို ခံစားရတယ်။ အဲ့ဒီ့နောက် အရာအားလုံး မှောင်မိုက် သွားပြန်တယ်။ သူ့ကို တစ်ယောက်ယောက်က နွေးနွေးထွေးထွေး ဖက်ထားတာကို ခံစားနေရတယ်။ ရနံ့ မွှေးမွှေးတွေကိုလည်း နှာခေါင်းထဲမှာ ရနေတယ်။
…
ဖန်ကျန်းရှီ အိမ်မက် မက်နေခဲ့တယ်။
အတော့်ကို ရှည်လျားတဲ့ အိမ်မက် တစ်ခုပဲ။ အိမ်မက်ထဲမှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးကို သူမြင်ရတယ်။ မရေမတွက်နိုင်တဲ့ ကြယ်တွေက အက်ကွဲကြောင်းကြီးကနေ ကျဆင်းလာတယ်။ ဥက္ကာပျံတွေ အဖြစ်ကို ပြောင်းလဲပြီးတော့ မြေပြင်ပေါ်ကို ကျလာတယ်။
အများစုကတော့ အရောင်စုံ သံချပ်ကာတွေ ဝတ်ထားပြီးတော့ ကြောက်စရာ မျက်နှာတွေ ရှိတဲ့ သားရဲကောင်တွေ ဖြစ်လာကြတယ်။ သူတို့ မျက်လုံးတွေက သွေးနီရောင် တောက်ပနေတယ်။ သွားတွေက ချွန်ထက်တယ်။ သွေး၊ မီး၊ ရေ၊ သူတို့တွေ ကမ္ဘာကြီးကို ဖျက်စီးတယ်။
ကမ္ဘာပျက်ကပ် စစ်စစ်ကြီး။ မီးတောက်ကြီးတွေက ကမ္ဘာမြေကို လွှမ်းခြုံထားတယ်။ သစ်ပင်တွေ ပြာကျပြီးတော့ တောင်တွေလည်း တောင်ကတုံးတွေ ဖြစ်ကုန်ကြတယ်။ မီးတောက်ထဲကနေ မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးတွေ ပေါ်လာပြီးတော့ လူသားတွေကို သတ်ဖြတ်ကြတယ်။
လူသားတွေ မျိုးသုန်းပျောက်ကွယ် တော့မယ့် အချိန်မှာပဲ လေထဲမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ ရေတံခွန်လို ရှည်လျားတဲ့ ဆံပင်တွေနဲ့ ဝတ်ရုံဖြူကို ဝတ်ထားတယ်။ ကောင်းကင်ကနေ ဆင်းသက်လာတာ အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့ နတ်ဘုရားမ လိုပဲ။
သူက အမျိုးသမီး တစ်ယောက်။ သူမရဲ့ အောက်ပိုင်းမှာ မြွေအမြီး မရှိဘူး။ ခြေဗလာနဲ့ပဲ။ ဒီအမျိုးသမီးရဲ့ နောက်မှာ ပုံရိပ်တွေ အများကြီး ရှိနေခဲ့တယ်။ ကောင်းကင်နဲ့ မြေကြီးကို ဖုံးအုပ်ပြီးတော့ အရောင်စုံတွေ သူတို့ ခန္ဒာကိုယ်မှာ တောက်ပနေတယ်။ သူတို့တွေ အားလုံး ကောင်းကင်က အက်ကွဲကြောင်းကြီးဆီကို ပျံတက် သွားကြတယ်။ တစ်ယောက်ချင်းစီတိုင်းက လုံး၀ စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။
…
သူနိုးလာခဲ့တယ်။ ဖန်ကျန်းရှီ ရှေ့မှာ နောက်ထပ် အမျိုးသမီး တစ်ယောက် ရှိနေခဲ့တယ်။ အမျိုးသမီးက သူ့ကို ကျောခိုင်းထားတယ်။ ပြတင်းပေါက် နားမှာ ရပ်နေခဲ့တယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက သန့်ရှင်းတဲ့ သစ်သား ကြမ်းပြင်ပေါ်ကို ကျနေခဲ့တယ်။
ပြတင်းပေါက်က ဝင်လာတဲ့ နေရောင် နွေးနွေးက အခန်းတစ်ခုလုံးကို လွှမ်းခြုံထားတယ်။ လှပတဲ့ မြင်ကွင်း တစ်ခုပဲ။ အနည်းဆုံးတော့ ဖန်ကျန်းရှီ အသက်နဲ့ ခန္ဒာမြဲ နေသေးတယ်။ ဒါပေမယ့် သူ့ခေါင်းကတော့ သေမတတ် နာနေတုန်းပဲ။ အခုချိန်မှာ ဒီပြဿနာ တစ်ခုပဲ ရှိတယ်။
“နင်နိုးလာပြီလား။” အမျိုးသမီး လှည့်လာတယ်။ ပန်းပွင့်ဖတ်လို နူးညံ့နေတဲ့ နှုတ်ခမ်လေးတွေနဲ့ စကားပြောတယ်။ အခုချိန်မှာ ချီကူယန်က အေးစက်စက်နဲ့ မြင့်မားတဲ့ အရှိန်အဝါတွေ မရှိတော့ဘူး။ အရမ်းကို တည်ငြိမ် နေခဲ့တယ်။ ငြိမ်သက်နေတဲ့ ကန်ရေပြင် တစ်ခုလိုပဲ။
“နိုးပြီ။ ဒါက ဘယ်နေရာလဲ။” ဖန်ကျန်းရှီ အရမ်း ရိုးရှင်းတဲ့ သစ်သားအိမ် တစ်ခုထဲ ရောက်နေတာကို သူသိတယ်။ စားပွဲ တစ်လုံး ထိုင်ခုံ နှစ်လုံးပဲ အိမ်ထဲမှာ ရှိတယ်။ အိမ်အပြင်မှာတော့ ပန်းပင်တွေ သစ်ပင်တွေ အပြည့်ပဲ။ ဒါတွေက လွဲပြီးတော့ တခြား ဘာမှ မတွေ့ဘူး။
“ငါနေတဲ့ ကောင်းကင် တာအို ခန်းမ။” ချီကူယန် ပြန်ဖြေတယ်။ စားပွဲမှာ ထိုင်ပြီးတော့ ရေနွေးငှဲ့တယ်။ ဖန်ကျန်းရှီရဲ့ အိပ်ယာ နားကို လာပြီးတော့ ရေခွက်ကမ်းပေးတယ်။ “ပန်းပွင့် ရေနွေး။ ငါကိုယ်တိုင် လုပ်ထားတာ။”
“မင်းဒီမှာ နေတာလား။” ဖန်ကျန်းရှီ ရေနွေး သောက်လိုက်တယ်။ ရေနွေးထဲမှာ ပန်းတွေ ပွင့်လာတာကို သူမြင်လိုက်ရတယ်။ အနံ့ အရသာ ကောင်းကောင်းနဲ့ မြစ်ထဲကို ခြေချ လိုက်ရသလို လန်းဆန်းသွားတယ်။
“ဟုတ်တယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။
“ရန်ရွှယ်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီ အိပ်ယာက ထဖို့ ပြင်တယ်။ ဒါပေမယ့် သူကိုယ်လုံးတီး ဖြစ်နေတာကို သိလိုက်ရတော့ စောင်ထဲပဲ ပြန်ဝင် နေလိုက်ရတယ်။
“သူက လွန်ခဲ့တဲ့ ၁၀ရက်က နိုးလာတာပဲ။ ဆရာက သူ့ကို တပည့်အဖြစ် လက်ခံ ချင်တယ်။ သူက ငြင်းလိုက်တယ်။” ချီကူယန် ကြည့်ရတာ ဒီမေးခွန်းကို ခန့်မှန်း ထားပြီးတဲ့ ပုံပဲ။
“ငြင်းလိုက်တယ်။ ဘာလို့လဲ။ နေစမ်းပါအုန်း။ မင်းပြောတာ လွန်ခဲ့တဲ့ ဆယ်ရက်တဲ့လား။” ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ရှုပ်ထွေး နေတယ်။ ဒီအထိတ်တလန့် သတင်းကို သူခပ်မြန်မြန်ပဲ တုံ့ပြန်တယ်။ အိပ်ယာကနေ ချက်ခြင်း ခုန်ထတယ်။
“ငါသတိလစ်နေတာ ဆယ်ရက်တောင် ရှိပြီလား။” သူနောက်ထပ် မေးခွန်း မေးတော့မယ့် အချိန်မှာပဲ ချီကူယန်ရဲ့ အကြည့်က တစ်ခုခု လွဲနေတာကို သူသတိ ထားမိလိုက်တယ်။ သူမက တည်ငြိမ် နေပင်မယ့်၊ သိသိသာသာကို မျက်နှာနီနေတယ်။ နေထွက်လာတဲ့ ရောင်နီလိုပဲ နီရဲနေခဲ့တယ်။
“..”
“နေစမ်းပါအုန်း။ ငါက ဘာမှ မဝတ်ထားဘူးလား။”
…
ဖန်ကျန်းရှီ ဒါကို လက်ခံဖို့ ခက်ခဲနေတယ်။ ကောင်းကငင် တာအို ခန်းမမှာ သူသတိလစ်နေတာ လဝက်ရှိပြီ။ ဒါကြောင့် သူမပျော်နိုင်တော့ဘူး။ လဝက်တောင် အိပ်ပျော်နေခဲ့တာ။ ဒီတော့ သူ့မှာ အသက်ရှင်ချိန် ၃လခွဲပဲ ကျန်တော့တယ်။ ဒီအချိန် အတွင်းမှာ အံ့ဖွယ် တစ်ခုခု မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ဒီသုံးလခွဲ ပြည့်အောင် နေရပါ့မလား ဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး။
“ငါသွားရမယ်။ မုချင်းဖန်း ဘယ်မှာလဲ။ သူငါ့ကို တစ်ခုခု ပေးမယ် ကတိ ပေးထားတယ်။ ငါမသွားခင် သူနဲ့ တွေ့ချင်တယ်။”
“ဆရာ ဒဏ်ရာ ရထားတယ်။ သီးခြား ကျင့်ကြံရာက ထွက်လာဖို့ အနည်းဆုံး လဝက်တော့ ကြာအုန်းမှာပဲ။” ချီကူယန် ဆက်ပြောတယ်။ “ဒါပေမယ့် ငါသူ့ကို တောင်းဆို ထားပြီးပြီ။ နင်ဒီမှာ တစ်လ နေလို့ ရတယ်။ ဒီတစ်လ အတွင်းမှာ အကြီးအကဲ တစ်ယောက်လို အခွင့်အရေးရမယ်။ အကြီးအကဲတွေ ဝင်နိုင်တဲ့ နေရာအားလုံး နင်သွားနိုင်တယ်။ မိုးနတ်ရေကန်နဲ့ တခြား နေရာတွေ အားလုံးကို သွားနိုင်တယ်။ ဒါ့အပြင် (ကောင်းကင်ဝိဉာဉ်) ဆေးပုလင်း တစ်ပုလင်းလည်း ရမယ်။ ကောင်းကင် တာအို ခန်းမ တပည့်သား တံဆိပ်ပြားတစ်ခု၊ လေခွင်း သံချက်ကာ တစ်ခု၊ နှင်းလင်းယုန် တစ်ကောင်နဲ့။”
“မင်း ကောင်းကင် တာအို ခန်းမကို သစ္စာဖောက် နေတာလား။” ဖန်ကျန်းရှီ ချီကူယန်ကို ကြည့်ရင်း ပြောတယ်။ သူရုတ်တရက် ခံစားမိလိုက်တယ်။ ချီကူယန်သာ အရှက်မရှိ မျက်နှာပြောင် တိုက်ချင်ရင် သူ့ထက် ပိုပြီးတော့တောင် အရှက်မရှိ လုပ်နိုင်သေးတယ်။ အကြီးအကဲ တစ်ယောက်ရဲ့ အခွင့်အရေး ဆိုတာ မပြောကြရအောင်။ ကျန်တာတွေ အားလုံးကတော့ အတော် ကောင်းတာပဲ။
ဒီထဲက တစ်ချို့ဆိုရင် နာမည်တောင် မကြားဖူးဘူး။ ချီကူယန်က သူ့ကို ကောင်းကင် တာအို တပည့်သား တံဆိပ်ပြား ရအောင်လည်း လုပ်ပေး ထားသေးတယ်။ ဒါပေါ့။ မုချင်းဖန်းလို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးနဲ့ ညှိနှိုင်းတဲ့ အချိန် တောင်းဆိုတာတွေ အမြင့်ဆုံး ရချင်ရင်၊ ချီကူယန်လို သူလျှိုမလေး ရှိနေမှ ဖြစ်မယ်။
“နင် လဝက်ကုန်သွားပြီ။ နောက်ထက် လဝက်ကျန်သေးတယ်။ ဒီအချိန် အတွင်းမှာ လျှို့ဝှက် စာကြည့်တိုက်ကို သွား။ နောက်လဝက်ကြာလို့ ဆရာ ကျင့်ကြံတာက ထွက်လာရင် ငါနဲ့ မိုးနတ်ရေကန်ကို သွားမယ်။” ချီကူယန်က ဆက်တိုက် ဆက်ပြောနေခဲ့တယ်။
“မိုးနတ်ရေကန်။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်နေခဲ့တယ်။
“ဟုတ်တယ်။ ကောင်းကင် တာအို ခန်းမမှာ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်တဲ့ တပည့်သားတိုင်း မိုးနတ်ရေကန်ကို ဝင်ခွင့်ရှိတယ်။ အဲ့တာက အဖိုးတန် ဆေးပင်တွေကနေ ရလာတဲ့ နှင်းရည် ၉၉၉စက်ကို စုပြီးတော့ လုပ်ထားတဲ့ ရေကန်။ မိုးနတ် ရေကန်ကို ဝင်သွားတဲ့ အချိန်မှာ ရေသောက်ပြီး ရေချိုးလိုက်ရင် ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာတွေကို မြင်ရလိမ့်မယ်။” ချီကူယန် ရှင်းပြတယ်။
“ကောင်းကင်ကိုးဘုံ သုခမိန် ပုံရိပ်လွှာလား။” သူမျက်တောင် တဖျပ်ဖျပ် ခတ်နေတယ်။ တကယ်တော့ အဲ့တာ ဘာကြီးလဲလို့ မေးရမှာ ရှက်တယ်လေ။ ဒီတော့ မျက်တောင် ခတ်ရုံပဲ တတ်နိုင်တယ်။
“ဟုတ်တယ်။ ပုံရိပ် တစ်ခုချင်းစီတိုင်းက ကောင်းကင်ဘုံကို ကိုယ်စားပြုတယ်။ ကောင်းကင် တာအို ခန်းမရဲ့ သမိုင်းထဲမှာ လူ ၄၉ယောက်က ကောင်းကင်ဘုံ ၇ခုထိ ရောက်ခဲ့တယ်။ ၇ယောက်ကတော့ ကောင်းကင် ၈ဘုံအထိ ရောက်ပြီးတော့ လူတစ်ယောက်ပဲ ကောင်းကင်ကိုးဘုံကို ရောက်ခဲ့တယ်။”
“နန်ကုန်းဟောင် ဘယ်ကောင်းကင်ဘုံကို ရောက်လဲ သိလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ရုတ်တရက် သူ့စိတ်ထဲကို ပုံရိပ် တစ်ခု ဝင်လာခဲ့တယ်။
“ရှစ်ခုမြောက် ကောင်းကင်။” ချီကူယန် ချက်ခြင်း ပြန်ဖြေတယ်။
“သမိုင်းထဲက ၇ယောက်ထဲမှာ နန်ကုန်းဟောင်လည်း ပါတာပေါ့။” ဖန်ကျန်းရှီရဲ့ နှလုံးသား တုန်ယင်သွားတယ်။ စိတ်ထဲမှာ ခံစားချက်တွေ လှိုက်တက်လာတယ်။ ဒါပေါ့ ကျောက်တံခါးကြီး ပိတ်သွားခဲ့ပြီ။ ဖူရှီးတောင်ကြား အကြီးအကဲ ကုယွိအန်း ကိုယ်တိုင် တီထွင်ထားတဲ့ ဗျူဟာနဲ့ ပိတ်ချ ခဲ့ရတယ်။ ဒါပေမယ့် နန်ကုန်းဟောင်က ကောင်းကင် ရှစ်ဘုံထိ ရောက်ခဲ့တာကို ကြားတော့ စိတ်ထဲမှာ နှမြောမိတယ်။ သူမသေသင့်ဘူး။
