အပိုင်း (၈၀၁-၈၁၀)
Vol. 9 Ch. 801-810
အပိုင်း (၈၀၁)
“(ရိုးသားမှု)ဆိုတာ အဓိပ္မာယ် မရှိတဲ့ ကိစ္စပဲ။”
ပင်းယန်က လင်းမုပိုင်ကို တစ်ချက် စိုက်ကြည့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ သီးခြားဆန်လွန်းတဲ့ အငွေ့အသက်တွေကို မြင်တွေ့ နေရတယ်။
လူတိုင်းက သူမကို တော်ဝင် မိသားစုမှာ မွေးဖွားလာတဲ့ သူအဖြစ် အားကျခဲ့ကြတယ်။ အစားအသောက် အဝတ်အထည် နေဖို့ ထိုင်ဖို့ ဘာမှ ပူစရာ မလိုတဲ့ တန်ဖိုးကြီး ဘဝမျိုးနဲ့ နေတဲ့သူ။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ်ရဲ့ အချစ်ဆုံး သမီးတော်လည်း ဖြစ်နေသေးတယ်။
ဒါပေမယ့် သူမက ချစ်မြတ်နိုးတဲ့ လူတစ်ယောက် ဆုံးရှုံးထားရတဲ့ နာကျင်မှုကို အမြဲတမ်း ခံစားနေခဲ့ရတယ်။
ငယ်ငယ်လေးတည်းက မိခင် မေတ္တာကို မရခဲ့ဘူး။ အဆိုးဆုံးကတော့ သူမရဲ့ မယ်တော်ကို တစ်ခါမှ မမြင်ဖူးတဲ့ အပြင် စကားလည်း မပြောဖူးတာပဲ။
အခုတော့ သူမရဲ့ မယ်တော် ဘယ်နေရာမှာ ရှိလဲ ဆိုတာကို သိလိုက်ရပြီ။ သူမကို တွေ့ဖို့ အခွင့်အရေးလည်း ရှိနေခဲ့ပြီ။ ဒါပေမယ့် သူမ မယ်တော် ပျောက်ဆုံး နေရတာ သူ့ကြောင့်ဆိုတာလည်း ရုတ်တရက် နားလည် သွားခဲ့ရတယ်။
သေခြင်းတရားတဲ့။
ပင်းယန်က သေရမှာကို မကြောက်ဘူး။ ပြဿနာကတော့ သူမ မသေခင်မှာ သူမရဲ့ မယ်တော်ကို တွေ့ခွင့် မရမှာပဲ။ သူမလို အခြေအနေကို ကြုံရတဲ့ လူတစ်ယောက် အနေနဲ့ ဘယ်လောက်တောင် နာကျင် ခံစားရမယ် ဆိုတာ တွေးကြည့်လို့ ရတယ်။
“ပင်းယန် မစိုးရိမ်နဲ့။ လူတစ်ယောက်ကို တခြားသူ တစ်ယောက်ရဲ့ အသက်နဲ့ ချိတ်ပိတ် ထားဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။ ကန်ယွဲ့ လှည့်စားကို မခံ” ပင်းယန်ရဲ့ အမူအယာကနေ သူမရဲ့ အတွေးတွေကို ပင်းယန် နားလည် နိုင်တယ်။
“နင့်အသက်နဲ့ မဟုတ်ဘူး။ ဒါပေမယ့် နင့်ရဲ့ သွေးသား ဖြစ်နေတယ်လေ။ ငါ့ရဲ့ ဆရာကို ချိတ်ပိတ်တာ မမြင်လိုက်ရအောင် ငါ့အဆင့်က နိမ့်ပါး လွန်းပေမယ့်၊ ငါသေချာသိတယ်။ နင် တစ်ယောက်တည်းပဲ ငါ့ ဆရာသခင်ကို ချိတ်ပိတ် ထားနိုင်တယ်။” ကန်ယွဲ့က လင်းမုပိုင်ကို ဖြတ်ပြောတယ်။
“သွေးသား။” ပင်းယန်က ကန်ယွဲ့ကို လှည့်ကြည့်ပြန်တယ်။
“ဟုတ်တယ်။ ဆက်နွယ်မှု ရှိတဲ့ သွေးသားနဲ့ပဲ စည်းကို ဖန်တီးလို့ ရနိုင်တယ်။ နောက်ပြီးတော့ သွေးသားတွေရဲ့ ဆက်နွယ်မှုက သေဆုံးမှပဲ ဖြတ်တောက်လို့ ရတယ်။ နင်အမှန်တရားကို သိသွားမှတော့၊ ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ။” ကန်ယွဲ့ အေးစက်စက် ပြန်ဖြေတယ်။
“ဘာ ဘာ လုပ်ဖို့ စီစဉ် ရမလဲ။” ပင်းယန်ကတော့ စိတ်ဖိစီးပြီးတော့ စိတ်ရှုပ်ထွေး နေခဲ့တယ်။
ဒီလို အခြေအနေကို သူမ ဘယ်လို ရောက်လာ ရတာလဲ။ တယောက်ယောက်မှ ဘယ်လို လုပ်ရမလဲ ပြောပြ ပေးနိုင်မလား။ သေခြင်း ရှင်ခြင်းကြားက ရွေးချယ်မှုကို သူမ ဘယ်လိုများ ရွေးချယ် ရမှာလဲ။
ပင်းယန်ကတော့ ပြောစရာ စကားလုံးတွေ ပျောက်ဆုံး နေခဲ့ပြီ။
လင်းယွမ် မျှော်စင် တပည့်သားတွေလည်း တိတ်ဆိတ် နေခဲ့တယ်။ ပင်းယန်ကို သူတို့ မုန်းတီး ကြပေမယ့်၊ သူမရဲ့ နာကျင်မှုကိုတော့ နားလည် နိုင်ကြတယ်။ သူမ သေသွားရင်တောင် အမေကို တစ်ခါလေးမှ တွေ့ခွင့် မရနိုင်ဘူးလေ။
ချင်းယီကတော့ စကားတစ်ခွန်းလေးတောင် မဟခဲ့ဘူး။ တစ်ခုခု ဖြစ်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်။ ဖန်ကျန်းရှီလည်း အတူတူပဲ။
ဒါပေမယ့် သူတို့တွေ စောင့်ဆိုင်းနေခဲ့တာ တခြား အကြောာင်းအရင်း ရှိတယ်။
“နင်သာ သုခမိန် ဖြစ်မလာခဲ့ရင်၊ ဆရာက နောက်နှစ် ၁၀၀လောက်ဆို လွတ်မြောက်နိုင်တယ်။ ဒါပေမယ့် နင်က ဘယ်လိုကြောင့်များ သုခမိန် ဖြစ်လာ ရတာလဲ။ နင့်မှာ ဘာအရည်အချင်းမှ မရှိပေမယ့် ဘယ်လိုများ သုခမိန် ဖြစ်လာ ရတာလဲ။” ကန်ယွဲ့က နာကျင်နေတဲ့ အသံနဲ့ ပြောတယ်။
“နင်ပြောတာ ဟုတ်တယ်။ ငါ ဘာကြောင့်များ သုခမိန် ဖြစ်လာ ရတာလဲ။” ကောင်းကင်ကြီးကို ပင်းယန် ငေးကြည့် နေခဲ့တယ်။
အခုချိန်မှာတော့ သူမ နားလည် သွားခဲ့ရပြီ။ သူမ သေလုမျောပါး ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆လ တုန်းက ကန်ယွဲ့ပဲ ပေါ်လာပြီးတော့ သူမရဲ့ မယ်တော် ပေါ်မလာရတဲ့ အကြောင်းရင်းကိုပေါ့။
နောက်ပြီးတော့ ကန်ယွဲ့ သူ့ကို အရမ်း သတ်ချင်နေရတဲ့ အကြောင်းရင်းကိုလည်း သိရပြီ။ နောက်ပြိးတော့ သူမရဲ့ နာမည်ကို ဆက်တိုက် ပြောင်းလဲပြစ်ဖို့ ကြိုးစား ပြစ်နေရတဲ့ အကြောင်းရင်းကိုရောပေါ့။
သူမ မယ်တော်ရဲ့ အစေခံ တစ်ယောက် အနေနဲ့ ကန်ယွဲ့က ပင်းယန်ကို ဘယ်လောက်ပဲ မုန်းတီးပါစေ ကိုယ်တိုင် မသတ်နိုင်ဘူး။ သူမ ဘယ်လောက်ပဲ သန်မာပါစေ၊ အစေခံ တစ်ယောက်ရဲ့ တာဝန်ကိုတော့ ကျေပွန်ရမယ်။
အခုချိန်မှပဲ ရက်စက်လွန်းတဲ့ ကံတရားကြီးကို ပင်းယန် နားလည် လိုက်တော့တယ်။ လင်းယွမ် မျှော်စင်ကို ဝင်ခဲ့ပြီးတော့ ၆လတိတိ ကြာပြီး နောက်မှာတော့၊ သူမရဲ့ မယ်တော်ကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို သတ်သေမှ ရမယ် ဆိုတာကို သိခဲ့ရတယ်။
“ငါသေသွားရင်တောင် မယ်တော့်ကို မတွေ့ ရဘူးလား။ ငါသေရင်တောင်။” ပင်းယန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ငိုကြွေးတော့တယ်။ သူမရဲ့ ကံတရားကို တကယ်ပဲ လက်မခံ နိုင်ဘူး။ နှလုံးသားထဲကို ဓားတွေ ထိုးစိုက်ခံနေရတဲ့ အတိုင်းကို နာကျင်နေခဲ့တယ်။ နာကျင်မှုက ပြင်းထန်လွန်းလို့ တကိုယ်လုံး တသိမ့်သိမ့် တုန်ယင် နေခဲ့တယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး။
ဒီအချိန်မှာပဲ သူမရဲ့ ပုခုံးပေါ်ကို လက်တစ်ဖက် ရောက်လာခဲ့တယ်။ အဲ့ဒီ့ လက်က သူမရဲ့ မျက်ရည်တွေကို သုတ်ပေး နေခဲ့တယ်။ ခပ်ကြမ်းကြမ်း လုပ်ရပ် ဖြစ်နေပင်မယ့် ပင်းယန် မငြင်းပယ် ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ မလေးမစား အရိပ်အယောင်ကို တစ်စလေးတောင် မတွေ့မိလို့ပဲ။ သူမ ခံစားမိတာက ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ မျက်ဝန်း တစ်စုံပဲ။
“လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ငါသေမယ်လို့ လူတိုင်း ထင်ခဲ့ကြတယ်။ ဒါပေမယ့် ငါအခုချိန်ထိ အသက်ရှင် သေးနေတယ် မဟုတ်လား။” ဖန်ကျန်းရှီ အလေးအနက် ပြောတယ်။
“ဒါပေမယ့်။”
“ဒီကိစ္စတွေက မတူဘူး ဆိုတာ ငါသိတယ်။ ဒါပေမယ့် အခွင့်အရေး ဘယ်လောက်ပဲ နည်းပါးပါစေ ငါတို့ လက်လျှော့လို့ မဖြစ်ဘူးလေ။”
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါလေ။”
“ငါ့ကို မင်း မယုံဘူးလား။”
“ငါ ငါ နင့်ကို ယုံတယ်။” ပင်းယန် တွေေ၀ နေပြီးနောက် ခေါင်းငြိမ့်လိုက်တယ်။
“ကောင်းပြီ။ ဒါဆို မင်းကို ပြောပြမယ်။ ဒီလောကကြီးမှာ မင်းအပြင် မင်းမယ်တော်နဲ့ သွေးသား တူညီတဲ့ နောက်ထပ် လူတစ်ယောက် ရှိနေသေးတယ်လို့ ငါပြောရင် မင်းယုံမှာလား။” ဖန်ကျန်းရှီက ချင်းယီကို ကြည့်ရင်း ပြောတယ်။
“နောက်ထပ် လူတစ်ယောက်။” ပင်းယန် တုန်ယင် သွားပြန်တယ်။
“ဘယ်လိုများ နောက်ထပ် လူတစ်ယောက် ရှိနိုင်မှာလဲ။ ပင်းယန်က ငါ့ဆရာသခင်ရဲ့ တစ်ဦးတည်းသော သမီးပဲ။” ပင်းယန်က ဖန်ကျန်းရှီကို ပြောတယ်။
ဒါပေမယ့် ချင်းယီကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ လက်တစ်ချက် လှုပ်သွားခဲ့တယ်။
မသိသာပေမယ့် ဖန်ကျန်းရှီကတော့ သတိ ထားမိတယ်။ သူပျော်သွားခဲ့တယ်။
အစတုန်းက ဖန်ကျန်းရှီ သူ့ကိုယ်သူ မသေချာပေမယ့် အခုတော့ သူ့ရဲ့ ခန့်မှန်းချက်က မှန်နေတာ ၅၀% သေချာ နေပြီ။
“ယွိအာမှာ ကလေး တစ်ယောက်ပဲ ရှိတယ်လို့ မင်းပြောတာ မမှားဘူး။ ဒါပေမယ့် သူ့မှာ အစေခံ တစ်ယောက် ရှိသေးတယ်လေ။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီက ကန်ယွဲ့ လည်ပင်းက ဓားကို နည်းနည်းလေး ဖိလိုက်တယ်။ သူမရဲ့ လည်ပင်းမှာ ဓားရာ ပါးပါးလေး ပေါ်လာခဲ့တယ်။
“နင်ဘာပြော ချင်တာလဲ။” ကန်ယွဲ့ မျက်လုံး ပြူးသွားခဲ့တယ်။
“မင်းရဲ့ ဆရာသခင်နဲ့ အစေခံ စာချုပ်ကို ဘယ်လို လုပ်ခဲ့တာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ငါ့နဲ့ ငါ့ဆရာရဲ့ သွေးကို သုံးပြီးတော့ပေါ့။ နင် ပြောနေတာ ငါ့ဆရာရဲ့ သွေးသားနဲ့ ငါကလည်း ဆက်နွယ်နေတယ် လို့လား။” ကန်ယွဲ့ အမူအယာ ပြောင်းသွားတယ်။ သူမ တစ်ယောက်တည်းတင် မဟုတ်ဘူး။ လင်းမုပိုင်နဲ့ မြေပြင်ပေါ်က တပည့်သားတွေလည်း ဒါကို ကြားချိန်မှာတော့ ထိတ်လန့် သွားခဲ့ကြတယ်။
“ကန်ယွဲ့လား။”
“သူက။”
တပည့်သားတွေ ခေါင်းငုံ့ထားကြပေမယ့် သူတို့ရဲ့ ခန္ဒာကိုယ်တွေက သိသိသာသာကို တုန်ယင် နေခဲ့တယ်။
လင်းမုပိုင်ကတော့ သစ်ရွက်တစ်ခုလို ယိမ်းယိုင်သွားရင် ခပ်တိုးတိုး ပြောတယ်။ “ကန်ယွဲ့က ယွိအာနဲ့ သွေးသားချင်း ဆက်နွယ် နေတာလား။ ဟုတ်တယ်။ ကန်ယွဲ့က ယွိအာရဲ့ အစေခံ ဖြစ်နေမှတော့ သူတို့ရဲ့ သွေးဝိဉာဉ် စာချုပ်ကလည်း ရှိနေမှာပဲ။ ဒီလို ဖြစ်မှတော့ ယွိအာရဲ့ သွေးတွေကလည်း ကန်ယွဲ့ရဲ့ ခန္ဒာကိုယ်ထဲမှာ စီးဆင်း နေလောက်မယ်။”
“ဒီတော့ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။” ပင်းယန် စကားပြောမှာကို တားထားရင်းနဲ့ ကန်ယွဲ့ကို ဖန်ကျန်းရှီ တဲ့တိုး မေးလိုက်တယ်။
“ငါဘယ်လို လုပ်ဖို့ စီစဉ် ထားလဲ ဟုတ်လား။ ဟဟား။ နင်ပြောတာ မှန်တယ်။ ငါက င့ါဆရာနဲ့ သွေးသားချင်း ဆက်နွယ်ထားတယ်။ ဒါပေမယ့် ပင်းယန်က သူ့ကို ချိတ်ပိတ်ထားတဲ့ သူပဲ။ ငါမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လင်းယွမ် မျှော်စင်မှာ တပည့်သားတွေ အားလုံးက စိတ်ခံစားချက်ကို ဖြတ်တောက် ထားရတယ်။ ဒီတော့ ငါမဖြစ်နိုင်ဘူး။” ကန်ယွဲ့ ပြန်ပြောတယ်။
“ဟုတ်လား။ ဒါကို သေချာရဲ့လား။”
“ဒါပေါ့ သေချာတာပေါ့။”
“ခေါင်းဆောင်လန်က ယွိအာကို သူမရဲ့ စိတ်ခံစားချက်တွေ အကုန်လုံးကို ချိတ်ပိတ် ခိုင်းခဲ့တယ်လို့ မင်းတကယ်ပဲ ထင်နေတာလား။ အကယ်၍ ခေါင်းဆောင်လန်သာ ဒီလို ထင်နေရင်၊ ဘာကြောင့်များ ယွိအာ ကိုယ်ဝန် ရှိတဲ့ ကိစ္စကို ဖုံးကွယ် ပေးမှာလဲ။ နောက်ပြီးတော့ ပင်းယန်ကို မွေးပြီးတာတောင် ခေါင်းဆောင် နေရာကို ယွိအာဆီ ဘာဖြစ်လို့ လွဲပေးမှာလဲ။” ဖန်ကျန်းရှီ နောက်တစ်ခေါက် မေးတယ်။
“ငါ့ဆရာသခင်က လင်းယွမ် မျှော်စင်မှာ အင်အားအရာကော အရည်အချင်းကရော ထိပ်တန်းပဲလေ။ သူ့ကို ဘယ်သူမှ ယှဉ်လို့ မရဘူး။” ကန်ယွဲ့ ပြန်ဖြေတယ်။
“လင်းယွမ် မျှော်စင်ရဲ့ ကျင့်ကြံဆင့်နဲ့ ဆိုရင်၊ ဒီလောက်တောင် စိတ်ခံစားချက်တွေ များပြားနေတဲ့ လူတစ်ယောက်က ဘယ်လိုများ အင်အား အကြီးဆုံးနဲ့ အရည်အချင်း အရှိဆုံး ဖြစ်နိုင် ရတာလဲ။”
“နင် နင်က အမှန်တရားကို လှည့်ပတ်နေတာပဲ။”
“ကောင်းပြီလေ။ ငါလှည့်ပတ်နေတယ်လို့ပဲ ပြောကြစို့။ ဒါပေမယ့် မင်းရဲ့ စကားတွေ အရဆိုရင်၊ ခေါင်းဆောင်လန်က ယွိအာ ပြန်လာတော့ အရမ်းကို စိတ်ပျက် အားလျော့ခဲ့တယ်တဲ့။ ဟုတ်တယ်ဟုတ်။”
“ဘာကြောင့်လဲ ဆိုတော့ ငါ့ရဲ့ ဆရာသခင်က။” ကန်ယွဲ့ စကား မဆုံးခင် ဖန်ကျန်းရှီ ဖြတ်ပြောတယ်။
“အကယ်၍ ခေါင်းဆောင်လန်သာ ယွိအာကို စိတ်ပျက်မယ်ဆိုရင် ဘာဖြစ်လို့ လင်းယွမ် နယ်မြေ တစ်ဝက်ကို ပေးခဲ့မှာလဲ။”
“နင် နင် ဒါကို ဘယ်လို သိတာလဲ။” ကန်ယွဲ့ တုန်ယင် သွားခဲ့တယ်။
“အသိသာကြီးပဲကို။ လင်းယွမ် နယ်မြေက လင်းယွမ် မျှော်စင်ရဲ့ တန်ဖိုး အကြီးဆုံး အရာ။ ခေါင်းဆောင် အစဉ်အဆက် လက်ဆင့်ကမ်းလာတယ်။ ဒီတော့ ပျက်စီးတယ်ဆိုတာ အဓိပ္မာယ် မရှိဘူး။ ဒီလို ဖြစ်မှတော့ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ လင်းယွမ် နယ်မြေကို ခေါင်းဆောင်လန်က ယွိအာဆီ ပေးခဲ့တာပဲ ဖြစ်ရမယ်။ ဒါပေမယ့် ချင်းယီက အစိတ်အပိုင်း တစ်ခုကို ခိုးသွားခဲ့တယ်။” ဖန်ကျန်းရှီကတော့ ဒါကို အမှန်တရား တစ်ခု ပြောနေတဲ့ အတိုင်း အခိုင်အမာ ဆိုနေခဲ့တယ်။
“ဘာဖြစ်တယ်။ ခိုးယူတယ်။”
“ဒါပေါ့။ နောက်ပြီးတော့ ငါသာ မှန်မယ်ဆိုရင်၊ ခေါင်းဆောင်လန်က ယွိအာကို ချိတ်ပိတ်ခဲ့တဲ့သူ မဟုတ်ဘူး။ ချင်းယီ့ လက်ချက်ပဲ။”
“ချင်းယီလား။ ခေါင်းဆောင်။” ကန်ယွဲ့က ဖန်ကျန်းရှီကို မယုံကြည်ဘူး။
“..”
“အလိမ်အညာတွေ။ ဖန်ကျန်းရှီ နင်က ငါ့ဂုဏ်သိက္ခာကို ဘယ်လိုများ စော်ကား ဝံ့တာလဲ။” ချင်းယီက ပြောရင်းနဲ့ လင်းမုပိုင်ဆီကို ပြေးထွက်သွားတယ်။
မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးတွေထဲက တစ်ယောက် ဖြစ်တဲ့ အတွက် မေးခွန်း ထုတ်စရာ မလိုအောင်ကို အင်အား ကြီးလွန်းတယ်။ လင်းမုပိုင်ကို ရွှေရောင် အလင်းတန်းတွေနဲ့ ဖုံးအုပ်လိုက်တယ်။
လင်းမုပိုင်ကတော့ စာရွက်ဖြူလို ဖြူဖျော့ နေခဲ့ပြီ။ သူက ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမယ့် အခုချိန်မှာတော့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့ ကလေး တစ်ယောက်လိုပဲ။
“ခမည်းတော်။” မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လင်းမုပိုင်ကို ကြည့်ရင်း ပင်းယန် အော်လိုက်တယ်။
“ဖန်ကျန်းရှီ နောက်ဆုံး အခွင့်အရေး တစ်ခု နင့်ကို ငါပေးမယ်။ ကန်ယွဲ့ကို လွှတ်လိုက်။ ပင်းယန်နဲ့ လင်းမုပိုင် နှစ်ယောက်ကို ပြန်ခေါ်သွား။ မဟုတ်ရင် နင့်ကို ငါ မသတ်နိုင်ရင်တောင် သူတို့ နှစ်ယောက်ကိုတော့ သတ်နိုင် ပါသေးတယ်။” ချင်းယီ ပြောရင်း ရွှေရောင် အလင်းတန်းတွေ သူမ မျက်ဝန်းကနေ တောက်ပ လာတော့တယ်။
“ဟဟား။ ကောင်းပြီလေ။ ကန်ယွဲ့နဲ့ ဧကရာဇ်ကို လဲမယ်။ ဒါပေမယ့် ဧကရာဇ်ကို အရင်လွှတ်လိုက်။ သူက ဒဏ်ရာရထားတဲ့သူ။ မဟုတ်ရင် ငါမင်းကို မယုံကြည်နိုင်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်ပြောတယ်။ ပင်းယန် သူမ ခမည်းတော်ဆီ ပြေးသွားမှာကို တားထားခဲ့တယ်။
ချင်းယီကတော့ ဖန်ကျန်းရှီ အလွယ်တကူ လက်ခံမယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။ သူမရဲ့ ပတ်ပတ်လည်က တပည့်သားတွေကို ကြည့်ရင်း လက်ကို ဖြေလျော့လိုက်တယ်။
“ဖယ်ကြ။” ချင်းယီ အေးစက်စက် အော်ဟစ်တယ်။
လင်းမုပိုင်ကတော့ ဖြည်းဖြည်းချင်း ထလာတယ်။ သူ့ပါးစပ်ကနေ သွေးတွေ စီးကျ နေခဲ့တယ်။ တုန်ယင်နေရင်းနဲ့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ ဓားကို နည်းနည်းမြှောက်လိုက်ရင်း ပြောတယ်။ “ချင်းယီက လင်းယွမ် နယ်မြေကို ခိုးယူပြီးတော့ ယွိအာကို ချိတ်ပိတ်ထားတဲ့သူ ဖြစ်ခဲ့ရင်၊ ပင်းယန်ရဲ့ သွေးနဲ့ ချိတ်ပိတ်ထားတာ မဖြစ်နိုင်ဘူး။”
“နင်လှည့်စားတာကို ငါနောက်တစ်ခေါက် ခံရမယ်လို့ ထင်နေတာလား။” ကန်ယွဲ့ ပြောတယ်။
“မင်းအပေါ် မူတည်တာပဲ။ ငါက အချက်အလက်တွေကို ပြောပြရုံပဲလေ။ တွေးကြည့်လိုက်။ ချန်ဖေးဟွားက ယွိအာ ချိတ်ပိတ် ခံရတဲ့ အချိန်မှာ ပင်းယန်ကို ကြီးမြတ်သောရှဆီ ပြန်ခေါ်လာခဲ့တယ်။ ဒီတော့ ပင်းယန် အသက်ရှင်နေတာ ဘာကြောင့် ဖြစ်နိုင်မလဲ။”
“နင့်ရဲ့ ဇာတ်လမ်းက ခြောက်ပြစ်ကင်းနေရင်တောင် ငါမယုံဘူး။” ကန်ယွဲ့ အခိုင်အမာ ပြောတယ်။
“အကယ်၍ ငါသာ ချင်းယီ ဖြစ်ရင်တော့။ ပင်းယန်ရဲ့ သွေးနဲ့ ချိတ်ပိတ်မှာ မဟုတ်ဘူး။ အန္တရာယ် များလွန်းတယ်လေ။ တစ်ခုခု အမှားအယွင်း ဖြစ်ပြီးတော့ ယွိအာသာ လွတ်မြောက် သွားခဲ့ရင်၊ လူတိုင်းက ငါလင်းယွမ် နယ်မြေကို ခိုးယူပြီးတော့ ယွိအာကို ခေါင်းဆောင် မဖြစ်အောင် တားခဲ့တာ သိသွား ကြမှာပဲ။”
“ပါးစပ် ပိတ်ထားစမ်း။”
“ပထမဆုံး မင်းက အမြဲတမ်း လင်းယွမ် မျှော်စင်မှာ ရှိနေတဲ့ သူဆိုတော့ မင်းနဲ့ ချိတ်ပိတ်တာက ပိုပြီးတော့ လုံခြုံတယ်လေ။ မင်းကိုလည်း အမြဲ စောင့်ကြည့်နေလို့ ရတယ်။ ဒုတိယ တစ်ခု။ ပင်းယန်သာ သုခမိန် မဖြစ်ခဲ့ရင်၊ သူ့သက်တမ်းက နှစ်၁၀၀ အလွန်ဆုံးပဲ။ ဒါပေမယ့် မင်းကတော့ သုခမိန် တစ်ယောက်။ ယွိအာလိုပဲ သက်တမ်း ရှည်နိုင်တယ်။ ဒီတော့ မင်းရဲ့ သွေးနဲ့ ချိတ်ပိတ်မှပဲ ကြာရှည်ခံနိုင်မယ်။”
“..” ကန်ယွဲ့ကတော့ ဘာမှ မပြောတော့ဘူး။ ဖန်ကျန်းရှီ အခိုင်အမာ ဆက်ပြော နေမှာကို သူမ သိတယ်လေ။ ဒါကြောင့် နှှုတ်ခမ်းတွေကို ကိုက်ထားရင်သာ တိတ်ဆိတ် နေခဲ့တယ်။
ကန်ယွဲ့ မျှော်လင့် ထားတဲ့ အတိုင်းပဲ။ ဖန်ကျးန်ရှီက ဆက်ပြောတယ်။ “ချင်းယီက ခေါင်းဆောင်လန်ကို သတ်လိုက်တယ်လို့ မင်းရော ထင်လား။”
“ဖန်ကျန်းရှီ နင် ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” နောက်ဆုံးတော့ ချင်းယီ ဒေါသတကြီးနဲ့ တုံ့ပြန်ပြီ။ ဖန်ကျန်းရှီနဲ့ ဓားစာခံ လဲနေတာကိုတောင် သူဂရု မစိုက်တော့ဘူး။
အပိုင်း (၈၀၁) ပြီး၏။
အပိုင်း (၈၀၂)
“ရန်ရွှယ့်ရဲ့ တောင်နဲ့ မြစ် ပုံရိပ်လား။”
“အမ်။ ဓားစာခံကို လဲတာကရော ဘာဖြစ် သွားတာလဲ။ ဒီလောက်တောင် ခပ်မြန်မြန် စိတ်လွတ် သွားတာလား။” ဖန်ကျန်းရှီကတော့ ချင်းယီ ဒေါသထွက်တာကို အံ့သြတဲ့ ပုံစံ မရှိဘူး။
ဒါတွေ အားလုံးက ညွှန်ပြနေတာ တစ်ခုပဲ ရှိတယ်။ အမှန်တရားနဲ့ နီးကပ်လာပြီ။
ဖန်ကျန်းရှီလည်း ရွေးချယ်စရာ မရှိတာကြောင့် ဒီအတိုင်းသာ ဆက်သွားနေ ခဲ့ရတယ်။ သူ့မှာ အမှန်တရားကို ဖော်ထုတ်နိုင်မယ့် နောက်ထပ် နည်းလမ်း မရှိဘူးလေ။ ဒီတော့ ချင်းယီကို သူ့စိတ်သူ မထိန်းနိုင် တော့တဲ့ အထိ တွန်းပို့ နေခဲ့၇တယ်။
အကျိုးများပေမယ့် အန္တရာယ်လည်း များတယ်။ ချင်းယီရဲ့ ဒေါသ မီးတောက်တွေကို သူခံစား နေရပြီ။ ပင်းယန်ကို ဆွဲယူပြီးတော့ သူ့ရဲ့ နောက်ကျောမှာ ကပ်ထားလိုက်တယ်။ အဲ့ဒ့ီနောက် ခြေရာမဲ့ဓားကို သုံးပြီးတော့ ကန်ယွဲ့ကို သူနဲ့ ချင်းယီကြား ပို့လိုက်တယ်။
ချင်းယီက ကန်ယွဲ့ရှေ့မှာ ရပ်တန့်ဖို့ ကိုယ့်ကိုယ်ကို ဖိအား ပေးပြီးတော့ ကြိုးစား နေခဲ့တယ်။ သူမရဲ့ မျက်နှာကတော့ မည်းမှောင် နေခဲ့ပြီ။ အရမ်းကို ဒေါသ ထွက်နေတာ သိသာလွန်းတယ်။ ဒေါသ ထွက်နေတာ အပြင် ကန်ယွဲ့ရဲ့ အသက်ကိုလည်း ဂရုစိုက်နေ ရသေးတယ်။
“ခေါင်းဆောင်။ ဒီလောက်တောင် မလုံမလဲ ဖြစ်နေတာလား။ ခေါင်းဆောင်လန်က မင်းအစား ယွိအာကို နေရာလွှဲပေး ခဲ့တယ်လို့ ငါပြောတာ မှန်တယ် မဟုတ်လား။ ဒီရလဒ်ကို လက်မခံနိုင်တဲ့ မင်းက ခေါင်းဆောင်လန် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အချိန်မှာ သူမကို သတ်ဖြတ်လိုက်တယ်။ ပြီးတော့ ခေါင်းဆောင်လန်ရဲ့ အမိန့်အတိုင်း ယွိအာကို ချိတ်ပိတ်ရတဲ့ ပုံစံ ဟန်ဆောင်တယ်။”
“ဖန်ကျန်းရှီ နင်က ငါ့ကို ကန်ယွဲ့နဲ့ ခြိမ်းခြောက်လို့ ရမယ်လို့ တကယ်ပဲ ထင်နေတာလား။” ကန်ယွဲ့ကို တစ်ချက်ကြည့်ရင်း ချင်းယီ ပြောတယ်။ သူမ လက်ထဲက ရွှေရောင် အလင်းလုံး နှစ်လုံးက လှည့်ပတ် နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အဖြူရောင် တပည့်သား နှစ်ယောက်က ပြေးထွက် လာပြီးတော့ လင်းမုပိုင်ကို တိုက်ခိုက်ကြတယ်။
လင်းမုပိုင် ပြန်တိုက်ခိုက်ပေမယ့်၊ အချိန် အကြာကြီး တောင့်မခံ နိုင်ခဲ့ဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတော့တယ်။
“ဘန်း။” အသံကျယ်ကြီး တစ်သံနဲ့ အတူ၊ လင်းမုပိုင် အဖမ်း ခံရပြန်တယ်။
“ဖန်ကျန်းရှီ ငါ့ကို မစိုးရိမ်နဲ့ မင်းအကောင်းဆုံး ကြိုးစားပြီးပြီ။ ပင်းယန်နဲ့ အခုချက်ခြင်း ထွက်သွားတော့။” လင်းမုပိုင် ဖန်ကျန်းရှီကို လှမ်းအော်တယ်။
ဖန်ကျန်းရှီကတော့ လင်းမုပိုင် ပြောနေတာကို လျစ်လျူရှု ထားခဲ့တယ်။
ပထမဆုံး သူထွက်ပြေးချင်ရင်တောင် ပြေးလို့ မလွတ်နိုင်ဘူး။ ဒုတိယ တစ်ခု၊ ပင်းယန်က သူ့ခမည်းတော် မပါပဲ ထွက်သွားမှာ မဟုတ်ဘူး။ အပေါ်ယံမှာတော့ အခြေအနေက ပြန်တည်ငြိမ် သွားခဲ့တယ်။ တကယ်တော့ ဖန်ကျန်းရှီ သိလိုက်ပြီ။ ကန်ယွဲ့ကို ဓားစာခံ အဖြစ် ဖမ်းထားတာ ဘာမှ အသုံးမဝင်တော့ဘူး။
လင်းမုပိုင်သာ သူတို့ လက်ထဲမှာ ရောက်နေရင် ဖန်ကျန်းရှီလည်း သူ့ကို ပြစ်ထားလို့ မရဘူး။ နောက်ပြီးတော့ ကန်ယွဲ့ကိုလည်း သတ်ပြစ်လို့ မရဘူး။ ကန်ယွဲ့ကို ဓားစာခံ အဖြစ် ဖမ်းထားရတာက နှစ်ဖက်ချွန် ဓားတစ်လက်ကို ကိုင်ထားရသလိုပဲ။ အချိန် မရွေး ရှနိုင်တယ်။
