#အကယ်ဒမီတွင်တရားဟောခြင်း#
Vol. 32 Ch. 456
စတုရန်းပုံကွက်လပ်အထက်တွင် နေရာလွတ်ဟူ၍မရှိပေ။
ထိုင်ခုံများပင်မရှိသဖြင့် ဘေးတွင်သာရပ်နေကြရသည်။
တခြားဂိုဏ်းများကဂိုဏ်းချုပ်များနှင့် ပါရမီရှင်များပင်လျှင် ထိုသို့နေနေရပြီး ဘယ်သူမှ မညည်းညူရဲပေ။
ဒါက စံအိမ်တော်ဟူသောနာမည်၏ ခြိမ်းခြောက်မှုကြောင့်မဟုတ်ဘဲ ဒဏ္ဍာရီများကိုလေးစားသောကြောင့်ဖြစ်သည်။
လူတိုင်းဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်များပေါ်ပေါက်လာမှာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။
ထိုအချိန်တွင် လျှို့ဝှက်တာအိုအကယ်ဒမီအတွင်း ခေါင်းလောင်းသံတစ်သံထွက်လာသည်။
လူတိုင်းလန်းဆန်းသွားကြပြီး အပေါ်သို့ စိတ်လှုပ်ရှားတကြီးကြည့်လိုက်ကြသည်။
စံအိမ်တော်ရှိရာဘက်ကနေ သက်တန့်ရောင်အလင်းတန်းခြောက်ခုထွက်လာပြီး ကောင်းကင်ကိုဖြတ်သန်းကာ ချကိချင်းဆိုသလို စတုရန်းအပေါ်ရှိကောင်းကင်၌ ရောက်လာသည်။
လူတိုင်းမော့ကြည့်လိုက်ကြ၏။
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့်တခြားစံအိမ်တော်၏တပည့်များက ကောင်းကင်ထက်တွင် ပေါ်လာကြသည်။
ရှင်းဟုန်ယီ ကောင်းကင်ထက်ရှိ ယဲ့ချိုးပိုင်အားကြည့်ရင်း ပြုံးလိုက်မိသည်။
သေချာတာတခုကတော့ အမှီလိုက်ရန် အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။
အရင်ကသူမ ယဲ့ချိုးပိုင်၏နယ်ပယ်ကို မြင်နိုင်သော်လည်း ယခုတွင်မူ နယ်ပယ်၏ နက်ရှိုင်းမှုကို လုံး၀မြင်နိုင်စွမ်းမရှိတော့ပါ။
သို့သော် ရှင်းဟုန်ယီ၏နှလုံးသားက တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့် ပြည့်၀နေခဲ့သည်။
သူမနှလုံးသားထဲတွင် ယဲ့ချိုးပိုင်က မြင့်မားသည့်တောင်တလုံးဖြစ်ပြီး သူမပင်မရောက်နိုင်လောက်အောင် မိုးထိလုနီးပါးမြင့်သော တောင်တန်းကြီးတလုံးပင်။
သူမကတောင်တက်သမားဖြစ်သည်။
တနေ့တွင် သူမဒီတောင်ကိုဖြတ်သန်းမည်။
အခွင့်အရေးကဖြစ်နိုင်ချေအရမ်းနည်းပါစေ မဖြစ်နိုင်သည်ဖြစ်စေ ရှင်းဟုန်ယီ တောင်ပေါ်တက်ကာ ထိပ်ကရှုခင်းကို သာယာခံစားချင်ရုံသာ။
လျန်ဖုန်းနှင့် ကျန်းချောင်မြန့်တို့ကလည်း အတူတကွလက်ချင်းတွဲရပ်နေကြသည်။
သူတို့၏မျက်နှာများကလေးနက်နေကြ၏။
"အဲကောင်ဘေးနယ်ပယ်ကို မြင်နိုင်သေးလား"
ကျန်းချောင်မြန့်ခေါင်းခါယမ်းသည်။