“နန်ကုန်းမုက ကောင်းကင် တာအို ခန်းမက ထွက်သွားပြီ။” ချီကူယန်ပြောတယ်။ ဖန်ကျန်းရှီ တိတ်ဆိတ်နေတာကို သူသတိထားမိတယ်။ ပြတင်းပေါက်နားကို ပြန်လျှောက်သွားတယ်။
“ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ နန်ကုန်းမု ထွက်သွားပြီလို့ သူထင်သားပဲ။ နန်ကုန်းဟောင်ရဲ့ အဖြစ်ကြောင့် သူလည်း ကောင်းကင် တာအို ခန်းမမှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူးလေ။
“သူမသွားခင် တစ်ခုခု ပြောသွားတယ်။
“ဘယ်သွားမလဲ ပြောသွားတာလား။” ဖန်ကျန်းရှှီ ချီကူယန်ကို မေးတယ်။ သူ့အတွက် လိပ်စာချန်ခဲ့ တာ ဖြစ်နိုင်တယ်။
“မဟုတ်ဘူး။ ရန်ချင်း အတွက် ပြောတာ။”
“အမ်။” ဖန်ကျန်းရှီ သိချင်သွားတယ်။
“နန်ကုန်းမု ပြောတာတော့ နင်က သူ့ကို တစ်ခါ အနိုင်တိုက်ဖူးတယ်။ သူက ရန်ချင်းကို ပြောခဲ့တယ်။ သူက နင့်ပြိုင်ဘက် မဟုတ်ဘူးတဲ့။”
“..” ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်မိသွားတယ်။ ဘာပြောရမလဲ မသိတော့ဘူး။
လောကမှာ ကောင်းတဲ့ ကောင်ကို မရှိ။ “ငါတို့က သူငယ်ချင်းတွေလေ။ သူငယ်ချင်း အချင်းချင်း ဆက်ဆံရေးက ဘယ်မလဲ။ ငါတို့ သူငယ်ချင်း အဖြစ်က ပြတ်စဲပြီလား။”
“ဟုတ်သား။ ငါနင့်ကို ပြောဖို့ မေ့နေတာ။ ရန်ချင်းက နင့်ကို ခြံထဲက သစ်ပင်ကြီးအောက်မှာ စောင့်နေတယ်။ သူစောင့်နေတာ လဝက်ရှိပြီ။” ချီကူယန် ဒါကို ပြောတဲ့ အချိန် ပြုံးနေခဲ့တယ်။ လောကကြီး တစ်ခုလုံး ပန်းတွေ ပွင့်လာသလိုပဲ။
အပိုင်း (၆၉၅)ပြီး၏။
အပိုင်း (၆၉၆)
“ကတိ။ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာတွေ။”
“သူလဝက် စောင့်ပြီးမှတော့ နောက်ထပ် နည်းနည်း ထပ်စောင့် ခိုင်းလိုက်ရအောင်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ချီကူယန်ကို ပြုံးပြတယ်။ တကယ်တော့ သူရန်ချင်းကို မကြောက်ဘူး။ စကားပုံ ရှိတယ်လေ။ ကပ်ဆိုးတွေကို ကျော်ဖြတ်ပြီး ရှင်သန်လာတဲ့ လူတစ်ယောက်က ထိုက်တန်တဲ့ ဆုလဒ်ကို ကံတရားကနေ ရလိမ့်မယ်။ ဘာမှ မရရင်တောင် ဖြေရှင်းဖို့ ပြဿနာတွေ ကျန်ရစ်မှာပဲ။
ရန်ချင်းနဲ့ နန်ကုန်းမုကြားက တိုက်ပွဲကို ပြန်စဉ်းစား မိတော့ နဖူးကနေ ချွေးတွေ စီးကျလာတယ်။ သူကော ဒီကောင်စုတ် အမဲလိုက်တာကို ခံရမှာလား။
“ငါတို့ ကတိကို နင် မှတ်မိသေးလား။” ချီကူယန်က ဖန်ကျန်းရှီကို လှည့်ကြည့်ရင်း မေးတယ်။
“မှတ်မိတာပေါ့။ ဒါပေမယ့် မင်းက ငါ့ရဲ့ အခု အခြေအနေကို အခွင့်ကောင်း ယူချင်တာလား။” ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်ပြတယ်။ ချီကူယန် ပြောချင်တာကို သူသိတယ်။ အကယ်၍ ချီကူယန်သာ သူ့ကို လွန်ခဲ့တဲ့ လဝက်က ဒီမေးခွန်း မေးခဲ့ရင် သူချက်ခြင်း သဘောတူ မိမှာပဲ။ ဒါပေမယ့် အခုတော့ အမြင်တွေ ပြောင်းသွားပြီ။ သူ့ရဲ့ ကတိက နှစ်ဖက်ချွန် ဓားလိုပဲ။ သူသာ နိုင်ရင်၊ ချီကူယန်က သူ့ရဲ့ အစေခံ တစ်လ လုပ်ရမယ်။ သူသာ ရှုံးသွားရင်တော့။ အား။ ဖန်ကျန်းရှီ တွေးမိရင်း ကျောချမ်းလာတယ်။
သူမရဲ့ အစေခံ တစ်လ လုပ်ရမယ်။ အမြဲတမ်း မတ်တပ်ရပ် နေရမယ်။ မထိုင်ရဘူး။ အကယ်၍ သူသာ မတော်တဆ ရှုံးသွားခဲ့ရင်၊ ကျန်တဲ့ သုံးလထဲက တစ်လလုံး ချီကူယန်ရဲ့ အစေခံ လုပ်ရမှာ။ ဒါက ချက်ခြင်း သေရတာနဲ့ ဘာများ ကွာလို့လဲ။
“ငါမလုပ် ပါဘူး။ နင် နေကောင်းတဲ့ အချိထိ စောင့်မယ်။ နောက်လဝက် ကြာရင် မျှမျှတတ တိုက်ခိုက်ကြတာပေါ့။” ချီကူယန် ခေါင်းခါတယ်။ သူမက သူ့ကို အနိုင်မကျင့်ဘူးလို့ အခိုင်အမာ ပြောနေခဲ့တယ်။
“တိုက်ခိုက်တာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ တကယ်ဆို လူကြီးလူကောင်းတွေက လက်သီးကို မသုံးပဲ စကားနဲ့ပဲ ရင်ဆိုင်ကြတယ်။ နောက်ပြီးတော့ ဒီလေ့ကျင့်ရေးတွေ အားလုံးက မဟာတာအိုကို နားလည် ဖို့ပဲလေ။ အကယ်၍ ငါတို့သာ ဒီလို အဓိပ္မာယ်မရှိ အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေရင်၊ ငါတို့ရဲ့ ဦးတည်ချက်လည်း ပျောက်သွား လိမ့်မယ်။” ချီကူယန် ပြန်ဖြေတာကို ကြားတော့ ဖန်ကျန်းရှီ တနံတလျားကြီး ရှင်းပြတော့တယ်။
“ဟုတ်တယ်။ နင်ပြောတာ မှန်တယ်။” ချီကူယန် ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီ ဘေးကို ရောက်လာတယ်။ ဖြည်းဖြည်းချင်း ထိုင်ချရင်း ပြောတယ်။ “ဒါဆိုရင် နောက်နည်းလမ်းနဲ့ ပြိုင်ကြမလား။”
“ငါက ဂီတ၊ စစ်တုရင်၊ လက်ရေးလှ။ ပန်းချီတွေမှာ အရမ်း တော်တယ်။ အဲ့တာတွေ ပြိုင်ရင် ငါက မင်းကို အနိုင်ကျင့်သလို ဖြစ်သွားမှာပေါ့။” ဖန်ကျန်းရှီ အခိုင်အမာ ပြောနေခဲ့တယ်။
“ဟ ဟား။” ချီကူယန် မထိန်းနိုင်ပဲ အော်ရယ်တော့တယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ ပြန်တည်ငြိမ်သွားတယ်။ “နင် အရှက်မရှိတဲ့ သူခိုးကောင်။ နင် တကယ့်ကို အရေထူတာပဲ။ မိုးနတ် ရေကန်မှာ ဘယ်သူက ပိုပြီးတော့ မြင့်မြင့် ရောက်နိုင်မလဲ ပြိုင်မလား။”
“နှစ်ယောက်လုံး ကောင်းကင် ကိုးဘုံကို ရောက်သွားရင် ဘယ်လို လုပ်မလဲ။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြောတယ်။
“ငါနင့်ကို ခုနက ပြောသားပဲ။ ကောင်းကင် တာအို ခန်းမ သမိုင်းမှာ လူတစ်ယောက်ပဲ ကောင်းကင် ကိုးဘုံကို ရောက်တယ်လို့။ အဲ့ဒီ့လူက ကောင်းကင် တာအို ခန်းမရဲ့ ပထမဆုံး ခန်းမ ခေါင်းဆောင်၊ တစ်ချိန်တုန်းက မြင့်မြတ် ဒေသရဲ့ ထိပ်တန်း၊ တုကုကျန်းပဲ။” ချီကူယန် ပြောတယ်။
“အဲ့ဒီ့တော့ ဘာဖြစ်လဲ။”
“ကောင်းပြီ။ အကယ်၍ ငါတို့ နှစ်ယောက်လုံးသာ ကောင်းကင် ကိုးဘုံကို တက်နိုင်ရင်၊ ဘယ်သူက ပိုမြန်မြန် ရောက်မလဲ ကြည့်ကျတာပေါ့။” ချီကူယန် ခေါင်းငြိမ့်တယ်။
“တစ်ချိန်တည်းမှာ ရောက်ရင်ကော။” ဖန်ကျန်းရှီ ထပ်မေးတယ်။
“ဒီတော့လည်း နင်ရှုံးပြီလို့ သတ်မှတ်လိုက်လေ။”
“ဘာလို့လဲ။”
“ငါက မိန်းကလေးလေ။ နင့်ထက်လည်း တစ်နှစ် ငယ်သေးတယ်။” ချီကူယန် ပြောတယ်။
“…” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်တယ်။ သူစကား မပြောနိုင်တော့ဘူး။ ဟုတ်တယ်။ အဲ့ဒီ့ကောင်မလေး ချီကူယန်က သူ့ထက် တစ်နှစ်ငယ်တယ်။ ဒါပေမယ့် သူက နတ်ဆိုး ကျောင်းတော်မှာ ကြီးပြင်းလာတဲ့ သူလေ။ သူ့ထက် အတွေ့အကြုံတွေ အဆထောင်ချီ သာတယ်။ ဒါ့အပြင် နွီဝါး မျိုးနွယ်လည်း ဖြစ်နေသေးတယ်လေ။ ဒါတွေကို ထည့်မတွက်ဘူးလား။ ဒါ့အပြင် ဖန်ကျန်းရှီက သက်တမ်းလည်း သိပ်မကျန် တော့ဘူးလေ။
…..
ချီကူယန်ရဲ့ ခြံဝန်းထဲကို မထွက်ခင် အရင်ဆုံး ဗိုက်ပြည့်တယ်။ နေဝင်ခါနီး အချိန်မှာ ကျီးကန်းတွေ အိပ်တန်း မတက်ကြသေးဘူး။ သစ်ပင်အောက်မှာ ရပ်နေတဲ့ အစိမ်းရင့်ရောင် ဝတ်ရုံနဲ့ လူတစ်ယောက်က ဖန်ကျန်းရှီကို သူ့ရဲ့ သားရဲ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။
“အိုး။ တိုက်ဆိုင်လိုက်တာ။” ဖန်ကျန်းရှီက ရန်ချင်းကို နှုတ်ဆက်ပြီးနောက် အသော့နှင်ရင်း ထွက်ခွာဖို့ ပြင်တယ်။
“တိုက်ဆိုင်တယ်လို့ မထင်ဘူး။ ငါ မင်းကိုစောင့်နေတာ။” ရန်ချင်း ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီရဲ့ လမ်းကို ပိတ်ရပ်တယ်။
“ငါ့ကို စောင့်နေတယ်။ အခုတော့ နည်းနည်းလေး အလုပ်များနေတယ်။”
“ညီနောင်ဖန်။ မင်းကို ငါစိန်ခေါ်တယ်။”
“ရန်ချင်း။ ငါက အခုမှ ဒဏ်ရာပြင်းပြင်း ထန်ထန် ရထားလို့ ကုသ နေတုန်းလေ။ မင်းငါ့ကို စိန်ခေါ် ချင်ရင်ောင် အနည်းဆုံးတော့ ငါနေကောင်းတဲ့ အထိ စောင့်သင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီ ပြန်ပြောတယ်။
“ဟုတ်တယ်။ ညီနောင်ဖန် ပြောတာ မှန်တယ်။ ငါအတွေးလွန် သွားတယ်။” ဒါကိုကြားတော့ ရန်ချင်း မျက်မှောင်ကြုတ်ပြီး ဆက်ပြောတယ်။ “ဒါဆို မနက်ဖြန်မှ ပြန်လာတော့မယ်။”
“…” ဖန်ကျန်းရှီလည်း အဝေးကို လျှောက်သွားတဲ့ ရန်ချင်းကို ကြည့်ရင်း ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ သူရှုံးမှာကို မကြောက်ဘူး။ ရန်ချင်းက အတော့်ကို မကွယ်ဝှက်တတ်တဲ့ သူမှန်း သူသိတယ်။ ရန်ချင်းရဲ့ စိတ်ဆုံးဖြတ်ချက်က ခိုင်မာလွန်းတယ်။ လိုချင်တာ မရမချင်း ရပ်တန့်မှာ မဟုတ်ဘူး။
ရှင်းရှင်း ပြောရရင်၊ ဒီနေ့ ရန်ချင်းကို အနိုင်တိုက်လိုက် ရင်တောင် သူက နောက်ရက် နောက်ရက်တွေမှာ ထပ်လာ နေအုန်းမှာပဲ။ တစ်ခါ စပြီးရင် ဆုံးမှာ မဟုတ်တော့ဘူး။ ဖန်ကျန်းရှီလည်း ရန်ချင်းကြောင့် နဲ့ ခြေချုုပ် မမိချင်ဘူး။ ဒါ့အပြင်၊ ရန်ချင်းနဲ့ တိုက်ခိုက်ပြီးတော့ သူ့စွမ်းအားတွေကို အလဟသတ် မဖြုန်းတီးချင်ဘူး။ ဘာမှလည်း အကျိုးမရှိဘူးလေ။
သူ့မှာ အချိန် ကန့်သတ်ချက် ရှိတယ်။ အချိန်လဝက် အတွင်းမှာ နှောင့်နှေးနေလို့ မဖြစ်ဘူး။ ကောင်းကင် တာအို ခန်းမမှာ ရသလောက် ယူသွား ရမယ်လို့ သူဆုံးဖြတ် ထားပြီးပြီ။ စာကြည့်တိုက်ကို သူတန်းတန်း မတ်မတ် ထွက်လာခဲ့တယ်။
“အမ်။ ဟိုကောင် နိုးလာပြီလား။”
“အဲ့တာ ဖန်ကျန်းရှီပဲ။”
“သူနိုးလာပြီ။” ခန်းမ အပြင် ခြေလှမ်း တစ်ရာ အတွင်းမှာတင် ကောင်းကင် တာအို တပည့်သားတွေနဲ့ တွေ့တော့တယ်။
“ဟေ့ ဟိုတစ်ယောက် လာပါအုန်း။” ဖန်ကျန်းရှီ သူ့အနားက အနီးဆုံး ကောင်းကင် တာအို တပည့်သားကို လှမ်းခေါ်တယ်။