ဒါပေါ့။ လင်းယွမ် မျှော်စင်ရဲ့ ရှု့ထောင့်က ကြည့်ပြန်ရင်လည်း ဖန်ကျန်းရှီကို လင်းမုပိုင်နဲ့ ခြိမ်းခြောက်လို့ မရဘူး။ အကယ်၍ ချင်းယီသာ လင်းမုပိုင်ကို သေစေချင်ရင် လင်းမုပိုင် သေနေတာ ကြာလှပြီ။ နောက်ပြီးတော့ ဖန်ကျန်းရှီကို ဘယ်လိုမှ အနိုင်ယူလို့ မရနိုင်တာပဲ။
နောက်တစ်နည်း ပြောရရင် ဖန်ကျန်းရှီ တည်ရှိ နေတာက လင်းယွမ် မျှော်စင် အတွက် ခြိမ်းခြောက်မှု တစ်ခုပဲ။ လင်းမုပိုင်ရဲ့ လုံခြုံရေးကိုလည်း ယာယီတော့ အာမ ခံထားနိုင်တယ်။
“မင်းကို ဓားစာခံနဲ့ ခြိမ်းခြောက်ဖို့ ငါတစ်ခါမှ မတွေးဖူးဘူး။ နောက်ပြီးတော့ လင်းမုပိုင်ကို ကန်ယွဲ့နဲ့ လဲဖို့ ငါသဘောတူထား ပြီးသားပဲလေ။ မင်းက သဘောတူညီတာကိုအရင်ဆုံး ချိုးဖောက်တဲ့သူ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။
“ကောင်းပြီလေ။ ကန်ယွဲ့ကို လွှတ်လိုက်။”
“ငါကတော့ အဆင်ပြေပါတယ်။ ခေါင်းဆောင်လန်ကို သတ်တဲ့သူက မင်းဆိုတာ လူတိုင်း သိသွားမှာကို ကြောက်လန့်ပြီးတော့ ငါ့ကို လာသတ်ဖို့ ကြိုးစားတာ ကြောင့်သာ မဟုတ်ရင်၊ ဒီအပေးအယူက ပြီးနေလောက်ပြီ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။
“ဖန်ကျန်းရှီ နင်က တယ် စကားပြော ကောင်းတဲ့ သူပဲ။ ဒါပေမယ့် နင့်ရဲ့ အခြေအမြစ် မရှိတဲ့ စကားတွေက အသုံးမဝင်ဘူး။”
“ဒီလို ဖြစ်မှတော့ ဘာဖြစ်လို့ စကားကို ဆုံးအောင်တောင် နားမထောင် နိုင်ရတာလဲ။ ငါ့အထင်တော့။”
“ဘန်း။”
လင်းမုပိုင်က ဖန်ကျန်းရှီရဲ့ ရှေ့ကို ရုတ်တရက် လွင့်ထွက်လာတယ်။
ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။
ချင်းယီက ဖန်ကျန်းရှီ ခန့်မှန်း နေတာကို ရပ်တန့်အောင် လုပ်လိုက်တဲ့ နှုတ်ပိတ်မှု တစ်ခုပဲ။ သူမက အတော့်ကို ဖြောင့်မှန်တဲ့ လူတစ်ယောက်ဆိုတာ ဖန်ကျန်းရှီ ဝန်ခံရမယ်။ ဒီလောက်တောင် ရှင်းလင်းပြတ်သားတဲ့ တုံ့ပြန်မှုမျိုးကို သူမမြင်ဖူးဘူး။ ဓားစာခံ ပြန်လဲလှယ်တာ မပြီးခင် စကားဆုံးတဲ့ အထိတောင် မစောင့်ဘူး။
ဒီတော့လည်း ချင်းယီ အတိုင်းပဲ ပြန်လုပ် ရမှာပေါ့။ ကန်ယွဲ့ကို တင်ပါးကနေ ကန်ထုတ်လိုက်တယ်။
“ဝုန်း။” မြေပြင်ပေါ်ကို မျက်နှာ အပ်လျက်သား ပုံစံနဲ့ ကန်ယွဲ့ လဲကျသွားတယ်။
ကန်ယွဲ့ အတော် ဒေါသ ထွက်သွားပေမယ့် ချက်ခြင်း ထထိုင်တယ်။ မမြင်ချင်စရာ ပုံစံမျိုး ဖြစ်နေခဲ့ပြီလေ။
“ဖန်ကျန်းရှီ ငါနင့်ကို သတ်မယ်။”
“အမှန်ကို သိပြီးတာတောင် အမှားလုပ်မိတာကို ဝန်မခံဝံ့ပဲ ကိုယ့်ဆရာရဲ့ ရန်သူဆီမှာ ဆက်ပြီး နေနေတဲ့ မင်းလို အစေခံ တစ်ယောက်က ငါ့ကို သတ်ဖို့ အရည်အချင်း မရှိဘူး။” ကန်ယွဲ့ကို စိုက်ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။
“နင်။” ကန်ယွဲ့ ဒေါသ ထွက်လွန်းလို့ စကား တစ်ခွန်းတောင် ပြန်မပြောနိုင်ဘူး။
“ဖန်ကျန်းရှီကို သတ်။” ချင်းယီကတော့ ဖန်ကျန်းရှီရဲ့ ခန့်မှန်း စကားတွေကို စိတ်မဝင် စားတော့ဘူး။ သူတို့ရဲ့ စကားကို ဝင်နှောက်ယှက်တယ်။ သူမမျက်ဝန်းတွေက လုံးဝကို ရွှေရောင် တောက်နေခဲ့တယ်။
သူမ ခေါင်းပေါ်က ရွှေရောင် ကြယ်ကိုးလုံးလည်း ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ရွှေရောင် မိုးစက်တွေထဲ ရပ်နေသလို သူမက တောက်ပ နေခဲ့တယ်။
“နား လည်ပါပြီ။” ဒူးထောက်နေတဲ့ တပည့်သားတွေ အားလုံး ခေါင်းမော့ လိုက်ကြတယ်။ သူတို့တွေဆီကနေ အရောင်စုံ အလင်းတန်းတွေ တောက်ပ လာတော့တယ်။
ဖန်ကျန်းရှီ၊ လင်းမုပိုင်နဲ့ ပင်းယန်ကို တပြိုင်နက်တည်း ဝန်းရံလိုက်တယ်။ ဓားတွေကိုလည်း အသင့်ပြင်ထားကြတယ်။
“ယို့။ ဒါက နောက်ဆုံး တိုက်ပွဲလား။” ချင်းယီက အရေအတွက် အသာစီးရနေတာကို အခွင့်ကောင်း ယူပြီး သူ့ကို သတ်ချင်နေမှန်း ဖန်ကျန်းရှီ သိတယ်။
ဒါက မတရားဘူး။ ချင်းယီ အပါအဝင် လင်းယွမ် မျှော်စင် တပည့်သား အားလုံးနဲ့ တိုက်ခိုက်ရမယ် ဆိုရင် ဖန်ကျန်းရှီ တကယ်ပဲ အခက်တွေ့ ရလိမ့်မယ်။ လင်းယွမ် မျှော်စင်ရဲ့ အကောင်းဆုံး လက်နက်က သူတို့ရဲ့ တာအိုတွေကို ပေါင်းစည်းတာပဲ။ လင်းယွမ် မျှော်စင်က တောင်စဉ် ကိုးသွယ်ထက်ကို အင်အားအရာမှာ တစ်ဆင့် ပိုမြင့်နေတယ်။
သူတို့ရှေ့မှာ ရပ်နေတဲ့ တပည့်သားက အယောက် ၁၀၀ကျော်။ လဲကျပြီး ဒဏ်ရာ ရနေတာက ၁၀၀။ တစ်ယောက်ချင်းစီတိုင်းက ပြန်လည် မွေးဖွားမှု အဆင့်တွေ။ သုခမိန်က အယောက် ၂၀ကျော် ရှိတယ်။ အရေးအကြီးဆုံးကတော့ ချင်းယီ ဒီမှာ ရှိနေတာပဲ။ သူမ ဘယ်လောက်အထိ သန်မာလဲ ဘယ်သူမှ မသိနိုင်ဘူး။
ချင်းယီကလည်း ဖန်ကျန်းရှီရဲ့ စွမ်းအား အစစ်အမှန်ကို မသိထားတဲ့ အတွက် ကြောက်တယ်။ ဖန်ကျန်းရှီလည်း အတူတူပဲ။ အနိုင်ရနိုင်ချေ ရှိလားဆိုတာ တစ်ရာ ရာခိုင်နှုန်း မသေချာဘူး။ ကိစ္စတွေသာ ဆိုးလာရင်တော့ မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေလည်း ပါဝင် နေလိမ့်မယ်။
သူဘာလုပ်ရမလဲ။
ဖန်ကျန်းရှီ ဒီအခြေအနေအတွက် ရိုးရှင်းတဲ့ ဖြေ၇ှင်းချက်တော့ ရှိတယ်။
“မကြောက်နဲ့၊ လုပ်သာလုပ်ပြစ်။”
အကယ်၍ သူတို့ကိုသာ အနိုင် မတိုက်နိုင်ရင်၊ ထွက်ပြေးရုံပဲ ရှိတာပေါ့။
ရွေးချယ်စရာတွေကတော့ ရှင်းပါတယ်။ ဒါပေမယ့် တိုက်ပွဲ တစ်ခုကို နိုင်ဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး။ ထူးခြား ကောင်းမွန်ပြီးတော့ ပညာသား ပါလွန်းတဲ့ အစီအစဉ်တွေတောင် မမြင်ရတဲ့ မတော်တဆမှုတွေ ရှိနိုင်သေးတယ်။
ဥပမာ သစ်တောထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေတဲ့ လူတစ်ယောက်က သူ့ကို သားရဲကောင် ဝင်တိုက်ခိုက်မလား၊ ဒါမှမဟုတ် ဓားကိုင်ထားတဲ့ လူတစ်အုပ် ဝင်တိုက်ခိုက်မလား မသိနိုင် သလိုပဲ။
ဘယ်သူကမှ အနာဂတ်ကို ကြို မမြင်နိုင်ဘူး။ အကယ်၍ လူတစ်ယောက်ကသာ မသေချာ မရေရာတဲ့ အန္တရာယ်တွေကို ရှောင်ရှားချင်ပြီးတော့ လမ်း အမျိုးမျိုးကို ပြောင်းပြီး သွားနေရင်လည်း သစ်တောထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူး။
“သေပေရော့။” ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ အနက်ရောင် မီးတောက်တွေ ဖြာထွက်လာတယ်။ ခရမ်းရောင် တောက်နေခဲ့တဲ့ ခြေရာမဲ့ ဓားကလည်း ကြောက်စရာ ကောင်းလောက်အောင် ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ခရမ်းရောင် နဂါး ပုံစံကို ပြောင်းလဲ ပြီးတော့ ချင်းယီရဲ့ ဦးခေါင်းကို ဦးတည်တယ်။
“…” ကန်ယွဲ့ ထိတ်လန့် တကြား မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့တယ်။ သူမက ချင်းယီရဲ့ ဘေးမှာ ရပ်နေတာ ဖြစ်တဲ့ အတွက် ဖန်ကျန်းရှီရဲ့ လူသတ်ငွေ့တွေ ဘယ်လောက် ပြင်းထန်မှန်း သူမ သိနေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အရင်တိုက်ခိုက် လာမယ်လို့ မထင်ထား မိခဲ့ဘူး။
တခြား လင်းယွမ် မျှော်စင် တပည့်သားတွေလည်း အငိုက်မိသွား ခဲ့တယ်။ နောက်ဆုံးတော့လည်း ပုံမှန် လူတစ်ယောက်သာ ဖြစ်ရင်၊ အခုလို အချိန်မှာ ထွက်ပြေးဖို့ကိုပဲ ရွေးမှာလေ။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ကိုယ်ကို အသက်ရှင်ဖို့ ခုခံ ကာကွယ်မယ်။
ဖန်ကျန်းရှီကတော့ ဒီလို လုပ်ချင်တဲ့ ပုံစံ ရှိမနေခဲ့ဘူး။
တစ်ချက်လေးတောင် မတွေဝေပဲ ချင်းယီကို ဦးတည် တိုက်ခိုက်ခဲ့တယ်။
“သူဘာတွေ တွေးနေတာလဲ။”
“တကယ်ကြီးလား။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ဖန်ကျန်းရှီကြောင့် တကယ့်ကို လန့်ကုန်ကြတယ်။ သူဘယ်လောက်တောင် ထက်မြက်လဲ သူတို့သာ မသိကြရင်၊ ဒီလူ့ကို အယောင်ဆောင် ကိုယ်ပွားတစ်ယောက်လို့ ထင်မိမှာ အမှန်ပဲ။
ဖန်ကျန်းရှီ တစ်ယောက်တည်းတင် ဒီလို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ ပင်းယန်လည်း တပြိုင်နက်တည်း လှုပ်ရှားတယ်။ သူမရဲ့ မီးတွေ လောင်ကျွမ်းနေသလို တောက်ပတဲ့ အနီရောင် ဝတ်ရုံက လေထဲမှာ ဝဲပျံနေခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေကလည်း တောက်ပ နေခဲ့တယ်။ ရဲရဲတောက် ချီလင်လှံကနေ မီးတောက်တွေ အများကြီးကို ထုတ်လွှတ် နေခဲ့တယ်။
အလင်းတန်းကြီးက ချင်းယီဆီကို ရောက်လာပြီးနောက် ပျောက်ကွယ် သွားတယ်။ လူတိုင်းကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ တိုက်ခိုက်တာကို သူတို့ အရမ်းကြီး မအံ့သြ ကြပေမယ့်၊ အခုမှ သုခမိန် ဖြစ်ခါစ ပင်းယန်က ချင်းယီကို တိုက်ခိုက်တာကိုတော့ မမျှော်လင့် ထားမိဘူး။
ပင်းယန်ကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်တဲ့ ပုံစံ မပေါ်ဘူး။ ဖန်ကျန်းရှီ လုပ်တဲ့ အတိုင်း တစ်ထပ်တည်း လိုက်လုပ်နေခဲ့တယ်။
“သေစမ်း။” ရဲရဲတောက် ချီလင်လှံကို ချင်းယီရဲ့ လည်ပင်းဆီ ဦးတည် ထိုးစိုက်လိုက်ရင်း အော်ဟစ်တယ်။ ရွှေရောင် အလင်းတန်းတွေက ရွှေရောင် အလင်းစက်တွေကြားမှာ ထင်ထင်ရှားရှားကြီးကို တောက်ပ နေခဲ့တယ်။
ချင်းယီကတော့ ပြုံးနေခဲ့တယ်။ ဒါပေမယ့် ကျောထဲကို စိမ့်ချမ်းသွားစေတဲ့ အပြုံး တစ်ခုပဲ။ အကြိမ်ကြိမ် အနိုင်ကျင့် ခံထားရလို့ စိတ်ဒဏ်ရာရ နေတဲ့ လူတစ်ယောက်လိုပဲ။ လင်းယွမ် မျှော်စင် ခေါင်းဆောင်၊ မြင့်မြတ် နယ်မြေရဲ့ ဆရာသခင် တစ်ပါး အနေနဲ့ အကြိမ်ကြိမ် အရှက်ကွဲ ခဲ့ရတယ်။ နောက်ပြီးတော့ ပင်းယန်လို မနေ့ တစ်နေ့ကမှ သုခမိန် ဖြစ်တဲ့ သူကတောင် သူ့ကို လာတိုက်ခိုက် နေသေးတယ်။ ဒီလို မလေးစား လုပ်နေတာတွေကို ဆက်ပြီးတော့ သည်းမခံ နိုင်တော့ဘူး။
“ဂျိန်း။”
သူမလက်ထဲက ရွှေရောင် အလင်းလုံး ပေါက်ကွဲသွားတယ်။ သိပ်သည်းတဲ့ အစိမ်းရောင် အလင်းတန်းတွေ ကြောက်စရာ အရှိန်နှုန်းနဲ့ ဖြာထွက်လာခဲ့တယ်။
ဖန်ကျန်းရှီလည်း သူမ လက်တွေက ထွက်လာတဲ့ ကြောက်စရာ အင်အားတွေကို ချက်ခြင်း ခံစားမိတယ်။ ဒီအင်အားတွေက ပြင်းထန်လွန်းလို့ သူမရပ်တန့် နိုင်လောက်အောင်ပဲ။
ဝုန်း။
မြေပြင် တစ်ခုလုံး ဒီအချိန်မှာ တုန်ယင် သွားခဲ့တယ်။ ဒီအချိန်မှာပဲ ကျောက်တုံးကြီး တစ်တုံးလည်း ပေါ်ထွက်လာတယ်။ ကျောက်တုံးကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ရေညှိတွေ အပြည့် တက်လာတယ်။ ဒီရေညှိတွေက သေးငယ်တဲ့ အပင် အညွှန့်လေးတွေ အဖြစ်ကို ပြောင်းလဲတယ်။
မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ သေးငယ်တဲ့ အညွှန့်လေးတွေက သစ်ပင်ကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။ တောင်တန်းတွေ၊ ရေတံခွန်နဲ့ သစ်ပင်ကြီးတွေ၊ သူတို့ မျက်စိရှေ့က လင်းယွမ် မျှော်စင်ကြီး လုံး၀ ပျောက်ကွယ် သွားခဲ့ပြီ။ ဒါပေါ့။ ဒါက မြင်ကွင်း အစိတ်အပိုင်းပဲ ပြောင်းလဲတာ။ သူ့ဘေးမှာ ရပ်နေသူကတော့ သူ့အတိုင်း မျက်လုံးပြူး နေခဲ့တယ်။
ဒါကတော့ ပင်းယန်။
“ချင်းယီ ဘယ်မှာလဲ။” ပင်းယန် မေးတယ်။
“ဒါက ပုံရိပ်ယောင်လား။” ပင်းယန်ရဲ့ မေးခွန်းကို ဖန်ကျန်းရှီ ပြန်မဖြေဘူး။ ထူးဆန်းနေတဲ့ ပတ်ဝန်းကျင်ကိုသာ ကြည့်နေခဲ့တယ်။
ကြုံရာ နေရာ တစ်ခုကို ပို့ခံလိုက်ရတဲ့ အတိုင်း မြင်ကွင်းက ပြောင်းလဲ နေတယ်။ ဒီတော့ ဒါက ပုံရိပ်ယောင် ဖြစ်နိုင်တယ်။ အဝေး တစ်နေရာကို ချက်ခြင်း ပို့ဆောင်ဖို့က လွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူမြင်နေရတဲ့ အရာတွေကတော့ တကယ့် အစစ်အမှန် အတိုင်းပဲ။
ရေညှိတွေကနေ သစ်ပင်ကြီးတွေ ပေါက်လာတဲ့ အထိပေါ့။ ဒါက ပြီးပြည့်စုံတဲ့ သဘာဝပဲ။
“ဒါက ပုံရိပ်ယောင် မဟုတ်ဘူးလား။” ဖန်ကျန်းရှီ သူ့ရှေ့က တောင်နဲ့ ရေတံခွန်ကို ကြည့်ရင်း စိတ်ထဲမျာ အတွေး တစ်ခု ပေါ်လာခဲ့တယ်။ “ဒါက ဘယ်လိုများ ရန်ရွှယ့်ရဲ့ တောင်နဲ့မြစ် ပုံရိပ်နဲ့ တူနေ ရတာလဲ။ ချင်းယီနဲ့ ရန်ချန်လိ အရင်တုန်းက ပတ်သက် ခဲ့ဖူးတာလား။”
အပိုင်း (၈၀၂) ပြီး၏။
အပိုင်း (၈၀၃)
“ငြိမ်သက်မှုကို လှုပ်ရှားမှု အဖြစ် ပြောင်းလဲ ပေါင်းစပ်ခြင်း။”
ဖန်ကျန်းရှီ သိပ်တော့ မသေချာပါဘူး။ ချင်းယီနဲ့ ရန်ချန်လိ ပတ်သက်မှု ရှိမရှိကို။ ဒါပေမယ့် တောင်နဲ့မြစ် မိုးမြေ ယပ်တောင်က ပုံရိပ်နဲ့တော့ တစ်ထပ်တည်း တူ်နေတာပဲ။
“ကေသာနက်တွေ ငွေမှင်ရောင် ပြောင်းသည့်ချိန်ထိ။ မင်းရေးဆွဲမယ့် အချိန်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ငါဟာ တိတ်တဆိတ် စောင့်ဆိုင်း။”
ဒီစာကြောင်း နှစ်ကြောင်းက ရှေးလွန်လေပြီးတဲ့ ခေတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ကို ဖော်ပြတဲ့ ကဗျာပဲ။ ဖန်ကျန်းရှီ မှတ်မိ နေသေးတယ်။
ရန်မိသားစုရဲ့ ဘိုးဘေးကြီး နှလုံးသားနဲ့ ရင်းပြီးတော့ ဆွဲခဲ့တဲ့ ဒီပန်းချီကားထဲက နေရာ ဒီကို ဘယ်လို ရောက်လာတာလဲ။
ဖန်ကျန်းရှီ သူ့ခေါင်းကို ခါလိုက်တယ်။ ဒါကို တွေးနေတာ အချိန်ကုန်ရုံပဲ ရှိမယ်။ ဒီကနေ ထွက်ဖို့ တွေးရမယ်။
“ချင်းယီ။ အကျင့်ယုတ်မကြီး ထွက်လာစမ်း။” ပင်းယန်ကတော့ စိတ်မထိန်းနိုင်ပဲ ကျိန်ဆဲတော့တယ်။ ကြည့်ရတာ အလုပ် ဖြစ်တဲ့ ပုံစံ မပေါ်ဘူး။ ပင်းယန် အော်နေပင်မယ့် မြင်ကွင်းကတော့ မပြောင်းရေးချ မပြောင်း။ သစ်ရွက်လေး တစ်ရွက်တောင် ကြွေကျ မလာဘူး။
ပင်းယန် ဒေါသ ထွက်လာတယ်။ ဒါကြောင့် ချီလင်လှံကို ဝေ့ယမ်းရင်း တောင်နဲ့ သစ်ပင်တွေကို ပြဿနာ ရှာတော့တယ်။
ဝုန်း။
တောင်ကြီး အက်ကွဲလာတယ်။ သစ်ပင်တွေလည်း လဲကုန်တယ်။ ပင်းယန်က ချင်းယီကို ရှာမတွေ့နိုင်တဲ့ အတွက်၊ တောင်နဲ့ သစ်ပင်တွေကို ပြဿနာ ရှာနေခဲ့တယ်။ ဖန်ကျန်းရှီလည်း သူ့ကို မတားဘူး။ ကျောက်တုံးတွေက ဖျက်စီး ခံရတဲ့ အချိန်မှာ အလင်းတန်းတွေ ဖြစ်မသွားပဲ ဖုန်တွေ ဖြစ်သွားတာကို သူတွေ့တယ်လေ။
အစစ် အမှန် အရာတွေက ပုံရိပ်ယောင်တွေ တုပ နိုင်တာ မဟုတ်ဘူး။
“ဒါက ပုံရိပ်ယောင် မဟုတ်ဘူးလား။ ဒါဆို အစစ်တွေပေါ့။ သိပ္မံနည်းလမ်း မကျလိုက်တာ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ သူက ချင်းယီနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ် ထားတာလေ။ ဒါကို ဘာကြောင့်များ ဒီလိုတွေ ဖြစ်လာ ရတာလဲ။ ချင်းယီ ဘာလုပ် လိုက်တာလဲ။
ရွှေရောင် အလင်းလုံး တစ်လုံးကို ချင်းယီ ချေမွ ပြစ်လိုက်တာ ဖန်ကျန်းရှီ မှတ်မိတယ်။ ရွှေရောင် အလုံးလေး။
“ဒါပဲ။”
ရွှေရောင် အလုံးထဲမှာ မြင်ရတဲ့ မြင်ကွင်းကို ဖန်ကျန်းရှီ မှတ်မိတယ်။ ဒါပေမယ့် အရမ်းကို သေးငယ်လွန်းလို့ ထင်ထင်ရှားရှား မမြင်ခဲ့ရဘူး။ ဒါပေမယ့် စဉ်းစား ကြည့်ရင် အဲ့အလင်းလုံးထဲက ပုံရိပ်က တောင်နဲ့မြစ် မိုးမြေ ယပ်တောင်က ပန်းချီနဲ့ တူနေတာပဲ။
ဖန်ကျန်းရှီနဲ့ ပင်းယန်က ချင်းယီ လုပ်ထားတဲ့ ရွှေရောင် အလင်းလုံးထဲကို ရောက်နေတာလား။ ဖန်ကျန်းရှီ ဒါကို ဖြစ်နိုင်ချေ ရှိတယ်လို့ ခံစားမိတယ်။
အခုချိန်မှာ မေးခွန်း တစ်ခု ရှိလာပြီ။ ဒီကနေ ဘယ်လို ထွက်ရမှာလဲ။
ဖန်ကျန်းရှီ အတွေးတွေကို မွှေနှောက် နေချိန်မှာပဲ တောင်ကြီးက ထွက်လာတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ ဝုန်း။ မီးတောက်ကြီး တစ်ခု ဖြာထွက်လာတယ်။ မီးတောက်နေတဲ့ နေရာကို ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့ ကျောက်တုံးတွေ တောင်ပေါ်ကနေ ပြိုဆင်း လာနေတာကို တွေ့လိုက်ရတယ်။
ဒီ ကျောက်တုံးကြီးတွေက လူနှစ်ယောက် သုံးယောက် ဖက်စာ အရွယ်လောက် ရှိတယ်။ နောက်ပြီးတော့ ထောင်ချီ ရှိနေတာ။ မြေပြင်ပေါ်မှာလည်း ဆူးနွယ်တွေ အများကြီး ပေါ်လာတယ်။ အသက်ရှိတဲ့ နွယ်တွေ အတိုင်း၊ ပင်းယန်ရဲ့ ခြေထောက်ကို စတင် ရစ်ပတ်တော့တယ်။
နေစမ်းပါအုန်း။ တခုခုတော့ လွဲနေပြီ။ ဒါက သာမာန် ချိတ်ပိတ်စည်း မဟုတ်ဘူး။
ဖန်ကျန်းရှီ သူမှားနေတာကို မကြာခင် နားလည် သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်တုံးတွေနဲ့ ဆူးနွယ်စိမ်းတွေက ပုံမှန် မဟုတ်ဘူးလေ။
ရဲရဲတောက် ချီလင်လှံနဲ့ ကျောက်တုံးတွေကို ဖျက်စီး ပြန်တော့လည်း ကျောက်တုံး အစတွေက သူမဆီကို ဓားသွားတွေလို လွင့်ထွက် လာပြန်တယ်။
“ဒါက သုခမိန် အဆင့် တိုက်ခိုက်မှုပဲ။” ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ ပညာတွေ အများကြီး ပါဝင်နေတယ်။
ဖန်ကျန်းရှီ ပင်းယန်ကို ကယ်တင် ချင်ပေမယ့် သူ့ရဲ့ ခြေထောက်ကို တစ်ခုခုက လာရစ်ပတ် နေခဲ့တယ်။ သူငုံ့ကြည့်လိုက်တော့ ရေကန်ထဲကနေ ရေနဂါးကြီး တစ်ကောင် ထွက်လာတာကို မြင်လိုက် ရတယ်။ နောက်ပြီးတော့ ရေကန်ကလည်း ရေဝဲကြီး တစ်ခု ပုံစံကို ပြောင်းပြီးတော့ လှည့်ပတ် နေခဲ့တယ်။ ကြောက်စရာ စုပ်ယူနိုင်စွမ်းနဲ့ပေါ့။
“ရေကိုခွဲ။” ဖန်ကျန်းရှီ ရေနဂါးကို နှစ်ပိုင်း ခွဲလိုက်တယ်။
ဒီအချိန်မှာ ရှေးစကား တစ်ခုကို သတိ ရသွားတယ်။ (ရေကို ခွဲတာက အသုံးမဝင်ဘူး။”
သူအခု သုံးလိုက်တဲ့ ဒဏ္ဍာရီလာ ဓားကွက်ကို ဒီလို ခေါ်တယ်။ (တစ်ချက်တည်းနဲ့ ရေကို ခွဲထုတ်။) ဒါပေါ့။ သိပ္မံ နည်းကျ ရှင်းပြရင်တော့ အရမ်း လွယ်ကူပါတယ်။ အအေးဓာတ်ကို အဓိက သုံးတာပဲ။
သူ့ရဲ့ ဓားက ရေနဂါးကြီးကို ၂ပိုင်းကွဲထွက်ပြီးတော့ အေးခဲ သွားစေတယ်။ အဲ့ဒီ့နောက် ပင်းယန်ကို လှည့်ကြည့်တယ်။ ပင်းယန်ကတော့ သေချာပေါက် သူ့တိုက်ကွက်ကို အရမ်း အထင်ကြီးသွားမယ်လို့ သူထင်မိတယ်။ ဒါပေမယ့် မဟုတ်ခဲ့ဘူး။
ပင်းယန်က သူ့ကို ကြည့်ဖို့ မအားသေးဘူး။ ကျလာတဲ့ ကျောက်တုံးတွေနဲ့ နွယ်ပင်တွေကို မီးနဲ့ တိုက်ရင်း အလုပ်များနေခဲ့တယ်။
“သူက အရင်ကထက် ပိုပြီးတော့ ကြမ်းလာတာပဲ။” အရင်ကဆို ပင်းယန်က သူ့ကို ကြောက်လန့်တကြား အော်ခေါ် နေလောက်ပြီ။ အခုတော့ ပင်းယန်က သူ့ကို တစ်ချက်လေးတောင် အကူအညီ မတောင်းဘူး။ အရာအားလုံးကို ပေါက်စီစားသလို လွယ်လွယ်လေး ကိုင်တွယ် နေခဲ့တယ်။
နောက်ပြီးတော့ သူမရဲ့ တိုက်ကွက်တွေက အတော်လေးကို အထင်ကြီးစရာ ကောင်းတယ်။ ဖန်ကျန်းရှီ ပြန်တွေးမိတယ်။ ပင်းယန်က ဒီလို တိုက်ကွက်တွေ သုံးပြီးတော့ လင်းယွမ် မျှော်စင် တပည့်သားတွေကို အနိုင်ယူ ခဲ့တာပဲ။
“အရှက်မရှိတဲ့ ကောင်စုတ်။ မြန်မြန်လုပ်။ ချင်းယီ တိုက်ခိုက်နေတာ ရပ်သွားဖို့ နည်းလမ်း စဉ်းစား။” ပင်းယန် ပြောတယ်။
“ကောင်းပြီလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း အဝေးကို ကြည့်လိုက်တယ်။ ပင်းယန်က ဝန်ထုပ် ဝန်ပိုး မဟုတ်တော့တာကို သူသိတယ်။ သူမက သူ့လောက် မသန်မာပေမယ့် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ် နိုင်နေပြီ။ ပင်းယန်ကို အာရုံ မစိုက်တော့ဘူး။
ရေဝဲထနေတဲ့ ရေကန်၊ ဓားလို သစ်ရွက်ကြွေတွေကို အာရုံ စိုက်နေခဲ့တယ်။ သူ့ခန္ဒာကိုယ်ကတော့ မီးတောက်နက်ကြီး ဖြာထွက်ရင်း တိုက်ခိုက်မှုတွေ အားလုံးကို ခုခံ ထားခဲ့တယ်။ မျက်ဝန်းထဲမှာလည်း အရောင်စုံ တောက်ပ နေခဲ့တယ်။
တောင်တန်းနဲ့ ကျောက်တုံးတွေက ရွေ့လျားနိုင်တယ်။ ရေနဲ့ သစ်ရွက်တွေရောပဲ။
“ဒါက ဘယ်လို တိုက်ခိုက်မှုလဲ။” ပြောင်းလဲမှုတွေ အများကြီး ပါဝင်နေတဲ့ တိုက်ခိုက်မှုကို မြင်ဖူးတာ ပထမဆုံးပဲ။ ဒါက ရိုးရှင်းတဲ့ အရာ တစ်ခုတော့ မဟုတ်ဘူး။ ပန်းချီကားနဲ့လည်း တူတယ်။ လောကသစ် တစ်ခုနဲ့တည်း တူညီတယ်။ ဘာများ ဖြစ်မလဲ။
ရုတ်တရက် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို သူသတိရသွားတယ်။ ဒါလည်း ရှိသေးတယ်လေ။ ချင်းယီက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကို သုံးပြီးတော့ သူ့ကို ဖမ်းထားတာလား။
မဖြစ်နိုင်ဘူး။ လွဲနေသေးတယ်။ ဖန်ကျန်းရှီ ခေါင်းခါတယ်။ သူ့မှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၂၃ချပ်တောင် ရှိနေတာ။ နောက်ထပ် အသစ်တွေ့ရင် ခံစားမိမှာပဲ။ သူ မခံစား နိုင်ရင်တောင်၊ အနက်ရောင် သေတ္တာလေးက သိနိုင်တယ်။ ဒီတော့ မဟုတ်သေးဘူး။
ကောင်းကင်တာအို ကျောက်ဖျာက ပိုပြီးတော့ နေရာလည်း ကျယ်သေးတယ်။ အခု နေရာ ကျဉ်းတဲ့ အပြင်၊ အပြောင်းအလဲက အရမ်းမများဘူး။ နောက်ပြီးတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက သဘာ၀ အတိုင်း သွားတယ်။ အခု ပုံရိပ်ကတော့ တစ်ယောက်ယောက် ထိန်းချုပ်ထား ခံထားရတဲ့ အတိုင်းပဲ။