"ဒီတကြိမ်ရော ငါတို့အတူတကွသွားကြမလား"
ကျန်းချောင်မြန့်ခေါင်းခါယမ်းသည်။
"အစ်ကိုချောင်မြန့်က အဆင့်မြင့်နေတုန်းပဲ၊ ဒီလိုအရာမျိုးက တယောက်ချင်းစီပဲ ဆောင်ရွက်သင့်တာပေါ့၊ မဟုတ်ဘူးဆိုရင် ဒါက ငါ့ရဲ့ဓားသမားမျိုးဆက်တွေရဲ့ အပြုအမူတွေကို စော်ကားရာကျလိမ့်မယ်"
ကျန်းချောင်မြန့်ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လိုက်သည်။
"မင်းဘာပြောချင်တာလဲ၊ ငါအဆင်ပြေတယ်၊ ပြောလိုက်"
ကျန်းချောင်မြန့်ပါးစပ်ဖွင့်လိုက်၏။
"ငါဆိုလိုချင်တာက လက်ရှိယဲ့ချိုးပိုင်ကို ငါတို့နှစ်ယောက်အတူတူတိုက်မယ်ဆိုရင်တောင် သူ့ဓားချက်ကိုရပ်တန့်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
လျန်ဖုန်း၏မျက်နှာကအေးခဲသွား၏။
ကြည့်ရတာဟုတ်သလိုပဲ!
တခြားတဘက်တွင် ချင်းထျန်နျန်နှင့် အထွေထွေအကယ်ဒမီ၏ဥက္ကဌတို့က အတူတကွရပ်နေကြသည်။
"ချိုးပိုင်ရဲ့ခွန်အားက မြင့်သထက်ပိုမြင့်လာနေပြီ၊ သူတို့ကနယ်နိမိတ်မဲ့နယ်မြေမှာ ကောင်းကောင်းလုပ်ခဲ့ကြပုံပဲ"
ချင်းထျန်နျန်ကျယ်လောင်စွာရယ်မောသည်။
"ဒီကျောင်းသားတွေကဘယ်ကလဲဆိုတာ မင်းမသိလို့လား"
အထွေထွေအကယ်ဒမီဥက္ကဌက ချင်းထျန်နျန်ကို တချက်သာစူးစိုက်ကြည့်သည်။
"ကြည့်ရတာ မင်းသင်ပေးထားတဲ့အတိုင်းပါလား"
"လုချန်ရှန်းက ငါတို့ရဲ့တောင်ပိုင်းလျှို့ဝှက်တာအိုအကယ်ဒမီကပဲလေ"
"...."
"ယဲ့ချိုးပိုင်နဲ့တခြားသူတွေက လုချန်ရှန်းရဲ့တပည့်တွေလား...."
"...."
"ဒီလိုဆိုရင် သူတို့က ငါတို့ကောလိပ်ကျောင်းသားတွေနဲ့မတူဘူးပေါ့"
ချင်းထျန်နျန်၏ ရေနွေးအိုးဆူပွက်လာတာကိုပင်မကြောက်သော ၀က်သေတကောင်ကဲ့သို့ မောက်မာသည့်အကြည့်ကိုမြင်ရသောအခါ အထွေထွေအကယ်ဒမီ၏ ဥက္ကဌ(ဌာနမှူး)မှာ ရုတ်တရင်ရိုက်နှက်ပစ်ချင်စိတ်ပေါ်လာသည်။
.....
အောက်မှာရှိသည့်လူအုပ်စုကြီးကိုကြည့်ရင်း ယဲ့ချိုးပိုင်ပြောလိုက်သည်။
"ကျုပ်တို့မှာပြောစရာအများကြီးတော့မရှိပါဘူး၊ ဒီမှာလည်းလူအများကြီးရှိတော့ ကျုပ်တို့ကိုတယောက်ယောက်စိန်ခေါ်ချင်တယ်ဆိုရင် တက်လာခဲ့ပါ"
"လူတိုင်းက ဆွေးနွေးမှုကနေသင်ယူနိုင်ပြီး သူတို့သင်ယူခဲ့တာတွေကို တွေ့မြင်နိုင်ပါတယ်"
ယဲ့ချိုးပိုင်၏စကားလုံးများက လူတိုင်းအား ဆူပွက်သွားစေသည်။
စံအိမ်တော်က အဲဒီဒဏ္ဍာရီလာတပည့်တွေနဲ့အတူ ယှဉ်ပြိုင်ဖို့အခွင့်အလမ်းရလာမှာလား!