“ဘာလဲ။ ငါပြောမယ်။ မင်းမဟုတ်တရုတ် လုပ်ဖို့ မကြံနဲ့။ ဒါက ကောင်းကင် တာအို ခန်းမ။ ဆရာက မင်းကို လက်ခံ ထားပေမယ့်။ မင်းငါ့ကို တစ်ခုခု လုပ်ဝံ့ရင်။ အွတ် အွတ် အွတ်။ အကိုကြီးဖန်။ လူကြီးလူကောင်းတွေက စကားနဲ့ပဲ ပြောတယ်။ လက်သီး မသုံးဘူး။ လိုအပ်တာ ရှိရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော်တို့က မျိုးနွယ်တူ တပည့်သားတွေပဲလေ။”
“စာကြည့်တိုက်ကို ဘယ်လို သွားရမလဲ။” ဖန်ကျန်းရှီက အဲ့ဒီ့ တပည့်သားရဲ့ မျက်နှာကို သုံးလေးချက်လောက် ထိုးပြီးတဲ့ အချိန်မှာတော့ လိမ်လိမ်မာမာလေး ပြန်ဖြေတော့တယ်။
“အဲ့တာ မေးမလို့လား။ နေပါအုန်း အကိုကြီးဖန်။ ကျွန်တော် မြေပုံ ဆွဲပေးမယ်။ ကြွားတာတော့ မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမကို ကျွန်တော် မဝင်ခင်တုန်းက လရောင်ဖြာ နိုင်ငံတော်မှာ ကျွန်တော်က ပန်းချီကျော်ပဲ။”
“ငါမင်းကို ငါးစက္ကန့် အချိန်ပေးမယ်။ ပြီးအောင်ဆွဲ။ မပြီးရင်တော့ ဟီးဟီး။”
“ဘာ။ အကိုကြီးဖန်။”
“ငါး။”
“…”
“သုံး။”
“…”
…
စာကြည့်တိုက်ကို ရောက်လာတော့တယ်။ ဖန်ကျန်းရှီက လူတွေ စိတ်ဝင်စား ခံရတဲ့သူ ဖြစ်လာပြန်တယ်။ စာကြည့်တိုက်ထဲကို ဝင်တဲ့ တပည့်သားကော ထွက်တဲ့ တပည့်သားတွေပါ အားလုံး ဖန်ကျန်းရှီကို စိုက်ကြည့်ရင်းနဲ့ သတိကြီးကြီး ထားနေကြတယ်။
ဒီလို အခြေအနေအတွက် ဖန်ကျန်းရှီ သူ့ကိုယ်သူ ပြင်ဆင် ထားပြီးသား။ နောက်ဆုံးတော့လည်း ကောင်းကင် တာအို ခန်းမမှာ သူပေါ်လာခဲ့တဲ့ ပုံစံက တပည့်သားတွေရဲ့ စိတ်ထဲမှာ စွဲထင်နေမှာ အမှန်ပဲလေ။
စာကြည့်တိုက်ထဲကို သူဝင်လာတော့ အစောင့် တပည့်သားတွေ သိသိသာသာကို ထိတ်လန့် ကုန်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ကို မတားကြဘူး။ ကြိုလည်း မကြိုဆိုကြဘူး။
သုူက ရှေးဟောင်း စာအုပ်တွေကို စုစည်းထားတဲ့ ကျောက်စိမ်း စာအုပ်စင် ဖမ်းစားတာကို ခံလိုက်ရပြီ။ တကယ်တော့ ဒီလောကထဲ ရောက်နေတာ ကြာလှပြီ။ အခုလို နေရာမျိုးကို ရောက်တာ ပထမဆုံးပဲ။ သူငယ်ငယ်တုန်းကတော့ သူ့စာအုပ်တွေက နေရာအနှံ့က စာအုပ်တွေ။
အရိပ်မျိုးနွယ်ကို ရောက်သွားတော့လည်း ဝူယွဲ့အာနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးဆီက အရိပ်မျိုးနွယ်ရဲ့ ဘုန်းတော်ဘွဲ့တွေပဲ ကြားနေ ဖတ်နေရတယ်။ အရိပ်မျိုးနွယ် ဘယ်လောက်တောင် အထင်ကြီးစရာ ကောင်းတယ်။ ဘယ်လောက်တောင် အင်အားကြီးတယ် ဆိုတာတွေပဲ။
“ဒီမှာ စာအုပ် တော်တော် များတာပဲ။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ဒုတိယထပ်ကို တက်တယ်။ အဲ့ဒီ့နောက် တတိယထပ်ကနေ နောက်ဆုံး ၇လွှာထိကို ရောက်လာတယ်။ ၇လွှာကို ရောက်တော့ လက်တစ်ဖက်က သူ့လမ်းကို တားလိုက်တယ်။
“ခန်းမ ခေါင်းဆောင်တွေပဲ ဒီအလွှာကို ဝင်ခွင့် ရှိပါတယ်။” သူ့ကို တားလိုက်တဲ့သူက ကောင်းကင် တာအို တပည့်သား ဝတ်စုံကို ဝတ်ထားတဲ့ လူကြီး တစ်ယောက်ပဲ။
“ကောင်းပြီလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
၆လွှာကို ပြန်ဆင်းတယ်။ တကယ်တော့ လဝက်အတွင်းမှာ စာကြည့်တိုက် တစ်ခုလုံးက စာအုပ်တွေ အားလုံးကို ပြီးအောင် မဖတ်နိုင်ဘူးလေ။ စာကြောင်း တစ်ထောင်ကို တစ်ချက်ကြည့်ရုံနဲ့ ဖတ်နိုင်တာလည်း မဟုတ်ဘူး။
ဒါကြောင့် အမြင့်ဆုံး အလွှာက စာတေါကို ဖတ်ဖို့ ရွေးလိုက်တယ်။ ကြည့်ရတာ သူ့ဆုံးဖြတ်ချက် မှန်သွားတဲ့ ပုံပဲ။ ၆လွှာမှာ စာအုပ်တွေက သိသိသာသာကို နည်းတယ်။ စာအုပ်ပေါင်း ၅၀လောက်ပဲ ရှိတယ်။
“ကြည့်ရတာ မြင့်မြတ် နယ်မြေရဲ့ လျှို့ဝှက်ချက် နည်းနည်းလောက် ဒီမှာ ရှိနေတဲ့ ပုံပဲ။” ဖန်ကျန်းရှီ ပြုံးရင်းရဲ့ စာဖတ်တော့တယ်။ ဒီမှာ ဓားပညာတွေလည်း ရှိနေတယ်။ အင်း။ ဒါကတော့ ရေးမှတ်ထာရမယ်။ အမ်။ ဒီမှာ ဆေးဖော်နည်း။ လက်နက်လုပ်နည်း။ ဗျူဟာ ဖျက်နည်း အကုန် ရှိနေတာပဲ။ အကုန်လုံး ကူူးထားရမယ်။ ဒါပေမယ့် ဘာဖြစ်လို့ မြင့်မြတ် နယ်မြေရဲ့ မြေပုံ မရှိတာလဲ။ အညွှန်းလေး ဘာလေးတောင် မရှိဘူး။ ဒါပေမယ့် ဒီမှာ မြင့်မြတ် နယ်မြေက တားမြစ် ဒေသတွေရဲ့ မြေပုံ၊ နောက်ပြီးတော့။
“များလိုက်တဲ့ ရတနာတွေ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ ဒီမြေပုံကြောင့် မြင့်မြတ် နယ်မြေရဲ့ တားမြစ် နေရာ တစ်ခုချင်းစီတိုင်းမှာ ရတနာမျိုးစုံ ရှိနေတာကို သိလိုက်ရတယ်။ နှစ်တစ်ထောင် မီးဆေးပင်က သုခမိန် သုံးယောက် စောင့်ကြပ်နေတဲ့ မဟူရာ လမင်းကျွန်းမှာ ရှိတယ်။ တောင်စဉ် ကိုးသွယ်ရဲ့ ရတနာ။ နှမြောစရာ ကောင်းတာ ဆေးပင်က လုယူ ခံလိုက်ရပြီ။ ဒါပေမယ့် စာမျက်နှာမှာ အထူး မှတ်ချက် တစ်ခု ဘာလို့ ရှိနေတာလဲ။ ဖန်ကျန်းရှီလို့ ခေါ်တဲ့ လူတစ်ယောက် အဲ့ဒီ့ ဆေးပင်ကို စားပြစ်လိုက်တယ်တဲ့။
ဒီသတင်း အချက်အလက်တွေက ချက်ခြင်း ထည့်ထားတာ သိသာတယ်။ နေစမ်းပါအုန်း။ ကောင်းကင် တာအို ခန်းမက ဒီလို သတင်း အချက်အလက်တွေကို အသစ် အသစ် ထပ်ဖြည့်ရင်၊ တခြား မျိုးနွယ်စု လေးခုက စာကြည့်တိုက်တွေမှာလည်း ဒီလိုပဲ ဖြည့်ထားမှာ မဟုတ်လား။
အပိုင်း (၆၉၆)ပြီး၏။
အပိုင်း (၆၉၇)
“ဒီလို လှည့်စားနေတာကို မင်းသတိ မထားမိဘူးလား။”
ဖန်ကျန်းရှီ ခံစားမိတယ်။ ဒီတစ်ခေါက် မြင့်မြတ် နယ်မြေကို ခရီးထွက်တာ သူထင်ထားထက် ပိုပြီးတော့ ခက်ခဲတယ်။ အများကြီး မတွေးတော့ပဲ ဖန်ကျန်းရှီ စာအုပ်တွေကို ဆက်ပြီး ရှာဖတ်တော့တယ်။ ၆လွှာမှာ ရှိတဲ့ စာအုပ်တွေ အားလုံးကို ဖတ်ပြီးတဲ့နောက် ပဉ္စမ အလွှာကို ပြန်ဆင်းတယ်။ ဒါပေမယ့် အချက်အလက် တူနေတဲ့ စာအုပ်တွေကို မဖတ်ဘူး။ စာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာနဲ့ အကျဉ်းချုပ်ကို အရင်ဆုံး ဖတ်တယ်။
အချိန်တွေ ကုန်ဆုံးလာပြီ။ လမင်းကြီးလည်း တဖြည်းဖြည်း မိုးကောင်းကင်မှာ မြင့်တက်လာတယ်။ ကြယ်ရောင်တွေလည်း တောက်ပလာတယ်။ ဖန်ကျန်းရှီ ပထမ အလွှာကို ရောက်နေခဲ့ပြီ။ ဒီလေးလွှာလုံးမှာ စာတစ်အုပ်တောင် ဆုံးအောင် မဖတ်ခဲ့ဘူး။ အကျဉ်းချုပ်ပဲ ခပ်မြန်မြန် ဖတ်တယ်။
သူ့စိတ်ထဲမှာတော့ ဖတ်ထားသမျှ စာအုပ်တွေကို ခပ်မြန်မြန် အနှစ်ချုပ် ထုတ်နေခဲ့တယ်။ အရေးကြီးတဲ့ အချက်တွေကို သီးသန့် ခွဲထုတ်ထားတယ်။ ဒါက တော်တော်လေးကို ရှုပ်ထွေးတဲ့ အလုပ်။ ဖန်ကျန်းရှီလည်း အမြန် မလုပ်နိုင်ဘူး။ တတ်နိုင်သလောက် အကောင်းဆုံး ကြိုစား ပြင်ဆင်နေတယ်။ ဒါက နှစ်ဘ၀ အတွေ့အကြုံတွေရဲ့ အနှစ်ချုပ်ပဲ။
စာကြည့်တိုက်က မထွက်ခင်မှာ၊ ဖန်ကျန်းရှီက ပထမ အလွှာမှာ ရှိတဲ့ စာအုပ် တစ်အုပ်ကို ယူသွားတယ်။ ဒီစာအုပ်က အတော့်ကို သစ်လွင်နေတယ်။ လူနည်းနည်းပဲ ငှားဖတ်ရသေးတာ သိသာတယ်။
“ဒီတစ်အုပ် ငှားမယ်။” ဖန်ကျန်းရှီ ဝင်ပေါက်က အစောင့် တပည့် နှစ်ယောက်ကို ပြောတယ်။
“ဒီတစ်အုပ်လား။” ဖန်ကျန်းရှီ ကောက်ကိုင်ထားတဲ့ စာအုပ်ကို မြင်လိုက်တော့ အစောင့် နှစ်ယောက် မယုံနိုင်ဘူး။ စာကြည့်တိုက်မှာ လေးနာရီ လုံးလုံး နေခဲ့ပြီးတော့ စာအုပ် တစ်အုပ်ပဲ ငှားတယ်တဲ့လား။
“အလွှာ ၅လွှာမှာ ၄နာရီတောင် နေပြီးတာတောင်၊ ဒီမှာ ဓားပညာတွေ ရှိနေတာကို မသိဘူးလား။ ဘာတွေများ တွေးနေတာလဲ။”
“ငါလည်း မသိဘူး။ ဒါပေမယ့် ကြည့်ရတာ အစ်မကြီး ချီကူယန် မျက်နှာပြောင် တိုက်ပြီး အားထုတ် ထားတာရတွေ အလကား ဖြစ်ကုန်တာတော့ သိတယ်။”
ကောင်းကင် တာအို တပည့်သားတွေ အတင်းတုပ်နေတဲ့ အချိန်မှာ နောက်ထပ် သတင်းစကား တစ်ခုက သူတို့ နားထဲကို ရိုက်ခတ် လာပြန်တယ်။ ဒီသတင်းက ဖန်ကျန်းရှီ စာအုပ် တစ်အုပ်တည်းကို ငှားသွားတဲ့ သတင်းထက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။
“အစ်မကြီး ချီကူယန်က ဒီကောင်စုတ်နဲ့ တကယ်ပဲ အလောင်းအစားလုပ်ခဲ့တယ်ပေါ့။”
“သူတို့ နှစ်ယောက်က မိုးနတ် ရေကန်မှာ ဘယ်သူ အဆင့် မြင့်မြင့် ပို ရောက်မလဲ ပြိုင်ကြမယ်တဲ့”
“နောက်ပြီးတော့ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ အစေခံ ဖြစ်မယ်တဲ့။ မိုးနတ်မင်းရေ။ သူတို့တွေ ဘာလို့များ ဒီလောက် လောင်းကြေးကြီးကြီး လောင်းကြတာလဲ။”
ကောင်းကင် တာအို တပည့်သားတွေ ဒီသတင်းကို ကြားတော့ သူတို့ရဲ့ နှလုံးသားထဲကို မိုးကြိုးတွေ ထွင်းဖောက်နေသလို ခံစားရတယ်။
“ဖန်ကျန်းရှီက သူ့ရဲ့ လက်ရှိ ဂုဏ်ရည်ကို ချိုးနှိမ်ပြီးတော့ အစ်မကြီး ချီကူယန်ရဲ့ အစေခံ လုပ်မှာလား။” တပည့်သားတွေရဲ့ အထင်မြင်နဲ့ တွက်ချက်မှုတွေက ဒီသတင်းကို ကြားတဲ့ အချိန်မှာပဲ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမကနေ ခွာမှာ မဟုတ်ဘူး။
ဒါပေမယ့် စာကြည့်တိုက်မှာ လေးနာရီ လုံးလုံး စာဖတ်ပြီးမှ စာအုပ်လေး တစ်အုပ် ငှားသွားတဲ့သူက၊ ကောင်းကင်ကိုးဘုံ သုခမိန် ပုံရိပ်လွှာတွေကို ချီကူယန် နားလည်တာနဲ့ ယှဉ်လို့ ရမလဲ။ ဟာသ လုပ်နေတာလား။
“ဟာသလား။” ဖန်ကျန်းရှှီကတော့ သူ့ဘေးပတ်လည်က လူတွေကြောင့် မတုန်လှုပ် ပါဘူး။ ရာသီဥတု အခြေအနေကိုသာ သူကြည့်နေတယ်။ ရန်ရွှယ် မကြာခင် ပြန်လာတော့မှာကို သူသိတယ်။ ရန်ရွှယ်က ကောင်းကင် တာ အို ခန်းမ ဝင်ခွင့်ကို ငြင်းပယ်လိုက်ပြီ။ ဓားတောင်အောက်က တဲထဲမှာ တစ်ယောက်တည်း သီးသန့် ကျင့်ကြံနေတယ်။
ကောင်းကင် တာအို ခန်းမက အပြင်လူတွေ သူတို့ဆီ ဝင်မှာကို တားမြစ်ထားတာ မဟုတ်ဘူး။ ဒါက ရန်ရွှယ်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ ပဟေဠိ ဖြစ်နေတယ်။ ရန်ရွှယ်က ကောင်းကင် တာအို ခန်းမမှာ လေ့ကျင့် ချင်တယ်လို့ ပြောခဲ့ဖူးတာကို သူမှတ်မိ နေတုန်းပဲ။ ဒီတော့ ဘာကြောင့်များ ရုတ်တရက် ကမ်းလှမ်းတာကို ငြင်းပယ် လိုက်တာလဲ။
….