“ပေါင်းစည်းထားတာလား။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ ကောင်းကင် တာအို ခန်းမက စာကြည့်တိုက်ထဲ စာဖတ် ထားရတာ အသိပညာ အတော် တိုးလာတယ်။ တာအို နည်းလမ်းတွေကလည်း အတူတူ ပေါင်းစည်း နိုင်တယ် ဆိုတာကို သူသိထားတယ်။
ဥပမာ (ရေကို ခွဲတာက) လေနဲ့ အအေးဓာတ် ပေါင်းထားတာလိုမျိုး၊ အရမ်း မိုက်တယ်။ ဒါတွေ အပြင် ပိုပြီးတော့ ရှုပ်ထွေးတဲ့ ပေါင်းစည်းမှုတွေလည်း ရှိသေးတယ်။ (ကောင်းချီခံ သွေးမျိုးနွယ်တွေ)။ ဒါကလည်း တိကျတဲ့ ပေါင်းစပ်မှု တစ်ခုပဲ။ မတူညီတဲ့ ပြိုင်ဘက်ကင်း အရာတွေ ပေါင်းစည်းလိုက်လို့ ဒီလို ဖြစ်လာတာ။
ချင်းယီရဲ့ ပေါင်းစည်း တိုက်ခိုက်မှုကျတော့၊ သွေးမျိုးနွယ်နဲ့ မဆိုင်ဘူး။ ဒါက တိုက်ခိုက်နည်းတွေ အများကြီး ပေါင်းစည်းထားတာနဲ့ တူတယ်။
“ဖြစ်နိုင်လို့လား။” နောက်ထပ် အချက်အလက်သစ် တစ်ခုကို ရှာတွေ့ရင်း သူ့ဘဝရဲ့ တံခါးသစ် တစ်ချပ်ကို ဖွင့်နိုင်ဖို့ ဖန်ကျန်းရှီ မျှော်လင့် နေခဲ့တယ်။ ဒါပေါ့။ နောက်တစ်ခေါက်လို့ သုံးရင်တော့ မှားလိမ့်မယ်။ သူ့ဘဝမှာ နယ်မြေသစ် တစ်ခုကို အခုထိ မတွေ့ဖူးသေးဘူး။
အခုချိန်မှာ အရေး အကြီးဆုံးက ချင်းယီရဲ့ တိုက်ခိုက်မှုကို ဖျက်စီး နိုင်ဖို့ပဲ။
ပေါင်းစည်းတာ။ ပေါင်းစည်းတာ။
“ဒါကို ဘယ်လို နားလည်ပြီးတော့ ဖျက်စီးရမလဲ။”
ဒီအတွေးက သူ့စိတ်ထဲကို ဝင်လာတယ်။ ဒီပုံရိပ်ထဲက တာအို နည်းလမ်းတွေ အားလုံး နီးပါးကို သူနားလည် နိုင်တယ်။ ပြီးတော့ တစ်ပုံစံတည်း တူတဲ့ တိုက်ခိုက်မှုကို ဖန်တီးနိုင်တယ်။ ဒါကလည်း ပြဿနာကို မရှင်းနိုင်သေးဘူး။
တာအိုတွေ အားလုံးကို နားလည်တာက ဟုတ်တယ်။ ဒီတာအိုတွေ အားလုံးကို နားလည်တာတောင် သီးခြား လောက ကနေ ဘယ်လို ထွက်လို့ ရမှာလဲ။ နောက်ထပ် သီးခြား လောကသစ် တစ်ခုကို ဖန်တီးပြီးတော့ လက်ရှိတစ်ခုကို ပေါက်ထွက်သွားအောင် ဖိအား ပေးရမလား။ မဖြစ်နိုင် သလိုပဲ။
ဖြစ်လာအောင် ဖိအား ပေးပြီးတော့ ဖွင့်ခိုင်းရမယ်။
ပုံမှန် အခြေအနေမှာ တိုက်ခိုက်မှု တစ်ခုကို ဖျက်စီးပြစ်ဖို့ ပြိုင်ဘက်ကင်း ဗျူဟာ ရှိမှ ဖြစ်မယ်။ ဥပမာ လူတစ်ယောက်က ဗျူဟာတွေကို ဘယ်လို ဆောက်ထားလဲ ဆိုတာ သိပြီးတော့ ချိုးဖျက်နိုင်သလို မျိုးပေါ့။
ချင်းယီရဲ့ တိုက်ခိုက်မှုကို ဖျက်စီးဖို့လည်း ဒီလိုပဲ လုပ်ရမယ်။ တောင်တန်းတွေ၊ ရေ၊ သစ်ပင်နဲ့ ပန်းတွေ။ ဒါတွေ အားလုံးကို သိပေမယ့် ဘယ်လို ပေါင်းစည်းထားလဲ အဖြေထုတ်ရမယ်။
လင်းယွမ် မျှော်စင်။ မြင့်မြတ် နယ်မြေက တခြား မျိုးနွယ်စုတွေနဲ့ မတူဘူး။ ကောင်းကင် တာအိုက ဓားပညာရှင်တွေ၊ တောင်စဉ် ကိုးသွယ်က လက်နက်လုပ်တယ်။ ယင်ယန် ခန်းမက ဆေးဖော်တာနဲ့ အဂ္ဂိရိတ် ပညာရှင်တွေ၊ ဖူရှီး တောင်ကြားက စစ်ဗျူဟာရှင်တွေ၊ လင်းယွမ် မျှော်စင်ကတော့ တာအိုကို အဓိက နားလည်သူတွေ။
“နားလည်တယ်။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။ အစကတော့ ဘာပြောချင်မှန်း မသိခဲ့ဘူး။ လင်းယွမ် မျှော်စင် တိုက်ခိုက်တာကို မြင်ပြီးတဲ့နောက် သူသဘောပေါက် လာခဲ့တယ်။ ဥပမာ အားလုံးက တာအို တစ်ခုတည်းကို သုံးနေတာမျိုး။ ကိုယ်တိုင် မမြင်ရခင် အထိ ဒါမျိုး ရှိတယ် ဆိုတာကို မယုံခဲ့ဘူး။
အခုတော့ ချင်းယီတိုက်ခိုက်တဲ့ ပုံစံက သူ့အတွက် အသစ် အဆန်း ဖြစ်နေပြန်ပြီ။
လင်းယွမ် မျှော်စင်က တခြား မျိုးနွယ်တွေနဲ့ လုံး၀ မတူညီပဲ တာအိုကို ပိုနားလည်တာ သူဝန်ခံရမယ်။ နောက်ပြီးတော့ သူတို့ရဲ့ နည်းစနည်းတွေက မခန့်မှန်း နိုင်လောက်အောင်ပဲ။
နေစမ်းပါအုန်း။
ပေါင်းစည်းတာကို ပြောမယ်ဆိုရင်။
ရန်ရွှယ့်ရဲ့ တောင်နဲ့ မြစ် ယပ်တောင်ကလည်း ပေါင်းထားတာ။ အတော်လေး အားနည်း ပေမယ့်၊ နည်းစနစ်က အတူတူပဲ။
“ဒုက္ခသုက္ခခံပြီးတော့ အပတ်တကုတ် ကြိုးစားတာ။ ဒါပဲ။ သေချာတယ်။”
ပေါင်းစည်းတာကို ဖန်ကျန်းရှီ သေချာ စဉ်းစားနေခဲ့တာ။ အရင်တုန်းက ရန်ရွှယ် ပြောခဲ့တာကို သူရုတ်တရက် သတိရသွားတယ်။
ဝမ်းနည်းပူဆွေးမှုနဲ့ ဖန်တီးခဲ့တဲ့ အရာတစ်ခု။
တောင်နဲ့မြစ် မိုးမြေ ယပ်တောင်က လူတိုင်းကို ဖမ်းချုပ်ပြီးတော့ စိတ်ပျက်အားငယ်ပြီး ဝမ်းနည်းမှုတွေ ပြည့်နှက်အောင် လုပ်နိုင်တဲ့ အရာတစ်ခု၊ ဝမ်းနည်းပူဆွေးမှုရဲ့ စွမ်းအားတွေကို ထည့်သွင်းထားတယ်။
ဒီတော့ ဒီတစ်ခေါက် ပေါင်းစည်း တိုက်ခိုက်မှုမှာလည်း ရင်းမြစ်တော့ ရှိမှာပဲ။ ဒီတော့ မေးခွန်း တစ်ခုပဲ ရှိတော့တယ်။ သူ့ရဲ့ ရင်းမြစ်က ဘာဖြစ်မလဲ။
ဖန်ကျန်းရှီ မျက်လုံးကို မှိတ်လိုက်ပြီးတော့ ဒီလောကကြီးရဲ့ ခံစားချက်တွေကို စတင်ပြီး အာရုံ ခံနေခဲ့တယ်။ ဒေါသမရှိ၊ ဝမ်းနည်းမှု မရှိ၊ ပျော်ရွှင်မှု မရှိ။ အရာအားလုံးက ရေပြင်လို တည်ငြိမ် နေခဲ့တယ်။ ဒီတည်ငြိမ်မှုက အချိန်မရွေး ပေါက်ကွဲ သွားနိုင်ပြန်တယ်။
အပိုင်း (၈၀၃) ပြီး၏။
အပိုင်း (၈၀၄)
“တာအိုက သဘာ၀ နိယာမကို လိုက်နာတယ်။ အရှိန်ပြင်းတဲ့ ငြင်းခုန်မှု တစ်ခု။”
တည်ငြိမ်မှုက လှုပ်ရှားမှုနဲ့ ပေါင်းစည်းတယ်။ သစ်ပင်၊ မြက်ပင်၊ တောတောင်၊ ရေမြေ အားလုံး အတူတူပဲ။ အရာအားလုံးက တစ်ခုနဲ့ တစ်ခု ချိတ်ဆက် နေကြတယ်။ ဒါက တကယ့်ကို အနှောင်အဖွဲ့ကင်းလောက တစ်ခုပဲ။
“ဒီအရာအားလုံးကို ပေါင်းစည်းနိုင်တဲ့ စွမ်းအင် ရင်းမြစ်က ဘာဖြစ်မလဲ။” ဖန်ကျန်းရှီ စိတ်ခံစားချက်တိုင်းနဲ့ ဖြစ်နိုင်ချေတွေ အားလုံးကို စဉ်းစားတယ်။
မဖြစ်နိုင်တာတွေ အားလုံးကို ခပ်မြန်မြန် ငြင်းချက်ထုတ်တယ်။ နေစမ်းပါအုန်း။ အရာအာလုံးကို တကယ့် လောက အစစ် တစ်ခုလို ပေါင်းစည်း နိုင်တာ တစ်ခုတော့ ရှိတယ်။ သဘာဝပဲ။
“တာအိုက သဘာ၀ နိယာမကို လိုက်နာတယ်။”
ဒါက တောက်တယ်ကျင်းထဲက အတွေးအခေါ် တစ်ခုပဲ။ သဘာဝကို ထင်ဟပ်ခြင်းတဲ့။
“လူသားတွေက မြေကမ္ဘာကို လိုက်နာ၊ မြေကမ္ဘာက ကောင်းကင်ကို လိုက်နာ၊ ကောင်းကင်က တာအိုကို လိုက်နာ။ တာအိုက သဘာ၀ နိယာမကို လိုက်နာ။”
ဒါက စကြဝဠာ အလုပ်လုပ်တဲ့ ပုံစံကို အကျဉ်းချုပ် ပြောတာပဲ။ နောက်ပြီးတော့ လောကကြီး တစ်ခုလုံးနဲ့လည်း သက်ဆိုင် နေသေးတယ်။
“ရပြီ။ နားလည်ပြီ။ ဒီတော့ ဒီလို လှုပ်ရှား နေတာပေါ့။” ဖန်ကျန်းရှီ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်ကို သေချာကြည့်တယ်။ သဘာဝက တောင်နဲ့မြစ် ပုံရိပ်ရဲ့ အရင်းအမြစ်ပဲ။
သဘာ၀ နိယာမ အတိုင်းသာ သွားရင် အရာအားလုံး ပေါင်းစည်းနိုင်တယ်။ ဖြစ်တည်မှုတွေ ခံစားချက်တွေ၊ တောတောင် ရေမြေတွေ အားလုံးကို ပေါင်းစည်းနိုင်တယ်။
“သဘာ၀ တာအို။ ချင်းယီက သဘာ၀ တာအိုကို ကျွမ်းကျင် နေတာ ငါတောင် မယုံနိုင်ဘူး။” ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ သဘာ၀ တာအိုက အရာအားလုံး ဖြစ်တည်မှု တာအိုပဲ။ သဘာ၀ တာအိုကို လူတစ်ယောက်က ပညာရှင် အဆင့် ရောက်နိုင်မယ်လို့ တစ်ခါမှ မမျှော်လင့် ထားမိဘူး။
…
မြင့်မြတ် နယ်မြေ။ လင်းယွမ် မျှော်စင်။
ဖန်ကျန်းရှီနဲ့ ပင်းယန်က တောင်နဲ့ မြစ် လောကထဲမှာ ရုန်းကန်နေချိန်၊ လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သက်ပြင်းရှည်ကြီး ချနေကြတယ်။
“ဒီကောင်စုတ်က မြင်ရသလို ကြောက်စရာ မကောင်းဘူး မဟုတ်လား။”
“ဟုတ်တယ်။ သူတကယ်ပဲ ပြေးဝင် သွားဝံ့တယ်။ မြင့်မြတ် နယ်မြေထဲမှာ သတ္တိ အရှိဆုံးသူ ဖြစ်နိုင်တယ်။”
“ဒါပေမယ့် သတ္တိ ကောင်းလွန်းလို့ပဲ သေရတော့မယ်။”
တပည့်သားတွေ သူတို့ဘာသာ သူတို့ ဆွေးနွေး နေခဲ့ကြတယ်။
ဒါပေမယ့် သူတို့ရဲ့ စကားတွေကတော့ လင်းမုပိုင်ရဲ့ လည်ပင်းကို ငါးရိုးစူးသလို နာကျင်စေတယ်။ မျိုလည်း မချနိုင် အန်လည်း မအန်နိုင်။
“ပင်းယန် ပင်းယန်။” လင်းမုပိုင် ပြောရင်းနဲ့ သူ့ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။ အင်အားတွေ အားလုံး ကုန်ဆုံးပြီးတော့ မြေပြင်ပေါ်မှာ လဲကျ သွားခဲ့တယ်။
နာကျင်ရလွန်းလို့ ရုတ်ချည်း အိုမင်း သွားသလိုပဲ။ ဆက်တိုက် တုန်ယင် နေခဲ့တယ်။ ချင်းယီကို သူတစ်ချက်မှ အကြည့် မလွဲခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတစ်ယောက် အရွယ်ရှိတဲ့ ရေဘောလုံးကြီး တစ်လုံးကို သူကိုင်ထားတာ မြင်တယ်လေ။ ဒီထဲမှာ ဖန်ကျန်းရှီနဲ့ ပင်းယန် ရှိနေခဲ့တယ်။
“လင်းမုပိုင်။ နင်က ဧကရာဇ် တစ်ပါး ဖြစ်နေတော့ ငါနင့်ကို မသတ်ဘူး။ လောကကြီး တည်ငြိမ်မှု ပျက်ပြားမှာတွေ ငါမလုပ်ဘူး။ နင့်ကို အလွတ်ပေး နိုင်ပေမယ့်၊ ငါ့လင်းယွမ် မျှော်စင် နယ်မြေထဲမှာ ငါ့တပည့်သားတွေကို တိုက်ခိုက်တဲ့ အတွက် နင့်ကို လွယ်လွယ် ခွင့်မလွှတ်နိုင်ဘူး။ လင်းဝွမ် မျှော်စင်ကို ဘယ်တော့မှ မဝင်ဖို့နဲ့၊ ဆယ်နှစ်တိတိ ထိုက်သင့်တဲ့ လျော်ကြေး ပေးဖို့ နင်ကျိန်ဆိုရမယ်။ ငြင်းစရာ ရှိလား။” ချင်းယီ သူမ လက်ထဲက ရေဘောလုံးကြီးကို ကြည့်ရင်း ပြောတယ်။
တကယ်တော့ ဖြစ်သွားခဲ့တဲ့ ကိစ္စကြောင့် သူလန့်နေသေးတယ်။ ဖန်ကျန်းရှီကို တစ်ချက်တည်းနဲ့ ဖမ်းနိုင်မယ်လို့ သူမထင်ထား ခဲ့မိဘူး။ အနည်းဆုံးတော့ နှစ်ကွက်လောက် လိုမယ် ထင်ထားတာ။ လုံး၀ မဖမ်းနိုင်တာတောင် ဖြစ်နိုင်သေးတယ်။ ဖန်ကျန်းရှီက ကြောက်စရာကောင်လေ။ ဒါပေမယ့် သူတကယ်ပဲ တိုက်ခိုက် လာမယ်လို့ ဘယ်လို ထင်မိမှာလဲ။
သူထွက်ပြေးနိုင်ချေက ပိုများနေတယ်။ ဒါကြောင့်ပဲ ချင်းယီ သူ့ကို စိုးရိမ်တာ။ တစ်ချက်တည်းနဲ့ အသေ မသတ်နိုင်ရင် ဘယ်လို လုပ်မလဲ။ ဖန်ကျန်းရှီ ပြောတာ မှန်တယ်။ လင်းယွမ် မျှော်စင်ဆိုတာ သူက လွဲရင် တခြားသူတွေ မထိသင့်တဲ့ နေရာ တစ်ခု။ အကြောက်အလန့် မရှိတဲ့ သင်းကွဲ ဝံပုလွေ တစ်ကောင်နဲ့ တူတဲ့ ဖန်ကျန်းရှီ အတွက်တော့ လင်းယွမ် မျှော်စင် အဝတ်မဲ့ မိန်းမပျို တစ်ယောက်လိုပဲ။
သူစိတ်ရှိတိုင်း အချိန်မရွေး တိုက်ခိုက် လာနိုင်တယ်။ တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းတယ်။ ဖန်ကျန်းရှီသာ လွတ်သွားရင် မတွေးဝံ့ စရာပဲ။ ဒါကြောင့်ပဲ သူ့ကို တိုက်ရိုက် မတိုက်ခိုက် ဝံ့တာ။ လင်းယွမ် မျှော်စင်ကို ခြိမ်းခြောက်မယ့် ဘယ်သူ့ကိုမှလည်း အရှင် မထားနိုင်ဘူး။
ဒါကြောင့် အောင်မြင်နိုင်ချေ မြင့်အောင် ရွှေရောင် အလင်းလုံး နှစ်ခုကို အသင့်ပြင် ထားခဲ့တယ်။ အချိန်လွန် နောင်တထက် ကြိုတင် ပြင်ဆင် ထားတာက ပိုကောင်းတယ်။ ဒါပေမယ့် ဒီလို ကိစ္စတွေ ဖြစ်မလာခဲ့ဘူး။ ဖန်ကျန်းရှီက သူရဲဘောကြောင်ပြီး ရှောင်မပြေးခဲ့တဲ့ အတွက်။ ချင်းယီအတွက်တော့ ပျော်စရာ ဖြစ်သွား ခဲ့ရတယ်။
ဝမ်းနည်း စရာ ကိစ္စတွေ မရှိတော့ဘူး။ ဖန်ကျန်းရှီ သူ့ထောင်ချောက်ထဲ ရောက်လာတာကို ချင်းယီ နည်းနည်းတော့ အံ့သြနေတုန်းပဲ။ သူမ ဘယ်လိုပဲ ခံစား ရပါစေ ကိစ္စက ပြတ်သွားခဲ့ပြီ။ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားပြီ။ သူမ ပြန်တည်ငြိမ် သွားခဲ့တယ်။
ဖန်ကျန်းရှီ ထင်သလိုပဲ၊ လင်းမုပိုင်ကို ချင်းယီ မသတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဧကရာဇ် တစ်ပါးကို သတ်ရင် ဖြစ်လာမယ့် ပြဿနာတွေကို မရှင်းချင်လို့။ နောက်တစ်ခုကတော့ သူက သူမ အတွက်တော့ အန္တရာယ် မဟုတ်ဘူး။ ပမွှားလေး တစ်ယောက်ပဲ။
ဒီတော့ လက်ကို သွေးစွန်း မခံတော့ဘူး။ ကြီးမြတ်သော ရှမင်းဆက်မှာသာ သူ့ဘာသူ တိတ်တဆိတ် ခံစား နေစေတာ ပိုကောင်းတယ်။ ဒါပေမယ့် လင်းမုပိုင်ကတော့ ချင်းယီနဲ့ အတွေး မတူခဲ့ဘူး။
“ဟဟဟား။” ခါးသက်သက် ရယ်မောရင်း ချင်းယီကို တစ်ချက်စိုက်ကြည့်တယ်။ ထူးဆန်းလွန်းတဲ့ အမူအယာနဲ့ သူပြောတယ်။ “ခေါင်းဆောင် ငါတကယ်ပဲ ဒီလို ပြန်မယ်လို့ မင်းထင်နေတာလား။”
“အော်။ ဒီတော့ နင်က ဘာလုပ် ချင်တာလဲ။” ချင်းယီ သိပ်မအံ့သြ ခဲ့ဘူး။
နောက်ဆုံးတော့လည်း လင်းမုပိုင်က ဧကရာဇ် တစ်ပါးလေ။ နောက်ခံကောင်းတယ်။ ဒီတော့ သန်မာသလို ဟန်ဆောင်နေတာ အံ့သြ စရာ မဟုတ်ခဲ့ဘူး။
“ဒီကို ရောက်နေမှတော့ လက်ဗလာနဲ့ ဘယ်ပြန်နိုင်မလဲ။ နောက်ပြီးတော့ ပင်းယန်ကို မင်းလက်ထဲမှာ မထားခဲ့ နိုင်ဘူး။” လင်းမုပိုင် ပြန်ဖြေတယ်။
“အဓိပ္မာယ်ရှိသား။ ပင်းယန်က လင်းယွမ် မျှော်စင် အတွက်နှစ်ဝက်လုံးလုံး ကျွန်လို အလုပ်လုပ်ထားတယ်။ ဒါ့အပြင် သူက သုခမိန်။ ငါတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်။ သူ့ကို မသတ်ဘူးလို့ ကတိပေးတယ်။ ယာယီ ဖမ်းထား ရုံပဲ။” ချင်းဝီ ခေါင်းငြိမ့်တယ်။
“ဟီးဟီး။ ချင်းယီ။ ငါပြောနေတာကို မင်းနားလည်တယ် မထင်ဘူး။ ငါပြောတာ။ မင်း ပင်းယန်ကို ဖမ်းထားမှတော့ မင်းလုပ်ချင်တာ လုပ်နိုင်တယ်လေ။ ဒါပေမယ့် ငါကတော့ ဒီကို ရောက်လာ ပြီးမှ ပြန်ထွက်သွားဖို့ အတွေး မရှိဖူးဘူး။” လင်းမုပိုင် ပြုံးပြရင်း ပြောတယ်။
“နင် တကယ်ပဲ ထွက်မသွားဘူးလား။” ချင်းယီ ဒါကို ကြားတော့ မျက်မှောင်ကြုတ် သွားခဲ့တယ်။
လင်းမုပိုင်ကတော့ ဘာမှ ပြန်မဖြေတော့ဘူး။ သူ့မျက်နှာကို ကြည့်ရုံနဲ့ အဖြေက သိသာနေပြီ။
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ လင်းမုပိုင်ရဲ့ ဆုံးဖြတ်ချက်ကို အံ့သြ နေခဲ့တယ်။ ပင်းယန်ကို မသတ်တာက သူတို့ လုပ်နိုင်တဲ့ အရာတွေထဲက အသက်ညှာဆုံး တစ်ခုပဲ။ လင်းမုပိုင် လုပ်နေတာကတော့ လုံးဝကို အဓိပ္မာယ်မဲ့တယ်။ သူ့မှာ တိုက်ပွဲကို ပြောင်းလဲနိုင်တာ ဘာမှ မရှိပဲနဲ့ ဒီလို တောင်းဆို ဝံ့သေးတယ်။”
“စိတ်ဝင်စား စရာပဲ။ နင် ငါ့မျက်စိရှေ့က ထွက်မသွားရင် ပင်းယန်ကို ငါချက်ခြင်း သတ်ပြစ်မယ် ဆိုရင်ရော။” ချင်းယီ ခရမ်းရောင် မိုးကြိုး တစ်ခုကို ဆင့်ခေါ်ပြီးတော့ ပင်းယန်ကို တိုက်ခိုက်စေတယ်။
သူတို့ ဘာကိုမှ မကြားပေမယ့် ပင်းယန်ရဲ့ ပါးစပ်ထဲကနေ သွေးတွေ ယိုစီးလာတာကိုတော့ မြင်လိုက်ရတယ်။
“ပင်းယန်။” လင်းမုပိုင် ဒေါသကို မထိန်းနိုင်တော့ဘူး။ ဒါပေမယ့် သူ့မှာ အင်အားလည်း မရှိတော့ဘူးလေ။ ချင်းယီနဲ့ ဘယ်လို ညှိနှိုင်းနိုင်မှာလဲ။
“ဒီတော့ နင် ထွက်သွားမလား မသွားဘူးလား။”
“ချင်းယီ။ မင်း။”
“နင့်မျက်စိရှေ့မှာ ပင်းယန် သေတာကို မြင်ချင်တာလား။“ ချင်းယီ လက်ချောင်းတွေကို လှုပ်ရှားရင်း မေးတယ်။
“မဟုတ်ဘူး။”
“ခေါင်းဆောင် မဖြစ်ဘူး။”
အသံ နှစ်သံ ပေါ်လာခဲ့တယ်။ တစ်ခုက လင်းမုပိုင်။ နောက်တစ်ခုက ကန်ယွဲ့။
ကန်ယွဲ့က ချင်းယီကို တားဖို့ ကြိုးစား လိုက်တာလား။
ကန်ယွဲ့ အသံကို ကြားတော့ တပည့်သားတွေ အလန့်တကြား ဖြစ်ကုန်တယ်။
“ခေါင်းဆောင် တကယ်ပဲ ပင်းယန်ကို သတ်ဝံ့တာလး။” ကန်ယွဲ့ ဒူးထောက်နေရင်း ချင်းယီကို အော်တယ်။
“ငါ ဘာဖြစ်လို့မလုပ်ရဲ ရမှာလဲ။”
“ပင်းယန်ကို သတ်လိုက်ရင် ဆရာသခင် လွှတ်လာမှာကို မကြောက်ဘူးလား။” ကန်ယွဲ့ ခေါင်းငုံ့ရင်း မေးတယ်။
“အိုး။” သွေးတွေ စွန်းနေတဲ့ ခရမ်းရောင် ဝတ်ရုံနဲ့ ကန်ယွဲ့ကို ချင်းယီ လှမ်းကြည့်တယ်။ “ကန်ယွဲ့။ ငါက ယွိအာ လွတ်လာမှာကို ကြောက်တယ်များ ထင်နေတာလား။”
“ငါ့ဆရာသခင် ချိတ်ပိတ် ခံရတဲ့ နေ့မှာ ခေါင်းဆောင်လန်က ငါ့ဆီကို ရေနွေးတစ်ခွက် လက်ဆောင် ပို့ခဲ့တယ်။ အဲ့ဒီ့ ရေနွေးကို သောက်ပြီးတဲ့နောက်၊ သုံးရက် သုံးည ငါသတိလစ် သွားခဲ့တယ်။ ပြန်နိုးလာတဲ့ အချိန်မှာတော့၊ ခေါင်းဆောင်လန်က ဒဏ်ရာတွေကြောင့် သေဆုံးသွား ခဲ့ပြီ။ ပြီးတော့ ငါ့ဆရာလည်း ချိတ်ပိတ် ခံလိုက်ရပြီ။”
“ဘာပြောချင်တာလဲ။”
“ခေါင်းဆောင်၊ တကယ်ပဲ ဆရာသခင် လွတ်လာမှာကို မကြောက်ဘူးလား။”
“အတင့်ရဲလိုက်တာ။” ချင်းယီရဲ့ အသံ ပြောင်းသွားတယ်။ ကန်ယွဲ့ကို တစ်ချက် ကြည့်ပြီးတော့ ပုံမှန် အတိုင်း ပြန်ပြောတယ်။ “ကန်ယွဲ့။ နင်က ဖန်ကျန်းရှီရဲ့ စကားတွေကို ယုံနေတာလား။ လောကမှာ တခြား ဘယ်သူမဆို ခေါင်းဆောင်လန်ကို သတ်ပြီးတော့ ယွိအာကို ချိတ်ပိတ်နိုင်တယ်။ ဒါပေမယ့် ငါကတော့ ဘယ်တော့မှ မလုပ်နိုင်တာကို နင်သိသင့်တယ်။”
“ဟုတ်ပါတယ်။ ခေါင်းဆောင်က ဆရာ့ကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူးလို့ ငါအမြဲတမ်း ယုံကြည် ထားခဲ့တယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင် အစိတ်အပိုင်းကိုကျ ဘယ်လို ရှင်းပြမလဲ။”
“ငါနင့်ကို ရှင်းပြ ပြီးသားပဲ။ ယွိအာ အတင်းအကြပ် ချိတ်ပိတ် ခံရတဲ့ အချိန် မတော်တဆ ဖြစ်သွားတယ်လို့။ ဒါကြောင့်။”
“အကယ်၍ တခြားသူသာ ဆိုရင်တော့ ဒါကို ယုံမိမှာပဲ။ ဒါပေမယ့် ဆရာသခင်က ခေါင်းဆောင်လန်ရဲ့ အမိန့်ကို ဘယ်တော့မှ ဖီဆန်မှာ မဟုတ်တဲ့ အတွက် ဒါကို မယုံနိုင်ဘူး။” ကန်ယွဲ့ အခိုင်အမာ ပြောတယ်။
“လူတွေက ပြောင်းလဲ နိုင်တယ်။ အထူးသဖြင့် ချိတ်ပိတ်ခံရမယ့် အချိန်မှာပေါ့။” ချင်းယီ လက်ချောင်းလေးကို လှုပ်လိုက်တယ်။ ကန်ရေပြင်မှာ ဂယက်ထသွားတယ်။ ဒါပေမယ့် ဒီလှိုင်းလေးက သေးငယ်လွန်းလို့ သေချာ အာရုံ မစိုက်တဲ့ သူဆိုရင် သတိထား မိမှာ မဟုတ်ဘူး။
ကန်ယွဲ့လည်း သတိမထားမိသလို၊ ပင်းယန်ကို အရမ်း စိတ်ပူနေတဲ့ လင်းမုပိုင်လည်း အတူတူပဲ။ ဒါပေမယ့် မဖြစ်နိုင်တာ ဘာမှ မရှိဘူး။
မြေပြင်ကို ခေါင်းငိုက်စိုက်ကျနေတဲ့ ကန်ယွဲ့ မြင်ကွင်းထဲ ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာတယ်။ မြေပြင်မှာ သွေးကွက်လေး တစ်ခု ရှိနေတယ်။ ရွှေရောင် အလင်းတန်းရဲ့ ရောင်ပြန်ဟပ်မှုတွေက သွေးကွက်လေးထဲ ပေါ်နေခဲ့တယ်။
“ခေါင်းဆောင် ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ရှုပ်ထွေး နေတာလဲ။” ကန်ယွဲ့ ခေါင်းမော့ရင်း ရုတ်တရက် မေးတယ်။ သူမ မျက်နှာက အေးစက် တင်းမာ နေခဲ့တယ်။
“စိတ်ရှုပ်ထွေးတယ်။” ချင်းယီ မျက်မှောင်ကြုတ်လိုက်တယ်။ “ကန်ယွဲ့ မင်း ဒဏ်ရာတွေကြောင့် ပင်ပန်း နေလောက်ပြီ။ သွား အနားယူတော့။” ချင်းယီ ချက်ခြင်း နွေးထွေးတဲ့ အမူအယာနဲ့ ပြောပြန်တယ်။
“ခေါင်းဆောင်။ ဘာဖြစ်လို့ မေးခွန်းတွေကို ရှောင်နေတာလဲ။ တကယ်ပဲ ဆရာသခင် လွတ်လာမှာကို မကြောက်ဘူးလား။”
ကန်ယွဲ့ ဖြည်းဖြည်းချင်း ထရပ်တယ်။ နှုတ်ခမ်းကို ဖိကိုက်ထားလွန်းလို့ သွေးတွေတောင် ထွက်နေခဲ့ပြီ။
အပိုင်း (၈၀၄) ပြီး၏။
အပိုင်း (၈၀၅)
“နောင်တမရှိပဲ သေဆုံး။ ချိတ်ပိတ်မှုကို ဖယ်ရှား။”
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ အံ့သြ နေခဲ့တယ်။ ကန်ယွဲ့ ဒီလိုမျိုး ချင်းယီရဲ့ အမိန့်ကို ဖီဆန်တာ သူတို့ တစခါမှ မတွေ့ဖူးဘူး။ နောက်ပြီးတော့ ဒီလို အသံနဲ့ မေးခွန်း ထုတ်တာ မျိုးလည်း အတူတူပဲ။
ဒါပေမယ့် တပည့်သားတွေ စကား တစ်ခွန်းတောင် မဟဝံ့ကြဘူး။ တစ်ချို့ တပည့်သားတွေကတော့ ကိုယ့်စိတ်နဲ့ အမူအယာကို လုံး၀ ထိန်းချုပ် ထားကြတယ်။
“ကန်ယွဲ့၊ နင်က ငါ့ကို မေးခွန်း တစ်ခုတည်း မေးနေတာ သုံးခါ ရှိပြီ။” ချင်းယီရဲ့ မျက်ဝန်းတွေ တောက်ပ လာခဲ့တယ်။
“ဟုတ်တယ်။ မေးခွန်း တစ်ခုတည်းကို သုံးခါ မေးတယ်။ ဒါပေမယ့် အဖြေ အခုထိ မရသေးဘူး။” ကန်ယွဲ့ရဲ့ အသံက ရုတ်တရက် ဝမ်းနည်းမှုတွေ ပြည့်နှက်လာတယ်။ သူမရဲ့ အေးစက်တဲ့ ပုံစံက ပျောက်ဆုံး သွားခဲ့ပြီ။ လုံးဝကို တခြားသူ တစ်ယောက် ဖြစ်သွားသလိုပဲ။
အလှည့်အပြောင်းက မြန်ဆန်လွန်းတယ်။ နောက်ပြီးတော့ ကန်ယွဲ့ ကြည့်ရတာ ဆက်ပြီးတော့ မေးချင်နေသေးတဲ့ ပုံစံပဲ။ ခေါင်းမော့ရင်း ရွှေရောင် ကောင်းကင်ကြီးကို သူကြည့်တယ်။
လင်းယွမ် နယ်မြေ။
လင်းယွမ် မျှော်စင်ရဲ့ ထိပ်တန်း ရတနာကတော့ အမြဲ တောက်ပ နေတာပဲ။ ဒါကို ကြည့်ရင်း သူမ ဝမ်းနည်း လာမိတယ်။
ချင်းယီကတော့ မျက်မှောင်ကြုတ်ထားခဲ့တယ်။ ကန်ယွဲ့ရဲ့ ဆက်တိုက် အပြောင်းအလဲကို သတိ ထားမိတော့ သူမရဲ့ အမူအယာက နည်းနည်း ရှုပ်ထွေး သွားပြန်တယ်။ ဒေါသထွက်နေတဲ့ ပုံစံ စိုးရိမ်နေတဲ့ ပုံစံတော့ မရှိခဲ့ဘူး။ သူမရဲ့ တည်ငြိမ်နေတဲ့ မျက်နှာ အောက်မှာ မုန်တိုင်း တစ်ခု ထန်နေတသလိုပဲ။
နောက်တော့ အံ့သြမှုတွေ သူမ မျက်နှာပေါ်မှာ ပေါ်လာတယ်။ သူတင် မကဘူး။ လင်းမုပိုင်နဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးလည်း အတူတူပဲ။ သူတို့တွေ မြင်နေတာကို မယုံနိုင်ဘူး။