ထိုအချိန်တွင် လူငယ်တစ်ယောက်က ဓားတစ်လက်ကိုမြှောက်ကာ ယဲ့ချိုးပိုင်ရဲ့ဆန့်ကျင်ဘက်သို့ရောက်လာသည်။
ထိုလူငယ်ကိုမြင်သောအခါ လူတိုင်းအံ့ဩသင့်သွားကြ၏။
"အဲဒါကျန်းရီပဲ၊ သူကလျှို့ဝှက်တာအိုအကယ်ဒမီရဲ့ အထွေထွေအကယ်ဒမီက ပါရမီရှင်ပဲ၊ သူ့ပါရမီက အရမ်းနတ်ဆိုးဆန်လွန်းတယ်လို့ပြောကြတယ်"
"မှန်တယ်၊ သူက လျို့ဝှက်ဓားဂိုဏ်းကိုသွားပြီး ဓားတောင်ပေါ်မှာရှိတဲ့ လျန်ဖုန်းရဲ့ မူလစံချိန်ကိုတောင် ချိုးဖျက်ပစ်ခဲ့တယ်တဲ့"
"သူ့မှာ လူငယ်မျိုးဆက်တွေအကြား အထူးချွန်ဆုံးဓားသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့ အနည်းငယ်ထိုက်တန်မှုရှိတယ်"
အောက်ကဆွေးနွေးမှုများကို စံအိမ်တော်က လူတိုင်းကလည်းကြားကြသည်။
ယဲ့ချိုးပိုင်နှလုံးသားထဲကနေညည်းညူလိုက်မိသည်။
လူငယ်မျိုးဆက်လား!
ငါတို့ကရောလူငယ်တွေမဟုတ်လို့လား!
ချက်ချင်းဆိုသလို သူကရှေ့က ကျန်းရီကိုကြည့်လိုက်သည်။
ရေစီးဆင်းမှုလား!
ဓားသိုင်းပါရမီကလည်း ဓားသခင်တ၀က်အဆင့်ကိုရောက်နေသည်။
ယခုလိုပါရမီက အမှန်တကယ်ပင် ကောင်းမွန်သည်။
ထိုအချိန်တွင် ကျန်းရီကဓားကိုဆုပ်ကိုင်လိုက်၏။
"စီနီယာယဲ့၊ စီနီယာဆီကနေ ဉာဏ်အမြင်ပွင့်ဖို့မျှော်လင့်ပါတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သော်လည်း ဓားမထုတ်ပေ။
ကျန်းရီမျက်မှောင်ကြုတ်လိုက်သည်။
"စီနီယာယဲ့၊ ခင်ဗျားရဲ့ခွန်အားက ကျုပ်ထက် အများကြီးအားကောင်းတယ်ဆိုပေမယ့် ကျေးဇူးပြုပြီးဓားထုတ်လိုက်ပါ"
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးသည်။
"ဓားဆိုတာဘာလို့မင်းထင်လဲ"
ကျန်းရီအနည်းငယ်အံ့ဩသင့်သွား၏။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"ဓားကနေရာတိုင်းမှာရှိတယ်"
"သစ်ရွက်တရွက်နဲ့သစ်ပင်တပင်ကလည်း ဓားတလက်ဖြစ်နိုင်တယ်"
"လေပြေလေညင်းကလည်း ဓားတလက်ဖြစ်နိုင်တယ်"
"ငါ့လက်ထဲမှာဓားမရှိဘူးဆိုပေမယ့် မင်းဂရုစိုက်သင့်တယ်"
စကားပြောပြီးနောက် ယဲ့ချိုးပိုင်လက်ညိုးဖြင့်ထောက်လိုက်သည်။
ချက်ချင်းဆိုသလို ဓားဆန္ဒတခုက အဝေးတနေရာက မြင့်မားသည့်တောင်တစ်တောင်အား တိုက်ရိုက်ထိုးဖောက်သွား၏။
မြင့်မားသည့်တောင်ထိပ်တွင် ဧရာမအပေါက်ကြီးတခုရှိနေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းထိတ်လန့်သွားကြသည်။
ဓားကိုလက်ထဲမှာတောင်မကိုင်ထားဘဲ ဒီလိုအဆင့်ထိရောက်နိုင်တာလား!