လဝက်က တစ်ခဏ အတွင်း ကုန်ဆုံး သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ သူ့ရဲ့ အချိန် ၈၀%ကို စာကြည့်တိုက်ထဲမှာပဲ ကုန်ဆုံးတယ်။ ကျန်တဲ့ အချိန်ကိုတော့ ချီကူယန်နဲ့ စကားပြောတယ်။ စားသောက်တယ်။ တောင်ခြေမှာ ရှိတဲ့ ရန်ရွှယ်နဲ့ ကျားထိုးတယ်။ ဒီအချိန် တစ်လျှောက်လုံးမှာ အေးအေးဆေးဆေး ဖြတ်သန်း နေခဲ့တယ်။
ကောင်းကင် တာအို ခန်းမကို ငြင်းပယ်လိုက်တဲ့ အကြောင်းရင်းကို မေးတော့ ရန်ရွှယ် တစ်ခွန်းပဲ ပြန်ဖြေတယ်။ “ဒီအချိန် သုံးလက ကုန်ဆုံးတာ အရမ်း မြန်တယ်။”
ဒါကိုကြားတော့ ဖန်ကျန်းရှီလည်း ထပ်မမေးတော့ဘူး။ ရန်ရွှယ် တွေးနေတာကို သူသိတယ်လေ။ အချိန် သုံးလက တကယ့်ကို တိုတောင်းတယ်။ ကောင်းကင် တာအို ခန်းမကို မဝင်ခင် အချိန်ကနေ အခုချိန်ထိ ကြာချိန်ပဲ။ ဒီအချိန် အတွင်းမှာ ဖန်ကျန်းရှီက လဝက်လောက် အိပ်ပျော် နေပြီးတော့ အချိန် ကုန်ဆုံး ခဲ့တယ်။
အခုတော့ ဖန်ကျန်းရှီ စာမြန်မြန် ဖတ်တဲ့ အကျင့်က ကောင်းကင် တာအို တပည့်သားတွေကြားမှာ ပြောစရာ ဖြစ်နေပြန်တယ်။ စာကြည့်တိုက်ရဲ့ အလွှာ တစ်ခုလုံးက စာအုပ်တွေကို ၂ရက်တည်းနဲ့ အပြီးဖတ်နိုင်တဲ့ ဖန်ကျန်းရှီလိုလူ ဘယ်သူမှ မရှိသေးဘူး။ ၅လွှာမှာရှိတဲ့ စာအုပ်တွေကို ၂ရက်တည်းနဲ့ အပြီးဖတ်နိုင်ရင်တောင် တခြား အလွှာတွေကိုတော့ ဒီလို ဖတ်နိုင်ဖို့ မလွယ်ဘူး။
အလွှာနိမ့်လေ။ စာအုပ်က ပိုများလေပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တကယ်ပဲ ၁လွှာကို ၂ရက်နဲ့ အကုန်ဖတ်တယ်။ အံ့သြ စရာကောင်းဆုံးကတော့ နောက်ဆုံး ၂ရက်မှာ ၅လွှာက စာအုပ်တွေ အားလုံးကို ပြန်ဖတ်တာပဲ။ တစ်ရက်ကို ၃လွှာနဲ့ အပြတ်ဖြတ်တယ်။ စာအုပ်တွေကို အသေးစိတ် မဖတ်ပဲနဲ့ လှန်ရုံပဲ လှန်နေတာ။ ဘယ်လိုတောင် အချိန်ဖြုန်းတာ မျိုးလဲ။
ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီ လုပ်နေတဲ့ လုပ်ရပ်ကို စိတ်ပျက် နေကြတယ်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးမချပဲ အပေါ်ယံ လုပ်နေတာကို သဘောမကျကျဘူး။ ဒါပေါ့။ မတူညီတဲ့ လူတွေမှာ မတူညီတဲ့ စိတ်ကူးတွေ ရှိကြတယ်။ ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကို ဒေါသ ထွက်နေပင်မယ့်၊ သူတို့ဒေါသထက် ကျော်လွန်ပြီးတော့ ပြောနိုင်တာက ဒီကောင်စုတ်က မျှော်လင့်ချက် မဲ့နေပြီ ဆိုတာပဲ။
….
မနက်စောစော နေရောင်ခြည်က နယ်မြေ တစ်ခုလုံး အပေါ်ကို ဖြာကျနေတယ်။
မြင့်မြတ် နယ်မြေရဲ့ ရာသီဥတုက တဖြည်းဖြည်း ပူနွေး လာခဲ့ပြီ။ နေရောင်ခြည်က မိုးကုပ်စက်ဝိုင်းမှာ ထွက်ပြူစ ဖြစ်ပေမယ့် တောက်ပတဲ့ နေရောင်ခြည်တွေက မျက်စိ ကျိန်းလောက် စရာပဲ။ ဒါပေမယ့် အပူချိန်က ကောင်းကင် တာအို တပည့်သားတွေရဲ့ စိတ်အား ထက်သန်မှုကို မဖုံးလွှမ်း နိုင်ခဲ့ဘူး။
မနက်စောစောမှာ ကောင်းကင် တာအို တပည့်သားတွေက မိုးနတ် ရေကန် အပြင်ဘက်မှာ စုဝေး နေကြတယ်။ တလက်လက် တောက်ပနေတဲ့ ရေပြင်ကို မျှော်လင့် တကြီးနဲ့ စောင့်ကြည့် နေကြတယ်။ သူတို့ထဲမှာ တပည့်သား သုံးဆယ်ကျော်က ရှေ့ထွက် ရပ်ရင်း စိတ်လှုပ်ရှားမှု အပြည့်နဲ့ စောင့်နေခဲ့တယ်။
ကောင်းကင် တာအို ခန်းမမှာ စည်းမျဉ်း တစ်ခု ရှိတယ်။ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်တဲ့ တပည့်သားတိုင်း မိုးနတ် ရေကန်ကို ဝင်ဖို့ အခွင့်အရေး တစ်ခုရှိတယ်။
ဒါပေါ့။ ပြန်လည် မွေးဖွားမှု အဆင့်ကို ရရချင်း ဝင်ရတာတော့ မဟုတ်ဘူး။ ရွေးချယ်မှုက တပည့်သား ကိုယ်တိုင် အပေါ် မူတည်တယ်။ ဒါပေမယ့် အခုတစ်ခေါက် မိုးနတ်ရေကန်ကို ဝင်တဲ့ ပတပည့်သား အရေအတွက်က ပုံမှန်ထက် သိသိသာသာကို များနေတယ်။ သူတို့တွေ ချီကူယန်နဲ့ အတူတူ ဝင်ဖို့ စောင့်နေတာ အသိသာကြီးပဲ။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ပထမ တစ်ခုက သာမာန် အရည်အချင်းရှိတဲ့ တပည့်သားတွေတောင် မိုးနတ် ရေကန်မှာ အဆင့်မြင့်မြင့် ရနိုင်တဲ့ အခွင့်အရေးကြောင့်။ ဒုတိယ တစ်ခုကတော့ ချီကူယန်ရဲ့ လက်ထဲမှာ ဖန်ကျန်းရှီ ရှုံးနိမ့်သွားရင် ဖြစ်လာမယ့် မျက်နှာကို မြင်ချင်တာကြောင့်ပဲ။ ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမကနေ ထွက်မသွားချင်သေးလို့ အချိန်ဆွဲနေတာမှန်း သူတို့ ရှင်းရှင်းလင်းလင်း သိတယ်။
“ဆရာ ထွက်လာပြီလား။”
“ဟင့်အင်း။ ဒုတိယ အကြီးအကဲ ပြောတာကို ငါကြားတာတော့ ဆရာက နောက်၂ရက် အတွင်း ပြန်ရောက်မယ် ဆိုပဲ။”
“မြန်မြန် ကြည့်လိုက်။ အစ်မကြီး ချီကူယန် ရောက်လာပြီ။” ဆွေးနွေးပြောဆိုနေတဲ့ အချိန်မှာပဲ အဝေးက ရောက်လာတဲ့ လူသုံးယောက်ကို ကောင်းကင် တာအို တပည့်သားတွေ တွေ့လိုက်ရတယ်။
“ဟိုအကောင်လည်း ပါလာတယ်။”
“အမ်။ ရန်ချင်းက ဘာဖြစ်လို့ အစ်မကြီး ချီကူယန်နဲ့ ဟိုကောင့် နောက်မှာ လိုက်လာတာလဲ။ သူကော ဒီနေ့ မိုးနတ် ရေကန်ကို ဝင်မလို့လား။”
ကောင်းကင် တာအို တပည့်သားတွေ မိုးနတ် ရေကန် အနားကို ရောက်လာတဲ့ လူတွေကို ကြည့်ရင်း နည်းနည်းတော့ ကြောင်အအ ဖြစ်နေကြတယ်။
ချီကူယန်ရဲ့ ဝတ်ရုံက ခါတိုင်း ပုံမှန် ဝတ်နေကျ ပုံစံနဲ့ သိသိသာသာကြီးကို ကွာခြားတယ်။ နှင်းလို ဖြူဖွေးနေတဲ့ ခေါင်းစည်းကွင်းနဲ့ ဆံပင်တွေကို မြင့်မြင့် စီးထားခဲ့တယ်။ ဒါ့အပြင် သူမရဲ့ ပုံမှန် ဆွဲဆောင်မှု ရှိတဲ့ ပုံစံကနေ ကွဲထထွက်ပြီးတော့ တန်ဖိုးကြီး စစ်သည်တော် တစ်ယောက် အသွင် ရောက်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပုံမှန်အတိုင်း ဝတ်ရုံပြာကို ဝတ်ထားခဲ့တယ်။ သူ့နောက်မှာတော့ ရန်ချင်းက ပုံမှန် အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ထားခဲ့တယ်။
ဖန်ကျန်းရှီကတော့ ရန်ချင်း ပါလာတာကို စိတ်ထဲမှာ ကြိုတင် မပြင်ဆင် ထားမိဘူး။ ပတ်ဝန်းကျင်က တပည့်သားတွေလည်း သံသယ အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီက ရန်ချင်းကို သူ့နောက် လိုက်လာခိုင်းမယ်လို့တော့ မထင်ဘူး။ နောက်ဆုံးတော့လည်း ဒီနေ့ မိုးနတ် ရေကန်ကို သူဝင်မယ်ဆိုတာ ရန်ချင်းကို ပြောထားပြီးသားလေ။ သူတို့ နှစ်ယောက် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး။
ရန်ချင်းကတော့ စကားတစ်ခွန်းတောင် မဟ။ ဖန်ကျန်းရှီကလည်း ရန်ချင်းရဲ့ စိတ်လွတ်လက်လွတ် နေတဲ့ ပုံစံကို မနှောက်ယှက်ဘူး။ ပတ်ဝန်းကျင်က တပည့်သားတွေ သူတို့ကို လမ်းဖယ် ပေးကြတယ်။
“အစ်မကြီး ကူယန်။”
“အစ်မကြီး။”
တပည့်သားတွေ ချီကူယန်ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြတယ်။
ချီကူယန်လည်း ခေါင်းငြိမ့် ပြတယ်။ ဒါပေမယ့် အရှိန်မလျှော့ဘူး။ မိုးနတ် ရေကန်ကို ခပ်သုတ်သုတ် သွားနေခဲ့တယ်။ မိုးနတ် ရေကန်နားမှာ စောင့်နေတဲ့ တပည့်သား သုံးဆယ်ကျော်လည်း မျှော်လင့်တကြီး အမူအယာတွေ ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။
“အစ်မကြီး။” တပည့်သား သုံးဆယ်ကျော် ချီကူယန်ကို နှုတ်ဆက်ကြတယ်။
“အင်း။” ချီကူယန် ခေါင်ငြိမ့် ပြပြီးနောက်။ အဖြူရောင် ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ လူကြီး တစ်ယောက်ဆီ လျှောက်လာတယ်။ နည်းနည်း ဦးညွှတ်ရင်း ပြောတယ်။ “ဆဠမ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်။”
“ဓလေ့ထုံးတမ်းတွေ အတိုင်း လုပ်စရာ မလိုပါဘူး ကူယန်။ မင်းနဲ့ ဖန်ကျန်းရှီ လောင်းကြေးထပ်ထားတဲ့ အကြောင်း ငါကြားပြီးပြီ။ အမှန်ပဲလား။” အကြီးအကဲ ပြုံးပြရင်း မေးတယ်။
“မှန်ပါတယ်။ လောင်းကြေး ထပ်ထားတယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။
“ဟဟား။ ကောင်းပြီ။ ငါနားလည်ပြီ။ ဒါဆိုလည်း သွားတော့။” အကြီးအကဲ ပြုံးပြတယ်။
“ကျေးှဇူးတင်ပါတယ် အကြီးအကဲ။” အဲ့ဒီ့နောက် ချီကူယန်လည်း ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ လေထဲကို တပတ်ကျွမ်း ပြစ်ပြီးတော့ လှလှပပလေး ခုန်ချသွားတယ်။ ရေကန်ထဲကို ပလုံခနဲ ကျသွားတယ်။
“..” ချီကူယန် ရေထဲမှာ ပျောက်ကွယ် သွားတာကို ကြည့်ရင်း ဖန်ကျန်းရှီ ပါးစပ် အဟောင်းသား ဖြစ်နေတယ်။ နေစမ်းပါအုန်း။ မဟုတ်သေးပါဘူး။ ဒီပြိုင်ပွဲက တရားရဲ့လား။ သူတို့တွေက လက်ချင်းတွဲပြီးတော့ ရေကန်ထဲ ခုန်ချရမှာ မဟုတ်လား။
အရင်ဆုံး ခုန်ချသွားတာ ဘာသဘောလဲ။
“လှည့်စားတာလား။”
အပိုင်း(၆၉၇)ပြီး၏။
(ဒီရက်ပိုင်းမှာ စာတွေက နည်းနည်း ပျင်းစရာ ကောင်းလို့ မြန်မြန် သွားကြမယ်။ စိတ်ဝင်စားစရာ အပိုင်းလေးတွေ မြန်မြန်ရောက်အောင်ပေါ့။)
(ဇာတ်ကြောင်းထဲမှာ မရှင်းမရှင်း ဖြစ်နေတာတွေ ရှိရင် ဘာသာပြန်သူကို ပြန်မေးလို့ ရတယ်နော်။)
အပိုင်း (၆၉၈)
“မိုးနတ်ရေကန်က မထင်မှတ်ထားတဲ့ အပြောင်းအလဲ။”
နောက်ပြီးတော့ အခုလိုမျိုး ဘာမပြော ညာမပြော ခုန်ချ သွားတာက ခွင့်မလွှတ် နိုင်စရာပဲ။ ဒီမှာ လှည့်စား နေတာကို ဘယ်သူမှ သတိ မထားမိဘူးလား။ ဖန်ကျန်းရှီလည်း ဆဌမ အကြီးအကဲကို တစ်ချက်လှမ်းကြည့်တယ်။ အဲ့ဒီ့နောက် ကောင်းကင် တာအို တပည့်သားတွေကို ကြည့်လိုက်တော့ သူတို့က သူ့ကို ပုံမှန် အတိုင်း ပြန်ကြည့်နေတယ်။ ဘာမှ ထူးထူးဆန်းဆန်း ဖြစ်မသွား သလိုပဲ။
“..” ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားပြီ။ အိမ်ကွင်းသမားတွေက ပိုပြီးတော့ အားသာတယ် ဆိုတဲ့ စကားကိုပေါ့။ သူထုတ်ပြောသင့်လား။ အချိန် ဖြုန်းရုံသက်သက်ပဲ ဖြစ်သွားမှာလား။
ဖန်ကျန်းရှီလည်း အဓိပ္မာယ် မရှိတဲ့ ကိစ္စတွေ အတွက် အချိန် မဖြုန်း ချင်ဘူး။ ချီကူယန်က ခုန်ချသွားပြီ။ ဒီတော့ သူလည်း လိုက်ခုန်ချရမယ်။
တစ်ချက်လေေးတာင် မတွေဝေပဲနဲ့ ချီကူယန် ခုန်ချတဲ့ ပုံစံ အတိုင်း ခုန်ချသွားတယ်။ ဖန်ကျန်းရှီ ရေထဲ ကျသွားတာနဲ့ ကြည့်နေတဲ့ တပည့်သားတွေ မျက်လုံး ပြူးကုန်တယ်။ အထူးသဖြင့် ရှေ့ထွက်ပြီးတော့ ရပ်နေကြတဲ့ တပည့်သား အယောက်သုံးဆယ် ပိုပြီးတော့ အံ့သြ နေကြတယ်။
“..”