ကန်ယွဲ့ လက်ထဲမှာ ကိုင်ထားတဲ့ မဟူရာရောင် ဓားတစ်လက်ကို ဘယ်သူမှ သတိ မထားမိပဲ မနေကြဘူး။ ဓားက အေးစက်စက် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။ နောက်ပြီးတော့ အဲ့ဒီ့ဓားက ကန်ယွဲ့ရဲ့ ရင်ဘတ် တည့်တည့်မှာ ရှိနေတာ၊ ဓားက အပြည့်အ၀ မဝင်သေးပေမယ့်၊ ဓားထိပ်ကနေ သွေးတွေ စီးကျ နေခဲ့ပြီ။
“ကန်ယွဲ့။ နင်ဘာလုပ် နေတာလဲ။” ချင်းယီ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူမရဲ့ လက်ထဲက ရေဘောလုံးကြီးကို ချက်ခြင်း ချထားပြီးတော့ ကန်ယွဲ့ကို တားမြစ်တယ်။
“အစ်မကြီး ကန်ယွဲ့။”
“အစ်မကြီး ကန်ယွဲ့ ဒီလို မလုပ်ပါနဲ့၊”
“အစ်မကြီး ကန်ယွဲ့ ရူးရူးမိုက်မိုက် ဘာမှ မလုပ်ပါနဲ့။ အထင်လွဲတာတွေ အကုန်လုံးက ဖြေရှင်းလို့ ရတယ်။ ခေါင်းဆောင်လည်း ခွင့်လွှတ်ပေးမှာပါ။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ကြောက်လန့်တကြား အော်ဟစ်ကြတယ်။
ကိုယ့်ကိုယ်ကို သတ်သေတာတဲ့။
ဘယ်သူကများ ကန်ယွဲ့ ဒီလို လုပ်မှာကို တွေးမိမှာလဲ။ အားလုံး အငိုက်မိနေကြတယ်။ လင်းမုပိုင်ကတော့ ကိုယ်တိုင် မြင်နေရတာတောင် မယုံနိုင်ခဲ့ဘူး။
“တကယ်တော့ ဖန်ကျန်းရှီကို ငါတကယ် မယုံဘူး။” ကန်ယွဲ့ ခေါင်းမော့ရင်းနဲ့ ဆက်ပြောတယ်။ “ငါမယုံချင်လို့ပဲ။ နောက်ပြီးတော့ သူက ဘာမှ မသိတဲ့သူ။ အခြေအမြစ် မရှိပဲ ခန့်မှန်း နေခဲ့တာ။”
“ကန်ယွဲ့။ ဓားကို အရင်ချလိုက်။” ချင်းယီက အတော့်ကို စိတ်ပူ နေခဲ့တယ်။ သူမ နှုတ်ခမ်းတွေတောင် တွန့်နေခဲ့တယ်။
“သူ့ကို ငါမယုံဘူး။ တကယ် မယုံဘူး။” ကန်ယွဲ့က ဘာမှ မကြားတဲ့ အတိုင်း ဆက်ပြော နေခဲ့တယ်။ “ဒါပေမယ့် သူမှန်တာ တစ်ခုတော့ ရှိတယ်။ ပင်းယန် အပြင် ဆရာသခင်နဲ့ သွေးသား ဆက်နွယ်နေတာ ငါတစ်ယောက်ပဲ ရှိတယ်။”
“အစ်မကြီး ကန်ယွဲ့။”
“အစ်မကြီး တွေးနေတာ။”
“မဖြစ်နိုင်ဘူး။ လုံး၀ မဖြစ်နိုင်တာတွေ။ ဖန်ကျန်းရှီ ပြောတဲ့ မဟုတ်တမ်း တရားတွေကို မယုံလိုက်နဲ့။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ကန်ယွဲ့ ပြောချင်နေတာကို သိကြတယ်။ ဒါပေမယ့် သူတို့တွေ ပိုကြောက်လန့် လာကြတယ်။
ချင်းယီက ခေါင်းဆောင်လန်ကို သတ်ခဲ့တာလား။
ယွိအာကိုလည်း ချိတ်ပိတ် ခဲ့တာလား။
မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ တရားခံ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကန်ယွဲ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဓားကတော့ သူမရဲ့ နှလုံးထဲကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် လာခဲ့တယ်။ သူမရဲ့ ခရမ်းရောင် ဝတ်ရုံ တစ်ခုလုံး သွေးတွေ ရွဲနစ် နေခဲ့ပြီ။
“ဆရာသခင်။ ကန်ယွဲ့က ဆရာသခင်ရဲ့ အစေခံပါ။ ဆရာသခင်သာ မရှိရင် ဒီနေ့ထိ အသက်ရှင် နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဆရာသခင် ဖမ်းချုပ် ခံထားရတာ ဆယ်စုနှစ် တစ်ခု ကျော်လွန်ခဲ့ပြီ။”
“ဆရာသခင်။”
ကန်ယွဲ့ သူမလက်ထဲက ဓားကို အဆုံးထိ ထိုးသွင်းလိုက်တယ်။ သွေးတွေက မြားတစ်စင်းလို စီးထွက်လာခဲ့တယ်။
“အစ်မကြီး မလုပ်နဲ့။”
“အစ်မကြီး ရပ်လိုက်ပါ။”
“ညီမလေး ဘာကြောင့်များ ဒီလို လုပ်ရတာလဲ။”
တပည့်သားတွေ အားလုံး အမူအယာ ပြောင်းကုန်ကြတယ်။ ပါးစပ်ကသာ ဖန်ကျန်းရှီကို မယုံဘူး ပြောနေတာ၊ ကန်ယွဲ့ရဲ့ လုပ်ရပ်က တခြားစီ ဖြစ်နေခဲ့တယ်။
ကန်ယွဲ့ ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိခဲ့ဘူး။
“ကန်ယွဲ့ ရပ်လိုက်တော့။ နင့်မေးခွန်းကို ဖြေမယ်။ ယွိအာ လွတ်လာမှာကို ငါမကြောက်ဘူး။ ရူးရူးမိုက်မိုက် ဘာမှ မလုပ်နဲ့။” ချင်းယီရဲ့ အမူအယာလည်း ပြောင်းသွားခဲ့တယ်။
“ဟုတ်တယ်။ ဒါပေါ့။ ဘယ်ကြောက်မလဲ။ ငါလည်း ယုံခဲ့မိတာပဲ။ ဒါပေမယ့် ခေါင်းဆောင်လန်သာ ငါ့ဆရာကို ချိတ်ပိတ်ခဲ့တာ ဖြစ်ရင်။ ခေါင်းဆောင်တောင်မှ လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။” ကန်ယွဲ့ ခေါင်းငြိမ့်တယ်။
“ဒါပေမယ့် ဆရာသခင်ရဲ့ အစေခံ အနေနဲ့၊ ဆရာသခင်ကို တစ်ဘဝတာလုံး တာဝန် ထမ်းဆောင်ရမယ်။ ဆရာသခင်က ငါ့အသက်သခင် ကျေးဇူးရှင်။ ဒီတော့ ငါ့အသက်နဲ့ လောင်းကြေးထပ်မယ်။”
“လောင်းကြေး။”
“ဘာလောင်းကြေးလဲ။”
ကန်ယွဲ့ စကားတွေကို တပည့်သားတွေ နားမလည်နိုင်ကြ။ ကန်ယွဲ့ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ငိုကြွေး နေခဲ့တယ်။”
“ကန်ယွဲ့က အသုံးမဝင်ပါဘူး။ ဆရာသခင် ချိတ်ပိတ် ခံရတဲ့ အချိန် လိုက်ပါပြီး မစောင့်ရှောက် နိုင်ခဲ့ဘူး။ ကယ်တင်ဖို့ နည်းလမ်း တစ်ခုလေးတောင် မရှာနိုင်ဘူး။ ၁၆နှစ်လုံးလုံး ဆရာသခင်ကို အချိန်တိုင်း လွမ်းဆွတ်ရုံပဲ တတ်နိုင်ခဲ့တယ်။ ဆရာသခင်ကို တစ်ခဏလေး မြင်တွေ့ခွင့်ရရင်၊ ဆရာသခင်ရဲ့ စကားလေး တစ်လုံးလောက် ကြားခွင့်ရှိရင်။ ကန်ယွဲ့ ကျေနပ်ပါပြီ။”
“ဆရာသခင်။ ကန်ယွဲ့ရဲ့ စွမ်းရည်တွေ့ ကန့်သတ်ချက် ရှိတယ်။ သွေးသား ချိတ်ပိတ် နည်းလမ်းကို ဖြေရှင်းပြီးတော့ ဆရာသခင်ကို ကယ်တင်ဖို့ မစွမ်းဆောင် နိုင်ခဲ့ဘူး။ ကန်ယွဲ့ကြောင့် ဆရာသခင် ဒုက္ခ များရပါပြီ။”
“ပင်းယန်ကိုလည်း ကန်ယွဲ့ မသတ်နိုင်ဘူး။ ပင်းယန်က ဆရာသခင်ရဲ့ တဦးတည်းသော သမီး။ ဆရာသခင် ဘယ်လောက်တောင် ချစ်တဲ့ သမီးလေးဆိုတာ ကန်ယွဲ့ သိတယ်။ ဆရာသခင်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ မလုပ်စေချင်တာကို ဘယ်လိုလုပ် လုပ်ဝံ့မှာလဲ။”
“ဒီ၁၆နှစ်လုံးလုံး ပင်းယန် သေမှာကို စောင့်နေခဲ့တယ်။ ဒါမှ ဆရာသခင် ချိတ်ပိတ် ထားတာကနေ လွတ်လာနိုင်မယ်လို့ ထင်ခဲ့တယ်။”
ကန်ယွဲ့ ပြောရင်းနဲ့ ချက်ခြင်း အမူအယာ ပြောင်းသွားပြန်တယ်။ အရမ်း အာရုံ စိုက်ပြီး တည်ကြည်လေးနက်တဲ့ ပုံစံ ဖြစ်သွားခဲ့တယ်။
“အခုတော့ ကန်ယွဲ့ နောက်ထပ် မစောင့်နိုင်တော့ဘူး။ ကန်ယွဲ့ရဲ့ ခန္ဒာကိုယ်မှာ ဆရာသခင်ရဲ့ သွေးတွေ စီးဆင်းနေတယ်။ ကန်ယွဲ့က ဆရာသခင်ကို ချိတ်ပိတ်ထားတဲ့ စည်း ဖြစ်ခဲ့ရင် ဖြစ်နိုင်ချေက အရမ်း အရမ်းကို နည်းနေရင်တောင်မှ ဘာဖြစ်လဲ။ လောကမှာ ဆရာသခင်ရဲ့ သွေးသားနဲ့ ဖြစ်တည်နေတာ ၂ယောက်ပဲ ရှိတယ်။ ကန်ယွဲ့ ဖြစ်နိုင်ချေက ၁%ပဲ ရှိရင်တောင် အသက်ကို လောင်းကြေး ထပ်ဝံ့ပါတယ်။”
ကန်ယွဲ့ရဲ့ ဓားက သူမရဲ့ ခန္ဒာကိုယ်ကို လုံး၀ ဖောက်ထွက် သွားခဲ့ပြီ။ သူမ တစ်ကိုယ်လုံးလည်း သွေးတွေ အိုင်ထွန်း နေခဲ့ပြီ။ တပည့်သားတွေကတော့ ကန်ယွဲ့ အတွေးကို နားလည်သွားခဲ့ရပြီ။
အမှန်ပဲ။ ကန်ယွဲ့ ပြောသလိုပဲ။ ဖန်ကျန်းရှီကို သူမယုံဘူး။ ဒီတော့ရော ဘာဖြစ်လဲ။ ယွိအာရဲ့ သွေးတွေက သူမ ခန္ဒာကိုယ်ထဲမှာ စီးဆင်း နေတယ်လေ။ ဒီတော့ စည်းကို ဖယ်ရှားဖို့ အခွင့်အရေးက သေးငယ် လွန်းရင်တောင် စွန့်စား ရမှာပဲ။
“ဆရာသခင်။ ကန်ယွဲ့ အရင်ဆုံး သွားနှင့်ပါပြီ။ သေချာပေါက် ထွက်လာ ရမယ်။” ကန်ယွဲ့ သွေးအိုင်ထဲကို လဲကျသွားတယ်။
သွေးအိုင်ထဲမှာ ရွှေရောင် အလင်းတန်းက တောက်ပ နေခဲ့တယ်။ ကြယ်တာရာတွေလိုပဲ အေးစက်ပြီးတော့ နွေးထွေးတယ်။
ဝုန်း။
ကန်ယွဲ့ မြေပြင်ပေါ်ကို လဲကျ သွားပေမယ့် ပြုံးနေခဲ့တယ်။ နောက်ဆုံးတော့ လွတ်လပ် သွားခဲ့ပြီ။ လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ တိတ်ဆိတ် နေခဲ့တယ်။ သူတို့တွေ ကန်ယွဲ့ကို နှစ်သက် သဘောကျတာတော့ မဟုတ်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေမှာ ကန်ယွဲ့က အရမ်း မောက်မာ ခဲ့တယ်လေ။
ဒါပေမယ့် အခုတော့ သူတို့ နားလည် သွားခဲ့ပြီ။ ကန်ယွဲ့က လွန်ခဲ့တဲ့ နှစ်တွေမှာ စိတ်ဒဏ်ရာကြောင့် နာကျင် ခံစား နေရလွန်းလို့ ဒီလို ပုံစံ ဖြစ်နေ ရတာပဲ။ ကန်ယွဲ့ အခုတော့ သေသွားခဲ့ပြီ။ အကျိုး မရှိတဲ့ သေခြင်း တရားလို့ ထင်ရပေမယ့် သူတို့ အတွက်တော့ သင်ခန်းတစာ တခု ရလိုက်တယ်။ ကန်ယွဲ့လိုမျိုး သစ္စာရှိတဲ့ လူတစ်ယောက်က နောင်တ တရား မရှိပဲ သေဆုံးရတယ်။
“ကန်ယွဲ့။” လင်းမုပိုင် နှုတ်ခမ်းတွေကို ကိုက်ထားမိတယ်။ ကန်ယွဲ့ရဲ့ အသက်မဲ့ ခန္ဒာကိုယ်ကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ပင်းယန် ရှိနေတဲ့ ရေဘောလုံးကြီးကို တစ်ချက် ကြည့်ပြန်တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ ကန်ယွဲ့ ခံစား ခဲ့ရတာတွေ အတွက်တော့ သူကူကယ်ရာ မဲ့နေခဲ့တယ်။
သူလည်း ယွိအာကို နောက်တစ်ခေါက် ပြန်တွေ့ချင်ခဲ့တယ်။ တစ်နှစ်ပြီး တစ်နှစ် မျှော်လင့် စောင့်စားခဲ့တယ်။ နောက်ဆုံး ၁၆နှစ်တာ ကုန်ဆုံး သွားတဲ့ အထိပဲ။ ပင်းယန်ကို သူကာကွယ်ချင်သေးတယ်။ နတ်ဆိုး မျိုးနွယ်နဲ့ တခြား နိုင်ငံတော်တွေကလည်း သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တယ်။ ပင်းယန်ကို မျက်စိ အောက်ကတောင် အပျောက်မခံ ဝံ့ဘူး။
အခုတော့ လင်းယွမ် မျှော်စင် ရှေ့မှာ သူရောက်နေခဲ့ပြီ။ ယွိအာနဲ့ နီးကပ် နေပင်မယ့်၊ ချင်းယီက ဖန်ကျန်းရှီနဲ့ ပင်းယန်ကို ဖမ်းချုပ် ပြီးတော့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ဖျက်စီးလိုက်ပြန်တယ်။ ဒီကူကယ်ရာမဲ့တဲ့ ဒဏ်ရာက ဓားဒဏ်ရာထက် ပိုဆိုးတယ်။
ဒီအချိန်မှာပဲ ချင်းယီရဲ့ အသံကို ကြားလိုက်ကြတယ်။ အရမ်းကို ကြောက်လန့် နေတဲ့ ပုံစံပဲ။
“သေပြီ။ သေသွားပြီ။ တကယ်ပဲ သေသွားပြီ။ ဘယ်လို ဖြစ်ရတာလဲ။ မဖြစ်ရ ဘူးလေ။ မဖြစ်ရဘူး။ ဘယ်လိုများ ဒီလို သေရတာလဲ။ အား။”
“ခေါင်းဆောင်။”
“ခေါင်းဆောင်။ စိတ်ထိန်းပါ။ ကန်ယွဲ့ သေရတာ ခေါင်းဆောင်ကြောင့် မဟုတ်ပါဘူး။”
တပည့်သားတွေ ချင်းယီကို ပြောကြတယ်။ အနီနဲ့ အပြာဝတ် တပည့်သားတွေ အများကြီး သူမဘေးကို ရောက်လာကြတယ်။
ချင်းယီကတော့ ဘယ်သူ စကားကိုမှ မကြားတဲ့ အတိုင်းပဲ။ ကန်ယွဲ့ရဲ့ အလောင်းကို ထိုင်ကြည့်ရင်း စိတ်ဖောက်ပြန်နေတဲ့ လူတစ်ယောက်လို မတည်မငြိမ် ဖြစ်နေခဲ့တယ်။
“ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။”
“ငါဘယ်နေရာ မှားသွား ခဲ့တာလဲ။”
“လွန်ခဲ့တဲ့ ၁၆နှစ် လုံးလုံး။ လင်းယွမ် မျှော်စင်က နှစ်တိုင်း တိုးတက်လာခဲ့တယ်။ တပည့်သားတွေက လွတ်လွတ်လပ်လပ် နေနိုင်ကြတယ်။ ငါတို့ အင်အားကလည်း တခြား မျိုးနွယ်စု လေးခုထက် သာလွန်တယ်။ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ငါဘာများ အမှား လုပ်မိတာလဲ။”
“ငါ ခေါင်းဆောင်က နင့်ကို ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါပေမယ့် နင်ကတော့ ဘာမဟုတ်တဲ့ ဖန်ကျန်းရှီကြောင့် သစ္စာဖောက်တယ်။ နင့်အသက်နဲ့ ရင်းပြီးတော့ သစ္စာဖောက်သွားတယ်။”
“နင်သူ့ကို မယုံဘူး ဟုတ်လား။ မယုံရင် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေရတာလဲ။”
“သေစမ်း။ နင်တို့ အကုန် သေစမ်း။ ပင်းယန်။ ဖန်ကျန်းရှီ။ နောက်ပြီးတော့ နင်။ လင်းမုပိုင် ကြီးမြတ်သောရှရဲ့ ဧကရာဇ်။ နင်တို့ အားလုံး သေကြ။”
ချင်းယီ စိတ်လွတ်သွားတဲ့ ပုံစံကို မြင်တော့ လင်းယွမ် မျှော်စင် တပည့်သားတွေ အံ့သြ ကုန်ကြတယ်။ သူမရဲ့ အေးစက်စက် ပုံစံနဲ့ လုံး၀ မကိုက်ညီအောင် ဘာဖြစ်လို့ ဒီလို လုပ်နေလဲ ဘယ်သူမှ နားမလည် နိုင်ကြဘူး။ အသံ တစ်သံကို မကြားခင် အထိပေါ့။
“အစ်မကြီးရေ့။ မတွေ့ရတာ ကြာပြီပဲ။”
အပိုင်း (၈၀၅) ပြီး၏။
အပိုင်း (၈၀၆)
“ယွိအာရဲ့ ထွက်ပေါ်လာမှု။”
ဝုန်း။
ကျစ်ကျစ်တောက် ပူနေတဲ့ နေ့လယ်ခင်းကြီးမှာ မိုးကြိုးတွေ လျှပ်စီးတွေ မရှိခဲ့ဘူး။
ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သူတို့ နားထဲကို မိုးကြိုးတွေ ပြစ်ချသလို ခံစားနေရတယ်။ လူတစ်ယောက်ရဲ့ (မတွေ့ရတာ ကြာပြီ)ဆိုတဲ့ စကား တစ်ခွန်းကြောင့်ပေါ့။
တပည့်သားတွေ အားလုံးက ချင်းယီရဲ့ နောက်ဘက်ကို ချက်ခြင်း ကြည့်မိကြတယ်။ ဒါက လင်းယွမ် မျှော်စင် ဂိတ်တံခါး ရှိတဲ့ နေရာမဟုတ်ဘူး။ လင်းယွမ် မျှော်စင်ကနေ ထွက်တဲ့ ထွက်ပေါက်ပဲ။ ဒါပေမယ့် အခုတော့ အဲ့ဒီ့နေရာမှာ လူတစ်ယောက် ရှိနေခဲ့ပြီ။
သူမက သူမရဲ့ ခန္ဒာကိုယ် ကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ ငွေဖြူရောင် ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ ရှည်လျား ဖြောင့်စင်းတဲ့ ဆံကေသာတွေက သူမရဲ့ ခါးပေါ်မှာ ဝဲကျ နေခဲ့တယ်။ ဒီဆံကေသာတွေကို ကျောက်စိမ်းဖြူ ပန်းအဆင်တန်ဆာနဲ့ ဆင်ယင်ထားခဲ့တယ်။
သူမ ကြည့်ရတာ ရေချိုးပြီးခါစ လူတစ်ယောက်လိုပဲ။ ဘာကြောင့်လဲ ဆိုတော့ အေးစက် စိုစွတ်တဲ့ အငွေ့အသ်ကတွေကို ထုတ်လွှတ် နေလို့ပဲ။ သူမကြည့်ရတာ အသက်၃၀ မပြည့်သေးတဲ့ ပုံစံပဲ။ မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက ပန်းချီကား တစ်ချပ်လို လှပတယ်။ သိမ်မွေ့ပြီးတော့ တင့်တယ် ပြေပြစ်တယ်။
အရေးအကြီးဆုံးကတော့ သူမက ချင်းယီနဲ့ အရမ်းကို တူနေတာပဲ။ တစ်ပုံစံတည်းလို့တောင် ပြောလို့ရတယ်။
“ချင်း ချင်း ယွိ။”
“သူ တကယ်ပဲ ထွက်လာပြီ ချင်းယွိရဲ့ ချိတ်ပိတ်စည်းက ပေါက်သွားပြီ။”
“ဘယ်လိုများ ဖြစ်နိုင်မှာလဲ။”
အနီနဲ့ အပြာဝတ် တပည့်သားတွေ ဒီအမျိုးသမီးရဲ့ မျက်နှာကို မြင်တော့ ကျောရိုးထဲ စိမ့်ချမ်း သွားတဲ့ အထိကို ကြောက်လန့် သွားခဲ့ကြတယ်။
လင်းယွမ် မျှော်စင် တပည်သားတွေထဲမှာ သူမကို မြင်ဖူးတဲ့ သူက နည်းပါးတယ်။ ဒါပေမယ့် သူမရဲ့ ရုပ်သွင်နဲ့ စကားတွေကြောင့် ဘယ်သူ ဆိုတာကိုတော့ သိတယ်။
ချင်းယွိ။
ဒီအမျိုးသမီးက ချင်းယီနဲ့ မျိုးရိုးနာမည် တူတယ်။ သူမက တစ်ချိန်တုန်းက လင်းယွမ် မျှော်စင်ရဲ့ ဂုဏ်အယူရဆုံး ပြယုဂ် တစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၆နှစ် အတွင်းမှာ သူမ နာမည်က တားမြစ်ထားတဲ့ အရာ တစ်ခုပဲ။
အခုတော့ ဒီအမျိုးသမီးက သူတို့ မျက်စိရှေ့မှာ ရောက်နေခဲ့ပြီ။ အရာအားလုံးက မယုံနိုင်စရာ ကောင်းလွန်းတယ်။ လူတိုင်းက ချင်းယီကို ကြည့်ရင်း နေရာမှာတင် တောင့်တင်း နေခဲ့ကြတယ်။ သူတို့တွေ လုံးဝကို တိတ်ဆိတ် နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ စကား တစ်ခွန်းတောင် မပြောဝံ့ဘူး။
ချင်းယီရဲ့ အမူအယာကတော့ တစ်ချိန်တည်းမှာပဲ ပြောင်းသွားခဲ့တယ်။ မှောင်မည်းနေတဲ့ မျက်နှာက နီရဲသွားတယ်။ အဲ့ဒီ့နောက် ဖြူဖျော့ပြီးတော့မှ ပြန်မှောင်မည်း သွားပြန်တယ်။ အရမ်းကို ရှုပ်ထွေးတဲ့ စက်ဝိုင်း တစ်ခုလိုပဲ။
ဘယ်သူကမှ သူမရဲ့ အတွေးကို နားမလည်ဘူး။ သူမ ဘာလုပ်မယ် ဆိုတာကိုလည်း မသိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ မြင်နေတာကို မယုံနိုင်လို့လေ။ မယုံနိုင်စရာတွေက သူတို့ မျက်စိရှေ့ တည့်တည့်မှာ ဖြစ်နေတာလေ။
ကန်ယွဲ့ သေသွားတယ်။
အဲ့ဒီ့နောက် ချင်းယွိ ပေါ်လာတယ်။ ဒါက တိုက်ဆိုင်တာလား။ ဒါမှမဟုတ်ရင် အားလုံးက အစီအစဉ် တစ်ခုတည်းလား။
အချိန် ဘယ်လောက်တောင် ကြာသွားလဲဆိုတာ မိုးနတ်မင်းပဲ သိလိမ့်မယ်။ ချင်းယီ အသက်ပြင်းပြင်း ရှူပြီးတဲ့နောက် ဖြည်းဖြည်းချင်း လှည့်လာတယ်။ ရွှေရောင် အလင်းတန်းတွေက သူမရဲ့ မျက်ဝန်းထဲမှာ စီးဆင်း နေတုန်းပဲ။ ရွှေရောင် ရေဘောလုံးကြီးကို သူမရဲ့ လက်တစ်ဖက်မှာ မြှောက်ထားရင်း နောက်လက်တစ်ဖက်ကိုတော့ သူမရဲ့ နောက်ကျောမှာ ထားလိုက်တယ်။
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားခဲ့တယ်။ ချင်းယီ နှုတ်ခမ်းတွေကို တွန့်ကွေးပြီးတဲ့နောက် အားတင်းပြီးတော့ ပြုံးပြလိုက်တယ်။
“ညီမလေး။ ဒီနှစ်တွေမှာ အတော်လေး ခံစား ခဲ့ရမှာပဲ။” ချင်းယီက ချင်းယွိကို နှုတ်ဆက်တယ်။ ဒါပေမယ့် သူမ နည်းနည်းလေးတောင် မလှုပ်ရှားခဲ့ဘူး။ ချင်းယွိ ပြန်လာတာကို ဖက်လှဲတကင်း ကြိုဆိုတာလည်း မရှိခဲ့ဘူး။
“လူတစ်ယောက်က သူ့ရဲ့ စိတ်နဲ့ ခန္ဒာကိုယ် ကြံ့ခိုင်မှပဲ အောင်မြင်နိုင်မယ်။ ဒီ၁၆နှစ်လုံးလုံး တင်းတင်းကြပ်ကြပ် လေ့ကျင့် ခဲ့ရတော့ ဒါကို ခံစားရတယ်လို့ မခေါ်ပါဘူး။” ချင်းယွိ ခေါင်းခါရင်း ချင်းယီ့ နောက်ဘက်ကို လှမ်းကြည့်တယ်။
ကန်ယွဲ့ရဲ့ အသက်မဲ့ ခန္ဒာကိုယ်ကို မြေပြင်ပေါ်မှာ မြင်လိုက်တော့ သူမ တုန်ယင် သွားခဲ့တယ်။ ငွေရောင် လခြမ်းကွေး တစ်ခု လေထဲမှာ ပေါ်လာပြီးတော့ ချင်းယွိက ကန်ယွဲ့ ဘေးမှာ ပေါ်လာခဲ့တယ်။
“ယွဲ့အာ။” သူမ ဒူးထောက် ထိုင်လိုက်ပြီးတော့ ကန်ယွဲ့ရဲ့ ခန္ဒာကိုယ်ကို ပွေ့ဖက်ရင်း ပြောတယ်။ သူမ အတော့်ကို စိတ်ထိခိုက်နေတာ သိသာတယ်။
၁၆နှစ်လုံးလုံး ချိတ်ပိတ် ခံထားရတာက သူမ အတွက် ကြမ်းတမ်းတဲ့ လေ့ကျင့်မှု တစ်ခုထက် မပိုပေမယ့်၊ ကန်ယွဲ့ကို မြင်မြင်ချင်းမှာပဲ သူမ ငိုကြွေးခဲ့တယ်။
“ယွိအာ။ တကယ်ပဲ မင်းလား။ တကယ်ပဲ မင်းလား။” နေရာမှာ တောင့်တင်း နေခဲ့တဲ့ လင်းမုပိုင်ကတော့ အခုမှပဲ တုံ့ပြန် နိုင်ခဲ့တယ်။
သူ့ရဲ့ ကျင့်ကြံဆင့်ကြောင့် ချက်ခြင်း မတုံ့ပြန် နိုင်ခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ ကျင့်ကြံဆင့်က လင်းယွမ် မျှော်စင်ရဲ့ သာမာန် တပည့်သားတွေထက်ကို သာလွန်တယ်။
ဒါပေမယ့် ချင်းယွိရဲ့ အသံကို ကြားချိန်မျာတော့ သူ့ရဲ့ စိတ်တစ်ခုလုံး ဗလာ ဟင်းလင်း ဖြစ်သွားခဲ့တယ်။ ချင်းယွိ ကန်ယွဲ့ အနားကို ရောက်လာမှပဲ အသိစိတ် ပြန်ဝင်တော့တယ်။
လွန်ခဲ့တဲ့ ၁၆နှစ်လုံးလုံး သူစောင့်မျှော်နေခဲ့ရတဲ့ လူတစ်ယောက် သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတာကို မယုံနိုင် ဖြစ်နေ ခဲ့တာပဲ။ ထိတ်လန့်မှုက ကြီးမားလွန်းလို့ တောင့်မခံ နိုင်လောက်အောင်ပဲ။
“အရှင် မင်းမြတ်။ ဒီနေရာမှာ ရှိမနေ သင့်ဘူးလေ။” လင်းမုပိုင်ရဲ့ အသံကို ကြားတော့ ချင်းယွိရဲ့ လက်တွေ တုန်ယင် သွားခဲ့တယ်။ ဒါပေမယ့် သူမကိုယ် သူမ ပြန်ထိန်းချုပ် လိုက်တယ်။
“ငါတို့တွေ အတူတူ ရှိမနေသင့်တဲ့ ကံတရားကို နားလည်ပါတယ်။ ဒါပေမယ့် မင်းကို ငါ တကယ်ပဲ လက်မလွှတ် နိုင်ခဲ့ဘူး။”
“အရှင်မင်းမြတ်။ ဒီကို ရောက်နေမှတော့ ကျေးဇူးပြုပြီး ယွဲ့အာကို တစ်ချက် ကူကြည့် ထားပေးပါ။ လုပ်စရာ ကိစ္စလေးတွေ တစ်ချို့ ရှိနေသေးလို့ ခွင့်လွှတ် ပေးပါ။” ချင်းယွိက လင်းမုပိုင်ကို ပြောတယ်။ သူမ ကန်ယွဲ့ရဲ့ ခန္ဒာကိုယ်ကို ချီမ လာပြီးတော့ လင်းမုပိုင်ရဲ့ ရှေ့မှာ ဖြည်းဖြည်းချင်း ချလိုက်တယ်။ ချင်းယီကို တစ်ချက် ပြန်ကြည့်တယ်။
လင်းမုပိုင်ရဲ့ ခန္ဒာကိုယ်ကတော့ တစ်ခုခု ပြောချင်တဲ့ ပုံစံနဲ့ တုန်ယင် နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတိတ်တဆိတ်သာ နေခဲ့တယ်။ ခေါင်းငြိမ့်ရင်း ကန်ယွဲ့ရဲ့ အလောင်းကို သူ့ရဲ့ ဝတ်ရုံနဲ့ ခြုံလွှမ်း ပေးလိုက်တယ်။
ဘယ်သူကမှ စကား တစ်ခွန်းတောင် မပြောဘူး။
လောကကြီး တစ်ခုလုံးက အခုချိန်မှာ အသံမဲ့ နေခဲ့တယ်။ ကောင်းကင်မှာ တောက်ပနေတဲ့ ရွှေရောင် အလင်းတန်းကတော့ ချင်းယွိနဲ့ ချင်းယီရဲ့ ခန္ဒာကိုယ်ပေါ်မှာ တောက်ပ နေခဲ့တယ်။
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သူတို့ နှစ်ယောက်ကို တိတ်တဆိတ်သာ စိုက်ကြည့်နေခဲ့တယ်။ နောက်ထပ် မုန်တိုင်းသစ် တစ်ခု ထပ်လာတော့မယ် ဆိုတာကို သိတဲ့ အတွက် ခံစားချက်တွေ ရှုပ်ထွေး နေခဲ့တယ်။
ကန်ယွဲ့ရဲ့ သေဆုံးမှုက ယွိအာကို ထွက်ပေါ် လာစေတယ် ဆိုတဲ့ အချက်ကို မယုံခဲ့ပေမယ့်၊ လင်းယွမ် မျှော်စင်ရဲ့ တားမြစ်ချက်ကြီးက သူတို့ ရှေ့မှာ ရောက်နေခဲ့ပြီလေ။
…
လေထုက ပူနွေးနေပြီးတော့ သွေးနံ့ဖျော့ဖျော့လေး ထွက်နေခဲ့တယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီသွေးနံ့ကို ကောင်းကောင်းကြီး အနံ့ရနေတယ်။
ချင်းယီက ကြီးမားတဲ့ ရွှေရောင် ရေဘောလုံးကြီးကို လက်တစ်ဖက်မှာ ကိုင်ထားတယ်။ နောက်လက် တစ်ဖက်ကိုတော့ သူမရဲ့ နောက်ကျောမှာ ကပ်ထားခဲ့တယ်။ သူမ မျက်ဝန်းထဲမှာတော့ ရွှေရောင် အလင်းတန်းတွေ တောက်ပရင်း တစ်ခုခုကို စောင့်ဆိုင်း နေတဲ့ ပုံစံပဲ။
သူမ စကား တစ်ခွန်းတောင် မပြောဘူး။ ဘာကြောင့်လဲ ဆိုတော့ (အနိုင်ရသူက အကုန်လုံးကို သိမ်းပိုက်တယ်) ဆိုတဲ့ ရှေးစကားကို ကောင်းကောင်း နားလည် ထားတယ်လေ။ ဒါကြောင့် စကား ပြောတာက အသုံးမဝင်ဘူး။ ရှင်းပြစရာလည်း မလိုဘူး။
ချင်းယီ ရှုံးသွားပြီလား။