ယဲ့ချိုးပိုင်ပြောခဲ့သည်များကို ပြန်လည်တွေးတောမိစဉ် အောက်ကဓားသမားများက အတွေးနက်ထဲသို့ကျရောက်သွားကြ၏။
ကျန်းရီလက်သီးနှစ်ဖက်ဆုပ်လိုက်သည်။
"ကျုပ်ကအပေါ်ယံအဆင့်သာရှိပါသေးတယ်၊ စီနီယာယဲ့၊ ကျေးဇူးပြုပြီး ကျုပ်ကို အကြံဉာဏ်ပေးပါဦး"
ချက်ချင်းဆိုသလို သူကဓားကိုကိုင်ပြီး ယဲ့ချိုးပိုင်အား ပိုင်းချလိုက်သည်။
ရုတ်တရက်ဓားများစွာက နေရာတိုင်းတွင်တောက်ပလာပြီး ဝိုင်းရံထားသည့်ကွန်ရက်တခုအလား ယဲ့ချိုးပိုင်အား ၀န်းရံလိုက်ကြ၏။
ဓားဆန္ဒများစွာက အလွန်အင်မတန်ပင် လှပတင့်တယ်နေသည်။
ယဲ့ချိုးပိုင်ညင်သာစွာပြုံးရင်း တချက်ထောက်လိုက်သည်။
သူ့နောက်တွင် ဓားဆန္ဒကဘယ်ညာနေရာများ၌ ဂရုမစိုက်သည့်ဟန်ထွက်လာသည်။
ထိုလက်ချောင်းက ဓားဆန္ဒကိုထိမိသောအခါ ချက်ချင်းဆိုသလို လှပလွန်းသည့်ဓားဆန္ဒက ကွန်ရက်ကို၀န်းရံလိုက်ပြီး ဘာမှမရှိတော့သည့်အဖြစ်ကို တိုက်ရိုက် ပြောင်းစေကာ ကမ္ဘာမြေပေါ်မှပင် ပျောက်ကွယ်သွားစေသည်။
"ခေတ်ဆန်တယ်"
"ဓားက မင်းကြွားဖို့သုံးထားတဲ့ကိရိယာတခုမဟုတ်ဘူး၊ မင်းရှင်သန်ပြီး ဒီကမ္ဘာကြီးထဲမှာ လျှောက်လှမ်းနိုင်ဖို့အတွက် မင်းမှီခိုအားကိုးရမယ့် အစွမ်းထက်လက်နက်တခုပဲ"
"ဓားဆန္ဒများစွာကို ဖယ်ရှားပြီး ဓားတစ်လက်တည်းအဖြစ်စုစည်းထားနိုင်ရင် စွမ်းအားကပိုပြီးကြီးမားလာလိမ့်မယ်"
ကျန်းရီနားထောင်ရင်းခေါင်းညိတ်သည်။
ထို့နောက်သူ့စိတ်ကိုရှင်းပစ်ကာ ဓားဆန္ဒကို ဓားထိပ်ဖျား၌ သိပ်သည်းစေပြီး ယဲ့ချိုးပိုင်အား နောက်တကြိမ်ထိုးလိုက်ပြန်သည်။
ယခုတွင်မူ တောက်ပလင်း၀င်းသည့်ဓားဆန္ဒရှိမနေတော့ဘဲ ထိုဓားတလက်တည်းသာရှိပြီး ထက်ရှသည့်ရည်ရွယ်ချက်နှင့်အတူ သူကယဲ့ချိုးပိုင်အား ထိုးပစ်သည်။
ဒီမြင်ကွင်းကိုမြင်ရသောအခါ ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။
နားလည်မှုကောင်းသားပဲ!