“အဲ့ဒီ့ ကောင်စုတ်က အပြာရောင် ရေကန်ထဲကို ခုန်ချသွားတယ်။ အဲ့တာ ထူးဆန်း အံ့ဖွယ် တောင်ကြား မဟုတ်လား။”
“ဟု ဟုတ်တယ်။ မိုးနတ် ရေကန်မှာ စမ်းချောင်း ငါးခု ခွဲထားတာကို သူမသိဘူးလား။ အနီရောင် ကောင်းကင်ကိုးဘုံ ရေကန်ကို ခုန်ချ ရမှာလေ။ ဒါမှ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကို ချက်ခြင်း မြင်ရမှာပေါ့။”
“သူ တကယ်ပဲ ထူးဆန်းအံ့ဖွယ် တောင်ကြားက အပြာရောင် ရေကန်ကို ခုန်ချသွားတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေ သလိုပဲ။ အစ်မကြီး ချီကူယန်က သူ့ကို မိုးနတ် ရေကန်ရဲ့ စမ်းချောင်း ငါးခု အကြောင်း ပြောပြ မထားဘူးလား။”
ထိတ်လန့် တကြား ဖြစ်နေတဲ့ ကောင်းကင် တာအို တပည့်သားတွေ တစ်ခုခုကို သတိရ သွားကြတယ်။ ရေစပ်နားမှာ ရပ်နေတဲ့ ဆဌမ အကြီးအကဲကို သူတို့ လှည့်ကြည့်ကြတယ်။
“အဟွတ် ဟွတ်။ ရေကန်တွေ ပြောင်းတာကို၊ ငါ့လို ကောင်းကင် တာအို ခန်းမ အကြီးအကဲ တစ်ယောက်က ဘယ်လို” ဆဌမ အကြီးအကဲ ချောင်း အတော်ဆိုးပြီးနောက် မျက်နှာတွေ နီရဲ လာခဲ့တယ်။ သူရှင်းပြ ဖို့ လုပ်ပြီးတော့မှာ စကားကို ရပ်လိုက်တယ်။
“ခန်းမ ခေါင်းဆောင်က ဒီကောင်စုတ်ကို မိုးနတ် ရေကန်ထဲ ဝင်ခွင့် ပြုခဲ့တယ်။ ဒါပေမယ့် အဲ့ဒီံ ကောင်စုတ်က မတော်တဆ ထူးဆန်း အံ့ဖွယ် တောင်ကြားထဲ ခုန်ချ သွားတယ်။ အသက် အန္တရာယ် ဖြစ်မေယ့် ကိစ္စတော့ ကြုံရမှာ မဟုတ်ပါဘူး။ ဒါက ပြန်လည် မွေးဖွားမှု အဆင့် တပည့်သားတွေ အတွက် လေ့ကျင့်ရေး မြေပြင်ပဲ။ ထူးဆန်းအံ့ဖွယ် တောင်ကြားကို ဖြတ်ပြီးမှ ကောင်းကင် ကိုးဘုံကို ဝင်လို့လည်း ရတာပဲ။ တကယ်တော့ ထူးဆန်း အံ့ဖွယ် တောင်ကြားကို ဝင်တာကသူ့အတွက် ပိုပြီးတော့ အကျိုးရှိတယ်။ စိန်ခေါ်မှုတွေ စမ်းသပ်ချက်တွေ တပုံကြီးက သူ့ကို တောင်ကြားထဲမှာ စောင့်နေတယ်။ ဒီတော့ အဆိုးထဲက အကောင်းပဲပေါ့။”
ဆဌမ အကြီးအကဲက (မတော်တဆ)နဲ့ (အဆိုးထဲက အကောင်း) ဆိုတာကို သိသိသာသာကြီး အားစိုက်ပြီး ပြောနေခဲ့တယ်။
ဒါကိုကြားတော့ ကောင်းကင် တာအို တပည့်သားတွေ ဖြစ်နေတာကို နားလည်သွားတယ်။ ဆဌမ အကြီးအကဲ ပြောတဲ့ အတိုင်းပဲ မုချင်းဖန်းက ဖန်ကျန်းရှီကို မိုးနတ်ရေကန်ထဲ ဝင်ခိုင်းတယ်။ ဒါပေမယ့် ဘယ်ရေကန်ကို အရင်ဝင်ရမယ်လို့ မပြောဖူးဘူး။ ဘယ်ရေကန်ကို ဝင်ဝင် ဒါက သူ့ရဲ့ ရွေးချယ်မှုပဲ။
“တွေးကြည့်ရင် ဒီကောင်စုတ်က ကံအတော် ကောင်းတာပဲ။”
“ဟုတ်တယ်။ သူ့ကို ထူးဆန်း အံ့ဖွယ် တောင်ကြားထဲ ဝင်ခိုင်းတာတောင် အတော့်ကို များနေပြီ။ ”
“ဟုတ်တယ်။ ပုံမှန် အတိုင်းဆိုရင် အံ့ဖွယ် တောင်ကြားမှာ လေ့ကျင့်ခွင့်ရဖို့ ထူးခြားတဲ့ စွမ်းဆောင်မှု ရှိရမယ်။ ဒီကောင်စုတ်က ကံကောင်းလွန်းတယ်။ အံ့ဖွယ် တောင်ကြားကိုတောင် မတော်တဆ ဝင်ခွင့် ရသွားသေးတယ်။”
ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီရဲ့ ကံတရားကို ချီးမွမ်းရင်းနဲ့၊ တစ်ယောက်ကို တစ်ယောက် လှောင်ပြုံးပြုံး နေကြတယ်။
ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေရဲ့ စကားပြောသံကိုကြားတော့ အကြီးအကဲ လည်း ခေါင်းကို ဖြည်းဖြည်းချင်း မော့လာတယ်။ “ကြောက်စရာ ကောင်စုတ်လေး။ ငါ့ကို အပြစ်မတင်နဲ့။ မင်းက တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို ဘယ်လိုတောင် ရိုက်နှက်ဝံ့တာလဲ။ ငါသာ မင်းကို နည်းနည်းလောက် သင်ခန်းစာ မပေးရင်၊ မင်းက ကောင်းကင် တာအို ခန်းမကို ကိုယ့်အိမ် ကိုယ့်ယာလို့ ထင်နေ တော့မှာပဲ။”
“အကြီးအကဲ ကျွန်တော်တို့ ဝင်တော့မယ်။” ကောင်းကင် တာအို တပည့်သားတွေ တညီတညွတ်တည်း ပြောကြတယ်။
“ကောင်းပြီ။ ဒါဆိုလည်း သွားတော့။ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကို ရှာဖွေကြ။ မှတ်ထား။ တည်တည်ငြိမ်ငြိမ်နေ။” အကြီးအကဲ ပြောရင်းနဲ့ ရေစပ်နားမှာ စောင့်နေခဲ့တယ်။
“အကြီးအကဲရဲ့ အကြံဉာဏ်ကို နာယူ မှတ်သားပါ့မယ်။” ကောင်းကင် တာအို တပည့်သားတွေ ပြန်ဖြေကြတယ်။ အဲ့ဒီ့နောက် မိုးနတ် ရေကန် အနီရောင်ထဲကို တစ်ယောက်ပြီး တစ်ယောက် ခုန်ဝင် ကြတော့တယ်။
“ရန်ချင်း။ မင်းလည်း ဝင်ချင်တာလား” အကြီးအကဲက ရန်ချင်းကို ကြည့်ရင်း တဖျပ်ဖျပ် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ မေးတယ်။ ကောင်းကင် တာအို လူရွေးပွဲက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက် အောင်မြင်သူက သုံးယောက် ရှိခဲ့ပေမယ့်၊ အဆုံးသတ်မှာတော့ ချန်းဝူက သေသွားတယ်။ ရန်ရွှယ်က သူတို့ကို ငြင်းပယ်တယ်။ ကောင်းကင် တာအို ခန်းမကို ဝင်တာ ရန်ချင်း တစ်ယောက်တည်း။
ရန်ချင်းက တစ်ကိုယ်တည်း သမားနဲ့ တူပေမယ့်၊ မသေနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်တယ်။ လူမူ ဆက်ဆံရေး မကောင်းတာက လွဲပြီးတော့ကျန်တဲ့ အရည်အချင်းတွေကတော့ မြင့်မားတယ်။
“ဟုတ်” ရန်ချင်း ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။ မင်းက ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ကို ရောက်နေတာပဲ။ ကောင်းကင် တာအို ခန်းမ စည်းမျဉ်း အရဆိုရင် ကောင်းကင် ကိုးဘုံ ရေကန်ထဲကို တန်းဆင်းလို့ ရပြီ။ မင်းဘယ်လို ထင်လဲ။”
“အကြီးအကဲ လမ်းညွှန် ပေးပါ။” ရန်ချင်း ခေါင်းငြိမ့်လိုက်တယ်။
“ဟဟား ကောင်းပြီလေ။ ဒါဆိုလည်း အနီရောင် ရေကန်ထဲကို ခုန်ချလိုက်။” အကြီးအကဲ ကျေကျေနပ်နပ်ကြီး ပြုံးပြရင်း ပြောတယ်။
“နားလည်ပါပြီ။” အဲ့ဒီ့နောက် ရန်ချင်း အပြာရောင် ရေကန်ထဲကို ခုန်ချလိုက်တယ်။ ဒါကို ကြည့်နေတဲ့ ကောင်းကင်တာအို တပည့်သားတွေ တအံ့တသြ ဖြစ်နေကြတယ်။
“ရန်ချင်းက ဘာဖြစ်လို့ အပြာရောင် ရေကန်ထဲကို ခုန်ချတာလဲ။ အဲ့တာ အံ့ဖွယ် တောင်ကြားလေ။”
“အကြီးအကဲ ပြောပြတာ ရှင်းရှင်းလေးကို။”
“ဘယ်လိုလဲဟ။ အကြီးအကဲက ဒီလောက် ရှင်းရှင်းလေး ပြောထားတာကို။ သူက အရောင်တွေကို မခွဲတတ်တဲ့ သူလား။”
ကောင်းကင်တာအို တပည့်သားတွေ ထိတ်လန့်တကြား ကြည့်နေကြတယ်။ အကြီးအကဲလည်း မပြုံးနိုင်တော့ဘူး။ အပြာရောင် ရေကန်ကို ကြည့်ရင်း သူ့မျက်နှာက နီရဲ နေခဲ့တယ်။
….
မိုးနတ်ရေကန် ပထမ ကောင်းကင်ဘုံ။
နေမင်းကြိးက ထိန်ထိန်သာနေခဲ့တယ်။ မှုန်းမှိုင်းနေတဲ့ ရာသီဥတု မရှိဘူး။ ဒါပေမယ့် ကောင်းကင်ကြီးက ရေစက်တွေ လှိုင်းထန် နေခဲ့တယ်။ ချီကူယန်က မြေပြင်ကြီးရဲ့ အလယ်မှာ ရပ်နေခဲ့တယ်။ တလက်လက် တောက်ပနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ နေရောင်ကို ခံစား နေခဲ့တယ်။ အဲ့ဒီ့နောက် လှိုင်းထန်နေတဲ့ ကောင်းကင်ကြီးကနေ ကျဆင်းနေတဲ့ ရေစက်တွေကို လက်တစ်ဖက်နဲ့ ခံယူ နေခဲ့တယ်။
သူမက နတ်မိမယ် တစ်ပါးလိုပဲ။ အရမ်းကို သန့်စင်ပြီးတော့ ကြည်လင်နေတယ်။ မောက်မာမှုနဲ့ ထူးခြားမှုတွေ ပြည့်နှက် နေခဲ့တယ်။ သူမ နောက်ဘက်မှာတော့ ကျောင်းတော်သား ဝတ်ရုံနဲ့ လူသုံးဆယ် ရပ်နေခဲ့တယ်။ သူတို့ အားလုံး ပါးစပ်ကို ကျယ်ကျယ် ဖွင့်ရင်း ရေစက်တွေကို ဖမ်းယူနေတယ်။
ဒီရေစက်တွေက လူတစ်ယောက်ရဲ့ ပြင်ပ ကိုယ်ခန္ဒာကိုယ် ကောင်းမွန် လာစေရုံတင် မကဘူး။ စိတ်ကို ကြည်လင် လန်းဆန်း စေပြီးတော့ အာရုံ စူးစိုက် နိုင်စွမ်းကို တိုးလာစေတယ်။ ဒါက သူတို့ရဲ့ ရှေးအစဉ်အဆက်က အကြီးအကဲတွေ မိုးနတ် ရေကန်ကို အားစိုက်ထုတ်ပြီး ဖန်တီး ခဲ့ရတဲ့ အကြောင်းရင်းပဲ။
ချီကူယန်နဲ့ ကောင်းကင် တာအို တပည့်သားတွေ ပျော်မွေ့ နေတဲ့ အချိန်မှာပဲ မိုးကုပ် စက်ဝိုင်းမှာ အရိပ်ကြီး တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရှေးဟောင်း စာလိပ်ကြီး တစ်ခု မြင်ကွင်းထဲကို ရောက်လာတယ်။
“ေပေါ်လာပြီ။”
“ပထမဆုံး ကောင်းကင်ကိုးဘုံ သုခမိန် ပုံရိပ်လွှာ။”
ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ တပည့်သားတွေရဲ့ မျက်ဝန်းက ချက်ခြင်း လင်းလက် လာခဲ့တယ်။ တစ်ယောက် ချင်းစီတိုင်းက ပျော်ရွှင် စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပနေခဲ့တယ်။ စာလိပ်က ခပ်ဖျော့ဖျော့ အလင်းတန်းတွေ တောက်ပနေတယ်။ မှင်ရည်တွေက ဖြည်းဖြည်းချင်း ပေါ်လာပြီးတော့ စာလိပ် အဆုံးထိ ရောက်လာတယ်။ အစကနေ အဆုံးထိ စုတ်ချက် တစ်ခုတည်းပဲ။
ဓားမြှောင်တစ်ချောင်၊ ဓားတစ်လက်၊ တူတစ်ချောင်း၊ လျှပ်စီးတစ်ချက်၊ အမာရွတ် တစ်ခုလို ရှုပ်ထွေးတဲ့ စုတ်ချက် တစ်ခုပဲ။ ဒါ့အပြင် အရမ်းကို ထက်ရှနေတယ်။ ဒါက ပထမ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာပဲ။
….