အဖြေကတော့ ထင်ရှားပါတယ်။ သူမက လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်နေတုန်းပဲ။ သူမရဲ့ နောက်မှာ တပည့်သား တစ်ရာကျော် ရှိနေသေးတယ်။
အရေး အကြီးဆုံးကတော့ ဖန်ကျန်းရှီနဲ့ ပင်းယန် ရှိနေတဲ့ သီးခြား လောကကို သူမ ထိန်းချုပ် ထားတာပဲ။ ဒါက အခြေအနေ အလှည့်အပြောင်းကို ကောင်းကောင်းကြီး ဖန်တီးနိုင်တယ်။ ချင်းယီက အခက်ကြုံတဲ့ အခြေအနေမှာ ရှိနေပင်မယ့်၊ သူမ အသာစီး ရနေတာကို ရှင်းရှင်းလင်းလင်း သိတယ်။
ချင်းယွိကတော့ ဘာမှ မပြောဘူး။ တခြားသူတွေ ထင်ထား သလို ချင်းယီကို မေးခွန်း မထုတ်သလို ဒေါသလည်း မထွက်ခဲ့ဘူး။ မူလ နေရာမှာပဲ ရုပ်တုကြီး တစ်ခုလို ရပ်နေခဲ့တယ်။ တစ်ခုခုကို စောင့်ဆိုင်းနေတဲ့ ပုံစံပဲ။ ဒါပေမယ့် သူမ ဘာကို စောင့်ဆိုင်းနေမှန်း ဘယ်သူမှ မသိခဲ့ဘူး။
ကြည့်ရတာ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေတယ်လို့ ထင်ရပေမယ့် ကြောက်စရာ ကောင်းလွန်းတယ်။ နောက်ဆုံးတော့လည်း ချင်းယွိအခုလို ငြိမ်နေတာ တစ်ခုခု လုပ်ဖို့ သေချာနေတဲ့ ကိစ္စပဲ။
အချိန် အတော်လေး ကြာပြီးတဲ့နောက် ချင်းယီရဲ့ မျက်နှာမှာ အပြုံး တစ်ခု ပေါ်လာတယ်။ ဒီမတိုးသာ မဆုတ်သာ အခြေအနေ ပြီးဆုံးသွားတဲ့ ပုံစံပဲ။
“ဒီတော့ ပင်းယန် သေပြီ။” ချင်းယီ ပြောတယ်။
သူပြောတဲ့ အချိန်မှာပဲ ပင်းယန်ရဲ့ ပုံရိပ်က ရေဘောလုံးကြီးထဲကနေ ထွက်လာတယ်။
ဒါပေါ့။ ဖန်ကျန်းရှီလည်း ပျောက်ကွယ် သွားခဲ့တယ်။ ကြည်လင်နေတဲ့ ရေဘောလုံးကြီး ပုံစံကို ပြန်ဖြစ်သွားတော့တယ်။ တောင်တန်းတွေလည်း မရှိတော့ဘူး။ ရေကန်ကြီးလည်း မရှိတော့ဘူး။ ကဗျာဆန်တဲ့ တောင်နဲ့မြစ် ပန်းချီကား တစ်ချပ်သာ ရှိနေခဲ့တယ်။
ချင်းယီရဲ့ ရိုးရိုးရှင်းရှင်း စကား တစ်ခွန်းက လင်းယွမ် မျှော်စင် တပည့်သားတွေကို နားလည် သွားခဲ့တယ်။ သူတို့တွေ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေရတာ ပင်းယန် ကြောင့်ပဲ။
ပင်းယန်က ချင်းယီရဲ့ လက်ထဲမှာ ရှိနေမှတော့၊ ချင်းယွိက ဘယ်လိုများ အလောတကြီး လှုပ်ရှား ဝံ့မှာလဲ။
ချင်းယွိ ဘာကို စောင့်နေမှန်း ဘယ်သူမှ မသိခဲ့ဘူး။ ချင်းယီ အပေးအယူ လုပ်တာကို စောင့်နေတာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်၊ ပင်းယန်ကို လွှတ်ပေးဖို့ စောင့်နေတာလဲ ဖြစ်နိုင်တယ်။
ဒါကြောင့်ပဲ ဘယ်သူမှ မတိုက်ခိုက်ကြတာ။
ဒါပေမယ့် အခုတော့ ချင်းယီက ဆုံးဖြတ်ချက် ချလိုက်ပြီ။ ဒီလို အခြေအနေကို ဆက်ပြီး မထိန်းထား ဖို့ပေါ့။ နောက်ထပ် ဘာဖြစ်လာမလဲ။ လင်းယွမ် မျှော်စင် တပည့်သားတွေ အခြေအနေကို ခန့်မှန်း နေကြ ချိန်မှာပဲ အဖြေပေါ် လာတော့တယ်။ တည်ငြိမ်နေခဲ့တဲ့ ချင်းယွိ လှုပ်ရှား ပြီ။
ချင်းယီဆီကို ဖြည်းဖြည်းချင်း ထွက်လာတယ်။ ရွှေရောင် အလင်းတန်းတွေက သူမရဲ့ စိုစွတ်နေတဲ့ ခန္ဒာကိုယ်ကို ခြောက်သွေ့ သွားစေခဲ့ပြီ။ ဒါပေမယ့် သူမရဲ့ အေးစက်လွန်းတဲ့ အမူအယာကိုတော့ နွေးထွေးအောင် မစွမ်းဆောင် နိုင်ဘူး။
ချင်းယီကတော့ တောက်တောက် ပပကြီး ပြုံးနေခဲ့တယ်။ သူမရဲ့ ခန္ဒာကိုယ်လည်း လှုပ်ရမ်းလာတယ်။ သူမ လက်ထဲက တောင်နဲ့မြစ် ပန်းချီလည်း ပျောက်ကွယ် သွားခဲ့ပြီ။
“နောက်ဆုံးတော့ နင်လည်း ဒီအကွက်ထဲ ဝင်သွား ရတာပဲ။” ရေဘောလုံးကြီး ပျောက်သွားပြီး မကြာခင်မှာပဲ အသံ တစ်သံ ထွက်ပေါ် လာတယ်။ အဲ့ဒီ့နောက် အနီရောင်နဲ့ အပြာရောင် လူရိပ် နှစ်ခုက ချင်းယီရှေ့မှာ ပေါ်လာတော့တယ်။
အပြာရောင် ဝတ်ရုံရှည်က လေထဲမှာ ငြင်ငြင်သာသာလေး လွင့်မျော နေပြီးတော့ ကြက်သွေးရောင် ဝတ်ရုံကတော့ တောက်ပ နေခဲ့တယ်။ ရဲရဲတောက် ချီလင်လှံရဲ့ မီးတောက်တွေလည်း အရမ်းကို တောက်ပ နေခဲ့တယ်။ ပြုံးနေခဲ့တဲ့ ချင်းယီကတော့ ချက်ခြင်း တောင့်တင်း သွားခဲ့တယ်။
“ဟ။” သူမ ရယ်မောနေတာ ရပ်တန့် လိုက်တယ်။ တစ်ယောက်ယောက်က သူမရဲ့ ပါးစပ်ထဲမှာ ကြက်ဥတစ်လုံးလုံး သွပ်ထည့် လိုက်သလိုပဲ။
ရှင်းရှင်း ပြောရရင်တော့ လည်ချောင်းနင်ပြီး သေတော့မယ့် လူတစ်ယောက်လို ဖြစ်နေခဲ့တယ်။ သူမ တစ်ယောက်တည်းတင် ဒီလို ဖြစ်နေတာ မဟုတ်ဘူး။ လူတိုင်းက စက်ဝိုင်းပုံစံ ဖြစ်တဲ့ အထိကို ပါးစပ်တွေ အကျယ်ကြီး ဟထား မိတဲ့ အထိ အံ့အားသင့်နေ ခဲ့ကြတယ်။
သူတို့တွေ သေသွားပြီးတော့ နောက်တစ်ခေါက် ပြန်ပေါ် လာတာလား။
ပင်းယန်နဲ့ ဖန်ကျန်းရှီကို သရဲတွေ တွေ့ရသလိုမျိုး သူတို့ အံ့သြ နေခဲ့တယ်။
“အမ်။ ခေါင်းဆောင် ကြည့်ရတာ အခြေအနေ သိပ်ကောင်းတဲ့ ပုံမပေါ်ဘူး။ ငါနဲ့ ပင်းယန် သေသွားပြီလို့ ထင်နေတာ မဟုတ်လား။ ဒါပေမယ့် ငါတို့တွေ အသက်ရှင်နေ သေးတယ်လေ။ အပျော်လွန်ပြီး အံ့သြနေတာလား။” မျက်တောင် တဖျပ်ဖျပ် ခတ်ပြီးတော့ ချင်းယီကို ကြည့်ရင်း စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဖန်ကျန်းရှီ ပြောတယ်။
“နင်။ နင်။” ချင်းယီ ဖန်ကျန်းရှီရဲ့ မေးခွန်းတွေကို ပြန်မဖြေနိုင်ဘူး။ ဒီအဖြစ်အပျက်ကို ယုံကြည်ရမှာထက် သေရမှာကိုတောင် ပိုပြီးတော့ လိုလားတယ်။
တောင်နဲ့ မြစ် လောကထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သူမလောက် ဘယ်သူမှ မသိနိုင်ဘူး။ သူတို့ နှစ်ယောက်လုံး သေသွားတာကို သူမ ခံစား မိတယ်လေ။ သူသတ်ခဲ့တာပဲကို မှားစရာ အကြောင်း မရှိပါဘူး။
ဘယ်လိုများ အသက်ရှင် နေရတာလဲ။
သူမ ခေါင်းတစ်ခုခု ချာချာလည်အောင် စဉ်းစားပေမယ့် အဖြေ ထွက်မလာဘူး။ ဖန်ကျန်းရှီကိုသာ စိုက်ကြည့် နေခဲ့တယ်။ ဒါကို ဘယ်လိုမှ ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး။
“ဒီကောင်က မပျက်စီး နိုင်တဲ့သူလား။”
“ဒါပေမယ့် သူက ထားပါတော့။ ပင်းယန်ကရော သူ့လိုပဲလား။”
ချင်းယီ မယုံနိုင်ဘူး။ ဒါပေမယ့် မယုံနိုင်တာက ပင်းယန်နဲ့ ဖန်ကျန်းရှီ သူ့ရှေ့တည့်တည့်မျာ အသက်ရှင်လျက် ရပ်နေတာကို ပြောင်းလဲ သွားစေမှာ မဟုတ်ဘူး။
“အံ့သြလွန်းလို့ စကားတောင် မပြောနိုင်တော့ဘူးလား။” ချင်းယီရဲ့ မျက်နှာ တစ်ခုလုံး နီရဲ လာတာကို မြင်တော့ ဖန်ကျန်းရှီ ပြုံးပြုံးကြီး ပြောတယ်။ “တကယ်တော့ မင်းရဲ့ တိုက်ခိုက်မှုတွေက အင်အားကြီး လွန်းပေမယ့်၊ နှမြောစရာ ကောင်းတာက ငါ့အပေါ်မှာ မသက်ရောက်တာပဲ။”
“မသက်ရောက်ဘူးတဲ့လား။”
“..”
ဖန်ကျန်းရှီရဲ့ ဒီစကားတွေကို လင်းယွမ် မျှော်စင် တပည့်သားတွေ ကြားတာ ဒါပထမဆုံး အကြိမ် မဟုတ်ဘူး။ တပည့်သား ငါးယောက်နဲ့ စပြီးတော့ တိုက်ခိုက်တဲ့ အချိန်ကနေ နောက်တိုက်ပွဲတွေမှာ ဆက်တိုက် ပြောနေခဲ့တာ။
အခုတော့ လင်းယွမ် မျှော်စင် ခေါင်းဆောင်ကိုပါ ပြောနေခဲ့ပြီ။ ဒီကောင်စုတ် အရှက်မရှိ မျက်နှာပြောင်တိုက်တာ လွန်လွန်း သွားပြီ။
ချင်းယီကို နောက်တစ်ခု ပြောဖို့ ပြင်နေတဲ့ အချိန်မှာပဲ လူတစ်ယောက်ရဲ့ အသံကို ဖန်ကျန်းရှီ ကြားလိုက် ရတယ်။
“ပင်းယန် ပင်းယန်။ မေ့သမီးလေး။”
အသံက ကျယ်လွန်းတဲ့ အပြင်ကို မရင်းမနှီး ရှိလွန်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တစ်ချက် တုန်သွားခဲ့တယ်။ နောက်ကို လှည့်ကြည့်မိတယ်။
ရှည်လျား ဖြောင့်စင်းတဲ့ ပိတုန်းရောင် ကေသာရှင်၊ ငွေဖြူရောင် ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတယ်။
ဒီအမျိုးသမီးက အရမ်းကို တင့်တင် ပြေပြစ်တာပဲ။
ပြီးတော့ လှတယ်။ လှလိုက်တာမှ ပန်းချီကား တစ်ချပ်လိုပဲ။
အရေး အကြီးဆုံးကတော့ ချင်းယီနဲ့ တရုပ်တည်း တူနေတာ။ တစ်ခုပဲ ကွာခြားတယ်။ ထွက်ပေါ်နေတဲ့ အရှိန်အဝါက မတူညီဘူး။
အပိုင်း (၈၀၆) ပြီး၏။
အပိုင်း(၈၀၇)
“ဘောလုံး တစ်လုံးကို တစ်ခါတည်း ဖြိုခွဲပြစ်ခြင်း။”
“ချင်းယီ နှစ်ယောက်လား။” ဒါက ဖန်ကျန်းရှီရဲ့ ပထမဆုံး အတွေးပဲ။ ဒါပေမယ့် အရှိန်အဝါ မတူညီတာကြောင့် ချက်ခြင်းအဲ့ဒီ့ အတွေးကို ဖယ်ရှားလိုက်တယ်။ တကယ်တော့ သူမ စကားပြောလိုက်တဲ့ အချိန်မှာပဲ ဘယ်သူဆိုတာ နားလည် သွားခဲ့တယ်လေ။ မယုံနိုင်စရာ ကောင်းပေမယ့်ပေါ့။
ချင်းယွိကို ဖန်ကျန်းရှီ ဘယ်တုန်းကမှ မမြင်ဖူးဘူး။ သူမရဲ့ ရုပ်သွင်နဲ့ ထူးခြားချက်တွေကို တစ်ယောက်ယောက် ပြောတာကိုလည်း မကြားဖူးဘူး။ ဒါပေမယ့် သူမရဲ့ မျက်နှာကို မြင်ပြီးတဲ့နောက်နဲ့ စကားတွေကို ကြားပြီးတဲ့ အချိန်မှာတော့ သိသွား ခဲ့ပြီလေ။
ပင်းယန်လည်း မသိပဲ ဘယ်လို နေမှာလဲ။ ပင်းယန်ကတော့ နေရာမှာတင် တောင့်တင်း နေခဲ့တယ်။ ရဲရဲတောက် ချီလင်လှံကို လွှတ်ချ ခဲ့ပြီ။ မြေပြင်ပေါ်ကို ကလန် ဆိုတဲ့ အသံနဲ့ အတူ လှံက ကျသွားခဲ့တယ်။ ဒါပေမယ့် သူမကတော့ ဒါတွေ အားလုံးကို ဂရု မစိုက်ဘူး။ ချင်းယွိကိုသာ အာရုံ စိုက်နေခဲ့တယ်။
အချိန်တွေက ဒီအခိုက်အတန့်မှာ ရပ်တန့် သွားသလိုပဲ။
သူတို့ရဲ့ မျက်လုံးတွေ ဆုံသွားခဲ့တယ်။ သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက လုံးဝကို ကြည်လင် နေခဲ့တယ်။ အမူအယာကလည်း အတူတူပဲ။ ပင်းယန် ဘာတစ်ခွန်းမှ မပြောတော့ဘူး။ နှုတ်ခမ်းတွေကို ကိုက်ထားရင်းနဲ့သာ တုန်ယင်ပြီး မျက်ရည်တွေ ကျဆင်း နေခဲ့တယ်။
ဒီအချိန်ကို ရောက်ဖို့ သူမ စောင့်ဆိုင်း ခဲ့ရတာ ကြာလှပြီ။ သူမ လက်လျှော့ မိတော့မလို့ပဲ။ ကန်ယွဲ့ ပြောတဲ့ စကားတွေကြောင့် အတော့်ကို စိတ်ပျက် အားလျော့ သွားခဲ့တယ်။ သူမက သေမှာကို မကြောက်ဘူး။ ဒါပေမယ့် ကံတရားကို လက်မခံ နိုင်ရုံပဲ။ သူမရဲ့ မယ်တော်ကို မြင်ချင်တယ်။ တချက်ပဲ ကြည့်ရမယ် ဆိုရင်တောင် တကယ့်ကို မြင်ချင်တယ်။
ချင်းယီနဲ့ တစ်ပုံစံတည်း တူတဲ့ အမျိုးသမီးက သူ့ရှေ့ တည့်တည့်မှာ ရောက်နေခဲ့ပြီ။ သူမရဲ့ မျက်ဝန်းတွေကလည်း ပင်းယန်နဲ့ တစ်ထပ်တည်းပဲ။ ပင်းယန် သူမ မျက်စိရှေ့ မြင်ကွင်းကို အမှန်တကယ်လား ဆိုတာ ယုံဖို့ မဝံ့ရဲဘူး။ သူမရှေ့က မြင်ကွင်း ပျောက်ကွယ် သွားမှာကို ကြောက်နေခဲ့တယ်။
ဒါကြောင့် မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်နေပင်မယ့်၊ သူမ မျက်တောင် မခတ်ဝံ့ခဲ့ဘူး။
“သမီး။ မေ့သမီးလေး။” ချင်းယွိက ပင်းယန်ကို သေသေချာချာ စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ အေးစက်စက် အမူအယာ အရည်ပျော် သွားခဲ့ပြီ။ ကလေး တစ်ယောက်နဲ့ တွေ့ရတဲ့ မိခင် တစ်ယောက်ရဲ့ ပြင်းပြင်းပျပျ စိတ်လှုပ်ရှားမှုပဲ။
စကားတွေ မပြောပေမယ့် သူတို့ရဲ့ နှလုံးသားတွေက နီးစပ် နေကြတယ်။ သူမရဲ့ (မေ့သမီးလေး) ဆိုတဲ့ စကားက ပတ်ဝန်းကျင်မှာ ပဲ့တင် ထပ်နေခဲ့တယ်။
ဟုတ်တယ်။ ဒါက သမီးလေး။
ဒီကလေးက မွေးဖွားပြိးတဲ့ အချိန်ကနေ သူမ မိခင်ဆီက ခွဲထုတ်သွား ခံခဲ့ရတာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီ။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ သူမက အသက်၁၆နှစ်ရှိတဲ့ မိန်းမပျိုလေး အဖြစ်ကို ရောက်ရှိ ခဲ့ပြီ။ သူမရဲ့ မိခင်ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။
ဒီလို အချိန်မျိုးမှာ ဘယ်မိခင်ကများ တည်ငြိမ် နေနိုင်မှာလဲ။ သူမမှာ ကိုင်တွယ် ဖြေရှင်းဖို့ အရေးကြီး ကိစ္စရှိရင်တောင် ဒီလိုတော့ မနေနိုင်ဘူး။
လင်းမုပိုင်လည်း မျက်ရည် လည်ရွဲ ဖြစ်နေခဲ့တယ်။ ပင်းယန်ကို အော်ပြီး သတိပေးချင်တယ်။ (မယ်တော်)လို့ ခေါ်လိုက်လိုက။
ဒါပေမယ့် သူစကား တစ်ခွန်းမှ မပြောခဲ့ဘူး။ မလိုအပ်တာကို သိနေတယ်လေ။ သူတို့ နှစ်ယောက်လုံးက သူ့ဘဝရဲ့ အရေးအကြီးဆုံးူ သူတွေပဲ။ သူတို့တွေ မျက်နှာချင်းဆိုင် ရပ်နေရင်းနဲ့ကို တစ်ယောက်ကို တစ်ယောက် နားလည်မှာ သေချာတယ်။ သွေးက စကားပြောတယ်။
ဒီလို မိခင်နဲ့ သမီး တွေ့ဆုံမှုက လင်းယွမ် မျှော်စင် တပည့်သားတွေ ကိုတောင် မျက်ရည်လည်စေခဲ့တယ်။ တစ်ချို့တွေကတော့ ခေါင်းငုံ့ရင်း မျက်ရည်စတွေကို သုတ်နေခဲ့တယ်။
“ချင်းယွိ သခင်မကို ဂါရဝပြုပါတယ်။”
“ချင်းယွိ သခင်မကို နောက်တစ်ကြိမ် ပြန်ခစားဖို့ အသင့်ပါ။”
“ချင်းယွိ သခင်မကို နောက်တစ်ကြိမ် ပြန်ခစားဖို့ အသင့်ပါ။”
အသံတွေက အရမ်းကို ကျယ်လောင်တယ်။ အဲ့ဒီ့နောက် ဒါဇင်ချီတဲ့ တပည့်သားတွေ မြေပြင်ပေါ်ကို ဒူးထောက် လိုက်ကြတယ်။ ချင်းယွိ ပေါ်လာ ချိန်တုန်းကတော့ သူတို့တွေ တွေဝေပြီးတော့ မယုံနိုင် ဖြစ်ခဲ့ကြတယ်။ အခု အချိန်မှာတော့ သူတို့ရဲ့ စိုးရိမ်မှုတွေ အားလုံးကို ဖြေဖျောက် နိုင်လောက်ပြီ။
ရိုးရှင်းတဲ့ စကားလေး တစ်ခုက သူတို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်စေတယ်။
ဒီစကားတွေကို ပြောတဲ့ နောက်ဆက်တွဲ ရလဒ်ကို သူတို့ သိတယ်။ ဒါပေမယ့် သူတို့တွေ ဂရု မစိုက်ဘူး။ သူတို့ မျက်စိရှေ့မှာ ရပ်နေတဲ့ သူက ချင်းယွိ ဖြစ်နေတယ်လေ။ လင်းယွမ် မျှော်စင်ရဲ့ ဂုဏ်ရည်။ ဒီအမျိုးသမီးကို ခစားဖို့ သူတို့တွေ အသက်နဲ့ ရင်းပြီးတော့ ကျိန်ဆိုခဲ့ဖူးတယ်။
အခုချိန်မှာတော့ ဖန်ကျန်းရှီ အပါအဝင် လူတိုင်းက ချင်းယီနဲ့ ပင်းယန်ကို အာရုံစိုက် နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ တောင်နဲ့ မြစ်လောကထဲမှာ သူပိတ်မိ သွားတဲ့ အချိန် ဘာတွေ ဖြစ်သွားခဲ့မှန်း ကောက်ချက် မချ နိုင်လို့ပဲ။
ချင်းယွိတဲ့။ ယွိအာကို ပြောတာလား။
မျိုးရိုးနာမည်က ချင်း။ ချင်းယီနဲ့ အတူတူပဲ။
လောကကြီး တစ်ခုလုံးကို သူနားလည်ထားတာ ပြောင်းပြန် လည်သွားသလိုပဲ။ ဒီအမျိုးသမီး နှစ်ယောက် ဘယ်လို ပတ်သက်လည်း ဆိုတာ သူခန့်မှန်းဖို့ မလိုဘူး။ အရေးမကြီးဘူးလေ။ ချင်းယွိနဲ့ ပင်းယန်ကို သေချာ တွေ့ပြီးချိန်မှာတော့ စိတ်ထဲမှာ တွေးလိုက်မိတယ်။ အမေတူ သမီးပဲ။
သူက ချိတ်ပိတ်ထားတာကနေ ထွက်လာတယ်လား။ ချင်းယွိ တစ်ယောက် သူမရဲ့ ချိတ်ပိတ်မှုကို ကိုယ်တိုင် ဖြတ်ကျော် နိုင်တယ်ဆိုတာကို ယုံမယ့် အစား။ ဝူယွဲ့အာ ခြေချော်ပြီးတော့ ရေကန်ထဲ ပြုတ်ကျသွားတယ် ဆိုတာကိုပဲ ယုံလိုက်မယ်။
ဒီအမျိုးသမီး ဘယ်နေရာမှာ ပိတ်ထား ခံရလည်း သိဖို့ကို သူအများကြီး ကြိုးစား ခဲ့ရတယ်လေ။
ခြေလှမ်း တစ်သောင်း နောက်ပြန် လျှောက်ရင်တောင် ချင်းယွိ သူ့ရဲ့ စည်းထဲက ထွက်လာဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။ ပင်းယန်က အသက်ရှင်နေ သေးတယ်လေ။ သူမ ဘယ်လိုများ လွတ်မြောက် လာနိုင်မှာလဲ။
သူခန့်မှန်းတာ မှန်သွား ခဲ့တာလား။
ပင်းယန်က စည်းမဟုတ်ပဲ ကန်ယွဲ့က စည်းဖြစ် နေခဲ့တာလား။
အတွေးတစ်ခု သူ့စိတ်ထဲမှာ ပေါ်လာတယ်။ ဖန်ကျန်းရှီ ပတ်ဝန်းကျင်ကို ခပ်မြန်မြန် အကဲခတ်လိုက်တော့ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ သူတစ်ယောက်ကို တွေကလိုက်တယ်။ သူမကို လင်းမုပိုင်ရဲ့ အပေါ်ရုံနဲ့ ခြုံထားတဲ့ အတွက် မျက်နှာကိုတော့ မမြင်ရဘူး။ ဒါပေမယ့် ခရမ်းရောင် ဝတ်ရုံကြောင့် ဘယ်သူ ဆိုတာတော့ သိလိုက်ရပြီ။
“ကန်ယွဲ့ သေသွားပြီလား။ သူ့ကို ဘယ်သူ သတ်လိုက်တာလဲ။” ဖန်ကျန်းရှီ အံ့သြသွား ခဲ့တယ်။ သူလည်း မလုပ်ခဲ့ဘူးလေ။ ချင်းယီဆီကိုတောင် ပြန်ပေးခဲ့သေးတာ။
ကန်ယွဲ့ ဘယ်လိုများ သေသွား ခဲ့တာလဲ။
လင်းမုပိုင် သူမကို သတ်လိုက်တာလား။
မဖြစ်နိုင်တာပဲ။
လင်းမုပိုင်က သူမကို သတ်နိုင်မယ် ဆိုတာ ဖန်ကျန်းရှီ လုံး၀ မယုံဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးလည်း သူတို့ ရှေ့မှာ ရှိနေတယ်လေ။ နောက်ဆုံးတော့လည်း အကယ်၍ သူသာ တကယ်ပဲ အင်အားကြီးမယ် ဆိုရင် ဒီလောက် နှစ်တွေ အကြာကြီး စောင့်ဆိုင်း နေခဲ့မှာ မဟုတ်ဘူး။
အကယ်၍ လင်းမုပိုင်သာ သူမကို မသတ်ဘူး ဆိုရင် ဘယ်သူ သတ်တာလဲ။ ချင်းယီလား။ ဒါလည်း မဖြစ်နိုင်ဘူး။ ကန်ယွဲ့ရဲ့ အသက်နဲ့ ချိတ်ပိတ်မှုက သက်ဆိုင်နေရင်၊ ချင်းယီက ဒါမျိုးကို လုံး၀ လုပ်မှာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို သတ်သေတာတော့ မဟုတ်လောက်ဘူး မလား။
နေစမ်းပါအုန်း။ ကိုယ့်ကိုယ်ကို သတ်သေတယ်။ ကန်ယွဲ့က ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပြူးကျယ် နေပြီးတော့ ပါးစပ်ကလည်း အဟောင်းသား ဖြစ်နေခဲ့တယ်။ လင်းမုပိုင်က ချင်းယွိကို မြင်မြင်ချင်း ချစ်မိတာ မဟုတ်ပဲ ချင်းယီနဲ့ မြင်မြင်ချင်း ချစ်မိ သွားတယ်လို့ ပြောနေတဲ့ ကိစ္စထက်တောင် ပိုပြီးတော့ မယုံနိုင်စရာ ကောင်းသေးတယ်။
ဒါပေမယ့် ကန်ယွဲ့ တကယ်ပဲ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ပုံစံပဲ။ ဒါက ဖြစ်နိုင်ချေ အရှိဆုံး ရှင်းလင်းချက် တစ်ခု ဖြစ်နေခဲ့တယ်။
“ကိုယ့်ကိုယ်ကို သတ်သေတာတဲ့လား။ ငါနားလည်ပြီ။” ဖန်ကျန်းရှီ မှတ်ချက် ပေးချင်တယ်။ လောကကြီးက ရူးချင်စရာ ကောင်းလိုက်တာ။ ကန်ယွဲ့လို လူတစ်ယောက်ကိုတောင် တကယ်ပဲ ကိုယ့်ကိုယ်ကို သတ်သေသွား စေတယ်တဲ့။
ဒါပေမယ့် သူ့ရဲ့ မျက်နှာကတော့ တည်ကြည် နေခဲ့တယ်။ နှလုံးသား ထဲမှာတော့ လေးစား နေမိတယ်။
ကန်ယွဲ့ ဘာဖြစ်လို့ ဒီလို လုပ်သွားမှန်းလည်း သူသိတယ်။ အစေခံ တစ်ယောက် အနေနဲ့ သူမရဲ့ အသက်ကို သေးငယ်တဲ့ အခွင့်အရေးလေးနဲ့ လဲလှယ် သွားခဲ့တာပဲ။ ဒါကြောင့် သူမ ဘယ်လိုပဲ အမှားလုပ်လုပ်၊ လေးစားခံရဖို့ တန်ပါတယ်။
သစ္စာတရား။ ကန်ယွဲ့ ဘယ်လောက်ပဲ အမှားတွေ လုပ်ခဲ့ပါစေ။ အနည်းဆုံးတော့ သူမရဲ့ သစ္စာကို ပြသ ခဲ့တယ်လေ။
“မယ် မယ်တော်။” ပင်းယန် နောက်ဆုံးမှာတော့ စကားပြောခဲ့ပြီ။ သူမရဲ့ စကားသံက မျှော်လင့်ချက်တွေ ပြည့်နှက် နေခဲ့တယ်။ အိပ်မက် တစ်ခု မဟုတ်ဖို့ မျှော်လင့် နေသလိုပဲ။
“မေ့သမီးလေး။ မေမေပါ။” ချင်းယွိ ခေါင်းငြိမ့်ရင်း မျက်ရည်တွေ အထိန်းအကွပ်မရှိ စီးကျ လာတော့တယ်။
“မယ်တော်။”
“…”
ဒီလို ပြန်ဆုံဆည်းမှုက နှလုံးသားမဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေကို မျက်ရည်တွေ အိုင်နေ စေခဲ့ပြီ။
ဒါပေမယ့် ဒီအချိန်မှာပဲ ကောင်းကင်က အလင်းတန်းကြီး တစ်ခု တောက်ပလာတယ်။ နေလို တောက်ပပြီးတော့ အရမ်းကို ပူပြင်းတယ်။ ကျစ်ကျစ်တောက် ပူတဲ့ ရာသီဥတု တစ်ခုကို ကြုံနေရ သလိုပဲ။
ပင်းယန်ကို မိုးကြိုးတစ်ခုလို ပြစ်ချတယ်။ ပင်းယန်ရဲ့ ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်သွားတယ်။ အန္တရာယ်ကို သူမ ခံစားမိတယ်လေ။ ဘယ်ကနေ လာနေမှန်း သူမ သိတယ်။
ချင်းယီ
ချင်းယွိ အာရုံ များနေချိန်မှာ ပင်းယန်ကို တိုက်ခိုက်တာပဲ။
လင်းယွမ် မျှော်စင် ခေါင်းဆောင်ရဲ့ တည်ငြိမ်မှုကတော့ ပျက်ပြား သွားခဲ့ပြီ။ အခုမှ သုခမိန် ဖြစ်ခါစ ပင်းယန်ကို သေအောင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီ။ အရာအားလုံး ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းတယ်။ ဒါပေမယ့် တုံ့ပြန် နိုင်တာတော့ လူနှစ်ယောက် ရှိသေးတယ်။
တစ်ယောက်ကတော့ ဖန်ကျန်းရှီရဲ့ ဘေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီ။ နောက်တစ်ယောက်ကတော့ ချင်းယွိ။ ဖန်ကျန်းရှီကတော့ ရှင်းပါတယ်။ ပင်းယန်ကို ချက်ခြင်း ဖက်လိုက်ပြီးတော့ ခုန်ရှောင်ဖို့ ပြင်တယ်။
ပင်းယန်နဲ့ အနီးဆုံးသူ ဖြစ်တဲ့ အတွက် သူ့ရဲ့ အရှိန်နှုန်းက ခုန်ရှောင်ဖို့ လုံလောက်အောင် မြန်ဆန်တယ်လေ။ ဒါပေမယ့် အံ့သြစရာ ကောင်းလောက်အောင် အဝေးမှာ ရှိနေတဲ့ ချင်းယွိကလည်း ပင်းယန် ဘေးမှာ ပေါ်လာခဲ့တယ်။ ပင်းယန်ရဲ့ ခါးကို ဖက်ထားခဲ့တယ်။
“ဟမ်။” ဖန်ကျန်းရှီကတော့ မျက်လုံးပြူး သွားခဲ့တယ်။ ချင်းယွိ ဒီလောက် မြန်မယ်လို့ မထင်ထား ခဲ့မိဘူး။ ပင်းယန်နဲ့ အတော်ဝေးတဲ့ နေရာမှာ ရှိနေတာလေ။
ချင်းယွိလည်း ဖန်ကျန်းရှီရဲ့ အရှိန်နှုန်းကို အံ့သြ နေခဲ့တယ်။ ခပ်တိုးတိုး အာမေဋိတ်သံ ထွက်မိတယ်။
ခွက်တစ်ခွက်ကို ဘယ်ညာ ကိုင်ထားမိတဲ့ လူနှစ်ယောက်လိုပဲ။ လက်ကိုင် နှစ်ဖက်ကို ကိုင်ထားတဲ့ လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တစ်လေး တစား ပြုမူနေကြတယ်။
ဒါပေါ့။ အခုလို အခြေအနေမျိုးမှာ။ ခွက်ကတော့ အရမ်းကို တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်။
ဒါပေမယ့် ပင်းယန်ကတော့ တည်ငြိမ်တဲ့ အခြေအနေမှာ မရှိနိုင်ခဲ့ဘူး။ ကောင်းကင် ရွှေရောင် အလင်းတန်းကြီး သူမကို ထိတော့မယ်လေ။
“..”