လက်တချောင်းတည်းက ဓားဆန္ဒကို ပိတ်ဆို့ပစ်သည်။
ကျန်းရီ သူ့ဓားဆန္ဒမှ စွမ်းအားအကြီးအမားတိုးတက်လာတာကို ခံစားနေရသည်။
တချိန်တည်းမှာပင် ဓားသိုင်းနယ်ပယ်ကလည်း ထိုအခိုက်အတန့်၌ ချိုးဖျက်သွားခဲ့သည်။
ဓားဆန္ဒကထိုးတက်လာပြီး မြစ်များအဖြစ်ပြောင်းလဲသွားခြင်းက ဓားသခင်နယ်ပယ်ပေတည်း။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ အလွန်အမင်းထိတ်လန့်သွားကြ၏။
တချက်လေးထောက်ပြရုံနဲ့ ကျန်းရီရဲ့ဓားသိုင်းနယ်ပယ်ကို ချိုးဖျက်စေတာလား!
ဒါက ဒဏ္ဍာရီလာပုဂ္ဂိုလ်လား!
တစ်ယောက်ယောက်က ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။
"ဒါကမင်းပြောတဲ့ နယ်နိမိတ်မဲ့နယ်မြေက ထွက်ပြေးလာတယ်ဆိုတာလား"
"ဒီလိုခွန်အားနဲ့ဆိုရင် သူကအထက်ကမ္ဘာမှာတောင် ကျော်ကြားလိမ့်မယ်"
ကျန်းရီမျက်လုံးအစုံဖွင့်ကာ လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"ကျေးဇူးပါ၊ စီနီယာ"
ချက်ချင်းဆိုသလို သူကတစုံတရာကို တွေးမိသွားပုံရပြီး ကြမ်းပြင်ပေါ်ဒူးထောက်လိုက်၏။
"စီနီယာ ကျွန်တော့်ကိုတပည့်အဖြစ် လက်ခံမယ်လို့ မျှော်လင့်ပါတယ်"
ယဲ့ချိုးပိုင်ထိတ်လန့်သွားသည်။
ထို့နောက်သူခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"ငါလည်း ဓားသိုင်းပညာလမ်းစဉ်ကို စူးစမ်းရှာဖွေနေတဲ့လမ်းကြောင်းမှာပဲရှိသေးတယ်၊ ဒီတော့ ငါတပည့်လက်မခံသေးပါဘူး"
ကျန်းရီရှက်ကိုးကိုးပြုံးရင်း ခေါင်းညိတ်ကာ ဆင်းသွားလေတော့သည်။
ထို့နောက် ဓားပညာရှင်များစွာက ထပ်မံတိုက်ခိုက်ရန်လာရောက်ကြသည်။
ယဲ့ချိုးပိုင်ကလည်း အကြံဉာဏ်များပေးသည်။
အောက်ကကျောင်းသားများသာမက ဂိုဏ်းအသီးသီးက ဂိုဏ်းချုပ်များပင်လျှင် အကျိုးများစွာရသွားကြသည်။
ဒါကဓားသိုင်းနယ်ပယ်ဖြစ်ပြီး အမှန်တကယ်နက်ရှိုင်းသည်။
ဒါကလူတိုင်းကို ထပ်မံသဘောပေါက်သွားစေသည်။
ဒဏ္ဍာရီဟူသောအမည်က ထိုက်တန်ပါသည်။
စံအိမ်တော်ကတပည့်များ၏ ဟောပြောချက်များက ပြီးသွားသည်။
လျန်ဖုန်းနှင့် ကျန်းချောင်မြန့်တို့ကလည်း စံအိမ်တော်သို့ရောက်လာသည်။
"ခေါင်းဆောင်၊ ကျွန်တော်တို့နဲ့ လာဆွေးနွေးလို့ရမလား"
အပိုင်း(457) coming။