ဖန်ကျန်းရှီ တကယ်တော့ သိတယ်။ ခေါင်းမော့ လိုက်တာနဲ့ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကို တခြား သူတွေလို မြင်ရတာ မဟုတ်ဘူးလို့။ အခုတော့ သူခေါင်းမော့ လိုက်တဲ့ အချိန်မှာ ထူထပ်လွန်းတဲ့ တိမ်မြူနှင်းတွေကို တွေ့လိုက်ရတယ်။ အဲ့ဒီ့ မြူနှင်းတွေကို မြင်ရုံနဲ့တင် သူ့သွေးတွေ ဆူပွက် လာတော့တယ်။ အရှက်မရှိတဲ့ စုံတွဲ တစ်တွဲက လူရှေ့မှာ လာပြီးတော့ ကလူကျီစယ် နေတာကို မြင်ရသလိုပဲ။
“အဲ့ဒီ့ တိမ်တွေ ဘာတွေလဲ။” ဖန်ကျန်းရှီ မျက်တောင် တစ်ဖျပ်ဖျပ် ခတ်ရင်း ပဟေဠိ ဖြစ်နေခဲ့တယ်။ ဒီနေရာကို ဘယ်လိုလုပ် သူရောက် လာတာလဲ။ ပြောထားတဲ့ ကောင်းကင် ကိုးဘုံ ဆိုတာက ဘယ်မှာလဲ။ ဘယ်ရောက်နေလဲ။ ဟိုကောင်မလေး ချီကူယန်နဲ့ တခြား ကောင်းကင် တာအို တပည့်သားတွေကော ဘယ်ပျောက် သွားတာလဲ။
“ငါ လမ်းမှား လာတာလား။” ဖန်ကျန်းရှီ ပါးစပ် ဟပြီးတော့ ကျလာတဲ့ ရေစက်တွေကို ကြိုးစားသောက်တယ်။ ဒီရေတွေက နည်းနည်း ချိုတယ်။ စွမ်းအင် အရင်းအမြစ်တွေ သူ့ခန္ဒာကိုယ်ထဲကို စီးဝင် လာသလိုပဲ။
ချီကူယန် ပြောထားတဲ့ အတိုင်း ဆေးပင် ၉၉၉ပင်က နှင်းစက်တွေ ဖြစ်လိမ့်မယ်။ မိုးလည်း ရွာတယ်။ နှင်းစက်တွေလည်း ကျလာတယ် ဆိုတော့ ငါလာတာ လမ်းမှန်တယ် မဟုတ်လား။
ဖန်ကျန်းရှီ နည်းနည်းတော့ ပဟေဠိ ဖြစ်နေတယ်။ ဒါက မိုးနတ် ရေကန်ဆိုတာ သေချာပါတယ်။ သူလည်း ဒီရေကန်ထဲပဲ ခုန်ချ လာတာလေ။ ဒါ့အပြင် သူပြောထားတဲ့ အတိုင်း နှင်းစက်တွေလည်း ကျလာသေးတယ်။ မမှားနိုင်ပါဘူး။ သူထင်ထားနဲ့ မတူရုံလေးပဲ။
ဖန်ကျန်းရှီ ဒီပဟေဠိကို အဖြေညှိနေတယ်။ ဒီအချိန်မှာပဲ သူ့မျက်စိရှေ့က မီးခိုးထုကြီး တဖြည်းဖြည်း မှောင်မည်းလာတယ်။ အထဲမှာ ကြီးမားတဲ့ အရိပ်ကြီး တစ်ခု ပုန်းအောင် နေသလိုပဲ။
“ပုံရိပ်လွှာက ဒီမှာ ရှိနေတာလား။” ဖန်ကျန်းရှီ မျက်လုံးတွေ အရောင်လက်လာတယ်။ သူ့ရဲ့ စိတ်ပျက်မှုကနေ စိတ်လှုပ်ရှား မျှော်လင့်တကြီး ပုံစံကို ပြောင်းလဲ သွားတယ်။ ဒီကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာက ဘယ်လို ပုံစံ ဖြစ်မလဲ သူမသိဘူး။
စာလုံးတွေလား။ မှင်ပန်းချီလား။ ဓား ဖြစ်မလား။ လှံဖြစ်မလား။
ဖန်ကျန်းရှီရဲ့ စိတ်ကူးက အဆုံးသတ် မရှိဘူး။ အခုချိန်မှာ သူ့ရဲ့ စိတ်ကူးယဉ်မှုက အရမ်းကို ထင်ရှား ပြတ်သားနေတယ်။ နောက်ဆုံးတော့လည်း ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက ကျောက်တုံးတွေ မဟုတ်ပဲ လောကသစ် တစ်ခုဆိုတာ ကြုံတွေ့ ဖူးထားတဲ့ လူတစ်ယောက်လေ။
ဒီတော့လည်း ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာက ပုံရိပ်တင် မဟုတ်လောက်ဘူး။ လက်နက် တစ်ခု။ ဒါမှမဟုတ် သစ်ပင် တစ်ပင်တောင် ဖြစ်နိုင်သေးတယ်။
“ဝေါင်း။” ဒီအချိန်မှာ အင်အားကြီးတဲ့ သားရဲကောင် အော်သံကြီးတစ်ခု မြူနှင်းထဲကနေ ထွက်ပေါ်လာတယ်။ မြေပြင် တစ်ခုလုံး တုန်ခါသွားတယ်။
ဝုန်း။
နွားနဲ့တူတဲ့ သားရဲကောင်ကြီး တစ်ကောင် မြူနှင်းထဲကနေ ပြေးထွက် လာခဲ့တယ်။ သုံးမီတာ မြင့်မားပြီးတော့ တောင်ငယ် တစ်လုံးနဲ့ တူတယ်။ တစ်ကိုယ်လုံးမှာ ထူထဲတဲ့ အနက်ရောင် အကြေးခွံတွေ ပြည့်နေပြီးတော့ ချွန်ထက်တဲ့ ဦးချို နှစ်ချောင်းလည်း ခေါင်းမှာ ရှိနေသေးတယ်။ အပြာရောင် မီးတောက်တွေ တောက်ပနေတဲ့ မျက်ဝန်းတစ်စုံလည်း ရှိတယ်။
“ဒီတော့ ကောင်းကင်ကိုးဘုံရဲ့ ပထမ ပုံရိပ်က သားရဲကောင်လား။” သူ့ဆီကို ပြေးလာနေတဲ့ သားရဲကောင်ကြီးကို ကြည့်ရင်း ဖန်ကျန်းရှီ နည်းနည်းတော့ ဖြုံနေခဲ့တယ်။
အပိုင်း (၆၉၈) ပြီး၏။
အပိုင်း (၆၉၉)
“နောက်ကွယ်က ကြံစည်ခြင်း။ ကံတရားကို ပြန်ရေးမယ်။”
ရုတ်တရက် ဖန်ကျန်းရှီ သူ့ရဲ့ စိတ်ကူးနိုင်စွမ်းတွေ ရုတ်တရက် အားနည်း သွားသလို ခံစားလိုက်ရတယ်။ သုခမိန် ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာက သက်ရှိ သားရဲကောင်ကြီး ဖြစ်နေမယ်လို့ မထင်ထား ခဲ့မိဘူး။ နေစမ်းပါအုန်း အဲ့တာ တကယ်ပဲ သားရဲကောင်ကြီးလား။ ငါ့ကို လာနောက် နေတာလား။
ဖန်ကျန်းရှီက မတုံးအဘူး။ ဖြစ်နိုင်ချေတွေကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့မျက်စိရှေ့က သားရဲကောင်ကြီးကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေတယ်။ သဲလွန်စ တစ်ခုခု တွေ့လို တွေ့ညား ရှာတယ်။ ဒီလို အတွေးမျိုး တွေးနေတဲ့ အချိန် သားရဲကောင်က သူ့ဆီကို ပြေးဝင် လာနေတယ်။
“ဒီလို နွားသေးသေးလေးကတောင် ငါ့ကို အနိုင်ကျင့်ချင် နေတာလား။ မြင်ကွင်းကို အေးအေးချမ်းချမ်း ကြည့်လို့ မရဘူးလား။” ဒုတိယ တစ်ခေါက် မတွေးတော့ပဲ ဖန်ကျန်းရှီ လေထဲကို ခုန်လိုက်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သားရဲကောင်ရဲ့ ခေါင်းကို တည့်တည့် ထိုးချလိုက်တယ်။
“ဝုန်း။” နားအူသွားစေတဲ့ အသံကြီးနဲ့ အတူ တောင်ကုန်းလောက် ရှိတဲ့ သားရဲကောင်ကြီး လွင့်ထွက် သွားတော့တယ်။ တိုင်လုံးကြီးတွေလို ခြေထောက်လေးချောင်းက လေထဲမှာ ကားထွက်ပြီးတော့ တောင် တစ်လုံးကို သွားစောင့်တယ်။ မိုးခြိမ်းသံလို အသံကြီးနဲ့ အတူ မြေပြင်ပေါ်ကို လိမ့်သွားတော့တယ်။
အံ့သြ ထိတ်လန့် စရာပဲ။ တကယ့်ကို အံ့သြ ထိတ်လန့် စရာပဲ။ အံ့ဖွယ် တောင်ကြားရဲ့ နယ်မြေတွေကို အုပ်ချုပ်နေတဲ့ သားရဲကောင်တွေက သူတို့ တာဝန်တွေ ကိုယ်စီ ရှိကြတယ်။ ဒီငွေဂျို နွားရိုင်းက ကောင်းကင် တာအို တပည့်သားတွေကို လေ့ကျင့်ပေးဖို့ အဓိက ရည်ရွယ်တယ်။
ဒါပေမယ့် လေ့ကျင့်ပေးသူ တစ်ယောက် အနေနဲ့ သူက တပည့်သားကို တွန်းထုတ် ပြစ်ရမှာ မဟုတ်လား။ အခု သူ့ရှေ့က အကောင်က ဘာအကောင်လဲ။ ဒီလို စည်းကမ်း နားမလည်တဲ့ ခွေးကောင်ကို ဘယ်သူက အံ့ဖွယ် တောင်ကြားထဲ လေ့ကျင့်ဖို့ ပို့ လိုက်တာလဲ။ နောက်ပြီးတော့ ဒီနေရာကို ဝင်ရတဲ့ ကောင်းကင် တာအို တပည့်သားတွေက သဘာဝလွန် အဆင့်နဲ့ ပြန်လည် မွေးဖွားမှု အဆင့် ကနဦး ကျင့်ကြံသူတွေ မဟုတ်ဘူးလား။
ငွေဂျို နွားရိုင်း အရမ်းကို မကျေမနပ် ဖြစ်နေတယ်။ ဒီလက်သီးချက်ကြောင့် သူအများကြီး ပျက်စီး မသွားခဲ့ဘူး။ စဉ်းစားဉာဏ် ရှိတဲ့ သတ္တဝါ တစ်ကောင် အနေနဲ့ နောက်တစ်ခေါက် ကြိုးစား ကြည့်ချင်တယ်။
“ဝွန်း။” ငွေဂျို နွားရိုင်း အော်ဟစ်ရင်း ပြေးဝင်လာပြန်တယ်။
သူ့ခန္ဒာကိုယ်ကို ဖုံးအုပ်ထားတဲ့ အနက်ရောင် အကြေးခွံတွေမှာ အပြာရောင် မီးတောက်တွေ တောက်လောင်လာတယ်။
…
ဖန်ကျန်းရှီ ဆီကို နောက်တစ်ခေါက် ပြေးဝင် လာနေတဲ့ အချိန်မှာပဲ လူတစ်ယောက် မြူနှင်းထဲကနေ သူ့အပေါ်ကို ပြုတ်ကျ လာနေတယ်။ ဒီလူက တစ်ကိုယ်လုံးကို အစိမ်းရင့်ရောင် ဝတ်ရုံ ခပ်ကြပ်ကြပ် ဝတ်ထားတယ်။ အသားအရေကလည်း နွားရိုင်းရဲ့ အကြေးခွံ သံချပ်ကာလို မည်းမှောင် နေနခဲ့တယ်။
“အမ် နောက်တစ်ယောက် ရှိသေးတာလား။” ငွေဂျို နွားရိုင်း သတိထားမိတဲ့ အချိန်မှာ နောက်ထပ် လက်သီးတစ်ချက်က သူ့ခေါင်းပေါ်ကို ရောက်လာခဲ့ပြန်ပြီ။ အဲ့ဒီ့နောက်၊ အဲ့ဒီ့နောက် ဘာမှ ဆက်မဖြစ်တော့ဘူး။
ငွေဂျို နွားရိုင်းရဲ့ မြင်ကွင်း တစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။ သတိလစ်သွားတဲ့ အချိန် သူ့စိတ်ထဲမှာ တစ်ခုပဲ တွေးနေခဲ့တယ်။ (မင်းတို့ကောင်တွေ နွားလေး တစ်ကောင်လို ဒီလောက်တောင် အနိုင်ကျင့်ဖို့ လိုလို့လား။”
….
သတိလစ်နေတဲ့ နွားရိုင်းဘေးမှာ အေးအေးဆေးဆေး ရပ်နေတဲ့ ရန်ချင်းကို ကြည့်ရင်း ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်နေခဲ့တယ်။ ဘာပြောရမလဲ မသိတော့ဘူး။ ရန်ချင်းကို မြင်လိုက်တော့ သူနည်းနည်း စိတ်သက်သာ ရသွားပြီ။ ရန်ချင်း ဒီနေရာမှာ ပေါ်လာတယ် ဆိုတော့ သူနေရာ မှန်နေပုံပဲ။
ဒါကို အထက်ဆင့်လို့ ခေါ်လို့ ရမှာလား။ နွားရိုင်းက ဘာသဲလွန်စမှ မရှိတဲ့ ပုံရိပ်လွှာ ဖြစ်နေတယ် မဟုတ်လား။ ဒါကသာ ကောင်းကင်ကိုးဘုံ သုခမိန် ပုံရိပ်လွှာက ပထမဆုံး ပုံရိပ် ဖြစ်ရင်၊ ရန်ချင်းက ဒီအခွင့်အရေးကို သူ့လက်ထဲက လုယူ သွားတာ မဟုတ်လားမ
“သဲလွန်စ ဘယ်မှာလဲ။” ဖန်ကျန်းရှီ ချက်ခြင်း မေးတယ်။
“အမ်။” ရန်ချင်းက ဖန်ကျန်းရှီ ပြောချင်တာကို နားမလည်ဘူး။
“မင်းက ဒီနွားရိုင်းကို ထိုးချလိုက်ပြီလေ။ သဲလွန်စ သတင်းလေးတောင် မရဘူးလား။” ဖန်ကျန်းရှီက အလွယ်တကူ အရူးလုပ် ခံမယ့်သူ မဟုတ်ဘူး။
“မရဘူး။” ရန်ချင်း အခုခထိ မေးခွန်းကို နားမလည် သေးဘူး။
“မဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် နောက်ထပ် သားရဲကောင်တွေကို ထပ်ပြီး အနိုင်တိုက်ရ အုန်းမှာလား။” ဖန်ကျန်းရှီ တွေးလိုက် မိတာ သုခမိန် ကိုးဘုံ စမ်းသပ်ချက်က အတော့်ကို ရက်စက်တဲ့ နေရာပဲ။ သူတို့ ရှေ့က သားရဲကောင်တွေက ပုံမှန် စွမ်းအားပဲ ရှိတယ်။ ရန်မြို့တော်မှာ ချန်းဝူ ဆင့်ခေါ်ခဲ့တဲ့ သားရဲကောင်တွေနဲ့ ယှဉ်လိုက်ရင်၊ ပေါက်စ အဆင့်ပဲ ရှိတယ်။
“အင်း။ ဖြစ်နိုင်ပါတယ်။” ရန်ချင်း ခေါင်းငြိမ့်တယ်။ သူတို့တွေ အံ့ဖွယ် တောင်ကြားထဲမှာ လေ့ကျင့်တာကို ပြီးမြောက်ချင်ရင် နောက်ထပ် သားရဲကောင်တွေကို ထပ်အနိုင်ယူ ရအုန်းမယ်။ ဒါမှပဲ ဒီနေရာက ခွာပြီးတော့ ကောင်းကင် ကိုးဘုံကို ဝင်နိုင်လိမ့်မယ်။
“…” ဖန်ကျန်းရှီ ဆက်မပြောတော့ဘူး။ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာက ဒီလောက် ပြဿနာ များမယ်လို့ မထင်ထားဘူးလေ။ သူတို့ ပြိုင်ဘက်လုပ်ပြီး တိုက်ခိုက်ရမယ့် သားရဲကောင်တွေကို နိုင်မှ သဲလွန်စ ရမှာတဲ့လား။
ဒီ့ထက် နည်းနည်း လွယ်လို့ မရဘူးလား။ ပုံရိပ် တစ်ခုကို ပြမယ်။ လူတိုင်းက အတူတူ ထိုင်ပြီးတော့ နှင်းရေ သောက်ရင်းနဲ့ ပုံရိပ်လွှာကို ဖြေရှင်းရမယ်လေ။
အခုလို ဖြစ်စဉ်ကတော့ လုံးဝကို အသုံးမကျတာပဲ။ ဖန်ကျန်းရှီ သူ့ဘာသူ တွေးနေတဲ့ အချိန်၊ ကောင်းကင်မှာ အလင်းတန်းတွေ ဖြာထွက် လာတာကို တွေ့လိုက်ရတယ်။ အသံတစ်သံ သူ့နားထဲမှာ ကြားလိုက်ရတယ်။
“ချီကူယန်က ဒုတိယ ကောင်းကင်ကို ဝင်သွားပြီ။”
“ချီကူယန်။”
“..”