“..”
ဖန်ကျန်းရှီ အော်ဆဲချင်တယ်။ ချင်းယွိက သူနဲ့ တစ်ချိန်တည်း ပင်းယန်ကို ဖက်ပြီးတော့မှ သူက အသာစီး ရနေတယ်တဲ့။ ဒီကိစ္စက သူ့ကို မတိုးသာ မဆုတ်သာ ဖြစ်စေတယ်။
ရိုသေသမှု ပြုရမယ်။
ဖန်ကျန်းရှီ လူတစ်ယောက်ကို ဘယ်လို လေးစားရိုသေ ရမလဲ ဆိုတာ သိတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဂရု မစိုက်ဖူးဘူး။ ပင်းယန်ကို သူလက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပဲ။ ချင်းယွိကလည်း ပင်းယန်ကို လက်လွှတ်လိုက်တာ သူသတိထားမိ သွားတယ်။
“…”
“..”
တစ်ချိန်တည်းမှာပဲ ချင်းယွိနဲ့ မျက်လုံးချင်း ဆုံသွားခဲ့တယ်။ ဘယ်လို ဒေါသ စိတ်ခံစားချက်မျိုးမှ ပါဝင် မနေခဲ့ဘူး။ ဖန်ကျန်းရှီ တကယ်ပဲ ပြောလိုက်ချင်တယ်။ “-ျီးပဲ”လို့။
တစ်နေ့တည်းမှာ ရိုသေသမှု ပြုဖို့ နှစ်ခါ ဆုံးဖြတ်ချက် ချတာ ရှားပါးတယ်လေ။ သူကျိန်ဆဲ ချင်ပေမယ့်လည်း ခုန်လွှားပြီးတော့ ပင်းယန်ရဲ့ ခန္ဒာကိုယ်ကို ကာကွယ် လိုက်သေးတယ်။
အဲ့ဒီ့နောက်။ အဲ့ဒီ့နောက် ဘာမှ မရှိတော့ဘူး။
ချင်းယွိက ရှေ့ကို ခုန်ထွက် သွားခဲ့ပြီ။ သူခုန်နိုင်တာထက်ကို ပိုပြီးတော့ မြင့်မြင့် ခုန်ခဲ့တယ်။ အဲ့ဒီ့နောက် ရွှေရောင် အလင်းတန်းကလည်း သူ့ကို မရိုက်ခတ်တော့ဘူး။
ဒါက အရေး မကြီးပါဘူး။ ချင်းယီ လက်ထဲမှာ နောက်ထပ် တောင်နဲ့မြစ် လောကပုံစံ ရွှေရောင် အလင်းလုံး တစ်လုံး ကိုင်ထားတာကို သူတွေ့နေရတယ်။ ဒါက နှင်းတွေပြည့်နေတာပဲ ကွာခြားချက် ရှိတယ်။
“နောက်ထပ် တစ်ခု ရှိနေသေးတာလား။” ပင်းယန်ကို ဘာဖြစ်လို့ အရင်ဆုံး တိုက်ခိုက်မှန်း သူသိသွားခဲ့ပြီ။ သူတို့ သုံးယောက်လုံးကို ထောင်ဖမ်း ချင်နေတာပဲ။
တူညိတဲ့ ထောင်ချောက်ကို သုံးပြီးတော့ တူညိတဲ့ ရလဒ် ရမယ်လို့ ထင်နေတာလား။
ဖန်ကျန်းရှီ ယုံကြည်ချက် ရှိရှိ ပြောလိုက်တယ်။ သူ့ရဲ့ ရင်ဘတ်ကို ပုတ်ပြီးတော့ ပြောလိုက်ချင်တယ်။ “မဖြစ်စေရဘူး။ ငါအာမ ခံတယ်လို့။”
ဒီတိုက်ခိုက်မှုက ဘယ်လောက် အင်အား ကြီးမှန်း သူသိတယ်။ ဒါကနေ လွတ်မြောက်ဖို့ ဘယ်လောက် ကံကောင်းစရာ လိုမှန်းလည်း သူသိတယ်။ အရမ်း ကံကောင်းနိုင်မှာ မဟုတ်မှန်းလည်း သူသိထားတယ်။ ဒါပေမယ့် သူမပြောနိုင်ခဲ့ဘူး။
ဘာကြောင့်လဲ ဆိုတော့ ဘောလုံးက ကွဲထွက်သွားခဲ့ပြီ။
အပိုင်း (၈၀၇) ပြီး၏။
အပိုင်း (၈၀၈)
“သူ့မှာ စောင့်ထိန်းရမယ့် သိက္ခာဆိုတာရော ရှိသေးရဲ့လား။”
ဖန်ကျန်းရှီမှာ ဘောလုံးတွေ ရှိသလား ဆိုတော့ ရှိတာပေါ့။ ဒီတော့ နောက်ထပ် ဘောလုံး တစ်လုံးကို ချင်းယီ အသုံးချဖို့ အခွင့်အရေး မပေးနိုင်ဘူး။ ဒီဘောလုံးက ဟိုဘောလုံးနဲ့ မတူ ပေမယ့်ပေါ့။
ဖန်ကျန်းရှီမှာ ခပ်ရှင်းရှင်း ဖြေရှင်းချက်လေး ရှိတယ်။ သူ့ရဲ့ ခြေထောက်ကို မြှောက်ပြီးတော့ ချင်းယွိရဲ့ ပေါင်ကို ချက်ခြင်း ကန်လိုက်တယ်။
ဝုန်း။ ချင်းယွိက ဖန်ကျန်းရှီရဲ့ အောက်ဘက်မှာ ရှိနေတဲ့ အတွက် ကန်ချက်ကြောင့် သူမ လွင့်ထွက် သွားခဲ့ရတယ်။ ကောင်းကင်ကို အလင်းတန်း တစ်ခုလို ပျံထွက် သွားခဲ့တယ်။
“…”
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သူတို့ မြင်ရတာကို လန့်နေခဲ့တယ်။ နောက်ဆုံးတော့လည်း ချင်းယွိကို ဖန်ကျန်းရှီ တိုက်ခိုက်တဲ့ အကြောင်း အရင်းကို သူတို့ စဉ်းစားလို့ မရဘူးလေ။
ဒါကြောင့် ဖြစ်နိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ သူတို့ နှစ်ယောက် ကြားမှာ ပူးပေါင်းမှု မရှိလို့ပဲ။ တကယ်တော့ သူတိုရဲ့ ပူးပေါင်းမှုက ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်သွားခဲ့တာ။
ဒါပေါ့။ ဖန်ကျန်းရှီ တမင်တကာ လုပ်တာ မဟုတ်ဘူး။ ချင်းယွိကို မှားပြီးတော့ ကန်မိတာလည်း မဟုတ်သလို၊ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရီကို မကောင်းတဲ့ စိတ်နဲ့ ကန်လိုက်တာလဲ မဟုတ်ဘူး။
ချင်းယွိ နောက်ဘောလုံး တစ်လုံး မထိမိအောင် တမင် ကန်ထုတ် လိုက်တာပဲ။ ခပ်ရှင်းရှင်း ပြောရရင်၊ ချင်းယွိနဲ့ ပင်းယန်၊ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ကန်ထုတ်လိုက် ချင်တာ။ အခြေအနေ အရ ချင်းယွိကို ရွေးချယ် လိုက်ရတယ်။
ပိုပြီးတော့ နီးကပ်တဲ့သူကို သူကန်မယ်။
…
ချင်းယွိ အသက်ရှင်လား မရှင်လား ဆိုတာ ဖန်ကျန်းရှီ စစ်ဆေး မနေတော့ဘူး။ ချင်းယွိရဲ့ ခြေထောက်ကို ကန်ပြီးချိန်မှာပဲ ချင်းယီဆီကို လျှပ်စီး လက်သလို အရှိန်နှုန်းနဲ့ ပြေးသွားခဲ့တယ်။
ဖန်ကျန်းရှီရဲ့ ပုံမှန် အရှိန်နှုန်းက အရမ်း မြန်ဆန်တယ်။ အခြေအနေကို လိုက်ပြီးတော့ သူ့ရဲ့ အရှိန်နှုန်းက ကြောက်စရာ ကောင်းလောက်အောင် မြန်နိုင်တယ်။
ချင်းယီကတော့ သူမရဲ့ မျက်စိရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အမူအယာ ပြောင်းသွားခဲ့တယ်။ သူချင်းယွိကို ကန်ထုတ်လိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ မယုံနိုင်စရာ ကောင်းအောင် မြန်လွန်းတဲ့ အရှိန်နှုန်းကြောင့်လည်း ဖြစ်နိုင်တယ်။
ဒါပေမယ့်လည်း အံ့သြမှုက ချင်းယီရဲ့ လှုပ်ရှားမှုကို မသက်ရောက်ဘူး။ ဖန်ကျန်းရှီ သူမရှေ့ကို ရောက်လာတာနဲ့ နောက်ထပ် ရွှေရောင် ဘောလုံး တစ်လုံးကို ပြစ်လိုက်တယ်။
ဒါပေမယ့် တစ်ခုခု လွဲနေတာကို သူမ ခံစား မိလိုက်တယ်။
ပေါက်ကွဲတာကိုလည်း မမြင်ရဘူး။ နှင်းတွေ ပေါ်လာတာကိုလည်း မမြင်ရဘူး။
စိတ်ရှုပ်ထွေးပြီးတော့ လမ်းပျောက်နေခဲ့တယ်။ သူမရဲ့ လက်ကို ကြည့်ရင်း အဖြေကို ရှာလိုက်တယ်။ ဒါပေမယ့် သူမ ပိုပြီးတော့ အံ့သြ သွားခဲ့တယ်။ သူမ လက်ထဲက ရွှေရောင် ဘောလုံး ပျောက်သွားခဲ့ပြီ။ ကျောက်တုံးလို ရုပ်ဆိုးဆိုး အရာ တစ်ခုက သူမ လက်ထဲမှာ ရောက်နေခဲ့တယ်။
“ဟမ်။”
ထူးဆန်းတဲ့ ခံစားချက်ပဲ။ ချစ်စဖွယ် ဇနီးလေးကို လက်ဆွဲပြီးတော့ လမ်းလျှောက်နေတဲ့ အချိန်မှာ သူမက ရုတ်တရက် ပျောက်သွား သလိုပဲ။
အရေး အကြီးဆုံးကတော့ မျက်နှာမှာ ကျောက်ပေါက်မာ အပြည့်နဲ့ မိန်းမ ၀၀ကြီး တစ်ယောက် ဇနီးချောလေး နေရာမှာ ရောက်လာတာပဲ။ ပြီးတော့ အော်ပြောနေတယ်။ “အချစ်ရေ့။ တို့လေ အမွှေးနံ့သာ အသစ်လေး ဝယ်သုံးလာတယ် သိလား။ အနံ့ ကောင်းမကောင်း မွှေးကြည့်ပါအုန်း။”
မွှေးကြည့် ပါအုန်းတဲ့။
ငလူးပဲ။
အခုချိန်မှာ ချင်းယီရဲ့ အမူအယာက ဒီအဖြစ်နဲ့ အတူတူပဲ။ သူမရဲ့ လက်ထဲက ရုပ်ဆိုးဆိုး ကျောက်တုံးနက်ကို စိုက်ကြည့်ရင်း ဘာလုပ်ရမယ်မှန်း မသိဘူး ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာပဲ ရုပ်ဆိုးဆိုး ကျောက်တုံးနက်က သူမရဲ့ မျက်စိရှေ့ကို ပျံတက်လာတယ်။ တောက်ပတဲ့ အလင်းတန်းတွေ သူမရဲ့ မျက်ဝန်းထဲမှာ ပြည့်သွားတော့တယ်။ ဒီအလင်းတွေက တောက်ပလွန်းလို့ နေရောင်တောင် ပျောက်သွား သလိုပဲ။ ချင်းယီလည်း လောကကြီး တစ်ခုလုံး ဖြူဖွေး သွားတာကိုပဲ မြင်လိုက်ရတယ်။ ပြင်းထန်တဲ့ နာကျင်မှုက သူမရဲ့ မျက်ဝန်းတွေကို ထိုးနှက်တယ်။
“အား။ ငါ့မျက်လုံးတွေ။” ချင်းယီကတော့ နှလုံးတုန်ချင်စရာ အသံနဲ့ အော်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အားပြင်းတဲ့ ကန်ချက်ကို ရင်ဆိုင် လိုက်ရတယ်။
ပြင်းထန်တဲ့ ကန်ချက်နဲ့ အတူ၊ နှာခေါင်းက နာကျင်မှုကြောင့် သူမ ယိမ်းထိုး သွားခဲ့ရတယ်။ အရာအားလုံး ဖြစ်သွားတာ မြန်လွန်းတယ်။ ချင်းယီ မျက်လုံး ပြူးကြီးနဲ့သာ ကျန်ရစ် နေခဲ့တယ်။
ဖန်ကျန်းရှီကို ရှုံးသွား ရတာကြောင့် မျက်လုံး ပြူးနေခဲ့တာ မဟုတ်ဘူး။ သူမလို မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ခေါင်းဆောင်ကို မျက်နှာ တည့်တည့် ကန်ခံ လိုက်ရတာ မယုံနိုင်လို့ပဲ။ ဘယ်လောက်တောင် အရှက် ရလိုက်သလဲ။
ချင်းယီ သူမရဲ့ အခု ခံစားချက်ကို ဘယ်လို ဖော်ပြရမယ်မှန်း မသိခဲ့ဘူး။ ဒေါသထွက်နေတာပဲ သိတယ်။ ဖန်ကျန်းရှီကို အရှင်လတ်လတ် နှစ်ခြမ်းခွဲပြစ် ချင်နေတယ်။
“အား။” ချင်းယီ ဒေါသတကြီး အော်ဟစ်ရင်းနဲ့ ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်တယ်။ သူမ ဘယ်လောက်ပဲ ပညာဉာဏ် ပြည့်ဝနေပါစေ။ ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲ ရောက်သွားတာ အသိသာကြီးပဲလေ။
ဒါက ကောင်းကင် တာအိုပဲ။ ကောင်းကင် တာအိုရဲ့ အသွင်ပြောင်း နည်းလမ်း။ ပြန်လည် မွေးဖွားမှု တာအို ၆ခုထဲက ၄ခုကို ကျွမ်းကျင် တတ်မြောက်ထားတဲ့ ဖန်ကျန်းရှီက ချင်းယီလောက် မသန်မာရင်တောင်၊ သူ့ရဲ့ တိုက်ခိုက်မှုကို ခန့်မှန်းလို့ မရနိုင်ဘူး။
ဒါပေမယ့် ရုပ်ဆိုးဆိုး ကျောက်တုံးကနေ ဘယ်လိုများ မျက်လုံး ကန်းချင်စရာ အဖြူရောင် အလင်းတန်းတွေ ထပ်ထွက် လာတာလဲ။
“ဒါက အလင်းပြန် ကျောက်တုံးလေ။” ဖန်ကျန်းရှီက ချင်းယီ တွေးနေတာကို ခန့်မှန်းနိုင်တယ်။ ဒီတော့ သူမကို လှောင်ရယ်ရင်း ပြန်ဖြေတယ်။
“မင်းက နောက်ထပ် ဘောလုံး တစ်လုံးနဲ့ ငါ့ကို ပြစ်ချင် နေတယ်ပေါ့။ ဒီလို ဖြစ်နိုင်မယ် ထင်လိုကလား။” ဖန်ကျန်းရှီ သူ့ဘာသူ တွေးနေခဲ့တယ။
ကောင်းကင် တာအိုရဲ့ အသွင်ပြောင်း နည်းလမ်း။ ရွှေရောင် ဘောလုံးကြီးကို ကျောက်တုံးကြီး အဖြစ် မျက်တောင်တစ်ခတ် အချိန် အတွင်းမှာ သူပြောင်းလဲ လိုက်တယ်။ ပြီးတော့ အဲ့ဒီ့ အချိန်ကို အခွင့်ကောင်း ယူပြီးတော့ ချင်းယီရဲ့ မျက်နှာကို ကန်လိုက်တယ်။ ဖန်ကျန်းရှီက လွဲပြီးတော့ ဒီလို အတင့်ရဲတဲ့ တိုက်ခိုက် မှုမျိုးကို ဘယ်သူ လုပ်ဝံ့မှာလဲ။
ဖန်ကျန်းရှီကတော့ အတော့်ကို ခံစားချက် ကောင်းနေခဲ့တယ်။
ဒါပေမယ့် ဖန်ကျန်းရှီ ဘေးနားမှာ ရှိတဲ့ လူတွေကတော့ ဒီလို မခံစားရဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေ အပါအဝင် လူတိုင်းက စကား မပြောနိုင် ဖြစ်နေခဲ့တယ်။ ချင်းယွိတောင်မှ ခံစားချက် ကောင်းမနေခဲ့ဘူး။ ချင်းယီရဲ့ မျက်နှာကို မကန်ခင် ဖန်ကျန်းရှီက ချင်းယွိကို အရင်ဆုံး ဒဏ်ရာရအောင် လုပ်ထားတာလေ။
ဒီလို ရုတ်တရက် အပြောင်းအလဲရဲ့ သားကောင် ဖြစ်သွားမယ်လို့ ချင်းယွိ မမျှော်လင့် ထားခဲ့မိဘူး။ သူနဲ့ တစ်ဖက်တည်းလူ ဖြစ်တဲ့ ဖန်ကျန်းရှီက သူ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးတယ်တဲ့။
ဖန်ကျန်းရှီက ချင်းယွိကို အားအများကြီး သုံးပြီးတော့ ကန်လိုက်လာတာ မဟုတ်ဘူး။ ဒါပေမယ့် ရလဒ် အနေနဲ့ ကောင်းကင်က ကျလာတဲ့ ရွှေရောင် အလင်းတန်းကို မခုခံ နိုင်ပဲ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် သူမ အခြေအနေ သိပ်မကောင်းလှဘူး။ ချင်းယွိက ချင်းယီရဲ့ ရွှေရောင် ဘောလုံး တိုက်ခိုက်မှုကို မထိမိ ခဲ့ပေမယ့် ရွှေရောင် အလင်းတန်းကတော့ သူမ ခန္ဒာကိုယ်ထဲကို တိုက်ရိုက် ရောက်လာခဲ့တယ်လေ။ ဒါကြောင့် နည်းနည်းတော့ ဖြူဖျော့ သွားခဲ့တယ်။
ဝုန်း။
ချင်းယီနဲ့ ချင်းယွိ နှစ်ယောက်က မြေပြင်ပေါ်ကို တစ်ချိန်တည်း ကျသွားခဲ့တယ်။သူတို့ နှစ်ယောက်လုံးကို ဖန်ကျန်းရှီက ကန်ခဲ့တယ်။ ကွာခြားထက် တစ်ခုကတော့၊ တစ်ယောက်က မျက်နှာကို အကန် ခံရပြီးတော့၊ နောက်တစ်ယောက်ကတော့ ပေါင်ကို အကန်ခံရတာပဲ။
တိတ်ဆိတ် သွားခဲ့ပြန်ပြီ။
တစ်ခဏတာ တိတ်ဆိတ် သွားပြီးတဲ့ နောက်မှာတော့ လူတိုင်းက အသံ တစ်သံကို ကြားလိုက်ရတယ်။
“အမ်။ မင်းတို့ နှစ်ယောက်လုံး တစ်ချိန်တည်း ဒဏ်ရာ ရသွားတာလား။ ကောင်းလိုက်တာ။ မင်းတို့ နှစ်ယောက်လုံး လက်တည်ညီညီ တိုက်ခိုက် နိုင်တာပေါ့။” ဖန်ကျန်းရှီက မျက်တောင် တဖျပ်ဖျပ် ခတ်ရင်းနဲ့ ပြောတယ်။ (ကောင်းချီး ပေးခံနေရသလိုကို ပျော်နေခဲ့တယ်။)
သူဒါကို ပြောပြီးတဲ့ နောက်မှာတော့ မျက်လုံး ပြူးကြီးနဲ့ ရပ်နေခဲ့တဲ့ ပင်းယန်ကို ချီပြီးတော့ လေလို အမြန်နှုန်းနဲ့ ပြေးတော့တယ်။ ဧကရာဇ် လင်းမုပိုင် ဆီကို ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။ စစ်မြေပြင်ကိုတော့ ချင်းယီနဲ့ ချင်းယွိဆီကို လက်လွှဲ ပေးလိုက်တယ်။
“…”
“..”