မှိန်ဖျော့သွားတဲ့ အလင်းတန်းကို ကြည့်ရင်း ဖန်ကျန်းရှီ တောင့်တင်းနေတယ်။ ကောင်းကင်မှာ ပြန်ထူထပ်လာတဲ့ မြူနှင်းတွေကို ကြည့်ရင်း လက်ခလယ် ထောင်ပြလိုက်တယ်။ “ငလူးပဲ။”
ဘာလုပ်ချင် နေတာလဲ။ ချီကူယန်က သူ့ထက် နည်းနည်းလေးပဲ စောပြီးတော့ မိုးနတ် ရေကန်ထဲကို ဝင်တာ မဟုတ်လား။ သူက သဲလွန်စ တစ်ခုလေးတောင် မတွေ့သေးတဲ့ အချိန် သူမက ဘယ်လိုများ အဆင့်တက် သွားတာလဲ။
ချီကူယန်က ပြိုင်ဘက်တွေကို သတ်ပြစ် နေတာလား။ မတရားဘူး။ ဒီကိစ္စ နောက်ကွယ်မှာ လက်သည် ရှိရမယ်။
ဖန်ကျန်းရှီ ရုတ်တရက် အမှား လုပ်မိသလို ခံစား လိုက်ရတယ်။ အိမ်ကွင်းရဲ့ အားသာချက်ကို လျော့တွက် မိတာပဲ။ သူဘာလုပ်လို့ ရမှာလဲ။
နေစမ်းပါအုန်း တစ်ခုခုတော့ လွဲနေပြီ။
အတွင်းလူ ပါနေတယ်ဆိုရင် ရန်ချင်းက ဒီနေရာကို အကြီးအကဲရဲ့ အမိန့်နဲ့ ရောက်လာတာလား။ သူ့ဘေးမှာ ပေါ်လာရတာ သူ့ကို နှောင့်နှေးအောင် လုပ်ဖို့လား။ လွန်လွန်းလိုက်တာ။
“ရန်ချင်း မင်းငါ့ကို အခု ဒီနေရာမှာ စိန်ခေါ် ချင်တာတော့ မဟုတ်ဘူး မလား။ ငါချီကူယန်နဲ့ လောင်းကြေး ထပ်ထားလို့ အခု အလျင်လိုနေတယ်။” ရန်ချင်းကိုသာ အကြီးအကဲတွေ အစီအစဉ် ချပြီး လွှတ်လိုက်တာ ဆိုရင် သူတော့ သွားပြီလို့ ဖန်ကျန်းရှီ တွေးမိနေတယ်။
“စိန်ခေါ်မယ်။ မလုပ်ပါဘူး။ ဒီမှာ မင်းနဲ့ မတိုက်ခိုက်ပါဘူး။ အံ့ဖွယ် တောင်ကြားထဲကနေ မြန်နိုင်သလောက် မြန်မြန် ထွက်ရမယ်။ ဒါမှ ကောင်းကင် ကိုးဘုံ ပုံရိပ်လွှာ ဆီကို ဝင်နိုင်မှာ။” ရန်ချင်း ခေါင်းခါတယ်။
“ငါတို့တွေ။ နေစမ်းပါအုန်း။ မင်းပြောတာ အံ့ဖွယ် တောင်ကြားတဲ့လား။” ရန်ချင်းကို ချီးမွမ်းမလို့ ပြင်တဲ့ အချိန်မှာပဲ ကိစ္စ တစ်ခုကို သူရုတ်တရက် နားလည်သွားတယ်။
“ဟုတ်တယ်။ မင်း မိုးနတ် ရေကန်ထဲကို ဝင်တဲ့ အချိန်။ နေရာမှားပြီးတော့ ခုန်ချလိုက်တယ်။ အပြာရောင် ရေကန်ထဲကို ခုန်ချမိတော့။ အံ့ဖွယ်တောင်ကြားထဲ ရောက်နေတယ်။ ကောင်းကင် ကိုးဘုံ မဟုတ်ဘူး။” ရန်ချင်း ရှင်းပြတယ်။
“ငါက အပြာရောင် ရေကန်ထဲကို ခုန်တယ်။” ဖန်ကျန်းရှီ မယုံနိုင် ဖြစ်နေတယ်။ ဖန်ကျန်းရှီ ကောင်းကောင်း မှတ်မိတယ်။ ချီကူယန်ရဲ့ နောက်မှာ တမင် နေပြီးတော့ သူခုန်တဲ့ နေရာမှာပဲ ခုန်လိုက်တာလေ။ အပြာရောင်တဲ့။ သူခုန်ခဲ့တာ အနီရောင်ပါ။
“ဟုတ်တယ်။ မင်း အပြာရောင် ရေကန်ထဲကို ခုန်မိသွားတယ်။ ဒါပေါ့ မင်းအမှား မဟုတ်ဘူး။ ဆဋ္ဌမ အကြီးအကဲကိုပဲ အပြစ်တင်ရမှာပဲ။” ရန်ချင်း ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။
“ဆဋ္ဌမ အကြီးအကဲ။” လူကြီးတစ်ယောက် ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ အခုတော့ သူနားလည်ပြီ။ ချီကူယန်က ဘာကြောင့် သူတို့ နှစ်ယောက်ရဲ့ ပြိုင်ပွဲကို လူအများကြီး သိအောင် သက်သေထူ လိုက်လဲဆိုတာ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မြင့်လိုက်တာ။ အခြေအနေ တစ်ခုလုံးကို ကောင်းကောင်း သုံးသပ် နိုင်တာပဲ။
သိသိသာသာကို ချီကူယန်က အိမ်ကွင်းရဲ့ အားသာချက်ကို သုံးသွားခဲ့ပြီ။ ကိုယ်တိုင်တော့ ညစ်ပတ်တဲ့ အလုပ် မလုပ်ဘူး။ ဒါပေမယ့် ဘေးမှာ အထောက်အပံ့တွေ ရှိနေတယ်။ မိုးနတ် ရေကန်ကို ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲတွေ ထိန်းချုပ် ထားတာပဲ။ ဒီအကြီးအကဲတွေက ဖန်ကျန်းရှီ လက်ထဲ ချီကူယန် ရှုံးသွားမှာကို လက်ပိုက် ကြည့်နေကြမှာ မဟုတ်ဘူး။
အကြီးအကဲက ချီကူယန်ကို တကယ် အလောင်းအစား လုပ်ခဲ့တာလားလို့ သေချာအောင် မေးပြီး အတည်ပြုတာကို သူနားလည် သွားပြီ။ ဖန်ကျန်းရှီ ကူကယ်ရာ မဲ့နေတယ်။ သူတို့ စခဲ့တဲ့ အလောင်းအစားက ဒီလို အဆုံးသတ်မယ်လို့ မထင်ထား မိဘူး။ စိတ်ပျက် အားလျော့ နေပင်မယ့် ဒေါသ မထွက်ဘူး။
တရားမျှတမှု။ လောကကြီးမှာ ရှိမှ မရှိပဲ။ အသိပညာကို မေ့ထားရင်တောင်၊ ကံတရားက တစ်ခါတလေ ဒီအခြေအနေထဲ ထည့်တွက်လို့ရတယ်။ ဒါတောင် အခုက လွန်လွန်းပါတယ်။ သူထင်ထားထက် အဆတစ်ရာလောက် ခက်နေတယ်။ ဆဋ္ဌမ အကြီးအကဲက သူ့ကို အံ့ဖွယ် တောင်ကြားထဲ ပြစ်ထည့်လိုက်တယ်။ ဒီ့ထက် ပိုပြီးတော့ မတရားတာ ဘာရှိ အုန်းမလဲ။
“ကြည့်ရတာ ချီကူယန်က ကောင်းကင် တာအို ခန်းမမှာ နောက်တစ်လလောက် အချိန်ဖြုန်းစေချင်တဲ့ ပုံပဲ။” ချီကူယန်နဲ့ အချိန် အတော်ကြာ နေပြီးတဲ့နောက်၊ ချီကူယန်ရဲ့ စိတ်ဓာတ်ကို သူသိလာတယ်။ ချီကူယန်က အထူး အခြေအနေမျိုးမှာ နူးညံံ့ ညင်သာတဲ့ ပုံစံ ရှိတယ်။ အတွင်းပိုင်းမှာတော့ အတော့်ကို မောက်မာတဲ့ သွေးတွေက အရိုးထဲထိ နက်နက်ရှိုင်းရှိုင်း စီးဆင်းနေခဲ့တယ်။ ဒါကြောင့် သူ့နေရာကနေ တွေးရင်၊ ဖန်ကျန်းရှိကို နောက်ထပ် နေစေချင်ရင်တောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှာ မဟုတ်ဘူး။ သူ့ကိုယ်ပိုင် နည်းလမ်းကို သုံးပြီးတော့ပဲ ရအောင် လုပ်လိမ့်မယ်။
ကောင်းကင် တာအို ခန်းမမှာ သူနိုးလာတဲ့ အချိန်ကနေ ချီကူယန် စိတ်အား ထက်ထက်သန်သန် လုပ်နေတဲ့ အရာအားလုံးကို နားလည်သွားပြီ။ ဒီလောင်းကြေးက သူ့ကို ဆက်နေအောင် လုပ်တာပဲ။ ချီကူယန်ရဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်ကို သူနားလည်နိုင်တယ်။ သူဆက်ရှိနေရင် နှစ်တစ်ထောင် မီးဆေးပင်ကိုလည်း သူမ ဆက်ပြီးတော့ လေ့လာနိုင်မယ်လေ။
ဒါပေမယ့် ဖန်ကျန်းရှီ မလုပ်နိုင်ဘူး။ ယောကျာ်း တစ်ယောက်ရဲ့ ဘဝက အမျိုးသမီး တစ်ယောက်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေရင် ဘာအဓိပ္မာယ် ရှိမှာလဲ။
“ချီကူယန် တောင်းပန်ပါတယ်။ ငါလက်မခံနိုင်ဘူး။ ဒါက မတရားဘူးလေ။ မင်းကို အနိုင်ယူမှ ဖြစ်မယ်။ ငါ့ကံတရားကို ကိုယ်တိုင် ပြင်ရေးရမယ်။”
အပိုင်း (၆၉၉) ပြီး၏။
အပိုင်း (၇၀၀)
“ ပေါက်ကွဲမှု တစ်ခု။ လှည့်စားမှု တစ်ခုရဲ့ ဘဝ။”
ချီကူယန် တွေးနေတာကို ဖန်ကျန်းရှီ သိတယ်။ သူမရဲ့ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ဖန်ကျန်းရှိကို မယုံကြည်လို့ ဒီလို လုပ်တာ မဟုတ်ဘူး။ ဖန်ကျန်းရှီက မြင့်မြတ် နယ်မြေကို ဝင်တာ မကြာသေးဘူး။ အခုလို အခြေအနေမျိုးမှာ သူကိုယ်တိုင်ရဲ့ လုံခြုံမှုကိုက ပြဿနာ တစ်ခုလိုပဲ။ (ကန့်သတ် နယ်မြေ)ရဲ့ ရတနာကလည်း သူ့ခန္ဒာကိုယ်ထဲမှာ ရှိနေတယ်။ မြင့်မြတ် နယ်မြေရဲ့ အန္တရာယ်ကို ချင့်တွက်ရင်၊ ခြေလှမ်း တစ်လှမ်း မှားသွားရင်တောင် ချက်ခြင်း သတ်ဖြတ် ခံရလိမ်မ့ယ်။
ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ် ရှိတယ်။ သူ့ကိုယ်သူ အမှန်တရား ဘက်တော်သား သူတော်စင် တစ်ယောက်၊ ဒါမှမဟုတ်ရင် သေခြင်းကို မကြောက်လန့်တဲ့ လူကြီး လူကောင်း တစ်ယောက်လို့ မခံယူ ထားဘူး။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်ရဲ့ အစောင့်အရှောက် အောက်မှာလဲ ပုန်းအောင်း မနေချင်ဘူးလေ။
ဒါပေါ့။ ဒီကိစ္စကို ပြန်တွေးနေလည်း အကူအညီ မရဘူး။ လောင်းကြေးရှုံးသွားရင်၊ သူ့ရဲ့ ဂုဏ်သိက္ခာ ပျက်ပြားလိမ့်မယ်။ ချီကူယန်ရဲ့ အစေခံ ဘဝနဲ့ တစ်လလုံးလုံး အရှက်ကွဲ လိမ့်မယ်။ ဘယ်လောက်ပဲ သူမလုပ် ချင်ရင်တောင်ပေါ့။
“မဖြစ်ဘူး။ နည်းလမ်း ရှာရမယ်။” ဖန်ကျန်းရှီရဲ့ စိတ်က သူခံစား နေရတဲ့ နာကျင်စရာ အခြေအနေကို ခပ်မြန်မြန် သုံးသပ်တယ်။ သူ့မှာ ရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို သုံးဖို့ ဆုံးဖြတ် လိုက်ပြီ။
ချီကူယန်က ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာ ပထမ တစ်ခုကို ဖြေရှင်းလိုက်ပြီ။ ၁၅ မိနစ်ပဲ ကြာတယ်။ ရူးချင်စရာ ကောင်းအောင်ကို မြန်တယ်။
တရားမျှတတဲ့ ပြိုင်ပွဲမှာတောင် ချီကူယန်လို ပြိုင်ဘက်ကို အနိုင်ယူနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အ၀ မရှိဘူး။ အခုချိန်မှာ အဆိုးဆုံးကတော့ စမှတ်က မိုင်တွေချီပြီး ကွာဝေး နေတာပဲ။
အခု သူကဘယ်ကို ရောက်နေတာလဲ။ အံ့ဖွယ် တောင်ကြားထဲက တောနက်ကြီးထဲမှာ ရောက်နေတယ်။ ဘေးပတ်လည်မှာ အင်အားကြီး သားရဲကောင်တွေ အများကြီး ပြည့်နေပြီးတော့၊ မြေပုံလေး တစ်ခုတောင် မရှိဘူး။ ရန်ချင်း တစ်ယောက်ပဲ ဘေးမှာ ရှိတယ်။
“မတရားလိုက်တာ။” ဒီအချိန် တစ်လျှောက်လုံးမှာ အပြုသဘောဆောင်တဲ့ အတွေး တွေးထားပေမယ့်၊ အခုတော့ မအောင်မြင်နိုင်တဲ့ စိန်ခေါ်မှုနဲ့ သူ့ကို ချည်နှောင်ခံ ထားရတယ်။ ဘာလုပ်နိုင်တော့မှာလဲ။”
“ငါတို့ မသွားသေးဘူးလား။” ဖန်ကျန်းရှီရဲက အမူအယာကို မြင်ပြီးနောက် ရန်ချင်း မေးတယ်။ အဲ့ဒီ့နောက် သူ့ဘေးပတ်လည်က မြူတွေကို ကြည့်ရင်း အကဲခတ်နေတယ်။
“ဘယ်ကို သွားရမလဲ မင်းသိလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“မသိဘူး။” ရန်ချင်း ခေါင်းခါတယ်။
“ငါမှတ်မိပြီ။ မင်းက တောထဲမှာ ကြီးလာတာ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဒါပေမယ့် ဒီတောက ငါနေခဲ့တဲ့ တောမှ မဟုတ်ပဲ။”
“..” ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ ပတ်ဝန်းကျင်ကိုသာ လှည့်ပတ် ကြည့်နေခဲ့တယ်။ မြူထူထူတွေ၊ သစ်ပင်တွေ၊ နေရောင်ခြည်နဲ့ မြက်တွေ။ ဒီမြင်ကွင်း ထဲမှာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။ ခပ်ရှင်းရှင်း ပြောရရင်၊ အခုချိန်မှာ သူက ခေါင်းမပါတဲ့ ယင်ကောင်နဲ့ ဘာမှ မကွာဘူး။
အံ့ဖွယ် တောင်ကြားထဲမှာ အရပ်မျက်နှာတောင် မခွဲတတ်ဘူး။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ဘာက ဘယ်လိုမှန်း သူမသိ။
နေစမ်းပါအုန်း။ မြောက်၊ တောင်၊ အရှေ့၊ အနောက်။ စဉ်းစားကြည့်ရင် မိုးနတ်ရေကန်က အရောင်တွေနဲ့ နယ်ပယ် ငါးခု ခွဲထားတယ်။ ဒီတော့ နယ်မြေ ငါးခုပဲ။ အနီရောင်က ကောင်းကင် ကိုးဘုံကို ရောက်တယ်။ အပြာရောင်က အံ့ဖွယ် တောအုပ်ကို ရောက်တယ်။
မူလ ပစ္စည်း ငါးခုက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ။ အနီရောင်က မီးကို ကိုယ်စားပြုတယ် မဟုတ်လား။ အပြာရောင်က ရေကို ကိုယ်စားပြုတယ်။ အခု သူရောက်နေတာက အံ့ဖွယ် တောင်ကြားက တောထဲ။ တောဆိုရင် သစ်သား ဖြစ်သင့်တယ်။ မဟုတ်သေးဘူး။ ထူးဆန်း ထူးဆန်းတဲ့ မြူနှင်းတွေ။ မြူနှင်းတွေက ရေတွေပဲ။
အံ့ဖွယ် တောင်ကြားက ရေကို ကိုယ်စားပြုတယ်။ သူရောက်နေတာက ရေရဲ့ နယ်မြေပဲ။ ချီကူယန်က ကောင်းကင် ကိုးဘုံမှာ ရှိနေတယ်။ ဒီတော့ ကောင်းကင်က မီးနယ်မြေ။ အရာဝတ္ထု ငါးခုကို စီစဉ်လိုက်ရင်၊ မီးက အရင်ဆုံး လာမယ်။ ကောင်းကင်ကိုးဘုံ သင်္ကေတ နဲ့လည်း ကိုက်တယ်။ သစ်သားနဲ့ ရေက ဘယ် ညာ နှစ်ဖက်မှာ ရှိတယ်။ ရေနဲ့ သတ္တုကတော့ အောက်ဘက်မှာ ရှိမယ်။
မြောက်၊ တောင်၊ အရှေ့၊ အနောက်။ သူက အခုချိန် အနောက်တောင်ဘက်မှာ ရှိနေတာ၊ မီးက မြောက်ဘက်မှာ ရှိနေတော့။ အရှေ့မြောက်ဘက်ကို သွားရမယ်။
“-ျီးပဲ။ ငါက ထက်မြက်လိုက်တာ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ ချက်ခြင်း တောက်ပလာတယ်။ သူ့ကိုယ်သူ ဆက်တိုက် ချီးမွမ်း နေမိတယ်။ ဒီအချိန်မှာပဲ နားထဲကို အသံတစ်သံ ဝင်ရောက် လာပြန်တယ်။
“ချီကူယန်က တတိယ ကောင်းကင်ကို ဝင်ပြီ။”
“ချီကူယန် တတိယ ကောင်းကင်ဘုံ”
“…”
ဖန်ကျန်းရှီ သူ့ကို မိုးကြိုး ပြစ်ချ ခံလိုက်ရသလို ခံစားရတယ်။ သူပြောချင်တယ်။ “မင်း မြန်လို့ရတယ်။ ဒါပေမယ့် ဒီလောက် မမြန်ပါနဲ့လား။”
….
မိုးနတ် ရေကန်ထဲက ကောင်းကင် ကိုးဘုံမှာ၊ တပည့်သား အယောက်သုံးဆယ်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ကူကယ်ရာမဲ့ အံ့သြ လေးစားမှုတွေ သူတို့ မျက်ဝန်းထဲမှာ မြင်နေရတယ်။ သူတို့ အားလုံးက ပထမ ကောင်းကင်ဘုံကို ရှာဖွေ နေတုန်း ရှိသေးတယ်။ ချီကူယန်က တတိယ ကောင်းကင်ဘုံကို ရောက်သွားပြီ။ သူတို့ ခေါင်းပေါ်က ပုံရိပ်လွှာကို ကြည့်ရင်း မျက်မှောင်ကြုတ်နေကြတယ်။
“အဲ့ဒီ့ ပုံရိပ်လွှာက ဘာကို ဆိုလိုတာလဲ။” နှင်းရည်မိုးထဲမှာ ရပ်နေရင်း ဒီပဟေဠိကို အကြိမ်ကြိမ် စဉ်းစား နေကြတယ်။ အပြင်ဘက်မှာလည်း တပည့်သားတွေက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ထိတ်လန့် နေကြတယ်။
“အစ်မကြီး ချီကူယန် တတိယ ကောင်းကင်ဘုံကို ဝင်သွားပြီလား။”
“မြန်လိုက်တာ။”
“တကယ့်ကို အစ်မကြီး ချီကူယန် ပီသ ပါပေတယ်။”
ချီကူယန်ရဲ့ ကြောက်စရာ ပါရမီကို တပည့်သားတွေ အားလုံး အသိမှတ် ပြုလိုက်မိတယ်။ ဆဋ္ဌမ အကြီးအကဲကတော့ ပြုံးနေခဲ့တယ်။
“ဆဋ္ဌမ အကြီးအကဲ။ ဖန်ကျန်းရှီနဲ့ ရန်ချင်းက အံ့ဖွယ် တောအုပ်ထဲမှာ သူတို့ ရောက်နေတဲ့ နေရာကို သိသွားပါပြီ။ အခုချိန်မှာ ကောင်းကင် ကိုးဘုံရဲ့ အရပ်မျက်နှာကို ရှာနေကြပါတယ်။” တပည့်သား တစ်ယောက်က မိုးနတ် ရေကန်ထဲမှာ ဖြစ်နေတာကို ကြည့်ရင်း ခပ်တိုးတိုး သတင်းပို့တယ်။
“တကယ်လား။” ဆဋ္ဌမ အကြီးအကဲ မျက်လုံးပြူးသွားတာ သိသိသာသာကြီးပဲ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူ့ကိုယ်သူ ပြန်ထိန်းလိုက်တယ်။ “ငါ တကယ်ပဲ ဒီကောင်စုတ်လေးကို လျော့တွက် မိခဲ့တယ်။ ဒါပေမယ့် အရပ်မျက်နှာ ရှာတွေ့ရင်တောင် တောထဲက ထွက်ဖို့ အနည်းဆုံး ၂နာရီ ကြာမှာပဲ။”
“ဟုတ်တယ်။ အံ့ဖွယ် တောင်ကြားထဲက သားရဲကောင်တွေက မသန်မာ ပေမယ့် အရေအတွက်ကတော့ မနည်းလှဘူး။” တပည့်သား တစ်ယောက် ခေါင်းငြိမ့်ရင်း ထောက်ခံတယ်။
“ကောင်းပြီ။ မင်းသွားလို့ ရပြီ။” ဆဋ္ဌမ အကြီးအကဲ ပြန်ဖြေတယ်။
“ဟုတ်ကဲ့။”
အဝေးက တပည့်သားကို ကြည့်ရင်း ဆဋ္ဌမ အကြီးအကဲရဲ့ အပြုံးတွေက ပိုပြီးတော့ တောက်ပလာတယ်။ “ချီကူယန်ရဲ့ အရှိန်နှုန်းကို ကြည့်ရင်၊ ဖန်ကျန်းရှီ ကောင်းကင် ကိုးဘုံကို ဝင်တဲ့ အချိန်မှာ၊ ပဉ္စမ ကောင်းကင်ဘုံကို ရောက်နေလောက်ပြီ။ ဒီကောင်စုတ်လေး ဘယ်လောက်ပဲ ပါရမီရှိရှိ နိုင်နိုင်မှာ မဟုတ်ဘူး။
….
ဖန်ကျန်းရှီက ရန်ချင်းလိုမျိုး တောထဲမှာ ကြီးလာတာ မဟုတ်ပေမယ့် အရပ်မျက်နှာကို ရှာတဲ့ နေရာမှာ အတော့်ကို တော်တယ်။ ကန်လင်းတောင်ထဲမှာ ငယ်ငယ်လေးတည်းက အမဲလိုက်လာတဲ့သူ ဖြစ်နေတော့၊ ပတ်ဝန်းကျင်က မြူထူထူ တွေကလည်း သူ့အတွက် ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သားရဲကောင် အော်သံတွေကို သူဆက်တိုက် ကြားနေရတယ်။ ဒါက အတော့်ကို သားကောင်ပေါတဲ့ တောနက်ကြီးပဲ။
“မင်း သူတို့ စကားကို ပြောနိုင်တာလား။” ပုံမှန်ဆိုရင် အမြဲတမ်း တိတ်ဆိတ်နေတဲ့ ရန်ချင်းက အရှေ့ကနေ ဦးဆောင် ပြေးနေတဲ့ ဖန်ကျန်းရှီကို လှမ်းမေးတယ်။
“သားရဲကောင်တွေနဲ့ စကားပြောတာလား။ မပြောတတ်ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ဒါဆိုရင် သားရဲကောင်တွေရဲ့ နယ်မြေကို မင်း ဘယ်လိုလုပ် ရှောင်နိုင်တာလဲ။” ရန်ချင်း ထပ်မေးတယ်။
“သားရဲကောင်တွေနဲ့ စကားမပြောနိုင်ပေမယ့်၊ ငယ်ငယ်တည်းက တောတောင်ထဲမှာ အမဲလိုက်လာတာ သားရဲကောင်တွေရဲ့ အသံကို ခွဲတတ်တယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ငါနားလည်ပြီ။” ရန်ချင်း မေးခွန်း မေးတာ ရပ်သွားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ နောက်ကျောကို ကြည့်တဲ့ သူ့မျက်ဝန်းတွေက တဖြည်ဖြည်းနဲ့ ပိုတောက်ပ လာခဲ့တယ်။
….
“ကွေ့ထျန်းနု ဒုတိယ ကောင်းကင်ဘုံကို ဝင်ပြီ။”
“..”
“လီဝူကျိ ဒုတိယ ကောင်းကင်ဘုံကို ဝင်ပြီ။”
“တန်..”
“…”
ဖန်ကျန်းရှီ တောထဲကို အေးအေးဆေးဆေး ဖြတ်နေတဲ့ အချိန်မှာပဲ ကောင်းကင်ကိုးဘုံက အသံတွေ သူ့နားထဲကို ရောက်လာပြန်တယ်။ အချိန်ကြာလာ တာနဲ့အမျှ ကောင်းကင် တာအို တပည့်သားတွေ ပထမ ပုံရိပ်လွှာကို အောင်အောင် မြင်မြင် ဖြတ်ကျော်သွားတဲ့ ကြေညာချက်တွေ ထွက်လာတော့တယ်။
“ဆယ့်သုံးယောက် ရှိနေပြီ။” ဖန်ကျန်းရှီ တိတ်တဆိတ် ရေတွက်နေတယ်။ ဒါပေါ့။ ဒီတပည့်သာေးတွက အင်အားကော အရည်အချင်းကော အားမနည်းဘူး။ ကောင်းကင် တာအို ခန်းမကိုတောင် ရောက်လာပြီး နေပြီလေ။ ပထမ ပဟေဠိ လောက်နဲ့ ကျရှုံးမှာ မဟုတ်ဘူး။
“ရှင်းလီအန်း ဒုတိယ ကောင်းကင်ကို ဝင်သွားပြီ။”
“..”
“နရှန်တင်း ဒုတိယ ကောင်းကင်ဘုံကို ဝင်ပြီ။”
“..”
“၂၇ယောက် ရှိနေပြီ။” မိုးနတ် ရေကန်ထဲကို ဝင်ဖို့ လုပ်နေခဲ့တာ ကောင်းကင် တာအို တပည့်သား ၃၂ယောက်ပဲ ရှိမှန်း သူမှတ်မိတယ်။ အခုတော့ ၂၇ယောက်က ဒုတိယ ကောင်းကင်ဘုံကို ရောက်သွားပြီ။ အထင်ကြီး စရာပဲ။ အဆုံးသတ်မှာ ပိုပြီးတော့ ခက်ခဲပေမယ့်၊ ဒီတပည့်သာေးတွ ဒုတိယ ကောင်းကင်ဘုံမှာ ရပ်တန့် နေမှာ မဟုတ်မှန်း ဖန်ကျန်းရှီ သိတယ်။
သူစဉ်းစား နေတဲ့ အချိန်မှာပဲ နောက်ထပ် အသံတစ်သံ သူ့နားထဲကို ဝင်လာခဲ့တယ်။
“ချီကူယန် စတုတ္ထ ကောင်းကင်ကို ရောက်ပြီ။”
“ချီကူယန်”
“..”
“စတုတ္ထ ကောင်းကင်ကို ရောက်သွားပြီလား။ အဆုံးသတ်မှာ ပိုခက်မယ်ဆိုတဲ့ စိန်ခေါ်မှုက ဘယ်မှာလဲ။ ဒီကောင်မလေး ချီကူယန်က ဒီလောက်တောင် မြန်မြန်ဆန်ဆန် တက်နေတာ။ ကစားပွဲမှာ လှည့်စား နေတာလား။”
ဖန်ကျန်းရှီ ကူကယ်ရာ မဲ့သလို ခံစား နေရတယ်။ ချီကူယန်ရဲ့ ပါရမီက အံ့သြစရာ ကောင်းတာ ဟုတ်တယ်။ အခုတော့ သူက အရမ်း မြန်မြန်နဲ့ ထိုးဖောက်နေပြီ။ ဒါက သူ့ကို ရူးသွပ် လာစေတယ်။
“မဖြစ်ဘူး။ ငါအရှိန် မြှင့်ရမယ်။” ဖန်ကျန်းရှီ ရန်ချင်းကို လှည့်ကြည့်တယ်။ “ကောင်းကင် ကိုးဘုံက အရှေ့တောင် အရပ်မှာ ရှိတယ်။ အဲ့ဒီ့ကို ဘယ်သူ အရင်ရောက်မလဲ ပြိုင်ကြမလား။”
“အမ်။” ရန်ချင်း သူ့စကားကြောင့် သိသိသာသာ လန့်သွားခဲ့တယ်။ ဒါပေမယ့် သူ့မျက်ဝန်း အကြည့်တွေက အရမ်းကို ထက်ရှ လာခဲ့တယ်။ “ကောင်းပြီ။ ငါရှုံးရင်၊ ချီကူယန်လိုပဲ အစေခံ တစ်လ လုပ်မယ်။ ဒါပေမယ့် မင်းရှုံးရင်တော့ ကတိ တစ်ခု ပေးရမယ်။”
“အမ်။ ဒါက ပုံမှန် ပြိုင်ပွဲပဲ မဟုတ်ဘူးလား။” ရန်ချင်းက ဒီလို လောင်းကြေးမျိုး တောင်းဆို လာမယ်လို့ ဖန်ကျန်းရှီ မထင်ထား ခဲ့မိဘူး။
“အကိုကြီးဖန် မစိုးရိမ် ပါနဲ့။ ငါ့စကားတွေကို ပြန်မရုပ်သိမ်းဘူး။”
“ဘာကိစ္စ လုပ်ရမှာလဲ။”
“နိုင်တဲ့ အချိန် ပြောပြပါမယ်။ အကိုကြီးဖန်။ ဒါပေမယ့် ငါ့ကိစ္စက မင်းအတွက် ပြဿနာ များလွန်းရင်၊ အောင်မြင်နိုင်ချေ မရှိရင်၊ ဘာမှ မပြောပဲ ချက်ခြင်း ပြန်ရုပ်သိမ်းမှာပါ။” ရန်ချင်း ဆက်ပြောတယ်။
“ကောင်းပြီလေ။ စကြစို့။” ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ ဒီလို လောင်းကြေးမျိုးက အရမ်း စဉ်းစားလို့ မဖြစ်ဘူးလေ။
“ဝုန်း။”
ဖန်ကျန်းရှီရဲ့ အသံ ဆုံးတဲ့ အချိန်မှာပဲ မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာတယ်။ ခြေထောက်အားကြောင့် မြေပြင်တွေ အက်ကွဲကုန်တဲ့ အသံပဲ။ နောက်အချိန် အခိုက်အတန့်မှာပဲ၊ အစိမ်းရင့်ရောင် အရိပ်က သူ့မြင်ကွင်းကနေ ပျောက်ကွယ် ပြီးတော့ မြူနှင်းထဲကို မြားတစ်စင်းလို ဝင်ရောက် သွားတယ်။
အပိုင်း(၇၀၀)ပြီး၏။