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ စစ်မြေပြင်ထဲကနေ လွတ်မြောက်ပြီးတော့ ဘေးထွက် ရပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အံ့သြ နေကြတယ်။ သူတို့ အားလုံး လုံးဝကို ဆွံ့ အ ကုန်ကြပြီ။
“မျှတတဲ့ တိုက်ခိုက်မှုတဲ့လား။”
ဒီလို အမှန်တရား ဘက်တော်သား တစ်ယောက်လို မှတ်ချက်ပေးတာက သူနဲ့ လုံး၀ မသက်ဆိုင်တဲ့ ကိစ္စလိုပဲ။ ဖန်ကျန်းရှီက ချင်းယီနဲ့ ချင်းယွိ နှစ်ယောက်လုံးကို ဒဏ်ရာရစေတဲ့သူ မဟုတ်ဘူးလား။
ဒါက ဘယ်လို နိယာမ မျိုးလဲ။
ပုံမှန် အတိုင်းဆိုရင်၊ ဘယ်လောက်ထိ အရှက်မရှိတဲ့ လူမျိုးက ဒီလို အခြေအနေကို မျှတတယ်လို့ ခေါ်နိုင်မှာလဲ။
တပည့်သားတွေ ဘယ်လို ပြောရမယ်မှန်း သိလား။ တကယ်တော့ ချင်းယီနဲ့ ချင်းယွိ နှစ်ယောက်လုံးက ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့ကြတယ်။
ချင်းယီကတော့ သူမရဲ့ ဒေါသတွေကို ဖြေထုတ်ဖို့ လိုတယ်။ ဖန်ကျန်းရှိကို သူသတ်ချင်တယ်။ တကယ်တော့ ချင်းယွိကို သတ်ချင်တာထက်တောင် ဖန်ကျန်းရှီကို သတ်ချင်တဲ့ စိတ်က ပိုပြီးတော့ များပြားတယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ ပင်းယန်ကို ခေါ်ပြီးတော့ ပြေးသွားပြီ။ မှန်ကန်တဲ့ ကိစ္စ တစ်ခုကို လုပ်ဆောင် နေသလိုမျိုး ဟန်ဆောင် နေခဲ့သေးတယ်။ ချင်းယီက ဒေါသကို ထိန်းထား နိုင်ဖို့ အတွက် စိတ်ဓာတ် ခိုင်မာပါတယ်။ အကယ်၍ လူတစ်ယောက်သာ သူမရဲ့ ဖိနပ်တွေ ဖြစ်ခဲ့မယ် ဆိုရင်၊ ဒေါသကြောင့် ဝါးမျိုတာ ခံနေ ရလောက်ပြီ။
“သူက အရှက်ရော ရှိသေးရဲ့လား။”
“သူ့မှာ စောင့်ထိန်းရမယ့် သိက္ခာရော ရှိသေးရဲ့လား။”
ချင်းယီကတော့ ဒီလို တွေးနေခဲ့တယ်။ ချင်းယွိတောင် သူနဲ့ အတွေး အတူတူပဲ။ အပြစ်အကင်းဆုံး ဓားစာခံ တစ်ယောက် အနေနဲ့။ ဖန်ကျန်းရှီကို သေတဲ့ အထိ ရိုက်သတ် ချင်နေတယ်။
နောက်ကျောကို ဓားနဲ့ ထိုးပြီးတဲ့ အပြင်၊ အပြင်ကို ထွက်ပြေး ရဲသေးတယ်ပေါ့။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ပြောစကား အရဆိုရင်၊ သူမကို ကန်လိုက်လို့တောင် ကျေးဖူးတင်သင့်နေတဲ့ ပုံစံပဲ။ ဒါကြောင့်ပဲ ချင်းယီနဲ့ တရားမျှမျှတတ တိုက်ခိုက်နိုင်တယ်ပေါ့။
အရေးအကြီးဆုံးကတော့ သူပြောတာတွေကို သူမ သဘော မတူနိုင်တာပဲ။ ဒါက သူမကို စိတ်အပျက်စေဆုံး ကိစ္စပေါ့။
“လာစမ်းပါ။ မင်းဘာဖြစ်လို့ မင်းတို့တွေ မတိုက်ခိုက် သေးတာလဲ။ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ဘယ်ရောက် ကုန်ပြီလဲ။ အကယ်၍ ငါ့ကိုသူ နှစ်ပေါင်း ဆယ်ချီပြီး ပိတ်ထားရင်တော့၊ တည်ငြိမ်နေမှာ မဟုတ်တာ အသေအချာပဲ။” ဖန်ကျန်းရှီက မီးလောင်ရာ လေပင့် နေခဲ့တယ်။
အကယ်၍ သူသာ တိုက်ခိုက်နိုင်ရင် အမြဲတမ်း တိုက်ခိုက်ရမယ်လို့ ဖန်ကျန်းရှီ ယုံကြည်တယ်။ ဒါပေမယ့်လည်း ဒါက အမြဲတမ်း မှန်မနေခဲ့ဘူး။ အကယ်၍ သူသာ မတိုက်ခိုက်နိုင်တဲ့ အခြေအနေမှာ ရောက်နေခဲ့ရင် သူဘာလုပ်ရမလဲ။ အခု အခြေအနေကတော့ ဒီလိုပဲ။
ပထမဆုံး သူနဲ့ ချင်းယွိကြားမှာ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ မရှိဘူး။ သူမရဲ့ အင်အားနဲ့ စွမ်းရည် တွေကိုလည်း သူမသိဘူး။ အရာအားလုံးကို တွက်ချက် စဉ်းစားလိုက်ရင် ပြဿနာတစ်ခု ဖြစ်လာတယ်။ ချင်းယိရဲ့ ဘယ်လို တိုက်ခိုက်မှုကို သူမ တောင့်ခံ နိုင်မယ်ဆိုတာ သူဘယ်လို သိနိုင်မှာလဲ။ အကယ်၍ ချင်းယီသာ ချင်းယွိကို တိုက်ခိုက်မယ် ဆိုရင်၊ သူက သူမအစား ဝင်ခံရမှာလား။ မသေချာ မရေရာတာတွေ များလွန်းတယ်။
ဒုတိယ တစ်ခုကတော့ ချင်းယီရဲ့ အင်အားကို သူဘယ်လိုမှ ကောက်ချက် မချနိုင်တာပဲ။ တောင်နဲ့မြစ် လောကထဲမှာ ပိတ်မိနေတဲ့ အချိန်တုန်းက သူလုပ်ခဲ့တာ တစ်ခုပဲ ရှိတယ်။ သဘာ၀ တာအိုရဲ့ စွမ်းအားကို ငှားယူပြီး ထိန်းချုပ်လိုက်ရုံပဲ။ ပြီးတော့ ချင်းယီရဲ့ အာရုံခံ နိုင်စွမ်းကို လှည့်စားခဲ့တယ်။
ခပ်ရှင်းရှင်း ပြောရရင်၊ တောင်နဲ့မြစ် လောကရဲ့ စွမ်းအင် အရင်းအမြစ်ကို ငှားယူပြီးတော့ သူနဲ့ ပင်းယန် သေသွားတဲ့ ပုံစံမျိုး ချင်းယီ ထင်အောင် လုပ်လိုက်တာပဲ။
ဒါဆိုရင် ရေဘောလုံးကို သူလည်း ဆက်ထိန်းထား တော့မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကံကောင်းသွားတယ်လို့လည်း ပြောလို့ရတယ်။ ပင်းယန်နဲ့ ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ လွတ်လာခဲ့တယ်။ ဒါကြောင့်ပဲ နောက်ထပ် ပြဿနာ တစ်ခု ဖြစ်လာခဲ့တာ။
ချင်းယီမှာ နောက်ထပ် ဝှက်ဖဲ မရှိတော့တာ ဖြစ်နိုင်လား။ ဥပမာ လင်းယွမ် မျှော်စင်ရဲ့ အထူးရတနာ လင်းယွမ် နယ်မြေပေါ့။ ရှေးဟောင်း စကား တစ်ခွန်း ရှိတယ်။ (ငါ့ကိစ္စ မဟုတ်ရင်၊ ဒီအတိုင်း ထားလိုက်မယ်။)
ဖန်ကျန်းရှီကတော့ ဒါကို သူနဲ့ မဆိုင်ဘူးလို့ ဟန်ဆောင် မနေချင်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ ဂုဏ်ယူစရာ အပြောင်းအလဲ တစ်ခုပဲ။ ခြေလှမ်း တစ်သောင်း နောက်ပြန်လှမ်းရင်တောင်၊ ပင်းယန်နဲ့ လင်းမုပိုင် နှစ်ယောက်လုံးကို မထိခိုက်အောင် ထားနိုင်ဖို့က ခက်လိမ့်မယ်။
ဒါက ဖန်ကျန်းရှီရဲ့ ရိုးရိုးသားသား အတွေးပဲ။ သူ့ရဲ့ အတွေးတွေကို ပေါင်းစည်းပြီးတော့ ထွက်လာတဲ့ အတွေးကို ရိုးရိုးသားသား အမူအယာလေးနဲ့ ပြောမယ်ဆိုရင်၊ တခြားသူတွေ အားလုံးက သူ့ကို ချက်ခြင်း ပြေးရိုက်မိမှာပဲ။
“ဖန်ကျန်းရှီ နင်ဘယ်ကိုမှ ပြေးဖို့ မစဉ်းစားနဲ့။” ချင်းယီက သူ့ကို အရိုက်ချင်ဆုံး လူတစ်ယောက်။ ဒါကြောင့် သူမရဲ့ အတွေး အတိုင်း လှုပ်ရှားဖို့ ပြင်တယ်။
သူမ ပြောလိုက်ပြီးတဲ့နောက် မျက်နှာက ဖိနပ်ရာကြီးကို သုတ်လိုက်တယ်။ နေရာကနေ ရုတ်တရက် ပျောက်ကွယ် သွားတယ်။ ရွှေရောင် အလင်းတန်းကြီးရဲ့ ထိပ်မှာ ရှိတဲ့ ရွှေရောင် ကြယ်ကိုးလုံးက သူမ ပျောက်ကွယ်သွားတဲ့ အချိန်မှာ တလက်လက် တောက်လာခဲ့တယ်။
ဒီရွှေရောင် အလင်းတန်းတွေ ကောင်းကင်က ကျဆင်းလာပြန်တယ်။ ပထမတစ်ခေါက် ကျဆင်းလာတာထက် ၂ဆ ပိုကြီးပြီးတော့ အများကြိး ပိုမြန်တယ်။
“ဘာတွေ လုပ်နေတာကြတာလဲ။ ဆယ်စုနှစ်ကျော် ကြာနေတဲ့ အမုန်းတရားတွေကို မဖြေဖျောက်ပဲ ဘာဖြစ်လို့ ငါ့ကို လာတိုက်ခိုက် နေကြတာလဲ။” ဖန်ကျန်းရှီ သူ့ဆီကို လာနေတဲ့ အလင်းတန်းတွေကို ကြည့်ရင်း ဒေါသတကြီး အော်ဟစ်တော့တယ်။
သူလုပ်ချင်တဲ့ တစ်ခုတည်းသော အရာက ဘေးထွက်ရပ်ပြီးတော့ တိုက်ပွဲကို ကြည့်ချင် တာပဲလေ။
အပိုင်း(၈၀၈) ပြီး၏။
အပိုင် း(၈၀၉)
“အဖွဲ့သားကို ရောင်းထုတ်ရအောင်။”
“အိပ်မက်တွေက လှပတယ်။ လက်တွေ့ဘဝကတော့ ရက်စက်တယ်။” ဒီလို စကားလေး ရှိတယ်။
ဖန်ကျန်းရှီက ပြဿနာတွေနဲ့ ဝေးဝေး နေချင်ပေမယ့် ဒီလို ဖြစ်မလာခဲ့ဘူး။ အလင်းတန်း ကိုးခုက သူ့ဆီကို ရောက်လာခဲ့ပြီ။ ချင်းယီက သူ့ကို တစ်ချက်လေးတောင် အလွတ်ပေးမယ့်ပုံ မပေါ်ဘူး။
ဒါပေမယ့် သူလိုချင်တာကို သူနားလည် ပြီးမှတော့ ကြိုးကြိုးစားစား အလုပ်လုပ်ရမှာပေါ့။ ရှေ့ဆက်ရမယ့် လမ်းက ကြမ်းတမ်းရင်တောင်၊ မကြိုးစားပဲနဲ့ နှုတ်ထွက်လို့ ဘယ်ဖြစ်မလဲ။
ဖန်ကျန်းရှီ သူကြိုးစားဖို့ လိုတာကို သိတယ်။ ဒါကြောင့် နည်းနည်းလေး လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တယ်။ အလင်းတန်း ကိုးခု ကျရောက်လာချိန်မှာ ပင်းယန်ကို ဖက်ပြီးတော့ ဘေးကို ခုန်ရှောင်ပြန်တယ်။ ဒါပေမယ့် လင်းမုပိုင်ကိုတော့ သူနဲ့ အတူ မခေါ်သွား ခဲ့ဘူး။
“…”
လင်းမုပိုင်ကတော့ ကြောင်အ သွားခဲ့တယ်။ သူက ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရာဇ်လေ။ ဖန်ကျန်းရှီကိုတောင် မင်းသားကန် ဆိုတဲ့ ဘွဲ့ထူး ပေးအပ် ခဲ့သေးတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ ပြည်သူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။ အနည်းဆုံးတော့ သူ့ကို ကာကွယ် သင့်တယ် မဟုတ်လား။ အခုတော့ သူက ထွက်ပြေး သွားပြီတဲ့။
လင်းမုပိုင် အစကတော့ ဘာဖြစ်နေမှန်း မသိခဲ့ဘူး။ ချင်းယီရဲ့ တိုက်ခိုက်မှုက ဖန်ကျန်းရှီကို မထိခိုက်စေနိုင်မှန်းတော့ သူသိတယ်လေ။ အလင်းတန်း ကိုးခုက အဆင်ပြေနိုင်တယ် မဟုတ်လား။ လင်းမုပိုင် သူ့အတွေးတွေနဲ့ အလုပ်များနေတဲ့ အချိန်မှာပဲ ကျယ်လောင် ပြတ်သားတဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။
“အရှင်မင်းမြတ်။ ဘယ်ဘက်ကို နှစ်လှမ်း ရွေ့လိုက်။ ဒါဆို ရှောင်နိုင်လိမ့်မယ်။”
“ဘယ်ဘက်တဲ့လား။” ဒါက ဖန်ကျန်းရှီရဲ့ အသံမှန်း လင်းမုပိုင် မှတ်မိတယ်။ သူချက်ခြင်း ဘယ်ဘက်ကို ခုန်ရှောင်လိုက်တယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ သူ့မျက်နှာ ဖြူဖျော့ သွားခဲ့ရတယ်။ ပြဿနာ တစ်ခုကို နားလည် သွားလို့ပဲ။ ဖန်ကျန်းရှီက သူ့ရဲ့ ဘက်ဘက်မှာ ရပ်နေတဲ့ ပုံပဲ။ ဒီတော့ အလင်းတန်း ကိုးခုက သူ့ရဲ့ ဘယ်ဘက်ကို ကျရောက်လာမှာ သေချာတယ်။
“ဒီကောင် ငါ့ကို နေရောင်ထဲ ရောက်အောင် လုပ်နေတာလား။”
“ငါ့ကို ပုန်ကန် နေတာလား။”
လင်းမုပိုင် အခုချိန်မှာ သူ့ရဲ့ ခံစားချက်တွေကို ဘယ်လို ဖောြ်ပ ရမယ်မှန်း မသိဘူး။ အကယ်၍ ဒါသာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖြစ်ခဲ့ရင်တော့၊ ဖန်ကျန်းရှီနဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်ကို တစ်ချက်လေးတောင် မတွေဝေပဲ ချက်ခြင်း အပြစ်ပေးလိုက်လို့ ရတယ်။
ဒါပေမယ့် အခုချိန်မှာတော့ သူဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ လုပ်ချင်ရင်တောင် မဖြစ်နိုင်ဘူး။
“ဖန်ကျန်းရှီ ငါသေရင်တောင် မင်းကို ခွင့်မလွှတ်ဘူး။” လင်းမုပိုင် အဆုတ်ကွဲမတတ် အော်ဟစ် နေခဲ့တယ်။ ရွှေရောင် အလင်းတန်း ကိုးခုကြည့် ရင်း သူ့ရဲ့ ကံတရားကို လက်မခံနိုင် ဖြစ်နေခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ စကား မဆုံးခင် အချိန်မှာပဲ ငွေရောင် ပုံရိပ်လေးက သူ့ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ သူမရဲ့ ဝတ်ရုံကြောင့် ငွေလမင်းကြီး လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသလို ထင်မှတ် မှားရတယ်။ ဒါကတော့ ချင်းယွိ။
လင်းမုပိုင်ရဲ့ အိပ်မက်ထဲမှာ အကြိမ်ကြိမ် ပေါ်လာခဲ့သူ။ နှစ်ဒါဇင်ချီပြီးတော့ သူစောင်ဆိုင်း ခဲ့ရတဲ့သူ။
ဝူး။
ငွေရောင် အလင်းတန်းက လေထဲမှာ ပေါ်လာနဲ့ အေးစက်စက် အငွေ့အသက်တွေက လေထု တစ်ခုလုံးကို ပျံ့သွား တော့တယ်။ ရေခဲတွေ အများကြီး လေထဲမှာ ပေါ်လာခဲ့တယ်။ ဒီလို အသက်ရှူ မှားလောက်တဲ့ မြင်ကွင်းက ချင်းယွိရဲ့ ခမ်းနားလွန်းတဲ့ အရှိန်အဝါ၊ ပန်းချီကားချပ်လို လှပတဲ့ ရုပ်သွင်နဲ့ ပေါင်းစပ် လိုက်ချိန်မှာတော့ လရောင်ဖြာတဲ့ ကကြိုး ရုပ်ပုံ ကားချပ်လိုပဲ။
လင်းမုပိုင်ကတော့ လှပလွန်းတဲ့ ဒီမြင်ကွင်းကြောင့် မှင်သက် နေခဲ့တယ်။ သူ့ခေါင်းပေါ်က အမျိုးသမီးကို ကြည့်ရင်း အလင်းတန်း ကိုးခုနဲ့ ဖန်ကျန်းရှီရဲ့ ပြစ်မှုကိုတောင် မေ့သွားခဲ့ပြီ။
“ယွိအာ။”
ဝုန်း။
မြေပြင်ကြီးမှာ အက်ကွဲရာတွေ ပြည့်သွားခဲ့ပြီ။ ရွှေရောင် အလင်းတန်းနဲ့ ငွေရောင် အလင်းတန်းက တစ်ခုနဲ့ တစ်ခု တိုက်မိတယ်။ နေမင်းကြီးနဲ့ လမင်းကြီး တိုက်မိ သလိုပဲ။
လင်းမုပိုင်ကတော့ မြေပြင်ပေါ်မှာ ဝပ်နေ ခဲ့ရတယ်။ အံကြိတ်ရင်းနဲ့ ကြီးမား ပြင်းထန်လွန်းတဲ့ ဖိအားတွေကို ခက်ခက်ခဲခဲ ခုခံ နေရတယ်။ဒါက ပြင်းထန်တဲ့ တိုက်ခိုက်မှုကြီး တစ်ခုပဲ။
“အရှင်မင်းမြတ်။ စိတ်လှုပ်ရှား နေလား။ နှလုံးခုန်သံတွေတောင် ကြားနေ ရပြီမလား။ ကျွန်တော့်ကို ကျေးဇူးတင်လိုက်တော့။ ယွိအာက အရှင်မင်းမြတ်ကို ချစ်နေဆဲလား ဆိုတာ ကူညီပြီးတော့ အဖြေရှာပေး လိုက်ပြီလေ။ ဒါပေမယ့် အရှင်မင်းမြတ် ကျေးဇူးတင်ကြောင်း ပြချင်ရင်၊ မြေဧက နည်းနည်းလောက် ချီးမြှင့်ရုံနဲ့ အဆင်ပြေပါတယ်။”
“…”
အချစ်နဲ့ နာကျင်မှုကြောင့် မူးဝေနေတဲ့ လင်းမုပိုင်ကို အသိပြန်ဝင်လာအောင် ဒီအသံက သူ့ကို ဆွဲခေါ်လိုက်တယ်။ သူတကယ့်ကိုပဲ ပြောစရာ စကား မဲ့နေခဲ့ပြီ။ ကျေးဇူး တင်ရမယ်တဲ့လား။
သူ့ကို သေတွင်းထဲ ပို့တဲ့ ဖန်ကျန်းရှီကို ကျေးဇူး တင်ရမှာလား။ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိ ရတာလဲ။ လင်းမုပိုင် ဖန်ကျန်းရှီရဲ့ နားရွက်ကို ချက်ခြင်း လိမ်ဆွဲပြီးတော့ အော်ပြောချင်တယ်။ (မင်းပြောတဲ့ ကိစ္စကို နေရာလဲပြီး မင်းဘာမင်း ဘာလို့ မလုပ်တာလဲ။”
ဒါပေမယ့် သူဘယ်လိုပဲ ခံစား နေရပါစေ။ နောက်ထပ် ရွေးချယ်စရာ ရှိလို့ကတော့၊ ဖန်ကျန်းရှီ သူ့ကို နောက်တစ်ခေါက် လျစ်လျူရှုတာပဲ လိုချင်တယ်။ ဒါက ဒဏ္ဍာရီလာ ပြစ်စလတ်ခတ် နိုင်မှုကြီးလား။
“လူတိုင်းက သေဘေးကနေ ကပ်သီးလေး လွတ်တဲ့ အချိန် နှလုံးခုန်သံတွေ မြန်လာတဲ့ ခံစားချက်မျိုးကို ကြိုက်ကြတယ်။” ပင်းယန်ရဲ့ ခါးကို လက်တစ်ဖက်နဲ့ ဖက်ထားရင်း ဖန်ကျန်းရှီ ပြောတယ်။ သူ့ရဲ့ ခေါင်းကို မော့ရင်း ပြောနေတဲ့ ပုံစံက (အမြင့်မှာ အရမ်း အထီးကျန်တာပဲ ဆိုတဲ့) ပုံစံနဲ့။
“အိပ်မက်တွေက လှပတယ်။ လက်တွေ့ကတော့ ခက်ခဲတယ်လို့ ဘယ်သူများ ပြောတာလိမ့်။”
လူတစ်ယောက်က ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီးတော့ အိပ်မက်တွေ နောက်ကို လိုက်မယ် ဆိုရင်၊ အခက်ခဲဆုံး အတားအဆီး တွေကိုတောင် ကျော်လွှား နိုင်လိမ့်မယ်။ ခြေလှမ်း တစ်သောင်း နောက်ပြန် လျှောက်ပြီးတော့မှ ပြဿနာကို မဖြေရှင်း နိုင်ရင်တော့ သူ့ရဲ့ အဖွဲ့သားတွေကို ရောင်းထုတ် ပြစ်ရုံပဲပေါ့။”
…
(မရည်ရွယ်ပဲနဲ့ သူ့ အလိုလို) ဆိုတာမျိုးက ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမှာ ဖြစ်တဲ့ ကိစ္စမျိုးပေါ့။
ချင်းယီက ဒီလို အခြေအနေ မျိုးမှာ ရောက်နေတယ်။ ချင်းယွိက သူ့လမ်းမှာ လာပိတ် နေတာကြောင့် ဖန်ကျန်းရှီကို အလွတ်ပေးလိုက်လို့ မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီကတော့ သူလိုချင်တဲ့ ငြိမ်းချမ်းမှုကို နောက်ဆုံးမှာ ရရှိ သွားခဲ့ပြီ။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင်က ငါ့ခမည်းတော် အသက်ကို သုံးပြီးတော့ တိုက်ပွဲထဲကနေ လွတ်လာအောင် ဘယ်လိုများ လုပ်နိုင်တာလဲ။” ပင်းယန်က နည်းနည်းတော့ တုံးအပေမယ့် ဖန်ကျန်းရှှီ လုပ်ခဲ့တာကိုတော့ သူမကောင်းကောင်း သိတယ်။
“ငါက မင်းတို့ မိသားစု ပြန်စည်းလုံးဖို့ လုပ်ပေးရုံပဲ။ မင်းရဲ့ မယ်တော်က မင်းနဲ့ ပြန်ဆုံရတာ ပျော်နေပင်မယ့်၊ အရှင်မင်းမြတ်နဲ့ ပြန်မဆုံချင်တာ မင်းမမြင်ဘူးလား။” ဖန်ကျန်းရှီက အမှန်တရား ဘက်တော်သား တစ်ယောက်လို လေသံနဲ့ ပြောတယ်။
“ဒီတော့ ငါကလည်း နင့်ကို ကျေးဇူးတင်ရမှာလား။” ပင်းယန် ပြောတယ်။
“မင်းကိုယ်မင်း လက်ဆောင်ပဏ္ဍာအဖြစ် သုံးပြီးတော့ ငါ့ကို ကျေးဇူးတင်ဖို့ မစဉ်းစားနဲ့။ တစ်နှစ်အတွင်း ဟင်းတစ်ပွဲ ဘယ်လို ချက်ရမယ် ဆိုတာကို အရင်သင်။” ဖန်ကျန်းရှီ ပြောတယ်။
“ဟင်းတစ်ပွဲ။ ဘာဟင်းလဲ။” ပင်းယန် ဖန်ကျန်းရှီကို အရှက်မရှိတဲ့ ကောင်လို့ အော်ချင်ပေမယ့် ဟင်းဆိုတဲ့ အသံကို ကြားချိန်မှာတော့ သိချင် လာပြန်တယ်။
“အထူး မာလာဟော့ပေါ့”
“အထူး မာလာဟော့ပေါ့။ ဘာကြီးလဲ။”
“အရသာ ရှိတဲ့ ဟင်းပွဲပေါ့။”
“ကောင်းပြီလေ။ ဘယ်လို ချက်ရမလဲ သင်ဖို့က ခက်လား။”
“သိပ်လည်း မခက်ပါဘူး။ အဓိက ပါဝင် ပစ္စည်းတွေ ရွေးဖို့ပဲ။ ဘယ်လို ချက်ရမလဲ သင်ချင်လား။” ဖန်ကျန်းရှီ လက်တွေကို ဝေ့ယမ်းရင်း မေးတယ်။
“သင်ချင်တယ်။” ပင်းယန် တစ်ခဏတာ တွေေ၀ နေပြီး နောက်ဆုံးမှာ ပန်ဖြေတယ်။
“မိန်းကလေး တစ်ယောက် အနေနဲ့။ နည်းနည်းလေးတောင် ကိုယ့်ကိုယ်ကို မထိန်းသိမ်း တော့ဘ့ူးလား။ နည်းနည်းဆိုရင်တောင် ရပါတယ်။” ပင်းယန်ကို ထူးထူးဆန်းဆန်း ပုံစံနဲ့ ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။
“နင် ဘာပြောချင်တာလဲ။ အား။ အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့ကို စကားနဲ့ အသားယူဝံ့တယ်။ နင့်ကို ရန်လေးနဲ့ တိုင်ပြောတယ်။” သူမ ပြောမိတဲ့ စကားရဲ့ နောက်ဆက်တွဲကို နားလည် သွားချိန်မှာတော့ ပင်းယန် အော်ဟစ်တော့တယ်။
“ချီကူယန်လား။” ချီကူယန်ရဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစား မိချိန်မှာ ဖန်ကျန်းရှီ ရင်ခုန် သွားခဲ့တယ်။ သူမရဲ့ စကားတွေက သူ့ကို အလယ်ပေါင်းအိုးကြီးထဲ အပေါင်းခံနေ ရတဲ့ အချိန်မှာ ကယ်တင် ခဲ့တယ်လေ။
သုံးလကြာသွား ခဲ့ပြီ။
“ငါက သုခမိန် ဖြစ်လာပြီ။ သူလည်း ဘယ်လောက် တိုးတက်လာမလဲ သိချင်လိုက်တာ။”
“နွီဝါး မျိုးနွယ်ဆိုတော့၊ သူ့ကို အနိုင် တိုက်နိုင်မလား သိချင်လိုက်တာ။ မတိုက်နိုင်ရင်တော့ ပင်းယန် ပြောတဲ့ အတိုင်း အနိုင်ကျင့် ခံရမှာပဲ။”
“မဖြစ်ဘူး။”
“ယောကျာ်း စစ်စစ် တစ်ယောက်က စိန်ခေါ်တာတွေကို ကြံ့ကြံ့ခံ ရမယ်။”
…
ဖန်ကျန်းရှီ ဒီအတွေးတွေထဲကနေ ပြန်ရုန်းထွက် နိုင်တဲ့ အချိန်မှာတော့၊ ချင်းယီနဲ့ ချင်းယွိရဲ့ တိုက်ပွဲက ပိုပြီးတော့ အင်အားကြီး လာနေပြီ။ ရွှေရောင် အလင်းတန်းက မြေပြင်က ငွေလမင်း အလင်းရောင်နဲ့ ထိမိတယ်။
အလင်းတန်းနှစ်ခုနဲ့ အတူ အပူအအေး အရှိန်အဝါ နှစ်ခုကလည်း လေထဲမှာ ဖြာလာခဲ့တယ်။
“ငွေလမင်းရဲ့ တောက်ပမှုက နေမင်းကနေ လာတာ။ ညီမလေး။ မင်းရဲ့ လရောင်က ငါ့ရဲ့ နေရောင်ထက် ဘယ်လို တောက်ပ နိုင်မှာလဲ။” ဒီအချိန်မှာပဲ ချင်းယီရဲ့ အသံက ကောင်းကင်ကနေ ပေါ်လာတယ်။ ငွေရောင် အလင်းတန်းကို ရွှေရောင် အလင်းတန်းက ဝါးမျို နေခဲ့ပြီ။
“နေဝင်တာနဲ့ လမင်းရဲ့ အလင်းရောင်က တောက်ပလာတယ်။ အစ်မကြီး။ နေလ အလင်းရောင်တွေကို စွလြမ်းနေတာ ရပ်လိုက်တော့။ အစ်မကြီးရဲ့ အလင်းတန်းက ငါ့ထက် တောက်ပတော့ရော ဘာဖြစ်လဲ။” ချင်းယွိ ပြန်ဖြေတယ်။
ချင်းယွိက ခက်ခဲနေတာ သေချာတယ်။ ဒါပေမယ့် သမုဒ္ဒရာထဲက လှေငယ်လေး တစ်စင်းလို သူမ တောင့်ခံ နေခဲ့တယ်။
“ပါးစပ် ပိတ်ထားလိုက်။ လောကမှာ အသန်မာဆုံး သူတွေပဲ အုပ်ချုပ်နိုင်တယ်။ ငါက မင်းထက် ပိုပြီး အင်အား ကြီးမှတော့။ ငါ့အမိန့်ကို နာခံပြီးတော့ အညံ့ခံလိုက်။” ချင်းယီကတော့ ချင်းယွိကို အထင်သေးမှု အပြည့်နဲ့ ပြောတယ်။
“အသန်မာဆုံးသူတဲ့လား။ အချိန်တို အတွင်းတော့ မှန်ချင် မှန်မှာပေါ့။ ဒါပေမယ့် အတောက်ပဆုံး အလင်းတန်းက ခပ်မြန်မြန်ပဲ ပျောက်ကွယ်လိမ့်မယ်။ ထာဝရ မတည်မြဲ နိုင်ဘူး။ ငါတို့တွေက တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းပြီးတော့ ဆက်တိုက် ထိုးဖောက် နိုင်ဖို့ လိုတယ်။ အရည်အချင်း ရှိတဲ့ လူငယ်တွေကို များများ မွေးထုတ်ပေးရမယ်။ ဒါမှပဲ လင်းယွမ် မျှော်စင်က ထာဝရ တည်မြဲ နိုင်မှာ။”
“ပေါင်းစည်းရမယ်။ ဟ ဟား ဟား။ လင်းယွမ် မျှော်စင်က အခုချိန်မှာ မပေါင်းစည်းနိုင်ဘူးလို့ မင်းထင်နေတာလား။”
“ဒါက တကယ့် ပေါင်းစည်းမှု အစစ် မဟုတ်ဘူး။ အတောက်ပဆုံး အလင်းတန်းလိုပဲ မှိန်ဖျော့ ပျောက်ကွယ် သွားလိမ့်မယ်။ အစ်မကြီး။ သံမဏိ လက်သီး စည်းမျဥ်းနဲ့ ဒီလို ဆက်ပြီး အုပ်ချုပ်နေရင်၊ ပုန်ကန်မှုကြီးကို ကြုံရလိမ့်မယ်။”
“ပါးစပ် ပိတ်ထားစမ်း။ မင်းက ကြီးမြတ်သော ရှမင်းဆက်မှာ ရှိတဲ့ အချိန်တည်းက နိုင်ငံတော်တွေရဲ့ တိုက်ပွဲထဲကို ဝင်ပါ ခဲ့ပြီးပြီ။ နိုင်ငံတော်ကြီး သုံးခုက စစ်သေနာပတိ ချုပ်တွေကို သတ်ဖြတ်ခဲ့တယ်။ မင်းရဲ့ စွမ်းအားတွေကို မင်း အထင်ကြီးလွန်း နေတာ မဟုတ်လား။ နောက်ပြီးတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို မြင်ခဲ့ရရဲ့သားနဲ့ ကိုယ့်ရဲ့ တာဝန်ကို မေ့ဖျောက်ခဲ့တယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို လင်းယွမ် မျှော်စင်ဆီ ချက်ခြင်း ယူမလာခဲ့ဘူး။ ဆရာနဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တယ်။ ဒါကို မင်းက သံမဏိ လက်သီး စည်းမျဉ်းနဲ့ မအုပ်ချုပ်ဖို့ ပြောဝံ့ သေးတယ်ပေါ့။”
“..” ချင်းယွိကတော့ ဘာမှ မပြောခဲ့ဘူး။
ဒါပေမယ့် လင်းမုပိုင်ကတော့ တုန်ယင် နေခဲ့တယ်။ ချင်းယီနဲ့ ချင်းယွိကို ကြည့်ရင်း စိတ်ရှုပ်ထွေး နေခဲ့တယ်။
“တာဝန်တဲ့လား။“
“ဟဟဟား။ လင်းမုပိုင်။ သူက နင့်ကို အခုချိန်ထိ သတင်း အမှောင်ချထားတာ မသိဘူး မဟုတ်လား။ ငါ့ညီမက နင့်ရဲ့ ဧကရီ အဖြစ်၊ နင့်ဘေးမှာ သုံးနှစ် နေမယ်လို့ သဘောတူခဲ့တာ ဘာကြောင့်မှန်း သိပြီလား။” ချင်းယီရဲ့ ရယ်သံက လေထဲမှာ ထွက်ပေါ် နေခဲ့တယ်။
“မင်းပြောတာ အရာအားလုံးက။”
“ဟုတ်တယ်။ အားလုံးက ငါ့ဆရာရဲ့ အစီအစဉ်တွေပဲ။ နင်နဲ့ သုံးနှစ် နေမယ့် ကတိက စပြီးတော့ အားလုံးပဲ။ သူတို့ အားလုံးက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ရဖို့ပဲ။ အခုမှ နင့်ကိုယ်နင် ဘယ်လောက်တောင် တုံးအတဲ့ သူမှန်း နားလည် သွားပြီလား။ ငါ့ညီမက နင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ တကယ်တော့ နင်နဲ့ ပထမဆုံး တွေ့ခဲ့တာလည်း ငါပဲ။ ငါ့ညီမ မဟုတ်ဘူး။”
“ငါတွေ့ခဲ့တဲ့ သူက မင်းလား။” လင်းမုပိုင် သူကြားတဲ့ အရာကို မယုံနိုင်ဘူး။
“ဧကရာဇ် တစ်ပါးကို လှည့်စားဖို့က မလွယ်ဘူး။ ကိစ္စတွေကို အရှိန်မြှင့်ဖို့ အတွက်။ ငါတို့ ဆရာသခင်က နင့်ကို နေရာ ၂ခုမှာ စောင့်ဆိုင်း စေခဲ့တယ်။ တိုက်ဆိုင်မှု တစ်ခု အဖြစ် ဖန်တီးဖို့ပေါ့။ ကံမကောင်းစွာနဲ့ပဲ နင့်က ငါ့ကို တွေ့ခဲ့ပေမယ့် ငါ့ညီမနဲ့ လက်ထပ် ခဲ့ရတယ်။ ရယ်စရာ မကောင်းဘူးလား။ ဟ ဟား ဟား။” ချင်းယီ ဆက်တိုက် ရယ်မော နေခဲ့တယ်။
“ဘာကြောင့် မင်းတို့တွေ ဒီလို လုပ်ရတာလဲ။”
“ငါ့လို မြင့်မြတ်တဲ့ သုခမိန်က နင့်လို ကျားစေ့လေးနဲ့ ဘာဖြစ်လို့ လက်ထပ်ရမှာလဲ။ ယွိအာကပဲ ဆရာ့ အမိန့်ကို နာခံခဲ့တယ်။ ဒါ့အပြင် နင့်ကို စိတ်ဝင်စားစရာ ကိစ္စလေး တစ်ခု ထပ်ပြောပြ အုန်းမယ်။”
“ဘာကိစ္စလဲ။”
“ခန့်မှန်း ကြည့်ပါလား။ ယွိအာကို ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ နင်ထုတ်ပြ ပြီးတော့ တစ်လောကလုံး ဒီအကြောင်း သိသွားတာ ဘာကြောင့်မှန်း မတွေးမိဘူးလား။“
“မင်း မင်းလက်ချက်လား။”
“ဒါပေါ့။ ယွိအာက ငါ့ကို ပြောပြခဲ့တယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို လေ့လာဖို့ ငါ့ကို သူ့ပုံစံ ဟန်ဆောင် ခိုင်းပြီးတော့၊ နန်းတော်ထဲကို ခိုးဝင်ခဲ့စေချင်တယ်တဲ့။ ငါ့ညီမလေးက မရက်ရောဘူးလား။ နှမြောစရာ ကောင်းတာက သူ့ရဲ့ သဒ္ဒါ တရားတွေကို ငါမလိုအပ်ခဲ့ဘူး။ ငါသာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို လိုချင်ရင်၊ ကိုယ်တိုင် ယူလို့ ရနိုင်တာပဲ။ ဟုတ်တယ်မလား။ ညီမလေး။”
“အစ်မကြိး။ ဒီလို ဇာတ်လမ်းတွေနဲ့ ငါ့ရဲ့ စိတ်ခံစားချက် တည်ငြိမ်မှုကို နှောက်ယှက်နိုင်မယ် ထင်နေရင်တော့ မှားသွားပြီ။” ယွိအာရဲ့ မျက်ဝန်းတွေက လုံးဝကို ငွေရောင် ပြောင်းနေခဲ့ပြီ။ သူမရဲ့ တကိုယ်လုံးကို ငွေရောင် အလင်းတန်းက ဖုံးလွှမ်းထားတယ်။ ကြောက်စရာ ကောင်းလောက်အောင် အေးစက် နေခဲ့တယ်။
“စိတ်ခံစားချက် တည်ငြိမ်မှု။ ဟုတ်တယ်။ ယွိအာက ငါ့ကို ချစ်တယ်။ ချစ်နေသေးတာ အသေ အချာပဲ။ ဒါတွေ တစ်ခုမှ မမှန်ဘူး။ ချင်းယီ မင်းပြောတာတွေကို ငါယုံမယ် ထင်နေတာလား။” လင်းမုပိုင် ဆုံးဖြတ်ရင်း ပြန်အော်တယ်။
“မဟုတ်ဘူး။ အစ်မကြီး ပြောတာ မှန်တယ်။ အရှင်မင်းမြတ်ကို လက်ထပ်ဖို့ သဘောတူခဲ့တာ ဆရာ့ အမိန့်ကြောင့်ပဲ။ ဒါပေမယ့် ကိစ္စတွေ ဒီလို ဖြစ်လာမယ်လို့ မထင်ထား မိဘူး။” ချင်းယွိက ခေါင်းခါရင်း ပြောတယ်။
အဲ့ဒီ့နောက် ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတန်း တစ်ခုက သူမရဲ့ နောက်ကျောမှာ ပေါ်လာတယ်။ မြင်နိုင်ရုံလောက် ခပ်ဖျော့ဖျော့လေးပဲ။
ဒီအရိပ်က ချင်းယွိရဲ့ နောက်ကျောကို ဝင်တိုက်တယ်။ အရမ်းကို မြန်ဆန်လွန်းလို့ မြေလျှိုးပြီး ရောက်လာ သလိုပဲ။
ဝုန်း။
လေထဲကို လွင့်ထွက် သွားပြီးတဲ့နောက် ချင်းယွိ သွေးအန်တော့တယ်။ အရာအားလုံး ဖြစ်သွားတာ မြန်ဆန် လွန်းခဲ့တယ်။
“ယွိအာ။” ငွေရောင် လူရိပ် လွင့်ထွက်ပြီးတော့ သွေးအန်တာ မြင်ချိန်မှာ၊ လင်းမုပိုင်ရဲ့ မျက်ဝန်းတွေ နီရဲ သွားခဲ့တယ်။ ရွှေရောင် အလင်းတန်း သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ နဂါးစိမ်း မျက်ဝန်းကို သုံးပြီးတော့ ချင်းယွိဆိကို နဂါးကြီး အဖြစ်နဲ့ ပြေးဝင်သွားတယ်။
အပိုင်း (၈၀၉) ပြီး၏။
အပိုင်း (၈၁၀)
“ရုတ်တရက် အပြောင်းအလဲ။ ကောင်းကင် လက်ခံတံခါးရဲ့ လျှို့ဝှက်ချက်။”
“ဟမ့်။ ကိုယ့်ကိုယ်ကို အထင်ကြီး မနေနဲ့။” ချင်းယီ အော်လိုက်တယ်။ တောက်ပတဲ့ ရွှေရောင် အလင်းတန်းက လင်းမုပိုင်ရဲ့ နောက်ကျောမှာ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် လက်တစ်ဖက်က နေရောင်ထဲကနေ ထွက်လာတယ်။
အကယ်၍ အဲ့ဒီ့ လက်နဲ့သာ လင်းမုပိုင်ထိသွားရင်၊ သေချာပေါက် သေမှာပဲ။ ဒီအချိန်မှာပဲ ချင်းယွိက လေထဲက သူမရဲ့ ဦးတည်ရာကို ကြောက်လန့်တကြား ပုံစံနဲ့ ပြောင်းလိုက်တယ်။ လင်းမုပိုင်ရဲ့ ခေါင်းပေါ်မှာ ငွေရောင် လမင်း တစ်စင်း ရုတ်တရက် ပေါ်လာတယ်။
နေ့ခင်းကြောင်တောင်ကြီးမှာ လမင်းကို မြင်ရတာ ထူးခြားလွန်းတယ်။ နောက်ထပ် မြင်ကွင်းက စိတ်ကို ပိုပြီးတော့ လန်းဆန်းစေတယ်။ လမင်းနဲ့ အတူ၊ ချင်းယွိရဲ့ လက်ထဲမှာ မှိန်ဖျော့ဖျော့ အရိပ်နက် တစ်ခု ပေါ်လာခဲ့တယ်။
“ချင်းယွိရဲ့ စွမ်းရည်တွေက တကယ့်ကို အံ့သြစရာ ကောင်းတာပဲ။” ဖန်ကျန်းရှီကတော့ ဒါကို မြင်ပြီးတဲ့ အချိန်မှာ ချင်းယွိရဲ့ အင်အားကို သိချင်လာတယ်။ သူ့ရဲ့ စိတ်ထဲမှာ ဒီအတွေးပြေးလွှားနေတဲ့ အချိန်မှာပဲ၊ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တုန်ခါ လာတော့တယ်။ ရွှေရောင် အလင်းတန်းတွေနဲ့ ဖုံးလွှမ်းထားတဲ့ လင်းယွမ် မျှော်စင် တစ်ခုလုံးရဲ့ မြင်ကွင်းက ပြောင်းလဲ သွားခဲ့ပြီ။
ကြည့်ရတာ တောင်နဲ့မြစ် ပန်းချီကား အခု တစ်သောင်းရဲ့ ပုံစံငယ်လိုပဲ။ လှပ စိမ်းစိုတဲ့ တောင်တန်းတွေ မြစ်ချောင်းတွေရဲ့ အလှတရားက လူတိုင်းကို ဖမ်းစား သွားခဲ့တယ်။ သူတို့ ခေါင်းပေါ်မှာ လက်ဆန့်ရုံနဲ့ ထိလို့ရတဲ့ တိမ်တွေလည်း ရှိနေသေးတယ်။
“ဒါက လင်းယွမ် နယ်မြေပဲ။”
“ခေါင်းဆောင်က လင်းယွမ် နယ်မြေကို သုံးနေတာလား။”
“အားလုံးပဲ ကိုယ်ရှိနေတဲ့ နေရာမှာပဲ ရပ်နေကြ။ ဘာမှ မလုပ်ကြနဲ့။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ရုတ်တရက် အပြောင်းအလဲကြောင့် သတိ လက်လွှတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ တစ်ယောက်ကို တစ်ယောက် သတိ ပေးကြတော့တယ်။
ချင်းယီကို ထောက်ပံ့ပေးနေတဲ့ တပည့်သားတွေက လွဲပြီးရင်၊ ကျန်တဲ့ တပည့်သားတွေကတော့ ချင်းယွိဘက်ကို ရောက်လာခဲ့ဲပြီ။ သူတို့တွေ စတင်ပြီးတော့ စကား ပြောနေကြတယ်။ “ချင်းယွိ သခင်မ။ ဂရုစိုက်ပါ။” “ချင်းယွိ သခင်မ သတိထား။”
ဖန်ကျန်းရှီက သူတို့ အားလုံးကို လျစ်လျူရှုပြီးတော့ ပတ်ဝန်းကျင် အပြောင်းအလဲကိုသာ ကြည့်နေခဲ့တယ်။
“လင်းယွမ် နယ်မြေတဲ့။”
“ဒါက လင်းယွမ် နယ်မြေတဲ့လား။”
“ဒါက တောင်နဲ့မြစ် ပန်းချီကား အခု တစ်သောင်းရဲ့ ပုံစံငယ်လိုပဲ။ နေစမ်းပါအုန်း။”
ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်နေတယ်။ ရွှေရောင် အလင်းတန်းကြီးက လုံး၀ ပျောက်ကွယ် သွားခဲ့ပြီ။ရွှေရောင် အလင်းတန်းထဲမှာ မှိန်ဖျော့ဖျော့ မြင်နေခဲ့ရတဲ့ နေမင်းနဲ့ ကောင်းကင်ပြာလည်း မရှိတော့ဘူး။ လောကကြီး တစ်ခုလုံး ပြောင်းလဲ သွားခဲ့ပြီ။
ဒီ အတွက်တော့ သင့်တော်တဲ့ နိယာမ ဖြေရှင်းချက် တစ်ခု မရှိဘူး။ ရွှေရောင် အလင်းလွှာကြီးက ဒီလို ပတ်ဝန်းကျင် အဖြစ် ပြောင်းသွားတာပဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပြောင်းလဲ သွားတာလား။
ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် သူ့ရဲ့ ခြေထောက်အောက်က တောင်တန်းတွေကလည်း ပိုကျယ်လာတယ်။ ကောင်းကင်ကြီးကလည်း ပိုမြင့်လာတယ်။ လောကကြီး တစ်ခုလုံး ကျယ်ပြန့် လာသလိုပဲ။
“နေစမ်းပါအုန်း။ ကမ္ဘာလောကကြီး ပြောင်းလဲ သွားတာလား။”
ဖန်ကျန်းရှီ သူ့ရင်ဘတ်ကို ဆက်တိုက် ပွတ်နေမိတယ်။ အကြောင်းရင်း တစ်ချို့ကြောင့် သူထင်နေမိတယ်။ လင်းယွမ် နယ်မြေက အဆုံးမဲ့ လောက်နဲ့ ပုံစံ အရမ်း ဆင်တူတယ်လို့။
ဥပမာ အဆုံးမဲ့ လောက ပေါ်လာချိန်မှာ ပထမဆုံး ပတ်ဝန်းကျင် နေရာတွေ အားလုံးကို ဖျက်စီး ပြစ်တယ်။ ပြီးတော့မှ ကိုယ်ပိုင် လောကသစ် တစ်ခုကို ဖန်တီးလိုက်တယ်။
တခြား တစ်ဖက်မှာတော့ လင်းယွမ် နယ်မြေက အမှီအခိုကင်းတဲ့ လောကသစ် တစ်ခုလိုပဲ။ ဒီလောကထဲကို ဝင်လာသမျှ အရာ အားလုံးကို ပြောင်းလဲ ပြစ်နိုင်တယ်။ ဒီရတနာ နှစ်ခုက နည်းနည်းတော့ ကွာခြားပေမယ့်၊ သူတို့ရဲ့ အခြေခံနဲ့ အဓိက စည်းမျဉ်းတွေက အတူတူပဲ။
လင်းယွမ် မျှော်စင် အဆုံးမဲ့ လောကနဲ့ ဆက်နွယ်မှုများ ရှိနေတလား။ ဒါက ဖန်ကျန်းရှီရဲ့ အတွေးပဲ။ ဒါပေမယ့် သက်သေ ပြဖို့ကတော့ ခက်ခဲပါတယ်။ အထူးသဖြင့်။ ချင်းယွိနဲ့ ချင်းယိနှစ်ယောက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အချိန်မှာပေါ့။
တောင်တွေက ကျယ်ပြန့် လာပြီ။ တိမ်တွေက ပိုပြီးတော့ မြင့်မားလာတယ်။ နေရောင်က သူတို့ပေါ်မှာ ကျဆင်း နေပင်မယ့်၊ လမင်းကတော့ လေထဲမှာ ရှိနေတုန်းပဲ။
“ပင်းယန်နဲ့ နင့်ကို ငါအလွတ်ပေးလို့ ရတယ်။ အကယ်၍ မင်းသာ တောက်ပလမင်း နယ်မြေကို ငါ့ဆီ ပြန်အပ်ရင်ပေါ့။” ချင်းယီရဲ့ အသံက နေရောင်အောက်မှာ ပေါ်လာတယ်။ သူမရဲ့ ရွှေရောင် ဝတ်ရုံက နေရောင်အောက်မှာ တောက်ပနေခဲ့တယ်။ မြင့်မြတ်သူ တစ်ယောက်ရဲ့ ရောင်ဝါတွေလိုပဲ။
“လင်းယွမ် နယ်မြေက တောက်ပလမင်း နယ်မြေ မပါပဲနဲ့ မပြည့်စုံနိုင်ဘူး။ အစ်မကြီးရဲ့ အင်အားတွေက အများဆုံး ၃ရက် ၃ညပဲ ဆွဲဆန့်နိုင်မယ်။ နောက်တော့ လင်းယွမ် မျှော်စင်က သူ့ဘာသူ ကွာကျ သွားလိမ့်မယ်။ အကယ်၍ အခုချိန်မှာ တောက်ပ လမင်း နယ်မြေကို ပေးလိုက်ရင်၊ သုံးရက် သုံးညထက် ပိုကြာ သွားမှာကို တကယ်ပဲ ကြောက်မိတယ်။” ချင်းယွိက ငွေရောင် လမင်း အောက်မှာ ပေါ်လာရင်း ပြောတယ်။ ငွေရောင် အလင်းတန်းက သူမရဲ့ ခန္ဒာကိုယ်ကို ဝတ်ရုံ တစ်ခုလို လွှမ်းမိုး ထွားခဲ့တယ်။
“အကယ်၍ မင်းသာ တောက်ပလမင်း နယ်မြေ ငါ့ဆီ မပေးရင်၊ သုံးရက် သုံးည ခံနိုင်မယ်လို့ ထင်နေတာလား။”
“ကြိုးစားကြည့်ဖို့ လိုတယ်လေ။”
“တခါတစ်လေမှာ ကြိုးစားကြည့်ဖို့ ပေးဆပ်ရတဲ့ တန်ဖိုးတွေကို များတယ်။”
“နှစ်ပေါင်း ၁၆နှစ်ကျော် ကြာခဲ့ပြီ။ ငါချိတ်ပိတ်စည်းထဲက ထွက်လာတဲ့ အချိန်တည်းက တိုးတက်မှု တစ်ခုတောင် ထုတ်မပြပဲ ဒီအတိုင်း နေနေခဲ့တယ်လို့ အစ်မကြီး ထင်လား။”
“တိုးတက်မှုတဲ့လား။ ကောင်းပြီလေ။ ငါ့ညီမလေး ဘယ်လောက်များ တိုးတက်လာလဲ ကြည့်ရတာပေါ့။” ချင်းယီ ပြောရင်းနဲ့ ရွှေရောင် မီးတောက်တွေကို ထုတ်လွှတ်လိုက်တယ်။
ချင်းယွိကတော့ နောက်ထပ် စကား တစ်ခွန်းတောင် မပြောတော့ဘူး။ သူမရဲ့ မျက်ဝန်းတွေက ဆောင်းရာသီ တစ်ခုလို အေးခဲ နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ပင်းယန်ကို တစ်ဖက်မှာ ကာကွယ်ရင်း သူ့နောက်မှာ ပို့ထား ခဲ့တယ်။ ကောင်းကင်က နေနဲ့ လကို ကြည့်ရင်း အတွေးနွံနစ်နေခဲ့တယ်။
…
လင်းယွမ် မျှော်စင်မှာ တိုက်ပွဲကြီး ဖြစ်နေတဲ့ အချိန်၊ မြင့်မြတ် နယ်မြေက ယင်ယန် ခန်းမနဲ့ ဖူရှီး တောင်ကြားအပြင်၊ တခြား မျိုးနွယ်စု အစုံနဲ့ နိုင်ငံတော်ကြီး လေးခုပါ ကောင်းကင်တာအို ခန်းမရဲ့ ဖိတ်ခေါ်စာကို လက်ခံ နေကြတယ်။
“ကောင်းကင် တာအို ခန်းမက ကောင်းကင် မဟာမိတ် စုဝေးပွဲကို ဘာဖြစ်လို့ အစပြု နေတာလဲ။ သူတို့တွေ တစ်ခုခုများ ရှာတွေ့လို့လား။”
“ဟုတ်တယ်။ မဟုတ်ရင်၊ မုချင်းဖန်းရဲ့ ပုံစံနဲ့ ဆိုရင်၊ သူ့ရဲ့ အချိန်တွေကို (သာမ ညောင်ည တာအို) အထွတ်အထိပ ရောက်အောင် လုပ်ဖို့ပဲ သုံးမှာ။ ဒီလို ဦးဆောင်မှာ မဟုတ်ဘူး။”
“ဒီတော့ ငါတို့တွေ ပါဝင် သင့်လား။”
“ဒါပေါ့။ နောက်ပြီးတော့ (ကျမ်းကောင်းကင် တောင်တန်း)ကို မြန်နိုင်သလောက် မြန်မြန် သွားမှ ဖြစ်မယ်။”
“နားလည် ပါပြီ။”
လူတစ်ယောက်က ယင်ယန် ခန်းမရဲ့ ကျောက်တုံးနက် ခန်းဆောင်ထဲကနေ ထွက်လာတယ်။ အခန်းဘေးမှာ အသစ်ဆောက်ထားတဲ့ ကျောက်တုံး နန်းဆောင် အသစ်ကို လှမ်းကြည့်မိတယ်။ ဒီကျောက်တုံး ခန်းမဆောင် အသစ်က ကြီးမားတဲ့ မဟူရာကျောက်တုံးတွေနဲ့ ဆောက်ထားတာ။ တခြား ခန်းဆောင်တွေနဲ့ လုံးဝကို ကွာခြားတယ်။
မှိန်ဖျော့ဖျော့ အလင်းတန်းလေး အဲ့ဒီ့ လူရဲ့ မျက်လုံးထဲမှာ လင်းလက် သွားခဲ့တယ်။ ဒါပေမယ့် ချက်ခြင်း ပြန်တည်ငြိမ် သွားခဲ့တယ်။ အဲ့ဒီ့နောက် ခပ်မြန်မြန်ပဲ အဝေးကို ထွက်သွားတော့တယ်။
ယင်ယန် ခန်းမကတော့ မရေမတွက်နိုင်တဲ့ တပည့်သားတွေ စုဝေးနေတဲ့ အတွက် သက်ဝင် လှုပ်ရှား နေခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီတိုင်းက တည်ကြည် နေခဲ့တယ်။
…
ယင်ယန် ခန်းမက ကောင်းကင် တာအို ခန်းမနဲ့ လုံးဝကို ကွာခြားတယ်။ ကောင်းကင် တာအို ခန်းမရဲ့ လက်ရှိ အချိန်မှာ အတိတ်ဆိတ်ဆုံးပဲ။ ဓားတောင်ထိပ်ကို စောင့်ကြပ်နေတဲ့ တပည့်သားတွေက ပုံမှန် အချိန်ထက် ပိုပြီးတော့ နည်းပါးတယ်။
သူတို့ အားလုံး သေကုန် ကြလို့တော့ မဟုတ်ခဲ့ဘူး။
“ကောင်းကင်မဟာမိတ် စုဝေးပွဲ”ကို အစပြုတဲ့ သူတွေ အနေနဲ့၊ မြင့်မြတ် နယ်မြေရဲ့ အလယ်မှာ ရှိတဲ့ (ကျမ်းကောင်းကင်) ဆီကို ထွက်ခွာ သွားကြလို့ပဲ။
ဒါကြောင့် အခုချိန် ကောင်းကင် တာအို ခန်းမမှာ တပည့်သား ၁၀၀ ကျော်ပဲ ကျန်နေခဲ့တယ်။ ကိစ္စကြီး တောတော်များများကတော့ ဆဠမ အကြီးအကဲကိုပဲ အပ်ထားခဲ့တယ်။ အကြီးအကဲတွေ အားလုံးက ခေါင်းဆောင် မုချင်းဖန်းနဲ့ အတူတူ ကျန်းကောင်းကင် ဆီကို ရောက်သွားခဲ့ပြီ။
ဒါပေမယ့် ကောင်းကင် လက်ခံ တံခါးကို စောင့်ကြပ်နေတဲ့ တပည့်သားတွေကတော့ တံခါးမှာ ရပ်စောင့် နေကြဆဲ။
ကောင်းကင် လက်ခံတံခါးက ကျောက်စိမ်း ကျောက်တုံးတွေနဲ့လုပ်ထားတာ။ ရှေးကျပေမယ့် ရိုးရှင်းတယ်။ လေထု တစ်ခုလုံးကိုတောင် အစိမ်းရောင်တွေ တောက်နေစေတယ်။
“အကိုကြိး။ ကောင်းကင် လက်ခံ တံခါးက နည်းနည်း ထူးဆန်း လာသလိုပဲ။” အဖြူရောင် တပည့်သား တစ်ယောက်က သူ့ဘေးမှာ ရှိတဲ့လူကြီးကို ပြောတယ်။
“ထူးဆန်းတယ်။ ဘာများ ထူးဆန်းတာလဲ။” လူကြီးက ခပ်တိုးတိုး ပြန်ဖြေတယ်။
“ငါမသိဘူး။ တံခါး အနားကို ကပ်လာတိုင်း အသက်ရှူကြပ်လာ သလိုပဲ။” ပင်ပန်းနေတဲ့ ပုံစံနဲ့ တပည့်သားက ပြောတယ်။
“အပြင်လောက အပြောင်းအလဲတွေ အကြောင်းကို ကြားပြီးတော့ ဒါက ပိုဆိုးလာတယ်လို့ ထင်တယ်မလား။”
“အကိုကြီး။ ငါလေ။”
“မင်းဘယ်လို ခံစားနေရမှန်း ငါ နားလည်ပါတယ်။ ငါလည်း မင်းနဲ့ နေရာ အတူတူပဲလေ။ အပြင် လောကကို မင်းလေ့လာချင်တာ ကောင်းပါတယ်။ အပြောင်းအလဲတွေ ဆိုတာ အခွင့်အလမ်း အသစ်တွေပဲ။ ဒါပေမယ့် ငါတို့တွေက ဆရာ့ အမိန့်နဲ့ တံခါးကို စောင့်ကြပ် နေရတာ။ ငါတို့ တာဝန်ကို ဆက်ပြီးတော့ ထမ်းဆောင်ရမယ်။ မဟုတ်ရင်၊ ကောင်းကင် တာအိုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်။”
“အကိုကြီး ပြောတာ မှန်ပါတယ်။ ကျွန်တော့် အမှားကို သိပါပြီ။” ဝတ်ရုံဖြူ တပည့်သား အသက်ပြင်းပြင်း ရှူလိုက်ရင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူအသက်ရှူထုတ်တာ မပြီးခင်မှာပဲ ရုတ်တရက် မျက်လုံး ပြူးထွက် လာပြီးတော့ တုန်ယင်တော့တယ်။ သူ့ရဲ့ အသက်ရှူသံကို မထိန်းနိုင်ပဲ ချောင်းဆိုးတော့တယ်။
“ညီလေး။ ဘာဖြစ်လို့လဲ။” လူကြီးက မျက်နှာတွေ နီရဲလာတဲ့ တပည့်ကို မေးတယ်။
တခြား တပည့်ကလည်း သူ့ကို စိတ်ရှုပ်ထွေးနေတဲ့ အမူအယာနဲ့ ပြန်ပြောတယ်။
“တံ တံခါး။ အ ကိုကြီး တံ တံခါး။” တပည့်သားက ကြောက်လန့်မှုကြောင့် အသက်ရှူ ရပ်မတတ် ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ စကား ကောင်းကောင်း မပြောနိုင်ပေမယ့်၊ အတတ်နိုင်ဆုံး တံခါးကို ညွှန်ပြ နေခဲ့တယ်။
“တံခါး။ ဟမ်။ ဘာ တံခါးလဲ။” တပည့်သား လက်ညှိုးထိုးနေတဲ့ ဘက်ကို ကြည့်လိုက်တော့ ကောင်းကင် လက်ခံ တံခါးကို သူမြင်လိုက်တယ်။ ဝတ်ရုံဖြူ တပည့်သား လန့်နေတာကို ကြည့်ရင်း သူစိတ်ရှုပ် ခဲ့ပေမယ့်၊ ကိုယ်တိုင် ကြည့်မိတဲ့ အချိန်မှာတော့ မတူတော့ဘူး။
ကြောက်လန့် သွားတယ်။
နှလုံးတုန်သွား စေတဲ့ အကြောက်တရားပဲ။
သူက စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့သူ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင် လက်ခံ တံခါးမှာ ဖြစ်ခဲ့တဲ့ အဖြစ်ကတော့ သူ့ရဲ့ ထိန်းချုပ်မှုကနေ လုံးဝကို လက်လွတ် သွားခဲ့ပြီ။
တပည့်သားတွေလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြတယ်။
“ဆရာ့ကို ခေါ်။ ဆရာကို ခေါ်။” လူကြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပြောတယ်။
“ဆရာ။ ဆရာက စုဝေးပွဲကို သွားပြီ မဟုတ်လား။”
“အား။ ဟုတ်သား။ ဆရာ မရှိဘူး။ ဆဋ္ဌမ အကြီးအကဲကို မြန်မြန် သတင်းပို့။ တခြား တပည့်သားတွေ ငါနဲ့ အတူတူ လှုပ်ရှားမယ်။” လူကြီး အမိန့် ပေးပြီးတော့ ရုတ်တရက် အပြောင်းအလဲကို ရင်ဆိုင်ဖို့ ပြင်တယ်။ ဒါပေမယ့် အမိန့်တောင် မဆုံးသေးဘူး။ သွေးနီရောင် အလင်းတန်းက သူ့လည်ပင်းကို ဆုပ်ကိုင်ပြီးတော့ ကောင်းကင် လက်ခံ တံခါးထဲ ဆွဲယူ သွားခဲ့တယ်။
“အား။”
“ဆရာတူ အကိုကြီး။” တခြား တပည့်သား တစ်ယောက် ကယ်တင်ဖို့ ပြေးသွားခဲ့တယ်။ ဒါပေမယ့် လမ်းတဝက်မှာပဲ သူ့ဆုံးဖြတ်ချက်ကို နောင်တ ရသွား ခဲ့ရတယ်။ သွေးနီရောင် အလင်းတန်းက ကြောက်စရာ လက်သည်းတွေ အဖြစ်ကို ပြောင်းလဲ ပြီးတော့ သူ့ကို ကုတ်ဆွဲ လိုက်တာကြောင့်ပဲ။
ဂျိန်း။
အရိုးကွဲသံတွေ ထွက်ပေါ်လာတယ်။ တပည့်သားတွေ အားလုံး လဲပြိုကုန်ပြီ။ သူနေရာမှာသူ ရပ်နေတဲ့ တပည့်သား တစ်ယောက်ပဲ ကျန်ရစ်တယ်။
“ကူ ကူညီ ကြပါ။ ကောင်းကင် လက်ခံ တံ တံခါးက ပွင့်သွားပြီ။” ဝတ်ရုံဖြူ တပည့်သား တုန်တုန်ယင်ယင်နဲ့ ပြောနေခဲ့တယ်။ သွေးတွေက သူ့မျက်စိရှေ့ မြေပြင် တစ်ခုလုံးမှာ နီရဲ နေခဲ့တယ်။
တခြား တပည့်သားတွေလည်း မျက်လုံး ပြူးနေကြတယ်။ သူတို့တွေ ဒီအတိုင်း မသေချင် ကြဘူးလေ။ ဒါပေမယ့် ပထမဆုံး သွေးလက်သည်းတွေ ဖမ်းတာ ခံလိုက်ရတဲ့ တပည့်ကြီးကတော့ ခေါင်းငုံ့ရင်း လက်ဝါးတွေကို စုထားခဲ့တယ်။
ရှေးဟောင်း နည်းစနစ် တစ်မျိုးကို သုံးနေ သလိုပဲ။ တည်ငြိမ်တဲ့ တပည့်တွေတောင် ဒါကို မြင်ချိန်မှာတော့ အရိုးထဲ စိမ့်အောင် လန့်သွား ခဲ့ရတယ်။
“ညီလေး။ ဘာဖြစ်တာလဲ။”
“အမ်။ အကိုကြီးဝမ်က ဘာ ဘာဖြစ်လို့ ကောင်းကင် လက်ခံ တံခါးရှေ့မှာ ၊ အား၊ မဖြစ်ဘူး။ ဆဋ္ဌမ အကြီးအကဲကို ချက်ခြင်း သတိပေး။”
“အား။ အကိုကြီးလီ။ ညီလေးမုန့်။ ဘာတွေ ဖြစ်ကုန်တာလဲ။”
အကူအညီ တောင်းသံကြောင့် ရောက်လာတဲ့ တပည့်သား သုံးယောက် ထိတ်လန့်တကြား တုံ့ပြန်ကြတယ်။ သွေးအိုင်ထဲမှာ လဲနေတဲ့ တပည့်သားတွေနဲ့၊ ဒူးထောက်နေတဲ့ လူကြီးကို မြင်ရတာ ဘယ်လိုမှ ပုံမှန် မဟုတ်ခဲ့ဘူး။
သူတို့ထဲက တစ်ယောက်ကတော့ ချက်ခြင်း ပြေးထွက်သွားတယ်။ ကျန်တဲ့ တပည့်သား နှစ်ယောက်ထဲမှာ တစ်ယောက်က ဝတ်ရုံဖြူ တပည့်သားစီ သွားတယ်။ နောက်တစ်ယောက်ကတော့ ကောင်းကင် လက်ခံ တံခါးဆီ ဖြည်းဖြည်းချင်း ကပ်သွားတယ်။
သူ့ရဲ့ ပြစ်မှတ်ကတော့ တံခါးရှေ့မှာ ဒူးထောက်နေတဲ့ လူကြီးပဲ။
အပိုင်း (၈၁၀) ပြီး၏။